Monday, June 5, 2023

ဖေဖေ့သူငယ်ချင်း

 ဖေဖေ့သူငယ်ချင်း // ဂျူး


---



သူရောက်လာသောအချိန်သည် သင်္ချာပုစ္ဆာတစ်ပုဒ် အဖြေမထွက်၍ ကျွန်တော် ဦးနှောက်ခြောက်နေချိန်ဖြစ်သည်။ သူ ခြံတံခါးဖွင့်ဝင်လာသည်ကို ကျွန်တော် မသိလိုက်ပါ။ အိမ်တံခါးဝမှာလာရပ်သည့် အရိပ်တစ်ခုက ကျွန်တော့်လေ့ကျင့်ခန်းစာအုပ်ပေါ် ထိုးကျလာသောကြောင့်သာ ကျွန်တော် မော့ကြည့်လိုက်မိခြင်းဖြစ်သည်။ ထိုအခါမှ သူ့ကို ကျွန်တော် မြင်လိုက်ရခြင်းဖြစ်သည်။ 


သူ့ကိုမြင်မြင်ချင်း မည်သူမဆို သတိထားမိနိုင်မည့်အချက်မှာ သူ့ဆံပင်ဖြစ်သည်။ သူ၏အညိုရောင်ဆံပင်များသည် တွန့်ခွေလိမ်ကောက်ခြင်းမရှိ။ ပျော့ပြောင်းဖြောင့်စင်းလျက် ပုခုံးပေါ် မထိတထိကျနေသည်။ လေးထောင့်ကျကျမေးစေ့တဝိုက်တွင် ရှည်လျားသောပါးသိုင်းမွှေး ခပ်ကျဲကျဲရှိသည်။ နှုတ်ခမ်းမွှေးနှင့်မုတ်ဆိတ်အကြားမှာ သူ့နှုတ်ခမ်းသည် ဖျော့တော့သောမျဉ်းကွေးတစ်ကြောင်းသာဖြစ်သည်။ ညိုမောင်းသောအသားအရည်ဖြင့် သူသည် ကျန်းမာတောင့်တင်းသော လူလတ်ပိုင်းအရွယ် 

ယောက်ျားကြီးတစ်ယောက်ဖြစ်သည်။ သူ့မျက်လုံးများက ကျဉ်းမယောင်ရှိသော်လည်း နက်မှောင်တောက်ပနေသည်။ 


“ မင်းက ကျော်ဇံရဲ့သား ထင်တယ် ”


အသံမှာ ခွန်အားအပြည့်၊ ကျွန်တော်အားကျသောအသံမျိုး။ ကျွန်တော် ခဲတံကို ပစ်ချလိုက်ပြီး ထိုင်နေရာမှ ထရပ်ကာ ထိုလူစိမ်းအား အဖြေပေးလိုက်သည်။ 


“ ဟုတ်တယ် ”


သူသည် ကျွန်တော်ရှိရာသို့ တစ်လှမ်းချင်း လျှောက်လာသည်။ သူ့ချဉ်းကပ်ပုံမှာ ဧည့်သည်တစ်ယောက် အိမ်လာလည်သည်နှင့်မတူဘဲ စျေးဝယ်တစ်ယောက်က သူဝယ်မည့်ပစ္စည်းကို စူးစမ်းတွက်ချက်ပြီး ချဉ်းကပ်လာပုံမျိုးဖြစ်သည်။ သူ့ကျောတွင်လွယ်ထားသော အနက်ရောင်ကျောပိုးအိတ်သည် ခပ်ဖောင်းဖောင်းဖြစ်ကာ အိတွဲကျနေသည်။


“ ဟား ... လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က ကျော်ဇံကလေးပါပဲလား .. ”


စားပွဲပေါ် သူ့ကျောပိုးအိတ်ကို ဘုတ်ခနဲပစ်ချလိုက်ပြီး ကျွန်တော့်ကို စူးစိုက်ကြည့်နေပြန်သည်။ 


“ ဦးလေးက ဖေဖေ့အသိလား ”


ကျွန်တော်က စိတ်အားထက်သန်စွာ မေးတော့ သူက ကျွန်တော့်ခေါင်းကိုပုတ်၍ ခပ်ဟားဟားရယ်မောသည်။ သူက အသာအယာပုတ်လိုက်ဟန်ရှိသော်လည်း ကျွန်တော် နည်းနည်းနာသွားပါသည်။ 


“ အသိဆိုပါတော့ကွာ၊ ဒါက ... မင်း ... ငါ့နာမည်ကြားဖူးလား၊ မကြားဖူးလားဆိုတဲ့အဖြေပေါ်မှာ မူတည်တာပေါ့။ မင်း ငါ့ကို သိသလား ”


ကျွန်တော် သူ့မျက်နှာကိုမော့ကြည့်ပြီး ခေါင်းယမ်းပစ်လိုက်မည်ပြုပြီးမှ ခဏ တွန့်ဆုတ်သွားပါသည်။ ထိုမျက်လုံးများကို ကျွန်တော်မြင်ဖူးသလိုပဲ။ ဘယ်မှာမြင်ဖူးမှန်း မသိပါ။ စူးရှသည့်မျက်လုံးမျိုး၊ ထို့အပြင် မထီလေးစား လှောင်ပြောင်လိုသောမျက်လုံးမျိုး၊  အရာရာကို ရယ်မောလိုသည့်မျက်လုံး။ 


“ မျိုးချစ်ဆိုတဲ့နာမည် မင်းအဖေပြောသံ ကြားဖူးလား ”


“ ဟာ ... ”


ကျွန်တော် သူ့ကို တအံ့တဩကြည့်ပြီးနောက် စိတ်ထဲပျော်ရွှင်လာသည်။ 


“ ကျွန်တော်သိတယ်၊ ကျောင်းသိပ်လစ်တာပဲဆိုတဲ့ မျိုးချစ်လား ... ”


သူ ဟက်ဟက်ပက်ပက်ရယ်သည်။ သူ့ရယ်သံသည် ကြမ်းတမ်းပွင့်လင်းသည်။ ကျွန်တော် မကြာခဏ ပုံဖော်ကြည့်ဖူးသော စိတ်ကူးထဲက ဖေဖေ့သူငယ်ချင်းသည် ယခုလို ဆံပင်ရှည်မရှိ။ မုတ်ဆိတ်ပါးသိုင်းမွှေးမရှိ။


“ ဒီလိုဆိုတော့လည်း ကျော်ဇံက ငါ့ကို မမေ့ဘူးပေါ့ ”


သူ့အပြုံးပျောက်သွားပြီး ကျွန်တော့်ရှေ့က ထိုင်ခုံတွင် ခပ်လေးလေး ဝင်ထိုင်သည်။ ထိုအခါကျမှပင် ဧည့်သည်ကို ထိုင်ပါဟူသောစကားဖြင့် ဧည့်ဝတ်မကျေပွန်ခဲ့မှန်း သတိရသွားမိသည်။ 


“ ထိုင်လေကွာ၊ မင်းနာမည်က ဘယ်သူတုံး ”


ကျွန်တော် တွန့်ဆုတ်စွာ ပြန်ထိုင်လိုက်သည်။ 


“ မင်းခေါင် ”


