ပထမဦးဆုံး နာမည်ရယ်၊ ကိုယ့်ရဲ့ အဖွဲ့အစည်းနဲ့ ထမ်းဆောင်နေတဲ့ တာဝန်လေးတွေကို မိတ်ဆက်ပေးပါအုံး။
မိုးအောင်။ ။ ကျနော့်နာမည်ကတော့ မိုးအောင်ပါ။ ရန်ကုန်မှာ နေပါတယ်။ ကျနော်က Kings & Queens လို့ခေါ်တဲ့ CBO အဖွဲ့လေးမှာ Facilitator တယောက်အနေနဲ့ တာဝန်ယူပြီးတော့ Lesbian တွေ၊ Gay တွေအတွက် အလုပ်လုပ် နေပါတယ်။
ရိုစီ ။ ။ သမီးအမည်ကတော့ ရိုစီပါ။ သမီးတို့ အဖွဲ့နာမည်ကတော့ ခိုင်နှင်းဆီလို့ ခေါ်ပါတယ်။ ကျမတို့ကတော့ မုံရွာမြို့မှာ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ကျမတို့ အခုလက်ရှိလုပ်ကိုင်နေတဲ့ အဖွဲ့ကတော့ MSM အဖွဲ့ဝင်ပေါင်း (၂၀၀) ကျော် ရှိပါတယ်။ သမီးကတော့ အဲဒီအဖွဲ့မှာ Project Manager အဖြစ်နဲ့ ဝင်ရောက် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
ကြာဖြူ။ ။ ကျနော့်နာမည်ကတော့ ကြာဖြူ (ဝေယံ) ဖြစ်ပါတယ်။ ကျနော်ကတော့ လူထုလုပ်ပိုင်ခွင့်ရအောင် ညှိနှိုင်းပေး သောအဖွဲ့ Civil Authorize Negotiated Organization ဆိုတဲ့အဖွဲ့ မှာ LGBT Rights Program ရဲ့ Operation Officer တယောက်အနေနဲ့ အလုပ်လုပ်နေပါတယ်။ ကျနော် မန္တလေးကပါ။ ကျနော်တို့ အဖွဲ့က လူ့အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး မြန်မာပြည်မှာဖွဲ့စည်းထားတဲ့ ရှားရှားပါးပါး အဖွဲ့တွေထဲက တဖွဲ့ဖြစ်ပါတယ်။
ခင်ဦး။ ။ ကျနော့်နာမည်က ခင်ဦးလို့ ခေါ်ပါတယ်။ ကျနော်က မော်လမြိုင်ဇာတိပါ။ ကျနော့်အဖွဲ့က တော့ HIV/ AIDS ကာကွယ်ရေးကို အဓိကလုပ်တဲ့ MSM စာနာမှုစေတနာအဖွဲ့ ဖြစ်ပါတယ်။ အဲဒီအဖွဲ့မှာ ကျနော် စာရင်းကိုင်တာဝန်ကို ထမ်း ဆောင်ပါတယ်။ နယ်တွေကိုဆင်းပြီးတော့ Facilitator လည်း လုပ်ပါတယ်။
ဒီကနေ့ဆွေးနွေးမှာကတော့ လိင်တူချစ်သူတွေအပေါ်မှာ ဖြစ်လေ့ရှိတဲ့ မုန်းတီးမှုတွေ အကြောင်းကို ဆွေးနွေးမှာ ပေါ့နော်။ လိင်တူချစ်သူတွေအပေါ် လူအတော်များများကပေါ့နော်။ အများသူငါ ပြောလေ့ရှိတာက ဂျီမတွေ၊ လိင်တူချင်းချစ်တဲ့ သူတွေ ဟာ လုံးဝအသုံးမကျဘူး၊ အလကားလူတွေ၊ လောကကြီးကို ကောင်းကျိုးမပြုတဲ့ လူတွေလို့ ပြောလေ့ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုတုံ့ပြန်ချင်ပါသလဲ။
ရိုစီ။ ။ အဲဒါကတော့လေ လူသားတယောက်ဖြစ်လာပြီပေါ့နော်။ လူသားတယောက် ဖြစ်လာပြီဆိုရင် ကိုယ့်မိသားစု ပေါ့။ နောက်တခုက ကိုယ့်ဘာသာ၊ သာသနာပေါ့နော်ဆရာ။ နည်းနည်းတော့ စကားပြောရင်တော့ ကြီးကျယ်သွားမယ်။ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ အဲလိုမျိုးတွေ အများကြီးတွက်တဲ့အခါကျတော့ ကိုယ်ဟာ လိုအပ်တဲ့နေရာက နေပြီးတော့ပေါ့လေ၊ ထောင့်တထောင့်ကနေ အုတ်တချပ်၊သဲတပွင့်အနေနဲ့ ကျမတို့ ပါဝင်နေ တယ်။ အခုဆိုရင်လည်း လူထုပြန်လည်ထူထောင်ရေး တွေ၊ နောက်တခါ HIV ကြောင့်မို့လို့ ထိခိုက်ခံစားနေရတဲ့သူတွေ၊ နောက်တခါ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေ၊ ဒါတွေကို ကျမတို့ နားလည်တယ်။ ကျမတို့ဘက်ကလည်း တတ်နိုင်သမျှ နည်းပညာတွေ ယူတယ်။ ကိုယ်ရတဲ့ နည်းပညာတွေ ကို ဒီလိင်တူချင်း ချစ်သူတွေကိုသာ မကပါဘူး။ ကျမတို့ကျေးလက်ဒေသမှာနေတဲ့ လူထုတွေအထိ သတင်းအချက်အလက် တွေ ဆင်းပေးတယ်။ အဲဒီလိုမျိုး ကျမတို့ ဘာလုပ်ရမယ်ဆိုတာကို သိနေတယ်။ ငါဟာ လိင်တူချင်း ချစ်သူတယောက်ဖြစ်လို့၊ ငါဟာ ဂေးလ်တယောက်ဖြစ်လို့၊ ငါဟာ အခြောက်တယောက်ဖြစ်လို့ ဘာမှမလုပ်တော့ဘူး။ ကိုယ့်ဘဝကို အဆုံးရှုံးခံလိုက် မယ်ဆိုတဲ့ စိတ်မျိုးကို ကျမတို့ မမွေးခဲ့ဘူး။ အဲတော့ ကျမဆိုလိုချင်တာက ကျမတို့ လိင်တူချင်းချစ်သူတွေက အသုံးမဝင်တဲ့ လူ မဟုတ်ပါဘူး။
ခင်ဦး။ ။ မိသားစုတစုမှာ မွေးဖွားလိုက်မယ်ဆိုရင် ယောက်ျားရှိတယ်၊ မိန်းမရှိတယ်၊ လိင်တူချင်းချစ်သူတွေလည်း ရှိ တယ်။ ဒါပေမယ့် တချို့ယောက်ျားဆိုလို့ရှိရင် သူ့ဟာသူ အိမ်ထောင်ပြုပြီး မိဘကနေ ခွဲထွက်သွားကြတယ်။ မိန်းကလေး ဆိုရင်လည်း အိမ်ထောင်ပြုပြီးရင် သူ့ဟာသူ ခွဲထွက်သွားကြ တယ်။ ဒါပေမယ့် ကျနော်တို့ လိင်တူချင်းချစ်သူ တော်တော် များများက မိဘရဲ့အနားက မခွာပဲနဲ့ မိသားစုကို ပြုစုစောင့်ရှောက်ပေးတဲ့အတွက်ကြောင့် ကျနော်တို့ လိင်တူချစ်တွေဟာ အသုံးဝင်တယ်။ လောကကြီးမှာ သူတို့ထက်ကို ပိုပြီးအသုံးဝင်တယ်။
မိုးအောင်။ ။ လိင်တူချင်း ချစ်သူတယောက်ဟာ ကိုယ့်ရဲ့မိသားစုမှာ မဦးဆောင်နိုင်တာတောင်မှ မိဘကို ဒုက္ခမပေးဘူး။ မိဘစိတ်ဆင်းရဲအောင် မလုပ်ဘူး။ သိတတ်တဲ့အရွယ်ကတည်းက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တယ်။ ကိုယ့်ရဲ့လုပ်အား လေးနဲ့ ကိုယ် သင့်တင့်မျှတအောင် လုပ်နိုင်မယ်၊ စားနိုင်မယ်ဆိုတဲ့ အရည်အချင်းလေးတခုကို သူတို့က အမြဲစဉ်းစားတယ်။ လုံးဝသုံးစားလို့မရတဲ့ လူမဖြစ်အောင်လို့ အားလုံးက ကြိုးစားကြတယ်။ ဘယ်သူ့ကိုမှလည်း ဒုက္ခမပေးဘူး။ ဒီမိသားစုတခုမှာ သူဟာ တဖက်တလမ်းကပေါ့နော်။ ထောင့်လေးထောင့်ရှိရင် ထောင့်တထောင့်ကနေ သူဟာ အမြဲတမ်း အသုံးဝင်အောင်လို့ သူကြိုးစားတယ်။ စီးပွားရေး၊ လူမှုရေးမှာပေါ့နော်။ အားလုံးမှာ သူဟာ ထောင့်တထောင့်ကနေ ပါဝင်နိုင်အောင် သူ အမြဲ ကြိုး စားတယ်။
ကြာဖြူ။ ။ အသုံးဝင်မှုဆိုတာ လိင်တူဖြစ်မှ လိင်ကွဲဖြစ်မှလို့ ပြောလို့မရပါဘူး။ လိင်တူချစ်တဲ့သူတွေ အကုန်လုံးနီးပါးက အသုံးဝင်တယ်လို့ ပြောလို့မရဘူး။ ဒါပေမယ့် ကိုယ့်ဘဝကို ကိုယ်အားငယ်နေစရာ အကြောင်းမရှိဘူး။ အားငယ်ပြီးတော့မှ တချို့ ဆိုရင် ဇာတ်လမ်းတွေ အများကြီး ရှိကြပါတယ်။ ကိုယ့်ကိုယ်ကို သေကြောင်းကြံတာတို့၊ အတင်းအဓမ္မကြီး မိန်းမယူ လိုက်ရတာမျိုးတွေ၊ မျိုးစုံရှိတယ်။ အဲဒါမျိုးတွေကျတော့ လည်း ထည့်စဉ်းစားစရာ အကြောင်းတော့ ရှိပါတယ်။ ဟုတ်ကဲ့။ ဘာမှ အသုံးမဝင်ဘူး ဆိုတာကိုတော့ ကျနော်လက်မခံပါဘူး။ တနေရာမဟုတ် တနေရာမှာတော့ အသုံးဝင်ပါတယ်။
လိင်တူချင်းချစ်တဲ့ဟာက စိတ်ရောဂါတမျိုးလို့ တချို့တွေက ပြောကြတယ်။ ဒါက ရောဂါဖြစ် တယ်။ ဒါကို ကုသလို့ရတယ် ဆိုပြီးတော့ တချို့တွေက ပြောကြတယ်။ အဲဒါတွေက တကယ်ဖြစ်နိုင်လား။
ခင်ဦး။ ။ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လိင်တူချင်း ချစ်ကြပေမယ့် လူတိုင်းလူတိုင်းကို မချစ်နိုင်ဘူး။ ကိုယ့်ရဲ့ နှလုံးသားကနေ တကယ်ခံစားတဲ့ ဆန္ဒတွေ ပေါ်ပေါက်လာမှ ဒီလူကို ကိုယ်က နှစ်နှစ်ကာကာ ချစ်တယ်လို့ ကိုယ်က ယုံကြည် တာ။ အဲဒါကြောင့်မို့လို့ ကျနော်တို့က ကိုယ်ကိုယ်ကို စိတ်မမှန် ဘူးလို့ မသတ်မှတ်ထားပါဘူး။တကယ်ချစ်လို့ နှလုံးသားကနေ ပေါ်ပေါက်ပြီး ချစ်တာ။
ကြာဖြူ။ ။ ရူးတဲ့သူတွေကို သုံးမျိုးပြောလို့ရတာပေါ့နော်။ စိတ်ပညာအရ ပြောမယ်ဆိုရင် စိတ်ဓာတ်ကျတာ (Depre ssion)၊ စိတ်ကြွတာ (mania)၊ ပြီးရင် စိတ်ကစဥ့်ကလျားဖြစ်တာ (schizophrenia) ဆိုပြီးတော့ ရှိတဲ့အထဲမှာမှ လိင်တူချင်း ချစ်တဲ့ဟာ စိတ်ရောဂါဆိုတာရယ်လို့ မသင်ခဲ့ရပါဘူး။ လိင်တူချင်း ချစ်တဲ့သူလို့ဆိုလိုက်ရင် လိင်ကိစ္စကို အဓိကထားလွန်းတဲ့ သူလို့လည်း မြင်ကြတယ်။ လိင်ကွဲချင်း ချစ်တဲ့သူကလည်း လိင်ကို အဓိကထားတဲ့လူ ရှိမှာဘဲ။ ဒါပေမယ့် ကျနော်တို့ လိင်တူ ချစ်သူ တော်တော်များများဟာ လိင်ပိုင်းကို အဓိကမထားပါဘူး။ ချစ်ခြင်းမေတ္တာကို အဓိကထားတဲ့ လူတွေများပါတယ်။ သာ ယာတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ချင်တယ်။ ပျှော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ချင်တယ်။ နှလုံးသားချင်း နီးစပ်ပြီး ချစ်ချင်တယ်။ ဒါပေမယ့်လည်း အခြေအနေတွေ မပေးတဲ့အတွက် လိင်ကိစ္စကပဲ အဓိကပုံစံမျိုး ဖြစ်သွားခဲ့တယ်။ အဲဒီအခါမှာ လူတွေက စိတ်ရောဂါလို့ ထင်တယ်။တကယ်တမ်း စိတ်ရောဂါမဟုတ်ဘူးလို့ ကျနော် ထင်ပါတယ်။
ရိုစီ။ ။ ကျမတို့ကတော့ စိတ်မှန်တယ်ဆရာ။ ဘာလို့လဲဆိုတော့ ထမင်းစားရမှာကိုလည်း သိတယ်။ ကျမတို့ လူ တယောက်ကို ချစ်ရမှာကိုလည်း သိတယ်။ လူတယောက်ကို ကျမတို့ သနားရမှာကိုလည်း သိတယ်။ ဘယ်လို ကူညီစောင့် ရှောက်ရမယ် ဆိုတာကိုလည်း သိတယ်။ ပြီးတော့ ကျမတို့ ဘာသာတရားကို ကိုင်းရှိုင်း ရမယ်ဆိုတာကိုလည်း သိတယ်။ အဲဒီအတွက် ကျမတို့က စိတ်မှန်တယ်။ ကျမကတော့ ကျမတို့ကို ဝေဖန်တဲ့ သူတွေကပဲ စိတ်မမှန်ဘူးလို့ပဲ ပြန်ပြီး မြင်လိုက် မိတယ်။
စိုးအောင်။ ။ ဟုတ်တယ်။ စိတ်မမှန်ဘူးဆိုတာထက် စိတ်အရမ်းမှန်နေလို့ သူများမလုပ်နိုင်တဲ့ ချစ်ခြင်းမေတ္တာကို ကျနော် တို့က လုပ်နေတာလေ။ ဟုတ်တယ်မလား။ သူများတွေ မပေးဆပ်နိုင်မယ့် အချစ်တွေ၊ မေတ္တာတွေ၊ ကရုဏာတွေ၊ အနစ်နာခံ မှုတွေ အားလုံးကို ကျနော်တို့ စိတ်မမှန်ဘူးလို့ ထင်ခံနေရတဲ့ ဂေးလ်တွေက ပေးဆပ်နေတယ်။ ယောက်ျား၊ မိန်းမတွေ ဘယ် သူမှ ကိုယ်တွေလို အနစ်နာခံဖို့လည်း မစဉ်းစားဘူး။ အဓိကက အိမ်ထောင်ပြုပြီ ဆိုတာတောင်မှ သူ့ဖက် ကိုယ့်ဖက်ကို စဉ်း စားပြီးမှ အားလုံးပြုကြတာ။ ကျနော်တို့ ဂေးလ်တွေဟာ လူတယောက်ကို ချစ်ဖို့ စဉ်းစားလိုက်ပြီဆိုရင် သူ့အတွက်ကို ကိုယ်က ၉၀ ရာခိုင်နှုန်း စဉ်းစားတယ်။ သူပျော်ရွှင်ပါစေ။ သူပြည့်စုံပါစေ။ သူ့ဘဝကြီး လှပါစေ။ သူ့ဘဝ တိုးတက်ဖို့ကို ကိုယ်တွေက ကျောပေးပြီးကို ခံကြတာပါ။ အဲတော့ ကျနော်တို့က အရူးလို့ပဲ ပြောပြော၊ အရူးတောင်မှ ငါဟာမြင့်မြတ်တဲ့ အရူးဆိုတဲ့စိတ်ကြီးတခုကို ကျနော်တို့က မွေးပြီးတော့ အချစ်ကို ရင်ကော့ပြီးတော့ ခံစားမယ်။ ကိုယ့်ကို အရူးလို့ပြောလည်း ဒီလိုအချစ်ကို ကျေကျေနပ်နပ်ကြီး ခံယူမယ်ဆရာ။
ကျနော့်တို့ အားလုံးက လိင်တူချင်း ချစ်တဲ့သူတွေဆိုပြီး ဘဝကို ဖြတ်သန်းလာခဲ့ကြတဲ့ လူတွေချည်းပဲ။ အဲတော့ ကိုယ့်ဘဝမှာ လိင်တူချင်း ချစ်တဲ့သူမို့လို့ တခြားသူတယောက်က ခွဲခြားဖိနှိပ်ခံရတဲ့ အဖြစ်အပျက် မှတ်မှတ်ရရ တခုများ ရှိလား။ အဲဒါကြောင့် မို့လို့၊ အဲလို ဖြစ်ရတဲ့အတွက် ရလဒ်တွေ၊ သက်ရောက်မှုတွေ ကိုယ့်ဘဝမှာ ဘယ်လို မျိုး ဖြစ်ခဲ့လဲ။ ကိုယ့်ဘဝလေးကို ပြန်ပြီးတော့ ပြောပေးပါလား။
ကြာဖြူ။ ။ ငယ်ငယ်တုန်းကဆိုရင် ကိုယ့်ကိုယ်ကို လိင်တူချစ်သူအဖြစ် လုံးဝ လက်မခံနိုင်ဘူး။ သူများတွေက လိင်ကွဲ ချစ်တဲ့သူတွေ၊ ငါက ဘာလို့ လိင်တူချင်းကိုမှ ချစ်နေရတာလဲ။ ငါ ရူးများ ရူးနေတာလား ပေါ့။ နောက်ပိုင်းမှာ သူငယ်ချင်းတွေ ကို ဖွင့်ပြောချလိုက်တယ်။ ဒီလို ဖွင့်ပြောလိုက်တဲ့ အခါကျတော့ တချို့မိန်းကလေး သူငယ်ချင်းတွေက မပေါင်းကြတော့တာ တွေ ရှိတယ်။ ယောက်ျားလေး သူငယ်ချင်းတွေထဲက လည်း မပေါင်းကြတော့တဲ့သူတွေ ရှိတယ်။ အဲလို ခွဲခြားဆက်ဆံခံခဲ့ရ တာ တွေတော့ ရှိတာပေါ့။ ကျနော်က အလုပ်လုပ်ရင်းနဲ့ ကျောင်းတက်တယ်။ အလုပ်လုပ်ရင်းနဲ့ အင်တာနက်ဆိုင်တခုမှာ အချိန်ပိုင်း အလုပ်ဝင်လုပ်တယ်။ ဒါပေမယ့် အင်တာနက်ဆိုင်မှာ လုပ်တဲ့အခါကျတော့ ဘယ်လိုဖြစ်သလဲဆိုတော့ ကိုယ့်ကို လိင်တူချစ်သူပါဆိုတာကို ဆိုင်ရှင်က သိသွားတယ်။ သူ အမျိုးမျိုးကြောင့် သိသွားတာပေါ့နော်။ အဲဒီမှာ ဆိုင်ရှင်က လုံးဝ Homophobia ဖြစ်နေတဲ့အခါမှာ ကိုယ့်ကို အကြောင်းမရှိ အကြောင်းရှာပြီး အလုပ်ထုတ်လိုက်တယ်။ မင်းအခြောက်ဖြစ်တဲ့ အတွက် အလုပ် ထုတ်လိုက်တယ်ကွာ ဆိုတာမျိုးနဲ့ အလုပ်ထုတ်လိုက်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ပြဿနာ မဖြစ်ဖြစ် အောင် လုပ်ပြီး အလုပ်ထုတ်လိုက်တယ်။ အလုပ်ထုတ်ပြီးတဲ့နောက် မှာမှ ကျနော့်ဆီကို အီးမေးလ် ရောက်လာတယ်။ မင်းက အခြောက်၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီးတော့ စာက ရောက်လာတယ်။ ကျနော်ကလည်း အဲဒီအချိန်တုန်းက ဘာမှ လည်း မသိဘူး။ ကိုယ့်ကိုယ်ကိုလည်း လိင်တူချစ်သူတယောက် ဖြစ်နေတဲ့အတွက် အားငယ်နေတဲ့အချိန်မှာပဲ ရှိသေးတဲ့အခါ မှာ ငိုခဲ့ရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး။ အဲဒီနောက်ပိုင်းမှာတော့ မခံချင်စိတ်တွေ မွေးလာတယ်။ နောက်ပြီးတော့ အသိအမြင် တွေ ရရှိလာတယ်။ ဒါကြောင့်မို့လို့ ဒီလိုမျိုး ခွဲခြားဖိနှိပ် ဆက်ဆံခံရသလို ကိုယ်နဲ့ဘဝတူ လိင်တူချစ်သူတွေလည်း ခွဲခြားဖိနှိပ် ဆက်ဆံခံရတာမျိုး ကင်းဝေးအောင်ဆိုပြီးတော့မှ ကြိုးစားမယ်ဆိုတဲ့ ရည်ရွယ်ချက် ချမှတ်ပြီးတော့မှ လုပ်လာခဲ့တယ်။ အဲဒါကတော့ ဘဝမှာ အမှတ်ရစရာပါ။ အဲဒီနောက်ပိုင်းမှာ ကျနော်ကလည်း ကိုယ့်ဟာကိုယ်ပဲ ပိုပြီးတော့ ပွင့်လင်းလာအောင်၊ ရဲတင်းလာအောင်၊ ခွဲခြားမှု၊ ကိုယ့်ကိုမှ ခွဲခြားတာမျိုး မဟုတ်ဘူး။ ကိုယ့်လိုမျိုးပဲ တခြားလိင်တူချစ်သူတွေ အားလုံးပေါ်မှာ သူများတွေရဲ့ ခွဲခြားမှုမခံရအောင်လို့ ကြိုးစားနေပါတယ်။
ခင်ဦး။ ။ ကျနော့်ဘဝမှာပေါ့နော်။ကျနော် လိင်တူချင်း ချစ်တာကို မကြိုက်လို့ တားမြစ်တဲ့သူက ကျနော့်အဖေပေါ့။ အဖေက ဒီလိုအခြောက်တွေနဲ့ သွားလာတာကို မကြိုက်ဘူးပေါ့နော်။ မကြိုက်တော့ ကျနော့်မှာ သူငယ်ချင်းဂေးလ်တွေနဲ့ တွဲချင်ရင်တောင်မှ ခိုးပြီးတော့တွဲရတယ်။ သူတို့ အိမ်ရှေ့က ဖြတ်မယ်ဆိုရင် ကျနော်က အိမ်ထဲကို ဝင်လိုက်တယ်။ မသိချင် ဟန်ဆောင်ပြီး နေလိုက်တာပေါ့။ အဲဒါကို သိတော့ သူငယ်ချင်းတွေကလည်း ကျနော့်ကို တော်ရုံတန်ရုံ လမ်းမှာတွေ့ရင် မခေါ်ဘူး။ အဲလိုမျိုးပေါ့နော်။ အဲအချိန်က ကျနော်က ကျောင်းသားအရွယ်ပေါ့။ ဒါပေမယ့် ကျနော် အခုဆိုလို့ရှိရင် ကျနော့်ဘဝ မှာ မိဘတွေကို အဆင်ပြေပြေ ထားနိုင်အောင် ကြိုးစားခဲ့တယ်။ မိဘတွေကို အဆင်ပြေပြေနဲ့ ထားနိုင်အောင် ကြိုးစားခဲ့တဲ့ အတွက်ကြောင့် အခုဆိုရင် ကျနော်ဖြစ်ချင်တဲ့ မိန်းမလိုဝတ်တဲ့ ဘဝမျိုးကို ပြန်ရခဲ့ပြီပေါ့။ အရင်ကဆိုရင် ကျနော်က ကျောင်း သားဘဝ၊ မိဘတွေကို ကြောက်ရတယ်။ မထောက်ပံ့နိုင်ခဲ့ဘူးပေါ့။ ဒါပေမယ့် ကျနော်က အဲဒီအခြေအနေက နေပြီးတော့မှ မိဘကို ထောက်ပံ့နိုင်တဲ့ဘဝကို ပြောင်းလဲပစ်နိုင်အောင် ကြိုးစားခဲ့တဲ့အတွက်ကြောင့်မို့လို့ ကျနော်ဟာ အခုဆိုရင် စာနာမှု စေတနာအဖွဲ့ရဲ့ Performance တွေမှာ ဆိုလို့ရှိရင် မိန်းမလို တက်ကခွင့်တွေ ရခဲ့ပြီ။ အဲဒါတွေတောင်မှ ချက်ချင်း မရခဲ့ဘူး။ အဖေနဲ့ အတိုက်အခံ လုပ်ခဲ့ရတယ်။ ဒါပေမယ့် ကျနော့်ကို ကာဗာလုပ်ခဲ့ပေးတာက အမေပါ။ ကျနော့်ကို နားလည်ပေးနိုင်ဆုံး ကလည်း အမေပဲရှိခဲ့တာ။ အမေက ကျနော့်အတွက်ကို တိုက်တွန်းပေးတယ်။ အခုဆိုရင် ကျနော်က အိမ်မှာ မိန်းမလိုဝတ် ထားတဲ့ ဓါတ်ပုံကို ကပ်နိုင်တဲ့ အဆင့်ထိ ရောက်လာနိုင်ခဲ့ပြီ။
ရိုစီ။ ။ သမီးကတော့လေ ကိုယ်တိုင် အတွေ့အကြုံတော့ မရှိပါဘူး။ ဒါပေမယ့် ကျမနဲ့ အင်မတန် ရင်းနှီးတဲ့ ကျမ သူငယ်ချင်းတယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေးပါ။ သူ့နာမည်ကတော့ ပုလဲဝင်းလို့ ခေါ်ပါတယ်။ မုံရွာမှာပဲ နေပါတယ်။ သူက မိန်းမဆန်တဲ့ အဝတ်အစားမျိုးကို သူ ပြောင်းလဲ ဝတ်စားချင်လာ တယ်။ အဲဒီအချိန်မှာပဲ သူ့အကိုတွေက လုံးဝ လက် မခံဘူးပေါ့နော်။ သူတို့အိမ်မှာ ညီအကိုငါးယောက် ရှိပါတယ်။ သူက အငယ်ဆုံး သားလေးပါ။ အဲဒီလိုမျိုး ဖြစ်နေတဲ့အချိန်မှာ သူ ခိုးဝတ်တယ်။ နောက်တခါ ပွဲတွေဘာတွေရှိရင် မိန်းမလျာတွေရဲ့ သဘာဝတွေပေါ့လေ။ သူ အလှအပတွေ ဘာတွေ ပြင်ပြီး သွားတယ်။ အဲဒါကို အိမ်က သိတဲ့အခါကျတော့ သူ့ကို ပရိဘောဂလုပ်တဲ့ အိမ်ကို အပ်လိုက်တယ်။ သူ့ကို ရေဖော်တွေ ထိုး ခိုင်းတယ်။ ယောက်ျား ဖြစ်အောင်လို့ပေါ့လေ။ ဒါပေမယ့် သူ မပျော်ဘူးပေါ့လေ။ သူက ကျမတို့အုပ်စုတွေရှိတဲ့ဆီကို သူ လာလာပြီး ပြောတယ်။ အမရေ ကျမတော့ လုံးဝ အဆင်မပြေဘူး။ ကျမတော့ ဘယ်လိုမျိုး လုပ်ရမယ် မသိဘူးပေါ့လေ။
အဲဒီအခြေအနေမှာပဲ ကျမတို့က သူ့ အဖေအမေကို သွားပြောပြတယ်။ ဒီလိုမျိုး ကိုယ့်သားသမီးက လိင်တူချစ်သူဖြစ်တာကို ဘာလို့ ဒီလိုမျိုးလုပ်ရမလဲဆိုပြီးတော့ ကျမတို့က ပြောပြတော့ မအေလုပ်တဲ့သူကတော့ လက်ခံတယ်ပေါ့။ ဒါပေမယ့်လည်း အကိုတွေက လက်မခံဘူး။ လက်မခံတဲ့အခါ ကျတော့ နောက်တနေ့ ကျမတို့ သူ့ဆီကို အလည်သွားတဲ့အခါကျတော့ သူ့ကို ခြေထောက်နှစ်ချောင်းကို ကြိုးချည်ပြီးတော့ ထုတ်ကနေ ဆွဲထားတယ်။ ဆွဲထားပြီးတော့ ခေါင်းကိုပေါ့နော်။ အဲဒီမှာ သူ့ကို မေးတယ်။ မင်း နာမည်က ဘယ်သူလဲပေါ့။ ပုလဲဝင်းလို့ ဖြေတယ်။ အဲလို ဖြေလိုက်တိုင်း ရိုက်တယ်။ အောင်မယ်လေးဗျလို့ သူ့ကို အော်ခိုင်းတယ်ပေါ့ ဆရာရယ်။ ထိုးတာ ကြိတ်တာပေါ့။ အဲဒီမှာ သူက လုံးဝမအော်ဘူး။ အောင်မယ် လေးရှင်လို့ပဲ အော်တယ်။ တချက်ထိုးလိုက်ရင် အောင်မယ်လေးရှင့်ပေါ့လေ။ အဲလိုမျိုး အော်တဲ့အခါကျတော့ နောက်ပိုင်းကျတော့လေ ထိုးတဲ့ညီအကိုတွေက များပြီးတော့ နောက်ပိုင်း သူ မခံနိုင်တော့ဘူးပေါ့နော်။ မအေကလေ အဲလိုသာ လုပ်မယ်ဆိုရင်တော့ ငါ့ကိုသာ သတ်လိုက်ပါ။ သတ်လိုက်ပါလို့ပေါ့လေ။ မအေက အဲလိုမျိုး တောင်းပန်တာတွေများမှ ဒီကတုံးမကို အောက်ကို ခြေထောက်ကနေ ကြိုးကို တွဲလောင်းချထားတာ ကိုပေါ့နော်။ အဲဒါတွေကို ဖြည်ပေးလိုက်တယ်။ ဖြည်ပေးလိုက်တဲ့အချိန်မှာပဲ ကတုံးမဟာ ဘယ်လိုမှ သူ့မိသားစုနဲ့ လက်မခံနိုင်ဘူးပေါ့လေ။ အဲလိုမျိုးတွေ ဖြစ်တဲ့အခါကျတော့ သူ မခံမရပ်နိုင် ဖြစ်ပြီးတော့ ကျမတို့မုံရွာကနေ ထွက်ပြေးသွားတယ်ဆရာ။ နောက်ပိုင်း ခြောက်လ၊ တနှစ်လောက် ကြာတဲ့အခါကျတော့ ကျမတို့ရဲ့ တိကျ တဲ့ သတင်းအချက်အလက် အခိုင်အလုံအရပေါ့လေ သူက ခိုကိုးရာမဲ့ဖြစ်တယ်ပေါ့လေ။ ကလေး-တမူးနယ်စပ် မှာ ခိုကိုးရာမဲ့ ဖြစ်ပြီးတော့ ဇရပ်ပေါ်မှာ သေနေတယ်ပေါ့လေ။ ငှက်ဖျားဖြစ်ပြီးတော့ပေါ့။ အဲလိုမျိုးကြုံရတယ်။
မိုးအောင်။ ။ ကျနော့်ရဲ့ ကိုယ်တွေ့ပေါ့နော်။ အလုပ်တခုမှာ သုတေသနတခုကို လုပ်မယ်ပေါ့၊ သွားရမယ့် အမည်တွေ ထွက်လာတဲ့အခါကျတော့ ယောက်ျား၊ မိန်းမနာမည်တွေ ပါလာပြီးတော့ ကျနော်တို့ နာမည်တွေ မပါဘူး။ ကျနော့်နာမည် မပါ တော့ ကျနော်က မေးတယ်။ ဘာလို့ ဒီမှာ ကျနော့်နာမည် မပါတာလဲဆိုတော့ ဒါဟာ ယောက်ျား၊ မိန်းမတွေ လုပ်ရမယ့်အလုပ် တဲ့။ နင် လုပ်စရာ မလိုဘူး။ နင်လည်း လုပ်နိုင်မှာ မဟုတ်ဘူးဆိုတော့ မဟုတ်သေးဘူးလေ။ ယောက်ျားက ယောက်ျား၊ မိန်းမ တွေ လုပ်တဲ့ အလုပ်တွေကို လုပ်နိုင်တယ်။ ကျနော်ကိုယ်တိုင်လည်း ဒီအလုပ်ကို စိတ်ဝင်စားလို့ လာလုပ်တဲ့အချိန်မှာ ကျနော် က ဘာလို့ မပါရတာလဲဆိုတော့ နင်ဟာ ဂေးလ်တယောက် ဖြစ်နေတဲ့အတွက် နင် လုပ်ရင် မသင့်တော်ဘူးတဲ့။ ဒါဟာ မိန်းမ၊ ယောက်ျားတွေအတွက်ပဲ လုပ်ရမယ်လို့ ကျနော့်ကို ပြောတဲ့အခါကျတော့ မဟုတ်သေးဘူး။ ကျနော် ရအောင် လုပ်မယ်ဆိုပြီး ကျနော့်အထက်လူကြီးကို ကျနော်သွားပြောတဲ့အချိန်မှာ ကဲဟုတ်ပြီ။ အဲဒါဆိုရင် နင်ကိုယ်တိုင်စမ်းပြီး လုပ်ကြည့်ပါလားလို့ ပြောတဲ့အတွက် ကျနော်ရအောင်၊ ယောက်ျားမိန်းမအတွက် အလုပ်ကို ကျနော် တန်းတူရအောင် လုပ်တယ်။ သူများနဲ့ မတူ ဘူးပေါ့နော်။ ကိုယ်က နည်းနည်းတော့ ကြိုးစားရတာပေါ့နော်။ ကိုယ် မလုပ်နိုင်တဲ့ အလုပ်တခုကို ကိုယ့်ကို တန်းတူမြင် အောင်လို့ ကျနော်ကြိုးစား တဲ့အတွက် အထက်လူကြီးက လက်ခံလာတယ်။
အဲတော့ ဒီအထဲမှာ ရိုစ့်ပြောတဲ့ အကြောင်းအရာလေးတခုပေါနော့်။ ကိုယ့်ရဲ့မိသားစုထဲမှာ လိင်တူချင်းချစ်တဲ့သူ တယောက်ရှိတော့ ကိုယ့်မိသားစုက ရှက်ကြတယ်။ မဖြစ်ချင်ကြဘူး။ အဲဒါကြောင့်မို့လို့ သူတို့က အတင်းအကြပ် ပုံစံမျိုးစုံနဲ့ ပြောင်းလဲတဲ့သဘောမျိုး ရှိတယ်။ တချို့လူဆိုရင်လည်း ဒါက စိတ်ရောဂါအရ ဖြစ်တဲ့ဟာတွေ။ ဒါကြောင့်မို့လို့ ဆေး အတင်းကုတာတွေ ရှိတယ်။ တချို့တွေကြတော့ နည်းပေါင်းစုံနဲ့ ပြောင်းသွားမလား ဆိုပြီးတော့ ကြိုးစားတဲ့အရာတွေ ဖြစ်တယ်။ အဲလို ကြိုးစားမှုတွေက တကယ်တမ်း လိင်စိတ်ခံယူမှု၊ လိင်တူချစ်ချင်းကို ပြောင်းလဲနိုင်မယ်လို့ ယူဆပါသလား။
ရိုစီ။ ။ သမီးတို့ကတော့ ပြောင်းလဲနိုင်မယ်လို့ မယူဆပါဘူး။ ဟိုဘာလို့လဲဆိုတော့ တချို့ဆိုရင် လိင်တူချစ်သူဖြစ်မှာစိုးလို့ မရမက မိန်းမပေးစားလိုက်တယ်။ သူတို့ မိန်းမနဲ့တော့ တအိပ်ရာထဲ အိပ်ရတဲ့ အတွက်မို့လို့ လိင်ကိစ္စတော့ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် သူတို့အပြင်မှာကျရင် ထပ်ပြီး အမျိုးသားချစ်သူကိုရှာပြီး သူတို့ဘဝကို သာယာအောင် ဖန်ဆင်းကြတယ်။ သူတို့ကို အတင်းအကြပ် တားတဲ့အခါကျတော့ ကျမတို့ လိင်တူချစ်သူတွေဖက်က ထွက်ပေါက်တွေ မှားတတ်ပါတယ်။ သူတို့ဘက်မှာလည်း ဘဝတသက်တာလုံး ပြင်လို့မရတဲ့ အမှားတွေနဲ့ ကြုံရပြီးတော့ သူတို့ဖြတ်သန်းရတဲ့ ဘဝတွေမှာပေါ့လေ။ စိတ်ဆင်းရဲမှုတွေ ဖြစ်ကြရ တယ်။ ဆုံးဖြတ်ချက်တွေ မှားရတယ်။ နောက်တခါ သူတို့ဘဝ တခုလုံးမှာလည်း ပျော်ရွှင်စရာတွေ ဆုံးရှုံးရတာ ကို ကြုံတွေ့ရပါတယ်။ ကျမကတော့ ဒါမျိုးတွေကို မဖြစ်အောင်ပေါ့လေ။ မှန်ကန်တဲ့ သတင်းတွေနဲ့ပေါ့လေ။ ပညာပေးချင်ပါတယ်။
ကြာဖြူ။ ။ ရိုစီပြောတာကို ထောက်ခံပါတယ်။ ကျနော်ကိုယ်တိုင်လည်း ပြောင်းဖို့ ကြိုးစားခဲ့တယ်။ အရင်တုန်းကပေါ့။ မသိခင်တုန်းကပေါ့။ ရနိုင်လောက်ပါတယ် ဆိုပြီးတော့ နည်းမျိုးစုံနဲ့ပေါ့။ ဘာသာရေးအရ ကော၊ စိတ်ပညာဆိုင်ရာ စာအုပ်တွေကို ဖတ်ပြီးတော့ကော ကိုယ့်ကိုယ်ကို စိတ်ညှိ့ကြည့်တာမျိုးတွေ၊ ကာယ လေ့ကျင့်ခန်းတွေကို လုပ်တာမျိုးတွေ ရှိခဲ့တယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ ကျနော် နားလည်လာခဲ့တယ်။ ဘယ်လိုမှ ပြောင်းလဲလို့မရဘူးဆိုတာ We are born with this way ပေါ့နော်။ ပြောရမယ်ဆိုရင်တော့ ကိုယ့်ထက် အသက်ကြီးတဲ့ အသက် (၈၀) ကျော် အခြောက်မကြီးတွေလည်း ရှိတာကို တွေ့ခဲ့တယ်။ သူတို့တွေလည်း ကိုယ့်လိုပဲ အသက်(၂၀) အရွယ်လောက်တုန်းက ပြောင်းချင်စိတ် မရှိဘူးလားဆိုတော့ သူတို့လည်း ရှိခဲ့ကြမှာပဲ။ တခါတလေမှ မဟုတ်ဘူး။ ဘဝတလျှောက်လုံးမှာ ပြောင်းချင်စိတ် အနည်းဆုံး တကြိမ်လောက်ကတော့ ရှိကြမှာပဲ။ ပြောင်းဖို့လည်း ကြိုးစားခဲ့ကြမှာပဲ။ဒါပေမယ့် ပြောင်းလို့မရလို့သာ အသက် ၈၀ ကျော်အထိ ခြောက်နေခဲ့ကြရတာပေါ့။ ပြောင်းလို့ရရင် အစောကြီးကတည်းက ပြောင်းသွားပြီပေါ့နော်။ အဲဒါကို ပြောချင်ပါတယ်။
မိုးအောင်။ ။ ကျနော်လည်း ဝေယံပြောတာကို လက်ခံတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ စကားပုံတောင် ရှိသေးတာပဲ။ “မွေးသန္ဓေ သေမှပျောက်” ဆိုတဲ့အတိုင်းပဲပေါ့နော်။ မိန်းမလျာဆိုတဲ့ စိတ်ကတော့ ဘယ်နှစ်ယောက်ကပဲ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံဆက်ဆံ၊ ခွဲခြားပြီးတော့ပဲ ဆက်ဆံဆက်ဆံ၊ ဘယ်လိုပဲ ဆက်ဆံဆက်ဆံ စိတ်ရဲ့ခံစားမှုကတော့ ကိုယ့်ရဲ့ဘဝကြီး သေဆုံးမှ ပပျောက်သွားမှာလေ။ ဟုတ်တယ်မလား။ အဲတော့ မိန်းမလျာဖြစ်တဲ့ စိတ်ကတော့ ဘယ်တော့မှ ပြောင်းလဲလို့လည်း မရဘူး။ ချုပ်နှောင်ထားလို့လည်း မရဘူး။ သူ့အတွက် ဖြစ်နေတဲ့စိတ်ကို ကိုယ်ကိုယ်တိုင်ကကော ကိုယ့်ရဲ့မိသားစု အသိုင်းအဝိုင်းကပါ လမ်းမှားမရောက်ဖို့၊ လမ်းမှန်ရောက်ဖို့ သွန်သင်ဆုံးမဖို့နဲ့ လမ်းမှန်ပြဖို့ပဲ အရေးကြီးတာ။
ခင်ဦး။ ။ ဟုတ်ပါတယ်။ မိုးမိုးရဲ့စကားကို ကျနော်လည်း လက်ခံပါတယ်။ ကျနော့်သူငယ်ချင်း တယောက် ရှိတယ်။ လိင်တူချစ်တဲ့စိတ် ပေါက်နေတာကို သူ့အဖေက ပျောက်သွားအောင် ဆိုပြီးတော့ စစ်ထဲကို ထည့်လိုက်တယ်။ ဒါပေမယ့် စစ်ထဲကို ရောက်နေပေမယ့် သူ စစ်ပုံစံကြီးနဲ့ ဘယ်လောက်ပဲနေပါစေ။ ပုံသဏ္ဍာန်ကြီး ဘယ်လောက်ပဲ ပြောင်းလဲနေပါစေ။ သူ့ရဲ့ စိတ်ရင်းအမှန်ကတော့ မိန်းမလိုဝတ်ပြီးတော့ လိင်စိတ်ကို ရှာတဲ့စိတ်က ရှိနေတယ်။ တခါတရံ ကျနော်တို့နဲ့လာပြီးတော့၊ ပူးပေါင်းပြီးတော့ သူငယ်ရှာတာတွေ လုပ်တယ်။ အဲဒါကြောင့်မို့လို့ လိင်စိတ်ကို ပြောင်းလဲဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
ကြာဖြူ။ ။လိင်တူချင်း ချစ်တဲ့စိတ်ကို ဆေးပညာကုထုံးနဲ့ နောက်တခု စိတ်ပညာအဖြစ် သတ်မှတ်ပြီး ကုထုံးတွေကကော အောင်မြင်နိုင်တယ်လို့လည်း မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တကမ္ဘာလုံးကလည်း ကြိုးစားကြတာပဲလေ။ ပြီးတော့ ဘယ်လောက် ရာခိုင်နှုန်းအထိ အောင်မြင်တယ်။ ဘယ်လောက် ရာခိုင်နှုန်းအထိ မအောင်မြင်ဘူး ဆိုပြီးတော့လည်း Research တွေ၊ စာတမ်းတွေ ထုတ်ကြတာပဲ။ ဒါပေမယ့် သူတို့ တကယ် အောင်မြင်သွားလား၊ မအောင်မြင်ဘူးလား ဆိုတာကတော့ ပြောလို့မရဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ စိတ်ဆိုတာက လူက မြင်ရတာမှ မဟုတ်တာ။ ခင်ဦး ပြောသလိုပေါ့။ လိင်တူချစ်သူ အခြောက်မ တယောက်၊ မိန်းမလျာတယောက်ကို စစ်ထဲထည့်လိုက်လို့ သူ့ပုံစံ လုံးဝကျားကျားယားယားကြီး ဖြစ်သွား နိုင်တယ်။ လူများတွေအမြင်မှာ သူက လုံးဝလိင်ကွဲချစ်သူ၊ လုံးဝ Straight တယောက်လို့ မြင်သွားနိုင်တယ်။ ယောက်ျားကြီး တယောက်ပဲ။ ဒေါင်းနဲ့မောင်းနဲ့။ ဒါပေမယ ညညကျတော့မှ ပွင့်သွားတာမျိုးတွေလည်း ဖြစ်နိုင်တာပဲ။ ပြောလို့ မရဘူးပေါ့နော်။ သူတို့ စိတ်ပညာကုထုံးအရလည်း ကုလိုက်လို့ အဲလိုမျိုး ကျားကျားယားယားကြီး ဖြစ်လိမ့်မယ်။ အဲလိုမျိုး အတွင်းစိတ်ကိုတော့ ပြောလို့မရဘူး။ ပြောလို့မရဘူးလို့ ထင်ပါတယ်။
လူတွေမှာ ဘာကြောင့် လိင်တူချင်း ချစ်တဲ့သူတွေအပေါ်မှာ အထင်သေး၊ မုန်းတီး၊ ခွဲခြားတဲ့စိတ်တွေ ပေါ်လာတယ်လို့ ထင်လဲ။ ဘာကြောင့် ကျနော်တို့အသိုင်းအဝိုင်းမှာ ဒီလိုစိတ်တွေ ရှိနေရတယ်လို့ ထင်ပါသလဲ။
ကြာဖြူ။ ။ ဒီဟာကတော့ ကျနော် ပြောမယ်နော့်။ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဆိုသလိုပဲပေါ့။ ကျနော်တို့က လူတယောက်ကို ချစ်တယ်။ ဒါပေမယ့်လည်း အဲလူနဲ့ လက်ထပ်လို့ မရဘူး။ လက်ထပ်လို့ မရတဲ့အတွက် အဲဒီလူက ကိုယ့်ကို ချစ်ပေမယ့်လည်း တကယ်လက်ထပ်လို့ မရတဲ့အခါမှာ နောက်ဆုံးတော့ သူ့ရဲ့ပတ်ဝန်းကျင်၊ မိဘအသိုင်းအဝိုင်းက စီစဉ်တဲ့အတိုင်း သူ မိန်းမတယောက်ကို လက်ထပ်လိုက်ရတယ်။ အဲဒီမှာ ကျနော်တို့မှာ အသဲကွဲပြီး ကျန်ရစ်ခဲ့တယ်။ အသဲကွဲတယ် ဆိုတာမှာလည်း သိတဲ့အတိုင်း။ ပြန်ကျက်သွားပြီးတော့ နောက်တယောက်နဲ့ ပြန်ချစ်တယ်။ အဲဒီမှာ လူတွေများလာတယ်။ လူတွေကနေ ကိုယ့်ကို လိင်တူချစ်သူတွေက အတွဲများတယ်လို့ ထင်လာတယ်။ ထင်လာတဲ့အခါမှာ အခြောက်တွေဆိုတာ အလကားပါ။ HIV/ AIDS ကို Carrier လုပ်နေကြတာ။ ရည်းစား များတယ်။ အတွဲ များတယ်။ သူတို့တွေက တယောက်ပြီး တယောက် သစ္စာမရှိဘူး ဆိုပြီးမှ အဲလိုဖြစ်လာတယ်။ ပြောရမယ်ဆိုရင်တော့ နှစ်ခုစလုံးကလေ။ ဟိုဖက်ကော ဒီဖက်ကော ဒီခွဲခြားမှုတွေကြောင့်ပဲ လူတွေက အထင်အမြင် သေးလာတယ်။ အထင်အမြင် သေးမှုကြောင့်ပဲ ခွဲခြားမှုဖြစ်လာတဲ့ သဘောပေါ့နော်။ ကိုယ့်ဖက်က ဘယ်လောက်ပဲ ပြင်ပြင် သူတို့တွေကြောင့်မို့လို့ မျိုးစုံ။ အဲလိုပဲပြောရမှာပေါ့။
ရိုစီ။ ။ ဆရာ။ ဒီလိုပါ။ လိင်တူချင်း ချစ်တဲ့သူတွေအပေါ်မှာ သူတို့တွေ ဒီလိုမျိုး ဖိအားတွေ ပေးတယ်ပေါ့နော်ဆရာ။ ဖိအားတွေ ပေးတဲ့အခါကျတော့ ကျမတို့နဲ့ ချစ်သူဖြစ်တဲ့သူတွေရဲ့ ကြားထဲမှာ သဘောထားတွေ ကွဲလွဲစေပါတယ်ဆရာ။ အစတုန်းကတော့ ကျမတို့ ဒီလိုမျိုး (၂)ဦးသဘောတူ လက်တွဲခဲ့ကြတယ်ပေါ့။ နှစ်ဦးသဘောတူ ချစ်တယ်။ မြတ်မြတ်နိုးနိုးကို ချစ်ကြတယ်။ ဒါပေမယ့် အခုလိုမျိုး သူငယ်ချင်းတွေက တမျိုး၊ မိဘက တမျိုးပေါ့လေ။ နောက်တခါ ယဉ်ကျေးမှုနဲ့လည်း သက်ဆိုင်တယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ဟေ့ ယောက်ျားဆိုရင် မိန်းမတယောက်ကိုပဲ လက်ထပ်ရမယ်။ နောက်တခါ အဲဒီမိန်းမဆိုရင်လည်း ယောက်ျားကိုပဲ လက်ထပ်ရမယ်ဆိုတဲ့ သူ့ရဲ့ရှေးထုံးစဉ်လာ အဆက်ဆက်က လုပ်ခဲ့တဲ့ ခေါက်ရိုးကြီးကပေါ့လေ။ ကျမတို့နိုင်ငံမှာ ကျိုးနေတဲ့သဘော ဖြစ်နေပါတယ်။ အဲဆိုတော့ ယောက်ျားယောက်ျားချင်း လက်မထပ်ရဘူးလို့ မပြောဘူး။ ဒါပေမယ့် လက်ထပ်တယ်ဆိုတာ သူတို့မှာ ဓလေ့က မရှိခဲ့ဘူး။ အဲတော့ မလုပ်နဲ့ပေါ့ဆရာ။ အဲဒီလိုမျိုးလေးတွေ ကျမတို့ရဲ့ ယဉ်ကျေးမှုမှာ ပါလာတဲ့အခါကျတော့ ကျမတို့မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါတယ်။
မိုးအောင်။ ။ ကျနော်တို့တတွေကျတော့ ဘယ်လိုမြင်သလဲဆိုတော့ ကျန်းမာရေး ဗဟုသုတပေါ့နော်။ ဘယ်လိုပြောမလဲ။ ဂေးလ်တယောက်ကို မြင်လိုက်ပြီဆိုတာနဲ့ ပတ်ဝန်းကျင်က သူတို့ကြောင့် ဂေးလ်တယောက် ဘယ်လိုပဲ ဆုံးပါးဆုံးပါး သူဆုံးပါးသွားရင် ဘယ်လိုပြောလဲဆိုတော့ HIV လို့ ပြောတယ်။ ဒီဂေးလ်ကို သနားရကောင်းမှန်း သူတို့မသိဘူး။ ဒီဂေးလ်ရဲ့ ခံစားချက်၊ ဒီဂေးလ်ဟာ ဘယ်လိုရောဂါကြောင့် ဆုံးပါးသွားတယ်ဆိုတာကို သူတို့ လုံးဝမစဉ်းစားဘူး။ ဒီဂေးလ်ကို သူတို့က အပြစ်မြင်ဖို့၊ ခွဲခြားဖို့၊ မကောင်းတာ မြင်ဖို့ပဲ သူတို့ရင်ထဲမှာ ရှိနေတယ်။ ဂေးလ်တယောက် ဆုံးပါးသွားပြီဆိုရင် အများစု အခုဘယ်သူ့ကိုပဲ မေးကြည့်မေးကြည့်၊ ဒီခေတ်ကြီးထဲမှာ ဂေးလ်တယောက် ဆုံးပါးသွားပြီးရင် ဟာ သူက အချိန်တန်တော့HIV AIDS နဲ့ပဲ နေမှာပေါ့။ ဒီဂေးလ်က ဆုံးပါးသွားတာ။ အေ ကိုက်သွားတယ်။ သိတယ်မလား။ သူ မြင်လာပြီ။ ကိုယ် ဘယ်လိုပဲပေါ့နော်။ ကုနြေ္ဒသိက္ခာရှိရှိ ကျနော်တို့ မြန်မာအမူအကျင့်တွေက အခြောက်မြင်ရင် မျောက်မြင်သလို နည်းနည်းလေး စလိုက်ရမှ၊ ခဲလေးနဲ့ တို့လိုက်ရမှ သူတို့က ကျေနပ်တာ။ သူတို့ ဘယ်လို ဘယ်အလုပ်တွေပဲ များများ အခြောက်တယောက်က၊ ဂေးလ်တယောက်က သူတို့ရှေ့က ဖြတ်သွားပြီဆိုရင် ဟာဟိုမှာ မင်း အမကြီး လာနေတယ်။ မင်းကို လာရှာနေတယ်။ ဟိုမှာ ဘာဖြစ်တယ်။ အဲသလိုမျိုး။ ကိုယ့်ဟာကိုယ် သွားတာတောင်မှ လူတွေရဲ့ခွဲခြားဆက်ဆံမှုကို ခံရတာဆိုတော့ ကျနော်တို့မြန်မာတယောက်အနေနဲ့ ဒါတွေဟာ မဖြစ်သင့်တဲ့ ကိစ္စတွေပေါ့။ လူကို လူလိုမြင်ရင် အကောင်းဆုံးပဲလေ။
ရိုစီ။ ။ ပတ်ဝန်းကျင်မှာရှိနေတဲ့ ဖျော်ဖြေရေးတို့၊ မီဒီယာတို့ကကော လိင်တူချင်းချစ်တဲ့သူတွေကို မုန်းတီးအောင် ပံ့ပိုးပေးတဲ့အရာမျိုး ဖြစ်နိုင်ပါတယ်။ အခြောက်တွေကို အတင်းဟာသပုံစံတွေ၊ လှောင်စရာ ပြောင်စရာပုံစံတွေနဲ့ သရုပ်ဆောင်ပြတယ်။ တချို့ဇာတ်လမ်းတွေထဲမှာ ကျတော့လည်း အခြောက်ကနေ ပြီးတော့ မိန်းမလိုဝတ်တယ်။ အဲဒီမိန်းမလိုဝတ်နေတဲ့ အခြောက်တယောက်ကို ဇွတ်အတင်း မိန်းမပေးစား ပစ်လိုက်တယ်။ ဇွတ် ကျားခိုင်းပြီးတော့ ကလေးမွေးတယ်ပေါ့လေ။ အဲဒီမွေးတဲ့ကလေးကို တခါပြန်ပြီးမှ ရှောက်သီးဆေးပြား ရောင်းစားတာမျိုး၊ ရောင်းပြီး ကျွေးတာမျိုး၊ နတ်ကတော်လုပ်ပြီး ကျွေးတာမျိုးပေါ့လေ။ ဒီမီဒီယာတွေကလည်း သတင်းအမှားတွေကို ပေးတယ်ပေါ့နော်။ နောက်တခုက ဒီလိုမျိုး သတင်းတွေပေးတဲ့ လူတွေကလည်း ကျမတို့ မြန်မာပြည်ဆိုရင် ဒါရိုက်တာတွေ၊ ဇာတ်ညွန်းရေးဆရာတွေ၊ များသောအားဖြင့် သူတို့ကိုယ်တိုင်ကလည်း ကျမတို့လို့ လိင်တူချစ်သူတွေပါ။ ဒါတွေကို ကျမတို့က ပြောချင်ပါတယ်။ ဒီလိုမျိုး လူထုကို ပျက်ရယ်ပြုစေတဲ့ သဘောမျိုးလေးတွေကိုလည်း သတင်းနဲ့မီဒီယာတွေက ပေးနေတဲ့အတွက် ကြောင့်မို့လို့ ကျမတို့အပေါ်မှာ လူတွေက ရီစရာတခုလို့ပေါ့လေ။ ခွဲခြားစရာတခုလို၊ နှိမ့်ချစရာတခုလို မြင်တယ်လို့လည်း ကျမတို့ မြင်မိပါတယ်။
ကြာဖြူ။ ။ တိုင်းပြည်ရဲ့ ဥပဒေအနေအထားတွေ ဘာတွေလဲ ရှိသေးတယ်ဗျ၊ အဲဒါကတော့ အားလုံးသိတဲ့အတိုင်း ၃၇၇ ပေါ့နော်။ ၃၇၇ ဆိုလို့ရှိရင် သဘာဝနဲ့ဆန့်ကျင်ပြီးတော့ လိင်ဆက်ဆံတဲ့အမှုပေါ့။ သဘာဝနဲ့ဆန့်ကျင်ပြီး လိင်ဆက်ဆံတယ် ဆိုတဲ့နေရာမှာ ယောက်ျားယောက်ျားချင်း လိင်ဆက်ဆံတာတွေ မကဘူးပေါ့။ ဟိုယောက်ျားနဲ့ မိန်းမတောင်မှ သဘာဝမဟုတ်တဲ့ အပေါက်တွေ၊ ဆိုလိုတာက ပါးစပ်ပေါက်၊ စအိုပေါက် အဲဒါတွေနဲ့၊ ပြီးတော့ ရင်သားနှစ်ခုကြား အဲလိုဆက်ဆံတာတွေ အကုန်လုံးပါတယ်လေ။ ပြီးတော့ တိရစ္ဆာန်တွေနဲ့ ဆက်ဆံတာတွေ ပါမယ်။ အဲဒါတွေ ပါမယ်ပေါ့နော်။ ဒါပေမယ့် အခုကျတော့ ဘယ်လိုဖြစ်သလဲ ဆိုတော့ ၃၇၇ နဲ့ ဖမ်းတယ်ဆိုတာကတော့ ကျနော်တို့မြန်မာပြည်မှာ လိင်တူချစ်သူတွေကတော့ အများကြီး ရှိနေတာပဲ။ ၃၇၇ နဲ့ ဖမ်းတယ်ဆိုတာကတော့ ရှားပါတယ်။ အရင်တုန်းက ဖမ်းလားတော့ မသိဘူးပေါ့နော်။ မရှိဘူးပေါ့။ ဒါပေမယ့် ဖမ်းချင်လာရင်လည်း အချိန်မရွေး ကောက်ဖမ်းလို့ ရတယ်။ အဲလိုတော့ ရှိတယ်ပေါ့နော်။
ဟုတ်ကဲ့။ ခွဲခြားခံရတဲ့ အဆင့်တွေထဲမှာ ဥပဒေအရလည်း ရှိတယ်။ တချိန်တည်းမှာပဲ လူတွေစွဲနေတဲ့ အစွဲတွေ ရှိတယ်။ သဘာဝမကျဘူးလို့ မြင်ထားတာတွေ ရှိတယ်။ မီဒီယာတွေ၊ ရုပ်ရှင်တွေကလည်း ဒါကိုဖြစ်အောင် ပံ့ပိုးပေးနေတဲ့ အနေအထားမျိုးတွေ ဖြစ်တယ်။ အဲတော့ ဒီလိုမျိုး နှစ်ပေါင်းများစွာ စွဲလာခဲ့တဲ့ အမြင်တွေ၊ အစွဲတွေ၊ လိင်တူချင်း ချစ်တဲ့သူတွေအပေါ်မှာ အထင်သေးတဲ့ မှားယွင်းတဲ့အယူအဆတွေကို ပြောင်းလဲစေချင်ရင် ကျနော်တို့ ဘာတွေလုပ်သင့်တယ်လို့ ထင်လဲ။
မိုးအောင်။ ။မုန်းတီးတဲ့စိတ်ကို ပပျောက်အောင် လုပ်ဖို့ဆိုတာ လူတဦးတယောက်တည်းနဲ့ လုပ်လို့ မရပါဘူး။ ကျနော်တို့တတွေ အားလုံးက ကိုယ်အမူအရာ၊ နှုတ်အမူအရာကိုပေါ့နော်။ အဲဒါလေးကိုလည်း ပြောင်းလဲပစ်ဖို့ လိုပါတယ်။ သူများတွေ မလုပ်နိုင်တဲ့ အလုပ်တခုကို ကိုယ်ကပိုပြီး လုပ်ပြနိုင်ဖို့ လိုပါတယ်။ သူများတွေအတွက်ပေါ့နော်။ ကိုယ့်မိသားစုအကျိုးလည်း ဖြစ်ရမယ်။ အများအကျိုးလည်း ဖြစ်ရမယ့်အလုပ်ကို ကျနော်တို့ လိင်တူချစ်သူတွေကနေ စည်းစည်းလုံးလုံး လုပ်ပြဖို့လည်း လိုပါတယ်။ အဲဒါမှ ဒီလိင်တူချစ်သူတွေ အပေါ် အထင်သေးတဲ့စိတ်တွေ၊ အမြင်တွေကို ကျနော်တို့ကနေပြီး ရပ်ရွာအကျိုး သယ်ပိုးရင်းနဲ့ ပြောင်းလဲပစ် ဖို့တော့ လိုအပ်မယ်လို့ထင်ပါတယ်။
ရိုစီ။ ။အစောတုန်းက ကျနော့်သူငယ်ချင်း ပြောသွားသလိုပဲပေါ့နော်။ ပထမဦးဆုံး ကျမတို့ကိုယ်တိုင် ပြောင်းလဲရမယ်။ ကျမတို့ကလည်း လူထုနဲ့အတူ ပတ်ဝန်းကျင်ပေါ့လေ။ လက်ခံနိုင်တဲ့ အနေအထားရှိအောင် ကျမတို့ဘက်က ပြောင်းလဲပေးရမယ်။ နောက်တချက်ကကျတော့လည်း ကျမတို့ရဲ့ပြောင်းလဲမှုကိုလည်း လိင်တူချစ်ချင်းကို မုန်းတီးနေတဲ့သူတွေက ပြန်ပြီး ပြောင်းလဲပေးရမယ်ဆရာ။ အော် သူတို့ကလည်း လူသားပါလား။ သူတို့မှာလည်း နှလုံးသားရှိမှာလား။ သူတို့လည်း ယောက်ျားချင်း ချစ်လို့ရပါလားဆိုတဲ့ ကျမတို့ကို ပြန်လည်ပြီးတော့ စာနာထောက်ထားတဲ့ အတွေးလေးတွေနဲ့ပေါ့နော်။ ဒီလို နှစ်ဦးနှစ်ဖက် ပြောင်းလဲ လိုက်တဲ့အခါ ညီညီမျှမျှ ပြောင်းလဲမယ်ဆိုရင် ကမ္ဘာကြီးက လှပသာယာသွားမယ်လို့ မျှော်လင့်ထားပါတယ် ဆရာ။ တခြားသူတွေ ပြောင်းလဲဖို့ဆိုတာကတော့ ပထမဦးဆုံးအဆင့်အနေနဲ့ ကျမတို့ လုပ်နေပါတယ်။ ကျမတို့ လိင်တူချစ်သူအချင်းချင်း စည်းရုံးမှုတွေကို ပြန်ပြီးတည်ဆောက်ကြတယ်။ ပြီးတဲ့အခါကျတော့ ကျမတို့ ဘာသာရေး၊ သာသနာရေး၊ လူမှုရေးတွေမှာ ကျမတို့တတ်နိုင်သမျှ ကိုယ့်ရဲ့ကိုယ်စွမ်း၊ ညာဏ်စွမ်းရှိသမျှ ပူးပေါင်းပါဝင် ဆောင်ရွက်နေကြတာပေါ့နော်။ ကျမတို့ အသင်းအဖွဲ့လေး ဖွဲ့ပြီးတော့ပေါ့လေ။ ပြည်တွင်းမှာရှိတဲ့ လိင်တူချစ်သူတွေကို ချိတ်ဆက်ပြီးတော့ လူထုအကျိုးပြု လုပ်ငန်းလေးတွေကို လုပ်နေတာပေါ့လေ။
ကြာဖြူ။ ။ပပျောက်အောင် ဆိုလို့ရှိရင် အခုနတုန်းက ဖိအားပေးနေတဲ့ ကိစ္စတွေကိုလည်း ကိုယ်က တုံ့ပြန်နိုင်ရမယ်။ ဘယ်လိုလဲဆိုတော့ အခုလိင်တူချစ်သူတွေကို မုန်းအောင်ဆိုပြီးတော့မှ မီဒီယာတွေကနေ ပေးနေတာတွေ ရှိတယ်။ သူတို့တွေကပေးတဲ့ အချက်တွေက အမှားတွေ ဖြစ်နေတယ်။ ဒီဂေးလ်တွေဆိုတာ လိင်တူချစ်သူတွေဆိုတာ ရီစရာသတ္တပါ (Funny Creature)ပေါ့နော်။ လုံးဝ ရီစရာသတ္တဝါတွေပါ။ သဘာဝကို ဆန့်ကျင်နေတာပါဆိုတဲ့သတင်းကို ပေးမယ့်အစား ကျနော်တို့ကလည်း လိင်တူချစ်သူတွေဆိုတာ ရီစရာသတ္တဝါ မဟုတ်ဘူး။ သူတို့လည်း လူသားပဲ။ သူတို့လည်း ချစ်တတ်တဲ့နှလုံးသား ရှိတယ်။ သူတို့လည်း ကောင်းတာတွေ လုပ်နိုင်တယ်။ ဒါဟာ လောကကြီးထဲမှာ ကောင်းတဲ့လူလည်း ရှိတယ်။ မကောင်းတဲ့လူလည်း ရှိမှာပဲ။ ဒါပေမယ့် ဒီလိင်တူချစ်သူတွေချည်းပဲ မကောင်းတာတော့ မဟုတ်ဘူး။ သူတို့လည်း ကောင်းတာတွေ လုပ်နိုင်တယ်။ သူတို့လည်း လူသားပဲ။ သူတို့လည်း ချစ်တတ်တဲ့နှလုံးသား ရှိတယ်ဆိုတာကို မီဒီယာကနေတဆင့် ပြန်ပြနိုင်ဖို့လည်း လိုအပ်ပါသေးတယ်လို့ ထင်ပါတယ်။
ဒီမှာရှိနေတဲ့သူတွေ အကုန်လုံးက အဖွဲ့အစည်းအသီးသီးမှာ လုပ်နေတဲ့သူတွေ။ အဲတော့ လိင်တူချင်းချစ်တဲ့သူတွေအပေါ်မှာ ခွဲခြားမုန်းတီးမှုတွေ ပပျောက်ဖို့အတွက် ကိုယ့်အဖွဲ့အစည်းအတွင်းမှာကော ဘယ်လိုမျိုး နည်းလမ်းတွေနဲ့စပြီး လုပ်ဆောင်နေလဲဆိုတာကို နည်းနည်းရှင်းပြပေးပါလား။
ရိုစီ။ ။ဟုတ်ကဲ့။သမီးတို့ အဖွဲ့လေးပေါ့နော်။ ဖွဲ့ထားပါတယ်။ အဲဒီအဖွဲ့ စဖွဲ့တဲ့အချိန်ကစပြီး လိင်တူချစ်သူတွေကို အမူအကျင့်ဆိုင်ရာ သင်တန်းလေးတွေကို ပေးတယ်။ နောက်တခါကျတော့ သူတို့အချင်း ချင်းကို တွေ့ဆုံပေးတယ်ပေါ့နော်။ တယောက်ရဲ့ လိုအပ်ချက်လေးတွေကို တယောက်ကို ဖွင့်ပြောပြတယ်။ တယောက်ရဲ့အကူကို တယောက်က ပေးတယ်။ကျမတို့အချင်းချင်းကြားမှာတော့ Care လုပ်တဲ့ သဘောပေါ့ နော်။ ဒါက ပထမအဆင့်ပါ ဆရာ။နောက်တခါကျရင် ကျမတို့ ဘယ်လိုပြန်လုပ်လဲဆိုတော့ HIV/ AIDS နဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ လူထု ပြန်လည်ထူထောင်ရေးပဲ ဖြစ်ဖြစ်ပေါ့လေ။ သူများက ကိုယ့်ဆီကိုလာပြီး အကူအညီတောင်းတဲ့ အခါကျရင် ကျမတို့ကိုယ်တိုင် လုပ်ပေးနိုင်ရင် လုပ်ပေးတယ်။ မလုပ်ပေးနိုင်ရင် လုပ်ပေးနိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးတယ်ပေါ့နော်။ အဲဒါ ကျမတို့က ဒီလိုမျိုးပေါ့လေ။ လူထုအတွင်းမှာ ကျမတို့ ထဲထဲဝင်ဝင် အလုပ်လုပ်တယ်။ လူထုဖက်က လိုအပ်နေတဲ့ အကူအညီလေးတွေကို အသင်းအဖွဲ့လေးတွေဖွဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အကူအညီပေးတယ်။ အဲဒီလိုနဲ့ ကျမတို့နဲ့ လူထုကြားမှာ ယုံကြည်မှုတွေ အပြန်အလှန်ရှိအောင် ကြိုးစားပြီးတော့ လုပ်ကိုင်နေပါတယ်ဆရာ။
ခင်ဦး။ ။အခုနက အမရိုစ့် ပြောသလိုပေါ့နော်။ HIV နဲ့ ပတ်သက်တဲ့ အခြေခံ အဖွဲ့အစည်း အားလုံးတွေကို လုပ်ပေးတဲ့အပြင်ကို အမတို့ပြောတဲ့ လုပ်ငန်းတွေအပြင်ကို အချို့အလုပ်မရှိသေးတဲ့ လိင်တူချစ်သူတွေကို အလုပ်အကိုင် အခွင့်အလမ်းရအောင်ဆိုပြီးတော့ ကျနော်တို့က ဆံပင်ညှပ် သင်တန်းတွေကို ခေါ်ပေးတယ်။ ပြီးတော့ HIV နဲ့ ပတ်သက်တဲ့ သင်တန်းတွေကို ပေးတယ်ပေါ့နော်။ အဲဒီသင်တန်းတွေကတဆင့် သူတို့ရဲ့ ဘဝလမ်းကြောင်းကို သူတို့ ဖြောင့်မှန်အောင် လျှောက်တတ်သွားမယ် ဆိုလို့ရှိရင် လမ်းပေါ်မှာ လေလွင့်နေတဲ့ လိင်တူချစ်သူတွေ နည်းသွားမယ်။ ဒါဆိုလို့ရှိရင် ပြည်သူလူထုတွေရဲ့ အထင်မြင်သေးတာတွေဟာလည်းလျော့နည်းသွားမယ်ပေါ့။
မိုးအောင်။ ။အရင်တုန်းက ဂေးလ်နဲ့လယ်စဘီယံဆိုတာ တဦးအကြောင်းကို တဦးက မသိတဲ့အခါ ကျတော့၊ သူတို့ပုံစံနဲ့ ကိုယ့်ပုံစံ မတူတဲ့အခါကျတော့ အတွဲမိတာလေးတွေ ရှိတယ်။ အလုပ်လုပ်လာတဲ့ အခါကျတော့ သူတို့အပေါ်လည်း ကိုယ်နားလည်လာအောင် သူတို့ကလည်း ကိုယ်တွေအပေါ် နားလည်အောင် အရင်လုပ်တယ်။ တဦးနဲ့တဦး နားလည်မှုတွေ အရင်ယူတယ်။ ယူပြီးတော့ ကိုယ့်ရွာရပ်ရွာမှာ ဘာတွေလုပ်ပေးလဲဆိုတော့ ဒီဂေးလ်တို့၊ လယ်စဘီယံတို့ဆိုတာ ပတ်ဝန်းကျင်မှာ အမြင်မကြည်ဘူး။ Cross ဖြစ်နေတဲ့ လူတန်းစားတွေ။ အဲဒီလူတန်းစားတွေဟာ ကိုယ့်ရဲ့အဖွဲ့အစည်းမှာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လုပ်နေတဲ့အတွက် ပတ်ဝန်းကျင်က လူတွေရဲ့ အမြင်မှာ အော်လယ်စဘီယံတွေ၊ ဂေးလ်တွေတောင်မှ၊ ဒီလိုအဖွဲ့နဲ့ ညီညီညွတ်ညွတ် လုပ်နေတယ်ဆိုတဲ့ စည်းလုံးမှုလေးကို ပြပြီးတော့ ကျနော်တို့ကို အမြင်စောင်းနေတဲ့လူတွေကို အမြင်တည့်လာအောင် ကျနော်တို့က စည်းစည်းလုံးလုံး ကိုယ့်အဖွဲ့အစည်းမှာ ကိုယ် အောင်အောင်မြင်မြင်ပေါနော့်။ တယောက်ကနေ တရာအထိ ပါဝင်လာအောင် ကျနော်တို့က စည်းစည်းလုံးလုံး လုပ်ပြနေပါတယ်။
ဝေယံ။ ။အရင်လူ သုံးယောက် ပြောသွားတာတွေက သိပ်ကောင်းပါတယ်။ ကျနော်လည်း သူတို့ပြောတဲ့ လုပ်ငန်းစဉ်တွေကို ထောက်ခံပါတယ်။ ကျနော်တို့ CAN က လုပ်တဲ့ လုပ်ငန်းစဉ်တွေမှာလည်း LGBT Program တွေနဲ့ ပတ်သက်ပြီးတော့ သူတို့လိုပါပဲ။ သိပ်ပြီးတော့မှ အများကြီး ထူးခြားသွားတာမရှိပါဘူး။ ဒါပေမယ့် ကျနော်တို့က Rights Issue ကို အခြေခံထားတာဖြစ်တဲ့အတွက် Human Rights နဲ့ပတ်သက်ပြီး LGBT တွေနဲ့ ပတ်သက်တဲ့ ဂျော်ဂျာကာတာ စံချိန်စံညွှန်းတွေ၊ အဲဒါတွေကိုပါ ထည့်ပြီးတော့ သင်တန်းပေးတဲ့ အခါမှာ Input အနေနဲ့ ထည့်ပေးလေ့ ရှိပါတယ်။ ပြီးတဲ့အခါမှာ ကိုယ့်ကိုယ်ကို လိင်တူချစ်သူတယောက် ဖြစ်နေတဲ့အတွက် သိမ်ငယ်စိတ်တွေ မဝင်အောင်၊ ပြီးတော့ဘဝမှာ အပုန်းဆိုလည်း အပုန်းအလျောက်၊ အပွင့်ဆိုလည်း အပွင့်အလျောက် ဘယ်လိုနေထိုင်ကြမလဲဆိုတဲ့ ဥစ္စာတွေကို သင်တန်းပေးတဲ့ သဘော မျိုးမဟုတ်ပဲနဲ့ အချင်းချင်းWorkshop သဘောမျိုးလေးတွေ လုပ်ပေးပါတယ်။
အိုကေ။ အခုဆိုလို့ရှိရင် ကျနော်တို့ အာဆီယံ လူထုဖိုရမ်ကို လာတက်ကြတယ်ပေါ့။ ဒီအချိန်မှာ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားစတဲ့ တခြားလိင်တူချင်း ချစ်တဲ့လူတွေနဲ့ပတ်သက်ပြီး လုပ်ကိုင်နေတဲ့ အဖွဲ့တွေက သူတို့အတွေ့အကြုံတွေကို ပြောသွားတာတွေရှိတယ်။ အဲဒီအတွေ့အကြုံထဲမှာ ကိုယ့်အတွက် တကယ်ကို အကျိုးရှိလိုက်တဲ့ အတွေ့အကြုံတခုစီလောက်ကို ပြောပြပေးပါလား။
မိုးအောင်။ ။ဒါဟာ ကျနော်ရဲ့ ပထမဦးဆုံး အတွေ့အကြုံပေါ့နော်။့ ကျနော်တို့မြန်မာနိုင်ငံမှာကော ကျနော်ဘယ်မှာမှ မကြားဖူးတဲ့ဟာကတော့ ဗီယက်နမ်မှာလုပ်တဲ့ ပီဖလက်ဆိုတဲ့ လိင်တူချစ်သူများရဲ့ မိဘနဲ့ သူငယ်ချင်းများဆိုတဲ့ အဖွဲ့လေးဘဲ။ ဒီအဖွဲ့ ဂေးလ်လေးတွေကို မွေးထားတဲ့မိဘတွေက ကိုယ့်ရဲ့သားသမီးလေး တွေကို လမ်းမှန်ရောက်အောင် ဘယ်လိုမျိုး လုပ်ပေးမလဲ ဆိုတာပေါ့နော်။ အဲလိုအဖွဲ့လေးက နေပြီးတော့ ဒီကိုယ့်မိဘတွေကို ဂေးလ်တွေကို လက်ခံနိုင်အောင်လို့ သူတို့ကို ကျနော်တို့က Control တွေ အများကြီးပေး နေတဲ့ အဖွဲ့လေးတွေ အများကြီး ပေါ်ပေါက်လာပြီဆိုတာ သိလိုက်ရတဲ့အတွက် ကျနော်တို့မြန်မာနိုင်ငံမှာလည်း ပီဖလက်လို အဖွဲ့မျိုးလေးတခု ဖြစ်အောင်လို့တော့ ကိုယ့်ရဲ့သူငယ်ချင်းတွေကို တတ်နိုင်သမျှ စုပြီးတော့။ ဒီတချို့ဆို မိဘကိုကြောက်ပြီးတော့ ပုန်းနေရတဲ့ ကလေးတွေပေါ့နော်။ မိဘကလည်း နားလည်မယ်။ ပုန်းနေတဲ့ ကလေးလေးကလည်း မိဘအပေါ် နားလည်ပြီး၊ နားလည်မှုရပြီးတော့ပေါ့။
မိသားစုအားလုံး ပြေပြေလည်လည်နဲ့ ဖြစ်ချင်တဲ့ဆန္ဒကလေးကို လမ်းမှန်ရောက်အောင်တော့ မိဘနဲ့သားသမီးကြားမှာ ညှိနှိုင်းပေးမယ့် အဖွဲ့လေးတဖွဲ့ တော့ ဖြစ်လာရင် ကောင်းမယ်ဆိုတဲ့ စိတ်ကူးလေးတခုတော့ ဒီဖိုရမ်ကိုတက်ရင်းနဲ့ အဲဒီအတွေးလေးတော့ ရလိုက်ပါတယ်။
ရိုစီ။ ။ ကျမကတော့ ဒီကို လာတက်တဲ့အတွက်ကြောင့်မို့လို့ ဒီအာဆီယံမှာပါတဲ့ MSM တွေရဲ့ လှုပ်ရှားမှုတွေကိုပေါ့လေ။ ကျမတို့နဲ့ ဒီယုံကြည်မှုတွေ၊ ဓလေ့စရိုက်တွေ မတူတဲ့နိုင်ငံတွေက ကိုယ်နဲ့ဘဝ တူတွေရဲ့ သတင်းလေးတွေကို ကြားရတယ်။ နောက်တခါ သူတို့လေးတွေရဲ့ အဖွဲ့လေးတွေကို ဖွဲ့စည်းပြီး သူတို့နဲ့ ကျမတို့ကြားက မတူတဲ့လုပ်ဆောင်မှုလေးတွေကို ကျမတို့ နည်းပညာအသစ်လေးတွေကို ရရှိတယ်။ နောက်ပြီး ကျမတို့ အရေးကြီးဆုံး ဘာရလိုက်သလဲဆိုတော့ အော် ကိုယ့်နိုင်ငံလိုပါပဲလား။ ကိုယ့်နိုင်ငံ ပြန်လည်ထူထောင်တဲ့အခါ ကျမတို့လိင်တူချစ်သူတွေကို ယုံကြည်လာအောင်၊ လိင်တူချစ်သူတွေ နေရာရအောင်၊ လိင်တူချစ်သူအပေါ်မှာ မုန်းတီးမှုတွေ၊ ကဲ့ရဲ့မှုတွေ၊ ခွဲခြားမှုတွေ လျော့ကျသွားအောင် ငါတို့လည်း ငါတို့နိုင်ငံမှာ လုပ်ရမယ်။ သူတို့လည်း သူတို့ဒေသမှာ လုပ်နေကြတယ်။ ကျမတို့ ဒီလိုလူတွေ၊ ညီအကိုမောင်နှမတွေရဲ့ လုပ်ရပ်တွေကို ကွန်ယက်တခု၊ နက်ဝပ်တခုအနေနဲ့ ရရှိသွားတယ်ဆရာ။
ဝေယံ။ ။ကျနော်လည်းပီဖလက်စ် ဆိုတဲ့ လိင်တူချင်း ချစ်သူတွေရဲ့မိဘတွေ၊ သူတို့အပေါ် နားလည်ပေးနိုင်တဲ့ သူငယ်ချင်းတွေ၊ Parents and Friends of Lesbians and Gays အဖွဲ့ကို အရမ်းကြိုက်ပါ တယ်။ ဘာလို့လဲဆိုတော့ လိင်တူချစ်သူတွေအပေါ် မုန်းတီးမှုတွေကို ပပျောက်အောင် လုပ်မယ်ဆိုရင် လိင်တူချစ်သူတွေချည်းပဲ လုပ်ဖို့ မလွယ်ပါဘူး။ သူတို့တွေပါ ပေါင်းပြီးတော့လုပ်မှ ပိုပြီး ထိရောက်မယ်၊ တွင်ကျယ်မယ်လို့ ယူဆပါတယ်။
ခင်ဦး။ ။သူတို့လုပ်နေတဲ့ လုပ်ငန်းစဉ်တွေထဲမှာ ကျနော်တို့နဲ့ တူတာက ကမ္ဘောဒီယားပေါ့နော်။ သူတို့တွေက ကျောင်းတွေကို သွားပြီးတော့ ဆရာတွေနဲ့ ဆွေးနွေးတာတွေပေါ့။ ပြီးရင် သူတို့ရဲ့ LGBT အချင်းချင်းတွေကို စုရုံးတယ်။ စုရုံးပြီးတော့ သင်တန်းတွေ လုပ်တယ်။ သင်တန်းတွေကို လုပ်ပြီးတော့ Network ချိတ်တယ်ပေါ့နော်။ အဲဒါတွေကတော့ ကျနော်တို့နဲ့ တူတာပေါ့။
အခုလာမည့်မေလ (၁၇)ဆိုရင် လိင်တူချင်း ချစ်တဲ့သူတွေအပေါ်မှာ မုန်းတီးမှုကို တားဆီးရေး ဆိုတော့ ကျနော်တို့ကို အခုချိန်အထိ အထင်သေးမုန်းတီးပြီး အကြမ်းဖက်ချင်တဲ့ စိတ်ရှိနေတဲ့သူတွေကို ကျနော်တို့ တိုတိုနဲ့ရှင်းရှင်း တခုစီပြောပါဆိုရင်ဘယ်လိုမျိုးပြောချင်ပါသလဲ။
ရိုစီ။ ။ကျမတို့ကလည်း လူသားထဲက လူသားတယောက်ပါဘဲ့။ အဲဒီတော့ကျမတို့ရဲ့ ချစ်ခြင်းက အသိအမှတ်ပြုပါ။ ကျမတို့အပေါ်မှာ မုန်းတီးမှုတွေကို လျော့ချပေးပါလို့ ပြောချင်ပါတယ်။
မိုးအောင်။ ။ကျနော်ပြောချင်တာကတော့ ပုခုံးနှစ်ဖက်ကြားက ခေါင်းပေါက်နေတဲ့ လူသားအားလုံး နဲ့အတူတူ LGBT တွေကိုလည်း အပြစ်တော်မမြင်ပဲနဲ့ အချစ်တော်တွေပဲ ဝင်ကြပါလို့ ပြောချင်ပါတယ်။
ဝေယံ။ ။သူများအပြစ်ကိုမကြည့်ခင် ကိုယ့်ကိုယ်ကို အရင်ဆုံးမြင်အောင် ကြည့်ပေးပါ။ ပြီးတော့မှ သူများကိုကြည့်ပါလို့ ပြောချင်ပါတယ်။
ခင်ဦး။ ။ကျနော် ပြောချင်တာကတော့ မတူကွဲပြားမှုကို လေးစားပါ။ ခွဲခြားဖိနှိပ်မှုကို ဆန့်ကျင်ပါလို့ ပြောချင်ပါတယ်။
Credit: http://www.colorsrainbow.com/index.php?/Straight-Talk/homo-talk-in-cambodia.html
No comments:
Post a Comment