ဆောင်းလေညှင်းသွဲ့သွဲ့တို့သည် ဆေးရုံပြူတင်းပေါက်ဝရှိ လိုက်ကာစများကို
ခပ်ကြမ်းကြမ်း လှုပ်ယမ်းလိုက်ကြပြီး အလုအယက် အခန်းထဲတိုးဝင်လာကြသောအခါ ဆေးနံ့တို့ကလည်း
ပါလာကြသေး၏။ ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေသော အသက်ရှစ်ဆယ် ကျော်အဖွားကြီးက ပိန်လှီလှီဖျော့တော့တော့နှင့်
အသက်ကိုတောင် မနည်းဝအောင် ရှူနေရရှာသည်။
ဆွတ်ဆွတ်ဖြူနေသော ဆံပင်မွှေးတို့သည်လည်း သောက်ရ၊ထိုးရသော
ဆေးတွေကြောင့် ကတုံးနီးပါးမျှသာ ကျန်တော့သည်။
ပိန်လှီလှသော ခန္ဓာကိုယ်၏ လက်နှစ်ဖက်တို့မှာလည်း သွေးပိုက်၊ဆေးပိုက်တို့က
မြင်မကောင်းအောင် သွယ်တန်းနေကြသလို ရေဖျဉ်းကြောင့် ဗိုက်ကြီးကလည်း ပူနေသဖြင့် ထိုဗိုက်ကြီးကို
အပ်ဖြင့်ဖောက်ကာ ရေတွေထုတ်ထားသည့် ပိုက်ကြိုးတန်းလန်းကြီး ကလည်း မမြင်ရက်စရာ ရှိနေသေးသည်။
သြော်….အနိစ္စ….မမြဲလိုက်တဲ့ခန္ဓာကြီး….သည်ခန္ဓာကြီးကိုသယ်ထားရသည့်ဝေဒနာကြီးကကြီးသည်။
ဝေဒနာကြီးတော့ပျက်စီး ယိုယွင်းရ၏။
သူမကုတင်ဘေးမှာ
ထိုင်နေတဲ့အဖွားအိုကြီးကလည်း အသက်ရှစ်ဆယ်ကျော်လို့ ကိုးဆယ်နားပင် ကပ်နေပါပြီ။
သို့သော် သူမ၏မျက်နှာသည် ရှိသမျှသောမာန်၊ ရှိသမျှသောအားအင်တို့ကို
စုစည်းထားရသဖြင့် မာထန်နေပေမယ့် နှုတ်ခမ်းဖျား တို့ကတော့ လှုပ်လီလှုပ်လဲ့နှင့် လတ်ဆတ်စွာပြုံးနေကြပါသေး၏။
အဖွားမြမြလွင်သည် ကုတင်ပေါ်မှာလဲလျောင်းနေသော အဖွားသန္တာမြင့်အား
ဂရုဏာသက်စွာဖြင့် ကြည့်လိုက်၏။
သြော်….ပျက်စီးယိုယွင်းသွားကြလိုက်တာ အရင်ကနဲ့ ဘာတစ်ခုမှကို
မတူကြတော့တာပါပဲလား…။
ဟုတ်သည်။ သန္တာမြင့်ဆိုသူက ငယ်ငယ်တုန်းကဆိုရင်ဖြင့် သိပ်ကိုလှခဲ့တာရယ်။
တက္ကသိုလ်မှာတုန်းကဆိုရင် တကယ့်အလှဘုရင်မ။ အဲ့ဒီခေတ်က တော်ရုံတန်ရုံငွေရှိရုံနဲ့ တက္ကသိုလ်မတတ်နိုင်ကြဘူးရယ်။
သန္တာက သူဌေးသမီး..။ မြို့အုပ်မင်းကြီးရဲ့သမီးဆိုတဲ့ ဂုဏ်ရှိန် တွေအောက်မှာ ပညာတတ်ပီပီ
မောက်မာမှုများ စိုးစဉ်းမျှမရှိခဲ့။ ယဉ်ကျေးသိမ်မွေ့စွာဖြင့် မိမိဂုဏ်သိက္ခာကိုသာ တန်ဖိုးထား၍နေခဲ့သည်။
ဒေါင်းဘယက်၊ ရှံသားအင်္ကျီ၊ ဘော်လီကို MC ရွှေကြိုးနှင့် ကြည့်မြင်တိုင်လုံချည်ကို
မန္တလေးကတ္တီပါ ပုံတော်ဖိနပ်နှင့် တွဲဝတ်တတ်သော သပ်ရပ်မှုကို မြတ်နိုးခဲ့သည့် နှစ်သက်ခဲ့သည့်
သူမသည် ယခုများတော့….
အင်းလေ…..ဒါတွေက ပြီးခဲ့ကြပြီပဲ။ ရွှေထီးကိုမလွမ်းချင်တော့ပါဘူး…။
“အရမ်းအေးနေသလား…..တံခါးပိတ်ပေးရမလားဟင်….” ဆိုတဲ့အသံကို
နွေးထွေးစွာဖြင့် မြမြလွင်ဆိုခဲ့ပေမယ့် ယဲ့ယဲ့မျှဖြင့် သူမက ခေါင်းခါလိုက်၏။
“မမ မြင့်ကို ခါတိုင်းနေ့တွေကလိုပဲ ငယ်ငယ်တုန်းက အကြောင်းလေးတွေကို
ပြန်ပြောပြပေးမယ်နော်…” လို့ဆိုလိုက်တော့ အဖွားသန္တာမြင့်၏ ဖြူလျော့လျော့ မျက်နှာကလေးက
ပြုံးယောင်ကလေး သမ်းလာခဲ့ပါ၏။
သူမတို့နှစ်ယောက်၏ ကမ္ဘာငယ်ကလေးက ဟိုတုန်းကတည်းက ဘယ်သူမှ
မလိုပါဘူး။ တစ်ယောက် ဝေယျာဝစ္စ တစ်ယောက် ဖြည့်ရင်း တစ်ဦးကိုတစ်ဦး ကြင်ကြင်နာနာ နေခဲ့ကြတာပဲ…။
အခုလည်း ဒီဆေးရုံသီးသန့်ခန်းလေးထဲမှာ သန္တာမြင့် အရေးပေါ်ဖြစ်နေချိန်လာတတ်တဲ့
ဆရာဝန်တွေကလွဲ၍ ကျန်တဲ့အချိန်တွေမှာ သူမနှင့် သန္တာမြင့်သာရှိနေတတ်သည်လေ။
“မြင့်နဲ့ မမ စတွေ့ခဲ့ကြတဲ့ အချိန်တွေကိုပြန်ပြောပြမယ်နော်…။
အဲ့ဒီတုန်းကပေါ့” ဆိုပြီး ဖွားမြမြလွင်၏အတွေးတို့သည် ပြူတင်းပေါက်မှ အပြင်သို့ထွက်သွားကြသည်။
“အဲ့ဒီတုန်းက မမ မှတ်မိသေးတယ်….မမတို့ကျောင်းမှာ
Fresher Welcome လုပ်တဲ့အချိန်ကလေးပေါ့…အဲ့ဒီအချိန်မှာ မြင့်က မမတို့ ကျောင်းကို စရောက်ခဲ့တယ်လေ…။
သိပ်ကိုလှပြီး ကျက်သရေရှိတဲ့မြင့်ကို အဲ့ဒီနေ့မှာပဲ မမစပြီး သတိထားမိခဲ့တာ…အဲ့ဒီနေ့က
တကယ့်နေ့ပါဆိုမှ ဖြစ်ကိုဖြစ်တတ်ပါပေရဲ့။ ကျောင်းသားသစ်လေးက မြင့်ဖိနပ်ကိုတက်နင်းလိုက်လို့
မြင့်ဖိနပ်ကလေး ပြတ်သွားတယ်လေ။ ဖိနပ်ပြတ်သွားလို့ ဣနြေ္ဒပျက်သွားမှာ စိုးကြောက်နေတဲ့
မြင့်မျက်နှာလေးဟာ ဒီနေ့အထိ မမမျက်လုံးထဲကနေ မထွက်သေးဘူး။ မမက ကျောင်းအဆောင်မှာနေတော့
အဆောင်ကဖိနပ်ကလေး ပြေးယူပြီး မြင့်ကိုပေးတော့ အားနာပေမယ့် မတတ်သာလို့ယူလိုက်ရတဲ့ မြင့်ရဲ့အားတုံ့အားနာ
အပြုံးကလေးကို ဒီနေ့ဒီအချိန်အခါထိ မမမှတ်မိနေသေးတယ်။ နောက်ရက်မှာ မြင့်က မမကို ဖိနပ်ကလေးကိုပြန်ပေးတယ်လေ…
တကယ်ဆို မမပြန်မယူချင်ဘူးသိလား။ ဒါပေမယ့် မမပြန်ယူလိုက်တယ်…။ သြော်ဒီဖိနပ်ကလေးဟာ မြင့်ခြေဖ၀ါးနဲ့ထိတွေ့ထားတဲ့
ဖိနပ်ကလေးပါပဲ လားဆိုပြီး သိမ်းထားခဲ့တာ တရိုတသေပေါ့။ တစ်ခါတလေ မြင့် အလုပ်ကိစ္စနဲ့ခရီးသွားတိုင်း
မမမှာလေ အဲ့ဒီဖိနပ်ကလေးကိုပဲကြည့်ပြီး အလွမ်းဖြေနေရတာ..”
ဖွားမြမြလွင် သတိတရနှင့် ခေါင်းငုံ့ကြည့်လိုက်တော့
ကုတင်ပေါ်မှာ လှဲလျောင်းနေတဲ့ ဖွားသန္တာမြင့်က တလဲ့လဲ့တောက်ပနေသော မျက်ဝန်းကလေးများဖြင့်
ပြုံးယောင်သမ်းနေသော နှုတ်ခမ်းအစုံတို့အား မော်ကြည့်နေရှာသည်။
“မြင့်….နေသာရဲ့လားဟင်….မမ..ဆရာဝန်ကိုခေါ်ပေးမယ်လေ…”
ဆိုတော့ သူမက ယဲ့ယဲ့ကလေး ခေါင်းခါသည်။ ပြီးနောက် ပါးစပ်ကလေးကို မပွင့်တပွင့်လှုပ်၏။
သူမ စကားပြောချင်နေတာ သိသာလွန်းသောကြောင့် ဖွားမြမြလွင်ခေါင်းကိုငြိမ့်ကာ နားကို သူမနှုတ်ဖျားတွင်
တေ့ပေးလိုက်သည့်အခါ…။
“မခေါ်……ပါနဲ့…..မြင့်…..မ….မရဲ့ အနားမှာပဲနေ….နေချင်တယ်”
ဆိုတဲ့စကားကို မနည်းအားယူပြီး သူမပြောရှာသည်။ အဖွားမြမြလွင် ကိုယ်ကိုပြန်မတ်လိုက်ပြီး
အဖွားသန္တာမြင့်၏အေးစက်နေသော လက်ချောင်းကလေးများကို ခပ်ဖွဖွကလေးဆုပ်ကိုင်လိုက်၏။
သူမ၏အခြေအနေကို ကြည့်ရတာ ဒီနေ့ပိုဆိုးနေသလိုလို….ဒီနေ့ကိုတောင်
သူမဖြတ်ကျော်နိုင်ပါ့မလား… ကျွန်မ စိုးရိမ်မိပါတယ်။ ကျွန်မ ဘ၀ထဲကနေ သူထွက်သွားတဲ့အခါ
ကျွန်မတစ်ယောက်ထဲ ဘယ်လိုနေခဲ့ရမယ်ဆိုတာကို ကျွန်မ မပြင်ဆင်ရသေးပါဘူး။
ပြိုကျနေတဲ့စိတ်၊ ကျဆင်းနေတဲ့စိတ်တွေကို
သူမရှေ့ရောက်တိုင်း ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်၊ မျက်ရည်တွေ ပြိုမကျသွားအောင် မနည်းထိန်းနေရတာ။
ထိန်းနေရတာတွေဟာ သူမလေးရဲ့ အသက်၊ အင်အားတွေဟာ ကျွန်မအပေါ်မှာပဲ မူတည်နေလို့ပါ..။
ကျွန်မသာ စိတ်ဓာတ်ကျနေမယ် ရုပ်ပျက်ဆင်းပျက်
ဖြစ်နေမယ်ဆိုရင်….အဲ့ဒါတွေကို မြင်မိတဲ့သူမလေး ဘာဖြစ်သွားလိမ့်မလဲ…။ သေသွားမှာပေါ့…။
“ဆက်……ပြော….လေ” လို့ သူမပြောပေမယ့်
ကျွန်မနားထဲမှာ လေသံလောက်သာ ကြားလိုက်ရတယ်။ ပြိုမယောင်ကျဆင်းနေသော စိတ်တွေကို မာန်တင်းပြီး
ကျွန်မဆက်ပြောလိုက်ပါတယ်။
“မြင့် တက္ကသိုလ်ရောက်တော့ မမက ဖိုင်နယ်ကိုရောက်နေပြီလေ။
အဲ့ဒီတော့ မြင့်ကမေးတယ်။ မမ ကျောင်းပြီးသွားရင် နယ်ကိုပြန်တော့ မှာလားတဲ့။ မမက ပြန်ရမှာပေါ့လို့
ပြောလိုက်တော့ မြင့် မျက်ရည်ကလေးတွေဝဲသွားခဲ့တယ်။ မြင့် မျက်ရည်ဝဲသွားတာကိုမြင်တော့
မမ မနေနိုင်ဘူး။ ဒါနဲ့ပဲ မမပြန်ပြောလိုက်တယ်။ မပြန်စေချင်ရင် မြင့်က မမကို အိမ်ခေါ်ထားလေဆိုတော့
မြင့်က တကယ်လားတဲ့။ တကယ်ပေါ့လို့ မမကပြန်ပြောတော့ မြင့်က အဲ့ဒါဆိုရင် မြင့်ကခေါ်ထားမယ်…..မမ
လိုချင်တာ၊ ဖြစ်ချင်တာမှန်သမျှ မြင့်ဖြည့်ဆည်းပေးမယ်….မြင့်နဲ့သာ အတူတူလိုက်နေပါလို့
မြင့်က ပြောလာတယ်လေ။
အဲ့ဒါနဲ့ မမလည်း မြင့်ကို ပြန်ပြောလိုက်တယ်။
မြင့်တစ်သက် ယောက်ျားမယူဘဲ မမနဲ့ပဲ တစ်သက်လုံး နေနိုင်မယ်ဆိုရင် မမလိုက်နေမယ်လို့ပြောလိုက်တော့
မြင့်က နေနိုင်တာပေါ့တဲ့။ မြင့်က ယောက်ျားမလိုချင်ပါဘူး…မမရှိရင်သာ လုံလောက်ပြီတဲ့လေ။
ဟုတ်တယ် မမတို့ဘ၀မှာ ဘယ်ယောက်ျားကိုမှ မလိုလားခဲ့သလို ဘယ်လိုသစ္စာဖောက်မှုမျိုးကိုမှလည်း
ဘယ်သူကမှ မလုပ်ခဲ့ကြပါဘူး။ အဲ့ဒီအတွက် မြင့်ကို မမကျေးဇူးတင်ပါတယ်…..”
“မြင့်……ကလည်း…..ကျေးဇူး….တင်ပါတယ်…”
လို့ပြောလိုက်တာကိုပင် သူမတော်တော်ကလေး
မောသွားပုံရသည်။ နှလုံးခုန်သံတွေကလည်း သိသိသာသာကြီး မြန်လာတော့တာမို့ “မမ ဆရာဝန်ခေါ်လိုက်မယ်ကွယ်နော်….မြင့်ကိုကြည့်ရတာ
မမ စိတ်မချမ်းသာဘူး…”
“မမရယ်…..မြင့်…..မြင့်က …..မြင့်အကြောင်းကို…..မြင့်အသိဆုံး…..အသိဆုံးပါ….ဒီ…..ဒီလို
အချိန်ကလေးမျိုးမှာလေ မြင့်….မြင့်လေ… မမ….မမ အ…နားလေးမှာပဲ နေချင်နေတယ်။”
“နော်…..မြင့်ကို…..မြင့်ကို နေခွင့်ပေးပါနော်….”
မြင့်ဆန္ဒကို ကျွန်မ မတားတော့ဘဲ ခေါင်းညိမ့်လိုက်ပါသည်။
“ကောင်းပြီကွယ်…..မမက မြင့်အလိုကို
ဘယ်တုန်းက မလိုက်ခဲ့ဖူးလို့လဲ….မြင့် သဘောပါပဲ…”
“ဆက်…ဆက်ပြောပါ….နော်”
“မမ အပျော်ဆုံးနေ့လေးတွေထဲက ပထမဦးဆုံး
နေ့တစ်နေ့ပေါ့…..အဲ့ဒီနေ့ကလေးကို မမသတိထားမိသလို မြင့်လည်း သတိထားမိလိမ့်မယ်လို့ မမ
မထင်ထားမိခဲ့ဘူး….ဒါပေမယ့်” ဆိုပြီး အဖွားမြမြလွင် လည်ဆွဲမှ ပတ္တမြားဆွဲသီးကလေးကို တစ်ချက်
ဆုပ်ကိုင်လိုက်သည်။
“မြင့်က မမနဲ့ မြင့် အတူတူနေခဲ့ကြတာ
တစ်နှစ်ပြည့်တဲ့အတွက် အမှတ်တရဆိုပြီး ဒီဆွဲသီးကလေးကို အဲ့ဒီနေ့ ညနေမှာ ၀ယ်ပေးခဲ့တာ
လေ။ မမ ပျော်လိုက်တာ အရမ်းပဲ…..ဒါကြောင့် ဒီဆွဲသီးကလေးကို ဒီနေ့အထိ မဖြုတ်တမ်း ဆွဲထားတာလေ။
နောက်တစ်ခု မှတ်မိသေး တယ်….အဲ့ဒါလေးကတော့ တကယ့်အမှတ်တရပါပဲ။ မြင့်ကို မြင့်မိဘတွေက
ယောက်ျားပေးစားမယ်ဆိုပြီး လုပ်တော့ မြင့်နဲ့မမတို့ အိမ် ကနေ ထွက်ပြေးကြတာလေ။ အဲ့ဒီတုန်းက
မိုးတွေကလည်း တအားရွာလိုက်တာ….နှစ်ယောက်သား ရထားနဲ့ပြည်ကိုထွက်ပြေးကြတာ မောမောနဲ့ ရထားပေါ်နှစ်ယောက်သား
အိပ်လိုက်ကြတာများ ကိုယ့်အထုပ်တွေ ဘယ်သူမလို့ မသွားမှန်းတောင် မသိလိက်ကြဘူး။ ပိုက်ဆံတွေလည်း
အကုန်ပါသွားကြတာဆိုတော့ နှစ်ယောက်သား ငတ်လိုက်ကြတာ….မှတ်ပုံတင်တွေပါ ပါသွားလို့ တည်းခိုဆောင်
တောင် မတည်းနိုင်ကြဘူး။ နှစ်ယောက်သား ဗာဒံပင်အောက်တွေဝင်ပြီး ဗာဒံသီးတွေ ထုစားကြရတာ….အဲ့ဒီတုန်းက
ဒုက္ခမှ တကယ့် ဒုက္ခအစစ်….အခုပြန်တွေးမိပြန်တော့လည်း ရယ်လို့ကို မ၀ဘူးရယ်…”
ကျွန်မ စကားဆုံးတော့ သူမကပြုံးသည်။
ပြီးနောက် ကိုယ်ကလေးတစ်ချက် လူးလွန့်တက်လာကာ မျက်နှာကလေး ရှုံ့မဲ့သွား၏။
“ရသလားဟင် အရမ်းနာနေသလားမြင့်ရယ်…..မမ
ဆရာဝန်ကို ပြေးခေါ်လိုက်မယ်လေ” ဟု ကျွန်မက ကဗျာကယာလေးဆိုတော့… သူမက လက်ချောင်းကလေးတွေကို
ဖြည်းညှင်းစွာ ခါပြလိုက်ပြီး မျက်ခွံကလေးတွေကို ဖြည်းညှင်းစွာ မှိတ်သွားသည်။
အဲ့ဒီနောက် သူမလက်ကလေးတွေက ကျွန်မလက်ကလေးတွေကို
ဆွဲယူဖမ်းဆုပ်လိုက်ပြီး သူမ ရင်ဘတ်ပေါ် တင်လိုက်သည်။
“မြင့်လေ…..မြင့်…..နောက်ဘ၀မှာ မမနဲ့ထပ်ပြီး…..ဆုံ…..ဆုံချင်နေသေးတယ်….သိလား”
ဆိုပြီး သူမ၏ မျက်ဝန်းအိမ်မှ မျက်ရည်များ စီးကျလာခဲ့၏။
“မငိုပါနဲ့လား ခလေးရယ်” လို့ဆိုလိုက်သည့်
ကျွန်မအသံတို့သည်လည်း ဆို့နင့်ကာ တုန်ယင် အက်ကွဲနေကြသေး၏။ ပြီးနောက် သူမ၏ မျက်ဝန်းကလေးတွေ
ပြန်လည် ပွင့်ဟလာခဲ့သည်။
“မမကို…..မမကို…..မြင့်ချစ်…..ချစ်တယ်……”
ဟု သူမဆိုပြီး မျက်ဝန်းကလေးတွေမှိတ်စက်သွားကြသည်။ ပြီးနောက် ကိုင်ထားသော လက်တွေသည်လည်း
ပြေလျော့ကျသွားကြကာ ဇက်ကလေးလည်း လည်ကျသွားတော့သည်။
“မြင့်…”
“မြင့်…”
“မြင့်…”
ကျွန်မ သူ့ကို အသာအယာကလေး လှုပ်နှိုးလိုက်သည်။
ပြီးနောက် ခပ်ကြမ်းကြမ်းလှုပ်နှိုး၏။ ဘယ်လိုပဲ နှိုးနှိုး သူမသည် နိုးမလာခဲ့သောအခါ……
“အဟင့်” တင်းထားသမျှသော စိတ်တို့ကို
အကုန်ဖြေလျှော့ချလိုက်သည်တွင် ကျွန်မဆီမှ ရှိုက်သံသဲ့သဲ့တို့က အဖော်ပြုလာကြပြီ။
မမကို မြင့်က ချစ်တယ်တဲ့လားကွယ်…အတူနေခဲ့ကြတဲ့
အနှစ် ခုနှစ်ဆယ်နီးပါးလုံး မမကို မြင့် သံယောဇဉ်ရှိပါတယ်လို့ပဲ သုံးခဲ့သမျှ အခုကျမှ
သည်စကားကို ဆိုသွားသည်တဲ့လား…။
ချစ်ရသူ….။ မြတ်နိုးရသူ….။ တန်ဖိုးထားရသူ၏
အသက်မဲ့နေပြီဖြစ်သော ခန္ဓာကလေးအား ကျွန်မကြည့်မိသည်။
ထိုနေ့က ဆောင်းလေတွေ ခပ်ကြမ်းကြမ်းတိုက်နေ၏။
ထိုသို့သော ဆောင်းလေခပ်ကြမ်းကြမ်းတွေကို သူမက မက်မောသည်တဲ့လေ…။
တစ်ယောက်ကိုတစ်ယောက် ဖြူဖြူစင်စင်နဲ့
ချစ်ခဲ့ကြသည့် ကျွန်မတို့ကို ဆောင်းလေက ဂုဏ်ပြုလေသလား၊ သရော်လေသလားမသိ..။ သူမ ကြိုက်တဲ့
ဆောင်းလေခပ်ကြမ်းကြမ်းကို ဖန်တီးပေးခဲ့သည်လေ။
သို့သော်……
သည်ဆောင်းလေ ခပ်ကြမ်းကြမ်းကပဲ နုနယ်လွန်းသော
သူမ၏၀ိညာဉ်လေးကို ခပ်ကြမ်းကြမ်း လွင့်ပါးသွားစေမလား မပြောတတ်…။
သူမ မပြောတတ်ပေမယ့်…..ရင်တစ်ခုလုံး….ဘ၀တစ်ခုလုံး…..လစ်ဟာသွားစေခဲ့သည်ဆိုတာကိုတော့
သိသာသွားစေခဲ့သလို ဘ၀တစ်သက်တာလုံး မရှိတော့ဘူးဆိုတာကိုလည်း ကျွန်မကိုယ်တိုင်ပဲ သိလိုက်ခဲ့ပြီပဲ…။
ဟုတ်တယ်။ နှစ်ကိုယ်တစ်ဘ၀ ထူထောင်လာခဲ့ကြတဲ့
ဘ၀မှာ သူမရှိရင် ကိုယ်ကရော ရှိနိုင်ဦးမှာတဲ့လား……ရှိနိုင်ဦးမှာတဲ့လားကွယ်..။
လေးစားစွာဖြင့်
ဆမ်းလရောင်
စာကြွင်း။ ။
အဖွားသန္တာမြင့်ဆုံးပြီး ရှစ်ရက်အကြာတွင် အဖွားမြမြလွင်လည်း ဆုံးပါးသွားခဲ့၏။ အဖွားသန္တာမြင့်၏
ဈာပနကိစ္စ အ၀၀တို့ကို သူမစိတ်ကြိုက်ဖန်တီးပေးပြီး နောက်တစ်နေ့တွင် သူမတို့နှစ်ဦးအတူတူအိပ်သည့်
ကုတင်ပေါ်တွင် အဖွားသန္တာမြင့် အုံးသည့် ခေါင်းအုံးကလေးကို ဖက်ကာ သေဆုံးနေခြင်းအား အိမ်အကူများက
တွေ့လိုက်ခြင်းပင် ဖြစ်ပါတော့၏။
Credit To www.colorsrainbow.com
No comments:
Post a Comment