Sunday, June 15, 2014

"လူကို လူလို့သာ မြင်ပေးဖို့ပါ” ဆိုတဲ့ ကိုနေဦးလွင်နဲ့ တွေ့ဆုံခြင်း



“ပတ်ဝန်းကျင်အနေနဲ့ လိင်တူချစ်သူတွေကို လက်ခံပါလို့တော့ ကျနော်က မပြောလိုဘူး။ သို့သော် ဒီလူတစ် ယောက်အပေါ် လူကို လူလို့သာ မြင်ပေးဖို့ပါ” ဆိုတဲ့ ကိုနေဦးလွင်နဲ့ တွေ့ဆုံခြင်း


အခုအပတ်စဉ်ရဲ့ In & Out ကဏ္ဍလေးမှာတော့ PSI (Population Service Center) မှာ Project Manager အဖြစ် တာဝန်ထမ်းဆောင်ပြီး လိင်တူချစ်သူတွေရဲ့ ကျန်းမာရေးအတွက် ဆောင်ရွက်နေတဲ့ ကိုနေဦး လွင်နဲ့ တွေ့ဆုံမေးမြန်ထားတာ ဖြစ်ပါတယ်။ ကိုနေဦးလွင်ဟာ Myanmar LGBT Rights Network မှာလည်း ပါဝင်ပြီး အဆင့်မြင့်တာဝန်တွေကို ထမ်းဆောင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ ကိုနေဦးလွင်နဲ့ တွေ့ဆုံရာမှာ သူ့ရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အတွေ့အကြုံတွေအပြင် လိင်တူချစ်သူတစ်ဦးအနေနဲ့ မိသားစုထဲမှာ လက်ခံနိုင်ခွင့်ရဖို့ ကြိုးစားခဲ့တာတွေကိုပါ မေးမြန်းထားတာ ဖြစ်ပါတယ်။ ၄င်းအပြင် ကိုနေဦးလွင်ဟာ ကာလာရိမ်းဘိုးမဂ္ဂဇင်းမှာ အခါအားလျော်စွာ စာပေများကို ရေးသားလျက် ရှိသူလည်း ဖြစ်ပါတယ်။


PSI အနေနဲ့ လိင်တူချစ်သူတွေအတွက် ဘယ်လို အစီအစဉ်လေးတွေကို ဆောင်ရွက်ပေးနေပြီး ကိုနေဦးလွင် ကကော ဒီမှာ ဘယ်လို တာဝန်မျိုးတွေကို ထမ်းဆောင်နေပါသလဲခင်ဗျား။
ကိုနေဦးလွင်။    ။ PSI အနေနဲ့ လက်ရှိမှာတော့ Outreach ပိုင်းကို အဓိကသွားနေတာပေါ့နော်။ ကျနော်တို့ရဲ့ ပညာပေး ဝန်ထမ်းတွေက အလှပြင်ဆိုင်တွေ၊ နတ်ကတော်အိမ်တွေ၊ လက္ဘက်ရည်ဆိုင်တွေ၊ ဂိမ်းဆိုင်တွေကို သွားပြီးတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တဲ့ အကြောင်းတွေကို ပညာပေးရင်း PSI မှာ ပေးနေတဲ့ Service တွေကိုပါ တပါတည်း ထည့်ပြောပေးတယ်။ နောက် အဲဒီလူတွေက ကျနော်တို့ရုံးကို ရောက်လာတဲ့အခါမှာ တော့ သူတို့တွေမှာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေရှိရင်လည်း ဆရာဝန်တွေနဲ့ တွေ့ဆုံပေးပြီး သုံးလတကြိမ် သွေးစစ်ဖို့ လုပ်ပေးတာမျိုးတွေ၊ တီဘီဖြစ်နေတယ်လို့ သံသယရှိတယ်ဆိုရင် တီဘီစစ်ပေးတာမျိုးတွေ အဲလိုမျိုး တွေကို ဆောင်ရွက် ပေးပါတယ်။ 

ကိုနေဦးလွင်။    ။ ဒီမှာ ကျနော့်အနေနဲ့ အဓိကလုပ်ဆောင်ပေးနေရတာကတော့ Management ပိုင်းဆိုင်ရာ Overview ကို အကုန်လုံး လုပ်ပေးနေရတယ်။ နောက် ကျနော်တို့ ဝန်ထမ်းတွေရဲ့ Target တွေ ချတာတို့မှာလည်း လုပ် ပေးရပါတယ်။ Field ထဲမှာ တကယ် လုပ်နေတဲ့ သူတွေကတော့ ကျနော်တို့ရဲ့ ဝန်ထမ်းတွေပေါ့။ Peer တွေက နေပြီးမှ လူတွေကြားထဲဆင်း လိင်တူချစ်သူတို့ဘာတို့နဲ့ တွေ့ပြီး ပညာပေးတာတွေကို လုပ်တယ်။ အဲဒါတွေကိုမှ ကျနော်တို့က ဘာတွေ ဘာတွေကိုတော့ အပြောင်းအလဲဖြစ်လို့ ဒီလို အစီအစဉ်တွေကို ချပါဆိုပြီးမှ စီစဉ်ပေး တာပေါ့။ 

လိင်တူချစ်သူတွေအတွက် ကွင်းဆင်းလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာ ဘယ်လိုမျိုး အခက်အခဲလေးတွေ နဲ့ ရင်ဆိုင်ရပါလဲ။
ကိုနေဦးလွင်။    ။ ကျနော်တို့ခေါ်တာကတော့ MSM ပေါ့နော်။ အဲဒါကို သုံးမျိုးခွဲထားတယ်။ အပုန်းရယ်၊ အပွင့်ရယ်၊ သူငယ်ရယ်ဆိုပြီးပေါ့။ အဲဒီ သုံးအုပ်စုထဲမှာမှ အပွင့်က ကျနော်တို့ ရှာရတာ လွယ်တယ်။ သူငယ်ဆိုရင်လည်း အပွင့်တွေနဲ့အတူတူ ပါတနာတွေဖြစ်နေတဲ့အခါကျတော့ ရှာရတာ နည်းနည်းတော့ လွယ်ပါသေးတယ်။ ကျနော် တို့ အဓိကရှာဖို့ မလွယ်တဲ့အုပ်စုကတော့ ကျန်တဲ့ အပုန်းအုပ်စုပေါ့။ အပုန်းအုပ်စုမှာ တချို့တွေက သူတို့ကိုယ် သူတို့လည်း ဝန်မခံကြတဲ့သူတွေ၊ အပြင်ကိုလည်း ထွက်မလာကြတဲ့သူတွေပေါ့နော်။ အဲလိုမျိုး အုပ်စုကျတော့ ရှာရတာ ခက်တယ်။ အဲလိုမျိုးလေးတွေတော့ ရှိပါတယ်။ 

နိုင်ငံတော်အစိုးရနဲ့ကော ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်မှုလေးတွေ ရှိပါသလဲဗျာ့။
ကိုနေဦးလွင်။    ။ ကျနော်တို့ PSI ကတော့ လုပ်ငန်းတွေကို မလုပ်ဆောင်ခင်ကတည်းက ကျန်းမာရေးဝန်ကြီးဌာနနဲ့ နားလည်မှု စာချွန်လွှာ ချုပ်ထားတယ်။ နောက် ကျနော်တို့က ဘယ်မြို့နယ်၊ ဘယ်မြို့နယ်တွေမှာ လုပ်ပါမယ် ဆိုတာကိုပါ စာတင်ထားတယ်ပေါ့။ စာတင်ထားပြီးတော့ သူတို့တွေဆီကနေ Approval ယူရတယ်ပေါ့။ အဲလို ခွင့်ပြုချက်တွေ ယူထားတော့ တကယ်လို့ ကျနော်တို့ဆီမှာ အခက်အခဲလေးတွေရှိရင်လည်း သူတို့ဆီမှာ NAP လို့ခေါ်တဲ့ National Aids Program (ခုခံအားကျနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးဌာန) ဆိုတာ ရှိပါတယ်။ အဲဒီကို သွားပြီး အကူအညီ တောင်းလိုက်လို့ရှိရင် သူတို့တွေဖက်ကနေ တတ်နိုင်သမျှ အကူအညီတွေ ပေးကြပါ တယ်။ 

ကိုနေဦးလွင်က Myanmar LGBT Rights Network မှာလည်း Advisory Board မှာ အဖွဲ့ဝင်အနေနဲ့ ပါဝင် ဆောင်ရွက်နေတယ်ဆိုတာ သိရပါတယ်။ ပါဝင်ဖြစ်ခဲ့တာလေးကိုလည်း ပြောပြပါဦး။
ကိုနေဦးလွင်။    ။ Myanmar LGBT Rights Network က လုပ်နေတဲ့ အလုပ်နဲ့ ကျနော်တို့ PSI က လုပ်နေတဲ့ အလုပ်က နည်းနည်းတော့ ကွဲတယ်ပေါ့နော်။ ကျနော်တို့ ဒီဖက်မှာက ကျန်းမာရေးကို ဇောင်းပေးပြီးတော့ လုပ်တယ်။ ဟိုဖက် (Myanmar LGBT Rights Network) ကကျတော့ အခွင့်အရေးပိုင်းဆိုင်ရာကို အဓိကဇောင်းပေးပြီး လုပ်တဲ့အခါကျတော့ ကျနော်က နှစ်ဖက်စလုံးမှာ လုပ်လိုက်ခြင်းအားဖြင့် တဖက်မှာ ကျန်းမာရေး အသိပညာ ပေးမှုကို လုပ်ကိုင်ရင်း အခြားတဖက်ကနေပြီးလည်း လိင်တူချစ်သူတွေရဲ့ အခွင့်အရေးကို မြှင့်တင်ပေးရာ  ရောက်သွားတယ်ပေါ့နော်။ 

Myanmar LGBT Rights Network ရဲ့ ရှေ့အလားအလာတွေနဲ့ ပတ်သက်လို့ ဘယ်လိုမျိုး သုံးသပ်ထားတာ ရှိလဲ။
ကိုနေဦးလွင်။    ။ မြန်မာပြည်မှာ အခုလက်ရှိရှိနေတဲ့ ကွန်ယက်အဖွဲ့အစည်းတွေက ကျန်းမာရေးနဲ့ ပတ်သက်တာတွေပဲ များနေတယ်။ Rights (အခွင့်အရေး)နဲ့ ပတ်သက်တဲ့ ကွန်ယက်အဖွဲ့အစည်းတွေဆိုတာက မရှိသေးဘူး။ မရှိ သေးတဲ့အခါကျတော့ ကျနော်တို့ ဒီ Myanmar LGBT Rights Network က ပထမဦးဆုံး ထွက်လာတဲ့ ကွန် ယက်အဖွဲ့ပေါ့နော်။ ကျန်းမာရေးက မလိုဘူး မဟုတ်ဘူး။ လိုတယ်။ ဒါပေမယ့် အခုအချိန်မှာ အခွင့်အရေးပိုင်း ဆိုင်ရာမှာ ပိုပြီးတော့ လိုအပ်တယ်လို့ ထင်တယ်။ 

ဘာဖြစ်လို့လဲဆိုတော့ ကျန်းမာရေးသည် အခွင့်အရေးရဲ့ တစိတ်တပိုင်းဖြစ်နေတယ် ဆိုတော့လေ။ ဆိုတော့ Myanmar LGBT Rights Network ရဲ့ လက်ရှိ လုပ်ဆောင် နေတဲ့ အနေအထားတွေအပေါ်မှာ သုံးသပ်ရရင် ကောင်းပါတယ်။ ဒါပေမယ့် ကျနော်တို့ ဒီထက်ပိုပြီး နည်းနည်း လေး အားစိုက်ဖို့တော့ လိုသေးတယ်လို့ ထင်တယ်ပေါ့။ နောက်ပြီးတော့ အခုလုပ်နေတာထက်ကို ပိုပြီးတော့ တက်တက်ကြွကြွနဲ့ လုပ်လို့ရနိုင်သေးတဲ့ အခြေအနေမျိုးတွေ ရှိနေသေးတယ်လို့လည်း ထင်တယ်။ အလား အလာအနေနဲ့ ပြောရမယ်ဆိုရင်တော့ အရမ်းကောင်းတဲ့ အခြေအနေမျိုးမှာ ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်ပိုင်းမှာ လိင်တူချစ်သူတွေအတွက် အခွင့်အရေးတွေ တောင်းလာတာမျိုးတွေ ရှိလာတော့မယ်။ ဥပမာ- ၃၇၇ ပုဒ်မကို ဖျက်ပေးဖို့ တောင်းဆိုတာမျိုး၊ ကျား၊ မ၊ လိင်စိတ်ခံယူမှု စသည်မရွေး ခွဲခြားဆက်ဆံမှု တိုက်ဖျက် ရေး ဥပဒေတွေ တောင်းဆိုလာတာမျိုးတွေပေါ့။ အဲဒီအခါမှာ ကျနော်တို့အနေနဲ့ တစ်စုတစ်စည်းတည်း ဖြစ်နေရ မယ်၊ Plan တွေ ချထားရမယ်ပေါ့နော်။ 

လိင်တူချစ်သူတွေက ပင်ကိုယ်အခံအားဖြင့် အချင်းချင်းကြားမှာ ဝုန်းလေ့၊ ချေလေ့ရှိကြတာ ယဉ်ကျေးမှုတခုလို့ ဖြစ်နေတယ်လို့ ဆိုတယ်။ အဲတော့ လိင်တူချစ်သူတွေ အချင်းချင်းကြားမှာ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတွေ အား ကောင်းလာအောင် ဘယ်လိုမျိုးတွေ လုပ်ဆောင်ပေးဖို့ လိုပါသလဲ။ 

ကိုနေဦးလွင်။    ။ ကျနော်တို့ ကွန်ယက်အနေနဲ့ လိင်တူချစ်သူတွေနဲ့ ပတ်သက်တဲ့ အထိမ်းအမှတ် အခမ်းအနားပွဲတွေကို လုပ်ဆောင်လေ့ ရှိပါတယ်။ ဥပမာ- နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ TDoR လို့ အခမ်းအနားမျိုး၊ မေ လ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ IDAHO အခမ်းအနားမျိုးတွေပေါ့။ အဲဒီလို အခမ်းအနားမျိုးတွေမှာ ကျနော်တို့ လိင်တူချစ်သူတွေ အကုန်လုံး တွေ့ဆုံနိုင်တယ်။ အဲဒီလို တွေ့ကြဆုံကြဖို့ အခြေအနေတွေ ဖြစ်လာတာကနေ အချင်းချင်းကြားက ဝုန်းတာချေတာတွေဟာ အကန့်အသတ်အားဖြင့် လျော့သွားမယ်လို့လည်း ထင်ပါတယ်။ နောက်ပြီး လိင်တူချစ်သူတွေနဲ့ ပတ်သက်ပြီး ထုတ်ဝေနေတဲ့ စာစောင်တွေ၊ မဂ္ဂဇင်းတွေဟာ အောက်ခြေ လူ တန်းစားတွေအထိ ရောက်နိုင်တဲ့ အခါကျတော့ အဲဒီစာအုပ် စာစောင်တွေကတဆင့် အကောင်းဖက်ကို ရောက် နိုင်တဲ့ Message တွေကို ပေးခြင်းအားဖြင့် ဝုန်းတာ ချေတာတွေဟာ တဖြည်းဖြည်းနဲ့ လျော့သွားမယ်လို့တော့ ကျနော် ထင်ပါတယ်။ 

မြန်မာပြည်မှာ လိင်တူချစ်သူတွေအပြင်ပေါ့နော်၊ တခြားနောက်ခံနဲ့ အဖွဲ့အစည်းတွေလည်း ကွန်ယက်တွေ ဖွဲ့ပြီး လုပ်ငန်းတွေကို လုပ်ကြပါတယ်။ ဒါပေမယ့် ကွန်ယက်အဖွဲ့ အတော်များများဟာ နောက်ပိုင်းမှာ အဖျားရှုးသွား ကြလေ့ ရှိကြတယ်။ အဲဒီအပေါ်မှာ သင်ခန်းစာယူပြီး မြန်မာ့လိင်တူချစ်သူများ အခွင့်အရေးဆိုင်ရာ ကွန်ယက် အဖွဲ့ကိုကော ဘယ်လို မြင်ပါသလဲ။ 

ကိုနေဦးလွင်။    ။ ဟုတ်ပါတယ်။ အခုအချိန်မှာ Myanmar LGBT Rights Network ဟာ စုဖွဲ့မှုပုံစံတွေမှာ အားကောင်းတဲ့ အခြေအနေမျိုးမှာ ရှိလာနေပါတယ်။ ဒါပေမယ့် အားကောင်းနေပေမယ့် လုပ်ငန်းပိုင်းဆိုင်ရာတွေမှာ ကျနော်တို့ အနေနဲ့ သေသေချာချာ မလုပ်နိုင်သေးတာမျိုးတွေ ရှိနေတယ်။ ဆိုတော့ အလုပ်တွေကို သေသေချာချာ မလုပ် နိုင်ဘူး ဆိုရင် နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ပြန်လည် အားလျော့သွားမှာကို စိုးရိမ်မိတယ်ပေါ့။ ကျနော်မြင်တာ နောက်တခုကတော့ တစ်ချို့ကွန်ယက်တွေမှာ အချင်းချင်းကြား အပြန်အလှန်ညှိနှိုင်းတာမျိုးတွေ အားနည်းတာ က နေ နောက်ပိုင်းမှာ အဖျားရှုးသွားကြတယ်။ အဲတော့ ကျနော်တို့ Myanmar LGBT Rights Network ကို ပိုမို အားကောင်းစေဖို့အတွက်ဆိုရင် တယောက်နဲ့တယောက်ကြားမှာ အပြန်အလှန် ညှိနှိုင်းမှုတွေကို ပိုမိုအား ကောင်း ရှင်သန်နေအောင် လုပ်ဆောင်သင့်တယ်လို့ မြင်ပါတယ်။ နောက်ပြီး ကျနော်တို့မှာ လုပ်စရာ အလုပ် တွေက အများကြီး ရှိနေသေးတယ်။ အဲဒါကို အာရုံစိုက်ပြီး အဲဒီအလုပ်တွေမှာ အားလုံးက တက်တက်ကြွကြွနဲ့ ပိုမိုပူးပေါင်းပါဝင်ပြီး လုပ်ဆောင်ကြဖို့လည်း လိုပါတယ်။ 

ဘယ်အရွယ်လောက်ကတည်းက စပြီး လိင်တူချစ်သူတဦးအဖြစ် ကိုယ့်ကိုယ်ကို စတင်သိရှိ လက်ခံခဲ့ပါသလဲ။
ကိုနေဦးလွင်။    ။ ကျနော်ကတော့ အသက် ၂၂ ဒါမှမဟုတ် ၂၃ လောက်မှာ မိန်းကလေးတွေဟာ ကိုယ့်အတွက် ရွေးချယ် စရာ မဟုတ်ဘူးဆိုတာကို ကိုယ့်ကိုယ်ကို စပြီး သိလာခဲ့တာပေါ့နော်။ 

ကိုယ်က မိန်းကလေးကို စိတ်ဝင်စားတဲ့သူ တယောက် မဟုတ်ဘူးဆိုတာကို ကိုယ့်မိသားစုကို ဘယ်လို အသိ ပေးခဲ့တာလဲ။
ကိုနေဦးလွင်။    ။ ထွေထွေထူးထူး အသိပေးခဲ့တာတော့ မရှိခဲ့ပါဘူး။ ကျနော်က ပေးသိလိုက်လို့ မဟုတ်ပဲ တရက်မှာ ကျနော့်အမေက သိသွားခဲ့တယ်။ ဘယ်လို သိသွားခဲ့လဲဆိုတော့ အမေက ကျနော့်အခန်းထဲကို ဝင်လာတော့ ကျနော့်အခန်းထဲမှာ ထားထားတဲ့ တချို့ပစ္စည်းတွေ၊ ပိုစတာတွေကို တွေ့သွားခဲ့တာပေါ့နော်။ အဲဒီလို ပစ္စည်း တွေ၊ ပိုစတာတွေကို တွေ့သွားတဲ့အချိန်မှာ မေးတာပေါ့။ အဲလို မေးတဲ့အချိန်မှာ ကျနော်လည်း ကွယ်ဝှက်မထား ချင်တော့တာနဲ့ အခွင့်သာတယ်ဆိုပြီး ကျနော်က ဂေးတယောက်ပါဆိုတာကို မေမေ့ကို ပြောပြလိုက်တာပေါ့။ အဲဒီအချိန်ကစပြီး မေမေက စသိသွားတာတယ်။ ဆိုတော့ ကိုယ့်ကိုယ်ကို စသိခဲ့တဲ့အချိန်ကစပြီး မေမေ့ကို ပြော ပြလိုက်တဲ့ အချိန်အထိ ကြားထဲမှာ နှစ်နှစ်လောက်တော့ ကြာသေးတယ်။ 

ကိုယ့်ကို ဂေးတယောက်အဖြစ် သိသွားခဲ့တဲ့နောက် မိသားစုရဲ့ တုံ့ပြန်မှုတွေကကော ဘယ်လို ရှိခဲ့ပါသလဲ။
ကိုနေဦးလွင်။    ။ တုံ့ပြန်မှုကတော့ ကျနော်တို့ မြန်မာပြည်အနေအထားအရ မကြိုက်ကြဘူးပေါ့။ ကျနော်တို့ မြန်မာပြည် အနေအထားအရ ဘယ်မိဘကမှ ကိုယ့်သားသမီး ဂေးဖြစ်တာကို လက်ခံနိုင်တယ်လို့ မရှိပါဘူး။ မေမေဆိုလို့ရှိ ရင် တော်တော်လေးကို ခါးခါးသီးသီး ဖြစ်ခဲ့တာပေါ့။ ဒါဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ကျနော့်ကို ဒီလိုမျိုး မဖြစ်စေ ရဘူး ဆိုပြီးတော့မှ အတင်းမရမကနဲ့ မေမေက ကြိုးစားခဲ့တယ်။ ကြိုးစားခဲ့တယ်ဆိုတဲ့နေရာမှာ ကျနော့်ကို မိန်း မ ပေးစားတာတို့၊ ဆရာဝန်နဲ့ ပြခိုင်းတာတို့ အဲလိုမျိုးတွေနဲ့ မေမေက လုပ်ခဲ့တယ်။ အဲဒါတွေ မလုပ်ပဲ ကျနော့်က မေမေ့ကို သေသေချာချာ ပြောပြတယ်။ နောက်တော့ တကယ်ကို ဘယ်လိုမှ ပြောင်းလဲမရတော့ဘူးဆိုတာကို သိသွားတဲ့ အချိန်မှာ မေမေက ကျနော့်ကို စကားမပြောတော့ဘူး။ စကားမပြောတာတောင်မှ တော်တော် ကြာ တယ်။ ခြောက်လနီးပါးလောက်တောင်မှ ကြာမယ်လို့ ထင်တယ်။ ကျနော့် အမတွေကလည်း အမေ မပြောတော့ ခပ်တန်းတန်း ဖြစ်သွားတာပေါ့နော်။ အဲဒီအချိန်ကတော့ တော်တော်ကို အထီးကျန်ခဲ့တယ်လို့ ထင်ပါတယ်။ အဲဒီတုန်းက တယောက်တည်းပဲ။ ကိုယ့်မှာ ဘယ်သူမှ စကားပြောမယ့် အဖော်လည်း မရှိခဲ့ဘူး။ အပေါင်းအသင်း ကလည်း သိပ်မရှိသေးတဲ့ အချိန်ဆိုတော့။ ကိုယ့်မှာရှိတဲ့ တခြားသူငယ်ချင်းတွေကိုလည်း သွားမပြောရဲသေးတဲ့ အချိန်ပေါ့နော်။ တော်တော်တော့ ခက်ခဲတဲ့ အချိန်ကာလတခုပေါ့နော်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ ဘယ်လိုမှ ပြောင်းလဲလို့ မရဘူးဆိုတာကို မေမေက သိလာတဲ့အချိန်ကျတော့ အန္တရာယ်မဖြစ်အောင် နေ၊ လူတွေနဲ့ အဆင်ပြေအောင်၊ လူတွေကို မထိခိုက်အောင်နေ ဆိုပြီး အဲဒါကိုပဲ အမေက အဓိကမှာတယ်။ ပြီးတော့ လူတွေ အမြင်ကတ်အောင် မနေနဲ့၊ လူတွေရဲ့ နှိမ်စရာဖြစ်မယ့် အနေအထားထိ ရောက်အောင် မနေနဲ့ဆိုပြီး လည်း မှာတယ်။ ဆိုတော့ သူလက်ခံနိုင်ဖို့အထိတော့ တော်တော်လေးတော့ ကြာတာပေါ့။ ဒါပေမယ့်လည်း အနည်းနဲ့အများတော့ အချိန်အတိုင်းအတာတခုထိတော့ စောင့်ခဲ့ရတာပေါ့နော်။ 

ကိုယ့်ကို လက်ခံလာဖို့ Plan တွေ ဘာတွေချပြီး လုပ်ခဲ့တာမျိုးကော ရှိခဲ့သေးလားဗျာ့။
ကိုနေဦးလွင်။    ။ (ရယ်လျက်)….. အဲလိုတော့ မရှိခဲ့ဘူးဗျာ့။ ဒါပေမယ့် မေမေ့ကိုတော့ တတ်နိုင်သမျှ ပြောပြတာပေါ့ နော်။ သူ မခေါ်ဘူးဆိုရင်လည်း ကိုယ်ကပဲ စကားလေးဘာလေး ပြောတယ်။ သွားပြီးတော့ လုပ်ပေးစရာ ရှိတာ တွေကိုလည်း လုပ်ပေးတယ်။ အဲလိုမျိုးလေးတွေတော့ ရှိခဲ့တာပေါ့။ ဒါပေမယ့် ထွေထွေထူးထူး Plan ကြီးတွေ ချပြီး ကိုယ့်ကို လက်ခံလာအောင် လုပ်ခဲ့တာတော့ မရှိခဲ့ဘူး။ အိမ်အလုပ်ရှိရင်လည်း အိမ်အလုပ်၊ အဲဒီတုန်းက ကျနော်က သင်တန်းတွေ တက်နေတယ်ဆိုတော့ သင်တန်း ပုံမှန်တက်တာမျိုးတွေ အဲဒီလိုမျိုး ကျနော့်ဖက်က လုပ်စရာရှိတဲ့ အလုပ်တွေကို မပျက်မကွက် လုပ်ရင်းကနေ ကျနော့်အပေါ် နားလည်လာတယ်လို့ ထင်ပါတယ်။ 

ကိုယ့်ရဲ့ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေကကော ဘယ်လိုမျိုး ကိုယ့်ကို တုံ့ပြန်မှုတွေ ရှိခဲ့လဲ။
ကိုနေဦးလွင်။    ။ ကျနော့် ဆွေမျိုးတွေကတော့ တော်တော်များများက မသိကြသေးဘူး။ ဒါပေမယ့် သူငယ်ချင်းတွေက တော့ အကုန်လုံးပဲလို့ ဆိုကြပါစို့။ သိကြပါတယ်။ ဒါကြီးက ကွယ်ဝှက်ထားစရာ ကိစ္စမဟုတ်ဘူးလို့ပဲ ကျနော် ထင်တယ်။ မပြောမိသေးတာတွေ ရှိရင်လည်း စကားမစပ်လို့ မပြောမိသေးတာပဲ ရှိပါတယ်။ စစချင်းတော့ သူ တို့တွေ အံ့ဩသွားကြတယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ သူတို့ လက်ခံလာကြပါတယ်။ ကျနော်တို့တွေကြား ထဲမှာ အတားအဆီးဆိုတာ မရှိတော့ဘူး။ အဲဒါတွေအတွက် အချိန်အတိုင်းအတာ တခုထိတော့ ယူရမယ်ဗျ။ 

လိင်တူချစ်သူတယောက်အနေနဲ့ ကိုယ့်ရဲ့လိင်စိတ်ခံယူမှုအမှန်ကို အမှန်အတိုင်း၊ ဂုဏ်သိက္ခာအပြည့်၊ သတ္တိရှိရှိ နဲ့ လက်ခံနိုင်ဖို့ဆိုတာ ဘယ်လောက် အတိုင်းအတာအထိ အရေးကြီးတယ်လို့ ယူဆပါသလဲခင်ဗျား။
ကိုနေဦးလွင်။    ။ လူတစ်ယောက်က ကိုယ့်ကိုယ်ကိုတောင် လက်မခံနိုင်ဘူးဆိုရင် တစ်ခြားသူတွေကို လက်ခံဖို့ဆိုတာ တော်တော်လေးတော့ ခက်ခဲသွားပြီပေါ့။ ကိုယ့်ကိုယ်ကိုတောင်မှ ဂရုမစိုက်တဲ့သူဟာ တစ်ခြားသူတွေကိုလည်း ဂရုစိုက်တတ်မှာ မဟုတ်ဘူး။ ကျနော်ကတော့ ဒီအချက်ကို ဂရုစိုက်တယ်ပေါ့နော်။ ဆိုတော့ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့သည် ကိုယ့်ကိုယ်ကို သိဖို့၊ လက်ခံဖို့ပါပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကို သိဖို့ လက်ခံဖို့အဆိုတာ အရင် အရေးကြီးပါတယ်။ ကိုယ် ဂေးတယောက်ပါ ဆိုတာကို ကိုယ့်ကိုယ်ကို သိတယ်၊ လက်ခံတယ်ဆိုရင် ဘယ်လို နေထိုင်ရမယ်၊ ဘယ်လိုပြုမူရမလဲဆိုတာကို နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်လာမှာပေါ့။ အဲလိုမျိုး ဂရုစိုက်တတ်လာခြင်းအားဖြင့် ပတ်ဝန်းကျင်မှာလည်း ကျနော်တို့အနေနဲ့ အဆင်ပြေစွာနဲ့ နေထိုင်နိုင်မယ်ပေါ့ နော်။ ကျန်းမာရေးအပိုင်းက ကြည့်မယ်ဆိုရင်လည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းအားဖြင့် ကျနော်တို့ လိင်တူချစ် သူတွေကြားထဲမှာ ဖြစ်နေတဲ့ HIV/ AIDS ရောဂါ ကူးစက်မှုနှုန်းဟာလည်း ကျဆင်းလာနိုင်မှာပေါ့နော်။ 

လိင်တူချစ်သူတစ်ယောက်အနေနဲ့ သူ့ရဲ့ အနာဂတ်ဘဝအတွက် ကိုယ့်ရဲ့ မိသားစု ဆွေမျိုးအသိုင်းအဝိုင်းဆီက နေ နားလည်လက်ခံပေးနိုင်မှု ရရှိဖို့ဆိုတာ ဘယ်လောက်အထိ အရေးကြီးတယ်လို့ ယူဆပါသလဲ ခင်ဗျား။
ကိုနေဦးလွင်။    ။ လူတစ်ယောက်ဟာ သူ့ပတ်ဝန်းကျင်က သူ့ကို လက်မခံနိုင်တော့ဘူးဆိုရင် သူဟာ တဖြည်းဖြည်းနဲ့ လူ့ပတ်ဝန်းကျင်ရဲ့ အပြင်ဖက်ကို ရောက်သွားမယ်ပေါ့နော်။ အဲဒီအခါကျတော့ နောက်ပိုင်း ဘာဖြစ်လာမလဲဆို တော့ သူ အထီးကျန်ဆန်လာမယ်။ အထီးကျန်ဆန်လာပြီးရင် သူ့စိတ်ထဲရှိတာတွေကို ကို မစဉ်းစားပဲ လျှောက် လုပ်တော့မယ်။ လောကကြီးကို အရွဲ့တိုက်မယ်။ ကျန်းမာရေးမှာဆိုရင်လည်း ကွန်ဒုံး မသုံးတာမျိုးပေါ့။ ဆိုတော့ အဲလိုမျိုး လူတွေ များလာပြီဆိုရင် ကျနော်တို့ ပတ်ဝန်းကျင်အနေအထားဟာ ပိုပြီးတော့ ထိန်းချုပ်ရတာ နည်း နည်း ခက်သွားလိမ့်မယ်ပေါ့နော်။ ပတ်ဝန်းကျင်အနေနဲ့ လိင်တူချစ်သူတွေကို လက်ခံပါလို့တော့ ကျနော်က မပြောလိုဘူး။ သို့သော် ဒီလူတစ်ယောက်အပေါ် လူကို လူလိုသာ မြင်ပေးဖို့ပါ။ 

မိဘတွေ၊ ဆွေမျိုးတွေအနေနဲ့ ကိုယ့်ရင်သွေးရဲ့ လိင်စိတ်ခံယူမှု ကွဲပြားတာကို ဘာဖြစ်လို့ လက်မခံနိုင်တာလဲ လို့ ယူဆပါသလဲ။
ကိုနေဦးလွင်။    ။ ဂေးဖြစ်တာ မကောင်းဘူး၊ အရင်ဘဝက သူများသားမယားကို ဖျက်ဆီးခဲ့လို့ ဒီဘဝမှာ ဝဋ်ကြွေးအနေနဲ့ ခံစားနေရတာ ဖြစ်တယ်လို့ ဘာသာရေးအရ အဆုံးအမတွေကြောင့် ဖြစ်မယ်လို့ ယူဆပါတယ်။ အဲဒီအယူအဆ တွေက မိဘတွေအနေနဲ့ သူတို့ကလေးတွေကို လမ်းညွှန်ဆုံးမတဲ့နေရာမှာ လမ်းမှားကို ရောက်စေတယ်လို့ မြင် ပါတယ်။ ကျနော်တို့ အယူအဆအရတော့ ဒါဟာ မမှန်ဘူးလို့ ဆိုချင်ပါတယ်။ နောက်တစ်ခု ကျနော်တို့ မြန်မာ ပြည်မှာက သားယောက်ျားလေးဆိုရင် မြင့်မြတ်တယ်လို့ ယူဆထားတော့ ဂေးဖြစ်သွားပြီ ဆိုလိုက်လို့ရှိရင် မိန်းမ ဖြစ်သွားပြီလို့ သူတို့က တသမတ်တည်း ယူဆလိုက်ကြတာ။ အခြောက်တဲ့၊ ဂေးတဲ့ဆိုရင် လူတွေက မိန်းမပုံတွေ ကိုပဲ မြင်နေတတ်ကြတာ။ အမှန်တကယ်ကတော့ မဟုတ်ပါဘူး။ ဂေးဖြစ်တယ်ဆိုတာ မိန်းမစိတ် ပေါက်တာ မဟုတ်ဘူး။ ဒါပေမယ့် တခြား လိင်ကွဲတစ်ယောက်ကို စိတ်မဝင်စားပဲ ကိုယ်နဲ့ လိင်တူတစ်ယောက်ကို စိတ်ဝင် စားတဲ့ သဘောမျိုး။ အဲလို အယူအဆပိုင်းမှာ ကွဲပြားနေလို့၊ နားလည်မှုလွဲနေလို့ မိဘတွေအနေနဲ့ သားသမီး တွေကို ဆုံးမတဲ့နေရာမှာ လမ်းလွဲနေတယ်လို့ ကျနော် ထင်ပါတယ်။

သာယာငြိမ်းချမ်းတဲ့ မိသားစုဘဝ (Harmony and Peace in Family) ဖြစ်အောင် ဘယ်လို လုပ်သင့်တယ် ဆိုတာကိုလည်း ပြောပြပါဦး။ သိတဲ့အတိုင်းပဲလေ။ သူငယ်ချင်းပဲ ရွေးပေါင်းလို့ ရတယ်။ မိသားစုဆိုတာက ရွေးချယ်လို့မှ မရတာကိုး…။
ကိုနေဦးလွင်။    ။ အတိုချုပ်ပြောရမယ်ဆိုရင် အပြန်အလှန် နားလည်ပေးမှုပေါ့နော်။ အမေကလည်း သားကို နားလည် ပေးမယ်၊ သားကလည်း အမေ့ကို နားလည်ပေးမယ်ဆိုရင် ဒီ ငြိမ်းချမ်းတဲ့ မိသားစုဆိုတာ ဖြစ်လာမှာပေါ့နော်။ ဒါကို အကျယ်ချဲ့လိုက်ရင်တော့ အများကြီး ဖြစ်လာမှာပါ။ တော်တော်များများ Come Out ဖြစ်လာကြတဲ့ ဂေးတွေကို လေ့လာကြည့်မယ်ဆိုရင် မိသားစုနဲ့ အဆင်ပြေအောင် နေတတ်ကြတယ်၊ သူတို့ရဲ့ လူမှုဘဝတွေ မှာလည်း အဆင်ပြေအောင် နေတတ်ကြတယ်ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ နောက်ပြီး ဝင်ငွေတခုခုရတဲ့ အလုပ်တခုခုကို လုပ်ကိုင်ရင်း လူအထင်သေး မခံရအောင် နေကြတာကို တွေ့ရတာပေါ့နော်။ မိသားစုအနေနဲ့ ကိုယ့်ကို ဘာဖြစ်လို့ ဂေးမဖြစ်စေချင်တာလဲ။ လူအထင်သေး ခံရမှာစိုးလို့ ဂေး မဖြစ်စေချင်တာ။ အဲတော့ ကိုယ့် အနေနဲ့ အဲဒါကို နားလည်အောင် ကြိုးစားပြီးနေမယ်ဆိုရင် အပြန်အလှန် နားလည်မှု ရသွားပြီပေါ့။ ကလက် တက်တက်နဲ့ နေရာတကာ ဝင်ပါနေတာ၊ မိန်းမပုံကြီးတွေ ဝတ် မထော်ကြီးတွေလုပ်ပြီး နေတာမျိုးတော့ မဖြစ် သေးဘူးပေါ့။ အဲဒါမျိုးလေးတွေကို ရှောင်နိုင်မယ်ဆိုရင် ပတ်ဝန်းကျင်နဲ့ သဟဇာတ  ဖြစ်သွားလိမ့်မယ်လို့ ထင်ပါ တယ်။ 

တခြား Come Out ဖြစ်ဖို့ ကြိုးစားနေတဲ့ သူတွေအတွက်ကော ဘယ်လို စကားမျိုးလေး ပါးချင်ပါသေးလဲ ခင်ဗျား။        
ကိုနေဦးလွင်။    ။ ကိုယ့်ကိုယ်ကို လက်မခံနိုင်ရင် ကိုယ့်အတွက်ရော၊ ပတ်ဝန်းကျင်အတွက်ပါ ဘယ်လိုမျိုး သက်ရောက်မှု တွေ ဖြစ်လာနိုင်သလဲဆိုတာကို ကျနော် ပြောပြီးသွားပါပြီ။ အဲတော့ ကိုယ့်ကိုယ်ကို လက်ခံပါ။ ကိုယ့်ကိုယ်ကို လက်ခံပြီးရင် Social Life မှာ တခြားလုပ်စရာ အလုပ်တွေ အများကြီးကို  အားငယ်စရာ မလိုပဲ အတတ်နိုင်ဆုံး ကြိုးစားပြီး လုပ်ပါ။ တော်တော်များများက ထင်တတ်ကြတယ်။ ဂေးဖြစ်တယ်ဆိုတာကို ဖွင့်ပြောလိုက်ရင် ငါက တော့ ငါ့သူငယ်ချင်းတွေနဲ့ အဆက်အသွယ် လုပ်လို့ရတော့မှာ မဟုတ်တော့ဘူး။ ငါ့ကို လူတွေက ဝိုင်းပယ်ကြ လိမ့်မယ်။ အဲလိုမျိုး ထင်နေကြတယ်။ အဲလို မဟုတ်ပါဘူး။ ကိုယ်ကသာ တကယ် Come Out ဖြစ်ပြီး ဥပမာ- ကိုယ့်သူငယ်ချင်းတွေကို ပြောလိုက်နိုင်ပြီဆိုရင် ဩော်…. သူ ငါ့ကို တကယ် ယုံကြည်လို့ ပြောတာပါလားဆိုပြီး သူတို့နဲ့ ကိုယ့်ကြားမှာ စည်းဆိုတာ မရှိတော့ဘူး။ စည်းဆိုတာ မရှိတဲ့အတွက် သူတို့နဲ့ ကိုယ့်ကြားမှာ ပိုမိုပွင့် လင်းလာမယ်လို့ ယုံကြည်ပါတယ်။ ဆိုတော့ နံပါတ်တစ်က ကိုယ့်ကိုယ်ကို လက်ခံဖို့၊ နံပါတ်နှစ်က ပတ်ဝန်းကျင် နဲ့ သဟဇာတဖြစ်အောင် ကြိုးစားပြီး လုပ်နိုင်မယ်ဆိုရင် အဆင်ပြေသွားပါလိမ့်မယ်လို့ ပြောချင်ပါတယ်။ 

No comments: