''HIV ပိုးဆိုတာက လူကနေ လူကို တိုက်ရိုက်ကူးတာ များတယ်''
◾️ဒေါက်တာသူရိန်လှိုင်ဝင်း (ကျန်းမာရေးအသိပညာမျှဝေသူ) နှင့် ဆက်သွယ်မေးမြန်းခြင်း
အမျိုးသမီးများ အလှအပပြုပြင်မှုဆိုင်ရာ Nail Salon များမှတစ်ဆင့် HIV ရောဂါပိုး ကူးစက်မှုရှိသည့်အကြောင်းနှင့်ပတ်သက်ပြီး လတ်တလောတွင် လူအများ စိုးရိမ်ပူပန်မှုရှိနေကြသည်။ အမျိုးသမီးများအနေဖြင့် အလှအပပြုပြင်ရာမှ HIV ရောဂါပိုးမကူးစက်အောင် မည်သို့ သတိပြုသင့်ပုံ၊ HIV ပိုး ကူးစက်နိုင်သော အချက်များနှင့် ရောဂါပိုးရှိ၊ မရှိအား ကိုယ်တိုင် စစ်သင့်၊ မစစ်သင့်တို့ကို ဒေါက်တာသူရိန်လှိုင်ဝင်း(ကျန်းမာရေးအသိပညာမျှဝေသူ)နှင့် ဆက်သွယ်မေးမြန်းဖော်ပြလိုက်ပါသည်-
မေး - အမျိုးသမီးများအတွက် အလှအပဆိုင်ရာ ပြုပြင်တဲ့နေရာမျိုး အလှပြင်ဆိုင်တွေမှတစ်ဆင့် HIV ပိုးရောဂါကူးစက်မှုမျိုး ခံရနိုင်ပါသလား။
ဖြေ - အမျိုးသမီးတွေ အလှပြုပြင်တဲ့နေရာကနေ HIV ကူးစက်ခံရမှုရှိနိုင်သလားဆိုရင် ကျွန်တော်တို့ ဆေးပညာအရ ၁၀၀ ရာခိုင်နှုန်း ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး။ ဖြစ်နိုင်ခြေနည်းတယ်လို့ပဲ ပြောလို့ရမယ်။ HIV ပိုးဆိုတာက လူကနေ လူကို တိုက်ရိုက်ကူးတာများတယ်။ ရောဂါပိုးက ခန္ဓာကိုယ်ရဲ့ပြင်ပမှာ အကြာကြီးအသက်မရှင်နိုင်ဘူး။ လူကနေ လူကိုပဲ ကူးစက်ပြီး သွားတယ်။ ထားပါတော့၊ တကယ်လို့ လက်သည်းညှပ်ကနေနောက်လူကို ကူးနိုင်မလားဆိုရင်တော့ လက်သည်းညှပ်ပြီး ချက်ချင်းသွေးလည်းထွက်သွားတယ်။ နောက်လူမှာလည်း အနာရှိတယ်ဆိုရင် ဒီလိုမျိုးဆိုရင်တော့ ကူးနိုင်ခြေရှိတယ်။ ဖြစ်နိုင်ခြေကတော့ အရမ်းနည်းပါးပါတယ်။
ခြုံပြီးပြောရရင် အလှပြင်ဆိုင်ကနေတစ်ဆင့် HIV ပိုးကူးစက်ခံရတယ်ဆိုတာက တော်တော်ကြီးရှားပါတယ်။ ဟိုးအရင်ခေတ်တုန်းကသာ ဓားသုံးပြီးတော့ ခေါင်းရိတ်တာတို့၊ ဘာတို့ကို တစ်ယောက်ပြီးတစ်ယောက် သုံးတဲ့အချိန်မှာ ကူးတာမျိုး ဖြစ်နိုင်ပါတယ်။ အခုအချိန်မှာတော့ ဒါက တော်တော်ကို ရှားပါတယ်။
မေး - HIV ရောဂါပိုးဟာ ဘယ်လိုအခြေအနေမျိုးတွေမှာ မကူးစက်နိုင်ဘူးဆိုတာလည်း ပြောပြပေးပါဦး ဆရာ။
ဖြေ - HIV က ဘယ်လိုမျိုးဆိုရင် မကူးစက်ဘူးလဲဆိုတော့ ရောဂါပိုးရှိတဲ့သွေးရယ်၊ သုက်ရည်ရယ်၊ နို့ရည်ကနေ ကူးစက်နိုင်တာများတယ်။ HIV က လိင်ဆက်ဆံတာကနေ သုက်ရည်ကတစ်ဆင့် ကူးစက်တယ်။ ရောဂါပိုးရှိတဲ့ သွေးသွင်းတာမျိုး၊ သွေးကနေတစ်ဆင့် ထိရတာတွေ၊ လိင်ဆက်ဆံတဲ့အခါ မိန်းမကိုယ်ကနေထွက်တဲ့ အရည်ကနေပြီးတော့ HIV က ကူးစက်ပါတယ်။ ကျန်တဲ့ နည်းလမ်းနဲ့တော့ မကူးစက်ပါဘူး။ အသားချင်းထိလို့ HIV ပိုးမကူးစက်နိုင်ဘူး။ သွားရည်၊ မျက်ရည်၊ ချွေးတို့ကြောင့် မကူးစက်နိုင်ဘူး။ နောက်တစ်ခုက ပစ္စည်းကိရိယာတွေကနေ ကူးစက်ဖို့ကလည်း HIV ပိုးက အကြာကြီးမနေနိုင်ဘူး။ ပစ္စည်းကိရိယာကနေ ကူးစက်ဖို့ကလည်း တိုက်ရိုက်မဟုတ်ရင် ရှားတယ်။
မေး - အွန်လိုင်းမှာ အမျိုးသမီးလက်သည်း ၊ ခြေသည်း အလှပြင်ဆိုင်မှတစ်ဆင့် ရောဂါပိုးကူးစက်ခံရတယ်ဆိုတဲ့အပေါ်မှာ စိုးရိမ်ပူပန်မှုတွေရှိနေကြလို့ ဒီအပေါ်မှာလည်းဒေါက်တာ့ရဲ့အမြင်ကို ပြောပြပေးပါဦး။
ဖြေ - အွန်လိုင်းမှာ သတင်းတက်နေတဲ့အပေါ် ပြောပြရရင် ဖြစ်နိုင်တာက ရောဂါကူးစက်မှုက နေရာတိုင်း ဖြစ်နိုင်တယ်။ ဥပမာဆိုကြပါစို့။ လူတစ်ယောက်က အပြင်ထွက်လိုက်တာနဲ့ လမ်းပေါ်မှာ လမ်းလျှောက်ရင် ကားတိုက်ခံရနိုင်တာပဲလေ။ ဖြစ်နိုင်ခြေကတော့ ရှိနေတာပဲ။ အလှပြင်ဆိုင်သွားရင် ရောဂါပိုးကူးစက်နိုင်တာလည်း ရှိတာတော့ ရှိတယ်။ ဒါပေမဲ့ ဖြစ်မယ်လို့ မပြောဘူး။ ဖြစ်တော့ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဖြစ်နိုင်ခြေ အရမ်းနည်းပါတယ်။
လက်သည်း၊ ခြေသည်းလို အများအလှပြုပြင်တဲ့နေရာမျိုး လှီးတာ၊ ဖြတ်တာတွေ သုံးတာတွေ၊ သွေးထွက်တတ်တာတွေက တခြားသူနဲ့ မျှပြီးမသုံးတာ အကောင်းဆုံးပါပဲ။ ဒါမှမဟုတ်လည်း ကိုယ့်မှာရှိတဲ့ ပစ္စည်းတွေ၊ လက်သည်းညှပ်တွေ ယူသွားပေါ့။ HIV ကတော့ လက်သည်းညှပ်ကနေ ကူးစက်နိုင်ခြေအရမ်းနည်းပါတယ်။
တကယ်နာမည်ကြီးတဲ့ဆိုင်တွေမှာ လုပ်ပေါ့။ ပစ္စည်းတွေကို ပိုးသတ်ထားတာမျိုး အဆင့်ဆင့် သန့်ရှင်းအောင်ထားတဲ့ ဆိုင်မျိုးမှာ လုပ်ရင်တော့ စိုးရိမ်မှုကိုလျှော့ချနိုင်တယ်။ စိုးရိမ်စရာဆိုရင်တော့ ရောဂါကူးစက်တဲ့ကိစ္စတွေက အများကြီးပဲလေ။ အကုန်လိုက်စိုးရိမ်နေလို့တော့ ဘယ်အဆင်ပြေမလဲ။
မေး - ခေတ်မီနည်းပညာတွေ ထွန်းကားလာတဲ့နောက်ပိုင်းမှာ HIV ပိုး ရှိ၊ မရှိဆိုတာဟာ ကိုယ်တိုင်စစ်ဆေးနိုင်ပြီလို့ သိရတဲ့အတွက် ကိုယ်တိုင်စစ်ဆေးသင့်ပါသလား၊ ကျန်းမာရေးဆရာဝန်ရဲ့ အကြံပြုချက်ရော လိုအပ်ပါသလား။
ဖြေ - HIV ပိုးရှိတာကို ကိုယ်တိုင်စစ်လို့လည်းရပါတယ်။ လွယ်တော့ လွယ်ပါတယ်။ ကိုဗစ်စစ်သလိုပဲ သွေးကိုအနည်းငယ်ယူပြီး Test Kit နဲ့ စစ်လိုက်တာပါပဲ။ ကိုယ်တိုင်စစ်လို့ရတာတော့ရတယ်။ ဒီအတိုင်းမဖြစ်မနေ ကိုယ့်ဘာသာကိုယ် လျှောက်စစ်နေစရာမလိုဘူး။ ကိုယ်တိုင်စစ်ဆေးတာကိုတော့ ကျွန်တော်က အားမပေးဘူး။ ဘာလို့လဲဆို အဖြေဖတ်တာတွေ၊ လုပ်ပုံလုပ်နည်းတွေမှားပြီးတော့ ရလဒ်တွေမှားတာမျိုးလည်း ဖြစ်နိုင်တယ်။ မသင်္ကာလို့ စစ်ချင်တယ်ဆိုရင် ဓာတ်ခွဲခန်းမှာစစ်၊ ဆရာဝန်ရဲ့ ညွှန်ကြားမှုနဲ့ စစ်သင့်တယ်လို့ ပြောချင်ပါတယ်။
မေး - ကိုယ့်မှာ ပိုးရှိသွားပြီဆိုရင် ဘာတွေဆက်လုပ်ဖို့ လိုအပ်နိုင်ပါသလဲ။ အကြံပြုပြောကြားပေးပါ ဒေါက်တာ။
ဖြေ - HIV ပိုးက အခုနောက်ပိုင်း လူ့သက်တမ်းစေ့ နေလို့ရသွားတဲ့ရောဂါမျိုးဖြစ်သွားပြီ။ ဆေးသောက်ပြီးတော့ တခြားသူကိုတောင် ပြန်ပြီးမကူးစက်နိုင်တဲ့ အခြေအနေမျိုးအထိ နေနိုင်တာမျိုးတွေရှိပါတယ်။ ပိုးရှိရင်တောင် ဘာတွေဆက်လုပ်ဖို့လိုလဲဆိုရင် ဆေးပေးဝေတဲ့ အဖွဲ့အစည်းတွေ၊ NGဥ အဖဲ့Gအစည်း တေ၊ွ ခုခံနဲ့ ကာလသားရောဂါထိန်းချုပ်ရေးစင်တာတွေလည်း ရှိတော့ နာမည်စာရင်း ပေးပြီး ဆေးသောက်စရာရှိတာတွေကို အခမဲ့ပေးတာမျိုးဖြစ်ဖြစ်၊ ဈေးသက်သက်သာသာနဲ့ ဝယ်လို့ရအောင် လုပ်ပေးတာမျိုးဖြစ်ဖြစ် ရှိပါတယ်။
မေး - အမှန်တော့ ရောဂါပိုးမကူးစက်ရင်တော့ လူတိုင်းအတွက် အကောင်းဆုံးဖြစ်တာမို့ HIV ပိုးမကူးစက်နိုင်အောင် ရှောင်ရန်၊ ဆောင်ရန်တွေကိုလည်း ဖြည့်စွက်ပြောကြားပေးပါဦး။
HIV ပိုးမကူးစက်အောင်ဆိုရင် ဘယ်လိုလုပ်ရမလဲဆို သူက သုက်၊ သွေး၊ နို့ရည်ကနေပဲ ကူးတယ်။ သွေးသွင်းတာတွေကနေတော့ အခုနောက်ပိုင်း မကူးစက်နိုင်လောက်တော့ဘူး။ ဆေးရုံတွေမှာလည်း သွေးသွင်းတဲ့အခါ သေချာစစ်ဆေးတယ်။ တခြား ဘယ်နေရာကနေကူးသလဲဆိုရင် သွေးကနေ ကူးနိုင်သေးတယ်။ ဆေးထိုးအပ်ကို အတူတူသုံးတာမျိုးပေါ့။ မူးယစ်ဆေးတစ်ခုခုသုံးတဲ့အခါ အကြောထဲကိုထိုးဖို့ အပ်တစ်ချောင်းတည်း အတူတူသုံးတာဆိုရင် သွေးကနေတစ်ဆင့် ကူးစက်နိုင်တယ်။
နောက်တစ်ခုက သုက်ရည်ပေါ့။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံတဲ့အခါ ကူးစက်နိုင်တယ်။ ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် အကာအကွယ်မပါဘဲ လိင်ဆက်ဆံတဲ့အခါ ရောဂါပိုးကူးစက်နိုင်တယ်။ ပြီးတော့ ကလေးနို့တိုက်ရင်းနဲ့လည်း နို့ရည်ကနေ ကလေးကို ကူးစက်နိုင်တယ်။ အဲဒီလိုမဖြစ်အောင် တက်တူးထိုးတာတွေ၊ သွေးသွင်းတာတွေ၊ ဆေးထိုးတာတွေမှာ တစ်ခါသုံးအပ်တွေကိုပဲ အသုံးပြုရမယ်။ အကာအကွယ်မပါဘဲ လိင်မဆက်ဆံရဘူး။
နို့ရည်ကနေ ကူးစက်တာကျတော့ ကလေးကို ရောဂါမကူးအောင် အမေက ကြိုဆေးသောက်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တခြားသော နည်းလမ်းတွေကို သက်ဆိုင်ရာ OG တွေက ညွှန်ကြားပြောပြပါလိမ့်မယ်။
မေးမြန်း - နိုင်စု
No comments:
Post a Comment