Colours Rainbow - Straight Talk
ဒီတစ်လ သက်တံ့မဂ္ဂဇင်းရဲ့ စကားဝိုင်းကဏ္ဍလေးကိုတော့ လိင်တူချင်းချစ်သူ အမျိုးသမီးများရဲ့ ယောက်ျားလေးကဲ့သို့ ပြုမူနေထိုင်ချင်တဲ့အတွက် မိသားစုနဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတွေကနေ ခွဲခြားနှိပ်ချ ဆက်ဆံပုံတွေ အတင်းအဓမ္မ ပုံစံသွတ်သွင်းပုံတွေကို ပွင့်ပွင့်လင်းလင်း မြန်မာ့လိင်တူချစ်သူ အမျိုးသမီးများနဲ့ ပြောဆိုထားပါတယ်။
ပထမဦးဆုံး နာမည်ရယ် နေရပ်လိပ်စာရယ် မိမိရဲ့ အလုပ်အကိုင်လေးတွေကို မိတ်ဆက်ပေးပါဦး။
ဆန်နီ။ ။ ကျနော့်နာမည်ကတော့ ဆန်နီပါ။ ကျနော်က မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ စာကြည့်တိုက်မှာ အလုပ်လုပ်ပါတယ်။ အသက်က ၂၉နှစ်ပါ။
ထန်းထန်။ ။ ကျနော့်နာမည်က ထန်းထန်ပါ။ အသက်က ၄၀နှစ်။ ကျနော် က အခု ကျမ်းစာသင်နေတယ်။ ချင်းမိုင်မြို့မှာ နေပါတယ်။
အနွိုက်။ ။ အနွိုက်လို့ ခေါ်ပါတယ်။ အသက်က ၁၈နှစ်ပါ။ အခုလောလောဆယ်တော့ ကျောင်းတက်ရင်း ပညာသင်ယူနေပါတယ်။
စိုင်းဝမ်။ ။ ကျနော့်နာမည်ကတော့ စိုင်းဝမ်ပါ။ အသက်က ၃၂နှစ်။ ချင်းမိုင်မြို့ စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်နေပါတယ်။
ဘယ်အသက်အရွယ်လောက် ကတည်းကနေ ကိုယ့်ကိုယ်ကို မိန်းကလေးကိုပဲ ချစ်ကြိုက်တယ် ဆိုတာကို စပြီး သတိထားမိတာလဲ။
စိုင်းဝမ်။ ။ ကျနော်ကတော့ ၁၆နှစ်အရွယ်မှာ ကောင်မလေးတွေကိုပဲ ရင်ခုန်တယ်။ နေ့တိုင်းမြင်ချင်တယ်။ အမြဲတမ်း သတိရတယ်။
ဆန်နီ။ ။ ကျနော်ကတော့ ၁၃နှစ်လောက်မှာ ကတည်းက ရင်ခုန်တယ်။ ဖြတ်သန်းခဲ့ရတဲ့ ကျနော့် ဘ၀ထဲမှာက အစ်ကိုတွေနဲ့ပဲ အတူတူနေလို့ ဒီလိုမျိုး ဖြစ်ရတာလားဆိုပြီး ခဏခဏ အရိုက်ခံရတယ်။ ကျနော်ကြိုက်တဲ့ မိန်းကလေးကိုလည်း ကျနော်က မပြောရဲဘူးလေ။ ကျနော်တကယ်လည်း ကြိုက်တာပေါ့နော်။ အဲဒီအချိန်မှာ စပြီး သတိထားမိတာပဲ။
ထန်းထန်။ ။ ကျနော်က ငယ်ငယ်ကတည်းက ဘောလုံးကန်တာ ၀ါသနာပါတယ်။ ယောက်ျားလျာစိတ်ကို ငယ်ငယ်ကတည်းက ပေါက်တယ်။ ကျနော့်ရဲ့ အစ်ကိုက မိန်းမလျာ၊ ကျနော်က ယောက်ျားလျာ။ ကျနော်တို့ အိမ်မှာတော့ ကျနော့်အစ်ကိုနဲ့ ကျနော်က ဆန့်ကျင်ဖက် နှစ်ယောက်ရှိတယ်။ အိမ်မှာ မိဘတွေက တခြားတော့ ဘာမှမပြောပါဘူး။ ကျနော်က ကျားကျားလျားလျား လုပ်တယ်။ ထင်းတွေ ဘာတွေကို အကုန်လုံး ကျနော်တာဝန်ယူပြီး ခွေတယ်ပေါ့နော်။ မြစ်ဆိပ်မှာ ထင်းကောက်သွားတာတွေ ဘာတွေမျိုးဆို သဘောကျတယ်။ အစ်ကို့ကိုကျတော့ မိန်းမ မဖြစ်စေချင်လို့ အမေတွေက နည်းနည်းဝိုင်းဖိတာတွေ ရှိတယ်။ ကျနော်က ၁၃နှစ် အရွယ်ကတည်းက မိန်းကလေးရည်းစားရပြီ။ ၁၅နှစ် ၁၆နှစ် လောက်ဆိုရင် ကျနော် မိန်းမယူထားတာ။ ၅နှစ် ၆နှစ်လောက် အတူနေတယ်။ ကျနော့်အမေက ကျနော့်ကို ဘုရားနဲ့ ဆန့်ကျင်ဖက် မလုပ်နဲ့လို့ ပြောတယ်။ ဒါပေမယ့် ကျနော်မရဘူး။ အမြဲတမ်း ကျနော်နဲ့ဆိုရင် မိန်းကလေး တယောက်လောက်ကတော့ ပုံမှန်ရှိတယ်။ အဲဒီမှာ ကျနော်နဲ့ အတူနေတဲ့ မိန်းကလေးကို ကျနော့် အမေက "ဒါဟာ ငါ့သမီး၊ ယောက်ျားလေး မဟုတ်ဘူးနော်"လို့ အတန်တန် လာပြောတယ်။ ဒါပေမယ့် ကောင်မလေးတွေက နားမလည်သလိုနဲ့ ဂရုမစိုက်ပေးဘူးပေါ့နော်။
အနွိုက်။ ။ နေတာကတော့ ငယ်ငယ်လေး သိတတ်စ အရွယ်ကတည်းက ဒီလိုပဲ ယောက်ျားလေးပုံစံပဲ နေတာ။ အဖွားတွေလည်း ကိုယ့်ကို အလိုလိုက်တယ်ပေါ့နော်။ ကိုယ့်ကိုယ်ကြိုက်တဲ့ သူတွေတော့ ရှိခဲ့တယ်။ ကိုယ်လည်း အီစီကလီ ပြန်လုပ်တာတွေ ရှိတာပေါ့နော်။ အတည်ရယ်လို့တော့ မကြိုက်ခဲ့ဖူးဘူး။ ကိုယ့်ကိုယ်ကို ယောက်ျားလေး တယောက်လို နေရတာကိုတော့ ငယ်ငယ်လေးကတည်းက ကြိုက်နှစ်သက် သဘောကျခဲ့တယ်။
ကိုယ့်ကိုယ်ကိုရော ယောက်ျားလေး တယောက်လိုပဲ ခံယူတာလား။
ဆန်နီ။ ။ ကျနော်ကတော့ ယောက်ျားအစစ်ကြီး တယောက်လိုတော့ မခံယူဘူး။ ကျနော်က မိန်းကလေးကိုကြိုက်တဲ့ မိန်းကလေးပဲ။ ကိုယ့်ကိုယ်ကို မိန်းကလေးပဲ သိတယ်။ ယောက်ျားလေးတွေလိုမျိုး ကျနော်လျှောက်မလုပ်ဘူး။ အမျိုးသမီး အချင်းချင်းကိုလဲ ကျနော် ဖိနှိပ်တာမျိုးတွေ မရှိဘူး။ ဒါက ငါယူထားတဲ့ မိန်းမပဲ။ ငါနဲ့အတူပဲ နေရမယ်ဆိုတဲ့ အဲလိုမျိုး စိတ်တော့ ကျနော့်မှာ မရှိဘူး။ ကျနော်ကိုယ်တိုင်က ယောက်ျားပုံစံကို သဘောကျလွန်းလို့ ဒီလိုမျိုးပုံစံနေတာ မဟုတ်ဘူး။ ကိုယ်ဟာကို မိန်းကလေးကို သဘောကျလွန်းလို့ ဒီလိုမျိုးနေတာ။ ကိုယ့်စိတ်က ယောက်ျားကြီးပါလို့တော့ မခံယူထားဘူး။
စိုင်းဝမ်။ ။ ကိုယ့်ချစ်သူနဲ့ နေရင်တော့ ကိုယ့်ကိုယ်ကို ယောက်ျားလေးလိုပဲ ခံယူတယ်။ အိမ်ထောင်တစ်ခုပေါ့။ ကိုယ်က ဦးစီးဦးဆောင် လုပ်ချင်တယ်။
အနွိုက်။ ။ ကျနော်က ငယ်ငယ်လေးကတည်းက ယောက်ျားလေးပုံစံနဲ့ပဲ နေလာတာ။ ကိုယ့်ကိုယ်ကို ယောက်ျားကြီးလိုတော့ ယောက်ျားကြီးတွေနဲ့တော့ ရင်ဘောင်မတန်းဘူး။ ကိုယ့်ဟာကိုယ် ဒီအတိုင်းပဲနေတယ်။
မိမိရဲ့ဘ၀မှာ ယောက်ျားလေး တယောက်လို နေထိုင်ချင် ပြုမူချင်တဲ့အတွက် ကန့်ကွက်တားဆီး ပိတ်ပင်ခံရတဲ့ အဖြစ်အပျက် လေးတွေကိုလည်း ပြောပြပေးပါဦး။
ဆန်နီ။ ။ ကျနော်က ပတ်ဝန်းကျင်က ပြောတာလည်း ခံရတယ်။ အိမ်ကပြောတာက ပိုဆိုးတာပေါ့နော်။ အိမ်ကဆိုရင် ဟိုမရောက် ဒီမရောက်လို့ ပြောတယ်။ ပြီးတော့ ကျနော်ကနေ ရည်းစားထားရင် အစ်ကိုကနေပြီးတော့မှ မဖြစ်ဖြစ်တဲ့နည်းနဲ့ ကွဲအောင်လုပ်တယ်။ ကျနော်က ဒီပုံစံနေတာ ကြိုက်တယ်။ ဒါပေမယ့် ကျနော့်ကို အတင်း ထမိန်ဝတ်ခိုင်းတယ်။ ပြီးရင် ကိုယ်ဝတ်နေတဲ့ ဘောင်းဘီတွေ ဘာတွေဆိုရင် အတင်းခုတ်ချေတာ ပေါ့နော်။ ပြီးရင် ကိုယ်က အဲဒါကို မကျေနပ်လို့ ပြန်ပြောရင် ကိုယ့်ကို အိမ်ပေါ်က ဆင်းပေါ့။ အဲလိုမျိုးတွေ အရမ်းကို ဖိနှိပ်ခံခဲ့ရဖူးတယ်။
ကျောင်းကိုသွားတဲ့ အခါကျရင် မူလတန်းတော့ သိပ်ပြီး ပြဿနာ မဖြစ်သေးဘူး။ အလယ်တန်း ရောက်တဲ့ အခါကျတော့ ထမိန် ၀တ်ရတော့တယ်လေ။ ထမိန် ၀တ်ရတော့မယ်ဆို လုံးဝ မ၀တ်ချင်ဘူး။ မူလတန်းကလို ဘောင်းဘီတိုလေးနဲ့ပဲ သွားချင်တယ်။ ဆရာမက တော်ရုံတန်ရုံ မပြောပေမယ့် အိမ်ကတော့ ထားဝယ်ကြိမ်လုံး သေးသေးလေးတွေနဲ့ ရိုက်တော့ တအားခံရခက်တယ်လေ။ အဲဒါဆို ကိုယ်ကကြောက်ပြီးတော့ မိန်းကလေး အ၀တ်အစားတွေကို မ၀တ်ချင်ပဲနဲ့ ၀တ်နေရတော့ ကြာတော့ မခံနိုင်တော့ဘူးပေါ့နော်။ ကိုယ်ကဒါမှ မ၀တ်ချင်တာ။ မ၀တ်ချင်တော့ စိတ်တွေလေပြီးတော့မှ အလယ်တန်းမှာပဲ ကျနော် ကျောင်းထွက်လိုက်တယ်။
ထန်းထန်။ ။ ကျနော့်အမေက ကျနော့်ကို ဒီလိုနေတာ မကောင်းပါဘူးတဲ့။ အမေတို့ တာဝန်အရ ဖြစ်စေချင်တယ်ပေါ့။ အိမ်ထောင်ကျရမယ်လို့ ပြောတဲ့အချိန်မှာ ကျနော်က ပြောတယ် ကျနော် အိမ်ထောင်မကျချင်ဘူးလို့။ မိန်းမဆိုတာ ယောက်ျားယူရမယ်တဲ့။ အစ်မတွေအားလုံး အိမ်ထောင်ကျပြီဆိုတော့ မင်းတယောက်ပဲ အမေတို့ တာဝန်တော်တော်ကြီးတယ် ပေါ့နော်။ အဲဒါနဲ့ ကျနော်က မယူဘူးလို့ ပြောတယ်။ တအားပြောလာတဲ့ အချိန်မှာတော့ ကျနော်က အမေလို့ ယောက်ျားတစ်ယောက်ပဲ ကျနော် မယူချင်ဘူး။ ကျနော် ပြည့်တန်ဆာမ သွားလုပ်မယ်နော်လို့။ အဲလို ပြောလိုက်တာနဲ့ အမေတို့က ကျနော့်ကို ဆက်ပြီးမပြောတော့ဘူး။ တယောက်တည်း မယူဘူး ကျနော် အများကြီးယူမယ်လို့ ပြောလိုက်တာနဲ့ ငြိမ်သွားတာပဲ။
ကျောင်းသွားတဲ့ အချိန်မှာ ကျနော်လွတ်လွတ်လပ်လပ် သွားချင်တယ်။ ဆရာမတွေက ကျနော့်ကို လူတွေရှေ့မှာ ရပ်ခိုင်းပြီးမှ ရင်ဖုံးမ၀တ်ဘူး။ ဘာမ၀တ်ဘူးဆိုတော့ ကျနော်က အဲဒါမျိုးတွေကို စည်းကမ်း တအားကျပ်ပြီးတော့မှ ကျနော် ကျောင်းမတက်တော့တာ။ ၆တန်းကနေ ကျနော် ကျောင်းထွက်တာ။ ကျနော့်အိမ်မှာ ကျနော့် အဖေတွေက ကျနော့်ကို အဲလောက် မချုပ်ချယ်ဘူး။ ကျောင်းမှာတော့ ကျနော့်ကို တအားချုပ်ချယ်တယ်။ ဆရာတယောက်ဆို ဒုတ်အကြီးကြီးနဲ့လည်း ကျနော်ကို ရောင်အောင်ရိုက်ဖူးတယ်။ မိန်းကလေးဖြစ်ပြီးမှ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး တအားရိုက်ဖူးတယ်။ တရက်တော့ ကျောင်းနားမှာ ကျနော် ဂေါ်လီတောက်တယ်။ ဂေါ်လီတောက်တဲ့ အချိန်မှာ ဆရာက ကျနော့်ကို အမြင်ကတ်တဲ့ ပုံစံမျိုးနဲ့ အလယ်တန်းက ယောက်ျားလေး သုံးလေးယောက်ကို ကျနော့်ကို ဆွဲခေါ်ခိုင်းတယ်။ ဆွဲခေါ်ခိုင်းပြီး အလံတိုင်ရှေ့မှာ ကျနော့်ကို ရပ်ထားခိုင်းပြီးမှ မင်းဘယ်လိုမျိုး ဖြစ်ချင်သလဲ၊ မိန်းကလေးဖြစ်ပြီးမှ ဘာဖြစ်တယ် ညာဖြစ်တယ် ဒီလိုမျိုး ဆော့ရသလားဆိုပြီးမှ ကျနော့်ကို ခေါ်ရိုက်တယ်။ အဲဒီ ကတည်းကနေ ကျနော် ကျောင်းမသွားတော့ဘူး။ ကျောင်းမသွားတော့ ကျောင်းခေါ်စာ ရောက်တယ်။ ရောက်ရင်လည်း အမေက ပညာရေးမှာလည်း နဂိုကတည်းကမှ အားမပေးချင်တဲ့ ကြားထဲမှာ ကျနော်က ကျောင်းမသွားဘူးဆိုတော့ ၀မ်းသာရော။ မင်းရဲ့ အဖိုး အဖွားလည်း ပညာမတတ်ဘူး ဆိုပြီးတော့မှ အိုကေဆိုပြီး ၀မ်းသာသွားတယ်။ ဒီလိုမျိုး အဖွဲ့အစည်းကို လာတဲ့အချိန်မှာတော့ ပညာရေးအပိုင်းမှာ ကျနော်တို့ တော်တော်လေး နောက်ကျနေတယ် ဆိုတာသိတော့ ၀မ်းနည်းတယ်။ အားငယ်တဲ့ အပိုင်း ရှိတယ်။
စိုင်းဝမ်။ ။ အသိုင်းအ၀ိုင်းကျတော့ ဘယ်လောက်မှ မဟုတ်ပါဘူး။ သူငယ်ချင်းတွေ ပတ်ဝန်းကျင်တွေက အပြောခံရတာ များတယ်။ စာသင်ကျောင်းမှာလည်း စကားက နည်းတယ်ဆိုတော့ အပေါင်းအသင်းလည်း သိပ်မရှိခဲ့ဘူး။ ပြီးတော့ ကျနော်တို့က ဆင်းလည်း ဆင်းရဲတယ်။ ပြီးတော့ ယောက်ျားမဟုတ် မိန်းကလေးမဟုတ် ပုံစံနဲ့ဆိုတော့ သူများတွေက သိပ်ပြီး ဖက်မလုပ်ကြဘူး။
အနွိုက်။ ။ ကိုယ့်ရဲ့ ညီအစ်ကို မောင်နှမတွေ ထဲကပဲ ပြောတယ်။ အစ်မ ပေါ့နော်။ ကိုယ်က နေမကောင်းဘူး။ နေမကောင်းဘူး ဆိုတော့ ဆေးခန်းသွားမယ်လို့ ပြောတယ်။ စကဒ်ဝတ်မှ။ စကဒ်မ၀တ်ရင် နင့်ကိုငါ ခေါ်မသွားဘူးလို့ ပြောတယ်။ အဲဒီအချိန်မှာ ကိုယ်ကလေ နေမကောင်းဘူး။ ဒါပေမယ့်လေ ကိုယ်ကလည်း အဖျားလည်း ပျောက်ချင်တယ်။ အစ်မက မရဘူး နင်မ၀တ်ရင် နင့်ကိုငါ မခေါ်ဘူးလို့ ပြောတော့ ကိုယ်က တော်တော်လေးကို ခံလိုက်ရတယ် ပေါ့နော်။ အမေကတောင် မပြောဘူး။ ဒါပေမယ့် အစ်မက မိန်းကလေးပီပီ နေတယ်ဆိုတော့ လုံးဝမိန်းမပဲ။ သူက သူကြိုက်သလို နေပေးရမယ်ပေါ့။ အဲဒီမှာ ကိုယ်က တော်တော်လေးကို ခံလိုက်ရတယ်ပေါ့။ ဘာဖြစ်လို့လဲဆို ကိုယ်က ငယ်ငယ်လေး ကတည်းက ဒီလိုပဲ နေလာတာကို အစ်မက သူနဲ့အတူနေတဲ့ အချိန်မှာ ပိတ်ပင်တာပေါ့နော်။ အဲလိုမျိုးတွေ ပြောလာတော့ တော်တော်လေးတော့ ခံရခက်တယ်။
မိမိရဲ့ အသိုင်းအ၀ိုင်းတွေ အပေါင်းအသင်းတွေ ထဲကနေ ကိုယ့်အပေါ် နှိပ်ချချိုးနှိမ်ပြီး ပြောဆိုလာတဲ့အခါ ဘယ်လို ဖြေရှင်းခဲ့လဲ ဆိုတာကို နည်းနည်းလောက် ပြောပြပေးပါဦး။
ဆန်နီ။ ။ ကျနော်တို့ မိသားစုမှာ ကျတော့ အကြီးရဲ့စကားကို အငယ်ဖြစ်တဲ့သူက နားထောင်ရတယ်။ မိသားစုထဲမှာ ပြန်ပြောလို့ မရတဲ့ဟာတွေ အပြင်မှာခေါ်လာရင် ကျနော်က စိတ်ကို လွှတ်ပေးလိုက်တယ်။ ငါ အိမ်မှာ မလုပ်ရဘူး။ ငါ အိမ်မှာ မလုပ်ရတဲ့အတွက် ငါ့ကို ဟိုမရောက် ဒီမရောက်၊ ဘောကွဲလို့ခေါ်လာရင် အကြမ်းဖက်မှုတွေ ဖြစ်သွားတယ် ပေါ့နော်။ အကြမ်းဖက်မှုတွေ ဖြစ်သွားအောင်ထိ ကျနော်တို့ ကျူးလွန်မိတယ် ပေါ့နော်။
စိုင်းဝမ်။ ။ ကျနော့် ကောင်မလေးနဲ့ အတူတူနေတဲ့ အချိန်မှာ လူတွေဝိုင်းပြောကြတာတော့ ရှိခဲ့တယ်။ အလုပ်လုပ်တဲ့ နေရာမှာတော့ သိပ်တော့ မကြုံဖူးဘူး။ ဒါပေမယ့် ကျနော်က အိမ်ထောင်ကျသလိုမျိုး ပေါ့နော်။ သူများတွေက ပြောကြတယ်။ မင်းက မင်းကောင်မလေးနဲ့ အတူတူနေရင် ဘယ်လိုမျိုး လုပ်သလဲ ပေါ့နော်။ ကျနော်က ပြန်ဖြေလိုက်တယ်။ အဓိက ကတော့ အဲဒါ မဟုတ်ဘူးလို့။ တယောက်ကို တယောက် မေတ္တာရှိမယ် ချစ်မယ်ဆိုရင် ချစ်တာက ချစ်တာပဲ။ ကျန်တာတွေက အရေးမကြီးဘူးလို့။
အနွိုက်။ ။ ကျနော့်ကိုလည်း ကျောင်းမှာဆိုရင် သူငယ်ချင်းတွေက ဘောပြား ဘောပြားဆိုပြီး ခေါ်ကြတယ်။ အဲဒီအချိန် ကိုယ်ကတော့ ဘာမှတော့ သူတို့ကို ပြန်မပြောလိုက်ပါဘူး။ နောက်ဆုံး ကိုယ်မခံနိုင်တော့ဘူး ဆိုရင်တော့ ကိုယ်က ပြောလိုက်တယ်။ အေး ငါ့လို မဖြစ်ရလို့ အူတိုနေတာလား ဆိုပြီး ကိုယ်က အဲဒီ တစ်ခွန်းတည်းပဲ ပြောလိုက်တယ်။
ထန်းထန်။ ။ ကျနော်က ကျောင်းသွား ကျောင်းပြန်မှာ ကျနော့်ကို ရန်ရှာတဲ့သူ ရှိတယ်။ ယောက်ျားလျာဆိုပြီး အထင်သေးပြီးမှ ကျနော့်ကို စိန်ခေါ်တဲ့သူ ရှိတယ်။ စိန်ခေါ်တဲ့ အချိန်မှာ ကျနော်က ကရားတေး နည်းနည်းဆော့ထားတယ် ဆိုတော့ ကျနော် ဖိုက်တင်တော့ ချဖူးတယ်။ ကျနော် လူလတ်ပိုင်း အရွယ်တွေနဲ့ ဖိုင်တင် အေးအေးဆေးဆေး ချခဲ့ဖူးတယ်။ ကျနော်အဖေက ကျနော့်ကို ပြောတယ်။ အစ်ကိုက မိန်းမလိုနေတယ် ကျနော်က ကျားကျားယားယား နေတယ်ဆိုတော့ ကျနော့်ကို အဖေက တော်တော်လေး သဘောကျတယ်။ ဘောလုံးကန်သွားရင်လည်း အဖေက လိုက်ပေးတယ်။ နေရာတိုင်းမှာ အဖေက ကျနော့်ကို ဘ၀တစ်ခုလုပ်ပေးပြီး ယောက်ျားလေးလို သတ်မှတ်ထားပြီးမှ ကျနော့်ကို အားပေးတယ်။ အမေတယောက်ပဲ ကျနော့်အိမ်မှာ။ အသိုင်းအ၀ိုင်းမှာက ကျနော့်ကို ပြောတယ်။ မိန်းမဖြစ်ပြီးမှ မိန်းကလေးလို မနေဘူး။ တရုတ်ကို ရောင်းစားမယ်လေး ဘာလေး ညာလေးနဲ့ ကျနော့်ကို မခံချင်အောင်လည်း ပြောဖူးတယ်။
ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက ပြောနေကြတဲ့ ယောက်ျားလျာတွေကို ယောက်ျားလေးတွေနဲ့ လိင်ဆက်ဆံ ပေးလိုက်ရင် လုံးဝ မိန်းကလေး ပြန်ဖြစ်သွားမယ်ဆိုတဲ့ အမြင်ပေါ်မှာရော ဘယ်လိုမျိုး ပြောချင်ပါသလဲ။
ဆန်နီ။ ။ လုံးဝမဖြစ်နိုင်ဘူး။ ကျနော်တို့ကို ပြောဖူးတယ်။ မင်းတို့ အရသာ မသိသေးလို့ပါ ဘာညာ အဲလိုမျိုးတွေ ပြောဖူးတယ်။ ဒါပေမယ့် ကျနော်တို့ကို လာလုပ်ရင်လည်း ရတယ် လုပ်ပစေ။ ကျနော်တို့က လုံးဝ စိတ်ဝင်စားမှာ မဟုတ်ဘူး။ ဥပမာ ကျနော်တို့ကို သူတို့ မုဒိမ်းကျင့်လိုက်မယ်။ အဲဒီ မုဒိမ်းကျင့်လိုက်တဲ့ အချိန်မှာပဲ သူတို့ ရရင် ရသွားမယ်။ ကျနော်တို့စိတ်က မိန်းကလေးပဲ ကြိုက်တယ်။ ဘယ်လိုမှ ပြောင်းလဲလို့ မရဘူး။ အဲဒီဥစ္စာက တကယ်ပြောင်းလဲလို့ မရတာပါ။ အဲဒီ ထင်မြင်ချက်တွေက မှားကို မှားတာပါ။
နောက်တစ်ခု ကျနော် ပြောချင်တာက အဲဒီလို မပြောင်းလဲနိုင်တဲ့ အရာကို တစ်ခါတလေမှာ သူတို့က ပြောင်းလဲချင်တဲ့စိတ် ဖြစ်အောင် လုပ်တတ်တယ်။ အဓိက ကျနော့် အစ်ကိုပေါ့။ သူက အမျိုးသမီးနဲ့ အမျိုးသား လိင်ဆက်ဆံတဲ့ ဗီဒီယိုခွေကို ထိုးပြပြီးတော့ ဒီဟာကြီးကို ကျနော်မြင်ရင် ကျနော် စိတ်လာမလားပေါ့။ ကျနော် ကြည့်နေတယ်လေ။ ပြီးလို့ရှိရင် နင် လင်ယူချင်စိတ် ပေါ်လာလားလို့ မေးတယ်။ ငါက အဲဒါကို မကြိုက်ဘူး။ နင် ငါ့ရှေ့မှာ ဘယ်လောက်ပဲ အဲဒါကို ထောင်ပြနေပါစေ ငါမကြိုက်ဘူး။ အေး ငါ့ရှေ့မှာ အဲဒီအကွဲကို မြင်လာရင် ငါရင်ခုန်တယ်။ ရှင်းရှင်းပဲလေ ကျနော်ပြောတာ။
စိုင်းဝမ်။ ။ လုံးဝ မဖြစ်နိုင်ပါဘူး။ ပြုပြင်ယူလို့ မရပါဘူး။
ထန်းထန်။ ။ ကျနော် အရင်တုန်းက ဖားကန့်မှာ ဈေးရောင်းတုန်းက ၂၁ က ဆရာကြီးတယောက် ကျနော့်ကို ကြိုက်တယ်တဲ့။ ယောက်ျားလျာကို ကြိုက်တယ်ဆိုတော့ ကျနော်က ယောက်ျားလျာ ဟုတ်တယ်။ ကျနော် မိန်းမပဲကြိုက်တယ်။ ဒါပေမယ့် သူတို့က ကျနော့်ကို ကြိုက်တယ်တဲ့။ အဲဒါနဲ့ ကျနော့်ကို မရရင် ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး ကြမ်းတမ်းပြီးမှ လုပ်နေတဲ့ အချိန်မှာ ကျနော်က စိတ်ဓါတ်ကျတယ်နော်။ ရွာလည်း မဟုတ်ဘူး။ တောလမ်းမှာလေ။ ကျောက်ဖျာမှာဆိုတော့ တောလမ်းဆိုတော့ သူတို့စစ်ကြောင်းထိုးပြီးမှ လာနားနေတဲ့ အချိန်မှာလေ။ ကျနော့် အစ်မတွေက ကျနော့်ကို စိုးရိမ်တယ်။ အဲဒါနဲ့ ကျနော် ဘယ်လိုလုပ်မရလဲ။ လွန်းခင်းဘက်ကို ထွက်ပြေးရမလားဆိုပြီး ဆရာကြီး ဘိုလေးကို သွားမေးတယ်။ ဘိုလေးက ဟေ့ကောင် မင်း ဘာမှ မကြောက်နဲ့တဲ့။ ငါရှင်းမယ်တဲ့။ အဲဒါနဲ့ အဲဒီရဲဘော်ကို ခေါ်တယ်။ မင်း ဘယ်လိုစဉ်းစားပြီးမှ အဲဒီလို သွားလုပ်တာလဲ။ ခရီးသွား ခရီးလာမှာ မင်း အဲဒီလိုမျိုး မိန်းကလေးတွေကို အနိုင်ကျင့်ရသလား ဆိုပြီးမှ သူ့ကို သေနတ်ဒင်နဲ့ ထုပြီးမှ ချည်ထားလိုက်တယ်။ အဲဒီအချိန်မှာ ဆရာဘိုလေးက ကျနော့်ကို ခင်ဗျား ခဏလေး ရှောင်ပေးလိုက်ပါတဲ့။ လွန်းခင်းမှာ သွားခိုင်းလိုက်တယ် ကျနော့်ကို။ အဲဒါမျိုးလည်း တစ်ခါ ကြုံဖူးတယ်။
အနွိုက်။ ။ အဲဒါကြီးက လုံးဝ အယူအဆ အလွဲအမှားကြီးလို့ ထင်တယ်။ ဘာဖြစ်လို့လဲဆို ဒါက ကိုယ့်ရဲ့စိတ်နဲ့ ကိုယ်ဖြစ်လာတာလေ။ ကိုယ့်စိတ်က အစကတည်းက ဒီအတိုင်းပဲဟာ ဘယ်လိုမှကို မပြောင်းလဲနိုင်ဘူး။ သူတို့ ဘယ်လိုပဲလုပ်လုပ် လုံးဝကို မပြောင်းလဲနိုင်ဘူး ပေါ့နော်။
ယောက်ျားလျာတွေက ရည်းစားကို တယောက်တည်းမဟုတ်ပဲ ထည်လဲတွဲတယ်။ ဒါကြောင့်မို့လို့ လူတွေက အထင်သေးရတယ်ဆိုပြီး ပြောလာတဲ့ စကားအပေါ်မှာ ဘယ်လိုမျိုး တုံ့ပြန်မှု ပေးချင်ပါသလဲ။
စိုင်းဝမ်။ ။ အတည်တကျ ရှိပါတယ်။ ဒါပေမယ့် အသိုင်းအ၀ိုင်းတွေက မကြိုက်တော့ သူတို့တွေက ကျနော်တို့တွေကို ထားထားသွားခဲ့တယ်။
ဆန်နီ။ ။ ကျနော်တို့က အတည်အလင်းကို ကျနော်တို့ တွဲချင်တယ်။ တကယ်လို့သာ ပတ်ဝန်းကျင်ကလည်း သူ့ကို မပြောဘူး။ ကျနော့်ကိုလည်း မပြောဘူး။ ပတ်ဝန်းကျင်က သူ့ကို ရိုက်ခတ်မှု ပိုများတယ်။ နင်က ဒါကိုများသွားကြိုက်တယ်။ ခွေးကို အဖြီးဖြတ်ပြီး ပေးစားလိုက်မယ်ပေါ့။ သူ့ အစ်ကိုတွေက ပြောလာတယ်။ ဆိုတော့ ကျနော်တို့က ဒီတယောက်ကို အတိအလင်း တွဲချင်တယ်။ တွဲရင်လည်း ကျနော်တို့မှာ နစ်နာဆုံးရှုံးမှုတွေ အများကြီးပဲ။ လုပ်ခဲ့သမျှ ပိုက်ဆံတွေ၊ ရှာခဲ့သမျှ မောပန်းခဲ့သမျှ အမောပန်းတွေဟာ အကုန်လုံးက သူ့အတွက်ပဲ။ ပြီးရင် အချိန်တန်ရင် ကျနော်တို့ကို လုံးဝ မျိုးဆက်တွေ မပွားပေးနိုင်ပါဘူး။ ပြီးရင် နောက်တစ်ခုက ဒါဟာ ပတ်ဝန်းကျင်က လက်မခံထားပါဘူး။ တရားဝင် မဖြစ်ဘူး။ အဲဒီ အကြောင်းပြချက်တွေနဲ့ပဲ ကျနော်တို့ကို ထားထားသွားခဲ့တယ်။ ကျနော်တို့ကို ထားခဲ့ရင် ကျနော်တို့က နောက်တစ်ယောက်ကို မတွဲရတော့ဘူးလား။ တွဲရမယ်လေ။ နောက်တစ်ယောက်ကို တွဲပြန်တော့လဲ ဒီလိုပုံပဲ။ ဒီလို ဒီလိုနဲ့ပဲ ကျနော်တို့မှာ များလာတာပေါ့နော်။ တချို့တွေ ကျတော့လည်း တစ်နှစ် နှစ်နှစ်လောက်ကြာတယ်။ တချို့တွေ ကျတော့လည်း သုံး လေး လလောက်နဲ့ ကိုယ့်ဆီက ရသမျှကို ချူစားပြီးတော့ သွားလိုက်တယ်။ အဲလိုဆိုတော့ ကျနော်တို့က ထပ်မရှာရတော့ ဘူးလားလို့ မေးချင်တယ်။
ထန်းထန်။ ။ ကျနော်က မိန်းကလေး တော်တော်များများနဲ့ ကျနော်ကြုံခဲ့တယ်။ ကြုံခဲ့တဲ့ အချိန်မှာ မိန်းကလေးတွေက ကျနော့်ကို ချစ်တယ်။ သူတို့ကိုလည်း လိုလေသေးမရှိ ဖြည့်ဆည်းပေးတယ် ပေါ့နော်။ အကုန်လုံးက ကျနော့်ကို တော်တော်လေး စွဲလမ်းကြတယ်။ ကျနော့်ကို ပြောတယ်ပေါ့။ ကလေးရချင်တယ် ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့။ အဲဒါတွေအတွက် ကျနော်တို့က စိတ်မကောင်းပြန်ဖြစ်တယ်။
ဒီလိုမျိုး အခွင့်အရေး မရှိဘူးဆိုတော့ ကျနော်တို့က လက်ထပ်ချင်တယ် ဆိုပေမယ့်လည်း ကျနော်တို့ အခွင့်အရေး မရှိဘူး။ ကျနော်တို့ တယောက်တည်းကိုပဲ ချစ်မယ်ဆိုပြီး ဆွဲထားလို့လည်း မရဘူး။ စာချုပ်စာတမ်း မရှိဘူးဆိုတော့ ကျနော့်တို့မှာ ခက်ခဲတယ်။
အနွိုက်။ ။ ကျနော်တို့ဆိုရင် ငယ်ငယ်ကတည်းက ဒီလိုပုံစံပဲ နေလာတယ်။ ရည်းစားတွေလည်း မပွေဘူး။ မများဘူး။ ကိုယ့်ကိုယ်ကြိုက်တဲ့ သူတော့ ရှိတယ်။ ဒါပေမယ့် ကိုယ်က သူတို့ကိုလည်း ပြန်ကြိုက်တာမျိုးလည်း မရှိဘူး။ ဒီအတိုင်းလေးပဲ ကိုယ်နေနိုင်တယ် ပေါ့နော်။ ဒီအရွယ်ထိ ဒီလိုမျိုးပဲနေလာတဲ့ သူတွေလည်း အများကြီးရှိပါတယ်။ အကုန်လုံး မဟုတ်ပါဘူး။ သူတို့မျက်စိရှေ့မှာ မြင်တဲ့သူတွေကိုပဲ အဲလိုမျိုးပြောမယ်ဆိုရင် အခုလို ကျနော်တို့လိုမျိုး နေလာတဲ့ သူတွေဆိုရင်ရော သူတို့တွေက ဘယ်လိုမျိုး ပြောချင်လဲ။
လိင်တူချင်းချစ်တဲ့ အမျိုးသမီးတယောက် တွန်ဘွိုင်းတယောက်လိုမျိုး ဘ၀နဲ့ ဖြတ်သန်းလာရတဲ့ အချိန်မှာ ကိုယ့်အတွက် အရမ်းကို အခက်ခဲဆုံးလို့ ထင်ရတဲ့ အရာတစ်ခုက ဘာလဲဆိုတာကို ပြောပြပေးပါဦး။
ဆန်နီ။ ။ ကျနော်တို့ ဒီအတိုင်း နေလာခဲ့ပြီ ကြီးလာပြီဆိုရင်တော့ ကျနော်တို့ဘေးမှာ ဘ၀လက်တွဲဖော်ဆိုတာ လိုလာပြီ။ ကျနော်တို့ကို ဘယ်သူကများ အတည်တကျ ပေါင်းသင်းမလဲ။ ပတ်ဝန်းကျင်က ရိုက်ခတ်မှုတွေနဲ့ ကျနော်တို့မှာ အတည်တလင်း ပေါင်းသင်းဖို့ဆိုတာ မရှိဘူး။ ရေရှည် အသက်တွေကြီးလာရင် ဒီအတိုင်းပဲ အထီးကျန်ပြီး တယောက်တည်းသွားရမယ့် အဖြစ်မျိုးတွေ ဖြစ်နေတယ်ပေါ့။ အဲဒါကိုတွေးပြီး အရမ်းခတ်ခဲတယ်လို့ ထင်တယ်။
စိုင်းဝမ်။ ။ ကျနော်တို့ အသက်ကြီးလာတဲ့အခါ ဘ၀လက်တွဲဖော်အတွက် အရမ်းခက်ခဲမယ်လို့ ထင်ပါတယ်။
ထန်းထန်။ ။ ကျနော် ဖြစ်ချင်နေတာ ဒီအခွင့်အရေးကို တော်တော်လေးကြာပြီ။ ကျနော်တို့ ယောက်ျားလျာတွေ ဒီအထဲမှာ ကျနော်က အသက်အကြီးဆုံးလို့ ထင်တယ်။ ကျနော် စဉ်းစားထားတာက ကျနော်တို့ခေတ်မှာ ဒီလိုမျိုး အခွင့်အရေး မရှိခဲ့လို့ ကျနော်က လက်ထပ်ချင်တယ်၊ အပိုင်ယူချင်တယ်၊ အတူနေချင်တယ် ဆိုပေမယ့် အခွင့်အရေး မရှိခဲ့ဘူး။ မိန်းကလေး တချို့တွေက ကျနော်တို့နဲ့ တသက်လုံး အတူနေချင်တယ် ဆိုပေမယ့် စာချုပ်စာတမ်းရှိခဲ့ရင် သူလည်း ကျနော့်ကိုချစ်တယ် ကျနော်လည်း သူ့ကိုချစ်တယ်ဆိုရင် အတူနေမယ့်သူလည်း ရှိတယ်။ ဒါပေမယ့် ဒီလိုမျိုး အခွင့်အရေး မရှိခဲ့တဲ့အတွက်ကြောင့်မို့ ကျနော်တို့မှာ အားမရှိခဲ့ဘူး။ ကျနော်တို့မှာ စာချုပ်စာတမ်း မရှိဘူး တရားဝင် မဟုတ်ဘူးဆိုတော့ အားနည်းချက်ရှိတယ်။
အနွိုက်။ ။ လောလောဆယ် အချိန်ထိတော့ ကျနော့်မှ အခက်ခဲကြီးရယ်လို့တော့ မရှိခဲ့သေးပါဘူး။
ကိုယ့်ဘ၀မှာ ယောက်ျားလျာတယောက် ဖြစ်ရတဲ့ အတွက်ကြောင့် အရမ်းဝမ်းသာဂုဏ်ယူရတဲ့ အချက်တစ်ချက်လောက် ပြောပြပေးပါဦး။
ဆန်နီ။ ။ ကျနော့်အတွက်ကတော့ ဒီလိုနေတာကိုလည်း ကျနော်က ကြိုက်တယ်။ ကြိုက်တဲ့ အခါကျတော့ ဒီလိုနေရတာကို ကိုယ်က ဂုဏ်ယူနေတာ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပတ်ဝန်းကျင်မှာဆိုရင် အခုသူများ မလုပ်နိုင်ဘူး။ ဥပမာ အမျိုးသားတွေကလည်း မလုပ်နိုင်ဘူး၊ အမျိုးသမီးနေရာမှာ လုပ်ရမယ့် အရာဆို ကိုယ်က အမျိုးသမီးနေရာကလည်း သွားလုပ်လိုက်တယ်။ အမျိုးသားနေရာမှာ လုပ်ရမယ့် အရာဆိုလည်း အမျိုးသားတွေကို ကိုယ်ကူလုပ်နိုင်တယ်။ အဲဒီအတွက် ဒီလိုမျိုးဖြစ်ရတာကို ကိုယ်ဂုဏ်ယူတယ်။
ထန်းထန်။ ။ ကျနော်တို့ ယောက်ျားလျာတွေက မိန်းကလေးထက်စာရင်တော့ တပိုင်းနည်းနည်းသာတာပေါ့နော်။ အားရှိတယ်။ နေရာတိုင်းမှာ ကျနော်တို့က လုပ်လို့ရတယ်။ ရာဘာတွေ ဘာတွေလုပ်တဲ့ နေရာမှာလည်း ကျနော်တို့က မိန်းကလေးထက် နည်းနည်းတော့ အားရှိတာပေါ့နော်။ အဲလိုမျိုး နေရာမှာတော့ ကျနော်တို့ကို အားပေးတဲ့ သူရှိသလို အထင်သေးတဲ့သူလည်း ရှိတယ်။
အနွိုက်။ ။ ကောင်မလေးတယောက်က ကိုယ့်ကိုပြောတယ်။ အရင်က အခုလိုမျိုး တွန်ဘွိုင်းတွေကိုဆိုရင် သူလုံးဝကြည့်လို့ မရဘူး။ သူ့ကို ဘယ်လိုမျိုး ရည်းစားစကားပဲ လာပြောပြော သူလုံးဝကြည့်လို့ မရဘူး။ မိန်းကလေးအချင်းချင်း ဘာလုပ်မလဲ အဲလိုမျိုး ပြောခဲ့တယ်ပေါ့နော်။ အခုနောက်ဆိုရင် သူက အဲလိုမဟုတ်တော့ဘူး။ အနွိုက်နဲ့တွေ့ပြီးမှ အခုလိုမျိုး ကြည့်လို့ရတယ် ပြောင်းလဲလာတယ်ဆိုတော့ ကိုယ်က နည်းနည်းတော့ ၀မ်းသာတယ်။ ဘာဖြစ်လို့လဲဆို ကိုယ့်လိုလူမျိုးတယောက်ကို ဒီလိုမျိုး လေးလေးနက်နက်နဲ့ ပြောလာတဲ့ စကားအတွက် ကိုယ်ဒီလိုမျိုး တွန်ဘွိုင်းဖြစ်ရတာကို ဂုဏ်ယူတယ်။ ၀မ်းသာတယ်။
ယောက်ျားလျာလေးတွေ တွန်ဘွိုင်းလူငယ်လေးတွေကို သက်တံ့မဂ္ဂဇင်း ကနေတဆင့် ပြောချင်တဲ့ သတင်းစကားလေးတွေကိုလည်း ပြောပြပေးပါဦး။
ဆန်နီ။ ။ ကျနော်ကတော့ ကျနော်တို့ပြောတဲ့ စကားလေးတွေကို တဆင့်စကားကနေ တဆင့် ကြားလိမ့်မယ်။ ဒီတော့ ကိုယ်မွေးလာမယ့် သားသမီးက ဒီလိုမဖြစ်လာနိုင်ဘူးလို့ မပြောနိုင်ဘူး။ မပြောနိုင်တဲ့ အခါကျရင် ဖိနှိပ်ချင် ဖိနှိပ်ပါ ရပါတယ်။ ကျနော်တို့လို လေလွင့်နေတဲ့သူတွေ မဖြစ်အောင်တော့ ဖိနှိပ်ကြပေါ့နော်။ ကိုယ့်ကိုယ်ကို သတ်သေတာလည်း ဖြစ်နိုင်တယ်။ လေလွင့်သွားတာလည်း ဖြစ်နိုင်တယ် သူတို့မှာ။ သူတို့ သားသမီးတွေ မွေးပြီဆိုရင် သူတို့မှာ အများကြီး မျှော်လင့်ထားမှာပဲ။ အများကြီး မျှော်လင့်ထားတယ်ဆိုရင် ဒီလိုမျိုး ဖိနှိပ်မှုတွေက ပြောင်းလဲမသွားပဲ ဆက်လက်ရှိနေမယ်ဆိုရင် ဒီပတ်ဝန်းကျင်ကြီးက ပြောင်းလဲသွားမှာ မဟုတ်ဘူးဆိုတာပဲ ပြောချင်ပါတယ်။
ထန်းထန်။ ။ အခုလို ယောက်ျားလျာတွေနဲ့ ပတ်သက်တဲ့ အစည်းဝေးတွေလုပ်ပေး ပညာပေးမှုတွေ အများကြီး ရှိလာပြီဆိုရင်တော့ နေရာတိုင်းမှာ ပြောင်းလဲမယ်လို့ ထင်ပါတယ်။ ကျနော်တို့လည်း ၀ိုင်းဝန်းပြောကူ အချင်းချင်း ဆွေးနွေးကြ စည်းလုံးညီညွတ်မှုရှိရင်တော့ ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး ယောက်ျားလျာ ငယ်လေးတွေကိုတော့ ခင်ဗျား ယောက်ျားလျာ တကယ့်အစစ် ဟုတ်ရဲ့လားလို့ သူ့ကို အရင်မေးချင်တယ်။ တချို့တွေက ယောက်ျားလျာ ဟန်ဆောင်ပြီးမှ ယောက်ျားယူသွားတဲ့သူတွေ ရှိခဲ့ဖူးတယ် ကျနော်တို့ရွာမှာ။ ပုဆိုးတွေဝတ်ပြီးမှ သိပ်ဟုတ်သလို သွားနေတယ်။ မကြာခင် ဗိုက်ကြီးလာတော့ ကျနော်ပြောတယ် သူ့ကို မင့် ယောက်ျားလျာ သိက္ခာမချနဲ့လို အဲလိုမျိုးတွေ ပြောခဲ့ဖူးတယ်။ ဆက်ပြီး လုပ်မယ်ဆိုရင် ယောက်ျားလျာဆိုရင် ယောက်ျားလျာ ပီပီလုပ်။ ကျားကျားယားယားနေ။ အဲဒီလို ငါတို့ ယောက်ျားလျာ သိက္ခာချတဲ့ ပုံစံမျိုးနဲ့ လာမလုပ်နဲ့လို့။
အနွိုက်။ ။ ကိုယ့်ရဲ့ သူငယ်ချင်းတွေကို ပြောချင်တာပေါ့နော်။ ဒီပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကြောင့် သူတို့တွေက အားငယ်တယ်။ စိတ်ဓါတ်တွေကျတယ်။ အခုနောက်ဆိုရင် စိတ်ဓါတ်တွေ မကျဖို့။ ကိုယ်ဖြစ်ချင်တဲ့ ကိစ္စကို ဖြစ်အောင်လုပ်။ ကိုယ့်စိတ်ထဲမှာ ဒါဆို ဒါပဲ ထားပေါ့နော်။ လုံးဝ ကိုယ့်ကိုယ်ကို ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဒဏ်ကြောင့် အားမနည်း သွားပါနဲ့လို့။
Credit: http://www.coloursrainbow.com/2010-09-20-04-52-23/straight-talk/453-2011-01-10-04-42-16.htmlhttp://www.coloursrainbow.com/2010-09-20-04-52-23/straight-talk/453-2011-01-10-04-42-16.html
No comments:
Post a Comment