Tuesday, May 27, 2025

ခရေပွင့် ဂိုဏ်း




 (၁)

ဗိုလ်တထောင်ဆိပ်ကမ်း ကုန်ထမ်းတဲ့နေရာက အသားညိုညိုဗလကောင်းကောင်းနဲ့လူတယောက်ရှေ့ကိုရောက်တော့ ကျနော်ခြေထောက်ခပ်ကားကားနဲ့ရပ်နေလိုက်သည်။

သူက ချွေးသုတ်ပီးမော့ကြည့်သည်။

ကျနော်က ပွတ်ချွန်းတလိပ်ကို 'ထောက်'ခနဲ မီးညှိလိုက်ပီး


' တောင်ပေါ်လမ်းမှာ ခရေပန်းတွေပွင့်ချိန်တန်ပီ '


လွန်စွာပီသသော မြန်းဂလိပ်စကားနဲ့ပြောလိုက်သည်။


' ဟာ အကိုကြီး '

ဆိုပီး သူကကျနော့်ကိုပြေးဖက်သည်။


' အတိတ်ကိုအတိတ်မှာထားခဲ့ သေရဲလား သတ်ရဲလား '


' မလုပ်ဖူးတာဘာမှမရှိဘူး '

သူက အံကိုတင်းတင်းကြိတ်၍ပြန်ဖြေသည်။

ကျနော်သူ့ပုခုံးကိုဖက်၍ဗိုလ်တထောင်ဆိပ်ကမ်းမှထွက်လာခဲ့သည်။


(၂)

' တစ်ကောင်ကျွေးပီး နှစ်ကောင်စားမယ် ကြောက်တတ်ရင်လက်ရှောင် '


ဆိုတဲ့အသံနဲ့အတူ မြောက်ဒဂုံကဆိုက်ကားဂိတ်မှာ တီရှပ်အနီရောင်လေးဝတ်ထားတဲ့ ချာတိတ်က ကြုံးဝါးပီး ကျားကွက်ကိုရွှေ့လိုက်သည်။

ကျနော်က သက္ကလတ်ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းလိုက်ပီး


' နှစ်ကောင်ကျွေးပီး ကင်းဝင်မယ် တောင်ပေါ်လမ်းမှာ ခရေပန်းတွေပွင့်မယ် '


ကျနော့် စကားကိုကြားတော့ သူကမော့ကြည့်သည်။ပီးမှ မျက်ရည်တွေစီးကျလာကာ 


' အကိုကြီး '

ဆိုပီးပြေးဖက်သည်။


' အတိတ်ကို အတိတ်မှာထားခဲ့ သေရဲလား သတ်ရဲလား သရဲနီလေး '


' မလုပ်ဘူးတာဘာမှ မရှိဘူး '

သူကမျက်ရည်တွေကြားမှ အံကိုကြိတ်၍ပြန်ပြောသည်။

ကျနော် သူ့ပုခုံးကိုဖက်၍ထွက်လာခဲ့သည်။


(၃)

' နင်လိုအားအားရှိဂိမ်းဆော့နေတဲ့ ကလေကချေနဲ့မပတ်သတ်တော့ဘူး မနေ့ကလပြည့်နေ့လိုနေ့မျိုးတောင် နင်ငါ့အတွက်အချိန်မပေးဘူး ဂိမ်းထိုင်ဆော့နေတာ လာမပတ်သတ်နဲ့ '


ကောင်မလေးက ဂိမ်မာကောင်လေးကို အော်ကြီးဟစ်ကျယ်ပြောပီး တရုတ်တန်းရှိ နာမည်ကြီးကော်ဖီဆိုင်အတွင်းမှ ဆောင့်အောင့်၍ထွက်ခွာသွားသည်။

ခေါင်းငိုက်စိုက်၍ကျန်ခဲ့သော ဂိမ်မာကောင်လေးရဲ့ပုခုံးလေးကို ကျနော်ပုတ်လိုက်သည်။


' တောင်ပေါ်လမ်းမှာ ခရေပန်းတွေတောင်ပွင့်နေပီ မင်းကဒါမျိုးတွေအတွက်ခံစားနေတုန်းလား '


ဂိမ်မာကောင်လေးကမျက်မှန်ကိုချွတ်လိုက်ပီး မော့ကြည့်သည်။ပီးမှ မို့မို့မြင့်အောင်အိုက်တင်လို နှုတ်ခမ်းကြီးတွေတုန်လာပီး


' အကိုကြီး '

ဆိုပီးပြေးဖက်လိုက်သည်။


' အတိတ်ကိုအတိတ်မှာထားခဲ့ သေရဲလား သတ်ရဲလား '


' မလုပ်ဖူးတာဘာမှမရှိဘူး '


ဂိမ်မာကောင်လေးက မျက်ရည်တွေကြားမှ ကျနော့်ကိုအားရဝမ်းသာ ဖက်ကာပြောသည်။

ကျနော် သူ့ပုခုံးကိုဖက်၍ တရုတ်တန်းအတွင်းမှထွက်လာခဲ့သည်။


(၄)

ရေကျော်ပွဲစျေးရှိအကြော်ဆိုင်လေးတဆိုင်ရဲ့ဘေးမှာ ကောင်မလေးတွေရဲ့ဘေးမှာကပ်လျှောက်ပီး လက်သရမ်းဖို့ကြိုးစားနေတဲ့ချာတိတ်တယောက်ရဲ့ဘေးမှာ ကျနော်ခပ်တည်တည်နဲ့ရပ်နေလိုက်သည်။

ဘလေဇာကုတ်အတွင်းမှ ဖက်ကြမ်းတလိပ်ကို မီးညှိလိုက်ပီး ချောင်းဟန့်လိုက်သည်။

ကောင်လေးကကျနော့်ကိုမော့ကြည့်သည်။


' ဖင်တွေပဲလိုက်နှိုက်နေတုန်းလား ကျော်ကြီး တောင်ပေါ်လမ်းမှာခရေပန်းတွေပွင့်ပီလေကွာ '


ကျော်ကြီးက ကျနော့်ကိုစိုက်ကြည့်နေသည်။ပြီးမှ အားရပါးရပြုံးလိုက်သည်။


' မင်းဖင်နှိုက်ထားတဲ့လက်ကြီးနဲ့ငါ့ကိုမဖက်နဲ့ ငါပဲဖက်မယ် '


ကျနော်ကျော်ကြီးကိုသိုင်းဖက်လိုက်သည်။


' အကိုကြီး '

ဆိုပီး ကျော်ကြီး အားရပါးရအော်လိုက်သည်။


'အတိတ်ကိုအတိတ်မှာထားခဲ့ သေရဲလား သတ်ရဲလား '


' မလုပ်ဖူးတာဘာမှမရှိဘူး '


ကျော်ကြီးက အံကိုကြိတ်၍ပြန်ပြောသည်။

ကျနော် ကျော်ကြီးကိုဖက်၍ ရေကျော်ပွဲစျေးအတွင်းမှထွက်လာခဲ့သည်။


(၅)


ကျနော်တို့ မိတ်ကပ်အလှပြင်ဆိုင်လေးက ဒီလကုန်တာမွေမှာဖွင့်တော့မှာပါ။သူငယ်ချင်းညီအမတွေလဲ အကုန်လုံးစုပီးပီမို့ အားလုံးကိုဖိတ်ခေါ်ပါတယ်။


စာရေးသူ.... ဘူမိဇော်ကြီး

No comments: