“......................”
သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး
တောင့်ခဲ သွားသည်။အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျသွားသလိုခံစားရသည်။ အလွန်ကြီးမား
လေးလံသော ထုထည်တစ်ခုခုဖြင့် အရှိန်ပြင်းပြင်းလွှဲရိုက်ခြင်းခံရသလို ထင်ရသည်။
“သား.... သား ဘာပြောလိုက်တယ်၊ သားက... သားက...”
“ဟုတ်တယ်မေမေ..ကျွန်တော်က...”
“တော်တော့၊ မကြားချင်ဘူး၊ ဘာမှမကြားချင်ဘူး..”
နားနှစ်ဖက်ကို အတင်းအကြပ်ပိတ်ထားလိုက်ပြီး ခေါင်းကို ဘယ်၊ညာခါယမ်းပစ်
လိုက်သည်။
နားကြားမှားလိုမှားငြား ပြန်မေးလိုက်သော်လည်း ပြောင်းလဲမှုမရှိသော အဖြေကို
ဒုတိယအကြိမ်မြောက် နားထောင်နိုင်ရန် လုံလောက်သော အင်အားမျိုး မရှိတော့ပါ။
နုန်းချိအားလျော့နေသောလူမမာတစ်ဦးပမာ ကျွန်မပြိုလဲသွားရသည်။
ကျွန်မအမျိုးသား နှင့်သားငယ်၏ထိန်းသိမ်းမှုကို ကျွန်မသေချာသိလိုက်သော်လည်းသားကြီး၏ စိုးရိမ်တကြီး
ခေါ်သံများက အလွန်ပင်တိုးလျလွန်းပါသည်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ကျွန်မမှာသားနှစ်ယောက်ရှိပါသည်။သို့သော်ထိုသားနှစ်ယောက်ကြောင့်မျက်နှာငယ်ရ
သည့်အဖြစ်၊ ဂုဏ်ငယ်ရသည့်အဖြစ်အပျက်၊အခြေအနေမျိုးမရှိခဲ့ပါ။ရောက်လေရာ ပွဲလမ်းတိုင်း၊
နေရာတိုင်းတွင် ဂုဏ်တင့်၊ ဂုဏ်မြင့်စွာနေရသည်သာ။
“လိမ္မာလိုက်ကြတာ”၊ “တော်လိုက်ကြတာ”၊ “ယဉ်ကျေးလိုက်ကြတာ”
အစရှိသည့် မှတ်ချက်များကြောင့် ကျွန်မ စိန်နားကပ်မပန်ပဲ ပါးပြောင်နိုင်ခဲ့သည်။ စိန်လည်ဆွဲမရှိဘဲ
ခေါင်းမော့နိုင်ခဲ့သည်။
ငယ်ရွယ်စဉ်
မူကြိုတက်မှ ယခုလက်ရှိ ဆရာဝန်ဘွဲ့ကိုယ်စီရကြသည်အထိ အတန်းတိုင်းတွင် ဆွတ်ခူးရရှိခဲ့ကြသော
ဆုတံဆိပ်၊ အောင်လက်မှတ် ဂုဏ်ပြုလွှာများက ကျွန်မတို့ဧည့်ခန်းတွင် ငွားဝင့်စွာ နေရာယူထားကြသည်။
ထိုမှတဆင့် ပညာစုံလင်ပြီးနောက် မိဘ၀တ်တရားငါးပါးအနက် နောက်ဆုံးတစ်ပါးကို
ကျေပွန်နိုင်ရန်အတွက် သမီးရှင်များလက်တို့သတိပေးချိန်တွင်လည်း ကျွန်မ တပြုံးပြုံးနှင့်
မော်နေခဲ့သည်။
“သား၊ ကိုကို၊ သားမှာ ချစ်သူရည်းစားလေးဘာလေးရှိရင် အိမ်ခေါ်လာပါဦး၊
မေမေတို့နဲ့လည်းမိတ်ဆက်ပေးပါဦးကွယ်။ သားအရွယ်ကမငယ်တော့ဘူး။” ဟုပြောလိုက်တိုင်း သားမျက်နှာက
ရဲထွေးနီမြန်းသွားလေ့ရှိသည်။
“ဘ၀နဲ့ချီပြီးလုပ်ရမှာတွေ အများကြီးရှိသေးတယ် အမေရေ” ဟု
ရွတ်နောက်နောက်ပြောလေ့ရှိသော သားကြီး၏ အပြောအဆို၊ အနေအထိုင်၊ အပြုအမူများကို အကဲခတ်ခြင်းအားဖြင့်
ငယ်ရာမှ ကြီးလာသော ကျွန်မတို့နှစ်ယောက်စလုံးက(ကျွန်မနှင့် ကျွန်မအမျိုးသား) “မကြာခင်
ဖွင့်ပြောလောက်ပါတယ်”ဟု ခန့်မှန်းကာ ကြည်နူးခဲ့ရသည်။
“သား၊ ၀ါကျွတ်ရင် သားကို အမွန်လေးနဲ့ နေရာချပေးမလို့။ မေမေတို့အားလုံး
စီစဉ်လိုက်ပြီ။ အဲဒါသားသဘောကရော”
ငြင်းဆန် ရှောင်လွှဲလို့မရအောင် ချည်တုပ်ထားပြီးမှ အလွန်ပိုင်နိုင်သော
လေသံဖြင့် ပြောပြလိုက်ရချိန်တွင် သားကြီး၏ မျက်နှာ မှိုင်းညိုမဲရင့်သွားသည်။ အသာတကြည်ခေါင်းညိတ်
လက်ခံလိမ့်မည်ဟု ရာနှုန်းပြည့် တွက်ချက်ထားကာ စစ်ပွဲပေါင်းများစွာကို အောင်မြင်သော စစ်သူကြီးတစ်ယောက်ပမာ
မော်ကြွားပစ်လိုက်သည်။
သို့သော် သားကြီးဆီမှာ ကျွန်မကို အဆုံးစွန်အထိ ပြိုလဲနိမ့်ကျသွားအောင်
အလဲထိုးအနိုင်ယူနိုင်မည့် ၀ှက်ဖဲတစ်ချက် ရှိနေကြောင်း ကျွန်မလုံးဝမသိခဲ့ပါ။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
“ဟာမေမေကလဲ၊ ဘာလို့အဲလိုစီစဉ်လိုက်ရတာလဲ၊ ကျွန်တော့်ကိုလည်းဘာမှ
မပြောထားဘဲနဲ့။”
“ဟ မင်းကလဲ အမွန့်မှာ ဘာငြင်းစရာရှိလို့လဲ၊ ပြီးတော့ မင်းမှာလဲ
ချစ်သူရည်စားရှိတာလဲ မဟုတ်ပဲနဲ့။”
“ဟုတ်ပါ့ကိုကိုရာ၊ ကိုကို့ဘာသာရှာဆိုတော့လည်းအဖြစ်မရှိပဲနဲ့၊
အိမ်ကစီစဉ်တာ ကျတော့ ငြင်းချင်သေးတယ်။ ကိုကိုမြန်မြန်မိန်းမယူမှဖြစ်မှာဗျ။ မဟုတ်ရင်
နောက်ကားက ကျော်တက်သွားလိမ့်မယ်။”
“ကဲ အဲဒီတော့ ငါ့သားပြော၊ မင်းမှာချစ်သူရှိလား၊ ချစ်သူတယ်၊ရည်းစားရှိတယ်ဆိုရင်
မင်းကောင်မလေးကို အိမ်ခေါ်လာခဲ့ ငါတို့နဲ့မိတ်ဆက်ပေး၊ အေး မရှိဘူးဆိုရင်လဲ ငါတို့လူကြီးတွေ
တိုင်ပင်ထားတာကို ငြင်းမနေနဲ့တော့။ ကဲပြော ချစ်သူရှိလား မရှိဘူးလား။”
အလုံးအရင်းနှင့်ဝင်လာသော တိုက်စစ်ပေါင်းများစွာ မရှောင်လွှဲနိုင်သည့်အဆုံး
သားကြီးဆီမှ ဖြောင့်ချက်တစ်ခု ထွက်လာသည်။
“ဟုတ် ဖေဖေ၊ သားမှာချစ်သူရှိတယ်။”
“အေးလေ၊ ဟုတ်ပြီး မင်းချစ်သူက ဘယ်သူတဲ့လဲ၊ ဂုဏ်တွေ၊ ရွှေတွေပိုင်ဆိုင်မှုနဲ့
သူတစ်ပါးရဲ့အဆင့်အတန်းကို ဖေဖေတို့ မသတ်မှတ်ဘူးဆိုတာ မင်းသိပါတယ်။ ဘယ်သူလဲ ဘယ်ကလဲ၊
မင်းတို့နှစ်ယောက်နားလည်မှုရှိရဲ့လား။
အကျင့်စာရိတ္တကောင်းရဲ့လား အဲဒါလေးပဲ။”
တစ်စုံတစ်ခုကို ပြောရင် အတင်းကြိုးစားနေသော သားကြီးကို
ကြည့်ရင်း ကျွန်မဆန္ဒစောနေမိသည်။ (ထိုသို့ အားယူကြိုးစားခြင်းသည် ကျွန်မနှလုံးသားကို
ထုတ်ချင်းပေါက်သွားစေမည့် စကားလုံးမျှားအား လေးကြိုးအတင်းဆုံး ဆွဲဆန့်ထားခြင်း ဖြစ်ကြောင်း
ကျွန်မလုံးဝမရိပ်မိခဲ့ပါ။)
“ကျွန်တော့်ချစ်သူက...... ကျွန်တော်...... ကျွန်တော်နဲ့...........
သားရဲ့..”
“အာ........ ကိုကိုကလဲဗျာ။ အိုးတိုးအမ်းတမ်းနဲ့။ အဲလောက်ကြီးရှက်မနေစမ်းပါနဲ့။
နာမည်ပဲပြောလိုက်၊ နာမည်ဘယ်သူပါဆိုတာပဲ ပြောချလိုက်။”
သားကြီးက ကျွန်မတို့တစ်ယောက်ချင်းဆီကို လေးလေးနက်နက်ကြည့်ပြီး
တစ်စုံတစ်ယောက်၏ နာမည်ကို ပြောချလိုက်သည်။
“...................”
သားကြီးဆီမှ ကြားလိုက်ရသော နာမည်ကြောင့် ကျွန်မတစ်ကိုယ်လုံး
တောင့်ခဲ သွားသည်။
အဆုံးမရှိသောတွင်းနက်ကြီးထဲသို့ ပြုတ်ကျသွားသလိုခံစားရသည်။ အလွန်ကြီးမား
လေးလံသော ထုထည်တစ်ခုခုဖြင့် အရှိန်ပြင်းပြင်းလွှဲရိုက်ခြင်းခံရသလို ထင်ရသည်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ကျွန်မတို့အိမ်ကို အကြိမ်ပေါင်း၊ အခေါက်ပေါင်းများစွာ ၀င်ထွက်နေထိုင်ခဲ့သော
သားငယ်၏ သူငယ်ချင်း ကောင်းလေးက သားကြီး၏ ချစ်သူဖြစ်လိမ့်မည်ဟုကျွန်မအိပ်မက်ပင် မမက်ဖူးခဲ့ပါ။
အတုန်းအရုန်းအက်ကွဲပြိုကျသွားသော ရေခဲတောင်ကြီးများကဲ့သို့ ကျွန်မ၏ မျှော်လင့်ချက်များ
ပျက်စီးကျေမွကုန်ပြီ။ ထိုဝေဒနာများ၏ ညှင်းဆဲမှုကြောင့် နှစ်ပတ်ခန့် အိပ်ရာထဲ လဲကျခဲ့ရသည်။
ကျွန်မထူထူထောင်ထောင်ဖြစ်လာသည့်နောက်ပိုင်း သားကြီးနှင့်အတတ်နိုင်ဆုံး
ရှောင်နေခဲ့သည်။ သားကြီးအနေနှင့် သူ့အဖေနှင့်သော်လည်းကောင်း၊ သူ့ညီနှင့်သော် လည်းကောင်း
ညှိနှိုင်းငြင်းခုန်မှုများ ရှိကြောင်း ကျွန်မသိပါသည်။ ကျွန်မအမျိုးသားကလည်း ကျွန်မကို
ဖျောင်းဖျနားချကာ ချော့မော့လေ့ရှိသည်။
တစ်ခုသော ညနေချင်းတွင် ကျွန်မတစ်ယောက်တည်း ရုပ်သံလိုင်းမှ
ထုတ်လွှင့်သော ဇာတ်လမ်းတွဲတစ်ခုကို ကြည့်နေစဉ် သားကြီးရောက်လာပြီး ကျွန်မနှင့်အဝေးဆုံးခုန်တွင်
လာထိုင်နေသည်။
“အမေ..”
ဇာတ်လမ်းအပိုင်းတစ်ပိုင်း ပြီးဆုံးချိန်တွင် သားကြီးက ကျွန်မကို
လှမ်းခေါ်လိုက်သည်။ ကျွန်မပြန်မထူးမိ။ အာရုံမရှိသော ရုပ်မြင်သံကြားစက်ကို သာ စိုက်ကြည့်နေမိသည်။
“အမေ၊ အမေ ကျွန်တော့်ကို စကားပြောပါဦးဗျာ။”
အားဖျော့တုန်ရီနေသော သားကြီး၏ စကားသံကြောင့် ကျွန်မလှည့်ကြည့်လိုက်သည်။
“ဘာပြောရမှာလဲ။ ပြောစရာစကားမရှိဘူး။ အနှစ်နှစ်အလလ ငါမျှော်လင့်ခဲ့တဲ့
အရာတွေ ဘာမှ အဓိပ္ပါယ်မရှိတော့ဘူး။ ဒါကြောင့် ဘာပြောစရာစကားမှလည်းမရှိတော့ဘူး။”
“အမေ၊ အမေ...။ အမေရှက်နေတာလား၊ ကျွန်တော့်ကိုမုန်းနေတာလား။
ကျွန်တော့်ကို မုန်းနေတယ်ပေါ့ ဟုတ်လား။”
“အေး ဟုတ်တယ် ငါ့နင့်ကိုမုန်းတယ်။ ရှက်တယ်။ ငါ့သားဒီလိုဖြစ်နေတာ
ပတ်ဝန်းကျင် က သိသွားရင် ငါ့မျက်နှာ ဘယ်သွားထားရမလဲ။ ဟင်...”
“ကျွန်တော်က အမေ့ရဲ့သွေးအမေ့ရဲ့သားပါအမေရယ်၊ အမေ့ကိုယ်တိုင်
ငါ့သားကြီး ကလေ ငါ့သားကြီးကလေနဲ့ အမြဲတမ်းပြောခဲ့တဲ့အမေ့ရဲ့သားပါ။”
သူ့ရင်ဘတ်ကို တဘုန်းဘုန်းရိုက်ရင်း ငိုကြွေးနေသော သားကြီးကို
မကြည့်ရက်စွာ မျက်နှာလွှဲပစ်လိုက်သည်။
“အခုချိန်မှာ အဲဒါတွေမသိချင်တော့ဘူး”
“ဘာဖြစ်လို့လဲအမေ၊ သားယူလာတာ ဂုဏ်ပြုဆုတစ်ခုမဟုတ်လို့လား၊
ဂုဏ်ပြုလွှာ တစ်စောင် မဟုတ်လို့လားအမေ။”
ဘာမှ ပြန်မပြောနိုင်အောင် ကျွန်မဆွံ့အသွားသည်။
“ ကျွန်တော်က အနှစ်၃၀ နီးပါးလောက် အမေပုံသွင်းသလိုနေ၊ အမေ့အကြိုက်လိုက်ပြီး
နေခဲ့တဲ့ သားပါအမေရယ်။ မနေ့တစ်နေ့ကမှ သိလိုက်ရတဲ့ အမေတောင် ဒီလောက်တုန်လှုပ် နေရင်ကာယကံရှင်ဖြစ်တဲ့
ကျွန်တော်က ဘယ်လောက်ထိတုန်လှုပ်လိုက်မလဲလို့ အမေ တွေးကြည် ပေးပါဦးဗျ။ ကျွန်တော် ဘယ်လိုအသက်ရှင်ခဲ့ရသလဲ။
ဘယ်လို နေထိုင်ခဲ့ရသလဲ တစ်ချက်လောက်မေးဦးလေ။
အမေက ငါ့သားလေးတော်လိုက်တာလို့ ပြောလိုက်တိုင်း လိပ်ပြာမလုံဖြစ်ခဲ့ရတဲ့
အချိန်တွေ၊ ဒါမှ ငါ့သားလို့ ချီးမွမ်းလိုက်တတိုင်း ရှက်စိတ်နဲ့ တွေးကြောက်ခဲ့ရတာတွေ၊
ဒီစိတ်ကို ဘယ်လိုဖျောက်ဖျက် ဖုံးကွယ်ရမလဲလို့တွေးရင်း အိပ်မပျော်တဲ့ညတွေ၊ အိပ်မက်ဆိုးနဲ့
လန့်နိုးရတဲ့ညတွေ၊ ဘယ်လောက်ရှိမယ်လို့ အမေထင်သလဲ။
ဒီစိတ်နဲ့ အသက်ရှင်ဖို့ထက် ဘယ်သူမှမသိခင် အဆုံးသတ်တာကောင်းတယ်လို့
အကြိမ်ကြိမ်တွေးခဲ့ဖူးတယ်ဆိုတာ အမေသိလား။ ညီညီနေမကောင်းတုန်းက “ကျွန်မသားတွေ မရှိတော့ရင်
ကျွန်မလဲဒီလောကမှာမနေချင်တော့ဘူး”လို့ ပြောခဲ့တဲ့ စကားကို ကြားယောင်ရင်း ကျွန်တော်
အသက်ဆက်နေရတာပါ။
အဲဒီစကားလေးကြောင့်ပဲ အမေ့ကိုကျွန်တော်အတတ်နိုင်ဆုံး စိတ်ချမ်းသာအောင်
ထားပေးခဲ့တာပါ။ ကျွန်တော် တတ်နိုင်သရွေ့ကြိုးစားခဲ့တာတောင် ကျွန်တော်မတတ်နိုင်တဲ့ ဒီစိတ်လေးတစ်ခုကြောင့်
အမေကျွန်တော့်ကို မမြင်ချင် မတွေ့ချင်တော့ဘူးဆိုရင် ကျွန်တော် ဒီအိမ်ကနေ ထွက်သွားပါ့မယ်။
ကျွန်တော့်ကို မြင်နေရလို့ အမေစိတ်ဆင်းရဲမယ့် အစား အမေမမြင်နိုင်မယ့်နေရာကို ကျွန်တော်ရှောင်နေပေးပါ့မယ်အမေ။
အဲဒါဟာ ကျွန်တော် အမေ့ကို ချစ်တယ်ဆိုတဲ့ ပြယုဂ်၊ သက်သေတစ်ခုပါအမေ။ ကျွန်တော် အမေ့ကိုချစ်တယ်။”
သည်းသည်းထန်ထန် ငိုကြွေးရင်းသူ့အခန်းထဲဝင်သွားသော သားကြီးကို
ငေးကြည့်ရင်း ကျွန်မတစ်ယောက်တည်း ငေါင်စင်းစွာ ကျန်ရစ်ခဲ့သည်။
ဘယ်လိုကံဆိုးမှုတွေကြောင့် ဒီလိုအဖြစ်မပျက်မျိုးကို ကြုံရတာလဲ။
တရားခံကို ကျွန်မရှာဖွေကြည့်မိသည်။ ကျွန်မပါးပြင်စိုစိုကို လက်ဖမိုးများဖြင့်ခပ်ကြမ်းကြမ်း
ပွတ်သုတ် လိုက်ပြီး တယ်လီဖုန်းရှိရာသို့ ကျွန်မသွားလိုက်သည်။
ကျွန်မရင်ထဲမှ နာကျင်ခါးသက်သော ဒေါသများ၊ ပူလောင်ပြင်းရှသော
မီးတောက်များ အားလုံး၏တရားခံဆီကို ဖုန်းခေါ်ဆိုလိုက်သည်။တစ်ဖက်မှ လက်ခံလိုက်သည်နှင့်တစ်ပြိုင်နက်
ကျွန်မ၏ စိတ်သည် ပေါက်ကွဲအမှတ်ကို ရောက်ရှိသော မီးတောင်တစ်ခုပမာ အထိန်းအကွပ် မဲ့စွာ
ပေါက်ကွဲလောင်ကျွမ်းသွားသည်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
အချိန် ဘယ်ရွေ့ဘယ်မျှ ကြာသွားသည်မသိ။ ကျွန်မအသိစိတ်များ
ပြန်လည် စီးမျောလာ ချိန်တွင် ပထမဆုံး သတိထားမိသည်မှာ ဖုန်းလက်ခံသူမှာ (ကျွန်မထင်ထားသော)
ကောင်လေးမဟုတ်ပဲ အမျိုးသမီးတစ်ဦး၏ အသံဖြစ်နေခြင်းပင်ဖြစ်သည်။
“ဒီမှာအစ်မ၊ အစ်မတို့မိသားစုမှာဖြစ်ပျက်နေတာတွေအတွက် ကျွန်မစိတ်မကောင်း
ပါဘူး။ဒါပေမယ့်ဒီပြဿနာအားလုံးအတွက် ကျွန်မသားတစ်ယောက်တည်းကို အပြစ်တင် နေတာမျိုးက မဖြစ်သင့်ပါဘူးရှင့်။
အစ်မရဲ့သားလည်း တစ်စိတ်တစ်ဒေသပါနေတာပဲ မဟုတ်လား။ ကျေးဇူးပြုပြီးစကားကိုဖြတ် မပြောလိုက်ပါနဲ့၊
ကျွန်မလည်း အခုနလေးက အစ်မစကားဆုံးတဲ့အထိ နားထောင်ပေးခဲ့တာပါ။
ကျွန်မသားက လူကောင်း၊ လူလိမ္မာလေးပါ။ သူ့အတွက် ကျွန်မအလွန့်ကိုဂုဏ်ယူခဲ့တာပါ။
ကျွန်မသူ့ကိုအရမ်းချစ်တယ်၊ ပြီးတော့သူ့ရဲ့ဘ၀ကိုလည်းချစ်တယ်။ ပြီးတော့.............
သူ့ရဲ့ချစ်သူကိုလည်း ကျွန်မလက်ခံပေးနိုင်ပါတယ်။ သူကဒီနေ့အချိန်အထိ သူ့ဘ၀ကို ရဲရဲဝင့်ဝင့်နဲ့
ဖြတ်ကျော်ရဲတဲ့ သတ္တိရှင်ပါ။ အဲဒီတော့ ကျွန်မပြောချင်တာက အစ်မတို့မိသားစုမှာ ကြုံတွေ့နေရတဲ့
ပြဿနာတွေအတွက် ကျွန်မစိတ်မကောင်းဖြစ်ရပေမယ့် တကယ်လို့သာ ကျွန်မရဲ့သားကို ဆက်ပြီးမကောင်းပြော
အပြစ်တင်နေမယ်ဆိုရင် ကျွန်မနဲ့လည်း ပြဿနာ ဖြစ်လာမယ် ဆိုတာလေးကိုပါ။ ကျွန်မဘာကိုဆိုလိုတာလဲ
အစ်မနားလည်မှာပါ။”
တယ်လီဖုန်းလိုင်းများ ပြတ်တောက်သွားသော်လည်း ကျွန်မ၏ အတွေးမျဉ်များ
မပြတ်တောက်နိုင်သေးပဲ ပိုမိုရှုပ်ထွေးလာခဲ့ရသည်။
ကျွန်မတစ်ကိုယ်လုံး ရှက်စိတ်ဖြင့် မွှန်ထူသွားရသည်။ သားများအတွက်
မိခင်ကောင်း တစ်ယောက်ဟု အမြဲတမ်း ဂုဏ်မောက်ခဲ့သော ကျွန်မ၊ သားနှစ်ယောက် အရာရာကို စွန့်လွှတ်အနစ်နာခံခဲ့၊ပေးဆပ်ခဲ့သည်ဟု
ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းခဲ့သောကျွန်မသည် ဘ၀င်မြင့် အောက်ခြေလွတ်ခဲ့သူသာဖြစ်သည်။
အမှန်တကယ်မှာတော့ ကျွန်မသည် သားကြီးကို ကျွန်မ ကာကွယ်ရန်
မကြိုးစားခဲ့၊ သားကြီး၏ ခံစားချက်ကို ကိုယ်ချင်းမစာခဲ့၊ နားမလည်ပေးခဲ့၊ မစာနာခဲ့သော
မိန်းမကြမ်းကြီး တစ်ယောက်မျှသာဖြစ်သည်။ (လူကိုယ်တိုင်ကို မမြင်ဖူးသော်လည်း) သားတစ်ယောက်
အတွက် ပတ်ဝန်းကျင်ကို ရဲရဲတောက် တန်ပြန်ကာကွယ်နေသော ထိုအမျိုးသမီရှေ့တွင် ကျွန်မသည်
သိမ်ငယ်ညံ့ ဖျင်းလွန်းပါသည်။
“သား...... သားကြီး။ သားကြီးဘယ်မှာလဲ။”
ကျွန်မသားကြီးကို ကျွန်မကာကွယ်ရမည်။ သူ့ကို ရင်အုပ်မကွာ
စောင့်ရှောက်ရဦးမည်။ ပတ်ဝန်းကျင် သူစိမ်းများအလယ် တွင် မျက်စိသူငယ်နားသူငယ်ဖြစ်နေမည့်
သားအတွက် အားကိုးအားထားပြုစရာ ကျွန်မရှိဖို့လိုအပ်ပါသည်။
အိပ်မက်ထဲ လမ်းလျှောက်နေသူတစ်ယောက်ပမာ ကယောင်ကတမ်းဖြင့်သားကြီးကို
ရှာဖွေနေမိသည်။ ခြံဝန်းတံခါးရှေ့တွင် ရပ်နေသော သားအဖသုံးယောက်ဆီကို ကျွန်မအပြေး တစ်ပိုင်းနှင့်သွားလိုက်သည်။
“မေမေ့ကို ဂရုစိုက်နော်။ အရေးအကြောင်းဆို ဖုန်းဆက်ထားလိုက်။”
“အင်းပါ။ ကိုကိုလည်း ဂရုစိုက်နော်။ အကူအညီလိုရင် ညီညီ့ကို
လှမ်းပြောလိုက်။”
“သား......။ ကျန်းမာရေးဂရုစိုက်နော်။ အခက်အခဲတစ်ခုခုရှိရင်
ဖေဖေတို့ကို အကြောင်းကြားလိုက် မင်းအမေလည်း တဖြည်းဖြည်းသွေးအေးသွားနိုင်မှာပါ။”
“ကျေးဇူးတင်ပါတယ်ဖေဖေ။ ကျွန်တော့်ကို နားလည်ပေးနိုင်လို့။
ညီညီ့ကိုလည်း ကိုကိုအရမ်းကျေးဇူးတင်တယ်ကွာ။”
“နားလည်ပေးနိုင်ရမှာပေါ့ကွာ။ ဖြစ်ချင်တာ ဖြစ်ခွင့်မရတာကိုက
လောကသဘာဝ ပဲလေ။ မဖြစ်စေချင်တာက မဖြစ်စေချင်တာပဲ။ နားလည်တာက နားလည်ပေးတာသက်သက် ပေါ့ကွာ။”
ပန်းခြုံနားမှာ ရပ်နေရင်း သူတို့စကားတွေနားထောင်နေရခြင်းက
အဆိပ်တွေ သောက်နေရသလိုပင်။ တရားသဘော၊ ဘ၀သဘောများနှင့် ချိန်ထိုးချင့်ချိန်မှုဖြင့် နားလည်ပြည့်ဝနိုင်လွန်းသော
ကျွန်မအမျိုးသားနှင့် သားငယ်ကိုပင် ကျွန်မအားနာမိသည်။
“အာ့ဆို ကျွန်တော်သွားတော့မယ် ဖေဖေ။ ညီညီ ကိုကိုသွားတော့မယ်နော်။”
“ဟုတ်ကဲ့၊ ဂရုစိုက်နော် ကိုကို။”
မျက်ရည်များနှင့် ခွဲခွာရန် ၀န်လေးနေကြသော သူတို့ဆီကို
ကျွန်မတိုးရွေးရင်း ရှိရှိသမျှအားကို စုကာ ခေါ်လိုက်သည်။
“သား......”
သားကြီး၏ ခြေလှမ်းများရပ်တန့်သွားသည်ကို အားတက်ဖွယ်မြင်ရသည်။
“သား၊ သားကြီး၊ မေမေ့ကို ထားခဲ့ပြီး ဘယ်သွားမလို့လဲသားရယ်။
သား၊ သား မေမေ့ကို စိတ်ဆိုးနေလားဟင်။”
ဘယ်ကနေ ဘယ်လို သားဆီကို ရောက်သွားသည်မသိ။ သားကို တင်းတင်းကျပ်ကျပ်
ဖက်ထားရင်း ကျွန်မငိုကျွေးနေမိသည်ကိုသာ ကျွန်မသိသည်။
“မေမေ... သားကို ခွင့်လွှတ်နိုင်လားဟင်၊ သားကိုနားလည်ပေးနိုင်လား။
သားကို....သားကို.”
“သားရယ်။ သားက မေမေ့သားပါ။ မေမေသိပ်ချစ်ရတဲ့သားပါ။ မေမေ့ကို
ဂုဏ်တတ်စေတဲ့
သား၊ မေမေဂုဏ်ယူရတဲ့သားပါ။ မေမေ့ကိုခွင့်လွှတ်ပါသားရယ်၊ သားကို မေမေ အပြည့်အ၀နားလည်နိုင်အောင်
ကြိုးစားပါ့မယ်။ အဲဒါဟာ မေမေ့ရဲ့သား ပေါ်မှာထားတဲ့အချစ်။ မေမေ့အချစ်ရဲ့ ပြယုဂ်ပေါ့သားရယ်”
“ကျေးဇူးတင်လိုက်တာမေမေရယ်။ တကယ့်ကို ကျေးဇူးတင်တာပါ။”
ကျွန်မ၏ ပါးပြင်ကို သိမ်မွေ့စွာ မွှေးကြူလိုက်သော သားကြီး၏
အနမ်းသည် ကျွန်မတစ်သက်နှင့်တစ်ကိုယ့်ကို အချိန်မြိန်ဆုံးပင်ဖြစ်လိမ့်မည်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
အချစ်တစ်ခုအမှန်တကယ်ရှိလျှင် ယင်းအချစ်အတွက် တိကျခိုင်မာသော
ပြယုဂ်တစ်ခု လည်း ရှိကို ရှိကြောင်း ကျွန်မ တိတိကျကျ ယုံကြည်လာပါပြီ။
# # # # # # # # # # #
For
The People Like Us
(22-1-2016)
ဝန်ခံချက်။ ။ The Falls-Testament of Love ဇာတ်ကားမှ
ဇာတ်ဝင်ခန်းတစ်ချို့ကို မှီငြမ်းရေးသားထားခြင်း ဖြစ်ပါသည်။
No comments:
Post a Comment