Wednesday, December 25, 2024

စစ်သွေး (သို့မဟုတ်) အော်ဖာ

 


(ဇာတ်သိမ်း)

ရေးသားသူ - အောင်စိုး

•×•×•×•×•×•×•×•×•×•×•×•×•×•×

ရွှေတချောင်းလမ်း ပြည်မြို့
မနက် ၇နာရီခွဲ

" ကို မျက်နှာလည်း ထူးခြားနေသလိုပဲ နေမကောင်း ဘူးလားဗျ"

မနက်စာ မုန့်ဟင်းခါး အတူစားနေစဥ် တွင် သာမန်ထက်နည်းနည်းလေး ပုံစံပျက်နေသော စစ်သွေး ကို နေလင်းက မေးလိုက်ခြင်း ဖြစ်ပါသည်။

" ညီ့ ကို ကိုယ်ပြောစရာ ရှိတယ် ညီ  ညီစိတ်ဆိုးမှာလဲ ကြောက်တယ်"

စစ်သွေး အသံက လေးတွဲ့တွဲ့ မျက်လွှာကိုချထားသည်။

" ဘာများလဲ ကို ရယ် ရင်ပူလိုက်တာဗျာ"

စစ်သွေးဆီမှ မမျှော်လင့်တဲ့စကားကြားရ ၍ နေလင်း စိုးရိမ်ထိတ်လန့်သွားသည်။

" သမီး ကိစ္စပါညီ သမီးကိုသတိရတာရယ် နောက်ပြီး သမီး ကို ကိုယ့်လို မျိုး မဖြစ်စေချင်တာရယ်ကြောင့် ရှေ့အပတ်ထဲ ကို ရန်ကုန် ပြန်မလို့ပါ ..အဲ့ဒါ"

" အာ ကို ကလည်းလေ ဒါများဗျာ ရပါတယ်ဗျ ကို့ သမီး ဟာ ကျွန်တော့် သမီး ပါ  ကို ပြောတာ အရမ်းမှန်ပါတယ် ပြန်ရမှာပေါ့ ကိုရာ"

တခွန်းခြင်း တိုးတိုး ညင်သာစွာပြောနေသော စစ်သွေး ရဲ့စကားမဆုံးခင် နေလင်း သွက်လက်စွာ ဝင်ပြောလိုက်သည်။

ဒါပြောဖို့ ကို ကို က ဘာလို့ ခုလိုဖြစ်နေရတာလဲ....
ငါ စိတ်ဆိုးးမှာကြောက်လို့လား... 
နားလည်ပေးထားတာပဲ ..ကိုရာ...

" ဒါကလည်း တချက်ပါညီ နောက်တချက် က ကျွန်တော်တွေးမိတာပါ ..မိန်းမတွေဟာ လင်သား ရဲ့ ကြင်နာယုယ မှု ဂရုစိုက်မှုကို မရခဲ့ရင် တခြား သာယာမှုကို ရှာဖွေသွားတတ်ကြတယ်တဲ့ ...အကယ်၍ များ ကို နဲ့ သန္တာစိုးဆက်ဆံရေး အရမ်းကြီး အေး စက်ပြတ်တောက်လု ဖြစ်ခဲ့ရင် သန္တာစိုး ကျတော့်ကို ကွာခွင့်တောင်းပြီး နောက် အိမ်ထောင်ပြုမှာကို ကျတော်အရမ်း ကြောက်နေတယ်ညီ ကျွန်တော်ဟာ ညီရဲ့ လင်ယောင်္ကျား ဖြစ်နေပါပြီ ..ဒါ ကို တို့နှစ်ယောက်ပဲ သိတဲ့ကိစ္စပါ...ဒါပေမယ့် သန္တာစိုး က ကွာပြီးနောက်အိမ်ထောင်များပြုလိုက်ရင် ကျွန်တော့် သမီးလေး ပထွေး နဲ့နေရတော့မယ် အဲ့ဒါတွေ အဖြစ်မခံနိုင်ဘူး ညီ... ဒါ..ကြောင့်..သူ့..ကို..သူ့ကို ကျတော် အတုတွေ ပေးရတော့မယ် ...သူ့ ကို ယုယကြင်နာ ရတော့မယ်...အရင်က ညီ့မျက်နှာလေး မြင်ယောင်တိုင်း သန္တာစိုး နဲ့အတူနေဖို့ အ​ပြစ်ကြီး တစ်ခုလိုခံစားခဲ့ရတယ် ဒါပေမယ့် ညီရယ်..အခုတော့...ကျွန်တော်...
ကျွန်တော်"

စစ်သွေး အသံတွေ တုန်လာသည်။ မျက် ရည်တွေလည်း ဝဲလာသည်။ သူ့ကို တစ်ကမ္ဘာမှတ်ထင်ပြီး အားလုံးကို စွန့်လွှတ် ကာ သူနဲ့ ဘဝ တစ်ခု တည်ဆောက်ဖို့ သံန္နိဌာန်ချထားတဲ့ သူကို အခုလိုမျိုး ပြောရတာဟာ နေလင်းအပေါ် သံရည်ပူတွေလောင်း ချ နေမိသလိုခံစားရသည်။ သို့ သော်လည်း သူ ဘယ်လိုမှ မတတ်နိုင်၍ ပြောရခြင်း ဖြစ်ပါတော့သည်။

" ကို ပြောတာ မှန်ပါတယ်ဗျာ ကျတော် နားလည်ပါတယ် ကျတော်ဟာ ကို့ အ တွက်သာ ထာဝရ ရှည်သန်မယ့် သူ ပါ  ကို့နှလုံးသားမှာကျွန်တော်ရှိနေရင်ကျွန်တော့် အတွက်ပြည့်စုံပါပြီ ကျန်တာ ကို ဘယ်သူ နဲ့ပဲနေနေ ကျွန်တော် နားလည်ပေးနိုင်ပါတယ် ဗျာ ...ကို မသန္တာကို ကြင်နာယုယပေးပါ.. သမီး အတွက်သာမကပဲ ကိုယ့်ရဲ့ ဇနီးမယားတယောက်အဖြစ်ပါ ကို ပေါင်း သင်းပါ ကျွန်တော့်ရင်ထဲ ထာဝရမပြောင်း လဲပါဘူးဗျာ တစ်ခု ပဲ ကျတော့်ကိုတောင်းဆိုခွင့်ပြုပါ"

" ပြောပါညီ"

နေလင်း စကားမစမီ စစ်သွေး မေးစေ့ကိုလက်ဖြင့်အသာအယာပင့်တင် လိုက်သည်။ စစ်သွေး ရဲ့ အရောင်မဲ့နေတဲ့ မျက် လုံးများကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။ စစ်သွေး၏ထောင့်ကျသော မေးရိုး နှင့် နူးညံ့သောပါးပြင်တို့ကို လက်ဖြင့် အ သာအယာ ပွတ်ရင်း....

" ချစ်တယ် ဆိုတဲ့စကား ကိုတော့ ကျွန် တော် က လွဲရင် နောက်ဘယ်သူကိုမှ မပြောဖို့ပါပဲကိုရာ ဒါလေးကိုတော့ ကျွန် တော် လောဘကြီးပါရစေ"

စစ်သွေး နေလင်းရဲ့လက်ကို တင်းတင်းဆုတ်ကိုင်လိုက်သည်။ ထို့နောက် တည် ငြိမ်လေးနက်သော အသံဖြင့်

" ကျွန်တော် အချစ်တွေဟာ ညီ့တယောက် တည်းအတွက် ထာဝရပေးအပ်ထားတာကြာခဲ့ပါ့ပြီ အတိတ်ကလုပ်ရပ်တွေအတွက် သာ ကျတော်ပြန်ပေးဆပ်နေတာပါ ...ကျတော် ညီ့ကို သိပ်ချစ်တယ်...သိပ်ကို ချစ်ပါတယ် ညီရယ်"

ပြောရင်း စစ်သွေး နေလင်း လက်ဖဝါးကို မြှောက်ကိုင်ကာ တရှိုက်ရှိုက်မက်မက်နမ်းရှိုက်လိုက်ပါတော့သည်။ သူ့မျက်လုံးများမှ မျက်ရည်တွေက စီးကျနေသည်။

***
ရန်ကုန်ဗဟိုရ်စည် အထူးကုဆေးခန်း

" သားရဲ့ ဓာတ်မှန်အရတော့ TB ဖြစ်နေတဲ့ လက္ခဏာ နဲ့ TBကြောင့် အဆုတ်မှာ cavity ခေါ် အနာဖြစ်နေတာကို တွေ့နေရတယ် ဒါကြောင့် သား TB ဆေး သောက်ရမယ် အ နည်းဆုံး ၆လ သောက်ရမယ် သား နောက် နှစ်ပတ်နေ ပြန်ကြည့်တာပေါ့ သားက ဘာလုပ်တာလဲ"

"သား နိုင်ငံခြားသွားဖို့ ကျောင်းတက်နေတာပါ ဆရာမကြီး"

" အိမ်ထောင် ရှိလား သား"

" မရှိပါဘူး ဆရာမကြီး "

" ကောင်းပါပြီ သား အခုဆေး ကို ပျက်ရက်မရှိ မနက်အစားမစားခင် ၃လုံးသောက်ပါ ဆေးသောက်ပြီးတနာ ရီနေမှ အစားစားပါ သလိပ်ပိုးတွေ့ TB ဆိုတော့ မိသား စုနဲ့သီးခြားနေပါ သီးသန့်အသုံး အ ဆောင်သုံးပါ "

" ဟုတ်ကဲ့ပါ ဆရာမကြီး"

ထွဋ်ကိုကိုကျော် ရင်ဘတ်ထဲကအောင့်လာ၍ မခံနိုင် နောက်ဆုံးတော့ ဆေးခန်းပြလိုက်တော့သည်။ မိဘတွေစိတ်ပူမည်စိုး၍ ဘာမှတော့ မပြောဖြစ်။ အခု ဓာတ်မှန် ရိုက် သလိပ်စစ်တော့လည်း ပိုးတွေ့ TB ဖြစ်နေသည်။ ဘယ်တတ်နိုင်ပါ့မလဲ။ ဖြစ်သမျှအကြောင်း အကောင်းပဲပေါ့။

ငါ့နှယ် ငါ့လောက်အသန့်ကြိုက်...
လမ်းဘေးစာရှောင် သီးသန့်နေတတ်တဲ့သူ....
အများသုံး အိမ်သာ တောင် မသွားတဲ့သူက...
ဘယ်လိုလုပ် TB ဖြစ်နေရတာလဲ...
တော်သေးတာပေါ့ ဟိုရောဂါ မဟုတ်လို့.....

သူလေးတွဲ့တွဲ့ နဲ့ဆေးကောင်တာ မှလှည့်အထွက် ခပ် သွက်သွက်လှမ်းလာသော မိန်းမတယောက်နှင့် ဝင်တိုက်မလိုဖြစ် သည်။ သူမော့အကြည့်

ဟင် သူ ဥမ္မာသိန်းပဲ ဟုတ်တယ်.....

" အဟွတ် အဟွတ် နင်..နင်.. ဥမ္မာသိန်းမဟုတ်လား နင် ဒီကို ဘယ်လိုရောက် လာတာလဲ ငါ ထွဋ်ကိုကိုကျော်လေ"

mask တပ်ထား၍ ဥမ္မာသိန်း ထွဋ်ကိုကိုကျော် ကိုမမှတ်မိပါ။ ကွဲကွာနေသည်မှာလည်း ကြာနေပြီလေ။ နေလင်း နှင့် ဆုံတော့ မေးဖြစ်ပေမယ့် နေလင်းကလည်းရေရေ ရာရာမပြောပြပါ။

" နင်က... နင်က ငထွဋ် ကိုး ငါ့အဖွားလာပြတာဟဲ့ နင်ရော နေမကောင်းဘူးလားဖြူဖတိဖြူလျော်နဲ့"

" အေးဟ ဖျားနေလို့ ရော့ ဒါ ငါ့ လိပ်စာကဒ်လေ နင့် ဖုန်းလည်းပေးဥိး အဟမ်းဟမ်း အဟွတ်ဟွတ်"

ငထွဋ် ကား စကားများများ ပြော၍မဖြစ်သည့်အတွက် ခပ်မြန်မြန်ဖြတ်ကာ ပြန်ဖို့ ပြင်သည် ဥမ္မာသိန်းကလည်း  နေလင်းကို ကတိခံထား၍  နေလင်းအကြောင်း လေ သံပင်မဟပါ။ သူငယ်ချင်း ဟောင်းနှစ်ယောက် တွေ့ ဆုံမှုက ခပ်မြန်မြန်ပင်ပြီးသွားခဲ့သည်။ ရောဂါအခြေအနေအရ
ငထွဋ်စကားများများမပြောဖြစ်သည်ကို ဥမ္မာသိန်းအထင်လွဲမလားလို့ စိုးရိမ်မနေအားပါ။

မတတ်နိုင်ဘူးလေ... ငါဘယ်သူနဲ့မှ မပြောချင်တာ...

" သွားမယ် နောက်မှဆုံတာပေါ့"

" အေး ငထွဋ် သူငယ်ချင်း ဆုံမယ်"

ငထွဋ်  ဖုန်းနံပါတ်ရေးထားသောစာရွက်ကိုပိုက် ကားပေါ်တက်ကာ ခပ်မြန်မြန်မောင်းထွက်လာသည်။ သူအာ ရုံထဲ ဥမ္မာသိန်းလဲမရှိ ...ဘာမှလဲမမြင်....သူအရက်သောက်ချင်သည်။ တကိုယ်တည်း ဖြစ်နေ သည်ကိုဖြေ ဖျောက်ဖို့ ဖြစ်သည်။

အတူတူအဖော်ခေါ် သောက်ကြဖို့ကလည်း TBရောဂါသည်မိူ့ သူမခေါ်ချင်ပါ။ သို့သော် မနက်ဆေးသောက်ရဦးမည်။ အ ရက်သောက်လို့လည်း မဖြစ်ပါ။ ဆရာမကြီးက သူ့ဝမ်းထဲရှိရောဂါကို အမည်တပ် ကာ ကုသပေးလိုက်သော်လည်း သူ့ ရဲ့စိတ် ကျဝေဒ နာကို တော့ ဆရာမကြီးလည်း ကုနိုင်မယ် လို့သူမထင်မိ...

ကားကိုပြည်လမ်း အတိုင်း မြို့ပြင်ဘက်ဦးတည်မောင်းလိုက်သည်။ ထောက်ကြံ့ မြိုု့အလွန် လယ်ကွင်းတွေ ဘေးက ထုံး သင်္ကန်းကပ်ထားသော ဘုရားလေးတစ်ဆူ ကို သူတွေ့ရသည်။

လူနေလေးပါး ကင်းရှင်းနေသည်။

သူ ကားကိုရပ်ရင်း စေတီတော် ဝနိးထဲသို့လှမ်းဝင်လိုက်သည်။ ဆည်းလည်းသံ လေးများက သူ့စိတ်ကိုကြည်နူးစေသည်။

စေတီတော်ကို ဦးခိုက်ဖူးမြော်ပြီး စေတီဘေးရှိ ဇရပ်ကလေး ပေါ်တွင် ခဏ ထိုင်နားဖို့ သူစိတ်ကူးမိသည်။

" အနံ့တွေက ဆိုးလိုက်တာ..."

ဇရပ်တွင်းသို့ ဝင်မည်အပြု ဆိုးရွားလှသော အနံ့အ သက်ကြောင့် ဘေးဘီကိုအကြည့် ဇရပ် လှေကားရဲဲ့အပြင်ဘေးဘက်တွင် အသားညိုညို ခပ်ပိန်ပိန် နှင့် လူတယောက်လှဲနေသည်။ ထိုလူကြီးကား အ သက်၆၀ ခန့်ရှိမည်။ လွန်စွာညစ်ထေးလှသော အဖြူရောင် ရှပ်အကျီ လက်နှီးစုပ်ကပင်အဘခေါ်ရလောက်အောင် ညစ်ပတ် အရောင်အဆင်းမရှိသော ပုဆိုးကို ဒူးအထိသာဝတ်ဆင် ထားသည်။ တကယ်တော့ ဝတ်ထားသည်ဆိုခြင်းထက်ခြုံထားသည်လို့ ပြောရင်ပိုမှန်ပေလိမ့်မည်။ 

သူ့ခြေထောက်တို့တွင် အသားနီရဲရဲ အနာများ အဖုအပိတ်များက ပြည့်လျက် ယင်များ က လည်းတဝဲဝဲ ...

ထိုစဉ်

" နေလင်း... နေလင်း ထ ထ ထမင်းစားမယ်"

နေလင်းလို့ခေါ်လိုက်သံကြောင့် ငထွဋ်ရုတ်တရက် အံ့သြသွားသည်။ ဘယ်ကရောက်လာမှန်းမသိသော အသက်အရွယ်ကြီးကြီး ဘုန်းကြီးတစ်ပါး က သံထည် ထ မင်းပန်းကန်ကို ကိုင်ကာ ထိုလူကြီးရဲ့ ရှေ့တွင်ထဲချလိုက်သည်။ ထိုလူကြီးက မျက်လုံးဖွင့်ကြည့်ပြီး

" မစား ချင်....မစားချင်"

စကားထစ်အထစ်အဖြင့်ပြောလိုက်သည်။

" စားပါ စားနိုင်သလောက်  ဒီနားမှပဲ အိပ်မနေနဲ့လေ အအေးမိမှာပေါ့ အင်း ဒုက္ခ ဒုက္ခ  ဒီလိုဖြစ်လာမယ်လို့ဘယ်သူက ထင်ထားမှာလဲ လေ"

ထွဋ်ကိုကိုကျော် ရင်ထဲလှပ်ခနဲ ဖြစ်သွားကာ သနားက ရုဏာ ဖြစ်မိသွားသည်။သူ့အနွေးထည် အိပ်ကပ်ထဲက စမ်းမိ သော ၃ ထောင်ကို ထုတ်ကာ ဘုန်းတော်ကြီးအိုကြီးနား သွားခဲ့သည်။

" အရှင်ဘုရား တပည့်တော် သူ့အတွက်လှူပါရစေဘုရား"

" ဟေ  အေးအေး ဒကာလေး သာဓုပါကွယ် သာဓု သာဓု နေလင်း ဒီမှာမင်းအ တွက် လာလှူနေတယ်ကွ မင်းမထနိုင်ရင်လည်းစိတ်ထဲက မေတ္တာပို့ပေးလိုက်နော် ညနေ ဖိုးချောလာရင် ဆေးရုံမှာပြပေးမယ် မင်းနေမကောင်းရင် "

ထိူ သူကြီး မျက်လုံးတို့ပွင့်လာသည်။ ရုတ် တရက် ထထိုင် သည်။ ငထွဋ်ကို ကြောင်ငေးကြည့်နေသည်။ ထို့နောက် ဟက်ဟက် ပက်ပက်ပြုံးပြလျက်....

" သာဓု...ကျေးဇူး...ကျေးဇူး...နေကောင်း..
ပါ..စေ"

အခုကျတော့လည်း ...ထို လူကြီးပုံကား ဝမ်းသာကျေနပ်နေသည့်အလားပင် ...

" ကဲ မင်း ထစားနိုင်ရင်စား ခြေတဖက်မသန်ဘဲ အရမ်းလျှောက်သွားမနေနဲ့ဦး"

" သူက တချိန်က တောသူဌေးသားတစ်ယောက်ပေါ့ ဒကာလေး မိနိးမတွေ ယူ လောင်းကစားတွေလောင်း စိတ်ကြိုက်သုံးဖြုန်း နေခဲ့တာလေ ခုတော့ အိမ်မီး လောင် မိန်းမက နောက်လင်ယူ ပစ္စည်းတွေယူပြီး ထွက်သွား လူကလည်းလေတခြမ်းဖြတ် ထားပြီး တချက်တချက် အသိလွတ်လွတ်သွားတယ် အင်း အတိတ်ကံတွေပေါ့ကွယ် ဒါပေမယ့် တော်ရုံတန်ရုံ ဆိုသူ့ကြည့်ရင် ပြုံးရွှင်နေတာပဲ ဒီလိုအနာတွေမဖြစ်ခင်ကဆို ရွာထဲတောက်တိုမယ် ရလုပ်ရှာတယ် တခါမှ မညည်းဖူးဘူး"

ထိုလူကြီး ကို ကြည့်ရင်း ထွဋ်ကိုကိုကျော် အသိတစ်ခုဝင်လာသည်။

ဪ ငါက TB ဖြစ်ရုံ ငါအထီးကျန်ရင်
ဖွင့်ဖော်မရှိရုံနဲ့တောင် လောကကြီးကို အရှုံးပေးချင်နေတာ လောကကြီးမှာ ငါ့ထက်ဆိုးသူတွေ ရှိပါလား .....

" နေလင်း မင်းကျန်းမာရမှာ မင်းနိုင်သ လောက်ကုသိုလ်တွေပြုရမှာ ညနေကျ ဆေးခန်းဖြစ်ဖြစ်သွား ညကျနေကောင်းရင် တရားလေးဘာလေးမှတ် ကြားလား ဇရပ်ထောင့်မှာတက်နေပါ မင်းနေကောင်းရင် အလုပ်တွေအများကြီး"

" ဘာမှမဖြစ်...နေကောင်း...မသွားချင်....
ဒေါင်ဒေါင်မြည်"

ထိုလူကြီးကို တတွတ်တွတ်ပြောနေသော ဆရာတော်ကြီးကို ခပ်လှမ်းလှမ်းမှ သာ ကန်တော့ရင်း ငထွဋ်စေတီဝန်းမှပြန်ထွက်လာခဲ့သည်။

ဟုတ်တယ်..ငါ လည်းကျန်းမာရမယ်...
ငါကိုယ်ငါ အထီးကျန်တယ်လို့မမြင်ဘဲ...
စိတ်တည်ငြိမ်အောင်ကြိုးစားရမယ်..
ဟုတ်တယ်..
ငါ ဘဝပျက်တာမဟုတ်ဘူး....
ငါ ရှေ့မှာ လှပတဲ့အနာဂတ်ဆိုတာအမြဲရှိတယ်...
ငါ့စိတ်ကိုလွှတိချပြီး လုပ်ချင်ရာလုပ်လို့
မရဘူး..
ငါ..ထင်ရာစ်ုင်းရင် ငါ့ရောဂါက ပိုဆိုးလာမှာပဲ..
ဘုရား..ဘုရား ဒီလူကြီးနဲ့စာရင်
ငါခံစားရတာကဘာမှ မဟုတ်ပါလား....
သူတောင် ငါ့ကိုပြုံးပြနိုင်သေးတာပဲ
သူတောင် ဘဝကို အရှုံးမပေးသေးတာပဲလေ....

ရန်ကုန်အပြန်လမ်းမှာတော့ သူ့စိတ်တို့က အသွားကနဲ့ အများကြီး ကွာခြားသွားခဲ့သည်။

သူ လူတွေနဲ့ ခွဲနေကာ သူ့စိတ်ကို သူကုစားဖို့ဆုံးဖြတ်လိုက်သည်။

****
နေ့လည်၃နာရီ ပြည်မြို့

" ကို..ကျွန်တော် ပြန်သွားရဦးမယ် မသွားခင် ကို့ လက်မှတ်ကို စာချုပ်အလွတ်မှာထိုးပေး ညကျနားတယ် မသွားရဘူး"

" ဗျာ...ဘာလုပ်ဖို့လဲ ညီရ စာချုပ်က"

" ကို့ ကို သိမ်းမလို့ဗျ အချစ်တွေနဲ့ ကဲပါ ထိုး ရော့ ရော့"

ကြောင်အမ်းအမ်းနှင့် စစ်သွေး လက်မှတ် ထိုးလိုက်သည်။

***
ပြည်မြို့နဝင်းရပ်
ရှေ့နေကြီး ဦးအုန်းမြင့်အိမ်

" ကျွန်တော် နေလင်းပါ ကျတော်ရောက်ပါပြီဗျ"

" သြော် အေး ထိုင်ပါသား"

" ကျွန်တော် ဥမ္မာသိန်းပြောပြလို့ အန်ကယ့်ဆီ လာခဲ့တာပါ အန်ကယ်လည်း ဥမ္မာသိန်းပြောပြလို့ သိပြီးဖြစ်မယ်ထင်ပါတယ်ဗျ"

" ဟုတ်ပါတယ်သား သူပြောထားပါတယ် အန်ကယ့်ကို"

" ကိစ္စ ကတော့ အန်ကယ်ရယ် ကျွန်တော်ရဲ့ ပိုင်ဆိုင်မှု အဝဝ ကို ကျတော်ပြောမယ့်လူ အမည်နဲ့ လွှဲပြောင်းပေးဖို့ပါဗျ"

နေလင်း ဆုံးဖြတ်ပြီးသားအရာတစ်ခုကို အကောင်အထည်ဖော်လိုက်ခြင်းဖြစ်ပါ သည်။ သူရင်တွေခုန်နေ သည်။ ဘာပဲဖြစ် ဖြစ် အကယ်၍များ ငါတခုခု ဖြစ်ပြီးမရှိတော့ရင်တောင်  ပညာဥစ္စာ ချို့တဲ့ ရှာတဲ့ ကို အခက်အခဲမဖြစ်စေရဘူး။

အရာရာကို စနစ်တကျ plan ဆွဲကာ လျှို့ ဝှက် လုပ်ထားသော သူ့စိတ်အရ အခုကိစ္စကိုလည်း ဘယ်သူ့ကိုမှအသိမပေးဘဲ လုပ် ဆောင်ခဲ့ခြင်းဖြစ်တော့သည်။

**
ညနေ ၄နာရီခွဲ

" ဟာ မလိုင် တွေ တောလက်ဖက်တွေ အ ရုပ်တွေ အင်းမလုံခြည်တွေပါလား ကိုရ ပြန်မလို့ကြိုစုနေတာလား ကျွန်တော်ဝယ်ပေးလိုက်မှာပေါ့ဗျာ"

" အားနေလို့ပါညီရ စျေးခဏသွားပြီးဝယ်လိုက်တာ အံဆွဲထဲက ညီ့ပိုက်ဆံ ၅ထောင်ယူသွားလိုက်တယ်နော်"

" အမလေး ကိုရယ် ကျတော်ပိုက်ဆံဟာ ကို့ ပိုက်ဆံပဲဗျာ ကဲပါ ထထ ကျတော် ရွှေတောင် ခေါက်ဆွဲဝယ်လာတယ်ဗျ အ တူတူစားရအောင်ဗျ"

အစစအရာရာ ထောင့်စေအောင် စီစဥ်တတ်သောနေလင်းရဲ့သီအိုရမ်ဟာ အောင် မြင်တယ်လို့ သူကိုယ့်သူ ထင်မှတ်နေ သည်။ သူလည်းစစ်သွေးနဲ့အတူနေနိုင်ပြီ။ စစ်သွေးတို့ လင်မယားလည်းမကွဲရ စစ်သွေးရဲ့ကလေးလည်း မိတကွဲ ဖတကွဲ မဖြစ် နယ်မှာလည်းသိက္ခာရှိရှိ ရပ်နိုင်သည်ဟု သူယူဆနေသည်။

သို့သော်ရန်ကုန်တွင် ဖြစ်နေသောအဖြစ် အပျက်တို့ကိုကား သူမသိရှိသေးပေ.....
****
ည ၁၂နာရီ

စစ်သွေး အိပ်မောကျနေသည်။ နေလင်းကတော့ အိပ်မရသေး အနာဂတ်တွင်ဖြစ် လာမည့် သူတို့ဆိုင်လေးရယ် သူ့အလုပ်ရယ် နှင့် သူတို့နှစ်ယောက် ဘဝတွေအ တွက် ကြည်နူးနေသည်။ ထိုစဥ်

" သမီး မသွားနဲ့ သန္တာ မခေါ်ပါနဲ့ကွာ သန္တာ သမီးကိုမခေါ်ပါနဲ့"

အသံကြောင့် စစ်သွေးဖက် လှည့်ကြည့်တော့ မျက်လုံးမှိတ်ထားကာ ပါးစပ်က ပလုံးပထွေးရွတ်သံကိုသူကြားရတော့ သည်။

ခုနက ခံစားချက်တို့အားလုံး ကြက် ပျောက် ငှက်ပျောက် ပျောက်ကုန်သည်။

အင်းလေ သူ့သမီးလေးကို သူသိပ်ချစ်တာ သဘာဝပဲလေ...
ဒါဟာသူ့အ​ပြစ်မှ မဟုတ်တာပဲ ...
ငါ..သူ့ကိုချစ်နေခွင့်ရနေတာဟာပဲ ကျေနပ်စရာကြည်နူးစရာပဲ...သူ့သမီးဟာ ငါ့သမီးပါပဲ.....

**
မနက် ၆နာရီခွဲ

" နိုးပြီလား ကိုရ ညက ကို ဘာ အိမ်မက်တွေ မက်လဲဗျ"

မနက်နိုးနိုးခြင်းနေလင်းကမေးလိုက်၍ စစ်သွေးကြောင် သွားသည်။

" ဟုတ်တယ် မက်တယ် ညက ကိုယ်တို့နှစ်ယောက်လျှောက်လည်ကြတာ"

" ဟုတ်ပါပြီဗျာ ကဲကို ညီ သွားနှင့်ပြီဗျ ၇ နာရီ ဝင်ရမှာ အာဘွား ကို "

" အင်းညီ အာဘွား ပြွတ် သွားလေ သွား"

စစ်သွေး စိတ်ထဲတစ်ခုခု ရှိနေသည် ဟုနေလင်းခံစားမိသော်လည်း ဘာမှမပြော ပဲ အပြုံးမြမြဖြင့်သာ ဆိုင်ကယ်စီးလျက်ထွက်သွားပါတော့သည်။

*
မနက်၈နာရီ

" ဟယ်လို သန္တာစိုးနဲ့ ပြောချင်လို့ ခေါ်ပေးလို့ရမလားဗျ"

" ခဏစောင့်နော် စစ်သွေး"

စစ်သွေး သမီးကို ထူးထူးခြားခြားသတိရနေသည်။ တခုခုဖြစ်နေပြီလားဟုလည်းတွေးနေမိသည်။ ထို့ကြောင့်နေမထိထိုင် မသာဖြစ်ကာ ဖုန်းဆက်လိုက်ခြင်းဖြစ် သည်။

ခဏအကြာ

" ဟယ်လို စစ်သွေး ငါပါ အေးအေးမော်"

" ဟင် အမ သန္တာကောဟင် အမ သမီးနေမကောင်းလို့လား"

" စစ်သွေး ငါတို့ နင်နဲ့ရှင်းစရာရှိလို့ ရန်ကုန်ကိုအမြန်ဆုံးလာခဲ့ပါအရေးကြီးတယ် ဖုန်းနဲ့ပြောလို့မရဘူး ဒါပဲ"

" ဗျာ"

တဘက်က ဖုန်းချသွားခဲ့သည်။ စစ်သွေး ရင်ထဲဗလောင်ဆူနေသည်။ အဖြစ်မှန်ကိုလည်းအလွန်သိချင်နေသည်။ ဘာလုပ်ရမှန်းလည်းမသိတော့...

***
ည၇နာရီ ရွှေတချောင်းလမ်းအိမ်

" ဟာ ကို အခွေပဲထွက်ငှားသလားမသိဘူး တံခါးကြီးပိတ်ထားတယ်"

အိမ်တံခါးပိတ် မီးတွေပါပိတ် မိန်းချထား ၍ နေလင်းစိတ်တွေပူလာသည်။ သူ့တွင်ရှိသော သော့အပိုဖြင့်အိမ်ထဲဝင်ရင်း မီးတွေဖွင့်လိုက်သည်။

တစ်အိမ်လုံး ​ဘယ်သူမှမရှိပါ။ အိပ်ခန်းထဲဝင်လိုက်တော့ လည်း မနေ့က စစ်သွေးဝယ်ထားသော လက်ဆောင်အထုတ်တွေမရှိပါ။

" ဟင် စာတစောင်ပါလား"

အိပ်ခန်း စားပွဲပေါ်တွင် စာလေးတစောင်ကိုသူတွေ့ရသည်။

" ညီ ကို ဘယ်လိုမှမဖြစ်လို့ ရန်ကုန်ပြန် သွားတယ် အကြောင်းကြားမယ် ဂရုစိုက် ပါ...........  စစ်သွေး"

•×•×•×•×•×•×•×•×•×•×•×•×•×•×

စစ်သွေးရေးထားသော စာကိုဖတ်အပြီး နေလင်း လက်တွေ တဆတ်ဆတ်တုန်နေသည်။

သူ့ရင်ထဲ ပြင်းထန်သော မုန်တိုင်း တစ်ခု ရုတ်တရက်တိုက်ခတ်လာသည်။ ဝေ့သီ လာသောမျက်ရည်တို့ကို လက်နဲ့ ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်သည်။

ကို ..တကယ်သွားပြီလားဗျာ ... 
မဟုတ်ဘူး...မဟုတ်ဘူး ....
ကို ပြန်ကိုလာမှာ...
ကို က ငါ့ကိုသိပ်ချစ်တာ...
သူ ဘာလို့ ...
ရုတ်တရက်ထွက်သွားတာပါလိမ့်....
မသန္တာ ဖုန်းဆက်ပြီးခေါ်လို့လား....
ငါ မသန္တာဆီ ဖုန်းဆက်ကြည့်မရလား...
မဖြစ်ဘူး အခု ဆက်လို့လဲ..
ငါ...ငါ...အခြေအနေ ကိုစောင့်ကြည့်မှ...ဘုရား..ဘုရား....
ဆိုးဆိုးဝါးဝါးတွေမဖြစ်ပါစေနဲ့.......

နေလင်း equibilirium ( မျှချေ အနေအ ထား=နှစ်ဖက်စလုံးအတွက် မနစ်နာစေ သော အခြေအနေတရပ်)ကို သူ့အသိုင်း အဝိုင်း တစ်ခုလုံးကိုစွန့်ပစ်လျက်တည် ဆောက်ခဲ့သည်။ သူ့အမြင် သန္တာစိုးလည်း မရိပ်မိသလို ကွာရှင်းပေးရန်လည်းမလို သမီးအတွက်လည်း ဖခင်မေတ္တာက ရရှိနေပြီ။ ဖခင်နဲ့တွေ့ဆုံခွင့် အမြဲရှိနေမည်။

သူလည်း စစ်သွေးနဲ့ နှစ်ယောက်တစ်အိမ်မက် မက်နိုင်မည်ဟု ယုံကြည်ထား သည်။

သို့သော် အခုတော့ ထိုအခြေအနေကပျက်ယွင်းခဲ့ချေပြီလား .......နေလင်း ရင်တစ်ခုလုံးတင်းကြပ်လာသည်။

လူအများရှေ့တွင် အကယ်ဒမီရ မင်းသားတယောက်ပမာ သရုပ်ဆောင်ကောင်းသော်လည်း တယောက်တည်း ရှိနေချိန်တွင်တော့ သူ့ခံစားချက်အမှန်တို့ပွင့်ထွက်လာသည်။ စစ်သွေး အိပ်ခဲ့သောခေါင်းအုံးလေးကိုပိုက်ရင်း တစ်ယောက်တည်း ဟူ သောအသိကြောင့် အားငယ်စိတ် ဝမ်း နည်းစိတ်တို့ဝင်လာကာ ရှိုက်ကြီးတငင် ငိုချလိုက်ပါတော့သည်။

" ကတိပေး ၁. ကို့ ကို ညီ ဘယ်တော့မှမခွဲရဘူး၂. အားနည်းချက်တွေလိုအပ်ချက်တွေ အများကြီး ရှိတဲ့ ကို့အတိတ်ကို ညီ နားလည်ပေးနိုင်ရမယ်"

" ဟောဗျာ ကျတော်က ကို့ကို ဘာလို့ခွဲရမှာလဲဗျ နောက် ပြီး ကို့အတိတိက ဘာတွေ ဖြစ်ခဲ့ဖြစ်ခဲ့ ကျတော်စိတ်မဝင်စား ဘူး ဗျ ကဲ ပြောပါတော့ကိုရာ ကြားချင်လှပြီဗျ"

" ချစ်ပါတယ်ဗျာ ချစ်ပါတယ်ဗျ"

တချိန်ကစစ်သွေးပြောခဲ့သော စကားတွေက နားထဲပြန် ကြားယောင်လာသည်။ စစ်သွေးနဲ့အတူရှိခဲ့သောပုံရိပ်တို့က မျက်စိထဲ မြင်ယောင်၍လာလေတော့သည်။

တနယ်တကျေးမို့ ဥမ္မာသိန်းကလွဲလို့ မိတ် ဆွေရင်းခြာ မရှိပါ။ ဥမ္မာသိန်းကလည်းသူတို့အကြောင်းကို အသေအချာဘာမှသိသူ မဟုတ်၍ အခုမှ ရင်ဖွင့်ပြောပြဖို့ကိုလည်းသူမလုပ်လို......

သူ့ ခေါင်းထဲ ဖွားမြကို သတိရသွားသည်။ အရင်က သူ့တခုခုစိတ်သောက ဖြစ်တိုင်း ဖွားမြကို ရင်ဖွင့်တိုင်ပင်နေကြဖြစ်သည်။

" ဖွားမြရေ သားအဖြစ်ကိုမြင်လှည့်ပါဗျာ သားလေ သူနဲ့ ဘဝ တစ်ခုကို တည်ထောင်ဖို့ အစစအရာရာ ပြင်ဆင်ခဲ့တာပါဗျာ ခုတော့...ဘွားရေ.."

ညက တဖြည်းဖြည်း အိုမင်းရင့်ရော်လာသည်။ နေလင်း တစ်ညလုံး အိပ်မရပါ။ ဘာပဲဖြစ်ဖြစ်သူနောက်မဆုတ်တော့ပါ။ သူ ရန်ကုန်ပြန်ပြီး သူ့အိမ်ပြန်နေဖို့လည်း လုံးဝစိတ်မကူးပါ။ သို့သော် ဘွားမြကို သူအရမ်းသတိရနေသည်။

မနက်ကျရင် ဘွား မြဆီတော့ မဖြစ်မနေဖုန်းဆက်ဖို့ ဆုံး ဖြတ်ခဲ့ပါသည်။

အကယ်၍ စစ်သွေး က သူ့အိမ်မှသာသူပြန်နေဖို့ဆုံး ဖြတ်လိုက်ပါကလဲ သူ့ရဲ့ အ သည်းအသက်ပေးကာ ချစ်ရသူအလိုကျသာ လိုက်လျောဖို့ သူရင်ကွဲခံဖို့ ပြင်ဆင်ထားရတော့မည် ဖြစ်သည်။ စစ်သွေးဆီ ဖုန်းဆက်လိုသော်လည်း အခြေအနေက ဘာမှန်းမသိ၍ သူမဆက်ရဲပါ။

ထိုညကသူ့အတွက်လောလောလတ်လတ် ဆုံး သွားတဲ့ လူတယောက်ရဲ့ဝိညာဥ်ပမာ ဖြစ်နေခဲ့သည်။ မနက်မိုးလင်းခါနီးမှ အိပ် ပျော်သွားခဲ့သည်။

*
မနက်၇နာရီခွဲ လိပ်ကန်လမ်းအိမ်

" ဟယ်လို ပြောပါ"

" ဘွားမြ သားပါ ဖိုးနေ"

" ဟယ် မြေး ရယ် ကြည့်စမ်း ခုမှ ဘွားဆီ ဆက်တယ် ငါ့မြေးလေး နေကောင်းရဲ့လားကွယ် ဘွားတို့ သတိရနေတာ သားရယ် သားးခုဘယ်မှာရောက်နေလဲကွယ်"

" သား ပြည်မှာပါ ဘွား နေလည်း ကောင်း ပါတယ် ဘွားရယ်"

" သားက ပြည်မှာလား သားအသံကလဲကွယ် နေကောင်းတယ်သာဆိုတယ် တစ် ခုခုဖြစ်နေသလိုပဲ သားရယ် ဘွား သားနဲ့တွေ့ချင်လိုက်တာ သားအမေ ဆို နှလုံးဖောက်လို့ ထိုင်းခဏ ခဏ သွားနေရတယ်သားရယ် သား တစ်ခေါက်လောက်ဘွားဆီ လာခဲ့ပါလား တို့မြေးအဘွား အရင်လို ထမင်းအတူစားကြတာပေါ့....ပေါ့ ....."

ဘွားမြကား စကားပြောရင်း အသံတွေတိမ်ဝင်သွားသည်။ ထို့နောက်မှ အသံကိုထိမ်းကာ ပြန်ပြောလိုက်သည်။

" သား အလည်လာခဲ့ပါမယ်ဘွားရယ် သားအမေ့ကိုလည်းကျန်းမာရေးဂရုစိုက်ဖို့ပြောပေးပါ  ဒါပေမယ့် သား ...ရွေးထားတဲ့လမ်းကိုတော့ ဘယ်တော့မှပြန်မပြင်တော့ဘူး ဘွား သားနောက်ကြောင်းပြန်မလှည့်တော့ဘူး.ဒီလိုပေါ့ဘွားရယ် လောကကြီးမှာ ပျော်စရာကြည်နူးစရာတွေကြုံရ သလို ဝမ်းနည်းစရာ နာကျင်စရာတွေလဲ ရှိလာမှာပါပဲ သားကြိုးစားရမှာပေါ့ဘွားရယ်.... သား  ဘွားကိုအဝေးကနေပဲ ကန် တော့လိုက်ပါတယ်ဗျ...ဘွားမြ ကျန်းမာပါစေ သားအတွက်အမြဲရှိနေပေးပါဗျာ..."

နေသွေး ပြောရင်းဝမ်းနည်းလာသဖြင့်အ သံတို့တိမ်ဝင်သွားသည်။ ဟိုတယ်က ဖုန်းနှင့်ပြောသည်မို့ လူရှင်းချိန်ဖြစ်သည်။

အသံကို တတ်နိုင်သမျှ ထိန်းထားသော် လည်း စီးကျလာသောမျက်ရည်တို့က ထိန်းမရခဲ့ပါ။ ဖုန်းချပြီးနောက် ဟိုတယ်သန့်စင်ခန်းထဲသွားပြီးရှိုက်ကြီးတငင်ငိုချလိုက်ပါတော့သည်။

***
နောက်၃ရက်အကြာ

" ဖိုးနေ မနက်ဖြန်ကျ ဆိုင်ဆောက်မယ့် လက်သမား ပန်းရံအဖွဲ့နဲ့တွေ့ရမယ်နောက် ပြီး နင်ရှာနေတဲ့ အကြော်ဆရာနှစ်ယောက် နဲ့အအေးပိုင်းအတွက်တယောက် ငါ စုံ စမ်း ထားတာတွေ ရှိတယ် နင်တွေ့ချင်ရင် ငါတခါတည်းခေါ်လိုက်မယ်"

ဥမ္မာသိန်း အားတက်သရောပြောနေသော် လည်း နေလင်းက စိတ်ဝင်စားဟန်မပြပါ။

" ဟဲ့ ဖိုးနေ ငါပြောတာကြားရဲ့လား"

" ဟင်...ဪ..အေး လောလောဆယ်တော့ ငါဘယ်သူမှမတွေ့ချင်ဘူးဟာ အဓိကဦးဆောင်လုပ်ရမယ့် ကိုစစ်သွေးက ပြန်မလာသေးဘူးလေ"

" ဟဲ့ နင်က ငွေလည်းစိုက် လူလည်းစိုက်တာလေ နင့်ဆိုင်ပေါ့ ဘာလို့စောင့်နေရမလဲ နင့်ဖာသာဆက်လုပ်ပေါ့"

" ငါ..ခုတော့ ဘာမှ မလုပ်သေးဘူး မအားဘူးလေ ငါ့အလုပ်နဲ့က"

" ဖိုးနေ ..နင်ဟာ တခါတလေကျ နားလည်ဖို့အရမ်းခက်တဲ့ လူပဲ နင်ဖာသာ သင်တန်းတက်ပြီး နိုင်ငံခြားသွားလို့ရရဲ့သားနဲ့ ဒီမှာလာပြီး ဇာတ်မြှုတ်နေတယ် ..နောက်ပြီး နင်က သူတပါးကိုလည်း သိပ်ယုံတာပဲဟာနင့်ကို ခင်တဲ့လူတွေကျ ထားခဲ့တယ်နော်"

"........................"

နေလင်း ဘာမှပြန်မပြောပါ။ ငူငူကြီး ထိုင်လျက် သာရှိနေသည်။

" ဒါနဲ့ ..ငါ ထွဋ်ကိုကိုကျော်နဲ့ ဗဟိုရ်စည်မှာ ဆုံဖြစ်တယ် ငါ့အဖွားကိုဆေးပြသွားတာ သူ့ကြည့်ရတာနေမကောင်းဖြစ်နေပုံပဲ ပိန်နေတာပဲ ငါက မမှတ်မိဘူး mask တပ်ထားတာသူက နောက်ပြီး သူ့ကြည့်ရတာစကားလည်းသိပ်ပြောချင်ပုံမရဘူးသူ့ဖုန်းနံပါတ်တော့ ငါ့ကိုပေးသွားတယ်"

" ငထွဋ်..အတော်နေမကောင်းဖြစ်နေသ လား"

နေလင်း ရုတ်တရက် ငထွဋ်အကြောင်း ကြားရ၍ စိတ်လှုပ်ရှားမိသလို စိတ်ပူသွားသည်။ ငထွဋ်က သူ့အပေါ်အနွံအတာခံကာ တစ်ဘက်သတ်ချစ်နေသူ ဖြစ်သည်။
လောလောဆယ် သူ့စိတ်တို့မွန်းကြပ်နေ သည်။ ပြည်မှာလည်းမနေချင်သလို ရန်ကုန်လည်းမပြန်ဟုဆုံးဖြတ်ထားသည်။ ၃ရက်လုံးလုံး စစ်သွေးဆီမှ ဖုန်းတစ် call တောင် မခေါ်ခဲ့ပါ။

သူလည်း စစ်သွေးကိုအချိန်တိုင်းလိုလိုသ တိရနေသည်။ ရွှေတချောင်းလမ်း အိမ်မှာလည်း စစ်သွေးရဲ့အရိပ်တွေက လွှမ်းမိုးနေသည်။

ဖုန်းဆက်ချင်သော်လည်း မကောင်းတဲ့သတင်း တစ်ခုခုကြားရမည်ကိုလည်း ကြောက်နေသည်။

နေလင်းအဖို့ အနာဂတ်ပျောက်သွားသလိုနှယ်  ...

၃ရက်လုံးညဘက်တွေ အလုပ်ချိန်မဟုတ်လျှင် ဝီစကီ သောက်သည်။ ဆိုင်ကယ်ပတ်မောင်းသည်။ နေ့ဘက်တွေဆို ဝန်ချတောင်ဘုရားတွေတစ်ယောက်တည်းထိုင်နေသည်။ တွေးရင်း...ငေးရင်း..ဆွေးရင်းမျက်ရည်တို့က ကျဆင်းလာသည်။

သို့သော် သူစစ်သွေးရဲ့ဆုံးဖြတ်ချက်ကိုသာ နာခံဖို့ ဘယ်အရာကိုမှ ဇွတ်အတင်းလုပ်မယူဖို့သံန္နိဌာန်ချထားသည်။ သူရဲ့ အိမ်မက်ထဲက ချစ်စံအိမ်ကလေးကတော့ ပျောက်သွားပေတော့မည်။

**
ညနေ ၄နာရီ
မင်္ဂလာဂါးဒင်းဟိုတယ် ပြည်မြို့

" ဟူး ဖုန်းလည်းမကိုင်ဘူး ငထွဋ် ဘာများဖြစ်နေလဲ မသိဘူး အင်း နောက်မှပြန်ခေါ်ကြည့်ဦးမယိ"

နေလင်း ငထွဋ်ဆီ ဖုန်းခေါ်သော်လည်း မကိုင်ပါ သူငယ် ချင်းအပေါ်စိုးရိမ်စိတ်တို့က ပို့ပြီးမြင့်တက်လာခဲ့သည်။

ဆေးရုံပဲရောက်နေပြီလား...
ဒါမှမဟုတ် ဖုန်းတောင်မကိုင်နိုင်တော့ဘူးလား... 
သူ့က အဆုတ်ရောင်နေတာပဲလား...
ဒါမှမဟုတ်..ဟိုရောဂါများ..
ဟာ မဖြစ်နိုင်ပါဘူး..သူ..သူကောင်းမှာပါ....

**
ညနေ ၄နာရီ
ဝင်ဒါမီယာအိမ်

" ဟေတု ပစ္စယောတိ
ဟေတေု သမ္ပယုတ္တကာနံဓမ္မာနံ
တံ သမုဌာန နဉ္စရူပါနံ
ဟေတုပစ္စယေနပစ္စယော"

ဝင်ဒါမီယာ ရှိ လူကုံတန် အိမ်ကြီးတစ်အိမ် ၏ အခန်းအတွင်းမှ ပဌာန်း တရားသံ က ပျံ့လွှံ့နေသည်။ အခန်းတွင်းရှိ 21" တီဗီ ပေါ်မှ တရားသံထွက်ပေါ်နေခြင်း ဖြစ် သည်။

အခန်းတွင်း ကုတင်ထက်တွင်တော့ပိန်ပါး ပါး လူငယ်တယောက် ထွက်လေဝင်လေ ကို ကြိုးစားရှုမှတ်နေသည်။ ထွဋ်ကိုကိုကျော် တယောက်တည်းနေရင်း စိတ်ကိုတည်ငြိမ်အောင်ကြိုးစားသည်။

ဆေးသောက်သည်မှာရက်ပိုင်းပဲရှိသေးသည်။ သို့သော် သူ့အမော နှင့်ချောင်းဆိုးက မသက်သာသေး။ ညဘက်တွေဆို မောလို့ ထထ ထိုင်ရတတ်သည်။ သံချေးရောင်သလိပ်တွေကလည်း ပါပါလာတတ်သည်။ သို့သော် သူဘယ်သူ့ကိုမှအသိမပေးဘဲ အခန်းတွင်းတွင်သာနေ ထိုင် သည်။

အိမ်မှလူများနှင့်လည်း Intercom မှတ
ဆင့်သာပြောသည်။ သူစိတ်ကိုတင်းထားသည်။  တရားမှတ်နေရင်း ဖုန်းသံတစ်ခုဝင်လာသည်။ အာရုံက ဖုန်းဆီသို့ရောက်သွားသည် ကြားတယ်ကြားတယ် မှတ်ရင်း အာရုံကိုပြန်စုစည်းလိုက်သည်။

" ရုပ်နာမ်ဓမ္မ     သင်္ခါရတို့
ကိုယ်ကဤပုံ   ဖြစ်လိုတုံလည်း
တဖုံဆင်ကွဲ      သူတနဲဖြင့်
ဖောက်လွဲတတ်စွာ   ဓမ္မတာကို
ပညာစက္ခု         မျှော်ထောက်ရှုလျက်
ယခုပင်လျှင်      မအိုခင်က
ကြိုတင်ကောင်းမှု      ကြိုးစားပြုလော့
ယခုပင်လျှင်      မနာခင်က
ကြိုတင်ကောင်းမှု      ကြိုးစားပြုလော့ယခုပင်လျှင်      မသေခင်က
ကြိုတင်ကောင်းမှု       ကြိုးစားပြုလော့
ရတုချိန်ထောက်     ဤခါရောက်မှ
ချုပ်ပျောက်ခန္ဓာ      သေစိမ့်ငှာဟု
သတ္တဝါခပင်း           ရှင်သေမင်းနှင့်
မိတ်သင်းဖွဲ့လျက်     ချိန်းအချက်လျှင်
တစက်ကမှ              မရှိကြဘူး

'' အပ္ပမာဒေန  ဘိက္ခဝေ  သမ္ပာ‌ဒေထ ''
    
ပဌာန်းတရားတော်ပြီးလို့မင်းကွန်းဆရာ တော်ဘုရားကြီးရဲ့ သံဝေဂ လင်္ကာလေး ကား လောကကြီးရဲ့ ဖြစ်ရပ်တွေကိုသတိပေးနေသည်။

တရားခွေလည်းပြီးဆုံးပြီ ထွဋ်ကိုကိုကျော်လည်း တရားအမှတ်ဖြုတ်ခဲ့ပြီ။

အချိန်ကား ည၇နာရီလောက်ရှိပြီ။ ခုချိန်ဆိုအခန်းပြင်ဘက်ရှိ စားပွဲ တွင်သူ့အ တွက် ထမင်းချိုင့်ရောက်နေပေတော့မည်။ သူထမင်းချိုင့်ကို ထွက်ယူသည်။ အရမ်းမမောသော်လညိး သိပ်ပြင်းပြင်း လှုပ်လို့ကမရပါ။

ထွဋ်ကိုကိုကျော် Protinet အားဆေးကိုသောက်ဖို့ စားပွဲဆီသို့အသွား အကြည့်က စားပွဲပေါ်မှဖုန်းဆီရောက်သွားသည်။

ခုနက missed call ကို ကြည့်လိုက်မိတော့ 053 နဲ့စသော ဖုန်းစိမ်းတစ်လုံး... ဘယ်သူများပါလိမ့်...သိချင်စိတ်တို့ကြောင့်ဖုန်းကိုကောက်ကာခေါ်လိုက်သည်။

" ဟုတ်ကဲ့ပြောပါ မင်္ဂလာဂါးဒင်း ဟိုတယ်ကပါ"

" ခင်ဗျာ ဟုတ် ဒီဖုန်းက ကျတော့်ကိုခေါ်ထားလို့ပါဗျ ဘယ်မြို့ကလဲမသိဘူး အဟွတ်...အဟွတ်"

" ပြည်ကပါ ဗျ ဘယ်အချိန်လောက်ကလဲမသိဘူးဗျ"

" ၄ နာရီလောက်ကပါဗျ ပြည် ကနော် အဟွတိ အဟွတ်အဟမ်းအဟမ်း"

" ဟုတ်ကဲ့ ဧည့်သည် တယောက်ယောက် ဒါမှမဟုတ်နေလင်း ခေါ်တာလားမသိဘူး"

" ခင်ဗျာ နေလင်း...နေလင်း ဆိုတာက"

" နေလင်းက ဟိုတယ်ရဲ့ဧည့်ကြိုပါ အခု duty ချိန်ပြီးလို့ပြန်သွားပါပြီ မနက်ဖြန် ညနေ မှသူ့ dutyပါမေးထားပေးပါ့မယ်"

" သူက အသားဖြူဖြူ အရပ်ရှည်ရှည် ခပ်သွယ်သွယ် နဲ့ လားဗျ ရန်ကုန်ဇာတိလား"

" ဟုတ်ပါတယ်ဗျ အလုပ်ဝင်တာမကြာသေးပါဘူးခင် ဗျာ"

" ဟုတ်ကဲ့ကျေးဇူး..ကျေးဇူး ပါဗျ အဟွတ် ဟွတ်"

ဖိုးနေ...ဖိုးနေ ငါ့ဆီဆက်တာပါလား သူ့က ပြည်မှာတဲ့ ဖိုးနေရယ် တွေ့ချင်လိုက်တာကွာ မင်းကတော့ပျော်နေမှာပေါ့လေ.......

ထွဋ်ကိုကိုကျော်0မျက်လုံးထဲ အရင်စစ်သွေးနဲ့မဆုံခင် သူတို့သူငယ်ချင်းနှစ်ယောက်သွားလာ စားသောက်ခဲ့ပုံများကိူမြင်ယောင်ပြီး မျက်ရည်များစီးကျလာပါတော့သည်။ ဘယ်လောက်ပဲတရားတွေမှတ် တရားတွေနာနေသော် လည်း ဖိုးနေကို မေ့ဖို့က လက်တွေ့တော့မဖြစ်နိုင်သေး ပါ။

*
မနက် ၉နာရီ

" အမေ သား ပြည်သွားမလို့ ဖိုးနေဆီ"

" ဟဲ့ သူက ပြည်မှာလား သားဆီ ဖုန်းဆက်တာလား  မင်းကအခုဆေးသောက်နေရတုန်းလေ သက်သာမှသွားပါလား "

" ရတယ်အမေ သား တည အိပ်လောက်ပါပဲ ဦးစောကိုခေါ်သွားမယ်အမေ"

" အေးပါ သားရယ် တယောက်တည်းဆိုတော့ အမေစိတ်ပူလို့ပါ"

သားအမိနှစ်ယောက် intercom မှ တဆင့်ပြောနေခြင်းဖြစ်ပါသည်။ ထွဋ်ကိုကိုကျော် တစ်ည လုံးအိပ်မရပါ။ မောတာရော စိတ်လှုပ်ရှားတာရော ကြောင့်ဖြစ်ပါသည်။ သူ့စိတ်ထဲ ဖိုးနေကို အရမ်းတွေ့ချင်နေသည်။ သို့သော် စစ်သွေး ရှိနေ၍လည်းသွားရမှာနောက်တွန့်နေသည်။

သို့သော် မျက်နှာလေးမြင်ရ ရုံလောက် စကားပြောရုံလောက်ဆိုလျှင်တောင် သူကျေနပ်နိုင်မည်ဖြစ်၍ သွားဖို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

နေ့လည်၁၂ နာရီခန့်တွင်သူတို့စထွက်ခွာ သည်။ mask ကိုတပ်ပြီး ကားနောက်ခန်းမှာထိုင်၍ တိတ်ဆိတ်စွာသူလိုက်ပါခဲ့သည်။

**
ညနေ ၆နာရီခွဲ
မင်္ဂလာဂါးဒင်းဟိုတယ်

" မနေ့က မင်းဖုန်းဆက်သေးလား "

" အေး သူငယ်ချင်းဆီခေါ်သေးတယ်"

" ဟုတ်လား သူပြန်ခေါ်သေးတယ် မင်း ပြန်သွားတော့"

" ဟုတ်လား..မင်းက ငါခေါ်တယ်လို့ပြောလိုက်လို့လား"

" အေး ထင်တယ်လို့တော့ပြောမိတယ် သူက မင်းကိုသေချာမေးနေတာ"

" ဪ "

နေလင်း ခေတ္တငြိမ်ကျသွားသည်။ ခုလိုဆိုတော့ ငထွဋ်သူနေတဲ့နေရာကို သိသွားပြီပေါ့....

ထိုစဉ်

" သား ဖိုးနေလား ကိုထွဋ်က အခုသားနဲ့တွေ့ဖို့ရောက်နေတယ် ကားပေါ်မှာ သား သူက သိပ်နေမကောင်းဘူး မောနေလို့ ဦးက သားကိုလာပြောရတာ"

" ဗျာ ငထွဋ် လာတယ် ဟုတ်လား ဦးစော ဘယ်မှာလဲ ကျွန်တော်လာပြီ"

နေလင်း မပြေးရုံတမယ်ထွက်ခဲ့သည်။ ရေ ကန်ထောင့်တနေရာတွင် ငထွဋ်ကားလေးရပ်ထားသည်။
****

" ငထွဋ် မင်း...မင်း လိုက်လာတယ်နော်သူငယ်ချင်း"

"ဖိုးနေ ခပ်ခ္ခာခွာပြောပါ ငါ မင်းကို သိပ်တွေ့ချင်လို့ ခဏလာတာပါ အဟွတ် အဟွတ် ငါ TB ဆေးသောက်နေရတယ် မောလည်းမောနေတယ် ငါ့ကိုယ်ငါလည်းအားမရဘူး သူငယ်ချင်း တကယ်လို့ ငါတခုခု ဖြစ်သွားရင် မင်းကိုမတွေ့လိုက်ရမှာစိုးလို့ပါ သူငယ်ချင်းရယ်"

mask တပ်ထားသော ငထွဋ် မျက်လုံးမှ မျက်ရည်တို့ စီးကျလာသည်။

" အာ မင်းကလဲကွာ TB ကဆေးသောက်ရင်ပျောက်ပါတယ်ကွာ ငါလည်းရှိတာပဲ မင်း ဘာမှအားမငယ်နဲ့ ငါ့ အိမ်မှာ ခဏလိုက်နေပါ စကားတွေပြောကြမယ် မင်းကားပြန်လွှတိလိုက်နော်သားကြီး"

နေလင်း ကထွဋ် လက်ကိုခပ်တင်းတင်းဆုတ်ကိုင်ကာပြောလိုက်သည်။

" သူ..သူ..ကိုစစ်သွေးရော နေကောင်းလား အဆင်ပြေလား"

" သူ မရှိတော့ဘူး သားကြီး သူပြန်သွားပြီ "

နေလင်းမျက်နှာရုတ်တရက်ပျက်သွားငော်လည်း​ပြန်ပြင်လိုက်သည်။

" ဘယ်လိုများ..ဖြစ်ရတာလဲ ကွာ...ဖိုးနေရယ်"

" ငါနောက်ကျ ရှင်းပြပါ့မယ် ငါနဲ့နေပေးပါ မင်းဆေးပြဖို့ရော ဆေးသောက်ဖို့ပါ ငါစီစဥ်ပါ့မယ် အခန်းလွတ်လည်း ရှိပါတယ် အိမ် မှာ  ငါ့ရဲ့ အခင်ရဆုံးသူငယ်ချင်း ဟာ မင်းတယောက်တည်းပါကွာ"

ထို့နောက်တွင်တော့ ငထွဋ် သူ့ကားကိုပြန်လွှတ်ပြီး နေလင်း အိမ်သို့ လိုက်ပါသွားပါတော့သည်။

**
မနက်၅နာရီ

" မောလိုက်တာ အင်း..အင်းး"

တယောက်ခန်းတွင်းကနေ ထွဋ်ကိုကိုကျော် မောလာလို့ အပြင်သို့ဖြည်းဖြည်းခြင်းထွက်လိုက်သည်။

" ငထွဋ် ...ငထွဋ် လား မင်းဘာဖြစ်တာလဲ"

တဖက်ခန်းမှ နေလင်းကအသံကြား၍ လှမ်းမေးလိုက်ပြီးအပြင်သိူ့ထွက်လာလိုက်သည်။

" ဟင် မင်း မောနေတာလား ဆေးရုံသွားမှဖြစ်မယ် ခဏနေ ငါတံခါး ဖွင့် ဆိုင်ကယ်ထုတ်လိုက်မယ်"

နေလင်း တံခါးတွေဖွင့်ကာ ဆိုင်ကယ်ထုတ်သည်။ ထို့ နောက်ဥမ္မာသိန်းဖုန်းကိုခေါ်ကာ အမြန်လာဖို့ပြော သည်။

" ငထွဋ်အားတင်းထားနော် သားကြီး မင်းဘာမှမဖြစ်ဘူး ငါရှိတယ်"

နေလင်း တယောက် ငထွဋ်လက်ကိုကိုင်ကာတဖွဖွ အား ပေးနေသည်။
***

ထိုစဉ်

" ညီ...ထွဋ်ကိုကိုကျော်ပါလားသူဘာဖြစ်တာလဲဟင်"

" ဟင် ကို...ကို ရောက်လာတယ်"

•×•×•×•×•×•×•×•×•×•×•×•×•×•×

" ဟုတ်တယ် ညီ ကိုတို့ ကိုထွဋ်ကိုဆေးရုံပို့ဖို့လုပ်ရမယ်ညီ ကို က မောင်းမယ်  ကိုထွဋ် အလယ်ကနေ ညီကနောက်ကနေ သူ့ကိုဖက်ထားပေးပါ"

ထို့နှင့် သူတို့ ၃ယောက်ပြည်ဆေးရုံကြီးသို့ရောက်ခဲ့သည်။ လက်ထောက်ဆရာဝန်က အဆုတ်ကိုလက်ဖြင့်စမ်းခြင်း ခေါက်ခြင်း နားကြပ်ဖြင့်နားထောင်ခြင်းတို့ကို လုပ်ပြီးနောက်

" urgent X-ray ရိုက်ရမယ် အဆုတ်ထဲမှာရေရှိတဲ့ လက္ခဏာမျိုး တွေ့ရတယ်"

ငထွဋ်လှဲလျှင်ပိုမောကာထိုင်လျှင် အနည်း ငယ်သက် သာသည် သူ့ကိုယ်သူ သေလူ အဖြစ် သတ်မှတ်လိုက်သည်။

" ကို...ကိုစစ်...ဖိုး..နေ ဟာ သနားစရာပါ မထားခဲ့ပါနဲ့နော်"

ငထွဋ် စကားသံက ပြတ်တောင်း ပြတ် တောင်း သို့နှင့်သူ အရေးပေါ် ရင်ဘတ် ဓာတ်မှန်ရိုက်အပြီး အဆုတ် ညာဘတ်တခြမ်းကျော်ဖွေးနေကာ ( meniscus sign ) ခေါ် လခြမ်းကွေးလေးကို တွေ့ရသည်။

" ကဲ ရေစုပ်ထုတ်ရမယ် မတ်မတ်ထိုင် ပါ"

ဆရာဝန်ကား လိုအပ် သည်များကို ပြင် ဆင် ပြီး အဆုတ်ညာဘက်နံရိုးအောက်ကနေ ရေစုပ်ထုတ်သည်။ ကောက်ရိူးဖျော့ရောင် အရည်များကား ပုလင်း နှစ်လုံးခန့်ရသည်။ ထို့နောက်တွင်တော့ ငထွဋ်သက် သာသွားသည်။

" ငါ မင်းအိမ်ကိုအကြောင်းကြားပေးမယ်ငထွဋ် ငါ့တို့မှာတာဝန်ရှိတယ် မင်း ဒီလိုဖြစ်တာကိုမပြောလို့မရဘူး"

ခဏနေတော့ ဥမ္မာသိန်းတို့ လင်မယားရောက်လာသည်။ စစ်သွေးကလည်း လို အပ်သည်တွေကို သွားဝယ်ရင်းအနီးကပ်ရှိနေသည်။

" ငထွဋ် သက်သာလား သားကြီး မင်းဟာက  pleural effusion လိူ့ခေါ်တယ်တဲ့ အ ဆုတ်ထဲရေဝင်တာ TB ကြောင့် အခုရေစုပ်ပြီးတော့မင်းနေလိူ့ကောင်းသွားပြီ  အားတင်းထား ငါတို့ရှိတယ်"

" အေး ငထွဋ်ရယ် ငါလည်း နင့်အတွက် ချက်ပေးမယ် နင်စားချင်တာသာပြော"

" ရ...ရပါတယ် ဟာ ငါ ဒီကို လာတာ ငါ့သူငယ်ချင်းကိုတွေ့ဖို့လာတာပါ အခုငါ့ဆန္ဒပြည့်သွားခဲ့ပါပြီ ငါ ရန်ကုန်ကိုပြန်တော့မယ် ငါ့ကိုစီစဥ်ပေးနော်"

" အေးပါ ငါမင်းအမေ ကိုဖုန်းဆက်ထားတယ် သူတို့လိုက်လာလိမ့်မယ် "

နေ့လည် ၁၂နာရီခန့်တွင် ထွဋ်ကိုကိုကျော်ရဲ့အဖေ နဲ့အမေ ရောက်လာခဲ့သည်။ ထို့ နောက် သူတို့သားကိုပြန်ခေါ်ဖို့လုပ်သည်။

" သားရယ် သားသူငယ်ချင်း က သားကို သိပ်ချစ်ရှာတာကွယ် သူ့ခဗျာ သားထွက်သွားပြီးကတည်းက ပုံမှန်အလုပ်တွေမလုပ်နိုင်တော့ဘူး သားရေ ...သားလည်းရန်ကုန် သားသူငယ်ချင်းဆီလာပါနော်"

" ဟုတ်ကဲ့ပါ အန်တီ.. ငထွဋ်နဲ့သား ကငယ်ငယ်လေးကတည်းက ပေါင်းလာတာပါ သားလည်း သူ့ကို သိပ်က်ု ခင်ပါတယ်  ငထွဋ် မင်းဂရုစိုက်နော် ယောက်ဖ တချ်န်ငါတို့ပြန်ဆုံကြမယ်"

ခဏနေတော့ ဆေးရုံက နေ လက်မှတ်ထိုးကာဆင်းဖို့ အဆင်သင့်ဖြစ်ခဲ့သည်။

" ဖိုးနေ ငါ ကျေနပ်ပါတယ် ကွာ ကိုစစ် သူ့ကို ဂရုစိုက်ပေးပါနော်"

ဆေးရုံကားပေါ်မတက်ခင်အထိ ထိုစကား ကိုသာထပ်တလဲလဲပြောနေရှာသည်။

နောက်ဆုံးတော့ ငထွဋ်ကျေနပ်စွာပြုံးရင်း ကားပေါ်ပါသွားလေတော့သည်။

**

" ညီ ကိုတို့ပြန်ကြရအောင် အိမ်ကို"

" ကို ညီ့ကို ရှင်းပြပါဦး ညီဘာမှ နားမလည်တော့ဘူး"

" အိမ်ရောက်ရင် ကို ပြောပြပါ့မယ်ညီ

*
{ အောက်ပါရေးသားချက်များသည် စစ်သွေး၏ ပြောကြားချက်မျာကို ဆီလျော်အောင် ပြန်ရေးခြင်းဖြစ်ပါသည်။ }

စစ်သွေး မပြန်ခင် ၃ရက်အလို ....
................
ရွှေပြည်သာမြို့နယ် ည ၁၀နာရီ

သန္တာစိုး အိပ်မပျော်သေးပါ။ နေ့လည်က သူ့အကိုပြောသောစကား များကိုပြန်ကြားနေသည်။

" ညီမလေး ဆုံးဖြတ်ပါ... စစ်သွေးကို ငါ့ညီမ အနေနဲ့ ကလေးရဲ့အဖေ ဆိုတာတစ်ခုတည်းအတွက်နဲ့ ပေါင်းသင်းဖို့ သင့်မ
သင့်ဆိုတာ ငါ့ညီမ ပဲဆုံးဖြတ်ပါ ငါ့ညီမ အနေနဲ့ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီးရင် အကို နေတဲ့ သနပ္ပင်ကို လာခဲ့ပါ မုန့်ဟင်းခါးဆိုင်လေးဖြစ်ဖြစ် ဖွင့်ဖို့အကို စီစဥ်ပေးပါ့မယ် ဒီပတ်ဝန်းကျင်မှာ​တော့မနေအပ်တော့ဘူး"

သန္တာစိုး တွေးနေသည်။ စစ်သွေးက ငွေ ကြေးလိုအပ်ချက်ကြောင့်သာ ယောင်္ကျားပြည့်တန်ဆာ လုပ်ခြင်းသာဖြစ်ပြီး ခိုင်ဇင်သန်းပြောခဲ့သလို နှစ်ဖက်ချွန်သာ မဟုတ်ခဲ့ရင်တော့ စစ်သွေးမှာ အပြစ်ကြီးကြီးမား မားမရှိဘဲ သူ့တို့ကိုရှာဖွေကျွေးမွေးဖို့သာ လုပ်နေရခြင်းဖြစ်သည်ဟု မြင်သည်။

ဒီလိုဆိုရင်တော့ စစ်သွေးကို သူ့အနေနဲ့ လမ်းခွဲရန် မလိုဘဲ ဒီပတ်ဝန်းကျင်ကနေဝေးရာသို့သာသူတို့မိသားစု ရွှေ့ပြောင်းရမည်ဟုသာ သူမ တွက်ဆမိသည်။

သို့သော်လည်း သူ့မအတွေးထဲ နေလင်း အိမ်သို့ စစ်သွေး လာရောက်ပုံ  နေလင်း အိမ်လာစဥ် စစ်သွေး က ဂရုစိုက်ပုံတွေကိုမြင်ယောင်လာပြန်သည်။ နောက်ပြီး သူမ သမီးလေး ကိုပြောသော စကားတစ်ခုကို သွားသတိရမိသည်။

" မေကြီး ဖေကြီးကပြောနေတယ် သမီးရယ် ဖေကြီးရယ် ဦးဥိးချောချောရယ် အ တူတူနေမလားတဲ့"

ဒီလိုစကားတွေကို ပြန်သတိရမိတော့လည်း စစ်သွေးဟာ နေလင်းအပေါ်တ
ကယ့်ကို ချစ်မနေဘူး လို့ ငြင်းဖို့ လည်းခက်နေပြန်သည်။

အကယ်၍ နေလင်းနှင့်စစ်သွေးသာ တ
ကယ့်ကို ချစ်သူတွေဖြစ်ရိုးမှန်ခဲ့ရင်သူမဘာလုပ်ရမလဲ သူမတွေးနေမိသည်။

တကယ်တမ်းသာ အကိုလေးနေလင်းနဲ့သာ ချစ်သူတွေဖြစ်ခဲ့ရင်တော့ စစ်သွေးစိတ်တွေကို သူမ ဘယ်သော အခါမှပြန်ရတော့မည်မဟုတ်ပေ။

ဒါ့အပြင် သမီးလေးကြောင့် သူမကို ဇနီးမယားအဖြစ်ပေါင်းသင်းနေရသော်လည်း  သူ့ရင်ထဲကလာသောကြင်နာယုယမှုတို့ကို သူမ ဒီတသက်ရတော့မည်မဟုတ်ပါ။

နေလင်းနဲ့ပြတ်ခဲ့လျှင်လည်း နောက်ထပ်နေလင်းတို့က ထပ်ပေါ်မလာဟု သူမ တပ် အပ်မပြောနိုင်ပါ။

အရေးအကြီးဆုံးအချက်ကတော့ သူမရဲ့ချစ်လင်အပေါ် ချစ်မြတ်နိုးမှုပင် ဖြစ် သည်။

ငါ့ ရဲ့ အတ္တထက် ကို့ရဲ့ စိတ်ထဲက ဆန္ဒ အမှန်ကိုငါ့ဦးစားပေးရမယ်။  ကို့ကို ငါ မချည်နှောင်တော့ဘူး။ ကို လည်း ကို ချစ်တဲ့သူနဲ့တသက်လုံး ပျော်ရွှင်ဖို့ သမီးလေးလည်း ဖခင်မဲ့မဖြစ်ရဖို့ ငါ...ငါ့နှလုံးသားကိုစတေး ပြီး ငါ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ရမှာပါလား......

မီးပျက်နေ၍ မှောင်အတိကျနေသည်။ သန္တာစိုး တယောက်ရင်ထဲတွင် ဗလောင်ဆူနေသည်။ ဝေ့သီလာသော မျက်ရည်စတို့ကို ခပ်ကြမ်းကြမ်း သုတ်ရင်း သူမ အံကိုတင်းတင်းကြိတ်လိုက်လေတော့သည်။

အဖြေ ဘယ်လိုထွက်မည်ဆိုတာကတော့ စစ်သွေး နဲ့နေလင်း ချစ်သူတွေ ဟုတ်မ ဟုတ်ဆိုသည့် အချက်အပေါ်တွင်သာမူ တည်နေသည်ဟု သူမ ယူဆထားတော့လေသည်။

****
နောက်၃ရက် အကြာ ညနေ၅နာရီ

" ညီမ မိသန္တာ ညည်းယောင်္ကျား ဖုန်းလာတယ် ငါ အိမ်ရောက်ချိန်နဲ့ တိုးလို့သွားပြောပစ်လိုက်တယ် အမြန်လာဖို့လေ"

" မမကို ညီမလေး တစ်ခုပြောပါရစေ အခုကိစ္စဟာ ညီမလေး ဘဝအတွက် သိပ်ကြီး မားတဲ့ဆုံးဖြတ်ချက်ကို ချရတော့မှာပါ အ ကယ်၍ သူရောက်ရောက်ချင်း သူ့သမီးလေးနဲ့ ၃ ရက်လောက်အတူရှိပါစေဦး ညီ မတို့ အခုကိစ္စကြီးကို ဘာမှမဆွေးနွေး ပဲ ထား ကြရအောင် ၃ရက်မြောက်နေ့မှာ....
ညီမ တို့ တချိန်ကအမြဲတွေ့ခဲ့ကြတဲ့ ကျိက္ကလဲ့ ဘုရားမှာ ညီမတို့မိသားစုလေးရယ် မမရယ် အတူတူသွားပြီး လည်ချင်တယ် ညီမ သူ့ကို မေးခွန်းတစ်ခုကို မေးပြီး အဲ့ဒိမေးခွန်းအပေါ်သူ့ရဲ့တုံ့ပြန်တဲ့အ ဖြေ ကို ကြည့်ပြီး ညီမ ဆုံးဖြတ်ချင်တယ် မေးခွန်းမေးချိန် သူနဲ့ ညီမ ပြောနေချိန်မှာ မမနဲ့ သ မီးတို့က မုန့်ဆိုင်မှာ မုန့်စားနေပေးကြပါ နော် မမ"

သန္တာစိုး ပြောရင်း အသံတို့ တုန်ရီလာသည်။ ဝဲလာသောမျက်ရည်တို့ကို သုတ်လိုက်ရင်း အားတင်းလိုက်သည်။

" သူ ရောက်လာရင်တော့ ညီမ အရင်အ တိုင်းပဲဆက်ဆံမှာပါ ညဘက်တော့ ညီမ အမတို့အိမ်မှာပဲ လာအိပ်ပါရစေ သူ့ရဲ့ ရင်ထဲကမပါတဲ့ ဆက်ဆံပုံတွေညီမ မယူချင်တော့ဘူး"

****
ည ၈ နာရီ

" သန္တာရေ သမီးရေ ဖေကြီးပြန်လာပြီ မုန့်တွေပါလာတယ်"

စစ်သွေးအသံကြောင့် သန္တာစိုး နဲ့သမီးသာမက ဘေးအိမ်များကပါ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး မသိမသာရော သိသိသာသာပါ စပ်စုကြသည်။ အချင်းချင်းလက် တို့ပြီးလည်း တီးတိုးပြောကြသည်။

" ဟာ ကို ပြန်လာပြီ သမီး ကတော့မျှော်နေတာ သမီးရေ ဖေကြီးဆီသွားလိုက်လေ"

" ဝေး ဖေကြီးလာပြီကွ မုန့်တွေပါပါလာတာ"

သန္တာစိုး အသံတို့က ချိုမြနေသယောင် အ ပြုံးတုကို ဆင်မြန်းရင်း သံသယများစွာကို ရင်မှာပိုက်ကာ သူမ ဟန်ဆောင်နေရခြင်းဖြစ်ပါသည်။

" သမီး ဖို့က ယိုတွေပါတယ် သန္တာဖို့က အင်းမ လုံခြည်ပါတယ် ဒါနဲ့မမော်က ဘာအရေးကြီးလို့ချက်ချင်းလာဖို့ပြောလဲ"

စစ်သွေးအထုတ်တွေ ချရင်းမေးလိုက်သည်။

" မမ ကဒီလိုပဲ ကို့ ကို နောက်အိမ်ထောင်ကျနေပြီထင်လို့နေမှာပေါ့ သူက သံသယခပ်များများရယ် ကဲပါ ကို ထမင်းစားဖို့ ပြင်ပေးခဲ့မယ်  အမေ နေမကောင်းလို့ မမတို့အိမ်သွား အိပ်ပေးမလို့ ကို  ...ကိုနဲ့သမီးနဲ့ အတူနေကြနော်"

သန္တာစိုး ခပ်ပြုံးပြုံးလေးပြောရင်း ထမင်း ဝိုင်းကိုခပ်မြန်မြန်ပြင်နေသည်။ စစ်သွေး ကတော့ မရိပ်မိပါ။ ခါတိုင်းလည်း သူ့မိန်း မက အခုလိုပဲ ခေါ်ဝေါ် သုံးနှုံးနေကြပင်ဖြစ်သည်။

" မစီရေ စစ်သွေးတော့ပြန်လာပီဟ"

" အင်း သန္တာလေးကတော့ သနားစရာပါပဲ သူ့အစားပင်ပန်းလိုက်တာရှင် ဟိုက သူ့အ ခြောက်ကလေးဆီက ချူတာတွေပြန်စွန့်နေတာ ငရဲမကြောက်ဘာမကြောက် ဟိုအ ခြောက်ကလည်း မယားရှိ လင်ကိုမှ ယူ ထားတာ ယိုသူမရှက် မြင်သူရှက်ပါတော်"

အိမ်ချင်းကပ်ရပ် မစီတို့ လင်မယားက တော့ အကုန်မြင်ကြားနေ၍ ခပ်တိုးတိုးအတင်းအုပ်နေကြခြင်းဖြစ်ပါ သည်။

***
"0ညီမ သူလာပြီလား"

" အင်း မမလာပြီ ညီမ သိပ်ပင်ပန်းတယ်မမရယ် ဒါပေမယ့် ညီမ ရဲ့ဆုံးဖြတ်ချက်ဟာ သူ့အဖြေပေါ်မှာပဲမူတည် ပါတယ် ညီမလေ ညီမ...သူ့ကို သိပ်ချစ်တယ် ဒါကြောင့်လည်း သူထာဝရ ပျော်နိုင်ဖို့စဥ်းစားထားတာပါ သူသာတကယ်ပဲ နှစ်ဖက် ချွန်ဖြစ်ခဲ့ရင်တော့ ညီမတို့ လမ်းခွဲဖို့ ဆုံး ဖြတ်ပြီးပါပြီ "

" မမတို့ ရှိပါတယ် ညီမရယ် မနက်​ဖြန်အိမ်ကနေပဲ ညည်းအလုပ်ဆင်း သူ့မနိုးခင် အိမ်က ကြက်မွကြော်နဲ့ ငပိချက် လေးယူသွားပေးလိုက် သမီးကို သူနဲ့အတူရှိနေပါစေကွယ်"

သန္တာစိုး ဘာမှပြန်မပြောဖြစ်တော့ပါ။ သူ မအတွက်တော့ နောက် ၃ရက်မြောက်နေ့ သည်သာ အရေးအကြီးဆုံးဖြစ်၍ စိတ်ထဲမှာတော့ ဖြစ်နိုင်ချေအားလုံးအ တွက်ကြို တင်ပြင်ဆင်ထားဖို့ကြိုးစားနေလေသည်။

**

သူတို့ရဲ့ဖြစ်ရပ်က ပထမဆုံးတွင် နေလင်း စီစဥ်ကြံဆခဲ့သော မျှချေ (equilibrium) တစ်ခု ပျက်သုဥ်းသွားခြင်းဖြစ်သည်။ စစ်သွေး လမ်းတလျှောက်လုံး နည်းလမ်းနှစ်သွယ်ကို စဥ်းစားထားသည်။

ပထမကတော့ လက်ရှိအ နေအထား အ တိုင်းပိုနေမြဲ ကျားနေမြဲ ဆက်လက်နေကြဖို့၊ တစ်လတခါသမီးဆီပြန်ဖို့ ဖြစ်သည်။ နောက်တစ်လမ်းကတော့ သူ့ကိုဖိအားတွေပေးလာပါက နေလင်းထံတစ်လတစ်ကြိမ်သာ သွား၍ ဒီမှာပြန်နေဖို့ဖြစ်သည်။

ထို မူနှစ်ခုအနက်တစ်ခုခုကို ကိုင်စွဲလျက် သူစည်းရုံးမည်ဖြစ်သည်။ အခု ညနေက အနေအထားအရဆိုရင်တော့ သန္တာစိုး ဘက်က အခြေအနေကောင်းလို့ ပထမအချက် နဲ့ပင်အဆင်ပြေသွားမည်ဟုမြင် သည်။

နေလင်းကိုစွန့်ခွာဖို့တော့ သူ့ လုံးဝ မစဥ်းစားပါ။  နေလင်းသည် သူ့အသည်းနှလုံးဖြစ်သောကြောင့်ဖြစ်သည်။

သန္တာစိုး ထမင်းပြင်ပေးပြီး သူ့အမေ အိမ်သို့ထွက်သွားခဲ့ပြီ။ စစ်သွေး သမီးနဲ့အတူထမင်းစားနေသည်။

" သမီး ဖေကြီးကိုလွမ်းလား"

" အားကြီးလွမ်း"

" ဖေကြီး လည်းလွမ်းတာပေါ့သမီးရယ် ဖေကြီးဝယ်လာတာတွေရောကြိုက်လား"

" ကြိုက်တာမှအရမ်းပဲ ဖေကြီးကို ချစ်တယ်"

စစ်သွေး သမီးဖြစ်သူကို ကြည်နာစိတ်တွေယိုဖိတ်နေသော ပီတိမျက်လုံးအစုံဖြင့်ကြည်နူးစွာကြည့်နေမိသည်။

သမီးရယ်သမီးဟာ ဖေကြီးဘဝပါ။ သမီးရယ် ညီရယ် ဖေကြီးရယ် အတူတူရှိနေဖို့ဟာ ဖေကြီးအိမ် မက်ပါ။ သမီးအမေကိုတော့ ညီမလေးတယောက်လိုပဲ ဖေကြီးချစ်လို့ရတော့တယ်။

ဒါပေမဲ့ လည်းငါ့သမီးလေး ပထွေးနဲ့နေရမယ့်အဖြစ်ကိုတော့ ဖေကြီး အဖြစ်မခံဘူးကွာ.......

**
2001 ခုနှစ် ဖေဖော်ဝါရီလ ၆ရက်
ညနေ ၃နာရီ

ကျိုက္ကလဲ့ဘုရားဝန်း

သန္တာစိုး စစ်သွေးနဲ့ တေ့တေ့ဆိုင်ဆိုင်မေး မြန်း ဆွေးနွေး ဖြေရှင်းမယ့် ရက်ကားရောက် ရှိလို့လာခဲ့ပြီ။ သူမ စစ်သွေးရှိစဥ်ကာလ အတွင်းမနက်စောစော ချက်ပြုတ်ပြင်ဆင်ပေးပြီး စက်ရုံသို့သွားသည်။

ညနေ ဘက် အိမ်သို့ခဏဝင်ကာ ထမင်းဟင်းနွှေးပြီး သူမ အမ အိမ်သို့ သွားအိပ်သည်။ စစ်သွေးကို သမီးနဲ့အတူတူ ရှိနေစေ သည်။ ရင်ထဲ သံသယများစွာဖြင့်မွန်းကြပ်နေသော်လည်း စစ်သွေးအပေါ် ဆက် ဆံရေး မပြောင်းလဲခဲ့ပါ။

ညနေခင်းဖြစ်သော်လည်း ဘုရားဝန်းကား လူရှင်းနေသည်။ လေအဝှေ့ ဆည်းလည်းသံများက သာယာနာပျော်ဖွယ်....

" သန္တာ  မမော်နဲ့သမီးကို ဆိုင်မှာထားခဲ့ပြီးကိုယ်တို့နှစ်ယောက်တည်း ဘာလို့လာတာလဲဟင်"

" ကို ဟိုးအရင် ခုနှစ်ကျော် ကာလတစ်ခုကို မှတ်မိလားဟင်"

သန္တာစိုး မျက်ဝန်းတို့ကဆွေးရိပ်သန်းနေ သည်။ အဝေးကိုမျှော်ကြည့်နေသောမျက်ဝနိးများက ရီဝေနေသည်။

" အဲ့ဒိအချိန်က ကျမ နဲ့ကို ဒီဘုရား ကိုလာဖူးကြတုန်းက ကျမဒီဘုရားလေးမှာ ပဲအ တူတူတစ်သပ်လုံးနေကြဖို့ဆုတောင်းခဲ့ဖူးတယ် ..ကို ...ကြာခဲ့ပါပြီ.....ခု..ကျမ..သိချင်တာတွေ သိနေတာတွေကို ကို့ဆီက အ တည်ပြုချက် ကို့ နှုတ်က ဝန်ခံတဲ့ စကား အဓိပ္ပါယ်ရှိရှိ ကျိုးကြောင်းဆီလျော်စွာငြင်းတဲ့စကားကို နားထောင်ချင်လို့ပါ ကျ မ ကိုကျေးဇူးပြုပြီး အမှန်ကိုပဲ ပြောပါနော် "

" သန္တာ ဘာတွေတွေးနေတာလဲဟင် ဘာတွေပြောနေတာလဲ သန္တာ ဘာသိချင်လို့လဲ ကို့ကို မေးပါသန္တာရယ် ကို ရင်တွေပူလိုက် တာ"

စစ်သွေး အံ့သြ တုန်လှုပ် သွားသလို အန္တရာယ် အငွေ့ အသက်တို့ စတင်ခံစားမိသည်။

" ကျမ မခိုင်ဇင်သန်းရော ကိုထွဋ်ကိုကိုကျော် နဲ့ ရောတွေ့ပြီးလို့ အားလုံးသိခဲ့ပါပြီ ကျမတင်မက ကျမ အမ မိသားစု အဖေ အမေနဲ့ ပတ်ဝန်းကျင်ကပါ သိနေကြပါတယ် ကို နဲ့ အကိုလေးနေလင်းဟာ ချစ်သူ တွေဖြစ်ပြီး အတူတူရှိနေတယ် ဆိုတာကိုပါ"

သန္တာစိုး တခွန်းချင်း တည်တည်ငြိမ်ငြိမ်ပြောသောစကားတို့က မသိမသာတုန်ရီနေသည်။

" ဘယ်လို...ဘယ်လို"

စစ်သွေးအဖို့ကတော့ ဘယ်လိုမှထင်မှတ်မထားတဲ့စကားကိုကြားလိုက်ရ၍ အကြီး အကျယ် shock ရသွားသည်။

" ကို ....ဝန်ခံ...ပေးပါ"

" ဟာ ဒါတွေက ဘယ်လို ဖြစ်ရတာလဲ ကွာ ခိုင်ဇင်သန်းက ဘယ်လိုရောက်လာတာလဲ ...ဘာလို့သူပြောတာတွေ ယုံနေတာလဲ"

" ကို...မဟုတ်ဘူးဆိုရင် မခိုင်ဇင်သန်းနဲ့ ပြောမလားဟင် ဒါမှမဟုတ် ကိုထွဋ် နဲ့ ပြောမလား"

" မဟုတ်ဘူး....မဟုတ်ဘူးး အဲ့ဒါတွေ မဟုတ်ဘုး ဘယ်သူနဲ့မှလဲမပြောဘူး ငါ့ကို သ မီးနဲ့ မခွဲနဲ့နော် နင်နောက်အိမ်ထောင်ပြုရင် ငါ့သမီးက ပထွေးနဲ့နေရမှာ နင်မကြိုက်ရင် ငါ ရန်ကုန်မှာပြန်နေပြီး ပြည်ကိုတလ တခါလောက်ပဲသွားမယ်...ငါ...ငါ့သမီးလေးကို ချစ်လို့ပါကွာ"

စစ်သွေး ထူပူပြီး သွေးရူးသွေးတမ်း နှင့်စ ကားတွေ မှားကုန်သည်။

သူ့ရင်ထဲ ဗလောင် ဆူနေသည်။ ကမ္ဘာကြီးရုတ်တရက်ပြိုကျသွားပြီလား......

သန္တာစိုးမချိပြုံးကို ပြုံးလိုက်သည်။

" အားလုံးရှင်းသွားပါပြီ ကို ခုလို ကိုပြောလိုက်တာဟာ ကို ဝန်ခံ လိုက်သလိုပါပဲ သန္တာ နားလည်လိုက်ပါပြီ ဒါကြောင့် ဒီလိုဖြေလာမယ်ဆိုရင် ဘယ်လို ဆုံးဖြတ်ရမလဲ ဆိုတဲ့အဖြေ သန္တာ မှာရှိပါတယ် အား လုံးအတွက်အ ကောင်းဆုံးနည်းလမ်းပါကို လည်း ကိုချစ်တဲ့သူနဲ့အတူတူ လွတ် လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွင်ရာသက် ပန်နေဖို့ သမီးလေးရဲ့ဖခင်အဖြစ် ဖခင်ဝတ္တရား ​ကျေပွန်အောင်ဖြည့်ဆည်းပေးနိုင်တဲ့အခွင့်အရေး ရှိဖို့တစ်ခုတည်းသောနည်းလမ်းပါ ကို"

" သန္တာ မင်း...မင်း ဘာတွေလျှောက်လုပ်နေတာလဲကွာမင်းသဘောနဲ့မင်း ကောက် ချက်ချ ဆုံးဖြတ်တော့မလို့လား"

စစ်သွေးအသံတို့က တုန်ရီနေသည်။

သေမိန့်ကျခံရတော့မည့် ရာဇဝတ်သားတယောက် အလား...

" အခြေအနေတွေက ဖန်တီးလာပြီပဲ ကို...
ကျမတို့ ကွာရှင်းကြရအောင်နော်..ကို စိုး ရိမ်နေတဲ့ သမီးလေး ဖခင်မဲ့မှာကိုလည်းကျမတွေးပြီးပါပြီ ကိုဟာ သမီးလေးရဲ့ ဖခင် အဖြစ်ထာဝရရှိနေမှာပါ ကို ဖခင်ဝတ္တရား အတိုင်း အမြဲချစ်ခင် ယုယခွင့် ကျွေးမွေးစောင့်ရှောက်ခွင့်ရှိနေမှာပါကို..
စိုးရိမ်နေတဲ့ သန္တာ နောက်အိမ်ထောင်ပြုပြီး သမီးက ပထွေးနဲ့နေရမယ်ဆိုတာလည်း လုံးဝဖြစ်မလာစေရပါဘူး အကယ် ၍ ဖြစ်လာမယ်ဆိုရင်တောင်...သမီးကို...
ကို့ဆီကို သန္တာပို့ပေးမှာပါ ဒီအချက်ကိုစာချုပ်ချုပ်ချင်တယ်ဆိုရင် လည်းချုပ်ပါ...ခုတော့သမီးက ငယ်သေးလို့...သန္တာနဲ့အတူစောင့်ရှောက်ခွင့်ပေးပါ သမီးအရွယ် ရောက်လာရင်..ကို့ဆီတလှည့် ....သန္တာဆီတလှည့် နေရမှာပါ.....ဒီပတ်ဝန်းကျင်မှာလည်း...သန္တာတို့မနေချင်တော့ဘူး....ဒါကြောင့် အကိုကြီးရှိတဲ့ သနပ္ပင်ကိုပြောင်းတော့မှာပါ သန္တာဆုံးဖြတ်ပြီးသွားပါပြီ..ဒါ ဟာ သန္တာချစ်ခဲ့တဲ့ ကို့အတွက်အကောင်း ဆုံး ဆုံးဖြတ်ချက်ဆိုတာ သန္တာ ယုံကြည်သလို..သန္တာဘယ်တော့မှနောင်တရနေ
မယ့် ဆုံးဖြတ်ချက်လည်း မဟုတ်ပါဘူးကိုရယ်"

သန္တာစိုး တခွန်းချင်းဆီ ချက်ကျလက်ကျပြောနေသော စကားတို့က စစ်သွေးကိုခေါင်းငိုက်စိုက်ကျစေခဲ့သည်။

၁၀ တန်း မအောင်သော်လည်း သန္တာစိုး အ တွေးအခေါ်ခံယူချက်တို့က မြင့်မားလှသည်။

ထို့နောက် သန္တာစိုးတယောက် သူ့အိတ်ထဲမှ စာချုပ်လေး နှစ်စောင်ကိုထုတ်ယူလိုက်သည်။

" ကို ဖတ်ပြီးလက်မှတ်ထိုးပေးခဲ့ပါ....ပြီးရင် တစောင်ကို အိပ်ခနိးထဲမှာထားခဲ့ပြီး တစောင်ကို...ကို...ယူ..သွားလိုက်ပါ...ကိုစစ်သွေး ချစ်ရသူနဲ့ ထာဝရပျော်ပါစေ"

သန္တာစိုး ပြောပြီး ဘုရားပေါ်မှဆင်းသွားခဲ့သည်။ စစ်သွေးတယောက်တည်း ငူငူကြီးကျန်ခဲ့လေတော့သည်။

ခဏအကြာ

" မောင်စစ်သွေးအမတို့ပြန်တော့မယ် လာခေါ်တာပါ ငါ့မောင်လည်းနားလည်မယ်လို့ထင်ပါတယ် အားလုံးအဆင်ပြေမယ့်နည်း လမ်းပါ ... ငါ့မောင် မနက်​ဖြန် ပြန်မယ်ဆိုရင်လက်မှတ်လေးထိုးခဲ့ပါ ..ကလေးကိုတော့ အမတို့အိမ်ပို့ပေးခဲ့ပါ မိသန္တာတို့က တော့အကိုကြီးဆီသွားကြဖို့ စီစဥ်ထားကြတယ် ငါ့မောင်အတွက်လည်း အကောင်း ဆုံးအဖြေဖြစ်မှာပါ...ပတ်ဝန်းကျင်က သိနေကြတော့ သူတို့လည်းဒီမှာဆက်နေဖို့ မဖြစ်တော့ဘူးပေါ့"

အပြန်ခရီးတက္ကစီပေါ်တွင်တော့ အားလုံးက အတွေးကိုယ်စီဖြင့်တိတ်ဆိတ်နေကြသည်။ မေစစ်သန္တာသွေးရဲ့ ကလေးပီပီမေးမြန်းစူးစမ်းနေသည်ကိုတော့ အဒေါ်အေးအေးမော်က ဖြေပေးနေသည်။

****
ည  ၇နာရီထိုးပြီ။ စစ်သွေး တယောက်တည်းဆေးလိပ်ကိုဖွာလျက်စဥ်းစားခန်း ဖွင့်နေသည်။ သူ့ရှေ့တွင်တော့ ကွာရှင်းစာချုပ်နှစ်ခုက ရှိနေသည်။

သူတို့ကိစ္စအပေါ် ပထမဆုံးနေလင်းက strategy ( အစီအစဥ်) ဆွဲကာ မြွေမသေ ဒုတ်မကျိူး သည့် သဘော စီစဥ် ထား သော်လည်း ခိုင်ဇင်သန်းတို့ကြောင့်ပျက် စီးသွားခဲ့ပြီ။ တခါ သူကိုယ်တိုင်ဆွဲမည်စိတ်ကူးသည့် ရန်ကုန်တစ်လ ပြည်တပတ်အစီအစဥ်လည်း ဖြစ်မလာနိုင်တော့...

အခု သန္တာစိုးပြောသည့်အစီအစဥ်ကိုတွေးကြည့်သည်။

ပထမ သူနှင့်နေလင်းအတူတူနေရမည်။

ဒုတိယ သမီးကို ပြုစုလုပ်ကြွေးခွင့်တွေ့
ခွင့်လည်းရမည်။

တတိယ သန္တာစိုးနောက်အိမ်ထောင်မပြုဟုကတိပေးပြီးပြုခဲ့ပါကလည်း သမီးကိုသူ့ဆီလွှဲပေးမည်။

စတုတ္ထ သမီးအရွယ်ရောက်ပါက လည်း သူထံမှာတလှည့် သန္တာစိုးထံမှာတလှည့်နေထိုင်ခွင့်ရှိမည်။

သန္တာစိုးအစီအစဥ်အရ သမီးနှင့်ပထွေးအတူနေရဖို့မဖြစ်နိုင်သလို သူနဲ့သမီးလည်း မကြာမကြာတွေ့ခွင့်ရှိနေမည်။

သူနှင့်သန္တာစိုးကတော့အပြုံးများနှင့် အေးချမ်းစွာ လက်တွဲဖြုတ်ခြင်း ဇနီးမယား အဖြစ်ကနေ ညီမလေးတစ်ဦးအ ဖြစ်သာရှိတော့မည့် အခြေအနေဖြစ်လာခြင်းဖြစ်ပါသည်။

နောက်ပြီး အခုပတ်ဝန်းကျင်ကလည်း သူတို့လှုပ်ရှားမှုတိုင်းကိုလိုက်ကြည့် အကဲ ခတ်အတင်းပြောနေကြသည်။ အဆိုးဆုံးကတော့ သူ ယောင်္ကျားပြည့်တန်ဆာဖြစ်ခဲ့ခြင်းကိုသိရှိခြင်းနှင့် နေလင်း နှင့်ညားနေသူအဖြစ်မြင်နေခြင်းဖြစ်ပါသည်။ 

ဒီပတ်ဝန်းကျင် တွင် ဘယ်လိုမျက်နှာနှင့်မှ သူမနေအပ်တော့ဟု မြင်လာသည်။

ဒီတော့သူဘာလုပ်ရမလဲ....
သန္တာစိုးရဲ့အစီအစဥ်ကလွဲရင် ပိုကောင်းတဲ့အစီအစဥ်မရှိ ဟုသူမြင်လာသည်။

တုန်ရီနေသောလက်တို့နှင့် စာချုပ်တို့ကိုကိုင်ကာ လက် မှတ်ထိုးလိုက်ပါတော့ သည်။

ထို့နောက် သူ့ရဲ့ကျောပိုးအိတ်ထဲအဝတ်တချို့ထည့်ကာ ခပ်လှမ်းလှမ်းတွင် စာ ကျက်နေသောသမီးကိုခေါ်လိုက်သည်။

" သမီး ကြီးကြီးမော် ဆီ ခဏ သွားမယ် ဖေကြီးနဲ့"

သမီးလေးကို ကျောပိုးပြီးလေးတွဲ့သောခြေလှမ်းများနှင့် အေးအေးမော်အိမ်သို့ထွက်လာခဲ့ပါတော့သည်။

***

" ညီမ အစီအစဥ်ကို ကျွန်တော်လက်ခံပါတယ် သမီးကိုပဲပြုစုပေးပါ ကျွန်တော်လစဥ် လာတွေ့ပါရစေ လိပ်စာ လေးလည်းပေးခဲ့ပါ သမီးအတွက်မုန့်ဖိုးလေးလည်းအခါအခွင့်သင့်တိုင်း ပို့ပေးပါရစေ"

စစ်သွေးအသံက ရှတတ။ ဖြစ်ချင်သည်ထက် ဖြစ်သင့်သောလမ်းကိုသာသူရွေးရပေတော့မည်။ လက်တွင်ကိုင်ထားသော ကွာရှင်းစာချုပ်ကို ထိုးပေးလိုက်သည်။

" သမီး ဖေကြီး ခရီးသွားဦးမယ် နောက်လကျ ဖေကြီးပြန်လာရင် မုန့်တွေဝယ်ခဲ့မယ်နော် သမီးလေး"

" ဖေကြီး မြန်မြန်ပြန်လာနော်"

" အေးပါ သမီး ဖေကြီးသွားပြီနော် မေကြီးစကားနားထောင် စာကြိုးစားပါ"

စစ်သွေးချာခနဲလှည့်ထွက်သွားသည်။ သူ့ရင်ထဲဗလာ ကျင်းလျက် ၁၅၀၀ နှင့် ၅၂၈ တို့က သူ့အပေါ်အားပြိုင်လျက်.....

သန္တာစိုး ဘာတခွန်းမှ မပြောပဲငူငူကြီး ကြည့်နေသည်။

စစ်သွေးကျောခိုင်းသွားတော့မှ သမီးလေးလက်ကိုတင်းတင်ကိုင်ရင်း မျက်ရည်တို့စီးကျလာတော့သည်။

ငါ မှန်ပါတယ်...

ကိုဟာ သူချစ်တဲ့သူနဲ့ တသက်လုံး
နေသွားနိုင်ခဲ့ပြီ ....

ကိုပျော်နိုင်ပြီ....

ငါ့ရင်ထဲမှာတော့ကိုဟာ ...
ငါ့အတွက်တသက်လုံး ချစ်ခင်ပွန်း သမီးရဲ့အဖေအဖြစ်ရှိနေမှာ........

" မေမေ ဘာလို့ ငိုနေတာလဲဟင် "

" ဪ သမီး မငိုပါဘူး သမီးရယ် မေကြီးက မျက်စိနာနေတာ လာလာ အိမ်ထဲဝင်ကြမယ်နော်"

****
ပြည်မြို့ ရွှေတစ်ချောင်းလမ်းအိမ်

" ဒါဆို ကိုနဲ့ မသန္တာ ကွာရှင်းလိုက်ပြီပေါ့"

" ဟုတ်တယ် ညီ အခြေအနေအရ အဲ့လိုမလုပ်လို့မရတော့ဘူး ကိုက ညီ့ကို လည်း အဆုံးအရှုံးမခံချင်ဘူးသမီး ကိုလည်း မဆုံးရှုံးချင်ဘူး သမီးပထွေးနဲ့နေရမှာ အ ရမ်းစိုးရိမ်တာ အခုတော့ သန္တာစိုး အစီအစဥ်က ကိုတို့အတွက် အရမ်းသင့်တော်ပါတယ် ကို ဘာမှ မတိုက်တွန်းခဲ့ဘူး ကွာဖို့လည်းမပြောခဲ့ဘူး...သူရုတ်တရက်ပြောလိုက်မှ ကိုလည်း shockရသွားခဲ့တာ ...ညီ လည်းသိပ်ပင်ပန်းနေမှာပဲ...ညီ့ကို ကျွန် တော် သိပ်ချစ်တယ်ဗျာ ညီနဲ့ခွဲဖို့ ဘယ်လိုမှကိုမတွေးရဲတာ နောက်ဆုံးတထစ်လျော့ပြီး တစ်လတခါလောက်ပြည်မှခဏ လာနေဖို့အထိတောင်ဆုံးဖြတ်ခဲ့တာ.... လမ်းခွဲဖို့ကတော့အဝေးကြီးပါညီရာ"

" ကျွန်တော်က ကို့ဆုံးဖြတ်ချက်အတိုင်းလိုက်နာဖို့ သံန္နိဌာန်ချထားတာပါ ကိုရယ် ကို့ ကို တစ်သက်လုံး နားလည်ပြီးချစ်နေမှာပါဗျာ"

စစ်သွေး နေလင်းကို သိမ်းကြုံးကာပွေ့ ဖက်လိုက်သည်။

သူတို့နှစ်ဦးလုံး၏ မျက်လုံးများတွင် မျက် ရည်များကား ဝဲလျက်သာ....

**
၃ လ ခန့်အကြာ ပြည်မြို့ကမ်းနားလမ်း
နေသွေး အအေး နှင့် အကင်ဆိုင်

" ဒါငါ့ဖုန်းအသစ်ကွ ဘယ်လိုလည်းငထွဋ် TB က ထိုးဆေးပါ ထိုးတော့ မင်း သက် သာလာလား"

****"
" အေးပါ သူငယ်ချင်းရာ နည်းနည်းတော့ခံရမှာပေါ့ ငါလည်း အကင်ဆိုင်ဖွင့်ထားပြီးပြီလေရောင်းလည်းရောင်းရတယ် လာလည်ဦး မင်းသက်သာရင်"

ငထွဋ် TB သောက်ဆေးနှင့်မသက်သာ၍ ထိုးဆေးပါတွဲထိုးနေရသည်။ ၁၂ရက်ခန့်ထိုးအပြီးတွင်တော့အနည်း ငယ်အမောသက်သာလာသည်။

ဆေးကပြင်း၍ အစားပိုစားနေရသည်။

နေလင်းနှင့်စစ်သွေးတို့ဦးစီးဖွင့်သည့် နေသွေးအကင်ဆိုင်လေးကား အခုလို နွေရာ သီ ညနေပိုင်းတွင် ထိုင်စရာနေရာမရှိလောက်အောင်ပင် လူများလေသည်။

နေလင်းက အမြဲလိုလိုမရှိတတ်သည်မို့စစ်သွေးကသာ ဥမ္မာသိန်းအမျိုးသား ရဲ့ကူညီမှုဖြင့် ဦးစီးလုပ်ကိုင်ရတတ်သည်။
..................

" အကို ....အမဆီက ဖုန်းလာတယ်"

နေလင်းက hand phoneကို ပေးလိုက် ၍ စစ်သွေးက ကိုင်ကာ ပြောလိုက်သည်။

" ညီမလေးပြောလေ....ဟုတ်လား ...သမီးကတော်လိုက်တာ"

" ဆုချမှာပေါ့သမီးရယ် ဒီတခါဖေကြီးလာရင် သမီးအတွက်အရုပ်အကြီးကြီးယူခဲ့မှာ"

" အေးပါ သမီးလေး..အာဘွား အာဘွားး"

****
ညဘက် ၈နာရီ

ကမ်းနားလမ်းတွင် လူတွေသွားလာနေသည်။

ဆိုင်ကယ်တစီးပေါ်တွင် စစ်သွေးက ရှေ့ ကမောင်းကာ နေလင်းက နောက်ကခါးကိုဖက်လျက် အိမ်သို့ပြန်နေကြသည်။

" ကို ...ဒီနေ့ဘာနေ့ သိလား"

" စနေ နေ့လေ ညီရ ဘာဖြစ်လို့လဲ"

" ဟာဗျာ ကိုကလည်း"

" ဟားဟား စတာပါဗျာ ဒီနေ့ ချစ်မွေးနေ့လေ အိမ်ကျရင်ကြည့်"

" ဘာကြည့်ရမှာလဲ ကိုရ"

" ရောက်မှ ကြည့်ပေါ့ချစ်"

****
" ဟာ အိမ်တံခါးကြီးက ပွင့်ပြီးမီးတွေမှိတ် ထားပါလား"

" လာပါ ညီရ ဝင်ဝင်"

" Happy Birthday.....ဖိုးးနေ"

အော်သံနှင့်အတူ ဥမ္မာသိန်းတို့ လင်မယား ပေါ်လာသည်။ ထို့နောက် မီးများလင်းလာသည်။ စားပွဲပေါ်တွင် လှပသော ကနုတ်များရေးဆွဲထားသော ကိတ်မုန့်တစ်လုံးပေါ်တွင် ဖယောင်းတိုင်မီးများထွန်းထား သည်။

" ဟားးး နင်တို့ရောက်နေတယ် ကြည့်စမ်းငါ့ကိုလည်း ဘာမှအသိမပေးကြဘူး"

" ဟားဟား ကျွန်တော်နဲ့ မဥမ္မာပေါင်းကြံကြတာ"

နေလင်းအံ့သြပျော်ရွှင်လွနိး၍ သူုမျက်နှာတွင် ချိုမြမြအပြုံးကအသက်ဝင်နေတော့ သည်။

" ကဲ ခွံ့ ခွံ့ ကျတော်ကို"

" ဟ ဟ ကို"

" ဝေးးးးး happy birthday ကွ ငါ့တို့လည်းခွံ့ဥိး"

အိမ်ကလေးက ပျော်ရွှင်စွာ အော်ဟစ်သံများနှင့်စည်ဝေသွားလေတော့သည်။

စစ်သွေး နဲ့ နေလင်းတို့ရဲ့ ချစ်ခြင်းမေတ္တာတို့က ဘယ်လိုမှရပ်တန့်၍ရနိုင်တော့မည်မဟုတ် တော့ပါ။

အချစ်စစ်တို့မည်သည် ဖြောင့်ဖြူးရာလည်း မရှိ ဟူသော စကားအတိုင်းသူတို့ရဲ့ခရီးလမ်း ကြမ်းတမ်းခဲ့ပေမယ့် အခုတော့ ပျားရည်ဆမ်းသော နေ့ရက်တို့ကရောက်ရှိလာပေတော့သည်။

ချစ်ခြင်းတစ်ခုကိုသာ ထာဝရ ရင်မှာပိုက်ပြီး  လာလတ္တံ့သော အခက်အခဲများကို
နှစ်ဦးအတူရင်ဆိုင်ရင်းတစ် သက်လုံး ထာ ဝရလက်တွဲသွားကြတော့မည် ဖြစ်ပေတော့သည်။

~ END ~

---------------------------------------------------
Note: ကျွန်တော်စာရေးပြီး အဆက်မပြတ် တင်ဖို့အဆင်မပြေချိန်မှာ စာဖတ်သူသူငယ်ချင်းတွေမပျင်းရအောင်အခြားသော စာရေးသူများ ရေးတဲ့စာတွေကို ကူးယူမျှဝေ ခြင်းဖြစ်ပါတယ်။

No comments: