Friday, September 9, 2011

ကျနော်နဲ့ (၆) ဂဏန်း

ကျနော်ငယ်ငယ်က (၆) ဆိုတဲ့ ကိန်းဂဏန်းကို တော်တော်စိတ်နာခဲ့မိပါတယ်။ (၆)
ဆိုတဲ့ ဂဏန်းဟာ ကျနော် ကျောင်းတက်ခဲ့တဲ့ မူလတန်းအချိန်မှာ တစ်၊ နှစ်၊
သုံး၊ လေး၊ ငါး၊ ခြောက် စတဲ့ ကိန်းဂဏန်းတွေ ရေတွက်တဲ့ နေရာမှာဖြစ်စေ
အလီတွေကို သံပြိုင်ဆိုရာမှာဖြစ်စေ နားဝင်ချိုစရာ ဖြစ်ခဲ့ပေမယ့်လည်း
အလယ်တန်း ရောက်တဲ့အခါကျတော့ ကျနော့်အပေါ် တော်တော်ဒုက္ခပေးတဲ့ ဂဏန်းတလုံး
ဖြစ်ခဲ့ပါတယ်။
မှတ်မှတ်ရရ ကျနော် (၇) တန်းရောက်တဲ့အခါမှာ ကျနော်တို့ ရပ်ကွက်ထဲမှာရှိတဲ့
အထက်တန်းကျောင်းကို ပြောင်းခဲ့ရပါတယ်။ ကျောင်းသားသစ်ဖြစ်တဲ့အပြင်
ကျနော်နေခဲ့တဲ့ကျောင်းမှာ ကိုယ်ပိုင်ကားနဲ့ ကျောင်းလိုက်ပို့ခံရတဲ့
ရှားရှားပါးပါး ကျောင်းသားတွေထဲမှာ ကျနော်တယောက် ပါဝင်နေတဲ့အတွက်
ကျောင်းသူတွေကြားမှာ ရေပန်းစားခဲ့ရပါတယ်။

အသက် ၁၃ နှစ်၊ ၁၄ နှစ်ဆိုတဲ့ အသက်ကလဲ ငယ်သေးတယ် ပြောလို့ရနိုင်ပေမယ့်
ဆယ်ကျော်သက်အရွယ် ဖြစ်လာတဲ့အတွက် အချစ်ဆိုတာ ဘာရယ် သေသေချာချာ
နားမလည်သေးပေမယ့် ရင်ခုန်စ၊ စိတ်ကူးယဉ်တတ်ကာစ ဖြစ်လာခဲ့ပါတယ်။
ဖြစ်ချင်တော့ ကျနော်နဲ့ ခုံချင်းကပ်သောသူကလဲ ခုနှစ်တန်းကို တစ်ခါကျ အသက်က
(၁၇) နှစ်အရွယ် အတွေ့အကြုံစုံတဲ့ ကဗျာသမား စာသမားတယောက် ဖြစ်နေပါတယ်။

ကျနော်တို့ လူငယ်တွေအဖို့တော့ သူဟာ ဆရာကြီးတပါးပါ။ ရည်းစားစထားဖို့
မြှောက်ပေးတာကတစ်မျိုး ရည်းစားစာရေးနည်း သင်ပေးတာကတစ်ဖုံ ကျနော်တို့
အကောင်ငယ်လေးတွေကို နည်းလမ်းမျှဝေ သင်ကြားပေးတဲ့ ကျေးဇူးရှင်ဆရာကြီး
ဆိုရင်လဲ မှားမည်မထင်ပါ။

ထိုဆရာကြီးကြောင့် ဆယ်ကျော်သက်ကျနော့်ခမျာ စိတ်ကစားတာတွေ စလာပြီး
ရင်ခုန်ချင်လာမိပါတယ်။ ခေတ်မှီသူတိုင်း ရင်ခုန်တတ်ကြသည်ဆိုတဲ့
စကားလိုပေါ့ဗျာ။ လူပျိုပေါက်လာပြီဆိုတာကို ရည်းစားထားခြင်းနဲ့
သက်သေပြရသည်ဆိုတဲ့ သူငယ်ချင်းဆရာကြီးရဲ့ အဆိုအမိန့်အရ ရည်းစားရရှိရေး
ဒို့အရေးဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ပြုပြီး ကျနော်ကြိုးစားပါတော့တယ်။

အတန်းထဲက ချောပါတယ်ဆိုတဲ့၊ လှပါတယ်ဆိုတဲ့ အခုခေတ်စကားအရ
လန်းလှပါသည်ဆိုတဲ့ ကောင်မလေးတွေကို လိုက်ရင်ခုန်ကြည့်မိပါတယ်။
အပြောင်အနောက် စကားလေးတွေနဲ့ စမိ နောက်မိပါတယ်။ အချစ်ဆိုတာကို သေသေချာချာ
နားမလည်သေးပေမယ့် ရည်းစားရှိတာ သူငယ်ချင်းတွေကြားမှာ ကြွားစရာတခုဆိုတဲ့
အတွေးကြောင့် ကောင်မလေးတွေတချို့ကို နှုတ်နဲ့တမျိုး၊ စာနဲ့တဖုံ
ကြိုးပမ်းခဲ့မိပါတယ်။

ကောင်မလေးတွေကလည်း အိုက်တင်တွေပေးရင်း ရေလာမြောင်းပေးလုပ်ရင်း အီစီကလီ
ဇာတ်လမ်းလေးတွေ စဖို့ကြိုးစားမိခဲ့တာ အသေအချာပါဘဲ။ ခက်တာက ပြဿနာကို
ပြောရမယ်ဆိုရင် ဒီကောင်မလေးတွေကို ရင်ခုန်သလိုလို ဖြစ်မိပေမယ့်
တကယ်တမ်းကျတော့ ကျနော်အမှန်တကယ် ရင်မခုန်မိမှန်း ကျနော့်ကိုယ်ကျနော်
သဘောပေါက် နေမိပါတယ်။ သူငယ်ချင်းများက မြှောက်ပေးလို့ လှပါသည်ဆိုတဲ့
ကောင်မလေးကို အီစီကလီလုပ်လိုက်၊ ကောင်မလေးက အထာပြန်ပေးလေလေ
ဇောချွေးပြန်လေလေ ဖြစ်နေတတ်တဲ့ ကျနော့်ကို သူငယ်ချင်းဆရာကြီးက တနေ့မှာ
မေးခွန်းထုတ်လာ ပါတော့တယ်။

"မင်းက ဘာဖြစ်တာလဲ အခြောက်လား" ဆိုတဲ့ စကားလုံးက ကျနော်ကို
တုန်လှုပ်ခြောက်ခြား သွားစေခဲ့မိပါတယ်။ အခြောက်ဆိုတဲ့ စကားလုံးက
ကျနော်တို့ခေတ်မှာ တော်တော်လေး စော်ကားတဲ့၊ အခေါ်ခံရရင်
နာကြည်းစရာကောင်းတဲ့ ယောက်ျားတယောက်ရဲ့ သိက္ခာကို အထိခိုက်ဆုံး စကားလုံး
ဖြစ်ပါတယ်။ အကိုလိုခင်မင်ရတဲ့ သူငယ်ချင်းဆရာကြီးမို့လို့သာ
ပြန်မပြောရပေမယ့် စိတ်ထဲမှာ တော်တော်ထိခိုက်သွားမိပါတယ်။
ကိုယ့်ကိုယ်ကိုလဲ "ငါ အခြောက် မဟုတ်ဘူး၊ ငါ အခြောက် မဟုတ်စေရဘူး" ဆိုပြီး
အကြိမ်ကြိမ် ရေရွတ်နေခဲ့မိပါတယ်။

တနေ့မှာတော့ ထိုမေးခွန်းအတွက် အဖြေကို ကျနော် သိရှိလိုက်ရပါတော့တယ်။
ခုနစ်တန်းအောင်ပြီး ရှစ်တန်းတက်တဲ့အခါ ကျောင်းရဲ့အသင်းအဖွဲ့တွေမှာ
ပါဝင်ရင်း လူမှုလုပ်ငန်းတွေမှာ ပါဝင်လာခဲ့တဲ့အတွက် ကျနော့်ကို
ပိုမိုလူသိများလာခဲ့ပါတယ်။ ကြက်ခြေနီမှာလဲပါ၊ အနုပညာမှာလဲပါရင်း
သင်တန်းတခုမှာတော့ ကျနော်ရဲ့ ရင်ခုန်စရာဇာတ်လမ်းလေး စလာခဲ့မိပါတော့တယ်။
သူလေးတယောက်ကို တွေ့တွေ့ချင်း ရင်ခုန်မိသွားခြင်းလို့ ပြောရင်
မှားမယ်လို့ မထင်ပါ။

ဘင်ခရာသင်တန်း တက်နေတဲ့သူလေးကို ကျနော်မြင်မြင်ချင်း ကြွေမိသွားတယ်ဆိုတာ
ကျနော် ကိုယ့်ကိုယ်ကို ဝန်ခံလိုက်ရတော့တယ်။ ဘင်ခရာသင်တန်းအတွက်
နုတ်တွေလိုက်ရေးနေတဲ့ သူလေးကို မြင်လိုက်တဲ့ အချိန်ကစပြီး
ကျနော့်နှလုံးသားတွေ လျှပ်စီးတွေ တဖြန်းဖြန်းလက်ကာ
မိုးကြိုးတွေပစ်ကုန်မိတော့တယ်။ သူလေးကို စိုက်ကြည့်နေမိတဲ့ခဏ
သူလေးကခေါင်းပြန်အမော့ စိုက်ကြည့်နေမိတဲ့ ကျနော့်ကိုမြင်တော့
မသိမသာပြုံးလိုက်တဲ့ အပြံးတချက်မှာ ကျနော် ကျဆုံးသွားမိပါတော့တယ်။
ဒါများ ဘာများထူးဆန်းသလဲ ဆိုပြီးတော့ စာဖတ်သူများ
မေးခွန်းထုတ်ကောင်းထုတ်နိုင်ပါတယ်။
စိတ်ကစားကာစ ကောင်လေးတယောက်က ကောင်မလေးကို တွေ့လို့ ကြွေတာများ
ဆန်းသလားကွာလို့လဲ ပြောကောင်းပြောနိုင်ပါတယ်။ အံ့အားသင့်စရာ ကောင်းတာက
ကျနော်ကြွေမိသွားသော ဇာတ်လမ်းလေးဟာ ကျောင်းစိမ်းထမီနဲ့
ရင်ဖုံးလေးဝတ်ထားတဲ့ ကျောင်းသူမလေးမဟုတ်ဘဲ ဆံပင်တိုတို
ဘောင်းဘီလေးဝတ်ထားတဲ့ ကျောင်းသားလေးတယောက် ဖြစ်နေမိတာကြောင့်ပါ။

ရင်ခုန်မိပါတယ်။ အဲဒီနေ့က မိုးမရွာပါ။ ကျနော့်ကို သနားလို့ တိမ်တွေလဲ
ငိုမချကြပါ။ ဒါပေမယ့် ကျနော် တညလုံး ဖီးလ်တက်သွားမိပါတယ်။ သူလေးရဲ့
အပြုံးလေးကို ပျောက်သွားမှာ စိုးတဲ့အတွက် စိတ်ကူးယဉ်မှိတ်ထားတဲ့
မျက်လုံးအစုံကိုတောင် ပြန်ဖွင့်မကြည့်ချင်ပါ။ အဲဒီလောက်အထိ ရူးသွပ်စွာ
ရင်ခုန်မိသွားခဲ့ပါတယ်။
သူလေးရဲ့အပြုံး၊ သူလေးရဲ့အကြည့်၊ သူလေးရဲ့ မျက်နှာပေါ်က မှည့်လေးကအစ
ကျနော်အာရုံထဲမှာ ထင်ထင်ရှားရှား ပေါ်လာလေ၊ သူလေးအကြောင်းကို စဉ်းစားမိလေ
ပိုရင်ခုန်လေ။ အတင်းကြီး ရင်ခုန်ရအောင် လုပ်ခဲ့ပေမယ့် ရင်မခုန်ခဲ့ရသော
ကောင်မလေးများနဲ့ ကွာပါ့ဗျာ။

အတန်းဖော် အကိုကြီးမေးတဲ့ မေးခွန်းကို ဒီနေ့မှာ ကျနော်
အလိုလိုဖြေမိသွားပါတယ်။ ကောင်မလေးတွေကို ဘာကြောင့် ရင်မခုန်ခဲ့လဲ
ဆိုတာကိုလဲ ကျနော် တော်တော်လေး နားလည်သဘောပေါက် မိသွားပါတယ်။ ဟုတ်ပါတယ်။
ကျနော်ဟာ ကောင်မလေးတွေကို ရင်မခုန်တတ်မိပေမယ့် ကောင်လေး
အချင်းချင်းကိုတော့ ရင်ခုန်တတ်တဲ့ လိင်တူချစ်သူတယောက် (အများအခေါ်
အခြောက်) ဖြစ်နေတာကို ထင်ထင်ရှားရှား သိမြင်လိုက်ရပါတော့တယ်။

ဒီလို သိလိုက်တာကို သဘောပေါက်မိတာနဲ့ တပြိုင်နက် ကျနော် ခေါင်းနပမ်း
ကြီးမိသွားပါတော့တယ်။ ကျနော် ဒီလိုဖြစ်တာကို မိဘတွေကသာ သိရှိသွားရင်၊
သူငယ်ချင်းတွေကသာ သိရှိသွားရင် ဘယ်လိုဆက်ဆံကြမလဲ၊ ဘယ်လိုမျိုး ပြောကြမလဲ
ဆိုတာတွေးရင်း ဇောချွေးတွေ ထွက်လာမိသည့် အထိပါပဲ။ ယောကျာ်းလေး
အများအပြားရှိတဲ့ ဆွေမျိုးအသိုင်းအဝိုင်းအတွင်း၊ ယောက်ျား ပီသမှုကို
ဦးစားပေးတဲ့ စစ်တပ်နောက်ခံ ဆွေမျိုးအသိုင်းအဝိုင်းအတွင်း လူအများက
အထင်သေး စော်ကားချင်ကြတဲ့ အခြောက်တယောက်အဖြစ် ကျနော်ရောက်နေသည်ကို
သိများသိလျှင် မတွေးဝံ့စရာ။

ထိုသို့ တွေးမိသော်လည်း သူလေးကို ချစ်မိတဲ့စိတ်က ဂျပန်ဆူနာမီရေလှိုင်းလို
တလိမ့်လိမ့်တက်လာနေပြီ ဖြစ်ပါတယ်။ ဂျပန် နူးကလီးယား
ဓာတ်ပေါင်းဖိုပေါက်ကွဲမှုထက် သူလေးနဲ့ ခင်မင်ခွင့်ရရေးက ပိုအရေးကြီး
နေခဲ့ပါတယ်။ သူလေးရဲ့ အနားကပ်ရရေးက ကျနော့်အတွက် ဒို့တာဝန်အရေးသုံးပါးထက်
ပိုအရေးပါ နေခဲ့ပါတယ်။

ကျောင်းသေးသေးလေးမှာ ဒီကိစ္စအတွက် သိပ်မလှုပ်ရှားလိုက်ရပါ။
သူလေးအကြောင်းကို အပြည့်အစုံ သိလိုက်ရပါတယ်။ သိလိုက်ရတဲ့
နောက်ပိုင်းမှာတော့ သူလေးနဲ့ ရင်းနှီးနိုင်ဖို့ အရေးတကြီး
လုံးပမ်းခဲ့ပါတယ်။ သူလေးတက်တဲ့ ဘင်ခရာသင်တန်းမှာ လိုက်တက်၊
သင်တန်းချိန်မှာ သူ့ဘေးနားခုံမှာရအောင် လိုက်ထိုင်ရင်း သူငယ်ချင်းများ
ဖြစ်သွားခဲ့ကြပါတယ်။ ရှစ်တန်းချင်းတူပေမယ့် အတန်းခွဲချင်း မတူတဲ့အတွက်
မုန့်စားဆင်းချိန်မှာ အတန်းဖော်သူငယ်ချင်းတွေနဲ့ မတွဲဖြစ်တော့ဘဲ သူလေးနဲ့
အတူတူသာ နေဖြစ်တော့လို့ တချို့သူငယ်ချင်းတွေက ပြောင်လှောင်လာသည့်
အထိပါပဲ။
သူလေးကလဲ အ, တာလား ဘာလားတော့ မသိ၊ ကိုယ့်ရဲ့ လွန်ကဲတဲ့ ဂရုစိုက်မှုတွေကို
ကျေကျေနပ်နပ် အသိအမှတ် ပြုလာခဲ့ပါတယ်။ အိမ်ကပေးတဲ့
မုန့်ဖိုးလေးတွေကိုစုပြီး ကျူရှင်ပြေး၊ ရန်ကုန်မြို့ထဲ
ရုပ်ရှင်ခိုးကြည့်တာတွေ၊ ရုပ်ရှင်ကြည့်ရင်း နေကြာစေ့တွေကို
ကိုယ်တိုင်အခွံနွှာပြီး ကျွေးခဲ့တာတွေ၊ ဗိုလ်ချုပ်ပန်းခြံထဲမှာ
လျှောက်သွားတာတွေ၊ သူလေးအတွက် အထိမ်းအမှတ်မျိုးစုံနဲ့ လက်ဆောင်ပေးတာတွေ၊
အိုး -- ပြန်တွေးကြည့်ရင် ရင်ခုန်စရာအပြည့် လွမ်းရတဲ့ အဖြစ်လေးတွေကလည်း
တပုံတပင်။

အဲဒီခေတ်တုန်းက ကျနော်တို့ကျောင်းမှာ ဖေးဖရိတ်ဆိုတဲ့ စာအုပ်ကလေးတွေ
တော်တော်ခေတ်စားခဲ့ပါတယ်။ ဗလာစာအုပ်လေးထဲက စာရွက်တရွက်ချင်းစီမှာ
မေးခွန်းလေးတွေ ရေးထားပြီး ကိုယ်ခင်တဲ့ သူငယ်ချင်းတွေကို
ဒီမေးခွန်းလေးတွေကို ဖြေခိုင်းတာမျိုးပေါ့။ မေးခွန်းတွေ အဖြေတွေကလဲ
ပေါက်ပေါက်ရှာရှာလေးတွေ၊ ရယ်စရာ ဟာသလေးတွေပါ၊ မိုးစက်တွေကြား
အတွေးများဆိုရင် ကိုယ်တုံးလုံးချွတ်ပြီး လျှောက်ပြေးချင်တယ်လို့၊
စောင်ခြုံပြီး စိတ်ကူးနေမယ် ဆိုတာမျိုးတွေပေါ့။

တရက်မှာတော့ ကျနော့်ကို ကောင်မလေး သူငယ်ချင်းတယောက်က
သူ့ဖေးဖရိတ်စာအုပ်မှာ ရေးပေးဖို့ စာအုပ်လာပေးပါတယ်။ အရင်ကလဲ
ရေးနေကျဆိုတော့ ဟုတ်ပြီပေါ့။ ရေးမယ်ဆိုပြီး စာအုပ်ဖွင့်လိုက်တော့
မေးခွန်းတွေက အစုံသား။ ကျောင်းပြီးရင် ဘာလုပ်မှာလဲတို့၊ အသည်းဘယ်နှစ်ခါ
ကွဲဘူးလဲတို့ စသည်ဖြင့် စသည်ဖြင့်ပေါ့။

တနေရာမှာတော့ မေးထားတာက ရင်ခုန်ရတဲ့ ချစ်သူရှိရင် အမည်လေးပြောပြပါတဲ့၊
ဘယ်ရမလဲ ကိုယ်ချစ်တဲ့ သူလေးရဲ့အမည်ကို အတိုကောက်လေး ရေးပေးလိုက်မိပါတယ်။
အချစ်သူရဲကောင်းပေါ့လေ။ အတိုကောက်လေးဆိုတော့ ဘယ်သူမှ မသိလောက်ဘူးဆိုပြီး
ရင်ဖွင့်လိုက်တာ၊ ပြဿနာက အဲဒီက စတော့တာပါဘဲ။

သူငယ်ချင်း ကောင်မလေးကို ဖေးဖရိတ်ရေးပြီး ပြန်ပေးလိုက်တဲ့ နောက်ပိုင်းမှာ
လူတွေက ကိုယ့်ကိုတွေ့ရင် တိုးတိုးတိုးတိုးနဲ့ ပြောလာတာကို
သတိထားမိလာပါလေရော။ ကောင်မလေးတွေက ပြုံးစိစိနဲ့ ကြည့်ကြည့်လာတာတွေကို
သိလာမိတယ်။ ပထမတော့ ဘာအထာလဲပေါ့၊ နောက်ပိုင်းကျတော့မှ
သူတို့ပြုံးစိပြုံးစိ ဇာတ်လမ်းက ကျနော်ရေးလိုက်တဲ့ ဖေးဖရိတ်စာအုပ်က
စတယ်ဆိုတာ သိလာခဲ့ရတယ်။

ကျနော် အတိုကောက်ရေးလိုက်တဲ့ ချစ်သူအမည်အတိုလေးကို
စာအုပ်ပိုင်ရှင်ဖြစ်တဲ့ ဆားပုလင်းနှင်းမောင်ရဲ့ မယားပါသမီး ကျေးဇူးရှင်မက
စိတ်ဝင်စားတော်မူပြီး သဲလွန်စ လိုက်ရှာလိုက်တာ နောက်ဆုံး ကျနော်သူလေးရဲ့
အမည်ဆိုတာ သဘောပေါက်ပြီး တကျောင်းလုံးကို စေတနာ့ဝန်ထမ်း
လိုက်ဖြန့်လိုက်တာ တကျောင်းလုံးကို ဟိုးဟိုးကျော်ရောပေါ့။ ကောင်းရော။

ဒီလိုတွေ ဖြစ်လာတော့ သူလေးကလဲ ကျနော်ကို အရင်လို မတွဲတော့ဘူး၊
သူစိတ်ဆိုးနေတယ်ဆိုတာ သိနေ သဘောပေါက်နေတယ်လေ။ သွားစကားပြောရင်
မျက်လုံးစိမ်းနဲ့ကြည့်ပြီး ရွံသလိုအကြည့်နဲ့ လှည့်ထွက်သွားတာ
အသဲအနာဆုံးဗျ။
ဟာဗျာ ရင်ထဲမှာ ခံစားလိုက်ရတာ။ အဲဒီအချိန်တုန်းကသာ အယ်ဆိုင်းဇီသီချင်းတွေ
ကာရာအိုကေဆိုင်တွေသာ ရှိနေရင် ခံစားလို့ ကောင်းလိုက်မယ့် ဖြစ်ခြင်း၊
"ဒို့ အသဲလေး နုနုနယ်နယ် ထိခိုက်ပွန်းပဲ့လွယ်တယ်" ဆိုတဲ့ သီချင်းတွေကို
ကာရာအိုကေဆိုင်မှာ ညလုံးပေါက် သွားဟဲဖြစ်မလား မသိဘူးဗျို့။

တရက်မှာ စောစောကပြောခဲ့တဲ့ (၆) ဂဏန်း ဇာတ်လမ်းက စလာပါလေရော။

ဖြစ်ပုံက ဒီလိုပါ၊ ထမင်းစားချိန်တခုမှာ သူလေးများ စိတ်ပြေလာမလားဆိုတဲ့
အတွေးနဲ့ သူလေးအတန်းနားဖြတ်ပြီး မျှော်တော်ယောင် လုပ်မိတယ်လေ။ သူလေးရဲ့
အရိပ်အယောင်လေးတွေ တွေ့မိပြီဆိုရင် ဒီညအတွက်ကတော့ လွမ်းစရာ ဇာတ်လမ်းလေး
ရပြီပေါ့။ ဒီအချိန်မှာ သူလေးကလဲ ကော်ရစ်ဒါမှာ သူ့သူငယ်ချင်းတွေနဲ့
ရပ်ပြီးစကားပြောနေတာ တွေ့လိုက်တော့ ကျေနပ်သွားတယ်။
အကယ်ဒမီကွက်တွေဖမ်းပြီး သူလေးကို မော့ကြည့်၊ သူလေးများပြန်ကြည့်ရင်
တောင်းပန်တဲ့ မျက်ဝန်းနဲ့ သူလေးစိတ်ကို ပြန်ဆွဲဆောင်မယ်ပေါ့။

ဖြစ်နိုင်ရင် နှလုံးသားမြို့တော်ထဲမှာ မို့မို့မြင့်အောင်
အကယ်ဒမီရသွားတဲ့ အကွက်လို မျက်ရည်တပေါက်က တဖက်ထဲ စီးကျလာ သူလေးကကြည့်ပြီး
သနားသွား ဇာတ်လမ်းတွေပြန်ဖြစ် အမလေး ကိုယ်စိတ်ကူးနဲ့ကိုယ် ဟုတ်နေတာဘဲ။
ဒီလိုစိတ်ကူးတွေ ဇာတ်ညွန်းတွေအပြည့်နဲ့ ကိုယ်ဖာသာကို ဒါရိုက်တာ၊
ကိုယ်ဖာသာကိုယ် စီစဉ်ထုတ်လုပ်သူ၊ ကိုယ့်ဖာသာကိုယ် မင်းသမီးတွေလုပ်ပြီး
ချီတက်လာတာလေ။ အနားရောက်တော့ ကိုယ်ဆင်ထားတဲ့ ဇာတ်လမ်းလေး
ဂွမ်းသွားတဲ့ပုံက ဒီလိုလေ။

ခေါင်းလေးငုံ့လို့ ကိုယ်တလှမ်းချင်း လှမ်းလာရင်း စစချင်းမြင်လိုက်ရတာ
မန္တလေးကတ္တီပါ ခြေညှပ်ဖိနပ် သဲကြိုးအနီစီးထားတဲ့ ချစ်သူလေးရဲ့
ခြေထောက်ပေါ့။ အခုအချိန်အထိ ညာဖက်ဖိနပ်မှာ သဲကြိုးလေး ပွန်းနေတာကအစ
မှတ်မိနေသေး။ အနားရောက်လာတော့ သူ့သူငယ်ချင်းတယောက်က ကိုယ့်ကိုကြည့်ပြီး
"ဟေ့ကောင် ငါး ပြီးရင် ဘာလာလဲကွ" ဆိုပြီး ကိုယ်ရဲ့ သူလေးကို လှမ်းမေးတဲ့
အသံကို ကြားလိုက်တယ်။ အချိန်ကိုက်ဘဲဆိုပြီး အသည်းကွဲနေတဲ့ မျက်ဝန်းတွေနဲ့
သူလေးကို ကြည့်လိုက်မယ်လဲဆိုပြီး ခေါင်းကိုအမော့ သူလေးဖြေလိုက်တဲ့ အဖြေက
"အ အ အ အခြောက်" တဲ့ဗျာ။
အ အ အ ဆိုတဲ့စကားကို တမင်ထစ်ထားသလို လုပ်ပြောပြီးမှ နောက်ဆုံးစာလုံးကျမှ
အခြောက်ကို မြန်မာ့အသံက ကြေညာသလို ပီပီသသကြီးနဲ့ အကျယ်ကြီးကို
အော်ချလိုက်တာ။ နောက်ပြီး ကျနော့်မျက်နှာကို စေ့စေ့ကြည့်ပြီး ပြန်ဖြေတဲ့
အဖြေလေ။ နားထဲကို ဘင်ခရာတီးဝိုင်း ဆယ်ဝိုင်းလောက် တပြိုင်နက်
တီးလိုက်သလိုဘဲ။

ကျနော့်မျက်နှာမှာ ထူပိန်းပြီး ဘယ်လိုရှက်သွားမလဲဆိုတာ
စဉ်းစားသာကြည့်ပေတော့။ ပိုဆိုးတာက သူ့ သူငယ်ချင်းတွေက နောက်ဆက်တွဲ
ဝိုင်းရယ်တဲ့ အသံတွေ အသံတွေ၊ ချက်ခြင်းမြေမျိုသွားရင်တောင်
ကောင်းမှာဆိုတဲ့ အတွေးမျိုးတောင် ပေါက်မိတယ်။ ဘယ်လိုမျိုးနည်းနဲ့
အဲဒီနေရာကနေ ထွက်လာမိမှန်းတောင် မမှတ်မိတော့ပါဘူး။ နောက်ကနေ
အပြေးလိုက်လာတဲ့ ဝါးကနဲ ဝါးကနဲ ရယ်သံတွေကြားမှာ မှတ်မှတ်ရရ ကျလာတဲ့
မျက်ရည်တစက်။

ဒီသတင်းက ဘယ်လိုပြန့်သွားလဲ မသိဘူး။ တကျောင်းလုံးမှာ ကိုယ့်ကိုတွေ့ရင်
"ငါး ပြီးရင် ဘာလဲဟေ့"ဆိုတဲ့ စကားတွေကို မကြားတကြားတမျိုး
နောက်သလိုလိုနဲ့ တိုးတိုးလေး ကပ်ပြောတာကတမျိုး အော်... ချစ်သူလေးပေးတဲ့
အရှက်ကွဲဇယားတွေပေါ့။
သူများတွေအတွက်တော့ ဒါလေးဟာ သာမန်အဖြစ်လေးလို့ ယူဆကောင်း ယူဆနိုင်ပါတယ်။
ဒါပေမယ့် ခံရတဲ့ ကျနော့်အတွက် အထူးသဖြင့် ကိုယ်စစချင်း ရင်ခုန်ခဲ့ရတဲ့
ချစ်သူလေးက ပေးခဲ့တဲ့ ဒီလို လှောင်ပြောင်မှုက ရင်ထဲမှာ နင့်နင့်သီးသီး
ခံစားခဲ့ရပါတယ်။

လိင်တူချင်းချစ်သူလို့ ကိုယ့်ကိုယ်ကို စသိလိုက်ရတဲ့ အချိန်မှာ
စစချင်းခံလိုက်ရတဲ့ အထင်သေးလှောင်ပြောင်မှုက အခုအချိန်အထိ (၅) ဂဏန်းကို
ရွတ်သံကြားရင် (၆) လို့ မထွက်လာဘဲ အ အ အ အခြောက်ဆိုတဲ့ အသံများ
ထွက်လာမလားဆိုတဲ့ စိုးရိမ်စိတ်က ရှိနေဆဲ။

မေယွန်းအိမ်
စက်တင်ဘာ ၈ရက်နေ့၊ ၂၀၁၁ခုနှစ်။

Credit: http://www.coloursrainbow.com/articles/2010-09-20-04-28-13/561-2011-09-08-07-36-00.html

No comments: