Wednesday, August 27, 2014

လိင်တူချစ်သူတွေကြားထဲမှာ ဥပဒေနဲ့ ပတ်သက်ပြီး အသိပညာပေးမှုတွေကို လုပ်ဆောင်ဖို့ လိုတယ်ဆိုတဲ့ ဦးဇော်ကြီးနဲ့ တွေ့ဆုံခြင်း




အခုတင်ဆက်မယ့် In & Out ကဏ္ဍအတွက် တွေ့ဆုံမေးမြန်းဖို့ စီစဉ်ထားသူကတော့ မြန်မာနိုင်ငံ အလယ်ပိုင်း မလှိုင်မြို့မှာနေတဲ့ ရှေ့နေကြီး ဦးဇော်ကြီး ဖြစ်ပါတယ်။ ဦးဇော်ကြီးဟာ ငယ်စဉ်ကတည်းက ပွင့်ပွင့်လင်းလင်း လိင်တူချစ်သူတဦးဖြစ်ပြီး လုပ်ငန်းခွင်ထဲမှာလည်း လိင်တူချစ်သူတဦးအဖြစ် ရပ်တည်ကာ ဥပဒေပညာနဲ့ အသက်မွေး ရပ်တည်နေသူ ဖြစ်ပါတယ်။ ၎င်းအပြင် ဦးဇော်ကြီးဟာ မြန်မာနိုင်ငံ လိင်တူချစ်သူများ အခွင့်အရေး ကွန်ယက်အဖွဲ့မှာလည်း ဥပဒေဆိုင်ရာ အကြံပေးအဖြစ် ဆောင်ရွက်နေသူတဦးလည်း ဖြစ်ပါတယ်။

ပွင့်ပွင့်လင်းလင်း လိင်တူချစ်သူတဦးအဖြစ် ဘယ်အရွယ်လောက်ကတည်းက စတင်သိရှိ လက်ခံခဲ့သလဲ။
ဦးဇော်ကြီး။      ။ ကျနော်က လေးတန်းကျောင်းသား အရွယ်လောက်ကတည်းက ကိုယ့်ကိုယ်ကို လိင်တူချင်းကိုပဲ စိတ် ဝင်စားတဲ့သူတယောက် ဖြစ်တယ်ဆိုတာကို လက်ခံခဲ့ပါတယ်။

လိင်တူချစ်သူတယောက်အဖြစ် နေထိုင်ခဲ့တဲ့အပေါ် ဘယ်လို အခြေအနေမျိုးတွေနဲ့ ရင်ဆိုင်ခဲ့ရလဲ။
ဦးဇော်ကြီး။      ။ လက်ခံလိုက်တော့ ကျောင်းသားအချင်းချင်းအပေါ်မှာ ကိုယ်က သိပ်တော့ သတိမထားမိဘူး။ ဆရာ တွေကတော့ ကျနော့်အပေါ်မှာ ရယ်စရာတယောက်လိုပဲ သဘောထားတယ်။ ဒါပေမယ့် ကျနော်က အဲဒီအပေါ် မှာ သိပ်ပြီးတော့ အရေးမစိုက်ခဲ့ပါဘူး။ အထူးသဖြင့် ကျနော်က အမေကို ချစ်တော့ အမေ စိတ်ဆင်းရဲမှာကို သိပ်စိုးရိမ်တယ်။ ကိုယ့်ကြောင့် အမေ စိတ်ဆင်းရဲမှာကို ကြောက်တော့ အမြဲတမ်း ထိန်းထိန်းသိမ်းသိမ်းနဲ့ နေ တယ်။ ဒါပေမယ့် အမေကတော့ မပြောဘူးပေါ့လေ။ နောက်ပြီး ကျနော်က ယောက်ျားချင်း စိတ်ဝင်စားတဲ့ သူတွေ အများစု စိတ်ဝင်စားလေ့ရှိတဲ့ ဇာထိုးပန်းထိုး၊ မိတ်ကပ်ပြင် အလုပ်တွေကို စိတ်မဝင်စားဘူး။ ကျနော်က စာဖတ်တာ ဝါသနာပါတယ်။ ငယ်ငယ်လေးကတည်းက စာ တော်တော်ဖတ်တယ်။

ဆရာဆရာမတွေက ကိုယ့်ကို ရယ်စရာတယောက်လို သဘောထား ဆက်ဆံခဲ့တဲ့အပေါ် ဘယ်လိုမျိုး ကျော်လွှားခဲ့လဲ။
ဦးဇော်ကြီး။      ။ ကျနော်က စာတော်အောင် ကြိုးစားတယ်။ စာတော်တာက ကျန်တဲ့ အမှားအယွင်းတွေ၊ အသေးအဖွဲ့ လေးတွေကို ဖုံးသွားစေနိုင်တယ်။ ဖုံးလွှမ်းသွားတော့ ကိုယ့်ကို အခြောက်တယောက်လို့ မမြင်တော့ပဲ စာတော် တဲ့ ကျောင်းသားတယောက်လို့ မြင်လာတယ်။ နောက်ပြီး ကျနော်က အကျင့်စာရိတ္တနဲ့ ပတ်သက်ပြီး အစွန်း ကွက် မရှိအောင် နေတယ်။ အကျင့်စာရိတ္တကို ထိခိုက်စေတဲ့ အကြောင်းအရာအားလုံး၊ ဥပမာ ခိုးတာ၊ လိမ်တာ၊ သူများတွေအပေါ် ကလိမ်ကကျစ်ကျတာတွေ အားလုံးကို မလုပ်မိအောင် ကြိုးစားတယ်။ အဲဒီလို အခြောက် တွေအပေါ်မှာ အရုပ်ဆိုးစေမယ့် အလုပ်မျိုးတွေကို ကျနော် ဘာမှ မလုပ်ဘူး။ နောက်ပြီး ကျနော် အားကစား နယ်ပယ်မှာလည်း ပါဝင်ပြီး ထူးချွန်အောင် ကြိုးစားခဲ့တယ်။ ရေကူးအားကစားမှာဆို ကျနော် ဆုတံဆိပ်တွေ တောင် ရခဲ့ဖူးတယ်။

လိင်တူချစ်သူတဦးအနေနဲ့ ကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာ ကြုံတွေ့ရတဲ့ အခြေအနေတွေကို ပြောပြပါဦး။
ဦးဇော်ကြီး။      ။ လိင်တူချစ်သူဆိုပြီး ခွဲခြားတယ်ဆိုတာထက် လုပ်ငန်းခွင် နယ်ပယ်မှာ ကိုယ့်ရဲ့ တော်ခြင်း၊ မတော်ခြင်း ကို ကြည့်ကြတယ်။ အဲဒီတော့ ကျနော်က လုပ်ငန်းခွင်မှာ ရှေ့နေဆို ရှေ့နေပေါ့၊ တော်အောင် ကြိုးစားတယ်။ ကျွမ်းကျင်အောင် လုပ်တယ်။ အဲဒါလေးတွေက ကိုယ့်ကို ကာဗာဖြစ်စေတယ်။ ရှိတာတော့ ရှိမှာပေါ့လေ။ အခြောက်ပုံစံဆိုတော့ ကိုယ့်ရဲ့နောက်ကွယ်မှာ ပြောကြ၊ ဆိုကြလိမ့်မယ်။ ဒါပေမယ့် ဥပဒေနဲ့ ပတ်သက်လာတာ တို့၊ အကြံပေးချက်တွေနဲ့ ပတ်သက်လာလို့ ရှိရင်တော့ ကိုယ့်ဖက်က ကျွမ်းကျင်နေအောင် ပြင်ထားတယ်။ ကိုယ့် ကို အထင်မသေးရဲဘူး။

လိင်တူချစ်သူဖြစ်လို့ ဖိအားတော့ ရှိတာပေါ့။ ကျနော်နဲ့ ထိတွေ့နေတဲ့ ယောက်ျားတွေကို ကြည့်လိုက်ရင် ကျနော်က သူတို့ထက် နည်းနည်းမြင့်နေတယ်။ အဲဒီတော့ သူတို့ဆီက ကိုယ့်အပေါ် အနိုင်ကျင့်စော်ကားလာမှာ၊ လှောင်ပြောင်မှာ၊ သရော်မှာတို့ကို မပူရဘူး။ ခွဲခြားဆက်ဆံမှုတွေဆိုတာ ကိုယ့်ကြောင့် ဖြစ်လာတာ။ ခွဲခြားနှိမ့်ချ ဆက်ဆံမှုတွေဆိုတာ ကိုယ်မကောင်းရင် ဖြစ်မှာပဲ။ ကိုယ် ကောင်းရင် ပြဿနာ မရှိဘူး။ အခု ကျနော် ရုံးတက်ရင် တိုက်ပုံအင်္ကျီအနက်လေးနဲ့ ရုံးတက်တယ်။ ဘယ်သူ့မှ မစော်ကားရဲဘူး။ ဒါပေမယ့် ဒီနေရာမှာ ဘော်လီကြီးတွေ ဝတ်ပြီး တက်လာမယ်ဆိုရင်တော့...........။ အဲဒီ Education ကို ကျနော်က နက်နက်နဲနဲကို သဘောပေါက်ထားတယ်။ စဉ်းစားကြည့်လေ။ ရှေ့နေကြီးက မိန်းမပုံကြီးကို ဝတ်သွားမယ်ဆိုရင် ဘာညာဆိုပြီး ဖြစ်လာမယ်။ လူတွေက ကိုယ့်ကို အထင်မကြီးလာနိုင်တော့ဘူး။ အထင်မကြီးရင်တောင် မယုံကြည်နိုင်ဘူး။ တကယ်လို့ ကိုယ်သာ သင့်တော်တဲ့ ဝတ်စားဆင်ယင်မှုမျိုးကို ပြုလုပ်သွားမယ်ဆိုရင် ဘယ်သူပဲဖြစ်ဖြစ် ရှိန်သွား မှာပဲ။

ပညာရေးက သိပ်အရေးကြီးတယ်လို့ ပြောသွားခဲ့တယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် တပိုင်းတစနဲ့ ကျောင်းထွက်ခဲ့ရတဲ့ သူတွေ ရှိကြတယ်။ အကြောင်းအမျိုးမျိုးဆိုတာက အထူးသဖြင့် ကျောင်းထဲ ကျောင်းသားတွေ အချင်းချင်းကြား ခွဲခြားဆက်ဆံခံရတာတွေ၊ ဆရာ၊ ဆရာမတွေရဲ့ ခွဲခြားတဲ့ အပြုအမှုတွေ အပါအဝင်ပေါ့။ အဲဒီအပေါ်မှာကော ဘယ်လိုမြင်ပါသလဲ။
ဦးဇော်ကြီး။      ။ လိင်ကွဲချင်း စိတ်ဝင်စားသူတွေပဲဖြစ်ဖြစ်၊ လိင်တူချင်း စိတ်ဝင်စားသူတွေပဲဖြစ်ဖြစ်၊ ကျားကျား မမ လူသားတိုင်းရဲ့ ရှင်သန်မှုမှာ ပထမဦးဆုံး အရေးကြီးတဲ့အချက်က မျိုးရိုးဗီဇနဲ့ ဆိုင်တယ်။ ဒုတိယအချက်က ကိုယ်တိုင် လေ့လာတတ်တဲ့ လေ့လာနိုင်စွမ်းအားနဲ့ ဆိုင်တယ်။ တတိယအချက်က ပတ်ဝန်းကျင်နဲ့ ဆိုင်တယ်။ အဲတော့ အခု ခင်ဗျားပြောတဲ့အချက်က ပတ်ဝန်းကျင်နဲ့ ဆိုင်နေတယ်။ ကိုယ်က ပထမဦးဆုံး နှစ်ချက်မှာ အားကောင်းနေတယ်ဆိုရင် ပတ်ဝန်းကျင်ဆိုတဲ့ဟာကို သိပ်ပြီး ခေါင်းထဲမှာ ထည့်မစဉ်းစားစေချင်ဘူး။ ကိုယ်က ပတ်ဝန်းကျင်ရဲ့ ရိုတ်ခတ်မှုကို နာပြီး အရေးတယူ လုပ်နေမယ်ဆိုရင် ကိုယ့်ရဲ့ တက်စရာရှိတဲ့ ခြေလှမ်းတွေဟာ အကုန် ပျက်သွားလိမ့်မယ်။ နောက်တခါ သင်ကြားလေ့လာမှုဆိုတာက ကိုယ်တိုင်လေ့လာပြီး ကိုယ်တိုင် ကြိုးစားရတာ။ အဲတော့ ပတ်ဝန်းကျင်ရဲ့ ရိုတ်ခတ်မှုအောက်မှာ လည်စင်းခံနေမယ်ဆိုရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါက ပညာရေးတင် ပြောတာ မဟုတ်ဘူး။ စီးပွားရေးကော၊ လူမှုရေးကော အကုန်လုံးပဲ။ ဒီတော့ ကျောင်းမနေဘူး၊ နေတယ်ဆိုတာက ပတ်ဝန်းကျင်ကို ကြည့်လိုက်။ ပတ်ဝန်းကျင်ဆိုတဲ့နေရာမှာ ကလေးရဲ့ ပတ်ဝန်းကျင်၊ အချင်းချင်း ပတ်ဝန်းကျင်၊ သူငယ်ချင်း၊ မိဘ၊ ဆွေမျိုးအသိုင်းအဝိုင်းဆိုတာ ရှိတယ်။ အဲဒီ ပတ်ဝန်းကျင်ရဲ့ ဖိနှိပ်မှုဒဏ်တွေကို ခံရတယ်ဆိုရင် အဲဒီလူက နစ်နာတာပါပဲ။ သို့သော် အဲဒါတွေက လိင်တူချစ်သူတွေမှ မဟုတ်ဘူး။ တခြား လိင်ကွဲချစ်သူ မိန်းမ၊ ယောက်ျားတွေမှာလည်း ရှိပါတယ်။ သို့သော် အခြောက်တွေမို့လို့ အထူးဖြစ်တယ်ဆိုတဲ့ ကိစ္စကတော့ နည်းနည်းတော့ ထိလွယ်ရှလွယ်တယ်။ (၁၅) နှစ် ကျော်ကျော် ကျောင်းပြီးတဲ့အထိ ကျောင်းတက်စဉ်ကာလမှာ ကျနော်တို့လည်း ကြုံခဲ့တာပဲ။ ဒါပေမယ့် ကျနော် တို့ကတော့ ဒီဟာတွေတွေဆို ဖြုံကို မဖြုံဘူး။

ဥပဒေဆိုင်ရာ နယ်ပယ်က ပုဂ္ဂိုလ်တဦးအနေနဲ့ လိင်တူချစ်သူတွေကိုရည်ရွယ်ပြီး ဖိနှိပ်ပြဌာန်းထားတဲ့ ဥပဒေပုဒ်မ ၃၇၇ ဆိုတာ ရှိနေပါတယ်။ အဲဒီ ပုဒ်မ ၃၇၇ အကြောင်းကို ပြောပြပါဦး။ 
ဦးဇော်ကြီး။      ။ ဥပဒေဆိုတာက တိုင်းပြည်တပြည်လုံးမှာရှိတဲ့ တိုင်းသူပြည်သားအားလုံးကို ငြိမ်းချမ်းအောင်၊ လုံခြုံအောင် သတ်မှတ်ထားတဲ့ဟာလို့ ယူဆတယ်။ ကျနော်က ဒီဥပဒေပညာကို အင်မတန် မြတ်နိုးတယ်။ လေးစားတယ်။ ဥပဒေရဲ့အောက်မှာ ဘယ်သူပဲဖြစ်ဖြစ် တတန်းစားတည်း ရှိနေဖို့ အရေးကြီးတယ်။ သို့သော် ဒီနေရာမှာ ဖိနှိပ်တယ်ဆိုတဲ့ အသုံးအနှုန်းကိုတော့ ကျနော့်အနေနဲ့ သိပ်တော့ သဘောမတူလှဘူး။ ဥပဒေထဲမှာ ရှိနေမယ်ဆိုရင် ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ်၊ အခြောက်ပဲဖြစ်ဖြစ် ဥပဒေဟာ ဥပဒေပါပဲ။ တကယ် စဉ်းစားမယ် ဆိုလို့ရှိရင် ဥပဒေဟာ အားလုံးအတွက်ပါ။ ခင်ဗျားအတွက်လည်း ဒီဥပဒေ၊ ကျနော့်အတွက်လည်း ဒီဥပဒေပဲလေ။ ဒီနေရာမှာ ကျနော်ဆိုလိုချင်တာက သိပ်ဖိနှိပ်တယ်လို့တော့ မဆိုလိုဘူး။ ဒါပေမယ့် ဒီ ပုဒ်မ ၃၇၇ ကတော့ မလိုအပ်ဘူးလို့ ယူဆတယ်။ အဲဒါကို ထပ်ပြောမယ်။

ဘာလို့လဲဆိုတော့ ၃၇၇ ထဲမှာ ဓမ္မတာနဲ့ ဆန့်ကျင်သော ပြစ်မှု (Unnatural Offensive) ဆိုတာကို ပြောထားတယ်။ ဓမ္မတာနဲ့ ဆန့်ကျင်သော ပြစ်မှုဆိုတဲ့အခါမှာ ဓမ္မတာနဲ့ ဆန့်ကျင်တယ်ဆိုတဲ့အပိုင်းကို Definition (အဓိပ္ပါယ်) မဖွင့်ဘူး။ ဘယ်လိုဟာကို ဓမ္မတာနဲ့ ဆန့်ကျင်တာလဲ။ ဥပမာအားဖြင့် Anal Sex (စအို ဖြင့် လိင်ဆက်ဆံခြင်း) ဆိုလို့ရှိရင် ဓမ္မတာနဲ့ ဆန့်ကျင်တာလား။ Oral Sex (ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း) ဆိုလို့ ရှိရင် ဓမ္မတာနဲ့ ဆန့်ကျင်တာလား။ ဒါမှမဟုတ်ရင် Masturbation (တကိုယ်ရေ အာသာဖြေခြင်း) လုပ်တာကို ဓမ္မတာနဲ့ ဆန့်ကျင်တာလား။ ဒါမှမဟုတ် ယောက်ျားချင်း ပူးကပ်ပွတ်သပ်နေတာကို ဓမ္မတာနဲ့ ဆန့်ကျင်တာလား ဆိုတဲ့ဟာကို မဖွင့်ဆိုထားဘူး။ Definition မရှိဘူး။ မရှိတဲ့အခါကျတော့ တခုခု တစုံတရာကို တွေ့လိုက်တယ် ဆိုရင် ဒါဟာ ဓမ္မတာနဲ့ ဆန့်ကျင်တယ်လို့ သမုတ်လိုက်တယ်။ ဓမ္မတာနဲ့ ဆန့်ကျင်တယ် ဆိုတဲ့အထဲမှာ နောက် တခါ ထူးခြားချက်တခုက တိရစ္ဆာန်နဲ့ လူသား consummation လုပ်လို့ရှိရင် ဓမ္မတာနဲ့ ဆန့်ကျင်တယ်လို့ တပ် တယ်။ တိရစ္ဆာန်နဲ့ consummation ဆိုတာ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ဓမ္မတာနဲ့ ဆန့်ကျင်တယ်။

ဓမ္မတာနဲ့ ဆန့်ကျင်တယ်ဆိုတဲ့ကိစ္စက ၃၇၇ လို့ သတ်မှတ်ထားပေမယ့်လို့ အဲဒီမှာ သက်သေခံ အထောက်အထားတွေ ပြည့်စုံဖို့ရန်အတွက်ကတော့ မလွယ်ဘူး။ ဥပမာအနေနဲ့ ပြောပြရမယ်ဆိုရင် လိင်တူ ဆက်ဆံတယ်ဆိုတာ လူကြားထဲမှာ လုပ်တာ မဟုတ်ဘူး။ ချောက်ကြိုချောင်ကြားထဲမှာ လုပ်ကြတာ။ ချောက် ကြိုချောင်ကြားထဲမှာ လုပ်တဲ့ကိစ္စတခုက သက်သေခံ အထောက်အထား ဖြစ်ဖို့ရန်အတွက်ဆိုတာ မလွယ်ဘူး။ အကယ်၍ မိလာပြီဆိုရင် အမြန်ဆုံး ဆေးစစ်ရမယ်။ နောက်ပြီး ဆက်ဆံခံထားရတဲ့ အရာ (စအို) ကိုလည်း ဆေးစစ်ရမယ်။ ဆေးစစ်လိုက်လို့ စအိုမှာ ဒဏ်ရာဒဏ်ချက်တွေ ရှိတယ်၊ သုတ်တွေ ရှိနေတယ်ဆိုရင်၊ စုတ်ပြဲ ဒဏ်ရာတွေ ရှိတယ်၊ ယောင်ယမ်းနေတယ်ဆိုရင်တော့ သေချာသွားပြီပေါ့။ တဖက်မှာလည်း ဆက်ဆံသူရဲ့ လိင်တံမှာ လတ်တလော သုတ်လွှတ်ထားတာတို့၊ ပွန်းပဲ့တာတို့၊ စုတ်ပြတ်သပ်နေတာတို့ ရှိနေတယ်ဆိုလို့ရှိရင် ဒါကတော့ မြောက်သွားပြီ။ မြောက်တဲ့အခါမှာ ဘယ်မှာ သွားပြီး အဓိကကျသလဲဆိုတော့ အဲဒီဆေးစာက ၃၇၇ မြောက်ခြင်း၊ မမြောက်ခြင်းမှာ အရေးကြီးတယ်။ အမှုတခုကို ပြင်ဆင်ပြီး တရားစွဲဖို့ လုပ်တဲ့အခါကျတော့ အဲဒီလိုမျိုး အထောက်အထားတွေ ရဖို့ဆိုတာက အင်မတန် ခဲယဉ်းတယ်။ ဆိုတော့ ၃၇၇ ဟာ သိပ်ပြီးတော့ ပေါ်ပြူလာ မဖြစ်ပါဘူး။   ရှေ့နေလောကမှာလည်း ပေါ်ပြူလာ မဖြစ်ဘူး။ စိတ်လည်း သိပ်မဝင်စားကြဘူး။ ဖြစ် လေ့ဖြစ်ထလည်း သိပ်မရှိဘူး။

တချို့ကလည်း ပုဒ်မ (၃၇၇)ဟာ လိင်တူချစ်သူတွေအပေါ် သီးသန့်ရည်ရွယ်ပြီး ဖိနှိပ်ထားသလို ဖြစ်နေတဲ့အတွက်  လုံးဝဖျက်သိမ်းပေးဖို့အထိ ပြောနေတာ ရှိသလို တချို့ကလည်း ဒီဥပဒေကို တိကျတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်မျိုးတွေနဲ့ ပြန်လည်ပြင်ဆင်သင့်တယ်ဆိုပြီး ထောက်ပြနေကြတာ ရှိတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုမျိုး ထင်မြင်ယူဆလဲ။
ဦးဇော်ကြီး။      ။ ကျနော့်အနေနဲ့ကတော့ ပုဒ်မ ၃၇၇ ကြီးတခုလုံးကို လုံးဝဖျက်သိမ်းပစ်လိုက်မယ့်အစား အဲဒီ ဥပဒေ  အောက်မှာ တိကျတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်လေးတွေကို ထည့်သွင်းချင်တယ်။ တိကျတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက် ဆိုတဲ့နေရာမှာ ဓမ္မတာနဲ့ ဆန့်ကျင်သောဆိုတာ ဘာလဲ အဲလိုမျိုးတွေပေါ့။ အခုက ဒီဥပဒေမှာ တိကျတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ မရှိတော့ မရှင်းလင်းဘူး။ အဓိပ္ပါယ်ဖွင့်ဆိုချက် ပြတ်ပြတ်သားသား မရှိရင် ဒီဥပဒေက ယေဘုယျဆန်သွားတယ်။ ယေဘုယျဆန်သွားရင် Definite (တိကျမှု) မဖြစ်ဘူး။ Definite မဖြစ်တဲ့ ဥပဒေ ဆိုတော့ ရမ်းပြီး သုံးထားသလို ဖြစ်နေတယ်။

ပုဒ်မ ၃၇၇ ကို လုံးဝဖျက်သိမ်းပစ်လိုက်တာထက် အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ပိုမိုတိကျအောင် လုပ်ဆောင်တာက ပိုကောင်းတယ်လို့ ယူဆတယ်ပေါ့။
ဦးဇော်ကြီး။      ။ ဟုတ်တယ်။ တိကျတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို လိုချင်တယ်။ ဥပမာကွာ- ပုဒ်မ ၃၇၇ လို့သာ ပြောနေ တာပါ။ ယောက်ျားချင်းဆိုတဲ့ ဝေါဟာရ မပါဘူး။ Male to Male ဆိုတာ မပါဘူး။ Male to Animal ဆိုတာ မပါဘူး။ ဒါမှမဟုတ် Female to Female ဆိုတာမျိုးလည်း မပါဘူး။ ကိုယ်ကတော့ ပြောနေတာပဲ။ ပုဒ်မ ၃၇၇ ဘာညာ ဆိုပြီး။ ဟုတ်တယ်လေ။ ဓမ္မတာနဲ့ ဆန့်ကျင်သော ဆိုတဲ့အောက်မှာ သိမ်းကြုံးပြီးတော့ အကုန်လုံးက ပါသွားမှာလေ။ နောက်ပြီး မြန်မာပြည်တဝှမ်း မြို့ကြီးတွေမှာ လိင်တူချင်း ပေါ်ပေါ်တင်တင် လင်မယားလုပ်ပြီး နေနေကြတဲ့သူတွေ အများကြီး။ သူတို့ကိုယ်တိုင်လည်း တခြားသူတွေကို မိတ်ဆက် ပေးတတ်ကြတယ်။ ဒါ ကျမ လင်၊ ဒါ ကျမ ယောက်ျားဆိုပြီး။ အဲလိုမျိုးတွေ ရှိနေပေမယ့်လည်း ဥပဒေအရ ပြဌာန်းထားသလိုလို၊ မပြဌာန်းထားသလိုလိုမျိုး။ သူတို့တွေကတော့ တရားဝင် လုပ်ပိုင်ခွင့် ရှိသလိုမျိုးနဲ့ တကယ့်ကိုပဲ ပွင့်ပွင့်လင်းလင်း အဲလို နေနေကြတာပဲ။ မိန်းမလို ဝတ်ရမယ်၊ မဝတ်ရဘူးဆိုတာမျိုးလည်း မရှိဘူး။ ဒါပေမယ့် လူတွေကတော့ အဲသလို လုပ်နေကြတာပဲ။ အဲဒါကို ပုဒ်မ ၃၇၇ အရလည်း လုပ်ဆောင်တာမျိုး မရှိဘူး။ အဲဒီတော့ ကျနော့် အနေနဲ့ကတော့ ဒီကိစ္စအပေါ်မှာ သိပ်ပြီးလည်း မတွန်းစေချင်ဘူး။

ပုဒ်မ (၃၇၇) နဲ့ပတ်သက်တဲ့ အမှုတွေကို ကြုံတွေ့ခဲ့ရဖူးလား။
ဦးဇော်ကြီး။      ။ ဦးတို့မြို့မှာ ပုဒ်မ ၃၇၇ နဲ့ ပတ်သက်ပြီး Case တခုတော့ ရှိခဲ့ဖူးတယ်။ အဲဒီ Case တခုကလည်း အသက် (၂)နှစ်၊ (၃)နှစ်အရွယ် မိန်းကလေးတယောက်ရဲ့ အမျိုးသမီးအင်္ဂါကို တရားခံဖြစ်တဲ့သူက လက်ညှိုးနဲ့ ထိုးပြီး ဆက်ဆံခဲ့တယ်။ အမှုက ကြီးတော့ ဘယ်လိုပုဒ်မမျိုးနဲ့ တပ်ပြီး တရားစွဲမလဲဆိုတော့ အဲဒါကို ပုဒ်မ ၃၇၇ နဲ့ တပ်ပြီး တရားခွင်ကို ပို့ခဲ့တယ်။ ဒါပဲ ရှိခဲ့ဖူးတယ်။ အဲတော့ ဦးရဲ့ သက်တမ်းတလျှောက်မှာ ဦးရဲ့ ကျင်လည်ရာ နယ်ထဲမှာပေါ့နော်… ပုဒ်မ ၃၇၇ နဲ့ တရားစွဲခဲ့တာဆိုလို့ အဲဒီကိစ္စတခုပဲ ရှိခဲ့ဖူးတယ်။

လိင်တူချစ်သူ စုံတွဲတတွဲကို ပုဒ်မ ၃၇၇ နဲ့ တရားစွဲဆိုခံရမယ်ဆိုရင် လုပ်ထုံးလုပ်နည်းတွေက ဘာတွေ ရှိမလဲ။
ဦးဇော်ကြီး။      ။ ပထမဦးဆုံး အရေးကြီးတဲ့ အချက်ကတော့ သတင်းတိုင်ချက်ပေါ့။ ပြီးရင် ရဲကနေ ဖြောင့်ချက်တွေ ယူမယ်။ အဲဒီ သတင်းတိုင်ချက်နဲ့ ဖြောင့်ချက်တွေ ယူနေတဲ့ကြားထဲမှာ ဆေးစစ်ချက်တွေ ယူရမယ်။ ဆေးစစ် တဲ့အခါမှာ လိင်ဆက်ဆံထားသော ဒဏ်ရာဒဏ်ချက်တွေ၊ လိင်ဆက်ဆံထားတယ်လို့ ယူဆရတဲ့ ပုံစံတွေ၊ လက္ခဏာတွေ ရှိနေမယ်ဆိုရင် ပုဒ်မ ၃၇၇ နဲ့ အရေးယူလို့ ရတယ်။ အပေါ်မှာလည်း အတိုင်းအတာတခုအထိ ပြောခဲ့ပြီးပြီ။ လိင်ဆက်ဆံထားတယ်ဆိုတာကို အခိုင်အမာ ပြသနိုင်တဲ့ ကောင်းမွန်တဲ့ သက်သေခံ အထောက်အထားတွေ ရှိရင် အဲဒီဟာနဲ့ စွဲလို့ ရတယ်။

ပုဒ်မ ၃၇၇ အပြင် လိင်တူချစ်သူတွေကို ဒုက္ခပေး ခြိမ်းခြောက်နေတဲ့ တခြား ဥပဒေတွေလည်း ရှိသေးတယ်လို့ ပြောနေကြတယ်။ အဲဒါနဲ့ ပတ်သက်လို့ကော......။
ဦးဇော်ကြီး။      ။ လိင်တူချစ်သူတွေ ဆိုတာထက် များသောအားဖြင့် မိန်းမလျာတွေက ချောင်ခိုမယ်၊ အမှောင်ခိုမယ်၊ ပုန်းလျိုးကွယ်လျိုး နေမယ်ဆိုရင် ရဲတွေက အရေးယူမှာပဲ။ အဲဒီဟာကတော့ ရှိတယ်။ ဒါကလည်း ရဲတွေဖက် ကနေ လိုက်ပြီး ကျနော် ပြောနေတာ မဟုတ်ပါဘူး။ ရဲတွေက သူတို့ရဲ့လုပ်ပိုင်ခွင့်အရ လုပ်တာ။ မိန်းမလျာကြောင့်မို့လို့ လုပ်တာ မဟုတ်ဘူး။ တခြားတယောက်ယောက်က မိန်းမဖြစ်ဖြစ်၊ ယောက်ျားဖြစ်ဖြစ် ခိုးလိမ့်မယ်၊ ယက်လိမ့်မယ်၊ တခုခုကို လုပ်လိမ့်မယ်၊ အဲဒီအတွက် မှောင်ရိပ် ခိုနေတယ်ဆိုရင် ဘယ်သူပဲဖြစ်ဖြစ် ရဲတွေက အရေးယူလိမ့်မယ်။ အခြောက်မို့လို့ အရေးယူတယ် ဆိုတာကတော့ မဟုတ်ဘူး။ ကျနော့်ပတ်ဝန်းကျင် မှာ ဒီကိစ္စမျိုးတွေကို ကြားနေရတာပဲ။ ဘယ်မိန်းမလျာက ဘယ်လို အရေးယူခံထားရတယ်ဆိုတာ။ အဲဒီတော့ အခုနက ပြောသလိုပဲ ရဲ Act နဲ့ အရေးယူတာလောက်ပဲ ရှိတယ်။ (၄၇) တို့ (၃၅) တို့ ဘာညာဆိုတာလောက်ပဲ ရှိတယ်။ အဲဒီပုဒ်မတွေက တကယ့်တကယ် ပြောရမယ်ဆိုရင် မပြောပလောက်ပါဘူး။ ထင်လည်း မထင်ရှားဘူး။ နောက်ပြီးတော့ ပြစ်ဒဏ်ပေးမယ်ဆိုရင်လည်း ထောင်ဒဏ် (၇) ရက်ပဲ ချလို့ ရတယ်။ ဒီလိုမျိုးလေးလောက်ပဲ ရှိတယ်။

ရဲရဲ့လုပ်ပိုင်ခွင့်ဆိုတာက ဘယ်လိုမျိုးလဲ။
ဦးဇော်ကြီး။      ။ ရုံးမှာ တရားစွဲချင်တယ်ဆိုလို့ရှိရင် ရဲရဲ့ လုပ်ပိုင်ခွင့်ဆိုတာ ရှိတယ်။ နောက်တခါ အဲဒီရဲရဲ့ လုပ်ပိုင်ခွင့် ထဲမှာ လုပ်ထုံးလုပ်နည်း ဆိုတာတွေလည်း ရှိတယ်။ အဲဒီနှစ်ခုကို ပေါင်းပြီးမှ အမှုတခုကို တရားရုံးပို့ပြီး တရားစွဲလို့ ရတာ။ အဲလို ရှိတယ်။ အဲတော့ အခုနက ပြောတဲ့ ရဲအက်ဒ် (၄၇) တို့ ဘာတို့ဆိုတာက ရှင်းရှင်း ပြောရမယ် ဆိုလို့ရှိရင် ပြစ်မှုမမြောက်သေးဘူး၊ မသင်္ကာတာနဲ့ ခေါ်စစ်တာ။ ပြစ်မှုမြောက်တယ် ဆိုတာက တကယ် ထိထိရောက်ရောက် ကျူးလွန်တာ။ ပြစ်မှု မမြောက်သေးရင် ရာဇဝတ်မှုတခုကို ကျူးလွန်ရန် ကြံရွယ်ချက်နဲ့ တင်တယ်။ အဲဒါ ရှိတယ်။

ပြစ်မှုလုံးလုံးမြောက်နေအောင် ကျူးလွန်တာမျိုးလည်း ရှိတယ်။ မမြောက်သေးလို့ရှိရင် ပြစ်မှုဆိုင်ရာ ဥပဒေ ၅၁၁ ကကျတော့ ကြံစည်တာပေါ့။ ကြံစည်တာပဲ ရှိတယ်။ ကြံစည်တာနဲ့ ပြစ်မှုမြောက်တယ် ဆိုတဲ့ နေရာမှာ ကြံစည်တယ်ဆိုတာက အနာဂတ်ကိစ္စ ပါလာပြီ။ ကျူးလွန်တယ်ဆိုတာက တကယ့်ကို ထိထိရောက် ရောက် ကျူးလွန်တာ။

ဒါပေမယ့် လိင်တူချစ်သူတွေနဲ့ ပတ်သက်လို့ ကျနော်တို့ဘက်မှာ ဖြစ်နေတာက ခိုးတာတို့၊ ဘာတို့ပဲ ရှိတယ်။ ၃၇၇ နဲ့ ပတ်သက်လို့တော့ မရှိဘူး။ အခုနက ပြောခဲ့တဲ့ ပုဒ်မ ၄၇ မှောင်ရိပ်ခိုလို့ မသင်္ကာတာနဲ့ ဆွဲစိတာတို့လောက်ပဲ ရှိတယ်။

ပုဒ်မ ၅၄ တို့ ဘာတို့ ဆိုတာကကော
ဦးဇော်ကြီး။      ။ ပုဒ်မ ၅၄ ဆိုတာက ရဲကို လုပ်ပိုင်ခွင့် ပေးထားတာ။ ဥပမာ ပြစ်မှုတော့ မမြောက်သေးပေမယ့် မြောက် တော့မယ် ဆိုတာနဲ့ ရဲတွေ ဘာမှ မလုပ်ပဲနဲ့ ရပ်ကြည့်ဆိုတာမျိုး မဖြစ်အောင် သူ (ပုဒ်မ ၅၄) က လုပ်ပိုင်ခွင့် ပေးထားတာ။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးနော်။ ရဲ အက်ဒ် မဟုတ်ဘူး။ ပုဒ်မ ၅၄ တို့ ၅၃ တို့ဆိုတာတွေက ရဲကို လုပ်ပိုင်ခွင့်တွေ ပေးထားတာ။ ရဲအနေနဲ့ လုပ်နိုင်တယ်။ သူ မသင်္ကာဘူးဆိုတာနဲ့ ဆွဲစိနိုင်တယ်။ အဲဒါက လိင်တူ ချစ်သူတွေကိုမှ မဟုတ်ဘူး။ မိန်းမတွေကိုဆိုရင်လည်း ပြည့်တန်ဆာ လုပ်စားမယ်ဆိုရင် သူ့ကို ဖမ်းပြီး ဆွဲစိနိုင် တယ်။ ယောက်ျားတွေကို ဆိုရင်လည်း ခိုးမယ်ဆိုရင် အဲဒါနဲ့ ဆွဲစိလို့ ရတယ်။ ရဲတွေက ပြစ်မှုဖြစ်တဲ့ အထိကို မစောင့်နိုင်ဘူး။ ထိန်းသိမ်းမှုတွေကို လုပ်တဲ့သဘောမျိုး….။ ဥပမာ လူတယောက်က မူးပြီး ဓားနဲ့ ရမ်းကားတယ်။ အဲဒီမှာ ခုတ်တဲ့၊ ထစ်တဲ့ အခြေအနေထိ မစောင့်ပဲ ရဲအနေနဲ့ ထိန်းတာမျိုး။ အဲဒီမှာ ဥပဒေတွေ အများကြီး ရှိတယ်။ ခြေချုပ်တို့၊ ဘာတို့….။

ပြစ်မှုဆိုင်ရာ ဥပဒေမှာတော့ Definition (အဓိပ္ပါယ်) ဖွင့်ဆိုတဲ့အခါမှာ ယောက်ျားနဲ့ မိန်းမပဲ သုံးတယ်။ လိင်တူ၊ လိင်ကွဲဆိုတာ မပါဘူး။ ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဆိုတာနဲ့ကလည်း ကွာတယ်နော်။ ကျင့်ထုံးဆိုတာက ပြစ်မှုနဲ့ ပတ်သက်ပြီး အလုပ်လုပ်ဖို့။ ပြစ်မှုဆိုင်ရာဆိုတာက ပြစ်မှုနဲ့ ပတ်သက်ပြီး ဒါကတော့ ဒါမျိုးဆိုရင် ကျူးလွန်ရာ ရောက်တယ်၊ မရောက်ဘူးဆိုတာကို ဖော်ပြထားတယ်။

အဲဒီဥပဒေတွေက လိင်တူချစ်သူတွေရဲ့ ဘဝအပေါ် ဘယ်လို လွှမ်းမိုးသက်ရောက်မှုတွေ ရှိနေစေလဲ။
ဦးဇော်ကြီး။      ။ အဲဒီဥပဒေတွေကြောင့် လိင်တူချစ်သူတွေအပေါ်မှာ လွှမ်းမိုးသက်ရောက်နေစေတယ်၊ ပြဿနာတွေ တက်နေတယ်လို့တော့ မယူဆဘူး။ အဲဒီဥပဒေတွေမှာလည်း လိင်တူချစ်သူတွေကိုဆို အရေးယူရမယ် ဘာညာ ဆိုတာ မပါဘူး။ သို့သော် အခုနက ပြောခဲ့သလို ကိုးရိုကားယားမျိုးတွေ နေတယ်ဆိုရင်တော့ အဲဒါတွေနဲ့ ဆော် လိုက်တော့ ထိရော။

အထက်က ပြောခဲ့တဲ့ ဥပဒေပုဒ်မတွေနဲ့ အပြစ်ပေး အရေးယူမှုတွေ ခံနေကြရတဲ့အပေါ်မှာ ဘယ်လို ပြောချင်လဲ။
ဦးဇော်ကြီး။      ။ ဥပဒေကို လက်တွေ့ကျင့်သုံးနေတဲ့ သူတယောက်ဖက်ကနေ ပြောရမယ်ဆိုရင်တော့ ဥပဒေနဲ့ အမှန်တ ကယ် ငြိစွန်းမယ်၊ သက်သေခံ အထောက်အထားတွေနဲ့ ခိုင်လုံပြည့်စုံမယ်ဆိုရင်တော့ ပြစ်ဒဏ်ပေးတာကို ကြိုက်ပါတယ်။ သို့သော် ခိုင်လုံပြည့်စုံမှု မရှိပဲနဲ့ အလကားသက်သက် အခြောက်မို့လို့ မုန်းတီးပြီး နှိပ်စက်တာ၊ ညှင်းပမ်းတာ၊ ပြစ်ဒဏ်ချတာ ဆိုရင်တော့ ကျနော့်အနေနဲ့ လက်မခံနိုင်ဘူး။ အခြောက်ပဲဖြစ်ဖြစ်၊ ဒီပြင်ပုဂ္ဂိုလ် တဦးတယောက်ပဲဖြစ်ဖြစ် အေးချမ်းနေတဲ့ အခြေအနေတခုမှာ ဒီလိုမျိုး အကြောင်းမဲ့၊ အကျိုးမဲ့ အရေးယူတာ မျိုးကို မလိုလားဘူး။ လက်မခံနိုင်ပါဘူး။

တချို့ရဲတွေက သူတို့လုပ်ပိုင်ခွင့် ဘောင်ထဲကနေပြီး ညအမှောင်ထဲမှာ သူငယ်လျှမ်းနေကြတဲ့ သူတွေကို ခြိမ်းခြောက် ငွေညှစ်တာမျိုးတွေ လုပ်လေ့ရှိတယ်လို့ ဆိုတယ်။ အဲဒီအပေါ်မှာကော ဘယ်လိုမျိုး ပြောချင်လဲ။
ဦးဇော်ကြီး။      ။ ရဲတွေအနေနဲ့ ဒီလိုမျိုးတွေကို မလုပ်သင့်ဘူး။ အခုနောက်ပိုင်းတော့ ရဲတွေအနေနဲ့ အစိုးရက နည်းနည်း ကြပ်မတ်လာတော့ ဒီလိုမျိုး လုပ်ရပ်တွေကို သိပ်မလုပ်ကြတော့ဘူး။ အရင်တုန်းကတော့ သူတို့တွေအနေနဲ့ ပိုက်ဆံညှစ်တာတွေကို လုပ်လေ့ရှိတတ်ကြတယ်။ လုပ်တယ်ဆိုတာကလည်း သူတို့ရဲ့ လစာငွေကြေး နည်းပါးမှု ကြောင့်လည်း ဖြစ်မယ်။ သူတို့ရဲ့လစာနဲ့ မိသားစုဝမ်းရေးကို မဖြေရှင်းနိုင်တော့တာက ဒီလိုမျိုး အဂတိ လိုက်စား မှုတွေကို ဖြစ်လာစေတယ်လို့ ယူဆပါတယ်။ ဒါပေမယ့် ရဲတွေမှာက practice ရှိတယ်။ အရမ်း မလုပ်ကြဘူး။ သူတို့တွေက လူတယောက်ကို ကြည့်လိုက်တာနဲ့ သိတယ်။

အဲဒီ ဥပဒေတွေကို ဥပဒေပညာရှင်တစ်ယောက်အနေနဲ့ ဘယ်လိုထင်မြင်ချက်ပေးလိုပါသလဲ။
ဦးဇော်ကြီး။      ။ အဲဒီ ၃၇၇ ထဲမှာ လိင်တူချစ်သူဆိုတဲ့ Definition တော့ မပါဘူး။ သို့သော် အကယ်၍ ၃၇၇ သာ မရှိတော့ရင် မိန်းမလျာတွေကို သွားချင်ရာ သွား၊ လုပ်ချင်ရာ လုပ် သဘောမျိုးနဲ့ လွှတ်ပေးလိုက်သလို ဖြစ်သွား မှာပေါ့။ လွတ်လပ်ကုန်မှာပေါ့။ သူတို့တွေက (လိင်တူချစ်သူတွေက) ဒီဥပဒေမရှိခြင်းကို အခွင့်ကောင်း ယူလာ ကြမှာ။ ကျနော် ပုဒ်မ ၃၇၇ ကို နားလည်ထားတာက …… HIV/ AIDS ရောဂါ ပြန့်ပွားမှာကိုတော့ လက်မခံနိုင် ဘူး။

အဲဒါက Safe Sex နဲ့ အသိပညာ အားနည်းလို့ဆိုတာက ပိုမမှန်နိုင်ဘူးလား။ မြန်မာပြည်မှာ ခုခံအား ကျဆင်းမှု ရောဂါ ပြန့်ပွားမှုနှုန်း မြင့်မားနေတယ်ဆိုတာက ၃၇၇ နဲ့တော့ တိုက်ရိုက် မဆိုင်ဘူးလို့ ယူဆမိတယ်။
ဦးဇော်ကြီး။      ။ မှန်တယ်။  ဒါပေမယ့် Safe Sex ကို လူတိုင်း နားမလည်ကြဘူး။ မြန်မာနိုင်ငံက လိင်တူချစ်သူတွေ အနေနဲ့လည်း ကျကျနနနဲ့ စနစ်တကျ လိင်ဆက်ဆံတတ်တာမျိုး သိပ်မရှိဘူး။ ပြီးလွယ်စီးလွယ်ပဲ။ တောင်ပြုံး မှာဆို ကြောက်စရာကြီး….။ အခု မြန်မာပြည်မှာက HIV/ AIDS ရောဂါ ပြန့်ပွားမှုနှုန်း သိပ်များနေပြီ။ ဒီနေရာမှာ ပုဒ်မ ၃၇၇ ဖျက်သိမ်းရေးကို ကျနော့်အနေနဲ့ ပြောလို့ရနိုင်ပေမယ့် ဒီဖက်က ခုခံအားကျဆင်းမှုရောဂါ ပြန့်ပွားမှု နှုန်းရဲ့ အန္တရာယ်ကို သူတို့က ကြည့်နေမှာ။ အခုနက စကားအတိုင်း ၃၇၇ ကို ဖွင့်ပေးလိုက်တာနဲ့ ဒီဖက်မှာ ရောဂါပြန့်ပွားမှုနှုန်းက တက်ပြီ။ အဲတော့ နိုင်ငံကို အုပ်ချုပ်တဲ့ လူကြီးတွေရဲ့ မျက်စိထဲမှာ ဒီလို နှုန်းထားတွေကို ကြည့်ပြီး ဖြည်းဖြည်းချင်းမှ ပြောင်းလဲလိမ့်မယ်။

ကျနော်တို့ ပြောခဲ့ကြတဲ့ ဥပဒေတွေနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး အပိုင်းတွေကို လုပ်ဆောင်ပေးမယ်ဆိုရင် လိင်တူချစ်သူတွေအပေါ် ကူညီရာ ရောက်နိုင်မလဲ။
ဦးဇော်ကြီး။      ။ ကျနော်တို့အနေနဲ့ လိင်တူချစ်သူတွေကြားမှာ ဥပဒေတွေနဲ့ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေ အပေါ် အသိပညာပေးမှုတွေကို လုပ်ဆောင်ပေးနိုင်မယ်ဆိုရင် အရမ်းကောင်းမယ်လို့ မျှော်လင့်ပါတယ်။ နောက် ပြီး ပညာရေး… ဒါကလည်း အရေးကြီးတယ်။ အဲဒီအပိုင်းကိုလည်း မြှင့်တင်ပေးနိုင်အောင် ကြိုးစားဖို့ လိုမယ်။ ပညာရေးမြင့်မှ အခွင့်အရေး အကြောင်းတွေကို နားလည်လာနိုင်ပြီး တောင်းဆိုတတ်လာမှာ…။ အခုက အဲဒီ အဆင့်ထိ မတက်နိုင်သေးဘူး။ ပညာရေးက နိမ့်နေသေးတယ်။ ပညာရေး နိမ့်ကျတယ်ဆိုတာကတော့ လိင်တူ ချစ်သူတွေမှ မဟုတ်ပါဘူး။ အားလုံးပါပဲ။

တိုင်းပြည်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲမှာ လိင်တူချစ်သူတွေအတွက် လိင်စိတ်ခံယူမှု မရွေးဆိုတဲ့ အပိုဒ်လေးကို ထည့်သွင်းဖို့ တောင်းဆိုသင့်တယ်လို့ ပြောလာတဲ့အပေါ်မှာကော ဘယ်လိုမြင်သလဲ။
ဦးဇော်ကြီး။      ။ ပြောတာကတော့ လွယ်တယ်။ အဲဒါက လွှတ်တော်နဲ့ သက်ဆိုင်နေပြီ။ ၇၅ ရာခိုင်နှုန်းသော အမတ်တွေ က ဒီဟာကို နားလည်ဖို့ လိုအပ်တယ်။ ဥပမာ ကျနော် လွှတ်တော်အမတ်ဖြစ်နေလို့ ဒီဟာကို အဆိုတင်သွင်းတယ်။ ဒီဟာကို ကျနော်တယောက်တည်း ပြောနေလို့ မရပါဘူး။ အခြား ၇၅ ရာခိုင်နှုန်းသော အမတ်တွေက ဒီဟာကို နားလည်လက်ခံပြီး ထောက်ခံလာအောင် လုပ်ယူရမယ်။ တခြားအမတ်တွေက ကိုယ့်အဆိုကို ထောက်ခံလာအောင် လုပ်တဲ့နေရာမှာ ကျနော်တို့ အားလုံးက ပြန့်ကျဲမနေပဲ တသံတည်း ထွက်နိုင်အောင် ကြိုးစားကြရမယ်။ ကိုယ့်အသံကို ထိထိရောက်ရောက် ဖြစ်စေနိုင်မယ့် နည်းလမ်းတွေကို ဖော်ဆောင်တတ်ဖို့ လိုမယ်။

No comments: