“မောင် ပြောစမ်းပါ။ ကျွန်မကို ဘာလို့အဲလိုမျိုးလုပ်ရတာလဲ။
ကျွန်မက မောင့်ဘ၀အတွက် အစမ်းသပ်ခံလား”
ကျွန်မပြောရင်းဖြင့် မျက်ရည်များက အလိုက်မသိစွာ ကျဆင်းလာနေသည်။
ကျွန်မ မငိုပါရစေနဲ့ရှင်။ ဘယ်လိုမှ ခံစားလို့ မရနိုင်ဘူး။
ဘယ်လို အငြိုးတရားကြောင့်များ ကျွန်မ ဒီလိုဘ၀မျိုးကို ကြုံတွေ့ရလည်းမသိ။
ပခုံးနှစ်ဖက်ကိုခပ်တင်းတင်း ဆုပ်ကိုင်ပြီး အားကုန် ဆောင့်မေးလိုက်သော်လည်း မောင့်ထံမှ
မည်သည့်စကားမှ ထွက်မလာပေ။
‘ကျေးဇူးပြုပြီး ဖြေပေးပါ။ မောင် ဘယ်အငြိုးနဲ့ ကျွန်မကို
ဒီလိုလုပ်တာလဲ’
ကျွန်မ မည်သို့ပင်မေးမေး မောင့်ထံက မည်သည့်အသံမှ ထွက်မလာပေ။
လက်ထပ်ဖို့ တိုင်ပင်တုန်းကလည်း ပြေပြေလည်လည်ပင် အရာအားလုံးကို
လိုက်လျောခဲ့သည်။ မောင့်မိဘ မောင်ဖွားများ အလယ်မှာလဲ ကျွန်မသည် မကြာမီအချိန်အတွင်း
မောင်နှင့်ပတ်သက်ပြီး သူတို့ဆွေမျိုးဟု သတ်မှတ်ထားကြပြီ။
အရာအားလုံးသည် သူများအတွဲများနှင့်မတူဘဲ ကံကောင်းလွန်းလှသည်ဟု
ကျွန်မထင်မှတ်ထားခဲ့ဖူးသည်။
အခုတော့ ထိုစိတ်ကူးများသည် ကျွန်မနှင့် မိုင်ပေါင်းများစွာသော
အဝေးသို့ အေးစက်သော လေများ၏ ပြင်းထန်သောအရှိန်ကြောင့် ရောက်သွားပြီ။ ကျွန်မရင်ထဲမှာ
အမျိုးအမည်မသိသော ခံစားချက်တွေက တရိပ်ရိပ်တက်လာနေသည်။ ဘ၀သည် ထိုသို့ ပုံသေနည်းမဲ့ စွာ
မှားယွင်းတတ်သည်လား။ အမှန်ဆို မောင် ပွင့်လင်းခဲ့သင့်သည်။
ထိုအတိုင်းအတာတွေကို ကျွန်မ မသိမြင် မခံနိုင်လောက်အောင်
ပညာအရည်အချင်းနိမ့်ကျသူ မဟုတ်။ ကျွန်မယုံခဲ့သည်။ ချစ်ခဲ့သည်။ အားကိုးခဲ့သည်။ အခုတော့
ကျွန်မ၏ မျှော်လင့်ခြင်း၊ တောင့်တခြင်း၊လေးစားခြင်း၊ချစ်တတ်ခြင်း စသည့် သစ္စာစကားများသည်
သိက္ခာ တရားများ၏ ချနင်းစရာ အကွက်အကွင်းဖြစ်နေသည်။ ကျွန်မက ချစ်ရသူမို့ ရက်စက်လိုက်တာ
မောင်ရယ်လို့တော့ မပြောချင်ဘူး။ ဒါပေမဲ့ မောင် ကျွန်မအပေါ် အရမ်းရက်စက်သော ဆုံးဖြတ်ချက်များကို
ချသည်။
မောင်သည် ကျွန်မနှင့် အရေးကြီးစကား ပြောစရာရှိသည်ဟုဆိုပြီး
ဒီနေရာကိုချိန်းသည်။ ကျွန်မထုံးစံအတိုင်း အလှဆုံးပြင်ဆင်ပြီး မောင့်ထံလာသည်။ အတွေးထဲမှာမင်္ဂလာပွဲကို
စိတ်ကူးပြီး ပျော်ရွှင်နေသည်။ ထို့ကြောင့် ကျွန်မ၏ခြေလှမ်းများသည် အင်အားပါပြီး ရဲရင့်နေသည်။
ချိန်းထားသော ကန်ဘောင်ကိုရောက်မှ မောင့်မျက်နှာ ပျက်နေမှန်းသိသည်။
ကျွန်မအားပြောမည့် အရေးကြီးကိစ္စသည် ထိုမျှ မောင့်မျက်နှာအား
အပြုံးပင်မရှိအောင် ပျက်ယွင်းစေသည်လား။ ကျွန်မနှင့် မောင့်ကြားတွင် ထိုမျှ ရုပ်ပျက်ဆင်းပျက်ဖြစ်စေလောက်သော
အကြောင်းတရားမရှိ။ မောင် ဒီနေ့ဝတ်စားထားပုံသည် အရမ်းသန့်သည်။ ဖြူဖွေးသော အသားအရေနှင့်လိုက်ဖက်အောင်
ရှပ်အညိုအကွက်စိတ်ဖြင့် ပုဆိုးတစ်ထည်ကို ပုံကျစွာ ၀တ်ထားသည်။
တစ်ခါ တစ်ခါ ကျွန်မကို သေချာစူးစိုက်ပြီး ပြုံးပြသော အပြုံးများ၏အဆုံးတွင်
ဖြူဖွေးသော သွားတက်နှစ်ဖက်က ကျွန်မကို မူးမေ့စေလောက်အောင် ဖြစ်စေတတ်သည်။ ဘယ်သောအခါမှ
ကျွန်မအား အတိုက်အခံမပြုပေ။ အရာရာ ကျွန်မသဘောဖြစ်စေသော ကြောင့် ကျွန်မ မောင့်ကို ပိုပိုချစ်ရသည်။
လက်ထပ်မည်ဟု မောင့်မေမေတို့ တိုင်ပင်ဆုံးဖြတ်သောအချိန်တွင်လည်း မောင်က ချိုသည် ခါးသည်
မပြောပေ။ အရာရာတိုင်းသည် ကျွန်မသဘော။ မောင့်မေမေသဘောဖြစ်စေသည်။
‘မောင် အရေးကြီး ပြောစရာရှိတယ်ဆို ပြောလေ’
ကျွန်မ စကားကြောင်းလိုက်သည်နှင့် မောင်က ကျွန်မမျက်ဝန်းများကို
သေချာစွာမကြည့်ဘဲ ဘေးတိုက်အနေအထားဖြစ်အောင် မျက်နှာကိုရွှေ့လိုက်သည်။
‘၀တီ မောင့်ကို ဘယ်လိုမြင်လဲ’
‘ဘာကို ဘယ်လို မြင်ရမလဲမောင်။ မောင်က ၀တီချစ်သူ’
ကျွန်မစကားဆုံးတော့ မောင်က ကျွန်မကိုကြည့်ပြီး စကားတစ်ချို့ကိုပြောသည်။
ကျွန်မ အရမ်းအံ့သြသွားသည်။ ထိုသို့လည်း မထင်မိခဲ့။ အခုမှပင် ကျွန်မရင်သည် ပူလောင်လာသည်။
မဖြစ်နိုင်ဘူး။ ဖြစ်လည်း မဖြစ်သင့်ဘူးလေ။
‘ကျေးဇူးပြုပြီး ကျွန်မကို ခပ်တည်တည်ကြီး မစပါနဲ့မောင်ရယ်’
ကျွန်မ ပြောစကားအားလုံးကို မောင်က လေးစားတည်ငြိမ်စွာ နားထောင်ပြီး
‘တကယ်ပြောတာ ၀တီ။ အမှန်တော့ မောင် မကောင်းတာပါ။ ဒီလို မဖြစ်သင့်ဘူးမဟုတ်လား။ ဒါပေမဲ့
မောင့်ဘ၀ အနေချောင်အောင်၊ ပတ်ဝန်းကျင်က စကားတွေ မောင့်ထံရောက်မလာအောင် မောင် အတ္တကြီးခဲ့တာပါ။
မောင့်ကို ခွင့်လွှတ်ပါ’
မောင့်စကားဆုံးသွားသည်နှင့် ကျွန်မ၏ဘ၀သည် အရှုံးအားလုံးဖြစ်နေပြီ။
မောင်က ဆက်ပြောသည်။
‘ပတ်ဝန်းကျင်မှာ မောင့်ကို ယောက်ျားတစ်ယောက်လိုမြင်ဖို့….ပြီးတော့
မောင့်မိသားစုတွေ အမြင်ကြည်ဖို့ မောင်က ၀တီ့ကို ကာဗာသဘောမျိုး ချစ်သူဖြစ်စေမိတယ် ၀တီ။
အဲ့ဒီအတွက် မောင် ထပ်တောင်းပန်ပါတယ်။ မောင့်ကိုခွင့်လွှတ်ပါလို့ မတောင်းဆိုပါဘူး။ မောင်ဟာ
ဝတီအတွက် လုံးဝမကောင်းတဲ့သူပါ။ အခု ၀တီသဘောအတိုင်း ဆုံးဖြတ်ပါ’
မောင့်စကားက ဆုံးသွားပြီ။ ကျွန်မသာ ခံစားချက်ပေါင်းစုံဖြင့်
ရင်တလှပ်လှပ်ခုန်နေသည်။ ဘယ်ဘ၀ အတိတ်ကံကြောင့်များ ထိုသို့သော အကြောင်းတရားများ မောင်နှင့်ကျွန်မထံ
ရောက်လာသည် မသိ။
မောင်ကတော့ မောင့်အခြေအနေမှန် ဖြစ်ရပ်မှန်တွေကို ကျွန်မကို
ပွင့်ပွင့်လင်းလင်း ၀န်ခံနေပြီ။ ကျွန်မဆုံးဖြတ်ထားသော ကိစ္စများသည် ဘ၀နှင့်အချစ်၊ အချစ်နှင့်
နာကျင်ခြင်း၊ နာကျင်ခြင်း နှင့် မေတ္တာတရားတို့ အားပြိုင်နေပြီ။
တိတ်ဆိတ်သွားသော ကျွန်မကိုကြည့်ပြီး မောင်က ကျွန်မလက်တစ်ဖက်ကို
အသာလာကိုင်သည်။ အိုး….နွေးထွေးနေသေးသည်။
လွန်ခဲ့သော အချိန်တိုင်းက ကျွန်မနှင့် တွေ့လေတိုင်း မောင်
နုနုညံ့ညံ့ ကိုင်ခဲ့ဖူးသော လက်၏ ထိတွေ့ခြင်းအရသာနှင့် ဘာမှ မခြားနား။
ဒီလက်နွေးနွေးလေးဖြင့် ကျွန်မလက်နှစ်ဖက်ကို ဆုပ်ကိုင်ခဲ့ဖူးသည်။
ဒီလက်လေးဖြင့် ကျွန်မပါးပြင်ကို ခပ်ဖွဖွ ပွတ်သပ်ချော့မြူပေးဖူးသည်။ သြော် မောင်ရယ်
အခုတော့ ကျွန်မက မောင့်အတွက် အသုံးမ၀င်တော့ဘူးလား။
တစ်ဖက်သတ် ခံစားချက်တွေနှင့် ရှင်သန်နေရမည့် ကျွန်မဘ၀ကိုကော
မောင် မစာနာနိုင်တော့ဘူးလား။ ကျွန်မ မောင့်ကို ချစ်ခဲ့တာက တစ်ဘ၀လုံးအတွက်ပါ။
တဖြည်းဖြည်းနှင့် မောင်သည် ကျွန်မတစ်ကိုယ်လုံးကို
တင်းတင်းဖက်လာသည်။ ထိုအချိန်တွင် မောင့်မျက်ရည် ပူနွေးနွေးများသည် ကျွန်မ ပခုံးထက်မှ
အက်ႌ။ ထိုမှတစ်ဆင့် ကျွန်မကိုယ်ခန္ဓာအတွင်းပိုင်းသို့ ၀င်ရောက်လာသည်။
မောင် ငိုနေလေပြီ။ မောင် ရင်နာစွာ ငိုကြွေးခြင်းသည်
မောင် ဖုံးကွယ်ထားသော တစ်စုံတစ်ရာကြောင့်လား။ သို့မဟုတ် ကျွန်မအား ပွင့်လင်းစွာ ၀န်ခံခြင်းကြောင့်
ရှက်ရွံ့ခြင်းကြောင့်များလား။ ဒီလိုမှ မဟုတ်ရင် ကျွန်မကို စွန့်လွှတ်ရမည်ကို ၀မ်းနည်းခြင်းကြောင့်
များလား။
ကျွန်မ၏အတွေးများ ပိုမိုသိပ်သည်းလာသလို
မောင့်ရှိုက်သံလေးများကလည်း တဖြည်းဖြည်းနှင့် လျော့နည်းလာသည်။ ခံစားချက်ကို မျက်ရည်ဖြင့်
ထုတ်ပြလိုက်ရသဖြင့် မောင် အနည်းငယ် စိတ်ပေါ့ပါးသွားပုံ ပေါ်သည်။ ကျွန်မကတော့ သိပ်မထူးခြားနားပါပဲ။
မောင့် မျက်ရည်စများနည်းတူ ကျွန်မမျက်ရည်စများကလည်း အတားအဆီးမရှိစွာ ကျဆင်းနေပြီ။
ကျွန်မကို တင်းတင်းဖက်ထားသည့် မောင့်ကို
အသာခွာပြီး မောင့်မျက်ဝန်းတွေကို သေချာကြည့်သည်။ မျက်ဝန်းများက ငိုထားသည့် အရှိန်ဖြင့်
နီရဲပြီး ပိုမိုချစ်ဖွယ်ကောင်းနေသည်။
“အချစ်ဆိုတာ လုပ်ယူဖန်တီးလို့လည်းမရသလို
လုပ်ယူဖန်တီးခြင်းကြောင့်လည်း တစ်သက်လုံး ပျောက်သွားမှာ မဟုတ်ဘူး။ ကျွန်မ မောင့်ကိုချစ်တယ်။
ကျွန်မအချစ်မှာ ဘာလိုချင်တောင့်တမှုမှ မရှိဘူး။ ကျွန်မ ဘေးနားမှာ နေသွားပေးရင်ကို လုံလောက်ပြီ။
မောင့်အတွက် ကျွန်မက ကာဗာဂဲလ်ဆိုရင်လည်း မောင့်အနားမှာ နေခွင့်ရဖို့တစ်ခုအပေါ် ရဲရဲဝံ့ဝံ့
ရင်ဆိုင်လိုက်မယ်”
ကျွန်မ စကားအဆုံးမှာ မောင်က ကျွန်မကို
မယုံကြည်နိုင်လောက်အောင် ကြည့်သောကြောင့် မောင့်အံ့သြခြင်းကို ပြေပျောက်စေခြင်း အလို့ငှာ
မောင့်ရင်ခွင်သို့ တိုးဝှေ့ဝင်ပြီး သင်းပျံ့ပျံ့ ကိုယ်သင်းရနံ့လေးကို ခိုးယူနမ်းရှိုက်လိုက်တော့
အရာအားလုံးက မောင့်ရင်ခွင်မှာ နေသားကျသွားလေရဲ့။
ကြင်နာလိုသူ
ကြည်ဖြူစေဖို့
အချစ်အတွက်
ခံစားချက်ကို
ခဏသိမ်းဆည်း
မြတ်နိုးဆဲမို့
ကာဗာဂဲလ်လို့
သုံးစွဲရင်လည်း
ထာဝရလက်တွဲ
ဘ၀တိုက်ပွဲမှာ
တူယှဉ်တွဲလို့
ခွဲမသွားပါဘူး မောင်…။
(၀တီ)
ဇော်ညီညီ (နေပြည်တော်)
စာကြွင်း
။ ။ Color Rainbow
Magazine – Volume (26) – 2015 ပါ ၀တ္ထုတိုကဏ္ဌမှ ညီငယ်တစ်ယောက်ရဲ့ ၀တ္ထုတိုလေးဖြစ်ပါတယ်။
No comments:
Post a Comment