Saturday, December 15, 2012

ဘယ်တော့မှ ကိုယ် ဘယ်သူလဲ ဆိုတာကို မငြင်းပယ်ပါနဲ့ လို့ ပြောဆိုလိုက်တဲ့ လိင်တူချစ်သူများ အခွင့်အရေး လှုပ်ရှားသူ ကိုနောနော်နဲ့ တွေ့ဆုံခြင်း





ယခုအပတ်ရဲ့ In & Out ကဏ္ဍမှာတော့ မြန်မာနိုင်ငံမှာရှိတဲ့ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးအတွက် ပထမဦးဆုံး ဦးဆောင်လှုပ်ရှားခဲ့သူ တယောက်လို့ ဆိုနိုင်တဲ့ ကိုနောနော်နဲ့ တွေ့ဆုံထားတာလေးကို တင်ပြပေးပါရစေ။

ကိုနောနော်ဟာ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးအတွက်သာမက လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေးအတွက် ပညာပေးလှုပ်ရှားမှုတွေမှာလည်း စွမ်းစွမ်းတမံ ပါဝင်လှုပ်ရှား ဆောင်ရွက်ခဲ့တဲ့သူတယောက် ဖြစ်ပါတယ်။
ကိုနောနော်ဟာ ပွင့်ပွင့်လင်းလင်း လိင်တူချစ်သူတယောက်ဖြစ်ပြီး မြန်မာနိုင်ငံသား ကချင်အမျိုးသားတဦးလည်း ဖြစ်ပါတယ်။ လိင်တူချစ်သူတယောက်အဖြစ် ကိုနောနော်ရဲ့ ငယ်စဉ်ဘ၀ ဖြတ်သန်းမှု ပုံရိပ်တွေ၊ လိင်တူချစ်သူအဖြစ် ပွင့်ပွင့်လင်းလင်း ထုတ်ပြောပြောဆိုလာပုံမှအစ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးအတွက် လှုပ်ရှားမှုတွေမှာ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ဖြစ်ခဲ့ပုံတွေကို တင်ဆက်လိုက်ပါရစေ။

ကိုနောနော်က လိင်တူချစ်သူတွေရဲ့ အခွင့်အရေးတွက် လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့တယ်လို့ သိရတယ်။ ဘယ်လိုမျိုး အခန်းကဏ္ဍကနေ ပါဝင်ပြီးတော့ လုပ်ရှားဆောင်ရွက်ခဲ့ပါသလဲ။ 
ကျနော် လိင်တူချစ်သူတွေအတွက် အတတ်နိုင်ဆုံး လုပ် ဆောင်တော့မယ်လို့ ဆုံးဖြတ်ပြီးတဲ့နောက်မှာ ကိုယ့်အနေနဲ့ ဘယ်လိုအခန်းကဏ္ဍတွေမှာ အားသာမှုရှိသလဲဆိုပြီး ကိုယ့်ကိုယ်ကို အရင်သုံးသပ်ခဲ့ပါတယ်။ အဲလို သုံးသပ်လိုက်တော့ အသိပညာပေးလုပ်ငန်းတွေမှာ ကိုယ့်အနေနဲ့ အားသာတယ်ဆိုတာကို ကောင်းကောင်းကြီး သိခဲ့တယ်။ နောက်ပြီး ကိုယ်ကလည်း ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး လေ့လာထားတာတွေ ရှိတယ်။ အဲတော့ ကိုယ့်လို လေ့လာခွင့်မရခဲ့တဲ့ လိင်တူချင်း ချစ်တဲ့သူတွေကို ကိုယ့်သိထားခဲ့တဲ့ဟာတွေကို အရမ်းပြောပြချင်တယ်။ ဒါကြောင့် ပညာပေးလုပ်ငန်းကို ရွေးချယ်ခဲ့တယ်။

ကျနော်တို့ လိင်တူချင်းချစ်တဲ့သူတွေဆိုတာ အဖိနှိပ်ခံဘ၀တွေထဲမှာ အမြဲတမ်း ရှိနေကြတဲ့သူတွေ၊ အထူးသဖြင့် အပွင့်မတွေ၊ အခြောက်မတွေပေါ့။ လူမှုအသိုင်းအ၀ိုင်းထဲမှာ သူတို့တွေရဲ့အသံကို ဘယ်သူမှ မကြားရဘူး။ ဘယ်သူမှလည်း သူတို့တွေကို လူလို့ အသိအမှတ် မပြုကြဘူး။ အဲတော့ သူတို့တွေဟာ အမြဲတမ်းအားငယ်နေပြီး တချို့ဆို ဘ၀ကို လက်လွတ်စပယ် လုပ်ပြီး နေလိုက်ကြတယ်။ အဲတော့ ပညာပေးလုပ်ငန်းကို လုပ်တဲ့အခါမှာ သူတို့ကို ပထမဦးဆုံး ပစ်မှတ်ထားပြီး စွမ်းရည်မြှင့်တင်ပေးမှုတွေကို လုပ်ရတာပေါ့နော်။ ပညာပေးရတယ်ပေါ့နော်။ ဥပမာ လူ့အခွင့်အရေး အကြောင်းအရာတွေကို ပြောပြတယ်။ လူ့အခွင့်အရေးတွေထဲမှာ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးတွေဟာလည်း ပါဝင်တယ်။ လိင်တူချင်း ချစ်တယ်ဆိုတာ အားငယ်စရာ မဟုတ်ဘူး။ လိင်တူချစ်သူတွေထဲမှာလည်း အများသူငါလို ကမ္ဘာကျော် ဖြစ်နေတဲ့သူတွေဟာ ဘယ်လောက်အထိ ရှိနေတယ်ဆိုတာကို ပြောပြတယ်။ ကိုယ်တယောက်တည်း မဟုတ်ဘူး။ ကြိုးစားရမယ် ဆိုတာမျိုးတွေကို ပြောပြပေးတယ်။

ကိုယ့်အနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ အသိပညာပေးတာ၊ စာအုပ်စာစောင်တွေ၊ သီချင်းတွေ၊ ပြဇာတ်တွေကို ထုတ်ဝေပြီး ပညာပေးတဲ့ အခန်းကဏ္ဍ၊  ထောင့်ပေါင်းစုံကနေ ကျနော့်အနေနဲ့ ပါဝင်ပြီး လုပ်ဆောင်ခဲ့ပါတယ်။ ကျနော်တယောက်တည်း မဟုတ်ပါဘူး။ ကိုယ့်လို ဘ၀တူ မိတ်ဆွေတွေနဲ့အတူ လက်တွဲပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

လိင်တူချစ်သူတွေရဲ့ အခွင့်အရေးတွေကို လုပ်ဆောင်တဲ့နေရာမှာ လှုပ်ရှားဆောင်ရွက်ခဲ့သူ တယောက်အနေနဲ့ ဘယ်လိုမျိုး စိတ်ဓါတ်တွေကို အရင်းခံပြီးတော့ လုပ်ဆောင်ဖြစ်ခဲ့ပုံလေးကိုလည်း ပြောပြပေးပါလား။ 
ကျနော့်ရဲ့ ဘ၀ဖြတ်သန်းမှုအရ လိင်တူချစ်သူတယောက်အနေနဲ့ ဘ၀ဖြတ်သန်းမှုဟာ အရမ်းကို အထီးကျန်ဆန်ခဲ့ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ၊ တိုင်းရင်းသားဒေသမှာ စစ်ပြေးဒုက္ခသည် တယောက်အနေနဲ့ နေခဲ့ဖူးတဲ့သူ၊ နောက်ပြီး ကျနော်က လိင်တူချင်း ချစ်တဲ့သူတယောက် ဖြစ်နေတယ်ဆိုတော့ တော်တော်ကို ပင်ပန်းခဲ့ပါတယ်။ ကိုယ့်မှာ လိင်တူချစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘာ သတင်းအချက်အလက်မှ မရခဲ့ဘူး။ ပတ်ဝန်းကျင်က ဒါကြီးကိုလည်း အမှားကြီးဆိုပြီး သတ်မှတ်ထားတယ်။ နောက်ပြီး လိင်တူချစ်သူတွေကိုဆို ငရဲကို သွားမယ့်သူတွေ၊ လူမျိုးတုံးအောင် လုပ်နေတဲ့သူတွေဆိုပြီး သတ်မှတ်ထားတယ်။ အဲလို အဆိုးမြင်တဲ့ သဘောထားတွေနဲ့ ပြည့်နေတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်ခဲ့ရတယ်။ အဲလို ပတ်ဝန်းကျင်မှာ ကျနော့်အနေနဲ့ အရမ်းကို စိတ်ဆင်းရဲပြီး အထီးကျန်ခဲ့ရတယ်။ ဘယ်သူ့ကိုမှလည်း ထုတ်ဖော်မပြောရဲခဲ့ဘူး။ ထွက်ပေါက်မဲ့နေသလို ခံစားခဲ့ရတယ်။ အဲတော့ နောင်လာမယ့် လူငယ်လေးတွေကို ကိုယ့်လို အမှောင်ထဲမှာ နေခဲ့ရတာမျိုးတွေကို မကြုံစေချင်ဘူး။ ဒါကြောင့် ဒီအလုပ်ကို ကျနော်လုပ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာပါ။

မြန်မာနိုင်ငံမှာရှိတဲ့ လိင်တူချစ်သူတွေအတွက် အခွင့်အရေးတွေကို လုပ်ဆောင်တဲ့နေရာမှာ ဘယ်အရာတွေကို ပထမဆုံးအနေနဲ့ ဦးစားပေးပြီး လုပ်ဆောင်သင့်တယ်လို့ ထင်ပါသလဲ။ 
ကျနော်တို့ နိုင်ငံမှာ လိင်တူချင်းချစ်တဲ့သူတွေရဲ့ ဘ၀တိုးတက်မြင့်မားမှုကို အဟန့်အတား ဖြစ်စေပြီး ဆိုးကျိုးသက်ရောက်မှုကို ဖြစ်စေတဲ့ တည်ဆဲဥပဒေတွေ၊ ပြဋ္ဌာန်းထားရှိပါတယ်။ အဲဒီဥပဒေတွေကို အရင်ပပျောက်အောင် လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ အဲဒီဥပဒေတွေ မရှိမှသာလျှင် လိင်တူချစ်သူတွေရဲ့ ဘ၀ဟာ တိုးတက်မြင့်မားလာမှာဖြစ်ပြီး တခြားနိုင်ငံသားတွေနည်းတူ နိုင်ငံရဲ့ ကောင်းကျိုးကို သယ်ပိုးနိုင်မှာ ဖြစ်ပါတယ်။ ဒီဥပဒေတွေ တည်ရှိနေသမျှ ကာလပတ်လုံး ဘယ်လောက်ပဲ စွမ်းရည်မြှင့်တင်ရေး သင်တန်းတွေကိုပဲ လုပ်လုပ်၊ ဘယ်လောက်ပဲ အခွင့်အရေးတွေကို ပေးပေး၊ အခုနက ဥပဒေတွေက သူတို့တွေရဲ့ဘ၀ကို အမြဲတမ်း အနှောင့်အယှက်ပေးနေမှာ ဖြစ်ပါတယ်။ 

ဒါကြောင့်မို့လို့ မြန်မာနိုင်ငံအနေနဲ့ ပြောရမယ်ဆိုရင် အဲဒီဥပဒေတွေကို အရင်ပပျောက်သွားအောင် လုပ်ဆောင်သွားဖို့က အဓိက အရေးကြီးဆုံးလုပ်ငန်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးတွေကို လုပ်ဆောင်တဲ့ နေရာမှာ ဘယ်လိုမျိုး အခက်အခဲတွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသလဲ။ 
တခြားလူ့အခွင့်အရေး လှုပ်ရှားမှု၊ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေလိုပါပဲ။ ဘာမှ သိပ်မထူးခြားဘူးလို့ ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့တတွေဟာ စစ်အာဏာရှင်စနစ်အောက်မှာ ဖြတ်သန်းခဲ့ရတာ ဖြစ်တဲ့အတွက် ကျန်တဲ့လူတွေနဲ့ အတူတူနီးပါးလောက် ဖြစ်ပါလိမ့်မယ်။ ပိုဆိုးနိုင်တာကတော့ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေကြတဲ့သူတွေ အချင်းချင်းကြားထဲမှာတောင် ကျနော်တို့က လိင်တူချင်း ချစ်တဲ့သူတွေဖြစ်တဲ့အတွက် အချင်းချင်းတွေ ကြားမှာလည်း ထပ်ဆင့်ပြန်ပြီး အနှိမ်ခံရပါတယ်။ ပြီးရင် လိင်တူချစ်သူ အခွင့်အရေးဆိုတာ အရေးမပါတဲ့ကိစ္စ၊ ထည့်သွင်းဆွေးနွေးစရာတောင် မလိုဘူးဆိုပြီး ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါတယ်။

အဲဒီအခါ ကျနော့်ဆရာကတော့ “အောက်ခြေအဖိနှိပ်ခံ လူတန်းစားတွေရဲ့ တိုက်ပွဲဟာ ပိုပြီးတော့ ပြင်းထန်လေ့ ရှိတယ်” ဆိုပြီး အားပေးလေ့ ရှိပါတယ်။ အဲဒါတွေကို နားလည်လို့ရှိရင် အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့အခါ မင်းအနေနဲ့ ကျော်လွှားနိုင်မှာပါဆိုပြီး ဆရာက အဲလို အမြဲတမ်း အားပေးလေ့ ရှိပါတယ်။ ဒီအကြောင်းအရာကို ပြောတဲ့အခါမှာ စိတ်မ၀င်စားတာတွေ၊ အဖက်မလုပ်ကြတာတွေ၊ စကားအနေနဲ့ အဟတောင် မခံတာတွေ၊ အဲလိုမျိုးတွေနဲ့ အများကြီး ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ကျနော်တို့ ကံကောင်းတာက ကျနော်တို့ကို လက်တွဲခေါ်တဲ့သူတွေ ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အခုထက်ထိ ပြဋ္ဌာန်းထားသေးတဲ့ သဘာဝမကျတဲ့နည်းနဲ့ လိင်ဆက်ဆံမှုကို ဖမ်းဆီးနိုင်တယ်ဆိုတဲ့ ပုဒ်မ ၃၇၇ နဲ့ ပတ်သက်ပြီးရော ကိုနောနော်အနေနဲ့ ဘယ်လိုမျိုး ပြောချင်ပါသလဲ။ 
ဒီဥပဒေကြီးအကြောင်းကို ပြောရမယ်ဆိုရင် ၁၈၈၅ မှာ မြန်မာနိုင်ငံကို ကိုလိုနီလုပ်ခဲ့တဲ့ ဗြိတိသျှတွေကနေ သယ်ဆောင်လာခဲ့တဲ့ ဥပဒေကြီးပါ။ ဒီခေတ်အခြေအနေနဲ့ဆိုရင် ဘယ်လိုမှ စပ်ဟပ်လို့ မရတော့တဲ့ ရှေးပဝေသဏီက ဥပဒေအဟောင်းကြီးပါ။ ခေတ်လည်း မမှီတော့ပါဘူး။ ဒါကို ကျနော်တို့ အစိုးရတွေက အခုချိန်အထိ ဆက်လက် ထိန်းသိမ်းထားဆဲပဲ။ ပြင်သင့်တဲ့ ဥပဒေတွေကိုကျတော့ မပြင်ဘူးပေါ့နော်။ မရှိသင့်တော့တဲ့ ရှေးရှေးတုန်းက ဥပဒေတွေကိုကျတော့ ထိန်းသိမ်းထားဆဲပဲ။ အရင်တုန်းက ဗြိတိသျှကိုလိုနီ ဖြစ်ခဲ့ဖူးတဲ့ နိုင်ငံတွေ အတော်များများကလည်း ဒီဥပဒေကို ဖျက်သိမ်းပြီးပြီ။ ပြီးခဲ့တဲ့ တနှစ်ကပဲ။ အိန္ဒိယနိုင်ငံက ဒီ ၃၇၇ ကို ဗဟိုတရားရုံးကနေ ပယ်ဖျက်လိုက်ပြီးပြီ။ အရှေ့တောင်အာရှမှာ ဒီဥပဒေဆက်လက်ရှိနေသေးတဲ့ နိုင်ငံတွေဆိုလို့ မလေးရှား၊ စင်ကာပူနဲ့ မြန်မာနိုင်ငံတွေပဲ ရှိတော့တယ်။ ဒီဥပဒေကို အစိုးရက မသုံးတော့ဘူးလို့ ပြောတယ်။

ဒါပေမယ့် ဥပဒေက မဖျက်သေးသရွေ့ ရှိနေသေးတယ်ဆိုရင် သူ့ရဲ့သဘောတရားအရ ဒီဥပဒေကို အချိန်မရွေး ပြန်ပြီးတော့ အသုံးချလို့ရတယ်ဆိုတဲ့ သဘောမျိုး ရှိတယ်။ အဲတော့ ၃၇၇ ဟာ လိင်တူချစ်သူတွေအတွက် အန္တရာယ်ရှိပါတယ်။  တကယ်လို့ ကိုယ်က လိင်တူချစ်သူတွေနဲ့ ပတ်သက်တာ၊ ဒါမှမဟုတ် လှုပ်ရှားမှုတခုခုကို လုပ်တော့မယ်ဆိုရင် ကြိုက်တဲ့ရှုထောင့်ကနေ ဆွဲယူပြီး ဒီဥပဒေကို အသုံးပြုလို့ ရတယ်။ နောက်ပြီး ဒီဥပဒေက တကမ္ဘာလုံး အတိုင်းအတာမှာရှိတဲ့ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးကို လှုပ်ရှားနေသူတွေကနေ ဆန့်ကျင်နေတဲ့ ပုဒ်မတခုလည်း ဖြစ်ပါတယ်။ အဲတော့ ဒီ ၃၇၇ ဟာ မြန်မာနိုင်ငံမှာ လုံးဝမရှိသင့်တော့တဲ့ ဥပဒေဖြစ်ပါတယ်။

ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေတောင် မထွန်းကားသေးတဲ့ မြန်မာပြည်မှာ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးလုပ်တာ အရမ်းကို စောလွန်းနေပါသေးတယ်ဆိုပြီး ပြောနေကြတဲ့သူတွေရဲ့ အမြင်တွေအပေါ်မှာရော ဘယ်လိုမျိုး ပြောချင်လဲ။ 
ဒါက သိပ်မထူးဆန်းတဲ့ အရာတခုပါ။ ဘာကြောင့်လဲဆိုတော့ လူ့အခွင့်အရေးကို ကောင်းကောင်းမွန်မွန် နားမလည်ကြသေးတဲ့ လူမှုအသိုင်းအ၀ိုင်းတိုင်းလိုလိုမှာ ဒီမေးခွန်းကို မေးလေ့ရှိကြပါတယ်။ အမှန်တော့ လူ့အခွင့်အရေးလို့ ပြောလိုက်ပြီဆိုကတည်းက ဘယ်အခွင့်အရေးကိုတော့ ဦးစားပေးရမယ်။ ဘယ်အခွင့်အရေးက ပိုပြီး အရေးကြီးတယ်၊ ဘယ်လို အခွင့်အရေးကိုတော့ ခနထားခဲ့၊ ဘယ်လို အခွင့်အရေးကိုတော့ဖြင့် အရင်ပေး၊ သူတို့ကဖြင့် ဒီအခွင့်အရေးနဲ့ မထိုက်တန်သေးပါဘူးဆိုပြီး လုပ်လို့ မရပါဘူး။ လူ့အခွင့်အရေးဆိုတာ တခုနဲ့တခု အမြဲတမ်း အပြန်အလှန် မှီတည်ပြီး ဆက်ဆံနေတယ်။ တကမ္ဘာလုံးနဲ့ ဆက်စပ်နေတယ်။ တခုကို ဦးစားပေးပြီး ကျန်တဲ့တခုကို ကျန်ထားခဲ့လို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူ့အခွင့်အရေးတခုခုကို ချိုးဖောက်ခံလိုက် ရလို့ရှိရင် ကျန်တဲ့ဟာတွေပါ ဆင့်ပွားဆင့်ပွားနဲ့ ချိုးဖောက်ခံရတော့မှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လိင်တူချစ်သူ အခွင့်အရေးဆိုတာလည်း ဒီအတိုင်းပါပဲ။

လိင်တူချစ်သူ အခွင့်အရေးကို ဘာကြောင့် တောင်းဆိုရတာလဲဆိုတာကို ဥပမာအနေနဲ့ ပြောပါမယ်။ လူတွေ ကျန်းမာရေးကိစ္စနဲ့ ဆေးခန်းကို သွားကြတယ်ဆိုပါစို့။ ဆေးခန်းကိုလာတဲ့ လူတွေအားလုံးထဲမှာ အပွင့်မ (မိန်းမလျာ)တယောက် ပါတယ်။ ဆေးဝါးက မလုံလောက်ဘူး။ ဆေးရဖို့အတွက် အကုန်လုံး တန်းစီနေရတယ်။ ဆေးဝါး မလုံလောက်တဲ့အတွက် အခြောက်မတွေကို ဘေးဖယ်ပြီး ကျန်တဲ့လူတွေကို ဦးစားပေးအနေနဲ့ ဆေးတွေကို ပေးလိုက်တယ်။ အဲလိုမျိုး ဒုက္ခရောက်နေကြတဲ့သူတွေ အချင်းချင်းထဲမှာမှ လိင်တူချင်း ချစ်တဲ့သူတွေဟာ အခြောက်မဖြစ်လို့ဆိုပြီး သီးသန့် ခွဲခြားဆက်ဆံခံကြရတယ်။ အဲလို အခြေအနေမျိုးတွေမှာ သူတို့တွေအတွက် သီးသန့် အခွင့်အရေးအနေနဲ့ ကာကွယ်ပေးဖို့ လိုအပ်လာတယ်။ အဲဒါကြောင့် မြန်မာပြည်မှာ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးကို လုပ်တာဟာ မစောပါဘူးလို့ ပြောချင်ပါတယ်။
အနှစ်ချုပ်ပြောရမယ်ဆိုရင် လိင်တူချစ်သူတွေရဲ့ အခွင့်အရေးကို လုပ်နေတယ်ဆိုတာ အပိုအိုဗာတင်း လုပ်ပြီးတော့ လူတွေထဲက အခွင့်ထူးခံ လူတန်းစားတရပ်အနေနဲ့ အပိုအလုပ်တွေကို လုပ်နေတာ မဟုတ်ပါဘူး။ အဲဒါကို လူတိုင်း သိစေချင်ပါတယ်။ ဘာဖြစ်လို့ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးကို လုပ်ရသလဲဆိုတော့ သူတို့ပိုင်ဆိုင်တဲ့ လိင်တူချင်းချစ်တယ်ဆိုတဲ့ ၀ိသေသလက္ခဏာအပေါ်မှာ အခြေခံပြီးတော့ သူတို့တွေဟာ နေ့တဓူဝ ခွဲခြားဆက်ဆံခံရတယ်။ အဖိနှိပ်ခံရတယ်။ ညှင်းပမ်းနှိပ်စက်ခံရတယ်။ 

အသတ်ဖြတ်ခံရတယ်။ အဲဒီအခြေအနေတွေက လူမှုပတ်ဝန်းကျင်မှာ ရှိနေတဲ့အတွက်ကြောင့်မို့လို့ ဒီလိုလူတွေအတွက် သီးသန့်အခွင့်အရေးကို ပြန်ပြီးတော့ လုပ်ဆောင်ရတယ်ဆိုတာ အားလုံးကို သဘောပေါက်စေချင်ပါတယ်။
ပြီးတော့ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တဲ့ အနာဂတ်နိုင်ငံတော်ဆိုတာ ဘယ်လိုလူမျိုး၊ ဘယ်အုပ်စု၊ ဘယ်လူနည်းစု အုပ်စုဝင်တွေကိုမှ ငြင်းပယ်ထားလို့ မရပါဘူး။ အကုန်လုံး တန်းတူညီတူနဲ့ ဆုံးဖြတ်ချက်ချ အတူပူးပေါင်း ပါဝင်ခွင့်ရမှ တကယ်ကို အနှစ်သာရရှိတဲ့ ဒီမိုကရေစီစနစ်ကို အဲဒီနိုင်ငံအနေနဲ့ အောင်အောင်မြင်မြင်နဲ့ ရောက်သွားနိုင်မှာပါ။ တကယ်လို့ လူနည်းစုတစု၊ အုပ်စုငယ်တခုကို လျစ်လျူရှုခဲ့မယ်ဆိုရင် သူတို့တွေရဲ့ အခွင့်အရေးကို ငြင်းပယ်ခဲ့မယ်ဆိုရင် ဒီလူ့ဘောင်အသိုင်းအ၀ိုင်းမှာ စစ်မှန်ငြိမ်းချမ်းတဲ့ ဒီမိုကရေစီနိုင်ငံတခုကို ထူထောင်သွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

အဲတော့ ကျနော်တို့ လိင်တူချစ်သူတွေဆိုတာကလည်း ဒီလူမှုအသိုင်းအ၀ိုင်းက အုပ်စုတစုပဲ။ မြန်မာနိုင်ငံအတွက် ပြောမယ်ဆိုရင် မြန်မာနိုင်ငံ လူမှုအသိုင်းအ၀ိုင်းထဲက အုပ်စုဝင်တစု၊ ခင်ဗျားတို့ရဲ့ မိသားစုပဲ၊ သားသမီးတွေပဲ၊ ခင်ဗျားတို့ရဲ့ မိလည်း ဖြစ်နိုင်တယ်။ ခင်ဗျားတို့ရဲ့ မွေးဖွားလာမယ့် သားသမီးတွေလည်း ဖြစ်လာနိုင်တယ်။ ခင်ဗျားတို့ရဲ့ ညီအကို မောင်နှမတွေလည်း ဖြစ်နိုင်တယ်။ ခင်ဗျားတို့ရဲ့ အိမ်နီးနားချင်းတွေလည်း ဖြစ်နိုင်တယ်။ တစိမ်းတွေ မဟုတ်ဘူး။

အဲတော့ကား သူတို့ရဲ့ အခွင့်အရေးတွေဟာ ကိုယ်နဲ့ ပတ်သက်နေတဲ့အတွက်ကြောင့် ကိုယ့်ရဲ့အခွင့်အရေးနဲ့ ဆက်စပ်နေတာပဲ။ ပြောချင်တာက ငြိမ်းချမ်းတဲ့ အနာဂတ် ဒီမိုကရေစီနိုင်ငံတော်မှာ လိင်တူချင်း ချစ်တဲ့သူတွေကိုလည်း အားလုံးက လက်တွဲခေါ်ဆောင်ပြီး စည်းစည်းလုံးလုံးနဲ့ လုပ်ဆောင်သွားကြမယ်ဆိုရင် အနာဂတ်ငြိမ်းချမ်းတဲ့ နိုင်ငံတော်ကြီးကို ကျနော်တို့ ကောင်းကောင်းမွန်မွန်နဲ့ ထူထောင်နိုင်ကြမှာပါ။

လိင်တူချစ်သူတွေရဲ့ အခွင့်အရေးတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ အတိုင်းအတာမှာ မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုမျိုး အခြေအနေတွေထိ အောင်မြင်မှု ရနေပြီလဲဆိုတာကို ပြောပြပေးပါဦး။  
အောင်မြင်မှုတခုလို့တော့ ခေါင်းစဉ်မတပ်ချင်ပါဘူး။ ဒါပေမယ့် တိုးတက်မှုတွေ ရှိလာတယ်ဆိုတာကိုတော့ ငြင်းလို့ မရပါဘူး။ အရင်တုန်းက လိင်တူချစ်သူတွေနဲ့ ပတ်သက်ပြီး မပြောသင့်၊ မဆိုသင့်ဘူးလို့ သတ်မှတ်ထားရာကနေ အခုဆိုလို့ရှိရင် စာအုပ်စာပေတွေ ထွက်လာတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဆောင်းပါးတွေ၊ ၀တ္ထုတွေ ရေးလာတယ်။ ရုပ်ရှင်ဗွီဒီယိုတွေမှာတော့ လိင်တူချစ်သူတွေနဲ့ ပတ်သက်ပြီး ဇာတ်လမ်းအဆုံးမှာ မမှန်တဲ့ သတင်းအချက်အလက်တွေ ပေးကြတုန်းပါပဲ။ ဒါပေမယ့် အနည်းဆုံးတော့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး လူတွေကြားထဲမှာ အပြောများလာတယ်။ ဒါတွေကတော့ တိုးတက်လာတဲ့ အပိုင်းမှာ ရှိတယ်လို့ ပြောလို့ရတယ်ပေါ့နော်။

ဒါပေမယ့် လိင်တူချစ်သူတွေရဲ့ ဘ၀ကို အကာအကွယ် ပေးထားလား၊ လုံခြုံမှု ပေးထားလား၊ တိုးတက်အောင် လုပ်ဆောင်ပေးထားလား ဆိုတဲ့အပိုင်းတွေကို သုံးသပ်ကြည့်မယ်ဆိုရင်တော့ တစက်မှ မရှိသေးဘူးဆိုတာကို တွေ့ရမှာပါ။ ဥပဒေအပိုင်းကနေပဲ ကြည့်မလား။ လူမှုရှုထောင့်ကနေပဲ ကြည့်မလား။ သူတို့တွေအတွက် ဘ၀မြှင့်တင့်ပေးဖို့၊ အကာအကွယ်ပေးဖို့ လုပ်ဆောင်ပေးမှု အပိုင်းတွေကတော့ လောလောဆယ်မှာ မရှိသေးပါဘူး။ INGO တွေနဲ့ NGO တွေကတော့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ လိင်တူချစ်သူတွေရဲ့ဘ၀ကို ပြုစုစောင့်ရှောက်မှုတွေ လုပ်နေပါတယ်။

ဒါပေမယ့် လိင်တူချစ်သူ အမျိုးသမီးတွေနဲ့ ပတ်သက်တာကိုတော့ ဘယ်အဖွဲ့အစည်းမှ လုပ်ဆောင်ပေးနေတယ်ဆိုတာ မရှိကြပါဘူး။ ပြီးရင် သူတို့ရဲ့ ဘ၀တိုးတက်ရေးနဲ့ သူတို့ရဲ့ ဘ၀ကျန်းမာရေး၊ သူတို့ရဲ့ လူနေမှုဘ၀ တိုးတက်မြင့်မား လာနိုင်စေဖို့အတွက် လုပ်ဆောင်ပေးနေတဲ့ လုပ်ငန်းတွေဟာလည်း အလွန်မတန်မှ ရှားပါးနေပါတယ်။ အဲတော့ မြန်မာနိုင်ငံမှာ လိင်တူချစ်သူ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး လုပ်ဆောင်ပေးနေမှုတွေဟာ အရမ်းကို နည်းပါးနေသေးတယ်လို့ ပြောလို့ရပါတယ်။

ကမ္ဘာပေါ်မှာရော လိင်တူချစ်သူတွေရဲ့ အခွင့်အရေးတွေဟာ ဘယ်အတိုင်းအတာလောက်ထိ ရှိနေပြီလဲဆိုတာကို ပြောပြပေးပါဦး။ 
တချို့နိုင်ငံတွေမှာကျတော့ အရမ်းတိုးတက်လာတာတွေ ရှိပါတယ်။ ထိုနည်းလည်းကောင်းပဲ။ လိင်တူချင်းချစ်တဲ့ အခွင့်အရေးတွေကို ကမ္ဘာပေါ်မှာ ပြောဆိုလာတာဟာ ကျယ်လောင်လာတာနဲ့ တပြိုင်နက်တည်း တဖက်ကလည်း ဘာသာရေး အစွန်းရောက်တဲ့ အဖွဲ့တွေက လိင်ချစ်သူတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး ပိုပြီးတော့ ဖိအားပေး နှိပ်ကွပ်လာနေမှုဟာလည်း အများကြီး တွေ့နေရတယ်။ တချို့နိုင်ငံတွေမှာ လိင်တူချင်းလက်ထပ်မှုကို ခွင့်ပြုမှုတွေ ရှိလာပါပြီ။ နိုင်ငံပေါင်း ၇ နိုင်ငံလောက်က ဥပဒေနဲ့ တရားဝင် ခွင့်ပြုပေးထားပြီး ဖြစ်ပါတယ်။

အချို့နိုင်ငံတွေမှာတော့ နောက်ပြန်ဆုတ်သွားတာမျိုးတွေ ရှိတယ်။ အထူးသဖြင့် အာဖရိကတိုက်က နိုင်ငံတွေလိုမျိုးဆိုရင် ဥပမာ- ယူဂန်ဒါလိုနိုင်ငံမျိုးတွေ ဆိုလို့ရှိရင် လိင်တူချင်း ချစ်တဲ့သူတွေကို တရားဝင် နှိပ်ကွပ်လို့ရအောင် လုပ်ထားတဲ့ ဥပဒေမူကြမ်းတွေကို သူတို့ရဲ့ လွှတ်တော်တွေမှာ တင်သွင်းတာမျိုးတွေ၊ ဒါမျိုးတွေကို ပြန်လုပ်လာတယ်။ အရင်တုန်းက ဒါမျိုးတွေကို မလုပ်ဘူး။ အဲလိုမျိုးတွေ သူတို့ ပြန်လုပ်လာတယ်။  အဲလိုဆိုတော့ တဖက်က ကြည့်မယ်ဆိုရင် တချို့နိုင်ငံတွေက လိင်တူချင်း ချစ်တဲ့သူတွေရဲ့ အခွင့်အရေးကို အများကြီး မြှင့်တင်ပေးလာတာ ရှိသလို တဖက်ကကျတော့ တချို့နိုင်ငံတွေမှာက ပြောင်းပြန်ပေါ့နော်။ အရင်တုန်းက မလုပ်ခဲ့တဲ့ နှိပ်ကွပ်မှုတွေကို ပြန်ပြီး လုပ်လာတာကို တွေ့ရတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလနဲ့ ပြန်လည်နှိုင်းယှဉ်လိုက်မယ် ဆိုလို့ရှိရင် လိင်တူချင်း ချစ်သူတွေရဲ့ အခွင့်အရေးဟာ ဒီနေ့ဒီအချိန်မှာ လူပြောများလာတယ်။ ရှေ့ကို ပိုပြီးတော့ လှမ်းလာတယ်။ ပိုပြီးလည်း သိသာမြင်သာလာတယ်။ လိင်တူချင်းချစ်သူ လူငယ်တွေကိုလည်း ပိုပြီးတော့မှ မြင်သာထင်သာ ရှိလာတယ်။ သူတို့တွေရဲ့ အသံတွေကို ကြားရဖန် များလာတယ်လို့ ပြောလို့ ရနိုင်ပါတယ်ခင်ဗျား။

လိင်တူချစ်သူတွေရဲ့ အခွင့်အရေးအတွက် ဦးဆောင်လှုပ်ရှားခဲ့တဲ့သူ တယောက်အနေနဲ့ မြန်မာပြည်က လိင်တူချစ်သူတွေကို ဘယ်လိုစကားမျိုး ပါးချင်သလဲဆိုတာကို ပြောပြပေးပါဦး။
ကျနော်ကတော့ နောက်ဆုံးရိုးရိုးလေးပဲ ပြောချင်ပါတယ်။ ဘယ်တော့မှ ကိုယ် ဘယ်သူလဲဆိုတာကို မငြင်းပယ်ပါနဲ့။ ကိုယ် ဘယ်သူလဲဆိုတာကို အရင်သိအောင် ကိုယ့်ကိုယ်ကို အရင်ရှာဖွေပါ။ ပြီးရင် ကိုယ့်ရဲ့ ဖြစ်တည်မှုအမှန်ကို လက်ခံပါ။ ကြောက်နေစရာ မလိုပါဘူး။ ရုပ်ဆိုးသည် ဖြစ်စေ။ ရုပ်လှသည် ဖြစ်စေ။ ဂေးဖြစ်နေပါစေ။ လယ်စဘီယံဖြစ်နေပါစေ။ သူများတွေ ပြောသလို ဓါးပြရုပ်နဲ့ ဂန်ဒူးကြီးပဲ ဖြစ်နေပါစေ။ ဘယ်လိုပုံစံမျိုးနဲ့ ဖြစ်နေပါစေ။ ကိုယ့်ရဲ့ ဘ၀ဖြစ်တည်မှုအမှန်ကို ယုံယုံကြည်ကြည်နဲ့ လက်ခံပါ။ အဲဒါဆိုရင် ကိုယ့်ဘ၀က ပျော်ရွှင်လာပါလိမ့်မယ်။ ကိုယ့်အနေနဲ့ လိင်တူချစ်သူ ဖြစ်တယ်ဆိုတာ အားငယ်စရာလည်း မလိုသလို ရှက်ရွံ့နေစရာလည်း မလိုပါဘူး။ ဒါဟာ သဘာဝတရားက ကိုယ့်ကိုပေးလိုက်တဲ့ လက်ဆောင်မွန်၊ ကိုယ်အမြဲတမ်း ဂုဏ်ယူဝမ်းမြောက်နေရမယ့် အရာတခု ဖြစ်တယ်ဆိုတာကို ကိုယ့်စိတ်ထဲမှာ အမြဲတမ်း ထည့်ထားစေချင်တယ်။ ပြီးရင် ကိုယ့်စိတ်ထဲမှာ ဆိုးကျိုးတွေကို ပေးလာနိုင်မယ့် အတွေးအခေါ်တွေကို အမြဲတမ်း ကိုယ့်ခေါင်းထဲကနေ ထုတ်ပစ်ဖို့ ရအောင် ကြိုးစားပါ။ ပြီးရင် ကိုယ့်ရဲ့ဘ၀ ဖြစ်တည်မှုအမှန်ကို ပျော်ရွှင်ကြည်နူးစွာနဲ့ ခံယူရင်း ဘ၀ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းကြပါလို့ ပြောချင်ပါတယ်။

ခေတ်သစ်လူ စီစဉ်တင်ဆက်သည်

No comments: