Wednesday, April 1, 2026

အမျိုးသားများအတွက် နွေရာသီ တစ်ကိုယ်ရေသန့်ရှင်းရေး လမ်းညွှန်

 အမျိုးသားများအတွက် နွေရာသီ တစ်ကိုယ်ရေသန့်ရှင်းရေး လမ်းညွှန်




(Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Myo Myat မှ ရေးသားသည်။ )


ခုဆိုရင် ရာသီဥတုက တော်တော်လေး ပူတယ်နော်။ တချို့ရက်တွေမှာတော့ မိုးရွာတတ်ပေမယ့် ခဏလေး ရွာပြီးရင်လည်း ပြန်ပူတာပါပဲ။ နွေရာသီရဲ့ မကောင်းဆုံးအချက်ကို ပြောပါဆိုရင် ချွေးထွက်တဲ့ ပြဿနာပါ။ အထူးသဖြင့် ယောက်ျားလေးတွေအတွက် တစ်ကိုယ်ရေသန့်ရှင်းရေး ကို သေချာ ဂရုစိုက်သင့်တဲ့ ရာသီမျိုးပါ။ ယောက်ျားလေးတွေက မိန်းကလေးတွေနဲ့ ယှဉ်လိုက်ရင် လှုပ်ရှားမှုများတဲ့အတွက် ချွေးပိုထွက်သလို ချွေးနံ့ကလည်း ပိုပြင်းပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ အမျိုးသားများအတွက် နွေရာသီ တစ်ကိုယ်ရေသန့်ရှင်းရေး လမ်းညွှန် လေးကို ပြောပြပေးချင်ပါတယ်။


အမျိုးသားများအတွက် နွေရာသီ တစ်ကိုယ်ရေသန့်ရှင်းရေး လမ်းညွှန်


တစ်ကိုယ်ရေသန့်ရှင်းရေး ဟာ ဘာလို့ အရေးကြီးတာလဲ။

တစ်ကိုယ်ရေ သန့်ရှင်းမှသာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ မကောင်းတဲ့ ဘက်တီးရီးယားပိုး ပေါက်ဖွားမှု ကင်းဝေးပြီး အရေပြားနဲ့ တခြားကျန်းမာရေး ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ ယောက်ျားလေးတွေဆိုရင် ပိုပြီးတောင် တစ်ကိုယ်ရေ သန့်ရှင်းရေးကို အလေးထားဖို့ လိုပါတယ်။ အဓိက ချွေးထွက်စေတတ်တဲ့ အကြောင်းရင်းနဲ့ ဘယ်နေရာမှာ ချွေးပိုထွက်လဲ၊ ကိုယ့်ဆီကနေ ကိုယ်နံ့ အရမ်းမပြင်းဖို့ ဘာတွေ လုပ်သင့်လဲသိထားမှ မလိုလားအပ်တဲ့ အရေပြားရောဂါတွေ မဖြစ်အောင် ကာကွယ်နိုင်မှာပါ။


အမျိုးသားများအတွက် နွေရာသီ တစ်ကိုယ်ရေသန့်ရှင်းရေး လမ်းညွှန် ကတော့


၁။ ပုံမှန် ရေချိုးပေးပါ။


မနက် တစ်ကြိမ်၊ ညတစ်ကြိမ် ရေချိုးပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ နွေရာသီလို ပူပြင်းခြောက်သွေ့တဲ့ အချိန်မျိုးမှာ ချွေးအရမ်းထွက်တာကြောင့် ကိုယ်ခန္ဓာမှာ ဘက်တီးရီးယား အောင်းနေဖို့ ပိုပြီးလွယ်တဲ့အတွက် ရေများများနဲ့ ချိုးပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ရေချိုးတဲ့အခါမှာ ချွေးနံ့ပြင်းတဲ့ ချိုင်း၊ ပေါင်ခြံ၊ လိင်အင်္ဂါကို ဆပ်ပြာ၊ ရေနဲ့ သေချာဆေးကြောဖို့လည်း အရေးကြီးပါတယ်။


၂။ ရေကို ခြောက်အောင် သုတ်ပါ။


ရေချိုးပြီးတာနဲ့ မသုတ်ဘဲ ရေစိုအတိုင်း အဝတ်ဝတ်တာမျိုးက အရေပြားမှာ မှိုပိုးစွဲကပ်ဖို့ အရမ်းလွယ်ကူပါတယ်။ ဒါကြောင့် ရေချိုးပြီးရင် ရေကို ခြောက်အောင် သုတ်ပါ။ ခြောက်သွားပြီဆိုမှ သန့်ရှင်းတဲ့ အဝတ်အစားတွေ ဝတ်ဆင်ပါ။


၃။ အမွေးအမျှင်များကို ရိတ်ပါ။


အမွေး အရှည်ထားရင် ယောက်ျားပီသတယ်လို့ တော်တော်များများ ထင်တတ်ကြပါတယ်။ ဒါကတော့ ကိုယ့်အယူအဆနဲ့ ကိုယ်ဆိုတော့ အပြစ်မပြောလိုပါဘူး။ သတိထားဖို့ လိုတာကတော့ အမွေးထူတဲ့ နေရာတွေမှာ ချွေးပိုထွက်ပါတယ်၊ ချွေးထွက်များပြီး ဘက်တီးရီးယားပိုးတွေ အောင်းနေတဲ့အခါ အနံ့ပိုနံပါတယ်။ အထူးသဖြင့် ချိုင်း၊ လိင်အင်္ဂါတစ်ဝိုက်မှာ အမွေးတွေ ရှည်နေရင် ပိုအနံ့ပြင်းတတ်ပါတယ်။ ဒါကြောင့် လုံးဝမရိတ်ပစ်ရင်တောင် ကပ်ကြေးနဲ့ ပါးသွားအောင် ညှပ်ပေးနိုင်ရင်တော့ ချွေးနံ့ပြင်းတဲ့ ပြဿနာကို ထိန်းချုပ်နိုင်မှာပါ။


၄။ Deodorant သုံးပေးပါ။


ချွေးနံ့ပြင်းတတ်တဲ့ ချိုင်းနေရာကို roll onသုံးပေးမယ်ဆိုရင် အနံ့ပြင်းတာကို အထိုက်အလျောက် ကာကွယ်နိုင်မှာပါ။


၅။ အဝတ်အစားကို သေချာရွေးချယ်ပါ။


ကိုယ့်အိမ်မှာကိုယ် နေရင်တော့ ချည်သား စွပ်ကျယ်၊ တီရှပ်အပါး၊ ဘောင်းဘီအတို၊ ပုဆိုးတွေလောက်ပဲ ဝတ်ပါ။ အတွင်းခံ မဝတ်ထားပါနဲ့။ ပန်ကာ သို့မဟုတ် အဲကွန်းကို အခန်းထဲမှာ ဖွင့်ထားပေးပါ။ ဒါမှမဟုတ် ချွေးထွက်လာပြီဆိုရင် ယပ်တောင်နဲ့ ဖြည်းဖြည်းခပ်ပေးပါ။


အပြင်သွားတော့မယ်ဆိုရင် ချည်သား အဝတ်မျိုးကို ဝတ်ဆင်ပါ။ အရမ်းကျပ်ထုတ်နေတာမျိုး၊ ဂျင်းသား၊ နိုင်လွန်သား အဝတ်တွေ မဝတ်ပါနဲ့။ ချိုင်းလိမ်းဆီ လိမ်းတာ၊ ရေမွှေးဆွတ်တာမျိုး လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။


၆။ အဝတ်အစားတွေကို ပုံမှန်လျှော်ပါ။


ချွေးထွက်လို့ ရေချိုးပြီးရင် အဲဒီအဝတ်အစားတွေကို ပြန်မဝတ်ပါနဲ့။ အလုပ်က ပြန်လာရင်လည်း ချွေးတိတ်ပြီဆိုတာနဲ့ ရေအမြန် ချိုးပါ။ လျှော်မယ့်နေရာမှာ ထားပြီး အဝတ်တွေကို မြန်မြန်လျှော်ပါ။ အားကစား လုပ်တဲ့သူတွေဆိုရင် အားကစား၊ လေ့ကျင့်ခန်း လုပ်ပြီးရင် ရေချိုး၊ အဝတ်အစားလဲပါ။


တစ်ကိုယ်ရေ သန့်ရှင်းမှုကိုသာ သေချာလေး ဂရုစိုက်ပေးရင် အမျိုးသားတွေအတွက် အရေပြား ပြဿနာတွေလည်း ကင်းဝေးစေသလို ကိုယ်ခန္ဓာကနေ အနံ့ဆိုးတွေ ထွက်တာကိုလည်း အနည်းငယ် ထိန်းချုပ်နိုင်မှာပါ။


Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။


***Helloဆရာဝန် ကျန်းမာရေးစာမျက်နှာမှကူးယူဖော်ပြသည်။