မိပုတ် သည်နေ့ စိတ်နှင့်ကိုယ် မကပ်ပေ။ ထိုနေ့က ခါတိုင်းနေ့တွေလိုပဲ မိပုတ် အိပ်ရာထနောက်ကျသည်။ ဒီနှစ်မှ အသစ်ဖွင့်သည့် အသုပ်ဆိုင်လေးသည် ဘယ်လောက်ပင် အရသာရှိလှသည်မသိ မိပုတ်ပင် နံနက်စာ အိမ်က လုံးဝ မစားတော့။ အမေက ''စားစမ်းပါ'' စိတ်တိုတိုနှင့် ဇွတ်ကျွေးလည်း မစား။ တစ်ဦးတည်းသော သမီးလေးမို့ မိပုတ်က မျက်နှာကလေး စူပုပ်ပြလိုက်ရုံနှင့် အမေ့ခမျာ ဇွတ်မကျွေးဝံ့တော့ဘဲ အလိုလိုက်ရသဖြင့် အသုပ်ဖိုး တစ်ရာကိုသာ နေ့စဉ်ပေးရသည်။ အဖေကတော့ ဘာဆို ဘာမျှမပြော။ သို့သော် အဖေသည် အိမ်သို့ ဧည့်သည်တွေလာလျင် ''ငါ့သမီးက နေဖင်ထိုးမှ ထတာ'' ဟု ပြုံးပြုံး ပြုံးပြုံးနှင့် ပြောတတ်သည်။ အဖေ၏ အပြုံးမျက်နှာပေါ်မှာ မိပုတ်အပေါ် ချစ်ရိပ်တွေ လွှမ်းနေသည်။
ခါတိုင်းနေ့တွေတုန်းကဆိုလျင် မိပုတ်အိပ်ရာကနိုးတော့ အဖေနှင့် အမေက ယာတောသို့ နွားလှည်းနှင့် သွားစပြုပြီ။ အမေက မိပုတ်အား အိပ်ရေးဝပါစေသဘောနှင့် စိတ်ရှိတိုင်း အိပ်ခွင့်ပေးထားသည်။ နံနက်စာ မစားချင်မှန်း သိတာရောကြောင့် နံနက်စာ စားချိန်ပါ အိပ်ခွင့်ပေးထားသည်။ သို့ပေမဲ့ ကျောင်းတက်ချိန်အထိ အိပ်နေမည်စိုးသောကြောင့် ယာတောသို့ မသွားခင်လေးမှာ မိပုတ်ကို ''ဟဲ့ ကောင်မလေး နေမြင့်ပြီ။ ကျောင်းတက်တော့မယ်။ ထတော့ ကျုပ်တို့ တောသွားတော့မယ်။ ပိုက်ဆံ လွယ်အိတ်ပေါ်မယ်နော်'' ဟု နှိုးဖြစ်အောင် နှိုးပြီး လှည်းအသင့် ပြင်ထားပြီးပြီဖြစ်သော အဖေရှိရာလှည်းပေါ်သို့ အပြေးကလေးတက်ပြီး မောင်းထွက်သွားသည်။ မိပုတ်နံနက်စာ စားစား မစားစား မုန့်ဖိုးတစ်ရာကိုတော့ လွယ်အိတ်ပေါ် အသင့် တင်ထားပေးခဲ့သေးသည်။ မိပုတ်လည်း နေဘယ်လောက် မြင့်အောင်အိပ်အိပ် ကျောင်းနောက်ကျသည်ဟူ၍မရှိ။
ကျောင်းက ရွာနှင့်ကပ်ရက်လေးသာ ဝေးသည်။ အိပ်ရာထထချင်း မျက်နှာကို ရေစိုရုံသာသစ်ပြီး သွားမတိုက်ဘဲ သနပ်ခါးကျောက်ပြင်ဆီ ပြေးသည်။ သနပ်ခါးလိမ်း ကျွမ်းကျင်နေတော့ မျက်နှာပေါ် လေးငါးပတ် ပွတ်ပြီး ပါးကွက်ခြယ်လိုက်ရုံနှင့် သနပ်ခါးလိမ်းခြင်း လက်စသတ်ပြီ။ ဆံပင်က အတိတ်က ကုသိုလ်ကောင်း၍ထင့်။ ဖြောင့်စင်းနေသည်မို့ ဘီးနှင့် တစ်ချက်နှစ်ချက် ဖြီးလိုက်ရုံနှင့် လှပြီ။ ပြီးလျင် အမေလျှော်ပေးသော အဖြူ အစိမ်းဝတ်စုံလေးကိုဝတ်ကာ လွယ်အိတ်ပေါ်က တစ်ရာတန်လေးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး လွယ်အိတ်ကလေးကို မိန်းကလေးဆန်ဆန် ဘေးလွယ်လျက် ကျောင်းသို့ တန်းသွားသည်။ အိပ်ရာက အထ အပေါ့ အလေးလည်း မစွန့်။ ရေအဝသောက်ဖို့လည်း မသိ။ မနေနိုင်လျင် ကျောင်းမှာပဲ ဆရာဆရာမရှေ့ လက်တစ်ချောင်းထောင်ပြီး ကိစ္စပြီးလိုက်မည်။ နံနက်စာ ဟင်းကောင်းကောင်း ချက်ထားသည်လားလည်း မိပုတ်စိတ်မဝင်စား။ ကျောင်းဝင်ပေါက်မှ မမိသန်း၏ တစ်ရာတန်အသုပ်စုံလေးကို မိပုတ် နတ်သုဒ္ဓါ မစားချင်လောက်အောင် စွဲနေပြီ။ တချို့ဆိုင်တွေမှာ တစ်ပွဲသုံးရာတောင်မှ မမိသန်းက တစ်ရာတည်းမို့ အလွန်တန်သည်ဆိုပြီး မိပုတ်မလွတ်တမ်း စားဖြစ်ရာက စွဲသွားခြင်း ဖြစ်ပေလိမ့်မည်။ ကျောင်းဝင်ပေါက် ရောက်ရောက်ချင်း ခွေးခြေလေးကို ဆွဲထိုင်ကာ လူလုံးပြလိုက်ရုံနှင့် ''အသုပ်တစ်ပွဲ'' ဟု လှမ်းမှာစရာပင် မလိုတော့လောက်အောင် မမိသန်းကလည်း မိပုတ်အကြိုက်ကို သိနေပြီ။
သည်နေ့တော့ မိပုတ်စိတ်ထဲ ဝေခွဲမရခြင်းတွေ၊ နားမလည်နိုင်ခြင်းတွေ ကြီးစိုးနေခြင်းကြောင့် သနပ်ခါးလိမ်းအပြီး လွယ်အိတ်ကလေးကို ဆွဲလွယ်လိုက်စဉ် ''ဟဲ့ မိပုတ် မုန့်ဖိုးမယူတော့ဘူးလား'' ဟု အမေလှမ်းမေးသည်ကို မကြားခဲ့။ မုန့်ဖိုးတစ်ရာ ယူရမည်ကိုလည်း မေ့နေခဲ့သည်။ ကျောင်းသွားလမ်းတလျှောက် ဆိုင်ကယ်တွေ၊ စက်ဘီးတွေ မိပုတ်ဘေး သီသီကလေး လွတ်သွားခဲ့သည်လားလည်း မိပုတ် သတိမထားမိ။ မမိသန်းဆိုင်ရှေ့အရောက် ''ဟဲ့ မိပုတ် အသုပ်မစားတော့ဘူးလား'' ဟု မမိသန်းက လှမ်းအော်မေးသည်ကိုလည်း မကြားပြန်။ သူငယ်ချင်းတွေကလည်း ''မိပုတ်ရေ့ ဖန်ခုန်မလို့ ပါမလား'' ဟု မေးသည်ကိုလည်း မိပုတ်မသိ။ ကိုယ့်အတန်းထဲရောက်လို့ ခုံပေါ် ထိုင်လိုက်သော်လည်း မိပုတ်အတွေးစများက ပြတ်တောက်မသွား။
မိပုတ် ကျောက်သင်ပုန်းကို အသက်မပါစွာကြည့်ရင်း ခေါင်းတရမ်းရမ်းနှင့် စဉ်းစားခန်းဝင်မိသည်။ ဘယ်လိုကြီးပါလိမ့်။ ဘယ်လိုများဖြစ်တာပါလိမ့်။ အဖြေရှာရတာ ခေါင်းထဲ ရှုပ်ထွေးလိုက်တာ။ ထိုနေ့မနက်က ဝေခွဲရခက်သည့် မြင်ကွင်းတစ်ခု မိပုတ်မြင်ခဲ့သည်။ ထိုနေ့က တောင်ဘက်ရွာမှ ပေပင်တိုက်ရွာတွင် အလှူပွဲရှိသည်။ အဖေနှင့် အမေတို့ အလှူသွားမည်မို့ တောသို့မသွားပေ။ မနေ့ကလည်း လှည်းပေါ်မှာ နွားစာတွေ အပြည့်အမောက် ရိတ်လာတာ တွေ့ရသည်။ တောင်ဘက်အိမ်က အရီးစိန်က ''နွားစာတွေ များလှချေလား။ တအားပေါတာပေါ့ညည်းယာထဲ'' ဟု အမေ့ကို ပြောတော့ အမေက ''ပေါတယ်လို့လည်း မဟုတ်ပါဘူး။ မနက်ဖြန် ပေပင်တိုက်မှာ အလှူရှိတယ်လေ။ မနက်ဖြန်စာအတွက်ပါ ရိတ်လာတာ'' ''ဟင် အလှူက မနက်ဖြန်လား။ ငါ့နှယ် မေ့တတ်ပါ့။ ညည်းပြောမှ မှတ်မိတယ်။ ဒုက္ခပါပဲ။ ညနေကျမှ မနက်ဖြန်စာ သွားရိတ်ရတော့မယ်'' ဟု ပြောနေကြသည်ကို မိပုတ် သင်္ချာတွက်ရင်းက ကြားခဲ့ရသည်။ မိပုတ်လည်း အလှူလိုက်ချင်ပေမဲ့ အရိုက်ကြမ်းသည့် ဆရာမက ကျောင်းပျက်ရင် ရိုက်တတ်တော့ ''ငါရောလိုက်မယ်'' ဟု မိပုတ် အမေ့ကို မပူဆာရဲတော့ပေ။
သည့်ကြောင့် သည်နေ့ မိပုတ်အိပ်ရာထအပြီး ကျောင်းသွားရန် ဖြီးလိမ်းပြင်ဆင်ပြီးသည့်တိုင် အဖေနှင့် အမေတို့ တောသို့မသွားဘဲ အိမ်မှာပဲ ရှိနေသေးသည်။ အလှူသွားရာတွင် လိမ်းဖို့ အမေသွေးထားသည့် သနပ်ခါးများကို မိပုတ်က လုလိမ်းပစ်သည်။ အမေကတော့ ဘာမျှမပြောပေ။ မိပုတ်လိမ်းအပြီး အမေလည်း လိမ်းရန် သနပ်ခါးသွေးနေချိန် အဖေက ရေချိုးနေတုန်းပဲ ရှိသေးသည်။ မိပုတ်လည်း သည်နေ့ကျမှ အပေါ့က မအောင့်နိုင်သဖြင့် အိမ်နောက်ဖေးသို့ အပြေးကလေး သွားစွန့်လိုက်သည်။ ထိုစဉ်က ဝေခွဲရခက်သည့် မြင်ကွင်းတစ်ခုကို မိပုတ် မြင်ခဲ့ရခြင်းဖြစ်သည်။
မိပုတ်တို့အိမ်တွင် အိမ်သာနှင့် အပေါ့စွန့်ရန် ခြံလေးရှိသည်။ အပေါ့စွန့်ခြံလေးကို ထန်းလက်များဖြင့် ကာရံထားသည်။ မိပုတ်အပေါ့စွန့်နေစဉ် ထန်းလက်ပေါက်ကြားကနေ ရေချိုးနေသည့် အဖေ့ဆီက ထူးဆန်းသည့်အရာကြီး အမှတ်မထင် မြင်ခဲ့သည်။ မြင်ကွင်းကြောင့် မိပုတ်ပင် ကြောင်အသွားသည်။ အပေါ့စွန့်ချိန်လည်း ကြာသင့်သည်ထက် ကြာသွားသေးသည်။ အဖေ့ကိုလည်း အံ့သြမင်သက်စွာနှင့် ငေးကြည့်နေမိသေးသည်။ အဖေကတော့ မိပုတ်ကို မမြင်။ အဖေသည် ရေချိုးအပြီး ကိုယ်ကို တဘတ်ဖြင့် ရေသုတ်ပြီးနောက် တဘတ်ကိုဖယ်လိုက်စဉ် လုံးဝန်း ပြည့်တင်း ဖြူဖွေးနေသော သားမြတ်အစုံကို မြင်လိုက်ရခြင်းဖြစ်သည်။
*****
ဆရာမ စာပြမှုတွေထဲ မိပုတ်စိတ်မပါနိုင်ရတော့ပါ။ အဖေ့မှာ ဘာကြောင့် လုံးဝန်းပြည့်တင်းပြီး ဖြူဖွေးနေသည့် သားမြတ်အစုံ ရှိနေရတာလဲ။ မိပုတ်များ အမြင်မှားသည်လား။ မဖြစ်နိုင်ပါ။ မိပုတ် သေသေချာချာကို မြင်ခဲ့တာပါ။ အဖေ့သားမြတ်များသည့် အမေ့သားမြတ်များထက်ပင် ပြည့်တင်းလုံးဝန်းကာ လှပနေသေးသည်။ သို့သော် အမေသည် အသားညိုကာ ပိန်သွယ်ပြီး မိန်းမဆန်စွာ လှသည်။ အဖေသည် အသားဖြူပြီး ကိုယ်လုံးပြည့်ပြည့်နှင့်။ ဆံပင်ရှည်လာတိုင်း ညှပ်ပစ်တတ်သဖြင့် သန့်ပြန့်နေကာ ယောက်ျား ပီပီခန့်သည်။ သို့သော်လည်း အဖေ၏ သားမြတ်တွေကတော့ အပြင်ပန်းက အသားအရေထက် ပိုကာ ဖြူဖွေးလို့နေသည်။ ပိန်သွယ်သည့် ခန္ဓာကိုယ်နှင့် အမေ့သားမြတ်များသည် မိန်းမဆန်လောက်အောင် မပြည့်တင်းပါ။ မလှပပါ။ အဖေက လုံးဝန်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်အတွက် အဆီတွေကြောင့် သားမြတ်များပါ ပြည့်တင်းနေတာများလား။ မိပုတ် ခေါင်းရမ်းလိုက်ရမိပြန်သည်။ အို့ မဖြစ်နိုင်ပါဘူး။ အရှေ့ဘက်အိမ်က အဘကျန်းဆိုလျင် အဖေ့ထက်ပင် ဝသေးသည်။ သို့ပေမဲ့ အဘကျန်းရေချိုးတိုင်း မြင်မြင်နေရသည့် အဘကျန်း၏ သားမြတ်များသည် ယခု မိပုတ်မြင်ခဲ့ရသည့် အဖေ၏ သားမြတ်များလောက် မကြီးပါ။ အဖေ့သားမြတ်များက ယောက်ျားတစ်ယောက်တွင် ရှိသင့်သည့်အရွယ်အစားထက် ကြီးနေသည်။ မဟုတ်မှလွဲရော့။ မိပုတ်သည် တွေးနေရင်းက ကိုယ့်ကိုယ်ကိုယ် ထင်မြင်ချက်တစ်ခု ထိတ်လန့်စွာ စိတ်ထဲကနေ ပေးလိုက်မိသည်။ သို့သော်လည်း မိပုတ်သည် ကိုယ့်ထင်မြင်ချက်ကို ကိုယ်တိုင် လက်မခံချင်သလိုဖြစ်ကာ အို့ မဖြစ်နိုင်ပါဘူးဆိုပြီး ခေါင်းကို ခါရမ်းလိုက်သည်။
မိပုတ်သည် ကိုယ့်ထင်မြင်ချက်ကို ကိုယ်တိုင် လက်မခံချင်သလိုဖြစ်ကာ အို့ မဖြစ်နိုင်ပါဘူးဆိုပြီး ခေါင်းကို ခါရမ်းနေမိရင်းကပဲ ဖြစ်နိုင်ချေရှိသည့် တွေးစရာတွေက ခေါင်းထဲ တရေးရေးပေါ်လာသောကြောင့် ''အို့ တကယ်များ ဟုတ်နေပြီလား'' ဆိုပြီး မဖြစ်နိုင်ပါဘူးလို့ တွေးခဲ့သည့်အတွေးအတွက် ခေါင်းကို ထပ်ဆင့် ရမ်းနေမိပြန်သည်။
အဖေဟာ တကယ်ပဲလားကွယ့်။ မိပုတ်ဘဝမှာ အဖေရေချိုးသည်ကို လွတ်လွတ်ကင်းကင်း မမြင်ဖူးသေး။ အဖေ၏ ခန္ဓာကိုယ်ကို မိပုတ်သေချာ မမြင်ဖူးသေး။ ပြီးတော့ အရှေ့ဘက်အိမ်က အဘကျန်းတို့၊ တောင်ဘက်အိမ်က အရီးဝင်းမောင်တို့၊ အနောက်ဘက်အိမ်က အရီးစံလူတို့ဆို ရေချိုးလျင် အိမ်ရှေ့မှာသာ ချိုးကြသည်။ အဖေ့ကျတော့ ဘာကြောင့် အိမ်နောက်ဖေးမှာပဲ အမြဲချိုးတာလဲ။ အဘကျန်းဆိုတို့ ပူအိုက်သည့်ရာသီမှာ ကိုယ်အပေါ်ပိုင်း ဗလာနဲ့ နေကြပေမဲ့ အဖေကတော့ တစ်ခါမှ ဘာကြောင့် မနေရတာလဲ။ အဖေ၏ ကိုယ်အပေါ်ပိုင်း ဗလာနှင့် နေသည်ကို မိပုတ် တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးသေးပါ။ ရေချိုးသည့်နေရာကိုလည်း အိမ်ရှေ့မှာ ဘာကြောင့် မထားရတာလဲ။ တချို့အိမ်တွေမှာ ပုဆိုးကို အိမ်ရှေ့တွင် လျှော်ကြပါလျက်နဲ့ အဖေကတော့ ဘာလို့ အိမ်နောက်ဖေးမှာပဲ အမြဲလျှော်ရတာလဲ။ ဟင် ဒါဖြင့် အဖေဟာ့ အမျိုးသမီးတစ်ယောက်များလား။ ထိုအတွေးအသိကြောင့် မိပုတ် ကိုယ့်ကိုယ်ကိုယ် ထိတ်လန့်မိသွားသည်။ ထိတ်လန့်နေမိရင်းကပဲ ဒါဆို ငါဟာ အဖေရဲ့ သမီး ဟုတ်ပါ့မလားဟု တွေးမိလာရကာ ဝမ်းနည်းချင်သလို ဖြစ်လာသည်။ အို မဟုတ်ပါဘူး မဖြစ်နိုင်ပါဘူး။ ငါဟာ အဖေ့သမီးပါဟု ကိုယ့်ကိုယ်ကိုယ် မနည်းနှစ်သိမ့်နေရသည်။
နှစ်သိမ့်နေရင်းကပဲ အမှတ်ရစရာတစ်ခုက မိပုတ်ခေါင်းထဲ ဖျတ်ကနဲ့ ဝင်လာသည်။ မိပုတ် အမေနှင့် ကျောင်းအပ်တုန်းက အဖေ့နာမည်နေရာမှာ အဖေ့အမည် ဦးဖိုးခိုင်ဟု မရေးဘဲ တခြားနာမည် ရေးခဲ့သည်ကို မိပုတ်အမှတ်ရလိုက်ရသည်။ ထိုစဉ်က နားမလည်နိုင်ဖြစ်နေခဲ့ပေမဲ့ ဘာလို့ အဖေ့နာမည် မရေးတာလဲဟု ကလေးပီပီ အမေ့ကို မေးရမှန်းမသိခဲ့ပေ။ အခုတော့ မိပုတ် နားလည်စပြုသလို ဖြစ်လာသည်။ ဒါဖြင့်ရင် မိပုတ်အဖေဟာ တစ်ခြားသူများ ဖြစ်နေလေသလာ့း။ အို့ ထိုအတွေး တွေးမိရင်းက အတွေးအသိတစ်ခု ထပ်ဆင့်ဝင်လာပြန်သောကြောင့် မိပုတ် သိမ်ငယ်စွာ အို ဟု တလိုက်မိသည်။ အဖေဟာ မိပုတ်အဖေမဟုတ်ရင် အမေကလည်း မိပုတ်အမေ မဟုတ်နိုင်ပေဘူးပေါ့။ အမေသည် ယောက်ျားမရှိဘဲနှင့် မိပုတ်ကို မွေးလာစရာ အကြောင်းမရှိကြောင်း မိပုတ်ငယ်သေးပေမဲ့ သည်လောက်တော့ သိပါသည်။ ဒါဖြင့်ရင် မိပုတ်ကို မွေးစားထားကြသည်လား။ မိပုတ်မိဘတွေက ဘယ်မှာလဲ။ ''ဟင့် ဟင့်'' မိပုတ်တွေးနေရင်း အလိုလိုဝမ်းနည်းလာကာ ရှိုက်သံလေးများပင် ထွက်မှန်းမသိ ထွက်လာသည်။
''ဖြန်း''
ထိုစဉ်မှာပဲ ကျောပြင်ပေါ်သို့ တုတ်နှင့်ရိုက်ဒဏ် ကျဉ်ကနဲ့ ခံစားလိုက်ရသည်။
''ဘာလို့ စာလိုက်မဆိုတာလဲ။ ငါ့ကိုမထီမဲ့မြင်လုပ်တာလား ပြောစမ်း''
ဆရာမ၏ စိတ်မရှည်သည့် အသံမာမာကို ကြားရစဉ်မှာပဲ မိပုတ်သည် နာကျင်မှုထက် ဝမ်းနည်းမှုက ပိုလာသောကြောင့် ''အီး ဟီး ဟီး'' ဟု အသံပြဲကြီးနှင့် ငိုချလိုက်သည်။
''အယ် ဒီကောင်မလေး ဘာဖြစ့်''
ခါတိုင်းက အရိုက်ခံရလျင် မငိုတတ်သည့် မိပုတ်ကြောင့် ဆရာမပင် ကြောင်သွားသလို အတန်းဖော်တွေ အားလုံးကလည်း မိပုတ်ထံ အကြည့်ပို့လိုက်ကြသည်။
**********
မိပုတ်ကျောင်းကပြန်လာတော့ အမေသည် ထန်းလျားပေါ်ထိုင်ကာ လက်ကို စားပွဲပေါ်တင်ရင်း ရေနွေးကြမ်းတစ်ခွက်နှင့် မိပုတ်ကို စောင့်နေသည့်အလား အသင့်တွေ့ရသည်။ မိပုတ်ကိုမြင်တော့ အမေ့မျက်ဝန်းများသည် စူးစမ်းနေသလို ထင်ရသည်။
''ဂျိုင်း ဂျိုင်း ဂျိုင့်း''
ထိုစဉ်နောက်ဖေးမှာ စက်ခုံသံကြားရသည်။ အဖေနွားစာစဉ်းနေတာ ဖြစ်ရမည်။ အဖေ့ကို မမေးရဲသည်မို့၊ အမေ့ကိုမေးလျင်လည်း အဖေဘေးမှာရှိလျင် မေးရဲမှာ မဟုတ်သည်မို့ အဖေနွားစာစဉ်းနေချိန်သည် အခွင့်ကောင်းဆိုပြီး မိပုတ် အမေ့ဘေးမှာ ထိုင်လိုက်သည်။ အမေ့ကို မော်ကြည့်တော့ တုန်လှုပ်နေသလိုလိုများလားလို့။
''အမေ အဖေက မိန်းမကြီးလားဟင်''
မိပုတ်အမေးကြောင့် အမေသည် အံ့သြကာ မျက်လုံးပြူးသွားသည်။ အမေသည် မပြုံးနိုင်သည့်ကြားက အတတ်နိုင်ဆုံးပြုံးပြီး လိမ်ညာပြောလိုက်သည်။
''မဟုတ်တာ သမီးကလည့်း''
''အမေ မလိမ်ပါနဲ့ မနက်က အဖေရေချိုးတော့ မိပုတ်မြင်လိုက်တယ်။ အဖေက တကယ် မိန်းမကြီးလားဟင်။ အဖေက မိပုတ်အဖေမဟုတ်ဘူးလားဟင်။ ဒါဆို အမေကရော မိပုတ်ကို မွေးထားတာ မဟုတ်ဘူးလား''
မိပုတ်သည် မေးနေရင်းက အလိုလိုဝမ်းနည်းကာ ငိုသံတွေထွက်လာသည်။
''အို သမီ့း သမီးက အဖေနဲ့ အမေတို့ရဲ့ သမီးပါကွယ်''
''မလိမ်နဲ့အမေ။ မနက်က သမီးအကုန်မြင်ပြီးပြီ။ အများကြီးလည်း စဉ်းစားပြီးပြီ။ အဖေဟာ မိန်းမကြီး။ သမီးရဲ့အဖေ မဖြစ်နိုင်ဘူး။ ပိုသေချာတာက သမီးကျောင်းအပ်တုန်းက အဖေ့နာမည်မရေးဘဲ ဘာလို့ တခြားနာမည်ရေးရတာလဲဟင်။ အမေတို့ သမီးကို အကုန်လိမ်ထားတာမဟုတ်လား''
မိပုတ်၏ ရှည်ဝေးသည့်စကားကြောင့် အမေသည် ငိုမဲ့မဲ့နှင့် ခေါင်းကို တဆတ်ဆတ်ညိတ်ပြသည်။
''မနက်က စိတ်နဲ့ကိုယ်မကပ်တဲ့ သမီးအဖြစ်ကြောင့် အမေလည်း ထင်တော့ထင်သား။ သမီးအဖေကလည်း မြင်သွားသလားမသိဘူးလို့ ပြောလာတော့ အမေတို့မှာ အလှူတောင် ဖြောင့်အောင်မသွားနိုင်ပါဘူးသမီးရယ်။ သမီးအရွယ်ရောက်မှ သိမယ်ထင်ထားတာ။ အခုမှ လေးတန်းအရွယ်လေးနဲ့ သိသွားလိမ့်မယ်လို့ ထင်မထားဘူး။ ဟုတ်တယ်သမီး။ အဖေဟာ ယောက်ျားမဟုတ်ပါဘူး။ ဒါပေမဲ့ သမီးက အမေ့သမီးပါ။ အမေ့သမီးအရင်းပါ။ အမေကိုယ်တိုင် ဝမ်းနဲ့လွယ်ထားတဲ့ အမေ့ရဲ့ သမီးအရင်းပါကွယ်''
အမေ့စကားအမှန်ဖြစ်ပါစေလို့ မိပုတ်မျှော်လင့်လိုက်မိပေမဲ့ အဖေမပါဘဲ မိပုတ်ဖြစ်လာစရာအကြောင်းမရှိတော့ အမေ့စကားကို မိပုတ်မယုံရဲသေးပေ။
''ဒါဆို အဖေကဘယ်သူလဲ''
''သမီးအဖေက သမီးကျောင်းအပ်တုန်းက ထည့်လိုက်တဲ့သူ ဦးစိုးမောင်ပါကွယ်။ ဒါပေမဲ့လေ သမီးအဖေကိုဖိုးခိုင်က သမီးကို သမီးအရင်းနဲ့မခြား ချစ်တာပါ''
''အဖေ့နာမည်က ဦးစိုးမောင်လား။ အဖေက ဘာလို့ အမေနဲ့အတူမနေတာလဲ။ ဟို မိန်းမကြီးကြောင့်လား''
''အို သမီး ဘယ်လိုပြောလိုက်တာလဲ။ ဟိုမိန်းမကြီးတဲ့လား''
မိပုတ်အခေါ်အဝေါ်က လွန်သွားတယ်လို့ အမေက ထောက်ပြလိုက်ပေမဲ့ လွန်နေတယ်လို့ မိပုတ်တကယ်မသိ။
''ကိုစိုးမောင်က အမေနဲ့အတူမနေတာ အဖေကိုဖိုးခိုင်ကြောင့်မဟုတ်ပါဘူးကွယ်။ ကိုစိုးမောင်က အတူမနေတာပါ။ သမီးကိုမွေးအပြီး နောက်မိန်းမယူသွားတာပါ''
''အဖေနောက်မိန်းမယူတော့ အမေလည်း နောက်ယောက်ျားယူလေ။ ဘာလို့ ယောက်ျားမယူဘဲ ယောက်ျားမဟုတ်တဲ့ မိန်းမကြီးကိုယူတာလဲ''
''တကယ်က သမီးမသိတာတွေ ရှိပါသေးတယ်ကွယ်''
အမေသည် မပြောခင်ရှိုက်လိုက်ပြီး မျက်ရည်တွေကျလာသည်။ မိပုတ်သည် သိချင်လွန်းအားကြီးနေသောကြောင့် အမေ့ကို သနားရမှန်းမသိ။
''တကယ်က အမေတို့က မိန်းကလေးချင်း ချစ်တဲ့သူတွေပါ။ အမေနဲ့ အဖေကိုဖိုးခိုင်က ငယ်ငယ်လေးကတည်းက သိပ်ချစ်ကြတာ။ အမေတို့က မိန်းကလေးချင်းချစ်ကြပေမဲ့ အမေက ယောက်ျားလိုမဝတ်ချင်ဘူး။ အဖေကိုဖိုးခိုင်က ယောက်ျားလိုဝတ်ရမှ ကြိုက်တယ်။ အမေတို့ မိန်းကလေးချင်းချစ်တာကို မနှစ်ကဆုံးသွားတဲ့ သမီးရဲ့ အမေကြီးက သဘောမတူဘူး။ ဒါ့ကြောင့် ကိုစိုးမောင်နဲ့ အတင်းပေးစားပြီး အမေတို့မိန်းကလေးချင်းချစ်တာကို ခွဲခဲ့ကြတာပါ။ သမီးကိုမွေးပြီးတဲ့အချိန်မှာပဲ ကိုစိုးမောင်က ဖောက်ပြန်ပြီး အမေနဲ့သမီးတို့ကို ထားခဲ့တာပါ။ အဲဒီအခါကျမှ အမေကြီးက အဖေကိုဖိုးခိုင်နဲ့ အမေတို့ကို ဘာမှမပြောတော့ဘူးလေ''
''ဟင် ဒါဆို ဒါဆို အမေတို့ကို သူများတွေက မပြောကြဘူးလားဟင်။ အမေတို့ မရှက်ကြဘူးလား''
''ပြောကြပါတယ်။ အမေတို့က ငယ်ငယ်တုန်းက ချစ်လာခဲ့ကြတော့ ဘယ်သူဘာပြောပြော ဂရုမစိုက်ဘူး။ မိန်းကလေးချင်းချစ်တာက သူများပစ္စည်းခိုးတာမဟုတ်တော့ ရှက်စရာမဟုတ်ပါဘူးသမီးရယ်။ ဘယ်သူမဆို ကိုယ်လုပ်မှ ကိုယ်စားရတာ။ သူများတွေကို ဂရုစိုက်ဖို့ အချိန်မရှိဘူး။ သမီးသာ ရှက်ရင် သမီးအဖေအရင်းဆီသွားလေ။ ပေတောရွာမှာ ရှိတယ်''
''ပေတောရွာမှာ အဖေရှိတယ်လား။ အဖေက မိပုတ်ကိုလာတွေ့ဖူးလားဟင်''
''မလာပါဘူး။ အခုဆို ကလေးတွေတောင် နှစ်ယောက်ရနေပြီကြားတယ်''
အမေပြောတော့ မိပုတ် အဖေအရင်းကို စိတ်နာသွားမိသည်။
''ဒါဆို အမေက အဖေ့ကို စိတ်နာနေမှာပေါ့နော်''
''ဟင့်အင်း အမေ သမီးအဖေကို တစ်ခါမှ စိတ်မနာဖူးပါဘူး။ သမီးအဖေက သမီးကို အမေ့အတွက် လက်ဆောင်ပေးသွားတယ်လေ။ အမေတို့ငယ်ငယ်က အဖေကိုဖိုးခိုင်နဲ့ တစ်သက်လုံး အတူနေသွားကြမယ်လို့ ကတိပေးခဲ့ကြတယ်။ ဒါပေမဲ့ အမေတို့က မိန်းကလေးချင်းဆိုတော့ ကလေးမရနိုင်ဘူးလေ။ ကလေးတစ်ယောက်တော့ အမေတို့ လိုချင်တာပေါ့။ အဲဒီအချိန်မှာပဲ ကိုစိုးမောင်က သမီးလေးကို ပေးခဲ့တော့ ကျေးဇူးတောင် တင်နေမိတာ။ ဒါပေမဲ့ အမေတစ်ခုတော့ စိုးရိမ်မိတယ်။ ကိုစိုးမောင်က နောက်မိန်းမနဲ့ ကွဲပြီး အမေ့ဆီ ပြန်လာမှာကိုပဲ''
''အာ အမေကလည်း ပြန်လာရင် တစ်ခါတည်း ထုတ်လွှတ်လိုက်ပေါ့။ သမီးကတော့ အဲ့လိုလူမျိုး အဖေမခေါ်နိုင်ပါဘူး''
မာန်ပါပါနှင့် ပြတ်ပြတ်သားသားပြောလိုက်သည့် မိပုတ်စကားကြောင့် အမေပင် အံ့သြသွားသည်။ ထိုစဉ်မှာပဲ ပြတင်းပေါက်ကနေ ချောင်းနားထောင်နေသည့် အဖေ့ကို မိပုတ် ဖျတ်ကနဲ့ မြင်လိုက်သည်။ အဖေ့မျက်နှာသည် ဝမ်းနည်းနေသည့် မျက်နှာ။ အဖေဘယ်တုန်းကများ နားထောင်နေပါသလဲ။ အိုး အခုမှပဲ သတိထားမိတော့သည်။ မိပုတ်တို့ စကားပြောကောင်းကောင်းနှင့် နွားစာစဉ်းသံ တဂျိုင်းဂျိုင်းဟာ အစောကြီးကတည်းက တိတ်ဆိတ်နေခဲ့တာကိုပင် မေ့နေခဲ့သည်။ ဒါဖြင့် အဖေဟာ အစောကြီးကတည်းက နားထောင်နေခဲ့တာပေါ့။ နားထောင်နေချိန်မှာ အဖေရင်တမမနှင့် ဘယ်လောက်များ ဝမ်းနည်းနေလိုက်ရှာမည်လဲ။ မိပုတ်တွေဝေမနေတော့ဘဲ နေရာမှထကာ အဖေ့ဆီ ပြေးသွားလိုက်ပြီး အဖေ့ကို ပွေ့ဖက်ကာ တစ်ခွန်းတည်း ပြောလိုက်သည်။
''မိပုတ်မှာ ဟောဒီ အဖေတစ်ယောက်ပဲ ရှိတယ်''
အဖေသည် ချွေးသီးချွေးပေါက်ကြားကနေ မိပုတ်ကို အစွမ်းကုန်ပြုံးပြလိုက်သည့်တစ်ခဏ ချွေးစက်လား မျက်ရည်စက်လားမသိသည့် အေးစက်စက် အစက်တစ်စက် အဖေ့မျက်နှာပေါ်ကနေ မိပုတ်မျက်နှာပေါ်ကျသွားသည်။ ဝမ်းသာမျက်ရည်သာ ဖြစ်ပါစေတော့။
*****
(ဒေးဗစ်မောင်မောင်)
ရွှေအမြုတေမဂ္ဂဇင်း ဇွန် ၂၀၁၈
No comments:
Post a Comment