၁၉၆၂ခုနှစ်မှစ၍မြန်မာနိုင်ငံသည်အာဏာရှင်စနစ်အောက်တွင်တစ်သွေးတစ်သံတစ်မိန့်ပုံစံဖြင့်အနှစ်၆၀ကျော်နီးပါးဖြတ်သန်းလာခဲ့ရာမှ
(၂၀၁၀)နောက်ပိုင်းတွင်ဒီမိုကရေစီအသွင်ကူးပြောင်း၍ ပွင့်လင်းမြင်သာမှု အချို့နှင့်အတူလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆွေးနွေးခွင့်၊လွတ်လပ်စွာရေးသားထုတ်ဝေခွင့်များ
ယခင် ကာလများထက် ပိုမိုရှိလာခဲ့သည်။ သို့သော်
Accountably ဟုခေါ်သောတာဝန်ယူမှု၊ တာဝန်ခံမှု အပိုင်းမှာ တော့ ကျင့်ကြံမှုအားနည်း၍နေသေးကြောင်းတွေ့ရပေသည်။
“လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ယောက်အနေနဲ့
မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေ ဘယ်အထိ ရောက်ပြီလဲ” Political activist များက မေးသောအခါ
ဒါဆို “ခင်ဗျား ပတ်ဝန်းကျင်မှာကော ဘာတွေ ပြောင်းလဲသွားပြီလဲ”လို့ ကျနော် ပြန်မေးဖြစ်ပါသည်။
ထိုအချိန်၌ အမေးခံရသူတိုင်း ကြောင်အမ်းအမ်းဖြင့် ခေါင်းရမ်းပြကြသည်ကို မကြာခဏ ကြုံဖူးပါသည်။
ဒီမိုကရေစီစနစ်တွင်(Change) ပြောင်းလဲခြင်း ဟူသော
စကားလုံးမှာ အစိုးရတစ်ရပ်ကိုသာ ပြုပြင်ပြောင်းလဲခိုင်းနေဖို့ရန်မဟုတ်ပဲပြည်သူ တစ်ဦးချင်းစီတိုင်းက
မိမိတို့နေ့စဉ် အသက်ရှင်မှုပုံစံ(behavior and attitude) များကို မိမိတို့ကိုယ် မိမိ
အပြောင်းအလဲ လုပ်ဖို့ လိုပါသည်။ ကျွန်ုပ်တို့ မပြောင်းလဲပါက ဒီမိုကရေစီ အစိုးရပင် ဖြစ်လင့်ကစား
အာဏာရသောသူက ၎င်းတို့၏ အာဏာကို ကာကွယ်ရန်အတွက် ဘယ်တော့မှ ၎င်းတို့ဖက်မှစ၍ ပြောင်းလဲလိမ့်မည်
မဟုတ်ပေ။ ဒီမိုကရေစီစနစ်တွင် ပညာရှင်များက ဒီမိုကရေစီနိုင်ငံ ဟုတ်မဟုတ်ကို People
Participation (လူထု၏ ပါဝင်မှု) နှင့် တိုင်းတာကြပါသည်။ မြန်မာပြည်၌လည်း လူထုသည်ကဏ္ဍမျိုးစုံမှ
ပါဝင်လာသည်။ အထူးသဖြင့် မီဒီယာကဏ္ဍမှ နိုင်ငံရေးဆောင်းပါးရှင်များ များစွာထွက်လာသည်။
အချို့က Public awareness ပုံစံဖြင့် ရေးကြသည်။ အချို့က Advocacy ပုံစံဖြင့် ရေးကြရာ
ကလောင်ရှင်အချို့၏ အရေးအသားများမှာ ပြည်သူလူထုကို နုနယ်သေးသောအချိန်၌ နားလည်မှုလွဲသွားစေသော
အရေးအသားမျိုးကိုလည်း တွေ့ရပေ သည်။
ထိုအခြင်းအရာနှင့် ဆက်စပ်၍ ၂၀၁၄ ခုနှစ်၊
ဇန်နဝါရီလ ၁၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ဝေခဲ့သည့် 7days News Journal, Volume 12, No
45 တွင် ဆောင်းပါးရှင် ဦးတင်ဝင်းအောင်က ပြစ်မှုဆိုင်ရာ ၃၇၇ နှင့် လိင်တူ ချစ်သူများအရေးဟူသော
ခေါင်းစဉ်ဖြင့် ၃၇၇ နှင့် လိင်တူချစ်သူများအကြောင်း ရေးသားထားပါသည်။ ၎င်း၏ လိင်တူချစ်သူများဟူသော
အသုံးအနှုန်းကို ကြိုဆိုသော်လည်း လိင်တူချစ်သူများအပေါ် Respect မရှိသော အရေးအသားများအတွက်
စိတ်မကောင်းဖြစ်မိပါသည်။ လိင်တူချစ်သူများအား ဆောင်းပါးရှင်က Identity အနေဖြင့် မမြင်ပဲ
Sex related object အနေဖြင့် မြင်နေခြင်းမှာလည်း လိင်တူချစ်သူများအဖို့ ဒီမိုကရေစီ
အပြောင်းအလဲ၌ ခက်ခဲကြီးမားသော စိန်ခေါ်မှုတစ်ခုပင် ဖြစ်သည်ဟု ယူဆမိပါသည်။ ဤနေရာတွင် မိမိ
အနေဖြင့် လိင်တူချစ်သူဆိုသည့် ဝေါဟာရအစား အားလုံးကို ခြုံငုံမိစေနိုင်မည့် LGBT ဟူသော
ဝေါဟာရကိုသာ တောက်လျှောက်သုံးစွဲသွားမည် ဖြစ်ပါသည်။ အဆိုပါ LGBT ဟူသော ဝေါဟာရကို ရှင်းပြရလျှင်
L ဆိုသည်မှာ Lesbian (အမျိုးသမီးချင်း ချစ်ခင်စုံမက်သူ)၊ G ဆိုသည်မှာ Gay (အမျိုးသားချင်း
ချစ်ခင်စုံမက်သူ)၊ B ဆိုသည်မှာ Bisexuals (အမျိုးသမီး၊ အမျိုးသား နှစ်မျိုးစလုံးကို
ချစ်ခင်စုံမက်သူ)၊ T ဆိုသည်မှာ Transgender (မိမိကိုယ်ကို ဆန့်ကျင်ဖက်လိင်အဖြစ် လက်ခံပြီး
ဝတ်စားဆင်ယင် နေထိုင်သူ) များကို ဆိုလိုပါသည်။
ဒီမိုကရေစီစနစ်တွင် ပြည်သူလူထုကို ပညာပေးရာ၌
Society Value (လူထု၏ လက်ခံနိုင်မှု) သည် အရေးကြီးပါသည်။ လူထုလက်မခံပါက ထိုစနစ်တွင်
ဘာမှ ဆက်လုပ်၍ မရပေ။ လူထုလက်ခံနိုင်မှု ရှိရန်အတွက် LGBT များအရေးတွင် LGBT များသာမကပဲ
မီဒီယာများနှင့် ပညာရေးစနစ်သည်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်နေပေသည်။ ထိုသို့ပညာပေးရာ၌ အစိုးရမီဒီယာများသည်လည်း
၎င်းတို့၏ အာဘော်မှလွဲ၍ လူ့အခွင့်အရေးနှင့်ဆိုင်သော အကြောင်းအရာများအား ထည့်သွင်းတင်ဆက်မှု
အားနည်း နေသေးကြောင်းကို တွေ့ရှိရသည်။ ပုဂ္ဂလိက မီဒီယာအချို့၌ LGBT များအကြောင်း ထည့်သွင်းရိုက်ကူးထား
သော်လည်း အများစုမှာ Sex related object အမြင်ဖြင့်သာ ပညာပေးရိုက်ကူး၍ LGBT များအား
စော်ကားနှိမ့်ချသည့်သဘောဖြင့် ရိုက်ကူးပြထားသည်မှာလည်း LGBT များအတွက် ထပ်ခါထပ်ခါ နာကျင်စေရ
ကြောင်း သတိပြု ကိုယ်ချင်းစာပေးစေလိုပါသည်။
ဒီမိုကရေစီစနစ်တွင် ပြည်သူလူထုသည် လွတ်လပ်စွာ
ဖွဲ့စည်းခွင့်၊ အဖွဲ့အစည်းများတွင် ပါဝင်ခွင့်၊ မိမိနှင့် သက်ဆိုင်မည့် သတင်းအချက်အလက်များကို
သိရှိခွင့် (Rights to hear (voice), Rights to participate, Rights to know,
rights to organize) စသည့်အခွင့်အရေးများအား အာမခံချက် ရရှိရမည် ဖြစ်သည်။ အဓိပ္ပါယ်ပြည့်ဝသော
တန်းတူညီမျှမှုဟု ဆိုရာ၌ ကျား၊ မ လိင်ကွဲပြားမှုတွင်သာမက လိင်စိတ်ခံယူမှု ကွဲပြားသူ များနှင့်
မသန်စွမ်းသူများအတွက် ခွဲခြားမှုမရှိသော အခွင့်အရေးများလည်း ပါဝင်ပေသည်။ ဒီမိုကရေစီ
လူ့အဖွဲ့အစည်းအဖြစ် ရှင်သန်ဖို့ရန်မှာ လူထုပါဝင်မှုရှိဖို့ လိုပေသည်။ လူထုဟုဆိုရာ၌ အများနားလည်
လက်ခံထားကြသည့် ယောက်ျား၊ မိန်းမများသာမကပဲ LGBT များ၊ ဘာသာရေးအရ ယုံကြည်မှု ကွဲပြားသူများ၊
လူမျိုးစု မတူသူများအားလုံး ပါဝင်ဖို့ လိုအပ်ပေသည်။ မတူညီမှုတွေအပေါ် ဆန့်ကျင်နေမည့်အစား
လူဟူသော အခြေခံလူ့ဂုဏ်သိက္ခာအပေါ်တွင် ရပ်တည်၍ နိုင်ငံသားစိတ်ဖြင့် နိုင်ငံ့အကျိုးကို
အတူတကွ လက်တွဲထမ်းရွက် ကြလျှင် ဒီမိုကရေစီခရီးသည် ဝေးမည်ဟု မထင်ပေ။
လူကို လူဟု မမြင်နိုင်ပါက ထိုခရီးသည်
ထင်သလောက် ခရီးပေါက်လိမ့်မည် မဟုတ်။ ၎င်းနှင့် ပတ်သက်၍ ဆောင်းပါးရှင် ဦးတင်ဝင်းအောင်ကို
ရှင်းပြချင်သည်မှာ ကျွနိုပ်တို့ LGBT များ တောင်းဆိုသော အခွင့်အရေးမှာ လူမှုရေး၊ ပညာရေး၊
ကျန်းမာရေးကဏ္ဍစုံတွင် ခွဲခြားမှုမရှိရေးနှင့် တန်းတူခွင့် ရရှိရေးပင် ဖြစ်ပါသည်။
LGBTမှာ လိင်စိတ်ခံယူမှု ကွဲပြားသည်မှ လွဲ၍ လူထဲလူများပင် ဖြစ်ကြသည်။ ဥပဒေဆိုသည်မှာလည်း
အုပ်ချုပ်သူ လူတန်းစားနှင့် အုပ်ချုပ်ခံ လူတန်းစားတို့အကြားတွင် ထားရှိသော ပဋိညာဉ်တရားပင်
ဖြစ်သည်ဟု နားလည်ရပါသည်။ ထိုဥပဒေအားဖြင့် လူတစ်ယောက်၏ ပုဂ္ဂလိက လွတ်လပ်ခွင့်နှင့် အသက်ရှင်ခွင့်တို့အား
အပြည့်အဝ အာမခံပေးနိုင်သကဲ့သို့ ၎င်းဥပဒေဖြင့်ပင်
လူတစ်ယောက် အပေါ် လှုပ်၍မရအောင် ချုပ်ထားနိုင်စွမ်းလည်း ရှိသည်ဟု ထိုင်းအခြေစိုက် Burma
Lawyers Council မှ ဥပဒေပညာရှင်ကြီးများက ဆိုပါသည်။ သန်း (၆၀)ကျော် မြန်မာပြည်သူ လူထုနည်းတူ
ဖျက်သိမ်းပြင်ဆင်ပေးရန် တောင်းဆိုသော ဥပဒေမှာ ပုဒ်မ ၃၇၇ တစ်ခုတည်းသာ မဟုတ်ပဲ ပြည်သူလူထုအား
လှုပ်၍ မရအောင် ချုပ်ထားသော ဥပဒေပုဒ်မများ အားလုံးကို ဆိုလိုသည်။ ပုဒ်မ ၃၇၇ သည် လူ့အခွင့်အရေးလာ
ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီသည်ဟူသော ဆောင်းပါးရှင်၏ ရေးသားချက်အပေါ် ဆွေးနွေးရလျှင်
ပုဒ်မ ၃၇၇ မှာ ကိုလိုနီခေတ်ကတည်းက ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်ပြီး ယခုလက်ရှိအချိန်တွင်
၎င်းဥပဒေပြဋ္ဌာန်းခဲ့သော ဗြိတိန်နိုင်ငံပင် အဆိုပါ ဥပဒေကို ပယ်ဖျက်ပေးခဲ့ပြီး ဖြစ်သည်။
၎င်းအပြင် LGBTများအတွင်း HIV/ AIDS ကူးစက်မှုနှုန်းသည်
အမြင့်ဆုံး ဖြစ်နေသည်ဆိုသော ဆောင်းပါးရှင်၏ အရေးအသားအပေါ် ရှင်းပြရလျှင် LGBT သည် လူနည်းစုဖြစ်ပြီး စစ်တမ်းကောက်၍ လွယ်ကူ သော အနေအထားရှိသောကြောင့်
ကိန်းဂဏန်းအနေဖြင့် မြင့်မားနေသယောင် သိသာထင်ရှားနေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင်
ကျန်းမာရေး အသိပညာနည်းပါးခြင်း၊ အရှက်နှင့် အကြောက်တရားများ တားဆီး ထားခြင်းတို့ကြောင့်သာ
LGBTမဟုတ်သော သူတို့၏ HIV ပိုး ကူးစက်ခံရမှု အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရှိရခြင်း
ဖြစ်ပါသည်။ ၎င်းနှင့် ပတ်သက်၍ LGBTများတွင်သာမက အခြား LGBT မဟုတ်သော သူများတွင် လည်း
HIV ကူးစက်မှုနှုန်းမှာ မြင့်မားနေကြောင်းကို MSF Holland ၏ ဝဘ်ဆိုက်ဒ်တွင် ရှာကြည့်နိုင်ပါသည်။
လူဟူသည် ကျန်းမာရေးကောင်းပါက အရွယ်ရောက်သော
ယောက်ျား၊ မိန်းမ မှန်သမျှ လိင်မဆက်ဆံ ဘဲ မနေကြောင်းကို ဆေးပညာရှင်ကြီးများ၏ ပြောကြားချက်အရ
သိရှိရပါသည်။ ထို့ကြောင့် LGBT တွေသာ မက အရွယ်ရောက်ပြီးသူတိုင်း Safe sex ဖြစ်အောင်
ပြုမူကျင့်သုံးသင့်ကြောင်းကို သိရှိစေလိုပါသည်။ ဆက်လက်ပြီး မစင်စွန့်ရာ လမ်းကြောင်းနှင့်
လိင်ဆက်ဆံသည့်အတွက် လိင်နှင့်ပတ်သက်သည့် ရောဂါများ ဖြစ်ပွားလာနိုင်သည်ဟု ရေးသားချက်မှာလည်း
ယနေ့ခေတ် မိမိတို့ LGBT များဖြစ်ခြင်းကြောင့် စအိုဖြင့်လိင်ဆက်ဆက်ခြင်းအားဖြင့်သာလိင်မှတဆင့်ကူးစက်သည်မဟုတ်ပဲ၊လူတော်တော်များများသည်လှုံခြုံ
စိတ်ချရသောနည်းလမ်းဖြင့်လိင်မဆက်ဆံသောကြောင့်သာ၊ရောဂါများကူးစက်ခြင်းဖြစ်သည်LGBT၌သာမဟုတ်ပဲအကာအကွယ်မဲ့လိင်ဆက်ဆံသူတိုင်းကူးစက်ဖို့ရာခိုင်နှုန်းများနိုင်ပါသည်၊ပုဒ်မ
၃၇၇ ဆက်လက်တည်ရှိခြင်း၊ မရှိခြင်းက HIV/ AIDS ရောဂါ ပြန့်ပွားနေမှုကို ထိန်းချုပ်ရေးနှင့်
မည်သို့မျှ မသက်ဆိုင်ပါ။ ထို့ကြောင့် လိင်ကြောင့် ဖြစ်သော ရောဂါတွေ ပြန့်ပွားခြင်း၊
မပြန့်ပွားခြင်းမှာ ပုဒ်မ ၃၇၇ နှင့် မည်သို့မျှ မသက်ဆိုင်ဟု ယူဆမိပါသည်။
ပုဒ်မ ၃၇၇ ဆက်လက် တည်ရှိရေး၊ ပယ်ဖျက်ရေးနှင့်
ပတ်သက်၍ ဆောင်းပါးရှင် ဦးတင်ဝင်းအောင် နောက်ထပ် ကိုးကားထားသော အချက်မှာ ဒေါက်တာအောင်ခင်ဆင့်၏
စာအုပ်ကို ကိုးကားထားခြင်းပင် ဖြစ်သည်။ အဆိုပါစာအုပ်မှာ ဖော်ပြထားချက်အရ အတွေ့ဖြင့်
မိန်းမလျာ ဖြစ်သွားရသော ဦးရေမှာ ဟော်မုန်းဓါတ်ကြောင့် မိန်းမလျာဖြစ်သွားရသော ဦးရေက
များပြားလှသည်ဟူသော အချက်ပင် ဖြစ်ပါသည်။ အဆိုပါ ဖော်ပြချက်နှင့် စပ်လျဉ်း၍ ပြန်လည်ချေပလိုသည်မှာ
ဒေါက်တာအောင်ခင်ဆင့်အနေဖြင့် အရွယ်ရောက်ပြီးသော ယောက်ျားလေး ဘယ်နှစ်ယောက်ကို သုတေသနလုပ်၍
ရေးသားခဲ့သနည်းဟူသော အချက်ပင် ဖြစ်ပါသည်။ မည်သို့သော ယောက်ျားလေးမျိုးကို အခြေခံ၍ သုတေသန
ပြုလုပ်ထားပါသနည်း။
အဆိုပါ ပြုလုပ်ခဲ့သည်ဆိုသော သုတေသန အဆင့်အဆင့်သည်လည်း မေးခွန်းထုတ်စရာ
များစွာရှိနေမည်မှာ အမှန်ပင် ဖြစ်သည်။ သုတေသန ပြုလုပ်စဉ်က ကာလနောက်ခံအခြေအနေ၊ သုတေသန
ရည်ရွယ်ချက်နှင့် လူမှုဖြစ်စဉ်များကိုလည်း ဆက်စပ်စဉ်းစားသင့်ပါသည်။ LGBT များနှင့် စပ်လျဉ်း၍
ဒေါက်တာအောင်ခင်ဆင့်၏ စာအုပ်တွင်ပါသော အချက်အလက်များသည် မည်မျှ လက်ခံယုံကြည်ထိုက်ပါသနည်း။
လိင်တူကို စိတ်ဝင်စားမည့်သူတွေ များပြားမလာအောင် ပုဒ်မ ၃၇၇ က များစွာအထောက်အကူ ပြုနေသည်ဟု
ဆောင်းပါးရှင်က ယူဆထားပါသလော။ သို့ဆိုလျှင် မိမိ၏ဘဝနှင့်ယှဉ်၍လည်း ရှင်းပြလိုပါသည်။
မိမိမှာ ဆယ်ကျော်သက် အရွယ်ကတည်းကပင် မည်သူမျှ ဇာတ်သွင်းခြင်း မခံရပဲ အလိုအလျောက် လိင်တူယောက်ျားလေးတွေကိုသာ
စိတ်ဝင်စားသူတစ်ယောက် ဖြစ်ကြောင်းကို သိရှိခဲ့သူ ဖြစ်သည်။အခြား မိမိနှင့် ဆက်စပ်နေသည့်
LGBT များမှာလည်း တစုံတယောက်၏ ဖြားယောင်းသွေးဆောင်ခြင်းကြောင့် လိင်တူချင်း စိတ်ဝင်စားသူများ
ဖြစ်လာခဲ့ကြသည်မဟုတ်ပဲ ကိုယ်ပိုင်အလိုအလျေက် သိစိတ်ဖြင့် မိမိကိုယ့်ကို LGBT များအဖြင့်
လက်ခံသိထားကြသူများ ဖြစ်ကြပါသည်။ လိင်စိတ်ခံယူမှုဆိုသည်မှာ ပြင်ပပယောဂ တစုံတရာကြောင့်
ဖြစ်တည်ပြောင်းလဲလာသည်မဟုတ်ပဲ မွေးရာပါ ပင်ကိုယ်အနေအထားအရ ဖြစ်လာခဲ့ကြခြင်း ဖြစ်သည်ကိုလည်း
သိရှိစေလိုပါသည်။ ထို့ကြောင့် လူတစ်ယောက်အား မိမိနှင့် ကိုယ်လက်နှီးနှောရန် ဆွဲဆောင်ခြင်းကို
တားမြစ်လိုသည့်အပေါ် ပုဒ်မ ၃၇၇ နှင့် မည်သို့မျှ မဆက်စပ်သင့်ဟု ယူဆမိပါသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး
ကြေငြာစာတမ်းလာ အပိုဒ် ၁၆ နှင့် ၂၉ တို့ကို ဆောင်းပါးရှင်အနေဖြင့် ကိုးကား၍ ပုဒ်မ ၃၇၇
မှာ လူ့အခွင့်အရေးနှင့်ညီသည့်ဥပဒေအဖြစ် ပုံဖော်ထားသည်ကို တွေ့ရပါသည်။ ဆောင်းပါးရှင်၏
ထိုကိုးကားချက်မှာ မိမိလိုသလို အဓိပ္ပါယ်ဆွဲယူ၍ ကိုးကားထားခြင်းပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်
လူ့အခွင့်အရေး ကြေငြာစာတမ်းကို စတင်သည့် အပိုဒ် (၂) ကတည်းကပင် “လူသားတိုင်း ဤလူ့အခွင့်အရေးကြေငြာစာတမ်းလာ
ပြဋ္ဌာန်းချက်များကို ကိုးကွယ်သည့် ဘာသာတရား၊ အသားအရောင်၊ လိင်၊ လိင်စိတ်ခံယူမှုမရွေး
ရရှိခံစားခွင့် ရှိသည်”ဟု အတိအလင်း ဖွင့်ဆိုထားပြီးဖြစ်ရာ အဆိုပါ အပိုဒ် ၁၆ အရ အရွယ်ရောက်ပြီးသော
ယောက်ျားတိုင်း မိန်းမတိုင်း လက်ထပ်ခွင့်၊ မိသားစုဘဝ ထူထောင်ခွင့် ရှိခြင်းကို
LGBT တွေအတွက် မပြဋ္ဌာန်းထားဟု ကောက်ချက် ဆွဲယူလိုက်ခြင်းမှာ စာရေးသူကိုယ်တိုင် သတိမမူ
လေသလား၊ သို့မဟုတ် တမင်တကာပင် မျက်ကွက်ပြုလိုက်မိလေသလားဟုပင် စဉ်းစားစရာ ဖြစ်နေပါသည်။
ဆက်လက်၍ ဆောင်းပါးရှင်၏ ကိုးကားချက်တစ်ခုဖြစ်သော
လူနည်းစု၏ အခွင့်အရေးကို တောင်းဆိုရာတွင် လူအများစု၏ အခွင့်အရေးကို ဆုံးရှုံးစေနိုင်လောက်သည်အထိ
တောင်းဆိုခွင့် မရှိ၊ ထိုအချက်မှာလည်း ဒီမိုကရေစီ၏ သဘောတရားပင် ဖြစ်သည်ဟု သုံးသပ်ရေးသားမှုအပေါ်
မိမိအနေဖြင့် ပြန်လည်ရှင်းပြချင်ပါသည်။ ဆောင်းပါးရှင်အား ရှင်းပြလိုသည်မှာ မိမိတို့
LGBT များအနေဖြင့်လည်း လူအများစု၏ အခွင့်အရေးများကို ဆုံးရှုံးစေနိုင်လောက်သည့်အထိ တောင်းဆိုနေခြင်းမျိုး
မဟုတ်ပါ။ မိမိတို့၏ ဘဝရှင်သန်မှုနှင့် လူသားဂုဏ်သိက္ခာအပေါ် နှိပ်ကွပ်နေသည့် ဥပဒေများအား
ပယ်ဖျက်၍ ခွဲခြားမှုမရှိ၊ တန်းတူညီမျှရေးများကိုသာ တောင်းဆိုနေခြင်း ဖြစ်ပါသည်။ လိင်စိတ်ခံယူမှု
ကွဲပြားမှုအပေါ် အခြေတည်ပြီး လူ့အဖွဲ့အစည်းအတွင်း လူနည်းစုဖြစ်နေသည့် မိမိတို့ကို လိင်အသုံးချခံ
လူတန်းစားအဖြစ် မမြင်ပဲ လူသားများထဲမှ လူသားများအဖြစ် ဂုဏ်သိက္ခာရှိရှိအသိအမှတ်ပြုပေးဖို့
တောင်းဆိုနေခြင်းမျှသာ ဖြစ်ပါသည်။ မိမိတို့အတွက် အထူးသီးသန့် အခွင့်အရေးများ၊ ရပိုင်ခွင့်များကို
တောင်းဆိုနေခြင်း မဟုတ်ပဲ အခြားလူသားတွေ ရရှိခံစားခွင့်ရနေသည့် အခွင့်အရေးမျိုး၊ အခြေအနေမျိုးကို
အခြားသူတွေနဲ့ တန်းတူ အသိအမှတ်ပြုခံရပြီး ရရှိခံစားခွင့်ရရှိရေးအတွက်ကိုသာ တောင်းဆိုနေခြင်း
ဖြစ်ပါသည်။
ဤနေရာတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၏
စကားကို ကိုးကားလိုပါသည်။ “ဒီမိုကရေစီဆိုတာ တဖက်လူရဲ့ အခွင့်အရေးကို တဖက်လူက လေးစားခြင်း
ဖြစ်တယ်။ အထူးသဖြင့် ဗမာနိုင်ငံမှာဆိုရင် လူအနည်းစု၏ အခွင့်အရေးကို လူအများစုဖြစ်တဲ့
ဗမာတွေက ပိုပြီး အလေးအနက်ထားဖို့ လိုအပ်တယ်” ဟူသော စကားကို ၎င်း၏ မိန့်ခွန်းများတွင် မကြာခဏ
ကြားရလေ့ရှိပါသည်။ ၎င်းအပြင် ဥပဒေဟူသည်မှာ လူတွေကို နှိပ်ကွပ်ဖို့ရန်အတွက် မဟုတ်ပဲ လူတွေကို
အကာအကွယ်ပေးဖို့အတွက်သာ ဖြစ်ရမည်ဟုလည်း မိန့်ဆိုထားခဲ့ဖူးပါသည်။ မှန်ပါသည်။ ကျွန်ုပ်နိုင်ငံတွင်
လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံတို့ စုဝေးတည်ရှိရာ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ဤသို့သာ
လူအများစုရဲ့ အလိုဆန္ဒအတိုင်း လူအနည်းစုဖြစ်သူတွေကို လိုက်ပါအောင် လုပ်ဆောင်နေမည်ဆိုပါက
မည်သို့မျှ ငြိမ်းချမ်းသည့် နိုင်ငံတနိုင်ငံ ဖြစ်လာမည် မဟုတ်ပေ။ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်တွင်
လူအများစု၏ ဆန္ဒအတိုင်း လိုက်နာလုပ်ဆောင်ရမည် ဖြစ်သော်လည်း အဆိုပါ လူအများစု၏ ဆန္ဒသည်
လူအနည်းစု၏ ဘဝရှင်သန်မှု၊ လူသားဂုဏ်သိက္ခာများကို မထိပါးမိစေဖို့ လိုပေသည်။ လူအများစုဆန္ဒဆိုတိုင်း
အပြည့်အဝ မှန်ကန်သည်ဟု မယူဆနိုင်ပါ။ လူနည်းစု၏ ဘဝနှင့် ဂုဏ်သိက္ခာကို မငဲ့ကွက်ပဲ ထင်ရာစိုင်းပြီး
လုပ်ဆောင်နေပါက အဆိုပါ လူအများစုဆန္ဒ ဆိုသည်မှာလည်း ဆင်ခြင်တုံကင်းမဲ့သည် ထင်ရာစိုင်း
လူအများစုဆန္ဒမျိုးသာဖြစ်သွားနိုင်ပြီး ကြီးနိုင်ငယ်ညှင်း အယူအဆများ ကြီးစိုးသည့် လူ့အဖွဲ့အစည်းနှင့်
အုပ်ချုပ်ရေးစနစ်မျိုးသာ ဖြစ်သွားပေလိမ့်မည်။ ဒီမိုကရေစီစနစ်ဟူသည် လူ့အခွင့်အရေး ရှင်သန်ထွန်းကားမှုကို
အာမခံပေးနိုင်သည့် ဒီမိုကရေစီမျိုးသာ ဖြစ်သင့်ပြီး လူအုပ်စုနှင့် လူအနည်းစုကို အနိုင်ကျင့်သည့်
အုပ်ချုပ်ရေးစနစ်မျိုး မဖြစ်သင့်ဟု ယူဆမိပါသည်။
ဤနေရာတွင် မိမိအနေနှင့်မေးမြန်းလိုသည်မှာ
လူနည်းစုဖြစ်သည့် LGBT တို့က သူတို့ရဲ့ ဘဝလုံခြုံမှု၊ လူ့ဂုဏ်သိက္ခာအပေါ် ထိပါးနှောင့်ယှက်နေစေသည့်
ဥပဒေကို ပယ်ဖျောက်ပေးဖို့ တောင်းဆိုခြင်းက လူအများစုဖြစ်သည့် သူများအပေါ် မည်သည့်နေရာတွင်
မည်ကဲ့သို့သော နစ်နာမှုများကို ဖြစ်ပေါ်စေပါသနည်း ဟု ပြန်လည် မေးမြန်းလိုပါသည်။ ၎င်းအပြင်
လိင်စိတ်ခံယူမှု ကွဲပြားရုံမျှဖြင့် လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်သည့် လူအုပ်စုတစ်စုကို
ဥပဒေများ ပြဋ္ဌာန်း၍ နှိပ်ကွပ်ထားသင့်သည်ဟူသော ယူဆချက်များ ယနေ့ကာလတိုင် ဆက်လက်တည်ရှိနေသေးခြင်းမှာ
များစွာ ဝမ်းနည်းစရာကောင်းသည့် အချက်ပင် ဖြစ်သည်။ အဆိုပါအချက်ကို ထင်ရှားစေသည်မှာ မန္တလေးတွင်
ဖြစ်ပွားခဲ့သည့် ကိစ္စမျိုးကို ကိုင်တွယ်ရာတွင် ပုဒ်မ ၃၇၇ လိုမျိုး ဥပဒေမရှိပါက မည်ကဲ့သို့သော
ပုဒ်မမျိုးဖြင့် အရေးယူကိုင်တွယ် လုပ်ဆောင်မလဲဆိုသည့် ဆောင်းပါးရှင် ဦးတင်ဝင်းအောင်၏
ရေးသားချက်ပင် ဖြစ်ပါသည်။ အပြစ်ရှိသူကိုဥပဒေအရအရေးယူခြင်းမှာ“Rule of Law ဖြစ်သောကြောင့်မငြင်းပါသို့သော်၊LGBTဖြစ်နေ၍ဟူသည့၊်လိင်စိတ်ခံယူမှုကွဲပြားနေသည့်အချက်ဖြင့်သာ၊LGBTများအားနှိပ်ကွတ်ဖို့ရန်အတွက်၊ဥပမာအရှေ့ဒဂုံမှLGBTနှစ်ယောက်အားရဲစခန်းမှဆံပင်လေးကွက်ကြားရိတ်ခြင်း၊ငွေညစ်ခြင်းမျိုး၊ရဲစခန်းများတွင်တရားလက်လွတ်ပြုခြင်းမျိုး၊မန္တလေးကျုံးဘေးတွင်လည်းLGBTမျာသာမက၊လိင်ကွဲချစ်သူအတွဲများလည်းရှိနေပြီး၊အနည်းစုLGBTများကိုသာလျှင်အများကိုစိတ်အနှောက်အယှက်ဖြစ်စေမှုကာယိနြေ္ဒပျက်စေမှုနှင့်ဖမ်းဆီးနှိပ်ကွပ်ခြင်းမှာလည်း
မြန်မာနိုင်ငံ၏ “Rule of Law” အတွက်မေးခွန်းထုတ်ဖို့ဖြစ်လာ ပါသည်။
ထို့ထက်မေးခွန်းထုတ်ချင်သည်မှာ၊နိုင်ငံပိုင်သတင်းစာမှ၊အထက်ပါမန္တလေးကိစ္စအားဖော်ပြရာ၌“အခြောက်၊မိန်းမရှာ”ဟူသောLGBTများအပေါ်Abuseလုပ်သည့်အသုံးအနှုန်းပင်၊နိုင်ငံပိုင်သတင်းစာမှစ၍လူသားတစ်ယောက်၏လူ့ဂုဏ်သိက္ခာနှင့်လူနည်းစုအပေါ်လေးစားမှုမရှိပါကကျန်မီဒီယာများမှာပြောဖွယ်မရှိတော့ပေ၊ဒီနေရာ၌သမ္မတ
ပြောခဲ့သော၊“သန့်ရှင်းတဲ့အစိုးရကောင်းမွန်တဲ့အစိုးရ”ဟူသောစကားတွင် အထက်ပါဖြစ်စဉ်ကဲ့သို့တရား
လက်လွတ်နိုင်ထက်စီနင်းများပြုလုပ်မှုအပေါ်မိမိတို့ LGBT များသည်လည်း အခြားလူတွေနည်းတူ
လူ့အဖွဲ့ အစည်းအတွင်း ဥပဒေနဲ့အညီ နေထိုင်ရှင်သန်ခွင့် မရှိပါသလောမေးခွန်းထုတ်ဖို့ဖြစ်လာသည်၊
ဤတွင် ဥပဒေနှင့် အညီဆိုသည်မှာလည်း ခွဲခြားဖိနှိပ်မှု ကင်းသည့် ဥပဒေမျိုးဖြစ်ဖို့ အင်မတန်
အရေးကြီးပါသည်။ လိင်တူချစ်သူ တွေအတွက် သီးသန့်ဖိနှိပ်ဖို့ ဥပဒေများ ရေးဆွဲပြဋ္ဌာန်းထားရမည်
ဆိုသည်မှာ အင်မတန်မှ သဘာဝမကျ၊ မမျှတ ရာ ရောက်နေပါသည်ဟုယူဆမိပါသည်။
အချုပ်အားဖြင့် ဆိုရသော် မိမိတို့
LGBT များအနေဖြင့် ဥပဒေကို မိမိတို့လိုရာသို့ ဆွဲယူနေခြင်းမဟုတ်ပဲ ၎င်းပုဒ်မ ၃၇၇ အားဖြင့်
LGBTများအပေါ် သက်ရောက်ခဲ့သော ဆိုးကျိုးများကို သေသေချာချာ စစ်တမ်း ကောက်ယူပြီးမှသာ
ပုဒ်မ ၃၇၇ ကို ပယ်ဖျက်ပေးဖို့ အကြံပြုတောင်းဆိုနေခြင်း ဖြစ်ပါသည်။ အဆိုပါ ပုဒ်မ ၃၇၇
ကြောင့် LGBT အသိုင်းအဝိုင်းအပေါ် ဖြစ်လာသည့် နောက်ဆက်တွဲ အကျိုးဆက်များကို စစ်တမ်းကောက်ပြီး
ပြုစုထားသော အစီရင်ခံစာတစ်စောင် ရှိပါသည်။ အဆိုပါ အစီရင်ခံစာကို သေသေချာချာ ဖတ်ရှုလေ့လာစေ
လိုပါသည်။ ထို့ကြောင့် “ဥပဒေကို ကိုယ်လိုချင်သည့်အချက်ကိုသာ ဆွဲယူ၍ မရပဲ ပြဋ္ဌာန်းချက်
တစ်ရပ်လုံးကို ခြုံငုံသုံးသပ်ဖို့လိုသည်” ဟု ဆောင်းပါးရှင်က စွပ်စွဲခဲ့သလို မဟုတ်ပဲ
မိမိတို့ LGBT များအနေဖြင့် မိမိတို့၏ ဘဝနှင့် လူ့ဂုဏ်သိက္ခာအပေါ် ခွဲခြားဖိနှိပ်နေသည့်
ဥပဒေအား ပယ်ဖျက်ပေးဖို့ကိုသာ တောင်းဆိုနေခြင်း ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။
Note: စာရေးသူမှ အထက်ပါဖော်ပြထားသောဆောင်းပါးအား
ဂျာနယ်တစ်စောင်သို့ပို့ထားပြီးဖြစ်ကြောင်း တခြားစာစောင်၌လည်းဖော်ပြန်ရန်ရှိကြောင်းပါ။
ဒါပေမယ့် ကျွန်တော့်ဘလောခ့်တွင် ပြန်လည်ဖော်ပြလိုစိတ်ကို မတားဆီးနိုင်ခဲ့သဖြင့် အတည်ပြု
ခွင့်ပြုမိန့်ကိုမစောင့်ဘဲ ဖော်ပြလိုက်မိခြင်းကို ခွင့်လွှတ်ဖို့ စာရေးသူအား တောင်းပန်လိုက်ပါသည်။