Showing posts with label News and Info. Show all posts
Showing posts with label News and Info. Show all posts

Friday, October 2, 2026

တောက်ပလာသော အမျိုးသား ပြည့်တန်ဆာလုပ်ငန်း

 စစ်အာဏာရှင် လက်အောက်မှာ တောက်ပလာသော အမျိုးသား ပြည့်တန်ဆာလုပ်ငန်း




Democratic Press/ ၂၀၂၆ အောက်တိုဘာ ၁


(ရုပ်သံကို မှတ်ချက်တွင် ကြည့်ရှူနိုင်သည်)


အောက်ခံ ဘောင်းဘီတိုတစ်ထည်နှင့် အပေါ်ပိုင်း ဗလာကျင်းကာ ရေချိုးနေသည့် အမျိုးသားလူငယ်များ၏ ဗီဒီယိုဖိုင်တစ်ခုသည် TikTok စာမျက်နှာတွင် စက္ကန့်ပိုင်းမျှအတွင်း ပျံ့နှံ့သွားခဲ့သည်။


ဗီဒီယိုပေါ်တွင် "၂၄ နာရီ ဝန်ဆောင်မှု၊ ဧည့်စာရင်းစစ်မည်ကို မပူရ" ဟူသည့် စာသားနှင့်အတူ Booking ယူရန် ဖုန်းနံပါတ်ပါ ပေါ်တင် ရေးသားထားသည်။


မျက်နှာများကို အတားအဆီးမရှိ ဖော်ပြထားသည့် ထိုလူငယ်များသည် အနှိပ်ခန်း အမည်ခံ အမျိုးသား ပြည့်တန်ဆာ (Boy Spa) လုပ်ငန်းတွင် လုပ်ကိုင်နေကြသူများ ဖြစ်သည်။


"ဖာဆိုရင် မတူမတန်သလို ဆက်ဆံတဲ့ နိုင်ငံမှာ ကိုယ့်ဆောက်ခွက်ကိုယ်ပြပြီး ကြော်ငြာချင်နေတယ် ထင်နေတာလား" ဟု ထိုအလုပ်ကို လုပ်ကိုင်နေသည့် အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးက မေးခွန်းထုတ်သည်။


မြန်မာ့လူအသိုင်းအဝိုင်းတွင် လိင်ဖျော်ဖြေရေး လုပ်ကိုင်သူများ (ပြည့်တန်ဆာ) ကို လူမှုရေးအရ အနိမ့်ချစွဲချက်များ၊ ရွံရှာခွဲခြားမှုများဖြင့် စနစ်တကျ နှိမ့်ချလေ့ရှိသည်။


ယခင် စစ်အာဏာရှင် ခေတ်အဆက်ဆက်တွင်လည်း ယင်းလုပ်ငန်း၏ နောက်ကွယ်မှ အကျိုးအမြတ်ယူသူ အမျိုးသားများကို "ဖာခေါင်း" ဟုသာ ခေါ်ဆိုလေ့ရှိကြပြီး၊ အမျိုးသားများ ကိုယ်တိုင် ခန္ဓာကိုယ်ကို ပေါ်တင် ရောင်းချသည့်ဖြစ်စဉ်မှာ ကြားပင် မကြားဖူးခဲ့ပေ။


သို့သော်လည်း ယနေ့ ရန်ကုန်မြို့ကြီးတွင်မူ အခြေအနေများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။


ကုန်ဈေးနှုန်းနှင့် ဂုဏ်သိက္ခာကြားက ကိန်းဂဏန်းများ


အကျပ်အတည်း၏ အဓိက မောင်းနှင်အားမှာ စီးပွားရေး ပျက်စီးယိုယွင်းမှု ဖြစ်သည်။


ရန်ကုန်မြို့ရှိ စက်ရုံ၊ အလုပ်ရုံများတွင် တစ်နေ့လျှင် ၈ နာရီမက ပင်ပန်းခံ လုပ်ကိုင်ပါက တစ်လလျှင် ကျပ် ၄ သိန်းမှ ၅ သိန်းဝန်းကျင်သာ ရရှိသည်။


တစ်ဖက်တွင်မူ အခြေခံ စားသောက်ကုန် ဈေးနှုန်းများမှာ အဆမတန် မြင့်တက်သွားခဲ့ပြီး အခြေခံ အကျဆုံး ကြက်ဥတစ်လုံးလျှင် ကျပ် ၁,၀၀၀ အထိ ဈေးနှုန်း ရှိနေသည်။ 


စက်ရုံလုပ်ခ လစာဖြင့် ငှားရမ်းခ၊ စားသောက်စရိတ်နှင့် လစဉ် လျှပ်စစ်ဘေလ် ပေးချေရန်ပင် မလုံလောက်တော့ပေ။


"တစ်လ သိန်း သုံးလေးဆယ်ရဖို့က ဒီအလုပ်က သေချာတယ်။ စက်ရုံမှာ လေးငါးသိန်းက ထမင်းစားလို့ မရတော့ဘူး။ ကြက်ဥတစ်လုံး တစ်ထောင်ခေတ်မှာ အစ်ကိုက ကျွန်တော်တို့ကို ဒီအလုပ် ဘာလို့လုပ်တာလဲ မေးရမှာ မဟုတ်ဘူး" ဟု အဆိုပါ လူငယ်က ဆိုသည်။


ဂုဏ်သိက္ခာထက် ဝမ်းရေးကို ဦးစားပေးရသည့် ဤခါးသီးသော အမှန်တရားကြောင့်ပင် လူငယ်များမှာ မိမိတို့၏ မျက်နှာနှင့် ခန္ဓာကိုယ်ကို ဆိုရှယ်မီဒီယာများပေါ်တွင် ပေါ်တင်ဖော်ပြ၍ အမျိုးသား ပြည့်တန်ဆာများအဖြစ် ဈေးကွက်သွင်းနေကြရခြင်း ဖြစ်သည်။


အမှောင်ရိပ်ထဲက အာမခံချက်များ


ပိုမို ထူးခြားသည့် အချက်မှာ အဆိုပါ Boy Spa များ၏ စည်းရုံးကြော်ငြာပုံစံ ဖြစ်သည်။


TikTok နှင့် ဆိုရှယ်မီဒီယာများတွင် "FOR YOU MAN ONLY SPA" နှင့် "Boss Spa" စသည့် အကောင့်များ ဖွင့်လှစ်ကာ ဘောင်းဘီတို ဝတ်ဆင်ထားသည့် လူငယ်များ၏ ပုံများ၊ လိင်အင်္ဂါ ဖော်ပြထားသည့် ဓာတ်ပုံများနှင့်အတူ Viber နှင့် Telegram ဖုန်းနံပါတ်များကို ဘိုကင်ယူရန် ပေါ်တင် ဖော်ပြထားကြသည်။


ထို့အပြင် ရန်ကုန် အောင်ဆန်းကွင်း အနီးတဝိုက် အပါအဝင် မြို့လယ်ခေါင် နေရာများတွင် လည်ပတ်နေသည့် ယင်းအနှိပ်ခန်းများ၏ ကြော်ငြာတွင် "ဧည့်စာရင်းစစ်မည်ကို မပူရ၊ မီး ၂၄ နာရီရသည်" ဟု အာမခံချက် ပေးထားသည်။


ညဘက် ဧည့်စာရင်း စစ်ဆေးမည်ကို သာမန် ပြည်သူများ ထိတ်လန့်နေရပြီး ရပ်ကွက်အတွင်း အမျိုးသားများ စုဝေးနေရန်ပင် လုံခြုံရေးအရ မဖြစ်နိုင်သည့် ခေတ်ကာလတွင် အမျိုးသား ပြည့်တန်ဆာ ဆယ်ဂဏန်းကို စုစည်းကာ အနှောင့်အယှက်မရှိ လည်ပတ်ခွင့် ရရှိနေခြင်းဖြစ်သည်။


ယင်းအချက်သည် တရားမဝင် လိင်ဖျော်ဖြေရေး လုပ်ငန်းများ၏ နောက်ကွယ်တွင် ဒေသဆိုင်ရာ အာဏာပိုင်များ၊ ရဲများနှင့် အာဏာရှိသူများ၏ လာဘ်ပေးလာဘ်ယူမှုနှင့် ကြေနပ်ဖွယ် အပေးအယူများ မည်မျှအထိ အမြစ်တွယ်နေသည်ဆိုသည်ကို လှစ်ဟပြနေသည်။


အနာဂတ်တွေ မှေးမှိန်သွားတဲ့ နောက် တောက်ပလာတဲ့ အမှောင်လမ်း


စစ်အာဏာရှင် စနစ်၏ ဆိုးဆိုးရွားရွားဖျက်ဆီးမှုအောက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် တရားဥပဒေ စိုးမိုးရေး စနစ်တစ်ရပ်လုံး ပျက်စီးသွားသောအခါ လူငယ်များအတွက် ပုံမှန် လမ်းစများ ပိတ်ဆို့သွားခဲ့သည်။ မျှော်လင့်ချက်များ၊ အနာဂတ်များ အားလုံး မှေးမှိသွားသည်။


ယင်းတို့အစား ယခင်က မရှိခဲ့ဖူးသည့် အမျိုးသား ပြည့်တန်ဆာခန်းများ ပြောင်ပြောင်တင်းတင်း စည်ကားလာခြင်းသည် ရန်ကုန်မြို့၏ အပြာရောင် စီးပွားရေး ကြီးထွားလာမှုကို ပြသနေရုံမက၊ စနစ်တစ်ခုလုံး ယိုယွင်းသွားပြီး အာဏာပိုင်များက တရားမဝင် လုပ်ငန်းများမှ အကျိုးအမြတ် ထုတ်နေကြသည့် မြန်မာ့လူမှုအသိုင်းအဝိုင်း၏ အမှောင်ဆုံး အခန်းကဏ္ဍတစ်ခုကို မီးမောင်းထိုးပြနေပေတော့သည်။


စစ်အာဏာရှင်လက်အောက်တွင် အမျိုးသား ပြည့်တန်ဆာ လုပ်ငန်းသည် ဘယ်ခေတ်ကနှင့်မှ မတူအောင် တောက်ပစွာ ကြီးထွားလာခဲ့ပြီဖြစ်သည်။





 #Rejectthemilitarycoup #democraticpress #TerroristJunta #Myanmar #WhatIsHappeningInMyanmar  #Yangon


မူရင်း သတင်းစာမျက်နှာ - Democratic Press


Video ကြည့်ရန် -

 https://www.facebook.com/reel/1664581078470031


Wednesday, September 2, 2026

လိင်တူချစ်သူတို့ရဲ့ စိတ်ကူးယဉ်ကမ္ဘာကို အာဏာသုံးဖျောက်ဖျက်ပစ်နိုင်လား

 

LGBTQ+ ချစ်ဇာတ်လမ်း - မြန်မာက လိင်တူချစ်သူတို့ရဲ့ စိတ်ကူးယဉ်ကမ္ဘာကို အာဏာသုံးဖျောက်ဖျက်ပစ်နိုင်လား

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၆



လိင်တူချစ်သူတွေရဲ့ အချစ်ဇာတ်လမ်းတွေကို စာအုပ်တွေအဖြစ် ဖန်တီးဖော်ပြခွင့်ကို နေပြည်တော်အစိုးရအာဏာပိုင်တွေက ပိတ်ပင်ကန့်သတ်လာပါတယ်။

လိင်တူအချစ်ဇာတ်လမ်းတွေ ပါဝင်တဲ့ စာအုပ်တွေဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီတာ၊ထုတ်ဝေခွင့် မှတ်ပုံတင်မရှိတာဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အဲဒီစာအုပ်တွေကို ရောင်းချနေတဲ့ Facebook စာမျက်နှာ ကိုးခုကို တရားမဝင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

ဒါဟာ စာအုပ်တွေ၊ ထုတ်ဝေသူတွေနဲ့ အွန်လိုင်းစာမျက်နှာတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းတာထက် လူတစ်ဦးချင်းစီရဲ့ စိတ်ခံစားချက်နဲ့ လိင်စိတ်တိမ်းညွတ်မှုကို ထိန်းချုပ်လာတာဆိုတဲ့ ဝေဖန်ချက်တွေရှိလာပါတယ်။

LGBTQ+ လူငယ်အသိုင်းအဝိုင်းကတော့ စာအုပ်တွေကို ဖျောက်ဖျက်တာ၊ ဖြန့်ချိခွင့်ကန့်သတ်လိုက်ရုံနဲ့ လူတွေရဲ့ သဘာဝအတိုင်း ဖြစ်တည်လာတဲ့ လိင်စိတ်တိမ်းညွတ်မှုကို ဖျောက်ဖျက်နိုင်မှာ မဟုတ်ဘူးလို့ ပြောလာကြပါတယ်။

Wattpad ထဲက လိင်တူချစ်သူတွေရဲ့ကမ္ဘာ

LGBTQ+ အသိုင်းအဝိုင်းကတော့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ BL/GL စာအုပ်တွေ၊ ဇာတ်လမ်းတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းလာမှုရဲ့ နောက်ခံဟာ Wattpad လို့ခေါ်တဲ့ အွန်လိုင်းစာရေး၊ စာဖတ်ပလက်ဖောင်းပေါ်က စာရေးသူချင်းအငြင်းပွားမှုတွေကြောင့်လို့ ပြောဆိုကြပါတယ်။

BL ဆိုတာ (Boys' Love) အမျိုးသားနှစ်ဦးကြားနဲ့ GL (Girls' Love) ကတော့ အမျိုးသမီးနှစ်ဦးကြား တွေက အချစ်ရေးကို ဆိုလိုပါတယ်။ BL/GL စာအုပ်တွေနဲ့ ဇာတ်လမ်းတွေကတော့ သူတို့ကြားက ရိုမန်တစ်ဆန်တဲ့ ဆက်ဆံရေး ကို အဓိကထားဖော်ကျူးထားကြတာဖြစ်ပါတယ်။

အဲဒီဇာတ်လမ်းတွေက Wattpad ဆိုတဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ် မှာရေပန်းစားပြီး အသုံးပြုသူအများအပြားက ဆယ်ကျော်သက်လူငယ်တွေနဲ့ အသက် ၂၀ နဲ့ ၃၅ ကြားလူငယ်၊လူလတ်ပိုင်းတွေဖြစ်ပါတယ်။

Wattpad အပလီကေးရှင်းဟာ အသုံးပြုသူတွေက ကိုယ်ပိုင်အကောင့်ဖွင့်ပြီး ဝတ္ထု၊ ကဗျာနဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေကို ကိုယ်တိုင်ရေးသားပြီး အခြားသူတွေနဲ့ မျှဝေနိုင်တဲ့ ပလက်ဖောင်းတစ်ခုပါ။ အထူးသဖြင့် လိင်စိတ်ခံယူမှုကွဲပြားသူတွေရဲ့ အချစ်ဝတ္ထုတွေ၊ စိတ်ကူးစိတ်သန်းတွေကို လွတ်လွတ်လပ်လပ် ဖော်ပြကြတဲ့ နေရာဖြစ်ပါတယ်။


LGBT ကို ရာနှုန်းပြည့်လက်မခံသေးတဲ့ မြန်မာမှာ Wattpad ဟာ သူတို့ရဲ့ ဖြစ်တည်မှုနဲ့စိတ်ခံစားချက် အတွက် လုံခြုံမှုရနိုင်တဲ့တစ်ခုတည်းသော ဆိုရှယ်ပလက်ဖောင်းတစ်ခုဖြစ်တယ်လို့ LGBT အသိုင်းအဝိုင်းက ပြောပါတယ်။


၂၀၁၀ ပြည့်လွန်နှစ်တွေကစပြီး မြန်မာ LGBTQ+ အသိုင်းအဝိုင်းအကြား Wattpad အသုံးပြုမှု ပိုတွင်ကျယ်လာပြီး အသုံးပြုသူတချို့ဟာ သူတို့ရဲ့ စိတ်ကူးယဉ် လိင်တူအချစ်ဇာတ်လမ်းတွေ၊ ကဗျာတွေ ရေးရင်း LGBT စာဖတ်ပရိတ်သတ်တွေအကြားမှာ လူသိများတဲ့ စာရေးသူတွေ ဖြစ်လာကြတယ်လို့ ဆိုပါတယ်။


"အဲဒီမှာ ကိုယ့်အကောင့်ကိုယ်ဖွင့်ပြီး စတိုရီတွေ ဝတ္တုတွေရေးလို့ရတယ်။ တဖြည်းဖြည်းနဲ့ follower တွေ၊ ပရိသတ်တွေ များလာရင် Wattpad ကနေ ပိုက်ဆံပြန်ရတာတွေရှိတယ်" လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ အမျိုးသားချင်းစိတ်တိမ်းညွတ်တဲ့ လိင်တူချစ်သူ တစ်ဦးက ပြောပါတယ်။


ဒါအပြင် Wattpad အပလီကေးရှင်းမှာ အီလက်ထရောနစ်စာအုပ် (ebook) ပုံစံမျိုးလည်းရှိနေပါတယ်။ ဇာတ်လမ်းအမျိုးအစားတွေကတော့ သာမန်ရိုးကျအချစ်ဇာတ်လမ်း၊ ကမ္ဘာကျော် မင်းသမီး၊ မင်းသားတွေကို စိတ်ကူးယဉ်ရေးသားတဲ့ လိင်တူအချစ်ဇာတ်လမ်း နဲ့ လိင်ပိုင်းဆိုင်ရာဇာတ်လမ်းတွေဆိုပြီး ကွဲပြားကြပါတယ်။


"အဲဒီမှာ ကျွန်တော်က လိင်တူအချစ်ဇာတ်လမ်းတွေဖတ်ရတာကြိုက်တယ်။ ဖတ်ပြီးရင် ထိုင်ရာက မထချင်လောက်အောင်ကို စွဲလမ်းကြိုက်သွားတာ" လို့ လိင်တူချစ်သူ အမျိုးသား တစ်ဦးကပြောပါတယ်။

ဘယ်နိုင်ငံတွေမှာ လိင်တူကြိုက်တာ တရားမဝင်သတ်မှတ်ထားသလဲ

တချို့ စာအုပ်တွေဆိုရင် ဖတ်ရှုသူ ၁၅ သန်းကျော်တဲ့ အထိ ရှိပါတယ်။ ဒါဟာ စီးပွားရေးဈေးကွက်တစ်ခုလို ဖြစ်လာပြီး စာရေးသူတွေကြား ပြိုင်ဆိုင်မှုတွေလည်း ပိုပြီးပြင်းထန်လာခဲ့တယ်လို့ ဘီဘီစီက မေးမြန်းခဲ့သူတွေက ပြောပါတယ်။


LGBTQ+ စာရေးသူတွေအတွက် Wattpad လို ပလက်ဖောင်းတွေဟာ စိတ်ကူးယဉ်ဇာတ်လမ်းတွေ ရေးသားဖို့ နေရာတစ်ခုထက်ပိုတယ်လို့ လိင်တူချစ်သူစာဖတ်သူတွေက ခုခံပြောဆိုကြပါတယ်။


လူမှုအသိုင်းအဝိုင်းအတွင်း ကိုယ့်ဖြစ်တည်မှုကို အပြည့်အဝ ဖော်ပြဖို့ အခက်အခဲတွေရှိနေချိန်မှာ ကိုယ့်လိုလူတွေရဲ့ ဇာတ်လမ်းတွေကို ဖတ်ရှုနိုင်ခြင်း၊ ကိုယ့်ရဲ့ အချစ်နဲ့ စိတ်ကူးတွေကို စာသားအဖြစ် ဖန်တီးနိုင်ခြင်းဟာ သူတို့အတွက် ကိုယ်ပိုင်ကမ္ဘာတစ်ခု ဖန်တီးနိုင်ခြင်းလည်း ဖြစ်တယ်လို့ ပြောကြပါတယ်။


အခု အာဏာပိုင်တွေက လိင်တူအချစ်ဇာတ်လမ်းစာအုပ်တွေကို ထိန်းချုပ်လာတာကြောင့် ''စာအုပ်တွေကို ဖျောက်ဖျက်နိုင်ရင် စာရေးသူတွေရဲ့ စိတ်ကူးတွေနဲ့ လိင်တူချစ်သူတွေရဲ့ ဖြစ်တည်မှုကိုပါ ဖျောက်ဖျက်နိုင်မှာလား'' လို့ လိင်တူချစ်သူတွေက မေးခွန်းထုတ်ကြပါတယ်။


အခု ပြန်ကြားရေးဝန်ကြီးဌာနက အရေးယူဖို့ ပြင်လာတဲ့ နောက်ကွယ်မှာ လိင်တူချစ်သူဇာတ်လမ်းတွေကိုရေးတဲ့ စာရေးသူတစ်ယောက်က နောက်ထပ်စာရေးသူတစ်ယောက်ကို တိုင်ကြားခဲ့တဲ့ အမှုကြောင့် ဖြစ်တယ်လို့ LGBT အသိုင်းအဝိုင်းက ပြောပါတယ်။


"စာရေးသူတစ်ယောက်က သူ့စာတွေခိုးချခံရပါတယ်ဆိုပြီး ပြန်ကြားရေးကို သွားတိုင်လိုက်တယ်။ တခြားစာရေးသူတစ်ယောက်က သူ့စာတွေကို ကူးယူတယ်။ စု၊ တု၊ ပြု လုပ်တယ်ပေါ့။ အဲဒီလိုနဲ့ စာရေးသူချင်း ပြဿနာတွေဖြစ်ကြတာ" လို့ ရန်ကုန်မြို့က အမျိုးသားလိင်စိတ်တိမ်းညွတ်နေသူတစ်ဦး က ပြောပါတယ်။


တိုင်ကြားခဲ့သူကိုယ်တိုင်ကလည်း တခြားစာရေးသူတစ်ဦးက သူ့စာတွေကို ကူးယူဖော်ပြခဲ့တာကြောင့် ပြန်ကြားရေးဝန်ကြီးဌာနကို တိုင်ကြားခဲ့တယ်လို့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။


အဲဒီတိုင်ကြားချက်ထဲမှာ ညစ်ညမ်းစာပေတွေကို တရားဝင်ခွင့်ပြုချက်လိုင်စင်မရှိဘဲ စီးပွားဖြစ်ပုံနှိပ်ရောင်းချနေတယ်ဆိုတဲ့ အချက်လည်းပါဝင်တယ်လို့ သိရှိရပါတယ်။


၃၇၇(က)- လိင်တူလက်ထပ်ခွင့်တောင်းဆိုမှုက စင်ကာပူ LGBT အခွင့်အရေး စစ်မျက်နှာသစ်ဖြစ်လာ

ဒီဖြစ်စဥ်တွေနောက် ဩဂုတ် ၂၈ ရက်မှာ တော့ ပြန်ကြားရေးဝန်ကြီးဌာနက လိင်တူချင်းချစ်ကြိုက်တဲ့ BL (Boys' Love) ၊ GL (Girls' Love) စာအုပ်တွေ ထုတ်ဝေတဲ့ ဖေ့စ်ဘုတ်စာမျက်နှာ ၉ ခု ကို တရားမဝင်အဖြစ် ကြေညာခဲ့ပါတယ်။


အဲဒီစာမျက်နှာတွေကတော့ ရွှေအိမ်စာပေ၊ ဆူးခေတ်စာပေ၊ Chi စာပေ၊ ဘဝထက်စာပေ၊ ဧရိပ်-A Yeik၊ Alora Eleven Book House၊ Libra Book Shop(Chuu Sein)၊ နွေဦးကံ့ကော်စာအုပ်ဆိုင်နဲ့ Z For Zodiac တို့ဖြစ်ပါတယ်။


Chi စာပေကတော့ သူတို့ရဲ့ နောက်ဆုံးထုတ်ဝေတဲ့ BL စာအုပ်ကို ပုံနှိပ်စက်က ဆက်မရိုက်နှိပ်ပေးတော့ကြောင်း လူမှုကွန်ရက်မှာ ကြေညာထားပါတယ်။


ပြန်ကြားရေးဝန်ကြီးဌာနကတော့ ထုတ်ဝေသူဟာ သူထုတ်လုပ်တဲ့ စာကို မှတ်ပုံတင်စာရင်းပေးသွင်းတာ၊ မူပိုင်ခွင့်အတွက် ဝန်ကြီးဌာနကို ပေးပို့ရမယ်ဆိုတဲ့ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ပုဒ်မ (၁၁) ပါ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်ခဲ့တယ်လို့ ပြောထားပါတယ်။


ပုဒ်မ (၁၅) ပါ သက်ဆိုင်ရာလုပ်ငန်းအသိအမှတ်ပြုလက်မှတ်မရှိဘဲ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း တားမြစ်ချက်ကိုလည်း ချိုးဖောက်ခဲ့တယ်လို့ ဆိုပါတယ်။


ဒါအပြင် Facebook၊ Tiktok၊ Telegram တို့မှာလည်း လိင်တူအချစ်စာအုပ်ထုတ်ဝေမှုတွေကို စောင့်ကြည့်နေတယ်လို့ အာဏာပိုင်တွေကကြေညာပါတယ်။


ပြန်ကြားရေးဝန်ကြီးဌာနက စောင့်ကြည့် အရေးယူနေတယ်ဆိုပေမဲ့ Wattpad လို အက်ပလီကေးရှင်းမှာတော့ BL ၊ GL စာအုပ်တွေကို ဆက်ပြီးဖတ်ရှုနိုင်သေးတယ်လို့ စာဖတ်သူတွေက ပြောပါတယ်။


မြန်မာ့အယူအဆနဲ့ တစ်သက်နှစ်ဘဝ

ရှေးရိုးစွဲ မြန်မာ့လူမှုအသိုင်းအဝိုင်းမှာတော့ အခုဘဝ လိင်စိတ်ကွဲပြားခံယူသူတွေဟာ အတိတ်ဘဝတစ်ခုခုက ပြုခဲ့တဲ့ မကောင်းမှု အကုသိုလ်ကံရဲ့ အကျိုးဆက်ကြောင့်လို့ ယူဆယိုးစွပ်ကြလေ့ရှိပါတယ်။


တကယ်တော့ LGBTQ+ အသိုင်းအဝိုင်းက လူတွေဟာ သူတို့ရှင်သန်နေတဲ့ တစ်သက်တာမှာ မတူညီတဲ့ လူနေမှုဘဝနှစ်ခု နဲ့ ဖြတ်သန်းနေကြရတာပါ။


ဘီဘီစီက မေးမြန်းခဲ့တဲ့ လိင်စိတ်ခံယူမှုကွဲပြားသူအချို့ကတော့ "တန်ဆေး လွန်ဘေး" ဖြစ်စေနိုင်တဲ့ ညစ်ညမ်းစာပေတွေအပေါ် အရေးယူပိတ်ပင်တာကို လက်ခံတယ်လို့ ပြောပါတယ်။


ဒါပေမဲ့ အာဏာပိုင်တွေအနေနဲ့ လိင်စိတ်ခံယူမှုနဲ့ ဖြစ်တည်မှုကို ညစ်ညမ်းစာပေနဲ့ ပုံမှားရိုက်ပြောဆိုတာ၊ LGBTQ+ အသိုင်းအဝိုင်းတစ်ခုလုံးကို အရှက်ရစေတဲ့ ပုံစံနဲ့ ဖော်ပြတာတွေကိုတော့ လက်မခံနိုင်ဘူးလို့ဆိုပါတယ်။


ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာတော့ BL (Boys' Love) နဲ့ GL (Girls' Love) စာအုပ်တွေဟာ ''မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီဘဲ" လူငယ်တွေရဲ့ အတွေးအခေါ်၊ မျှော်မြင်မှုနဲ့ ခံစားချက်တွေကို လွဲမှားစေနိုင်တယ်လို့ ဖော်ပြထားပါတယ်။


"မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးဆိုတဲ့ အသုံးအနှုန်းက အစ်မအတွက် sensitive ဖြစ်တယ်။ ဘာလို့ဆိုရင် ၂၀၂၆ ခုနှစ်မှာ နိုင်ငံတော်တော်များများက LGBT နဲ့ ပတ်သက်ပြီး လက်ခံကြတယ်။ လက်မခံတဲ့နိုင်ငံတွေမှာတောင် လွတ်လပ်ခွင့်ပေးထားတယ်။ တချို့နိုင်ငံတွေဆို တရားဝင်လက်ထပ်ခွင့်တွေအထိ လုပ်လာကြတဲ့အချိန်မှာ အစ်မတို့က အဲဒါမျိုးတွေ တစ်ခုမှမရှိတဲ့အပြင် တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာတယ်" လို့ အမျိုးသားလိင်စိတ်တိမ်းညွတ်နေသူ(အရပ်အခေါ် ယောက်ျားလျာ) တစ်ဦးကပြောပါတယ်။


အခုလို BL နဲ့ GL စာအုပ်တွေကို ပိတ်ပင်ကန့်သတ်တာဟာ အစိုးရက လိင်စိတ်ခံယူမှုကွဲပြားသူတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ပိုပြီးလုပ်ဆောင်လာနေပြီဆိုတဲ့ ပြယုဂ်တစ်ခုလို့ သူက ဆိုပါတယ်။


နာမည်ကြီး မင်းသား၊ မင်းသမီးတွေကို မိတ်ကပ်ပြင်ဆင်ပေးနေတဲ့ အမည်မဖော်လိုတဲ့နာမည်ကြီး မိတ်ကပ်ပညာရှင်တစ်ဦးကလည်း လိင်တူချစ်ခြင်းကို ဖော်ပြတဲ့ အနုပညာလက်ရာတွေအပေါ် ဆင်ဆာကန့်သတ်မှုတွေ ရှိနေတာကို လက်မခံဘူးလို့ ဆိုပါတယ်။


"အခုက ဇာတ်ကားတွေမှာ အခြောက်နဲ့ ယောကျ်ားကြိုက်တာကို ဆင်ဆာကလည်း ခွင့်မပြုဘူးဖြစ်နေတယ်။ နည်းနည်းလေး ချစ်ပြ၊ ကြိုက်ပြတာကို ရေးလို့လည်းမရ၊ ရိုက်လို့လည်းမရဘူးဆိုရင်တော့ ပြောစရာစကားကို မရှိတော့ပါဘူး။ ဒီလိုမျိုး စာအုပ်ထုတ်လိုက်လို့လည်း ယဉ်ကျေးမှုက ပျက်သွားမှာမဟုတ်ပါဘူး" လို့ သူက ပြောပါတယ်။


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာနေထိုင်တဲ့ အမျိုးသမီးလိင်စိတ်ခံယူထားတဲ့လူငယ်တစ်ဦးကလည်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်က ဖိုဝါဒကြီးစိုးမှုလို့ သူ့အမြင်ကိုပြောပါတယ်။


"ဖိုဝါဒ ကြီးစိုးတဲ့ သူတွေကပဲ ဆုံးဖြတ်၊ ဖိုဝါဒကြီးစိုးတဲ့သူတွေကပဲ ဦးဆောင်နေတဲ့ အခါကြတော့ အမျိုးသမီးတွေကို ဦးစားပေးမှု၊ လူနည်းစု LGBT တွေကို ဦးစားပေးမှုတွေက ပျောက် ပျောက်လာတယ်" လို့ သူကဆိုပါတယ်။

အိမ်နီးချင်းနိုင်ငံတွေက LGBTQ+ စာပေ

မြန်မာ့အိမ်နီးချင်းနိုင်ငံတွေမှာ LGBTQ+ အကြောင်းအရာပါတဲ့ စာပေတွေအပေါ် ချဥ်းကပ်ပုံက မတူညီကြပါဘူး။

ထိုင်းနိုင်ငံမှာ BL နဲ့ GL ဝတ္ထုတွေဟာ အွန်လိုင်းစာပေကနေ ပုံနှိပ်စာအုပ်၊ ရုပ်သံဇာတ်လမ်းတွဲနဲ့ နိုင်ငံတကာဖျော်ဖြေရေးဈေးကွက်အထိ ရောက်ရှိလာပြီး ဝင်ငွေအားကောင်းတဲ့ ဖျော်ဖြေရေးလုပ်ငန်းအဖြစ် ဖွံ့ဖြိုးလာသလို အစိုးရကခွင့်ပြုထားပါတယ်။

အိန္ဒိယမှာလည်း လိင်တူချစ်ခြင်းနဲ့ queer (LGBTQ+ ဆိုင်ရာစာပေ) စာပေသမိုင်းရှည်ရှိပြီး ခေတ်သစ် ထုတ်ဝေရေးလောကမှာ LGBTQ+ စာရေးသူတွေရဲ့ ဝတ္ထု၊ ကိုယ်ရေးမှတ်တမ်းနဲ့ ကဗျာတွေကို ထုတ်ဝေမှု ပိုမိုမြင်သာလာပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာတော့ queer စာရေးသူတွေရဲ့ စာပေဖန်တီးမှုတွေ ရှိနေဆဲဖြစ်ပေမဲ့ လူမှုရေးဖိအားတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ရေးသားရတဲ့ အခြေအနေတွေ ရှိနေပါတယ်။

တရုတ်နိုင်ငံမှာတော့ အမျိုးသားနှစ်ဦးကြား အချစ်ဇာတ်လမ်းတွေကို အဓိကထားတဲ့ danmei စာပေဟာ အွန်လိုင်းမှာ ကြီးမားတဲ့ စာပေလှိုင်းတစ်ခု ဖြစ်လာခဲ့ပေမဲ့ အာဏာပိုင်တွေရဲ့ ဆင်ဆာထိန်းချုပ်မှုကြောင့် စာရေးသူတွေနဲ့ အွန်လိုင်းပလက်ဖောင်းတွေဟာ အကြောင်းအရာတွေကို ကန့်သတ်တာ၊ ဖယ်ရှားတာနဲ့ ကိုယ်တိုင် ဆင်ဆာလုပ်ရတာတွေ ရှိလာခဲ့ပါတယ်။

ဒါကြောင့် ဒေသတွင်းအခြေအနေတွေကို ကြည့်ရင် LGBTQ+ စာပေကို လက်ခံပုံနဲ့ ထိန်းချုပ်ပုံက နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူညီကြပါဘူး။

တချို့နိုင်ငံတွေမှာ ဒီလိုစာပေတွေဟာ စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အစိတ်အပိုင်းတစ်ခုအဖြစ် ပိုမိုမြင်သာလာနေချိန်မှာ တချို့နိုင်ငံတွေမှာတော့ ဆင်ဆာထိန်းချုပ်မှုနဲ့ လူမှုရေးဖိအားတွေကြားမှာ ဆက်လက်ဖန်တီးနေကြပါတယ်။


မူလဘူတရေးသားတင်ဆက်သူ - BBC Burmese 

အပြည့်အစုံ ဖတ်ရှုရန် - https://bbc.in/4gu2aFI 




Thursday, August 27, 2026

အမျိုးသားတွေကြီးဆေးထိုးကြတာ ဘာကြောင့်လဲ

 အန္တရာယ်များပေမဲ့ အမျိုးသားတွေကြီးဆေးထိုးကြတာ ဘာကြောင့်လဲ




(ရေးသားသူ,ဂျိမ်းစ် ဂါလာဂါ

ရာထူးတာဝန်,Inside Health တင်ဆက်သူ၊ BBC Radio 4ရေးသားခဲ့သည်။)


ဂျေဆင်တစ်ယောက် ''အချိုရည်ဗူး'' လောက် မဖြစ်ချင်ခဲ့ပါဘူး။ ဒီအသုံးက အမျိုးသားတွေ လိင်ကြီးဆေးထိုးလွန်းလို့ ကြီးလာတဲ့အရွယ်ကို ပြောင်ပြီး ခေါ်တဲ့နာမည်ပါ။


''တချို့လူတွေဆိုရင် တကယ့်အလွန်အကျွံကို ဆေးတွေ ထိုးကြတာ'' လို့ ဂျေဆင်က မန်ချက်စတာမြို့မှာ ကျွန်တော်တို့ဆုံတော့ ပြောပြပါတယ်။


သူလည်း ဆေးထိုးထားပါတယ်။ ၁၆ ရာခိုင်နှုန်းလောက် လုံးပတ်ပိုကြီးလာအောင် ထိုးထားတာဖြစ်ပြီး ဒီအရွယ်ဟာ သူရော၊ သူ့ လက်တွဲဖော်အတွက်ပါ အဆင်ပြေတဲ့အနေအထားလို့ သူက ပြောပါတယ်။ သူ့ကိုယ်သူလည်း ယုံကြည်မှု တိုးလာတယ်လို့ ပြောပါတယ်။


ဂျေဆင်ကတော့ အခုအထိ ''အားလုံးပုံမှန်အတိုင်းပဲ'' အလုပ်လုပ်ပါတယ်လို့ ရှင်းပြပြီး ''နည်းနည်း ပိုထွားသွားတာတော့ရှိတယ်'' လို့လည်း ဆိုပါတယ်။


ဂျေဆင်လိုမျိုးပဲ ကြီးဆေးထိုးကြတဲ့အမျိုးသား ဘယ်လောက်အထိ များနေလဲဆိုတာ စာရင်းဇယား မရှိပါဘူး။ ဒါမျိုးက အမျိုးသမီးတွေကြား သိပ်အကြိုက်များနေတဲ့ နှုတ်ခမ်းထူထူ စူစူလေးဖြစ်ဖို့ ဆေးထိုးထားမျိုးလို မြင်သာတဲ့ကိစ္စတစ်ခုလည်း ဟုတ်မနေပါဘူး။


လုပ်ထုံးလုပ်နည်းအရ စည်းကမ်းချထားတာလည်း နည်းပါးလို့ ဘယ်သူမဆို ဒီလိုဆေးမျိုးထိုးပေးနိုင်တဲ့အတွက် ဘယ်သူက ဘယ်နှယောက်ကို ထိုးပေးထားတယ်ဆိုတာမျိုး တရား၀င် မှတ်တမ်းမှတ်ရာလည်း မရှိပါဘူး။


လိင်ကြီးဆေးကိစ္စက ပြီးခဲ့တဲ့ဆောင်းရာသီ အိုလံပစ်မှာတောင် ပြောစရာအထိ ဖြစ်ခဲ့ဖူးပါတယ်။ အမျိုးသားစကိတ်စီးမောင်တွေဟာ ခပ်၀ေး၀ေးခုန်နိုင်ဖို့ သူတို့အ၀တ်တွေ ပွတက်နေအောင် ကြီးဆေးထိုးထားတာမျိုး လုပ်ကြတယ်ဆိုတဲ့ကောလာဟလတွေလည်း ထွက်ခဲ့ပါတယ်။


ဒါပေမဲ့ တချို့အမျိုးသားတွေဟာ ဆေးထိုးအပြီးမှာ လိင်တံညိုမည်းလာတာ၊ အရေပြားတွေလန်ကုန်တာမျိုးဖြစ်လို့ အရေးပေါ်ဌာနကို ရောက်သွားရတဲ့ဖြစ်စဉ်အချို့လည်း ရှိပါတယ်။ ဆီးနဲ့ကျောက်ကပ်ဆိုင်ရာ ဗြိတိသျှခွဲစိတ်ကုဆရာ၀န်များအသင်းကတော့ အမျိုးသားတွေ ဒီလိုဆေးထိုးတာကို သတိပေးချက် ထုတ်ထားပါတယ်။


Skip အဖတ်အများဆုံး and continue reading

အဖတ်အများဆုံး

နီပေါ-တိဗက်နယ်စပ် ရေကြီးမှု လူ ၉၅ ဦးထက်မနည်း သေဆုံး၊ ခရီးသွားရာနဲ့ချီ ပျောက်ဆုံး

ကွာရှင်းခွင့်၊ ဖုန်းပိတ်ပင်မှုနဲ့ ထိန်းချုပ်မှု - တာလီဘန်တွေ အာဖဂန်ကိုဘယ်လိုအုပ်ချုပ်နေသလဲ

"ပိုက်ဆံပေးမှ ထွက်နိုင်တယ်" - ရန်ကုန်လေဆိပ်က ခရီးသည်တွေရဲ့အတွေ့အကြုံ

သေချာပေါက်ရမယ့် ပေါင် ၅ သောင်းကိုယူမလား၊ တစ်ဝက်သေချာတဲ့ပေါင် ၁ သန်းကိုယူမလား

End of အဖတ်အများဆုံး

ဒီတော့ အန္တရာယ်များတဲ့ကြားက အမျိုးသားတွေ ဘာကြောင့်ကြီးဆေးထိုးကြတာလဲ။ ဘယ်လိုအန္တရာယ်မျိုးတွေ ရှိနိုင်ပါသလဲ။


ဂျေဆင်ကတော့ သူ ဘာလို့ ကြီးဆေးထိုးလဲဆိုတာကို ကျွန်တော်တို့ကို ပွင့်ပွင့်လင်းလင်းပဲပြောပြပါတယ်။ ဒီနေရာမှာ သူ ဘယ်သူဖြစ်တယ်ဆိုတာကို မဖော်ပြပါဘူး။


သူကတော့ သူ့မှာရှိတဲ့အရှည်ကို အဆင်ပြေပေမဲ့ ပိုကြည့်ကောင်းအောင် ''ဖြောင့်စင်းဖို့'' နဲ့ ''အလုံးအထည်ရှိဖို့'' လုပ်ချင်ခဲ့တာလို့ ပြောပါတယ်။


''ကိုယ့်မှာ အဲဒီအပိုင်းတွေလိုနေသေးတယ်လို့ ခံစားနေရတယ်ဆိုရင်တော့ လုပ်လိုက်တာပဲပေါ့'' လို့ ဂျေဆင်က ပြောပါတယ်။


ဘယ်လိုလုပ်လို့ရမလဲဆိုတဲ့အတွေးလွန်ဆွဲနေတာ တစ်နှစ်လောက်အကြာမှာတော့ သူ ခွဲစိတ်ဖို့ အထိ စိတ်မကူးတော့ပါဘူး။ အဲဒီအစား သူ ဟိုင်ယာလူရောနစ် အက်ဆစ် အမျိုးအစား ဆေးထိုးဖို့ ရွေးချယ်ပါတယ်။ ဒီဆေးရည်က ထိုးပြီးရင် နောက်ပိုင်းမှာ ''တဖြည်းဖြည်းအရည်ပျော်သွား'' မှာဆိုတော့ ဆေးထိုးပြီး ရလာမယ့်ပုံကို မကြိုက်ရင်လည်း အချိန်တစ်ခုမှာ သူ့ မူရင်းပုံစံ ပြန်မြင်ရမှာကို ဂျေဆင် သိနေလို့ပါ။


ဒါပေမဲ့ အားကောင်းမောင်းသန် ယောက်ျားဖြစ်ရမယ်ဆိုတဲ့အတွေးမျိုးနဲ့ ဂျေဆင်လုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ ''ကိုယ် ဘယ်လောက်ကြီးလဲ၊ ဘယ်လောက်မှ ယောက်ျားပီသမလဲဆိုတာမျိုးတွေကို ကျွန်တော်က လက်ခံသူ မဟုတ်ပါဘူး'' လို့ သူက ပြောပါတယ်။ အဲဒီအစား အမျိုးသားတွေလည်း သန့်ခန့်ရမယ်ဆိုတဲ့အမြင်တွေကြောင့်သာ အခုလို လုပ်ဖြစ်ခဲ့တာလို့ သူက ပြောပါတယ်။


''အမျိုးသမီးတွေချည်းပဲ အလှအပရေးရာကို အမီလိုက်ဖို့လိုတာ မဟုတ်ဘူး။ အမျိုးသားတွေလည်း လိုက်မီဖို့ လိုတယ်'' လို့ သူက ပြောပါတယ်။


"ပြောရရင် လူမှုအသိုက်အ၀ိုင်းကိုက ပြောင်းလဲနေတာ။ မီဒီယာတွေမှာ ပုံဖော်တာကလည်း လူတိုင်းရဲ့နေ့စဉ်ဘ၀ကို ကြီးမားတဲ့ရိုက်ခတ်မှုရှိတယ်။ ဘယ်နေရာသွားသွား လုံးဝကြည့်ကောင်းနေတဲ့ လူမျိုးကို တွေ့ကိုတွေ့နေရတာမျိုး ဖြစ်လာတယ်။"


တစ်ဖက်မှာလည်း လိင်ကြီးဆေး ၀န်ဆောင်မှုပေးတဲ့ဆေးခန်းတွေရဲ့အင်တာနက်စာမျက်နှာတွေကိုကြည့်လိုက်ရင် မေးတဲ့မေးခွန်းက ''ကိုယ့်မှာရှိတဲ့အရွယ်အစားကြောင့် အရှက်ရ စိတ်မလုံခြုံ ဖြစ်နေလား'' ဆိုတဲ့မေးခွန်းမျိုးဖြစ်ပါတယ်။ အဲဒီလိုမေးခွန်းမျိုးနဲ့ လူတွေရဲ့လိုအပ်ချက်ဆိုတာမျိုးကို အသုံးချနေကြတာ မြင်သာပါတယ်။


လိင်ကြီးဖို့ဆိုပြီး လုပ်နိုင်တဲ့ရွေးချယ်စရာတွေ များပါတယ်။ ခွဲစိတ်မလား၊ မခွဲစိတ်တဲ့နည်းနဲ့ လုပ်မလား။ လိင်တံထဲ ထိုးတဲ့ဆေးကလည်း စုံလို့ပါ။


လက်ရှိမှာတော့ အများစုအသုံးများတာက ဂျဲလ်လိုပုံစံရှိတဲ့ ဟိုင်ယာလူရောနစ် အက်ဆစ် ထိုးဆေးဖြစ်ပါတယ်။ ဒါကို နှုတ်ခမ်းထိုးဆေးတွေမှာလည်း အဓိကပါ၀င်ပစ္စည်းအဖြစ် သုံးပါတယ်။


ဟိုင်ယာလူရောနစ် အက်ဆစ်က ခန္ဓာကိုယ်ထဲမှာ သကြားမော်လီကျူးအဖြစ် သဘာ၀အတိုင်းရှိတာမျိုးပါ။ ခန္ဓာကိုယ်ထဲ ရေဓာတ်ကို စုပ်ယူထားလို့ "အစိုဓာတ်ယူတဲ့သံလိုက်" လို့တောင် တင်စားကြပါတယ်။


ဗြိတိန်က ဂရိတ်တား မန်ချက်စတာ၊ ပရက်စ်၀ှစ်ချ်မြို့မှာနေတဲ့ ဒေါက်တာ ဂျာဗက် ဟူစိန်ဟာ သူ့ဆေးခန်းမှာ အမျိုးသားတွေအတွက် ကြီးဆေးထိုးပေးတဲ့ ကုထုံး၀န်ဆောင်မှု ပေးနေတာ တစ်နှစ်ကျော်လောက်ရှိပါပြီ။


ဒေါက်တာ ဟူစိန်ဟာ အစောပိုင်းက ဆေးကုတဲ့ဆရာ၀န်ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ အလှအပရေးရာ ကုသမှုပိုင်းကို ပြောင်းခဲ့သူပါ။ လိင်ကြီးဆေးထိုးတဲ့၀န်ဆောင်မှု လုပ်ဖို့ကတော့ ဥပဒေအရ နောက်ထပ် ဆေးသင်တန်းတက်ရတာမျိုးလုပ်ဖို့ မလိုပါဘူး။


သူကတော့ ၀န်ဆောင်မှု လိုချင်တဲ့သူ တိုးလာတယ်လို့ပြောပြီး အသက်အရွယ်စုံ အမျိုးသားတွေကို ဒီကုသမှုကို ပေးနေတယ်လို့ ဆိုပါတယ်။ အဲဒီထဲ အသက် ၂၀ ၀န်းကျင်အရွယ်တွေ ပါ၀င်သလို အသက်အကြီးဆုံးအမျိုးသားဟာ ၇၂ နှစ်လို့ ဆိုပါတယ်။


ကုသမှုမလုပ်ခင် အရင်ဆုံး လူနာရဲ့ကျန်းမာရေးအခြေအနေ၊ ဘာကြောင့် ဒီကုသမှုလုပ်ချင်တာလဲ၊ ဘယ်လိုရလဒ်မျိုး မျှော်လင့်ထားသလဲ၊ နောက်ပြီး ဖြစ်လာနိုင်တဲ့အန္တရာယ်တွေ ဘာတွေရှိနိုင်သလဲဆိုတာကို ဆွေးနွေးကြတယ်လို့ သူက ပြောပါတယ်။


အဲဒီနောက် ကုသမှုပေးတဲ့နေ့ရောက်တဲ့အခါမှာ လိင်တံထဲကို ဟိုင်ယာလူရောနစ် အက်ဆစ်ကို သုံးကြိမ် ထိုးပါတယ်။ ထိပ်ကိုတစ်ချက် ဘေးတစ်ဖက်တစ်ချက်စီကို တစ်ချက်စီ ထိုးတာပါ။ ပြွန်ကိုသုံးပြီး ဆေးရည်က လိင်တံချောင်းတလျှောက်ရောက်သွားတဲ့နည်းလမ်းပါ။


အဲဒီနောက် ထိုးလိုက်တဲ့ဆေး ညီညီညာညာပြန့်သွားအောင် နှိပ်နယ်ပေးရပါတယ်။ လူနာဟာ အိမ်ပြန်ရောက်ရင်လည်း အဲဒီလိုဆက်ပြီး နှိပ်ပေးနေရပါတယ်။


ကုသမှုဟာ ပေါင်ငွေ ၃,၅၀၀ လောက်အထိ ကျနိုင်ပါတယ်။ ဒေါက်တာဟူစိန်ကတော့ အမျိုးသားအများစုဟာ ၆ လကနေ ၈ လလောက်အထိ ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ လိင်တံကြီးနေတာမျိုး ဖြစ်နေနိုင်တယ်လို့ ဆိုပါတယ်။


ဒါနဲ့အတူ အန္တရာယ်တွေလည်း ကပ်ပါလာပါတယ်။ အဲဒါတွေက နာကျင်တာ၊ ဒဏ်ဖြစ်တာနဲ့ ဆေးမညီတာမျိုးတွေလို အနည်းငယ်အပိုင်းကနေ ပိုး၀င်တာမျိုးလို ပြင်းထန်တဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါတွေက ဆေးထိုးတဲ့ကုသမှုတိုင်းမှာ ဖြစ်တတ်တာတွေပါ။


ဒါပေမဲ့ ဒီနေရာမှာတော့ အမျိုးသားတွေ ပန်းလန်းဖို့ အရေးပါတဲ့သွေးကြောတွေနဲ့ အတွင်းထဲကဖွဲ့စည်းပုံတွေ ပျက်စီးသွားနိုင်တဲ့အန္တရာယ်တွေလည်း ရှိပါတယ်။


ခွဲစိတ်ဆရာ၀န်တွေ စိုးရိမ်ကြတဲ့အပိုင်းနဲ့ ကုသမှုပေးတဲ့အပိုင်း ချိန်ထိုးစဉ်းစားကြည့်မိလားလို့ ဟူစိန်ကို မေးတော့ သူက တချို့တွေ ဘာလို့စိုးရိမ်ကြလဲဆိုတာကို သူ ''လုံး၀နားလည်ပါတယ်'' လို့ ပြောပါတယ်။


''ဆရာ၀န်တွေဆိုတော့ ဒီစိုးရိမ်စိတ်တော့ ရှိတတ်တာ သဘာ၀ပါပဲ'' လို့သူက ပြောပြီး ''တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ ရလဒ်တွေ ထွက်နေတယ်ဆိုတာ သက်သေတွေ ထွက်ပေါ်လာနေတာပဲလေ။ အမျိုးသားတွေအတွက် အကျိုးရှိစေမယ့်အရာပေါ့'' လို့ ဆိုပါတယ်။


ဟူစိန်ကတော့ ဆေးထိုးလို့ တစ်ခုခုအတိမ်းအစောင်းဖြစ်တဲ့အခါ ဆေးပျော်သွားအောင် လုပ်မယ့်ဆေးမျိုး အသင့်ဖြစ်နေအောင် ပြင်ထားတာမျိုးလို ''ချက်ချင်းလုပ်နိုင်မယ့် လုပ်ငန်းအစီအစဉ်'' စီမံထားတယ်လို့ ပြောပေမဲ့ ဒီလိုဖြစ်ရပ်မျိုး မကြုံဖူးဘူးသေးဘူးလို့လည်း ပြောပါတယ်။ ဒါပေမဲ့ သူ့ရဲ့ဒီပြောဆိုချက်ကို ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။


ဒါပေမဲ့ တခြားတစ်နေရာမှာ ကုသမှုခံယူပြီး အခြေအနေ မျှော်မှန်းသလိုမဖြစ်လို့ သူ့ဆီ ကုသမှု အကြံဉာဏ် လာတောင်းဖူးသူ လူနာတစ်ဦးတော့ ရှိဖူးတယ်လို့ သူက ပြောပါတယ်။


အဲဒီလူနာဟာ သူ အထိုးခံလိုက်တဲ့ဆေး မမှန်ကန်လို့ လိင်တံက မည်းသွားတာမျိုးဖြစ်နေပြီလို့ သူက ပြောပါတယ်။ ဆေးထိုးချိန် သွေးကြောတွေ ပျက်စီးသွားပြီး အရေပြား ပုပ်စပြုလာလို့ အဲဒီအမျိုးသားဟာ အရေးပေါ်ကို တန်းပြီး သွားလိုက်ရပါတယ်။


မန်ချက်စတာ အမျိုးသားကျန်းမာရေးဌာန (NHS)မှာ အမျိုးသားလိင်ပိုင်းဆိုင်ရာကျန်းမာရေး အထူးကုနဲ့ ဆီးနဲ့ကျောက်ကပ်ဆိုင်ရာခွဲစိတ်ကု ဆရာ၀န်အဖြစ် တာ၀န်ထမ်းနေတဲ့ပါမောက္ခ ဗိုင်ဘပ် မော့ဂင်းလ်က လိင်ကြီးဆေးထိုးပြီး အဆင်မသင့်လို့ ဆေးရုံရောက်လာတဲ့အမျိုးသားတွေကို ကုပေးခဲ့ရဖူးတယ်လို့ ပြောပါတယ်။


"အဲဒီလိုဖြစ်တဲ့အခါ လူနာအတွက် တကယ်ကို ဆိုးရွားတဲ့အကျိုးဆက်တွေဖြစ်နိုင်တယ်" လို့ သူက ပြောပါတယ်။


သူ့အနေနဲ့ "အရေပြားတစ်နေရာ ကွက်ပြီး သေနေတဲ့ လူနာတွေကိုလည်း တွေ့ဖူးတယ်'' လို့ သူက ပြောပြီး ''အဲဒီနေရာက အရေပြားက မည်းပြီး နောက်ဆုံးမှာတော့ ကွာကျသွားတာမျိုး ဖြစ်တတ်တယ်" လို့ ပြန်ပြောပြပါတယ်။


"အမျိုးသားတွေက 'ဒီလိုကြီးဆေးထိုးလိုက်ရင် အရမ်းကောင်းသွားမယ်' လို့ ထင်ပြီး လုပ်ကြတယ်။ ဒါပေမဲ့ ခွဲစိတ်ပြီး ထွက်လာတဲ့အခါ မလုပ်ခင်ကထက်တောင် ကိုယ့်ကိုယ်ကို မကျေနပ်တာ ပိုဖြစ်လာနိုင်တယ်" လို့ သူက ဆိုပါတယ်။


အဲလက်စ် (နာမည်ရင်း မဖော်ပြချင်သူ) ကတော့ လိင်တံအရွယ်ကြီးအောင် ဂျာမနီကို သွားပြီး အခြားနည်းလမ်းတစ်မျိုးနဲ့ ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။


သူက လိင်တံကို ပိုရှည်သလို မြင်ရစေဖို့ လိင်တံကို ဆီးခုံရိုးနဲ့ ချိတ်ဆက်ထားတဲ့အရွတ်ကို ဖြတ်တဲ့ခွဲစိတ်မှု လုပ်ခဲ့သလို ကိုယ့်ခန္ဓာကိုယ်ထဲက အဆီဆဲလ်တွေကို ထုတ်ယူပြီး လိင်တံထဲ ပြန်ထိုးသွင်းလို့ အရွယ်အစားကြီးလာအောင်လည်း လုပ်ခဲ့ပါတယ်။


ခွဲစိတ်ပြီး သတိပြန်ရလာချိန်မှာတော့ နာကျင်လွန်းလို့ မတ်တပ်တောင် မရပ်နိုင်ဘူးလို့ အဲလက်စ်က ပြောပါတယ်။


"ကိုယ်မှာ အညိုအမည်းစွဲတာ တော်တော်များများဖြစ်ခဲ့တယ်။ ပေါင်အပေါ်ပိုင်း တစ်လျှောက်လုံးလည်း အဝါရောင် ပြောင်းသွားတယ်။ တစ်လလောက်အထိ ပုံမှန်လမ်းတောင် မလျှောက်နိုင်ခဲ့ဘူး" လို့ သူက ပြောပါတယ်။


နောက်ပိုင်းမှာ အဲလက်စ်ဟာ ဒေါက်တာ မော့ဂင်းလ်ရဲ့ဆေးခန်းမှာ ကုသမှု ဆက်လုပ်ခဲ့ရပြီး နောက်ဆုံးတော့ ပြန်သက်သာသွားပါတယ်။


"လူတိုင်းတော့ ဒီလိုကံမကောင်းကြဘူး" လို့ အဲလက်စ်က ပြောပါတယ်။ "ကျွန်တော်ကတော့ ကံကောင်းလို့ သက်သာသွားတာပါ" လို့ ဆိုပါတယ်။


အဲလက်စ်က သူ့ကိုယ်သူ မူလကတည်းက သေးငယ်တဲ့သူ မဟုတ်ဘူးဆိုတာ သိပေမဲ့ လူမှုအသိုင်းအဝိုင်းနဲ့ အပြာကားတွေကြောင့် ကြီးတာဟာ "ယောကျ်ားပီသမှုရဲ့အကောင်းဆုံးသင်္ကေတ" လို့ သူ့ကို မြင်လာအောင် ဖြစ်စေခဲ့တယ်လို့ ပြောပါတယ်။


ပါမောက္ခ မော့ဂင်းလ်ကတော့ လိင်တံကြီးအောင် ဆေးထိုးတာတွေရဲ့အချက်အလက် တရား၀င် မရှိသေးပေမဲ့ အွန်လိုင်းမှာ လူတွေ ရှာဖွေတာ၊ ကြော်ငြာတွေထွက်နေတာနဲ့ လူမှုကွန်ရက်ပေါ်က ဆွေးနွေးမှုတွေကို ကြည့်ရင် ဒီလိုကုသမှုလုပ်တဲ့လူဦးရေက တိုးလာနေတယ်ဆိုတာ သိသာတယ်လို့ ပြောပါတယ်။


အဲဒီအခြေအနေကြောင့် ဗြိတိန်ဆီးလမ်းကြောင်းခွဲစိတ်ဆရာဝန်များအသင်းက ဒီလိုကုသမှုတွေ မလုပ်သင့်တဲ့အကြောင်း အကြံပြုချက်အသစ်တွေ ထုတ်ပြန်ခဲ့ပါတယ်။


"မကြာသေးခင်က ကျွန်တော်တို့ ထုတ်ပြန်ခဲ့တဲ့လမ်းညွှန်ချက်အရ ဒီလိုကုသမှုတွေကို ခံယူဖို့အကြံပြုလို့ မရဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီကုသမှုတွေက အန္တရာယ်ကင်းရှင်းပြီး ထိရောက်တယ်ဆိုတာကို ထောက်ခံပေးနိုင်တဲ့သက်သေအထောက်အထားတွေက အရမ်းနည်းနေပါသေးတယ်" လို့ မော့ဂင်းလ်က ပြောပါတယ်။


အသင်းကတော့ အမျိုးသား ၃,၇၅၀ ဦးပါဝင်တဲ့ သုတေသန ၃၆ ခုကို လေ့လာခဲ့ပေမဲ့ ဒီကုသမှုတွေရဲ့"လုံခြုံစိတ်ချရမှုအဆင့်"ကို အခုချိန်ထိ တိတိကျကျ မသိရသေးဘူးလို့ ဆိုပါတယ်။


အဲဒီလိုဖြစ်ရတာက ဖေလာ ပစ္စည်းတွေဟာ ရေရှည်အနေနဲ့ လိင်တံကို ဘယ်လိုသက်ရောက်မှု ရှိမလဲဆိုတဲ့အချက်အလက် မလုံလောက်သေးတာကလည်း တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဒါ့အပြင် နှုတ်ခမ်း ထူဆေးတွေလိုပဲ ဒီလုပ်ငန်းကို လုပ်ဆောင်ဖို့ တရားဝင်ကျွမ်းကျင်မှု လက်မှတ်မျိုးမရှိလည်း လုပ်နိုင်တဲ့အတွက် စိုးရိမ်မှုတွေ ရှိနေပါတယ်။


မော့ဂင်းလ်က ဒီလိုကုသမှုတွေကို အပြီးတိုင် ပိတ်ပင်လိုက်တာက "အရမ်းပြင်းထန်လွန်းတဲ့ လုပ်ရပ် ဖြစ်ကောင်းဖြစ်နိုင်တယ်"လို့ ပြောပါတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းတွေ ဆက်ပြီးရှိနေမယ်ဆိုရင်တော့ "တင်းကျပ်တဲ့စည်းမျဉ်းကြပ်မတ်တာတွေရှိဖို့ အလွန်အရေးကြီးတယ်" လို့ ဆိုပါတယ်။


သူက လိင်တံ ကြီးဆေးထိုးတဲ့ကုသမှုတွေလုပ်တဲ့အခါ မှတ်တမ်းတင်ထားမယ့် နိုင်ငံအဆင့် မှတ်ပုံတင်စနစ် တစ်ခု ထားရှိဖို့နဲ့ ရေရှည်မှာ နောက်ဆက်တွဲအချက်အလက်တွေ စုဆောင်းဖို့ တောင်းဆိုပါတယ်။ ဒါမှ အမျိုးသားတွေက အကျိုးကျေးဇူးနဲ့ အန္တရာယ်တွေကို သေချာသိပြီး အသိဥာဏ်နဲ့ယှဥ်တဲ့ဆုံးဖြတ်ချက်ချနိုင်မယ်လို့ ဆိုပါတယ်။


ဂျေဆင်ကတော့ သူထိုးထားတဲ့ဆေးတွေ အာနိသင်လျော့သွားတဲ့အခါ ဆေးထပ်အထိုးခံဖို့ စဉ်းစားထားတယ်လို့ ပြောပါတယ်။


***BBC Burmese သတင်းစာမျက်နှာမှ  ကူးယူဖော်ပြသည်။


📌ကြီးဆေးနဲ့အတူ အန္တရာယ်တွေလည်း ကပ်ပါလာပါတယ်။ အဲဒါတွေက နာကျင်တာ၊ ဒဏ်ဖြစ်တာနဲ့ ဆေးမညီတာမျိုးတွေလို အနည်းငယ်အပိုင်းကနေ ပိုး၀င်တာမျိုးလို ပြင်းထန်တဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါတွေက ဆေးထိုးတဲ့ကုသမှုတိုင်းမှာ ဖြစ်တတ်တာတွေပါ။


ဒါပေမဲ့ ဒီနေရာမှာတော့ အမျိုးသားတွေ ပန်းလန်းဖို့ အရေးပါတဲ့သွေးကြောတွေနဲ့ အတွင်းထဲကဖွဲ့စည်းပုံတွေ ပျက်စီးသွားနိုင်တဲ့အန္တရာယ်တွေလည်း ရှိပါတယ်။


အပြည့်အစုံဖတ်ရှုရန် - https://bbc.in/4zYP6zZ


#ဘီဘီစီမြန်မာပိုင်း #အမျိုးသား #ကျန်းမာရေး

Saturday, January 31, 2026

မုန်းတီးမှု - တားမြစ်မှုများအောက်မှ လိင်တူချစ်ခြင်း

လူတစ်ယောက်ရဲ့ လိင်စိတ်ကို 

အလုပ်ဖိအားက ပြောင်းလဲနိုင်စွမ်းရှိသလား?




အလုပ် ၊ ပတ်ဝန်းကျင် ၊ အပေါင်းအသင်းမိတ်ဆွေစသဖြင့် အမျိုးမျိုးသောဖိအားတွေ များလွန်းတဲ့အခါမှာ လူတစ်ယောက်က Straight ကနေ Gay ဖြစ်သွားနိုင်တယ်ဆိုတဲ့  အဆိုကိုဒီရက်ပိုင်း Social Media တွေမှာ အမျိုးမျိုးသော ဝေဖန်မှုတွေနဲ့တွေ့မြင်လာရပါတယ်။


လိင်စိတ်တိမ်းညွတ်မှု (Sexual Orientation ) ဆိုတာ မွေးရာပါဇီဝဗေဒဆိုင်ရာ၊ ဟော်မုန်းဆိုင်ရာနှင့် မျိုးရိုးဗီဇဆိုင်ရာ အချက်တွေအပေါ် မှာ အခြေခံတယ်လို့ သုတေသနများက ဖော်ပြထားပါတယ်။ တကယ်တော့ လူတစ်ယောက်ရဲ့ လိင်စိတ်တိမ်းညွတ်မှု (Sexual Orientation) ဆိုတာ အလုပ်ဖိအား၊ စိတ်ဖိစီးမှု၊ ဘဝအခက်အခဲတွေကြောင့် ရုတ်တရက် ပြောင်းလဲသွားနိုင်တဲ့ အရာမဟုတ်ပါဘူး။ 


ဖိအားတွေကြောင့် ဖြစ်ပေါ်နိုင်တဲ့ အပြောင်းအလဲတွေဟာဆိုရင်  စိတ်ကျရောဂါ ၊ ပူပင်သောကများခြင်း ၊ အိပ်မပျော်ခြင်း ၊ ဆုံးဖြတ်ချက်ချရာတွင် ခက်ခဲခြင်း တို့သာဖြစ်နိုင်ပါတယ်။ဒီပြောင်းလဲမှုတွေမှာတော့ လိင်စိတ်တိမ်းညွတ်မှု ပြောင်းလဲခြင်းမပါဝင်ပါဘူး။ဒီတော့ အလုပ်ကရတဲ့ Stress ကြောင့် စိတ်ပင်ပန်းနေတဲ့ Straight တစ်ယောက်ဟာ စိတ်ကျရောဂါရနိုင်ပေမယ့် Gay ဖြစ်သွားမယ်ဆိုတာ မဖြစ်နိုင်ပါဘူး။


ဥပမာအနေနဲ့ အလုပ်သစ်တစ်ခုမှာ ကိုယ့်ကိုယ်ကို ပိုလွတ်လပ်စွာ ဖော်ပြခွင့်ရလာတဲ့အခါ အရင်က မခံစားရတဲ့ စိတ်လှုပ်ရှားမှုတွေကို သတိထားမိလာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါဟာ ပြောင်းလဲသွားတာ မဟုတ်ဘဲ ကိုယ့်ရဲ့ အမှန်တရားကို မတူညီတဲ့ ပတ်ဝန်းကျင်ရောက်မှ ပေါ်လာနိုင်ခြင်းသာ ဖြစ်ပါတယ်။ 


ပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုတွေကနေ လိင်စိတ်တိမ်းညွတ်မှုကို ပြောင်းလဲနိုင်ခြင်း မရှိသော်လည်း လူတစ်ယောက်က မိမိရဲ့လိင်စိတ်ကို စူးစမ်းဖို့ ၊  လက်ခံဖို့ နဲ့ ဖော်ထုတ်ဖို့ရန်အတွက် အခွင့်အလမ်းတော့ ဖြစ်လာနိုင်ပါတယ်။ ဥပမာအနေဖြင့် - 


- ပွင့်လင်းမြင်သာစွာ နေထိုင်နိုင်သော ပတ်ဝန်းကျင် (သို့) လွတ်လပ်သောပတ်ဝန်းကျင်သို့ ပြောင်းရွှေ့ခြင်း ၊ 


- လိင်စိတ်တိမ်းညွတ်မှုဆိုင်ရာ ဗဟုသုတတိုးပွားလာခြင်း


- မိမိကိုယ်ကို ပိုမိုနားလည်လာခြင်း


- လက်ခံမှုရှိသော လူမှုအသိုင်းအဝိုင်းနှင့် ထိတွေ့ခြင်း တို့ကြောင့်ဖြစ်နိုင်ပါတယ်။ 


ဒီတော့ ဒီအချက်လေးတွေကိုရော ကိုယ့်အနေနဲ့လက်ခံနိုင်လား ၊ Straight ကGay သွားတယ်ဆိုတဲ့အပေါ်မှာ ကိုယ့်ရဲ့အမြင်လေးတွေကိုလည်း မှတ်ချက်ပေးသွားပါအုံးနော် ။       ။  


#sexualorientation #straight #gay #knowledgesharing #lanpyakyel


အားကစားလုပ်ခြင်းဟာ LGBTIQ+တွေအတွက် လုံခြုံမှုမရှိသလို ခံစားနေရဆဲ ဖြစ်ကြောင်း စစ်တမ်းထုတ်ပြန်

========================================




လတ်တလောမှာပဲ YouGov ကနေ ထုတ်ပြန်လိုက်တဲ့ စစ်တမ်းအရ အားကစားကို ချစ်မြတ်နိုးတဲ့ LGBTIQ+ အသိုင်းအဝိုင်းအတွက် စိတ်မကောင်းစရာ အချက်တစ်ခုကို တွေ့ရှိခဲ့ရပါတယ်။ အဲဒါကတော့ LGBTIQ+ အသိုင်းအဝိုင်းက လူတော်တော်များများဟာ ကိုယ်လက်လှုပ်ရှားမှုနဲ့ အားကစားပြုလုပ်ဖို့အတွက် လုံခြုံမှုမရှိသလို ခံစားနေရဆဲ ဖြစ်တယ်ဆိုတာပါပဲ။ တကယ်တော့ အားကစားဆိုတာ လူတိုင်းအတွက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအတွက်ပါ မရှိမဖြစ် အရေးကြီးတယ်ဆိုတာကိုတော့ အားလုံးသိရှိထားပြီးဖြစ်ပါတယ်။ အားကစားပြုလုပ်ခြင်းကို လူတိုင်းကလည်း စိတ်လုံခြုံမှုရှိစွာ လုပ်နိုင်ဖို့ကလည်း အရမ်းကိုမှ အရေးကြီးတဲ့အချက်ပဲဖြစ်ပါတယ်။ 

YouGovက ဖော်ပြခဲ့တဲ့ စစ်တမ်းအချက်အလက်တွေကတော့ -

🔻၃၇% သော LGBTIQ+ တွေဟာ လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း ခွဲခြားဆက်ဆံမှုတွေကို ကြုံတွေ့နေရပါတယ်။

🔻 ၃၄% ကတော့ သူတို့ရဲ့ လိင်ဝိသေသခံယူမှုဟာ အားကစားအဖွဲ့အစည်းတွေမှာ ပါဝင်ဖို့အတွက် အဟန့်အတားတစ်ခုလို ခံစားနေရပါတယ်။

🔻ဖြေဆိုခဲ့သူတွေထဲက LGBTIQ+ ၇၆% လောက်ကတော့ စိတ်ကျန်းမာရေး အခက်အခဲတွေ ရှိနေကြပြီး ဒါဟာ သိသိသာသာ များပြားနေတဲ့ ရာခိုင်နှုန်းတွေပဲ ဖြစ်ပါတယ်။

ပြီးတော့ ဒီအရာတွေဟာ ကိန်းဂဏန်းတွေသက်သက်ပဲတော့ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လူမှုပတ်ဝန်းကျင်ထဲက လူတွေရဲ့ ဘဝတွေကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ သူတို့ဟာ လွတ်လွတ်လပ်လပ် ပြေးလွှားချင်တယ်၊ ကချင်တယ်၊ ကစားချင်ကြပေမဲ့ "ဘေးကင်းလုံခြုံမှု" မရှိသလို ခံစားနေရတာကိုဖော်ပြနေတာမျိုးပါပဲ။ Gymတွေမှာဖြစ်ဖြစ် အားကစား အဖွဲ့အစည်းတွေမှာဖြစ်ဖြစ် LGBTIQ+ တွေရဲ့ ခွဲခြားဆက်ဆံခံရမှုကို social mediaပေါ်မတက်လာလို့ ကိုယ့်ပတ်ဝန်းကျင်မှာ မတွေ့ဖူးလို့ ဒီလို ခွဲခြားဆက်ဆံမှုတွေက မရှိဘူးလို့ပြောလို့မရပါဘူး။ တကယ့် လက်တွေ့မှာတော့ အဲ့ထက် ဆိုးရွားတာတွေပါ ရှိနေသေးတာဖြစ်ပါတယ်။

ဒီအရာတွေကိုလည်း မိမိကိုယ်တိုင် တစ်ဦးချင်းစီကနေလည်း စတင်ပြောင်းလဲနိုင်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်ရဲ့ အားကစားလုပ်တဲ့နေရာတွေမှာ LGBTIQ+တွေကို ခွဲခြားဆက်ဆံတဲ့ စကားလုံးတွေ ကြားရရင် အားမနာဘဲ ထောက်ပြပြောဆိုတာမျိုး၊ မိမိကိုယ်တိုင်ကလည်း အားလုံးကို မခွဲခြားဘဲ ဖော်ဖော်ရွေရွေ ဖိတ်ခေါ်ခြင်းဖြင့်လည်း လူတိုင်းဟာ အားကစားလုပ်ဖို့  ထိုက်တန်ကြောင်း ခံစားမိစေဖို့ ပြုလုပ်ပေးလို့ရပါတယ်။ အားကစားဆိုတာ စွမ်းဆောင်ရည်တစ်ခုတည်း မဟုတ်ပါဘူး။ ဒါဟာ ပျော်ရွှင်မှု၊ ကျန်းမာရေးအတွက် အားလုံး လက်တွဲလုပ်ဆောင်သင့်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ မိမိရဲ့ ပတ်ဝန်းကျင်မှာရော မိမိကိုယ်တိုင်ရော ကြုံခဲ့ဖူးတဲ့ အတွေ့အကြုံလေးတွေရှိရင်လည်း commentမှာ ဝေမျှပေးသွားပါဦးနော်👇👇

ကိုးကား📌

https://www.stonewall.org.uk/news/as-rainbow-laces-launches-new-survey-finds-three-times-as-many-lgbtq-people-still-face-discrimination-while-exercising

#thevoiceofpride



သင်ဟာ လိင်တူချစ်ခြင်းပေါ်မုန်းတီးသူ ဖြစ်နေပြီလား ? 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~




လိင်တူချစ်ခြင်းပေါ်မုန်းတီးခြင်း ( Homophobic ) ဆိုတာ အကြမ်းဖက်မှုတွေ၊ အမုန်းစကားတွေချည်းပဲမဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ အသံတိတ်နဲ့လာတတ်ပါတယ်။ရယ်မောကြတဲ့ ဟာသတွေထဲမှာ၊ တစ်စုံတစ်ဦးကို အနိုင်ကျင့်ခံရတဲ့အခါ နှုတ်ဆိတ်နေတဲ့အထဲမှာ၊ ဘယ်တော့မှ မေးခွန်းမထုတ်မိတဲ့ ယုံကြည်ချက်တွေထဲမှာ၊ဆင်ခြင်သုံးသပ်ခြင်းမရှိဘဲ လိုက်နာတဲ့ ထုံးတမ်းစဉ်လာတွေထဲမှာပါ ရှိနေတတ်ပါတယ်။


လူအများစုက သူတို့ကိုယ်သူတို့ Homophobic မမြင်ကြပေမယ့်၊ LGBTQ+ တွေကို ထိခိုက်စေတဲ့ စနစ်တွေ၊ အတွေးအမြင်တွေ၊ အပြုအမူတွေကို ထောက်ခံနေတတ်ကြပါတယ်။ ဒါကြောင့် အဓိက မေးခွန်းက "ကျွန်တော်/ကျွန်မတို့က လိင်တူချစ်သူတွေကို မုန်းလား" ဆိုတာထက် "ကျွန်တော်/ ကျွန်မရဲ့ စကားလုံးတွေ၊ အပြုအမူတွေ၊ နှုတ်ဆိတ်မှုတွေ၊ ယုံကြည်

ချက်တွေနဲ့ ရွေးချယ်မှုတွေက LGBTQ+ တွေရဲ့ ဘဝကို ပိုခက်ခဲစေသလား" ဆိုတာပါ။


ဆိုတော့ သင်ဟာ လိင်တူချစ်ခြင်းပေါ်မုန်းတီးခြင်း( Homophobic )ရှိတဲ့သူတစ်ယောက်ဖြစ်နေပြီလားဆိုတာ သိရအောင် အောက်ကအချက်လေးတွေနဲ့ စစ်ကြည့်လိုက်ပါနော် 


၁။သဘောထားများနှင့် ယုံကြည်ချက်များ


• LGBTQ+ ဖြစ်တာက "သဘာဝမကျဘူး"၊ "အပြစ်တစ်ခု" ဒါမှမဟုတ် "ရောဂါတစ်ခု" လို့ပြောဆိုခြင်း


• LGBTQ+ တွေဟာ "စိတ်ရှုပ်ထွေးနေသူတွေ" ဒါမှမဟုတ် "စိတ်မကျန်းမာသူတွေ" လို့ ယုံကြည်ခြင်း


• လိင်စိတ်ဆန္ဒဆိုတာ "ရွေးချယ်မှု" တစ်ခုဖြစ်ပြီး "ပြင်ဆင်လို့ရတယ်" လို့ အခိုင်အမာပြောခြင်း


• LGBTQ+ ဖြစ်တည်မှုတွေဟာ အနောက်တိုင်းရဲ့ လွှမ်းမိုးမှု ဒါမှမဟုတ် ယခုခေတ်မှ ဖြစ်လာတဲ့ Trend တစ်ခုလို့ ပြောဆိုခြင်း


၂။ဘာသာစကားနှင့် အပြုအမူများ


• LGBTQ+ လူတွေဆီသို့ စော်ကားစကားများ ဒါမှမဟုတ် မထေမဲ့မြင်ပြုသော စကားလုံးများ သုံးစွဲခြင်း


• လိင်တူချစ်သူ သို့မဟုတ် Transgender တွေကို လှောင်ပြောင်တဲ့ ဟာသများလုပ်ခြင်း


• ရည်ရွယ်ချက်ရှိရှိ နာမ်စားများ မှားယွင်းခေါ်ဝေါ်ခြင်း


• ခြိမ်းခြောက်မှု၊ နှောင့်ယှက်မှုများ ပြုလုပ်ခြင်း


၃။လူမှုရေးဆိုင်ရာ ချန်လှပ်ခြင်း


• LGBTQ+ တွေနဲ့ မိတ်ဆွေဖြစ်ရန် ငြင်းဆန်ခြင်း


• LGBTQ+ တွေကို မိသားစု သို့မဟုတ် လူမှုအသိုင်းအဝိုင်းနေရာများမှ တားမြစ်ခြင်း


• LGBTQ+ တွေကို ပွဲတွေမှာ ပါဝင်ခွင့်မပေးခြင်း


• လူတွေရဲ့ ဖြစ်တည်မှု သို့မဟုတ် ဆက်ဆံရေးကို ရှက်ရွံ့စေအောင်ပြုလုပ်ခြင်း


၃။အဖွဲ့အစည်း / ဖွဲ့စည်းပုံဆိုင်ရာ လက္ခဏာများ


• လိင်တူချစ်ခြင်းများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်သော ဥပဒေများ


• LGBTQ+ ဆွေးနွေးမှုများကို တားမြစ်ထားသော ကျောင်းများရှိခြင်း


• Transgender များအတွက် ကျန်းမာရေးစောင့်ရှောက်မှု မရရှိအောင် ငြင်းပယ်ခြင်း


• လိင်တူအိမ်ထောင်ပြုခွင့် သို့မဟုတ် မွေးစားခွင့်များကို တားဆီးခြင်း


• LGBTQ+ တွေအတွက် ကာကွယ်မှုဥပဒေများ မရှိခြင်း


၄။အကြမ်းဖက်မှုနှင့် ထိခိုက်မှုများ


• ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများပြုလုပ်ခြင်း


•ပုံမှန်ဖြစ်အောင် လုပ်ပေးသည်ဆ်ိုသော "ပြန်လည်ပြုပြင်ပေးသော" အကြမ်းဖက်မှု သို့မဟုတ် အတင်းအကျပ်ကုထုံးများ


• အမုန်းပေါ်အခြေခံတဲ့ ရာဇဝတ်မှုများပြုလုပ်ခြင်း


• အတင်းအကျပ်ယုံကြည်မှုပြောင်းလဲစေသော အလေ့အကျင့်များ


ကဲ သင်ဟာ တကယ်ပဲ လိင်တူချစ်ခြင်းပေါ်မုန်းတီးသူ ဖြစ်နေပြီလား


#tvop

#awareness


လိင်တူချစ်ခြင်းဆိုတာ သဘာဝ တရားတစ်ခုသာ ဖြစ်တယ်လို့ပြသနေတဲ့ တိရစ္ဆာန်များ


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~




Nature Ecology & Evolution ဂျာနယ်တွင် ဇန်နဝါရီလ ၁၂ ရက်နေ့က ထုတ်ဝေသည့် သိပ္ပံနည်းကျလေ့လာမှုအသစ်တစ်ခုအရ လူသားများမဟုတ်သော မျောက်ဝံမျိုးစိတ် ၅၉ ခုတွင် လိင်တူဆက်ဆံမှုပြုမူပုံများ တွေ့ရှိရကြောင်း သိရသည်။ ဒီထဲမှာဆိုရင် ဘိုနိုဘိုများ၊ ချင်ပန်ဇီများနှင့် မက်ကာက်များ အစရှိတဲ့ မျောက်ဝံမျိုးစိတ်များပါဝင်သည်။


မျောက်ဝံမျိုးစိတ်ပေါင်း ၄၉၁ ခုကို သုတေသီများက ပြန်လည်သုံးသပ်ခဲ့ရာ၊ ယခုလေ့လာမှုသည် မျောက်ဝံလိင်တူဆက်ဆံမှုအပေါ် ယခုအထိ ပြုလုပ်ခဲ့သမျှထဲမှာ အကျယ်

ပြန့်ဆုံး ဆန်းစစ်မှုဖြစ်လာသည်။ ယခုလေ့လာမှုတွင် ခန္ဓာကိုယ်ပေါ်တက်စီးခြင်း၊ လိင်အင်္ဂါချင်းထိတွေ့ခြင်း နှင့် လိင်တူဆက်ဆံမှု အခြားပုံစံများကို မှတ်တမ်းတင်ထားသည်။


သုတေသန၏ ဦးဆောင်ရေးသားသူ ဗင်ဆင့် ဆာဗိုလန်နန်က ယခုတွေ့ရှိချက်များက လိင်တူဆက်ဆံမှုသည် သဘာဝကျပြီး ကျယ်ပြန့်စွာတည်ရှိကာ လူမှုရေးအရ အရေးပါသည့် အပြုအမူဖြစ်ကြောင်း၊ ရှားပါးသော သို့မဟုတ် ပုံမှန်မဟုတ်သော အပြုအမူမဟုတ်ကြောင်း ပြသနေသည်ဟု ဆိုသည်။


ထို့အပြင် ဒီအပြုအမူများသည် ပြင်းထန်သောပတ်ဝန်းကျင်၊ သားရဲတိရစ္ဆာန်အန္တရာယ်မြင့်မားခြင်းနှင့် အရင်းအမြစ်များအတွက် အပြင်းအထန်ယှဉ်ပြိုင်ရသည့် မျိုးစိတ်များတွင် ပိုမိုအဖြစ်များကြောင်း သုတေသနက ထောက်ပြထားသည်။ ယင်းကဲ့သို့သော အခြေအနေများတွင် လူမှုရေးဆက်ဆံမှုနှင့် အုပ်စုအကြား စည်းလုံးမှုသည် အသက်ရှင်ရေးအတွက် အလွန်အရေးကြီးပါသည်။


လိင်တူဆက်ဆံမှုသည် လူသားများတွင်သာတည်ရှိပြီး "သဘာဝမကျကြောင်း" ဆက်လက်အခိုင်အမာပြောဆိုနေသူများအတွက် သိပ္ပံနည်းကျအထောက်အထားအသစ်များသည် ထိုယုံကြည်ချက်ကို တိုက်ရိုက်စိန်ခေါ်လျက်ရှိသည်။


Nature Ecology & Evolution တွင် ထုတ်ဝေသည့် အဓိကလေ့လာမှုတစ်ခုက လိင်တူဆက်ဆံမှုသည် တိရစ္ဆာန်လောကတစ်ခွင်တွင် ကျယ်ပြန့်စွာတည်ရှိပြီး လူသားမဟုတ်သော မျောက်ဝံမျိုးစိတ်များစွာတွင် မှတ်တမ်းတင်ထားကြောင်း အတည်ပြုထားသည်။


ဒီလိုတွေ့ရှိချက်များက လိင်တူဆက်ဆံမှုဆက်ဆံရေးများသည် လူသားများမှာသာ ရှိတတ်သောအရာ၊ ယဉ်ကျေးမှုယိုယွင်းပျက်စီးမှုမဟုတ်၊ ခေတ်သစ်ဖြစ်ရပ်လည်းမဟုတ်ဘဲ၊ သားရိုင်းတိရစ္ဆာန်များ၏ ဇီဝဗေဒနှင့် လူမှုရေးစနစ်များအတွင်း သဘာဝအပိုင်းတစ်ခုဖြစ်ကြောင်း ပြသနေပါတယ်။


#tvop

#updatenews




Tuesday, January 20, 2026

အချစ်ငတ်ကြတဲ့ ကိုယ်တွေ LGBTQIA + community က သူများအတွက် ပေးစာ

 


Dating တွေ့ဆုံမှုများတွင် ဘေးကင်းလုံခြုံစေရန် လက်တွေ့အသုံးဝင်သော အကြံပြုချက်များ


အခုအားလုံးသိကြတဲ့ လက်ရှိဖြစ်သွားတဲ့ ကျွန်တော်တို့ LGBTQIA community မှ တစ်ယောက်ရဲ့ ဖြစ်ရပ်လေးကတော့ အင်မတန်မှ စိတ်မကောင်းစရာဖြစ်ပါတယ်။ ေ-သ ဆုံး သွားတဲ့ ရိန်းဘိုးလေးအတွက်လည်း ကောင်းရာမွန်ဘဝကို ရောက်ရှိပြီး အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ် 


ဒီအဖြစ် အပျက်လေးကနေပြီးတော့ Dating လုပ်ခြင်းများတွင် အန္တရာယ်များစွာရှိနိုင်ကြောင်း ကို ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းအတွက် ထပ်မံသတိပေးနေသလိုဖြစ်ပါတယ်။


Dating လုပ်ခြင်းဆိုတာ  သာမန်နှင့် အဓိပ္ပာယ်ရှိသော လူနေမှုပုံစံတစ်ရပ်ဖြစ်သော်လည်း သတိပြုပြီး ဂရုတစိုက် ဆောင်ရွက်ရန် အရေးကြီးပါသည်။ ယခုဖြစ်ရပ်လေးနဲ့ ဆက်စပ်ပြီးပိုမိုဘေးကင်းစွာ Dating လုပ်နိုင်ရန် ကျွန်တော်တို့ အသိုင်းအဝိုင်းမှ  ကိုယ်တိုင်ရော တစ်ဦးကိုတစ်ဦး ပါ စောင့်ရှောက်ကြရန် အားပေးရန် Dating တွေ့ဆုံမှုများတွင် ဘေးကင်းလုံခြုံစေရန် လက်တွေ့အသုံးဝင်သော အကြံပြုချက်များ မျှဝေလိုက်ပါသည်။


၁။ တစ်စုံတစ်ဦးနဲ့ Dating မလုပ်ခင်တွင် 


· လူတစ်ဦးကို နားလည်ရန် အချိန်ယူပြီး စကားပြောပါ။

· တစ်ဦးနှင့်တစ်ဦး ကိုယ်တိုင်မတွေ့မီ ဗီဒီယိုခေါ်ဆိုမှု (Video Call) ပြုလုပ်ပါ။


· အောက်ပါအချက်အလက်များ မျှဝေခြင်းကို ရှောင်ကြဉ်ပါ -

  · အိမ်လိပ်စာ

  · အလုပ်လုပ်ရာ နေရာ

  · ငွေကြေးဆိုင်ရာ အချက်အလက်


တစ်စုံတစ်ဦးက အလျင်စလို တွေ့ဆုံရန် ဖိအားပေးခြင်း သို့မဟုတ် သင့်ကိုယ်သင် အတည်ပြုခွင့် (verification) ကို ရှောင်ဖယ်နေပါက ပြောဆိုဆက်သွယ်နေတာတွေကို  ခေတ္တရပ်တန့်ထားပါ။


၂။ တွေ့ဆုံမည့်နေရာကို ဘေးကင်းစွာ ရွေးချယ်ခြင်း


· လူစုလူဝေးများတဲ့နေရာ လူအများအပြားရှိတဲ့နေရာတွေမှာ တွေ့ဆုံသင့်ပါတယ်။

· နေ့ခင်းဘက် သို့မဟုတ် ညနေစောစောအချိန်များကို ဦးစားပေးရွေးချယ်ပါ။

· သီးသန့်နေရာများ (အိမ်များ၊ ဟိုတယ်များ၊ လူသူကင်းမဲ့သောနေရာများ) ကို အထူးရှောင်ကြဉ်ပါ။


၃။ တစ်စုံတစ်ဦးကို ကြိုတင်အသိပေးထားခြင်း


· သင်သွားမည့်နေရာကို စိတ်ချရသူတစ်ဦးဦးအား ပြောပြထားပါ။

· သင်တွေ့ဆုံမည့်လူ၏ အမည် သို့မဟုတ် ပရိုဖိုင်အချက်အလက်ကို မျှဝေထားပါ။

· ဖြစ်နိုင်ပါက သင်၏ တည်နေရာကို တိုက်ရိုက်မျှဝေပေးထားပါ (Live Location Share)။


၄။ တွေ့ဆုံနေစဉ်အတွင်း


· သင့်ပတ်ဝန်းကျင်ကို သတိထားပါ။

· အထူးသဖြင့် ပထမဆုံးအကြိမ် တွေ့ဆုံချိန်တွင် အရက် သို့မဟုတ် မူးယစ်ဆေးဝါးသုံးစွဲမှုကို ကိုယ်တိုင်ရော တခြားသူကိုပါ မသုံးစွဲမိပါစေနဲ့။

· သင့်ကိုယ်ပိုင်ပစ္စည်းများကို မျက်ခြည်မပြတ် ထားခဲ့ခြင်း မပြုပါနှင့်။

· သင့်အတွင်းစိတ် (Instinct) ကို ယုံကြည်ပါ။


၅။ သင်မလုံခြုံဟု ခံစားရပါက


· လူစုလူဝေးရှိရာ သို့မဟုတ် အလင်းရောင်ကောင်းစွာရှိရာနေရာသို့ သွားပါ။

· သင်စိတ်ချရသူတစ်ဦးကို ချက်ချင်းဆက်သွယ်ပါ။

· လိုအပ်ပါက အနီးအနားရှိ လုံခြုံရေးဝန်ထမ်း သို့မဟုတ် အကူအညီပေးရန်ဝန်ဆောင်မှုများထံမှ အကူအညီတောင်းခံပါ။


နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ အသိုင်းအဝိုင်းက သူတွေအတွက် ပြောချင်တာက


အကြမ်းဖက်မှုဟာ ဘယ်သောအခါမျှ ကျူးလွန်ခံရသူရဲ့ အပြစ်မဟုတ်ပါဘူး အချင်းချင်းအပြစ်စကားဆိုခြင်းထက် ဘေးကင်းရေးအချက်အလက် မျှဝေခြင်း ၊ ဂရုစိုက်မှု၊ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ခြင်းဖြင့် ရှေ့ဆက်ပေးဖို့ တောင်းဆိုချင်ပါတယ်။ 


#tvop

#safedating

#awarenessraising


***The Voice of Pride စာမျက်နှာမှကူးယူဖော်ပြသည်။


Thursday, December 11, 2025

မြန်မာ့သမိုင်းထဲမှ လိင်ဝိသေသစုံလင်ကွဲပြားသူများ၏ တည်ရှိမှု

 မြန်မာ့သမိုင်းထဲမှ လိင်ဝိသေသစုံလင်ကွဲပြားသူများ၏ တည်ရှိမှု


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~




မြန်မာနိုင်ငံဟာ ကြာမြင့်သော မင်းဆက်များစွာ ဖြတ်သန်းခဲ့ပြီး ကုန်းဘောင်ခေတ် (၁၈၈၅ မတိုင်မီ) အထိ တည်ရှိခဲ့သည့် ကာလတွေ အကြောင်းကို ပြန်စဉ်းစားကြည့်ရင် အမျိုးသားနှင့် အမျိုးသမီးအခန်းကဏ္ဍတွေကို အခိုင်အမာ သတ်မှတ်ထားသည့် လူ့အဖွဲ့အစည်းပုံစံကို မြင်ယောင်မိကြမိကြမှာပါ။ "လိင်ဝိသေစုံလင်ကွဲပြားသူတွေ တနည်းအားဖြင့် LGBT ဆိုသည့် အယူအဆဟာ အသစ်အဆန်းပဲလို့ ထင်မိကြဦးမှာပါ။


ဒါပေမယ့်  ကိုလိုနီမတိုင်မီက သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုကို နက်ရှိုင်းစွာ ဆန်းစစ်လေ့လာကြည့်ပါက လိင်ဝိသေသစုံလင်ကွဲပြားသူများ ရှိနေရုံသာမက သူတ်ို့ဟာ ထူးခြားပြီး စံထားသည့်အတိုင်း ဖွဲ့စည်းထားသော  ဩဇာအာဏာရှိသည့် နေရာများတွင် ရပ်တည်ခဲ့ကြောင်း တွေ့ရသည်။ သူတို့ရဲ့တည်ရှိမှုသည် မင်းစိုးရာဇာ၏ အုပ်ချုပ်ရေးစနစ်နှင့် ဓလေ့ထုံးတမ်း ဘာသာရေး အလေ့အထများ၏ အခြေခံအချက်အလက်တွင် ရောနှောနေခဲ့ပါတယ်။


အထူးအရေးကြီးသည်မှာ ခေတ်သစ်မြန်မာနိုင်ငံတွင် လိင်ဝိသေသစုံလင်ကွဲပြားသူများ၏ ဘဝကို ဥပဒေအရ ခွဲခြားနှိပ်စက်ဖို့လုပ်ခြင်းဟာ မြန်မာ့ရိုးရာ ဓလေ့တစ်ခု မဟုတ်ဘဲ ကိုလိုနီခေတ်မှ တင်သွင်းခဲ့သော အယူအဆတစ်ခု ဖြစ်ခဲ့ပါတယ်။


ဒါကြောင့် ဒီနေ့မှာတော့ မြန်မာ့ဘုရင့်လက်ထပ်မှာ LGBT တွေဟာ ဘယ်လိုအခန်းကဏ္ဍက ရှိခဲ့ကြလဲဆိုတာ ကို The voice of Pride မှ မျှဝေပေးသွားမှာပါ။


၁။ မိန်းမစိုး အရာရှိများ၏ အခန်းကဏ္ဍ




မန္တလေးစသော မြို့တော်များတွင် အခြေစိုက်ခဲ့သော ကုန်းဘောင်မင်းဆက် သမိုင်းမှာ  မိန်းမစိုး များကို ခန့်အပ်တာဝန်ပေးခဲ့ပြီး  နန်းတွင်းတွင် ယုံကြည်စိတ်ချရသော သီးသန့်တာဝန်များကို ထမ်းဆောင်ခဲ့ကြပါတယ်။


နန်းတွင်း အာဏာ 


မိန်းမစိုးများသည် ဘုရင်မင်းမြတ်၏ ကိုယ်ရံတော်များ၊ ယုံကြည်အပ်နှင်းခြင်းခံရသူများ၊ ဘဏ္ဍာတော်စိုးများနှင့် တော်ဝင်သံတမန်အဖြစ် ဆောင်ရွက်ခဲ့ကြသည်။ သူတို့၏ အဓိကအရေးပါမှုမှာ တော်ဝင်အိမ်ထောင်စုကို၊ အထူးသဖြင့် အခြားသော အမျိုးသားများ ကန့်သတ်ချက်ဖြင့် တားမြစ်ထားသော အမျိုးသမီးများ ရဲ့နေထိုင်ရာ အဆောင်တော်တွေကို စောင့်ကြပ်ကြီးကြပ်ရန်နှင့် အုပ်ချုပ်ရန် ဖြစ်ပါတယ်။


ထူးခြားသော ဂုဏ်ထူးဆောင်အဆင့်အတန်း 


မိန်းမစိုးတွေဟာ မျိုးမပွါးနိုင်အောင် ပြုလုပ်ခြင်းခံထားရသူတွေဖြစ်တာကြောင့်  သူတို့ကို သမားရိုးကျ မိသားစုနှင့် မျိုးရိုးဆိုင်ရာ မျှော်လင့်ချက်များမှ လူမှုရေးအရ ခွဲထုတ်ထားသည်ဟု ဆိုလိုသည်။ ဒီလိုဖြစ်ခြင်းကြောင့် မင်းမျိုးမင်းနွယ်များက သစ္စာစောင့်သိမှုနှင့် နိုင်ငံရေးအရ ဘက်မလိုက်မှုအတွက် အာမခံချက်တစ်ခုအဖြစ် မြင်ခဲ့ကြပြီး သူတို့ကို အလွန်အမင်း ယုံကြည်စိတ်ချရသူများအဖြစ် သတ်မှတ်ခဲ့ကြသည်။


နိုင်ငံရေး ဩဇာ 


 မိန်းမစိုးတို့ဟာ  နန်းတွင်းတရားဝင်သဘောအရ  အဆင့်နိမ့်သော နေရာတွင်ရှိနေသော်လည်း မိန်းမစိုးကြီး ဦးခကြီး (ဘုရင်မင်းတုန်းမင်းနှင့် သီပေါမင်းလက်ထက်) ကဲ့သို့သော မိန်းမစိုးများသည် ဘုရင်နှင့် အမြဲနီးကပ်စွာရှိခြင်းနှင့် နန်းတွင်းလျှို့ဝှက်ကိစ္စရပ်များ၊ ထီးနန်းဆက်ခံမှုများနှင့် ပုန်းလျှိုးကွယ်လျှိုး လုပ်ကြံမှုများ အပါအဝင် အာဏာလုမှုများတွင် ပါဝင်ပတ်သက်ခြင်းတို့ကြောင့် သွယ်ဝိုက်သော်လည်း သိသာထင်ရှားသော နိုင်ငံရေးဩဇာကို ကျင့်သုံးခဲ့ကြသည်။ အဲ့လိုမျိုးနဲ့ပဲ သူတို့ရဲ့ တည်ရှိမှုဟာ နိုင်ငံတော်၏ အာဏာအထွတ်အထိပ်ရှိ နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။


၂။ နတ်ကတော်များ၏ ယဉ်ကျေးမှုဆိုင်ရာ အခန်းကဏ္ဍ




မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာနှင့်အတူ တည်ရှိခဲ့သော ရိုးရာနတ်ကိုးကွယ်ခြင်းယဉ်ကျေးမှုသည် ဘုရင့်နိုင်ငံတော်ခေတ်က လိင်ဝိသေသစုံလင်ကွဲပြားသူများအတွက် အမြင်သာဆုံးနှင့် လူမှုအသိုင်းအဝိုင်းက အလွယ်တကူ လက်ခံထားသည့် အခန်းကဏ္ဍဖြစ်ခဲ့ပါတယ်။


တော်ဝင်ဆက်သွယ်မှု 


နတ် ၃၇ ပါးကို ပုဂံခေတ် အနော်ရထာမင်း (၁၁ ရာစု) က တရားဝင် နတ်ပူဇော်ခြင်းအဖြစ် သတ်မှတ်ခဲ့ပြီး ကိုးကွယ်ပူဇော်မှုများ၊ အထူးသဖြင့် တောင်ပြုံးနတ်ပွဲကဲ့သို့သော နှစ်စဉ်ကျင်းပသည့် ပွဲတော်ကြီးများသည် ကုန်းဘောင်မင်းဆက်၏ တော်ဝင်နှင့် အမျိုးသားရေး ယဉ်ကျေးမှု၏ အဓိကအစိတ်အပိုင်းတစ်ရပ်ပါ ဖြစ်စေခဲ့ပါတယ်။


ဖြစ်တည်မှု 


နတ်ကတော် ဆိုသည်မှာ တန်ခိုးကြီးမားသော နတ်များ၏ စကားသံကို လက်ခံပြောဆိုပေးသည့် နတ်မှူးများ ဖြစ်သည်။ ဒီလို အခန်းကဏ္ဍကို ရိုးရာဓလေ့အရ အမေမှ သမီးသို့ လက်ဆင့်ကမ်းခဲ့သော်လည်း လိင်အရ အမျိုးသားများ ဖြစ်သူများသည် အမျိုးသမီးအဝတ်အစားများနှင့် အပြုအမူများကို ကျင့်သုံးပြီး နတ်ကတော်အဖြစ် ဆောင်ရွက်ခြင်းဖြင့် စတင် ပိုမိုထင်ရှားလာခဲ့ကြပါတယ်။


လေးစားကြည်ညိုမှုနှင့် ပူဇော်ခြင်း 


နတ်များကို ဆက်သွယ်ပေးခြင်းအားဖြင့် အခုခေတ်လို ကြမ်းတမ်းစွာ ခွဲခြားနှိမ်ချ ပြောတာတွေကို ခံရတာမဟုတ်ဘဲ  သာမန်လူ့အဖွဲ့အစည်း၏ အကဲဖြတ်ဝေဖန်မှုကို ကျော်လွန်သွားသည့် ပူဇော်ခြင်းခံရသော၊ လေးစားကြည်ညိုခြင်းခံရသော အဆင့်အတန်းကို ရရှိခဲ့ကြသည်။ 


နတ်ကတော်များကို လူ့လောကနှင့် နတ်လောကကြားကို ဆက်သွယ်ပေးသူများအဖြစ် မြင်ခဲ့ကြပြီး၊ ဒီလုပ်ဆောင်ချက်သည် သူတို့အား လေးစားမှု၊ စီးပွားရေးအခွင့်အလမ်းများနှင့်အခြားနည်းဖြင့် ငြင်းပယ်ခြင်းခံခဲ့ရသော လူမှုရေးဆိုင်ရာ ဖော်ပြခွင့်ပြုချက်တစ်ခုကို ပေးအပ်ခဲ့ကြပါတယ်။


ဒီလို သမိုင်းဝင် အခန်းကဏ္ဍ နှစ်ခုသည် မြန်မာ့ဘုရင့်နိုင်ငံတော်ခေတ်က လိင်ဝိသေသစုံလင်ကွဲပြားသူများ၏ တည်ရှိမှုသည် မမြင်ရသော အရာမဟုတ်ဘဲ၊ နန်းတွင်းအုပ်ချုပ်ရေးယန္တရားနှင့် ဓလေ့ထုံးတမ်း ဘာသာရေး၊ လူမှုရေးဘဝ၏ အခြေခံ အခန်းကဏ္ဍ များတွင် ကျွမ်းကျင်သော၊ အသိအမှတ်ပြုနိုင်သော နေရာများသို့ ပို့ဆောင်ပေးခြင်း ခံခဲ့ရကြောင်း သက်သေပြနေသည်။

ကိုးကား 📌📌


https://pubmed.ncbi.nlm.nih.gov/29497915/ 


https://doi.org/10.1017/S0022463423000735 


https://www.burmalibrary.org/en/nat-and-nat-kadaw-the-existence-of-the-local-cult-in-myanmar-tradition

Friday, October 17, 2025

တစ်ပတ်မှ တစ်ကြိမ်ပဲ သောက်ရတော့မယ့် ART ဆေးသစ်

 🎉 တစ်ပတ်မှ တစ်ကြိမ်ပဲ သောက်ရတော့မယ့် ART ဆေးသစ်သတင်းကောင်း!




ART ကုထုံး ကုသမှုအတွက် အရမ်းကို မျှော်လင့်ရတဲ့ သတင်းကောင်းလေးတစ်ခု နိုင်ငံတကာကနေ ထွက်ပေါ်လာလို့ မမမြင့်မာ မျှဝေပေးပါရစေ


တစ်ပတ်မှ တစ်ကြိမ်ပဲ သောက်ရတော့မယ့် HIV ဆေးသစ် လေးဟာ အရမ်းကို အလားအလာကောင်းနေပါတယ်တဲ့


💊 Ulonivirine (ယူလိုနီဗီရင်း) လို့ခေါ်တဲ့ စမ်းသပ်ဆဲဆေးသစ်တစ်မျိုးဟာ HIV ကို ခုခံကာကွယ်ဆေး (NNRTI) အုပ်စုဝင်ဖြစ်ပြီး၊ အခုဆိုရင် တစ်ပတ်မှ တစ်ကြိမ်သာ သောက်ရတဲ့ HIV ဆေးဝါးများ ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာဖို့ အလားအလာရှိနေတယ်လို့ ရဝမ်ဒါမှာလုပ်တဲ့ HIV သိပ္ပံဆိုင်ရာ နိုင်ငံတကာ AIDS အသင်းညီလာခံ (IAS 2025) မှာ တင်ပြခဲ့တဲ့ Phase II လေ့လာမှုရလဒ်တွေက ဆိုပါတယ်။


ဘာလို့ ဒီဆေးသစ်က အရေးပါတာလဲ?

HIV ကုသမှုအတွက် နေ့စဉ်သောက်ရတဲ့ ဆေးတွေက အရမ်းထိရောက်ပေမယ့် တချို့လူတွေအတွက်တော့ နေ့တိုင်းဆေးသောက်ဖို့က ခက်ခဲတာမျိုး၊ “ဆေးသောက်ရတာ စိတ်ကုန်လာတာ (Pill Fatigue)” မျိုးတွေ ရှိနိုင်ပါတယ်။ 


ဒါ့အပြင် အသားထဲထိုးတဲ့ အကြိမ်ကြာခံဆေး (Injectable drugs) တွေကို မလိုချင်သူတွေအတွက် တစ်ပတ်တစ်ကြိမ် သောက်ရတဲ့ ဆေး ဟာ ဆေးမှန်မှန်သောက်သုံးမှု (Adherence) ကို အများကြီး တိုးတက်စေနိုင်ပါတယ်။


👨‍⚕️ "တစ်ပတ်တစ်ကြိမ် သောက်ရတဲ့ ဆေးစနစ်ဟာ နေ့စဉ်သောက်သုံးရတဲ့ ဆေးစနစ်ထက် တစ်သက်တာလုံး ဆေးမှန်မှန်သောက်သုံးမှုကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်" လို့ သုတေသနခေါင်းဆောင် Dr. Jean-Michel Molina က ပြောခဲ့ပါတယ်။


ရလဒ်အသေးစိတ်လေးတွေက ဘာတွေလဲ?

• ဒီဆေးသစ် (Ulonivirine) ကို Islatravir ဆိုတဲ့ နောက်ထပ်ဆေးတစ်မျိုးနဲ့ ပေါင်းပြီး စမ်းသပ်ခဲ့တာပါ။


• လေ့လာမှုက နဂိုရည်ရွယ်ထားတာထက် စောပြီး ရပ်နားခဲ့ရပေမယ့် (Isalatravir ဆေးပမာဏများလို့ ခန္ဓာကိုယ် ခုခံအားဆဲလ်တွေ ကျဆင်းမှု ဖြစ်ခဲ့လို့ပါ)၊ Ulonivirine ရဲ့ ထိရောက်မှုကတော့ အားရစရာကောင်းနေခဲ့ပါတယ်။


• နေ့စဉ်သောက်နေတဲ့ Biktarvy လိုမျိုး ထိရောက်မှုအတိုင်းပဲ Ulonivirine နဲ့ Islatravir ပေါင်းပြီး တစ်ပတ်တစ်ကြိမ်သောက်သူတွေမှာလည်း ဗိုင်းရပ်စ်ပမာဏ ၅၀ အောက် ထိန်းထားနိုင်ခဲ့ပြီး ကုသမှု မအောင်မြင်တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။ (လေ့လာမှုမှာ ပါဝင်သူ ၁၅၃ ယောက်အထိ စမ်းသပ်ခဲ့တာပါ)


• အရေးကြီးတာက: ခုခံအားဆဲလ်ကျဆင်းမှုတွေဟာ ဆေးပမာဏများတဲ့ Islatravir ကြောင့်ဖြစ်တာကို တွေ့ရှိခဲ့ပြီး Ulonivirine ကြောင့် မဟုတ်ဘူးလို့ သုတေသီတွေက အခိုင်အမာ ပြောကြားထားပါတယ်။ ဆေးရပ်လိုက်တဲ့အခါမှာလည်း ခုခံအားဆဲလ်တွေဟာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတာကို တွေ့ရပါတယ်။


• ဒါကြောင့် အခုလက်ရှိမှာတော့ Islatravir ကို ဆေးပမာဏ လျှော့ချပြီး Ulonivirine နဲ့ ပေါင်းစပ်တဲ့ တစ်ပတ်တစ်ကြိမ် သောက်ရမယ့် Phase IIb စမ်းသပ်မှုအသစ် တစ်ခု ဆက်လက် လုပ်ဆောင်နေပြီလို့ သတင်းရရှိပါတယ်။


ဒီလိုမျိုး HIV ကုသမှုအတွက် ပိုမိုလွယ်ကူတဲ့ နည်းလမ်းတွေ ပေါ်ထွက်လာတာဟာ တကယ်ကို ဝမ်းသာစရာပါပဲနော်။ 


အားလုံးပဲ ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တွေ ပိုင်ဆိုင်ကြပါစေလို့ မမမြင့်မာက ဆုတောင်းပေးပါတယ်ရှင့်။


📌 ယခု အကြောင်းအရာတွင် ဆေးဘက်

ဆိုင်ရာအချက်အလက်များ Source မူရင်း သတင်းများ ပါဝင်သဖြင့် ပြန်လည်ကူးယူပြီး မိမိစာမျက်နှာတွင် တင်ခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။


📌 Research အသေးစိတ်ကို Source > https://www.poz.com/article/ulonivirine-shows-promise-weekly-oral-hiv-treatment


CRISPR ဆိုတာဘာလဲ ? HIV ပိုးပျောက်အောင်ကုတဲ့ နည်းပညာအသစ်လား ? 




နိုင်ငံခြား Page တစ်ခုက တင်နေတော့ အားလုံးက CRISPR အကြောင်းလာမေးကြတာ Page က Reply မပြန်နိုင်လောက်တဲ့အထိပါပဲ 


တကယ်တော့ CRISPR Gene Editing အကြောင်းကို မမ မြင့်မာ တင်ပေးနေတာ ကြာလှပါပြီ။ ဒါက သတင်းအသစ် မထွက်သေးပါဘူး။ ပြောရရင် ပိုကောင်းတဲ့ ကုသနည်း စနစ်တွေဖြစ်အောင် လေ့လာနေကြတာပေါ့ 


ဒါဆိုရင် CRISPR ဆိုတာဘာလဲ ပြန်နွေးကြည့်ရအောင် 


မမမြင့်မာတို့ရဲ့ ဆဲလ်တွေထဲကို ဗိုင်းရပ်စ်တွေကို ဖြတ်ထုတ်နိုင်တဲ့ သေးငယ်တဲ့ကတ်ကြေးလေး တစ်ခုကို စိတ်ကူးကြည့်လိုက်ပါ။ 


ဒါဟာ CRISPR လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကုသရေး နည်းပညာအသစ်ရဲ့ အခြေခံအယူအဆပါ။ ဒီနည်းပညာကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဘက်တီးရီးယားတွေမှာ ရှာဖွေတွေ့ရှိခဲ့ပြီး၊ သိပ္ပံပညာရှင်တွေက လူသားရဲ့ DNA ကို တည်းဖြတ်ဖို့ ပြုပြင်မွမ်းမံခဲ့ကြတာပါ။ 


HIV အတွက်ဆိုရင်၊ ဒီနည်းပညာက ဗိုင်းရပ်စ်ရဲ့မျိုးဗီဇကို ကူးစက်ခံထားရတဲ့ဆဲလ်တွေကနေ ဖယ်ရှားဖို့ ရည်ရွယ်ပါတယ်။


ဓာတ်ခွဲခန်းစမ်းသပ်မှုတွေမှာ အောင်မြင်မှုရခဲ့ပြီ 


၂၀၁၉ ခုနှစ်က အထူးကူးစက်ခံထားရတဲ့ကြွက်တွေမှာ CRISPR နဲ့အတူ ကြာရှည်ခံ HIV ဆေးတွေပေးပြီး စမ်းသပ်ခဲ့ပါတယ်။ ရလဒ်ကရော? CRISPR က HIV ရဲ့ DNA ကို ဆဲလ်တွေထဲကနေ အောင်အောင်မြင်မြင် ဖြတ်ထုတ်နိုင်ခဲ့တယ်၊ ဗိုင်းရပ်စ်လုံးဝမတွေ့ရတော့ပါဘူး။ 


မျောက်တွေမှာလည်း အလားတူအောင်မြင်မှုတွေ့ခဲ့ပါတယ်။l


Temple တက္ကသိုလ်နဲ့ Excision Biotech တို့ပူးပေါင်းပြီး EBT-101/EBT-100 လို့ခေါ်တဲ့ ဆေးတစ်ခါထိုးကုထုံး ဖြင့်စမ်းသပ်ခဲ့ရာ၊ မျောက်တွေရဲ့ကိုယ်ခံဆဲလ်တွေထဲက ဗိုင်းရပ်စ်မျိုးဗီဇတွေ ပျောက်သွားပြီး ဘေးထွက်ဆိုးကျိုးလည်း မရှိခဲ့ပါဘူး။


လူသားတွေမှာ စမ်းသပ်မှု (၂၀၂၂)


ဒီအောင်မြင်မှုတွေအပေါ်အခြေခံပြီး ၂၀၂၂ မှာ CRISPR ကို HIV ရောဂါသည်တွေမှာ ပထမဆုံးအကြိမ် စမ်းသပ်ခဲ့ပါတယ်။ အမေရိကန်က စေတနာ့ဝန်ထမ်း ၅ ဦးကို EBT-101 ဆေးသွင်းကုသမှုပေးခဲ့ပြီး၊ သူတို့ရဲ့ ပုံမှန် HIV ဆေးတွေကိုလည်း ဆက်သောက်စေခဲ့ပါတယ်။ 


ပထမသတင်းကောင်းက—ဒီကုသမှုဟာ လုံခြုံစိတ်ချရတယ်၊ ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးမတွေ့ရပါဘူး။ ဒါပေမယ့်၊ စမ်းသပ်မှုအရ သူတို့ဆေးတွေရပ်လိုက်တဲ့အခါ ဗိုင်းရပ်စ်ပြန်ပေါ်လာခဲ့ပါတယ်။ 


တစ်ယောက်ကတော့ ၁၆ ပတ်အထိ ဗိုင်းရပ်စ်မပြန်ပေါ်ဘဲ နေနိုင်ခဲ့ပါတယ် (ပုံမှန်ထက်ပိုကြာတာမို့ CRISPR က အထောက်အကူဖြစ်နိုင်တယ်လို့ ယူဆရပါတယ်)။ ဒါပေမယ့် လောလောဆယ်တော့ လုံးဝပျောက်ကင်းအောင် မကုသနိုင်သေးပါဘူး။


ဒါဆို CRISPR က HIV အတွက် အဖြေဖြစ်နိုင်မလား?


သိပ္ပံပညာရှင်တွေက သတိနဲ့အတူ မျှော်လင့်ချက်ထားကြပါတယ်။ CRISPR ဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့နည်းလမ်းအသစ် ဖြစ်ပြီး အနာဂတ်မှာ ပျောက်ကင်းနိုင်တဲ့အလားအလာရှိတယ်၊ ဒါပေမယ့် အခုအချိန်ထိ အောင်မြင်မှုအပြည့်မရသေးပါဘူး။ HIV ဟာ ခန္ဓာကိုယ်အနှံ့ ပုန်းအောင်းနေနိုင်တဲ့အတွက် CRISPR ကို ဗိုင်းရပ်စ်ရှိသမျှနေရာတိုင်းဆီ ပို့ဖို့ခက်ခဲပါတယ်။ ပြီးတော့ ကတ်ကြေးက DNA အခြားနေရာတွေကို အမှားဖြတ်မိမှာကိုလည်း စိုးရိမ်ရပါတယ်။


အနှစ်ချုပ်


CRISPR ဟာ အနာဂတ်အတွက် မျှော်လင့်ချက်တစ်ခု ဖြစ်ပါတယ်။ တိရစ္ဆာန်တွေမှာ အလွန်ကောင်းမွန်စွာအလုပ်လုပ်ပြီး၊ လူသားတွေမှာလည်း စိတ်ချရတယ် ဆိုတာ သက်သေပြခဲ့ပါပြီ။ ဒါပေမယ့် အခုချိန်ထိ HIV ကို ကာကွယ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက ပုံမှန်ဆေးစစ်ပြီး ရနိုင်တဲ့ဆေးတွေနဲ့ ကုသမှုခံယူဖို့ပါပဲ။ 


CRISPR ရဲ့တိုးတက်မှုကို စောင့်ကြည့်ကြရအောင်… ဒီနည်းပညာဟာ အနာဂတ်မှာ HIV ကုသရေးကို အပြောင်းအလဲကြီးတစ်ခု ဖြစ်စေနိုင်ပါတယ်။


မမမြင့်မာနဲ့ အတူတူ ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုအတွက် ဆက်လက်ကြိုးစားကြရအောင်နော်! ❤️


#HIVEduMM #CRISPR # HIVCure


ဒါကတော့ HIV ပိုးရှိလား မရှိလား စစ်ဆေးနိုင်မယ့် Nationals AIDS Program (NAP) ရှိတဲ့ အစိုးရ ဆေးရုံကြီးတွေဖြစ်ပါတယ်နော်။ 




HIV ပိုးတွေ့ရှိခဲ့မယ်ဆိုရင်လည်း ဆွေးနွေးပေးခြင်း ၊ လိုအပ်တဲ့ စစ်ဆေးမူ့များ ပြုလုပ်ပြီး ART ဆေးအခမဲ့ ပေးပါတယ်နော်။ 


နောက်ထပ် အခမဲ့ ကုသမူ့ ရရှိနိုင်ပြီး ဆက်လက်ထုပ်ယူနိုင်တဲ့ အစိုးရဆေးရုံ လိပ်စာလေးတွေ သိရင်လဲ comment မှာ ရေးပေးကြဖို့ အကူအညီတောင်းချင်ပါတယ်ရှင့်။ 


***Hiv Education Myanmar စာမျက်နှာမှ ကူးယူဖော်ပြသည်။ 


Wednesday, January 1, 2025

ထိပ်တန်းဒီမိုကရေစီနိုင်ငံကြီးများမှ မဲဆန္ဒရှင်မိန်းမလျာအရေအတွက်

 ထိပ်တန်းဒီမိုကရေစီနိုင်ငံကြီးများမှ မဲဆန္ဒရှင်မိန်းမလျာအရေအတွက်နှင့် ၎င်းတို့၏ ဘေးကြပ်နံကြပ်အခြေအနေ



တစ်နေ့သ၌ စာရေးသူ ကျွန်တော့်ထံသို့ အောက်ပါထူးဆန်းသော မေးခွန်းတစ်ခု ရောက်ရှိလာလို့ အများပြည်သူအကျိုးငှာ တင်ဆက် အပ်ပါသည်။

မေး။ ။ ဆရာရေ၊ ဆရာရှင့် ဒါမှမဟုတ် ဆရာခင်ဗျားလို့ လေးလေးစားစား မရေးဘဲ ဆရာရေလို့ ရေးရတာ ခွင့်လွှတ်ပါ။ နောက်တစ်ခု က မိမိကိုယ်တိုင်လည်း ကျွန်တော် ဒါမှမဟုတ် ကျွန်မရယ်လို့ ဘယ်လိုနာမ်စားရေးရမယ်မှန်းမသိလို့ မိမိကိုယ်မိမိ သူများလို့ သုံးခွင့်ပြုပါ။ သူများက ‘ကျားအုပ်စု’ထဲပါရမလား၊ မိန်းမအုပ်စုထဲပါရမလား မသိတော့ပါဘူး။ သန်းခေါင်စာရင်းထဲမှာတော့ ကျားလို့ရေးထားပါတယ်။ ဒါပေမယ့် သူများက ယောက်ျားမလုပ်ချင်တဲ့ မိန်းမလျာတစ်ယောက်ပါ ဆရာ။ အသက် ၃၈နှစ်ရှိပြီး B.Sc ဘွဲ့ ရပြီးပါပြီ။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို ဦးစီးလုပ်ကိုင်နေလို့ စီးပွားရေးလည်း ပြေလည်နေပြီး အခြောက်ဖြစ်နေတော့ ဘဝက ပြည့်စုံတယ်လို့တော့ မခံစားရဘူးဆရာ။ ထိုင်းနိုင်ငံဘက်မှာ ခွဲစိတ်လိင်ပြောင်းပြီး မိန်းမဘဝကို လုံးလုံးရောက်သွားကြသူတွေ ရှိတယ်လို့ သိရပါတယ်။ အဲဒီကိစ္စမျိုးကို သူများက ထိုင်းနိုင်ငံသွားပြီးလုပ်ရင် တရားဝင်လား၊ အပြစ်ရှိလားဆရာ။ အဲဒီလိုလုပ်လာခဲ့ရင် သူများကို မိန်းမတစ်ယောက်အဖြစ် အသိအမှတ်ပြုမှာလား သိချင်ပါတယ်။

နောက်တစ်ခုကတော့ ဒိန်းမတ်နိုင်ငံအပါအဝင် အနောက်ဥရောပနိုင်ငံတချို့မှာ လိင်တူချင်း လက်ထပ်တာကို ခွင့်ပြုတဲ့ဥပဒေကို ပြဋ္ဌာန်း တယ်လို့သိရပါတယ်။ အရှေ့တိုင်းနိုင်ငံတွေမှာတော့ ဒီလိုကိစ္စမျိုး ဆောင်ရွက်ဖို့နှောင့်နှေးနေဆဲပါပဲ။

ဒီတော့ သူများ ခံစားရပါတယ်။ သူများတို့ အရှေ့မှာ လိင်တူချင်းလက်ထပ်ခွင့်မရှိဘူးဆိုရင်ထားပါတော့။ ဒါပေမယ့် လိင်မတူ(လိင်ကွဲ) ဖြစ်သွားအောင် ခွဲစိတ်လိင်ပြောင်းလိုက်ရင် ဥပဒေနဲ့ငြိမှန်းမသိ မငြိမှန်းမသိဆိုတော့ သူများကြောက်တယ်ဆရာ။ သူများဘ၀ ‘ရှေ့တိုး ထမ်းပိုး ၊ နောက်ဆုတ်ရင် တုတ်’ဆိုသလိုဖြစ်နေပြီး တောင်မရောက် မြောက်မရောက်ဘဝနဲ့ လူ့ဘဝသက်တမ်းတစ်ခုကို ကုန်လွန်ရ တော့မှာလား ဆရာ။

တကယ်ဆိုရင် သူများဟာ သူဋ္ဌေးမဟုတ်ပေမယ့် နိုင်ငံခြားမှာ ခွဲစိတ်လိင်ပြောင်းဖို့ ကုန်ကျစရိတ်အကုန်ခံနိုင်ပါတယ်။ သူများ ဘာဆက်လုပ်သင့်လဲဆရာ။


ဖြေ ။ ။ Oh My God! သူများရေ…သူများရဲ့မေးခွန်းက ကျယ်ပြန့်လွန်းလှပါတယ်။ ဖြေရမယ့်အဖြေကတော့ လိင်ဆေးပညာနယ်ပယ် ဘောင်ထဲမှာတင်မကတော့ဘဲ ဥပဒေနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်က အကြောင်းတွေကိုပါ ဖြေဆိုရမှာဖြစ်ပါတယ်။ ဒီလိုဖြေဆိုခွင့်ရလို့ ဆရာဝမ်းသာပါတယ်။

ဒါပေမယ့် မဖြေခင်မှာ တစ်ခုပြောချင်တာက သည်ကိစ္စဟာ နက်နဲသိမ်မွေ့လွန်းလို့ အယူအဆမတူတာတွေ များလွန်းလှပါတယ်။ ဥပမာ ဆိုပါတော့ ပြင်သစ်နိုင်ငံမှာ သမ္မတကြီး မစ္စတာအော်လန်ဒီက လိင်တူချင်းလက်ထပ်တဲ့ ဥပဒေကို ပြဋ္ဌာန်းရန် လက်မှတ်ရေးထိုးလို့ သဘောမတူသူတွေ ဆန္ဒပြတာတွေ ဘာတွေ ဖြစ်ကုန်ပါတယ်။

သူများရဲ့ မေးခွန်းတွေကို ဖြေမယ့် ဆရာရဲ့ အဖြေနဲ့ပတ်သက်ပြီး ပြောချင်တာကတော့  ဆရာဟာ ကမ္ဘာပေါ်မှာရှိတဲ့ မည်သည့်နိုင်ငံရဲ့ အစိုးရ၊ မည်သည့်ကျန်းမာရေးဌာန၊ မည်သည့်ဥပဒေဌာနနဲ့မှ မူဝါဒရေးရာအကြံပေး (Policy Advisor) တစ်ယောက်မဟုတ်ပါဘူး။  ဒီတော့ဆရာရဲ့ အဖြေတွေဟာ ပေါ်လစီချမှတ်သူ (Policy Maker) ရှုထောင့်ကမဟုတ်ဘဲ ပေါ်လစီလေ့လာသူ (Policy Observer) ရှုထောင့်ကနေ ဖြေဆိုသွားပါတယ်။

သူများအနေနဲ့ ထိုင်းနိုင်ငံသွားပြီး ခွဲစိတ်မှုခံယူကာ မိန်းမဘဝကို လုံးလုံးခံယူမယ်ဆိုရင် အပြစ်ရှိ မရှိကိစ္စနဲ့ပတ်သက်ပြီး ပြောရရင်တော့ ထိုင်းနိုင်ငံမှာတော့ ဒီကိစ္စမျိုး အိုကေနေပါပြီ။ ပြဿနာမရှိပါဘူး။ ဒါပေမယ့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တည်ဆဲဥပဒေတွေက မတူညီပါဘူး။ ဥပမာ ဆရာတို့မြန်မာနိုင်ငံမှာ တစ်ပါးသူရဲ့ မယားကိုကြာခိုရင် ထောင်ကျပါတယ်။ ဒါပေမယ့် အင်္ဂလန်နိုင်ငံမှာတော့ တစ်ပါးသူရဲ့ မယား ကိုကြာခိုရင် အပြစ်မရှိပါဘူး။မုဒိမ်းကျင့်တဲ့အဆင့်ရောက်မှ အပြစ်ရှိပါတယ်။

မြန်မာနိုင်ငံက ပုဂ္ဂိုလ်အချို့ ထိုင်းနိုင်ငံသွားပြီး တိုးတိုးတိတ်တိတ် ခွဲစိတ်လိင်ပြောင်းကြတာ သိုးသိုးသန့်သန့်နဲ့ တစ်ဆင့်စကားကြားရဖူး ပါတယ်။ ဘယ်သူဘယ်ဝါတွေလဲရယ်လို့တော့ သေသေချာချာမသိပါဘူး။ဒါပေမယ့် အကယ်၍ အဲသည်လိုများ လုပ်လာခဲ့ရင် မိန်းမပုံသဏ္ဌာန်ဖြစ်သွားလို့ မိန်းမသားအဖြစ် အသိအမှတ်ပြုခံရတဲ့ မြန်မာနိုင်ငံသားရယ်လို့တော့ မကြားဖူးသေးပါဘူး။ သူတို့ကလည်း သိုသိုသိပ်သိပ်နေကြပြီး သူတို့ကိုယ်သူတို့ မိန်းမဖြစ်သွားပါပြီလို့ မြွက်ဟကြေငြာတာမျိုး၊ ဂျာနယ်တွေကိုဖိတ်ပြီး ရှင်းလင်းပွဲလုပ်တာမျိုး ဆရာမကြားမိသေးပါဘူး။ ဒီတော့ ခွဲစိတ်လိင်ပြောင်းပြီး မိန်းမစစ်စစ်အဖြစ် အသိအမှတ်ပြုခံရတဲ့သူရယ်လို့တော့ ဆရာတို့ဆီမှာ မကြား မိသေးပါဘူး။

နောက်တစ်ခုကလည်း ပြစ်မှုဥပဒေပုဒ်မ ၃၂၆မှာ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုခု ပျက်စီးစေလျှင် ပြစ်မှုမြောက်တယ်လို့ ဆိုပါတယ်။ ဒီတော့ ယောက်ျားအင်္ဂါကြီးကို ဖြတ်တောက်လိုက်ရင် အဲဒီပုဒ်မနဲ့ငြိမလားဆိုပြီး စိုးရိမ်ကြသူတွေရှိပါတယ်။ဒါပေမဲ့ ဒီကိစ္စက အမှုမဖြစ် သေးတော့  စီရင်ချက်ချမှတ်ခံရတာမျိုး မကြားမိသေးပါဘူး။ တဖန် ဒီကိစ္စကို ကင်းလွတ်ခွင့်ပေးတယ်ဆိုပြီး ခွင့်ပြုတဲ့စီရင်ချက်လည်း မကြားမိသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်တဲ့ စီရင်ထုံးလည်း မတွေ့သေးပါဘူး။ ဒါကြောင့် ‘သူများ’ရဲ့ အမေးကိုဖြေရန် လောလောဆယ်မှာ အဖြေမရှိသေးပါဘူး။

ဥပမာ ဆီးချိုရောဂါကြောင့် ခြေထောက်ပုပ်လာရင် ခြေထောက်ကို ဖြတ်ပစ်တဲ့ဆရာကို ကိုယ်အင်္ဂါချို့တဲ့စေမှု ပုဒ်မ ၃၂၆နဲ့ အပြစ်မယူပါဘူး။ ဒါပေမယ့် ယောက်ျားအင်္ဂါကြီးကို ဖြတ်တာကျတော့ ဘယ်လိုလုပ်ကြမလဲဆိုတာ ဥပဒေပညာရှင်တွေ အချေအတင် ဆွေးနွေးရမယ့်ကိစ္စ ဖြစ်နေဆဲပါ သူများရေ။ ဒီတော့  ယောက်ျားအင်္ဂါကြီးကိုဖြတ်ဖို့ သူများကကြောက်နေရင် အဲဒီကြောက်စိတ်ဟာ မမှားပါဘူး။

တစ်ဖန် ပုဒ်မ ၃၇၇အရ လိင်တူဆက်ဆံပြန်ရင်လည်း အပြစ်ရှိတယ်။ လိင်တူမဟုတ်တော့ဘဲ မိန်းမစစ်စစ်ဖြစ်သွားအောင် ခွဲစိတ်လိင်ပြောင်းရင်လည်း အပြစ်ရှိ မရှိ မသေချာတော့ အခက်ကြုံနေကြတဲ့ သူများတို့ရဲ့ဘဝကို ဆရာ စာနာပါတယ်။ ဒါပေမယ့် သူများရေ အဲဒီပုဒ်မ ၃၇၇တို့၊ ၃၂၆တို့ဆိုတာ ပြစ်မှုပုဒ်မတွေဖြစ်ပြီး ယခင်က ရာဇသတ်ကြီးဥပဒေလို့ခေါ်ခဲ့ပါတယ်။ အဲဒီဥပဒေကို အင်္ဂလိပ်အစိုးရ ပြဋ္ဌာန်းခဲ့တာပါ။ သူများတို့အနေနဲ့ အင်္ဂလိပ်အစိုးရကို စိတ်နာမယ်ဆိုရင်တော့ မိမိတိုင်းပြည်ကို ကျွန်ပြုခဲ့လို့ စိတ်နာချင်နာပါ။ ရာဇသတ်ကြီးဥပဒေအတွက်တော့ စိတ်မနာပါနဲ့ဦးလို့ ဆရာပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီဥပဒေကို ပြဋ္ဌာန်းခဲ့တဲ့ အင်္ဂလိပ်ကိုလိုနီခေတ်တုန်းက ခွဲစိတ်လိင်ပြောင်းတဲ့ အတတ်ပညာ မပေါ်ခဲ့သေးပါဘူး။ ဒါကြောင့် အင်္ဂလိပ်ဥပဒေ ရေးဆွဲသူတွေဟာ သူများတို့ မိန်းမလျာတွေကို လိင်ပြောင်းခွင့်ပိတ်ရန် ရည်ရွယ်ရေးဆွဲထားတာမဟုတ်တာတော့ သေချာပါတယ်။

တစ်ချိန်တုန်းက အများက မိန်းမလျာတွေကို ယောက်ျားစစ်စစ်စိတ်ပြန်ပေါက်လာဦးမယ်လို့ မျှော်လင့်ခဲ့ကြဖူးတယ်။ ဆရာ့ရဲ့ မိတ်ဆွေ တစ်ဦးဆိုရင် သူ့ရဲ့သားက မိန်းမလျာစိတ်ပေါက်တော့ လုံချည်ကို ရင်လျားဝတ်လို့ ခါးပတ်နဲ့ချွတ်ရိုက်ဖူးတယ်။ သူ့သားငယ်ငယ်က မိခင်က သနပ်ခါး ခဏ ခဏလူးပေးလို့ မိန်းမဘဝကို အားကျတာ၊ ဒါဟာပြင်လို့ရတယ်လို့ ထင်ခဲ့တယ်။

ယခင်တုန်းက ယောက်ျားတွေ မိန်းမစိတ်ပေါက်တာကို မူမမှန်ခြင်း (Abnormal) လို့ယူဆခဲ့ကြတယ်။ (Abnormal) ဆိုရင်တော့ ပြုပြင်ဖို့ ကြိုးစားရတော့မှာပေါ့။ ဒါပေမယ့် နောက်ပိုင်းမှာ ဆရာက ဂျာနယ်တစ်စောင်မှာ တွေ့ရတာကတော့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)  က မိန်းမလျာတွေကို မူမမှန်ခြင်းစာရင်းက ပယ်ဖျက်ပြီး သာမန်လူ၊ မူမှန်လူ (Normal) အဖြစ် အသိအမှတ်ပြုလိုက်တယ်။ (Normal) ဆိုရင်တော့ မူမမှန်စိတ်ရောဂါ မဟုတ်တော့ဘူး။ဒါဟာ သဘာဝပဲ။သည်တော့ ယောက်ျားစိတ်ပြန်ပေါက်အောင် ဆေးကုစရာမလိုတော့ဘူးပေါ့။

ဒီနေရာမှာ လိင်နဲ့ဆိုင်တဲ့ နိုင်ငံရေး Sex Related Politics ကိစ္စက ဆွေးနွေးရတော့မယ်။ မိန်းမလျာကို အထင်မသေးတဲ့ ထိုင်းနိုင်ငံလို နိုင်ငံမျိုးမှာ မိန်းမလျာတွေက မိမိကိုယ်ကို မိန်းမလျာအဖြစ် ကြေညာခြင်း (Declare) လုပ်လို့ မိန်းမလျာဦးရေများလာတယ်။ USA သုတေသနစာရင်းတစ်ခုအရ သူတို့ဆီမှာ မိန်းမလျာလူဦးရေဟာ ယောက်ျားထုရဲ့ ၆ရာခိုင်နှုန်းရှိပါတယ်။ ယောက်ျားလျာဦးရေလည်း နည်းမှာမဟုတ်ဘူး။ ဆိုကြပါစို့ မိန်းမလျာနဲ့ ယောက်ျားလျာဦးရေကတော့ လူဦးရေရဲ့ ၆ရာခိုင်နှုန်းလောက် ရှိနေနိုင်ပါတယ်။

တစ်ဖန် နိုင်ငံရေးစနစ်အကြောင်း နည်းနည်းရှင်းပြရရင် ဘာသာတရားကို အခြေပြုအုပ်ချုပ်တဲစနစ်ကို သီယိုကရေစီလို့ ခေါ်ပါတယ်။

အာဏာရှင်ကို အခြေပြုအုပ်ချုပ်တာကို အော်တိုကရေစီလို့ ခေါ်ပါတယ်။ လူထုကိုအခြေပြုပြီး အုပ်ချုပ်တဲ့စနစ်ကို ဒီမိုကရေစီလို့ ခေါ်ပါတယ်။ အနောက်ဥရောပနိုင်ငံတွေက ဒီမိုကရေစီ ဘိုးအေကြီးတွေဆိုတော့ ပြည်သူ့အသံကိုနားစွင့်ရမယ်တို့၊ လူ့အခွင့်အရေး (Human Right)တို့ စတဲ့စကားသံတွေဟာ ဒီမိုကရေစီသက်တမ်းနုတဲ့ နိုင်ငံတွေနဲ့စာရင် ပိုမိုကျယ်လောင်ပါတယ်။ ဒီတော့ လူထုအခြေပြု ပြည်သူ့အသံကို နားစွင့်တော့ လူဦးရေရဲ့ ၆ရာခိုင်နှုန်းရှိတဲ့ မိန်းမလျာနဲ့ ယောက်ျားလျာတို့ရဲ့အသံနဲ့ ဆန္ဒရှင်တွေကို တော်တော်အလေးထားရပါတယ်။ သူတို့က မဲဆန္ဒရှင်တွေရဲ့ ၆ရာခိုင်နှုန်းရှိတယ်လေ။ အနောက်ဥရောပပါတီစုံရွေးကောက်ပွဲတွေမှာ တစ်ခါတရံ ပါတီတစ်ခုက ၁ရာခိုင်နှုန်း၊ ၂ရာခိုင်နှုန်းသော မဲဆန္ဒနဲ့ ပွတ်ကာသီကာနိုင်ပြီး အစိုးရဖွဲ့တာမျိုးရှိပါတယ်။ ဒီတော့ ၆ရာခိုင်နှုန်း သော မဲဆန္ဒရှင်တွေကို အစိုးရကိုယ်တိုင် လေးစားရပါပြီ။ ဒါကြောင့်လည်း အစိုးရက လိင်တူချင်း လက်ထပ်ခွင့်ဥပဒေကို ပြဋ္ဌာန်းတာလား လို့ ဆရာတွေးမိတယ်။ ဒီအတွေးဟာ ဆရာ့ရဲ့ ပုဂ္ဂလိက ယူဆချက်ပါ။ မှန်ချင်လည်းမှန်မယ်၊ မှားချင်လည်း မှားပါမယ်။ တခြားအကြောင်း..ဥပမာ မိန်းမလျာတွေကို ကိုယ်ချင်းစာမှု၊ သူတို့ရဲ့အခွင့်အရေးကို  လေးစာမှု စတဲ့အကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် အရှေ့တိုင်းနိုင်ငံတွေမှာ မိန်းမလျာတွေကို လိင်တူချင်းလက်ထပ်ခွင့်ပေးသင့်တယ်လို့တော့ ဆရာမပြောလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆရာပြောထားသလိုပါပဲ။ ဆရာဟာ အစိုးရရဲ့ မူဝါဒရေးရာ အကြံပေးမှမဟုတ်တာ။

ဆရာက ဥပမာတွေကိုရေးပြပြီး ဘယ်လိုလုပ်သင့်လဲဆိုတာ အများကစဉ်းစားနိုင်အောင် ဉာဏ်ကိုစေ့ဆော်ပေးတာသာ ဖြစ်ပါတယ်။ အရှေ့တိုင်းမှာတော့ အနောက်တိုင်းနဲ့မတူတဲ့ ယဉ်ကျေးမှုတွေရှိလို့ အနောက်တိုင်းဥပဒေနဲ့မတူနိုင်တာတွေ အများကြီးရှိနိုင်ပါတယ်။ ဒါဆိုရင် အရှေ့တိုင်းတွေမှာ အနောက်တိုင်းတွေလို  ပိုမိုဖြေလျော့တဲ့ဥပဒေ ပြဋ္ဌာန်းရေးအတွက် နှောင့်နှေးမှုရှိကြတဲ့အကြောင်းကို  သူများ သဘောပေါက်မယ်ထင်ပါတယ်။

နောက်တစ်ခုကတော့ “သူများ ဘာဆက်လုပ်ရမလဲ၊ တောင်မရောက် မြောက်မရောက်ဘဝနဲ့ သူများတို့ဘဝတွေ ဒီလိုပဲ အချိန်ကုန်ဆုံး ရတော့မှာလား ဆရာ” ဆိုတဲ့ မေးခွန်းကတော့ နက်နဲသိမ်မွေ့လွန်းလှပါတယ်ကွယ်။

“ ကဲ…သူများရေ၊ ဘယ်သူသိတာမှတ်လို့ လိင်တူချင်းပဲ ဆက်ဆံလိုက်ပါတော့” ဆိုတဲ့ အဖြေမျိုးကိုတော့ ဥပဒေနဲ့ဆန့်ကျင်ပြီး ဆရာက မဖြေလိုဘူး။ မြှောက်ထိုးပင့်ကော် မလုပ်လိုပါဘူး။

ဒါပေမယ့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၇အရ လိင်တူဆက်ဆံရင်လည်းအပြစ်ရှိ၊ လိင်ကွဲဖြစ်အောင် ခွဲစိတ်ပြောင်းတော့လည်း ပုဒ်မ ၃၂၆ ကို ကြောက်ရအောင် ပြဋ္ဌာန်းတုန်းက ခွဲစိတ်လိင်ပြောင်းတဲ့ ဆေးပညာမတိုးတက်သေးပါဘူး။ ခုတော့ ခွဲစိတ်လိင်ပြောင်းနိုင်ပြီဆိုတော့ တနေ့နေ့ တစ်ချိန်ချိန်မှာ ဒီကိစ္စ၊ ဒီဥပဒေတွေကို ဥပဒေပညာရှင်တွေက ပြန်လည်သုံးသပ်နိုင်ပါတယ်။

သည်နေရာမှာ ကြုံကြိုက်လို့ သတင်းတစ်ခုကို ဖောက်သည်ချလိုပါတယ်။ ၁၃ - ၁၀ - ၂၀၁၃ ပြည်မြန်မာနေ့စဉ်သတင်းစာကို ဖတ်လိုက် ရတဲ့အခါ စာမျက်နှာ ၃၂မှာပါတဲ့သတင်းကတော့ ဘရာဇီးနိုင်ငံမှာ အခြောက်တွေကို အလှမယ်ရွေးပွဲ ကျင်းပပေးတယ်။ အဲဒီမှာ ပထမရ တဲ့သူကို ထိုင်းနိုင်ငံသို့သွား၍ ခွဲစိတ်လိင်ပြောင်းရန် ဆန္ဒရှိက ထိုသို့ဆောင်ရွက်နိုင်အောင် အထောက်အကူရရန် ပေါင်လေးထောင် ဆုငွေချီးမြှင့်မှာဖြစ်ပါတယ်။ ကာယကံရှင်က ကြိုက်သလိုသုံးနိုင်ပါတယ်။ ဘရာဇီးဥပဒေက ခွဲစိတ်လိင်ပြောင်းတာ ခွင့်မပြုထားလို့ ထိုင်းကိုသွားပြီး လိင်ပြောင်းရမှာဖြစ်ပါတယ်။

အဲဒီသတင်းကို ဖတ်ပြီးတော့ သူများတို့ရဲ့ ဘေးကြပ်နံကြပ်  အကြပ်အတည်းတစ်ခုကို ဆရာ သတိထားမိသွားပါတယ်။ လိင်တူချင်း လိင်ဆက်ဆံတာကိုလည်း ခွင့်မပြုဘူး။ လိင်ကွဲသွားအောင် ခွဲစိတ်လိင်ပြောင်းတော့လည်း ခွင့်မပြုဘူး။ ဒါဆိုရင် အဲဒီနှစ်ခုစလုံးကို လုပ်ခွင့် မရှိရင် အခြောက်တွေဟာ ယောက်ျားစစ်စစ်ပြန်လုပ်ဖို့ပဲရှိတော့တယ်။ အဲဒီလိုဆိုပြန်တော့လည်း WHO က အခြောက်တွေကို Normal (ပုံမှန်)လူသားလို့ သတ်မှတ်လို့ ယောက်ျားစစ်စစ်ဖြစ်လာအောင် လုပ်ရန် လက်လျှော့လိုက်သလို ဖြစ်သွားပါပြီ။ ဒီတော့ သူများတို့ ရဲ့ဘဝဟာ အတားအဆီးတွေကြားမှာ မွန်းကြပ်နေတာ သတိထားစာနာမိပါတယ်။

ဒီကိစ္စကို ဖြေရှင်းနည်းကတော့ ဆရာ ဒေါက်တာထွန်းဝင်း တစ်ဦးတည်းရဲ့ အကြံဉာဏ်နဲ့ မလုံလောက်တော့ပါဘူး။ နိုင်ငံတော်ရဲ့ ထိပ်တန်းဆေးပညာရှင်ကြီးများ၊ ဥပဒေပညာရှင်ကြီးများ၊ ဥပဒေပြုလွှတ်တော် ကိုယ်စားလှယ်ကြီးများ စုပေါင်းဆွေးနွေး အဖြေရှာရမယ့် ကိစ္စတစ်ခုဖြစ်တယ်လို့ ဆရာမြင်ပါတယ်။

ဒါကြောင့် သူများကို အကြံပြုချင်တာကတော့ သူများရဲ့ ဘေးကြပ်နံကြပ်ဖြစ်နေတဲ့ အခက်အခဲကို သူများတို့ရဲ့ သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်ကြီးများထံမှ တင်ပြသင့်ပါတယ်။ ပါတီစုံဒီမိုကရေစီခေတ်မှာ လွှတ်တော်ကိုယ်စားလှယ်ကြီးများ ပြည်သူတွေရဲ့ အခက်အခဲ တွေ နားထောင်ပြီး လိုက်လံဖြေရှင်းပေးတဲ့ အလေ့အထရှိပါတယ်။ ဒီမိုကရေစီအသီးအပွင့်ကို သူများတို့လည်း ခံစားနိုင်ကြပါစေရယ်လို့ ဆုတောင်းလိုက်ပါတယ်။


ဒေါက်တာ ထွန်းဝင်း

*** ဒေါက်တာ ထွန်းဝင်း၏ ‘လိင်နှင့် ကျား မဆိုင်ရာ နိုင်ငံရေး (Sex and Gender Politics)’ စာအုပ်မှ ကူးယူဖော်ပြပါသည်။