ဟိုးအောက်ခြေနားဆီကမှုန်ပြပြမြင်နေရသောလယ်ကွင်းစိမ်းလေးတွေ၊တောင်ကုန်းလေးတွေကိုမြင်နေခိုက်မှာ ခင်လေး ရင်တွေတိုးတိတ်စွာခုန်ပေါက်လာလေသည် ။မကြာခင်မှာသူမစီးလာသောလေယာဉ် ကြီးသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ပေတော့မည် ။သူမကိုယ်ပေါ်မှာအသာခြုံထားသောပုဝါပါးကလေးကိုပြန့်ပြူးစေရန် လက်ဖြင့် သေချာပြင်ရင်းစိတ်လှုပ်ရှားမှုကိုထိန်းချုပ်လိုက်သည် ။
အိမ်ပြန်ရောက်ပြီ။
ရှစ်နှစ်လုံးလုံး ဝေးကွာခဲ့သော မြေကို သူမ ခြေချခွင့်ရခဲ့ပြီ။MRCP တက်ရင်းမြန်မာပြည်သို့မပြန်ဘဲဒီဘက်ကဆေးရုံမှာ Join ပြီးအလုပ် ဝင်ခဲ့ပေမယ့်တကယ်တမ်းကျတော့သူမသည် မြန်မာပြည်နှင့်မြန်မာအစားအစာတွေကိုသာပိုမက်မောတတ်မှန်းသိခဲ့ရပြီ။ဒီကလူတွေသင်္ကြန်လည်ပတ်ချိန်၊သီတင်းကျွတ် ပွဲဈေးတိုးချိန်တို့မှာသူမမျက်ရည်ကျတတ်ခဲ့ပြီ။အခုချိန်မှာတော့ သူမသည် ဟိုးအရင်ကရှက်ရွံ့စွာပြေးထွက်ခဲ့သော၊ စိတ်နာတတ်သေ ၊ဒေါသကြီးသော၊ခွင့်မလွှတ်တတ်သော မြတ်လေးခင် မဟုတ်တော့။ အရာရာကိုသည်းခံခွင့်လွှတ်တတ်သောရင့်ကျက်သောသူမဖြစ်လာခဲ့ပြီ။အချိန်တို့သည် အရာရာကိုကုစားခဲ့ သည် မဟုတ်ပါလား။
သူရော ....။
အခုချိန်လမ်းမှာတွေ့ခဲ့ရင် အရင်လိုဟန်ဆောင်ပြီးနေဦးမှာလား။ဟင့်အင်း….ဟန်ဆောင်ခြင်းအတတ်ပညာကို ခင်လေး သည် သူ့လောက်မကျွမ်းကျင်ရိုးအမှန်ပင်။သူကတော့တစ်ဖက်ကမ်းခတ်တတ်ကျွမ်းကျင်ခဲ့သည်မဟုတ်လား။
''ကျွန်တော့ကိုခွင့်လွှတ်ပါဗျာ''
ခွဲခွာခဲ့စဉ်နောက်ဆုံးအချိန်က သူ့ပါးကိုခပ်လွှဲလွှဲရိုက်မိချိန်မှာ သူ့မျက်ဝန်းထက်ကမျက်ရည်စတွေနှင့် နာကျင်စွာ တောင်းပန်ခဲ့သည်ပဲ။ အရာအားလုံးကိုမေ့ပစ်ခဲ့နိုင်ပေမယ့်သူမရင်ထဲကအချစ်စိတ်ကိုတော့ မေ့ဖို့ညာလို့မရ။ဘဝမှာတစ်ခါသာချစ်ခဲ့ဖူး သူမဟုတ်ပါလား။ခင်လေးမျက်ဝန်းအစုံကိုမှေးမှိတ်လိုက်စဉ် မျက်လုံးထောင့်စွန်းမှာမျက်ရည်တို့ခိုရစ်လေသည်။
ထို့အတူသူမရင်အစုံသည် လည်း .......။
+++++++
သူမရှေ့သို့လာချပေးသည့်ဓာတ်ပုံကိုကြည့်ရင်း ခင်လေး မေမေ့မျက်နှာကိုနားမလည်နိုင်စွာကြည့်မိသည် ။ မေမေကတော့စကားနည်းသူမို့ခပ်ပြုံးပြုံးပင်
''သူ့နာမည်က ကျော်စွာတဲ့သမီး ...မေမေ့ဆီမှာစိန်ဝယ်နေကျမိတ်ဆွေတစ်ယောက်ရဲ့သားပေါ့ ..သင်္ဘောသားလေးပဲ။ သူတို့ကသမီးတောင်းချင်တဲ့သဘောမျိုးပြောလာလို့ မေမေကလည်းဘာရယ်မဟုတ် တီးခေါက်လိုက်တော့တကယ်ပဲဓာတ်ပုံယူလာပြတယ်။ မေမေလည်း လေ့လာကြည့်ပြီးပြီသမီးသဘောကိုလည်းသိချင်တယ်။ ကောင်လေးကအခုဒီမှာပဲရှိသေးတယ် ။မပြန်ခင်တော့တွေ့ပေးမလားလို့ ။ သူတို့ဖက်ကလည်းတစ်ဦးတည်းသောသားဆိုတော့မတော်တရော်တွေနဲ့ ဖြစ်သွားမှာစိတ်ပူတယ်နဲ့တူပါတယ်။စဉ်းစားပေါ့သမီးရယ် မေမေကတော့အတင်းမတိုက်တွန်းပါဘူး။သမီးအသက်လည်းမငယ်တော့ဘူးလေ၊နှစ်ဆယ့်ရှစ်ဆိုတာအရာရာကိုဆုံးဖြတ်တတ်တာပဲ။ .. မေမေကတော့အမှန်ပြောရရင် သူ့ကိုသဘောကျတယ်။ အသောက်အစားလည်းကင်းတယ် မိန်းမကိစ္စလည်းနာမည်ပျက်မရှိဘူး ''
မေမေကတိုက်တွန်းတာလည်းမဟုတ် ၊အမိန့်ပေးတာလည်းမမည် စကားကိုခပ်ဖော့ဖော့ပြောရင်းအခန်းပြင်သို့ပြန်ထွက်သွားသည်။ သူမဓာတ်ပုံလေးကို သေချာယူပြီးကြည့်မိသည် ။အရပ်မြင့်မြင့်မျက်ခုံးထူထူအသားဖြူဖြူလူတစ်ယောက်ကသူမကိုပြုံးကာပြန်ကြည့်နေလေသည်။
အင်…..မဆိုးဘူးပဲ။ သူမ ယောင်နနဖြင့်ပြန်ပြုံးပြမိသည် ။အချိုးအဆစ်ကျသောကိုယ်ပေါ်မှကွမ်းရိုးစင်းရှပ် ပြာဖျော့ဖျော့ကသူ့ကို သေသပ်ကျနသောလူတစ်ယောက်အဖြစ် ပံ့ပိုးထားသည့်အပြင် မျက်ခုံးထူထူအောက်ကမျက်လုံးရဲ့ညှို့ငင်မှုကသူမကိုရင်ခုန်စေပြန်သည်။နောက်တစ်နေ့မနက်ခင်းမှာ မေမေ့ရဲ့အမေးကိုအသာခေါင်းညိတ်ရင်း တွေ့ကြည့်ဖို့လက်ခံမိသည်အထိသူကစိုးမိုးလွန်းလှသည် ။
ထိုနေ့ကသူမမီးဖိုထဲမှာလက်စွမ်းပြမိသည်။ မေမေ့ကိုတွေ့ကြည့်ဖို့ ခေါင်းညိတ်အပြီးမှာ သူမတို့အိမ်သို့ထမင်းစားဖိတ်တာမို့ သူမနားရက်ကိုချိန်းဆိုကြခြင်းပင်။ ခင်လေး ဒီနေ့ ဆေးခန်းကိုမသွားတော့။လူနာတွေကိုလည်းဒီနေ့အတွက် သောက်စရာဆေးကိုကြိုပေးခဲ့တာမို့ ညနေခင်းသည် သူမအတွက် သက်တောင့်သက်သာရှိလှသည် ။
''သမီး၊ရေသွားချိုးတော့..ပြင်မှာဆင်မှာနဲ့ကြာဦးမှာ၊သူတို့လာခါနီးနေပြီ..သွားတော့''
မေမေ့ကိုခေါင်းငြိမ့်ပြပြီး သူမမီးဖိုချောင်ထဲကထွက်လာခဲ့လိုက်သည်။ မေမေနှင့် ကောင်မလေးနှစ်ယောက်ကမီးဖိုခန်းနဲ့ ထမင်းစားခန်းကိုကူးချည်သန်းချည်လုပ်ကာ ပြင်ဆင်ရင်းကျန်ခဲ့လေသည်။ ခင်လေး မြန်မြန်ရေချိုးပြီးမျက်နှာကို နို့ရည်ပါးပါးလိမ်းကာ ခပ်လတ်လတ်ပါတိတ်တစ်စုံကိုဝတ်လိုက်သည် ။သူ့ရှေ့မှာအရမ်းပြင်ဆင်ပြီးမနေချင်ပါဘူး။ တော်ကြာ သူ့ကိုအရမ်းလိုချင်နေတယ် ထင်နေဦးမယ်။ခင်လေးအောက်သို့ပြန်ဆင်းလာခဲ့ချိန်မှာပဲ အိမ်ရှေ့မှာကားတစ်စီးရပ်သံနှင့်အတူ မေမေ့နှုတ်ဆက်သံဖိတ်ခေါ်သံတွေကိုကြားလိုက်ရလေသည် ။သူမမီးဖိုခန်းထဲသို့အရင်ဝင်ပြီးလိုအပ်တာတွေမှာ ကြားပြီးမှအိမ်ရှေ့သို့ထွက်လာကာ မေမေ့ဘေးနားမှာဝင်ထိုင်လိုက်သည် ။
လူကြီးတွေပြောသမျှကိုခပ်ပြုံးပြုံးနားထောင်ကာ ပြောဖို့လိုအပ်ပါကကြည်လင်မွန်ရည်သောအသံဖြင့်ချိုသာစွာပြန်ပြော နေသောသူ့ကိုကြည့်ရင်းသူမစိတ်ထဲနှစ်လိုစွာသဘောကျကာ မဆိုးဘူးဟုတိတ်တဆိတ်မှတ်ချက်ချမိသည့်အတွက် သူမကိုယ်သူမ ရှက်ရွံ့မိသည်အထိပင် ။ထမင်းလက်စုံစားအပြီးမှာထမင်းစားခန်းထဲသစ်သီးခွာနေသောသူမအနားသူရောက်လာရင်း
''ကျွန်တော်က ကျော်စွာပါ၊ညီမလေးမြတ်လေးခင်နော် ''
ခင်လေးသူ့ကို မော့ကြည့်လိုက်သည် ။ ညီမလေးတဲ့၊ သူခေါ်လိုက်သောညီမလေးဆိုသည့်အသံသည် သူမနားထဲစိမ့်ဝင်စီးဆင်းပြီးနှလုံးသွေးကြောမှတစ်ဆင့် နှလုံးသားသို့တိုင် ရောက်ရှိခဲ့သည်လားမသိ သူမရင်အစုံသည် တဒိတ်ဒိတ်ခုန်လှုပ်လာလေသည်။ငယ်စဉ်ကတည်းက ကျောင်းစာတွေနှင့်နပမ်းလုံးပြီး အချစ်ဆိုတာဘာမှန်းမသိသောမိန်းမပျိုတစ်ယောက်မို့ သူမရှက်သလိုရင်ဖိုသလိုခံစားရကာ ခေါင်းငုံ့ရင်း စားပွဲပေါ်ကသူ့လက်ဖျားလေးတွေကိုအမှတ်မဲ့ကြည့်နေမိလေသည်။ပန်းသွေးရောင်လွှမ်းသောလက်သည်းတို့ကသေချာစနစ်တကျပုံဖော်ထားသလိုညီညာလွန်းလှသည်။ သူမခေါင်းငြိမ့်မိလား မငြိမ့်မိလားသေချာမသိ။
သူကခပ်တိုးတိုးရီရင်း
''အိမ်ကကျွန်တော်တို့နှစ်ယောက်ကိစ္စပြောပြီးလောက်ပြီထင်ပါတယ် ။ကျွန်တော်ကတော့မိန်းကလေးကိစ္စရှင်းခဲ့တာမို့
ကျွန်တော့်ဘက်က တော့ ဘာမှပြောစရာမရှိပါဘူး...ကျွန်တော့အပေါ်ညီမလေးရဲ့သဘောထားကရောဘယ်လိုရှိလည်းဟင် ''
'' ဟို...ချက်ချင်းဆုံးဖြတ်ဖို့တော့ စောပါသေးတယ် ...ကျွန်မ ''
''အိုခေ....ကျွန်တော်လည်းမလောချင်ပါဘူး ..ညီမလေးဘက်ကအဆင်သင့်ဖြစ်တဲ့နေ့ကို စောင့်ပါ့မယ် ..ဒီကြားထဲတစ်ယောက်အကြောင်းတစ်ယောက်သိအောင် ရင်းနှီးမှုရအောင် အဆက်အသွယ်မပျက်ဘဲဖုန်းဆက်တာတို့ဘာတို့လုပ်ကြမယ်လေ ...ဒါနဲ့ ဖေ့ဘွတ်ခ်သုံးရင် ကျွန်တော် ဟိုရောက်လည်းအဆက်အသွယ် လုပ်လို့ရတာပေါ့ နော့ ''
ခင်လေး ခေါင်းကိုအသာအယာငြိမ့်မိသည်။ထိုနေ့ကပြန်သွားပြီးခင်လေးတို့ဖုန်းပြောဖြစ်ကြသည် ။သူမသွားခင်မုန့်ကျွေးပါရစေဆိုတော့လည်းခင်လေးမငြင်းမိ။
သူသဘောင်္ပြန်တက်ခါနီးလာနှုတ်ဆက်တော့ခင်လေးဝမ်းနည်းစွာငြိမ်သက်နေမိသည်။မိန်းကလေးမို့အိနြေ္ဒဆည်ထားသော်လည်းခင်လေးမခွဲချင်မိ။တဖြေးဖြေးဝေးသွားသောသူ့ကိုယ့်ရနံ့သင်းသင်းလေးကိုတရှိုက်မက်မက်ခံစားရင်းခင်လေးတစ်ယောက် အချစ်မှာဒူးထောက်အရှုံးပေးလိုက်ရလေတော့သည် ။
++++++++++
ဖုန်း screen မှာပေါ်နေသောစာလုံးလေးနှစ်လုံးကိုကြည့်ရင်းသူမလက်ဖျားတို့ အေးစက်လာသည် ။ပို့သင့်သလားမပို့သင့်လားသူမမသိတော့။မနေ့ကသူနဲ့စကားပြောရင်းသူကချစ်လားလို့မေးစဉ် ခင်လေးမဖြေမိ။သူ့ဘက်ကအတန်ကြာနှုတ်ဆိတ်နေပြီးမှလိုင်းအောက်သွားခဲ့တာမို့ ခင်လေးသူ့ကိုအားနာမိသည်။သင်္ဘောပေါ်ပြန်ရောက်သွားတာကြောင့် ကမ်းကပ်သည့်အချိန်သာဖုန်းပြောရသလိုအင်တာနက်လိုင်းကောင်းရင် တစ်ညလုံးစကားပြောဖြစ်ကြသည်။ဒါပေမယ့်ခင်လေးကသာစတင်ပြီးပြောရသူပင်။လိုင်းကလည်းကောင်းတခါမကောင်းတလှည့်မို့တခါတခါပြောရင်းလိုင်းကအောက်သွားတတ်သလို တခါ တခါ မီးစိမ်းနေသော်လည်းစာမပြန်နိုင်ခဲ့။ထိုအခါ ခင်လေးသူ့ကိုနားလည်ပေးရသည်သာ။ကျန်သည့်အချိန်တွေမှာတော့ သူမသည် တကိုယ်တော်လွမ်းဆွတ်သူအဖြစ် တိုးတိတ် တမ်းတရင်း နေ့ရက်တို့ကိုကျော်ဖြတ်နေရသည် ။
စကားပြောကြတာကြာလေသူ့ကိုချစ်သောစိတ်ကပိုပိုတိုးလာလေပင်။သူ့အသံသူ့ဟန် သူ့ကိုယ်ကရေမွှေးနဲ့ကအစ သူ့လက်ဖျံကမွေးညင်းနုလေးတွေအဆုံးသူ့ခြေဖနှောင့်ရဲရဲလေးပါမကျန် သူမချစ်သည် ။ချစ်တာကိုချစ်တယ်လို့ဘာကြောင့်သူမ မပြောရမည်နည်း။ သူမလက်ညိုးလေးက Sendဆိုသောစာလုံးဖျားကိုခပ်ဝါးဝါးထိလိုက်သည် ။သူမပို့လိုက်သောမက်ဆေ့စ် လေးကဟိုဖက်သို့ ရောက်ကြောင်းအမှန်ခြစ်လေးပေါ်လာချိန်မှာတောင်သူမရင်တွေခုန်နေခဲ့လေသည် ။အချစ်သည် မိန်းမောတတ်သလားမသိ။သူမလိုင်းအောက်ပြီးဖုန်းကို ဂျူတီကုတ်ဘေးကအိတ်ထဲသေချာပြန်ထည့်ပြီး ဆေးရုံကပေးသော နားနေခန်းကနေပြန်ထွက်လာခဲ့လိုက်သည်။လူနာတွေအတွက်စဉ်းစားလိုက်ချိန်မှာတော့သူမသည် စေတနာပြည့်ဝသောဆရာဝန်မလေးအဖြစ်သို့ပြန်လည် ရောက်ရှိသွားလေသည် ။ အဆောင်တစ်ခုလုံးကကုတင်များမလုံလောက်သဖြင့် လူသွားလမ်းကြားထဲမှာပါခုံတန်းလေးတွေဆက်ရင်း နေရသော ဝေဒနာစုံလူနာများအကြားမှာသူမရင်ခုန်ဖို့ပင် မအားလပ်တော့။
+++++++
ရေချိုးခေါင်းလျော်အပြီး မွေးပွတဘက်ဖြင့်ဆံပင်စိုတွေရေသုတ်နေသောခင်လေးတံခါးဖက်လှည့်ရင်း
''မစောလွန်းဘူးလား မေမေ၊ ပြီးတော့ဒီကိစ္စမှာ ကိုကျော်စွာကအရင် သမီးကိုပြောသင့်တာလေ ''
''အော် သမီးရယ် မောင်ကျော်စွာနဲ့သမီးလည်းဖုန်းတွေပြောနေကြတာ၊သူ့အသိုင်းအဝိုင်းဆိုတာလည်း မေမေတို့အသိမိတ်ဆွေတွေကြားမှာ မေးမြန်းကြည့်ပြီးသား၊လူကိုယ်တိုင်လည်းဘာလေးချက်လို့ညာလေးချက်လို့ဆိုပြီးအပြန်အလှန်ပို့ကြ အကဲခတ်နေကြတာ။ သမီးကဘာကိုအချိန်ဆွဲနေတာလည်းသမီးတို့ချင်းလည်းချစ်နေကြတာပဲကို ''
''သမီးစိတ်ထဲတစ်မျိုးပဲ၊ကိုကျော်စွာကိုကြည့်ရတာ မိဘသဘောကျလို့ပြီးပြီးရော ခေါင်းငြိမ့်ပြီးသမီးကိုကြည်ဖြူနေရသလိုဘဲ ''
''အော် ၊သူ့အသက်အရွယ်နဲ့ဆယ်ကျော်သက်လေးတွေလိုတော့ပြာယာခပ် ဖျတ်ဖျတ်လူးနေပါ့မလား ခင်လေးရယ်..ညည်း နှယ် ''
''အေးတိအေးစက်ကြီး မေမေ၊သမီးကတော့သူ့ဘက်ကမပြောမချင်းလုံးဝဘဲ၊သူကိုယ်တိုင်လိုလိုလားလားပြောမှ ခေါင်းငြိမ့်မယ် ၊ညည်းမချစ်လို့လားတော့ မေမေမမေးနဲ့ချစ်တာကသတ်သတ် သိက္ခာကသတ်သတ်ဘဲ ''
''အေး၊ညည်းအပျိုကြီးဘဲလုပ် ၊ပဇီပဇာနဲ့ဇီဇာကိုကြောင်တယ် ''
စိတ်ဆိုးမာန်ဆိုးထထွက်သွားသောမေမေ့ကိုကြည့်ကာ သူမသက်ပြင်းချမိသည် ။ခင်လေးကတော့ ချစ်လို့အမြတ်တနိုး လက်ထပ်ယူတာဘဲလိုချင်သည် ။ကိုယ့်ချစ်သူမှ တယုတယအသေးစိတ်လေးကအစဂရုစိုက်တာခံချင်သည်။ဒါက ခင်လေး မှမဟုတ် မိန်းကလေးတိုင်းလိုလိုပင်။ အခုတော့ ...၊ နေကောင်းလားစားပြီးပြီလားပြီးရင် ပြောစရာစကားမရှိတော့။ Typing ရိုက်နေတာကို ဒီဘက်ကမြင်နေရသော်လည်းထိုစာတို့သည် ခင်လေးဘက်သို့ ရောက်မလာ။တကယ်ဆိုဒီနေ့ဘာစားလဲ ဘယ်သွားလဲ ကိုယ်ကဘယ်မှာဘာလုပ်နေရတယ်ဆိုတာမျိုး ပြောစေချင်သည် ။သူ့အလုပ်ကိုယ့်အလုပ် အဆင်မပြေတာ အဖုအထစ်ရှိတာလေးတွေဝေမျှရင်းတစ်ယောက်ကိုတစ်ယောက် အားပေးချင်သည် ။ ဒါအဘယ်မျှကြည်နူးစရာ ကောင်း လိုက်မည်နည်း။သို့သော်လဲ ခင်လေးသည် ဒါကိုမည်သို့သောအခါမှဖွင့်ပြောလိမ့်မည်မဟုတ် ။
သူမ စိတ်တိုစွာ ခေါင်းကဆံပင်တွေကိုဆွဲဖွပစ်လိုက်သည်။စိတ်ရှုပ်လိုက်တာ။သူမမျော်လင့်ထားသောချစ်ခြင်းတရား ဆိုသည်မှာထိုသို့ စိတ်ပျက်ဖွယ်ရာအခြေအနေမဟုတ် ။ နောက်ဆုံးကျတော့လည်းသူ့ကိုချစ်သည့်စိတ်ဖြင့်အရာရာကိုခွင့် လွှတ်ပေးရဦးမည်သာ။သူမတို့လက်ထပ်ကြဖို့ ခင်လေးဖက်က ခေါင်းညိတ်ခဲ့ရပြန်သည်။
သူမရှေ့မှာမြင်နေရသောဖိတ်စာနမူနာလေးတွေကိုကြည့်ရင်းခင်လေးအသည်းယားနေမိသည် ။ ဖျော့တော့ပေမယ့်ဆန်း ပြားသောအရောင်နှင့်ဟန်းမိတ်လက်ရာလေးကြောင့်ဖိတ်စာလေးကမထိရက်စရာလှပလွန်းသည် ။ ခင်လေးဖိတ်စာတစ်ခုကိုလက်ဖြင့်ဖွဖွပွတ်သပ်ရင်းဟိုဖက်က viber ဖြင့်ခေါ်ထားသောဖုန်းကိုနားမှာကပ်ရင်းမြူးတူးစွာဖြင့်
''လှလိုက်တာ၊အဲ့ဒီကမှာတာလားအကို ''
''မဟုတ်ဘူးညီမလေး၊ဒီကညီအကိုလိုခင်တဲ့ကောင်လေးတစ်ယောက်ကို အကူအညီတောင်းပြီးနမူနာလုပ်ခိုင်းထားတာ၊ ညီမလေးကြိုက်တာ ရွေးလေ၊ ပြီးမှလိုသလောက်အရေအတွက်ကိုထပ်လုပ်ခိုင်းရမှာ''
''အင်း…အကို့သဘောကရော၊ဘာလေးကြိုက်လည်း''
''အကိုကဓာတ်ပုံဘဲမြင်ရတာလေ၊ပြီးတော့အကိုကသိပ်မသိဘူး၊ညီမလေးကြိုက်တာရွေးပါ၊မင်္ဂလာဝတ်စုံအရောင်လည်းခင်လေးစိတ်ကြိုက်လုပ်နော် ၊အားမနာနဲ့ အကိုကခင်လေးကြိုက်တာလိုက်ဝတ်မယ် ၊ ''
ခင်လေးအသံတိတ်သွားသည် ။အကုန်သူမသဘောဆိုသည့်စကားသည် ဒီထက်ပို၍နူးနူးညံ့ညံ့ရှိလျှင် သူမအားဦးစားပေးသည်ဟုဆိုကာဘယ်လောက်ပျော်စရာကောင်းလိုက်မည်နည်း။အခုတော့သူ့အသံကဝတ္တရားကျေတာထက်နည်းနည်း မှမပို။ဒါဆိုဘာလို့ကျွန်မကိုချစ်လားလို့မေးခဲ့တာလည်းအကိုရယ်။ခင်လေး ဖုန်းကိုချလိုက်ရင်းဖိတ်စာလာပို့သော ကောင်လေးကိုသူမကြိုက်သောတစ်ခုကိုရွေးပေးလိုက်ရင်းအရေအတွက်ကိုပါ ပြောပြလိုက်သည် ။ ကောင်လေးပြန်သွားမှ မေမေ ရှိရာ မီးဖိုချောင်သို့ဝင်ပြီး မကျေမနပ်သောလေသံဖြင့်
''မသိရင် တစ်ယောက်တည်းဆောင်မှာကျနေတာဘဲ၊အကုန်လုံးကိုယ်ဘဲတစ်ယောက်တည်းလုပ်နေရတယ် အရမ်းစိတ်တိုတာဘဲ''
''အော်၊ဟိုကနေပြန်မလာရသေးတဲ့လူနဲ့အပြိုင်စိတ်လုပ်နေပြန်ပြီ။ဒီမှာအားလုံးဝိုင်းကူညီပေးနေတဲ့ဟာကို ''
''မေမေတို့လုပ်ပေးတာနဲ့သူ တူမလားမေမေရဲ့၊ဘယ်သူမဆိုကိုယ်ယူမယ့်ယောင်္ကျားနဲ့တိုင်တိုင်ပင်ပင်လုပ်ချင်တာပေါ့။အခုဖြစ်နေတာက ကူတာမကူတာထက် စိတ်မဝင်စားတာကိုဒေါသဖြစ်နေတာ ''
''မြတ်လေးခင် ၊သမီး၊သမီးတို့ကမိဘစီစဉ်တာကိုလက်ခံပြီးမှသမီးတို့ချင်းစကားပြောရတာဘာကြာသေးလို့လည်းကွယ် ၊ အချိန်ယူရမှာပေါ့သမီးရယ် ၊အသက် သုံးဆယ်ကျော်ယောင်္ကျားတစ်ယောက်ကလူငယ်တွေလိုတော့ချစ်စကားကြိုက်စကားတွေဘယ်ပြောပါတော့မလည်း၊နေရာတကာကိုယ့်စိတ်ကိုယ့်သဘောလုပ်တာပိုတောင်ကောင်းသေးတာမဟုတ်လား ''
ခင်လေးနှုတ်ခမ်းကိုပိုမိုရုပ်ဆိုးသည်အထိစူထော်ထားလိုက်တော့သည်။
+++++
သူ့ရှေ့မှမပြေးရုံတမယ် သွားနေသောနာစ့်လေးနောက်ကခပ်သွက်သွက်လိုက်ရင်းသူမလှမ်းမေးလိုက်သည် ။
ဒီနေ့ဆေးရုံမှာဂျူတီမရှိ။သို့သော် အချိန်အားမနေချင်သောခင်လေးက သူမတို့ရဲ့ဆရာကြီးထိုင်သောအထူးကုဆေးခန်း ကြီးမှာကူညီလုပ်ကိုင်ပေးတာမို့ကြာတော့ ဆေးခန်းကနာ့စ်လေးတွေဆရာဆရာမတွေနှင့်လည်းရင်းနှီးနေသည် ။
'' .... ကေစ့်မမ ''
''ဟယ် Suicide လုပ်တာလား ''
''ရှုးးးး၊တိုးတိုးတိတ်တိတ်မမ၊ဆရာကြီးမိတ်ဆွေအစ်မရဲ့သားလေးလို့ပြောတယ်။ သူတို့ကတော့မတော်တဆထိတယ်လို့ပြောတာပေါ့။ဒါပေမယ့်တမင်လတ်ကောက်ဝတ်ကိုဓားနဲ့လှီးတာ နေမယ် ''
''အမလေး ''
သူမရင်ဘတ်ကိုလက်ဖြင့်ဖိရင်းအလန့်တကြား ရေရွတ်မိသည် ။တဆက်တည်းနှုတ်မှလည်းမိုက်လိုက်တာနော် ဟု ပြောမိပြန်သည် ။အခန်းထဲမှာသွေးတွေကမြင်မကောင်း။ဆရာကြီးကိုယ်တိုင် Dressing လုပ်နေသဖြင့်သူမ နောက်နားမှာ အသာရပ်ရင်းစပ်စုမိသည် ။ကုတင်ထက်မှာအသားဖြူဖြူ ချောချောလူငယ်လေးတစ်ဦးက ဖျော့တော့စွာမှိန်းနေလေသည် ။ 'ချောလိုက်တာ 'ဟုသူမနှုတ်ကအသံပင် ခပ်တိုးတိုးထွက်မိသည် အထိပင် ။ နီစွေးသောနှုတ်ခမ်းကိုပြတ်ထွက်လုမတတ်ကိုက်ထားပြီး မည်းနက်သောမျက်ခုံးတို့အောက်မှမျက်တောင်မွှေးစိပ်စိပ်လေးတွေကြားမှ မျက်ရည်ဥလေးတွေကိုမြင်မိရတော့ ဘာရယ်မသိသူမစိတ်ထဲသနားနေမိသည် ။တော်တော်များနာနေသည်လားမသိ။ ဘာကြောင့်များသတ်သေဖို့ကြိုးစားရသလဲကွယ် ။လူ့ဘဝဆိုတာရခဲပါဘိနဲ့။ပုံစံလေးကသပ်ရပ်ပြီး အဆင့်အတန်းမြင့်ပုံရသည့်အတွက် ငွေကြောင့်တော့ဟုတ်ဟန်မတူ ။သူမစိတ်ထဲ အေးဆေးဖြစ်သွားလျှင် မေးဖို့ တေးထားလိုက်မိသည် ။
''သွေးထွက်လွန်ရင်တော့အန္တရာယ်ရှိပေမယ့် အခုတော့စိတ်ပူဖို့မလိုတော့ပါဘူးး။ ကျန်တာကိုကျွန်တော့်ကလေးတွေက ကြည့်ပေးပါလိမ့်မယ် ..အစ်မလည်းစိတ်ချတော့၊ဟုတ်ပြီလား''
''သူထပ်ပြီးလုပ်မှာစိတ်ပူလို့ပါ၊ပြီးတော့မှုခင်းတွေဘာတွေဖြစ်မှာစိုးလို့ အပြင်ဆေးခန်းကိုသွားပြတာလက်မခံကြဘူး။ငါ့မောင်ရှိလို့တော်သေးတယ် ကျေးဇူးပါကွယ် ''ကောင်လေးရဲ့အမေကခပ်တိုးတိုးပြောသည်။
ဆရာကြီးကပြုံးရင်းသူမတို့ဘက်လှည့်ကာ
''သမီးတို့လိုအပ်တဲ့ Treatment လေးတွေဆက်လုပ်ထားပေး၊ဆရာတို့စကားပြောစရာရှိလို့၊စိတ်ချမယ်နော် ၊
ကဲ အစ်မလာ…စကားပြောရအောင် ''
ဆရာကြီးကသူ့အခန်းရှိရာဖက်သို့ထွက်သွားသဖြင့် ခင်လေးလူနာကောင်လေးနားမှာ အသာရပ်နေမိသည် ။ ကောင်လေး ကသတိရှိရက်နှင့် မျက်လုံးကိုမှိတ်ထားတာမို့ သူမလည်းဘာမှလုပ်စရာမလိုပေမယ့်ဘာကြောင့်မှန်းမသိ ထိုနေရာမှာ ရပ်ပြီး နာစ့်မလေး လုပ်ပေးနေသမျှကိုကြည့်နေမိသည် ။
''ကျွန်တော့ကိုပစ်ထားလိုက်စမ်းပါ၊သေချင်လို့ပါဆိုဘာတွေလုပ်နေကြတာလဲ ''
ရုတ်တရတ်ကောင်လေးနှုတ်က အသံတိုးတိုးလေးထွက်လာသလို မျက်ဝန်းထောင့်မှမျက်ရည်စီးကြောင်းကနားထင်မှတစ်ဆင့်ခေါင်းအုံးဖြူလေးပေါ်ကျသွားလေသည်။သူမစိတ်မကောင်းစွာအခန်းအပြင်သို့ထွက်လာခဲ့ပြီး ခုံတန်းလျားတစ်ခုပေါ် ထိုင်ချပြီးငြိမ်သက်စွာ တွေးနေမိသည်။
''မမ ''
''မမ ''
''အင်...ဟင် ဆောရီးသန္တာ မကြားလိုက်လို့ ''
သူမရှက်ရွံ့စွာ ဖြေရင်းပြုံးလိုက်မိသည်။သန္တာကသူမလက်ကိုဆွဲရင်း အထူးကုဆေးခန်းရဲ့အထပ်တစ်ထပ်တိုင်းမှာရှိသော ကောင်တာပုံးနောက်သို့ဝင်ကာ
''လာ ..တိုးတိုးလေးပြောပြမယ် ''
''ဟဲ့ဘာလည်း၊နင့်ကိုလူနာနားနေပါဆို ''
''ရတယ် ၊သန့်ရှင်းရေးလုပ်နေတယ် ဒေါ်ကြည်ဝင်းနဲ့မလှမြင့်ရှိတယ် ၊ ပြောမလို့ပါဆို၊ကောင်လေးကလေအခြောက်လေးတော့၊မထင်ရဘူးနော် ''
''အေးဟဲ့၊ချစ်စရာလေး၊အစ်မလည်းထင်နေတာတစ်မျိုးတော့တစ်မျိုးပဲလို့ ''
''သူ့ချစ်သူကသူ့ကိုထားခဲ့လို့သတ်သေတာတဲ့နော် ''
''ဟယ် ၊အဲ့ကောင်မလေးကလည်း''
''ဟာာ၊မမကလည်းဘယ်လိုလုပ်ကောင်မလေးဖြစ်မှာလည်းအခြောက်ပါဆို၊ကောင်လေး၊ ကောင်လေး''
''သန္တာ၊သူများသားသမီးကိုအခြောက်အခြောက်နဲ့၊ကြားသွားရင် အားနာစရာ ''
''အင်းပါ၊ပြောချင်ဇောများသွားလို့၊သူ့အမေကလေအခုမှသိတာတဲ့၊တစ်ဦးတည်းသောသားမို့ဆုံးရှုံးမှာလည်းကြောက် ၊ အဲ့လိုဖြစ်တာကိုလည်းရှက်နေတာ၊ဟိုဖက်က ကောင်လေးကလည်းချစ်တယ်တဲ့ မိဘတွေသိမှာစိုးလို့လမ်းခွဲတယ်ပြောတယ် ၊သူ့အဖေကြီးကတော့ ဟိုကောင်လေးကိုသတ်ပစ်မယ်ဆိုပြီးစုံစမ်းနေတယ်တဲ့ ''
''နင်ကဘယ်လိုလုပ်သိတာလည်း ..စပ်စုမရယ် ''
''မမကလည်း၊သူကျမသိချင်တာကျလို့၊ခုနကဆရာကြီးအခန်းမှာ ဆေးပြောင်းဖိုသွားမေးရင်းပြောနေတာ၊သန္တာလည်းအချိန်ဆွဲပြီးဟိုဟာယူသလိုဒီဟာယူသလိုနဲ့နားထောင်လာတာ ''
''သနားပါတယ်နော်၊ဟိုကောင်ကလည်းညံ့လိုက်တာ၊သန္တာသာဆိုထွက်ပြေးကြမှာဘဲ၊လွတ်ရာကျွတ်ရာကို ''
''အော် ၊မတူဘူးလေသန္တာရယ် အခုဟာက ယောင်္ကျားချင်းဖြစ်နေတာကို၊လူ့အသိုင်းအဝိုင်းကဘယ်လက်ခံပါ့မလည်း၊တစ်ချို့ကအမြင်ကျဉ်းကြတယ်လေ ''
''အင်းပေါ့လေ….ဒါလည်းဝဋ်ကြွေးတစ်မျိုးဘဲနော် ''
ခင်လေးတို့စကားပြောနေစဉ် ဆရာကြီးနှင့်ကောင်လေးအမေ ထွက်လာသောကြောင့် သူမတို့အရှိန်သတ်လိုက်ရသည် ။
ဆရာကြီးကသူမနားလျှောက်လာပြီး
''သမီးမြတ်လေး၊ဒီအန်တီက ဆရာ့ငယ်သူငယ်ချင်းဘဲ၊ ခုနကလူနာကလေးရဲ့ မေမေပေါ့၊ဒေါ်မြမြသက်တဲ့၊သူကကျွန်တော့်တပည့်လေး၊မြတ်လေးခင်တဲ့၊ ဒီလိုသမီးရေ…သူကလူနာကိုအိမ်ပြန်ခေါ်သွားချင်တယ်ဆိုလို့ ဆရာလည်းကောင်းမယ်ထင်တာနဲ့ခွင့်ပြုပေးလိုက်တယ်။ ဒါပေမယ့်လူနာကိုကြည့်ဖို့ကျဆရာကအဆင်မပြေဘူး သူ့အိမ်ကဆရာနဲ့ဝေးတယ်။ ဆိုတော့ ကာ သမီးနေတဲ့ရန်ကင်းကဆိုရင် တက္ကသိုလ်ရိပ်သာလမ်းကနီးလို့ သမီးသွားကြည့်ပေးနိုင်မလား ''
''အန်တီကသမီးကို ခြေကြွခအနေနဲ့သတ်သတ်ချီးမြှင့်မှာပါသမီး၊သားလေးကတစ်ခုခုထပ်လုပ်မှာစိုးလို့ အန်တီကအိမ်ကိုခေါ်ထားချင်တာပါ၊ အိမ်မှာဆိုတော့ အနီးကပ်ကြည့်နိုင်တာပေါ့နော် ''
''ပေးစရာမလိုပါဘူးရှင့်၊ဆရာကြီးမိတ်ဆွေဆိုသမီးလာကြည့်ပေးပါ့မယ် ၊နက်ဖြန်ကစပြီးဆေးရုံမသွားခင်လာလာကြည့်ပေးပါ့မယ် ''
''ကျေးဇူးတင်ပါတယ် သမီးရယ် ''
အန်တီကြီးကမျက်ရည်တလည်လည်ဖြင့်ကျေးဇူးတင်စကားဆိုရှာသည် ။ခင်လေးအခန်းထဲမှာ ဆေးရှိန်ဖြင့်အိပ်မောကျနေသော ကောင်လေးကိုကြည့်ကာသနားစိတ်ဖြင့်လက်ခံလိုက်ခြင်းပင် ၊သူမသာဆိုလည်းချစ်သူကထားခဲ့ရင် ထိုသို့လုပ်မိမည်လားမပြောတတ် ။သေချာတာကတော့ ကောင်လေးသည် အသက်ပေးချစ်တတ်သူ…။
ထိုညကဟိုတွေးဒီတွေးနှင့် ခင်လေးအိပ်မပျော်။ မနက်ကျလျှင် သတိုသမီးဝတ်စုံအတွက် Fitting လုပ်ရတော့မည် ။ မကြာခင် သူမသည်လည်း အိမ်ထောင်ရှင်မဖြစ်ရတော့မည် ။သို့သော် အခုထိတိုင် သူမစိတ်တို့က ဝေဝေဝါးဝါးပင် ။ငယ်စဉ်ကဖတ်ရသောဝထ္ထုတွေထဲကလို သူချစ်မဟုတ်ဘဲကိုယ်ချစ်များဖြစ်နေသလားဟု တွေးမိသော်လည်းကြာရင်တော့မချစ်သော်လည်းသံယောဇဉ်ဖြစ်လာမှာပါဟု ဖော့ပြီး ဖြေသိမ့်ရပြန်သည် ။ မေမေပြောသလိုသူချစ်ပြဖို့ရှက်နေတာလည်းဖြစ်နိုင်ပါသည် ။
သူမတွေးရင်းရှက်စနိုးပြုံးမိတော့သည် ။
အချစ်သည်ကားရူးအောင်လည်းလုပ်တတ်သည်မဟုတ်လား။
++++++++
ခြံပေါက်ဝက ဟွန်းတစ်ချက်တီးရင်း ခင်လေးကြည်လင်စွာပြုံးနေမိသည် ။မနက်စောစောကကိုကျော်စွာ့အိမ်ကဖုန်း လာသည် ။လူစားထိုးတာဝန်လွှဲမည့်သူရပြီဖြစ်သည့်အတွက် မကြာခင် ပြန်လာတော့မည်တဲ့။ သူမကိုတော့ကြိုမပြောပါနဲ့ဦးလို့ပိတ်ထားသည်ဆိုသော်လည်း ယောက္ခမလောင်းကချစ်ကြည်နူးစွာတိုးတိုးတိတ်တိတ်သတင်းပေးထားတာပင်။ အဟင်း…မဆိုးပါဘူး သူမကိုအံသြ၀မ်းသာဖြစ်အောင် လုပ်မည်ဆိုတော့သူလည်းအလုပ်တစ်ဖက်နဲ့ မအားတဲ့ကြားက ချစ်ရှာတတ်သားဟုတွေးကာလူကမျက်နှာပိုးမသတ်ချင်တော့။
အိမ်ထဲရောက်ပြန်တော့လည်း လူနာကောင်လေးကအိမ်ပေါက်ဝက စောင့်ဆိုင်းရင်း သူ့ကိုပြုံးပြနေတာမို့ ခင်လေးအူကြောင်ကြောင်ပြန်ပြုံးပြလိုက်မိသည်။ မနေ့ကသေကောင်ပေါင်းလဲဖြစ်တာသူမဟုတ်သလိုပါလား။
''သက်သာလား မောင်လေး''
''ဟုတ် မမ၊စိုးရိမ်စရာတော့မဟုတ်တော့ပါဘူး၊လာလေမမ၊ကျွန်တော့အခန်းမှာ ဆေးထည့်ဖို့ပြင်ထားတယ် ''
ကိုယ်တိုင်လည်းစိတ်ကြည်လင်နေသည့်အပြင် လူနာကလည်းရွှင်ပျနေသဖြင့် ခင်လေး ကျေနပ်စွာသူ့နောက်ကလိုက်လာရင်း
''အစ်မနာမည်ကမြတ်လေးခင်ပါ၊ မောင်လေးနာမည်ကရော ''
'' ပြည့်စုံအောင်ပါမမ ''
သူမက ကောင်လေးလက်မှဒဏ်ရာကိုပတ်တီးဖြည်ရန် လိုအပ်သည်များကိုထုတ်ရင်း
''ကိုယ့်မောင်လေးအရွယ်မို့ မေးချင်မိတယ် ၊မနေ့ကချစ်သူနဲ့ပြသနာတက်လို့ဒီလောက်ထိလုပ်တာလား ''
''ဟုတ်တယ် ၊သူကလမ်းခွဲဖို့ပြောတယ်လေသူ့အိမ်ကသဘောတူတဲ့လူနဲ့ယူတော့မယ်တဲ့ ''
''အို၊ ကောင်မလေးကလည်း ''
''ကောင်လေးပါမမ၊သူကယောင်္ကျားလေးပါ၊ကျွန်တော်ကဂေးပါ ''
''အို ဆောရီး''
သူမမျက်နှာသည် ကောင်လေးဧ။် ပွင့်လင်းသောအဖြေကြောင့်အားနာလွန်းစွာပူထူသွားသည် အထိပင်။သူ ထိုကဲ့သို့ဖြေလိမ့်မည်ဟု ဘယ်လိုမှထင်မှတ်မထား။
''ရတယ်မမ၊ဒီနေ့တော့သူလည်းမခွဲနိုင်ပါဘူးတဲ့၊ကျွန်တော့ကိုလာခေါ်ပြီးထွက်ပြေးကြမယ်တဲ့ ''
''ဒါကြောင့်မျက်နှာကရွှင်နေတာကိုး ''
''ဟားဟား၊ဟုတ်တယ် ကိုယ့်ချစ်သူနဲ့တူတူနေရတာမပျော်တဲ့လူဘယ်သူရှိမလဲ မမရဲ့၊ မမလည်းမင်္ဂလာဆောင်တော့မှာဆို ''
''အင်း၊ ရှေ့လမှပါ၊မမခင်ပွန်းလောင်းတောင် ပြန်မရောက်သေးဘူး ''
သူမဖွဖွပြုံးရင်းဖြေမိသလိုစိတ်ထဲကလည်းနက်ဖြန်ဆို ကိုယ့်ရှေ့ဘယ်လိုထူးခြားသောအံ့သြဖွယ်ရာတွေနှင့်သူရောက်လာမည်နည်း။သူမရင်ခုန်လှပါသည် ။ ဒါမှမဟုတ် သူရင်ခုန်အောင် ???
သူမပြုံးနေတာကို ကောင်လေးကကြည့်ပြီးရီတော့သူမရှက်သွားသည်။ပြီးမှနှစ်ယောက်သားတိုင်ပင်ထားသလိုရယ်မိကြလေသည် ၊၊
+++++++++
ဒါပေမယ့်ခင်လေးကဗျာမဆန်အား။သူမကို surprise လုပ်မည့်အကို့ကို သူမကတဖန်surpriseလုပ်မည်ဟုအားခဲထားသော်လည်းညကအတွေးများစွာနှင့်ရင်ခုန်ကာအိပ်မရသော ကြောင့် လေယာဉ် ဆိုက်ချိန်မှရောက်လာခဲ့တာမို့ပင်။ ခင်လေး ဝင်ပေါက်သို့ရောက်သည့်အချိန်မှာပဲ အထဲကမှန်ခန်းထဲမှာ ရောက်နေသောအကို့ကို တွေ့လိုက်ရသည်မို့ တော်ပါသေးရဲ့လို သက်ပြင်းချမိသည်။တကယ်ဆိုအကိုပြန်လာမှာဘယ်သူမှမသိ။ခင်လေးသူငယ်ချင်းရဲ့အကိုကတိုက်ဆိုင်စွာအကိုတို့သင်္ဘောမှာလူစားဝင်ရမည့်လူဖြစ်တာမို့ မေးရင်းမြန်းရင်းသိရတာပင် ။အကိုကသူမကိုမမြင် ။ခင်လေးထိုင်ခုံတန်းတစ်ခုမှာငြိမ်ငြိမ်လေးထိုင်ကာအကို့လှုပ်ရှားပုံကိုတိတ်တဆိတ်ကြည့်ရင်းသူမရင်ထဲချစ်မြတ်နိုးမှုကငြိမ့်ငြောင်းစွာစီးဆင်းလာလေသည် ။မကြာခင် အကိုအပြင်သို့ထွက်လာတော့မည်။ခင်လေးမတ်တပ်ရပ်ရင်း အကိုထွက်လာမည့်အပေါက်ကို ဖြေးဖြေးချင်းလမ်းလျှောက်လာခဲ့လိုက်သည် ။အပေါက်ဝကထွက်လာသောအကို့ကိုသူမကြည်စင်စွာပြုံးပြလိုက်သည်။ သူမကိုမြင်သွားသောအကို့မျက်နှာကရုတ်တရတ်ပျက်ယွင်းသွားသော်လည်းချက်ချင်းပြင်လိုက်ကာ သူမရှိရာဆီသို့ ခြေလှမ်းကြဲကြဲလျှောက်လာလေသည်။
ထိုစဉ်
''ကိုကို''
အစ်ကို့ကို ပြေးဖက်လိုက်သောလူငယ်လေးကိုသူမနောက်ကျောဖက်ကမို့မမြင်ရ။အစ်ကို့မျက်နှာကနီရဲပျက်ယွင်းစွာဖြင့်ပြန်မတုန့်ပြန်သောကြောင့်ထင့်။အစ်ကို့ကိုဖက်ထားသော လူငယ်လေးကသူမရှိရာဖက်သို့ဖြတ်ကနဲလှည့်ကြည့်လိုက်လေသည် ။သူ့မျက်နှာကိုမြင်လိုက်စဉ်မှာခင်လေးရုတ်တရတ်ဘာပြောရမှန်းမသိဘဲအူကြောင်ကြောင်ဖြစ်ကာအစ်ကို့မျက်မှာကိုစိုက်ကြည့်နေမိသည်။ ကောင်လေး၊ကောင်လေးပါလားဒါဆိုသူနဲ့ကိုကိုက ...။
''ဟာ၊မမ ..ဘယ်သူ့ကိုလာကြိုတာလည်း၊ဒါကျွန်တော်ပြောတဲ့ကိုကိုလေကျွန်တော့ချစ်သူပေါ့ ''
ကောင်လေးက ပျော်ရွှင်စွာမိတ်ဆက်ပေးပေမယ့် အစ်ကို့မျက်နှာကဆိုးရွားစွာပျက်ယွင်းနေသလို ခင်လေးမျက်နှာတစ်ခုလုံးဖြတ်ရိုက်ခံလိုက်ရသည့်အတိုင်း စပ်ဖျည်းပူနွေးစွာဖြင့် မျက်ရည်ကြည်တို့ဝေ့ဝဲရင်း သူမလက်ထဲကိုင်ထားသောပန်း စည်းမှာ ကြွေပြားအခင်းပေါ်သို့လွတ်လပ်စွာကျသွားလေတော့သည်။
++++++++++
ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ Heart to Heart ဆိုသည့်ပိုးထည်နှင့်ပွဲထိုင်ဇာများရောင်းသောဆိုင်ကိုသူတို့အတူတူဖွင့် ထားကြသည်ဆိုတော့ ခင်လေးလည်းတစ်ချိန်ကျဆိုင်လေးတစ်ဆိုင်ကိုပဲဖြစ်ဖြစ် အတူတူနေထိုင်လုပ်ကိုင်ရသည့် ဘဝကို သူနှင့်အေးချမ်းစွာဖြတ်သန်းဖို့မျှော်လင့်ခဲ့မိဖူးတာကိုတိတ်တဆိတ်အရှက်သည်းမိရပြန်သည်။ဒါပေမယ့်လဲ အတိတ်ဟာအတိတ်ဘဲမဟုတ်လားလေ။ ရန်ကုန်မှာနေမယ့်တစ်လလုံးသူမမည်သူနှင့်မှမတွေ့ဘဲတိတ်တဆိတ်နေခဲ့တာကိုက သူမရင်ထဲ ဒဏ်ရာအကင်းမသေသေးကြောင်းသေချာခဲ့ရသည်ပဲ။
စီးနင်းလာသောကားက တောင်ပတ်လမ်းတွေကိုတအိအိကွေ့ပတ်ရင်းခရီးဆုံးထိရောက်အောင်သွားနေလေသည်။ မနက်ခင်းဆို သူမတာဝန်ထမ်းဆောင်ရမည့် ဆေးရုံရှိရာ တောင်ပေါ်မြို့လေးကိုရောက်တော့မည် ။ အေးချမ်းသော တိတ်ဆိတ်သော ပတ်ဝန်းကျင်အသစ်နှင့်သူမ သဟဇာတဖြစ်အောင်နေထိုင်ပြီး ဘဝရဲ့စာမျက်နှာအသစ်ကိုဖွင့်လှစ် ရင်း အရောင်ပြောင်းတတ်သောလူတွေရဲ့အကြောင်းတစေ့တစောင်း သင်ယူရပေဦးမည် ။
တကယ်တော့ မိုးမည်းတွေကဟန်ရေးဆင်နေပေမယ့် မိုးတိမ်ဖြူတို့သည်လည်း မစဲဘဲ စွေရွာတတ်သည်မဟုတ်လား ..... ။
Written
by
အညို
1 comment:
U makes me cry
Post a Comment