အချစ်ဆိုတာ တစ်ခါတလေ အလွမ်းတွေကိုယူဆောင်လာတတ်သလား ပြီးတော့.......
အလွမ်းဆိုတာကရော ရင်ထဲကိုနက်ရှိုင်းစွာ စူးနင့် ခံစားစေတတ်ပါသလား။
သူများတွေအတွက်တော့ အလွမ်းဆိုတာကို ဘယ်လိုရရှိခံစားတတ်ကြတယ်ဆိုတာ မသိပေမဲ့ ကျွန်တော့်အတွက်တော့ အလွမ်းဖျားနာကျအောင် ခံစားနေရသည်မှာအမှန်။
စကားမစပ်ပြောရရင် ဒီလိုအချစ်ဆိုတာ ခံစားနေမိတာကိုက သူ့စကားအရတော့ မဖြစ်သင့်တဲ့အရာလည်းဖြစ်သည် ဆိုပဲ။
x x x
ကိုယ့်ချို့ယွင်းချက်ကို ဖွင့်ပြောပြပြီး ခင်မင်ခွင့်တောင်းသူမျိုးကြုံဆုံဖူးကြပါရဲ့လား။
ကိုယ့်ကို အထင်အမြင် သေးသွားစေမဲ့ အကြောင်းအရာမျိုးကိုလေ။
လူဆိုတာ ကောင်းတာလေးကိုဝတ် ကောင်းတာလေးကိုစား ကောင်းတဲ့နေရာလေးမှာနေလို့ ကုန်ကုန်ပြောရရင် တစ်ခါတလေ အပျင်းပြေ ဒိတ်ဖို့အဖော်ရှာတာကိုပင် ရုပ်ချောအပြောကောင်း ခပ်မိုက်မိုက်လေးတော့ဖြစ်စေ ချင်ကြသည်မှာ အမှန်။
သူများနဲ့မတူ မိတ်ဆက်ခင်မင်လာသူ သူ့ကိုလည်း အစပထမတော့ အရင်လူတွေလည်းသဘောထားခဲ့သည်။ ကုန်ကုန်ပြောရရင် သူဘယ်လိုပဲပြောလာသည်ဖြစ်စေ ခံစားချက်မဲ့နှလုံးသားကတော့ လှုပ်ရှားမနေခဲ့တာအမှန်ပါ။
အတူအပြင်ထွက်ကြတယ်၊ အတူစကားပြောကြတယ်၊ သူ့အလုပ်က မိတ်ဆွေတွေနဲ့ မိတ်ဆက်ထိတွေ့စေတယ်။ အင်း... သူနဲ့နေရတာ ပျော်စရာကောင်းပါလား။ ပြီးတော့ အထီးကျန်ခံစားမှုလည်း နည်းနည်းလျော့လာသလိုပါပဲ။
လူဆိုတာ စကားအတူပြောမိတိုင်း စကားလက်ဆုံကျဖို့ခဲယဉ်းသည်။ သူပြောတဲ့စကားကိုတော့ ကျွန်တော်နှစ်နှစ် ခြိုက်ခြိုက်လက်ခံမိသည်မှာ မဆန်း "မင်းနဲ့စကားပြောရတာ အဆင်ပြေတယ် Same Level ပါတဲ့"။ ဘယ်လိုအကြောင်းအရာမျိုးကို စတင်လိုက်သည်ဖြစ်စေ အဆင်ပြေစွာဆွေးနွေးနိုင် စကားလက်ဆုံကျ နိုင်ခဲ့ကြတာ မကြာခဏပါ။
သူကလေ "မင်းငါ့ကို ချစ်အောင်နေနိုင်တယ်၊ စွဲမက်အောင်လည်းလုပ်နိုင်တယ်.....တကယ်လို့ မင်းငါနဲ့ လမ်းခွဲချင်တယ် ဆိုရင်တောင် နှုတ်ဆက်စကားမဆိုပဲ တိတ်တိတ်လေးထွက်သွားပါ။" လို့ပြောခဲ့တာ ဆိုတာ့ ကျွန်တော့်ရင်ထဲမှာ လက်ခံချင်မိသလိုဖြစ်ခဲ့ရပြန်တယ်။
အချစ်တဲ့လား။ အချစ်ဆိုတာ တစ်ဦးကိုတစ်ဦး ယုံကြည်မှု ရှိမှ အချစ်ဆိုတာဖြစ်ပေါ်လာနိုင်သလားလို့........လေ။
x x x
အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်ပါတယ် သူက။ ပြီးတော့လည်း ရာထူးကြီးကြီးရထားသူပါ။ နယ်ကတက်လာတာချင်းအတူတူ သူ့ကျိုးစားမှု ရရှိထားတဲ့ရာထူး နောက်သူ့ရဲ့အေးဆေးတည်ငြိမ်တတ်တဲ့ အတွေးအခေါ် တွေဟာ တဖြည်းဖြည်းနဲ့သူ့ကိုညွှတ်လာစေတဲ့အချက်များဖြစ်ပါတယ်။
အေးဆေးတည်ငြိမ်တတ်တယ်ဆိုတာ....သူ့ကိုမချစ်မိခင်မှာတော့ ကျွန်တော့်အတွက် အလွန့်ကိုသဘော ကျစရာ ဖြစ်ခဲ့ပါတယ်။
သူ့ကိုကြည့်လိုက်ရင် အမြဲရယ်ပြုံးနေတတ်တာ....သူ့ဝမ်းနည်းမှုကိုဘယ်တော့မှမမြင်ဖူးခဲ့ပါဘူး အခုချိန်ထိပေါ့။
သူ့တိုက်ခန်း ၀ရံတာကနေလှမ်းကြည့်လိုက်ရင် ရွှေတိဂုံဘုရားကို ကြည်ညိုဖွယ်ဖူးမျှော်ရတာ မနက်ခင်းတိုင်း။ သူဟာ အလုပ်တစ်ခုကို ဇွဲနဲ့လုပ်ကိုင်တတ်သူလည်းဖြစ်ပြန်တယ်။ သူ့အမေနဲ့ ညီရန်ကုန် အလည်လာမယ်ဆိုတော့ လူပျို တိုက်ခန်းထုံးစံအတိုင်း ညစ်ပတ်နေတာကို တစ်ညလုံးမအိပ်ဘဲ ရှင်းလင်းနေတော့တာလေ။ အဆူမခံချင်လို့မဟုတ်ဘဲ တကယ့်ကိုစိတ်ပါလက်ပါ လုပ်ကိုင်နေတာကိုကြည့်ပြီး သူ့စိတ်သဘာဝကို အနည်းငယ်ရိပ်စားမိလာသလိုပါပဲ။
ပြီးတော့လေ....သူဟာ သူ့စိတ်အမှန်ကိုတကယ့်ကို ဖုံးကွယ်နိုင်သူလို့ပြောရင်ရသလို အလုပ်ကိုချစ်မြတ်နိုးသူ အလုပ်ကိုဦးစားပေးနိုင်လွန်းသူဆိုတာကို တဖြည်းဖြည်းသိလာရတော့ ဘာမှန်းမသိတဲ့ ၀န်တိုငြူစူ စိတ်တွေထူးဆန်းစွာ ၀င်လာတာ ကိုယ့်ဘာသာတောင် အံ့သြမိတဲ့အထိ။
ကိုယ့်ကိုအချိန် သိပ်မပေးနိုင်တော့တာ သူ့အလုပ်သဘာဝအရ နယ်တွေကို တစ်လကိုးသီတင်းထွက်နေရတဲ့အချိန်မှာ စိတ် အချစ်စိတ်တွေ သူ့အပေါ်ချစ်ခင်တွယ်တာတဲ့စိတ်တွေ မယုံနိုင်လောက်အောင်ဖြစ်ပေါ်လာနေတယ် ဆိုတာသူ့ကိုပြောပြမိတော့ "မင်းအဲဒီလို မခံစားပါနဲ့ ၊ ကိုယ်တို့ဟာ ယောက်ျားမိန်းမ သာမန်ချစ်သူအတွဲမျိုး မဟုတ်ကြဘူးလေ။ သဘာဝကျကျနေထိုင်တတ်ဆန်းပါ" တဲ့။
သူဟာ အရမ်းအေးစက်လွန်းသူပါပဲ၊ တွေ့ဖို့ဆုံဖို့ကို ကိုယ့်ဘက်ကအမြဲကျိုးစားခဲ့ရတာ။ ကိုယ့်က မင်းငါ့ကို တန်ဖိုးမထားဘူး၊ အရေးမစိုက်ဘူး စသဖြင့်သူ့ကို စကားပြစ်တင်ဆိုမိခဲ့တာမကြာခဏ။ ဒါပေမဲ့ သူကကိုယ်တို့ ဘယ်နေ့တွေ့မယ်လို့ပြောလိုက်တာနဲ့တစ်ပြိုင်နက် သူ့အပေါ်ငြူစူတဲ့စိတ်တွေဘယ်ရောက်ကုန်မှန်းမသိပါလေ။
ဟား...ဟား.. ..မချစ်မိခင်တုန်းကတော့ အေးဆက်တည်ငြိမ်နေတတ်မှုကို သဘောကျမိခဲ့သလောက် အခုအချိန် မှာတော့ အဲဒီသွေးအေးတတ်တာကို အပြစ်လို့တစ်ခါတလေအတွေးဝင်မိပြန်ရော။
ဟုတ်တယ် ယုံကြည်တယ်၊ သူ့ကိုယုံကြည်နေမိပြီ ဒါဆိုသူ့ကိုချစ်မိနေပြီပေါ့။
သူ့နဲ့ခွဲနေရတဲ့ရက်တွေဟာ အိပ်မပျော်ည တွေဖြစ်နေခဲ့ရတာမကြာခဏ။ဒါပေမဲ့ အဲဒီအမောဟာ မျှော်လင့်ချက်လေးနဲ့ ပျော်ရွှင်ခဲ့ရတာလည်း... မကြာခဏပါပဲလေ။
ပိုင်ဆိုင်ခွင့် ရယူတားဆီးနိုင်ခွင့်မရှိတဲ့ ဒီအချစ်မျိုးကိုသာယာမိသူ ကျွန်တော်ဟာ အမှန်တရားတစ်ခုကို လက်ခံသူ သဘာဝကျကျနေထိုင်တတ်သူ ချစ်သူ...သူ့လိုချစ်သူမျိုးကို အပြစ်မတင်ရက်ခဲ့တော့တာ..ဟာ...။
x x x
ဘ၀မှာ ဘယ်ကိစ္စဟာ ဘ၀အတွက် အရေးပါပါသလဲ။ အချစ်ဆိုတာကရော ဘ၀မှာရာခိုင်နှုန်းဘယ်လောက် အရေးကြီးပါသလည်း။
စိတ်ခံစားမှုနောက်ကို အရေးပေးတတ်လွန်းသူ ကျွန်တော်နဲ့ သဘာဝကျကျတွေးခေါ်နေထိုင်တတ်သူ ဘယ်သူက ပိုမှန်တယ်လို့ ထင်ကြပါသလဲ။
တွေ့ကြဆုံကြ မျက်နှာလေးပဲမြင်ရ မြင်ရ သူနဲ့တွေ့ရမှ နေသာထိုင်သာရှိတတ်ခဲ့သူ ကျွန်တော့်အတွက် အလုပ်ကိုချစ်သူ၊ မိသားစုရဲ့ဦးဆောင်သူဖြစ်တဲ့သူ့ကို နားလည်နိုင်အောင်ကျိုးစားခဲ့ရပါတယ်။ ခွင့်လွှတ် တတ်ခဲ့ရပါတယ်။
အချစ်အတွက် စာနာနားလည်မှုက အရေးပါသလို အတ္တကိုလျော့ချနိုင်ခဲ့မှုဟာလည်း ချစ်သူတွေမှာ အရေးကြီးဆုံး လို့အခုချိန်မှာတော့ လက်ခံခဲ့ပါပြီ။
တွေ့ဖို့ဆုံဖို့ကို ဘယ်အချိန်ကပဲဖြစ်ဖြစ် ကျွန်တော့်ဘက်ကသာ စတင်ကျိုးစားဖြစ်ခဲ့တဲ့ပုံစံမျိုး ကျရောက်နေတော့....ဘယ်လိုမျိုးလည်း....ဘာတွေလည်း သူ့ဘက်ကဆိုတဲ့အတွေး မျိုးဝင်ရောက်လာတတ်သလို တစ်ခါတစ်လေလည်း ဒေါသအရမ်းထွက်ခဲ့ရပါတယ်။
ဒါပေမဲ့ အချစ်ဆိုတာက ထူးတော့ ထူးဆန်းသားပါလား.....။ တစ်ခါတလေတော့ ဒီလိုဘ၀မျိုးကိုမုန်းတယ်။
သာမန်အတွဲတွေလို လက်ထပ်ခွင့်ရခဲ့မယ်ဆိုရင် ကိုယ်ပိုင်လူအဖြစ် ပိုင်ပိုင်နိုင်နိုင်ချစ်ခွင့် တားဆီးချုပ်ပိုင်နိုင်ခွင့်ရမယ်မဟုတ်လား။
ဒါပေမဲ့လည်း....စာချုပ်လို စာရွက်တစ်ခုပေါ်မှာ ချုပ်ဆိုလက်မှတ်ထိုးထားရုံဖြင့် လုံလောက်ပြီလို့ထင်မြင်လို့ ရကြပါ့မလားလို့ သူကမေးတော့ ကျွန်တော့်မှာ ဘာကိုဖြေရမှန်း ရေရေရာရာ မသိတော့ပါ။
ဟိုတစ်စ သည်တစ်စ သံယောဇဉ်ပိုးခြည်မျှင်လေးတွေဟာ အချိန်ကြာလာတာနဲ့အမျှ သံမဏိကွန်ယက်ကြီးအဖြစ် ရောက်ရှိလာကာ ကျွန်တော့်စိတ်ခန္ဓာမှာ ချုပ်နှောင်ရစ်တွယ်သွားပြီ။ ဘယ်လိုမှဖယ်ရှားလို့မရနိုင်တော့ သလို ကျွန်တော်ကိုယ်တိုင်ကလည်း မဖယ်ရှားချင်တော့တာ။
ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ဘယ်လိုဘ၀မျိုးပဲဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူနဲ့ အစဉ်ထာဝရ လက်တွဲနေထိုင်ခွင့်တော့ရ ချင်ကြတာ မငြင်းနိုင်ဘူး....။
ဒါပေမဲ့ ကျွန်တော်တို့ယဉ်ကျေးမှု ပတ်ဝန်းကျင်က လက်ခံနိုင်ပါ့မလား အထူးသဖြင့်....ကျွန်တော်တို့ရင်ဆိုင်ဝံ့မလား လောကကြီးကို.....။
ထားပါတော့.......သူကရော ဒီလို စိတ်ဆန္ဒရှိပါ့မလား...။
x x x
မေးခွန်းများသာရှိ အဖြေကတော့ဖြင့်မရှိသေးပါ။ တစ်ဖျောက်ဖျောက်ကျနေတဲ့ ခေါင်မိုးပေါ်က နှင်းစက်တွေရဲ့မြည်နေသံတွေ စည်းချက်ကျကျကိုကြားနေရပြီ။
နွေးထွေးတဲ့ သူ့ရင်ခွင်ကျယ်ကြီးကို လွမ်းတယ်။
ရင်ခွင်ထဲကို ခိုဝင်လိုက်တာနဲ့ အရာရာပြည့်စုံသွားတဲ့ ဘာမှကိုမလို တော့ဘူးလို့ ခံစားရမိတဲ့ ဖီလင်လေးကို တမ်းတမိနေဆဲ ဒီညမျိုးတွေမှာ။
မကြာခင်မှာ ခရစ်စမတ်ရောက်တော့မယ်။ မိသားစုတွေပြန်လည်ဆုံတွေ့ကြတဲ့အချိန် သူငယ်ချင်းမိတ်ဆွေတွေ တွေ့ဆုံအချိန်ပေးပျော်ရွှင်ကြမယ့် ညချမ်းချိန်ခါလေးရောက်တော့မယ်။
ဟား....ဟား....ဘယ်တုန်းကမှ စိတ်မရှည်တတ်ခဲ့တဲ့ကိုယ်ဟာ စောင့်မျှော်တတ် တမ်းတတတ်နေပြီ အခုလည်း ဘယ်လိုနွေးထွေးမှုကိုမှမရှာ ဘယ်မှမသွားဘဲ အေးစက်စက်ညကို ဖြတ်သန်းနေတတ်ပြီ။
သူအချိန်မပေးနိုင်လို့ မတွေ့ရပေမဲ့ မြန်မာပြည်မှာရှိတယ် တစ်မြေထဲမှာနေတယ်ဆိုတဲ့အတွေးနဲ့တင် သူ့ကိုချစ်နိုင်ခဲ့ တယ်။
ဒါပေမဲ့အခုလို မြေခြားရေခြားကို သွားနေတာက ၂လ၃လဆိုတော့.....မျက်ရည်များတောင် ခပ်ဝဲ၀ဲဖြစ်မိတာ ချစ်တတ်သူအတွက်မမှားဘူးထင်ပါရဲ့။
အင်း......ဟုတ်ပါတယ်လေ ဒါကအလုပ်အတွက်ပဲ ကိုယ့်ကိုလမ်းခွဲသွားခဲ့တာမှမဟုတ်တာ။
ထုံးစံအတိုင်း သူပြန်ရောက်လာမယ့်အချိန်ကိုစောင့်မည်။ ဖုန်းဆက်လို့ရမယ့်အချိန်ကိုမျှော်မည်။
ပြီးတော့ဖုန်းဆက်ပြီး တွေ့ခွင့်လေးရဖို့ပြောဦးမည်။ ဘယ်သူမဆို အချစ်ဦး အချစ်ဆုံးဆိုတာရှိခဲ့ဖူးတာကိုလည်း နားလည်ပေးပါဦးမည်။
ချစ်သူ စိတ်အနှောင့်အယှက်ကင်းစင်စွာ နေထိုင်နိုင်ဖို့သည်သာ ကျွန်တော့်ပျော်ရွှင်မှုဖြစ်နေခဲ့ပြီ။ သူဘက်ကတော့.....။
x x x
အလွမ်းကသယ်ဆောင်လာသော အချစ်တွေကို နှစ်နှစ်ခြိုက်ခြိုက်လက်ခံပျော်ရွှင်ဖူးကြပါသလား။
အဲဒီအချစ်ကရော ဘယ်လိုဖီလင်တွေကို ပေးစွမ်းနိုင်တယ်လို့ထင်ကြပါသလည်း။
လူတစ်ချို့အတွက်ကတော့ ရယူပိုင်ဆိုင်မှ အချစ် သာယာမှုကိုပေးစွမ်းနိုင်သူမှသာအချစ်တဲ့။
မဖြစ်သင့်ဘူးလို့ သူပြောပြောနေတဲ့ ဒီလိုအချစ်မျိုးကို ကျွန်တော်ကတော့အလွမ်းစိတ်များစွာနဲ့ လက်ခံပျော်ရွှင် နေဦးမည်။
ဘာကြောင့်လည်းဆိုပါလျင် အချစ်ကြောင့်ပင်ဖြစ်ပါသည်။
Written by Alex Aung