Tuesday, June 20, 2023

'အိုဇုန်း' (2020)




" တချို့အရာတွေက ရှိနေတုန်းက သတိတောင် မထားမိပဲနဲ့ မရှိတော့မှ ပြန်လိုချင်ရတာမျိုး ညီငယ်လေးရဲ့ "


" အကို့ ရည်းစားဟောင်း အကြောင်း ပြောနေတာလား ? "


" မဟုတ်ပါဘူး အိုဇုန်းလွှာ အကြောင်း ပြောနေတာ ညီငယ်ကလေးရဲ့ " 


 ဪ သိပါဘူး ဗျာ  ဆိုပြီး ကျနော် ရှက်ရယ်ရယ်မိသွားတယ် ၊ ကျနော့် ညာလက်က ကျောက်ပတ်တီးက ညစ်ပတ်နေတယ်၊ ဆော့ပင်နဲ့ လျှောက်ခြစ်ထားတာတွေလည်း ရှိသေးတယ်၊ 


ကိုဇေယျာက ကျနော်ရဲ့ ရှမ်းခေါက်ဆွဲကို သေချာမွှေပေးပြီး အငွေ့တွေ့ ထွက်သွားအောင် အလယ်ကို ဖွပြီး ယမ်းခါလိုက်တယ်။


ရပြီ စားတော့ ဆိုပြီး ကိုဇေယျာက ကျနော့်ကို ပေးလိုက်တော့ ကျေးဇူးတင်ပါတယ် ခင်ဗျ ဆိုပြီး ခေါက်ဆွဲကို ဘယ်လက်ကနေ တူနဲ့့ထိုးကော် တဖူးဖူးမှုတ်ပြီး စားတယ်။ ကိုဇေယျာက ကျနော် စားနေတာကို ပြုံးကြည့်နေတယ်လို့ ခံစားရတယ်၊ နောက် သူက ရေနွေကြမ်းငှဲ့ပေးတယ်။


" လက်ဖက်ရည်မှာ ရှယ် နဲ့ ရိုးရိုး ဘာကွာလဲ သိလား " ကိုဇေယျာက ရေနွေးကြမ်းပန်းကန်ကို ကျနော့်ဘက် ထိုးပေးရင်း မေးတယ်။


" ဇွန်းပါတာနဲ့ မပါတာ ကွဲတာမလား " ကျနော့် ပလုပ်ပလောင်းနဲ့ ဝါးရင်းပဲ ဖြေလိုက်တယ်။ 

" ဟုတ်ပ၊ ညီငယ်ကလေး မသိဘူး ထင်နေတာ " ကိုဇေယျာက ရယ်တယ်။


ဟမ် ဘာလို့ မသိရမှာတုန်း ဆိုပြီး ကျနော်က မျက်မှောင်ကျုံ့ကြည့်တော့ ကိုဇေယျာက ကျနော့်ပါးကို လှမ်းဆွဲတော့မယ့်ပုံနဲ့ လက်လှမ်းပြီးမှ ပြန်ရုတ်သွားတယ်။


သွားရအောင်လေ ဆရာဝန်ကြီးတွေ round လှည့်တော့မယ် ထင်တယ်လို့ ကျနော် ပြောရင်းနဲ့ ထရပ်လိုက်တယ်။ 

ကိုဇေယျာက စားပွဲပေါ် ပိုက်ဆံတင်ပြီး ရပ်နေတဲ့ ကျနော့် ပုခုံးကို အားပြုပြီး ထရပ်တယ်။ ကျနော်ကကျနော့်ပုခုံးပေါ်က ကိုဇေယျာ့လက်ကို ဘယ်လက်နဲ့ အုပ်ကိုင်ပြီး နေရာကျအောင် ပြင်တယ်၊ ပြီးမှ ဆိုင်ပြင်ဘက်ကို ထွက်လာတယ်။


ကျနော်နဲ့ ကိုဇေယျာက တကယ်တော့ ဒီဆေးရုံရောက်မှ သိကြတာ၊ အကြောင်း မသိတဲ့သူတွေကတော့ ကျနော်တို့ကို တရပ်ကွက်ထဲ သားချင်းတွေလို ထင်ကြမယ် ထင်တယ်၊ နှစ်ယောက်လုံးက ortho ward ထဲမှ ကုတင်ကပ်ရပ် နေရာကျတယ်။ ပထမတရက်တော့ မေးထူးခေါ်ပြောလောက်ပဲ ညကျ စာအုပ်အငှားသည် ရောက်လာတော့ နှစ်ယောက်လုံး စာအုပ်တွေ ငှားကျတယ်၊ ကျနော်က မင်းသိင်္ခစာအုပ် တအုပ်ကို ယူလိုက်ပြီး ကိုဇေယျာက တက္ကသိုလ်ဘုန်းနိုင် တအုပ်ကို ယူလိုက်ကြတယ်။ မနက်ကျတော့ စာအုပ်လဲ ဖတ်ရင်း စကားတွေ ပိုပြောဖြစ်ကြတယ်။


ကျနော်က အစိုးရ ရုံးတရုံးက အရာရှိပေါက်စ၊ ကိုဇေယျာကတော့ ဆက်သွယ်ရေးက အရာရှိ တယောက်ပဲ၊ ကျနော်တို့နှစ်ယောက်လုံးက ဆိုင်ကယ်မှောက်ပြီး ဆေးရုံရောက်နေကြတာ။ 


နောင် နှစ်နည်းနည်းကြာတော့ အဲ့ချိန်မှာ ကျနော်တို့ ဆိုင်ကယ်မှောက်ခဲ့ကြတာ သိပ်ကောင်းတယ်လို့ ကျနော် ယုံကြည်မိတယ်၊ ဘာလို့ဆို နောက်တနှစ်မှာ  န်ကုန် စည်ပင်သာယာ နယ်နိမိတ်အတွင်း ဆိုင်ကယ် စီးခွင့်ပိတ်လိုက်တဲ့ အတွက်ပဲ။ ကျနော်လည်း  ကျနော့်ဆိုင်ကယ်လေးကို ရောင်းလိုက်ရတယ်။


ဒုတိယရက်မှာ ကျနော်နဲ့ ကိုဇေယျာ လက်ဖက်ရည်ဆိုင် သွားကြတယ်၊ ကျနော်က ညာလက် ကျောက်ပတ်တီးကိုင်ထားရတာမို့ ဘယ်လက်နဲ့ ရှမ်းခေါက်ဆွဲ မွှေလို့မရဘူး၊ ကိုဇေယျာက ဘာမပြော ညာမပြောနဲ့ ကျနော့် ခေါက်ဆွဲပန်းကန်ကို ယူပြီး မွှေပေးတယ်။ စားပြီးလို့ ပြန်အထမှာ ကိုဇယျာက ဟန်ချက်ပျက်ပြီး ယိုင်သွားတဲ့အတွက် ကျနော်က  က်ိုဇေယျာ့လက်ကို ကိုင်ပြီးပုခုံးပေါ် တင်လိုက်တယ်။ ဒီလိုနဲ့ ကျနော့် အတွက်ကိုဇေယျာက  ခေါက်ဆွဲမွှေပေးပြီး ကိုဇေယျာကို သီဟက တွဲပြီး လျှောက်တာဟာ ထုံးစံ တခုလို ဖြစ်လာတယ်။


ဆေးရုံမှာက သုံးရက်ပဲ နေရတယ်၊ ဒါကလည်း အသေးစား ခွဲစိတ်မှု တခုကြောင့် အဲ့လောက်ကြာတာ၊ ဆေးရုံက ဆင်းရုံနဲ့ ရေစက်မကုန်သေးတဲ့ ကိုဇေယျာနဲ့ ကျနော် အိမ်နီးနားချင်းတွေ ဖြစ်နေပြန်တယ်။ ကိုဇေယျာတည်းတဲ့ အိမ်က ကျနော့် အိမ်ယာနဲ့ နီးတာပေါ့၊ နှစ်ယောက်လုံးက အကျိုးတွေပဲမို့ ရုံးက နားထားရတာနဲ့ အိမ်ယာကလူတွေ အလုပ်သွား၊ ကျောင်းသွားဆိုရင် အိမ်မှာပဲ ကျန်ခဲ့နေကြတော့ ဆေးရုံမှာလိုပဲ လက်ဖက်ရည်ဆိုင် အတူထိုင်၊ ကိုဇေယျာက ခေါက်ဆွဲမွှေပေး၊ အိမ်နားက ပန်းခြံထဲမှာ ကိုဇေယျာ့က ကျနော့် ပုခုံးကို ကိုင်ပြီး လမ်းလျှောက်လိုက်နဲ့ တယောက်အကြောင်း တယောက်ပိုသိလာရတယ်။ 


ကျနော်က ထက်ထက်မိုးဦးကို ကြ်ိုက်တယ်၊ ကိုဇေယျာကတော့ အိနြ္ဒာကျော်ဇင်ကိုပဲ ကြိုက်တယ်၊ အရပ်ပိုရှည်လို့တဲ့၊ လူတွေက ကိုယ့်မှာ မရှိတာကို ရှိတဲ့သူကို သဘောကျတတ်ကြတာပဲ ဆိုပြီး ကိုဇေယျာ့ကို ကျနော် စတယ်၊ ကျနော်က ကိုဇေယျာထက် အရပ်နည်းနည်း ပိုမြင့်တယ်။ ကိုဇေယျာက စိုးသူနဲ့ အတော်တူတယ်၊ သူမျက်လုံးတွေက ပိုကြီးမယ်၊ အညိုရောင် ဖန်ဂ်ါလီတွေနဲ့ တူတယ်လို့ ကျနော် ထင်တယ်၊ မျက်နှာသွယ်သွယ်ပေါ်မှာ နှာတံက အတော်မြင့်ပြီး ချွန်တယ်၊ လုံးဝ စိုးသူအစစ်ပဲ၊ ကိုဇေယျာနဲ့ ပတ်သတ်လို့ ကျနော် အားကျတာ သူ့ဆံပင်တွေ၊ အလယ်ခွဲထားတဲ့ သူ့ဆံပင်တွေက ဖြောင့်စင်းပြီး နက်မှောင်နေတယ်၊ ကျနော့် ဆံပင်တွေကျ ခွေလိပ်ပြီး ခြောက်သွေ့နေတာမျိုး။


မနက်ပိုင်း လမ်းလျှေက်ပြီးရင် ညနေစောင်းကျ ပန်းခြံထောင့် ဘီယာဆိုင်မှာ နှစ်ယောက်သား ထိုင်ကြတယ်။ ကိုဇေယျာက အမြည်းလုပ်ဖို့ ချပေးထားတဲ့ မြေပဲစေ့တွေကို ဘီယာခွက်ထဲ ထည့်လေ့ ရှိတယ်။

ဘာလို့ ထည့်တာလဲလို့တော့ ကျနော် မမေးမိဘူး၊ ကျနော်လည်း လိုက်ထည့်ပြီး သောက်ကြည့်သေးတယ်၊ ဘာမှမထူးခြားပါဘူး။ 


ကျနော်နဲ့့ ကိုဇေယျာကြားမှာ မတူညီမှုတွေ အများကြီးပဲ၊ ကျနော်က စိတ်မြန်တယ်၊ ဒေါသထွက်လွယ်တယ်၊ စိတ်မရှည်ဘူး။  စကားပြောလည်း မြန်တယ်၊ ကိုဇေယျာကတော့ အညိုရောင် ဖန်ဂေါ်လီမျက်လုံးတွေနဲ့ နူးညံ့ပုံပေါ်တယ်၊ သူ့မှာ စိတ်ဆိုးတာ၊ စိတ်မရှည်တာတွေလည်း ပြပုံမပေါ်ဘူး၊ အထူးသဖြင့် မီးပျက်ရင် ကျနော်က ဒေါသသိပ်ထွက်တယ်။ အထူးသဖြင့် ညဘက်ပျက်ရင် ပိုဆိုးတယ်၊ မြဝတီက လွှင့်တဲ့ စွန်းဝူခူန်းကားကို မကြည့်ရဘူးလေ။


ကိုဇေယျာကတော့ မီးပျက်လည်း ခပ်အေးအေးပဲ၊ နောက် စွန်းဝူခုန်းမကြည့်ရလို့ ကျနော် စိတ်တိုနေတာ မြင်တော့ အင်ဗာတာ တလုံးဝယ်လိုက်ပြီး ညဆို တီဗီပြတယ်၊ ဘေးနား ဝန်းကျင် အိမ်က ကလေးတွေနဲ့ မိန်းကလေးတွေလည်း လာကြည့်ကြတယ်။

ကြောငြာဝင်ခ်ျိန် အိနြ္ဒာကျော်ဇင်ရဲ့ ပါလာလာ လားလားဘုံ ဆိုတဲ့ မွေ့ယာကြော်ငြာလာရင် ကိုဇေယျာ့ရဲ့ မျက်နှာကြီး ဖြီးနေတာကို ကျနော် မရည်ရွယ်ပဲ အမြဲ စောင့်ကြည့်တတ်တယ်။


ကိုဇေယျာကတော့ အိမ်မှာ တီဗီလာကြည့်တဲ့ တအိမ်ကျော် ကုန်စုံဆိုင်က ကောင်မလေးဟာ ကျနော်နဲ့ အတော်ရင်းနှီးပုံပဲနော်လို့ ခဏခဏ ပြောတယ်၊ အဲကောင်မလေးကို သူကြ်ိုက်နေတာနေမယ်လို့ ကျနော် ထင်တယ်။ ကျနော်က ယောကျာ်းလေးပေမဲ့ ဇီးထုပ်သိပ်ကြိုက်တယ်၊ မိုးနတ်သူဇာတို့ ရှမ်းမတို့ကို ဝယ်လေ့ရှိတယ်၊ အထူးသဖြင့် ရုပ်ရှင်ကြည့်ခါနီးဆို အဲ့ကုန်စုံဆိုင်မှာ  ဇီးထုပ်ဝင်ဝယ်ပြီး အဲ့ကောင်မလေးနဲ့ တူတူလာကြတယ်။


အချိန်နှစ်ပတ်က မြန်မြန်ဆန်ဆန်ပဲ ကုန်သွားတယ်၊ ကျနော့် ပတ်တီးဖြည်ပြီးပေမဲ့ ကိုဇေယျာက ခေါက်ဆွဲ မွှေပေးနေတုန်းပဲ၊ အဲ့တာကို ကျနော်လည်း ဘာမှမပြောဘူး၊ မလိုအပ်ဘူးလို့ ယူဆတယ်၊ သူမွှေပေးသည် ဖြစ်စေ၊ မမွှေပေးသည် ဖြစ်စေ မထူးခြားဘူးလို့ ထင်တယ်၊ နှစ်ပတ်အတွင်း အရာရာဟာ ပုံမှန်ပဲ၊ ခေါက်ဆွဲစားမယ်၊ ပန်းခြဲထဲ လမ်းလျှောက်မယ်၊ ဝူခုန်းကား ကြည့်မယ်၊ ဘီယာဆိုင်ထိုင်မယ်၊ ဘီယာခွက်ထဲ မြေပဲစေ့လေးတွေ ပစ်ထည့်မယ်။

တူညီတဲ့ အရာတွေက ထပ်တလဲလဲ လည်ပတ်နေတယ်၊ အသစ်တိုးလာတာဆိုလို့ ရာဇာနေဝင်းနဲ့ ထက်ထက်မိုးဦးရဲ့ ကွေကာအုပ် ကြော်ငြာပဲ။


တနေ့့ဘီယာဆိုင်က ပြန်လာရင်း ကျနော်က အင်နာဂျီပေးပါ ပေးပါ ဆိုပြီး အိမ်ပေါက်ဝရောက်မှ ရုတ်တရက် ထအော်တယ်၊ ကိုဇေယျာက ချက်ချင်းပဲ ရာဇာနေဝင်းလို ခါးတဖက်ထောက် ဆံပင်ကို ဖတ်ခနဲ ခါပြီး ရော့ယူပါ ကယ်စီယမ် ကွေကာဆိုပြီး ကျနော့်မျက်နှာရှေ့ကို သူ့လက်ထိုးပေးတယ်။

ဘာကြောင့်မှန်းမသိ ကျနော် သူ့လက်ကို ဆုပ်ကိုင်ထားမိတယ်၊ အကြာကြီးပဲ၊ တကယ်ကိုမှ အကြာကြီး။


ကိုဇေယျာ့မျက်နှာက ဘီယာခိုးနဲ့ ရဲနေတယ်၊ သူမမူးဘူးဆိုတာတော့ ကျနော် သိတယ်၊ သူက ကျနော့်လက်ကို ပြန်ဆုပ်ကိုင်လိုက်တယ်၊ ကျနော်တို့ ဘာမှမပြောပဲ တယောက်ကို တယောက် ငေးစိုက်ကြည့်နေမိတယ်။ 


" ညီငယ်လေး " ကိုဇေယျာ့ အသံတွေက ခြောက်ကပ်နေတယ်၊  ကျောက်တုံးတွေနဲ့ ပြည့်ကျပ်နေအောင် ပိတ်ထားတဲ့ ဂူထဲက ထွက်လာတဲ့ အကူအညီတောင်းတဲ့ အသံမျိုး၊ 


" အကို နက်ဖြန် ညနေပြန်ရတော့မယ် " ကိုဇေယျာ မျက်ရည်ဝဲနေတယ်လို့ ကျနော် ထင်တယ်။ သေတော့ မသေချာဘူး၊ ကျနော်လည်း မူးနေတယ်။ 

ကိုဇေယျာက ဘာမပြော ညာမပြောနဲ့ ကျနော့် ပါးကို ဖျတ်ခနဲ နမ်းလိုက်တော့ ခေါင်းထဲမှာ မီးတွေ ပွင့်ထွက်သွားသလိုပဲ။ အပူရှိန်က ခြေဖျားကနေ ငယ်ထိပ်ထိ ဆောင့်တက်သွားတယ်၊ ကျနော့် နားရွက်ဖျားတွေက အားရးပါးရ ပွတ်ခြေခံထားရသလို ပူလောင်နေပြီး ဆုပ်ကိုင်ထားမိတဲ့ ကိုဇေယျာ့လက်ကို အလန့်တကြား လွှတ်ချလိုက်မိတယ်။ 


နောက် ကိုဇေယျာကိုတောင် နှုတ်မဆက်ပဲနဲ့အိမ်ထဲ အပြေးတပိုင်းနဲ့ ဝင်ပြီး အခန်းတံခါးကိုပါ လော့ချလိုက်တယ်၊ အိပ်ယာပေါ်မှာ မျက်နှာကို ခေါင်းအုံးနဲ့ ဖိ၊ လှဲနေမိရင်း အင်နာဂျီပေးပါ ဆိုတာ ဘာကိစ္စ ငါ့ပါးကို နမ်းရတာလဲလို့ တွေးရင်း စိတ်ရှုပ်ထွေးလာတယ်။ ခံစားချက်က ထူးဆန်းတယ်၊ ဒေါသထွက်တာလည်း မဟုတ်၊ ပျော်တာလည်း မဟုတ်၊ ဘာဖြစ်တာမှန်းမသိဘူး ဒါပေမဲ့ ကျနော့် ရင်တွေတော့ တုန်နေတယ်။


နောက်နေ့ မနက်အိပ်ယာထတော့ ဧည့်ခန်းထဲမှာ ကိုဇေယျာက စောင့်နေတယ်၊ စတစ်ကော်လာဖြူနဲ့ ပုဆိုးကို သပ်သပ်ရပ်ရပ် ဝတ်ထားတယ်၊ ညနေ မပြန်ခင် ဘုရားသွားရအောင်ဆိုပြီး ခေါ်တယ်။ ကျနော်လည်း ရေအမြန်ချိုး၊ အဝတ်အစားလဲပြီး အပြင်ထွက်လာတယ်။


ရွှေတိဂုံဘုရားကားက ပုပုလေးတွေ၊ ခုံတန်းနှစ်ခုကြားမ အလယ်မှာမှ လေးထောင့်တုံးလေးတွေ ထည့်ပြီး ထိုင်ရတာမျိုး၊ စပါယ်ယာနဲ့ ဒရိုင်ဘာကို ဆက်သွယ်ဖို့ ရှေ့ခန်းနံ နောက်ခန်းမှာ အင်တာကွန်လေး တခုစီရှိတယ်၊ ဟိုးတုန်းကဆို ရှေ့ခန်းမှာပဲ ထိုင်ဖြစ်တယ်၊ နောက်ခန်းက စပါယ်ယာစကားပြောတိုင်း အဲ့ပုံလေးပေါ်မှာ အစိမ်း၊ အနီနဲ့ အဝါရောင် မီးတန်းလေးတွေ တိုးလာလိုက် နောက်ဆုတ်သွားလိုက် ဖြစ်တာကို သဘောကျတယ်။


ဒီတခေါက်ကျ နောက်ခန်းမှာပဲ ထိုင်ရတယ်၊ ကျနော့်ခြေတံတွေက အလယ်ခုံတွေအတွက် ရှည်လွန်းတယ်၊ ကိုဇေယျာ့ကို ဒူးနဲ့ ရင်ဘတ်နဲ့ တိုက်နေတဲ့ ကျနော့်ကို စပ်ဖြဲဖြဲနဲ့ မကြာမကြာ လှမ်းကြည့်တယ်၊ ကားက လူလည်း အတော်ကျပ်တယ်၊ ဘုရားရောက်လို့ ဆင်းလာတော့ ကျနော့်မှာ အသက်ဝအောင် မနည်းရှုရတယ်။


ညီငယ်ကလေးတော့ အကိုနဲ့ လိုက်နေလို့ ရမှာမဟုတ်ဘူး၊ ပခုက္ကူက ဒီထက် အများကြီး ပူတယ်လို့ ကိုဇေယျာက ရယ်ရင်း ပြောတယ်၊

ငါက ဘာကိစ္စ သူနဲ့ လိုက်နေရမှာလဲ လိုက်လည်တယ်ဆို ဟုတ်သေးဆိုပြီး တွေးရင်းနဲ့ ကျနော့် ပုခုံးပေါ် သူလက်တင်လို့ ရအောင် ခဏစောင့်ပေးတယ်။ ဒါပေမဲ့ သူမတင်ဘူး။

ဘုရားပေါ် တက်ရတာလည်း ပင်ပန်းတာပဲ၊ စောင်းတန်းမှာ  ပန်းနဲ့ ဖယောင်းတိုင်တွေ ဝယ်တယ်၊ ကျနော့်ကို တစည်းပေးတယ်၊ ကျနော်တို့ နှစ်ယောက်အတူထိုင်ပြီး ဘုရားရှိခိုးကြတယ်၊ ကိုဇေယျာက ဆုအကြာကြီး တောင်းတယ်။ ကျနော်ကတော့ ဘာဆုမှ မတောင်းဘူး။


ဘာဆုတွေ အဲ့လောက် အကြာကြီး တောင်းနေတာလဲ မေးတော့ ဪ အိုဇုန်းလွှာလို မဖြစ်ပါရစေနဲ့ အရှင်ဘုရားလို့ ဆုတောင်းတာလို့ သူက ပြန်ဖြေတယ်၊ ဒီတခါတော့ သူရယ်မနေဘူး၊ သူ့ ဖန်ဂေါ်လီ မျက်လုံးတွေက မှိုင်းနေတယ်၊ သူ့ပုံက ဝမ်းနည်းနေပုံ ပေါ်တယ်၊ ကိုဇေယျာ ဝမ်းနည်းနေပုံ ပေါက်တာ ကျနော် မမြင်ဖူးခဲ့ဘူး။ 


ညီငယ်ကလေးရော ဘာဆုတောင်းလဲလို့ သူက မေးတယ်၊ ဘာမှ မဆုတောင်းဘူးလို့ အမှန်အတိုင်းပဲ ဖြေလိုက်တယ်၊ သူ့ရဲ့ ဖန်ဂေါ်လီ မျက်လုံးတွေ ပိုငြ်ိုးသွားတယ်လို့ ကျနော် ထင်တယ်၊ ကျနော့် စိတ်ထဲလည်း ဝမ်းနည်းသလိုတော့ ဖြစ်လာတယ်၊ အရမ်းကြီးတော့လည်း မဟုတ်ပါဘူး။


ဘုရားပေါ်က ဆင်းပြီး ဘီယာဆိုင် တန်းသွားတာဟာ အတော်ဆိုးတာပဲလို့ သူရော ကျနော်ရော မတွေးကြပဲနဲ့ အိမ်ဝင် အသင့်ပြင်ထားတဲ့ အထုပ်ယူ၊ အဝတ်အစားလဲပြီး ဘူတာရုံနားက ဘီယာဆိုင်မှာ ထိုင်ကြတယ်၊ ကိုဇေယျာက ပုံမှန်ထက် စကားနည်းနေတယ်၊ ဘီယာခွက်ထဲကို မြေပဲတွေ ပစ်ထည့်နေတယ်၊ ပုံမှန်ပဲ ဆိုပေမဲ့ ခုကတော့ ပိုများတယ်။ 


ဒီတခါတော့ ကျနော် မနေနိုင်ပဲ မေးမိတယ်၊ ဘာလို့ ဘီယာခွက်ထဲ မြေပဲစေ့တွေ ထည့်တာလည်း ဆိုပြီး။


" ဒီလိုပါပဲ မြင်တော့လည်း ဆော့မိတာပေါ့ " တဲ့ သူက ခပ်အေးအေးပဲ ဖြေတယ်။


ရထားထွက်ကာနီး အချိန်ရောက်တော့ သူက သူဝတ်လေ့ရှိတဲ့ ဂျင်းဂျာကင်လေး ကျနော့်ကို ပေးတယ်၊ ဂျင်းအဖြူရောင်တွေက အတော်ခေတ်စားနေတာပေါ့၊ ကျနော်ကတော့ ဝယ်ဖို့ မဝယ်ဖြစ်သေးဘူး၊ ကိုဇေယျာပေးတော့လည်း လိုလိုချင်ချင်ပဲ ယူလိုက်မိတယ်။ 


သွားပြီနော် ညီငယ်လေး ဆိုပြီး ကိုဇေယျာက ကျနော့်ကို လက်ဆွဲနှုတ်ဆက်တယ်၊ နောက်ပြီး ကျောခိုင်းပြီး ရထားဆီ လျှောက်သွားတယ်။


ကျနော့်လက်ထဲက သူ့ဂျာကင်က နွေးနေတယ်လို့ ကျနော်ထင်တယ်၊ ဂျာကင်ကို ပါးနဲ့ အပ်ကြည့်တော့ သူ့အငွေ့အသက်တွေ ရတယ်၊ ရုတ်တရက် မနေ့ညကမှ ကျနော့်ပါးကို သူနမ်းထားတာ သတိရတယ်။


ရထားပေါ် လူတွေ တက်ကုန်ကြပြီ၊ ကိုဇေယျာက နေရာတကျနဲ့ ထိုင်နေတာကို ပြတင်းပေါက်ကနေ တဆင့်မြင်ရတယ်။


ဘာမှစဉ်းစားမနေပဲ ရထားပြတင်းပေါက်ဆီ ပြေးသွားလိုက်မိတယ်၊ ကိုဇေယျာက ရထားပြတင်းပေါက်ကနေ ကိုယ်တပိုင်းထွက်လာတယ်၊ အဲ့တာကို ကျနော် ဆွဲယူပြီး တင်းကျပ်နေအောင် ဖက်ထားလိုက်တယ်။ ရထားက မြင့်တယ်၊ ကျနော့် အရပ်နဲ့တောင်မှ ခြေဖျားထောက်ထားရတယ်၊ ကျနော် ကိုဇေယျာ့ကို တင်းကျပ်နေအောင် ဆုပ်ထားမိတယ်၊ ရုတ်တရက် နောက်ဘယ်တော့မှ ထပ်မတွေ့တော့ရရင် ဘလိုလုပ်မလဲဆိုပြီး ရင်ဘတ်တနေရာက စူးပြီး အောင့်လာတယ်၊ ဗိုက်ထဲမှာလည်း အေးစက်နေပြီး ဒူးတွေ ခွေချင်လာသလိုပဲ။


ကျနော်တို့ ဖက်ထားတာ ဘလောက်ကြာလဲ မသိဘူး၊  ဥသြဆွဲသံ ကြားတော့မှ လွှတ်မိတယ်၊ ကိုဇေယျာ့ အညိုရောင် ဖန်ဂေါ်လီ မျက်လုံးတွေက အရောင်တလက်လက် တောက်နေတယ်၊ ပြီးတော့ သူအားရပါးရ ပြုံးနေတယ်၊ နောက်ပြီး ရထားက တဖြည်းဖြည်းနဲ့ စလှိမ့်ပြီး ထွက်သွားတယ်၊ နောက်ပိုပိုမြန်သွားတာပေါ့၊ လိုက်ပ်ုိ့ထဲ တချို့သူတွေက ရထားနောက်ကို ပြေးလိုက်ပြီး တာ့တာ ပြကြတယ်၊ ကျနော်ကတော့ နေရာမှာပဲ ရပ်နေလိုက်တယ်။


နောက်နှစ်ရက်နေတော့ ကျနော် အလုပ်ပြန်ဝင်တယ်၊ ကိုဇေယျာ့ဆီက စာလာမလားလို့ ကျနော် မျှော်ပေမဲ့ ဘာစာမှ ရောက်မလာဘူး။ အလုပ်မှာလည်း ဗိုလ်ချုပ်ခင်ညွန့် လာမယ်ဆိုလို့ အလုပ်တွေ အရမ်းများလာတယ်၊ နောက် သုံးရက်ထိ သူပေါ်မလာဘူး၊ ပေါ်လာတော့ ညရှစ်နာရီသတင်းမှာ ဘုရားထီးတင်နေတယ်။


ထင်ထားတာထက် မြန်မြန်ဆန်ဆန်ပဲ ကိုဇေယျာ့ကို မေ့သွားတယ်၊ ဗိုလ်ချုပ်ခင်ညွန့်ကြောင့်လည်း ပါမှာပေါ့၊ ကြားထဲမှာ မဟာဗန္ဓုလ တံတားဆောက်ဖို့ ပုခက်ထဲက  ကလေးတွေ ခေါင်းလိုက်ဖြတ်တယ်ဆိုတဲ့ သတင်းလား ကောလဟာလလား မသိက ထွက်ခာသေးတယ်၊ အဲ့အတွက် ကျနော်တို့ ဝန်ထမ်းအိမ်ဟာတွေ  အလှည့်ကျ ကင်းစောင်းရတယ်။


သောကြာနေ့ ညနေမှာ ကုန်စုံဆိုင်က ကောင်မလေးက ဖုန်းလာတယ်ဆိုပြီး လာခေါ်လို့ ဆင်းသွားတယ်၊ ဖုန်းကိုင်လိုက်တော့ ညီငယ်လေးရေ ခေါက်ဆွဲ ဘယ်သူ မွှေပေးနေလဲ တဲ့ ဆိုပြီး မေးသံကြားရတယ်။


ဟမ် ဘသူတုန်းဆိုပြီး ကျနော် စလိုက်တော့ ဟိုဘက်က အသံတိတ်သွားတယ်၊ အတော်ကြာမှ မမှတ်မိတော့ဘူးလား ဆိုပြီး စိတ်မကောင်းသံ ထွက်လာတယ်။ အဲ့တော့မှ ကျနော်လည်း စတာပါ ဆိုပြီး စကားတွေ ပြောဖြစ်ကြတယ်။


သောကြာနေ့ည ရ နာရီ ငါးမိနစ်တိုင်း သူကျနော့် ဆီဖုန်းဆဗားက်တယ်၊ ရ:၅၅ ထိ ဖုန်းပြောကြတယ်၊ တပတ်က်ို မိနစ် ၅၀ ဖုန်းပြောကြတာပေါ့၊ ပြောတဲ့ အကြောင်းအရာတွေက ထွေထွေထူးထူး မရှိပါပဲနဲ့ ကျနော်တို့ စကားတွေ ပြောမကုန်နိုင်အောင်ပဲ။ ဝူခုန်းအကြောင်း၊ ပေါင်ချိန်အကြောင်း၊ အစ်ိုးရ အကြောင်း၊ BBC တို့ RFA တို့က လွှင့်တဲ့ သတင်းတွေအကြောင်းရော၊ အတူရှိနေတုန်းက သူ ရေဒီယို နားထောင်တတ်မှန်း ကျနော် မသိခဲ့ဘူးရယ်၊

သူက သူ့ဖုန်းနံပါတ်ကို ကျနော့် မပေးဘူး။ ကျနော်ကလည်း မတောင်းဘူး၊ ဘာလို့ဆို သောကြာနေ့တိုင်း သူခေါ်မယ်ဆိုတာ ကျနော် သိနေတာကိုး။


ကြားမှာ ကျနော်တို့ တွေ့ဖို့ ကြိုးစားပေမဲ့ မတွေ့နိုင်ခဲ့ဘူး၊ 2003 ခုနှစ်မှာ ဘဏ်တချို့ ပိတ်ခံလိုက်ရတယ်၊ ပြည်သူတော်တော်များများက ဘဏ်မှာ အပ်ထားတဲ့ ပိုက်ဆံတွေ ဆုံးသွားတယ်၊ တချို့ ရူးသွားတယ်၊ တချို့ စီးပွားပျက်တယ်၊ တချို့ကတော့ သတ်သေသွားတယ်၊ ကျနော်ကတော့ ဧရာမြေမှာ အပ်ထားတဲ့ သုံးသိန်းခွဲ ဆုံးသွားတယ်၊ တလတခါ အတိုးသွားထုတ်ရင် ရနေကျ မြတ်မင်္ဂလာ မဂ္ဂဇင်းမရတော့ရုံပါပဲလ်ုိ့ ကိုယ့်ကိုယ့်ကို အပြောင်အပျက် နှစ်သိမ့်ဖို့ ကြိုးစားပေမဲ့ တကယ်မခံနိုင်ဘူး၊ ဝန်ထမ်းချွေးနဲစာ ဖြစ်လို ပိုခံစားရတယ်၊ တကယ်တော့ ကျနော်က ဖုန်းလေးတလုံး ဆင်ဖို့ ကြိုးစားနေတာ။ သောကြာနေ့ညနေတိုင်း ကုန်စုံဆိုင်မှာ ဖုန်းသွားဦးရတာ အဆင်မပြေဘူး၊ သူခေါ်ချိန် တခြားသူပြောနေချိန်နဲ့ ဆုံရင် မရမှာစိုးလို့ ရုံးဆင်းတာနဲ့  အဲ့ဆိုင်နား ရစ်သီရစ်သီ လုပ်ပြီး ဖုန်းဦးရတာကို စိတ်ကုန်နေပြီ၊ ဆိုင်က ကောင်မလေးတွေရဲ့ လှောင်သလိုလို အကြည့်တွေကိုလည်း မခံစားနိုင်တော့ဘူး။


ကျနော့် ပိုက်ဆံတွေ ပါသွားလို့ စိတ်ဆင်းရဲနေရချိန်မှာပဲ ကိုဇေယျာ့ဆီကလည်း ဖုန်းမလာတော့ဘူး။ စစချင်းမှာ ကျနော် သူ့ကို စိတ်ပျက်သွားတယ်၊ ကျနော် သူ့ကို လိုအပ်နေတာ၊ ကျနော် သူ့ကို စကားတွေ ပြောချင်နေတာ၊ အဲ့အချိန်မှာမှ သူမရှိရကောင်းလား ဆိုပြီး ကျနော် စိတ်တိုနေမိတယ်။ နောက်တော့ သူဘာများ ဖြစ်သွားသေးလဲလ်ုိ့ စိတ်ပူလာတယ်။


နောက်တော့ ကျနော် သူ့ကို မေ့စပြုလာတယ်။ 

နောက် အစိုးရရုံးက ထွက်ပြီး အပြင်ရုံးကို ပြောင်းတယ်၊ အဲ့မှာ မြင့်မြင့်သွယ် ဆိုတဲ့ ကောင်မလေးနဲ့ ရည်းစားဖြစ်တယ်၊ သူနဲ့ လက်ထပ်ဖို့ထိ ကျနော်တို့ ရည်ရွယ်ထားကြတယ်။ တရက် ကြာဇံသုပ်စားတော့ ကျနော် အစပ်မစားနိုင်မှန်း သိတဲ့ သူက ကျနော့်ပန်းကန်ထဲ ငရုတ်သီးဖတ်လေးတွေကို တူလေးနဲ့ ညှပ်ဖယ်ပေးတာ မြင်ပြီး ကျနော် ငိုချလိုက်တယ်။


မြဝတီမှာ တရုတ်ကားတွေ ပြနေရာကနေ ကိုရီးယားတွေ စပြလာတယ်၊ ပထမကားတုန်းက လူသိပ်မသိပေမဲ့ အွန်စော၊ ဂျွန်စောကားမှာ အရမ်းနာမည်ကြီးလာတယ်၊ အွန်စော၊ ဂျွန်စောနဲ့ ထယ်စောက်ပုံပါတဲ့ ကြွပ်ကြွပ်အိတ်တွေ ပုံကားချပ်တွေ တီရှပ်တွေဆိုတာ နေရာ အနှံ့ပဲ၊ တကယ်တော့ ပြောင်းလဲ သွားတာက ကိုရီးယားကားတင် မဟုတ်ပဲ လူနေမှု စနစ်တွေပါ ဖြစ်လာတယ်၊ အရင်လိုအင်ဗာတာရှ်ိတဲ့ အိမ်တွေမှာ စုမကြည့်ကြတော့ဘူး၊ မီးကလည်း နည်းနည်း မှန်လာတယ်၊ အချိန်နဲ့ ပျက်တယ် ဆိုပါစို့လေ။


အလုပ်ပြောင်းသွားတဲ့ အတွက် ကျနော်လည်း နေရာပြောင်းသွားတယ်၊ အရင်လို ဝန်ထမ်းအိမ်ယာမှာ မနေရတော့ဘူး၊ ကျနော်နေရာအသစ်က ဖုန်းနံပါတ်အသစ်ကို ကုန်စုံဆိုင်က ကောင်မလေးတွေကို ပေးခဲ့တယ်၊ အကယ်၍များ ဆိုပြီးပေါ့။


တရက်တော့ ကျနော့် ဖုန်းအသစ်ကို ညီငယ်လေးရေ ခေါက်ဆွဲ မွှေပေးမဲ့သူ ရှိနေပြီလားဆိုပြီး ဖုန်းတခု ဝင်လာတယ်။ ကျနော့် အန်ချတော့မိမတတ် ရင်တွေ တုန်နေခဲ့တယ်၊ ကျနော့် လကိတွေဟာ အေးစပ်ပြီး လက်ချောင်းထိပ်တွေက စူးပြီး ကျဉ်နေတယ်။


ခေါက်ဆွဲတော့ မမွှေပေးပါဘူး၊ ဒါပေမဲ့ ကြာဇံသုပ်ထဲက ငရုတ်သီးစိမ်းတွေကိုတော့ ဖယ်ထုတ်ပေးမဲ့သူ ရှိနေပြီ ဆိုပြီး ကျနော် ဖြေလိုက်တယ်။


ဪ ဆိုတဲ့ သံရှည်ကြီး တခုထွက်လာတယ်၊ နောက် ဂွပ်ဆိုတဲ့ ဖုန်းချသံ ကြားရတယ်။


ဂွပ်ခနဲ ဖုန်းချသံအောက်မှာ ကျနော့် ရင်ဘတ်တခုလုံးကို တမ္ဘာပေါ်က အလေးဆုံးအရာတခုနဲ့ ဖိချခံလိုက်ရသလိုပဲ၊ နံရံကို မှီပြီး ဒူးခွေကျသွားမိတယ်၊ ဒါပဲလား ? နှစ်နှစ်လောက် ပျောက်နေပြီး ပြန်ပေါ်လာချိန် ရလိုက်တဲ့ အရာတွေက ဒါပဲလား ?

ခေါက်ဆွဲ ဘယ်သူမွှေနေလဲ နဲ့ ဪ တလုံးပဲလား ဆိုပြီး ဒေါသထွက်လာတယ်၊ နံရံကို ခေါင်းနဲ့ အချက်ပေါင်းများစွာ ဆောင့်ပြီးမှ အားရပါးရ ငိုချလိုက်တယ်။ နောက် ကျနော် မြင်ံ့မြင့်သွယ်နဲ့ လမ်းခွဲလိုက်တယ်။


နှစ်တွေက မြန်မြန်ဆန်ဆန်ပဲ ကုန်သွားတယ်။ ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာသုံးခု ဗုံးခွဲ တိုက်ခိုက်ခံရတယ်၊ ရွှေဝါရောင် တော်လှန်ရေး ဖြစ်တယ်၊ နောက် နာဂစ်ဖြစ်တယ်။ နောက်တော့ စစ်အစ်ိုးရ ဆင်းသွားပြီး ဦးသိန်းစိန် သမ္မတ ဖြစ်လာတယ်။ 

နောက်တော့ ဦးသိန်းစိန် လက်ထက်မှာ ငါးသိန်းတန် ဖုန်းတလုံး ကျနော် ဝယ်နိုင်ခဲ့တယ်။ 


ပထမဆုံးအကြိမ် ကိုယ့်ဖုန်းကိုယ် ကိုင်ပြီး ကျနော် ကျေနပ်နေခဲ့တယ်၊ ဘသူ့ခေါ်ရမလဲလို့ ကျနော် စဉ်းစားရင်း သက်ပြင်းရှည်ကြီး ချမိတယ်၊ ဆယ်နှစ်တောင် ကျော်နေပြီလို့ ကျနော့်ကို ကျနော် သတိပေးလိုက်တယ်။


မီးတွေလည်း အတန်အသင့် မှန်နေပြီ၊ တီဗီချန်နယ်တွေကလည်း အရင်လို နှစ်ခုထဲ မဟုတ်တော့ဘူး၊ ပြီးတော့ ကိုရီးယားကားတွေချည်း ဖြစ်ကုန်ပြီ။ ထက်ထက်မိုးဦးလည်း ပျောက်သွားပြီ၊ အိနြ္ဒာကျော်ဇင်လည်း ယောကျာ်းရသွားပြီ၊ နောက်ပြီး လူတိုင်းမဟုတ်ပေမဲ့ တော်တော်များများ ဖုန်းကိုင်ကုန်ကြပြီ၊ အရင် ဘုရားကားလို ဘတ်စ်ကားပိစိလေးတွေမရှိတော့ဘူး၊ ဘတ်စ်ကားခကလည်း အရင်လို ငါးကျပ် မဟုတ်တော့ဘူး။ ဂျင်းဂျာကင် အဖြူတွေလေး ခေတ်မရှိတော့ဘူး၊ ဒါပေမဲ့ ကျနော်ကတော့ ခုထိ ထုတ်ထုတ်ဝတ်တုန်းပါပဲ။ 


ညအိပ်ခါနီးတိုင်း ကျနော့် ဖုန်းလေးကို ကိုင်ပြီး သူ့အကြောင်း တွေးမိတယ်၊ အထူးသဖြင့် သောကြာနေ့ ညနေဆို ထိုင်မရ ထမရ ဖြစ်လာတယ်၊ တကယ်ဆို သူနဲ့ ကျနော် ဖုန်းမပြောတော့တာ နှစ်အရမ်းကြာနေပြီ၊ မေ့သင့်သလောက်လည်း မေ့နေပါပြီ၊ ဒါပေမဲ့ လက်ထဲ ဖုန်းလေးရောက်လာတော့ အဟောင်းတွေ အသစ်ပြန်ဖြစ်လာတယ်။ အရင်က ရုပ်ရှင်ထဲ မင်းသား မင်းသမီးတွေ အိပ်ယာပေါ် မှောက်လိုက် လှန်လိုက် ဖုန်းပြောနေတာ မြင်ရင် ငါလည်း ကိုဇေယျာနဲ့ အဲ့လို ပြောမယ်ဆိုတဲ့ အတွေးမျိုးရှိခဲ့တယ်။


တခါတရံတော့ သူဘုရားမှာ ဆုတောင်းခဲ့တဲ့ အိုဇုန်းလွှာနဲ့ ပတ်သတ်လို့ တွေးမိတယ်၊ ဘသူက ဘယ်သူ့အတွက် အိုဇုန်းလွှာ ဖြစ်ခဲ့တာလဲ၊ ဘသူက ဘသူ့ကို အနားမှာ ရှိတုန်း တန်ဖိုးမထားပဲ မရှိတော့မှ လွမ်းရတာလဲ ဆိုပြီးတော့။


ဒါပေမဲ့လေ လူတယောက်နဲ့ တယောက် ဘာကြောင့်နဲ့ပဲ ဆုံခဲ့ဆုံခဲ့ရရ အတူနေရှိတဲ့ အခိုက်အတန့်လေးတွေကို တန်ဖိုးထားဖို့ပဲ လိုတာ၊ တခါတခါကျ ကိုယ်တွေ လိုအပ်တယ်လို့ ထင်တာတွေက လိုချင်တာချည်း သက်သက် ဖြစ်နေကြတယ်လေ။ လိုချင်တာနဲ့ လိုအပ်တာနဲ့ မကွဲကြဘူးပေါ့၊ ဒါပေမဲ့လည်း ဘာအကြောင်းနဲ့ပဲ ဖြစ်ဖြစ် တခြားသူရဲ့ ဘဝကို ချယ်လှယ်နိုင်ဖို့ မစွမ်းကြပါဘူးလေ။


ကျနော့်အနေနဲ့လည်း သူပစ်ထားခဲ့တာတွေအတွက် မခံစားသင့်ဘူးလို့ ထင်တယ်၊ သူ့မှာလည်း သူ့အကြောင်းနဲ့ သူရှိခဲ့မှာပေါ့လို့ ကိုယ့်ကိုယ်ကို ပြောတယ်၊ ဒါပေမဲ့ နောက်ဆုံး ဖုန်းဆက်တုန်းက ဪ တလုံးထဲ ပြောပြီး ဖုန်းချသွားတာကို ခုထိ အခဲမကြေဖြစ်နေတုန်းပဲ။ 

ဘလိုပဲဖြစ်ဖြစ် အကောင်းဆုံးကတော့ အတူရှိနေခိုက်လေး တန်ဖိုးထားပြီး နေခဲ့ဖို့ပါပဲ။ နေခဲ့တယ်လို့လည်း ကျနော် ထင်တယ်။


ဒီနေ့မှာတော့ ကျနော် သူ့ကို ထူးထူးခြားခြား ပုံမှန်ထက်ပိုပြီး သတိရနေမိတယ်။ အဲ့အချိန်မှာပဲ ဖုန်းနံပါတ် အစိမ်းတခု ဝင်လာတယ်၊ 


" ညီငယ်လေးရေ  ခေါက်ဆွဲတွေကို ဘသူမွှေပေးနေလဲ " တဲ့


သူ့အသံက ပိုပြီး တည်ငြိမ်လာတယ်၊ မတည်ငြိမ်တာတော့ ကျနော်ပဲ၊ ဖုန်းကို အိပ်ယာဘေး ဖြည်းဖြည်းချင်းချပြီး အခန်းပြင်ထွက်လိုက်တယ်။ တ်ိုက်အောက်က်ို ပုံမှန်အတိုင်းပဲ ဆင်းတယ် ၊ လမ်းထိပ်မှာ ဆေးလိပ်သွားဝယ်တယ်၊ နောက် တိုက်အောက်မှာ တလိပ်ပြီး တလိပ်သောက်တယ်၊ နောက် ဖြည်းဖြည်းချင်း တိုက်ပေါ် ပြန်တက်လာတယ်။


ကျနော့်ခေါင်းထဲမှာ ဗလာဖြစ်နေတယ်၊ ဘာမှလည်း တွေးမနေဘူး၊ ခံစားလည်း မနေဘူး၊ ခန္ဒာကိုယ်က အခွံကြီးလိုပဲ။ သူ့ဟာသူ လှုပ်ရှားနေတယ်၊ 

အခန်းထဲရောက်တော့ ဖုန်းက မချထားသေးဘူး  သူ့ဘက်က စောင့်နေသေးတယ်၊ ကိုင်ထားတာ မိနစ် ငါးဆယ် တောင်ကြာတယ်။ 


ဒီလောက် အကြာကြီး ဖုန်းမချပဲနဲ့ ဘာလို့ ကိုင်ထားတာလဲလို့ ကျနော် မေးလိုက်တယ်။


" မေးချင်တာလေးတခုရော၊ ပြောချင်တာလေး တခုရော ရှိလို့ပါ " သူ့အသံက ပုံမှန်အတိုင်း နူးနူးညံ့ညံ့ပဲ။


" ပြောလေ “ 


" မနက်ဖြန်ညနေကျ ကိုယ် လက်ထပ်တော့မယ် ညီငယ်လေး " သူ့အသံက နည်းနည်းတော့ တုန်နေတယ်။


" ဪ ကောင်းတာပေါ့ ကွန်ကရက်ကျူလေးရှင်းနာ် ကိုဇေယျာ " လို့ ကျနော် ပြန်ပြောလိုက်တော့ တဖက်က ပြန်ငြိမ်သက်သွားတယ်။


" မေးစရာ ရှိတယ် ဆိုတာ ဘာလဲ ကိုဇေယျာ " ကျနော့် အသံက မတုန်ဘူး၊ တင်းမာနေတာ၊ သူ့ရဲ့ စောက်မင်္ဂလာကိစ္စကို ပြောဖို့ ကျနော့်ဖုန်းနံပါတ်ကို ရအောင်ရှာပြီး တနာရီနီးနီးလောက် ဖုန်းမချပဲ ထိုင်စောင့်နေတယ်ပေါ့ ဆိုတဲ့ အတွေးနဲ့ ဒေါသတွေ အလိပ်လိုက် တက်လာတယ်။


" ညီငယ်လေး အကို့ကို မှတ်မိနေသေးတယ်နော်၊ ဒီလောက်အကြာကြီး မတွေ့တော့တာတောင်မှပဲ "


" ဪ အနားမှာ မရှိတာနဲ့ပဲ မေ့ပစ်ရမယ်လို့ ဘသူကမှ ဥပဒေ ထုတ်မထားတာပဲ၊ ကိုဇေယျာ မေးချင်တယ် ဆိုတာ ဘာလဲ မေးလေ၊ ကျနော် အိပ်ချင်ပြီ "


သူ့ဘက်က ခနတိတ်သွားတယ် ဒါပေမဲ့ အသက်ရှုသံပြင်းပြင်းကို ကျနော်ကြားနေရတယ်၊ 


" ညီငယ်လေး အကို့ကို ချစ်လားဟင်၊ ဒါမှ မဟုတ် ချစ်ခဲ့လား " သူ့အသံက လှိုဏ်သံပါနေတယ်။


ကျနော့်ရင်ထဲ စူးပြီးအောင့်လာတယ်


" ဘီယာခွက်ထဲ မြေပဲ ထည့်သလ်ိုပဲ၊ မြင်တော့လည်း ကစားမိတာပါပဲ " ကျနော် ပြောပြီးတာနဲ့ ချက်ချင်း ဖုန်းချလိုက်တယ်။ တခါထဲ ဖုန်းကို ဘက်ထရီပါ ဖြုတ်ပြီး ကုတင်ပေါ် ပစ်တင်ထားလိုက်တယ်။


နောက် လက်ဖဝါးနှဖက်ထဲ မျက်နှာမှောက်ချပြီး ကျနော် ရှိုက်ကြီးတငင်ငင် င်ိုမိတယ်၊ 

စောက်ကြောက်လို့လည်း ကျနော် ရေရွတ်နေမိတယ်၊ သူက သူ့ကိုယ်သူ အိုဇုန်းလွှာ ထင်နေတာ၊ တကယ်တော့ သူကမှ ရှိနေတုန်း ဖွင့်မပြောရဲခဲ့တဲ့ စောက်ကြောက်လို့ ကျနော် ရေရွတ်နေမိတယ်။ 


ဘာလို့ မမေ့သေးတာလဲတဲ့ မေးလည်း မေးရက်ပါတယ်၊ မေ့ချင်တာ အရမ်းပါပဲ၊ ဒါပေမဲ့ အရေးပါတဲ့ အမှတ်တရတွေဆိုတာ ဖုန်ခါသလို ခါထုတ်လိုက်ရုံနဲ့ လေနဲ့အတူ လွင့်သွားတာမျိုးမှ မဟုတ်တာ။ 

အမှတ်တရတွေက အမှတ်တရတွေပါပဲ၊ နာကျဉ်စရာလို့လည်း ခေါင်းစဉ်မတပ်ချင်ဘူး၊ ပျော်စရာလို့လည်း မသတ်မှတ်ချင်ဘူး၊ အမှတ်တရတွေထဲ သူပါနေသရွေ့တော့ တန်ဖိုးရှိတဲ့ အမှတ်တရတွေပါပဲ။

ကျနော့် ဦးဏှောက်က အိမ်ကြီး တလုံးဆိုပါစို့၊ အဲ့ထဲမှာ အခန်းတွေ အများကြီး ရှိနေမယ်၊ အဲ့တခန်းစီမှာ မှတ်ဉာဏ်အပိုင်းအစတခုစီရှိနေမယ်ဆို အိမ်ကြီးရဲ့ အတွင်းဆုံး အနက်ဆုံး အပိုင်းမှာလည်း သူနဲ့ ပတ်သတ်တဲ့ အမှတ်တရတွေ ရှိတာပေါ့၊  ကျနော်ကတော့ မေ့ချင်လွန်းလို့ အဲ့တခါးကို ဘယ်တော့မှ ဖွင့်ကြည့်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အဲ့တံခါးထဲမှာတော့ ညီငယ်လေးနဲ့ ကိုဇေယျာဟာ ခေါက်ဆွဲ မွှေပေးလိုက်၊ ပုခုံးကို အားပြုပြီး လမ်းတွေ လျှောက်လိုက်နဲ့ ဘယ်တော့မှ ကွယ်ပျောက်သွားမှာ မဟုတ်ပဲ ထပ်တလဲလဲ လည်ပတ်နေဦးမှာပါပဲ။ 


လက်တွေ့မှာ ဘဝတခုစီနဲ့ တနေရာစီ ဝေးနေပေမဲ့လ်ို့ပေါ့။ 


#Teno


ဒီဝတ္ထုက 2020 May မှာတုန်းက Teno ရဲ့ Page မှာပဲ တင်ထားပြီးသားဖြစ်ပြီး 2020 မှာထွက်ခဲ့တဲ့ ပါလိုးမားနှင့် အခြားဝတ္ထုတိုများ စာအုပ်မှာ ပါဝင်ပြီးသား ဖြစ်ပါတယ်။ pride month အထိမ်းအမှတ်အနေနဲ့ ပြန်တင်ပေးလိုက်ပါတယ်။

No comments: