Wednesday, November 1, 2017

ချစ်သူသို့ (Ending)


ရှင်းသန့်

ဖြူစင်တဲ့.. တကယ့်ကို နာမည်နဲ့လိုက်အောင် ဖြူဖြူစင်စင်နိုင်လှသူလေး၊ သူလေး ရှင်းဘဝထဲကို ရောက်လာတဲ့နေ့က ထူးထူး ခြားခြား တိမ်တွေတောက်လို့ လှပနေလေသည်။ ဘယ်လိုပင် တိမ်တွေတောက်လို့ လှပနေငြား သူလေး၏ အလှကိုတော့ ဘယ် အရာမှ မမီနိုင်ပေ၊ ဘာကြောင့်မှန်းမသိ၊ အခုအရွယ်အထိ မခုန်တတ်ခဲ့ဖူးသော ရှင်းရဲ့ ရင်အခုန်သည် သူလေးနှင့် တစ်ခန်းတည်း အတူနေရမည်ဟု သိလိုက်သည့် ခဏတွင်ပင် ပရမ်းပတာ နိုင်လောက်အောင် အခုန်မြန်နေပေတော့သည်။

ရိုးသားလွန်းသော သူလေးမှာ ရှင်း အားမရတဲ့အချက်တွေ အများကြီးပဲ၊ နှစ်ဆယ်ရာစုရဲ့ မိန်းမပျိုတစ်ယောက် မဟုတ်သလို လှုပ်လီလှုပ်လဲ့နဲ့ ဘိုးတော်ဘုရားလေးဘက်တွားတဲ့ခေတ်က စတိုင်လ်တွေကို တကယ်ပဲ အသည်းယားမိသည်။ ဒီကြားထဲ ဘဝ အတွက် ရေရာအာမခံချက် မရှိလှသည့် အနုပညာကိုလည်း ဝါသနာပါလိုက်သေး၊ အစားအသောက်ကိုလည်း ကြည့်ဦး၊ မြန်မာ အစားအစာမှလွဲ၍ ကျန်အစားအစာများကို တို့မြည်းစမ်းသပ်ခြင်းပင် မရှိ၊ အဲ့လို အရာရာ ဆန့်ကျင်ဘက်နိုင်လှသော အားရစရာ မကောင်းသော သူလေးကိုပင် ကာကွယ်စောင့်ရှောက်ပေးချင်သော စိတ်များ ပေါက်ဖွားလာလေသလားတော့မသိ၊ ဟုတ်တယ်၊ သူလေးကို ရှင်း ချစ်နေမိပြီ။

အကြိုက်ချင်းမတူတဲ့ သူလေးအတွက် မနက်တိုင်း မုန့်ဟင်းခါးဝယ် ပြင်ဆင်ပေးတတ်တာ ရှင်းရဲ့ အကျင့်တစ်ခုပင် ဖြစ်နေပြီ၊ သူလေးကလည်း ရှင်းအကြိုက် ကိတ်မုန့်တို့ ဆင်းဝှစ်တို့ ဝယ်လာတတ်တော့လည်း ရှင်းမှာ ကျိတ်ပြီး ပျော်နေရပြန်ရော၊ သူ ဝယ်ကျွေးသမျှ အမြဲ စားကောင်းခဲ့ပေမယ့် ထိုနေ့ညကတော့ သူလေးဝယ်လာတာ စားချင်စိတ်မရှိတဲ့အပြင် တတ်နိုင်လျှင် လွှင့် ပါ လွှင့်ပစ်ချင်မိသည်။ ဖြစ်တာလည်း မပြောနဲ့၊ မိုးတွေ သည်းသည်းမည်းမည်းရွာနေလို့ မီးတွေက ပျက်နေတဲ့ကြားထဲကနေ သူ ပြန်လာရင် အချမ်းပြေ စားပါစေတော့လို့ အပင်ပန်းခံ မီးမွှေးပြီး မုန့်ဟင်းခါးနွှေးပေးထားတာကို သူက ဟိုလူနဲ့အတူ ထီးတစ်မိုး တည်းအောက် အတူဆောင်းပြီး ပြန်လာတယ်လေ၊ ရှင်း ရင်ထဲမှာ မီးစနဲ့ထိုးသလို ပူလောင်ရချည်ရဲ့၊ အဲ့ဒီလူ ဘာအကြံနဲ့ သူလေးအနား ကပ်နေတယ်ဆိုတာ ရှင်း တောင်သိနေမှတော့ သူလေးလည်း မသိစရာအကြောင်းမှ မရှိတာ၊ ဒါကိုသိသိကြီးနဲ့ လက်ခံနေတယ်ဆိုတော့ … ရှင်း ဆက်ပြီး မစဉ်းစားချင်တော့သဖြင့် ကုတင်ပေါ် ပစ်လှဲကာ တိတ်တိတ်လေး ကျိတ်ငိုနေမိသည်။ သူလေးကတော့ သူပြင်ပေးထားတဲ့ မုန့်ဟင်းခါးစားပြီး ဟိုလူ့အကြောင်းတွေးကာ ကျေနပ်နေမှာပေါ့လေ.. ထိုညကား ရှင်း အတွက် အိပ်မပျော်ခြင်းတို့နှင့် မိုးစင်စင်လင်းခဲ့ရသော ည ဖြစ်လေတော့သည်။

ဒီနေ့မနက်အစောကြီး နိုးနေမိသည်။ နဘေးရှိ ကုတင်ပေါ်တွင် ပြစ်ကင်းစင်လှစွာ အိပ်မောကျနေသော မွေးနေ့ရှင်လေး၏ မျက်နှာကို ငေးကြည့်နေတာ ဘယ်လောက်ကြာသွားသည်မသိ သူလေး လူးလွန့်နိုးလာမှပင် သတိဝင်လာမိတော့သည်။ ညနေ ကျရင် ဘုရားအတူသွားရအောင်ဟု သူလေးကပြောလာတော့ ရှင်းလောက် ဝမ်းသာရသူရှိမည်မထင်ပေ၊ နှစ်ကိုယ်တူယှဉ်တွဲကာ ဘုရားမှာ တူစုံဆုတောင်းကြရမည့်အရေးအတွက် ပျော်ရွှင်နေရမှုကား ညနေ ဘုရားပေါ်အရောက်တွင် လေနီကြမ်းအတိုက်ခံ လိုက်ရသည့်နှယ် လွင့်စင်ပပျောက်သွားရသည်က ခပ်လှမ်းလှမ်းတွင် ဟိုလူပါ ဘုရားပေါ်ရောက်နေသည်ကိုတွေ့လိုက်ရသော ကြောင့်ဖြစ်သည်။

ဒီလူ့အကြောင်း ရှင်းသိသည်။ ရှင်းအတွက် ဒီလူက အန္တရာယ်ကောင်ကြီးပေ၊ မှတ်မှတ်ရရ ဒီလူ ဖြူစင့်အနားရောက်လာခဲ့တာ ပန်းချီပြပွဲနေ့က၊ အဲ့နေ့က ရှင်း ရုံးမှ နေ့တစ်ဝက်ခွင့်ယူပြီး ပြခန်းသို့လာခဲ့စဉ် ထိုလူ့ကို ဖြူစင့်အနားကပ်နေတာ တွေ့လိုက်ရ ခြင်းဖြစ်သည်။ ထိုနေ့မှစ၍လည်း စနေ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ထိုလူ့အကြောင်း တတ်နိုင်သမျှ လိုက်စုံစမ်းကြည့်ရာ ထိုလူသည် မိဘမျိုးရိုးဆက် ချမ်းသာပြီး လုပ်ငန်းများလည်း ထူထောင်လုပ်ကိုင်နေသူဟု သိရသည်။ ဖြူစင့်ဘဝအတွက် လုံခြုံ စိတ်ချရသူဟု မှတ်ယူကာ ထိုသူ့ကို ရွေးချယ်လိုက်မှာကို ရှင်း အလွန်ပဲကြောက်မိသည်။ ထိုလူကလည်း ဖြူစင့်ကို လိုက်လိုက် ချောင်းနေသည်မှာ မမြင်ချင်မှအဆုံး၊

ဟိုလူ့အကြောင်း စဉ်းစားရင်း စိတ်တိုနေသဖြင့် ရှင်းမျက်နှာသုန်မှုန်နေသည်ကို ရှင်းကိုယ်ရှင်းပင် သတိမထားမိ၊ သူလေးက ရှင်း ဘာဖြစ်နေတာလဲဟုမေးလာတော့ စိတ်တိုတိုနှင့် ထိုလူနှင့် ဖြူစင်တို့အကြောင်းတွေ ပြောပြလိုက်သည်။ အဆောင်ကို လမ်းလျှောက်ပြန်ရင်း စကားပြောမည်ဟု ဆိုတော့ သူလေး လက်ခံသည်။ ဒီလိုနှင့် လမ်းတလျှောက် ရှင်း၏ မကျေနပ်ချက်များ ကို ပြောပြနေရာ သူကလည်း ပြန်ရှင်းပြသဖြင့် မိုးရွာသည့်ညက ရှင်းအတွက် မုန့်ကို အလေးထားသောကြောင့် ထိုလူနှင့် ထီး အတူဆောင်းခဲ့ရကြောင်းနှင့် ချစ်ခွင့်ပန်သည်ကို အပြတ်ငြင်းလိုက်ကြောင်း ကြားသိရသဖြင့် ရှင်းရင်ထဲမှာ အတိုင်းမသိ ပျော်သွား မိသည်မှာ မြေကြီးနှင့် ခြေထောက်ပင် မထိလေသလားမှတ်ရသည်။

ရှင်း အနောက်မှာ ထိုလူပါလာသည်ကို မြင်မိထားသဖြင့် ရုတ်တရက်အကြံရကာ လမ်းလျှောက်နေသော သူလေး၏ လက်ကို ဆွဲလိုက်သဖြင့် သူလေး တုံ့ကနဲရပ်သွားကာ ရှင်းဘက်သို့ မျက်နှာမူ လှည့်ကြည့်လေသည်။ အရှိန်နှင့် ဆောင့်ဆွဲလိုက်သလို ဖြစ်သွားသဖြင့် သူလေးမျက်နှာနှင့် ရှင်းမျက်နှာတို့အကြား ဆံခြည်တစ်မျှင်စာမျှသာ အဟရှိတော့လေသည်။ ရှင်း ရင်တွေ ခုန် လာသည်။ သူရော ရင်ခုန်နေမလား၊ ရှင်း အရဲစွန့်ပြီး မေးလိုက်သည်။ ချမ်းသာပြည့်စုံပြီး ဒီလောက်ချစ်နေတဲ့လူတစ်ယောက်ကို ဘာဖြစ်လို့ ငြင်းလိုက်တာလဲဟင် ဟု.. တကယ့်ကို တိုးတိုးညင်သာ လေသံလေးဖြင့် မေးခြင်းဖြစ်သော်လည်း ထိုအသံကပင် နှလုံးသား၏ ရိုက်ခတ်လှုပ်ရှားမှုများကြောင့် တော်လဲသံပမာ ဟိန်းနေသည်ဟု ထင်နေမိသည်။ ရှင်း၏ စကားအဆုံး သူလေး၏ မျက်ဝန်းတို့ အရောင်လက်လာကာ နှုတ်ခမ်းတို့ တလှုပ်လှုပ်ဖြစ်လာသည်။ သူ ဘာများ ပြောလိုက်မှာပါလိမ့်၊ ထို စက္ကန့်ပိုင်း လေးသည်ပင် ရှင်းအတွက် တစ်ဘဝစာ ထင်မှတ်မှားလောက်အောင် ကြာနေလွန်းလှသည်။

တလှုပ်လှုပ် နှုတ်ခမ်းတစ်စုံသည် ရုတ်တရက် အပေါ်သို့ တက်သွားပြီး ရှင်းရဲ့ နဖူးလေးကို ဖွဖွလေး အနမ်းပေးကာ ရှင်းကို ချစ်လို့ ဆိုသည့် အသံတုန်တုန်လေးကြားလိုက်ရပြီး ထိုနှုတ်ခမ်းအစုံကပင် ရှင်းရဲ့ နူးညံ့သော နှုတ်ခမ်းသားများဆီသို့ ရောက် လာကြပြီး ချစ်ခြင်း၏ ချိုမြိန်သောအနမ်းများကို ဘဝမှာ ပထမဦးဆုံး စတင်ရရှိခဲ့လေသည်။ သေချာပါသည်။ ထိုအချိန်မှစ၍ သူသည် ရှင်းအတွက်ဖြစ်ပြီး ရှင်းသည်လည်း သူ၏ ဘဝသာ ဖြစ်စေရမည်ဟု။

ရှင်းတို့ ချစ်သူကာလ ပျော်စရာလေးများတွင် နယ်မှ သူ့မိဘများထံမှ စာတစ်စောင်က အပျော်များကို ပျောက်ဆုံးစေတော့သည် မိသားစုဆင်းရဲကြပ်တည်းမှုနှင့် သူမ၏ အိမ်ထောင်ဘက် အလဲအထပ်ပြုလုပ်ရမည့်အနေအထားမှာ သူလည်း ခံစားနေရသလို ရှင်းလည်း ရင်ကွဲမတတ်ခံစားနေရသည်။ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ဘာမှမပြောဖြစ်ကြဘဲ နောက်တစ်နေ့ ညနေခင်းအချိန်တွင် အရာရာကိုဆုံးဖြတ်ပြီး သူနှင့် စကားပြောဖြစ်ခဲ့သည်။ သူ့အနေနှင့် ရွာမှ စပါးပွဲစားဆိုသူထက် သူ့ကို တကယ် ချစ်မြတ်နိုးသော ပို၍လည်း ပြည့်စုံကြွယ်ဝသော ကိုလွင်မောင်ကို ရွေးချယ်ရန် အကြံပေး တိုက်တွန်းခဲ့သည်။ သူမ ချုံးပွဲချ ငိုပါတော့သည်။ ရှင်းလည်း သူငိုနေသည်ကို မကြည့်ရက်သဖြင့် လိုက်ငိုချင်နေမိသော စိတ်ကို ထိန်းကာ အချစ်ထက် ဘဝကို ပို၍ အလေးထားရမည်ဟူသော စိတ်ဖြင့်သာ မနည်းတင်းထားနေရသည်။ ငိုနေသည့်ကြားက သူ ရှင်းလက်ထဲကို သတင်းစာဖြတ်ပိုင်း တစ်ခု ထည့်ပေးရာ ရှင်းဖတ်ကြည့်လိုက်တော့ ကျောက်ကပ်အလှုရှင်အလိုရှိသည်၊ ထိုက်တန်စွာ ကျေးဇူး ဆပ်ပါမည် ဆိုသည့် ကြော်ငြာဖြတ်ပိုင်းလေးနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်တစ်ခု၊ ဒါဆို.. ဒါဆို.. သူလေးက အချစ်အတွက် မိသားစုအတွက် ကိုလွင်မောင့်ကို မရွေးချယ်ဘဲ ကျောက်ကပ်ရောင်းစားဖို့ ရွေးချယ်လိုက်တာပေါ့… အို.. ဖြူလေးရယ် ရှင်းကို အဲ့လောက်တောင် ချစ်ရတာလားဟင်၊ ရှင်း မခံစားနိုင်တော့ဘဲ သူ့ကိုဖက်ကာ အတူတူ ရှိုက်ကြီးတငင် ငိုကြွေးနေမိသည်မှာ နောက်နေ့မနက် မိုးစင်စင်လင်းသည်အထိပင်၊

လမ်းဘေးဖုန်းဆိုင်တစ်ခုတွင် သူက ကျောက်ကပ်အလှုခံထံ ဖုန်းဆက်နေစဉ် နဘေးရှိ ဖုန်းဆိုင်မှ ဖုန်းဖြင့် ရှင်းလည်း နံပါတ်တစ် ခုကို နှိပ်နေမိသည်။ အခြားမဟုတ်၊ ရှင်းစုံစမ်းထားသော ကိုလွင်မောင်၏ ကုမ္ဗဏီဖုန်းပင်ဖြစ်သည်။ ကိုလွင်မောင်နှင့် ဖုန်းပြောရ ပါသည်။ အရာရာအတွက် ကိုလွင်မောင် စောင့်ရှောက်ပေးပါရန်နှင့် ဖြူလေး၏ အသက်အန္တရာယ် မထိခိုက်စေရေးအတွက် ဖြူလေးကို ကိုလွင်မောင့်ထံ အပ်နှံပြီး ရှင်း အဝေးတစ်နေရာသို့ ထွက်သွားမည့်အကြောင်းပြောတော့ ကိုလွင်မောင်က ငြင်းသည် ငွေကြေးကိစ္စအတွက် သူကူညီပါမည်တဲ့၊ ဖြူစင်နဲ့ ရှင်းတို့ရဲ့ နက်ရှိုင်းတဲ့ချစ်ခြင်းကို သူအပြည့်အဝနားလည်ပေးနိုင်သဖြင့် ရှင်း ထွက်သွားရန်မလိုပါတဲ့၊ သူအခုလို ကူညီတာကိုလည်း ဖြူစင်မသိပါစေနဲ့တဲ့၊ တစ်ခုပဲ သူ့ကို ကတိပေးပါတဲ့၊ သူချစ်တဲ့ ဖြူစင့်ကို အသက်ထက်ဆုံး ချစ်ခင်မြတ်နိုးစောင့်ရှောက်ပေးပါတဲ့၊ အကိုတစ်ယောက်ပမာ သူအဝေးကနေ အမြဲ ကူညီပေးနေမှာကို လက်ခံ ပေးပါတဲ့၊ ရှင်း မျက်ရည်များကြားမှပင် ကိုလွင်မောင့်ကို ကျေးဇူးတင်စကား အထပ်ထပ်ပြောနေမိတော့သည်။ ထိုနေ့ညနေမှာပင် ပန်းချီပြခန်းမှ ဆက်သွယ်လာသည်။ ဖြူစင်၏ ပန်းချီကားများ အားလုံး ဈေးအမြင့်ဆုံးနှင့် ဝယ်ယူသွားကြောင်းပေါ့၊ သူလေး အတိုင်းမသိ ပျော်ရွှင်နေသည်ကို ကြည့်ရင်း ရှင်းလည်း မျက်ရည်များ ဝေ့သီလာအောင် ပျော်ရွှင်နေမိသည်။ စိတ်ထဲမှလည်း ကိုလွင်မောင့်အပေါ် အရင်က စိတ်နှင့် စော်ကားမိသည်များကို တောင်းပန်ရင်း ကျေးဇူးတင်နေမိသည်။

ဒီလိုနှင့် ဖြူစင်၏ ပန်းချီကားများကို လစဉ်ပုံမှန် ဝယ်ယူနေသူ၏ ကျေးဇူးကြောင့် ရှင်းတို့နှစ်ယောက် ဘဝရပ်တည် ရှင်သန်ရေး မှာ ယခင်ကထက် ပိုမိုလွယ်ကူလာခဲ့သည်။ ရှင်းတို့နှစ်ယောက် အဆောင်နေဘဝမှ ပျဉ်ထောင်အိမ်သေးသေးလေးဖြင့် ကိုယ်ပိုင် ဘဝကို ထူထောင်နိုင်ခဲ့သည်။ ပတ်ဝန်းကျင်မှာ သိပ်ချစ်ကြတဲ့ သူငယ်ချင်းမိန်းကလေးနှစ်ယောက်ကို လေးစားအားကျ ကြသည်အထိပင်၊ ရှင်းတို့ ခြံထဲမှာ ပန်းပင်ရေလောင်းနေတာဖြစ်စေ၊ ဒါန်းလေးပေါ် ထိုင်စကားပြောနေတာဖြစ်စေ အတူတူ ရှိနေချိန်များတွင် မလှမ်းမကမ်းမှ ကိုလွင်မောင် လာလာကြည့်တတ်သည်ကို ရှင်း သတိထား တွေ့နေမိသည်။ ကိုလွင်မောင်ရဲ့ ဖြူလေးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတရားကိုလည်း လေးစားအသိအမှတ်ပြုမိတော့သည်။ တခါတရံ ငါ မတရားသလိုများ ဖြစ်နေသလားလို့ ကိုယ့်ကိုယ်ကိုယ် မလုံမလဲဖြစ်မိချိန်များတွင် လူနှစ်ယောက်၏ ချစ်ခြင်းကို တပြိုင်နက်တည်းခံရသော ဖြူလေး ၏ ကောင်းလွန်းလှသည့် ကုသိုလ်ကံကိုသာ ရမယ်ရှာ အပြစ်တင်လိုက်မိတော့သည်။

အခုထိတိုင် ရှင်းတို့ ၂ယောက်လုံးအပေါ် စိတ်ထားကောင်းဖြင့် ကူညီနေသော ကိုလွင်မောင် အိမ်ထောင်ပြုသွားပြီ ဖြစ်ကြောင်း ကိုတော့ ဖြူလေးကို ပြောပြဖြစ်သည်။ ဒါတောင် ဖြူလေးက ရှင်း ဘယ်လိုသိတာလဲဟု မေးလာသဖြင့် သတင်းစာထဲ ဖတ်မိတာ ဟု ကမန်းကတမ်း ဖြေလိုက်ရသေးသည်။ တကယ်တော့ ကိုလွင်မောင်ရဲ့ ချစ်ခြင်းမေတ္တာ ဖြူစင်ကြီးမားပုံနှင့် ကျေးဇူးတရား တို့ကို ဖြူလေးကို ပြောပြချင်မိသော်လည်း ပေးထားသော ကတိအရ ရှင်း ပြော မထွက်ခဲ့သည်မှာ အဝေးတစ်နေရာမှ လာလာကြည့်လေ့ရှိသည့် ကိုလွင်မောင့်ကားပေါ်တွင် ပါလာတတ်သော သူ့သားလေး အရွယ်ရောက်လာသည့်တိုင်အောင်ပင်၊

ရှင်းဘဝရဲ့ နောက်ဆုံးနေ့ရက်များကို ရင်ဆိုင်ဖြတ်သန်းနေရပြီဖြစ်သည်၊ ဘာပဲဖြစ်ဖြစ် ရှင်း စိတ်ဖြောင့်ဖြောင့်ဖြင့်သာ ဘဝကူး ချင်တော့သည်။ ကိုလွင်မောင့်ကို စိတ်ထဲမှ တီးတိုးတောင်းပန်ရင်း ရှင်း ဖြူလေးကို ချစ်သူသို့ ဟူသည့် ပန်းချီကားလေးကို ယူလာပေးရန်ပြောပြီး ဖြူလေးကို ဖြစ်ခဲ့သမျှအရာအားလုံး အလေးအနက်ထား ပြောပြနေမိသည်။ နားထောင်ရင်း ဖြူလေးလည်း မျက်ရည်များတွေတွေစီးကျနေခဲ့သည်။ ကိုလွင်မောင့်ကို အားနာလိုက်တာ ဆိုသည့် ဖြူလေး၏ စကားသံတွင် တစ်သက်လုံး ပိုက်ထွေးထားရသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု လွတ်ကျသွားသလို ပေါ့ပါးသွားတော့သည်။

ရှင်း၏ ခန္ဓာကိုယ်တစ်ခုလုံးပေါ့ပါးနေသည်မှာ လိပ်ပြာတစ်ကောင်အလားပင် ဖြစ်သည်။ ဟုတ်သည်၊ ရှင်း လိပ်ပြာလေး ဖြစ်နေ တာပဲ၊ ထိုလိပ်ပြာလေး ကမန်းကတန်း ပတ်ဝန်းကျင်ကို ရှာဖွေကြည့်တော့ ထင်သည့်အတိုင်း ဖြူလေးအနားမှာ သူပျံဝဲနေတာ မလို့ ရှင်း လိပ်ပြာဘဝကိုပင် ကျေနပ်သွားမိသည်။ ဖြူလေး၏ ပုခုံးထက်မှာ နားလိုက်တော့ ဖြူလေး မျက်ရည်များ ကျလာလေသည်။ ကျီးခြေရာများနှင့် ရင့်ရော်နေသော ဖြူလေး၏ မျက်ဝန်းအိမ်များက လိပ်ပြာလေးသည် ရှင်းဖြစ်သည်ကို သိနေ သည့် အမူအရာများ အတိုင်းသား မြင်နေရသည်။ နုနယ်ပျိုမြစ်ခြင်း ဆုတ်ယုတ်လာသော ဖြူလေး၏ လက်ဖဝါးဖြူဖြူလေးများကို ဖြန့်ပေးလိုက်ရာ ရှင်း ထိုလက်ဖဝါးပေါ်သို့ ပျံကာနားနေလိုက်သည်။ ရှင်းတို့နှစ်ယောက် ဘယ်တော့မှ လက်တွဲမဖြုတ်ဘူးလို့ ပြောခဲ့ဖူးသော ဖြူလေး၏ လက်များသည် ယခုထိတိုင် ချစ်ခြင်းဖြင့် နွေးထွေးနေဆဲပါလား၊

ညနေပိုင်းကျတော့ ရှင်း လေမှာ ပျံဝဲရင်း၊ ပခုံးပေါ်မှာ နားခိုရင်းနှင့် ဖြူလေးနှင့်အတူ အပြင်တစ်နေရာသို့ လိုက်ပါလာခဲ့သည်၊ ထိုနေရာ၏ မြင်ကွင်းလေးကို ရှင်း မြင်ဖူးနေလိုက်တာဟု တွေးနေမိစဉ် အော် ဖြူလေးရဲ့ ချစ်သူတို့ ပန်းချီကားထဲက မြင်ကွင်းပဲ ဆိုတာ ပြန်မှတ်မိလိုက်သည်။ တစ်ခုပဲ ကွာသည်.. အုတ်ဂူက တစ်လုံးတည်းဖြစ်နေခြင်းပင်၊ ဖြူလေး ထိုအုတ်ဂူနဘေးတွင် ရပ်ကာ နှင်းဆီပန်းလေးတင်ဖို့ အုတ်ဂူပေါ်က ရွက်ကြွေခြောက်များကို ဖယ်ရှားလိုက်သည်၊ အို.. ရှင်းရဲ့ အုတ်ဂူပေါ်မှာ ချစ်သူသို့ဆိုတဲ့ ပန်းချီကားလေးကို ပုံသွင်းထည့်ထားပေးတာပါ လား၊ ချစ်လိုက်တာ ဖြူလေးရယ်၊ ရှင်း နောက်ဆုံးမှာခဲ့သည့် အတိုင်းပင် ချစ်သူသို့ ပန်းချီကားလေးမှာ နောက်ထပ် အုတ်ဂူလေး တစ်လုံး ထပ်တိုးလာသည်။ ရှင်းတို့ရဲ့ ကျေးဇူးရှင် ကိုလွင်မောင့်အတွက် နေရာတစ်ခုပေးစေချင်ခဲ့သည်မဟုတ်လား၊

ဖြူလေး ရှင်းစကားကို နားထောင်ခဲ့ပါသည်။ ဒါပေမယ့် သူ နေရာပေးထားတာ ရှင်းတို့ရဲ့ အုတ်ဂူနှစ်ခုဘေးမှာတော့ မဟုတ်ပေ၊ အုတ်ဂူနှစ်ခုရဲ့ ခပ်လှမ်းလှမ်းမှာ အုတ်ဂူသေးသေးတစ်လုံး ထပ်ဖြည့်ပေးထားသည်။ အော် ဖြူလေးရယ်၊ အင်းပေါ့လေ၊ ကိုလွင်မောင်ကလည်း ဖြူလေးနဲ့ ရှင်းတို့ရဲ့ ခပ်လှမ်းလှမ်းမှာပဲ အမြဲ ရှိတတ်တာ မဟုတ်လား၊ အခုရော ကိုလွင်မောင် ဘယ်မှာ များပါလိမ့်၊ လိပ်ပြာလေး ဟိုသည်လှည့်ကြည့်ရာ ခပ်လှမ်းလှမ်းတွင် ရပ်ထားသော ကားတစ်စီး၊ သေချာပါသည် ထိုကားပေါ်တွင် ကိုလွင်မောင်ရှိနေမည်ဆိုတာ၊

တဖြေးဖြေးနဲ့ လေနုအေးတို့တိုက်ခတ်ကာ နေရောင်တို့ ဖျော့လာချိန်တွင် အုတ်ဂူဖြူဖြူလေးတစ်လုံးပေါ်တွင် ခေါင်းအပ် ထားသော အဖွားအိုတစ်ယောက်၊ ခပ်လှမ်းလှမ်း ကားလမ်းပေါ်တွင် ရပ်ထားသော ကားတစ်စီးနဘေး တုတ်ကောက်တစ်ချောင်း ထောက်ကာ ထိုအုတ်ဂူသို့ မျှော်ငေးကြည့်နေသော အဖိုးအိုတစ်ဦးနှင့် အဖွားအို၏ ပခုံးထက်တွင် နားနေသော လိပ်ပြာလေး တစ်ကောင်တို့၏ မြင်ကွင်းသည် တဖြေးဖြေး အနောက်သို့ ယွန်းသွားသော နေရောင်နှင့်အတူ ပျောက်ကွယ် သွားလေသည်။


ပြီးပါပြီ

ရေးသားသူ - ငြိမ်းချမ်းကျော်

No comments: