အပိုင်း (၁)
-------------------------------------------------------------------------------
အခန်း (၁)
"ဟယ် … ကောင်မ၊ ညည်းဟာက မများလွန်းဘူးလား"
သပြေမက စကားပြောရင်းက ကျွန်မကို ထအော်တယ်။ ကျွန်မ ငွေယူ များနေတာကို သိတယ်။ ဒါပေမယ့် ကျွန်မ ခုချိန်မှာ ငွေကို အရေးတကြီး လိုအပ်နေတယ်။ ဘာကြောင့် လိုအပ်နေတယ် ဆိုတာကို မမေးနဲ့။ ကျွန်မ မျက်လုံးထဲမှာလည်း ငွေမှငွေ ဖြစ်နေတယ်။ ငွေမရလို့ မဖြစ်ဘူး။ ငွေမရရင် မောင့်အချစ်၊ မောင့်အကြင်နာနဲ့ ကျွန်မ ဝေးလိမ့်မယ်။ ကျွန်မ မောင်နဲ့ဝေးပြီး မနေနိုင်ဘူး။
"ကောင်မရယ် ... နည်းနည်းလေး များတာပါ။ နင့် မိတ်ဆွေတွေ ကလည်း သူဌေးတွေပါဟာ။ ဒီတစ်ခါတော့ ငါ့ကို ကူညီပေးပါ။ ငါ ငွေအရမ်း လိုအပ်နေလို့ပါ"
ကျွန်မစကားအဆုံးမှာ သပြေမက မဲ့ကာရွဲ့ကာဖြင့် ...
"နင့်အကောင် အတွက်ပဲ မလား။ နင်ကိုက ဝဋ်ကြီး လွန်းပါတယ်အေ။ အဝတ်အစား ဆိုရင်လည်း အဝတ်အစား။ ငွေဆို ငွေ၊ ရွှေဆို ရွှေ ဒီလောက် ပေးနေတာတောင် သူ့လိုဘတွေက မပြည့်နိုင်သေးဘူး တဲ့လား။ ကောင်မ ကြည့်ကျက်လုပ်။ ဟိုက ရတာတွေ မ ပြီး ညည်းကို ပလစ်သွားမှ အသံပြဲကြီးနဲ့ မငိုနဲ့"
ပြောပြီး ဆောင့်ဆောင့် အောင့်အောင့်နဲ့ ကျွန်မအိမ်က ထွက်သွားတယ်။ ကျွန်မကိုယ် ကျွန်မ ဒီလောကမှာ ကံအကောင်းဆုံးလို့ မှတ်ယူထားတယ်။ ကျွန်မ မောင်ရဲ့ အသားအရေက ဖြူဖွေးပြီး၊ နှုတ်ခမ်းမွှေး ရဲရဲလေးနဲ့ သိပ်ချစ်ဖို့ကောင်းတာ။ ကျွန်မ ဆင်ထားတဲ့ အဝတ်အစား အကောင်းတွေနဲ့ဆို တကယ် မင်းသား တက်လုပ်လို့ ရတယ်။
ပုဆိုးဝတ်ပြီ ဆိုလည်း သေသပ်ပြီး ဘယ်နေရာမှာမှ မောင်က ခြွင်းချက် မရှိဘူး။ တစ်ခါတစ်ခါ စိတ်လိုလက်ရ ပြုံးလိုက်ရင် တစ်စွန်းတစ်စ ပေါ်လာတဲ့ သွားတက်ကလေးကိုက ချစ်စရာ ကောင်းလွန်းလှတယ်။ ဒါပေမယ့် မောင်က နည်းနည်း မြာပွေချင်တယ်။ ရုပ်ရည်ကလေး ကလည်းရှိ အသုံးအဆောင်လေးတွေ ကလည်း ခေတ်မီဆိုတော့ မောင့်ဘေးမှာ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတယ်။
မောင်နဲ့ ပတ်သက်မိတဲ့ နောက်ပိုင်း ကျွန်မ ငွေကို အရင်ကထက် ပိုရှာတတ်လာတယ်။ သပြေမက ပြောသာ ပြောတယ်။ ကျွန်မရဲ့ အချစ်ဆုံးလည်း ဟုတ်။ သူငယ်ချင်းလည်း ဟုတ်။ ညီအစ်မလည်း ဟုတ်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မပြောလိုက်တဲ့ ငွေတချို့နဲ့ ကနားတစ်ပွဲတော့ ဖြစ်ပြီ။
ဒိုး ...
"နန်းတော်ကြီးက ဒိုးဟေ့"
ကျွန်မ အသံကို ခပ်ကျယ်ကျယ် အော်ပြီး မင်နဲ့မောင်းနဲ့ ကတယ်။ ဒီကနားပွဲကို ကျွန်မ သိပ်စိတ်မပါဘူး။ ဘာလို့လဲဆိုတော့ ဒီပွဲပြီးရင် မောင်နဲ့ ချိန်းထားတယ်။ ခုခေတ်စားနေတဲ့ ခေတ်ပေါ်ပစ္စည်း တစ်ခုကို မောင့်ကို ပေးချင်နေတယ်။ မောင့်ဘက်က မဆွတ်ခင်ကပဲ ကျွန်မက ညွတ်ပြီး ပံ့ပိုးပေးချင်နေတာ။
ကျွန်မ ကနားမှာ တစ်နေ့လုံး ပျာယာခတ် နေပုံကို သပြေမက မျက်စောင်း တထိုးထိုးနဲ့ ရန်လုပ်တယ်။ နောက်ဆုံး မယ်တော်လေးပါး စားတော်တိုက်ပြီး ချိန်မှာ ကျွန်မစိတ်တွေ ပေါ့ပါးသွားတယ်။ ကျွန်မ တာဝန်ယူထားတဲ့ ပွဲတစ်ခု ပြီးသွားပြီ။ ဒီပွဲကျေးဇူးနဲ့ ကျွန်မ အရေးတကြီး လိုအပ်နေတဲ့ ငွေတချို့လည်း ပြည့်ပြီလေ။ အမေဂျမ်း ပင့်တုန်း သပြေမကို အမြင်ကပ်ကပ်နဲ့ တစ်ချက်၊ နှစ်ချက်လောက် ခပ်ကြမ်းကြမ်းလေး ကလော် တုပ်ပေးလိုက်တယ်။ ဒါမှ ဒီကောင်မကို တရားဝင် ဩဇာသီး ရောင်းခွင့်ရတာ။ ဟိုလိုဆို တစ်ယောက်အကြောင်း တစ်ယောက် အူမချေးခါးမကျန် သိနေတာဆိုတော့ ပြောရမယ်ဆိုတာ မလွယ်။
ကနားပွဲ တစ်ခုလုံး ပြီးပြီမို့ ကျွန်မ အိမ်ကို စောစော ပြန်လာခဲ့တယ်။ နောက်ပိုင်း ကျန်တာတွေကို သပြေမနဲ့ သူ့တပည့်လေးတွေ ကြည့်လုပ်လိမ့်မယ်။ အအေးလေးသောက်၊ ရေလေးချိုးပြီး မောင် ဖုန်းခေါ်မယ့် အသံလေးကို ရင်ခုန်စွာနဲ့ စောင့်နေမိတယ်။
"မဆုံနိုင်တဲ့ အကြောင်းလေး ရှိခဲ့ကြတော့ တစ်နေ့နေ့ အသင့်ဖြစ်အောင် ပြင်ဆင်ပါ့မယ်"
ကျွန်မ မျှော်လင့်နေတဲ့ အချိန်မှာ ဖုန်းသံက ခပ်တိုးတိုးလေး မြည်လာတယ်။ ကျွန်မ ရင်ခုန်စွာ ကောက်ကိုင်လိုက်တော့ ...
"ချစ် ... မောနေပြီလား၊ မောင်က စိတ်ပူနေတာ၊ အာဘွား ..."
မောင်က ပြောရင်း "ပြွတ်" ဆိုတဲ့ အသံတချို့နဲ့ ဖုန်းထဲကနေ အကြင်နာ အနမ်းလေး ပေးတယ်။ အပြင်မှာ အနမ်းတစ်ပွင့် ရလိုက်သလိုမျိုး ကျွန်မမျက်နှာလေး ရဲရဲနီသွားတယ်။ "ချစ်လိုက်တာ မောင်ရယ်" လို့ အပြောမှာ မောင်က ...
"ချစ်ကို မောင် ခု လာကြိုမယ်" ဆိုပြီး ဖုန်းချသွားတယ်။
နာရီဝက်လောက် အကြာမှာ မောင် ကျွန်မအိမ်ကို ရောက်လာတယ်။ ဘောင်းဘီအကျပ် အနက်ကလေးနဲ့ ကိုယ်ကြပ်အကျႌ အညိုလေးက မောင့်ရဲ့ ကိုယ်ဟန်အလှကို ပေါ်လွင်နေစေတယ်။ တစ်ချက်တစ်ချက် ကိုယ်ဟန် လှုပ်ရှားလိုက်တိုင်း ဖျတ်ခနဲ ဖျတ်ခနဲ ပေါ်ပေါ်လာတဲ့ စိန်နားကပ် သေးသေးလေးရဲ့ အလင်းရောင် တချို့က ကျွန်မအတွက် ပီတိကို ဖြစ်နေစေတယ်။
ကျွန်မ မောင့်ကို ချစ်လွန်းလို့ မောင့်အတွက် လိုအပ်တာ မရှိရအောင် ကြိုးစားပေးထားတာ။ ဒါဟာ အချစ်မဟုတ်ရင် ဘာများဖြစ်နိုင်မလဲ မောင်။ တက်ကြွနေတဲ့ မောင့်ပုံလေးကို မြင်လိုက်တော့ ကျွန်မ တစ်နေ့လုံး ကခုန်သောက်စား ထားပြီး ငွေရှာရလို့ မောနေတဲ့ စိတ်လေးတောင် ပျောက်သွားတယ်။
"ကဲ ... မောင် သွားမယ်လေ။ မောင်ကြည့်ထားတာ ဘယ်ဆိုင်လဲ"
ကျွန်မ အပြောကို မောင်က ခေါင်းညိတ်ပြရင်း ကျွန်မဘေးကို လာထိုင်တယ်။ ဘယ်အချိန်ပဲ ဖြစ်ဖြစ် မောင် ကျွန်မနား ကပ်လာရင် ကျွန်မ ရင်ခုန်သံတွေ ဝုန်းဒိုင်းကျဲနေကြ။
* * *
အခန်း (၂)
မောင့်ပါး ဖွေးဖွေးလေးကို ကျွန်မ အကြင်နာ အနမ်းလေး ပေးမို့ ရှေ့ကို တိုးလိုက်ချိန်မှာ မောင်က ဘေးကို ရှောင်တိမ်းသွားတော့ ကျွန်မရင်ထဲ အနည်းငယ် နာကျင်သွားတယ်။
ယောက်ျား တစ်ယောက်ရဲ့ အချစ်ကို ဘာနဲ့ ထိန်းချုပ်လို့ ရမယ်ဆိုတာ ကျွန်မ သေချာ မသိပေမယ့် ဓနဆိုတဲ့ ကြိုးတစ်ခုကတော့ ကျွန်မတို့လို လူတန်းစားအတွက် မရှိမဖြစ် လက်နက်တစ်ခု ဖြစ်နေမှာ သေချာပါတယ်။ ဒီလိုချောမောတဲ့ အမျိုးသား တစ်ယောက်ကကော ဘာအတွက်ကြောင့်များ ကျွန်မတို့ကို ချစ်ပါတယ်။ မြတ်နိုးပါလို့ ပြောပါလိမ့်မယ်။
တစ်ခါတစ်ခါ အချစ်ဆိုတာ ပုံသေနည်း မရှိတဲ့ ကဗျာတစ်ပုဒ် ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ကျွန်မကတော့ ပေးဆပ်လို့ ချစ်တဲ့ အချစ်ကိုပဲ တန်ဖိုးထားမိတယ်။ မောင်ဆိုတဲ့ အသိတစ်ခုနဲ့ ချစ်နေခွင့် ရနေသမျှတော့ မောင် ဘယ်လိုပဲ ပြုမူပြုမူ ကျေနပ်သာယာ နေမှာပါ။
ကျွန်မ အတွေးတွေ တသီကြီးနဲ့ မောင် ပစ္စည်းကြည့်ထားတယ် ဆိုတဲ့ ဆိုင်ကို ရောက်လာတယ်။ အလုပ်လုပ်၊ ငွေရှာရလို့ လူပင်ပန်းတယ် ဆိုတာ မောင့်ကို အကြောင်း တစ်ခုခုနဲ့ ဆုံးရှုံးရမယ်ဆိုတဲ့ အသိတစ်ခု ဝင်လာလို့ စိတ်ပင်ပန်း ရတာနဲ့ နှိုင်းယှဉ်ရင် အများကြီး ကွာတယ်။ ယောက်ျား တစ်ယောက်ကို ချစ်မိလို့ ပင်ပန်းတာမျိုး မဟုတ်ဘူး။ မောင်ဆိုတဲ့ သွေးသားတစ်ခုကို ချစ်မိလို့ ကြားသမျှ မြင်သမျှ အရာအားလုံးကို အချစ်ဆိုတဲ့ အသိတစ်ခုနဲ့ ဥပေက္ခာ ပြုထားခဲ့တယ် ဆိုရင် ရှင်တို့ ယုံနိုင်ပါ့မလား။
ကျွန်မတို့ အသိုင်းအဝန်းထဲမှာ ကျွန်မလိုလူ လက်ချိုးရေတွက်လို့ ရတယ်။ အချစ်နဲ့ ပေးဆပ်ခြင်း၊ ပေးဆပ်ခြင်းနဲ့ ရယူခြင်း၊ အတ္တနဲ့ အချစ်ကို အချိုးညီညီ မချနိုင်တဲ့ အသိုင်းအဝန်း ထဲမှာ ဘာဖြစ်ဖြစ် မောင် စိတ်ချမ်းသာရင် ပြီးတာပါပဲ ဆိုတဲ့ အချစ်သမကြီးတွေ ရှိနိုင်ပေမယ့် အရမ်းကို နည်းတယ်။
"ကောင်မ ... ငါ့ချစ်သူကို လာမထိနဲ့၊ မီးပွင့်သွားမယ်။ စနိုက် လာမကြော်နဲ့" ဆိုတဲ့ သူက ပိုများတယ်။ မောင့်အချစ်ကို ပိုင်ဆိုင်ရလို့ စိတ်ချမ်းသာမယ့် အရေးထက် မောင့်ဘဝလေး အေးချမ်းပြီး ပျော်ပျော်ရွှင်ရွှင် မတောင့်မတ မကြောင့်မကျတဲ့ ဘဝလေးကို ပေးဆပ်ရင်း ချစ်နေတာကော အချစ်စစ် မဟုတ်နိုင်ဘူးတဲ့လား။ ကျွန်မ အပေါင်းအသင်းတွေက ကျွန်မကို ပြောကြတယ်။ မူယာပို ညည်းက နှာခေါင်း မပါဘူးတဲ့။ ကိုယ့်ချစ်သူ "အစစ်မ" တွေနဲ့ သာယာနေလည်း နင်ကြည့်နေနိုင်တာ အံ့ဩတယ်တဲ့။ သူတို့အပြောကို ကျွန်မ မငြင်းပါဘူး။ ဘယ်သူက ကိုယ့်ချစ်သူ တစ်ပါးသူနဲ့ ချစ်ပွဲတွေ ဝင်နေတာကို ပျော်နေမယ်လဲ။
ဒါပေမယ့် ကျွန်မတို့က ကျွန်မတို့လေ။ သူများဘဝနဲ့ မတူဘူး။ ချစ်လို့ ရတယ်။ မြတ်နိုးလို့ ရတယ်။ တွယ်တာလို့ ရတယ်။ ကြည်ဖြူရင် ဘာကိုပဲ ဖြစ်ဖြစ် မောင့်စိတ်တိုင်းကျ ဆိုပြီး အဆုံးသတ်မျဉ်းတွေ ဆွဲပစ်လိုက်လို့ ရတယ်။ ဒါပေမယ့် လက်ထပ်ခြင်းဆိုတဲ့ ပန်းတိုင်ကို ဘယ်တော့မှ ရောက်လာနိုင်မှာ မဟုတ်ဘူး။ ပတ်ဝန်းကျင်မှာ ကျွန်မချစ်သူ မျက်နှာမငယ်ရဖို့၊ လူဝင်ဆံ့ဖို့ တချို့သော နာကျင်ခြင်းတွေက ဥပေက္ခာတရားတွေကို ကျွန်မ စည်းတားထားမှ ဖြစ်မယ်။
ဒါကြောင့် ကျွန်မ မောင်နဲ့ အပြင်သွားရင်တောင် အမြဲ ယောက်ျားပုံပဲ ဝတ်တယ်။ ကျွန်မရဲ့ ပုံရိပ်ကြောင့် မောင့်ကို တစ်ပါးသူတွေ အလယ်မှာ မျက်နှာ မငယ်စေရဘူး။ ဒါဟာ မောင့်အပေါ်ထားတဲ့ အချစ်ထက်ပိုတဲ့ မေတ္တာစစ်စစ်ပါ။ ပင်ပန်းလှတဲ့ ဟန်ဆောင်ခြင်းတွေ ကြားမှာ အသားကျနေပေမယ့် မောင့်လက်ကို တွဲပြီး ကမ္ဘာတစ်ပတ်တောင် ဖြစ်နိုင်ရင် ပတ်လိုက်ချင်တယ်။ မောင့်လက်ဖျားလေးနဲ့ ကျွန်မပုခုံးလေး ဒါမှမဟုတ် ပါးလေးကို လာထိရင်ကို ရင်ခုန်သံတွေက တဒိန်းဒိန်း ခုန်နေတတ်တာ သာယာမှု တစ်ခုထက် ပိုပါတယ်။
"ညီမလေး ... ကိုယ့်ကို iphone 6 လေး တစ်ချက် ပြပေးပါ"
ကျွန်မနဲ့ ဆန့်ကျင်ရာ တစ်ဖက်မှာ မောင်က တခြားတံဆိပ် ဖုန်းတွေ ကြည့်နေတုန်း အရောင်း စာရေးမလေးကို ကျွန်မ ဈေးမေးလိုက်ပါတယ်။ လှလိုက်တာ iPhone 6 ရွှေရောင်လေးနဲ့ ငွေရောင်လေး။ ကျွန်မတောင် ဒီလောက် ဈေးများတဲ့ ပစ္စည်းတွေ မသုံးဘူး။ ဒါပေမယ့် မောင့်အတွက်တော့ လိုအပ်တယ်။ သူ့ရုပ်ရည်နဲ့ ဒီလောက်တော့ ကိုင်မှ ဖြစ်မယ်။ မဟုတ်ရင် အပေါင်းအသင်းတွေ ကြားမှာ မျက်နှာ ငယ်နေလိမ့်မယ်။
ကိုယ့်ပါးစပ်ကနေ "ညီမလေး ... ကိုယ့်ကို" ဆိုတဲ့ စကားကို မနည်း ပြောယူရတယ်။ ဒါက မောင်နဲ့ အတူတူသွားတဲ့ နေ့လေးမှာပဲ ပြောလေ့ပြောထ ရှိတဲ့ စကားလုံး။ ကျွန်မတို့ အပေါင်းအသင်း တစ်သိုက်နဲ့ ဆိုရင် ဒီဖုန်းဆိုင်မှာ "အစစ်မ"တွေ ကျွန်တို့ရဲ့ ချေလုံးတွေ၊ ဝုန်းလုံးတွေနဲ့ ဝက်ဝက်ကွဲသွားမယ်။ "ထိန်းချုပ်စမ်း၊ မူယာပို၊ နင်မောင့်ကို ချစ်တာ သူများ အထင်သေးမှုတွေ မလိုချင်ဘူး မဟုတ်လား" လို့ ကိုယ့်ဘာသာကိုယ် သတိပေးနေရတယ်။
"ရွှေရောင်လေး ယူရင် ဆယ်သိန်းကျော်လောက် ကျမယ် အစ်ကို"
အရောင်း စာရေးမလေးက ကျွန်မကို ကြည့်ပြီး အစ်ကိုလို့ ခေါ်တော့ နည်းနည်းတောင် နေရ ခက်သွားတယ်။
"ဟုတ်လား .. ကိုယ့်ညီကို ပြလိုက်ဦးမယ်။ ကိုယ်က သူ့အတွက် လာကြည့်တာ"
ဘယ်လောက်ပဲ ဟန်ဆောင်ရင်း ထိန်းချုပ်ထားပါစေ ဗီဇကလေးကတော့ ပေါ်ပေါ်လာတယ်။ ကျွန်မ ပြောလိုက်တဲ့ လေသံကို အခြောက်မအပေါင်း သူတော်ကောင်းတို့ ကြားရင် ခပ်ချေချေမိုးမြင့် ဆိုပြီး ပြောကြမှာ သေချာပါတယ်။
ဒီ အိုင်ဖုန်းလေး ဝယ်ဖို့ ကနား လေးငါးခုလောက် ကျွန်မ တစ်ဆက်တည်း ကရအောင် ကြော်ရလှော်ရ ခြိမ်းခြောက်ရနဲ့ တော်တော်ပင်ပန်း လိုက်သေးတယ်။ လက်ထဲက ငွေက ဆယ်ဂဏန်း မပြည့်ရင်တော့ ကိုယ်တော်ကြီး(ကိုကြီးကျော်) ရဲ့ တိုက်ကြက်လေးကိုပဲ သပြေမကို သွားထားခိုင်းရမယ်လို့ နောက်ဆုံး တွေးထားရတယ်။ မတတ်နိုင်ဘူးလေ။ တော်ကြာ သူလိုချင်တဲ့ပစ္စည်း ကျွန်မ မပေးနိုင်လို့ ကျွန်မဆီ မလာတော့ရင် ရင်ကွဲရမှာက ကျွန်မ မဟုတ်လား။
"ညီလေး မင်းခန့်ကျော် ... ဒီမှာ လာကြည့်လေ။ ကိုယ်ယူမယ့် ပစ္စည်းကို မကြည့်ဘဲ ဘာတွေ သွားကြည့်နေတာလဲ"
ကျွန်မ စကားသံကိုကြားတော့ မောင်က ကျွန်မကို ဟန်ပါပါတစ်ချက် ကြည့်ပြီး ...
"ဟုတ် အစ်ကို၊ ဒီမှာ ကွန်ပြူတာလေးတွေ လှလို့ ကြည့်နေတာ"
မောင်ပြောလိုက်တဲ့ အသံနဲ့ စကားအဆုံးမှာ ကျွန်မရင်ထဲ ထိတ်ခနဲ ဖြစ်သွားတယ်။ iPhone 6 ပြီးတော့ မောင် အသစ်ထွက်တဲ့ ကွန်ပျူတာလေးများ လိုချင်နေပြန်ပြီလား။ အမြဲ ဒီလို လုပ်တတ်တဲ့ မောင့်ဗီဇလေးကို သိထားတော့ ကျွန်မ ရင်ထိတ်သွားတာတော့ အမှန်။ ကျွန်မလည်း မောင့်ကို ချစ်လွန်းလို့သာ အမ်း (ပံ့ပိုးနေရ) နေရတာ။ အလုပ်က ခုတလော သိပ်မဖြစ်။
အချစ်နဲ့ ဓနကို အချိုးမချရဘူးလို့ ဆရာသမားတွေက သွန်သင်ခဲ့ကြဖူးတယ်။ ဒါပေမယ့် ကျွန်မ မောင့်ကို ချစ်ခွင့်ရဖို့က ဓနဆိုတဲ့ ကြိုးတစ်ခုကလွဲပြီး ကျန်တာတွေ မရှိဘူး။ အချစ်ကို ချည်နှောင်တာ မဟုတ်ပေမယ့် ချည်နှောင်နိုင်တဲ့ အင်အားတစ်ခုကိုတော့ ကျွန်မ ဖန်တီးမှ ဖြစ်မယ်။ မောင်ပျော်မယ်ဆို အသွေးကို ယူပါ။ အသားကိုလည်း ယူပါ။
မောင့်ရဲ့ ချစ်တတ်တဲ့ အသည်း တစ်နေရာမှာတော့ မူယာပိုဆိုတဲ့ အမည်နာမ တစ်ခုကို ရှိနေခွင့်လေး ပေးထားရင် တော်ပြီ။ မောင်တို့ ယောက်ျားတွေ ဆိုတာ ကမ္ဘာမှာ အမြင့်မြတ်ဆုံးလို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားတဲ့ အမျိုးမို့လား။
* * *
အခန်း (၃)
လူတွေက ကျွန်မကို ပြောကြတယ်။ မိန်းမ သိပ်မဆန်ဘူးနော်တဲ့။ မိန်းမဆန်နေရင် မိန်းမမဟုတ်တဲ့ ကျွန်မက မောင်နဲ့ ဘယ်လို အဆင်ပြေပါ့မယ်လဲ။ ကျွန်မရဲ့ ပါရမီကိုက မောင့်အတွက် သီးသန့်မို့ပါ။ ရိုးရိုးလေး မျှော်လင့်ချက်မဲ့အောင် ချစ်ခဲ့တယ်။ ဒီအတွက် မောင် ဘာကိုပဲ ပေးပေး လက်ခံနိုင်တဲ့ ရင်ခွင်တစ်ခုနဲ့ နှလုံးသားကို မြင့်မြင့်မြတ်မြတ် ဖန်တီးထားတယ်။
* * *
လက်ထဲက ငွေနဲ့ဆို မောင်လိုချင်တဲ့ ကွန်ပျူတာအသစ် တစ်လုံးကိုလည်း ဝယ်ပေးလို့ ရနိုင်သေးတယ်။ နောင်ကိုလည်း ဝယ်ပေးရမယ့် အတူတူ မထူးပါဘူးဆိုပြီး မောင်လိုချင်တာတွေ အားလုံး ဝယ်ပေးလိုက်တယ်။ မောင့်မျက်နှာပေါ်မှာ အပြုံးလှလှပပလေး ဖူးပွင့်ဖို့အတွက် ခင်းလိုက်ရတဲ့ငွေ၊ ကမ်းလိုက်ရတဲ့ငွေ။ လောကမှာ ငွေသာအခရာ၊ ငွေကသာ အကြင်နာတွေကို ဖန်တီးထားနိုင်တယ်လို့ ကျွန်မပြောရင် မှားမလား။
"ချစ် ... မောင် အပြန် လိုက်မပို့တော့ဘူးနော်။ တက္ကစီငှားပြီး ပြန်လိုက်တော့။ မောင် ဘော်ဒါတွေနဲ့ ချိန်းထားလို့"
မောင့်စကားကြောင့် ကျွန်မ စကားသံ တစ်ခွန်းမှ ထွက်မနိုင်အောင် ရင်ထဲ နင့်သွားတယ်။ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပါလား မောင်ရယ်။ ကျွန်မ ထင်နေတာက ဒီတစ်နေ့တော့ မောင် ကျွန်မအတွက် အချိန်ပေးလိမ့်မယ် မျှော်လင့်ထားတာ။ မောင်က အဖြူဆို ကျွန်မ ဘယ်တုန်းကမှ အနက်လို့ မလုပ်ခဲ့ဖူးလေတော့ မောင့်သဘောပေါ့။
"အိုကေ ... မောင်၊ မောင်လည်း ပင်ပန်းနေပြီ။ စောစောတွေ့၊ စောစောပြန်နော်။ သိပ်မိုးချုပ်အောင် မနေနဲ့နော်"
"အင်းပါ ... ချစ်ရဲ့"
မောင်ကပြောရင်း ကျွန်မ လက်ကလေးကို ခပ်ဖွဖွလေး ကိုင်လာတယ်။ ရပြီ။ ဒီလောက်ဆို ကျွန်မ ကျေနပ်ပြီ။ လောကမှာ မောင့်အတွက် ပေးဆပ်တဲ့ ချစ်ခြင်းမေတ္တာတရားနဲ့ ရှင်သန်ခွင့်ပေးတဲ့ အခြေအနေကိုပဲ ကျွန်မ မြတ်မြတ်နိုးနိုး ကျေးဇူးတင်နေမိတယ်။
မောင် ကျွန်မကို အငှားကား တစ်စီးပေါ် တင်ပေးပြီး သူ့သူငယ်ချင်းတွေနဲ့ တွေ့ဖို့ဆိုပြီး ထွက်သွားတယ်။ မောင့်ကျောပြင်လေးကို ကြည့်ရင်း စမတ်ကျလှတဲ့ မောင့်ကို ပိုပိုပြီး မြတ်နိုးနေမိတယ်။ ကျွန်မ စိတ်ကူးထဲမှာ မောင်ဆိုတဲ့ အသိ ဝင်လာတာနဲ့ တစ်ပြိုင်နက် သာယာခြင်းတွေ၊ ကြည်နူးခြင်းတွေ တရိပ်ရိပ် တက်လာလို့ ပြုံးလိုက်တယ်။
ကားမောင်းတဲ့ တက္ကစီ ဒရိုင်ဘာက ကျွန်မအပြုံးကို နောက်ကြည့်မှန်ကနေ မြင်သွားပုံရတယ်။
"ဟဲဟဲ .. ချောတယ်နော်။ အားရင် ကိုယ့်အိမ်ကို လာလည်ပါလား"
မောင့်ကြောင့် ကြည်လင်နေတဲ့ စိတ်က ချက်ချင်းပျောက်ပြီး ဒေါသတွေ ထွက်လာတယ်။ လူကို စော်ကားလိုက်တာ။ ပုံစံက နွဲ့တဲ့တဲ့ ဆိုပြီး လူကြီးတန်မဲ့ သွေးတိုးစမ်းလိုက်တာ။
"ရှင့်ရုပ် ရှင်လည်း ပြန်ကြည့်ပါဦး။ တစ်နေကုန် ထိုင်ကြည့်လို့ ငါပြားမတန်တဲ့ ရုပ်နဲ့ လူကို ဘာမှတ်နေတလဲ။ ဒါမျိုး မကြောက်လို့ တစ်ယောက်တည်း သွားနေတာ။ ပါးချည်းပဲ ဘယ်ပြန်ညာပြန် ချလိုက်လို့ ထမင်းမစားနိုင်ဘဲ ဖြစ်သွားမယ်။ ဟွန်း ..."
ကျွန်မ ပြောနေရင်းနဲ့ မျက်စောင်းတစ်ချက် ထပ်ထိုးလိုက်တယ်။
"ရပြီ။ ဒီမှာပဲ ရပ်တော့။ ရော့ ... ပိုက်ဆံ"
ရှေ့လမ်းကြားဆို ကျွန်မ နေတဲ့အိမ် ရောက်တော့မှာမို့ လမ်းကြားမှာတင် ဆင်းလိုက်တယ်။ ပိုက်ဆံကို ကားအရှေ့ခန်းထဲ ပေါက်ပေးလိုက်ပြီး ...
"မျောက်အိုကြီး သံပရာသီး ကိုက်ထားတဲ့ ရုပ်နဲ့ ကြည့်လည်းလုပ်၊ အေကိုက်နေမယ်"
ပုံမှန်ဆို ဒီလောက်ထိ စိတ်တိုမှာ မဟုတ်ပေမယ့် မောင်နဲ့ ကြည်နူးနေတဲ့ အတွေးတွေ ပျောက်ကုန်လို့ တမင် ဝုန်းပစ်လိုက်တာ။ ကျွန်မကို သိပ်စွာတဲ့ သူဆိုပြီး နောက်ကနေ ကြည့်နေတယ် ဆိုတာ သိနေတော့ တမင် တင်ပါးနှစ်ဖက်ကို စိပြီး ကော့တော့ကော့တော့ လျှောက်ပေးလိုက်တယ်။ စွဲမက်ပေတော့ အဖိုးအို။
ကျွန်မတို့ လမ်းကြားလေးက နည်းနည်းလေး မှောင်တယ်။ ဒီလို ညမရောက်တရောက် အချိန်လေးတွေဆို မောင် ကျွန်မလက်ကို ဆွဲပြီး လိုက်ပို့ ပေးတတ်တယ်။ ဒီနေ့တော့ သူလိုချင်တာလေးတွေ ရလို့ သူငယ်ချင်းတွေနဲ့ ဆိုင်တစ်ဆိုင်မှာ ဒါမှမဟုတ် ကေတီဗီမှာ ကဲနေလိမ့်မယ်။ ဒီလို အတွေး ဝင်လာပြန်တော့ အမျိုးသမီး တစ်ယောက် မဟုတ် တစ်ယောက် မောင့်အနား ရှိနေတော့မယ် ဆိုတဲ့ အတွေးက တန်းဝင်လာတယ်။
"ဟဲ့ ... သပြေ၊၊ ကောင်မ တံခါးလာဖွင့်ပေးဦး"
"လာပါပြီတော်၊ လာပါပြီ။ မယ်မင်းကြီးမ မောင်တော်နဲ့ ပြောရင် ပျားရည်နဲ့ ထန်းလျက်ကို ခွေးရက်နေတဲ့ အသံနဲ့ ကျုပ်ကိုများ အော်လိုက်တာ"
ထဘီလို ဝတ်ထားတဲ့ ပုဆိုးစွန်တောင်ကို ဆွဲရင်း အပြေးလေး လာဖွင့်တယ်။ ကျွန်မ ပါးစပ်က ခပ်ကြမ်းကြမ်းတွေကို သပြေမ ကောင်းကောင်း သိတယ်လေ။ အသက် ဆယ့်ခုနှစ်နှစ်၊ ဆယ့်ရှစ်နှစ် ကတည်းက အတူတူ နေလာတဲ့ သူတွေပဲ။ ဒီလောက်တော့ အပျော့။ အိမ်ထဲရောက်ရင် ရေတစ်ခွက်ကို ကျွန်မအတွက် ယူလာရင်း သပြေမက ...
"ကောင်မ နင့်ကို ငါမေးဦးမယ်။ အမှန်အတိုင်း ဖြေနော်"
သပြေမ စကားကြောင့် ကျွန်မ သောက်လက်စ ရေတောင် နင်သွားသလို။
"ကဲ ... ပြောမှာသာ ပြောစမ်းပါအေ။ စကားပလ္လင်တွေ ခံမနေနဲ့။ ကျန်တာတွေလည်း မခံနဲ့"
"ဟယ် ... မသော်မော်၊ အကောင်း ပြောနေတာကို နောက်နေတယ်"
သပြေမက ခပ်ကြမ်းကြမ်း စကားတစ်ခွန်း ပြောရင်း ကျွန်မကို စကား ဆက်ပြောတယ်။
"နင် ဘယ်လောက် ကုန်သွားလဲ။ ရှိတဲ့ငွေ အကုန် ယူသွားတယ် မဟုတ်လား"
သပြေမကိုတော့ ဘာမှ ကွယ်ဝှက်စရာ မလိုဘူး။ ဒိုးတူပေါင်းဖက် လုပ်စားပြီး ရုန်းကန်ကြရတာလဲ အတူတူပဲ။ လောကဓံကို စရင်ဆိုင်ရ ကတည်းက ပုဆိုးကို ထဘီပုံစံဝတ်ပြီး ဆိုးတူတူ ကောင်းတိုင်ပင်နဲ့ ရုန်းကန်လာရတာ ။ နှစ်ယောက်သား မန္တလေး ရောက်တုန်း အတွေ့အကြုံ ရအောင်ဆိုပြီး ကျုံးဘေး လမ်းသလားလို့ ခွေးပြေးဝက်ပြေး ပြေးခဲ့ရတာမျိုးလည်း ကြံုခဲ့ဖူးပေါ့။
* * *
အခန်း (၄)
ကျွန်မတို့ကိုက ကိုယ်တွေ ခြောက်နေတယ် ဆိုရင် မန္တလေး ကျုံးဘေးမှာ ဇာတ်လမ်းလေးတွေ ရှိမှ သမိုင်းဝင်သလိုမျိုး ထင်မိကြတာ။ ငယ်စိတ်နဲ့ဆိုတော့ ရဲတွေနဲ့ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေပေါ့။ ခုတော့ မရှိလောက်တော့ပါဘူး။
"အင်း ... ဆယ့်ရှစ်ပုံးလောက် အမ်းလိုက်ရတယ်။ နည်းနည်း များသွားသလား"
" ဟယ် .. မူယာရယ်၊ နင့်ဟာက မများလွန်းဘူးလား။ ဒါဆို ဒီလအတွက် နင့်အဖေ ဆေးဖိုးနဲ့ နယ်ကို ပို့မယ်ဆိုတဲ့ ငွေက ဘယ်လို လုပ်မှာလဲ"
သပြေမက အချက်ကျကျ မေးလာပြီ။ နင်ဖြေစမ်း မူယာပို။ သပြေမ ပြောတာ မှန်တယ်။ အမှန်ဆို ဒီလ ကျွန်မ နယ်က မိဘတွေကို ငွေပို့ရမှာ။ အဖေက ကျန်းမာရေး မကောင်းလို့ တစ်လမှာ ရက်နှစ်ဆယ်လောက် ဆေးခန်း ပြေးပြေးနေရတာ။ မောင်နဲ့ မတွေ့ခင်က အိမ်ကို အလျှံပယ် ပေးနိုင်သလောက် မောင်နဲ့တွေ့ပြီး နောက်ပိုင်း ကျွန်မကိုယ်တိုင်တောင် ဟိုအတန်း မရောက်တော့တာ ကံကောင်း။
ကုန်လိုက်တဲ့ ငွေကလည်း ဟောခနဲ ဟောခနဲ၊ ကိုယ်က ယောက်ျား တစ်ယောက်ကို ချစ်မိထားတဲ့ ယောက်ျား တစ်ယောက် ဆိုတဲ့ အတွေးနဲ့ မောင် ကြည်ဖြူအောင်၊ မောင် သာယာအောင်၊ မောင် ကျွန်မထံ ယစ်မူးအောင် ဆိုပြီး သုံးလိုက်ရ၊ ပေးလိုက်ရတဲ့ ငွေတွေ မနည်းမနောပါလား။
"အင်း ... ဒီတစ်လတော့ မေမေ့ကို ဖုန်းဆက်ပြီး အဆင်ပြေအောင် ကြည့်လုပ်ဖို့ပဲ ပြောရတော့မယ်ပေါ့။ ငါလည်း ဘာတွေဖြစ်မှန်း မသိတော့ပါဘူး သပြေမရယ်"
သပြေမက ကျွန်မကို အပြစ်တင်တဲ့ မျက်လုံးမျိုးနဲ့ ကြည့်ပေမယ့် ဘာမှတ်ချက်မှ မပေးဘူး။ သူကိုယ်တိုင်ကလည်း တချို့သော အကြောင်း ကိစ္စလေးတွေ ကျွန်မနဲ့ အတူတူ ကြုံဖူးလေတော့ သူငယ်ချင်း စိတ်မကောင်း ဖြစ်မှာစိုးလို့ တိတ်သွားတာလဲ ဖြစ်နိုင်တယ်။
မောင့်ကို ဝယ်ပေးလိုက်တဲ့ ဆယ်သိန်းကျော်ဆို အဖေ့ဆေးခန်း နှစ်လစာ ရှိတယ်။ သပြေမက အိမ်ဆိုမှ ကျွန်မ အိမ်ကို သတိရသွားတယ်။ ခွင့်လွှတ်ပါ ဖေဖေနဲ့ မေမေ။ သမီးက ကြီးမှမိုက်တဲ့ ကြီးမိုက်ပါ။ အကုသိုလ်တွေမှန်း သိပေမယ့် ဘဝပေးကံ ဆိုပြီး ပျော်ပျော်ပါးပါး ရှာလိုက်ဖွေလိုက်။ ပေးလိုက်ကမ်းလိုက်နဲ့ မစင်တွင်းထဲမှာ ပျော်ရွှင်နေတဲ့သူပါ။ ဖေဖေ ကျန်းမာရေး ကောင်းကောင်းနဲ့ ကျွန်မနားမှာ ရှိရင် ကျွန်မဖြစ်အင်ကို ကြည့်ပြီး ဘယ်လောက် ရင်နာလိုက်မလဲ။
ကျွန်မ ငယ်ငယ်က လူပုံက ပျော့ဖတ်ဖတ်မို့ မိသားတစ်စုလုံး ပိုးမွေးသလို မွေးခဲ့တာ မှတ်မိသေးတယ်။ အိမ်အလုပ်လည်း ဘာမှမခိုင်းသလို စာကလည်း တော်သူမို့ ပိုပြီး ပစားပေးတယ်။
"ငါ့သားကို ကျားကျားလျားလျား ဖြစ်စေချင်တယ်" ဆိုတဲ့ စကားလုံး အောက်မှာတင် ကျွန်မ ခြောက်သွားတယ်။ နောက်တော့ ဖေဖေ ကိုယ်တိုင်က မွေးကတည်းက ပါလာတဲ့ ဗီဇနဲ့ ပေးဆပ်ရမယ့် ဝဋ်ကြွေးလို့ သတ်မှတ်ထားလိုက်တယ်။ နောက် ကျောင်းကို အဝေးသင်နဲ့ ဘွဲ့ရအောင် တက်တယ်။
လူဆိုတာ ဖြစ်ချိန်တန် ကြုံကြိုက်ရင် ဘယ်သူမှ ပြေးလို့ မလွတ်သလို ဘယ်သူမှလည်း ထိန်းချုပ်လို့ မရနိုင်ဘူး။ မန္တလေး အဝေးသင်တက်တဲ့ တစ်လျှောက်လုံး မိဘစကားကို မြေဝယ်မကျ နားထောင်ခဲ့ပေမယ့် နောက်ဆုံးနှစ် ရောက်တော့ ကျွန်မဘဝ အပြောင်းအလဲ တစ်ခုနဲ့ ကြံုလာတယ်။ အဝေးသင်ဟာ ဆယ်လပိုင်းမှာ ဖွင့်မှာဆိုတော့ မေမေက သူ့ညီမရှိတဲ့ မန္တလေးမှာ သွားနေတော့ ဆိုပြီး စောစော လွှတ်လိုက်တယ်။
ဆိုင်ကတယ် တစ်စီးနဲ့ တောင်တောင် မြောက်မြောက် သွားရတာ ကိုလည်း ပျော်တယ်။ သူများတွေ ပြောပြောနေတဲ့ စီဒိုးနားထောင့် ဆိုတာကို ကျွန်မ ရိုးတိုးရိတ်တိတ် ကြားမိပေမယ့် သွားလေ့လာဖို့ ကြိုးစား မကြည့်ခဲ့မိဘူး။
မှတ်မှတ်ရရ တစ်ရက်ပေါ့။ မိုးတွေက ဈေးချိုတော်တစ်ဝိုက်မှာ ညှို့နေအောင် မှိုင်းနေတယ်။ အဲဒီ နေ့က ပစ္စည်းတစ်ချို့ ဝယ်စရာရှိလို့ ဈေးချို အောက်ထပ်ကို လာဝယ်တာ။
"တောင်ပြုံးကို .. တောင်ပြံုးကို ..." ဆိုတဲ့ စပယ်ယာရဲ့ အသံနဲ့ "ရွှေပြံုး ငွေပြံုး ပွဲရတောင်ပြံုး ... ပျော်မဆုံးလှတဲ့ တို့အညာပွဲတော် လာလည်ပါ ဖိတ်ခေါ် ... " ဆိုတဲ့ နတ်သီချင်းသံတွေ ဈေးချိုတော် တစ်ဝိုက်မှာ မြိုင်မြိုင်ထိနေတယ်။ ဒီအချိန်မှာ စိတ်တွေ ထိန်းမရတော့ဘူး။ ဆိုင်ကယ်ကို ဈေးချိုအောက်ထပ်မှာ ထားပြီး တောင်ပြံုးသွားမယ် ဆိုတဲ့ ကားနဲ့ လိုက်သွားလိုက်တယ်။
မှတ်မှတ်ရရ ကျွန်မ သွားတဲ့နေ့က လူတွေ အရမ်းစည်ကား နေတယ်။ အနယ်နယ် အရပ်ရပ်က လာကြတဲ့ ရွှေပွဲလာ ပရိသတ်တွေက အပြည့်၊ လူတိုင်းရဲ့ လက်ထဲမှာလည်း သပြေပန်းတွေ အစီအရီကိုင်ပြီး နန်းကြီးကို ထိုးနေကြတယ်။ ကျွန်မ တောင်တောင် မြောက်မြောက် ကြည့်ရင်း နန်းတစ်ခု ရှေ့ကို ရောက်တယ်။ မမြင်ဖူးတဲ့ အဝတ်အစား အဆန်းတွေနဲ့ ကျွန်မ နားမလည်တဲ့ (အဲဒီ အချိန်က) စကားတွေကြောင့် အ့ံ့ဩနေတယ်။ ဪ ... သူတို့မှာလည်း သူတို့ ယဉ်ကျေးမှုနဲ့ ဘာသာစကားတွေ ရှိပါလား ဆိုပြီး အထင်လည်း နည်းနည်း ကြီးသွားတယ်။
"ဟယ်... သမီးလေး လာလေ၊ အထဲမှာ လာထိုင်"
စိတ်ထဲမှာ တစ်မျိုး ခံစားလိုက်ရတယ်။ ယောက်ျားလေး တစ်ယောက်ကို သမီးလေးလို့ ခေါ်နေတဲ့ အစိမ်းရောင် ထိုင်မသိမ်း ဝတ်ထားတဲ့ နတ်ကတော် မာမီကြီး တစ်ယောက်က ကျွန်မကို လှမ်းခေါ်တယ်။ ရင်ခုန်သံတွေ ရင်ခုန်သံတွေ ဆိုတာ ပြောမနေနဲ့။ မြန်သွားလိုက်၊ နှေးသွားလိုက်နဲ့။
အမှန်ဆို သားလေးလို့ ခေါ်ရမှာလေ။ ဘာကြောင့် သမီးလေးလို့ ခေါ်တယ်ဆိုတာ ကျွန်မ အဲဒီ အချိန်က မတွေးမိဘူး။ ခုချိန်မှာတော့ ကျွန်မ ကိုယ်တိုင်က လူငယ် တစ်ယောက်ကို မြင်လိုက်တာနဲ့ သမီးလေးလား၊ သားလေးလား ဆိုတာ သိနိုင်တဲ့ မနောအာရုံ ရနေပြီ။ ဘဝဆိုတာ ဆန်းကြယ်လွန်းလို့ ပြောပြရင် ယုံနိုင်မယ် မထင်ဘူး။
ကျွန်မ အသားအရေ ဖြူဖြူသေးသေး လူဖလံလေး ဆိုတော့ သူတို့ မျက်စိမှာ တန်းခန့်မှန်း မိတာလည်း ဖြစ်နိုင်တယ်။ အဲဒီ အချိန်တုန်းက ခေတ်စားနေတဲ့ ဆံပင်ရှည် စတိုင်ကို ဆံကုပ်တစ်ခုနဲ့ ပင့်တင်ထားတာကိုး။
နတ်ကတော် မာမီကြီးရဲ့ သမီးဆိုတဲ့ စကားတစ်ခွန်းက ကျွန်မဘဝကို အကြီးအကျယ် ပြောင်းလဲသွားစေတယ်။ မာမီကြီးက အခြောက်တို့၊ တတ်သင့် တတ်ထိုက်တဲ့ အတတ်ပညာ ဟူသမျှကို လက်ထပ် သင်ပေးရင်း တစ်ဖက်မှာလည်း မာယာများတဲ့ ချစ်ရေးချစ်ရာတွေကို ထဲထဲဝင်ဝင် သင်ပေးခဲ့တယ်။
နောက်ဆုံး ကျွန်မ ကိုယ့်ကိုယ်ကိုယ် မာမီလေးလို့ လက်ခံလိုက်တဲ့ တစ်နေ့က ပြောတဲ့ စကားတွေကို ကျွန်မ မမေ့သေးဘူး။
"မာမီ ... ဒါဆို သမီး ... ထဘီတွေ၊ ဘာတွေ ဝတ်လို့ ရပြီပေါ့နော်"
ကျွန်မ အမေးကို မာမီကြီးတွေ၊ မာမီလတ်တွေ၊ မာမီလေးတွေက ဝိုင်းပြီး ရယ်ကြတယ်။ မာမီကြီး ဆိုရင် "အေးပေါ့ သမီးရယ်၊ ပွင့်ပြီပေါ့။ သမီးလေးက မာမီတို့ရဲ့ မျိုးဆက်သစ်လေး ဖြစ်သွားပြီ။ တော်လေးဝ ဝင်တဲ့ မဟာဆီ မဟာသွေးပေါ့။ လျှောက်ရမယ့် လမ်းကို ရဲရဲသာလျှောက်၊ မာမီတို့နောက်က လိုအပ်တာ ထောက်ပံ့မယ် သမီးရေ"
မာမီကြီး စကားအဆုံးမှာ မာမီ အပေါင်းအပါ တစ်သင်းလုံးက လက်ဝါးချင်း ရိုက်လိုက်ကြပြီ။ "ဒီကနေ့ကစပြီး မာမီတို့ နတ်လောကမှာ မူယာပိုလို့ အမည်နာမ ခေါ်စေ" လို့ ဝိုင်းဝန်းပြီး ဩဘာပေးလိုက် ကြတော့တယ်။
* * *
အခန်း (၅)
ပွဲတော် အတွင်းမှာ ကျွန်မ မန္တလေးကို မပြန်ဘဲ မာမီကြီးတို့ နတ်နန်းမှာပဲ နေဖြစ်တယ်။ ဂိုဏ်းဝင်သွားတဲ့ သူမို့လားမသိဘူ၊ မာမီကြီးတွေ၊ မာမီလေးတွေက သဲသဲလှုပ် ချစ်ကြတယ်။ ဒီလိုနဲ့ပဲ နတ်ကတော် ဘဝကို အချိန်အနည်းငယ် အတွင်း နတ်ရိုးရာဓလေ့တွေ လေ့လာရင်း ရောက်လာတယ်။ မငွေတောင် အစွဲမို့ "နင်တော့ လင်မှုနဲ့ မျက်ရည်ဝေရမယ် သမီးရေ" လို့ ပြောလိုက်တဲ့ မာမီကြီး အသံက ကျွန်မဘဝအတွက် ဒီလို အဖြစ်အပျက်တွေကို ကြိုမြင်နေလို့ ထင်ပါ့။
ကျွန်မ နတ်ကတော် ဖြစ်ပြီး သုံးနှစ်လောက်မှ မင်းခန့်ကျော် ဆိုတဲ့ မောင်နဲ့ စတွေ့တာ။ စတွေ့စက မောင်က ဒီလိုမျိုး မဟုတ်ဘူး။ ဆိုင်တစ်ဆိုင်မှာ သူ ငွေမလောက်လို့ ကူညီပေးရင်းကနေ စလိုက်တဲ့ ဇာတ်လမ်းက သံသရာအထိ မဆုံး ဖြစ်သွားတာ။ သဒ္ဓါလွန်လို့ တဏှာရဲ့ ကျွန်စစ်စစ် ဘဝကို ကျွန်မ ရောက်ခဲ့ရတာ။ နေ့တွေ ညတွေတိုင်းမှာ ချစ်သူနဲ့ တိုက်ပွဲဝင်ဖို့ ကြိုးစားဟန် ပြင်နေမိတယ်။
နောက်ပိုင်းမှာ မောင်က တခြားသူတွေထက် ပိုပိုပြီး ပညာတွေ စုံလာတယ်။ ဘယ်သူ့ကို ဘာစကားပြောရင် ဘယ်လောက်ကျမယ် ဆိုတာကအစ တဖြည်းဖြည်းနဲ့ တွက်တတ်လာတယ်။ ဒီလို တွက်တတ် ချက်တတ်၊ အကွက်ရွှေ့တတ်၊ ဇယားတွေ ကပ်တတ်လာအောင်လည်း ကျွန်မတို့ အသိုင်းအဝိုင်းက သင်ပေးနေကြတာကိုး။ တချို့သူတွေ သင်သင်ပေးရင်း မောင်က ပညာရှင်စစ်စစ် ဖြစ်လာတယ်။ အဲဒီ အချိန်မှာ မောင့်ကို ဘယ်သူမှ ထိန်းလို့ မရတော့ဘူး။
ကျွန်မတို့ မဟုတ်ရင်လည်း တခြားသူတွေက မောင့်အတွက် ဆိုရင် ရေမီးအစုံ ဖြစ်နေတတ်ကြတာကိုး။
အတွေးတွေက တောင်ရောက် မြောက်ရောက်နဲ့ အိပ်စက်ခြင်းက ကျွန်မထံ ရောက်မလာ နိုင်သေးပါဘူး။ သပြေမကတော့ အိပ်တာ ဟောက်တောင် နေပြီ။ မြင်းခြံက လာတဲ့ ချည်ထည် ဘောင်းဘီတိုကို ဝတ်ပြီး ကျွန်မကို ကျောပေး ဟောက်နေတဲ့ သပြေမကို အမြင်ကပ်ကပ်နဲ့ ဖင်ကို နှစ်ချက် ရိုက်ပေးလိုက်တယ်။ ဟုတ်တယ်လေ။ ကျွန်မကတော့ အိမ်ကိုပို့မယ့် ငွေကို မောင့်အတွက် ပစ္စည်း ဝယ်ပေးလိုက်မိတာ နောင်တ ရမဆုံးဘူး။
ငွေမပြည့်မစုံနဲ့ အဖေ ဆေးခန်းသွား နောက်ကျမှာကို တွေးမိတိုင်း မိုက်လိုက်တဲ့ ငါလို့ တွေးမိပေမယ့် မောင့်မျက်နှာ၊ မောင့်အပြုံး အောက်မှာ ကျွန်မ ကြီးကျယ် မြင့်မြတ်လွန်းတဲ့ ပေးဆပ်သူကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို ဂုဏ်တက်နေစေ ပြန်တယ်။ မောင် တစ်နှစ်မှာ တစ်လ၊ တစ်လမှာ တစ်ပတ်၊ တစ်ပတ်မှာ တစ်ရက် ကျွန်မနေတဲ့ အိမ်ကို လာလာနေဖို့ ပေးလိုက်ရ ကမ်းလိုက်ရတာတွေ နည်းတာ မဟုတ်ဘူး။ လုပ်တတ် ကိုင်တတ် ရှာတတ်ဖွေတတ်တဲ့ အသိုင်းအဝန်းနဲ့ မိတ်ကောင်း ရှိနေလို့သာ ကျွန် ဟိုအတန်းကို မရောက်တာ။ မဟုတ်ရင် မလွယ်ဘူး။
* * *
"ဘာပြောတယ် သပြေမ။ ညည်း မနောက်နဲ့နော်"
ကျွန်မ စိတ်ဆိုးစွာ အော်လိုက်တဲ့ အသံကို သပြေမက လေပြေအေးနဲ့
"ဟုတ်တယ်။ ညည်း စိတ်အေးအေးထား။ ညည်းအဖေ ဆုံးပြီတဲ့။ ညည်းမေမေ ဖုန်းဆက်တယ်။ ညည်းကို ဖုန်းခေါ်တာ ဆက်သွယ်မှု ဧရိယာ ပြင်ပမို့တဲ့"
နတ်ကနားပွဲ တစ်ခုမှာ အမေဂျမ်း ချော့မလို့ ပြင်နေတုန်း ကြားလိုက်ရတဲ့ အသံက ကျွန်မခေါင်းကို မိုးကြိုး၊ ဆယ်ခါ ပစ်လိုက်သလိုပင်။ ဖေဖေ ဆုံးပြီတဲ့။ မဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်ဘူး။ ဖေဖေက ဘာလို့ ဆုံးရမှာလဲ။ မဖြစ်ရဘူးနော်။ မဖြစ်ရဘူး။ ကျွန်မ ဖေဖေရဲ့ ကျေးဇူးကြွေးတွေ ကြေအောင် မဆပ်ရသေးခင် မသေရဘူးနော်။
"နယ်သွားရအောင် ညည်း အခု အိမ်ပြန်လာခဲ့"
သပြေမက ဖုန်းချသွားပြီ။
ပွဲက ကတော့မယ့် တန်းလန်းကြီးမို့ တစ်ချိုးလောက်တော့ ကမှ ဖြစ်မယ်လို့ တွေးရင်း ဆိုင်းဆရာကို လက်ပြလိုက်တယ်။ ဆိုင်းဆရာက အမေဂျမ်း နတ်ချိုးကို မြိုင်ဆိုင်နေအောင် တီးတယ်။ ဝတ်ထားတဲ့ အနက်ရောင် ဝမ်းဆက်နဲ့ လာဆက်တဲ့ လက်ဖက်ကို အရက်နဲ့ ခပ်များများ သောက်လိုက်တယ်။ ကျွန်မ တစ်သက်မှာ ဒီတစ်ခါ အမေဂျမ်း ချော့တာ အကြမ်းဆုံး ဖြစ်လိမ့်မယ်။ စိတ်ထဲမှာ ဖေ့ဖေ့အတွက် မခံနိုင်တဲ့ စိတ်နဲ့ ဒင်းကြောင့် ငါ့ဖေဖေကို ငွေမပို့မိလို့ ခုလိုဖြစ်တာ ဆိုပြီး ပါးစပ်က လှိမ့်လှိမ့်ပြီး ဆဲမိတယ်။
ဒီတစ်ပွဲ ပြီးရင်တော့ အိမ်က ဖေဖေနဲ့ မေမေကို ထပ်ပို့ရင်း အရင်လက မပို့ဖြစ်တဲ့ ကိစ္စကို တောင်းပန်မယ်လို့ တွေးထားတာတော့ သွားပြီ။
ကျွန်မ ဒီငွေတွေကို အခု ဘာလုပ် ရတော့မလဲဟင်။ ဖေဖေ ဆုံးသွားပြီ ဆိုတဲ့အသံ ကြားတာနဲ့ စိတ်ထဲမှာ မောင်ဆိုတဲ့ ကောင်ကို တန်းမြင်ယောင်လာတယ်။ ဒင်းကြောင့်။ ဒင်းအပြုံးတွေ၊ အပြုအမူတွေ နောက်ကို တကောက်ကောက် လိုက်ပြီး ဖြည့်ဆည်းပေးရ လွန်းလို့။
ငိုတာ မဟုတ်ပေမယ့် မျက်ရည်တွေက တဖွားဖွား ကျနေတယ်။ ရင်တစ်ခုလုံး ပူလောင်နေတဲ့ အပြင် ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမှ ခွင့်မလွှတ်နိုင်ဘူး။ ကျွန်မ တပည့်လေး တစ်ယောက်ကို ပွဲကို ဆက်ထိန်းဖို့ မှာထားပြီး ကျွန်မ ပြန်ခဲ့တယ်။
အိမ်ကို ရောက်တော့ သပြေမက အထုတ်အပိုးတွေနဲ့ ကျွန်မကို စောင့်နေတယ်။ နာကျင်လွန်းတဲ့ စိတ်နဲ့ ကျွန်မကိုယ် ကျွန်မ ရွံမိတယ်။ ကျွန်မ အတွက်နဲ့ မိဘနှစ်ပါးမှာ တစ်ယောက် ဆုံးပါးသွားလို့ ကျေးဇူးဆပ်ခွင့် မရနိုင်တော့ဘူး။ ကျွန်မအိမ်မှာ အစီအရီ တင်ထားတဲ့ အုန်းပွဲ၊ ငှက်ပျောပွဲနဲ့ နတ်ရုပ်တွေက ကျွန်မကို လှောင်ပြောင်နေကြ သလိုပဲ။
"အစ်မတော် မငွေတောင် ပုံကဆိုရင် လုပ်လေ ကောင်မ၊ ညည်း အခုတော့ သိပြီမို့လား ဆိုတဲ့ အပြုံးမျိုးနဲ့ ပြနေတယ်လို့တောင် ထင်မိတယ်"
ပုဆိုးဝတ်ရင် အမြဲတမ်း ပြားချပ်နေအောင် ထားတဲ့ ခါးပုံစကို ဖြေလိုက်တယ်။ နောက် အုန်းပွဲ၊ ငှက်ပျောပွဲနဲ့ နတ်ရုပ်တွေကို မျက်တောင်မခတ်ပဲ ကြည့်တယ်။ ကျွန်မ မျက်လုံးမှာ ချစ်ခြင်းမေတ္တာတွေ အစား အမုန်းတရား ဆိုတဲ့ အငွေ့တွေ တဖွားဖွား လွင့်လာတယ်။
"ယောက်ျားတစ်ယောက် အတွက်နဲ့ ရှင်တို့ကို အမှီပြုပြီး ပေးဆပ်ရတဲ့ ဘဝကုန်ပြီ။ ဒီနေ့ဟာ ရှင်တို့နဲ့ ကျွန်မ ရေစက်ဆုံတဲ့ နောက်ဆုံးနေ့ပဲ" လို့ ပြောပြီး နတ်ရုပ်တွေ တင်ထားတဲ့ ပဝါအနီစကို ဆွဲလှန်ပစ်လိုက်တယ်။
* * *
အပိုင်း (၂)
-------------------------------------------------------------------------------
အခန်း (၆)
ဒီလို ဆွဲလှန်ပစ်လိုက်တော့ ရှိတဲ့နတ်ရုပ်တွေ အားလုံး ကြမ်းပြင်ပေါ် ကျပြီး အသံပေါင်းစုံ ထွက်လာတယ်။
"ဟယ် ... ကောင်မ၊ ညည်း ဘယ်လို လုပ်လိုက်တာလဲ။ ညည်း တစ်သက်လုံး ကိုယ်တော်တွေ ကျွေးလို့၊ ကိုယ်တော်တွေ မွေးလို့ လူတစ်လုံး သူတစ်လုံး ဖြစ်လာတာလေ"
သပြေမက ကျွန်မကို ကြည့်ပြီး အံ့ဩဝမ်းနည်းစွာ ဆိုရင်း သူမ မျက်ဝန်းက မျက်ရည်တွေ ကျလာတယ်။
"ညည်းနှယ်အေ ...။ ကိုယ် လင်မှု သားမှုနဲ့ အဆင်မပြေတိုင်း ငါ့ကိုယ်တော်တွေကို ရန်မလုပ်ပါနဲ့။ နင် ရွှေဆိုရွှေ၊ နင် ငွေဆိုငွေ၊ နင် တိုင်တည်တိုင်း ကိုယ်တော်တွေဘက်က တာဝန်မကျေတာ ဘာရှိခဲ့လို့လဲ။ ညည်းတော့ လင်စိတ် သားစိတ် မွှန်နေလို့ ဒါမျိုးတွေ ဖြစ်လာတာ။ ထိန်းရမှာက ညည်းရဲ့ လင်တရူးတဲ့ စိတ်ဟဲ့ ကောင်မရဲ့ ..."
တစ်ခါမှ ကျွန်မကို မာမာထန်ထန် မပြောခဲ့တဲ့ သပြေမက ကျွန်မကို စိတ်ဆိုးမာန်ဆိုး ပြောနေတယ်။ ငိုရင်းနဲ့ ပြောလိုက်တာ ရစရာကို တစ်ခုမှ မရှိတော့ဘူး။ နောက် သပြေမက ကိုယ်တော်ကြီး ကိုယ်တော်လေး နတ်ရုပ်တွေ၊ ကိုကြီးကျော် နတ်ရုပ်တွေကို သူ သတ်မှတ်ထားတဲ့ နေရာတွေအတိုင်း ပြန်ထားရင်း
"ညည်းကိုအေ ငါ့မှာ အသိဉာဏ် ကြီးတဲ့သူ၊ ငါတို့တွေထက် ပညာတတ်တဲ့ ပညာရှိမကြီးဆိုပြီး နင်ဘာလုပ်လုပ် အကောင်း မြင်ခဲ့တာပါအေ၊ ညည်းခုလို ငါ့ကိုယ်တော် ပုံတွေကို တွန်းချပစ်တာ ငါ့ ရင်နာတယ်ဟေ့"
သပြေမက သူ့ရင်ဘတ်ကို ထုထုပြီး အော်ကြီးဟစ်ကျယ် ပြောပြော ငိုတယ်။ ကျွန်မ ဘာတွေ လုပ်မိပါလိမ့်။ ရင်ထဲမှာ မခံစားနိုင်တဲ့ ဝေဒနာ တစ်ခုကို အရှင်တွေအပေါ်မှာ ယုံကြည် အားကိုးစိတ်နဲ့ ပေါက်ကွဲ ထွက်ကုန်တာ ဖြစ်မယ်။
"ကိုးပြစ်ရှိရင်လည်း ကြေပါ။ ဆယ်ပြစ်ရှိရင်လည်း ကြေပါ။ ဒီ လင်တရူး ကိုလည်း ခွင့်လွှတ်တော်မူပါ"
အသံကို ကျယ်ကျယ်အော်ပြီး ငိုနေရင်း သပြေမက အရှင်တွေကို တောင်းပန်နေတယ်။
ကျွန်မ အသိစိတ် ကပ်လာတဲ့ အချိန်မှာ ကျွန်မလည်း မျက်ရည်တွေ ထွက်နေပြီ။ ဒီထက် အဆိုးဝါးဆုံးက ကျွန်မရဲ့ တိုက်ကြက်လေး ခေါင်းကျိုးသွားတယ်။ ဘုရားဘုရား ကိုကြီးကျော်ရဲ့ ရွှေ တိုက်ကြက်ကလေး။ ကျွန်မ ကတော် ဖြစ်ခါစ ဟောကိန်းတွေ၊ ပြောကိန်းတွေ မှန်လို့ဆိုပြီး ကျွန်မရဲ့ နတ်ဆွေ နတ်မျိုးတွေ ဆက်ထားတဲ့ ခေါင်းကို ရွှေငါးကျပ်သားနဲ့ လုပ်ထားတဲ့ တိုက်ကြက်လေး ...၊ သွားပြီ။ ကျွန်မ စိတ်ကို မထိန်းနိုင်တဲ့ ခဏမှာ ကျွန်မ တန်ဖိုးထားတဲ့ အရာလေး ကျိုးသွားပြီ။
သပြေမကတော့ ကျွန်မကို မျက်စောင်း တထိုးထိုးနဲ့ မကျေနပ် နိုင်သေးဘူး။
"အေးပါ ကောင်မရယ်။ ငါ မှားသွားပါတယ်။ ခုတော့ အဆင်ပြေ သလိုပဲ ထားခဲ့တော့။ ဖေဖေ့ ရက်လည်ပြီးမှ သေချာလေး ငါပြန်လုပ်ပါ့မယ်အေ"
"ညည်း သေချာတယ်နော်"
ကျွန်မ အပြောကို သပြေမက စိတ်မချစွာ မေးရင်း ...
"ပြောတဲ့အတိုင်း မလုပ်ရင် အရှင်နှစ်ပါးရဲ့ လက်သုံးတော်ဓားနဲ့ ဒီလင်တရူးမကို ဖယ်ရှားတော်မူပါ ဘုရား။ စီးတော်ကျားနဲ့ တိုက်တော်မူပါ"
သပြေမက ပြောလျက်နဲ့ တောင်ပြုံး အရှင်နှစ်ပါးကို လှမ်းတိုင်တည်တယ်။ သပြေမ စကားသံ ကြားလိုက်တဲ့အချိန် ကျွန်မ အနည်းငယ် ရင်ထိတ်သွားမိတယ်။ ဘုရား ... ဘုရား ... တောင်ပြံုး အရှင်နှစ်ပါးမှာ ကိုယ်တော်လေးက အပြစ်ရှိတဲ့ ဘယ်ကတော်ကိုမှ ခွင့်လွှတ်လေ့ ခွင့်လွှတ်ထ မရှိဘူး။ ကျွန်မ ကြက်သီးတွေ တဖြန်းဖြန်း ထလာပြီး မွှေးညှင်းတွေတောင် ထောင်သွားတယ်။
"တပည့်တော်မကို ခွင့်လွှတ်တော်မူပါ ဘုရား"
ကျွန်မ နှုတ်က ခပ်ဖွဖွ ရွတ်ပြီး အရှင်နှစ်ပါးရှေ့ ခေါင်းထိုး ဝင်လိုက်တယ်။ အရှင်နှစ်ပါးရဲ့ အကြည့်တွေက ကျွန်မပေါ် စိမ်းသက်နေသလို ခံစားနေရတယ်။ ကိုကြီးကျော်ရဲ့ ရွှေကြက်လေး လည်းပင်း ကျိုးသွားသလို ဆက်ထားတဲ့ အရက်ပုလင်းတွေ ကလည်း ကွဲကုန်ပြီ။
"ခုမှတော့ လုပ်မနေနဲ့တော့။ ညည်း အဖေ အသုဘက ပြန်လာမှ ပွဲတွေဘာတွေ ပြန်တင်ပြီး တောင်းပန်တော့။ နောက်ကျနေမယ် သွားကြစို့"
အထုပ်အပိုးတွေ သယ်လာရင်း သပြေမက ဆိုတော့ ကျွန်မ ကိုယ်တော်တွေကို စိတ်မကောင်းစွာ တောင်းပန်ရင်း ထားခဲ့ရတော့တယ်။ နယ်က မေမေ့ အိမ်လေးကို ရောက်တော့ ဖေဖေ့ အလောင်းကို နယ်ထုံးစံအရ သုံးရက်ပဲ ထားပြီး သဂြိုလ်ရမယ်တဲ့။ ပါလာတဲ့ ငွေလေးနည်းနည်း အမေ့ကို ပေးပြီး ဖေဖေ့ နာရေးကို ကောင်းကောင်းမွန်မွန် လုပ်ပေးမိတယ်။ မေမေကတော့ ကျွန်မ ဖြစ်အင်တွေကို ဘာမှမသိဘဲ ဖေဖေဆုံးသွားလို့ စိတ်မကောင်း မျက်နှာမလှတာ ဟုပင် ထင်နေလိမ့်မယ်။ ကျွန်မမှာသာ ကျွန်မကို ချစ်ပြီး စောင့်ရှောက်တဲ့ နတ်တွေကို စော်ကားမိတဲ့ အဖြစ်ကို ထိတ်လန့်နေတယ်။
ညဆို အိမ်မက်တွေက မကောင်း။ ကျွန်မ တစ်ယောက်တည်း တောထဲမှာ ကျားတွေ တွေ့လိုတွေ့၊ မြွေတွေ လိုက်လိုလိုက်နဲ့။ မေမေ့အိမ်မှာ အိပ်ရေးပျက်ရတဲ့ ညတွေ များလာပြီ။ ဖေဖေ့ ရက်လည် ပြီးတာတောင် မပြန်ဘဲ မေမေနဲ့ သူ့ညီမတွေ အိမ်မှာ လိုက်အိပ်၊ လိုက်စား၊ လိုက်နေတယ်။ သပြေမက ကျွန်မ ဒီမှာ အေးဆေး နေလို့ရအောင် ငွေတချို့ကို လှမ်းပို့ပေးတယ်။ ဖေဖေ ရှိစဉ်ကတော့ ဖေဖေကို ကြောက်လို့ ဒီလို နတ်ကတဲ့ အလုပ်တွေကို အသိုင်းအဝန်း တစ်ခုလုံးက မဆန့်ကျင်သလို ကန့်လည်း မကန့်ကွက်ခဲ့ကြဘူး။ ကျွန်မ ဘာလုပ်လုပ် ဥပေက္ခာ တရားနဲ့သာ ဆက်ဆံကြတယ်။
နောက် နတ်ကလို့ရတဲ့ ငွေကြေးလေးတွေကို အိမ်ကို ပို့ပေးတဲ့ အချိန် ဖေဖေက ကျန်းမရေး ချူချာတဲ့ အချိန် ကိုက်နေလို့ ပြောလို့ မရနိုင်တဲ့သူ ဆိုပြီး ပစ်ထားလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဖေဖေ ရှိစဉ်ကတော့ နယ်ပြန်ရင်တောင် အေးအေးဆေးဆေးပဲ နေဖြစ်တယ်။ သိသာ သိစေ၊ မမြင်စေနဲ့ ဆိုတဲ့ သဘောမျိုးပေါ့။ ပြီးတော့ နယ်မှာသိတဲ့ ကျွန်မ နာမည်က ဖိုးကျော်။ နာမည် အရင်းကတော့ ကျော်ကျော် ဆိုတော့ ဖိုးကျော်လို့ပဲ တစ်ရွာလုံးက ခေါ်ကြတယ်။
"ဖိုးကျော် ... မင်းအဒေါ်က ဟိုဘက်ရွာက သူ့အိမ်တစ်လုံး လယ်ဆယ်ဧက ရောင်းရလို့ ကနားပေးမယ်တဲ့။ မင့်အဖေ နေမကောင်း ဖြစ်လို့ မင့်အဒေါ် ကနားပေးမယ့် ကိစ္စကို ခဏနောက်ဆုတ်ထားတာ။ မင်းအဖေ ဆုံးသွားတာလည်း တစ်လလောက် ရှိပြီဆိုတော့ အခု လုပ်ချင်တယ်တဲ့။ နယ်က နတ်ကတော်တွေနဲ့ တိုင်ပင်ပြီး မင်းပဲ ဦးစီး လုပ်လိုက်။ မင်းအဒေါ် စိတ်ချမ်းသာရင် ပြီးတာပဲ"
ဒီလိုနဲ့ အမျိုးတွေရဲ့ကနား တစ်ခုမှာ ကပေးဖို့ အကြောင်း ဖန်လာတယ်။ ဖေဖေ့ ရက်လည် ပြီးပြီးချင်း ဟိုမှာ ကျန်ခဲ့တဲ့ အလုပ်တွေလုပ်ဖို့ ပြန်သွားတဲ့ သပြေမကို နတ်ရုတ်တချို့ ယူစေပြီး ဒီမှာ ကနား လာကဖို့ အကြောင်းကြားရင်း လိုအပ်တဲ့ ပစ္စည်းတွေကို စုဝယ်ထား လိုက်တယ်။
သပြေမ ရောက်လာတဲ့ အချိန်မှာ ဒီမှာ နတ်ကနားအတွက် လိုအပ်တဲ့ပစ္စည်း စုံစုံလင်လင်နဲ့ ပြင်ဆင်ထားတော့ အဲဒီ ကောင်မ ယူလာတဲ့ နတ်ရုပ်တွေ ခင်းလိုက်တာနဲ့ ကနားတစ်ခု စလို့ရပြီ။
* * *
နှာခေါင်းထဲမှာ ထွန်းထားတဲ့ အမွှေးတိုင် ရနံ့တွေက မွှေးပျံ့ မနေဘဲ အနည်းငယ် စိမ်းသက်နေတယ်။ နောက် ကိုယ်တော်တွေ ပုံရိပ်ကလည်း အနည်းငယ် ခက်ထန်နေသလို ခံစားနေမိတယ်။ အမှန်ပြောရရင် ကျွန်မ ဒီပွဲအတွက် အနည်းငယ် စိုးရိမ်နေတယ်။ ကျေးဇူးပြုပြီး အရှင်တွေ ကျေးဇူးနဲ့ အဆင်ပြေပြေ ပြီးပါစေ။ ကိုယ့်နယ်မှာ လုပ်တဲ့ပွဲမို့ ပိုပြီး အဆင်ပြေပြေ ဖြစ်စေချင်နေတယ်။ ငှက်ပျောပွဲ အုန်းပွဲ အားလုံးကို သက်ဆိုင်ရာ နေရာတွေမှာ အစီအရီ ထိုးပြီး စံပယ်ပန်းတွေ ကိုလည်း ဝေနေအောင် လှူထားတယ်။ မနက် ၉ နာရီ လောက်မှာတော့ ကနား အစကို သပြေမနဲ့ တခြားနယ်က ကတော်နှစ်ယောက်နဲ့ ပေါင်းပြီး အဖွင့်ကခိုင်း လိုက်တယ်။
"မြန်မာအစ တကောင်းကပါ ဘုရား။ အိမ်တွင်း အဖေကြီး မင်းမဟာဂီရိ ကနေ စတင်လို့ အကြိုတော် ထောက်ပါပြီ ဘုရား"
သီချင်းသံနဲ့အတူ နတ်ဆိုင်းသံက မြိုင်မြိုင်ဆိုင်ဆိုင် တီးနေပြီ။ သူတို့အဖွင့် စပြီးရင် ကျွန်မ ကိုကြီးကျော် စချော့ရတော့မယ်။ ဒါကြောင့် ကျွန်မ ကိုကြီးကျော် နတ်ရုပ်ရဲ့ ရင်ဘတ်ကို ပွတ်သတ်ပြီး ကျွန်မ နဖူးနဲ့ ပါးကို ပွတ်လိုက်တယ်။
"ကျေးတော်မျိုး ကျွန်မ၊ ကျွန်တော်မျိုး ကျွန်မကို ချစ်စိတ်နဲ့ ဖြစ်သမျှကို ခွင့်လွှတ်ပေးပါ"
သပြေမကိုလည်း ကျွန်မ နည်းနည်း စိတ်ပူနေတယ် ဆိုတဲ့အကြောင်း ပြောထားလို့ သပြေမက ကျွန်မကို အရိပ် တကြည့်ကြည့် လုပ်နေတယ်။ နောက် စပါပြီ။
"ကိုကြီးကျော် ... ကိုကြီးကျော် ... တို့ ကိုကြီးကျော် ... ထူးလည်းထူးတယ် ... မူးလည်းမူးတယ် ... တို့ ကိုကြီးကျော် အရက်သမား မှန်ရင်လေ ယှဉ်ပြိုင်ကာ သောက်လိုက်ချင်တယ် ... ကြက်သမား မှန်ရင်လေ ယှဉ်ပြိုင်ကာ တိုက်လိုက်ချင်တယ်"
ကျွန်မ ချော့နေရင်းနဲ့ အမျိုးအမည် မသိတဲ့ အရိပ်တွေက ဖျတ်ခနဲ ဖျတ်ခနဲ။ ကျွန်မစိတ်ထဲမှာ ကျားတွေက တစ်မျိုး၊ ဓားတွေက တစ်မျိုးနဲ့ မူးဝေနေတယ်။ ဒါ့အပြင် ဆိုးတာက ကျွန်မ စိတ်ထဲမှာ ကိုကြီးကျော်ရဲ့ သောက်တော်ဘူးကို မသောက်ဘဲ နားချင်ပေမယ့် ကျွန်မလက်မှာ ကပ်ပြီး တစ်စုံတစ်ယောက်က အတင်းတိုက်နေလို ခံစားနေရလို့ အဆတ်မပြတ် သောက်နေမိတယ်။
အဲဒီ အချိန်မှာ ကျွန်မရဲ့ လက်ဦးဆရာ မာမီကြီးရဲ့ "ကတော်တွေ အမှားတစ်ခုခု လုပ်ထားရင် လူလယ်ကောင်မှာ အရှက်ခွဲ ခံရတတ်တယ်နော်။ အဲဒါ တစ်ခုကို မြဲမြဲမှတ်ထား။ အထူးသဖြင့် ကိုကြီးကျော် ..." ဆိုတဲ့ စကားသံက ကျွန်မ နားထဲကို သံရည်ပူနဲ့ လောင်းချသလို ခံစားလိုက်ရတယ်။
* * *
အခန်း (၇)
ကိုကြီးကျော်ကို ချော့နေရင်းနဲ့ ကျွန်မ စိတ်ထဲမှာ မသိုးမသန့် ဖြစ်လာတယ်။ နယ်ကို မလာခင်က ကန်တော့ပွဲတွေနဲ့ အရှင်တို့ နတ်ရုပ်တွေကို ဒေါသတစ်ခုတည်းနဲ့ ပြစ်မှားခဲ့မိလို့ ထင်တယ်။ ကျွန်မ မျက်နှာက မီးပြင်တစ်ခုလို ပူပြင်းပြီး အငွေ့တွေ ထွက်နေတယ်လို့ကို ထင်နေမိတယ်။
အဲဒီ အချိန်မှာ ကိုကြီးကျော်ကို ချော့နေတဲ့ နတ်တီးလုံးက တဖြည်းဖြည်း ပြောင်းသွားပြီး ကျွန်မဘေးကို နတ်ကတော် အဘွားကြီး တစ်ယောက် ဝင်လာတယ်။ အကြောင်း တစ်ခုခုကြောင့် သူ ဝင်ကူပြီလေ။ အဘွားက အသက် ၆၀ လောက် ရှိတယ်။ ဒီနယ်မှာ ဩဇာအရှိဆုံး ကတော်အိုကြီး တစ်ယောက်လည်း ဖြစ်တယ်။ အဘွားရဲ့ လိပ်ပြာအစွဲက ကိုကြီးကျော်ပင်။ အမှန်ဆို ကိုကြီးကျော် ချော့နေရင် တော်ရုံလူ ဝင်လာတာမျိုးနှင့် တခြားနတ် တစ်ပါးပါး ဝင်ပူးလာတယ် ဆိုတာမျိုးကို ဘယ်ကတော်မှ လုပ်လေ့လုပ်ထ မရှိ။
"ပွဲဦးမင်းပါ ဘုရား။ ပွဲလယ်မင်းပါ ဘုရား။ ပွဲသိမ်းမင်းပါ ဘုရား၊ အမှားအယွင်း တစ်စုံတစ်ရာ ရှိရင် ခွင့်လွှတ် ပေးတော်မူပါ ဘုရား"
အဘွားက နှုတ်မှ တဖွဖွ ရွတ်ရင်း နတ်သီချင်းကိုလည်း ပြောင်းခိုင်းနေတယ်။ ဆိုင်းသမားကို လက်တွေ ဘာတွေပြပြီး အချက်ပြဖို့ ကိစ္စကို ကျွန်မ ဘယ်လိုမှ လုပ်လို့ မရဘူး။ နောက် သီချင်း အေးအေးလေးက ဆိုင်းသံနဲ့ ငြိမ့်ငြိမ့်ညောင်းညောင်း ထွက်လာတယ်။ နတ်ချော့ သီချင်းသံတွေက တစ်မျိုးပြီး တစ်မျိုး ချိန်းလို့ သွားသလို ကျွန်မ ဘာတွေ လုပ်မိလို့ လုပ်မိမှန်း မသိတော့ပါဘူး။ အဘွားကတော့ ကျွန်မတို့လို လှပအောင် ခြယ်သထားတာမျိုး မဟုတ်ဘူး။ ရှင်မတောင် သနပ်ခါး ရေကျဲလေး လိမ်းပြီး ခေါင်းပေါင်း တစ်ခုကိုပဲ ဟန်ကျပန်ကျ ပေါင်းထားတယ်။ နယ်မှာနေတဲ့ ကတော်ဖြစ်လို့ အသက်ကလည်း ကြီးတော့ မော်မော်ကြွားကြွား ဟန်မရှိ။ သမ္ဘာရင့်နေတဲ့ ကတော်အို ဆိုတော့ ကျွန်မ ဖြစ်နေတာကို ရိပ်စားမိနေပုံ ရတယ်။ ဒါကြောင့် ပညာသား ပါပါနဲ့ တောင်းပန်ပြီး လာကူတာ။
"ဒိုး ... နန်းတော်ကြီးက ဒိုး ဟေ့"
သမိုင်းကြီးတဲ့ သခင်၊ စိတ်ဆတ်တဲ့ သခင်၊ ကျေးတော်မျိုး ကျွန်မ ကျွန်တော်မျိုး ကျွန်မကို ကိုးပြစ်ရှိရင်လည်း ခွင့်လွှတ်ပါ၊ ဆယ်ပြစ်ရှိရင်လည်း ခွင့်လွှတ်ပါလို့ ကျွန်မ ဒိုးဆွဲရင်း တဖွဖွ တောင်းပန်နေတယ်။ ကျွန်မ မြင်ကွင်းတွေ တဖြည်းဖြည်း ဝါးလာတယ်။ နောက်ဆုံး ဒိုးသံကို တစ်ချက်ချပြီး နတ်ပို့ သီချင်းသံကို တီးလိုက်တဲ့ အချိန်မှာ အဘွားက ကျွန်မ ခေါင်းပေါင်းကို ဆွဲချွတ်လိုက်တယ်။
* * *
"ညည်းကိုအေ စိတ်ပူလိုက်ရတာ ကောင်မ။ ကတော်တွေ အားလုံး နင့် ဝိုင်းကြည့် နေကြတာ။ နောက် အဘွား ဒေါ်ကျင်အေးက တစ်ခုခုတော့ လွဲနေပြီ ရေတစ်ခွက် သွားယူပေး ငါ့ကို ဆိုပြီး ကိုယ်တော်ကြီး နတ်ရုပ်မှာ သွား တိုင်တည်တာဟ"
သပြေမ စကားသံ ကြားလိုက်ရမှ ပိုပြီး ထိတ်လန့် သွားသလိုပင်။
"အေးဟယ်၊ ငါဘယ်လို ဖြစ်လို့ ဖြစ်သွားမှန်းကို မသိဘူး။ တော်သေးတယ် အဘွား လာကူပေးလို့။ ငါမပြန်ခင်တော့ သွားကန်တော့ဦးမယ်"
ကျွန်မ စကားကို သပြေမက ထောက်ခံတယ်။
"အဘွား နတ်ပွဲတွေ သိပ်မကတော့ဘူးတဲ့။ အသက်လည်း ရလာတော့ အသောက်အစားတွေက ဘုရားမကြိုက်လို့ ဆိုပြီး ဘာသာရေး လုပ်နေတာ များတယ်။ ဘုရားသွား ကျောင်းတက်နဲ့ ပျော်မွေ့နေတာ။ ဒီနေ့တောင် နင့်အဒေါ်က သွားကြည့်ပေးပါဦး။ ကလေးတွေ အမှားအယွင်း ဖြစ်မှာစိုးလို့ ဆိုပြီး အကူအညီတောင်းလို့ လာတာတဲ့"
ကျွန်မက "ဪ ..." ဆိုတဲ့ စကားအပြင် တခြားစကား မပြောနိုင်ဘူး။ တစ်သက်လုံး နတ်မှနတ် အရိုးစွဲလာတဲ့ နတ်ကတော်ကြီးတွေတောင် အသက်ကြီးလာတော့ လောဘ၊ ဒေါသ၊ မောဟတွေကို ဘာသာရေး အသိနဲ့ ထိန်းချုပ်သွားနိုင် ကြတာပဲလို့ တွေးမိတယ်။
"နင့် ကိစ္စတွေ ပြီးရင် ပြန်ကြစို့လေ။ ဒီမှာက ဘာအလုပ်မှ မရှိဘူး။ ဟိုမှာ ငါတို့ အလုပ်တွေ ပစ်ထားရတာ များနေပြီ"
သပြေမ စကားကို နားထောင်ရင်း နောက်ရက်တော့ ပြန်မယ်လို့ ပြောလိုက်တယ်။ နေရာဟောင်းကို ပြန်ရတော့မယ် ဆိုတော့ အရိပ်ဟောင်းက ပုံရိပ်လေးတွေက တက်တက်လာ ပြန်တယ်။ ကျွန်မ ဟိုမှာ မရှိတဲ့ အချိန်မှာ မောင် ဘယ်သူ့ ရင်ခွင်ကို ရောက်နေမလဲ မသိဘူး။ တစ်ဖက်သတ်အချစ် လို့တော့ မပြောကြပါနဲ့။ ဘယ်သူမှ မသိအောင် မောင် ကြည်ဖြူထားတဲ့ အရာလေးတွေ ကျွန်မ ရင်ထဲ အပြည့်ရှိတယ်။
ပတ်ဝန်းကျင်ရဲ့ အရိပ်တွေ စွန်းထင်လာမှာ စိုးလို့ မောင် ထုတ်မပြတာ နေမှာပါ။ မောင် ကျွန်မအပေါ် ကြင်နာခဲ့တာ ဘယ်သူမှ မသိပေမယ့် ကျွန်မ နှလုံးသားက ခံစားမိနေတယ်။ မောင့် မျက်လုံး၊ မောင့် အသံ၊ မောင့် ကိုယ်သင်းရနံ့လေးတွေကို နာကျင်စိတ်နဲ့ ဆိုရင်တောင် အဆုံးသတ်က ပိုချစ်မိပါတယ်လို့ ကျွန်မ ဖြေမိမယ် ထင်တယ်။ ယောက်ျား တစ်ယောက်က ယောက်ျား တစ်ယောက်ကို ချစ်တာ အပြစ်လို့ မဆိုကြပါနဲ့တော့။ အတွေးတွေက တောင်ရောက် မြောက်ရောက်နဲ့ ဖြစ်နေလို့ အုန်းမောင်းတောင် ဘယ်နှခါ ခေါက်သွားတယ် မသိ။
"ထတော့ ...၊ မိုးတောင် တော်တော် လင်းနေပြီ။ လင်တော်မောင် အကြောင်း တွေးပြီး လွမ်းစိတ်နဲ့ အိပ်မပျော်ဘူး မဟုတ်လား ကောင်မ"
သပြေမက ပြောလျက်နဲ့ ကျွန်မပေါင်ကို ရိုက်ပြီး နှိုးတယ်။ သူပြောလိုက်မှ ကိုယ်ကပဲ အချစ်ရူး စစ်စစ်ကြီး ဖြစ်နေသလို။
"မသော်မော် ... စောစောစီးစီး အချင်းချင်းတွေ လာဝုန်းနေတယ်။ မောင့်ကို လွမ်းတယ်လို့ ပြောမလို့တောင် ပြောမထွက်တော့ဘူး"
မျက်စောင်းကြီးကြီး ထိုးပြီး ခပ်ရွဲ့ရွဲ့ ဆိုလိုက်ရင် သပြေမက ...
"ညည်းကိုက မူယာပို ဆိုတဲ့အတိုင်း ပိုတာပါ။ ညည်းအဖေ ဆုံးတော့ ဘာမဆိုင် ညာမဆိုင် ငါ့ကိုယ်တော်တွေကို ပတ်ရမ်းပြီး ဇွတ်များ ကျားတော့ မလားလို့"
"ကောင်မ စောစောစီးစီး ကတ်တလီယာဒေ ပွင့်နေပါလား။ ငါ မပြောချင်ဘူးနော်။ ဘုန်းကြီးလူထွက်ပဲ ရှိတယ်။ ခြောက်လူထွက်လို့ ရှိလို့လား။ အချိန်တန်တော့လည်း မောင်မှ မောင်ပါပဲကွယ်။ ဒီက မူယာပို ဆိုတာ မောင့်အတွက် သီးသန့် သိပြီလား"
* * *
အခန်း (၈)
"အဘွားတို့တုန်း ကလည်း ဒါမျိုး ကြုံဖူးတယ် ဖိုးကျော်၊ မင်းလောက်ကြီး မဟုတ်ပေမယ့် မင်းလောက် နီးနီးပါပဲ။ အဲဒီတုန်းက အဘွားဆရာ ယောက်ျား နတ်ကတော်ကြီးက တောင်းတောင်းပန်ပန်နဲ့ တွဲချော့လို့ အရှက်မကွဲတာ။ နောက်တစ်ခါဆို ဂရုစိုက်ပါအေ။ ကိုယ်တွေက ဒီအလုပ်နဲ့ အသက်မွေး ဝမ်းကျောင်း ပြုနေတာ မဟုတ်လား။ သူတို့ကို ရိုသေမှ သူတို့ကလည်း ကိုယ့်ကို ပြန်ချစ်ပေမပေါ့"
အဘွား ပြောပြတဲ့ အတိတ်အကြောင်း ကြားမှပင် ကျွန်မ ကံကောင်းသွားတာ သေချာသိလိုက်သည်။ မဟုတ်ရင် မလွယ်။ မူယာပို ဆိုတဲ့ နတ်ကတော် နတ်ကနားမှာ အရက်သောက်လွန်ပြီး မူးလဲလို့ ဆိုရင် ကျော်မကောင်း ကြားမကောင်း ဖြစ်တော့မယ်။ နောက် အဘွားက ဆက်ပြောတယ်။
"ခု ပိုအဆင်ပြေ သွားတာ။ အဘွားက နတ်သိပ်မက ဖြစ်တော့ဘူး။ ခုနက တစ်ခုခု မှားနေတယ်လို့ စိတ်ထဲထင်လို့ ဝင်ချော့လိုက်တာ။ နောက် အလှူအတန်းနဲ့ ဘာသာရေး လုပ်ဖြစ်ရင် အရှင်တွေကို အမျှအတန်း အမြဲပေးဝေတယ်။ ဒါကြောင့်လည်း အဘွားကို သူတို့ ချစ်ကြတာ ဖြစ်မှာပါ။ နတ်က စားခဲ့တဲ့ သက်တမ်း တစ်လျှောက်လုံးမှာ အခက်အခဲ ကြီးကြီးကျယ်ကျယ် မဖြစ်ခဲ့ဖူးဘူး"
အဘွားက မောပန်းသွားဟန်နဲ့ ခဏနားတယ်။ စကားနည်းနည်း ထပ်ပြောပြီး အဘွားကို ကျွန်မနဲ့ သပြေမ ကန်တော့ နှုတ်ဆက်ပြီး ပြန်ခဲ့တယ်။ ကျွန်မတို့ နတ်လောကမှာ ကျွန်မတို့ထက် ဝါရင့် သမ္ဘာရင့်တဲ့ ကတော်ကြီးတွေရဲ့ ထူးခြားတဲ့ ဖြစ်အင်တွေ များစွာ ရှိတယ် ဆိုတာကို အပြန်လမ်းမှာ ကျွန်မ အသေအချာ စဉ်းစားမိတယ်။
* * *
ဟိုမှာ တစ်ယောက်တည်း ဆိုရင် ဖေဖေ့ကို လွမ်းတဲ့စိတ်နဲ့ နေရခက်မှာ စိုးလို့ မေမေ့ကို နယ်ကနေ ရန်ကုန် ခေါ်လာတယ်။ အဖေ ရှိတုန်းက ကျွန်မရဲ့ အလုပ်ကို မေမေ ထောက်လည်း မထောက်ခံခဲ့သလို ကန့်လည်း မကန့်ကွက်ခဲ့ဘူး။ ခုချိန်ထိ ကျွန်မ အိမ်ကိုလည်း ဖေဖေ သွားခွင့်မပြုလို့ မေမေ တစ်ခါမှ မရောက်ခဲ့ဘူး။ ဒါ ပထမဆုံး အကြိမ်ပဲ ဖြစ်တယ်။
မှတ်မှတ်ရရ ကျွန်မတို့ မိသားစု အိမ်ရောက်ပြီး တစ်ပတ်လောက် အကြာမှာ မောင် ရောက်လာတယ်။ ကိုယ်ခန္ဓာ အလှအပ အချိုးအဆစ် ပေါ်အောင်ဆိုပြီး အမြဲ အကျႌအကျပ်နဲ့ ဘောင်းဘီကို မချွတ်တမ်း ဝတ်တဲ့ မောင်က ဒီနေ့တော့ ရှပ်အကျႌ အပြာနုနဲ့ ကျင်ပုဆိုး ကွက်ကျဲကို ဝတ်ထားတယ်။ နောက် မောင်စီးထားတဲ့ ကတ္တီပါဖိနပ် အစိမ်းရောင်က မောင့်ခြေချောင်း၊ ခပ်ဖွေးဖွေးလေးကို ပိုပြီး ကြည့်ကောင်းစေတယ်။
မောင် ရောက်လာတာကို ကျွန်မ ရိပ်ခနဲ မြင်လိုက်ပေမယ့် သွားမတွေ့ဘူး။ မေမေနဲ့ပဲ စကားဆက်ပြော နေလိုက်တယ်။ အရိပ်လေး မြင်လိုက်တာတောင်မှ ဘာတွေ ဝတ်လာတယ် ဆိုတာကို သေချာ ဂရုစိုက် ကြည့်မိတဲ့ ကျွန်မကိုယ် ကျွန်မ မုန်းမိတယ်။ စိတ်ထဲမှာ ဘယ်လောက် သတိရပြီး ချစ်နေပါစေ မောင့်ကြောင့် ဖေဖေ့အတွက် တာဝန် မကျေသလို ဖြစ်ခဲ့တာ စိတ်နာနေမိ သေးတာလည်း အမှန်ပါ။
သပြေမနဲ့မောင် စကားတွေ ပြောနေကြတယ်။ သူတို့ စကားလုံး တချို့တော့ မကြားမချက် ကြားတစ်ချက် နားထဲကို ဝင်ဝင်လာတယ်။ ကျွန်မ မေမေကတော့ ဧည့်သည် ဆိုတဲ့ အသိက လွဲပြီး ကျန်တဲ့အတွေး ရှိနိုင်မယ် မထင်။ သူမက ရိုးရိုးအအ တောသူမကြီးကိုး။
"ဧည့်သည် သားဆီကို လာတာဆို သွားတွေ့လေ"
မေမေ ပြောလာပြီ ဆိုတော့ မဖြစ်မနေ သွားတွေ့ရတော့မယ်။ ကျွန်မ စိတ်တွေကို ထိန်းချုပ် မရနိုင်သေးဘူး။ စိတ်တွေက တောင်ရောက် မြောက်ရောက်နဲ့ သပြေမတို့ စကားပြောနေတဲ့ နေရာကို လှမ်းလာလိုက်တယ်။
"မင်းခန့်ကျော် မင်းပြန်တော့။ ဒီမှာ နယ်က အမေ ပါလာတယ်။ သူ ရှိနေတဲ့ အခိုက်မှာ ဘာပြဿနာမှ ငါမဖြစ်ချင်ဘူး။ နေနိုင်ရက်တဲ့ မင်းလို ယောက်ျားကို သိပ်စိတ်နာတယ်"
ကျွန်မ နှုတ်ဖျားမှ မောင် မဟုတ်ဘဲ မင်းခန့်ကျော်လို့ သုံးတဲ့ စကားလုံးကို မောင် အံ့ဩသွားတယ်။ မောင့်မျက်ဝန်းတွေမှာ မယုံကြည်ဟန်တွေ အပြည့်။ အမှန်တော့ ကျွန်မလည်း ဒီလို စကားတွေ ဘယ်ပြောချင်မလဲ။ ကျွန်မကိုယ် ကျွန်မ သဘောပေါက်ရ တော့မယ်။ ကိုယ့်ဘဝကို နားလည်ရမယ့် အချိန်တန်နေပြီ။
ရှင်တို့ကော ကျွန်မ ဒီ မင်းခန့်ကျော်ဆိုတဲ့ အမည်နာမကို ပြောချင်လွန်းလို့ ပြောနေတယ် ထင်ကြသလား။ အမှန်ဆို ကျွန်မ အခုလို ဖေဖေဆုံးလို့ အားငယ်နေတဲ့ အခိုက်မှာ မောင့်ရင်ခွင်ကို မှီပြီး လောကဓံကို ရဲရဲကြီး ရင်ဆိုင်လိုက်ချင် တာပေါ့။ ဖေဖေ ဆုံးတာတောင် အိမ်ကို တစ်ချက်မလာတဲ့ မောင်။
"ဖုန်းလေး တစ်ချက်နဲ့တောင် အဆင်ပြေလား မေးဖော် မရတဲ့သူကို စွဲလမ်းနေတာ မဖြစ်သင့်တော့ဘူး။ ထန်းပင် ငုတ်တို ဆိုတာ ဘယ်လောက်ပဲ ရေလောင်းလောင်း အညှောင့် မထွက်နိုင်ဘူး။ ကျွန်မ ဘဝက ထန်းပင်ငုတ်တို စစ်စစ်လေ။ ဘယ်လောက် ရေလောင်းလောင်း ဘယ်တော့မှ ထွက်လာမှာ မဟုတ်တဲ့ အညှောင့်ကို ကျွန်မ မိုက်ရူးရဲစွာ မျှော်လင့်နေခဲ့မိတာ။
မိန်းမတစ်ယောက် မဟုတ်တဲ့ လူတစ်ယောက်ရဲ့ ယောက်ျား တစ်ယောက်အပေါ် ထားတဲ့ အချစ်နဲ့ မေတ္တာတရားကို ရှင် ကိုယ်ချင်းမစာနိုင်ဘူး ဆိုတာ နားလည်ထားပါတယ်"
မိန်းမ စကားတွေ မရပ်မနား ပြောလိုက်မိတယ်။ စကားနဲ့ အပြိုင် မျက်ရည်မိုးက စိုလာ ပြန်တယ်။ ရင်ထဲမှာ နင့်နေတဲ့ ခံစားချက်က အလွမ်းလား၊ အချစ်လား၊ ကြင်နာခြင်းလား၊ နာကျင်ခြင်းလား ဆိုတာ ကျွန်မ ကောင်းကောင်း အဓိပ္ပါယ် မဖော်နိုင်သေးဘူး။ မောင့်နည်းတူ သပြေမကလည်း ကျွန်ကို အံ့ဩဟန်နဲ့ ကြည့်နေတယ်။
မဖြစ်သင့်တာတွေ ဖြစ်နေတဲ့ လောကကြီးမှာ ဖြစ်သင့်ဖြစ်ထိုက်တာတွေ လုပ်ဖို့ ကျွန်မ ဆုံးဖြတ်ချက်တွေ ခိုင်မာမှ ဖြစ်မယ်။ ထိန်းချုပ်တယ် ဆိုတဲ့ စကားလုံးတွေ သုံးပြီး ကျွန်မ ဘယ်ဘဝကိုမှ အဆုံးထိ မနာကျင်စေတော့ဘူး။ လွတ်မြောက်အောင် ရုန်းထွက် သွားစရာလည်း မလိုပါဘူး မောင်ရယ်။ ကျွန်မ မောင့်ကို ကြည်ကြည်ဖြူဖြူ ခွင့်ပြုလိုက်ပါတော့မယ်။
ဘဝကို တစ်က ပြန်စပြီးရင် မောင့်အတွက် မောင့်အတွက် ဆိုတဲ့ ရူးရူးမူးမူး ဖြစ်နေတဲ့ ကိစ္စတွေ ဘယ်တော့မှ ပြန်မဖြစ်စေရတော့ဘူး။ ချစ်မိသူကတော့ အချစ်နွံထဲက လွတ်မြောက်သွားတဲ့ ကျွန်မ မကြုံဖူးသေးဘူး။ ကျွန်မ ရဲရင့်မှ ဖြစ်မယ်။
"အင်းပါ ... ချစ်၊ မင်း မောင့်ကို စိတ်နာနေမယ် ဆိုတာ မောင် နားလည်ပါတယ်။ ပတ်ဝန်းကျင် အမြင်မှာတော့ မောင်က မင်းအပေါ် အရမ်းဆိုး၊ အရမ်းနိုင်စားတဲ့ လူဆိုးလေးပေါ့။ ဒါပေမယ့် မောင် ချစ်အပေါ် ကောင်းခဲ့တာတွေကို ခံစားတတ်တဲ့ ချစ်နှလုံးသားက တစ်ချိန်ချိန်မှာ သိမှာပါ။ ခပ်ဟော့ဟော့ နေတတ်လို့ နှလုံးသားမှာ ယုတ်ညံ့ခြင်းတွေ အမြဲကိန်းအောင်းနေမယ်လို့ ချစ် တရားသဘောနဲ့ တွက်ထားရင် မှားလိမ့်မယ်။ ချစ်အမြင်မှာ ချစ်ကိုယ်ချစ် ထန်းပင်ငုတ်တိုလို မမြင်ဘဲ ရေနဲ့ထိတိုင်း အညှောင့်လေးတွေ ထွက်ထွက်လာတဲ့ သပြေငုတ် ဖြစ်လာမယ့်နေ့မှာ မောင်ပြန်လာခဲ့မယ်"
မောင့်စကား အဆုံးမှာ ကျွန်မကို ဖက်ပြီး ပါးပြင်ကို ခပ်ဖွဖွ နမ်းတော့ ကျယ်ဝန်းလှတဲ့ မောင့်ရင်ခွင်ရဲ့ အနွေးဓာတ်က ကျွန်မကိုယ်ကို လွှမ်းခြုံသွားလေရဲ့။
* * *
အခန်း (၉)
မောင့်နှုတ်ခမ်း ရဲရဲလေးက ကျွန်မပါးကို ထိတယ် ဆိုရုံလေး နမ်းပြီး မောင် ကျွန်မရှေ့က လှည့်ထွက်သွားတယ်။ မောင့်အနမ်းလေး တစ်ပွင့်မှာတင် ကျွန်မ နှလုံးသား တစ်ခုလုံး ပြိုကျ ပျက်စီးသွားတယ်။ မောင် ကျွန်မနဲ့ ဆန့်ကျင်ရာ အရပ်ကို ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း ကျွန်မရဲ့ ချစ်တတ်တဲ့ ကမ္ဘာမှာ နေတစ်စင်း ထွက်ထွက်လာတယ်။ မောင် ကျွန်မကို ထာဝရ ထားသွားခဲ့ပြီလား မသိ။ ကျွန်မနဲ့ မောင်ရဲ့ ဖြစ်စဉ်ကို သပြေမက ဘာမှမပြောဘဲ ဆွံ့အနေတယ်။
ကျွန်မ အသိစိတ် ပြန်ဝင်လာတဲ့ အချိန် မောင်က ကျွန်မနဲ့ သပြေမတို့ရဲ့ အဝေးဆုံး တစ်နေရာကို ရောက်နေပြီ။ မောင်က ... ထန်းပင်ငုတ် မဟုတ်ဘဲ ရေနဲ့ ထိတိုင်း အညှောင့်လေးတွေ ထွက်ထွက်လာတဲ့ သပြေငုတ်တို ဖြစ်မှ ပြန်လာမယ် ဆိုတော့ မောင် ကျွန်မကို သံယောဇဉ် ရှိနေခဲ့တယ်ပေါ့။ ကျွန်မ မျှော်နေရမှာလား။ ပျော်နေရမှာလားဟင် ...။
"မူယာ ... မူယာ ... ကောင်မ"
သပြေမက ကျွန်မကို စိတ်ပူပန်စွာ ခေါ်နေတယ်။
"မင်းခန့်ကျော် တကယ် ထွက်သွားပြီလား မသိဘူးနော်။ ညည်းကို ငါ ဒီလောက်ထိ ပြောလိမ့်မယ် ထင်မထားဘူးဟယ်။ အမှန်ကလေ ညည်းအဖေ အသုဘကို ငါက မလာခိုင်းလို့ သူမလာတာ။ ညည်းအဖေ ဆုံးတာ သိသိချင်း ငါတို့ နယ်လိုက်သွားတဲ့နေ့ သူ လိုက်လာရမလား မေးတယ်။ ညည်းက အိုက်တင်တွေနဲ ငိုနေလို့ ငါက မလာစေချင်ဘူး ထင်မိလိုက်တာ"
သပြေမက ပြောနေရင်း ကျွန်မလက်ကို လာကိုင်တယ်။
"မှားကုန်ပြီ ထင်တယ် မူယာရယ်။ အေးအေး ဆေးဆေးမှ ညည်းကို ပြောမယ်ဆိုပြီး နေနေတာ"
သပြေမက မငိုဘဲ ရှု်က်နေတယ်။ ကျွန်မကို ပြောမပြတဲ့ ဘယ် အကြောင်းအရာတွေများ သပြေမနဲ့ မောင့်ကြားမှာ ရှိနေသေးတာလဲ။
"ညည်းအဖေ နာရေးပြီးတော့ ငါ ရန်ကုန်ကို ပြန်လာတယ်။ အဲဒီတုန်းက မင်းခန့်ကျော် လာတွေ့တယ်။ နာရေးနဲ့ ငွေရေးကြေးရေး ခက်ခဲနေမှာဆိုပြီး နင်ဝယ်ပေးထားတဲ့ iPhone ကိုရောင်းပြီး ငွေတွေ ပြန်လာပေးတယ်။ နင်သိရင် လက်မခံမှာ စိုးလို့ ငါ ဒီအတိုင်း ယူထားလိုက်တာ။ မင်းခန့်ကျော်ကလည်း အတင်း ကူညီတယ်။ ဒီလိုဖြစ်တာ စိတ်မကောင်းဘူး ဆိုပြီး တောင်းပန်တာကြောင့်လည်း ပါတာပေါ့ဟယ်"
ဒါဆို နာရေး အပြီးမှာ ပွဲတွေ လက်ခံထားတယ် ဆိုပြီး သပြေမ ပိုလို့ မေမေ့ကို ပေးခဲ့တဲ့ငွေတွေက မောင် ကျွန်မကို ပြန်ပေးတဲ့ ငွေတွေပေါ့။ ပြောပြောဆိုဆို သပြေမက အခန်းထဲ ဝင်သွားပြီး အနီရောင် ဘူးလေးကို ယူလာတယ်။
"ဒီမှာ မင်းခန့်ကျော်ရဲ့ စိန်နားကပ်"
သပြေမက ဘူးကို ဖွင့်လိုက်တဲ့အခါ မောင့်နားရွက် ပါးပါးရဲရဲလေး လှနေတဲ့ စိန်နားကပ်လေးရဲ့အရောင်က စူးစူးရှရှ။
"နင် ငွေလိုရင် ရောင်းပြီး သုံးရအောင်တဲ့လေ။ အားလုံး မှားကုန်ပါပြီဟယ်"
သပြေမက စိန်နားကပ်လေးကို ကိုင်ပြီး ငိုလေပြီ။ သပြေမ စကားအဆုံးမှာ ကျွန်မ ဦးခေါင်း တစ်ခုလုံး ချာချာလည် သွားတယ်။ ကျွန်မ ရင်ထဲမှာ နေဆယ်စင်း တစ်ပြိုင်တည်း ထွက်လာသလို ခံစားလိုက်ရတယ်။ အချိန်တစ်ခုခုရဲ့ အဖြစ်အပျက်တွေကို ကျွန်မ မသိဘဲ စိတ်ထင်ရာတွေ ပြောလိုက်တာ သွားပြီ။ မေမေ ရှိနေလို့ စကားကိုလည်း ကျယ်ကျယ် မပြောနိုင်တဲ့ သူက ကျွန်မပါ။
ဟုတ်ပါတယ်။ အိုး ... ကျွန်မအတွေးတွေ မှားကုန်ပြီရှင်။ ကျွန်မ ကိုယ်တိုင်က ငွေနဲ့ပေးပြီး အပျော်တွေ ရှာနေရတယ်လို့ ထင်နေတာ အမှားတွေပေါ့။ ဖြစ်သမျှ ပြန်စဉ်းစားကြည့် မိတယ်။ လူမြင်ကွင်းမှာ မောင် ကျွန်မကို သဲသဲလှုပ် ဂရုစိုက်မပြ တတ်ပေမယ့် လူမမြင်နိုင်တဲ့ နေရာတွေမှာ ဖိနပ်ကအစ ကိုင်ပေးခဲ့ဖူးတယ်။ မောင်မိုးပေးတဲ့ ထီးတွေကို ကျွန်မ ပျော်ပျော်ပါးပါး ဆောင်းခဲ့ဖူးသလို မောင် ယုယုယယ တိုက်တဲ့ ရေတွေ သောက်ခဲ့ဖူးတယ်။
ကျွန်မ ဘာလို့ ဒါတွေကို အချစ်တို့ သံယောဇဉ်တို့လို မမြင်ဘဲ ငါက သူ့ကို ငွေကြေးတွေနဲ့ ပံ့ပိုးနေလို့ ဒါတွေ လုပ်ပေးနေတာလို့ ထင်နေမိတာလဲ။ မောင်များ စိတ်နာပြီး ကျွန်မဆီ ပြန်မလာတော့ရင် လွမ်းတဲ့စိတ်နဲ့ ကျွန်မ သေမှာ။ ပွဲတွေ၊ ပန်းတွေ၊ ဆီမီးတွေ၊ အမွှေးတိုင် ရနံ့တွေနဲ့ လှပနေတဲ့ ကျွန်မရဲ့ နတ်ခန်းက ရနံ့တွေက ကျွန်မကို လှောင်ပြောင် နေသလိုလို။
"လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ စက်ပိတ်ထားပါတယ် ရှင်"
ခေါ်လိုက်တဲ့ အချိန်တိုင်း ကြားရတဲ့ အသံတွေက နားဝကို မသက်သာပါလား။
"သပြေမ ... မောင်နေတဲ့ တိုက်ခန်းကို ငါ့တို့ လိုက်သွားမလား"
"ဖြစ်ပါ့မလား ကောင်မရယ်။ တော်ကြာ ငါတို့ပုံစံတွေကို မင်းခန့်ကျော် သူငယ်ချင်းတွေ တွေ့သွားရင် သိက္ခာကျနေပါဦးမယ်"
ကျွန်မ အမေးကို သပြေမက စဉ်းစားရင်း ဖြည်းဖြည်း ဖြေတယ်။ ကျွန်မ နည်းတူ သပြေမလည်း မောင့်အပေါ် စေတနာ ရှိပါလား။ မောင့် အသိုင်းအဝန်းမှာ မောင့်ကို အထင်သေး ခံရမှာကို စိတ်ပူနေတယ်။
"တစ်ခုတော့ ရှိတယ်။ ငါတို့ ယောက်ျားပုံစံ ဝတ်သွားမှ ဖြစ်မယ်။ ငါတို့ကြောင့် သူ့ကို အထင်သေး မခံရစေချင်ဘူး။ နင်လည်း ဆေးဆိုးထားတဲ့ နင့်လက်သည်းတွေကို ဖျက်ပြီး ညှပ်ပစ်လိုက်ဟာ။ ငါလည်း အရှည်ထားတဲ့ ဆံပင်ကို နည်းနည်း ကြည့်ကောင်းအောင် ညှပ်လိုက်မယ်"
ကျွန်မ တစ်ခါမှ ကျွန်မဆံပင် ညှပ်ပြီးမှ သွားတွေ့မယ်လို့ မတွေးမိဘူး။ သပြေမကတော့ ဘေးကနေ ကျွန်မတို့ ဖြစ်ပုံကို အကုန်သိနေတော့ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်မယ့်ပုံမျိုးကို ပြောင်းခိုင်းနေတယ်။
"အေးပါ ကောင်မရယ်။ သွားတွေ့ရမှာက ကျုပ်လင်နော်။ ညည်းလင် မဟုတ်ဘူး။ ပိုပိုတွေလုပ်ပြီး ချိုးကြော်၊ စနိုက်ကြော်တော့ လုပ်မယ် မကြံနဲ့"
"မူးထာဟယ်။ မထော်မနန်းတွေ သူငယ်ချင်းလင်ကို ကြောင်တောင်နှိုက်စရာလား။ ဒီမှာကြည့်၊ ခါးလေးလှုပ်ကာ လှမ်းသာ လျှောက်လိုက်စမ်းပါ သူငယ်တွေ၊ သူငယ်တွေဆိုတာ သပြေမ နောက်မှာ တစ်ပုံကြီး သဘောပေါက်လား မသော်မော်"
သပြေမက သူ့ကိုယ်ခန္ဓာ ခပ်ပြည့်ပြည့်ကို တစ်ပတ်လှည့်ပြီး အိုက်တင်တွေ လုပ်ပြလို့ စိတ်ညစ်နေတဲ့ကြားက စိတ်ပျော်သလို ဖြစ်သွားသည်။
အားလုံး အဆင်သင့် ဖြစ်နေပြီ။ မောင့်ဆီ သွားဖို့ပဲ ကျန်တော့တယ်။ ကျွန်မလည်း အနှစ်နှစ်အလလ မဝတ်ဘဲထားတဲ့ ပုဆိုးကြီး တကားကားနဲ့ သပြေမကလည်း ဘောင်းဘီအကျပ်ကို ပုံကျအောင် ဝတ်ထားတယ်။ ပြောသာပြောတယ်။ တစ်သက်လုံး ကျားကျားလျားလျား ဝတ်တာ မတွေ့ဖူးတဲ့ သပြေမပုံက ကျွန်မ မျက်စိထဲမှာ လယ်တောထဲက စာခြောက်ရုပ်ကို ဘောင်းဘီစွပ်ထားတဲ့ အတိုင်း။ ကျွန်မ ကွက်ကြည့်ကွက်ကြည့် လုပ်ရင်း ပြုံးနေလို့ သပြေမ ရှက်ကိုးရှက်ကန်း ဖြစ်ပြီး သူ့ဘောင်းဘီကို ပြန်ပြန်ကြည့်နေတယ်။
"ဂွမ်းပါပြီတော်။ ငါ့ရဲ့ လှပတဲ့ ငါ့ရှဉ့်ကိုယ်လုံးလေး မပေါ်တော့ဘူး။ ဒီယောက်ပြား ပုံကြီးနဲ့"
သပြေမ စကားကြောင့် ကျွန်မ ဟားတိုက် ရယ်လိုက်တယ်။ တော်သေးတယ်၊ မေမေများ ကျွန်မကို ဒီပုံမြင်ရင် ဘယ်လောက် ရယ်ချင်မယ် မသိဘူး။ အိမ်မှာ ၃ ရက်ပဲ နေပြီး သူ မနေနိုင်ဘူး။ နယ်ကိုပြန်မယ် ဆိုပြီး ပြန်ပို့လိုက်လို့ တော်သေးတယ်။ မဟုတ်ရင် မလွယ်။
"တပည့်တော်မ မောင်နဲ့ အဆင်ပြေပါစေ ဘုရား။ ကူညီဆောင်မပေးပါ"
အစ်မတော် မငွေတောင်နဲ့ အရှင်တွေကို ဦးတိုက်လိုက်တယ်။ အိမ်က အထွက်မှာ သာယာလာတဲ့ ရာသီဥတုက တဖြည်းဖြည်း ပြောင်းလာတယ်။ လေပြည်လေးတွေက ဖြည်းဖြည်းမှန်မှန် တိုက်နေရာမှာ နည်းနည်း ပိုကြမ်းလာသလို ခံစားရတယ်။ လေပြည်နဲ့အတူ မိုးရေစက်လေးတွေက တဖွားဖွား ကျနေတယ်။ တစ်ခါတစ်ခါ ခြိမ်းလိုက်တဲ့ မိုးခြိမ်းသံက ရင်ထဲကို ထိတ်ခနဲ ဖြစ်နေအောင် ကျယ်လှတယ်။ မောင်နေတဲ့ တိုက်ခန်းနားရောက်မှ ရွာလို့ တော်သေးတယ်။ ဒီလိုမှ မဟုတ်ရင် မလွယ်။
"ဒေါက် ... ဒေါက်"
အခန်းတံခါးကို ခေါက်နေတဲ့ အချိန် ရင်ခုန်သံတွေက မိုးခြိမ်းသံတွေလို ဆူညံနေတယ်။ မောင့်ကိုမြင်ရင် "ကျွန်မ မှားပါတယ်မောင်" ဆိုပြီး မောင့်ရင်ခွင်ထဲကို ဝင်လိုက်ရမလား။ ကျွန်မနည်းတူ သပြေမလည်း ရင်ခုန်နေမှာကို သိတယ်။
"ကလစ် ..." ဆိုတဲ့ တံခါးသော့ကို လှည့်လိုက်တဲ့အသံကြားပြီး မောင့်အခန်းတံခါး ပွင့်လာတယ်။
* * *
အခန်း (၁၀)
"ဘယ်သူနဲ့ တွေ့ချင်လို့လဲ မသိဘူး ခင်ဗျ"
အသက် နှစ်ဆယ်ပတ်လည် ကောင်းလေး တစ်ယောက် လာဖြေတယ်။
"အစ်ကိုတို့က ကိုမင်းခန့်ကျော် မိတ်ဆွေတွေပါ။ သူနဲ့တွေ့ရအောင် လာတာ"
ကောင်လေးက ကျွန်မတို့ကို ကြည့်ပြီး အံ့ဩဟန်နဲ့ ...
"အစ်ကိုတို့က ကိုမင်းခန့်ကျော် နိုင်ငံခြား ထွက်သွားတာ မသိဘူးလား။ ထိုင်းမှာ သူ့သူငယ်ချင်းတွေ အကူအညီနဲ့ အလုပ်လုပ်ဖို့ သွားတာ ပြီးခဲ့တဲ့ သုံးရက်ကပဲ"
အိုး ... ဘုရားသခင်၊ မောင် မရှိတော့ဘူးတဲ့။ မောင် မြန်မာနိုင်ငံမှာ မရှိတော့ဘူးတဲ့။ ကျွန်မကို သပြေမက သတိပေးသလို တစ်ချက် လာကိုင်ပြီး ...
"ကျေးဇူးပဲ ညီ၊ ကိုယ်တို့ကို ခွင့်ပြုပါဦး"
ကောင်လေးကို နှုတ်ဆက်ရင်း သပြေမက ကျွန်မလက်ကို တွဲခေါ်တယ်။ ဘာကြောင့် နိုင်ငံခြားသွားမယ် ဆိုတာ ပြောမသွားတာလဲ မောင်ရယ်။ ချစ် ပြောလိုက်တဲ့ စကားတွေကြောင့် မောင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်မယ် ဆိုပြီး ကြိုးစားလိုက်တာပေါ့။ မောင်သာ ကျွန်မနား နေရင် ဘာပဲ လုပ်ပေးရ လုပ်ပေးရ ပါကွယ်။ မောင် ဒီလို လွတ်မြောက်ဖို့ ဘယ်အချိန် ကတည်းက ကြိုးပန်းနေမှန်း ကျွန်မမှ မသိတာကိုး။
အလာတုန်းက ခြိမ်းရုံခြိမ်းတဲ့ မိုးကြိုးတွေက ကျွန်မခေါင်းကို ပစ်ချလိုက်တယ်လို့ကို ထင်မိတယ်။ ရက်စက်လိုက်တာလို့ မပြောချင်ပေမယ့် မောင် မကြင်နာတာတော့ သေချာတယ်။
"ဘာတဲ့ ၊ သပြေငုတ်လို ရေနဲ့ထိပြီး အညှောင့်သစ်လေးတွေ ပြန်ပေါက်မယ်လို့ ခံယူထားတဲ့နေ့ ပြန်လာမယ်" ဆိုတာ မောင် ရည်ရွယ်ချက် တစ်ခုနဲ့ ပြောခဲ့တာပေါ့လေ။ ပြန်ထွက်လာတဲ့ လမ်းတစ်လျှောက်လုံး ကျွန်မနဲ့ သပြေမ မျက်ရည်မိုးတွေ လမ်းထိလျှံခဲ့တယ်။
* * *
လွမ်းဆွတ်တဲ့ဒဏ် ဆိုတာ ခံရဖူးတဲ့သူမှ သိလိမ့်မယ်။ တစ်ရက် တစ်နေ့တည်းနဲ့ ပြေပျောက်သွားတယ် ဆိုတာ အလွမ်းစစ် မဟုတ်လို့ဘဲ ကျွန်မကတော့ သတ်မှတ်တယ်။ ပိတောက်တွေတောင် အကြိမ် သုံးဆယ်လောက် ပွင့်ခဲ့လို့ ခါနွေဥဩရဲ့ တွန်ကျူးသံတွေကိုလည်း လွမ်းဆွေးဆွေး ခံစားခဲ့တာ နှစ်ပေါင်း ကြာညောင်းပေါ့။ ဖေဖေနောက်ကို မေမေက များမကြာတဲ့ နှစ်ပိုင်းအတွင်းမှာ လိုက်သွားတယ်။
ဒီနှစ်တွေမှာ လွမ်းတဲ့စိတ်နဲ့ ကျွန်မဘဝ တိုးတက် ရှင်သန်အောင် မနည်း ပြန်ပျိုးထောင်ခဲ့ရတယ်။ အမှန်တော့ အချစ်ဟာ ကာရန်မညီတဲ့ ကဗျာတစ်ပုဒ်ပါပဲ။ ဘယ်လောက်ပဲ လိုချင် တပ်မက်ပေမယ့် အချိန်တန်တော့ မောင်က ကျွန်မ ရင်ခွင်ကနေ ပျံသန်းသွားတယ်။ မောင်ကတော့ လွတ်မြောက်သွားပေမယ့် ကျွန်မကတော့ ချစ်တတ်တဲ့ စိတ်တစ်ခုတည်းနဲ့ မောင့်ထံပါးမှာ ဘယ်အချိန် ဘယ်အခါ ဖြစ်ဖြစ် ခိုလှုံချင်သေးတယ် မောင်။
ခု ကျွန်မက နတ်လောကမှာ တပည့်တပန်းတွေ တော်တော်များများရဲ့ မာမီမူယာ ဖြစ်နေပြီလေ။ အသည်းကို ကွဲအောင် ခမ်းစိမ်းစိမ်း ခွဲသွားတဲ့ မောင်ရယ် ဒီရင်ခွင် အိုဟောင်းဟောင်းကိုများ လမ်းကြုံရင် ဝင်နားစေချင်သေးတယ်။ အမှန်တော့ အခြောက်ဘဝ ဆိုတာ ရေလျှော်ပြီး မခြောက်လို့ ထိုင်းနေတဲ့ အဝတ်လိုပဲ။
အရမ်းခြောက်သွားတဲ့ အဝတ်လိုလည်း တန်ဖိုးမရှိသလို အရမ်းစိုနေတဲ့ အဝတ်လိုလည်း အရေးတယူ မရှိတတ်ကြဘူး။ လောကမှာ စိုတာတွေ၊ ခြောက်တာတွေ ရှိကောင်း ရှိနိုင်ပေမယ့် ကျွန်မတို့မှာ ရှိတဲ့ ချစ်ခြင်းမေတ္တာတွေ ကိုတော့ အချစ်နဲ့ ပတ်သက်ပြီး ကျွန်မတို့ကို ရူးတယ်လို့ ဆိုကောင်း ဆိုလိမ့်မယ်။ မိခင်ဆန်တဲ့ စိတ်၊ ကြင်နာတတ်တဲ့ နှလုံးသားနဲ့ မြင့်မြတ်တဲ့ အသွေးအသားတွေ မရှိရင် ကျွန်မတို့ရဲ့ မြောက်မြားစွာတဲ့ ငွေတွေကို တခြားသူတွေအတွက် အသုံးချလိမ့်မယ်လို့ ရှင်တို့ ထင်နေသလား။
အချစ်သစ်လည်း ထပ်မရှာသလို သိပ်ချစ်တတ်တဲ့ နှလုံးသားကိုလည်း မောင် တစ်ယောက်အတွက်ပဲ သီးသန့်နေရာလွတ် ထားလိုက်တော့ ကျွန်မတို့ အသိုင်းအဝိုင်းမှာ ကျွန်မကို ရူးသွပ်သူလို့ သမုတ်ကြတယ်လေ။ အချစ်စစ်ဆိုတာ တစ်ခါတည်းမှာ တစ်ဦးတစ်ယောက်တည်းကို ချစ်ပြီး ထာဝရ သူနဲ့ အတူတူ မြှပ်နှံလိုက်လို့ မရဘူးဆိုတဲ့ သူနဲ့ ကျွန်မ တွေ့ချင်တယ်။
မောင်က အသွေးကို ယူတယ်၊ အသားကို ယူတယ်၊ အခွင့်အရေးကို ယူတယ်။ ဒါပေမယ့် မောင့်ကို ကျွန်မ မေတ္တာစစ်နဲ့ ချစ်တယ်။ မောင်ကလွဲပြီး ကျွန်မ အသားကို၊ ကျွန်မ အသွေးကို၊ ကျွန်မ နှလုံးသားကို၊ ကျွန်မ ပါးကို နမ်းစေချင်တဲ့ အခြားတစ်ယောက် မရှိဘူး။ ဒါကြောင့် ကတော်လောကမှာ မူယာပိုက သိပ်ချစ်တတ်တဲ့လူလို့ ဆိုကြတယ်။ တက်သစ်စ ကတော်ပေါက်စလေးတွေ သူတို့ သူငယ်လေးတွေနဲ့ ချစ်ခန်း၊ ကြိုက်ခန်းလေးတွေ နတ်နန်းမှာ ဖောက်သည်လာချရင် သက်ပြင်းကို ခပ်မမ ချပြီး ...
"အမလေး သမီးတွေ၊ ဒီလောက်နဲ့ တက်မလာနဲ့။ ညည်းတို့ထက် ကျုပ်က ပိုဆိုးခဲ့၊ ကဲခဲ့၊ သဲခဲ့တာပါအေ"
လို့ပြောရင် သက်တူရွယ်တူ အပေါင်းအသင်းတွေ ရယ်ပြီး ...
"ကလေးတွေ ရှေ့မှာ မထော်မနန်းတွေ ပြောပြီး ငယ်ကျိုးငယ်နာတွေ မဖော်နဲ့" လို့ ဆိုကြပြန်တယ်။
* * *
ဒီနေ့မှ မှတ်မှတ်ရရ တစ်ယောက်သောသူကို အရမ်း သတိရနေ မိတယ်။ စိတ်ပြေလက်ပျောက် ဘယ်ဆီများ ရောက်နေပြီလဲ အချစ်ရယ်လို့ ညည်းလိုက်ချင်ပေမယ့် အသက်အရွယ်အရ မဖြစ်သင့်တော့ဘူး မဟုတ်လား။ မောင်နဲ့ ကွဲသွားပြီးတဲ့ နောက်ပိုင်း ကျွန်မ လောဘ အားလုံးကို လျှော့ချလိုက်တယ်။
ရသမျှ ငွေကြေးဥစ္စာ အားလုံးကို လေးပုံပုံတယ်။ တစ်ပုံကို စုတယ်။ တစ်ပုံကို ဘုရားကိုလှူတယ်။ တစ်ပုံကို စားတယ်။ နောက်တစ်ပုံကိုတော့ သူရောက်လာတဲ့ တစ်နေ့အတွက် သီးသန့်ထားမိတယ်။
မာမီ မူယာပိုလို့ ဆိုလိုက်တာနဲ့ အလှူအတန်း ရက်ရောတဲ့သူ။ သမီးအပေါ် ဩဇာညောင်းသူ၊ ချစ်ရေးချစ်ရာ အရှုပ်အရှင်း ကင်းသူရယ်လို့ နာမည် ကြီးခဲ့တာတောင် နှစ်ပေါင်း ကြာခဲ့ပြီ။ နာမည် တစ်လုံးကို တန်ဖိုးထား ထိန်းသိမ်းရင်း ချစ်ခဲ့ဖူးတဲ့ ရင်ခွင်တစ်ခုကို သိုသိုသိပ်သိပ်လေး လွမ်းနေရတယ်။ တစ်ခါတစ်လေ သပြေမက ...
" မူယာရယ် ... အချိန်တွေက ကုန်တာ မြန်လိုက်တာ။ အခု ငါတို့က လှပတဲ့ ရုပ်ရည် ဆိုတာလည်း မရှိတော့ဘူး။ ဆန္ဒကို သိက္ခာနဲ့ ထိန်းထားလို့ အရှင်သခင်တွေ ကျေးဇူးနဲ့ စားဖို့ မပူ၊ သောက်ဖို့ မပူရ။ နေဖို့ မပူရဘဲ လူလိုသူလိုလေး နေရတာ။ ဒီလို အဟုတ်ဘဲ စိတ်အလိုလိုက်တဲ့ ကတော်တွေ ရောဂါတွေရ ကျန်းမာရေးတွေ ဆိုးဝါးပြီး ဘဝပျက်သွားတဲ့ သူတွေ တစ်ပုံကြီးနော်။ ကျုပ်လေ မင်းခန့်ကျော်ကိုလည်း ရှာကြံပြီး ကျေးဇူးတင်ပါတယ်။ သူ့ကြောင့်သာ မဟုတ်ရင် လမ်းဘေးမှာ ဘဝပျက်နေတဲ့ အခြောက်မကြီးတွေ ငါတို့ ဖြစ်မနေဘူးလို့ မပြောနိုင်ဘူး။ ပြီးတော့ နင့်ရဲ့ အချစ်ကို သိက္ခာနဲ့ ထိန်းထားနိုင်တာ ကိုလည်း ကျုပ် အားကျမိပါတယ် အေ။ အချစ်နောက်ကို လိုက်ရင်းနဲ့ ညည်းများ တွေ့ရာ အချစ်တွေနဲ့ ပျော်မွေ့ သွားမှာကို အဲဒီတုန်းက ကျုပ် စိတ်ပူလိုက်တာ"
သပြေမတောင် ဘာလိုလိုနဲ့ ကျွန်မနဲ့တန်းတူ ရွှေတိုက်စာရင်းဝင် နတ်ကတော်ကြီး ဖြစ်နေပြီ။ ကျွန်မ အပေါ်မှာတော့ ရဲဘော်ရဲဘက် တစ်ယောက်လို ကျွန်မအပေါ် ကောင်းခဲ့တာ။ လူတစ်ချို့နဲ့ ပတ်သက်ပြီး တချို့ အသိုင်းအဝိုင်းက လူတွေက ကျွန်မတို့ အချစ်နဲ့ ကျွန်မတို့ နေထိုင်ခဲ့တဲ့ စရိုက်တွေကို ရွံ့မုန်းတဲ့ လူတွေ ရှိကောင်း ရှိလိမ့်မယ်။ ဒါတွေကို ကျွန်မကတော့ အများကြီး မအံ့ဩပါဘူး။
စကားတွေ ပြောနေရင်း သပြေမကို ...
"ဟဲ့ ... လိုအပ်တာတွေ ရှိနေဦးမယ်။ သေချာလေး စစ်ဦးနော်။ ကျန်ခဲ့တာတွေ၊ လိုခဲ့တာတွေ ရှိလို့ သခင်တွေ ငြိုငြင်ဦးမယ်"
ကျွန်မအိမ် နတ်နန်းမှာ သမီးတစ်ယောက် အဆင်ပြေလို့ အောင်ပွဲအတွက် ပြင်ဆင်နေကြတာ။ မနက် ၁၀ နာရီလောက်က စပြီး တစ်နေ့ခင်းလုံး ချော့ကြ၊ ကကြမှာ။ ကျွန်မ မေမေ ဆုံးသွားပြီး နောက်ပိုင်း နယ်မှာရှိတဲ့ အိမ်တွေ၊ ယာတွေ၊ လယ်တွေ အားလုံး ရောင်းလိုက်တယ်။ နောက် ရောင်းရတဲ့ ငွေလေးကို အတိုးလေး ဘာလေး ပေးထားပြီး ကျွန်မ အိမ်ကို အိမ်နန်းပုံစံ ပြင်ပစ်လိုက်တယ်။ ပွဲတွေ၊ ဘာတွေဆို ကျွန်မ အိမ်တင် ဆိုင်းသမားတွေ ခေါ်ပြီး အမိုးအကာနဲ့ လွတ်လွတ်လပ်လပ် ကနားတွေ ပေးနိုင်အောင်ပေါ့။
ကျွန်မရဲ့ ဇာတ်ညွှန်းရေး ဆရာမက သပြေမလေ။ သူ အကြံပေးလို့ ဒီလို လုပ်ဖြစ်သွားတာ။ အခုပွဲမှာတော့ သပြေမက ဦးစီးဦးကိုင် လုပ်နေလို့ ကျွန်မက တောင်ကြည့် မြောက်ကြည့် လောက်ပဲ။ လိုအပ်တဲ့ ပွဲတွေအားလုံး မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်နေလို့ ဆိုင်းဆရာကတောင် နတ်ပင့်တီးလုံးကို အစပျိုးနေပြီ။ ခဏနေဆို သပြေမနဲ့ သူ့သမီးတစ်သိုက် ကကြ ခုန်ကြ၊ ပျော်ကြ ပါးကြမယ့် နတ်ချော့ပွဲကြီး ကကြတော့မယ်။ လုပ်ရိုးလုပ်စဉ်တွေ အားလုံး လုပ်ပြီး တချို့ နတ်ကတော်လေးတွေ ချော့နေတဲ့အချိန် သပြေမက ...
"ကောင်မ ...၊ ညည်းလည်း ချော့ဦးလေ တစ်ခါလောက်။ ဒါမှ အလှူရှင်တွေလည်း ကျေနပ်မှာပေါ့"
"အေးပါ ချော့တာပေါ့"
သပြေမက ပြောရင်းနဲ့ ကျွန်မအတွက် ပဝါတွေ ယူလာတယ်။ ပဝါစကို ကျွန်မ ကျွမ်းကျင်ကျင်ကျင် လှလှပပလေး ပေါင်းလိုက်ပြီး ...
"ပုဆိုးတွေတော့ မဝတ်တော့ပါဘူးဟယ်။ အသက်လည်း ကြီးပါပြီ။ ဒီအတိုင်း ရိုးရိုးလေးပဲ ချော့တာပေါ့"
ကျွန်မ အထဲကို ဝင်လိုက်ရင်ပဲ ဆိုင်းသမားက စတီးနေပြီ။ ကျွန်မ လက်အုပ်ချီပြီး ကိုယ်တော်ကြီး (ကိုကြီးကျော်) မျက်နှာတော်ကို မော်ဖူးလိုက်တော့ ကိုယ်တော်ကြီး မျက်နှာက ပြုံးနေသလိုလို။ ကျွန်မ မျက်လုံးနှစ်ဖက်ကို မှိတ်လိုက်တဲ့ အခါမှာ အုန်းပွဲ၊ ငှက်ပျောပွဲက ရတဲ့ အနံ့တွေနဲ့ ဆန့်ကျင်တဲ့ ရနံ့တစ်ခုက ကျွန်မ နှာခေါင်းထဲကို ဝင်လာတယ်။
"အို ... မောင်များလား"
အသက် ၆၀ သာ ပြည့်မယ်။ မောင့်ရဲ့ ကိုယ်သင်းရနံ့လေးကို ကျွန်မ မှတ်မိနေသေးတယ်။ မောပန်းသမျှ ခေါင်းဝင်ပြီး ချွဲခဲ့၊ သဲခဲ့တဲ့ ရင်ခွင်ခပ်နွေးနွေးကို သတိတရနဲ့ ရင်တောင် ခုန်သွားတယ်။ နတ်ပင့်ဆိုင်းလည်း တီးနေပြီဆိုတော့
"မောင်လား"
ဆိုတဲ့ အကြည့်နဲ့ မကြည့်နိုင်ဘူး။ ကျွန်မ ကတယ် ခုန်တယ်။ ပျော်တယ်။ ပါးတယ်၊ သောက်တယ် စားတယ်။ ဒါပေမယ့် စိတ်က ကိုယ်တော်တွေဆီမှာ ရောက်မနေဘူး။ ဆိုင်းသံက ဒီနေ့မှာ ပိုမြူးသလို ခံစားမိတယ်။
"သားတွေ သမီးတွေ စီးပွားတက်ပြီး ထူးအောင် တဘောင်ဆိုတာ ပြဟေ့"
ကျွန်မ အော်လိုက်တယ် ဆိုရင်ပဲ ဆိုင်းသံက မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ တဘောင်ကို စတီးတယ်။
"သောက်သောက်စားစား လူမင်းသားကြီးပါ ဘုရား သောက်ပါ၊ မူးပါ၊ ထူးပါ ဘုရား"
သမီးတစ်ယောက်ရဲ့ သီချင်းသံ စူးစူးကို ဆိုလိုက်တဲ့ အချိန်မှာ ကျွန်မနား အရိပ်လေး တစ်ခု ကပ်လာတယ်။
သေသေချာချာ ကြည့်မှ မောင်ပါလား။ မောင့်ခေါင်းမှာ ပဝါအစိမ်းလေး တစ်ခုကို အချိုးမကျစွာ ပေါင်းထားတယ်။ မောင့်ဘေးမှာ သပြေမက ကျွန်မနဲ့ အတူတူ ဝင်ကနေပြီ။ အိုး ... ကျွန်မ ရင်တွေ ခုန်လိုက်တာ။ မောင် ကျွန်မဆီ ပြန်လာတယ်။ ဆိုင်းသံတွေနဲ့ ရင်ခုန်သံတွေ ပေါင်းလိုက်ရင် ကျွန်မ နှလုံးခုန်နှုန်းတွေ ရပ်သွားမလား မသိ။
ကျွန်မ မောင့်ကို နှစ်ပေါင်းများစွာ လွမ်းဆွတ်စိတ်နဲ့ မြတ်မြတ်နိုးနိုးကြည့် ကခုန်နေသလို ကျွန်မကိုလည်း အစ်မတော် မငွေတောင်က ...
"ဒီကောင်မတော့ ချစ်သူ့နယ်မြေက ဘယ်တော့မှ လွတ်ဖို့ မမြင်ဘူး" ဆိုပြီး ခပ်ထေ့ထေ့ ပြုံးနေမလား မသိ။
---------
ဇော်ညီညီ (နေပြည်တော်)
No comments:
Post a Comment