'လွတ်လွတ်လပ်လပ်တွေ့ဖို့ဆိုတာက ကိုယ်အဲဒါကိုသိပ်မခံစားရဲဘူးကွာ'
'ဘာကြောင့်ရမှာလဲကောင်းကင်...မင်းအဲဒီလိုမလုပ်ပါနဲ့ ငါတို့တွေ သူငယ်ချင်းပဲ'
'ကောင်းပြီး ကျောင်းမှာတွေ့ ကြမယ်လေ'
သုံးလေးခွန်းလောက် ငြင်းဆန်စကားဆိုလိုက်တယ်ဆိုပေမဲ့ လေသံက အားပျော့နေတော့
ကောင်းကင်က ဂရုတောင်မစိုက်ဘူး သူဆိုချင် ပြောချင်တာတွေကို
ဆက်ပြီးပြောနေသေးတယ်။ ချစ်ခွန်းသီသံ၊ တောင်းဆိုသံ၊ဂျစ်တိုက်သံလေးတွေနဲ့
အဆက်မပြတ်ပေါ့။ ကိုယ်လည်း ဘာရမလဲ အိမ်အပြင်ဘက်ဆီ တဖြည်းဖြည်းထသွားပြီး
နီးရာခဲတစ်လုံးကိုကောက် ခရေပင်တန်းက ကျီးအုပ်ကို လှမ်းပေါက်လိုက်တယ်
ဘာရယ်မဟုတ်။ 'ဟား.....ဟား...ဟား...ရယ်ရတယ်ဟေ့...ဟား' စိတ်ထဲကပြောပြီး
ကိုယ့်အဖြစ်ကို ကိုယ်လှောင်ရယ်လိုက်တယ်။ ပစ်အားပျော့တော့
သစ်ပင်အုပ်ဆီမရောက် ပစ်တဲ့နေရာနဲ့ နည်းနည်းခွာက မြေပြင်ပေါ် ဘုတ်ကနဲ။
'ဒေါက်....ဒေါက်'
'၀င်ခဲ့ပါ'
'ဘာဖြစ်နေတာလဲစစ်အောင်...မင်းလုပ်နေတဲ့အလုပ်က အဆင်မပြေဘူးလား
နယ်ကမိဘတွေဆီက ဖုန်းလာတယ်ဆို'
'အော်...ဖြစ်စရာလား စစ်အောင်ရယ် လွှတ်ကွာ စစ်အောင် ကျောင်းသွားဖို့
အဆင့်သင့်အ၀တ်လဲပြီးပြီကွ'
'၀ုန်း'
ကုတင်ပေါ်နှစ်ယောက်သားလဲကျသွားတာ စစ်အောင် ကျွန်တော့်နှုတ်ခမ်းတွေကို
ငေးမောနေရင်း ငြိမ်သက်နေတယ် သဘောမတူ ငြင်းဆန်မယ်မှန်းသိသလား ဒါမှမဟုတ်
သူရှေ့ဆက်ဖို့ကြောက်နေတာလားမသိ။
ပြတင်းတံခါးက လိုက်ကာက ရုတ်တရက်ဝေ့၀ဲတိုက်ခတ်လိုက်သော လေအေးကြောင့်
တလွင့်လွင့်။ အခန်းထဲမှာတော့ ဘာအသံမှမထွက် အတော်ကြာသည်အထိပါ။
မေမေတို့များ ရုတ်တရက်ဝင်လာရင်ဆိုသည့်အသိကြောင့် ခုတင်ပေါ်က ခုန်ထလိုက်ကာ
အ၀တ်အစားတွေ ကို သပ်ရပ်အောင်ပြင်ဆင်လိုက်ရင်း
စစ်အောင်ကိုတစ်ချက်ကြည့်လိုက်တာ သူက အခုထိ ကျွန်တော့်မျက်ဝန်းတွေကို
ငေးစိုက်ကြည့်နေ တုန်း။
'ကျောင်းသွားတော့မယ် ညနေမှဆုံကြတာပေါ့ စစ်အောင်....'
x x x
မိုးလေကင်းစင်နေ၍ ရာသီဥတုက သာယာနေပါတယ်။
စာသင်ချိန်ပြီးသွားတော့ မကြာခင်ဖြေရတော့မယ့်
နောက်ဆုံးနှစ်စာမေးပွဲကြီးအတွက် စာတွေအသင့်ဖြစ်နေပြီလား ကိုယ့်စာအုပ်ထဲ
လစ်လပ်နေတာတွေများရှိနေသေးလား စိုးရိမ်စိတ်များဖြင့် ကင်(န်)တင်းနဲ့
မလှမ်းမကမ်းက ခရေပင်တန်းအောက်မှာ ထိုင်ရင်း ကြည့် နေမိတာ
ရင်ထဲဘာဖြစ်နေမှန်းမသိ နေမထိ ထိုင်မသာဖြစ်နေပါရဲ့။
လမ်းဘေး ၀ဲယာတစ်လျှောက် ကြီးမားသော ခရေပင်ကြီးများ အစီအရီပေါက်နေကြတာ
တသုန်သုန်တိုက်ခတ်နေသော လေပြည် နှင့် အတူ ခရေရနံ့တွေက
သင်းသင်းပျံ့မွှေးလျက်။ ထိုအချိန် မလှမ်းမကမ်းက ကားအနီလေးတစ်စီး
လမ်းခပ်ကျဉ်းကျဉ်းကို မောင်းဝင်လာ တာတွေ့လိုက်ရပါတယ်။
ခပ်သွက်သွက်လျှောက်လိုက် နှေးသွားလိုက် သူများနှင့်မတူ တမူထူးတဲ့
ကောင်းကင်ရဲ့ခြေသံကို ကြားရပေမဲ့ မော့မကြည့်မိပါ။ လူတကာ နှုတ်ဖျားက
ခပ်လန်းလန်းကောင်လေးတစ်ယောက် ကိုယ့်ကိုလာပတ်သက်နေတာ၊ ပြီးတော့
ချစ်လှပါချည်ရဲ့ ပြန်ချစ်ပါလို့တောင်းဆိုနေ တာ တခြားသူတွေ ဘယ်လိုနေမယ်မသိ
ခံစားနေမိတာက ရှုတ်ထွေးနေပါတယ်။
'ကိုနေ....ညီနေမကောင်းဘူးဗျာ'
'ရာသီပြောင်းဖျားမဟုတ်ဘူးထင်တယ် ညီ့ရင်ထဲတစ်ခုခုဖြစ်ရင် ဖျားတတ်တာ ငယ်ငယ်ကတဲကပါ'
'ကြက်စွပ်ပြုတ်....အင်း ကိုနေ ချက်ပေးရင် ညီစားမယ်လေ'
'စာကတော့ ရနေပါပြီ..... ကျော်ကျော့်ဆီက ခဏငှားပြီးကူထားပါတယ် လိုတာတွေ'
'ကိုနေ ထဗျာ ညီ့ကိုတစ်ခုခုလိုက်ကျွေး ဒါမှမဟုတ်
ကျွန်တော့်အိမ်ကိုသွားပြီး ကြက်စွပ်ပြုတ်ချက်ကြမလား'
'ကဲပါဗျာ....ကင်(န်)တင်းကို သွားကြတာပေါ့ ကိုနေကျွေးရင်အကုန်စားမယ်'
မိဘနဲ့အတူမနေ တစ်ယောက်တည်းနေရတာဆိုတော့ ကိုယ်ချင်းစာပြီး မေးမိပါရဲ့။
ဂရုတစိုက်မေးတာကြောင့် သူ့မျက်ဝန်းမှာပျော်ရွှင်ရိပ် တွေဖြတ်သန်းရင်း
လူလည်း တက်ကြွတဲ့ ဟန်ပေါ်လာတာကိုမြင်ရပါတယ်။
ကိုယ်တို့ သူငယ်ချင်းဖြစ်ကြတာပဲကောင်းပါတယ် ကောင်းကင်ရာ။
ဒီထက်ပိုမိုဖို့ဆိုတာ ကိုယ်တကယ်တန်းတော့ မရဲဝံ့ပါဘူး၊ ရှေ့ဆက် ဖို့
တွေးတောင်မတွေးပါရစေနဲ့ကွာ။
x x x
'ဘာတွေဖတ်ပြီးဒီလောက်သဘောကျနေတာလဲ ကောင်းကင် စာမေးပွဲနီးနေပြီ မင်းစာတွေကောရပြီလား'
'သူ့မှာအိမ်ထောင်ကြီးနဲ့မို့မချစ်ရဘူး ဆိုတာကတော့ ဘယ်တရားမလဲ၊
အသည်းနှလုံးကို ဒီလိုချုပ်ချယ်လို့ ဘယ်ဖြစ်ပါ့မလဲ၊ အချစ် ဆိုတာ
ဒါတွေကိုကြည့်နေတာမှ မဟုတ်ဘဲ၊ ချစ်စရာကောင်းရင် ချစ်လိုက်မှာပဲပေါ့။
ဒီအချစ်ကိုအကောင်အထည်ဖော်ရာမှာသာ စဉ်းစား ရမှာ'
'ဒါ...ဒါ မာရီလင်မွန်ရိုးက
ဂျွန်ကာရိုးဆိုတဲ့လူနဲ့ပတ်သက်ပြီးပြောခဲ့တာမဟုတ်လား?
မင်းနဲ့ဘာများတိုက်ဆိုင်နေလို့....အော်....'
'မင်းတို့ဟာက စိတ်ရှုတ်ဖို့ကောင်းလိုက်တာ ကောင်းကင်ရာ
မင်းကိုမကြိုက်တဲ့မိန်းကလေးလဲရှိတာမဟုတ်ဘူး။ ကျောင်းမှာဆိုလဲ
ဝိုင်းဝိုင်းလည် မဆွတ်ခင်က ညွှတ်နေတာတွေအများကြီးကို
ယောက်ျားလေးချင်းကြိုက်နေရတယ်လို့။ ပြီးတော့ ကိုနေက တကယ် တန်းကျတော့
သူ့မိသားစုပတ်ဝန်းကျင်ကိုလွန်ဆန်နိုင်ပါ့မလား? နောက်ပြီး သူ့မှာ
စစ်အောင်ဆိုတာ အစကတည်းကရှိနေတာပဲဟာ'
'အခု ကိုနေက မင်းကိုမတွေ့ချင်လို့ရှောင်နေတာဖြစ်မှာပါ။
မင်းဖြစ်ပျက်နေပုံက သိပ်သိသာနေတယ်ကွာ..အခုရော မင်းမေမေဆီက ဖုန်းလာတာ
ဘာတဲ့လဲ?'
'အေးပါ မင်းပြောချင်မှပြောပါ မင်းက အသိရခက်သလိုလိုပဲ တစ်ခါတလေ..'
ပြတင်းလည်းမဖွင့်၊ ခါတိုင်းမြူးကြွတဲ့သံစဉ်တွေအမြဲ ကြားနေရတဲ့
ကျွန်တော့်အခန်းဟာ တိတ်ဆိတ်နေတာများ ကျော်ကျော်စကားပြော
နေတဲ့အသံရယ်၊ပြီးတော့ သူချက်ပြုတ်ပေးနေတဲ့ ဂျင်းအလွှာပါးပါးလေးတွေပါတဲ့
အသားစွပ်ပြုတ်အိုးက ဆူပွက်နေတဲ့အသံရယ်ပဲ သိသာ နေတာ
ဘယ်လောက်များထူးဆန်းလိမ့်မလဲ မေမေတို့သိရင်။
တက်ကြွနေတတ်တဲ့ စိတ်ဆတ်လွန်းတဲ့ ကျွန်တော့်ပုံဟန်တွေဟာ အလွန်တရာ
တိတ်ဆိတ်အေးဆက်သွားတာ ကျောင်းပတ်ဝန်းကျင် ရော လေးလေးတို့အိမ်သွားတဲ့အခါ
ညီမ၀မ်းကွဲတွေကရော သတိပြုမိကြပါတယ်။
အချစ်ဆိုတာ ဘာကြီးပါလိမ့်? လူတစ်ယောက်ရဲ့စိတ်နှလုံးကို
ပြောင်းလဲသွားစေတတ်သလားမသိပေမဲ့ တစ်ခါတလေ ကျွန်တော့်မူလ စိတ်တွေအတိုင်း
တဇွတ်ထိုးလုပ်ပစ်လိုက်ချင်တော့တာပဲ။
'အား..............'
x x x
'ဘုန်း...'
'ဘာဖြစ်တာလဲကောင်းကင် မင်းကလည်း အလန့်တကြားရှိလိုက်တာ'
'ဟုတ်သားပဲ မင်းကလဲ ငါတို့စာကျက်နေတာတောင် အာရုံပျောက်သွားတယ်
မင်းစာရပြီမဟုတ်လား ကောင်းကောင်'
'ဘာသီချင်းလဲကွ.....အား....မင်းနားထောင်နေတာကလဲ မော်ဒန်ရော့ခ်အပြင်းစားကြီးပါလား'
'အိုကေ...အိုကေ ကိုယ်တို့မင်းကိုမနှောက်ယှက်တော့ဘူး မင်းပုံစံက
နည်းနည်းပြောင်းသွားသလိုပဲ'
စာသင်ခန်းထဲဝင်သွားကာ ပစ်ချလိုက်သော စာအုပ်များမှထွက်ပေါ်လာသောအသံဟာ
စာသင်ခန်းရဲ့ တိတ်ဆိတ်မှုကို အသံမြည်သွားစေ သလိုပါပဲ။ သူငယ်ချင်းတချို့က
ထုံးစံအတိုင်း ဖက်လှဲတကင်းဖြစ်ပေမဲ့ ကျွန်တော့်မူဟန်ကြောင့်
တန့်သွားပါရဲ့။
စစ်အောင် မင်းဟာ အတော်ရှုပ်တာပါပဲလား။ ကိုနေ့ပတ်ဝန်းကျင်မှာရော
စာသင်ခန်းပတ်ဝန်းကျင်မှာပါ တွေ့နေရတာက သူ့အစွမ်းအစ လား အခြေအနေက
ဖန်တီးပေးထားတာလား...မုန်းဖို့ကောင်းတယ်။
ကင်(န်)တင်းကိုလည်း မသွားဖြစ်၊ သူငယ်ချင်းတွေနဲ့ ခါတိုင်းလို
စားသောက်ဆိုင်တစ်ခုခုကို လည်း သွားမစားဖြစ်၊ အိမ်မှာလဲ ဘာမှချက်
မစားဖြစ်ပါ။ အားကစားခန်းမလည်းမသွားဖြစ်တော့ လူတစ်ကိုယ်လုံးလည်း
ခါတိုင်းလို မလန်းဘူးလို့ ကျော်ကျော်ကတော့ပြောပါတယ်။
'တွီ...တွီ...'
'ဟုတ်ကဲ့...မာမီ...သားလား...နေကောင်းပါတယ်...ကျော်ကျော်..အဲဒီကောင်ကဘာပြောလို့လဲဗျ...
သား..ပွင့်ပွင့်လင်းလင်းပြောရင်.. မာမီတို့
သဘောထားကြီးနိုင်မယ့်ကိစ္စမဟုတ်ပါဘူးဗျာ'
'ဟုတ်ကဲ့ပါ...သား
စာမေးပွဲဖြေနိုင်မှာပါ...ဖြေပြီးပြီးခြင်းသားလိုက်လာမယ်...ဟုတ်ပါတယ်
မာမီရယ်...အဲဒီမှာကျောင်းဆက်တက်.. ဟုတ်တယ်...သား လိုက်ခဲ့တော့မယ်
မာမီကျောင်းကိစ္စ စုံစမ်းထားပေးနော်'
'မာမီ...အဲဒါတော့မဖြစ်ဘူးနော်...သားစိတ်မ၀င်စားဘဲ
ဘာမှမလုပ်ချင်ဘူး....မာမီသိပါတယ်... သားစိတ်မပါရင် တစ်ဖက်ကကောင်မလေး ပဲ
စိတ်ဒုက္ခရောက်ရမှာ'
'ပြန်ပြောတာမဟုတ်ပါဘူး မာမီရာ...မာမီက သားရဲ့အမေပဲ...ဒါပေမဲ့
သားစိတ်ထဲရှိတဲ့အတိုင်း နေထိုင်ပြောဆိုတတ်ခဲ့တာ သိရဲ့သားနဲ့
...သားမာမီကို့ချစ်ပါတယ်...'
'ဟုတ်ကဲ့...မာမီပျော်ရွှင်ပါစေ..ဘိုင့်..'
x x x
မိုးရာသီအချိန်ကာလလွန်မြောက်ခဲ့ပေမယ့် အခု အကန့်အသတ်မဲ့မိုးတွေရွာနေသည်။
မတွေ့ချင်သူကို တွေ့ချင်နေသည့်စိတ်ကို ထိန်း ချုပ်နေရသည်ကလည်း
ကျွန်တော့်အတွက် ပင်ပန်းခက်ခဲလွန်းလှသည်လေ။
ကိုယ့်ဖာသာဇွတ်တရွတ်သွားတွေ့ရင်ကောမရဘူးလား မေး လာရင် ကျွန်တော့်
မာနကခေါင်းထောင်လာပြန်ရဲ့။ သူတွေ့ခွင့်ပေးမှ တွေ့ချင်စိတ်ရှိမှ
ကျွန်တော်လည်း တွေ့ဆုံမည်လို့ပေါ့။
ကိုနေတို့စာသင်ခန်းဘက်၊ ကိုနေသွားတတ်တဲ့ စာကြည့်တိုက်၊
ကိုနေတို့အိမ်ပတ်ဝန်းကျင်.... ခြေရာထပ်မျှသွားမိသည့်နောက်
ကျွန်တော့်ရင်ထဲမှာ မီးတောက်တစ်ခုကိုမျိုထားရသလို ပူလောင်နေမိပါတယ်။
ခွဲခွာရတော့မည်ဆိုသည့်အသိကြောင့်ရော ကိုနေ ဒီမှာနေခဲ့ရင်လည်း စစ်အောင်နဲ့
အမြဲအတူတူတွေ့နေမှာဆိုသည့်အတွေးကြောင့်ရော ဘယ်လိုမှ
မခံစားနိုင်ဖြစ်ရပါရဲ့။
......................
........................
..........ကိုနေ့ကိုတွေ့ချင်နေတယ်။
သူကရှောင်လေ ကိုယ်ကတွေ့ချင်လေဖြစ်နေတာ ဘယ်လိုမှတားစီးမရတော့တာကြောင့်
ကိုနေ့ဆီ ဖုန်းခေါ်မိလိုက်ရပါပြီ။
'ဟယ်လို....ကျွန်တော်ပါ ကောင်းကင်ပါ ကိုနေ'
'ကျွန်တော် လာမယ့်စနေနေ့မှာ မာမီတို့ဆီ အပြီးလိုက်သွားရတော့မယ်အကို
အဲဒါကြောင့် နောက်ဆုံးအကြိမ်အနေနဲ့ တွေ့ရအောင်
ဗျာ....အပြင်မှာ...အပြင်မှာမဟုတ်ပါဘူး ကျွန်တော့်အိမ်မှာပါပဲခင်ဗျာ့'
'ဘာမှမလုပ်ပါဘူးဗျာ...ကတိပေးတယ် ကိုနေ့စိတ်ဆန္ဒမပါဘဲ
ကျွန်တော်လက်ဖျားနဲ့တောင်မတို့ဘူးဆိုတာ ယုံ'
'ဟုတ်ကဲ့...'
ကိုနေနှင့်ဖုန်းပြောပြီးသည်နှင့် ကျွန်တော် ကော်ဖီဖျော်ရန် စဉ်းစားနေသည်။
သူ့ကိုဘာလုပ်ရမလဲ သူ့ကို....။ စစ်အောင်နှင့်ဒီအတိုင်းကြီး လည်းမထားချင်၊
သူကလည်း ကိုယ်နဲ့မလိုက်နိုင်ခဲ့။ ကျွန်တော် ဘာလုပ်ရမည်မသိဘဲ
ချွေးစေးများထွက်လာရသည်ပဲ။ ရင်တွေလည်း တဒိတ်ဒိတ်ခုန်လာသည်။
ဆိုင်ယာနိတ်ဆိုသည့် စာတန်းလေးပါသော ဖန်ပုလင်းအကြည်လေးဆီ
အကြည့်ရောက်မိစဉ်မှာ ကျွန်တော် ခြေလက်တွေတုန်လာတာ ပြောမနေပါနဲ့တော့။
ကော်ဖီနှစ်ခွက် အရသာခါးသက်သော ကော်ဖီနှစ်ခွက်ကို ကျွန်တော်ဖျော်လိုက်မည်။
တစ်ခွက်သော ကော်ဖီတွင်တော့ ဆိုင်ယာနိတ် (cyanide) ဆိုသည့်
အနံ့အရသာသိပ်မထူးခြားသည့် အရည်ကြည်လေးပါလိမ့်မည်။ ပြီးလျှင်တော့
ဆုံလည်စားပွဲပေါ်က ချာချာလည်မည့် အ၀ိုင်းလေးပေါ် တင်လှည့်လိုက်မည်ပေါ့။
ကံကြမ္မာက ဘယ်သူ့ကိုမျက်နှာသာပေးမလဲကြည့်ရတာပေါ့ ကိုနေ။
'ကလင်...ကလင်'
ဟော..လူခေါ်ခေါင်းလောင်းသံကြားလိုက်ရတယ်။
ကိုနေလာနေပါပြီ....ကျွန်တော့်ရင်တွေ တဒိတ်ဒိတ်ဖြင့်ခုန်နေသည်။ သည်နေ့သည်
ကျွန်တော်နှင့်ကိုနေအတွက် နောက်ဆုံးရက်တရက်။ စိတ်ကိုတည်ငြိမ်အောင်ထားရင်း
အခန်းတံခါးဆီထွက်သွားကာ ဖွင့်လိုက်တော့ အဖြူရောင် ရှပ်လက်ရှည်နှင့်
ပုဆိုးအပြာကွက်လေးဖြင့် ဘယ်တော့ကြည့်ကြည့် ရှင်းသန့်နေသည့် ကိုနေပါ။
"လာကိုနေ…ကျွန်တော်ကိုနေ့ကိုစောင့်နေတာ…လာမှလာပါ့မလားလို့…"
x x x
တိမ်ပြာပြာနေ့တစ်နေ့ရဲ့ မနက်ခင်းအစောပိုင်းမှာ ကောင်းကင်ဆီက ဖုန်းလာတယ်။
သိပ်တော့လည်း မထူးဆန်းပါဘူးလေ နေ့စဉ် နဲ့ အမျှ ဖုန်းခေါ်နေရခြင်းအကြောင်းက
တွေ့ချင်လို့ဆိုပဲ။ ဒါပေမဲ့ သူ့အိမ်မှာဆိုတော့ စိတ်ထဲမှာ
မ၀ံမရဲလည်းဖြစ်မိတယ်၊ စိတ်လှုပ်ရှား သလိုလဲဖြစ်မိသေးတယ်။
မတွေ့ချင်တာမဟုတ်ပေမဲ့ တွေ့ဖို့ ရင်ဆိုင်ဖို့ဆိုတာက စိတ်ထဲမှာ အတော်လေး
ရှုပ်ရှုပ်ထွေးထွေးနိုင်လှပါတယ်။ မကြာခင်သော ကာလမှာ
နိုင်ငံခြားကိုအပြီးထွက်သွားတော့မတဲ့ ဒါကြောင့်တွေ့ချင်ပါတယ်ဆိုတဲ့
အကြောင်းပြချက်မှာ သနားစိတ်လေးနည်းနည်း ၀င်သွားမိတာ
အမှားတော့မဟုတ်တန်ကောင်းပါဘူး။
သီးသန့်အိမ်ယာများကြားထဲက ဒီဇိုင်းဆန်းဆန်းလေးနဲ့ သူတို့အိမ်က
မမှတ်မိစရာမရှိ။ ခြံဝင်းတံခါးရှေ့မှာရပ်လိုက်တော့ အော်တို သံ တံခါးက
ပွင့်သွားတယ်။ မြက်ခင်းစိမ်းစိမ်းကြားက အုတ်လမ်းလေးအတိုင်း
ခပ်လေးလေးလမ်းလျှောက်ရင်း တံခါးမကြီးဆီရောက်တော့ နံရံခပ်နက်နက်ပေါ်က
ခလုတ်ဖြူဖြူလေးကို အသာနှိပ်လိုက်ပါတယ်။
အိမ်နေရင်း အ၀တ်အစားများဖြင့်တောင်
ညှို့ငှင်နိုင်စွမ်းရှိသည့်ကောင်းကင်မျက်နှာက ၀မ်းသာအားရရိပ်စွတ်နေသည့်
အသွင့်ဖြင့်ပေါ် လာသည်။
"လာမယ်ပြောထားတာပဲ လာမှာပေါ့ကောင်းကင်…"
"အင်း…"
"အဲ့ဒီလိုမဟုတ်ပါဘူးကောင်းကင်…မင်းကို
ကိုယ့်ညီအရင်းတစ်ယောက်လိုသံယောဇဉ်ရှိပါတယ်..တခါတလေမင်းက လိုချင်တာကို
ဇွတ်လုပ် တာကိုမကြိုက်တာပါ….မင်းဟိုရောက်ရင်လည်း
လျှောက်မလုပ်နဲ့နော်…လိမ္မာအောင်နေ"
"မသောက်တော့ဘူးကောင်းကင် ကိုယ်ညနေဘက်ကော်ဖီသောက်ရင် ညအိပ်မပျော်မှာဆိုးလို့"
"အိုကေလေ ကိုယ်ဒီတစ်ညအိပ်မပျော်ခဲ့ရင်တောင် နေလို့ရအောင်နေပါ့မယ်…"
ဆိုဖာဆက်တီတွေအလယ်က စားပွဲခုံပုလေးပေါ်မှာ လှပတဲ့ ကြွေခွက်လေးနှစ်ခုနှင့်
ထည့်ထားသည့် ကော်ဖီခွက်နှစ်ခွက်ကို ကြည့်လိုက် တော့ အငွေ့လေးတွေ
တလူလူထွက်နေပြီး ရနံ့က သောက်ချင်စဖွယ်။ ပြီးတော့
ကော်ဖီဖျော်တဲ့အတတ်ပညာတစ်ခုဖြင့် ကော်ဖီအမြှုပ် တွေကို
အသည်းပုံသဏ္ဌာန်လေးတွေပုံဖော်ထားသေး။ ကောင်းကင်ဟာ အရာရာ နေသားတကျဖြစ်နေမှ
ကြိုက်နှစ်သက်သူဖြစ်ဟန်တူ ပါတယ်။
ကော်ဖီခွက်ကို အသာယူ နှုတ်ခမ်းဝမှာ အသာတေ့လိုက်ချိန်ကအစပြု ကောင်းကင်
ကျွန်တော့်ကို စကားဆက်မဆိုဘဲ ငေးကြည့်နေပါ တယ်။ သူ့မျက်ဝန်းမှာ
အရည်လဲ့ပြီး တစ်ခုခုပြောနေ သလိုပါပဲ။ တစ်ငုံလေးသောက်လောက်
ကောင်းကင်မျက်ဝန်းတွေကို စိုက်ကြည့် လိုက်ဖြင့် ရင်ဘတ်ထဲက တစ်ခုခု
လှုပ်ရှားလာသလိုဖြစ်မိပါတယ်။ ဟင့်အင်....မဖြစ်သင့်ပါဘူး ထိန်းရမယ် ဒီ
ရင်ခုန်လှုပ်ရှားမှုကို။
"ကောင်းကင် မင်းကလည်းကြည့်လှချည်လား…ဘာဖြစ်လို့လဲ…"
သူ့အဖြေစကားက ခွဲခွာရတော့မယ့် ချစ်သူတွေ
မခွဲနိုင်မခွာရက်ဖြစ်နေလို့ပြောနေသလိုပဲ။ ချစ်ခွန်းဖွဲ့သီတဲ့
စကားဆိုဟန်တွေပေါ့။
ခဏလေး စကားစမြည်ဆက်ပြော ပြီးနောက် ပြန်ဖို့ ထလိုက်ကာ
ကောင်းကင်ကိုနှုတ်ဆက်လိုက်တာမှာ သူ့မျက်ဝန်းက အထိတ်တလန့် ဖြင့်
မှင်သက်သွားဟန်။
"ကဲကောင်းကင် ကိုယ်ပြန်တော့မယ်…မင်းခေါ်လို့လာခဲ့တယ်…ဘာပဲဖြစ်ဖြစ်မင်းကို
သံယောဇဉ်ရှိပါတယ်ကွာ"
x x x
ကျွန်တော်...ကျွန်တော့်စိတ်တွေ ဦးတည်ရာမဲ့ စုန်ဆန်လူးလားသလိုမျိုး
လှုပ်ရှားလာတယ်။ ကော်ဖီခွက်ကို အေးအေးသက်သာသောက် စကားလေးတွေဆိုပြီး
နှုတ်ဆက်နေတဲ့ ကိုနေ ဘာမှမဖြစ်တာကို ကြည့်ရင်းပေါ့။ ဒါဆို
ကိုနေသောက်သည့်ခွက်မှာ အဆိပ်မရှိတာသေချာ
သွားပြီပေါ့…ကျွန်တော်ထည့်သည်အရည်ကြည်လေးမှာ ၅
မိနစ်အတွင်းအသက်ရှုကြပ်လာရမည် ပြီးတော့ မူးဝေပြီးအိပ်ချင်လာမည်လေ
..အဆိပ်အပြင်းစားကိုထည့်ထားတာ.. ဟား ဟား ...အခုတော့…
"ခဏနေပါအုံးကိုနေရယ်…ဒီနေ့တစ်ရက်ပဲတွေ့ရတော့မယ့်ဟာကို…"
"ကျွန်တော်တစ်ခုလောက်တောင်းဆိုစရာရှိလို့"
"ကျွန်တော်ကိုနေ့ကိုဘယ်လောက်ချစ်တယ်ဆိုတာ
ကိုနေသိတယ်နော်..ဒါပေမယ့်ကိုနေကျွန်တော့်ကို
ချစ်တယ်လို့ပြန်မပြောခဲ့ဘူး…"
တံခါးမကြီးကို လော့ခ်ချလိုက်သလို သံတခါးကိုလည်း သော့ခတ်ပစ်လိုက်တယ်။
ဘယ်လိုမှပေးပြန်လို့မဖြစ်ပါ… ဒီနေ့ဟာကိုနေနဲ့ ကျွန်တော်တို့ရဲ့
နောက်ဆုံးရက်။ သူသေရင်သေ မသေရင်ကျွန်တော်သေ၊ ရှင်လျှက်နဲ့
အတူမနေနိုင်တဲ့ဘ၀ကိုမလိုချင်ပါ။ ဒါကြောင့်
'ကိုနေ…ကျွန်တော်ကိုနေမသိအောင် ဒီကော်ဖီခွက်၂ခွက်ထဲက
၁ခွက်မှာအဆိပ်ခတ်ထားတယ်…အခုကိုနေ သောက်ပြီးသွားပြီ..
ကိုနေဘာမှမဖြစ်ဘူး…ကျန်တဲ့ခွက်ထဲမှာ အဆိပ်ရှိတာ
သေချာသွားပြီပေါ့…ဒါပေမယ့်ဒါကို ကျွန်တော်သောက်မှာပါ ကိုနေ…ကိုနေ
မလာခင်ကတည်းက ကျွန်တော်ကိုယ်တိုင်
ဘယ်ခွက်မှန်းမသိအောင်စားပွဲပေါ်မှာလှည့်ထားပြီးပြီ…ဒါဟာကိုနေ့ကို
ဘယ်တော့မှမတရား တာမလုပ်ဘူးလို့ဆုံးဖြတ်ပြီးလုပ်ထားတာ'
ကျွန်တော့်အမူအရာတွေ ပြောတဲ့စကားတွေ ကြားရမြင်ရတဲ့ ကိုနေ
မျက်လုံးတွေပြူးလာပြီး ထိတ်လန့်လာတယ်။ ကျွန်တော်မသေခင် သူ့ဆီက
ကျွန်တော့်ကိုချစ်ပါတယ်ဆိုတဲ့စကားကိုကြားချင်တယ် ပြောပါဆိုတော့လည်း
သူမတုန့်ပြန်သလို အဆိပ်ခွက်ကိုသောက်မယ်ဆို တဲ့ ကျွန်တော့်ကိုလည်း
ပြာပြာသလဲတားမြစ်ပါရဲ့။
"ဒါတွေကျွန်တော်မသိဘူးကိုနေ….ကျွန်တော်လိုချင်တာကို မရရအောင်ယူတက်တယ်
မရရင်လည်း နောက်ဆုံး အဆုံးစီရင်ပစ်လိုက်ရမှ
ကျေနပ်တာ..ကျွန်တော်ငယ်ငယ်တုန်းက အိမ်မှာရှိတဲ့ကြောင်တစ်ကောင်ကို
ကားနဲ့တိုက်သတ်ဘူးတယ် ကိုနေ…သူကျွန်တော့်ကိုကုတ်
သွားတာလေ…သူ့ကိုမသတ်ရမချင်းကျွန်တော်အိပ်လို့မရဘူး…စားလို့လဲမရဘူး"
"သိပ်ဟုတ်တာပေါ့ကိုနေ ဒီလိုရခဲတဲ့လူဘ၀မှာ ပျော်စရာ ရွှင်စရာနဲ့ပဲ
အဆုံးသတ်ချင်တာပေါ့..ဘယ်သူကဒီလို လုပ်ချင်ပါ့မလဲကိုနေ.. ဒါကြောင့် ကိုနေ
ကျွန်တော့်ကိုချစ်လား မချစ်ဘူးလား ဒါပဲပြော.."
သိတာပေါ့ သူ့မျက်ဝန်းမှာ ကျွန်တော့်အပေါ် သံယောဇဉ်အရိပ်အယောင်တွေရှိနေတာ
ရှေ့ဆက်တိုးဖို့ဆို ပတ်ဝန်းကျင်ကိုရင်မဆိုင်ရဲ နေတာတွေပေါ်နေတာကို။
'ဒီလိုယောက်ျားချင်းချစ်တယ်ပြောတယ်ပဲထား ပတ်ဝန်းကျင်ကို
ဘယ်လိုရင်ဆိုင်မလဲ' တဲ့။ ဘယ်လောက်ခံရ ခက်တဲ့စကားတစ်ခွန်းလဲ။
'ကောင်းပြီလေ ကိုနေက ဒီလောက်ပြတ်သားနေမှတော့ ကျွန်တော်ကလည်း
ရဲရဲဝံ့ဝံ့လုပ်ရတာမှာပေါ့…..ဘ၀ဆက်တိုင်း ကိုနေနဲ့တွေ့ ပါရစေလို့
ကျွန်တော်အမြဲဆုတောင်းတယ်… ဒါကြောင့်
ကိုနေ့ကိုကျွန်တော်သံသရာတကွေ့မှာစောင့်နေမယ်'
ကော်ဖီခွက်ကိုလှမ်းကိုင်လိုက်တဲ့ ကျွန်တော့်လက်အစုံဟာ တုန်ခါနေသလို
ကျွန်တော်ရင်ခုန်သံတွေဟာလည်း တဒုန်းဒုန်းနဲ့ကြားနိုင် လောက်အောင်
ခုန်နေပြီ။ ကိုနေ့ကို မျက်လွှာတစ်ချက်ပင့်ကြီးပြီးနောက် ကော်ဖီခွက်ကို
တစ်ကျိုက်ထဲမော့သောက်ပစ်လိုက်တယ်။ ပြတင်းပေါက်က လေအဝေ့မှာ ကျွန်တော့်
ဦးခေါင်းတွေမူးနောက်လာသလိုပါပဲ။ လည်မျိုထဲမှာလဲ တင်းကြပ်လာသလို
ခံစားရတယ်။ ပြီးတော့....ပြီးတော့ အသက်ရှူရခက်..ခက်လာသလိုပဲ။
'ဒုန်း....'
'ကောင်းကင်...'ဆိုတဲ့ ခေါ်လိုက်သံကို နောက်ဆုံးကျွန်တော်ကြားမိခြင်း။
x x x
'ဟာ...ဒီလူတွေကလည်း နွားရိုင်းကို စစပြီးပြေးနေတယ် ဝှေ့မိသွားရင်
ဘယ်လိုလုပ်မလဲနော်'
လေဆိပ်ကို ခရီးသည်လာကြိုရင်း စောင့်မိနေတဲ့ခဏ ဘေးထိုင်ခုံက လူတစ်ဦးက
စပိန်နွားရိုင်းပွဲတစ်ခုကို ကြည့်ရင်းပြောဆိုနေကြတာ လေ။
စပိန်လူမျိုးတွေရဲ့ အယူအဆကိုမှ သူတို့မသိမိပဲ။ အန္တရာယ်ရှိတဲ့
နွားရိုင်းကို စိတ်ဆိုးအောင် ဒေါသထွက်အောင်များများလုပ်နိုင် လေ
လာခြင်းကောင်းသောအရာတွေပိုင်ဆိုင်ရလေလို့ စပိန်တွေက ယူဆကြသည်ပဲမဟုတ်လား။
ဟော...လေယာဉ်ဆိုက်လာပြီ ပြေးလမ်းပေါ်အရှိန်လျှော့နေပြီ။ မစ္စတာ ဂျော့
မိုက်ကယ် ပါလာကောင်းပါရဲ့။ ခရီးသည်တွေ အုပ်စုလိုက်ဝင် လာချိန်မှာ
နာမည်ရေးထားတဲ့ ဘုတ်ပြားလေးကို ကိုင်ထားရင်း လူအုပ်ထဲကို
အာရုံစိုက်မိချိန်ခဏ ရဖူးခဲ့တဲ့ ရေမွှေးနံ့လေး အနားကပ်ပြီး သင်းလာတယ်။
ကောင်းကင်များလား.....??
ကော်ဖီခွက်ကို တဆတ်ဆတ်တုန်ခါသောလက်ဖြင့် ယူသောက်ရင်းလဲကျသွားတဲ့
မင်းရဲ့ပုံရိပ်ကို ကိုယ်မမေ့သေးပါဘူး ကောင်းကင်။ မင်းလေးဟာ
ကိုယ်လိုချင်တာကို ဇွတ်တရွတ်ရယူပိုင်ဆိုင်ချင်သော ကောင်လေးပဲ။ အခုရော
နေမ၀င်အင်ပါယာနိုင်ငံမှာ မိဘတွေနဲ့အတူ ကျန်းမာနေပါစ။
'ကိုနေ ...ဘာမှမဖြစ်လောက်ပါဘူး ကျွန်တော် ဆေးခန်းခေါ်သွားလိုက်ပါမယ်'
'ဟယ်လို....ကိုနေ....သူ စကားလည်းမပြောဘူး...ဘာကိုမှလည်း သတိသိပ်မရတော့သလိုပဲ'
'ဟုတ်တယ်...ကိုနေ သူ့ကို ညီကိုယ်တိုင် မိဘတွေလက်ထဲအရောက်သွားပို့ပေးရမှာ...'
'အဆင်ပြေပါတယ်ဗျာ......သူအားလုံးစီစဉ်ပြီးသားဗျ....လတ်မှတ်က
နှစ်ယောက်စာလုပ်ထားတာလေ'
အဆိပ်ခတ်မယ့်အစီအစဉ် အဆိပ်ခတ်ထားတဲ့ကော်ဖီခွက် အားလုံးကို
တားမြစ်လို့မရမည့် အတူတူ ကျော်ကျော်က မသိအောင်လဲလှယ် ပေးထားခဲ့သတဲ့။
ကျော်ကျော်က ကောင်းကင်ရဲ့ သူငယ်ချင်းကောင်းလေးပါပဲလေ။
လေဆိပ်ကို ကိုယ်တိုင်လိုက်ပို့ပေးတာကိုလည်း ကောင်းကင်တစ်ယောက်
မသိဘူးထင်ရဲ့။ လေယာဉ်ပေါ်ကို ကျော်ကျော်နဲ့အတူတွဲပြီး တက်သွားတာကို
ဒီနေ့လို ဆောင်းရာသီ ခရစ်စမတ်ကာလတစ်ခုမှာ
နောက်ဆုံးမြင်ခဲ့ရတာနှစ်တွေအတော်ကြာပြီ။
အရပ်မြင့်မြင့် ခန္ဓာကိုယ်တောင့်တောင့် အရှေ့တိုင်းရုပ်ပေါက်သော
နိုင်ငံခြားသားဧည့်သည်တစ်ယောက် ကျွန်တော့်ဆီလှမ်းလာနေပြီ။
'ဟုတ်တယ်...သူဟာ မစ္စတာ ဂျော့ခ်ျ'
'Mr. Nay'
'Yes...'
ဧည့်သည်ကို ကိုယ့်ကုမ္ပဏီကားပေါ်တင် အရာရာအားလုံး အဆင်ပြေသွားချိန်မှ
စိတ်ကို ဒုံးဒုံးချရင်း လက်ကကိုင်ထားလာသည့် လွယ်အိတ်လေးကို
သတိပြုမိပါတယ်။ ရေမွှေး... ဟုတ်တယ် ကောင်းကင်ဆွတ်နေကျ ရေမွှေးရနံ့ဟာ
လွယ်အိတ်ထဲကရနေတာပဲ။ မျက်လုံးတွေဝိုင်းသွားရအောင်ပဲ CK's Free
ရေမွှေးပုလင်းအသစ် အခုမှ ဖောက်ထားလက်စ။ ဘယ်သူများ...ဘယ်သူများလာထည့်သွား
ပါလိမ့်။
ရေမွှေးပုလင်းလေးရဲ့ဘေးမှာ ပန်းနုရောင် စာရွက်ခေါက်လေးတစ်ခု.... "အချစ်မှာ
ဘယ်အချက်တွေ လိုအပ်တယ်ဆိုပြီး ရှိခဲ့တာမျိုးတော့ ကျွန်တော်မသိဘူး။
ရှိလား၊မရှိလားဆိုတာလည်း ကျွန်တော်မသိဘူး။
ဒါမျိုးတွေရလား၊မပါရဘူးလားဆိုတာ စဉ်းစားထားဖို့ လိုအပ်လား။
ဘောင်တွေစည်းတွေကနေ စဉ်းစားမယ်ဆိုရင်
မလွတ်လပ်တဲ့သဘောဆောင်မယ်လို့ထင်ပါတယ်။ အဲလိုဘောင်တွေ စည်းတွေထဲမှာ
ရှိရမယ်လို့ ကျွန်တော်မမြင်တတ်ပါဘူး" ဆိုတဲ့အဓိပ္ပာယ်ရတဲ့ ပြင်သစ်စာ
လက်ရေးလှလှဖြင့်။
'တီတီ...တီတီ'
လမ်းအကျယ်က ကျော်တက်ဖို့လုံလောက်ပေမယ့် ဘာကြောင့်နောက်က ကားက ဟွန်းတီးနေရတာလဲမသိ။
ဒါကြောင့် ကားနောက်ကြည့်မှန်ကတစ်ဆင့် ကြည့်လိုက်တော့ ကားအနီရောင်လှလှလေး
တစ်စင်း။ မောင်းနှင်သူက ဘယ်သူ...'အိုး...' ။
Alex Aung (7 – Feb – 2011)
1 comment:
like,very romatic
Post a Comment