သူက လေတစ်ချက်ချွန်၍ ကျွန်တော့်မျက်နှာကို စေ့စေ့စပ်စပ်ကြည့်သည်။ 


“ မင်းအဖေပေးတဲ့နာမည်တော့ မဖြစ်နိုင်ဘူး။ မင်းအမေပေးတဲ့နာမည်ပဲ ဖြစ်ရမယ်၊ ဟုတ်လား ”


ကျွန်တော် သူ့စကားကို အဓိပ္ပါယ်မပေါက်နိုင်ဘဲ အနည်းငယ် စိတ်ရှုပ်ထွေးသွား၏။ 


“ မသိဘူး၊ ဖေဖေပေးခဲ့သလား၊ မေမေပေးခဲ့သလား၊ ကျွန်တော် တစ်ခါမှတောင် ထည့်မစဉ်းစားခဲ့မိပါဘူး ”


သူက ခေါင်းတငြိမ့်ငြိမ့်လုပ်ကာ အိပ်ခန်းပတ်ဝန်းကျင်ကို ဟိုဟိုသည်သည် မျက်စိဝေ့ဝဲ၍ ကြည့်နေသည်။ 


“ မင်းအမေ ဘယ်သွားလဲ ”


ကျွန်တော် အနည်းငယ် စိတ်ရှုပ်သွားသည်။ 


“ အမေ စျေးသွားတယ် ”


“ ဟုတ်လား၊ ငါ စျေးဘက်ကနေ ဒီကိုလျှောက်လာတာပဲ။ မတွေ့ခဲ့ဘူး။ အေးလေ၊ ငါတို့ မျက်နှာချင်းဆိုင် ဆုံချင်ဆုံခဲ့မှာပဲ။ တစ်ယောက်နဲ့တစ်ယောက် ဘယ်မှတ်မိမှာလဲ၊ ဒီလောက် နှစ်တွေကြာနေတာ ”


ကျွန်တော် သူ့ကို မျက်လွှာပင့်၍ ကြည့်မိသည်။ 


“ ဖေဖေ့အကြောင်း ဦးလေး ဘာလို့မမေးလဲ ”


ထိုအခါ သူသည် ကျွန်တော့်ပုခုံးကို ခပ်ဖွဖွ သို့သော် အင်အားအပြည့်ဖြင့် ဖက်လိုက်သည်။ 


“ သားရယ်၊ မင်းအဖေ မနှစ်ကဆုံးသွားတယ်ဆိုတာ ငါ သတင်းကြားပြီးပါပြီ ”


သူ၏တိုးတိတ်သောအသံကြောင့် ကျွန်တော် ဗြုန်းခနဲ မျက်ရည်လည်လာသည်။ ကျွန်တော့်ဖေဖေသည် ကြီးကျယ်မြင့်မြတ်သော ရှားပါးသည့်ယောက်ျားတစ်ယောက် မဟုတ်သော်လည်း ကျွန်တော့်အတွက်တော့ အလွန်ချစ်မြတ်နိုးဖွယ် ဖခင်တစ်ယောက်ဖြစ်ခဲ့ပါသည်။ ဖေဖေသည် သာမာန်ကျောင်းဆရာတစ်ဦးဖြစ်သည်။ ကျောင်းသားတွေအပေါ် စေတနာထားပြီး သူ့အလုပ်သူ တာဝန်ကျေသည်။ ကျောင်းဆရာဘဝကို တွယ်တာပြီး တခြားနည်းဖြင့် ငွေရှာဖို့ စိတ်မဝင်စားသူဖြစ်သည်။ မေမေကတော့ ဖေဖေ့အပေါ် မငြိုငြင်ခဲ့ပါ။ 


“ မင်းမေမေ အလုပ်အကိုင်အဆင်ပြေရဲ့လား ”


“ ဟုတ်ကဲ့၊ မေမေ ရုံးအလုပ်က ထွက်လိုက်တာကြာပြီ။ စျေးအရှေ့တိုက်တန်းမှာ ကုန်ခြောက်ဆိုင်ဖွင့်ထားတယ်။ ဖေဖေမဆုံးခင်ကတည်းကပဲ ”


သူက ကျောပိုးအိတ်ထဲမှာပါလာသော ပစ္စည်းများကို ထုတ်၍ စားပွဲပေါ် တင်သည်။ မွှေးပွမျက်နှာသုတ်ပုဝါ၊ အ်ိပ်ရာခင်း၊ စောင်နှင့် ယောက်ျားဝတ်ချည်ချောလုံချည် အသစ်စက်စက်အထုပ်များဖြစ်သည်။


“ ဒါတွေ သိမ်းထားလိုက်ဦး။ ညနေကျမှ ငါ ပြန်လာခဲ့မယ် ”


ထို့နောက် သူ ဗြုန်းခနဲ ထိုင်ရာမှ ထလိုက်သည်။ 


“ ဦးလေးက ကျောင်းဆရာမဟုတ်ဘူးနော် ”


“ ဘာဖြစ်လို့မေးတာလဲ ”


ကျွန်တော် ခေါင်းကို ခပ်ဖွဖွကုတ်လိုက်မိသည်။ 


“ ဪ ... ကျွန်တော် သင်္ချာတစ်ပုဒ်တွက်မရလို့ ”


ကျွန်တော့်ဖွင့်လက်စ စာအုပ်ကို ငုံ့ကြည့်ပြီး သူက ပုခုံးတွန့်လေသည်။


“ မင်းအဖေနဲ့တော့ ဘယ်တူနိုင်ပါ့မလဲကွာ၊ ငါ ဂျီဩမေတြီကို မသိတော့ဘူး၊ ငါသိတာ တန်၊ ဟန္ဒြိတ်၊ ပေလက်မနဲ့ စျေးနှုန်းပဲ ”


“ ဦးလေးက ဘာလုပ်တာလဲ ”


“ သစ်ခွဲစက် ”


သူထွက်သွားသောအခါ ကျွန်တော် သူ့နောက်ကျောကို ငေးမော၍ကျန်ခဲ့သည်။


---


“ မေမေ သူ့ကို သိလား ”


မေမေက မျက်နှာမှသနပ်ခါးကို လက်ညှိုးကလေးဖြင့် ညှိရင်း ခပ်ဖွဖွပြုံးသည်။


“ သိသားပဲ။ တစ်မြို့တည်းနေပြီး တစ်နှစ်တည်း ဆယ်တန်းရောက်တဲ့လူ ”


“ သုံးယောက်အတူတူလား မေမေ ”


မေမေက ကျွန်တော့်ကို မျက်ခုံးပင့်ကြည့်သည်။ 


သုံးယောက်မဟုတ်ဘူးလေ၊ နှစ်ယောက်၊  အဲဒီကိုမျိုးချစ်က မင်းဖေဖေရဲ့သူငယ်ချင်းပဲ။ သူတို့နှစ်ယောက်က အလယ်တန်းကျောင်းသားဘဝကတည်းကနေ မကွေးတက္ကသိုလ်ရောက်တဲ့အထိ တွဲခဲ့ကြတာ ”


“ မေမေကရော ”


“ မေမေက မကွေးကောလိပ်ရောက်မှ သူတို့နဲ့ ခင်တာလေ၊ အင်း ... မေမေက သားဖေဖေနဲ့ပဲ ပိုပြီးရင်းနှီးခဲ့တာပါ။ သူ့ကိုတော့ မေမေ သုံးလေးခါပဲ စကားပြောဖူးတယ်။ အခုမြင်ရင် မှတ်မိမယ်မထင်ဘူး။ သူက တစ်မျိုးပဲ ...”


“ ဘယ်လိုတစ်မျိုးလဲ ” ဟု ကျွန်တော်မမေးရသေးမီ မေမေက ဆက်ပြောသည်။ 


“ မျက်နှာကြော တင်းကတင်းနဲ့၊ မိန်းကလေးတွေကိုလည်း သိပ်ဂရုစိုက်ဟန်မတူပါဘူး ”


“ မေမေ့ကိုရော သူ ...  ဂရုစိုက်ခဲ့ဖူးလား ”


ထိုမေခွန်းကို ကျွန်တော် မမေးပါ။ ဟိုတုန်းကတော့ မေမေဟာ သိပ်လှတာပဲ။ အယ်လ်ဘမ်ထဲမှာ မေမေငယ်ငယ်ကဓာတ်ပုံတွေ ကျွန်တော် တွေ့ရသည်။ ဖေဖေ့ဓာတ်ပုံက နည်းသည်။ ဖေဖေက အေးဆေးသိမ်မွေ့သည်။ ဓာတ်ပုံရိုက်ဖို့ကိုတော့ အလွန်ပင်ရှက်သည်ဟု မေမေပြောဖူးသည်။ မင်္ဂလာပွဲတွင်ရိုက်သည့် ဓာတ်ပုံမှတပါး ဖေဖေနှင့်မေမေ နှစ်ယောက်တွဲဓာတ်ပုံ မရိုက်ဖူးပါ။ သို့သော် ဖေဖေနှင့်သိပ်ခင်သည်ဆိုသော ဖေဖေ့သူငယ်ချင်းဦးမျိုးချစ်နှင့် တွဲရိုက်ထားသောဓာတ်ပုံတစ်ပုံ ဖေဖေ့ဆီမှာရှိနေသည်။ ဖေဖေတို့ဆယ်တန်းနှစ်တုန်းက ရိုက်ထားသောဓာတ်ပုံဖြစ်သည်။ ဓာတ်ပုံထဲမှာ ဖေဖေသည် နုနယ်ပျိုမျစ်စွာ ပြုံးရယ်နေလေသည်။ ယခုပြန်စဉ်းစားတော့ ဓာတ်ပုံထဲက ဦးမျိုးချစ်သည် မဟုတ်မခံစိတ်ဖြင့် အရာရာကို အလေးအနက်ထားပုံရလျှက် မနေ့က ဦးမျိုးချစ်ကတော့ အရာရာကို လှောင်ပြောင်သရော်လိုဟန်မျက်နှာပေးရှိသည်။ ဓာတ်ပုံနှင့်လူအကြား ကွဲပြားခြားနားခြင်းလား ကျွန်တော် မဝေခွဲတတ်ပါ။ 


“ သူ ဘယ်မှာတည်းတယ်လို့ သားကို ပြောသွားသေးလား ”


“ ဟင့်အင်း၊ မပြောဘူးမေမေ ”


သူ ကျွန်တော့်ကို ဘာမှပြောမသွားခဲ့ပါ။ 


“ သူက ဒီမြို့မှာ အိမ်မရှိဘူးလား မေမေ ”


“ မရှိဘူးထင်တာပဲ သားရဲ့၊ သူ့မှာ အဖေအမေတော့ မရှိဘူး။ သူ့ဦးလေးနဲ့ နေတာလို့ သားဖေဖေပြောဖူးတာပဲ။ အခု အဲဒီဦးလေး ရှိလား၊ မရှိလား မေမေမသိဘူးလေ။ ရှိမှာမဟုတ်တော့ပါဘူး။ ဒါကြောင့်သာ ဒီမြို့ကို သူ တစ်ခေါက်မှ မရာက်လာတာပေါ့ ”


ကျွန်တော် အလွန်သိချင်နေသည့်မေးခွန်းကို မေမေ့အား မေးလိုက်မိသည်။ 


“ ဒါဖြင့် သူက အခု ဒီကို ဘာလာလုပ်တာလဲ ”


မေမေက ကျွန်တော့်ကို မျက်လုံးပြူး၍ ပြုံးကြည့်သည်။ 


“ ဟောတော့်၊ မေမေ ဘယ့်နှယ်လုပ်ပြီး သိမလဲ၊ မေမေနဲ့မှ မတွေ့လိုက်ရတာ၊ သားက မမေးလိုက်ဘူးလား ”


“ ဟင့်အင်း ”


မေမေသည် စဉ်းစားသလို ငြိမ်သက်တွေဝေသွားသည်။ မေမေ့နဖူးဆံစပ်မှာ ဘယ်လိုမှ ဖြီးသင်၍မရသော ဆံယဉ်စကလေးများ ဝဲလွင့်လျက်ရှိသည်။ နဖူးမှာ အရေးအကြောင်းများ ပေါ်လွင်စပြုလာသော်လည်း မျက်လုံးမျက်ခုံးများက ငယ်ရွယ်စဉ်ကလိုတောက်ပမြဲဖြစ်၏။ လူကြီးပီသစွာ ဣန္ဒြေရရုံ ပြည့်ပြီးသွယ်လျနေသည့် မျက်နှာပြင်တွင် အသားအရည်လျော့ရဲမှု၊ ညိုညစ်မှု လုံးဝမရှိ။ 


“ ဘာပဲဖြစ်ဖြစ် မေမေ ဟင်းလေးဘာလေးတော့ ထပ်လုပ်လိုက်ဦးမှဖြစ်မယ် ”


မေမေ မီးဖိုခန်းထဲဝင်သွားတော့ ကျွန်တော် ဧည့်ခန်းမှာ ခပ်ငိုင်ငိုင် ကျန်ရစ်ခဲ့သည်။ မေမေဟာ လှနေတုံးပဲ။ ဒါ ... ဘယ်သူမှ မငြင်းနိုင်သောအချက်ဖြစ်သည်။ မေမေ့ကို မုဆိုးမ လူလွတ်အမျိုးသမီးတစ်ယောက်အဖြစ် ယခုမှ မြင်မိသောကြောင့် ကျွန်တော် ကိုယ့်ကိုယ်ကို အပြစ်တင်မိသည်။ ဦးမျိုးချစ်ဟာ ဖေဖေ့သူငယ်ချင်းတဲ့။ ဖေဖေရှိစဉ်တုန်းက တစ်ခါမှမလာဘဲနဲ့ အခု ဖေဖေဆုံးမှ၊ ဆုံးသွားတာလည်းသိရက်သားနဲ့ ဘာဖြစ်လို့ လာတာလဲ။ ဖေဖေ့ထံမှတဆင့် မျိုးချစ်ဆိုသော လူငယ်လေးတစ်ယောက်အကြောင်း မကြာခဏကြားဖူးပါသည်။ ကျောင်းစာကလွဲပြီး အားလုံးကို နှံ့စပ်ကျွမ်းကျင်သူဟူသော အချက်ဖြင့်ပင် မျိုးချစ်သည် ကျွန်တော့်အိပ်မက်တွေထဲမှာ ဇာတ်လိုက်ဖြစ်ခဲ့သည်။ 


ဘိုကေကို နောက်ပြန်လှန်ဖြီးထားပြီး ကျွန်တော့်ကို မထီတရီကြည့်နေသည့် ဓာတ်ပုံထဲကမျက်လုံးများကို ကျွန်တော်အားကျသည်။ ဓာတ်ပုံထဲမှာ ဖေဖေ၏နူးညံ့သိမ်မွေ့သောအပြုံးနှင့် မျိုးချစ်၏ ရိုင်းစိုင်းကြမ်းရှသောအကြည့်ကို ယှဉ်ကြည့်မိတိုင်း ကျွန်တော်သည် ယောက်ျားတစ်ယောက်၏ နူးညံ့ပျော့ပြောင်းမှုကို ဘယ်လိုမှ သဘောမကျနိုင်ကြောင်း သေချာလာခဲ့သည်။ ယောက်ျားတစ်ယောက်သည် ဗီဇသဘာဝအားဖြင့် ကြမ်းတမ်းရမည်။ ခွန်အားပြည့်ရမည်။ ပါးနပ်လျှင်မြန်ရမည်။ လိုအပ်လျှင် ဘာမဆို ယှဉ်ပြိုင်အနိုင်ယူတတ်ရမည်။ တစ်ခါတုန်းက မြစ်ရေကြီးချိန် ကမ်းနားမှာ ရေဆင်းချိုးရင်း ဖေဖေရေနစ်သွားသောအခါ မျိုးချစ်က ဖေဖေ့ကို ကယ်ဆယ်ခဲ့ရသည်တဲ့။ မျိုးချစ်သည် ငါးတစ်ကောင်လို ရေကူးကျွမ်းကျင်သည်ဟု ဖေဖေပြောခဲ့ပါသည်။ 


“ ဖေဖေက ရေမကူးတတ်ဘူးလား ”


ဖေဖေ့ကို သူရဲကောင်းဖြစ်စေချင်သော ကျွန်တော်က အားမလို အားမရမေးမိတော့ ဖေဖေက ထုံးစံအတိုင်း နူးညံ့စွာပြုံးလေသည်။ 


“ မကူးတတ်ဘူး။ ဖေဖေက ကုန်းမြင့်မှာ ကြီးပြင်းရတဲ့လူ။ မျိုးချစ်က ကမ်းနားမှာ ကြီးပြင်းခဲ့တဲ့လူလေ ”


“ ဒါပေမဲ့ ယောက်ျားတစ်ယောက်ဟာ ရေကူးတတ်ဖို့တော့ ကောင်းပါတယ်ဖေဖေရာ ”


ဖေဖေက ကျွန်တော့်ကို စိုးရိမ်ထိတ်လန့်စွာ ကြည့်သည်။ 


“ သား မြစ်ထဲချောင်းထဲ ရေသွားကူးဖူးသလား၊ ဖေဖေတို့မသိအောင် ဘယ်တုန်းကများ သွားကူးလိုက်သလဲ ”


“ မပူပါနဲ့ ဖေဖေ၊ ကျွန်တော် ရေကူးကျွမ်းကျင်နေပါပြီ ”


မေမေက ကျွန်တော်တို့သားအဖကို ခပ်လှမ်းလှမ်းမှ အကဲခတ်နားထောင်ရင်း တိုးတိုးတိတ်တိတ် ရယ်မောခဲ့ဖူးလေသည်။ 


---


ကျွန်တော်တို့မြို့ သဲသောင်ခုံ၏တစ်ဖက်ရှိ ကျွန်းပေါ်ကရွာကလေးသို့ လေသေနတ်တစ်လက်ဖြင့် ခါတွေချိုးတွေ လိုက်ပစ်တတ်သူမှာ မျိုးချစ်၊ သောင်ပြင်ပေါ်ရေလျှံစဉ် ကမ်းနားမှာ ကျောက်ချသလို ထိုင်လျှက် စိတ်ရှည်လက်ရှည် ငါးမျှားသူမှာလည်း မျိုးချစ်၊ ဖေဖေကတော့ ငါးကလေးတွေ ချိုးကလေးတွေကို သနားသည်ဟုဆိုကာ မျိုးချစ်မီးကင်ကျွေးသမျှ ငြင်းပယ်ခဲ့သည်တဲ့။ ထိုအခါ ကျောင်းလစ်ပြီး ထိုကျွန်းပေါ်သို့ အုပ်စုလိုက်သွားကာ ပြောင်းခင်းတွေထဲခိုးဝင်၊ ပြောင်းဖူးတွေချိုး၊ ဆီးသီးတွေဆွတ်၊ ကမ်းနားမှာ တပျော်တပါး ငါးမျှားခဲ့ဖူးသည့် ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက်အကြောင်း ဖေဖေ့ကို မပြောဘဲထားရန် ဆုံးဖြတ်ခဲ့သည်။ အတန်းထဲမှာ စာတော်ပြီး နူးညံ့ချောမောသော ဖေဖေ့ကို မနာလိုစိတ်ဖြင့် ခပ်ရမ်းရမ်းကောင်တွေက ကျောင်းအလာမှာစောင့်ပြီး ရန်စစဉ် ဖေဖေ့ကိုယ်စား အားလုံးကို ကြမ်းကြမ်းရမ်းရမ်းတိုက်ခိုက်ကာ ဖေဖေ့ကိုကာကွယ်ခဲ့ရသော မျိုးချစ်ကို ညတစ်ညမှာတော့ အုပ်စုလိုက် ဝိုင်းရိုက်ခဲ့ကြဖူးသည်ဟု ဖေဖေပြောဖူးပါသည်။ 


“ ဖေဖေတို့အချင်းချင်းရော ရန်မဖြစ်ဘူးလားဟင် ”


ဖေဖေက ချက်ချင်းမဖြေသေးဘဲ ခေတ္တစဉ်းစားနေပြီးမှ ခပ်တိုးတိုးဖြေသည်။


“ နှစ်ခါ ရန်ဖြစ်ဖူးတယ် ”


“ ဘယ်သူနိုင်လဲ ”


အဓိကကျသောမေးခွန်းကို ကျွန်တော်မေးတော့ ဖေဖေ ခပ်မဲ့မဲ့ပြုံးသည်။ 


“ တစ်ခါက သူနိုင်တယ်။ တစ်ခါတော့ ဖေဖေနိုင်တယ် ”


“ ဖေဖေ ဘယ်လိုနည်းနဲ့ သူ့ကိုနိုင်သလဲ ” ဟု ဖေဖေ၏ကျစ်လစ်သွယ်လျသော ကိုယ်ခန္ဓာကိုကြည့်၍ စပ်စုမိသောအခါမှာတော့ ဖေဖေ့မျက်နှာ တည်ကြည်သွားပြီး စကားလွှဲပစ်ခဲ့သည်။ 


---


မေမေ့မျက်နှာမှာ ဖေဖေဆုံးပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ် ရွှင်လန်းတောက်ပလျှက်ရှိသည်ကို စိတ်မကောင်းစွာ ကျွန်တော်ရိပ်မိနေသည်။ မေမေ့မျက်နှာ အမြဲတမ်း ကြည်နူးချမ်းမြေ့နေစေချင်သော်လည်း ယခုလို ရွယ်တူသူစိမ်းယောက်ျားတစ်ယောက်၏စကားတွေကြောင့်တော့ မေမေ့ကို မရွှင်လန်းစေချင်ပါ။ 


“ ဘယ်သွားသွား အတူတူပဲဆိုပါတော့၊ ခင်ဗျားအဆောင်ကို သူ လာနေကျ ညနေတွေကလွဲလို့ပေါ့ဗျာ ”


မေမေ့မျက်နှာမှာ ရှက်စနိုးအပြုံးလေးတစ်ခု နူးညံ့စွာပေါ်လာသည်။ 


“ ဟုတ်တယ်နော်၊ ရှင် ဘယ်တော့မှ ပါမလာဘူး ”


သူ့မျက်နှာ နည်းနည်းမှုန်သွားသည်။ 


“ ကျွန်တော်က အဲလို ပလီပလာကိစ္စတွေကို စိတ်မရှည်ဘူးဗျ။ သူ ခင်ဗျားအဆောင်သွားနေတဲ့အချိန်တွေမှာ ကျွန်တော်က ဘော်လုံးချည်း ဖိကန်နေခဲ့တယ်လေ။ အဲဒီရက်တွေ ဘယ်လောက်ကြာခဲ့သလဲဆို ကျွန်တော် အတန်းလိုက်ချံပီယံ ဖြစ်လာတဲ့အထိပါပဲ ”


သူ့ရယ်မောသံမှာ ကြမ်းတမ်းသော်လည်း ပူနွေးသည်ဟု ကျွန်တော်ထင်သည်။ ကျွန်တော်၏ စိတ်ကူးအိပ်မက်ထဲမှ သူရဲကောင်းသည် တဖြည်းဖြည်း မှုန်ဝါးနေပြီဖြစ်သည်။ 


“ ဦးလေးမှာ အိမ်ထောင်မရှိဘူးလား ”


ကျွန်တော်သည် ရိုင်းပျစွာပင် သူ့စကားကို နှောက်ယှက်လိုက်မိသည်။ မေမေ့မျက်နှာက ဘာမှမထူးခြားသော်လည်း သူက ကျွန်တော့်ကို စူးစူးရဲရဲစိုက်ကြည့်ကာ မထီတရီပြုံးလေသည်။ 


“ မရှိဘူး ”


လျှင်မြန်သောအဖြေက တုံးတိတိဖြစ်နေသည်။ ယဉ်ကျေးသိမ်မွေ့သော ဖေဖေသာ စားပွဲဝိုင်းတွင်ရှိခဲ့လျှင် ကျွန်တော်၏ရိုင်းပျမှုကို မနှစ်မြို့သလို လှမ်းကြည့်တော့မှာ သေချာသည်။ မေမေကတော့ ကျွန်တော်၏စကားဖြတ်မှုအတွက် နည်းနည်းမျှ အံ့ဩပုံမရ။ 


“ ဒါနဲ့ မခင်မူ၊ အကူအညီလိုရင် ပြောနော်၊ ကျွန်တော့်ကို ဘာမှ အားနာစရာမလိုဘူး။ ကျွန်တော့်လိပ်စာ ခင်ဗျားတို့ကိုပေးခဲ့မယ်။ လိုအပ်ရင် ဆက်သွယ်ဖို့ ”


မေမေက ဘာမှမဖြေရသေးမီ ကျွန်တော်က ရုတ်တရက် ငြင်းပစ်လိုက်သည်။ 


“ ကိစ္စမရှိပါဘူးဦးလေး၊ ကျွန်တော်တို့သားအမိ ပြည့်စုံပါတယ်။ ဘာမှမစိုးရိမ်ပါနဲ့ ”


ကျွန်တော်နှင့်သူ တစ်ယောက်ကိုတစ်ယောက် အကြာကြီး စူးစိုက်ကြည့်နေကြသည်။ သူကလဲ တော်တော်နှင့် မျက်နှာမလွှဲ၊ ကျွန်တော်ကလည်း အရှုံးမပေးဘဲ စိုက်ကြည့်နေခဲ့သည်။ မေမေက ကျွန်တော်တို့နှစ်ယောက်ကို သဘောကျသလို ပြုံးကြည့်နေသည်။ နောက်ဆုံးတော့ သူက အလျှော့ပေးရသည်။ သူက နှုတ်ခမ်းထောင့်စွန်းကလေး ကွေး၍ပြုံးကာ ခေါင်းတစ်ချက်ဆတ်လိုက်သည်။ 


“ အိုကေ ကျွန်တော်ပြန်မယ်၊ နက်ဖြန်ညနေလောက်မှ လာခဲ့ဦးမယ် ”


ပြောပြောဆိုဆို သူ ထိုင်ရာမှ ထလိုက်သည်။ မြင့်မားတောင့်တင်းသော သူ့ခန္ဓာကိုယ်နှင့် ကြမ်းတမ်းသောသူ့မျက်နှာကို အားကျစွာ ကျွန်တော်မော့ကြည့်မိခိုက်မှာပင် သူ့မျက်လုံးများက မေမေ့ဆီရောက်နေသောကြောင့် ကျွန်တော့်ရင်ထဲ မျက်ခနဲအောင့်သွားရသည်။ သို့သော် သူပြန်တော့မည့်အတွက် ကျွန်တော် ဝမ်းသာပါသည်။ မေမေက စားပွဲမှ ထရပ်သည်။ သူ့ကို တံခါးပေါက်ဝအထိ လိုက်ပို့ပေးတော့မည်လားဟု ကျွန်တော်ထင်လိုက်သည်။ ကျွန်တော် ကမန်းကတမ်း မတ်တပ်ထရပ်လိုက်သည်။


“ ရတယ်မေမေ၊ မေမေ နေခဲ့။ ကျွန်တော် ဦးလေးကို ခြံဝိုင်းအပြင်ထိ လိုက်ပို့ပေးလိုက်မယ် ”


မေမေက ကျွန်တော့်မျက်နှာအရိပ်အကဲကို ဖေဖေ့ထက် ပိုကျွမ်းကျင်စွာ ဖတ်တတ်သည်။


“ အေးကွယ်၊ ဒါဆို မေမေ ပန်းကန်တွေ ဆေးလိုက်ဦးမယ် ”


သူက ဘောင်းဘီအိတ်တွေထဲ လက်ထည့်ကာ ကျွန်တော့်စကားကြောင့် ဘာမှမထူးခြားသွားသလိုပင် အိမ်ထဲမှ ဖြည်းလေးစွာ ထွက်သွားသည်။ ကျွန်တော်သည် သူ၏နောက်နားမှကပ်လျက် တိတ်ဆိတ်စွာ လိုက်ပါသွားမိသည်။ ခြံဝင်းထဲမှာတော့ လရောင်ရွှန်းလက်စပြုပြီ။ မြင့်မားသောအုန်းလက်များ လေဖြင့် လှုပ်ခတ်နေသည်ကို သူ မော့ကြည့်လိုက်သည်။ ထို့နောက် သူ့နောက်ကျောနား နီးကပ်နေသော ကျွန်တော့်ဘက်သို့ ဗြုန်းခနဲလှည့်ကြည့်သည်။ သူ့အရပ်နှင့်ကျွန်တော့်အရပ် သိပ်မကွာသော်လည်း သူ့မျက်နှာက ကျွန်တော့်မျက်နှာပေါ် အုပ်မိုးနေသလို ခံစားလိုက်ရသည်။ 


“ ငါ ဒီနေ့ အိမ်ရောက်သွားတော့ ရှိသမျှသေတ္တာတွေ ဗီရိုတွေ ရောင်းပစ်ဖို့ တစ်အိမ်လုံး ရှင်းလင်းပစ်လိုက်တယ်။ ထင်ရှူးသေတ္တာဟောင်းထဲမှာ တခြားစာအုပ်တွေနဲ့အတူ ကျော်ဇံရဲ့မှတ်စုစာအုပ်တစ်အုပ် တွေ့တယ်။ ဆယ်တန်းနှစ်တုန်းကစာအုပ်။ သိပ်လှတဲ့လက်ရေးတွေ။ မင်းသိမ်းထားချင်မလားလို့ ”


ကျွန်တော် သူ့ကိုကြည့်ရင်း တစ်ကိုယ်လုံးနွမ်းခွေလာသည်။ ဖေဖေ့လက်ရေးသည် အမြဲလှခဲ့ပါသည်။ ကျွန်တော် ဘာမှမဖြေနိုင်မီ သူက ဂျာကင်အင်္ကျီနောက်ကျောကို မကာ ခါးကြားထိုးထားသော စာအုပ်တစ်အုပ်ကို ထုတ်ယူ၍ ကျွန်တော့်ကို

ကမ်းပေးသည်။ ကျွန်တော် အနည်းငယ်တုန်ယင်နေသောလက်များဖြင့် လှမ်းကိုင်လိုက်၏။ 


“ ငါ ဆယ်တန်းတုန်းက လူရိုက်ခံရလို့ ဆေးရုံတက်ရတယ်။ ငါကျောင်းပျက်တုန်း ကျော်ဇံက ငါလွတ်သွားတဲ့သင်ခန်းစာအားလုံးကို အဲဒီစာအုပ်ထဲမှာ ရောကူးပေးခဲ့တယ် ”


သူ့အသံ အနည်းငယ်တိုးသွားသည်။


“ သင်္ချာရော ဓာတုရော ဘိုင်အိုရော အစုံပဲ ”


ကျွန်တော်သည် သေသပ်စွာ အဖုံးဖုံးထားသော မှတ်စုစာအုပ်ကလေးကို လရောင်ဖြင့် သဲကွဲစွာမမြင်နိုင်ဘဲ စာရွက်တွေ လှန်ကြည့်မိသည်။ စက္ကူဟောင်းနံ့နှင့်ရောလျှက် ပရုတ်လုံးနံ့သင်းသင်းကလေး မွှေးနေသည်။ ကျွန်တော် ရုတ်တရက် အာခေါင်တွေခြောက်သွေ့လာသည်။ 


“ ဒါနဲ့ မင်း မိန်းကလေးတွေနဲ့ ပတ်သက်ဖူးပြီလား ”


မမျှော်လင့်သောမေးခွန်းကြောင့် ကျွန်တော် သူ့ကို ဆတ်ခနဲ မော့ကြည့်လိုက်မိသည်။ သူက ကျွန်တော့်စိတ်ကို ထွင်းဖောက်တော့မလို သဲသဲမဲမဲစိုက်ကြည့်နေသောအခါ ကျွန်တော် မလုံမလဲဖြစ်သွားပါသည်။ “ ခင်ဗျားနဲ့ဘာဆိုင်လို့လဲ ” ဟု ရိုင်းပျချင်သော်လည်း ကျွန်တော် တိတ်ဆိတ်စွာပင် ခေါင်းညိတ်လိုက်မိသည်။ သူက ခြောက်သွေ့စွာ ရယ်မောလိုက်လေသည်။ 


“ အင်း ... ဒါလဲ ကျော်ဇံအတိုင်းပါပဲလား ”


ထို့နောက် ကျွန်တော့်ဆံပင်များကို ညင်သာစွာ ဖွပြီး ပြန်သပ်ပေးသည်။ သူ့လက်ကိုင်တွယ်ပုံမှာ မထင်မှတ်ဘဲ နူးညံ့သိမ်မွေ့လွန်းသောကြောင့် ကျွန်တော် ကြက်သီးဖြန်းခနဲ ထသွားကာ စိတ်မှတ်မဲ့ နောက်ဆုတ်ရပ်လိုက်မိသည်။ သူက ချက်ချင်း မျက်နှာလွှဲပစ်လိုက်သည်။ 


“ သူ့သင်္ချိုင်း ဘယ်မှာလဲ "


ခဏကြောင်သွားပြီးမှ ဖေဖေ့သင်္ချိုင်းကိုဆိုလိုကြောင်း သိသွားပါသည်။ 


“ ကျောက်ကုန်းမှာ ”


ကျွန်တော့်အသံက ဆို့နင့်ထစ်အသွားသည်။ ဖေဖေ့အသုဘမြေချသောနေ့က ပူပင်သောကသည် ကျွန်တော့်ထံ ယခင်ခံစားမှုအတိုင်း ပြန်လည်ရောက်ရှိလာတော့သည်။ ၄၃ နှစ်ဆိုတာ အလွန်ငယ်ရွယ်သေးသည့်အသက်ဖြစ်ပါသည်။ 


“ အိမ်ကအသုဘကလည်း ကျောက်ကုန်းမှာချမှာပဲ ”


သူ့စကားကြောင့် ဆတ်ခနဲတုန်သွားသည့် ကျွန်တော့်ကို သူက သဘောကျသွားသလိုပင် ခေါင်းတစ်ချက်ညိတ်သည်။ 


“ ငါ့ဦးလေး ဆုံးသွားပြီလေ။ မနက်ဖြန် သင်္ဂြိုဟ်မယ်။ ဦးလေးသာ မသေသေးရင် ငါ ဒီမြို့ကို ရောက်ဖြစ်ဦးမှာမဟုတ်ဘူး။ ဒါနဲ့ သူ့မြေပုံက ဘယ်နားလောက်မှာလဲ ”


စျေးဆိုင်တစ်ဆိုင်အကြောင်း စုံစမ်းနေသလို ခပ်ပေါ့ပေါ့မေးသောမေးခွန်းကြောင့် ကျွန်တော့်ရင်ထဲမှာ စူးစူးရှရှ နာကျင်ဝမ်းနည်းသွားပါသည်။ ဝေ့ဝဲလာသောမျက်ရည်များကြောင့် မျက်လွှာချပစ်လိုက်ရသည်။ 


“ မြေပုံမဟုတ်ဘူး။ အုတ်ဂူ၊ ဇရပ်ရဲ့ညာဘက်ထောင့်မှာ ”


ကျွန်တော့်ရဲ့အသံ မာထန်သွားသည်ကို သူ လုံးဝဂရုမစိုက်ဘဲ ချာခနဲ လှည့်ထွက်သွားသည်။  


---


နေသည် အနောက်ဘက်ကောင်းကင်မှာ မြင့်နေဆဲဖြစ်သည်။ ကျွန်တော့်လက်ထဲမှာ ခြံထဲကခူးလာသော နှင်းဆီပန်းများရှိသည်။ အကယ်၍ အမှန်တကယ် သူ့ဦးလေး၏အသုဘရှိနေပြီး သူနှင့် မတော်တဆတွေ့သွားလျှင် ဖေဖေ့အုတ်ဂူမှာ ပန်းလာချပြီး ကန်တော့ဖို့လာသည်ဟု အကြောင်းပြနိုင်ရန်ဖြစ်ပါသည်။ အကယ်၍ ကနေ့ မိုးချုပ်အထိ သူ့ဦးလေး၏အသုဘဆိုတာမရှိလျှင် သူလိမ်ညာနေကြောင်း မေမေ့ကို ပြန်ပြောပြမည်။ သို့သော် ကျွန်တော် သုသာန်သို့ရောက်သွားသောအခါ အသုဘတစ်ခု အမှန်တကယ်ရှိနေပြီး မြေဖို့နေသည်ကို တွေ့ရပါသည်။ လူအနည်းငယ်သာကျန်တော့သော သင်္ချိုင်းမြေသည် ဖုန်ထုလွှမ်းလျှက် ဝမ်းနည်းချောက်ချားဖွယ်ရာ တိတ်ဆိတ်နေ၏။ 


ကျွန်တော်သည် ခပ်လှမ်းလှမ်းမှာမြေဖို့နေသော လူစုထဲ၌ ထင်းထင်းကြီးဖြစ်နေသော သူ့ကို မြင်လျှင်မြင်ချင်း ကန္တာရပင်တစ်ပင်၏ပင်စည်ဖြင့် ပုန်းကွယ်ရန်ကြိုးစားမိသည်။ သို့သော် အသုဘကြောင့် ပူပင်သောက လုံးဝရှိဟန်မတူသော သူက ကျွန်တော့်ကို မြင်သွားကာ လက်မြှောက်ပြ၏။ ထို့ကြောင့် သူရှိရာသို့ ဖြည်းညင်းတွန့်ဆုတ်စွာ ကျွန်တော် လျှောက်သွားရပါသည်။ 


“ လာ၊ မင်းရောက်လာမယ်လို့ ငါသိနေတယ် ”


ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အကြာကြီး စူးစိုက်ကြည့်နေမိကြသည်။ သည်တစ်ခါ မျက်နှာစလွှဲရသူက ကျွန်တော်ဖြစ်ပါသည်။ 


ဖေဖေ့အုတ်ဂူရှေ့မှာ ရပ်မိကြတော့ ကျွန်တော်တို့နှစ်ယောက် ဘာစကားမှမပြောနိုင်ကြဘဲ ငြိမ်သက်နေကြသည်။ နေရောင်ဖျော့ဖျော့သည် ထနောင်းပင်ကိုင်းဖျားမှ ဖြတ်လျက် ဖေဖေ့အုတ်ဂူပေါ်သို့ ပြောက်တိပြောက်ကျား ကျရောက်နေသည်။ ကျွန်တော်ယူလာသည့်နှင်းဆီပန်းများကို အုတ်ဂူပေါ် တင်မည့်ဟန်ပြင်ခိုက် သူက ခဏလက်ပြတားသည်။ အုတ်ဂူခေါင်းရင်းမှာတင်နေသော သစ်ရွက်ခြောက်များ၊ မြေမှုန့်များကို လေနှင့်မှုတ်၍ ဖယ်ပေးသည်။ ထို့နောက် ဦးကျော်ဇံ အသက် ၄၃ နှစ်ဟူသော ထွင်းစာ ထင်ရှားလာသည်အထိ သူ့လက်ညှိုးထိပ်ဖြင့် ခပ်ဖွဖွ ပွတ်သပ်ခြစ်နေသည်။ 


အုတ်ဂူပေါ် ပန်းများတင်လိုက်ပြီးသောအခါ ကျွန်တော် ဒူးထောက်ထိုင်ချလိုက်ပြီး ကန်တော့လိုက်ပါသည်။ ကျွန်တော့်နဖူးနှင့် အေးစက်သောအုတ်ဂူစွန်း ထိတွေ့မိသောအခါ ကျွန်တော့်ရင်ထဲက တစ်စုံတစ်ရာကို တင်းခနဲ ဆွဲယူ ဆုပ်ညှစ်ခံလိုက်ရသလို နာကျင်သွားလျက် မျက်ရည်များ ပြည့်လျှံလာသည်။ ကျွန်တော် အံကြိတ်လျက် အုတ်ဂူစွန်းပေါ် နဖူးမေးတင်ကာ စိတ်တည်ငြိမ်မှုရသည်အထိ ထိန်းချုပ်ငြိမ်သက်နေစဉ် သူက ဘေးမှာ မလှုပ်မယှက်ရပ်နေခဲ့သည်။ တော်တော်ကြီးကြာမှ သူက စကားစပြောသည်။ 


“ ငါနဲ့ကျော်ဇံ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးဆယ်လောက်က ဒီသင်္ချိုင်းထဲမှာ တစ်ယောက်ကိုတစ်ယောက် ဖက်ပြီး ငိုဖူးတယ် ”


ကျွန်တော် မျက်ရည်တွေကိုမေ့သွားပြီး ဆတ်ခနဲ ခေါင်းမော့ကြည့်လိုက်တော့ သူ ကျွန်တော့်ကို ကြည့်မနေပါ။ 


“ မင်းအဖွား ဆုံးတုန်းကပေါ့၊ ကျော်ဇံ့အမေလေ။ ကျော်ဇံက အသက်၁၃နှစ်၊ ငါက ၁၄နှစ်။ ဟောဟိုနေရာလောက်မှာ မင်းအဖွားရဲ့မြေပုံ ရှိခဲ့ဖူးတယ် ”


ကျွန်တော်သည် သူလက်ညှိုးညွှန်ပြရာ ကုန်းမို့ကလေးဆီသို့ လှမ်းကြည့်ရင်း ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် မျက်လုံးတစ်ဝိုက်ကို လက်ခုံဖြင့် ကြမ်းတမ်းစွာ ပွတ်သုတ်ပစ်လိုက်ပါသည်။


“ ကျော်ဇံဆုံးတုန်းက မင်းဘေးမှာ မင်းနဲ့အတူ ဝမ်းနည်းမယ့်သူငယ်ချင်း မရှိဘူးမဟုတ်လား ”


ကျွန်တော် ကြောင်အစွာပင် ခေါင်းခါယမ်းလိုက်သည်။ 


“ ဆိုးတာပဲ။ လူတစ်ယောက်ဟာ ဘဝမှာ အရင်းနှီးဆုံးသူငယ်ချင်းဆိုတာ ရှိသင့်တယ် ”


“ ကျွန်တော့်မှာ သူငယ်ချင်းတွေအများကြီးပါ ” ဟု ပြန်ပြောချင်သော်လည်း မပြောနိုင်ပါ။ တကယ်တမ်းကျတော့ ကျွန်တော့်မှာ ကောင်းတူဆိုးဖက် ရင်းနှီးပွင့်လင်းသောသူငယ်ချင်း မရှိပါ။ ပြိုင်ဖက်များသာရှိပါသည်။


“ အင်း ... ပြီးခါမှ ဒေါသတကြီးရန်ဖြစ်ပြီး အနှစ်နှစ်ဆယ်လောက် အဆက်အသွယ်ပြတ်ချင် ပြတ်ပလေ့စေပေါ့လေ ”


သူက စကားကိုပြန်ဆက်ပြီး ခပ်ဟက်ဟက်ရယ်မောသည်။ ရယ်သံမှာ ခြောက်သွေ့ကွဲအက်၏။ လေသည် ကျွန်တော်တို့ဆီသို့ ဖုန်ငွေ့နှင့်မန်ကျည်းရွက်ခြောက်များကို သယ်လာ၏။ ဟိုအဝေးဆီမှာ ဥဩငှက်တစ်ကောင် ဆွဲဆွဲငင်ငင်အော်မြည်နေသည်။ ကျွန်တော် ဖေဖေ့ကို လွမ်းဆွတ်စိတ်ဖြင့် သူ့လက်မောင်းကို ပထမဆုံးအကြိမ် ရင်းရင်းနှီးနှီးဆုပ်ကိုင်မိသည်။


“ ဖေဖေအကြောင်းတွေ ပြောပြစမ်းပါ ဦးလေး ”


“ ကျော်ဇံနဲ့ငါ နှစ်ခါ ရန်ဖြစ်ရဖူးတယ် ”


ဖေဖေ တစ်ခါတုန်းက ပြောဖူးသည့်စကားအတိုင်းပါပဲ။


“ ဖေဖေရှုံးသလား ”


အဓိကကျသောအချက်ကိုပင် ဖေဖေ့တုန်းကလို ကျွန်တော် မေးမိသည်။ သူ့အဖြေက ဖေဖေ့အဖြေထက် ပို၍ပြည့်စုံပါသည်။ 


“ ပထမတစ်ခါတုန်းက ကိုးတန်းနှစ်ပေါ့၊ ကောင်မလေးတစ်ယောက် ... အဲ ကောင်မလေးနဲ့ပတ်သက်ပြီး သတ်ကြတာ။ ကောင်မလေးနာမည် ငါမေ့သွားပြီ၊ အဲ ... မဟုတ်ဘူး။ ငါ အဲဒီကောင်မလေးနာမည်ကို ကောင်းကောင်းတောင် မသိခဲ့ပါဘူး။ ငါ ကျော်ဇံကို လက်သီးနဲ့ တစ်ချက်ထိုးပစ်လိုက်တယ် ”


ကျွန်တော်သည် ကိုယ်တိုင်အထိုးခံလိုက်ရသလို ဆတ်ခနဲ နာကျင်သွားသည်။ 


“ နောက်တစ်ခါဆို မင်းနဲ့ငါအပြတ်ပဲလို့ သူ့ကို ခြိမ်းခြောက်ခဲ့တယ်။ သူ ကောင်မလေးနဲ့ တစ်ခါတည်းပြတ်သွားတယ်။ စာတစ်ခုတည်းကိုပဲ သူ အာရုံစိုက်တော့တယ်။ အဲဒါ သူ့အတွက် သိပ်ကောင်းပါတယ်။ အင်း ... ငါက ဒီကောင် ငါ့ကို ဖြုံသွားပြီလို့ အောက်မေ့ခဲ့မိတယ်။ ဒါပေမယ့် ကောလိပ်တတိယနှစ်ရောက်တော့ နောက်တစ်ကြိမ် ထပ်ရန်ဖြစ်ရပြန်တယ်။ ဒီတစ်ခါတော့ မင်းအမေ မခင်မူကြောင့်ပေါ့ကွာ ”


ကျွန်တော် သူ့မျက်လုံးများကို စူးစူးရှရှ အကဲခတ်လိုက်မိသည်။ 


“ ငါ ဘယ်လောက်ပဲ ဒေါသကြီးကြီး၊ ဆဲဆဲဆိုဆို ကျော်ဇံက လုံးဝနောက်မဆုတ်တော့ဘူး။ နောက်ဆုံးတော့ ... မခင်မူနဲ့ ရုံးမှာ သွားလက်ထပ်မယ့်ညက ငါ့ကို အသိသက်သေလုပ်ပေးဖို့ လာပြောတယ် ”


သူ ခပ်သဲ့သဲ့ရယ်သည်။ ရယ်သည်ကို နှုတ်ခမ်းအရသာ သ်ိရသော်လည်း သူ့ရယ်သံကို ကျွန်တော်မကြားရပါ။


“ ငါ သူ့ကို ဆွဲထိုးပစ်လိုက်တယ်။ သူက ငါ့ကိုပြန်ထိုးတယ်။ ဘယ်လောက်အံ့ဩဖို့ကောင်းလဲ။ ဘယ်တုန်းကမှ လူတစ်ယောက်ကို လက်သီးနဲ့မထိုးဖူးတဲ့ကျော်ဇံက ငါ့ကိုထိုးတယ်။ ပြီးတော့ ပြောသေးတယ်။ မင်း သိပ်တစ်ကိုယ်ကောင်းဆန်တဲ့ကောင်တဲ့။ 

မင်းလိုအရူးကောင်ကို ငါမပေါင်းချင်ဘူးတဲ့ ...”


တိတ်ဆိတ်သောပတ်ဝန်းကျင်တွင် သူ့အသက်ရှူသံမှာ ပြင်းထန်လှသည်။


“ ငါ့ကို အရူးလို့ပြောပြော ဘာပြောပြော ငါမနာပါဘူး။ ဒါပေမဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ကောင်လို့ သူ့ပါးစပ်ကပြောလိုက်တော့ ငါဝမ်းနည်းတယ်။ ငါ့ဘဝမှာ ဒီသူငယ်ချင်းပဲ အရင်းနှီးဆုံး၊ အရေးအကြီးဆုံး၊ အခင်မင်ဆုံး၊ ငါလုပ်သမျှ ငါအသက်ရှင်သမျှဟာ သူ့အတွက်ချည်းပါပဲ။ ဒါပေမဲ့ သိပ်တစ်ကိုယ်ကောင်းဆန်တဲ့ကောင်လို့ ငါ စွပ်စွဲခံခဲ့ရတယ်။ အဲဒီနေ့ကစပြီး ငါတို့ချင်း မတွေ့တော့တာ သေတဲ့အထိပေါ့ ... ”


ပတ်ဝန်းကျင်သည် တဖြည်းဖြည်း အမှောင်ရိပ်လွှမ်းလာသည်။ လေထုသည် အေးစက်သိပ်သည်းလာသည်။ အနောက်ဘက်ကောင်းကင်တွင် နေရောင်လုံးဝကွယ်ပျောက်ခဲ့ပြီ။ သူ့ကို ကျွန်တော် ဘာပြောရမှန်းမသ်ိ။ တစ်ခုခုတော့ ပြောချင်သည်။ သို့သော် မပြောဘဲထားတာက ပိုကောင်းသည်ဟု ကျွန်တော်ဆုံးဖြတ်လိုက်ပါသည်။ 


“ ဖေဖေက ဦးလေးကို တော်တော်ခင်ခဲ့ပါတယ် ... ”


နှစ်သိမ့်သလို ခပ်ဆဆပြောလိုက်မိသောအခါ သူက ပြုံး၍ခေါင်းညိတ်သည်။ 


“ ငါ ... သိပါတယ် ... ”


ပတ်ဝန်းကျင်တစ်ခုလုံး မည်းမှောင်လာသည်အထိ ဖေဖေ့အုတ်ဂူဘေးတွင် ကျွန်တော်တို့ ငြိမ်သက်စွာ ရပ်နေခဲ့ကြပါသည်။ 


---


(ဂျူး)


No comments: