Sunday, March 27, 2016

ဖိတ်စာလေးတစ်ခု




တဖြည်းဖြည်းနက်ရှိုင်းလာသော နွေဦးညတွင် လမင်းကြီးက သိပ်သည်းစွာ သာယာ နေသည်။ ပျင်းရိလေးတွဲ့စွာ စီးဆင်းနေသော မြစ်ပြင်ကျယ်ကြီးကို ညှင်းလေနုနုက ကျီစယ်ချော့မြူပေးနေ၏။ သောင်ပြင်သဲများက လရောင် အောက်တွင် ဖွေးဖွေးလက်နေသည်။ အင်းဆက်ပိုးကောင်းများ၏ အော်သံများနှင့် မြစ်ရေစီးသံအိအိလေးက ဂန္တ၀င်တေးသွား တစ်ပုဒ်ထက်ပင် ပိုမိုငြိမ့်ငြောင်းနေသည်။ 

ကမ်းနှင့် ခပ်ဝေးဝေး သဲသောင်ပြင်ပေါ်တွင် လူနှစ်ယောက်ငြိမ်သက်စွာ ထိုင်နေကြ၏။ နုပျိုငယ်ရွယ်သော ကောင်လေးနှစ်ယောက်၊ သူတိ့နှစ်ယောက်ကြားတွင် လှပသပ်ရပ်သော မင်္ဂလာဖိတ်စာတစ်စောင်က ငြိမ်သက်အေးဆေးစွာ လဲလျှောင်းစည်းခြားထားလေသည်။

အသေအချာနားထောင်ကြည့်လျှင် ခပ်စိပ်စိပ်ကြားရသော သက်ပြင်းချသံများနှင့်အတူ ရိုက်သံသဲ့သဲ့များကို ကြားနိုင်လိမ့် မည်။ တံတွေးမျိုချလိုက်သံတစ်ချက် ပီပီသသထွက်ပေါ်လာပြီးနောက် ပီသတိကျသော စကားသံတစ်ခု ထွက်ပေါ်လာသည်။

“ကိုကို........... သူနဲ့လက်ထပ်လိုက်ပါ။”

@         @         @         @         @         @         @         @         @         @         @

“ဟာ ဟေး ကောင်လေး ရှက်မနေနဲ့။ ပြော ချစ်တယ်လို့ပြော။ မရဘူးကွာ”

“ကဲပါ ဟုတ်ပါပြီ။ နားထောင်….ပြောမယ်။ အရမ်းချစ်တယ်ဗျာ။”

“ဟေ ဟေးးးးးးးးးးးးး။ ပျော်တယ်ကွာ။ အရမ်းချစ်တယ် ကလေးရာ။ ကျေးဇူးလည်း တင်ပါတယ်။”

တစ်ဘ၀လုံးအတွက် ရည်ရွယ် ရည်စူးပြီး ချစ်ခဲ့ရသောချစ်သူလေးနှင့်ရိုးမြေကျ ပေါင်းသင်း နေထိုင်သွားရန် စိတ်ကူးရုံဖြင့် ကြည်နူးမှုများက ရိုးတွင်းချဉ်ဆီများထိတိုင် စိမ့်ဝင်စီးဆင်းသွားခဲ့ရသည်။ 

အချစ်၊ နားလည်မှု၊ သစ္စာ၊ အယုအယနှင့် မေတ္တာအပါအ၀င် ယုံကြည်မှုပေါင်းများစွာဖြင့် တည်ဆောက်ဖွဲ့စည်းထားသော သူတို့နှစ်ယောက်၏ ဆက်ဆံရေးသည် ပြက္ခဒိန်ပေါင်းများစွာကို အနိုင်ယူသိမ်းပိုက်နိုင်ခဲ့သေးသည်။ 

သို့သော် စိတ်ကူးနှင့် ဘ၀၊ အိပ်မက်နှင့် လက်တွေ့ ယှဉ်တွဲပြိုင်ဆိုင်လာသည့်အခါ ခါးသီးဖုထစ်သော ဘ၀အဆစ်အကွေ့ များ ပေါ်ပေါက်လာရပြန်သည်။ 

“ဟဲ့ ဘာတွေလည်း၊ ကျားကိုက်လိမ့်မယ်။ မိုးကြိုးပစ်လိမ့်မယ်။ နင်တို့တွေ မရှက်ကြဘူးလား။ အသိဥာဏ်မရှိကြဘူးလား။ တိရိစ္ဆာန်တွေလား....”

ကိန်းခန်းကြီး ရှေးရိုးဆန်သော မိဘများအကြား အချစ်တစ်ခုသည် မှားယွင်းမှု မဟုတ်ကြောင်း ပြသရန် ခဲယဉ်းလွန်းလှ သည်။ အစဉ်အလာ၊ မျိုးရိုးနှင့် ဂုဏ်သိက္ခာကို ရှေ့တန်းတင်းလွန်းကြသော လူကြီးများအကြား အချစ်ပန်းလေးတစ်ပွင့် နွမ်းလျှညှိုးငယ်လာရသည်။ 

“သားကြီး.... မင်း...... သူငယ်မကို မယူလို့မဖြစ်တော့ဘူး။ ဖေဖေတို့အခြေအနေကို သားလည်းသိပါတယ်။... သူ့အဖေနဲ့....... ပြန်လည်ရုန်းကန်ဖို့........ နောက်ဆုံးမျှော်လင့်ချက်.. မင်းနားလည်နိုင်ဖို့.......... ဖေဖေတို့ မိသားစုကို..........................................”

မကြားတစ်ချက် ကြားတစ်ချက်ဖြင့် နားထောင်နေရသော စကားများသည် အင်မတန် ရိုးရှင်းကာခေါက်ရိုးကျိုးနေသော အကြောင်းပြချက်များဖြစ်သော်လည်း တိကျခိုင်မာလွန်းသော နှောင်ကြိုးများပမာ ရုန်းကန်ထွက်ပြေးရန် မဖြစ်နိုင်သော အခြေအနေများကြောင့် မိန်းမ တစ်ယောက်ကို လက်ထပ်ပေါင်းသင်းရန် သူ ခေါင်းငြိမ့်(ငုံ့) လက်ခံခဲ့ရသည်။


@         @         @         @         @         @         @         @         @         @         @


“ကိုကို........... သူနဲ့လက်ထပ်လိုက်ပါ။”

“ကလေး”

အလန့်တကြား ခေါ်မိလိုက်သော်လည်း ကလေးက လုံးဝတုန်လှုပ်ခြင်းမရှိ။ လက်ကာပြကာ တည်ငြိမ်စွာပင် စကားကို ဆက်ပြောလိုက်သည်။

“ဟုတ်တယ်ကိုကို၊ ကိုကိုသူ့ကို လက်ထပ်လိုက်ပါ။ သာယာလှပတဲ့ မိသားစု ဘ၀တစ်ခုကို တည်ဆောက်ပါ။ အိမ်ထောင်ရှင်ကောင်းတစ်ယောက်၊ ဖခင်ကောင်းတစ်ယောက် ဖြစ်အောင်ကြိုးစားပါ ကိုကို။”

“ကလေးက.......... ကလေးက.. ဘာလို့။ ဘာလဲ ကိုကို့ကိုမယုံတာလားဟင်။”

လှုပ်ခါထစ်ငေါ့နေသော စကားလုံးများက နှုတ်ခမ်းဖျားမှ ပွင့်အံထွက်ကျလာချိန်တွင် ပူလောင်စိုထိုင်းသော မျက်ရည်များက ပါ တပါတည်း ပါးပြင်ပေါ်သို့ လိမ့်ဆင်းစီးကျလာ၏။

“အားလုံးကိုယုံကြည်ပါတယ်ကိုကို။ ကလေးအားလုံးကို ယုံကြည်ပါတယ်။ ကိုကို့ ကိုရော ပြီးတော့ ကလေး၊ ကိုယ့်ကိုယ်ကို ရော ယုံကြည်ပါတယ်။”

“ဒါဆိုရင်... ဒါဆို၊ အဲဒါဆိုရင် ဘာလို့ အဲဒီလိုစကားတွေပြောထွက်ရတာလဲ၊ ကိုကိုတို့... ကိုကိုတို့နှစ်ယောက် တည်ဆောက် ခဲ့တာတွေက မနေ့တစ်နေ့ကမှ မဟုတ်တာ။ ဘ၀တွေက........”

“ခေါင်းမမာစမ်းပါနဲ့ကိုကိုရယ်။ ကလေးတို့အနေနဲ့ တစ်ချို့တစ်ချို့သော အကြောင်းအရာတွေကို ငဲ့ကွက်ထည့်တွက်ရဦးမှာ လေကိုကိုရယ်။ လူသားဆန်မှုလို့ပဲဆိုပါတော့......”

ရွှန်းပနေသော လရောင်အောက်တွင် ကလေး၏ မျက်ဝန်းများ စိုလက်တောက်ပ နေသည်။

“လူသားမဆန်ဘူးပြောရအောင် ကိုကိုတို့နှစ်ယောက် မတရားသဖြင့်လုပ်စားနေ လို့လား။ ကမ္ဘာကြီးကို ခြိမ်းခြောက်နေ လို့လား။ သူများထမင်းအိုး ရိုက်ခွဲနေလို့လား။”

ကြေးတန်းတိုက်ပြောဆိုပစ်လိုက်သော စကားများကို ကလေးက နာကျင်စူးရှစွာ တစ်ချက်ပြုံးလိုက်ပြီး ပြန်လည်ချေပရှာ သည်။ 

“ကပ်ဖဲ့ပြီး မပြောပါနဲ့ ကိုကိုရယ်။ အခြေအနေအားလုံးကို ကိုကိုက ပိုသိပါတယ်။ ကိုကိုတို့ မိသားစုရဲ့ နောက်ဆုံး မျှော်လင့်ချက်၊ နောက်ပြီး ဖိတ်စာတောင် ဝေထားပြီဖြစ်တဲ့ မင်္ဂလာဧည့်ခံပွဲတစ်ခုနဲ့ အဲဒီပွဲရဲ့သတို့သမီးလောင်း၊ မိန်းကလေးတစ်ယောက်ရဲ့ သိက္ခာ၊ သူ့အသိုင်းအ၀ိုင်း၊ အဲဒါတွေ အဲဒါတွေအပြင် အမြင်ကျဉ်းပြီး ရှေးရိုးဆန်လွန်းကြတဲ့ ကလေးရဲ့ မိဘတွေရဲ့ အမြင်တွေ၊ အရိပ်တွေ၊ ပြောဆိုကြမယ့် ပတ်ဝန်းကျင်၊ ရုန်းထွက်ဖို့ခက်ခဲတဲ့...”

“တော်တော့…တော်တော့ ဘာမှဆက်မပြောနဲ့တော့။”

တစ်သက်နှင့်တစ်ကိုယ် ပထမဦးဆုံးအဖြစ် ကလေး၏ စကားသံများက ခါးသီးပူ လောင်စွာ နားစည်ထဲစီးစိမ့်ပျော်ဝင် လာသည်။ စူးနင့်ပူလောင်လွန်းသော ရင်ဘတ်ကဒဏ်ရာများ၏ ဘေးထွက်ပစ္စည်းအဖြစ် မျက်ရည်များစည်းကမ်းမဲ့စွာ ကျဆင်းလာ၏။ ကလေးကို နှမြောစွာ ပွေ့ဖက်လိုက်ပြီး ရူးနှမ်းစွာ၊ အထိန်းအကွပ်မဲ့စွာ ငိုကြွေးပစ်လိုက်သည်။

“ကိုကိုသိပါတယ်။ ကိုကိုနားလည်ပါတယ်။ ဒါပေမယ့် ကိုကိုလက်မခံနိုင်ဘူး ဖြစ်နေတယ်။ ကလေးကို အဆုံးအရှုံးမခံနိုင် ဘူးကွာ။ ကလေးကို ကိုကို လက်မလွှတ်နိုင်ဘူး။ ဘယ့်သူ့ကိုမှ မပေးနိုင်ဘူး။”

နုန်းချိအားကုန်သွားအောင် ငိုကြွေးပြီးမှ တိုးလျှငြိမ်သက်လွန်းသော လေသံဖြင့် ကလေးက စပြောသည်။

“တစ်ချို့ အမှန်တရားတွေကို လက်ခံဖို့၊ နားလည်ဖို့ မလိုပါဘူး။ ရင်ဆိုင်ဖို့ကျော်လွှားဖို့ပဲ လိုတာပါ။ အခုလည်း ကိုကို ရင်ဆိုင်လိုက်ပါ။ ကျော်လွှားလိုက်ပါ။”

“ကလေးရယ်.......”

ကလေးပြောသလို ရင်ဆိုင်ရန် လိုအပ်သော သတ္တိများ မွေးမြူပျိုးယူရဦးမည်။ တစ်ဆစ်ချိုး ပြောင်းလဲသွားမည့် လမ်းကြောင်းကို မြင်ယောင်တွေးတောကြည့်ရုံဖြင့် ရူးသွပ် မူးလဲ သွားချင်မိသည်။ အထူးသဖြင့် ရှေ့ဆက်လျှောက်ရမည့် ဘ၀တွင် ကလေးမပါတော့ဘဲ နေရစ်ခဲ့ရတော့မည်ဆိုသည့်အသိက တစ်ကိုယ်လုံးကို လောင်မြိုက်ပြာကျစေနိုင်လောက် အောင်ပူလောင်ခါးသီးလွန်းလှ၏။ 

တိကျရိုးရှင်းသော အဖြေထွက်လာပြီးနောက် တိတ်ဆိတ်ငြိမ်သက်မှုများကိုအဆုံးသတ် ရပ်တန့်နိုင်သည့် စကားလုံးဆိုးကြီး များကို အားယူရွတ်ဆိုလိုက်သည်။

“ပြန်ရအောင်လေ။ ညနက်နေပြီ။”

“ဟင့်အင်း အစ်ကိုပြန်ရင်ပြန်နှင့်လေ။ ခဏလောက်ဆက်နေလိုက်ဦးမယ်။ ငါးမိနစ် ဆယ်မိနစ်လောက်ပေါ့။”

“ဘာလို့လဲ။ မပြန်ချင်သေးရင် ကိုကိုစောင့်..”

“ဟင့်အင်း ကိုကိုပြန်နှင့်လိုက်တော့။ ကလေးလည်း မကြာတော့ပါဘူး ခဏနေရင်ပြန်မှာပါ။”

“ဟုတ်ပြီလေ။ အဲဒါဆိုရင် ကိုကိုပြန်တော့မယ်နော်။ အကြာကြီးလည်း ဆက်မနေနဲ့တော့....နော်။”

“ဟုတ်”

တုံးတိတိဖြေသံထွက်ပေါ်လာပြီးမှ သူမတ်တပ်ရပ်လိုက်သည်။ လေးလံနှေးကွေးသော ခြေလမ်းများဖြင့် ကမ်းစပ်ဆီကို သူရွေ့လျားလိုက်၏။

ဆန့်ကျင်ဘက်ကို ဦးတည်သွားသော သူ့ခြေလှမ်းတိုင်း၏ မြေပြင်အကွာအဝေးသည် ဘ၀နှစ်ခု၏ ခြားနားခြင်းကို ကိုယ်စားပြုနေကြောင်း သူတို့နှစ်ယောက်စလုံး နားလည်ထားကြပါသည်။


@         @         @         @         @         @         @         @         @         @         @


တသွင်သွင်စီးဆင်းနေသော မြစ်ပြင်၏ သောင်ပြင်ပေါ်တွင် လူတစ်ယောက် အားရပါးရ ငိုကြွေးနေသည်။ 

လရောင်တောက် တောက်တွင် ရွှဲစိုနေသော သူ့မျက်ဝန်းများ ရွန်းလဲ့နေသည်။ သူ့ဘေးတွင် သပ်ရပ်လှပသော မင်္ဂလာဆောင် ဖိတ်စာ တစ်ခု ငြိမ်သက်စွာ လဲလောင်း နေ၏။ မောပန်းနှုန်းချိစွာဖြင့် သူမတ်တပ်ရပ်လိုက်သည်။ တစ်စုံတစ်ရာကို ဆုံးဖြတ်ထားသော သူ့နှုတ်ခမ်းများကို တိကျသပ်ရပ်စွာ စေ့ပိတ်ထား၏။ ကြည်လင်ပြတ်သားသော ဖန်ရောင် မျက်ဝန်းများကခံစားချက် ကင်းမဲ့နေသည်။ 

“ဟင်း............”

သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ရေစပ်သို့ သူလျှောက်သွားလိုက်သည်။ 

သူ့ခြေဖမိုးများကို အေးစိမ့်ကြည်လင်သော မြစ်ရေများဖြင့် ဖုံးအုပ်နှစ်မြှုပ်ပစ်လိုက်၏။ ထို့နောက် တဖြည်းဖြည်းနှင့် ဒူးအထိ၊ ပေါင်အထိ မြစ်ရေများမြင့်တက်လာသည်။

ခါးအထိ.........

ရင်ဘတ်အထိ..........

.............................

မြစ်ကြီးက အပြစ်မဲ့စွာ စီးဆင်းနေဆဲပင်.........


@         @         @         @         @         @         @         @         @         @         @


သောင်ပြင်ပေါ်တွင် မင်္ဂလာလက်ထပ်ပွဲ ဖိတ်စာလေးတစ်ခုက ငြိမ်သက်စွာ.............လှဲလျောင်းလျက်…..။


#          #          #          #          #          #          #          #          #          #          #


ForThe People Like Us
(25-3-2016)

No comments: