ကြည်နူးစရာ အဖြစ်အပျက်ကလေး တစ်ခု…။
ဘာကြောင့်မှန်းမသိ၊ ယနေ့ထက်တိုင် ကျွန်တော့်စိတ်ထဲမှာ တိတိကျကျ
တစ်ခုမကျန် မှတ်မိနေပါတယ်။ အကြိမ်အခါ မရေမတွက် နိုင်တော့အောင် အဲ့ဒီအဖြစ်အပျက်ကလေးကို
ပြန်ပြောင်း အောက့်မေ့မိတယ် ဆိုပါတော့။ ဒီလိုအခါတိုင်း၊ အဲ့လိုအခါတိုင်း တိမ်မေ့ပျောက်ကွယ်လုနီးနီး
အကြောင်းအရာကလေးတို့သည် အသေးစိတ်၍ စိတ်၍ ပေါ်ပေါက်လာတတ်လေရဲ့။
ဝေလီဝေလင်း နံနက်ခင်း တစ်ခု အရှေ့ဘက်ရှိ တောင်တန်းရှည်ကြီးတို့မှာ
ပြာမည်းလျက်ရှိပြီး ၄င်းတို့၏နောက်ကျောဘက်တွင် အလင်းရောင်သည် ထွက်ပြူစ ဖြစ်လေရာ တောင်စွန်း
တောင်စွယ်တို့မှာ အနီရောင် ဖျော့ဖျော့ဖြင့် အနားကွပ်ထားသကဲ့သို့ ရှိလေသပေါ့။ အရှေ့ဘက်တောင်ထိပ်များမှာ
အလင်းရောင်သည် မိုးကောင်ကင်သို့ မြင့်လေ မြင့်လေ၊ ဖျော့လေ ဖျော့လေ ဖြစ်သွားပြီးလျှင်
တစ်စတစ်စ ညို၍ ညို၍ မည်း၍ မည်း၍လာခဲ့ရာမှ အနောက်ဘက် မိုးကုပ်စက်ဝိုင်းဆီသို့ ရောက်သောအခါတွင်မူကား
တကယ့် ညဥ့်၏ အမှောင်ထုဖြင့် လွှမ်းမိုးလျက် သွားတော့သလိုပါ။
သိပ်အလွန်အကျွံမဟုတ်သော်လည်း အတော်ကလေး
ချမ်းလေရာ ကျွန်တော့်လက်နှစ်ဖက်ကို ကုတ်အင်္ကျီအိတ်များအတွင်း ထည့်သွင်းလိုက်ကာ ခါးကိုလည်း
ခပ်ကိုင်းကိုင်းထားရင်း လျှောက်လာမိလေတယ်။ ကျွန်တော်လျှောက်လျက်ရှိသော လယ်ကွက်ကြီးအတွင်းမှ
မြေကြီးတို့သည် နံနက် ဝေလီဝေလင်းရဲ့ အညိုရောင်သမ်းလျက် ရှိနေပါရော။
အသာအယာလျှောက်လှမ်းခဲ့စဉ်မှာပဲ ကျွန်တော့်ရှေ့တည့်တည်မှာ
နွားတင်းကုပ်သာသာ တဲပုတ်လေးတစ်ခုကို တွေ့ရပါတယ်။
တဲကလေးရဲ့ နံဘေးမှာ လိမ္မော်ရောင် မီးတောက်ကလေးဟာ
မီးလင်းဖိုကနေ ထိုး၍ ထောင်၍ တက်လျက်ရှိကာ၊ အဲ့ဒီမီးတောက်ကလေး က တစ်ဖန် အညိုရောင် မီးခိုးအူအူကလေးတို့
တလူလူ လိပ်၍ လိပ်၍ တက်သွားပြန်ပြီးလျှင်၊ မိုးကောင်ကင် အတော်မြင့်မြင့် နေရာသို့ ရောက်သောအခါ
မြူခိုးကလေးများအထဲ ရောပြွန်းပြီး ပျောက်ကွယ်သွားကြပါရော။
မီးလင်းဖို နံဘေးတွင်မတော့ ဆောင့်ကြောင့်ကလေးထိုင်လျက်ရှိသော
မိန်းမတစ်ယောက် အဲ…ဘယ်လိုပြောရမလဲ နက်မှောင်သန်စွမ်းလှ သော ဆံပင်နက်တွေကို ဆံထုံးကြီးကြီးထုံးထားသော
အမျိုးသားတစ်ယောက်ကို ကျွန်တော်တွေ့ရပါတယ်။ ဒီမိန်းမလို့ဆိုပါတော့လေ အဲဒီ့ မိန်းမမှာ
တကယ်တန်းတော့ လူငယ်ကလေး တစ်ဦးတစ်ယောက်သာ ဖြစ်လျှက် ချမ်းစီးသော နံနက်စောစောအချိန်တွင်
သူမရဲ့ ထဘီကိုသာ ရင်ရှားထားလေသည်ပဲ။
ကျွန်တော် တစ်စတစ်စ ရှေ့ကိုတိုးပြီးလျှောက်ခဲ့ပြန်တော့
မိန်းမရွယ်ရဲ့ ရင်ခွင်အတွင်းမှာ အအေးဒဏ်ကနေ သက်သာရာ ရစေရန် ကိုယ်ကလေး ကွေးပြီး ငြိမ်သက်အိပ်စက်နေသော
ကလေးငယ်ကိုပါတွေ့ရပါတယ်။ မိခင်ဟန်အပြည့် မိန်းမရွယ်မှာတော့ မီးအရှိန် မလျှော့စေရန်
သစ်ကိုင်းခြောက်ကလေးများကို အဆက်မပြတ် မီးတောက်ထဲကို ထိုးသွင်းလျက်ရှိရာမှ မီးဖိုပေါ်မှ
မြေအိုးကလေးကို စူးစိုက်ကြည့်ရှုနေတယ်။ ကလေးလေးမှာ ချစ်စရာ ၀၀ကစ်ကစ်လေးဖြစ်ပြီး အနှီးနဲ့ထုပ်ပြုထားရာ
သူ့မိခင်ရဲ့ အလုပ်ကို နည်းနည်းမှ အနှောင့်အယှက်ပေးခြင်းမရှိဘဲ ငြိမ်သက်စွာပဲကွေးလျက်အိပ်နေလေရော။
မိခင် မိန်းမရွယ်ရဲ့ ပြုမူလှုပ်ရှားမှုများမှာ
ပေါ့ပါးဖျတ်လတ်ပြီးလျှင် ကျင့်သားရနေပြီး ဖြစ်နေကြောင်းကို ဖော်ပြနေပါတယ်။ မီးလင်းဖို
အတွင်းက လိမ္မော်ရောင် မီးတောက် မီးလျှံကလေးတွေမှာ နံဘေးနားရှိ တဲပုတ်ကလေးအပေါ်တွင် ဟပ်ကာ
တယိမ်းယိမ်း တနွဲ့နွဲ့ ကလျက်ရှိနေပါရဲ့။
ကျွန်တော် နီးသထက် နီးလာပြီးချိန်မှာတော့
အရသာ အင်မတန် ရှိမည်ဟု အောက်မေ့လောက်သော ပူနွေးနွေး ထမင်းနံ့ကို ရှူရှိုက် မိရပါတယ်။
ဒီအချိန်ဝယ် အရှေ့အရပ်ဆီမှ အလင်းရောင်ဟာ လျင်မြန်သော အဟုန်ဖြင့် ထွန်းလင်းစပြုလာပါရော။
ကျွန်တော်ကတော့ မိန်းမရွယ် အနားကိုရောက်သွားပြီးနောက် မီးဖိုအနီးမှာ ရပ်လိုက်မိပါတယ်။
ထိုအခိုက်အတန့်မှာပဲ တဲပုတ်ငယ်ကလေးအတွင်းကနေ
လူရွယ် တစ်ယောက် ထွက်လာပြီးလျှင် သူ့နောက်က ရှေ့ဆင့်နောက်ဆင့် အနေဖြင့် လူကြီးတစ်ယောက်
ပါလာပြန်ပါတယ်။ သူတို့နှစ်ယောက်စလုံး အင်္ကျီမပါ၊ လုံချည်ကိုသာ ခပ်တိုတိုဝတ်ထားကြပါတယ်။
သူတို့နှစ်ယောက်ရဲ့ မျက်နှာများကား ခပ်ဆင်ဆင် တူကြပါတယ်။ သူတို့နှစ်ယောက်စလုံးပင် တဲပေါက်ဝမှနေပြီး
အရှေ့ဘက် လင်းရောင်ခြည် ၀ိုးတ၀ါးကို ငြိမ်သက်စွာ ရပ်ကြည့်နေကြရာမှ “၀ါး” ခနဲသမ်းဝေလိုက်ကြလေရဲ့။
နောက်မှ သူတို့ဟာ မီးဖိုဆီကို လှည့်ကြည့်ရင်း ဧည့်သည်ဖြစ်တဲ့ ကျွန်တော့်အား သတိပြုလိုက်ကြတယ်။
‘စောစောစီးစီး ဆရာလေး ဘယ်က လာသလဲ’ ဟု
လူကြီးက မေးလိုက်ပါတယ်။ သူ့အသံမှာ ဖော်ရွေလှပုံလည်းမပြ၊ ရိုင်းပျဟန်လည်း မရပါ။
‘ရွာက လာတာပါပဲ၊ ဒီဘက် မရောက်ဖူးလို့
သက်သက်လျှောက်လာတာပါ’ လို့ ကုတ်အင်္ကျီ၊ သိုးမွှေးဦးထုပ်၊ မာဖလာ စသည်တို့နဲ့ စတိုင်လ်ကျကျ
ဝတ်ဆင်ထားတဲ့ ဧည့်သည်ဖြစ်သော ကျွန်တော်က ယဉ်ကျေးစွာနဲ့ ဖြေမိလိုက်ရပါတယ်။
လူကြီးနှင့် သူ့ထက်ငယ်သော လူရွယ်တို့ဟာ
မီးဖိုအနားကိုလျှောက်လာကြပြီး မီးလှုံကြလေတယ်။ မိန်းမရွယ်မှာကား သူ့အလုပ်ကိုသာ လုပ်မြဲ
လုပ်လျက် မီးဖိုပေါ်မှ မြေအိုးတွင်သာ စိတ်ဝင်စားလျက်ရှိပါတယ်။ သူမရဲ့ ဖွာတာတာဆံစမှာ
မျက်နှာပေါ် အနှောင့်အယှက် ကင်းလွတ်စေရန်အတွက် ကြိုးစတစ်ခုနဲ့ စုပြုံချည်နှောင်ထားလေရာ၊
အလုပ်လုပ်နေစဉ် အခါများမှာလည်း လည်ကုပ်ပေါ်မှာ ဖွာရရာ ၀ဲလျက်ရှိပါတယ်။ အနည်းငယ်ကြာသောအခါ
သူမသည် မီးဖိုပေါ်မှ မြေအိုးကို လက်နှီးစုတ်ဖြင့် ချလျက် ဒန်ဇလုံတစ်ခုအတွင်းသို့ ထမင်းရည်ကို
ငှဲ့နေရဲ့။ ပြီးနောက် ထမင်းအိုးကို မီးကျီပေါ်တွင် ပြန်နှပ်ထားလိုက်ရာမှ ထမင်းရည်ဇလုံထဲသို့
ဆားအနည်းငယ် ထည့်လိုက်ပြီး မွှေနေတယ်။ ဇလုံအတွင်းမှ ထမင်းရည်ဟာ မွှေးကြိုင်စွာ ပျံ့နှံ့သွားသောအခါတွင်မတော့
ယောက်ျား နှစ်ယေက်စလုံး အားရပါးရ ရှူရှိုက်လိုက်ကြပြီး ‘ဆာလိုက်တာ’ ဟု အိမ်ရှင်လူရွယ်က
ဆာလောင်မွတ်သိပ်သော အသံကြီးနှင့်ဆိုလိုက်လေရော။ လူကြီးဖြစ်သူကမူ -
‘ဆရာလေးတို့ကတော့ မနက်စောစော ကော်ဖီသောက်ကြမှာပေါ့နော်’
ဟုပြောလိုက်တယ်။
‘ဟုတ်ကဲ့၊ ဒါပေမဲ့ ဦးကြီးရာ ဒီရွာရောက်တော့
မသောက်ဖြစ်ပါဘူး’
‘ဒါဖြင့်ရင် ကျုပ်တို့နဲ့ ထမင်းရည်ကလေး
အဆာပြေ သောက်သွားပါလားဗျာ’
လူကြီးက ‘ငါပြောတာ ကြိုက်မှ ကြိုက်ပါ့မလား’ဟူသော
ဟန်မျိုးဖြင့် လောကွတ်ပြုလိုက်တာကြောင့် ကျွန်တော်လည်း ၀မ်းမြောက်စွာပဲ ‘ဟာ….သောက်တာပေါ့
ဦးလေးရာ၊ ကောင်းမှာပဲဗျ’
‘ဟေ့…သူသူ၊ တစ်ခွက်ပိုငှဲ့လိုက်ပါကွယ်’ဟု
အိမ်သည် လူရွယ်က မိန်းမရွယ်အား အမိန့်ပေးလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ ကျွန်တော်တို့
လေးယောက်သား မီးဖိုတစ်ဝိုက်မှာပဲ ၀ိုင်းဖွဲ့ပြီး ဆောင့်ကြောင့်ထိုင်လိုက်ကြရာက မိန်းမရွယ်ငှဲ့ပေးသော
ထမင်းရည် ပူပူနွေးနွေးကို စတင်မြည်းမိကြလေရော။
‘ဦးလေးတို့ လယ်လုပ်ကြတာပေါ့နော်’ဟု
ကျွန်တော်ကမေးလိုက်တယ်။
‘ဟုတ်ကဲ့၊ လယ်သမား လယ်ပဲ လုပ်တတ်တာပေါ့’
‘ကျုပ်တို့ ကနေ့ပဲ လယ် စထွန်ကြမလို့’ဟု
အိမ်ရှင်လူရွယ်က ၀င်ထောက်လိုက်သဗျ။
ထိုအခါမှ စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့သော
မိန်းမရွယ်က -
‘ဒါကြောင့် အဘနဲ့ ကိုညိုတို့ တမင်တကာ
စောစောကြီးထကြတာပေါ့’ဟု ပြုံးပြုံးကလေးဝင်ပြောပါတယ်။ လူကြီးနှင့် လူရွယ်တို့က သူတို့လက်ထဲမှ ထမင်းရည် ပန်းကန်များကို အမှတ်မထင်
ငုံ့ကြည့်လိုက်မိကြတယ်။
‘ဒါမှပဲ ကျုပ်တို့ မိသားတစ်စုတွေ ၀၀လင်လင်ကလေး
စားနိုင်ကြတော့မပေါ့ဗျာ’ဟု လူကြီးဖြစ်သူက တိုးတိုးကလေး ပြောလိုက်ပါရဲ့။
မိန်းမရွယ်က ကလေးကို လက်တစ်ဖက်နဲ့ ပွေ့ပိုက်လျက်ပင်
သူ့ အဘဆိုသူနှင့် ကိုညိုဆိုသူတို့အား ထမင်းရည် ထပ်ငှဲ့ပေးရာက ‘ထပ်ထည့်ပါဦးရှင်’ဟု
စေတနာရှိစွာ ပြောလိုက်ရာ၊ ဧည့်သည်ဖြစ်သော ကျွန်တော်ကလည်း အားကျမခံ မငြင်းဆန်ဘဲ ခွက်ထိုးခံလိုက်ပါတယ်။
မိန်းမရွယ်ရဲ့ ရင်ခွင်တွင်းမှ ကလေးငယ်မှာတော့
ငြိမ်သက်စွာနဲ့အိပ်မောကျလျက်ရှိပါတယ်။ တကယ်တမ်း မိန်းမရွယ်မှာ နို့အုံများရှိခဲ့ရင်
ကလေးလေးမှာ မိခင်ရဲ့ နို့ချိုကိုစို့လျက် ခေါင်းကလေးကို မိခင်နို့အုံနဲ့ လက်မောင်းအကြားမှာ
အတင်းတိုးခွေ့လျက် အချမ်းဒဏ်က အကာအကွယ်ယူရင်း ဇိမ်ကျနေမှာသေချာတယ်။ အခုတော့ လက်မကလေးကို
ပြွတ်ကနဲ ပြွတ်ကနဲ အသံပေါ်ထွက်လာသည်အထိ စို့သံ ပေါ်ထွက်နေပါရော။
လူကြီးမှာတော့ ထမင်းရည်ကို မြိန်ရှက်စွာ
သောက်နေလေသည်။ သောက်ရာက -
‘အင်း…..ထမင်းရည်တောင် တယ်အရသာရှိပါကလား
ဆရာလေးရယ်’ ဟု ကျူးရင့်လိုက်လေသည်။ အဲ့ဒီအချိန် လူရွယ်က ‘ဆရာလေး၊ တစ်လောက ကျုပ်တို့ဟာ
ဒီထမင်းရည်ကလေးတောင် မသောက်နိုင်ကြဘူးဗျာ’ဟု တိုင်တန်းသလိုလိုနဲ့ ပြောလိုက်လေ၏။
သူတို့သည် စကားပြောရင်း၊ သောက်ရင်းနဲ့ပဲ
သူတို့ရဲ့အေးစက်သော ကိုယ်လုံများမှာ နွေးသလိုလို ရှိလာကြပြီးလျှင် မျက်နှာများတွင်လည်း
အားအင် ပြည့်ဖြိုးလာသော အရိပ်အယောင်များ ယှက်သန်း၍ လာလေတော့သည်။
ဒီအချိန်တွင်မတော့ လင်းရောင်ခြည်ဝယ်
ရောင်စုံများ မြူးကွန့်လာလေပြီ။ နီကြင့်ကြင့် အရောင်သည် လောကဓာတ်ကို ပိုမို အေးလာစေသယောင်ယောင်ထင်ရလေတယ်။
အိမ်ရှင် ယောက်ျားနှစ်ယောက်တို့ကား အရှေ့ဘက်သို့ မျက်နှာများမူလိုက်ကြလေရာ၊ သူတို့မျက်နှာများမှာ
နံနက်ခင်း လင်းရောင်ခြည်ဖြင့် တောက်ပ၍သွားသည်ပဲ။ ကျွန်တော်လည်း သူတို့ မျက်နှာမူရာဘက်သို့
ကြည့်လိုက်ရာ ရောင်ခြည်တွင် လှပစွာရပ်တည်လျက်ရှိသော တောင်တန်းကြီးကို မြင်ရပြီး အိမ်ရှင်လူကြီးရဲ့မျက်နှာကို
ကြည့်လိုက်မိ ပြန်သော အခါတွင် ကြည်လင်ဝိုင်းစက်သော မျက်လုံးများတွင် နေရောင်ခြည်ဟပ်လျက်ရှိကြောင်းကို
တွေ့ရလေသည်။
ထိုအခိုက်ဝယ် အိမ်ရှင်ယောက်ျားနှစ်ယောက်တို့သည်
လက်များကို အညောင်းဆန့်တန်းဟန်ပြုလိုက်ကြရာမှ ‘ကဲ…ငါတို့လည်း အလုပ်သွားကြဖို့ အချိန်တော်ပြီ…..သူသူ….နင့်တူ…အဲ
နင့်သားလေးကို တစ်ချိန်လုံးချီမထားနဲ့လေ တစ်ခါတလေ ချသိပ်ထားဦးမှပေါ့ဟ’ ဟု ပြောလိုက်ကြလေရဲ့။
လူရွယ်သည် ကျွန်တော့်ဘက်သို့ လှည့်လိုက်ပြီး -
‘ဆရာလေးကော ကျုပ်တို့လယ်ထွန်တာ လိုက်ကြည့်ဦးမလား’ဟု
မေးလိုက်ပါတယ်။
‘ဟင့်အင်း၊ ကျွန်တော် ရွာကိုပြန်လိုက်ပါဦးမယ်။
ခင်ဗျားတို့နဲ့ ပျော်ပျော်ပါးပါး စားရ သောက်ရတာ သိပ်ဝမ်းသာတာပဲဗျာ၊ ကျေးဇူးတင်လိုက်တာ။
နောက်များမှ လာခဲ့ဦးမယ်”
အိမ်ရှင်လူကြီးက “ကျေးဇူးတင်စရာ မလိုပါဘူး”ဟူသော
အဓိပ္ပာယ်မျိုးဖြင့် လက်ကြီးကို ယမ်းခါပြလိုက်ပြီးလျှင် -
“ဘယ်တော့မဆို လာသာ လာခဲ့ပါဗျာ။ ကျုပ်တို့
စားသလို ဆရာလေးတို့ စားရ သောက်ရမှာပဲ” ဟုပြောလိုက်ပါတယ်။
အဲ့ဒီနောက်တော့ သားအဖနှင့်တူပုံရသော
သူတို့နှစ်ယောက်သည် လယ်ကွင်းကြီးဆီသို့ သွားကြပြီးလျှင် နွားများ၊ထွန်များကို ပြင်ဆင်နေကြလေတော့သည်။
အရှေ့ဘက် ကောင်းကင် လဟာပြင်တွင်မူကား အလင်းရောင်သည် အတန့်အတန့် အကန့်အကန့် ဖြာဆင်းလျက်ရှိကာ၊
အဆုံအစ မမျှော်မှန်းနိုင်သော လယ်ကွင်းပြင်ကြီးတို့အား တလက်လက် တောက်ပစေလေတော့၏။
ဧည့်သည်ဖြစ်သော ကျွန်တော်သည်လည်း လယ်သမားအိမ်ထောင်သည်
တစ်စုနှင့်တကွ တဲပုတ်ကလေးအား တစ်ချက်မျှ လှည့်ကြည့်လျက် ရွာဆီသို့ လျှောက်ခဲ့လေတော့
သတည်း။
x x x
ဒါပဲဖြစ်ပါတယ်….ဇာတ်လမ်းလေးကဒါပါပဲ။
ဘာကြောင့် ဒီလောက်ကြည်နူးစရာကောင်းသည် ဟူသော အချက်ကိုမူ ကျွန်တော် နားလည်တော့ နားလည်သည်။
ဒါ့ကြောင့်မို့လည်း ယနေ့ထက်တိုင် ကျွန်တော့်စိတ်ထဲမှာ တိတိကျကျ တစ်ခုမကျန် မှတ်မိနေသေး
တာထင်ပါရဲ့။ အကြိမ်အခါ မရေတွက်နိုင်တော့အောင် သည်အဖြစ်အပျက်ကလေးကို ပြန်ပြောင်း အောက်မေ့မိသည်။
အဲဒီအခါတိုင်း၊ အခါတိုင်း တိမ်မြုပ် မေ့ပျောက်ကွယ်လုနီးနီး အကြောင်းအရာကလေးတို့သည်
အသေးစိတ်၍ စိတ်၍ ပေါ်ပေါက်လာတတ်ပေသည်။
ကြည်နူးစရာ အဖြစ်အပျက်ကလေး တစ်ခု။
Alex Aung (26 July 2015)
Note:
မိုးများသည်းထန်
ရေတွေလွှမ်းနေသော မြန်မာပြည်ရဲ့စပါးကျီအရပ်ဒေသ၊ ဆီအိုးကြီးလို့ခေါ်တဲ့ အရပ်ဒေသအနှံ့က
စေတနာကောင်း သဘောရိုးသော ခွဲခြားမှုမရှိသော တောင်သူဦးကြီးများကို သတိရစိတ်ဖြင့် ရေးဖွဲ့သည်။
No comments:
Post a Comment