ထိပ်တန်းဒီမိုကရေစီနိုင်ငံကြီးများမှ မဲဆန္ဒရှင်မိန်းမလျာအရေအတွက်နှင့် ၎င်းတို့၏ ဘေးကြပ်နံကြပ်အခြေအနေ
တစ်နေ့သ၌ စာရေးသူ ကျွန်တော့်ထံသို့ အောက်ပါထူးဆန်းသော မေးခွန်းတစ်ခု ရောက်ရှိလာလို့ အများပြည်သူအကျိုးငှာ တင်ဆက် အပ်ပါသည်။
မေး။ ။ ဆရာရေ၊ ဆရာရှင့် ဒါမှမဟုတ် ဆရာခင်ဗျားလို့ လေးလေးစားစား မရေးဘဲ ဆရာရေလို့ ရေးရတာ ခွင့်လွှတ်ပါ။ နောက်တစ်ခု က မိမိကိုယ်တိုင်လည်း ကျွန်တော် ဒါမှမဟုတ် ကျွန်မရယ်လို့ ဘယ်လိုနာမ်စားရေးရမယ်မှန်းမသိလို့ မိမိကိုယ်မိမိ သူများလို့ သုံးခွင့်ပြုပါ။ သူများက ‘ကျားအုပ်စု’ထဲပါရမလား၊ မိန်းမအုပ်စုထဲပါရမလား မသိတော့ပါဘူး။ သန်းခေါင်စာရင်းထဲမှာတော့ ကျားလို့ရေးထားပါတယ်။ ဒါပေမယ့် သူများက ယောက်ျားမလုပ်ချင်တဲ့ မိန်းမလျာတစ်ယောက်ပါ ဆရာ။ အသက် ၃၈နှစ်ရှိပြီး B.Sc ဘွဲ့ ရပြီးပါပြီ။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို ဦးစီးလုပ်ကိုင်နေလို့ စီးပွားရေးလည်း ပြေလည်နေပြီး အခြောက်ဖြစ်နေတော့ ဘဝက ပြည့်စုံတယ်လို့တော့ မခံစားရဘူးဆရာ။ ထိုင်းနိုင်ငံဘက်မှာ ခွဲစိတ်လိင်ပြောင်းပြီး မိန်းမဘဝကို လုံးလုံးရောက်သွားကြသူတွေ ရှိတယ်လို့ သိရပါတယ်။ အဲဒီကိစ္စမျိုးကို သူများက ထိုင်းနိုင်ငံသွားပြီးလုပ်ရင် တရားဝင်လား၊ အပြစ်ရှိလားဆရာ။ အဲဒီလိုလုပ်လာခဲ့ရင် သူများကို မိန်းမတစ်ယောက်အဖြစ် အသိအမှတ်ပြုမှာလား သိချင်ပါတယ်။
နောက်တစ်ခုကတော့ ဒိန်းမတ်နိုင်ငံအပါအဝင် အနောက်ဥရောပနိုင်ငံတချို့မှာ လိင်တူချင်း လက်ထပ်တာကို ခွင့်ပြုတဲ့ဥပဒေကို ပြဋ္ဌာန်း တယ်လို့သိရပါတယ်။ အရှေ့တိုင်းနိုင်ငံတွေမှာတော့ ဒီလိုကိစ္စမျိုး ဆောင်ရွက်ဖို့နှောင့်နှေးနေဆဲပါပဲ။
ဒီတော့ သူများ ခံစားရပါတယ်။ သူများတို့ အရှေ့မှာ လိင်တူချင်းလက်ထပ်ခွင့်မရှိဘူးဆိုရင်ထားပါတော့။ ဒါပေမယ့် လိင်မတူ(လိင်ကွဲ) ဖြစ်သွားအောင် ခွဲစိတ်လိင်ပြောင်းလိုက်ရင် ဥပဒေနဲ့ငြိမှန်းမသိ မငြိမှန်းမသိဆိုတော့ သူများကြောက်တယ်ဆရာ။ သူများဘ၀ ‘ရှေ့တိုး ထမ်းပိုး ၊ နောက်ဆုတ်ရင် တုတ်’ဆိုသလိုဖြစ်နေပြီး တောင်မရောက် မြောက်မရောက်ဘဝနဲ့ လူ့ဘဝသက်တမ်းတစ်ခုကို ကုန်လွန်ရ တော့မှာလား ဆရာ။
တကယ်ဆိုရင် သူများဟာ သူဋ္ဌေးမဟုတ်ပေမယ့် နိုင်ငံခြားမှာ ခွဲစိတ်လိင်ပြောင်းဖို့ ကုန်ကျစရိတ်အကုန်ခံနိုင်ပါတယ်။ သူများ ဘာဆက်လုပ်သင့်လဲဆရာ။
ဖြေ ။ ။ Oh My God! သူများရေ…သူများရဲ့မေးခွန်းက ကျယ်ပြန့်လွန်းလှပါတယ်။ ဖြေရမယ့်အဖြေကတော့ လိင်ဆေးပညာနယ်ပယ် ဘောင်ထဲမှာတင်မကတော့ဘဲ ဥပဒေနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်က အကြောင်းတွေကိုပါ ဖြေဆိုရမှာဖြစ်ပါတယ်။ ဒီလိုဖြေဆိုခွင့်ရလို့ ဆရာဝမ်းသာပါတယ်။
ဒါပေမယ့် မဖြေခင်မှာ တစ်ခုပြောချင်တာက သည်ကိစ္စဟာ နက်နဲသိမ်မွေ့လွန်းလို့ အယူအဆမတူတာတွေ များလွန်းလှပါတယ်။ ဥပမာ ဆိုပါတော့ ပြင်သစ်နိုင်ငံမှာ သမ္မတကြီး မစ္စတာအော်လန်ဒီက လိင်တူချင်းလက်ထပ်တဲ့ ဥပဒေကို ပြဋ္ဌာန်းရန် လက်မှတ်ရေးထိုးလို့ သဘောမတူသူတွေ ဆန္ဒပြတာတွေ ဘာတွေ ဖြစ်ကုန်ပါတယ်။
သူများရဲ့ မေးခွန်းတွေကို ဖြေမယ့် ဆရာရဲ့ အဖြေနဲ့ပတ်သက်ပြီး ပြောချင်တာကတော့ ဆရာဟာ ကမ္ဘာပေါ်မှာရှိတဲ့ မည်သည့်နိုင်ငံရဲ့ အစိုးရ၊ မည်သည့်ကျန်းမာရေးဌာန၊ မည်သည့်ဥပဒေဌာနနဲ့မှ မူဝါဒရေးရာအကြံပေး (Policy Advisor) တစ်ယောက်မဟုတ်ပါဘူး။ ဒီတော့ဆရာရဲ့ အဖြေတွေဟာ ပေါ်လစီချမှတ်သူ (Policy Maker) ရှုထောင့်ကမဟုတ်ဘဲ ပေါ်လစီလေ့လာသူ (Policy Observer) ရှုထောင့်ကနေ ဖြေဆိုသွားပါတယ်။
သူများအနေနဲ့ ထိုင်းနိုင်ငံသွားပြီး ခွဲစိတ်မှုခံယူကာ မိန်းမဘဝကို လုံးလုံးခံယူမယ်ဆိုရင် အပြစ်ရှိ မရှိကိစ္စနဲ့ပတ်သက်ပြီး ပြောရရင်တော့ ထိုင်းနိုင်ငံမှာတော့ ဒီကိစ္စမျိုး အိုကေနေပါပြီ။ ပြဿနာမရှိပါဘူး။ ဒါပေမယ့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တည်ဆဲဥပဒေတွေက မတူညီပါဘူး။ ဥပမာ ဆရာတို့မြန်မာနိုင်ငံမှာ တစ်ပါးသူရဲ့ မယားကိုကြာခိုရင် ထောင်ကျပါတယ်။ ဒါပေမယ့် အင်္ဂလန်နိုင်ငံမှာတော့ တစ်ပါးသူရဲ့ မယား ကိုကြာခိုရင် အပြစ်မရှိပါဘူး။မုဒိမ်းကျင့်တဲ့အဆင့်ရောက်မှ အပြစ်ရှိပါတယ်။
မြန်မာနိုင်ငံက ပုဂ္ဂိုလ်အချို့ ထိုင်းနိုင်ငံသွားပြီး တိုးတိုးတိတ်တိတ် ခွဲစိတ်လိင်ပြောင်းကြတာ သိုးသိုးသန့်သန့်နဲ့ တစ်ဆင့်စကားကြားရဖူး ပါတယ်။ ဘယ်သူဘယ်ဝါတွေလဲရယ်လို့တော့ သေသေချာချာမသိပါဘူး။ဒါပေမယ့် အကယ်၍ အဲသည်လိုများ လုပ်လာခဲ့ရင် မိန်းမပုံသဏ္ဌာန်ဖြစ်သွားလို့ မိန်းမသားအဖြစ် အသိအမှတ်ပြုခံရတဲ့ မြန်မာနိုင်ငံသားရယ်လို့တော့ မကြားဖူးသေးပါဘူး။ သူတို့ကလည်း သိုသိုသိပ်သိပ်နေကြပြီး သူတို့ကိုယ်သူတို့ မိန်းမဖြစ်သွားပါပြီလို့ မြွက်ဟကြေငြာတာမျိုး၊ ဂျာနယ်တွေကိုဖိတ်ပြီး ရှင်းလင်းပွဲလုပ်တာမျိုး ဆရာမကြားမိသေးပါဘူး။ ဒီတော့ ခွဲစိတ်လိင်ပြောင်းပြီး မိန်းမစစ်စစ်အဖြစ် အသိအမှတ်ပြုခံရတဲ့သူရယ်လို့တော့ ဆရာတို့ဆီမှာ မကြား မိသေးပါဘူး။
နောက်တစ်ခုကလည်း ပြစ်မှုဥပဒေပုဒ်မ ၃၂၆မှာ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုခု ပျက်စီးစေလျှင် ပြစ်မှုမြောက်တယ်လို့ ဆိုပါတယ်။ ဒီတော့ ယောက်ျားအင်္ဂါကြီးကို ဖြတ်တောက်လိုက်ရင် အဲဒီပုဒ်မနဲ့ငြိမလားဆိုပြီး စိုးရိမ်ကြသူတွေရှိပါတယ်။ဒါပေမဲ့ ဒီကိစ္စက အမှုမဖြစ် သေးတော့ စီရင်ချက်ချမှတ်ခံရတာမျိုး မကြားမိသေးပါဘူး။ တဖန် ဒီကိစ္စကို ကင်းလွတ်ခွင့်ပေးတယ်ဆိုပြီး ခွင့်ပြုတဲ့စီရင်ချက်လည်း မကြားမိသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်တဲ့ စီရင်ထုံးလည်း မတွေ့သေးပါဘူး။ ဒါကြောင့် ‘သူများ’ရဲ့ အမေးကိုဖြေရန် လောလောဆယ်မှာ အဖြေမရှိသေးပါဘူး။
ဥပမာ ဆီးချိုရောဂါကြောင့် ခြေထောက်ပုပ်လာရင် ခြေထောက်ကို ဖြတ်ပစ်တဲ့ဆရာကို ကိုယ်အင်္ဂါချို့တဲ့စေမှု ပုဒ်မ ၃၂၆နဲ့ အပြစ်မယူပါဘူး။ ဒါပေမယ့် ယောက်ျားအင်္ဂါကြီးကို ဖြတ်တာကျတော့ ဘယ်လိုလုပ်ကြမလဲဆိုတာ ဥပဒေပညာရှင်တွေ အချေအတင် ဆွေးနွေးရမယ့်ကိစ္စ ဖြစ်နေဆဲပါ သူများရေ။ ဒီတော့ ယောက်ျားအင်္ဂါကြီးကိုဖြတ်ဖို့ သူများကကြောက်နေရင် အဲဒီကြောက်စိတ်ဟာ မမှားပါဘူး။
တစ်ဖန် ပုဒ်မ ၃၇၇အရ လိင်တူဆက်ဆံပြန်ရင်လည်း အပြစ်ရှိတယ်။ လိင်တူမဟုတ်တော့ဘဲ မိန်းမစစ်စစ်ဖြစ်သွားအောင် ခွဲစိတ်လိင်ပြောင်းရင်လည်း အပြစ်ရှိ မရှိ မသေချာတော့ အခက်ကြုံနေကြတဲ့ သူများတို့ရဲ့ဘဝကို ဆရာ စာနာပါတယ်။ ဒါပေမယ့် သူများရေ အဲဒီပုဒ်မ ၃၇၇တို့၊ ၃၂၆တို့ဆိုတာ ပြစ်မှုပုဒ်မတွေဖြစ်ပြီး ယခင်က ရာဇသတ်ကြီးဥပဒေလို့ခေါ်ခဲ့ပါတယ်။ အဲဒီဥပဒေကို အင်္ဂလိပ်အစိုးရ ပြဋ္ဌာန်းခဲ့တာပါ။ သူများတို့အနေနဲ့ အင်္ဂလိပ်အစိုးရကို စိတ်နာမယ်ဆိုရင်တော့ မိမိတိုင်းပြည်ကို ကျွန်ပြုခဲ့လို့ စိတ်နာချင်နာပါ။ ရာဇသတ်ကြီးဥပဒေအတွက်တော့ စိတ်မနာပါနဲ့ဦးလို့ ဆရာပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီဥပဒေကို ပြဋ္ဌာန်းခဲ့တဲ့ အင်္ဂလိပ်ကိုလိုနီခေတ်တုန်းက ခွဲစိတ်လိင်ပြောင်းတဲ့ အတတ်ပညာ မပေါ်ခဲ့သေးပါဘူး။ ဒါကြောင့် အင်္ဂလိပ်ဥပဒေ ရေးဆွဲသူတွေဟာ သူများတို့ မိန်းမလျာတွေကို လိင်ပြောင်းခွင့်ပိတ်ရန် ရည်ရွယ်ရေးဆွဲထားတာမဟုတ်တာတော့ သေချာပါတယ်။
တစ်ချိန်တုန်းက အများက မိန်းမလျာတွေကို ယောက်ျားစစ်စစ်စိတ်ပြန်ပေါက်လာဦးမယ်လို့ မျှော်လင့်ခဲ့ကြဖူးတယ်။ ဆရာ့ရဲ့ မိတ်ဆွေ တစ်ဦးဆိုရင် သူ့ရဲ့သားက မိန်းမလျာစိတ်ပေါက်တော့ လုံချည်ကို ရင်လျားဝတ်လို့ ခါးပတ်နဲ့ချွတ်ရိုက်ဖူးတယ်။ သူ့သားငယ်ငယ်က မိခင်က သနပ်ခါး ခဏ ခဏလူးပေးလို့ မိန်းမဘဝကို အားကျတာ၊ ဒါဟာပြင်လို့ရတယ်လို့ ထင်ခဲ့တယ်။
ယခင်တုန်းက ယောက်ျားတွေ မိန်းမစိတ်ပေါက်တာကို မူမမှန်ခြင်း (Abnormal) လို့ယူဆခဲ့ကြတယ်။ (Abnormal) ဆိုရင်တော့ ပြုပြင်ဖို့ ကြိုးစားရတော့မှာပေါ့။ ဒါပေမယ့် နောက်ပိုင်းမှာ ဆရာက ဂျာနယ်တစ်စောင်မှာ တွေ့ရတာကတော့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မိန်းမလျာတွေကို မူမမှန်ခြင်းစာရင်းက ပယ်ဖျက်ပြီး သာမန်လူ၊ မူမှန်လူ (Normal) အဖြစ် အသိအမှတ်ပြုလိုက်တယ်။ (Normal) ဆိုရင်တော့ မူမမှန်စိတ်ရောဂါ မဟုတ်တော့ဘူး။ဒါဟာ သဘာဝပဲ။သည်တော့ ယောက်ျားစိတ်ပြန်ပေါက်အောင် ဆေးကုစရာမလိုတော့ဘူးပေါ့။
ဒီနေရာမှာ လိင်နဲ့ဆိုင်တဲ့ နိုင်ငံရေး Sex Related Politics ကိစ္စက ဆွေးနွေးရတော့မယ်။ မိန်းမလျာကို အထင်မသေးတဲ့ ထိုင်းနိုင်ငံလို နိုင်ငံမျိုးမှာ မိန်းမလျာတွေက မိမိကိုယ်ကို မိန်းမလျာအဖြစ် ကြေညာခြင်း (Declare) လုပ်လို့ မိန်းမလျာဦးရေများလာတယ်။ USA သုတေသနစာရင်းတစ်ခုအရ သူတို့ဆီမှာ မိန်းမလျာလူဦးရေဟာ ယောက်ျားထုရဲ့ ၆ရာခိုင်နှုန်းရှိပါတယ်။ ယောက်ျားလျာဦးရေလည်း နည်းမှာမဟုတ်ဘူး။ ဆိုကြပါစို့ မိန်းမလျာနဲ့ ယောက်ျားလျာဦးရေကတော့ လူဦးရေရဲ့ ၆ရာခိုင်နှုန်းလောက် ရှိနေနိုင်ပါတယ်။
တစ်ဖန် နိုင်ငံရေးစနစ်အကြောင်း နည်းနည်းရှင်းပြရရင် ဘာသာတရားကို အခြေပြုအုပ်ချုပ်တဲစနစ်ကို သီယိုကရေစီလို့ ခေါ်ပါတယ်။
အာဏာရှင်ကို အခြေပြုအုပ်ချုပ်တာကို အော်တိုကရေစီလို့ ခေါ်ပါတယ်။ လူထုကိုအခြေပြုပြီး အုပ်ချုပ်တဲ့စနစ်ကို ဒီမိုကရေစီလို့ ခေါ်ပါတယ်။ အနောက်ဥရောပနိုင်ငံတွေက ဒီမိုကရေစီ ဘိုးအေကြီးတွေဆိုတော့ ပြည်သူ့အသံကိုနားစွင့်ရမယ်တို့၊ လူ့အခွင့်အရေး (Human Right)တို့ စတဲ့စကားသံတွေဟာ ဒီမိုကရေစီသက်တမ်းနုတဲ့ နိုင်ငံတွေနဲ့စာရင် ပိုမိုကျယ်လောင်ပါတယ်။ ဒီတော့ လူထုအခြေပြု ပြည်သူ့အသံကို နားစွင့်တော့ လူဦးရေရဲ့ ၆ရာခိုင်နှုန်းရှိတဲ့ မိန်းမလျာနဲ့ ယောက်ျားလျာတို့ရဲ့အသံနဲ့ ဆန္ဒရှင်တွေကို တော်တော်အလေးထားရပါတယ်။ သူတို့က မဲဆန္ဒရှင်တွေရဲ့ ၆ရာခိုင်နှုန်းရှိတယ်လေ။ အနောက်ဥရောပပါတီစုံရွေးကောက်ပွဲတွေမှာ တစ်ခါတရံ ပါတီတစ်ခုက ၁ရာခိုင်နှုန်း၊ ၂ရာခိုင်နှုန်းသော မဲဆန္ဒနဲ့ ပွတ်ကာသီကာနိုင်ပြီး အစိုးရဖွဲ့တာမျိုးရှိပါတယ်။ ဒီတော့ ၆ရာခိုင်နှုန်း သော မဲဆန္ဒရှင်တွေကို အစိုးရကိုယ်တိုင် လေးစားရပါပြီ။ ဒါကြောင့်လည်း အစိုးရက လိင်တူချင်း လက်ထပ်ခွင့်ဥပဒေကို ပြဋ္ဌာန်းတာလား လို့ ဆရာတွေးမိတယ်။ ဒီအတွေးဟာ ဆရာ့ရဲ့ ပုဂ္ဂလိက ယူဆချက်ပါ။ မှန်ချင်လည်းမှန်မယ်၊ မှားချင်လည်း မှားပါမယ်။ တခြားအကြောင်း..ဥပမာ မိန်းမလျာတွေကို ကိုယ်ချင်းစာမှု၊ သူတို့ရဲ့အခွင့်အရေးကို လေးစာမှု စတဲ့အကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် အရှေ့တိုင်းနိုင်ငံတွေမှာ မိန်းမလျာတွေကို လိင်တူချင်းလက်ထပ်ခွင့်ပေးသင့်တယ်လို့တော့ ဆရာမပြောလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆရာပြောထားသလိုပါပဲ။ ဆရာဟာ အစိုးရရဲ့ မူဝါဒရေးရာ အကြံပေးမှမဟုတ်တာ။
ဆရာက ဥပမာတွေကိုရေးပြပြီး ဘယ်လိုလုပ်သင့်လဲဆိုတာ အများကစဉ်းစားနိုင်အောင် ဉာဏ်ကိုစေ့ဆော်ပေးတာသာ ဖြစ်ပါတယ်။ အရှေ့တိုင်းမှာတော့ အနောက်တိုင်းနဲ့မတူတဲ့ ယဉ်ကျေးမှုတွေရှိလို့ အနောက်တိုင်းဥပဒေနဲ့မတူနိုင်တာတွေ အများကြီးရှိနိုင်ပါတယ်။ ဒါဆိုရင် အရှေ့တိုင်းတွေမှာ အနောက်တိုင်းတွေလို ပိုမိုဖြေလျော့တဲ့ဥပဒေ ပြဋ္ဌာန်းရေးအတွက် နှောင့်နှေးမှုရှိကြတဲ့အကြောင်းကို သူများ သဘောပေါက်မယ်ထင်ပါတယ်။
နောက်တစ်ခုကတော့ “သူများ ဘာဆက်လုပ်ရမလဲ၊ တောင်မရောက် မြောက်မရောက်ဘဝနဲ့ သူများတို့ဘဝတွေ ဒီလိုပဲ အချိန်ကုန်ဆုံး ရတော့မှာလား ဆရာ” ဆိုတဲ့ မေးခွန်းကတော့ နက်နဲသိမ်မွေ့လွန်းလှပါတယ်ကွယ်။
“ ကဲ…သူများရေ၊ ဘယ်သူသိတာမှတ်လို့ လိင်တူချင်းပဲ ဆက်ဆံလိုက်ပါတော့” ဆိုတဲ့ အဖြေမျိုးကိုတော့ ဥပဒေနဲ့ဆန့်ကျင်ပြီး ဆရာက မဖြေလိုဘူး။ မြှောက်ထိုးပင့်ကော် မလုပ်လိုပါဘူး။
ဒါပေမယ့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၇အရ လိင်တူဆက်ဆံရင်လည်းအပြစ်ရှိ၊ လိင်ကွဲဖြစ်အောင် ခွဲစိတ်ပြောင်းတော့လည်း ပုဒ်မ ၃၂၆ ကို ကြောက်ရအောင် ပြဋ္ဌာန်းတုန်းက ခွဲစိတ်လိင်ပြောင်းတဲ့ ဆေးပညာမတိုးတက်သေးပါဘူး။ ခုတော့ ခွဲစိတ်လိင်ပြောင်းနိုင်ပြီဆိုတော့ တနေ့နေ့ တစ်ချိန်ချိန်မှာ ဒီကိစ္စ၊ ဒီဥပဒေတွေကို ဥပဒေပညာရှင်တွေက ပြန်လည်သုံးသပ်နိုင်ပါတယ်။
သည်နေရာမှာ ကြုံကြိုက်လို့ သတင်းတစ်ခုကို ဖောက်သည်ချလိုပါတယ်။ ၁၃ - ၁၀ - ၂၀၁၃ ပြည်မြန်မာနေ့စဉ်သတင်းစာကို ဖတ်လိုက် ရတဲ့အခါ စာမျက်နှာ ၃၂မှာပါတဲ့သတင်းကတော့ ဘရာဇီးနိုင်ငံမှာ အခြောက်တွေကို အလှမယ်ရွေးပွဲ ကျင်းပပေးတယ်။ အဲဒီမှာ ပထမရ တဲ့သူကို ထိုင်းနိုင်ငံသို့သွား၍ ခွဲစိတ်လိင်ပြောင်းရန် ဆန္ဒရှိက ထိုသို့ဆောင်ရွက်နိုင်အောင် အထောက်အကူရရန် ပေါင်လေးထောင် ဆုငွေချီးမြှင့်မှာဖြစ်ပါတယ်။ ကာယကံရှင်က ကြိုက်သလိုသုံးနိုင်ပါတယ်။ ဘရာဇီးဥပဒေက ခွဲစိတ်လိင်ပြောင်းတာ ခွင့်မပြုထားလို့ ထိုင်းကိုသွားပြီး လိင်ပြောင်းရမှာဖြစ်ပါတယ်။
အဲဒီသတင်းကို ဖတ်ပြီးတော့ သူများတို့ရဲ့ ဘေးကြပ်နံကြပ် အကြပ်အတည်းတစ်ခုကို ဆရာ သတိထားမိသွားပါတယ်။ လိင်တူချင်း လိင်ဆက်ဆံတာကိုလည်း ခွင့်မပြုဘူး။ လိင်ကွဲသွားအောင် ခွဲစိတ်လိင်ပြောင်းတော့လည်း ခွင့်မပြုဘူး။ ဒါဆိုရင် အဲဒီနှစ်ခုစလုံးကို လုပ်ခွင့် မရှိရင် အခြောက်တွေဟာ ယောက်ျားစစ်စစ်ပြန်လုပ်ဖို့ပဲရှိတော့တယ်။ အဲဒီလိုဆိုပြန်တော့လည်း WHO က အခြောက်တွေကို Normal (ပုံမှန်)လူသားလို့ သတ်မှတ်လို့ ယောက်ျားစစ်စစ်ဖြစ်လာအောင် လုပ်ရန် လက်လျှော့လိုက်သလို ဖြစ်သွားပါပြီ။ ဒီတော့ သူများတို့ ရဲ့ဘဝဟာ အတားအဆီးတွေကြားမှာ မွန်းကြပ်နေတာ သတိထားစာနာမိပါတယ်။
ဒီကိစ္စကို ဖြေရှင်းနည်းကတော့ ဆရာ ဒေါက်တာထွန်းဝင်း တစ်ဦးတည်းရဲ့ အကြံဉာဏ်နဲ့ မလုံလောက်တော့ပါဘူး။ နိုင်ငံတော်ရဲ့ ထိပ်တန်းဆေးပညာရှင်ကြီးများ၊ ဥပဒေပညာရှင်ကြီးများ၊ ဥပဒေပြုလွှတ်တော် ကိုယ်စားလှယ်ကြီးများ စုပေါင်းဆွေးနွေး အဖြေရှာရမယ့် ကိစ္စတစ်ခုဖြစ်တယ်လို့ ဆရာမြင်ပါတယ်။
ဒါကြောင့် သူများကို အကြံပြုချင်တာကတော့ သူများရဲ့ ဘေးကြပ်နံကြပ်ဖြစ်နေတဲ့ အခက်အခဲကို သူများတို့ရဲ့ သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်ကြီးများထံမှ တင်ပြသင့်ပါတယ်။ ပါတီစုံဒီမိုကရေစီခေတ်မှာ လွှတ်တော်ကိုယ်စားလှယ်ကြီးများ ပြည်သူတွေရဲ့ အခက်အခဲ တွေ နားထောင်ပြီး လိုက်လံဖြေရှင်းပေးတဲ့ အလေ့အထရှိပါတယ်။ ဒီမိုကရေစီအသီးအပွင့်ကို သူများတို့လည်း ခံစားနိုင်ကြပါစေရယ်လို့ ဆုတောင်းလိုက်ပါတယ်။
ဒေါက်တာ ထွန်းဝင်း
*** ဒေါက်တာ ထွန်းဝင်း၏ ‘လိင်နှင့် ကျား မဆိုင်ရာ နိုင်ငံရေး (Sex and Gender Politics)’ စာအုပ်မှ ကူးယူဖော်ပြပါသည်။
No comments:
Post a Comment