ကျွန်တော် သူ့ကိုချစ်တယ်။ ချစ်တယ် ဆိုတာ အစ်ကိုတစ်ယောက် ညီတစ်ယောက် သူငယ်ချင်းတစ်ယောက် ကို ချစ်သလို ချစ်တာမဟုတ်ဘူး။ ကျွန်တော် သူ့ ကိုချစ်တယ်။ သေချာပါတယ်။ အဲဒီ အဖြေကို ကျွန်တော့်ကို ကျွန်တော် အကြိမ်ကြိမ်မေးကြည့်ပြီးမှ ပြောတာပါ။ ခင်ဗျားကို မပြောပြခင် ကျွန်တော့်ကိုယ် ကျွန်တော် အထပ်ထပ် စိတ်ထဲမှာ ပြောကြည့်ပြီးသား။ ကျွန်တော်ပြောတဲ့ အချစ်ကို ခင်ဗျား နားလည်မှာပါ။ ခင်ဗျားမှာ ချစ်သူရှိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ခင်ဗျားချစ်သူကို ခင်ဗျားလည်း ချစ်မှာပဲ။ ကျွန်တော်တို့ မိဘတွေ မောင်နှမတွေကို ချစ်ကြတယ်။ သူငယ်ချင်း မိတ်ဆွေတွေကို ချစ်ကြတယ်။ တိရိစ္တာန်ငယ်လေးတွေကို ချစ်တယ်။ ပန်းပွင့်လေးတွေ....အိုး လှပတဲ့ အရာတွေအားလုံးကို လူသားတွေအနေနဲ့ နှစ်သက်တတ်ကြတာ အမှန်ပဲ မဟုတ်လား။ ခင်ဗျား အဲဒီ နှစ်သက်ခြင်းတွေ ချစ်ခြင်းတွေနဲ့ မတူတဲ့ အချစ်ဆိုတဲ့ ခံစားချက်ကတော့ ခင်ဗျားချစ်သူ အပေါ်မှာပဲ ရှိတယ်လေနော်။ အတူတူပဲပေါ့ဗျာ။
ခင်ဗျား ကျွန်တော့်ကို အချစ် ဆိုတာကို ဘယ်လိုနားလည်လည်း ဆိုတဲ့ မေးခွန်းအတွက် ခင်ဗျားကို ခုကျွန်တော်ပြောခဲ့တဲ့ အတိုင်းပါပဲ။
ခင်ဗျား ယောက်ကျားတစ်ယောက်အနေနဲ့ ခင်ဗျားချစ်တဲ့ မိန်းကလေးအပေါ်မှာ ဘယ်သူနဲ့ မှ မတူတဲ့ အချစ်မျိုး မေတ္တာတရားမျိုး..ရှင်းရှင်းပြောရရင် တစိမ်းနှစ်ယောက်ကြားမှာ ဖြစ်တည်ခဲ့ကြတဲ့ အကြီးမားဆုံး စွမ်းအားအရှိဆုံး ခံစားချက်တစ်ခုပေါ့ဗျာ။ ဒါကို ကျွန်တော်တို့ က အချစ်လို့ လက်ခံခဲ့ကြတာ မဟုတ်လား။ ကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာကလည်း အဲဒီအတိုင်းပဲ။ ကျွန်တော် သူ့ ကို အားကိုးတယ်။ ယုံကြည်တယ်။ သံယောဇဉ်ရှိတယ်။ သူရဲ့ ကောင်းကျိုးကိုပဲ လိုလားတယ်။ သူစိတ်ချမ်းသာဖို့ ပဲ စဉ်းစားတယ်။ သူအရေးကိစ္စတိုင်းက ကျွန်တော့်ရဲ့ အရေးကိစ္စပဲ။ သူကလည်း ကျွန်တော့်လိုပဲ။ သူလည်း ကျွန်တော့်ကို သိပ်ချစ်တယ်ဆိုတာကို ကျွန်တော် ခင်ဗျားကို ပြောပြဦးမယ်။
ကျွန်တော်က မောင်နှမတွေထဲမှာ အထွေးဆုံးဆိုတော့ ငယ်ငယ်ကတည်းက အားလုံးရဲ့ အလိုလိုက်မှုတွေနဲ့ ကြီးပြင်းလာရတာပါ။ ကျွန်တော့် အစ်မတွေ မိဘတွေက ကျွန်တော့်ကို သိပ်ချစ်ကြတယ်။ ခင်ဗျားက ကျွန်တော့်မှာ ငယ်ဘ၀နဲ့ ပတ်သတ်လို့ စိတ်ဒဏ်ရာ တစ်ခုခုရှိလိမ့်မလားလို့ မေးတာကို ကျွန်တော်က ရယ်ချင်တယ်ဗျ။ သူ့ ကို ကျွန်တော်ချစ်တာ စိတ်ဒဏ်ရာတွေ ဘာတွေနဲ့ ဘာဆိုင်လို့ လဲဗျာ။ လူသားတစ်ယောက် အနေနဲ့ လူသားတစ်ယောက်ကိုချစ်ဖို့ အရိုးရှင်းဆုံး အဖြစ်အပျက်လို့ တွေးကြည့်လို့ တောင်ရပါတယ်။ ဟုတ်တယ်မလား။ မုန်းဖို့ သာ အကြောင်းအရာတွေ လိုရင်လိုမယ်။ ချစ်ခြင်းမေတ္တာက ရိုးရှင်းလှပပါတယ်ဗျာ။ ကျွန်တော့်ဘ၀မှာ သူ့ ကိုချစ်ဖို့ အတွက် ဘာအကြောင်းအရာ ဘာအတိတ်မှ ရှိနေစရာမလိုဘူး။ခင်ဗျားတို့ တွေ ဒီလိုပဲ လူတွေ တစ်ဦးနဲ့ တစ်ဦး ချစ်ကြသလိုပဲ ။ ခင်ဗျား အချစ်ဆိုတာကိုပဲ မြင်အောင်ကြည့်ဖို့ တွေးမိရဲ့ လားလို့ ကျွန်တော်ကပဲ ပြန်မေးပါရစေ။ ဘယ်လိုလဲ။ ခင်ဗျားဖြေကြည့်စမ်းပါဦး။
ကျွန်တော်လည်း ဆရာဝန် တစ်ယောက်ပဲ။ဆရာဝန် တစ်ယောက်ဖြစ်နေတဲ့ အတွက် ခင်ဗျားတို့ တွေက ပညာတတ်လို့ သတ်မှတ်ကြမယ်မဟုတ်လား။ ဆရာဝန်လည်း အသွေးအသားနဲ့ လူသားပဲ။ ဘာမှမပိုဘူး။ ပညာတတ်တာနဲ့ ချစ်တာ တွေးခေါ်စဉ်းစားတာ ဘာမှမပတ်သတ်ဘူး။ အထူးသဖြင့် လူတစ်ယောက်ကို ချစ်ဖို့ နေရာမှာ ဆရာဝန်နဲ့ ဆိုက်ကားဆရာ စဉ်းစားတွေးခေါ်တဲ့ အခြေခံအချက်က အတူတူပဲ။ ဒါကို ခင်ဗျားလက်ခံသလား။ ကျွန်တော့် မှာ သူ့ ကိုချစ်ဖို့ လုံလောက်တဲ့ အဖြေရှိစရာမလိုဘူး။ ကျွန်တော့်ရဲ့ စိတ်ခံစားချက်ကို ကျွန်တော်ကိုယ်တိုင် လက်ခံထားပြီးသား။ ပြီးတော့ ကျွန်တော်ချစ်တဲ့ သူက လည်း ကျွန်တော့်ချစ်မြတ်နိုးသလို ကျွန်တော့်ကို ချစ်တယ်။ ခင်ဗျား ဒါကို ချစ်ခြင်းမေတ္တာလို့ မြင်ကြည့်ပါ။
ဟားဟားဟား..........ခင်ဗျားက တကယ်ရှာရှာကြံကြံမေးတာပဲ။ ခင်ဗျားတို့ သမီးရည်းစားတွေ တစ်ယောက်နဲ့ တစ်ယောက်ချစ်သလိုပဲ ပေါ့ဗျ။ ကျွန်တော့်ရဲ့ ရင်ခွင်ထဲမှာ သူမှေးစက်ချင်မှေးစက်မယ်။ သူ့ ရဲ့ လက်ဖ၀ါးလေးကို ကျွန်တော်ဆုပ်ကိုင်လိုက်တဲ့ အခိုက်အတန့် တိုင်းမှာ သူ့ ကိုယ်ထဲက သွေးတွေ ဟာ အဲဒီလက်ဖ၀ါးတွေကတဆင့် ကျွန်တော့်ကိုယ်ခန္ဒာထဲကို စီးဝင်လာတယ်လို့ ခံစားရတယ်။ သူ ကျွန်တော့်ကိုချစ်တယ်လို့ ပြောလိုက်တိုင်း ကျွန်တော့်ရဲ့ ညာဖက်ရင်ဘတ်ထဲ စူးနင့်နေပြီးတဲ့ အထိ။ သူ့ ကို ကျွန်တော်သိပ်ချစ်ပါလားလို့ တွေးလိုက်တိုင်း ကျွန်တော့်ကိုယ်ထဲက သွေးတွေ နွေးပြီးစီးဆင်းသွားတာကို ခံစားရတယ်။ ဒါအချစ်ပဲ။ လူတိုင်း လူတိုင်းကြုံတွေ ခံစားဖူးတဲ့ အချစ်ပဲဗျ။ ကျွန်တော်တို့ အချစ်ဟာ အခက်အခဲ အတားအဆီးများလေ ပိုခိုင်မာလာလေပဲ။ အဲဒီအခက်အခဲတွေကပဲ ကျွန်တော်တို့ နှစ်ယောက်လုံးကို စိတ်ဓါတ်ခွန်အားတွေ ဖြစ်စေခဲ့တာပေါ့ ။ ချစ်ခြင်းမေတ္တာဟာ မျက်နှာမလိုက်တတ်ဖူးဗျ။ ချစ်ခြင်းမေတ္တာတရားဟာ သူနဲ့ ပတ်သတ်လာတဲ့ လူသားတိုင်းကို အေးမြစေတာပဲ မဟုတ်လား။
ပတ်ဝန်းကျင် ဟုတ်လား။ ခင်ဗျားကို ကျွန်တော် တစ်ခုမေးမယ်နော်။ ပတ်ဝန်းကျင်က ခင်ဗျားကို ဖန်ဆင်းထားတာလား။ ခင်ဗျားတို့ ကျွန်တော်တို့ က ခု ခင်ဗျားမေးနေတဲ့ ပတ်ဝန်းကျင်ကြီးကို ဖန်တီးထားကြတာလား။ ဥပမာဗျာ အဲဒီပတ်ဝန်းကျင်က ခင်ဗျားကို သေခိုင်းမယ်ဆို ခင်ဗျားသေပြလိုက်မှာပဲလား။ အဓိက က ကျွန်တော်တို့ ပါဗျာ။ ပတ်ဝန်းကျင်တစ်ခုကို မပြောင်းလဲနိုင်လို့ ဆိုပြီးတော့ ကျွန်တော်တို့ ကိုယ် ကျွန်တော်တို့ ပြောင်းလဲ လိုက်ဖို့ မလိုပါဘူး။ ဒါအရှုံးပေးလိုက်ခြင်းလို့ ပဲ ကျွန်တော်ထင်တယ်။ အရေးအကြီးဆုံး အချက်က အဲဒီပတ်ဝန်းကျင်ဆိုတာကြီးနဲ့ လိုက်လျောညီထွေရှိဖို့ ကျွန်တော်တို့ ကိုယ်ကိုယ်ကိုယ် လိမ်ညာနေကြတာကမှ တကယ့် ပြသနာ။ ခင်ဗျား ပတ်ဝန်းကျင်ကို လိမ်တာထက် ကိုယ့်ကိုယ်ကိုယ် လိမ်တာက မှ တကယ့်အပြစ်ဗျ။ တနည်းပြောဦးမယ်ဆိုရင် ဒါ လူဖြစ်ရှုံးတာပဲ။ ဘာဖြစ်လဲဗျာ။ ကိုယ်ဖြစ်တည်လာခဲ့တာကို အရှိအတိုင်းလက်ခံရမှာပေါ့ ။ ကိုယ်ကိုယ်တိုင်ကတော့ လက်ခံရမှာပေါ့။ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ထိ ညာနိုင်မယ်လို့ ထင်လဲ။ တကယ်လို့ ညာနိုင်ခဲ့မယ်ဆိုရင်တောင် ကျွန်တော်ကတော့ ဒါကို မှန်တယ်လို့ မထင်ဘူးဗျာ။
လက်ထပ်ဖို့ ၊ အတူတူနေကြဖို့ ကတော့ ကျွန်တော်တို့ အတွက် မလိုအပ်တဲ့ အကြောင်းအရာပါ။ ဒါကို ထုံးတမ်းအစဉ်အလာတစ်ခုလို့ သတ်မှတ်ထားတယ်လို့  ပြောလည်း ကျွန်တော်တို့ အတွက် အချစ်ဆိုတာ ချည်နှောင်ထားဖို့ ကို မလိုတဲ့ အရာ။ ကျွန်တော်အပိုပြောတာမဟုတ်ဘူးဗျ။ ရင်ထဲက တကယ့်ခံစားချက်ကို ခင်ဗျားကို အပွင့်လင်းဆုံပြောပြနေတာပါ။ ခင်ဗျားတို့ အချစ်တွေ၊ အဲ ခင်ဗျားတို့ စကားအရဆို Normal ပေါ့၊ ယောက်ကျားလေး တစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် ချစ်တဲ့ အချစ်၊ သဘာဝ လို့ အာဒမ် နဲ့ ဧ၀ စကတည်းက လက်ခံထားကြတဲ့ ချစ်ခြင်း၊ အဲဒီချစ်ခြင်းမှာ ပေါင်းစည်ုးခြင်း၊ လက်တွဲခြင်း၊ ဒါတွေနဲ့ အချစ်ကို ချည်နှောင်ကြတယ်။ ပိုမိုခိုင်မြဲအောင် ဖန်တီးကြတယ်။ လူသားတာဝန်ကို ကြေပြွန်အောင်ထမ်းဆောင်ကြတယ်။ အဓိက အကြောင်းက လူသားမျိုးဆက်ပဲလို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ တွေရဲ့ ချစ်ခြင်းက ချစ်ခြင်းနဲ့ ပဲ အဆုံးသတ်တယ်။ ဒီအတွက် ကျွန်တော်တို့ ကတော့ လက်ထပ်ချင်ပါတယ်။ လက်ထပ်မှ ကျွန်တော်တို့ ရဲ့ အချစ်တွေ ပိုမိုခိုင်မြဲမယ် ဆိုတတွေ မလိုအပ်ဘူး။ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက်ချစ်တယ်။ နားလည်တယ်။ တစ်ယောက်ရဲ့ ဖြစ်တည်ခြင်းကို တစ်ယောက်က ကြည်ဖြူုမြတ်နိုးစွာ လက်ခံတယ်။ အဲဒီစိတ်ကလေးက မလှပဘူးလားဗျာ။
ခင်ဗျား ရဲ့ နောက်ဆုံးမေးခွန်းဖြစ်တဲ့ အခြောက် ဆိုတဲ့ စကားလုံးအပေါ် ကျွန်တော် ဘာခံစားချက်မှ မရှိပါဘူး။ ဒီစကားလုံးကို နာမ်စား တစ်ခု လို့ ပဲ ကျွန်တော်မြင်တာ ကျွန်တော့်ရဲ့ ငြိမ်းချမ်းရေးအတွက်ပဲ။ ကျွန်တော်တို့ သူများအကျိုးစီးပွားပျက်စီးရာ ပျက်စီးကြောင်းကို မကြံစည်ဘူး။ မလုပ်ဘူး။ ကျွန်တော်တို့ ကို အခြောက် လို့ ခေါ်လိုက်တဲ့ သူတွေ၊ သူတို့ စိတ်ထဲက ဘယ်လို ခံစားချက်နဲ့ ခေါ်ခေါ် ကျွန်တော်တို့ မခံစားဘူး။ ကျွန်တော်တို့ ကို ၀ဋ်ကြွေးပဲလို့ ပြောကြတဲ့ သူတွေအားလုံး ၀ဋ်ုကြွေးဆိုတာကို ကောင်းကောင်းနားလည်ထားကြပြီးသားဖြစ်မှာပါ။ ကျွန်တော်တို့ ရဲ့ Societyက မိန်းကလေးချောချောနှစ်ယောက် နဲ့ အခြောက်တစ်ယောက် လမ်းလျှောက်လာတာကို တွေ့ ရင်တောင် မိန်းမချောလေးတွေထက် ခင်ဗျားတို့ ပြောတဲ့ အခြောက်ဆိုတဲ့ လူတန်းစားကို ပိုစိတ်ဝင်စားတတ်ကြတာ မဟုတ်လား။ ကျွန်တော်တို့ ကတော့ ဒါကို စိတ်ဓါတ်ခွန်အား အဖြစ်ပြောင်းလဲ ပြစ်ကြမှာပဲ။ တစ်ချိန်ကြရင်တော့ ကျွန်တော်တို့ ကို လက်ခံလာကြပါစေ၊ ဘာဖြစ်ပါစေလို့ လဲ ဆုမတောင်းဘူးဗျ။ ဘာဖြစ်လို့ လဲ ဆိုတော့ ကျွန်တော်တို့ ဟာ ကျွန်တော်တို့ ဖြစ်တည်လာတဲ့ ဘ၀မှာ ဆုတောင်းဖြစ်ခဲ့တာထက် လက်တွေ့ ရင်ဆိုင်ဖြတ်သန်းလာရတာ များတော့ ဆုတောင်းနေတာထက် ကိုယ်လုပ်သင့်တာကို လုပ်ဖို့ ဆိုတာပဲ ခေါင်းထဲမှာရှိတယ်။
ကျွန်တော်ဟာ မိန်းကလေးတွေကို ညီမလို အစ်မလို သူငယ်ချင်းလိုပဲ စိတ်ဝင်စားပါတယ်။ ကျွန်တော် ရင်ခုန်မြတ်နိုးရတာက သူပါ။ ယောက်ကျား တစ်ယောက်က ယောက်ကျားတစ်ယောက်ကို ချစ်တယ်ဆိုတဲ့ နေရာမှာ အပိုင်းနှစ်ပိုင်းရှိတယ်။ ဒါပေမယ့် ခင်ဗျားတို့ က ယောက်ကျားတစ်ယောက်က ယောက်ကျားတစ်ယောက်ကို ဆိုတဲ့ အပိုင်းကိုပဲ အာရုံစိုက်ကြတယ်။ ပြစ်တင်ရှုတ်ချကြတယ်.။ ကဲ့ ရဲ့ ဝေဖန်ကြတယ်။ ဒီအတွက် ကျွန်တော်တို့ ကြားမှာရှိတဲ့ ချစ်ခြင်းမေတ္တာက သေမသွားဘူးဗျ။ ဘာဖြစ်လို့ လဲ ဆိုတော့ ခင်ဗျားတို့ မေ့နေကြတဲ့ အာရုံမထားကြတဲ့ အပိုင်းမှာပါဝင်နေတဲ့ ချစ်တယ်ဆိုတဲ့ လောကကြီးကို ပိုမိုလှပစေအောင် အမြဲ ဖန်ဆင်းပေးတဲ့ ချစ်ခြင်းမေတ္တာတရားမှာ ဖြူစင်မှု၊ ဘက်မလိုက်မှု၊ ရိုးသားမှုတွေပါဝင်တယ်ဆိုတာကို ကျွန်တော်ပြောပြချင်တယ်။ ကျွန်တော်ဟာ ယောက်ကျားတစ်ယောက်ပါ။ ယောက်ကျားတစ်ယောက်လိုပဲ ပြုမူနေထိုင်ပါတယ်။ မိန်းကလေးလို ၀တ်ချင်စားချင် လှချင်ပချင်တဲ့ စိတ်မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်ချစ်တာကလည်း ယောက်ကျားတစ်ယောက်ပါပဲ။ လူသားတွေကြားမှာ ထားရှိတဲ့ ချစ်ခြင်းမေတ္တာမျိုးနဲ့ ကျွန်တော် သူ့ ကိုချစ်တယ်။ အချစ်ဆိုတာလေးကိုပဲ ခင်ဗျားတို့ မြင်ကြည့်ပါ။ ကျွန်တော်ဟာ မိမိကိုယ်ကိုယ်လိမ်ညာပြီး ကိုယ့်ပတ်ဝန်းကျင်ကို လိမ်ညာပြီး အသက်ရှင်ရတာထက် ကျွန်တော်တို့ ဖြစ်တည်လာတဲ့ ဘ၀ကို ရိုးသားစွာ ၀န်ခံပြီး ရှင်သန်ရတာကို ပိုတန်ဖိုးထားမိပါတယ်။ ကျွန်တော် သူ့ ကို ချစ်တယ်။ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက်ချစ်ကြတယ်။ ဒါကို အပြစ်လို့ ပြောရင် အချစ်က ကျွန်တော်တို့ ဘက်က ရပ်တည်ပေးလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။
အမွန် (၂၈ ၆ ၂၀၁၂)