🏳️🌈 ဘဝရဲ့ ရောင်စုံပန်းချီကားချပ် 🏳️🌈
တစ်နေ့က ဆေးခန်းနားက လက်ဖက်ရည်ဆိုင်မှာ မိတ်ဆွေတစ်ယောက်နဲ့ စကားစမြည်ပြောဖြစ်ကြတယ်။ "ဆရာရေ ဒီရက်ပိုင်း 'LGBTQ+' ဆိုတဲ့ စကားလုံးတွေ ခဏခဏတွေ့နေရတယ်။ အဲဒါ ဘာတွေလဲဗျ။ ကျွန်တော်တို့ မြန်မာလိုဆိုရင်တော့ မိန်းမလျာ၊ ယောက်ျားလျာလောက်ပဲ သိတာ" တဲ့။
ကျွန်တော် ပြုံးမိတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ဒီအကြောင်းအရာတွေက ပြောလေ့ပြောထ သိပ်မရှိဘဲ တချို့ဆိုရင် ရယ်စရာမောစရာလိုလို၊ တချို့ကတော့ ကဲ့ရဲ့ရှုတ်ချစရာလိုလို ထင်တတ်ကြတာကိုး။ တကယ်တော့ လူတစ်ယောက်ရဲ့ ဖြစ်တည်မှုဆိုတာ အင်မတန် နက်နဲဆန်းပြားပါတယ်။ လူတစ်ယောက်စီတိုင်းဟာ ကိုယ်ပိုင်အရောင်တွေနဲ့ ခြယ်သထားတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ။ အဲဒီအရောင်တွေကို တစ်ပုံစံတည်း ဖြစ်ရမယ်လို့ သတ်မှတ်လို့မရပါဘူး။
"ဒီလိုရှိတယ် ဗျာ..." လို့ ကျွန်တော် စကားစလိုက်တယ်။ "ခင်ဗျားပြောတဲ့ မိန်းမလျာ၊ ယောက်ျားလျာဆိုတာ ဒီ LGBTQ+ ဆိုတဲ့ သမုဒ္ဒရာကြီးထဲက ရေစက်သေးသေးလေးတွေလောက်ပဲ ရှိသေးတာ။ တကယ်တမ်း ဆေးပညာအရရော၊ စိတ်ပညာအရပါ နားလည်ဖို့ကျတော့ အပိုင်းလေးပိုင်း ခွဲပြီးကြည့်ရတယ်"
🏳️🌈 ပထမအပိုင်း - ခန္ဓာကိုယ်ရဲ့ ဖြစ်တည်မှု (Biological Sex)
"ပထမဆုံးကတော့ ကိုယ်မွေးဖွားလာကတည်းက ပါလာတဲ့ ခန္ဓာကိုယ်ပဲ"
ဒါကို 'ဇီဝကမ္မဆိုင်ရာ ကျား/မ' လို့ ခေါ်ကြစို့။ ကလေးတစ်ယောက် မွေးဖွားလာရင် ကျွန်တော်တို့ ဆရာဝန်တွေ၊ မိဘတွေက ကလေးရဲ့ လိင်အင်္ဂါကိုကြည့်ပြီး 'ဒါ ယောက်ျားလေး'၊ 'ဒါ မိန်းကလေး' လို့ သတ်မှတ်လိုက်ကြတာ။ ဒါဟာ ကိုယ်ပိုင်ရွေးချယ်မှု မဟုတ်ဘူး။ ခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းပုံ၊ ခရိုမိုဇုန်းတွေနဲ့ ဟော်မုန်းတွေအပေါ်မှာပဲ အခြေခံတာ။
လူအများစုကတော့ ယောက်ျား သို့မဟုတ် မိန်းမ အဖြစ်ပဲ မွေးဖွားလာကြပေမယ့် တချို့လူတွေကျတော့ ဇီဝကမ္မအရ နှစ်ခုလုံးရဲ့ လက္ခဏာတွေ ပါလာတာမျိုး (Intersex) လည်း ရှိတတ်တယ်။ ဒါကြောင့်မို့ ဒီအပိုင်းကို ခန္ဓာကိုယ်ရဲ့ သဘာဝတိုင်း ဖြစ်တည်လာမှုလို့ပဲ သဘောထားလိုက်ဗျာ။
.
🏳️🌈 ဒုတိယအပိုင်း - စိတ်ထဲက ဖြစ်တည်မှု (Gender Identity)
"ဒါကတော့ အရေးအကြီးဆုံးအပိုင်းပဲ။ ခင်ဗျားရဲ့ စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ခံစားရလဲ ဆိုတာ"
စိတ်ဆိုတာက ခန္ဓာကိုယ်လို အပြင်ကမြင်ရတာ မဟုတ်ဘူး။ 'ကျား/မ ဖြစ်တည်မှု' လို့ ခေါ်တဲ့ ဒီစိတ်က ကိုယ့်ကိုယ်ကိုယ် 'ငါဟာ ယောက်ျားတစ်ယောက်ပါ' လို့ ခံစားရတာလား သို့မဟုတ် 'ငါဟာ မိန်းမတစ်ယောက်ပါ' လို့ ခံစားရတာလား ဆိုတာပါပဲ။
ဒီနေရာမှာ အရှုပ်အထွေးလေးတွေ စလာပြီ။ လူအများစုကတော့ မွေးရာပါ ခန္ဓာကိုယ်နဲ့ စိတ်ထဲက ခံစားချက်က တူညီကြတယ် (Cisgender)။ ယောကျာ်းခန္ဓာကိုယ်နဲ့မွေးပြီး ယောက်ျားလို့ ခံစားရတာပေါ့။
ဒါပေမယ့် တချို့လူတွေကျတော့ အဲဒီလို မဟုတ်ဘူး။ မိန်းမခန္ဓာကိုယ်နဲ့ မွေးလာပေမယ့် စိတ်ထဲမှာတော့ 'ငါဟာ ယောက်ျားတစ်ယောက်ပါ' လို့ လေးလေးနက်နက် ခံစားရတာမျိုး သို့မဟုတ် ပြောင်းပြန် ခံစားရတာမျိုးရှိတတ်တယ်။ ဒါဟာ စိတ်ကူးယဉ်တာ မဟုတ်သလို၊ စိတ်ရောဂါလည်း မဟုတ်ပါဘူး။ သူတို့ရဲ့ နက်နဲတဲ့ ဖြစ်တည်မှုပါပဲ။
အဲဒါအပြင် 'ကျား' လည်း မဟုတ်၊ 'မ' လည်း မဟုတ်ဘဲ အလယ်အလတ်မှာရှိတဲ့ ဖြစ်တည်မှုမျိုး သို့မဟုတ် နှစ်ခုလုံးရဲ့ လက္ခဏာတွေရှိတဲ့ ဖြစ်တည်မှုမျိုးတွေလည်း ရှိတတ်ပါသေးတယ်။ ဒါကြောင့် 'စိတ်' ဆိုတာကလည်း အင်မတန် ဆန်းကျယ်နက်နဲ့တယ်လို့ ပြောကြတာပဲ။
.
🏳️🌈 တတိယအပိုင်း - ပြင်ပက ဟန်ပန် (Gender Expression)
"ဒါကတော့ လွယ်ပါတယ်။ အဝတ်အစား ဘယ်လိုဝတ်လဲ၊ ဆံပင်ပုံစံ ဘယ်လိုထားလဲ၊ ဘယ်လို စကားပြောလဲ၊ ဘယ်လိုနေထိုင်လဲ ဆိုတာပေါ့"
ဒါကို 'ကျား/မ ဖော်ပြမှု' လို့ ခေါ်တယ်။ အဝတ်အစားကအစ စကားပြောဟန်အဆုံးဟာ ပြင်ပကို ပြသတဲ့အရာတွေပါ။ လူမှုအဖွဲ့အစည်းက သတ်မှတ်ထားတဲ့ 'ယောက်ျားဆန်တာ'၊ 'မိန်းမဆန်တာ' ဆိုတဲ့ ပုံစံခွက်တွေထဲကို ဝင်ဖို့ ကြိုးစားကြတာပေါ့။
"ဒါပေမယ့် သတိထားရမှာက အဝတ်အစားဝတ်တဲ့ ပုံစံနဲ့ စိတ်ထဲက ဖြစ်တည်မှုက တိုက်ရိုက် မသက်ဆိုင်ဘူး ဗျ..."
မိန်းမဆန်ဆန် ဝတ်ဆင်တဲ့ ယောက်ျားတစ်ယောက်ဟာ သူ့စိတ်ထဲမှာတော့ ယောက်ျားတစ်ယောက်လို့ ခံစားရနိုင်သလို၊ ယောက်ျားဆန်ဆန် နေထိုင်တဲ့ မိန်းမတစ်ယောက်ဟာလည်း မိန်းမတစ်ယောက်အဖြစ်ပဲ ခံစားရနိုင်ပါတယ်။ အပြင်ပန်းက နေထိုင်ပုံဟာ ကိုယ့်ကိုယ်ကိုယ် ဘယ်လို ခံစားရလဲဆိုတာကို အမြဲတမ်း ကိုယ်စားမပြုပါဘူး။
.
🏳️🌈 စတုတ္ထအပိုင်း - ဘယ်သူ့ကို ချစ်မှာလဲ (Sexual Orientation)
"ဒါကတော့ နှလုံးသားက ဘယ်သူ့ဆီကို ယိမ်းယိုင်လဲ ဆိုတာပါပဲ"
'လိင်စိတ်တိမ်းညွတ်မှု' လို့ ခေါ်တဲ့ ဒီအပိုင်းဟာ ဘယ်သူ့ကို ချစ်ခင်နှစ်သက်လဲ၊ ဘယ်သူ့ကို ဆွဲဆောင်မှု ခံရလဲ ဆိုတာပါ။ ဒါဟာ စိတ်ခံစားချက် သက်သက်ပဲ။ ဒီအထဲမှာမှ လူတွေရဲ့ နှလုံးသားသဘာဝက အမျိုးမျိုး ကွဲပြားသွားပြန်ရောဗျ။
ဟက်ထရိုဆက်ရှုရယ် (Straight)။ ဒါကတော့ အများစု သိကြတဲ့အတိုင်း ဆန့်ကျင်ဘက်လိင်ကို ချစ်တာ။
ဟိုမိုဆက်ရှုရယ် (Gay/Lesbian)။ ယောက်ျားက ယောက်ျားအချင်းချင်း၊ မိန်းမက မိန်းမအချင်းချင်း ချစ်တာ။
ဘိုင်ဆက်ရှုရယ် (Bisexual)။ ယောက်ျားရော မိန်းမရော နှစ်မျိုးလုံးကို ချစ်နိုင်တာ။
ပန်ဆက်ရှုရယ် (Pansexual)။ ဒါကတော့ ဘိုင်ဆက်ရှုရယ်ထက် ပိုကျယ်ပြန့်သွားပြီ။ လူတစ်ယောက်ရဲ့ ကျား/မ ဖြစ်တည်မှုဆိုတဲ့ ဘောင်တွေကို ကျော်လွန်ပြီး အဲဒီလူရဲ့ စိတ်သဘောထားနဲ့ လူသားဆိုတဲ့ ဖြစ်တည်မှု သက်သက်ကိုပဲ ကြည့်ပြီး ချစ်မြတ်နိုးတာ။ (ချစ်ဖို့အတွက် ကျား၊ မ ဆိုတဲ့ ကန့်သတ်ချက် လုံးဝ မရှိဘူးပေါ့ဗျာ)။
ဒမီဆက်ရှုရယ် (Demisexual)။ သူတို့ကျတော့ ရုပ်ရည်၊ ခန္ဓာကိုယ်ထက်... စိတ်ခံစားချက်ချင်း အရင်ဆုံး နက်နက်ရှိုင်းရှိုင်း ရင်းနှီးနှောင်တွယ်မှု ရသွားမှသာ ချစ်ခင်တာ၊ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုဆိုတာကို စတင်ခံစားရတဲ့ သူမျိုးတွေ။
အေဆက်ရှုရယ် (Asexual)။ ဘယ်သူ့အပေါ်မှာမှ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု မခံစားရတာမျိုး။ (ဒါပေမယ့် ခင်မင်မှု၊ သံယောဇဉ်တွယ်တာမျိုးတော့ ရှိနိုင်တယ်ဗျ)။
...
....
ဒီလေးပိုင်းကို နားလည်ပြီဆိုရင်၊ LGBTQ+ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ကြည့်ကြစို့။ ဒါဟာ ဒီလူသားတွေရဲ့ ကွဲပြားခြားနားတဲ့ အရောင်စုံ ဖြစ်တည်မှုတွေကို ကိုယ်စားပြုတဲ့ အတိုကောက်စကားလုံးပါ။ L (Lesbian)၊ G (Gay)၊ B (Bisexual)၊ T (Transgender)၊ Q (Queer) နဲ့ ကျန်တဲ့ ဖြစ်တည်မှုတွေ အားလုံးကို ကိုယ်စားပြုတဲ့ + (အပေါင်းလက္ခဏာ) ပေါ့။
.
🏳️🌈 ပန်းကလေးများ ပွင့်လန်းလာချိန် (ဘယ်အရွယ်မှာ စတင်သိသာလာသလဲ)
"ဒါနဲ့ ဆရာ..." မိတ်ဆွေဖြစ်သူက စားပွဲပေါ်က လက်ဖက်ရည်ပန်းကန်ကို လှမ်းယူရင်း မေးခွန်းတစ်ခု ထပ်ထုတ်ပြန်တယ်။ "ဒီ ကျား/မ ဖြစ်တည်မှုတွေ၊ ဘယ်သူ့ကို ချစ်မယ်ဆိုတဲ့ စိတ်တွေက လူတစ်ယောက်မှာ ဘယ်အရွယ်လောက်ကတည်းက စပြီး သိသာလာတတ်သလဲ။"
"အေး... ဒါကလည်း မိဘတွေ အများဆုံး သိချင်ကြတဲ့၊ ဆရာဝန်တွေကို အမြဲမေးလေ့ရှိတဲ့ မေးခွန်းပဲဗျ။ ဒီနှစ်ခုက ဖြစ်ပေါ်လာတဲ့ အရွယ်ချင်း မတူကြဘူး။"
"ပထမဆုံး 'စိတ်ထဲက ဖြစ်တည်မှု' (Gender Identity) ကို ကြည့်ရအောင်။ ဒါက အင်မတန် စောတယ်။ ကလေးတစ်ယောက်ဟာ အသက် (၂) နှစ်၊ (၃) နှစ် အရွယ်လောက်ကတည်းက 'ငါဟာ ယောက်ျားလေးလား၊ မိန်းကလေးလား' ဆိုတဲ့ အသိစိတ် စတင်ဝင်ရောက်လာပြီ။ အသက် (၄) နှစ်လောက်ဆိုရင် သူ့ရဲ့ စိတ်တွင်းဖြစ်တည်မှုက တော်တော်လေး ခိုင်မာနေတတ်ပြီ။ တချို့ကလေးတွေဆို စကားတတ်စအရွယ်လောက်ကတည်းက ပွင့်ပွင့်လင်းလင်း ပြောတတ်ကြတယ်။ တကယ်တော့ သူတို့ရဲ့ အတွင်းစိတ်က အစောကြီးကတည်းက သန္ဓေတည်ပြီး ဖော်ပြနေကြတာ။"
"ဒုတိယတစ်ခုဖြစ်တဲ့ 'ဘယ်သူ့ကို ချစ်မှာလဲ' (Sexual Orientation) ကျတော့ အဲဒီလောက် မစောဘူး။ လူပျိုပေါက်၊ အပျိုပေါက် အရွယ်ရောက်ခါစ အချိန်တွေမှာမှ စတင်ပွင့်အာလာတာမျိုး။ အသက် (၉) နှစ်၊ (၁၀) နှစ်ကနေ (၁၃) နှစ် ဝန်းကျင်လောက်မှာ ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေ ပြောင်းလဲလာတာနဲ့အမျှ စတင်သတိထားမိလာကြတယ်။"
"ဒါပေမယ့်..."
ကျွန်တော်က အလေးအနက် ပြောလိုက်တယ်။ "ဒါက ဆေးပညာအရ တွေ့ရများတဲ့ ယေဘုယျ သဘာဝကို ပြောတာနော်။ တချို့လူတွေကျတော့ အသက် (၂၀) ကျော်၊ (၃၀) ကျော် အရွယ်ရောက်မှ ပြန်လည်ရှာဖွေတွေ့ရှိသွားတာမျိုးတွေလည်း ရှိကြတယ်။ အချိန်မရွေး ပွင့်လန်းခွင့်ရှိတဲ့ ပန်းတစ်ပွင့်လိုပါပဲ။"
...
...
🏳️🌈 ပြောင်းလဲခြင်းတရားနဲ့ လူ့စိတ်သဘာဝ
လက်ဖက်ရည်ဆိုင်က စားပွဲထိုးလေး ချပေးသွားတဲ့ ရေနွေးကြမ်းကို ငှဲ့သောက်ရင်း ကျွန်တော်က စကားဆက်လိုက်တယ်။
"ဒီနေရာမှာ ခင်ဗျားကို နောက်ထပ် အရေးကြီးတဲ့အချက်တစ်ချက် ပြောပြရဦးမယ်။ အဲဒါက ဘာလဲဆိုတော့ ဒီအရာတွေဟာ 'ပြောင်းလဲပစ်လို့ ရသလား'၊ ဒါမှမဟုတ် 'သူ့အလိုလိုရော ပြောင်းလဲသွားတတ်သလား' ဆိုတဲ့ ကိစ္စပဲ။"
"ကိုယ့်သဘောနဲ့ကိုယ် ပြောင်းလဲပစ်လို့ရတာဆိုလို့ 'ပြင်ပက ဟန်ပန်' (အဝတ်အစား၊ ဆံပင်) နဲ့ 'ခန္ဓာကိုယ်' (ဆေးပညာအကူအညီနဲ့ ဟော်မုန်းယူတာ၊ ခွဲစိတ်တာ) ပဲ ရှိတယ်။"
"အရေးအကြီးဆုံးက စိတ်ထဲက ဖြစ်တည်မှုနဲ့ ဘယ်သူ့ကိုချစ်မလဲဆိုတဲ့ လိင်စိတ်တိမ်းညွတ်မှုပဲ။ သေသေချာချာ မှတ်ထားရမှာက အဲဒီစိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို 'အတင်းအကျပ် ပြောင်းလဲပစ်လို့ လုံးဝ မရဘူး' ဆိုတာပဲ။ အတင်းအဓမ္မ ရိုက်နှက်ဆုံးမလို့ ဒါမှမဟုတ် တရားတွေနာခိုင်း၊ ဆေးတွေတိုက်ပြီး ကုသလို့ ပြောင်းလဲသွားနိုင်တဲ့ အရာတွေ မဟုတ်ဘူး။ အဲဒီလို လုပ်တာဟာ လူတစ်ယောက်ရဲ့ စိတ်ကျန်းမာရေးကို ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးစေတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ပင်ကိုယ်သဘာဝကို ဆန့်ကျင်ခိုင်းနေတာကိုး။"
"ဒါပေမယ့် စိတ်ဝင်စားစရာ ကောင်းတာက၊ အတင်းအကျပ် ပြောင်းလဲခိုင်းလို့ မရပေမယ့် လူတချို့ရဲ့ ဘဝခရီးလမ်းမှာ အချိန်ကာလ၊ အတွေ့အကြုံနဲ့ ရင့်ကျက်မှုတွေအပေါ် မူတည်ပြီး အဲဒီခံစားချက်တွေက 'သူ့အလိုလို သဘာဝအတိုင်း ရေစီးကြောင်းလို စီးဆင်းကူးပြောင်းသွားတာမျိုး' တော့ ရှိတတ်တယ်။ ဒါဟာ ဖောက်ပြန်တာ မဟုတ်ဘူး၊ ရောဂါရသွားတာလည်း မဟုတ်ဘူး။ လူ့စိတ်သဘာဝရဲ့ ဆန်းကြယ်မှုနဲ့ တိုးတက်ပြောင်းလဲမှု သက်သက်ပဲ။"
🏳️🌈 'ဇာတ်သွင်းတယ်' ဆိုတာ တကယ်ရှိသလား။
"ဆရာ... ဒါနဲ့ စကားမစပ်..." လို့ မိတ်ဆွေက လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း မေးပြန်တယ်။
"ကျွန်တော်တို့ ဆီမှာ ခဏခဏ ကြားရတဲ့ 'ဇာတ်သွင်းတယ်' ဆိုတာကော ဗျာ။ ဥပမာ... နတ်ကတော်တွေနားမှာနေတဲ့ ယောက်ျားစိတ်ရှိတဲ့ ကောင်လေးတွေဟာ ကြာလာတော့ ယောက်ျားအချင်းချင်း စိတ်ဝင်စားသွားတာမျိုး၊ သူတို့လို ဖြစ်သွားတာမျိုးရော တကယ်ရှိနိုင်သလား။"
ကျွန်တော် ပြုံးလိုက်မိတယ်။ "အေးဗျ... ဒါကလည်း ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ အင်မတန် အမြစ်တွယ်နေတဲ့ အထင်အမြင်လွဲမှားမှုတစ်ခုပဲ။"
"ဒီလိုဗျ ဆေးပညာနဲ့ စိတ်ပညာအရ ပြောရရင် လိင်စိတ်တိမ်းညွတ်မှု (Sexual Orientation) ဆိုတာ တုပ်ကွေးလို ကူးစက်တတ်တဲ့ ရောဂါပိုး မဟုတ်ဘူး။ ဘေးနားမှာ အဲဒီလိုလူတွေ အများကြီးရှိလို့ ကိုယ်ပါ လိုက်ဖြစ်သွားတယ်ဆိုတာ လုံးဝ မရှိဘူး။ တစ်ခါတလေကျရင် စီးပွားရေးအရ၊ အလုပ်အကိုင်အရ သူတို့အသိုက်အဝန်းမှာ အဆင်ပြေအောင် အမူအရာကို လိုက်လုပ်တာမျိုး၊ မိန်းမဆန်ဆန် ဝတ်စားပြောဆိုတာမျိုး (Gender Expression ကို ပြောင်းတာမျိုး) တော့ ရှိနိုင်တယ်။ ဒါပေမယ့် စိတ်ထဲက အချစ်၊ ဘယ်သူ့ကို စိတ်ဝင်စားလဲဆိုတာကတော့ ပတ်ဝန်းကျင်ကြောင့် လိုက်ပြောင်းသွားတာ မဟုတ်ဘူး။ ယောက်ျားစစ်စစ်၊ မိန်းမတွေကိုပဲ စိတ်ဝင်စားတဲ့သူ တစ်ယောက်ကို နတ်ကတော်တွေကြားမှာ ဆယ်နှစ်လောက်သွားထားလည်း သူက မိန်းကလေးကိုပဲ ချစ်မှာပဲ။ ပြုံ၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်း ကန်တော့ခံတော်မူပါ ဆိုတဲ့ စာအုပ်ထဲကကောင်လေး မင်းမင်း လိုပေါ့ဗျာ။"
"ဒါဆို ဘာလို့ အဲဒီလို 'ဇာတ်သွင်းခံရတယ်' လို့ ထင်စရာ ဖြစ်လာလဲ။ အကြောင်းရင်းက ဒီလိုရှိတယ်။ တချို့ ကောင်လေးတွေက မူလကတည်းက သူတို့စိတ်ထဲမှာ ယောက်ျားလေးအချင်းချင်း စိတ်ဝင်စားတဲ့ သဘောရှိတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်၊ မိသားစု အခြေအနေတွေကြောင့် အဲဒီစိတ်ကို ဖုံးကွယ်ထားရတယ်။ အဲဒီလို ဖုံးကွယ်ထားရတဲ့သူ တစ်ယောက်ဟာ နတ်ကတော် အသိုက်အဝန်းလိုမျိုး ဒါမှမဟုတ် LGBTQ+ တွေ အများကြီးရှိတဲ့ အသိုက်အဝန်းလိုမျိုး သူတို့ကို လက်ခံပေးတဲ့၊ လွတ်လွတ်လပ်လပ် နေခွင့်ပေးတဲ့ ပတ်ဝန်းကျင် (Safe space) ကို ရောက်သွားတဲ့အခါမှာ၊ သူတို့ရဲ့ ပင်ကိုယ်စိတ် အစစ်အမှန်ကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြသလာရဲတာမျိုး ဖြစ်လာတယ်။"
"အဲဒါကို အပြင်လူတွေက ကြည့်ပြီး 'ဟော... ဟိုကောင်လေး အရင်က ယောက်ျားလေး အကောင်းကြီး၊ အခုတော့ သူတို့နားနေရင်း ဇာတ်သွင်းခံလိုက်ရပြီ' လို့ ထင်သွားကြတာ။ တကယ်တော့ ဇာတ်သွင်းခံရတာ မဟုတ်ဘူး၊ သူ့ရဲ့ မူလဖြစ်တည်မှု အစစ်အမှန်ကို ပတ်ဝန်းကျင်အသစ်က ဖော်ထုတ်ခွင့် ပေးလိုက်တာပဲ။ ဒါကြောင့် 'ပေါင်းသင်းပါများလို့ ကူးစက်သွားတယ်'၊ 'ဇာတ်သွင်းခံရတယ်' ဆိုတာ လုံးဝ မမှန်ဘူးဗျ။ ဘယ်သူကမှ ဘယ်သူ့ကိုမှ ဇာတ်သွင်းလို့ မရပါဘူး။ ကိုယ့်ရဲ့ ပင်ကိုယ်ဖြစ်တည်မှုကသာ အဓိကပဲ။"
...
...
🏳️🌈 သမီးမိန်းကလေးများကြားထဲက သားယောက်ျားလေး
မိတ်ဆွေက ခေါင်းတစ်ညိတ်ညိတ်နဲ့ နားထောင်နေရင်းကနေ စကားတစ်ခွန်း ထပ်မေးပြန်တယ်။
"အေးဗျာ ဆရာရှင်းပြမှပဲ 'ဇာတ်သွင်းတယ်' ဆိုတာ မဟုတ်မှန်း သဘောပေါက်တော့တယ်။ ဒါနဲ့ ဆရာ... ဒါဆို နောက်တစ်ခု သိချင်သေးတယ်ဗျာ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလေ အစ်မတွေ၊ သမီးမိန်းကလေးတွေချည်းပဲရှိတဲ့ ကြားထဲက တစ်ဦးတည်းသော သားယောက်ျားလေးတွေဆိုရင် ဂေး (Gay) ဖြစ်သွားတတ်တယ်၊ မိန်းမလျာ ဖြစ်သွားတတ်တယ်လို့ ပြောကြတယ်လေ။ အဲဒါကရော တကယ်ပဲလား။ ဘာဖြစ်လို့ အဲဒီလို ဖြစ်နိုင်ခြေ များရတာလဲ။"
ကျွန်တော် ပြုံးပြီး ခေါင်းခါလိုက်မိတယ်။
"အဲဒါကလည်း အထင်အမြင်လွဲမှားမှု နောက်တစ်ခုပဲ။ ဆေးပညာအရရော၊ စိတ်ပညာအရပါ တိတိကျကျ ပြောရရင် အစ်မတွေကြားမှာ ကြီးပြင်းရလို့ ဂေးဖြစ်သွားတယ်ဆိုတာ လုံးဝ မဟုတ်ဘူးဗျ။"
"အစ်မတွေကြားထဲမှာ ကြီးလာတဲ့ ကောင်လေးတစ်ယောက်ဟာ ငယ်ငယ်ကတည်းက အစ်မတွေ ဆော့တဲ့ အရုပ်တွေနဲ့ ဆော့မယ်၊ မိန်းကလေးတွေရဲ့ အဝတ်အစားတွေ၊ အလှပြင်တာတွေကို အမြဲမြင်ပြီး ကြီးလာရတဲ့အတွက် သူ့ရဲ့ 'ပြင်ပက ဟန်ပန်' (Gender Expression) မှာ နူးညံ့တာမျိုး၊ မိန်းကလေးတွေရဲ့ သဘာဝကို ပိုနားလည်တာမျိုးတော့ ရှိနိုင်တယ်။ ဒါပေမယ့် ရှေ့မှာ ကျွန်တော် ရှင်းပြခဲ့သလိုပဲ၊ အမူအရာ နူးညံ့သွားတာနဲ့ အတွင်းစိတ်က ဘယ်သူ့ကို ချစ်မလဲ (Sexual Orientation) ဆိုတာက လုံးဝ မသက်ဆိုင်ဘူးလေ။ အစ်မတွေကြားမှာကြီးလို့ အမူအရာ သိမ်မွေ့သွားပေမယ့် မိန်းကလေးတွေကိုပဲ ပြန်ချစ်တဲ့ ယောက်ျားစစ်စစ်တွေ အများကြီးပါပဲ။"
"ဒါဆိုရင် ဘာလို့ အဲဒီလို ယူဆကြတာလဲ"
"အဓိကကတော့ လူတွေက အတုခိုးပြီး ဖြစ်သွားတယ်၊ ပတ်ဝန်းကျင်ကြောင့် ကူးစက်သွားတယ်လို့ ထင်နေကြလို့ပဲ။ စိတ်ဝင်စားစရာ အကောင်းဆုံး ဆေးပညာ အချက်အလက်တစ်ခုကို ပြောပြရမလား။ လူတွေ ထင်နေတာနဲ့ လုံးဝ ပြောင်းပြန်ပဲဗျ။ သိပ္ပံပညာရှင်တွေ လေ့လာတွေ့ရှိထားတာက 'အစ်မတွေ' များရင် ဂေးဖြစ်နိုင်ခြေများတာ မဟုတ်ဘူး။ မိခင်တစ်ယောက်တည်းကနေ မွေးတဲ့ 'အစ်ကိုအရင်းတွေ' များလေလေ၊ နောက်ထပ်မွေးလာတဲ့ ညီလေးတွေဟာ ဂေးဖြစ်နိုင်ခြေ ပိုများလေလေပဲ။"
"ဟာ ဟုတ်လို့လား ဆရာရယ်။ ဘယ်လိုဖြစ်ရတာလဲ။"
မိတ်ဆွေက အတော်လေး အံ့သြသွားပုံရတယ်။
"ဆေးပညာမှာတော့ ဒါကို 'အစ်ကိုများခြင်းရဲ့ သက်ရောက်မှု' (Fraternal Birth Order Effect) လို့ ခေါ်တယ်။ ဘာလို့လဲဆိုတော့ မိခင်ရဲ့ သားအိမ်ထဲမှာ ယောက်ျားလေး သန္ဓေသားကို လွယ်ရတဲ့အခါ မိခင်ရဲ့ ခန္ဓာကိုယ်က ယောက်ျားလေးတွေမှာသာရှိတဲ့ ပရိုတင်းဓာတ်တွေကို တုံ့ပြန်တဲ့အနေနဲ့ ပဋိပစ္စည်းတွေ သဘာဝအရ ထုတ်တယ်။ ယောက်ျားလေးတွေ ဆက်တိုက် လွယ်ရလေလေ၊ မိခင်ခန္ဓာကိုယ်ထဲက အဲဒီ ပဋိပစ္စည်းတွေ ပိုများလာပြီး နောက်ပိုင်းမွေးတဲ့ ကောင်လေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအပိုင်းကို သွားပြီး သက်ရောက်မှု ရှိတယ်လို့ ဆေးပညာက ကောက်ချက်ချထားကြတယ်။"
ကျွန်တော်က လက်ဖက်ရည်ခွက်ကိုချပြီး စကားကို အဆုံးသတ်လိုက်တယ်။
"ဒါကြောင့် လိင်စိတ်တိမ်းညွတ်မှုဆိုတာ မိခင်ဝမ်းဗိုက်ထဲကတည်းက၊ ဒါမှမဟုတ် ငယ်စဉ်ကလေးဘဝကတည်းက သဘာဝတရားက သတ်မှတ်ပေးလိုက်တဲ့ အရာပါ။ အပြင်ပတ်ဝန်းကျင်မှာ အစ်မတွေနဲ့ နေလို့ လိုက်ပြောင်းသွားတာ မဟုတ်ဘူးဗျ။"
"အေးဗျာ ဆရာရှင်းပြမှပဲ သဘောပေါက်တော့တယ်။ တကယ်တော့ လူတစ်ယောက်က ဘယ်လိုပဲဖြစ်ဖြစ်၊ သူ့ဘာသာသူ ဘယ်သူ့ကိုပဲ ချစ်နေချစ်နေ ကျွန်တော်တို့က ဘာဖြစ်လို့ ကန့်ကွက်နေရမှာလဲ။ အဓိကက လူကောင်းတစ်ယောက် ဖြစ်ဖို့ပဲ မဟုတ်လား" လို့ မိတ်ဆွေဖြစ်သူက ပြောရင်း လက်ဖက်ရည်လက်ကျန်ကို မော့သောက်လိုက်ပါတော့တယ်။
...
...
ဆေးပညာနဲ့ စိတ်ပညာ လေ့လာချက်တွေအရ အတိအကျ သိရှိထားရသလောက် . . .
ကိုယ့်ရဲ့ဖြစ်တည်မှုကို မိသားစုနဲ့ ပတ်ဝန်းကျင်က နားလည်လက်ခံပေးတဲ့ ကလေးတွေဟာ စိတ်ကျန်းမာရေး ပိုကောင်းကြပြီး၊ ဖယ်ကြဉ်ရှုတ်ချခံရတဲ့ ကလေးတွေမှာတော့ စိတ်ကျရောဂါနဲ့ စိုးရိမ်ပူပန်မှုလွန်ကဲတဲ့ ဝေဒနာတွေ ပိုများတတ်တာကို တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ နားလည်ပေးမှု၊ လက်ခံပေးမှုဟာ လူတစ်ယောက်ရဲ့ အသက်နဲ့ စိတ်ကျန်းမာရေးကိုပါ ကယ်တင်နိုင်စွမ်း ရှိပါတယ်။
ဟုတ်ပါတယ်။ ကျွန်တော်တို့ဟာ လူသားအားလုံးရဲ့ ကွဲပြားခြားနားတဲ့ အရောင်စုံ ဖြစ်တည်မှုတွေကို လေးစားတတ်ဖို့၊ နားလည်တတ်ဖို့ လိုအပ်ပါတယ်။
ဘဝဆိုတဲ့ ပန်းချီကားတစ်ချပ်မှာ အရောင်တွေ အများကြီး ရှိနေနိုင်သလို၊ လူတစ်ယောက်ရဲ့ ဖြစ်တည်မှုဟာလည်း ကွဲပြားခြားနားနိုင်ပါတယ်။ အဲဒီ ကွဲပြားခြားနားမှုတွေကို လက်ခံပြီး၊ အချင်းချင်း ချစ်ခင်လေးစားစွာနဲ့ အတူယှဉ်တွဲနေထိုင်ကြမယ်ဆိုရင်၊ ပိုပြီးလှပတဲ့ ကမ္ဘာကြီးတစ်ခု ဖြစ်လာမှာ အသေအချာပါပဲ။
ပွင့်သောပန်းတိုင်းလည်း လှနိုင်ကြပါစေ....။
စေတနာဖြင့်
အဓိပတိ



