Tuesday, December 4, 2012

ဦးအောင်မျိုးမင်းနဲ့ တွေ့ဆုံမေးမြန်းခြင်း



ဒီတပတ်အတွက် In & Out အစီအစဉ်လေးမှာတော့ လူ့အခွင့်အရေးလှုပ်ရှားသူလည်း ဖြစ်ပြီး လိင်တူချစ်သူတွေရဲ့ အခွင့် အရေးအတွက် စွမ်းစွမ်းတမံလုပ်ဆောင်သူ တယောက်ဖြစ်တဲ့ ဦးအောင်မျိုးမင်းနဲ့ တွေ့ဆုံမေးမြန်းထားတာလေးတွေကို တင်ပြလိုက်ပါတယ်။ ဆရာဦးအောင်မျိုးမင်းဟာ ရှစ်လေးလုံးအရေးတော်ပုံကနေ စတင်ပြီးတော့ လူ့အခွင့်အရေး တိုးတက် ထွန်းကားရေး လုပ်ငန်းတွေကို လုပ်ဆောင်လာခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၂၀ ကျော်ပြီဖြစ်တဲ့အတွက် အတွေ့အကြုံပေါင်း မြောက်များစွာကို ပိုင်ဆိုင်ထားတဲ့သူလည်း ဖြစ်ပါတယ်။ ဦးအောင်မျိုးမင်းဟာ ပွင့်ပွင့်လင်းလင်း လိင်တူချစ်သူတယောက် ဖြစ်ပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အခြေစိုက်တဲ့ လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ)ရဲ့ ဦးဆောင်ဒါရိုက်တာတယောက်လည်း ဖြစ်ပါတယ်။ 

ရိမ်းဘိုးမဂ္ဂဇင်း။           ။ဆရာ့ရဲ့ ငယ်ဘဝဖြတ်သန်းလာခဲ့မှု အတွေ့အကြုံကို အကျဉ်းလေး ပြောပြပေးပါလား။
ဦးအောင်မျိုးမင်း။         ။ကျနော်က မြန်မာပြည်၊ မော်လမြိုင်မှာ မွေးပါတယ်။ ကြီးပြင်းတဲ့အခါကျတော့ ရန်ကုန်မှာ ကြီးပြင်းတာပေါ့။ ကျနော် အထက်တန်းကို မော်လမြိုင်မှာ ပြန်အောင်တယ်။ နောက်၁၉၈၈မှာတော့ အင်္ဂလိပ်စာအဓိကနဲ့ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်နေတယ်။ အဲတော့ ကျနော်ရဲ့ဘဝကတော့ အဲဒီအချိန်တုန်းက သာမန်ပါဘဲ။ ကျောင်းတက်မယ်။ ဘွဲ့ရလို့ရှိရင် ပြန်ပြီးတော့ နည်းပြအနေနဲ့ ပြန်အလုပ်လုပ်မယ်ဆိုတဲ့ ဖြတ်သန်းမှုပုံစံရိုးရိုးလေးတခုပါဘဲ။

ရိမ်းဘိုးမဂ္ဂဇင်း။           ။ ဆရာက ၈၈အရေးတော်ပုံမှာ ဘယ်လိုမျိုးပုံစံတွေနဲ့ ပါဝင်ခဲ့တယ် ဆိုတာတွေကို လည်း ပြောပြပေးပါအုံး။
ဦးအောင်မျိုးမင်း။         ။၈၈ ကျောင်းသားအရေးတော်ပုံ သန္ဓေတည်ခဲ့တဲ့မတ်လ (၁၃)ရက်နေ့ကတည်းက ကျောင်းသားလှုပ်ရှားမှုမှာ ကျနော်ပါဝင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းသားခေါင်းဆောင် ကိုဖုန်းမော်က ကျနော်တို့နဲ့ ကြက်ခြေနီအသင်းမှာ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးတဲ့သူ တယောက်ဖြစ်တယ်။ သူသေဆုံးသွားတဲ့ အကြောင်း၊ အဲလိုမျိုးလုံထိန်းတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးတဲ့အကြောင်း သတင်းကြားတဲ့အချိန်မှာ ကျနော်တို့ တော်တော်လေး ဒေါသထွက်ပြီးတော့ သူငယ်ချင်းတယောက်အတွက် မခံချင်တဲ့စိတ်နဲ့ ပါဝင်ခဲ့ပါတယ်။ 

အဲဒီတုန်းကတော့ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ ဘာမှ သေသေချာချာ မသိဘူး။ ဒါပေမယ့် နောက်ပိုင်း ဇွန်လမှာ တံတားနီအရေးအခင်းဖြစ်တဲ့အချိန် လုံထိမ်းတွေရဲ့ ရက်ရက်စက်စက် နှိပ်ကွပ်မှုတွေကို ကိုယ်တိုင် မြင်လာပြီး အမှန်တရားအတွက် လုပ်ဆောင်မယ်ဆိုတဲ့စိတ်က ပိုပြီးတော့ ပြင်းထန်ခဲ့တယ်။ ပြင်းထန်ပြီးတော့ ၁၉၈၈ သြဂုတ်လ၈ရက်နေ့မှာတော့ မော်လမြိုင်မြို့မှာဖြစ်ခဲ့တဲ့ အထွေထွေသပိတ်ကို ဦးဆောင်သူ တယောက်အနေနဲ့ ပါဝင်ခဲ့တယ်။ ပြီးလို့ရှိရင် ပြည်နယ်တခုလုံး ကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်လာဖို့၊ ၈၈အရေးတော်ပုံကြီးမှာ ပါဝင်ဖို့အတွက် ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေနဲ့ စည်းရုံးပြီးတော့ ကျနော် လှုံ့ဆော်မှုတွေကို လုပ်ခဲ့တယ်။ အာဏာသိမ်းခဲ့တဲ့ စက်တင်ဘာ၁၈ရက်နေ့မှာတော့ ထိုင်းနိုင်ငံကို တိမ်းရှောင်ပြီး သေ့ဘောပိုးစခန်းကို ကျနော်တို့ရောက်ခဲ့တယ်။ အဲဒီကတည်းကနေ တောက်လျှောက် ၁၉၈၈ကနေ အခုချိန်အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရရှိရေးအတွက် ဆက်လက် တိုက်ပွဲဝင်နေပါတယ်။

ရိမ်းဘိုးမဂ္ဂဇင်း။           ။ဆရာဟာ ပွင့်ပွင့်လင်းလင်း လိင်တူချစ်သူတယောက် ဖြစ်တယ်ဆိုတာ ကျနော်တို့ သိရတယ်။ အဲဒီတော့ ၈၈အရေးအခင်းမတိုင်မီ မြန်မာပြည်အတွင်းမှာနေခဲ့စဉ်တုန်းက ဒီလိုမျိုး ဂေးတယောက် ဖြစ်တဲ့အတွက် ဘယ်လိုမျိုး ဖြတ်သန်းခဲ့ရလဲဆိုတာကို ပြောပြပေးပါလား။
ဦးအောင်မျိုးမင်း။         ။ အဲဒီအချိန်တွေတုန်းကတော့ ကိုယ့်ကိုယ်ကို စိတ်ကစားတတ်တဲ့ အရွယ်ကတည်းက လိင်တူချင်းချစ်တဲ့သူ တယောက်အနေနဲ့ သတိထားမိတယ်။ သူငယ်ချင်းတွေကလည်း တော်တော်သိပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ဖွင့်ဟပြီးပြောဆိုတဲ့ဟာမျိုး ကြေငြာတဲ့အဆင့်ထိတော့ မရောက်ခဲ့ဘူး။ ဒါပေမယ့်စိတ်ကစားတာတို့၊ ရင်ခုန်တဲ့ဟာတို့ ဒါတွေကတော့ ရှိထားတယ်။ အဲဒါတွေကိုလည်း ကျန်တဲ့သူငယ်ချင်းတွေကလည်း အချင်းချင်းသိထားပြီးသား။ ရန်ကုန်တက္ကသိုလ်ကို ရောက်တဲ့အချိန်မှာလည်း အားလုံးက သိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရဲ့အပြုအမူ အနေအထိုင်တွေက သူတို့နဲ့မတူပဲ ကွဲပြားနေတာကို မေဂျာက သူငယ်ချင်းတော်တော်များများကသိတယ်။ ဒီအချိန်လောက်အထိ ကိုယ့်ရဲ့လိင်စိတ်ခံယူမှုကို ထုတ်ပြောစရာတော့ မလိုသေးတဲ့အချိန်ဖြစ်တဲ့အတွက် မပြောခဲ့ဘူးး။ ဒါပေမယ့်လက်တွဲဖော်၊ရင်ခုန်ဖော် အဲလိုအနေအထားမျိုး ရှိခဲ့တယ်။ ၈ လေးလုံး အရေးတော်ပုံ ဖြစ်ပေါ်လာခဲ့တဲ့အချိန်ထိ ကျနော်အရေးအခင်းကာလမှာကော၊ တောထဲမှာ ကျောင်းသားစခန်းမှာ နေခဲ့တဲ့ကာလမှာလည်း ပွင့်ပွင့်လင်းလင်းတော့ မပြောဘူး။ 

ဒါပေမယ့် တော်တော်များများက သိတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ လူ့အခွင့်အရေးကိစ္စတွေကို လုပ်ဆောင်ရင်းနဲ့ လူ့အခွင့်အရေး အကြောင်းအရာတွေကို သိလာတဲ့အချိန်မှာတော့ လိင်တူချင်း ချစ်တဲ့သူဆိုတဲ့ဟာက မှားယွင်းတာမဟုတ်ဘူး။ လိင်တူချင်းချစ်တဲ့ဟာက ကျနော်တို့ရွေးချယ်တာလည်း မဟုတ်ဘူး။ ကျနော်တို့ရဲ့ ရပ်တည်မှုဖြစ်တယ်ဆိုတဲ့ အကြောင်းအရာကို သဘောပေါက်လာတဲ့အချိန်မှာတော့ ကိုယ့်သူငယ်ချင်းတွေကြားထဲမှာ ပွင့်ပွင့်လင်းလင်း ပြောဆိုတာတွေ၊ ထုတ်ဖော်ပြီးတော့ ကြေငြာတာတွေ၊ နောက်တခါမှာ လိင်တူချင်းချစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဖိနှိပ်တာတွေ၊ စော်ကားတာတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီးတော့ ပြန်ပြီးချေပတာတွေ၊ အဲဒါတွေကိုတော့ ကျနော်လုပ်ခဲ့တယ်။ ဒါကတော့ ၈၈ပြီးလို့ သုံးနှစ်လောက်နေမှ ကိုယ့်လိင်စိတ်ခံယူမှုကို ထုတ်ဖော်ပြောဆိုပြီး ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ပိုမိုစိတ်သန္နိဌာန်ချ လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

ရိမ်းဘိုးမဂ္ဂဇင်း။           ။ဆရာက ၈၈ အရေးတော်ပုံနောက်ပိုင်း အေဘီအက်စ်ဒီအက်ဖ်တပ်ဖွဲထဲမှာ ပါခဲ့တယ်ပေါ့နော်။ အဲဒီအဖွဲ့ထဲမှာ အရင်က လိင်တူချစ်ခြင်းကို ကန့်ကွက်ထားတဲ့ ဥပဒေတွေ ရှိခဲ့တယ်ဆိုတာ ကျနော်တို့ သိထားခဲ့တယ်။ အဲဒီဥပဒေကို အခုတော့ဖျက်သိမ်းလိုက်ပြီလို့ သိရပါတယ်။ အဲဒါ ဘယ်တုန်းက ဖျက်သိမ်းလိုက်ပြီး ဘာကြောင့် ဖျက်သိမ်းခဲ့လဲဆိုတာကို ပြောပြပေးပါလား။
ဦးအောင်မျိုးမင်း။         ။ကျောင်းသားတပ်မတော် ဆိုတဲ့အတိုင်း တပ်မတော်ဖြစ်တယ်။ လက်နက်ကိုင်တပ်မတော် ဖြစ်တယ်။ အဲဒီတော့ သူတို့အနေနဲ့ စစချင်း ကျောင်းသားတပ်မတော် စည်းကမ်းကို ရေးဆွဲတဲ့အချိန်မှာ တခြားတပ်မတော်တွေက ချထားတဲ့စည်းကမ်းကို အများဆုံးကိုးကားပြီးတော့ လုပ်ဆောင်ခဲ့တယ်။ အဲဒီတော့ လိင်တူချင်းဆက်ဆံမှုကို ရာဇဝတ်မှုအနေနဲ့ သတ်မှတ်ပြီးတော့ ဒါကို အပြစ်ပေး အရေးယူရမယ်။ လိင်တူချင်း ဆက်ဆံခြင်း လုံးဝမရှိရဘူးဆိုတဲ့ တခြားစစ်တပ်ဥပဒေကို သူတို့မှီငြမ်းပြီး လုပ်ဆောင်ခဲ့တယ်။ ဒါပေမယ့် ကျနော့်ရဲ့ အတွေ့အကြုံအရဆိုရင် ဒါနဲ့ပတ်သက်ပြီးတော့ အရေးယူ ဆောင်ရွက်တာတွေ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းသားတပ်မတော်အတွင်းမှာ ကျနော်ကိုယ်တိုင်လည်း ထုတ်ဖော်သာမပြောပေမယ့် လိင်တူချင်းချစ်တယ်ဆိုတာ အားလုံးက သိပြီးသားပဲ။ ဘာမှမဖြစ်ဘူး။ ကျနော့်အပြင် ကျနော်တို့ သေဘော့ဘိုးစခန်းက လက်နက်ကိုင်ပြီး တိုက်နေတဲ့သူတွေကြားထဲမှာ ဇာဇာဆိုတဲ့ လိင်တူချစ်တဲ့သူတယောက်က ပွင့်ပွင့်လင်းလင်းနဲ့ပဲ နေတယ်။ ညနေဆိုရင် မိတ်ကပ်တွေလူးတယ်။ အလှတွေ ပြင်တယ်။ ဒါပေမယ့် တိုက်ပွဲမှာ သူ ရွံ့ရွံ့ချွန်ချွန် တိုက်တဲ့ဟာမျိုး။ ဒါမျိုးလည်း အရေးယူဆောင်ရွက်တာမျိုး မရှိခဲ့ဘူး။

၁၉၉၈လောက်မှာကျင်းပတဲ့ ညီလာခံမှာ ဒီလိုမျိုး လိင်တူချင်းချစ်မှုကို သတ်မှတ်ထားတဲ့အချက်က နိုင်ငံတကာစံချိန်နဲ့ မကိုက်ညီဘူး။ အထူးသဖြင့် အဖွဲ့ကို ကူညီပေးသူတွေ စေတနာ့ဝန်ထမ်း လုပ်လာလုပ်ပေးသူတွေက ဒီဥပဒေကို တွေ့တဲ့အချိန်မှာ မင်းတို့တွေကတော့ မဖြစ်သင့်ဘူး။ ဒါက လိင်တူချင်း ချစ်တဲ့သူတွေအပေါ်မှာ ခွဲခြားဖိနှိပ်တာတွေ ဖြစ်တယ်ဆိုပြီး သတိပေးလာတယ်။ ကျနော်ကိုယ်တိုင်ကလည်း ဒါကြီးကို လက်မခံနိုင်ဘူး၊ ဒါကြီးက မဖြစ်သင့်တော့ဘူး၊ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ဥပဒေကြီးကို ပယ်ဖျက်ပေးပါလို့ ပြောတဲ့အချိန်မှာ ခေါင်းဆောင်တွေက စဉ်းစားမိပြီးတော့ သူတို့ရဲ့ ဗဟိုကော်မတီ အစည်းအဝေးအတွင်းမှာ အဲဒါကိုတင်ပြတယ်။ တင်ပြတဲ့အခါမှာ တော်တော်များများကလည်း လက်ခံတယ်။ ဘာဖြစ်လို့လဲဆိုတော့ အေဘီအက်စ်ဒီအက်ဖ်ဆိုတဲ့ဟာက လူ့အခွင့်အရေးအတွက် တိုက်နေတာ။ အဲဒီအထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်နေတဲ့အရာကို မလုပ်သင့်ဘူးဆိုပြီး ဥပဒေကို ပြင်ဖို့အတွက် အကြံပေးတယ်။ ဗဟိုကော်မတီကပဲ ဒီဟာကို သူတို့တွေအနေနဲ့ ပယ်ဖျက်ဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။

ရိမ်းဘိုးမဂ္ဂဇင်း။           ။အခုလောလောဆယ် ကမ္ဘာပေါ်မှာဖြစ်ပျက်နေတဲ့ လိင်တူချင်းချစ်တဲ့သူတွေနဲ့ ပတ်သက်တဲ့ မုန်းတီးမှုတွေအကြောင်းကိုလည်း ပြောပြပေးပါလား။
ဦးအောင်မျိုးမင်း။         ။ကျနော်တို့ လိင်တူချင်းချစ်တဲ့သူတွေကို စိတ်ဝေဒနာရှင်တွေ မဟုတ်ဘူးလို့   ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေငြာထားပေမယ့် အရင်တုန်းက ထားရှိခဲ့တဲ့ အယူအဆလွဲမှားမှုတွေကြောင့် တချို့နိုင်ငံတွေ၊ တချို့ဒေသတွေမှာ လိင်တူချင်း ချစ်တဲ့သူတွေအပေါ်မှာ ခွဲခြားမုန်းတီးမှုတွေဟာ ဆက်လက်ရှိနေတုန်းပဲဆိုတာ စိတ်မကောင်းစရာ တွေ့ရတယ်။ တချို့နိုင်ငံတွေမှာ အခုချိန်အထိ လိင်တူချင်းချစ်တဲ့ဟာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီးတော့ သေဒဏ်ပေးတဲ့အထိ ကျင့်သုံးနေတဲ့နိုင်ငံတွေလည်း ရှိတယ်။ တချို့နိုင်ငံရဲ့ ဥပဒေတွေ ပြောင်းလာခဲ့တာတွေရှိပေမယ့် လူထုကြားထဲမှာ အခုချိန်အထိ အထင်သေးမုန်းတီးမှုတွေ၊ အဲဒီကမှတဆင့် အမုန်းတရားကိုအခြေခံတဲ့ သတ်ဖြတ်၊ စော်ကား၊ အကြမ်းဖက်မှုတွေ ဆက်လက်ရှိနေတာကိုလည်း ကျနော်တို့တွေ့ရတယ်။ အထူးသဖြင့် အာဖရိကတိုက်နဲ့ အာရှတိုက်တွေမှာ ဒီလိုမျိုးစိတ်ဓါတ်တွေ၊ ဥပဒေတွေရှိနေတုန်း။ လူထုကြားထဲမှာလည်း မုန်းတီးမှုတွေရှိနေတုန်းပဲ။

အာရှဒေသမှာ ကြည့်မယ်ဆိုရင် လိင်တူချင်းချစ်တဲ့သူတွေရဲ့အပေါ်မှာ အထင်သေးမှုကနေအခြေခံတဲ့ အကြမ်းဖက်မှုတွေ ရှိလာတယ်။ လိင်တူချင်း ချစ်တဲ့သူတွေကနေ  လူ့အခွင့်အရေးအဖြစ် လှုပ်ရှားမှုတွေကိုလည်း လက်မခံပဲ ပိတ်ပင်တားဆီးတာတွေ၊ တိုက်ခိုက်တာတွေ ရှိနေတုန်းပဲ။ အထူးသဖြင့် ကျနော်တို့ လိင်တူချင်းချစ်တဲ့သူတွေရဲ့ အဖွဲ့အစည်းတွေကနေ ထင်ထင်ပေါ်ပေါ်နဲ့ ဆွေးနွေးမှုတွေ၊ လူ့အခွင့်အရေးရှုထောင့်ကနေ တိုက်ပွဲဝင်နေမှုကို ဘာသာရေးအကြောင်းပြ၊ ယဉ်ကျေးမှုအကြောင်းပြပြီးတော့ ပိတ်ပင်တားဆီးမှုတွေက ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ထိုင်းနိုင်ငံမှာလည်း ဖြစ်ခဲ့တယ်။ 

အင်ဒိုနီးရှားနိုင်ငံမှာလည်း ဖြစ်ခဲ့တယ်။ အဲဒါတွေက အခုချိန်အထိ လိင်တူချင်း ချစ်တဲ့သူတွေအပေါ်မှာ မုန်းတီးမှုကို မြစ်ဖျားခံပြီး ဖြစ်လာတဲ့အမှုတွေလို့ ကျနော်တို့ပြောနိုင်ပါတယ်။အာဖရိကတိုက်မှာလည်း အခုချိန်အထိပါပဲ။
တချို့နိုင်ငံတွေမှာ လိင်တူချင်း ချစ်တဲ့သူတွေအပေါ်မှာ မုန်းတီးတဲ့ဥပဒေတွေ ရှိနေသလို၊ အစိုးရခေါင်းဆောင်တွေကလည်း လိင်တူချင်း ချစ်တဲ့သူတွေအပေါ်မှာ မုန်းတီးဖို့အတွက် ပုတ်ခတ်ပြောဆိုတဲ့အရာတွေ၊ ဒါတွေကြောင့်မို့လို့ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်အောင် အားပေးနေတဲ့ အခြေအနေမျိုးလည်း ရှိပါတယ်။ အထူးသဖြင့် ဇင်ဘာဘွေနိုင်ငံတို့လို၊ ယူဂန်ဒါနိုင်ငံတို့မှာ ဆိုလို့ရှိရင် တော်တော်ကြီးကို ပြင်းပြင်းထန်ထန် ဝါဒဖြန့်ပြီး မုန်းတီးအောင် လုပ်ဆောင်တဲ့အမှုတွေ၊ နောက်တခါ လိင်တူချင်း ချစ်တဲ့သူတွေတင်မကဘူး။ သူ့ရဲ့မိသားစုတွေ၊ သူ့ရဲ့သူငယ်ချင်းတွေက ထုတ်ဖော်မပြောရင် သူတို့ကိုပါ အပြစ်ပေးအရေးယူမယ်ဆိုတဲ့ ဥပဒေမူကြမ်းတွေ ပေါ်လာတဲ့အထိကို လှုံ့ဆော်နေတဲ့ အဖြစ်အပျက်တွေ ရှိခဲ့ပါတယ်။

ရိမ်းဘိုးမဂ္ဂဇင်း။           ။ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ကော လိင်တူချင်းချစ်တဲ့သူတွေအပေါ်မှာ ဘယ်လိုမျိုး မုန်းတီးမှုအခြေအနေတွေ ရှိသလဲ။
ဦးအောင်မျိုးမင်း။         ။ကျနော်တို့ရဲ့ မြန်မာနိုင်ငံမှာကတော့ ဘာသာရေးကို လိုသလိုအကြောင်းပြပြီး လုပ်ဆောင်မှုကြောင့် လိင်တူချင်း ချစ်တဲ့သူတွေအပေါ်မှာ အထင်မြင်လွဲမှားမှုတွေ ဖြစ်နေတယ်။ ဘာသာတိုင်းမှာ လူတိုင်းကို မေတ္တာထားရမယ်ပဲ ပြောထားတယ်။ လူသားအားလုံးကို ဘုရားသခင်က ဖန်ဆင်းထားတာဖြစ်တယ် ဆိုတဲ့ ခရစ်ယာန်အယူအဆက ရှိပြီးသား၊ ဗုဒ္ဒဘာသာဆိုရင် ကိုယ့်ကိုကိုယ်သာ အားထားရာလို့ ဘုရားက ဟောထားတာ။ ဒါတွေပဲရှိတယ်။ ဒါပေမယ့် လိုသလို အဓိပ္ပါယ်ဖွင့်ဆိုထားပြီးတော့ လိင်တူချစ်သူတွေဟာ မှားယွင်းတဲ့သူတွေ၊ နောက်တခါ ဘုရားသခင်က မကြိုက်တဲ့သူတွေအဖြစ် ဝါဒဖြန့်မှုတွေကြောင့် ကျနော်တို့ဆီမှာလည်း လိင်တူချင်းချစ်တဲ့သူတွေအပေါ်မှာ မုန်းတီးမှုတွေ အနည်းနဲ့အများဆိုသလို ရှိနေတုန်းပဲ။

နောက်တခုက ကျနော်တို့တိုင်းပြည်မှာ ၃၇၇ လို့ခေါ်တဲ့ သဘာဝမကျတဲ့ လိင်ဆက်ဆံမှုမျိုးကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတယ်။ လိင်တူချင်းဆက်ဆံမှုကို သဘာဝမကျတဲ့ လိင်ဆက်ဆံမှုကို အတိအကျ မပြောပေမယ့် လိင်တူချင်းဆက်ဆံတာ သဘာဝမကျတဲ့ပုံစံလို့ သတ်မှတ်တဲ့အတွက် ဒီဥပဒေကို အသုံးပြုပြီးတော့ ခြိမ်းခြောက်တာတွေ၊ ငွေညှစ်တာတွေ၊ အနိုင်ကျင့်တာတွေ၊ ဒါတွေက ရှိနေတုန်းပဲ။ အဲဒီရဲ့ရလဒ်က ဘာဖြစ်လာသလဲ ဆိုလို့ရှိရင်တော့ မုန်းတီးမှုတွေ၊ အထင်သေးမှုတွေ၊ နေရာမပေးမှုတွေ ရှိလာတယ်။ ဥပဒေအကြောင်းပြပြီးတော့ ဥပဒေဝန်ထမ်းတွေက အကြမ်းဖက်တာတွေ၊ ဥပဒေအလွဲသုံးစားလုပ်ပြီးတော့ စော်ကားနှိပ်စက်တာတွေ၊ ဒါတွေက ရှိနေတုန်းပါဘဲ။

ရိမ်းဘိုးမဂ္ဂဇင်း။           ။ ဆရာ့အနေနဲ့ လူ့အခွင့်အရေးတွေ၊ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးတွေကို လုပ်ဆောင်ခဲ့တဲ့အတွက် ဆုတံဆိပ်တွေ အများကြီး ရရှိထားတယ်လို့ သိရပါတယ်။ အဲဒါတွေက ဘယ်လိုမျိုး ဆုတံဆိပ်တွေပါလဲ။ အဲဒီဆုတွေရရှိအောင် ဘယ်လိုကြိုးစားခဲ့ရလဲဆိုတာ ပြောပြပေးပါအုံးဆရာ။
ဦးအောင်မျိုးမင်း။         ။ ကျနော့်အနေနဲ့ ဆုတွေရရှိအောင် ကြိုးစားခဲ့တာတော့ တခါမှ မရှိခဲ့ပါဘူး။  မုန်ကန်တယ်လို့ယူဆတာကို လုပ်ဆောင်ရင်း အသိအမှတ်ပြုခံခဲ့ရတာသာဖြစ်ပါတယ်။ ကျနော်လုပ်နေတဲ့ လုပ်ငန်းတွေက အမှန်တရားအတွက် လုပ်ဆောင်တာဖြစ်တယ်လို့ ယုံကြည်တယ်။ ယုံကြည်တဲ့အတိုင်း လူအများအထင်သေးလေ့ရှိတဲ့ လိင်တူချင်း ချစ်သူတယောက်ဆိုတာကို စစချင်း ပွင့်ပွင့်လင်းလင်းထုတ်ဖော် ပြောတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ လူတွေနားလည်အောင် လုပ်ဆောင်ရင်း အဲဒီဆုပေးတဲ့အဖွဲ့တွေကနေ ဒါကို သတိထားမိပြီး ကျနော့်ကို ဆုပေးခဲ့တာ ဖြစ်ပါတယ်။
ရရှိခဲ့တဲ့ဆုတွေကတော့ ၁၉၉၉ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနှင့် အမျိုးသား လိင်တူချစ်သူများ အခွင့်အရေးဆိုင်ရာ ကော်မရှင် (International Lesbians and GaysံHuman Rights Commission) ဆိုတဲ့ အမေရိကန်အခြေစိုက်အဖွဲ့က နှစ်စဉ်နှစ်တိုင်းပေးတဲ့  Fillipa De Souza ဆိုတဲ့ ဆုကို ရရှိခဲ့တယ်။ အဓိကကတော့ မြန်မာနိုင်ငံလို ဖိနှိပ်မှုတွေ အများကြီးဖြစ်နေတဲ့အချိန်၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီးဖြစ်နေတဲ့ နိုင်ငံအတွင်းမှာ လူ့အခွင့်အရေးတင်မကပဲနဲ့ လိင်တူချစ်သူတွေရဲ့အခွင့်အရေးတွေကို ထုတ်ဖော်ပြောကြားပြီးတော့ အများသိအောင် လုပ်ဆောင်ခဲ့တဲ့အပေါ် ၊ အသိအမှတ်ပြုတဲ့ သဘောမျိုးနဲ့ သူတို့က ပေးတာ ဖြစ်ပါတယ်။

နောက်တဆုကတော့ ၂၀၀၀ ခုနှစ်မှာ ဆန်ဖရန်စစ္စကိုမြို့တော်ဝန်က ပေးအပ်တဲ့ Celebration of Courage (ရဲစွမ်းသတ္တိအတွက် ဂုဏ်ပြုခြင်း) ဆိုတဲ့ ဆု ဒါကိုကိုလည်း နောက်ထပ်ရရှိခဲ့ပါတယ်။ အဲဒါကတော့ လိင်တူချင်းချစ်တဲ့သူတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုတွေမှာ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့အပေါ်မှာ အသိအမှတ်ပြုတာ ဖြစ်ပါတယ်။ နောက်တခါကတော့ တိုရွန်တိုတက္ကသိုလ်၊ ကိုလံဘီယာတက္ကသိုလ်က ပေးအပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာဆုတွေကိုလည်း ရရှိခဲ့ပါတယ်။ အဲတော့ အဓိကကတော့ လူ့အခွင့်အရေး ချိုးဖောက်တဲ့ နိုင်ငံတနိုင်ငံမှာ လူ့အခွင့်အရေးလှုပ်ရှားမှုလုပ်ရင်းနဲ့ အများစုက လက်မခံနိုင်တဲ့၊ လက်ခံမှုအတွက် အားနည်းနေသေးတဲ့ လိင်တူချင်းချစ်သူတွေရဲ့ အခွင့်အရေးကို တပြိုင်နက်တည်း လုပ်ကိုင်နေတဲ့အပေါ်မှာ အသိအမှတ်ပြုပြီး ပေးတဲ့ဆုတွေပဲ ဖြစ်ပါတယ်။

ရိမ်းဘိုးမဂ္ဂဇင်း။           ။ ဆရာ့အနေနဲ့ လိင်တူချစ်သူတွေအပေါ်မှာ ခွဲခြားဖိနှိပ်မုန်းတီးတာတွေနဲ့ ပတ်သက်ပြီး ပပျောက်အောင် မြန်မာနိုင်ငံ အစိုးရကို ဘယ်လိုမျိုး လုပ်ဆောင်ခိုင်းစေချင်ပါသလဲ။ ဘယ်လိုမျိုး အကြံပေးချင်တာလဲခင်ဗျား။
ဦးအောင်မျိုးမင်း။         ။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းမှာ ဆိုလို့ရှိရင် လူသားတိုင်း ဘယ်အခြေအနေပေါ်မှာမှ အခြေတည်ပြီး ခွဲခြားမှုမရှိရဘူးလို့ ပြောပါတယ်။ လူသားတိုင်း လူ့အခွင့်အရေးပေါ်မှာ ခံယူခွင့်ရှိရမယ်။ မွေးရာပါဖြစ်တယ်။ လူ့အခွင့်အရေးအားလုံးဟာ တခုနဲ့တခု ဆက်စပ်နေတယ်ဆိုတဲ့ အခြေခံလူ့အခွင့်အရေး သဘောထားတွေ ရှိပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံ အစိုးရအပါအဝင် ကျန်တဲ့နိုင်ငံတိုင်းက လူ့အခွင့်အရေးကြေငြာစာတမ်းမှာပါတဲ့ လူသားအားလုံး လူ့အခွင့်အရေး ခံစားခွင့်ရှိတယ်ဆိုတဲ့အပိုဒ်ကို လေးစားလိုက်နာပြီးတော့ ဒါကို အသိအမှတ်ပြုဖို့ လိုအပ်တယ်။ လိင်တူချင်း ချစ်တဲ့သူတွေအပေါ်မှာ လိင်တူချင်းချစ်ခြင်းကြောင့် အကြမ်းဖက်မှုတွေ၊ စော်ကားမှုတွေ၊ နှိမ့်ချမှုတွေ ပပျောက်အောင် လုပ်ဆောင်ပေးဖို့ အစိုးရတွေမှာ တာဝန်ရှိပါတယ်။

ကျနော်တို့ တိုင်းပြည်မှာ အခုနတုန်းက ပြောထားတဲ့ လိင်တူချင်းချစ်တဲ့သူတွေ ဆက်ဆံမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခြင်းက ပထမဦးဆုံး ဥပဒေပိုင်းအရ ကျနော်တို့အပေါ်မှာ ခွဲခြားသတ်မှတ်ထားတာ ဖြစ်တယ်။ တကယ်တော့ လူတဦးတယောက်ရဲ့ ပုဂ္ဂိုလ်ရေးဖြစ်တဲ့ ချစ်ခြင်းမေတ္တာတွေ၊ တယောက်နဲ့တယောက် အတူပေါင်းသင်း ဆက်ဆံတဲ့ အကြောင်းအရာက အစိုးရနဲ့ ပတ်သက်မှုမရှိပါဘူး။ လူတဦးတယောက်ရဲ့ ပုဂ္ဂလိကပိုင်းသာ ဖြစ်ပါတယ်။ အဲတော့ ဒီအပေါ်မှာ အစိုးရက အမိန့်အာဏာနဲ့ ပြဌာန်းထားတဲ့ ပုံစံမျိုးကို ပယ်ဖျက်ပေးဖို့ ပထမဦးဆုံး ကျနော်တို့ လုပ်သင့်ပါတယ်။

နောက်တခုကတော့ နိုင်ငံသားရဲ့အခွင့်အရေး၊ အခုဆိုလို့ရှိရင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွေအပေါ်မှာ ရေးဆွဲထားပါတယ်။ နိုင်ငံသားတိုင်း အခြေခံလူ့အခွင့်အရေး ခံစားခွင့်ရှိရမယ်ဆိုတဲ့နေရာမှာ ကျား၊မ၊ လူမျိုး၊ ဘာသာ၊ ဘာသာစကား၊ နိုင်ငံရေးအယူအဆမရွေး လူ့အခွင့်အရေးခံစားခွင့်ရှိပါတယ်လို့ ပြောထားပါတယ်။ ဒီလိုနေရာ ဒီလိုစကားစုမှာ လိင်စိတ်ခံယူမှုမရွေးဆိုတဲ့ စကားလုံးအရ ပါဝင်ပြီးတော့ လိင်တူချင်းချစ်တဲ့သူတွေရဲ့ အခွင့်အရေးကို လေးစားပေးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေကအစ ကာကွယ်ပေးဖို့ လိုအပ်တယ်။
လိင်တူချင်း ချစ်တဲ့သူတွေအပေါ်မှာ အခုချိန်အထိ အကြမ်းဖက်မှုတွေ၊ မုန်းတီးမှုတွေ ဒါတွေ ရှိနေတုန်းပဲ။ ဒါတွေကို အမြန်ဆုံး ပပျောက်ဖို့အတွက် ကာကွယ်ပေးမယ့်ဥပဒေတွေ၊ ဒီဟာတွေ ဖြစ်အောင်လုပ်ဆောင်ခြင်းက လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် လူ့တယောက်ရဲ့ လုံခြုံမှုကို ထိခိုက်စေတဲ့အတွက် ဒါတွေကို မဖြစ်အောင် ကာကွယ်ပေးတာ၊ဒီအမြင်တွေ ပျောက်ဖို့အတွက် ပညာပေးတာ၊ ဖြစ်လာလို့ရှိရင်လည်း တရားမျှတစွာ ကျူးလွန်တဲ့သူတွေကို အရေးယူပေးတဲ့ အကြောင်းအရာ၊ ဒါတွေကို အများကြီးလုပ်ပေးဖို့ လိုအပ်ပါတယ်။

ရိမ်းဘိုးမဂ္ဂဇင်း။           ။ ဟုတ်ကဲ့။ အခုလိုမျိုး ခွဲခြားဖိနှိပ်မှုတွေကို ပပျောက်သွားအောင် ပြည်သူလူထုအနေနဲ့ကော ဘာတွေမျိုးပါဝင်လုပ်ဆောင်သင့်ပြီးတော့ လိင်တူချစ်သူတွေ ကိုယ်တိုင်အနေနဲ့ကော ဘယ်လိုမျိုး ပါဝင်လုပ်ဆောင်သင့်တယ်လို့ ထင်ပါသလဲ။
ဦးအောင်မျိုးမင်း။         ။ ကျနော်တို့မြန်မာနိုင်ငံက ပြည်သူလူထုဟာ တကယ့်ကို လူ့အခွင့်အရေးကို ရင်ထဲအသဲထဲက လိုလားတဲ့သူတွေလို့ ပြောနိုင်ပါတယ်။ ဒါကြောင့်မို့လို့ သမိုင်းကြောင်းတလျှောက်မှာ မတရားမှုတွေကို ဆန့်ကျင်ခဲ့တဲ့ အရေးတော်ပုံတွေ ဖြစ်ခဲ့တယ်။ ရှစ်လေးလုံးအရေးတော်ပုံကစပြီး အခုချိန်အထိ တရားမျှတရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ကျနော်တို့ မြန်မာပြည်က ပြည်သူလူထုတွေဟာ ဘယ်တော့မှ သတ္တိမနည်းပဲနဲ့ တိုက်ပွဲဝင်ခဲ့ကြတယ်။ ဒါလောက်နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ခြင်းက လူ့အခွင့်အရေးကို လေးစားတာ ပေါ်စေပါတယ်။

လူ့အခွင့်အရေးကိစ္စကို တိုက်ပွဲဝင်တဲ့အခါတွေမှာ လူ့အခွင့်အရေးဆိုတာ လူသားအားလုံးအတွက်ဖြစ်တယ်ဆိုတဲ့ အကြောင်းတရားကို လူ့အခွင့်အရေး လေးစားတဲ့သူတိုင်း သဘောပေါက်ဖို့လိုအပ်တယ်။ ခံယူဖို့ လိုအပ်တယ်။  
လူ့အခွင့်အရေးဆိုတာ အစိုးရကို ပြောင်းလဲအောင် လုပ်တာတခုထဲမဟုတ်ပဲနဲ့ လူ့အခွင့်အရေးဆိုတာ အခွဲခြားခံ၊ အဖိနှိပ်ခံ၊ တန်းတူအဖြစ်မခံရအောင် ဖြစ်နေတဲ့လူတွေကိုလည်း တန်းတူဖြစ်အောင်၊ လေးစားအောင် လုပ်ဆောင်ပေးရမယ်ဆိုတဲ့ အသိတရား ပြည်သူလူထုထဲမှာ ရှိဖို့လိုအပ်ပါတယ်။ အဲတော့ လူ့အခွင့်အရေးလို့ ဆိုလိုက်တိုင်း လူထဲမှာ ခွဲခြားခံနေရတဲ့၊ အကြမ်းဖက်ခံနေရတဲ့သူတွေ ရှိတယ်ဆိုတာ သဘောပေါက်ဖို့ လိုအပ်တယ်။ လူ့အခွင့်အရေးလှုပ်ရှားမှု လုပ်တိုင်းလုပ်တိုင်း ကိုယ့်တဦးတယောက်တည်းမကပဲနဲ့ လူသားအားလုံး လိင်တူချစ်တဲ့သူတွေရဲ့ အခွင့်အရေးတွေပါ အပါအဝင် လူသားအားလုံးအတွက် လုပ်ဆောင်ပေးဖို့ လိုအပ်တယ်ဆိုတဲ့ သဘောပေါက်မှုတွေ၊ လက်ခံမှုတွေနဲ့ လုပ်ဆောင်မယ်ဆိုရင် ကျနော်တို့က တော်တော်ကြီးကို အဆင်ပြေမှာပါ။

နောက်တခါ လိင်တူချင်း ချစ်တဲ့သူတွေထဲမှာလည်း ကျနော်တို့အချင်းချင်းကြားမှာ ကျနော်တို့က တခါတလေ စိတ်အားငယ်မှုတွေ ရှိတယ်။ ကိုယ့်ကိုယ်ကို သိမ်ငယ်မှုတွေ ရှိတယ်။ အမှန်တော့ သိမ်ငယ်စရာ မလိုဘူး။ အားငယ်စရာ မလိုဘူး။ ကျနော်တို့က လူထဲကလူဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုတဲ့ဟာက လူသားအားလုံးနဲ့ သက်ဆိုင်တယ်။ ငါတို့လည်း ခံစားခွင့်ရှိတယ်ဆိုတဲ့ စိတ်မျိုးဖြစ်လာမယ်ဆိုလို့ရှိရင် ကိုယ့်ကို စော်ကားခံရတိုင်း၊ သူများက ခွဲခြားခံရတိုင်း ဒါကို လက်မခံပဲနဲ့ အကောင်းဖက်ကနေ ပြန်လည်တုံ့ပြန်ပေးဖို့၊ ကိုယ့်ရဲ့လူ့အခွင့်အရေးကို ကိုယ်ကိုယ်တိုင်ကနေ တောင်းဆို လုပ်ဆောင်နိုင်ဖို့ လှုပ်ရှားမှုတွေမှာပါဝင်ဖို့ အရမ်းအရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကို လူလို့ မသတ်မှတ်လို့ရှိရင် လူ့အခွင့်အရေးဆိုတဲ့ဟာကလည်း ခံစားပိုင်ခွင့်ရှိမှာ မဟုတ်ဘူး။ လူ့အခွင့်အရေးကို မလေးစားလို့ရှိရင်လည်း လူအဖြစ် အသိအမှတ်ပြုခံထိမှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ကိုယ့်အခွင့်အရေးကို ကိုယ်တိုက်ယူခြင်းက မှန်ကန်တဲ့တိုက်ယူခြင်း ဖြစ်တယ်။
ဒါပေမယ့် ကျနော်တို့ သတိထားဖို့ လိုအပ်တဲ့အချက်ကတော့ လိင်တူချင်းချစ်တဲ့သူတွေရဲ့ အခွင့်အရေးဆိုတာက အထူးအခွင့်အရေးကို တောင်းတာမဟုတ်ပါဘူး။ လူလူချင်း ခံစားခွင့်ရှိတဲ့အခွင့်အရေးကို ကျနော်တို့ ခံစားခွင့်မရှိတဲ့အတွက် တန်းတူခံစားခွင့်ကို ရရှိဖို့အတွက် လုပ်ဆောင်တာပါဆိုတာကိုလည်း သဘောပေါက်ဖို့ လိုအပ်ပါတယ်။

တချိန်တည်းမှာပဲ ကိုယ့်အန္တရာယ်ကို ကိုယ်သိဖို့ လိုအပ်ပါတယ်။ လူ့အခွင့်အရေးကို ရရှိခံစားတာသက်သက်မဟုတ်ပဲနဲ့ လူ့အခွင့်အရေးရဲ့ တာဝန်ရှိမှု၊ တာဝန်သိမှုကိုလည်း သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ကြောင့် တခြားသူတယောက် ထိခိုက်မှုမဖြစ်အောင်၊ တခြားသူတွေကို စော်ကားရာမရောက်အောင်၊ မဖြစ်အောင်၊ လူမှုအသိုင်းအဝိုင်းအတွင်းမှာ အန္တရာယ်ပေးနေတဲ့သူမျိုး မဖြစ်အောင် ကိုယ့်အနေနဲ့ သတိထားဖို့ လိုအပ်တယ်။ အဲတော့ ကျနော်တို့တတွေက ကိုယ့်ကိုယ်ကို သဘောပေါက်ထားဖို့အချက်က ကျနော်တို့ လိင်တူချစ်သူတွေဟာ လူမှုအသိုင်းအဝိုင်းရဲ့ အစိတ်အပိုင်း ဖြစ်တယ်။ လူမှုအသိုင်းအဝိုင်းရဲ့ ပြဿနာကောင်တွေ မဟုတ်ဘူးဆိုတာကိုလည်း သဘောပေါက်ဖို့ လိုအပ်တယ်။ လူမှုအသိုင်းအဝိုင်းရဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ ကိုယ်ကိုယ်တိုင် ပါဝင်ခွင့်ရှိတယ်ဆိုတာကိုလည်း လက်ခံထားဖို့ လိုအပ်ပါတယ်။  

ရိမ်းဘိုးမဂ္ဂဇင်း။           ။ ဆရာ့အနေနဲ့ အခုချိန်မှာ ဘဝလက်တွဲဖော်နဲ့ မိသားစုလေးတခုကိုထူထောင်ထားတယ်လို့ သိရတယ်။ အဲလိုမျိုးဖြစ်လာအောင် ဘယ်လိုမျိုး ညှိနှိုင်းမှုတွေနဲ့ ထူထောင်ခဲ့ရလဲဆိုတဲ့ အတွေ့အကြုံလေးကိုလည်း ပြောပြပေးပါအုံးခင်ဗျား။
ဦးအောင်မျိုးမင်း။         ။ ဒီနှစ်ဆိုရင် ကျနော်နဲ့ ကျနော့်ဘဝလက်တွဲဖော်ဟာ ဆယ်နှစ်ရှိပါပြီ။ ကျနော်တို့ ကလေးတယောက်ကိုလည်း ယူထားပါတယ်။ ကလေးဆိုရင် အခုခြောက်နှစ်ရှိပါပြီ။ အဲတော့ လက်တွဲဖော်အဖြစ် ရပ်တည်မှုမတိုင်ခင်မှာ ကျနော်တို့ ညှိနှိုင်းမှုတွေ အများကြီး ရှိခဲ့ပါတယ်။ တယောက်နဲ့တယောက် နားလည်မှုတွေ၊ တယောက်နဲ့တယောက် တိုင်ပင်မှုတွေ၊ တယောက်နဲ့တယောက် အသိအမှတ်ပြုမှုတွေ အများကြီးကို ဖြတ်သန်းခဲ့ရတယ်။ လွယ်လွယ်နဲ့တော့ မဟုတ်ပါဘူး။ အထူးသဖြင့် ဒီဟာမျိုးကို လက်သင့်မခံလိုတဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ ဒါမျိုးကို သာမန်မဟုတ်ဘူးဆိုပြီးတော့ မြင်ကြတဲ့အသိုင်းအဝိုင်းမှာ ကျနော်တို့နှစ်ယောက်ကြားမှာ နားလည်မှုက အများကြီး တည်ဆောက်ခဲ့ရပါတယ်။ အဲတော့ ဘယ်လိုမျိုး ဖြတ်သန်းမလဲ။ ပတ်ဝန်းကျင်က လက်မခံရင် ဘယ်လိုမျိုး ကျနော်တို့ အတူတကွ ရင်ဆိုင်ကြမလဲဆိုတာကို လုပ်ရတယ်။ နောက်တခု အဆိုးဆုံးကတော့ သာမန်မိသားစုတစုလို ရင်သွေးယူဖို့ကိစ္စမှာ ကျနော်တို့ တော်တော်ကြီးကို ကြိုးစားကြရပါတယ်။ ဒါပေမယ့် ကျနော်တို့ ရအောင် ယူခဲ့တယ်။ ယူခဲ့တဲ့နေရာမှာ မိသားစုတာဝန်၊ နောက် ကလေးအတွက် စဉ်းစားတဲ့နေရာမှာ တာဝန်ခွဲဝေမှု တယောက်နဲ့တယောက် လိုအပ်ပါတယ်။ 

ကျနော့်ရဲ့လုပ်ငန်းက လူ့အခွင့်အရေးလုပ်ရတဲ့ ကိစ္စတွေ ရှိတယ်။ ခရီးထွက်ရတာတွေ များတယ်။ အဲဒီအချိန်မှာ ကျန်ခဲ့တဲ့သူတယောက်အနေနဲ့ ဒါကို လက်ခံနိုင်မလား။ ကိုယ်ကိုယ်တိုင်ကကော အဲလိုအခြေအနေမျိုးမှာ မိသားစုဘဝ တည်ဆောက်ဖို့အတွက် အချိန်ပြန်ပေးနိုင်သလား။ ကလေးကြီးလာလေလေ စဉ်းစားစရာအခြေအနေတွေ ပိုပြီးဖြစ်လာလေလေပါ။ အခုတော့ ကျနော်တို့ အချိန်က နားလည်မှုကို တည်ဆောက်ပြီးတဲ့အချိန်တွေ ဖြစ်တဲ့အတွက်ပြဿနာသိပ်မရှိတော့တဲ့သဘောမျိုး ဖြစ်လာတယ်။

နောက်တခုက ကျနော်တို့ထဲမှာ ဘယ်လိုဖြစ်လာလဲဆိုတော့ တဦးကိုတဦး အရူးအမူးချစ်ရတဲ့ဟာမျိုး မဟုတ်ပဲနဲ့ အိမ်ထောင်ဖက်လို့ မြင်လာတဲ့အချိန်မှာ ပြဿနာတော်တော်များများက အိမ်နားတောင် မကပ်ပဲနဲ့ အဝေးကြီးမှာဘဲ ပျောက်ပျောက်သွားတာ ရှိတယ်။ တကယ်လို့သာ ချစ်သူဆိုရင်တော့ မနာလိုမှု၊ သဝန်တိုမှု၊ စိတ်မချမှုဟာ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ကြာလာတဲ့အချိန်မှာ အိမ်ထောင်ဖက်၊ လက်တွဲဖော်ဖြစ်တဲ့အတွက် အဲဒီလိုမျိုး စိတ်မချမှုတွေ၊ ဘာတွေဟာ တော်တော်ကြီးကို လျော့သွားတယ်။ ဒါက ကျနော်တို့ရဲ့ ဆယ်နှစ်တာ တည်ဆောက်ထားတဲ့ သမိုင်းကြောင်းရဲ့ အောင်မြင်မှုတရပ်ပေါ့။

ဒါပေမယ့် အခက်အခဲတွေတော့ ရှိအုံးမှာပါ။ အခက်အခဲတွေ ရှိအုံးမယ်ဆိုတာက ကျနော်တို့ ကလေးကြီးလာလို့ရှိရင် နားလည်အောင်၊ သူ့ရဲ့အသိုင်းအဝိုင်းက၊ လက်မခံတဲ့ အသိုင်းအဝိုင်းကိုရောက်ရင် သူဘယ်လိုမျိုး လက်ခံလာအောင် ပြောမလဲ။ သူ့အပေါ်မှာ ရိုက်ခတ်မှုတွေရှိလို့ရှိရင် ဘယ်လိုမျိုး ပြင်ဆင်ပေးရမလဲ။ ဒါကတော့ နောက်ထပ်ပြင်ဆင်ရမယ့် အပိုင်းတွေက ဆက်လက်ရှိနေအုံးမှာပါ။

ရိမ်းဘိုးမဂ္ဂဇင်း။           ။ သက်တံ့ရောင်စာဖတ်ပရိသတ်ကိုလည်း အထူးစကားလေး ပြောပေးပါအုံးဆရာ။
ဦးအောင်မျိုးမင်း။         ။ သက်တံ့ရောင်မဂ္ဂဇင်းကို လူတော်တော်များများက သဘောကျတယ်ဆိုတာ ကျနော်တို့ တွေ့ရတယ်။ သက်တံ့ရောင်မှာ ကျနော်သဘောကျတဲ့အချက်ကတော့ အနိဌာရုံတွေ၊ လိင်တူချင်း ချစ်တဲ့သူတွေအပေါ်မှာ အကြမ်းဖက်မှုတွေကိုဘဲ ပြတာမဟုတ်ပဲနဲ့ လိင်တူချင်း ချစ်တဲ့သူတွေအပေါ်မှာ စွမ်းဆောင်နိုင်တဲ့သူတွေရှိတယ်၊ ထူးချွန်တဲ့သူတွေ ရှိတယ်ဆိုတာကို ဘက်မျှအောင်ပြပေးတာ ဖြစ်ပါတယ်။ ဒါမျိုးသတင်းက ကျနော်တို့ မြန်မာပြည်မှာဆိုရင် တော်တော်ကြီးကို ရှားတယ်။ ကျနော်တို့စပြီးတော့ ကိုယ်ကိုယ်တိုင် ပွင့်ပွင့်လင်းလင်း လိင်တူချစ်သူအဖြစ် ကြေညာတုန်းကဆိုရင် ဘယ်သူ့ကို စံနမူနာထားပြီးတော့ လုပ်ရမလဲဆိုတာ ကျနော်တို့ မရှိခဲ့ဘူး။ အခုကျတော့ ဒီသက်တံ့ရောင်စဉ်ကတဆင့် စံနမူနာတွေဖြစ်ပြီးတော့ တချို့လူတွေ တော်တော်များများ အားတက်လာတာကို တွေ့ရတယ်။ အဲတော့ Role Model ဆိုတာ သူများကို အားကျတာကြောင့်မို့လို့၊ ကိုယ်ကိုယ်တိုင် ဖြစ်ချင်တဲ့ဆန္ဒရှိလို့၊ ကိုယ်ကိုယ်တိုင်ကလည်း Role Model ဖြစ်အောင် ကြိုးစားဖို့ လိုအပ်တယ်။

ကျနော်တို့ လိင်တူချင်းချစ်တဲ့သူတွေကို လူတွေက အမြဲတမ်း Nothing လို့ ပြောကြတယ်။ ကျနော်တို့ လိင်တူချင်းချစ်တဲ့သူတွေက Nothing to Something ဖြစ်ဖို့အတွက် ကျနော်တို့ကိုယ်တိုင် ကြိုးစားဖို့ လိုအပ်တယ်။ လိင်တူချင်းချစ်တဲ့သူတွေကို Nobody လို့ ပြောတဲ့နေရာကနေ Nobody မဟုတ်ပဲနဲ့ Somebody ဖြစ်ဖို့အတွက် ကြိုးစားဖို့က ကိုယ်ကိုယ်တိုင်ကလည်း ကြိုးစားဖို့လိုသလို အတုယူဖို့လိုအပ်တာကို အတုယူကြပါ။  ကြိုးစားကြပါ။ ကြိုးစားမယ်ဆိုလို့ရှိရင်တော့ လိင်တူချင်းချစ်တဲ့သူတွေရဲ့ ရပ်တည်မှုရယ်၊ သူတို့ရဲ့ခံယူမှုတွေကို လူတွေက ပိုသိလာမယ်။ ပိုမိုနားလည်မှု တိုးတက်လာမယ်။ ဒါဟာ ဆိုလို့ရှိရင် လူထုအသိုင်းအဝိုင်းနဲ့ ကိုယ်နဲ့အကြား နားမလည်မှုတွေ ပျောက်ပြီးတော့ လက်တွဲနိုင်မယ့် အခြေအနေဖြစ်ဖို့အတွက် အားလုံးကြိုးစားကြပါလို့ တိုက်တွန်းလိုပါတယ်။

Note: DVB လူ့အခွင့်အရေးရုပ်သံစကားဝိုင်းမှာအမြဲလိုတွေ့ရတတ်တဲ့ လေးစားရသောဆရာဦးအောင်မျိုးမင်းအကြောင်း မသိသေးသူများအတွက် သက်တံ့ရောင်မဂ္ဂဇင်းမှ ပြန်လည်ကူးယူဖော်ပြလိုက်တာပါ။

No comments: