သူမမှာ လိပ်ပြာကလေးတစ်ကောင် ရှိခဲ့ဘူးသည်။ အခု သူမ ထိုလိပ်ပြာကလေးနှင့်အတူ ယဉ်တွဲလျှက် လောကကြီးအလယ်တွင် မားမားမတ်မတ် ရပ်တည်နေဆဲ။ တချိန်ချိန်တွင် ထိုလိပ်ပြာကလေးနှင့် ဝေးရမှာကို သူမ ရင်ဆိုင်ရမည်ကို စိုးရွံ့နေမိသည်။ သို့လော သို့လောနဲ့ ထိုလိပ်ပြာကလေးနှင့် ဘ၀တခုကို တည်ဆောက်လာခဲ့သည်မှာ နှစ်နှစ်ပင် ပြည့်ရော့မည်။
ချယ်ရီပင်နှင့် ပိတောက်ပင်များ ဝေဆာစွာ ဖူးပွင့်နေသော အမျိုးသမီး အဆောင်ရှေ့တွင် ခြင်းလုံးကွင်းလေးတခု ၎င်းခြင်းလုံးကွင်းလေးတွင် ရောင်စုံအရွယ်စုံ လိပ်ပြာကလေးများ အချိန်မှန်မှန် ပျံဝဲနေကျ။ ရောင်စုံလိပ်ပြာကလေးများ အကြားတွင် တောင်ပံနီနီကလေးနှင့် လိပ်ပြာလေးတစ်ကောင်မှာ ကိုယ့်အတွက် အထူးခြားဆုံး။ ဖြူစင်စိုစွပ်သော အသားအရေ နက်မှောင်ပျော့ပြောင်းသော ဆံပင်နှင့် ခြင်းလုံးကွင်းလေး အလယ်တွင် ခုန်ဆွခုန်ဆွနှင့် အလွန်ပင် ကြည့်လို့ကောင်းလှသော ညနေဆည်းဆာ သဘာဝ ပန်းချီကားလေးတချပ်ပင် ဖြစ်သည်။ ကိုယ် ထိုပန်းချီကားလေး ပျောက်ဆုံးသွားမည်ကို အလွန်စိုးရိမ်နေမိသည်။ အချိန်မှန်မှန် ထိုပန်းချီကားလေးကို သူမ မည်သည့်အကြောင်းနှင့်မျှ အလွတ်မခံ။ ထိုပန်းချီကားလေးအတွင်း သက်ဝင်လှုပ်ရှားနေသော တောင်ပံနီနီနှင့် လိပ်ပြာကလေးသည် သူမအတွက် ဆွဲဆောင်နိုင်ဆုံးသောအရာ။
ပထမအစမ်း စာမေးပွဲဖြေဆိုအပြီး သူမတို့သူငယ်ချင်းတစု ဝေလေ၀ါးလားနှင့် တယောက်ကိုတယာက် ငြင်းခုန်ကြရင်း အပြန်လမ်းတလျှောက်တွင် သူမတို့ အသံဇာဇာလေးနှင့် ပြည့်လျှံသွားလျှက်။ သူမတို့ရှေ့နားလေးတွင် အမှတ်မထင် အရိုန်နှင့်မောင်းနှင်လာသော ဆိုင်ကယ်အနီလေးတစီး ဘရိတ်အုပ်သံနှင့်အတူ ရုတ်တရက် ထိုးရပ်သံ ကြောင့် သူမတို့အားလုံး တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ဆိုင်ကယ်ပေါ်မှ ကိုယ်တော်ချောကို တချက်ကြည့်မိ သည်။ ကိုယ်တော်ချောကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက် သူမမျက်နှာကို စေ့စေ့ကြည့်ပြီး "ဟိတ် ပိုးစုန်းကြူး စာမေးပွဲ ဖြေနိုင်ခဲ့ရဲ့လား"လို့ မေးသံအဆုံးမှာ ဘာမှန်းမသိ သူမခေါင်းကို ရုတ်တရက် ငြိမ့်လိုက်မိသည်။ သူမ၏သူငယ်ချင်းတစု တယောက်မျက်နှာ တယေက်ကြည့်ရင်း နားမလည်သော ဘာသာစကားနှင့်သူမကို ထူးအဆန်းသဖွယ် စိုက်ကြည့်နေမိသည်။ ကိုယ်တော်ချောကတော့ အခွင့်ကောင်းရတုန်း ယူထားမှလို့ တွေးနေလေမလားမသိ။ "ကြုံတုန်းလိုက်ပို့မယ်လေ၊ လာဆိုင်ကယ်ပေါ်တတ်" "အို မလိုက်ပါဘူး၊ ရှင့်ဟာရှင်သွားပါ" "ကောင်းပြီ၊ ညနေ ခြင်းလုံး လာကစားမယ်နော်"လို့ ပြောရင်း ဆိုင်ကယ်လေးကို အရိုန်နှင့် မောင်းနှင်ထွက်ခွာသွားခဲ့သည်။ "ဟေ့ အိငယ် ကိုယ်တော်ချောလေးက နင့်ကို ဘာတဲ့လဲ၊ ပိုးစုန်းကြူး တဲ့၊ ဘယ်တုန်းက ဘယ်လို ရင်နှီးသွားတာလည်း" "အေးဟယ် ငါတို့ကိုတောင် မိတ်ဆက်ပေး ဖော်မရဘူး၊ ကိုယ်တော်ချောက အဆောင်ရှေ့မှာ လာလာပြီး ခြင်းလုံးခက်တဲ့သူ မဟုတ်လား" "အိငယ် ပြောပါဦးနင့်ရဲ့ လျို့ဝှက်ချက်လေး" "ငါလည်း သူ့ကို မရင်းနှီးပါဘူးဟယ် ငါ့ကို သက်သက်မဲ့ အချောင်လာရိုက်သွားတာ" "နင်ပြောသလိုဆိုရင် ကိုယ်တော်ချောက နင့်ကို စိတ်ဝင်စားနေလားမှ မသိတာ" "စိတ်ရှုပ်ပါတယ်ဟာ"။ ဒီနေ့ ပန်းချီကားလေးကို သူမ ထွက်မကြည့်ဖြစ်။ ကြည့်ရန်လည်း မ၀ံ့မရဲ။ ပြတင်းပေါက်မှနေ၍ တောင်ပံနီနီနှင့် ထိုလိပ်ပြာကလေးကို သူမ ချောင်းကြည့်မိသည်။ သူမရင်တွေခုန်လွန်းလို့ မျက်နှာတွေတောင် နီရဲတာရဲ။ ခြင်းလုံးဝိုင်းလေးကို လွတ်လွတ်လပ်လပ် ကြည့်ရှုအားပေးနေသော အဆောင်နေ မိန်းမတွေကို သူမနာမလိုဝန်တို ဖြစ်မိသည်။ အချိန်ရှိသ၍သူမ၏ လိပ်ပြာ နီလေးကို အားပေးအားမြောက် လုပ်နေသောကြောင့်ပင်။
အဆောင်မှူးနှင့် တွေ့ဆုံစကားစမည် ပြောနေသောကြောင့် ဒီနေ့ သူမ ကျောင်းတတ်နောက်ကျခဲ့ရသည်။ ကျောင်းတတ်ခေါင်းလောင်းထိုးရန် မိနစ် အနည်းငယ်သာ လိုတော့သည်။ အတွေးနှင့် သူမလမ်းလျှေက်နေခိုက် သူမဘေးတည့်တည့်တွင် "ကျီ" ဆိုသည့် အသံနှင့်အတူ ဆိုင်ကယ်နီလေးတစ်စီး ထိုးရပ်လာလေခြင်း။ သူမ လန့်ဖြတ်လို့ "အမေ့"လို့ ရောင်မိလေတော့ ကိုယ်တော်ချောက ဆိုင်ကယ်ဦးထုတ်ကလေးကို ချွတ်လျှက် သဘောကျစွာ ရယ်မောနေသည်။ "ပိုးစုန်းကြူး ကျောင်းနောက်ကျတော့မယ်၊ လာကိုယ်လိုက်ပို့မယ်၊ တော်ကြာနေ အများရှေ့မှာ ဒါဏ်ပေးခံရရင် ရှက်စရာ ဖြစ်နေဦးမယ်" ဟုတ်သည် အတန်းပိုင်ဆရာက အလွန်စည်းကမ်းကြီးသည်။ ကျောင်းနောက်ကျသည့် သူတိုင်းကို အများရှေ့မှာ ထိုင်၊ထ လုပ်ခိုင်းတတ်သလို သီချင်းဆိုခိုင်း ကခိုင်းတာတွေလည်းရှိသည်။ သူမ ထိုသို့ ပြုလုပ်ရမည်ကို အလွန်းစိုးရိမ်မိသကဲ့သို့ ထိုသို့ မကြုံရလေအောင် အမြဲသတိရှိနေသည့် ကြားကမှ သည်နေ့လို နေ့မျိုးတွင် သူမကျောင်းတတ်ရမည်ကိုပင် ကြောက်နေမိသည်။ အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ ကျောင်းမတတ်ဘဲနေသော် ပိုဆိုးသေး။ ထို့အတွေးကြောင့် သူမ အရဲစွန့်ပြီး လာခဲ့ရသည်။ သူမ တွေဝေနေခိုက် "စဉ်းစားမနေနဲ့ ပိုးစုန်းကြူး လာ" ပြောပြောဆိုဆို သူမ လက်ကောက်ဝတ်ကိုဆွဲလျှက် ဆိုင်ကယ်ပေါ်သို့ အတင်းတတ်ခိုင်းလေသည်။ တော်ပါသေးရဲ့ ကိုယ်တော်ချောလေး ကယ်ပေလို့ ကျောင်းတတ်ချိန် သီသီလေးအတွင်းတွင် သူမကျောင်းသို့အရောက် ကိုယ်တော်ချောလေး စွမ်းဆောင်နိုင်ခဲ့သည်။ သို့သော် သူမအပေါ် မျက်လုံးအစုံများစွာက မေးခွန်းတွေ မေးနေခဲ့သည်။ "ဒီနေ့ ထူးတယ်ဟေ့ တို့ရဲ့ ရေခဲတုန်းလေး သီချင်းဆိုရင်ဆို မဆိုရင် ထိုင်၊ထ လုပ်ရတော့မယ် ထင်နေတာ ကံကြမ္မာက မျက်နှာသာ ပေးသွားပြန်ပြီ" "ဟုတ်စ တို့များ အဲ့လိုကယ်တင်ရှင်လေး ရချင်လိုက်တာ ဟီဟီ၊ ဟဲ ရေခဲတုန်း အိငယ် ဆိုပါဦး နင့်ဇာတ်က"။
"ရေခဲတုန်းလေးရေ အိငယ်၊ ဧည့်သည်" {ဧည့်သည်} ဧည့်သည်ဆိုသည့် စကားလုံး အဆောင်နေသမျှ ကာလပတ်လုံး သူမဘ၀တွင် မရှိခဲ့။ သို့လော သို့လော ဧည့်ခန်းဆောင်ရှေ့ကို သူမ ရောက်လာခိုက် "ပိုးစုန်းကြူး လာထိုင်လေကွာ၊ အံ့သြသွားလား" "ရှင် အော်အင်း ဘာကိစ္စရှိလို့လဲကို အမ် မ" "ကိုယ့်နာမည်က ဇာနည်တဲ့ မဇာနည်ခိုင်ပေါ့ ပိုးစုန်းကြူး ကြိုက်သလိုခေါ်ပါ။ ကိုဇာနည်လို့ ခေါ်ရင်တော့ ကိုယ်ပိုနှစ်သက်တယ်။" "ရှင် အော်ဟုတ် ဟုတ်ကဲ့ ကိုဇာနည် ကျမက အိငယ်ပါ" "ကိုယ်သိပါတယ် ကိုယ်ကတော့ ပိုးစုန်းကြူးလို့ဘဲ ခေါ်မယ်။ "ရှင် သြော် အင်း၊ ကျမတော့ မကြိုက်ပါဘူး" "ဒါပေမယ့် ကိုယ့်တော့ကြိုက်တယ် မင်းမကြိုက်လဲ ကိုယ်ခေါ်မှာဘဲ" တဇွတ်ထိုး နိုင်လှသော သူ့ကို သူမသိသိချင်း သိလိုက်ရပါပြီ။ သို့သော် သူမတိတ်တဆိတ် ကြည်နူးနေမိသည်။ ဒါကိုလည်း သူကို သိစေချင်ပါသည်။ သို့သော် အရှက်အကြောက်ကြီးလှသော သူမအဖို့။ "ကဲ နေညိုပြီ ကိုယ်ပြန်တော့မယ် အအေးအတွက် ကျေးဇူးဘဲနော် ပိုးစုန်းကြူး၊ နောက် မခေါ်လဲ ကိုယ်လာဦးမယ် သိလား" သူမ ဘာမှ ပြန်မပြောနိုင်ခင်မှာပင် ထရာမှ ရုတ်တရက် ထွက်ခွာသွားပုံသည် လိပ်ပြာကလေး တစ်ကောင်လို ပေါ့ပါးလွန်းလှပါသည်။ "ဟိတ် အိငယ် မလာစဖူးလို့ ဧည်သည်ဆိုလို့ အဆောင်မှူးက စိတ်မချတာနဲ့ ထွက်ချောင်းခိုင်းတာ လက်စသတ်သော ကိုယ်တော်ချောကိုး" "မညာနဲ့တော့နော် အိငယ် အမှန်တိုင်းဝန်ခံတော့ ဘယ်အခြေအနေထိ ရောက်နေပြီလဲ" "ယုံပါသူငယ်ချင်း တို့ရယ် ကိုယ်ဘာမှ မသိရိုးမှန်ပါ" "မင်းကို တို့တွေ ယုံတယ်အိငယ်" "ဒါပေမယ့် ကိုတော်ချောက တော်တော်အတင့်ရဲတယ်နော်" "ကိုယ်လဲ အဲဒါကို စိတ်ညစ်တယ်ဟာ" ရင်ထဲမှာတော့ ခုလိုလိပ်ပြာကလေးနဲ့ မမျှော်လင့်ဘဲ ရင်းနှီးခွင့်ရတာကို သူမ ပျော်မိသည်လို့ ပြောချင်ပါသည်။ သို့သော်…
မိုးတွင်းအခါမို့ ပန်းဝတ်ရည်တွေလည်း မိုးဖွားတွေ ရောနှောနေတော့ မချိုမြိုန်လှသလို အဆောင်ရှေ့က ခြင်းလုံးကွင်းလေးလဲ ရွံ့နွံတွေ ဖုံးလွမ်းကုန်တော့ လိပ်ပြာကလေးတွေ မ၀ဲနိုင်တော့။ သူမရဲ့ လိပ်ပြာကလေး ရက်အတန်ကြာ ပျောက်နေသည်။ ထိုကြောင့်လဲ မိုးရာသီကို သူမ မုန်းသည်။ တနေ့ သဲများ၊ ကျောက်များ တင်ဆောင်လာသော ကားကြီးလေးငါးစီး သူမတို့ အဆောင်ရှေ့တွင် လာပုံချထားသည်ကို အမှတ်တမဲ့ မြင်တွေ့လိုက်မိသည်။ အဆောင်မှူးကို တီးခေါက်ကြည့်တော့ "စည်ပင်သာယာက လမ်းခင်းမလို့တဲ့ အိငယ်"သူမ အရမ်းပျော်မိသည်။ ဘာကြောင့်မှန်းမသိ။ ဒီနေ့နှင့်ဆို လမ်းခင်းပြီးတာ ငါးရက်ပြည့်တဲ့နေ့။ ဒီနေ့လေးဟာ သူမအတွက် ရင်ခုန်စရာကောင်းတဲ့ နေ့လေးတွေ ဖြစ်လာလိမ့်မယ်လို့ သူမ ဘယ်လိုတွေးမိမှာလဲ။ ရာသီဥတုကလည်း မသာ၊ ခေါင်းတွေအုံနေတာနဲ့ ကျောင်းကိုလည်း ခွင့်ယူထားခြင်း၊ အဆောင်ဝရမ်ဒါမှာ နေပြီး စာအုပ်လေး တအုပ်နှင့် အဖော်ပြုနေလိုက်တာ ညနေပင် စောင်းလို့သွားမှန်း မသိလိုက်။ လက်မှလက်ပတ်နာရီလေးကို ငုံကြည့်လိုက်တော့ ၄နာရီတောင် ထိုးလုပြီ။ မျက်လုံးကို အနားပေးရင်း လမ်းမဖက်ကို အမှတ်တမဲ့ ကြည့်လိုက်မိတယ် ဆိုရင်ဘဲ လူတစု နောက်ပြောင်ကျီစယ်ရင်း သူမတို့ လမ်းလေးထဲကို ၀င်လာသည်။ အဆောင်နားလေး အရောက်မှာ "ဟေ့ကောင် ဇာနည် မင်းက ခြင်းလုံးကစားချင်တာထက် မင်းရဲ့ မလင်းတလင်း ပိုးစုန်းကြူးလေးကို တွေ့ချင်နေတာ မဟုတ်လား" "ဟာကွာ မင်းတို့ကလည်း ပြောရက်လိုက်တာ အဲ့ဒီ မလင်းတလင်းက လမိုက်ညမှာ ဘယ်လောက် အသုံးဝင်တယ်ဆိုတာကို မင်တို့မှ မသိဘဲကွ ပြီးတော့ ငါက လမိုက်ညလေ" သူမ မျော်လင့်မထားသော အသံပိုင်ရှင်ကြောင့် ခြင်းလုံးကွင်းလေးနေရာကို ကြည့်လိုက်မိတယ် ဆိုရင်ဘဲ တောင်ပံနီတာရဲလေးနှင့် သူမ၏ လိပ်ပြာကလေးကို တွေ့လိုက်ရတယ် ဆိုရင်ဘဲ ခေါင်းကိုက်ခေါင်းအုံနေတာတွေ ချက်ခြင်းကိုပြောက်သွားရော။ "ဟေ့ကောင်ဇာနည် ဒီနေ့ လက်ဖက်ရည်ဆိုင်မှာ ပိုးစုန်းကြူးကျောင်းသွားတာကို မတွေ့လို့ မင်းခု ခြင်းလုံးကစားရမှာကို အားရောရှိရဲ့လား" "ဟာကွာ မင်းတို့ကလဲ ပေါက်ပါက်ရှာရှာ၊ အင်း အဲဒါကြောင့် ခြင်းလာကစားတာပေါ့ကွ" "မိုးနတ်သားများ ကံကောင်းချင်တော့ ရေကန်အသင့် ကြာအသင့် ကြည့်စမ်း တို့ထင်ထားတာတွေ တခုမှ မဟုတ်ဘဲ လမ်းတွေတောင် ကတ္တရာလမ်း ဖြစ်နေမှတော့ မင်းလဲ စွံတော့မယ် ထင်တယ်ကွ" "ဟုတ်ပကွာ ရေကန် အသင့် ကြာအသင့် မဟုတ်ဘူး၊ ကြာပန်းတွေတောင် ပွင့်လိုက်သေး ဟေ့ကောင် မင်းအပေါ်ကို မသိမသာ မော့ကြည့်စမ်း" "အေး ဟုတ်ပကွာ ဇာနည် ကြည့် ကြာပန်းလည်း ပွင့်နေတာကွ" လိပ်ပြာကလေးရဲ့မျက်လုံး အဆောင်ပေါ်သို့ ပျံဝဲလာချိန်တွင် သူမရှက်ရှက်နှင့် အဆောင်ထဲကို ပြေးဝင်သွားသည် တော်တော်နှင့် ပြန်ထွက်မလာ။ ပြတင်းပေါက်ကို အကာပြုလျှက်သာ ပန်းချီကားကို ထိုင်ကြည့်နေမိသည်။
{သူ့ရုပ်က ညိုချောလေး မြင်သူငေးလို့ မ၀ရယ်၊ စကားလေး ပြောပုံလေးက မြင်သူတိုင်း ချစ်စရာလေး မြင်မြင်ချင်းကို ချစ်မိပြီ တကယ်ပါ အလှဆုံးသူရယ်} အဆောင်ရှေ့တွင် မကြားစဖူး သီးချင်းသံကြောင့် သူမတို့ သူငယ်ချင်းတစု ထကြည့်မိတယ် ဆိုရင်ဘဲ အားလားလား လုံးဝထင်မထားမိ၊ ကိုယ်တော်ချောတို့ အုပ်စုဖွဲ့၍ သူမကို လာဖျော်ဖြေနေခြင်း ဖြစ်သည်။ အဆောင်မှူး၏ သတိပေးသံကြောင့် ၉း၃၀လောက်တွင် ကိုယ်တော်ချောတို့ လှည့်ပြန်ခဲ့သည်။ အတန်းပြီးလို့ အရိပ်ကောင်းကောင်း ချယ်ရီပင်အောက်တွင် သူမ ထိုင်နေခိုက် "ဟိတ်ပိုးစုန်းကြူး တယောက်ထဲလား၊ အဖော်တွေ မပါဘူးလား" "လန့်လိုက်တာ ကိုဇာနည်ရယ်၊ ဟင့်အင်း မပါဘူး" "ပိုးစုန်းကြူး ကိုယ်လိုရင်းဘဲ ပြောမယ်ကွာ ကိုယ် မင်းကိုချစ်တယ် မဖြစ်နိုင်ဘူးလို့ မင်းမငြင်းလိုက်ပါနဲ့" အစအနောက်မရှိ အဆက်အစပ်မရှိ အတင့်ရဲလှသော သူ့ကို သူမ တွေဝေစွာ စိုက်ကြည့်နေမိသည်။ "စဉ်းစားမယ်လို့လဲ မပြောနဲ့ ချစ်ရင်ချစ်တယ်၊ မချစ်ရင် မချစ်ဘူး ခုချက်ခြင်း အဖြေပေးကွာ" "ရှင် ဘယ်၊ ဘယ်လို" ဒီတခါတော့ သူမ တွေဝေမနေတော့ စဉ်းစားချိန်တောင် မပေးဘဲ သူမပခုံးနှစ်ဘက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လျက် "ပြောလေကွာ ပိုးစုန်းကြူး ကိုယ့်ကိုမယုံသလို မကြည့်နဲ့ ကိုယ့်ဘ၀မှာ မင်းတယောက်တည်းကိုဘဲ ချစ်ရေးဆိုခဲ့ဘူးတာ ပြောလေကွာ" "နေပါဦး ကိုဇာနည်ရယ် ကျမကို လွှတ်ပါဦး" "အဖြေပေးမှ လွှတ်မယ်" သူမရင်ထဲတွင် ထိုလပ်ပြာကလေးတည် ရှိနေခဲ့သည်မှာ ကြာခဲ့ပြီ ထိုသို့ လျှင်မြန်စွာ သူမဘ၀ထဲ ၀င်ရောက်လာလိမ့်မည်ဟု ထင်မှတ်မထားမိ ငြင်းဆိုဖို့ရန်လည်း နှလုံးသားက လက်မခံ တိတ်ဆိတ်စွာ နေခြင်းသည် ၀န်ခံခြင်း နိယာမကို သူမသုံးမိသည် "အာ ကြာတယ်ကွာ"ဟုဆိုကာ သူမ၏ ကိုယ်လုံးလေးကို လေအုန်ဖြင့် ကိုယ်တော်ချော၏ ရင်ခွင်တွင် ဆွဲသွင်းခြင်း ခံလိုက်ရသည်။ ရုတ်တရက်မို့ သူမ ထစ်ခနဲ ဖြစ်သွားပေမယ့် နောက်ဆုံးတော့ သူမငြိမ်သက်စွာပင် သူ၏ ရင်ခွင်တွင်း ဆင်းသက်ခဲ့ပါသည်။
"အဆောင်ရှေ့မှာ သီချင်းလာမဆိုနဲ့နော် အိရှက်လို့" "ကောင်းပါပြီ ပိုးစုန်းကြူးရယ် ပိုးစုန်းကြူး မကြိုက်ရင် ကိုယ်လာမဆိုတော့ဘူး" "ကို" "ပြောလေ ပိုးစုန်းကြူး" "အိကို တကယ်ချစ်တာဘဲလားဟင်" "အော်ဘယ်လိုမေး လိုက်တာလဲကွာ ချစ်လို့ပေါ့ ကျောင်းမြန်မြန်ပြီးပါစေလို့ ဆုတောင်းနေရတယ်" "ဟင် ဘာဖြစ်လို့လဲ" "နောက်တော့သိ မှာပေါ့" "မပြောချင်လဲ နေပေါ့ ကိုယ့်အကြောင်းတော့ အိကို ပြောပြဦးလေ" "သိတော့ ဘာလုပ်မှာလဲကွာ" "အာ" "ဟော စူတော့ မစူလိုက်ပါနဲ့ကွာ အဲ့လို စူနေရင် မလှဘူး" "သွား" ချစ်သူသက်တမ်း တနှစ်ပင် ပြည့်ရောမည်။ လိပ်ပြာကလေး၏ အကြောင်းကို သူမ ဂဂနန မသိရ၊ သို့သော် သူမ သူ့ကို ချစ်သည်။ လိပ်ပြာကလေးလည်း ချစ်ရင် လုံလောက်ပြီဟု ယုံကြည်ထားသူ ဖြစ်လင့်ကစား ဘာမှမပြော။
ဒီနေ့ စာမေးပွဲ နောက်ဆုံးနေ့ ချစ်သူနှင့် မတွေ့ရသည်မှာလည်း တပတ်ပင် ပြည့်ရော့မည်။ လိပ်ပြာကလေး မည်သည့် ပန်းရနံ့ကို ရှူရှိုက်နေမည်နည်း။ မည်သည့် ပန်းဝတ်ရည်ကို စုတ်ယူနေမည်နည်း တွေးရင်း သူမ စိတ်တိုင်းမကျ။ ထိုအတွေးနှင့်အတူ အဆောင်အပြန် လမ်းတွင် သူမ ခြေလှမ်းများ ယခင်နေ့တွေထက် နှေးကွေးနေသည်ဟု ထင်ရသည်။ ရွှေချထားသည် ထင်ရသော ခြေလှမ်းများ တလှမ်းခြင်း တလှမ်း လှမ်းနေခိုက် "ကျီ"ဆိုသည့် အသံနှင့်အတူ သူမ၏ဘေးတွင် ကြက်သွေးရောင် ကားလေးတစီး ထိုးရပ်လာပြီး မှန်တခါးကိုဖွင့်လျှက် "ဟိတ် ပိုးစုန်းကြူး ကားပေါ်တတ်" "ရှင် ကိုယ် ကိုဇာနည် ရှင်က" "ဟုတ်တယ် လာကွာ ကြာတယ် ကားပေါ်တတ် ပြောစရာရှိတယ်" "ဟို" "ဘာပြောဦးမှာလဲ ဘာမှမပြောနဲ့"ဟု ပြောပြောဆိုဆို လိပ်ပြာကလေး တစ်ကောင်လို ပေါ့ပါးဖြတ်လက်စွာ ကားပေါ်မှ ဆင်းလားပြီး သူမ၏ လက်ကောက်ဝတ်ကိုဆွဲလျှက် ကားပေါ်သို့ အတင်းတင်ကာ မောင်းထွက်သွားလေတော့သည်။ "ဟို အဆောင်ကိုပြန်မှာ လေဘယ်ကို မောင်းနေတာလည်း" "စကားမများနဲ့ ကိုယ်ခေါ်တဲ့နောက်ကို အေးဆေးလိုက် ဟုတ်ပြီလာ၊ ဒီနေ့ကိုယ် တနေကုန် ကားမောင်းလာရတာ အရမ်းပင်ပန်းနေပြီ" လိပ်ပြာကလေး ဘာတွေပြောနေသည်ကို သူမနားမလည် သူခေါ်ရာနောက်ကို လိုက်ပါရပါသော်လည်း အချိန်မှီ အဆောင်ကို ပြန်မ၀င်နိုင်လျှင်တော့ ဆိုသည့်အတွေးက ၀ဲတဲတဲ သူမသတိထားမိသည့် အချိန်တွင် သူမောင်းနှင်နေသော ကားကလေးသည် ရှမ်းပြည်နယ် တောင်ပေါ်မြို့လေး တစ်မြို့ကို ဦးတည်နေလျှက်။ လှပသည့် ရှုမျှော်ခင်းတွေကို ငေးမောရင်း သူမ အရာရာကို မေ့နေမိသည်။ ကားကလေးသည် ချယ်ရီပင်များ ၀ိုင်းရံလျှက် လှပသေသပ်စွာ ဆောက်လုပ်ထားသည့် သစ်လွင်သော နှစ်ထပ်အိမ်ကြီးရဲ့အောက်တွင် ထိုးရပ်လိုက်သည်နှင့် "ဒေါ်ကြီးရေ ဒေါ်ကြီး ဦးကြီး အကိုလေးဇာနည် ပြန်ရောက်ပြီ" "ဟေ အေးအေး ဧည့်သည် ပါလားဝေ.." သူမ ပါလာမည်ကို ကြိုသိပုံနှင့် လူကြီးတဦးက လှမ်းမေးသံကို ကြားလိုက်ရသည်နှင့် တပြိုင်နက် "အော် ဇာနည် အကိုတို့က မင်းအတွက် စိတ်ပူနေတာကွာ ဒီနဲ့ဟိုက နည်းတဲ့ခရီးမဟုတ်ဘူး ပြန်မှရောက်နိုင်ပါ့မလားလို့" "ဟာ အကိုကလည်း စိတ်ပူစရာလားလို့ ဇာနည်က ပြောတဲ့အတိုင်း လုပ်တဲ့ကောင်ပဲ" "အေးပါကွာ အေးပါ လာမင်းကို အဖေနဲ့အမေက မျှော်နေကြပြီ လာညီမ အထဲဝင်"သူမကိုပင် ရင်းရင်းနှီးနှီး ဖိတ်မာန်တကပြုသည်ကို မြင်ရသည်မှာ သူမအတွက် အဆန်းသဖွယ် "လာလာသမီး ဟယ် သမီးလေးက ညိုချောလေးတော်၊ အဖေကြီး ကြည့်ပါဦး ဒါ့ကြောင့် ဇာနည်က အသဲအသံ ဖြစ်နေတာကို" "ဟေ အေးဟုတ်တယ်ဟေ့ လာသမီးထိုင် သားကြီးဇာနည် တို့အတွက် အဆင်သင့်ဘဲလားဟေ့" "ဟုတ်ကဲ့အဖေ" "အင်း ခက်တော့ခက်တယ်" "အို အဖေကြီးကလည်း၊ ကလေးတွေ စိတ်ညစ်အောင် ဘာတွေပြောဦးမလို့လဲ၊ ခုမှ သမီးလေးက အိမ်ရောက်စရှိသေးတာ" "ကဲ သမီးလာ ဒေါ်ကြီးက နန်းနွယ်၊ ဒါက ဇာနည့်အဖေ ဦးစိုင်းလုံ၊ ဟိုကတော့ စိုင်းနန္ဒ ဇာနည့်အကိုပေါ့၊ ဟောဟိုက အမကြီးကတော့ ဒေါ်လုံးပေါ့" "ဟုတ် ဟုတ်ကဲ့ ဒါနဲ့ သမီးက အဆောင်ပြန်ရဦးမယ်လေ ဒေါ်ကြီး" "ဟင် ဇာနည်နင်ပြောတော့" "အာ ပိုးစုန်းကြူးကလည်း ဘာတွေလျှောက်ပြောနေလည်း မသိဘူး လာ ကိုယ့်နောက်လိုက်ခဲ့" သူမလက်ကိုဆွဲပြီး အိမ်ပေါ်ထပ်က အခန်းလေး တစ်ခန်းထဲကို ဆွဲခေါ်သွားတော့သည်။ "လွှတ်နော် ဇာနည် ဒါဘာလုပ်တာလဲ" "ပိုးစုန်းကြူး ကိုယ်မင်းမကြိုက်တာ ဘာမှမလုပ်ဘူး ခုလောလောဆယ်တော့ ဒီမှာဘဲနေဦးပေါ့ နောက်မှ ကိုယ်ရှင်းပြမယ်" ဘာလိုလိုနှင့်သူမ ဒီအိမ်ခြံကြီးထဲတွင် ရောက်လာသည်မှာ တပတ်ပင် ပြည့်ရော့မည်။ ခြံထဲတွင် လမ်းလျောက်နေခိုက် "ညီမ ပြင်းနေပြီလား" "အော် ကိုနန္ဒ ပြင်းတာထက် ကျမအဆောင်ကို ဘယ်လိုပြန်ပြောရမယ်မှန်း မသိဘူး၊ ပြီးတော့ ကျမမှာ ဆွေမျိုးရင်းချာ ကျောထောက် နောက်ခံလဲ မရှိတော့ ရှေ့ဆက် အလုပ်လုပ်ဖို့ စဉ်းစားနေတာပါ" "အော် ညီမရယ် ကျောင်းပြီးတာမှ မကြာသေးဘူး အေးဆေးပေါ့။ ဇာနည်ကလည်း ညီမကို ပစ်မထားပါဘူး" "ကျမကို ဒီကိုခေါ်လာတာ ဘာ့ကြောင့်လဲဆိုတာ မသိရဘူးလား" "ညီမ တကယ်ဘာမှ မသိဘူးလား။ အင်း ဇာနည် ဇာနည် မိန်းကလေး ဖြစ်နေလို့ပေါ့ ယောကျာင်္းလေးသာဆိုရင် ညီမ ဘ၀ကို ကိုယ်မတွေးရဲစရာဘဲ" "ဘာဖြစ်လို့လဲ ကိုနန္ဒ" "ဇာနည်က ညီမကို ခိုးလာတာ ပြန်ပို့ဖို့ မဟုတ်ဘူးတဲ့" "ဘာ! ဘယ်လို" "စိတ်လျှော့ပါ ညီမရာ အကိုတို့လဲ ရှိတာဘဲလေ" "ဒါ ဒါဆို ကျမ" "ဟုတ်တယ်ညီမ အားမငယ်ပါနဲ့ကွာ ကိုယ်တို့လည်း ဇာနည့်ကို တတ်နိုင်သလောက် ဖြောင်းဖျပါ့မယ်"ဟု ပြောပြောဆိုဆိုနှင့် သူမ၏ပခုံးကို ဆွဲယူသိမ်းသွင်း ရင်ခွင်ထဲတွင်ထည့်ကာ နှစ်သိမ့်လိုက်သည်။
ဘာလိုလိုနှင့် လိပ်ပြာကလေးအိမ်တွင် ရောက်နေသည်မှာ နှစ်နှစ်ပင်ပြည့်ရော့မည်။ လိပ်ပြာကလေး၏ အကြင်နာတွေ အပြုစုတွေ အယူယတွေကြားမှာ သူမ မျောပါရင်း လိပ်ပြာကလေး အကိုဖြစ်သူ၏ အကြည့်စူးစူးကိုလည်း ရှောင်လွဲနေရသည်။ လိပ်ပြာကလေးနှင့်အတူ သာယာချမ်းမြေ့ဖွယ်ကောင်းသော ဘ၀ကို ပိုင်ဆိုင်ချင်ပါသည်။ သို့သော်…………
ဆူးခက်
October 26, 2010
No comments:
Post a Comment