Saturday, October 28, 2017

ချစ်သူသို့ (အပိုင်း တစ်)


လွင်မောင်
ညနေခင်း ဆည်းဆာချိန် တိမ်ရောင်စုံများက တောက်ပနေသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး သာယာ လှပနေပေသည်၊ အဝေးပြေး လမ်းမကြီးပေါ်တွင် ကားအချို့သာ ကျိုးတို့ကျဲတဲ ဖြတ်သန်းနေကြပြီး အဝေးပြေးလမ်းမကြီးမှ ကိုက် (၃၀၀) ခန့် အကွာရှိ ကုက္ကို ပင်ညိုကြီးအောက်တွင် ဖြူဖွေးသန့်စင်နေသော အုတ်ဂူလေးတစ်လုံး ထီးတည်းကြီး တည်ရှိနေပြီး လေအဝေ့တွင် ကုက္ကိုလ်ရွက် တို့က အုတ်ဂူဖွေးဖွေးပေါ်သို့ ကျဲဖြန့်ချနေသည်မှာ တစ်မျိုး ကြည့်လို့ကောင်းနေပေတော့သည်။

ထိုမြင်ကွင်းကို ကတ္တရာကားလမ်းနဘေးတွင် Lexus 4x4 Wagon ကားကြီးတစ်စီးရပ်ထားပြီး ထိုကားထဲမှ အသက် (၆၀) ခန့် အဖိုးအို ဦးလွင်မောင် ဆိုသူ ကြည့်နေလေသည်။ ကြည့်နေရင်းမှာပင် သူ၏ လက်မှာ ပတ်ထားသော လက်ပတ်နာရီကို တစ်ချက် ကြည့်လိုက်ရာ ညနေ ၄း၅၀ ကို ညွှန်ပြနေလေသည်။ ဒါဆို နောက် ၁၀ မိနစ်တိတိမှာ သူ ဒီနေရာကို ရောက်လာတော့မှာပဲ.. ဦးလွင်မောင် တစ်ချက်တွေးလိုက်မိပြီး နာရီနှင့်ဝတ်ထားသော လက်မှ အရေများ တွန့်နေသည်ကို သတိတစ်ချက်ထားမိသွား ကာ ပြုံးလိုက်မိသည်။

ဟုတ်သည်၊ သူနှင့်စတွေ့တုန်းက ဦးလွင်မောင်ရဲ့ လက်တွေ အခုလို အိုမင်းခြင်းမရှိသေးပေ၊ နုပျိုလတ်ဆတ်နေသော သန်မာ သည့် လက်တစ်ဖက်သည် အခန်းနံရံပေါ်ရှိ ချိတ်ဆွဲထားသော ပန်းချီကားတစ်ချပ်၏ အနုစိတ်လက်ရာများကို ကိုင်တွယ်စမ်းသပ် ကြည့်ချင်လွန်းလှသဖြင့် ပန်းချီကားကို မြတ်နိုးစွာ ကိုင်တွယ်ကြည့်ရန် လက်ချောင်းလေးများ တရွရွနှင့် တိုးကပ်သွားစဉ် သူ၏ လက်ကို ဖျတ်ကနဲ ပုတ်ထုတ်ခံလိုက်ရသဖြင့် ရုတ်တရက် အံ့အားသင့်သွားပြီး ကြည့်လိုက်ရာ မိမိလက်ကို ပုတ်ချလိုက်သူမှာ လွင်မောင်၏ တစ်သက်တွင် တစ်ခါမှ မမြင်ဖူးသော နတ်ဘုရားမတစ်ပါးအသွင် မိန်းမချောလေးဖြစ်နေလေသည်။ လွင်မောင် ကြောင်တောင်ငေးကြည့်နေစဉ် ထိုနတ်ဘုရားမလေးမှ “မကိုင်ရလို့ ရေးထားတာ စာမဖတ်တတ်ဘူးလား” ဟု ပြောပြီး ချာကနဲ လှည့်ထွက်သွားလေသည်။ လွင်မောင် လည်ပြန်လိုက်ကြည့်နေရာမှ ပန်းချီကားကို ပြန်ကြည့်ကာ ကားနာမည်ကို မှတ်လိုက်ပြီး ကောင်တာဆီသို့ အပြေးလှမ်းမိတော့သည်။

“ချစ်သူသို့ ဆိုတဲ့ ပန်းချီကားလေးက ရောင်းဖို့မဟုတ်ပါဘူးခင်ဗျာ စိတ်မရှိပါနဲ့နော်… ဆရာမဖြူစင်ရဲ့ exclusive show မှာ ပြရုံ ပြထားတဲ့ကားမလို့ပါ” ပန်းချီပြခန်း တာဝန်ရှိသူ၏ စကားသံများအဆုံးမှာ လွင်မောင့်ရင်ထဲ ဟာကနဲဖြစ်သွားရသည်။ ပန်းချီ ကားကို ဝယ်ယူခွင့်မရလိုက်တာကိုပင် ပန်းချီဆရာမလေး ဖြူစင့်ကိုပါ တစ်သက်လုံးစာ လက်လွှတ်ဆုံးရှုံးလိုက်ရသလို ခံစား ရသဖြင့် “ဘယ်ဈေးဖြစ်ဖြစ် အမြင့်ဆုံးဈေးပေးပါ့မယ် ရောင်းပေးပါလား” တတွတ်တွတ် ပူဆာနေမိတော့သည်။ ပြခန်းတာဝန်ခံ က ခဏစောင့်ရန်ပြောပြီး ဆရာမဖြူစင်နှင့်အတူပြန်ရောက်လာလေသည်။

“ကျွန်မလက်ရာကို အခုလို တန်ဖိုးထား အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ ဒါပေမယ့် အခု အကို လိုချင်တဲ့ ပန်းချီကားကို မရောင်းပေးနိုင်တာတော့ စိတ်မရှိပါနဲ့.. ဆောရီးပါ ..”  ဖြူစင်ဆိုသော ပန်းချီဆရာမလေးသည် ရုပ်ရည်သာမက အသံကလည်း တကယ်ပင် သာယာနာပျော်ဖွယ် ရှိလှသည်။ ကောင်းခြင်းအဖြာဖြာနှင့် ပြည့်စုံလှသော သူမနှင့် ဆက်လက် စကားပြောဆိုလိုသောကြောင့် “ဟိုလေ ဒီကားလေးက တစ်ယောက်ယောက်ကို ရည်စူးရေးဆွဲထားတာမလို့များလားဟင်” လွင်မောင်၏ မေးခွန်းသံအဆုံးတွင် ခန့်မှန်းရခက်သော မျက်နှာထားပြောင်းသွားပြီး ချက်ချင်းပြင် မျက်နှာပြန်ပြင်ကာ အပြုံးဖြင့် “ဆိုပါတော့ရှင်.. ကျွန်မ အသက်ထက်ချစ်ရတဲ့ ချစ်သူအတွက် ဆွဲထားတာပါ ရှင်က အကဲခတ်တော်သားပဲ” “မဟုတ်ပါဘူးဗျာ.. ကားနာမည်က ချစ်သူသို့ ဆိုလို့ပါ.. တကယ်တမ်းတော့ ကျွန်တော် သဘောကျမိတာက အရမ်းလှတဲ့ ဆည်းဆာချိန် မိုးကုပ် စက်ဝိုင်းအစွန်းကို မေးတင်နေတဲ့ နေလုံးကြီးနောက်ခံမှာ အုတ်ဂူလေး ၂ခုနဲ့ သစ်ပင်ကြီးတစ်ပင်ဟာ တကယ့်ကို ဟာမိုနစ်ဖြစ်ပြီး ဘယ်လိုပြောမလဲဗျာ.. ကြည့်တာနဲ့တင် တကယ့်ကို ခံစားရလို့ပါ” ဖြူစင် မျက်ဝန်းများ အရောင်တစ်မျိုးဖြင့် လက်ကနဲဖြစ်ပြီး လွင်မောင့်ကို ရီဝေဝေကြည့်ကာ “ရှင့်လိုပဲ သူလည်း ကျွန်မရဲ့ အနုပညာတွေကို ခံစားတတ်ရင်ကောင်းမှာပဲ” “ခင်ဗျာ” “အော် ဘာမှ မဟုတ်ပါဘူး.. ရှင် ခံစားတာနဲ့ သိပ်တော့ မကွာပါဘူးလေ.. ပန်းချီကားလေးရဲ့အဓိပ္ဗါယ်က ကျွန်မတို့ အတူတူသာရှိမယ် ဆိုရင် နေဘယ်တော့မှ ဝင်သွားမှာမဟုတ်ဘူးလို့ ဆိုလိုတာပါ.. ကဲ ရှင် အခြားပန်းချီကားတွေ အားပေးနိုင်ပါတယ် ကျွန်မကို ခွင့်ပြုပါဦး ကျေးဇူးပါနော်” ပြောပြီး လှည့်ထွက်သွားသော ဖြူစင်၏ဆံနွယ်ရှည်များကို သူမပန်းချီကားထဲမှ ဆည်းဆာချိန်နှင့်အတူ မြင်ယောင်ရင်း လွင်မောင် ကျန်နေခဲ့မိသည်။

ဖြူစင်သည် သာမန်ကောင်မလေးဖြစ်သည်။ အဆောင်နေသူတစ်ဦးဖြစ်ပြီး မိဘများက နယ်မှာဖြစ်ပြီး ဖြူစင်၏မောင်တစ်ယောက် နှင့် ညီမတစ်ယောက်တို့နှင့်အတူ နယ်တွင်သာ အခြေချနေထိုင်ကြလေသည်။ အချိန်ပိုင်း ကျူရှင် စာသင်ပြီး ရှာဖွေ၍ ရသမျှကို နယ်မှ မိသားစုထံ ပြန်ပို့တတ်သည်။ ကျန်သော အားလပ်ချိန်များတွင် ဝါသနာပါရာ ပန်းချီကားများ ရေးဆွဲလေ့ရှိသည်။ အနေအထိုင် သိမ်မွေ့ပြီး ဘာသာတရားကိုင်းရှိုင်းသည်။ ယနေ့ ခေတ်နှင့်မကိုက်ညီသော ရိုးရှင်းလွန်းသည့် ဝတ်စားဆင်ယင် မှုမျိုးနှင့်သာ လုံခြုံသေသပ်စွာနေထိုင်လေ့ရှိပြီး မြန်မာအစားအစာကို သာ ကြိုက်နှစ်သက်စွာ စားလေ့ရှိသည်။ သူမအကြိုက်ဆုံး အရာမှာ မုန့်ဟင်းခါးဖြစ်ပြီး အချိန်မရွေး ထမင်းလွတ်ပင် စားနိုင်သည် အထိ ကြိုက်နှစ်သက်လေသည်။ ဤအရာများသည် ဖြူစင်နှင့် ပတ်သက်၍ လွင်မောင် တစ်ပတ်အတွင်း စုံစမ်းရသမျှ သိထားရသည့် အချက်များပင်ဖြစ်သည်။

သို့ပေမယ့် လွင်မောင် သိချင်နေသည်ကား ဖြူစင် မြတ်နိုးလှသည့် ပန်းချီကားပိုင်ရှင် ဖြူစင်၏ ချစ်သူပင် ဖြစ်သည်။ စုံစမ်း၍ ရသလောက်လည်း ဖြူစင့်မှာ တွဲသွားတွဲလာ ယောက်ျားလေးသူငယ်ချင်းပင် မရှိချေ၊ အဆောင်နေ သူငယ်ချင်း ရှင်းသန့်ဆိုသူ သွက်သွက်လက်လက် မိန်းကလေး သူငယ်ချင်းတစ်ယောက်သာ ရှိသည်။ ဖြူစင့်သူငယ်ချင်းကလည်း ဖြူစင်နှင့် အသွင်တူလှ သည်။ သွက်လက်သော်လည်း တည်ကြည်သည်။ ဖျတ်လတ်သော်လည်း သိမ်မွေ့သည်။ ဖြူစင့်လောက် မရှည်သော်လည်း ကျောလယ်အထိ ဝဲနေသော ခွေကောက်ကောက်ဆံပင်လေးများနှင့် ခြေမျက်စိအထိ ခြေသလုံးအလယ်ကျော်ကျော် ထမိန်ကို မတိုမရှည်ဝတ်ထားတတ်ပုံလေးက တစ်မျိုးထူးဆန်းသည်။ ရယ်လိုက်လျှင် ပါးချိုင့်လေးနှင့် ဖွေးနေသော သွားတန်းလေးများက ကျွန်တော့်သူငယ်ချင်း ဇော်လတ် ကြိုက်တတ်သော ပုံစံမျိုးဖြစ်သည်။

လွင်မောင်တွေးရင်းနှင့်ပင် ပြုံးမိသည်။ စိတ်ကူးထဲမှာ သူက ဖြူစင်နှင့်ချစ်သူတွေဖြစ်၊ ဇော်လတ်က ရှင်းသန့်နှင့် ချစ်သူတွေဖြစ်၊ သူတို့ ၄ယောက်အမြဲမခွဲအတူတူလက်တွဲကြရင် ပျော်စရာကောင်းမည်ဟု တွေးမိသောကြောင့်ဖြစ်သည်။ အခုတော့ ဖြူစင့် ချစ်သူဆိုသူကိုပင် သူစုံစမ်းလို့မရသေး၊ ဇော်လတ်အတွက် ရှင်းသန့်အကြောင်းစုံစမ်းပေးဖို့ကား ပို၍ပင် ဝေးသေးတော့သည်။ လွင်မောင် ခေါင်းထဲတွင် ဖြတ်ကနဲ အတွေးတစ်ခုပေါ်လာသည်၊ ဒါဆို ဖြူစင့်မှာ ချစ်သူမရှိသေးဘဲနဲ့ တမင်ပြောတာများဖြစ်နေ မလားဟု၍ပင်၊ ဖြစ်နိုင်သည်။ အချို့မိန်းကလေးတွေက အရှက်ကြီးသည်။ တစိမ်းယောက်ျားလေး ချဉ်းကပ်လာလျှင် ကြိုတင် ကာကွယ်သည့်အနေဖြင့် ချစ်သူရှိသည်ဟု ပြောလွှတ်တတ်ကြသည်မဟုတ်လား။ ဟုတ်တယ်၊ ဘာပဲဖြစ်ဖြစ် သူ ထပ်ကြိုးစားရ မည်ဟု ကိုယ့်ကိုယ်ကိုယ် သံဓိဌာန်ချမှတ်လိုက်လေသည်။

ထိုနေ့က မှတ်မှတ်ရရ မိုးလေးများ ဖွဲဖွဲရွာနေလေသည်။ စာသင်ရာမှ ပြန်လာသော ဖြူစင်တစ်ယောက် အပင်အောက်တွင် မိုးခို နေပြီး လက်ထဲမှ အထုပ်တစ်ခုကို မိုးရေမစိုအောင် အသည်းအသန် ကာကွယ်နေလေသည်။ လွင်မောင် အပြေးအလွှား ထီးမိုး ပေးလိုက်ရာ ဖြူစင် မော့ကြည့်ပြီး ခေါင်းကို ပြန်ငုံ့လိုက်လေသည်။ ထိုညက ဖြူစင့်ကို အဆောင်ရောက်သည်အထိ ထီးမိုးပြီး သူ လိုက်ပို့ပေးဖြစ်သည်။ သူ ဖြူစင်ကို ချစ်ကြောင်းပြောတော့ ဖြူစင် မတုန်မလှုပ်၊ လွင်မောင်ပြောနေသော စကားများထက် သူမ လက်ထဲမှာ အထုပ်ကို ရေမစိုစေရေးက ပိုအရေးကြီးနေပုံရသည်။ နောက်ဆုံး လွင်မောင် မနေနိုင်ဘဲ မေးလိုက်တော့ ဆင်းဝှစ် မုန့်ထုပ်တဲ့၊ အဆောင်သို့ လိုက်ပို့ပြီး မိုးရေထဲ ခေါင်းငိုက်စိုက်ချ ပြန်သွားသော လွင်မောင် သူပြန်ရလိုက်သည်က ဘယ်တော့မှ မကြိုးစားပါနဲ့တဲ့ .. သူ့မှာ ထာဝရအတွက် အချစ်ရဆုံးလူရှိပြီးသားမလို့ ခင်မင်ရုံကလွဲရင် မတတ်နိုင်ပါဘူးတဲ့…

လက်မလျှော့တတ်သော လွင်မောင် ဖြူစင့်နောက်သို့ မသိမသာလိုက်မြဲ လိုက်စဲ၊ တစ်နေ့.. ထိုနေ့သည်ကား ဖြူစင်၏ မွေးနေ့၊ ညနေပိုင်း ဘုရားတက်ပြီး အဆောင်သို့ လမ်းလျှောက်သွားသော ဖြူစင်နှင့် ရှင်းသန့်တို့နောက်သို့ မယောင်မလည်နှင့် လွင်မောင် လိုက်နေမိသည်။ တဖြေးဖြေးနှင့် နေညိုရာမှ ဝင်လာခဲ့ပြီဖြစ်သည်။ လူပြတ်သော လမ်းကြားလေးထဲ လျှောက်သွားကြ စဉ် လျှောက်နေရာမှ ရပ်လိုက်ကြသဖြင့် လွင်မောင် အနီးရှိ သစ်ပင်တစ်ပင်နောက်သို့ ကွယ်ကာ ဝင်ရပ်လိုက်ပြီး မသိမသာ ကြည့်နေမိရာ လွင်မောင် မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ့မျက်စိကိုပင် သူမယုံနိုင်အောင် ဖြစ်ခဲ့ရလေသည်။ လွင်မောင် မြင်လိုက်ရသည်ကား ရှင်းသန့်၏ နဖူးလေးကို ဖွဖွညင်သာလေး နမ်းလိုက်သော ဖြူစင်၊ ထိုမှသည် တဖြေးဖြေးနှင့် နှုတ်ခမ်း ၂စုံ တို့ ပူးကပ်သွားသည်ကို လရောင်တွင် ဝိုးတဝါးမြင်လိုက်ရသဖြင့် တစ်ဖက်သို့ပြန်လှည့်ကာ အကြည့်လွှဲလိုက်မိသည်အထိပင်။

ဖြူစင်

ကျွန်မ၏ ရိုးရှင်းသော ဘဝထဲသို့ သူစတင်ဝင်ရောက်လာချိန်ကား ဒေးဒရဲမြို့လေးမှ ရန်ကုန်မြို့ပေါ်တွင် အလုပ်ရှာဖွေရန် အတွက် တစ်ယောက်တည်း တက်လာပြီး သုခရိပ် အမျိုးသမီးဘော်ဒါဆောင်သို့ စတင်ခြေချရောက်ရှိချိန်တွင်ဖြစ်သည်။ သူ့ နာမည်က ရှင်းသန့်တဲ့၊ ကျွန်မက ဖြူစင်ဆိုတော့ တို့နှစ်ယောက်ရဲ့ အခန်းလေးက ဖြူစင်ရှင်းသန့် တောက်ပြောင်လှပ နေမှာ ပေါ့တဲ့၊ အဲ့ဒါ သူနဲ့ကျွန်မအကြား ပထမဆုံး သူ စပြောတဲ့ စကားလုံးလေးတွေပေါ့…

အရာရာကို တုံ့နှေးကွေးလွန်းသော ကျွန်မနှင့် သွက်သွက်လက်လက်ရှိလှသော သူမ၊ မြန်မာအစားအစာတွေကိုမှ ခုံမင်နှစ်သက် သော ကျွန်မနှင့် ဘိုစာကိုမှ ကြိုက်လွန်းလှသော သူမ၊ အနုပညာကို အသက်လိုတန်ဖိုးထားသော ကျွန်မနှင့် လက်တွေ့ကျမှုကို ဦးစားပေးတတ်သော သူမ၊ တကယ်တန်းတော့ ကျွန်မတို့နှစ်ယောက် သွင်သွင်ကြီး ဆန့်ကျင်ကြသူများ ဖြစ်လေသည်။ ထိုသို့ ဆန့်ကျင်ဘက်များကပင် သူမသည် ကျွန်မအတွက် စိတ်ဝင်စားစရာဖြစ်လာလေသလား မပြောတတ်ပေ၊ ကျွန်မ မကြိုက်တတ် ပေမယ့် သူမအကြိုက်များကို ကျွန်မအမြဲအမှတ်ရပေးတတ်သလို ကျွန်မကြိုက်တတ်သည်များကို ကြိုးစားပြီး ဂရုစိုက်ပေးတတ် သော သူမကရော သူမရင်ထဲမှာ ကျွန်မလိုပင် ရှိနေလို့လား မပြောတတ်ပေ၊

ကျွန်မ၏ အားလပ်ချိန်များတွင် ဝါသနာပါသော ပန်းချီကားများကို တိတ်ဆိတ်စွာ ရေးဆွဲတတ်သော်လည်း သူမကတော့ သူမရုံးမှ ပစ္စည်းများအတွက် အရောင်းစီမံကိန်းများ ရေးဆွဲနေလေ့ရှိသည်။ တစ်ရက်တော့ ဘယ်လိုဖြစ်သည်မသိ၊ ကျွန်မ ပန်းချီဆွဲနေ သည်ကို နဘေးမှ လာရပ်ကြည့်ရင်း စိတ်လိုလက်ရ မေးမြန်းစပ်စုနေပုံလေးက တကယ့်ကို ပီဘိကလေးမလေးလို ချစ်စရာ ကောင်းနေလေသည်။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မရေးဆွဲနေသည်က ဘဝနေဝင်ချိန်တွေအထိ သူမနှင့် အမြဲအတူတူနေသွားရန် စိတ်ကူးနှင့် ရေးဆွဲပုံဖော်ထားသည်ကို သူမက စိတ်ကူးယဉ်ဆန်လွန်းလှသည်၊ ဘဝဆိုတာ မိမိဖြစ်ချင်သည့် စိတ်ကူးအတိုင်း ဖြစ်လေ့မရှိ၊ လက်တွေ့ကျဖို့ အရေးကြီးသည်ဟုဆိုကာ ကျွန်မ၏ ခေါင်းလေးကို ပွတ်ပြီး သူမ ကုတင်ရှိရာဘက်သို့ ပြန်သွား လေသည်။ ကျွန်မ၏ စိတ်ကူးခံစားချက်များကို နားမလည်ပေးတတ်သော သူမကို အနည်းငယ် စိတ်မကောင်း ဖြစ်မိသွား သော်လည်း ပြပွဲရက် အမှီ ပြီးအောင် ဆွဲရမည်ဖြစ်သဖြင့် ပန်းချီကားကိုသာ နှလုံးသားနှစ်ကာ ဆွဲနေမိလေသည်။

ဒီနေ့မနက် အလုပ်မသွားခင် သူမ ကျွန်မ၏ ခေါင်းလေးကို ပုတ်ကာ ဆုတောင်းပေးသွားသည်။ ကံကောင်းပါစေတဲ့၊ သူမ၏ ဆုတောင်းကြောင့်ပဲလားမသိ၊ ပြပွဲတွင် စိတ်ဝင်စားအခံရဆုံးမှာ ကျွန်မ၏ ပန်းချီကားများ ဖြစ်နေလေသည်။ ပန်းချီကားများ ရောင်းထွက်သွားသည့်အတွက် သူမကို သူမကြိုက်သော အင်းယားလိပ်ဟိုတယ်က ချိစ်ပါ့ဖ်မုန့်များနှင့် ဆင်းဝှစ်မုန့်များ အဝ ဝယ်ကျွေးမည်ဟု စိတ်ကူးထားသည်။ စိတ်ကူးဖြင့် ပြုံးနေစဉ် ပန်းချီကားများကို မထိရဟု ရေးထားသည့် စာတန်းကို နားမလည် တာပဲလား မပြောတတ်သော လူတစ်ယောက် သူမ၏ တန်ဖိုးအထားရဆုံး ချစ်သူသို့ ဟူသည့် ပန်းချီကားကို ကိုင်တွယ်ရန် ကြိုးစားနေသဖြင့် လက်ကို ပုတ်ထုတ်လိုက်သော်လည်း နားလည်ရခက်လွန်းလှသော ထိုသူက ရောင်းရန်မဟုတ် ဆိုသည့် စာတန်းကိုပါ မဖတ်ပြန်ဘဲ ထိုပန်းချီကားလေးကိုမှ လိုချင်ပြန်သည်တဲ့၊ မရောင်းပါဘူးဆိုပြန်တော့လည်း တစ်စုံတစ်ယောက် အတွက် ရည်စူးရေးဆွဲထားတာလားတဲ့၊ တစ်ခုတော့ သူ့ကို ချီးကျူးမိပါသည်။ ကျွန်မရေးဆွဲထားသည့် ပန်းချီကားရဲ့ အနုပညာ ကို သူ ခံစားတတ်ခြင်းပါပဲ၊ သူ့လိုမျိုး သူမလည်း နားလည်စေချင်လိုက်တာဟု တွေးမိသွားသဖြင့် လှည့်ထွက်လာခဲ့မိသည်။

ထိုနေ့က မိုးတွေ ရွာနေလေသည်။ သူမအတွက် ဝယ်လာသော ဆင်းဝှစ်မုန့်လေးများ ပျက်စီးကုန်မည်စိုးသဖြင့် အပင်အောက် မိုးခိုရင်း တတ်နိုင်သမျှ ကာကွယ်နေမိသည်၊ မိုးကလည်း သည်းသည်းမည်းမည်း ပိုရွာလာသဖြင့် မုန့်လေးများ ရေစိုကုန်တော့ မည်၊ စားစေချင်သောစိတ်နှင့် တကူးတကသွားဝယ်လာရသဖြင့် မိုးကိုသာ ကျိန်ဆဲနေမိတော့သည်။ ထိုစဉ် ကျွန်မကိုယ်ပေါ်တွင် ကွက်၍ မိုးတိတ်သွားသည့်အလား မိုးစက်တို့ ရုတ်တရက် ကျမလာတော့သဖြင့် မော့ကြည့်မိရာ ကျွန်မကို မိုးပေးထားသော ထီးတစ်လက်၊ ထီးပိုင်ရှင်ကား ဟိုလူ၊ ကျွန်မကို ဂရုဏာအပြည့်နှင့် ပြုံးပြီး ထီးမိုးပေးနေသည့် ထိုလူ့ကို ကျွန်မ ဘာကြောင့်မှန်း မသိ၊ အားနာနေမိသည်။ ထိုလူ ကျွန်မထံမှ ဘာလိုချင်သည်ကို ကျွန်မသိနေနှင့်ပြီး ကျွန်မမပေးနိုင်တာ သေချာနေသည့်အတွက် အားနာနေမိခြင်းပင်။ ဖြစ်နိုင်လျှင် ထိုလူနှင့်အတူ တစ်မိုးတည်းအောက် အတူယှဉ်ကာ မလျှောက်လိုသော်လည်း သူမအတွက် ဝယ်လာသော မုန့်များ မိုးစိုပျက်စီးကုန်မည်စိုးသဖြင့် အဆောင်အထိ လိုက်ပို့သည်ကို လက်ခံလိုက်ရလေသည်။

လမ်းမှာ ကျွန်မတွေးထင်ထားသည့်အတိုင်း သူ ကျွန်မကို ချစ်ကြိုက်ကြောင်း ဖွင့်ဟပြောဆိုလေသည်။ သူ တစ်ချိန်ချိန်ပြောလာ မည်ကို သေချာသိနေသဖြင့် သူ့အတွက် အဖြေမှာလည်း အဆင်သင့်ပင် ရှိနေလေသည်။ ကျွန်မ ဒီတစ်ဘဝလုံးစာအတွက် သူ့ကို မချစ်နိုင်ကြောင်း ပြတ်ပြတ်သားသားပြောလိုက်ပြီးချိန်တွင် အဆောင်ရှေ့သို့ ရောက်လာပြီဖြစ်သည့်အတွက် ကျွန်မလက် ထဲသို့ ထီးကို ထိုးထည့်ကာ မိုးရွာထဲသို့ ပြေးထွက်သွားသော ထိုလူ့ကျောပြင်ကို တစ်ချက်ကြည့်လိုက်ကာ စိတ်မကောင်းသဖြင့် သက်ပြင်းတစ်ချက်ချလိုက်မိလေသည်။ ဘယ်လိုမှ မချစ်နိုင်တဲ့အတူတူ အခုလို ပြတ်ပြတ်သားသားငြင်းလိုက်တာ သူ့အတွက် ပိုကောင်းသည် မဟုတ်ပါလား။

ကျွန်မ အဆောင်အခန်းထဲရောက်တော့ မိုးစိုလာသော ကျွန်မကို တဘက်တစ်ထည်ပေးပြီး သူမ အိပ်ယာပေါ်သို့တက်ကာ စာ ဖတ်နေလေသည်၊ ကျွန်မအတွက် ကျွန်မအကြိုက် မုန့်ဟင်းခါးကို ပူပူလေး နွှေးထားပေးပြီး စားလိုက်ရန်ပြောသော်လည်း ကျွန်မ သူ့အတွက် ယူလာသော ဆင်းဝှစ်မုန့်ကိုမူ သူမ ဗိုက်မဆာသဖြင့် မစားတော့ဟု ဆိုကာ အိပ်ယာဝင်သွားလေသည်။ ကျွန်မ သူမ ပြင်ပေးထားသော မုန့်ဟင်းခါးကို မျက်ရည်အချို့နှင့်အတူ ကျိတ်မှိတ်၍ စားလိုက်ရသည်ကို သူမ မသိလေရော့သလား၊ ကျွန်မကရော သူမကို စားစေချင်တာ သူမ မသိလေရော့သလား မပြောတတ်ပေ၊ တကယ်ပင် စိတ်မကောင်းဖြစ်ရသောညပေ။

ကျွန်မမွေးနေ့ သူမကို ဘုရားလိုက်ပို့ပေးရန် ပူဆာထားသဖြင့် ညနေတွင် သူမရုံးမှ စောစောဆင်းကာ ကျွန်မကို ကျူရှင်မှာ လာခေါ်ပြီး ဘုရားသို့ သုံးဘီးကားလေးငှားကာ သွားဖြစ်ကြလေသည်။ ဘုရားမှာ အတူတူ ပန်းကပ်လှု ဆုတောင်းပြီး သူမကို လှည့်ပြုံးပြလိုက်ရာ သူမ၏ မျက်နှာမှာ စူပုပ်ပွနေလေသည်။ ရုတ်တရက် ဘာဖြစ်သွားမှန်းမသိသဖြင့် ကျွန်မ တကယ်ပင် စိတ်ညစ်သွားမိသည်။ သူမကို စိတ်ဆိုးအောင် ဘာများ လုပ်မိပြန်ပြီလဲ ကျွန်မတကယ်မသိချေ၊

ကျွန်မ မျက်နှာငယ်ကာ စိတ်ညစ်နေသဖြင့် သူမ ကျွန်မကို စကားစတင်ပြောလာသည်။ “ဘာလဲ ဟိုဘဲကြီးနဲ့ ဘုရားအတူတူ မဖူးရလို့ မျက်နှာမကောင်းဖြစ်နေတာလား” သူမစကားများက ဘာကိုဆိုလိုသလဲ ကျွန်မမသိသဖြင့် သူမကို ပြန်ငေးကြည့်နေမိ၊ သူမက “ဘာအူကြောင်ကြောင်လုပ်နေတာလဲ၊ ဟိုအနောက်နားမှာ ရှင့်ကို လာလာပိုးနေတဲ့ ဘဲကြီးလေ၊ အခုလည်း ရှင် သူ့ကို ဒီမှာ ချိန်းထားတာမလား၊ နေခဲ့လိုက်လေ၊ ကျွန်မပြန်နှင့်လိုက်မယ်” သူမပြောရာအရပ်သို့ မသိမသာ စွေကြည့်လိုက်ရာ ဘုရား ရှိခိုးနေသည့် ထိုလူ၊ စိတ်ပျက်စရာ၊ အပြတ်ပြောထားပြီးသားကို ဘာတွေ လိုက်ကပ်နေမှန်းမသိ၊ သူ့ကြောင့် သူမ ကျွန်မကို စိတ်ဆိုးလေပြီ၊ ဟင် ဒါဆို သူမ ကျွန်မကို ထိုလူနှင့် သဝန်တိုနေခြင်းများလား၊ ကျွန်မ အတွေးနှင့်အတူ ပျော်သွားသဖြင့် မျက်နှာ ပြုံးရိပ်သန်းသွားလေသည်ကို ကြည့်ပြီး သူမ လှစ်ကနဲဘေးမှ ထထွက်သွားလေပြီ၊ ကျွန်မလည်း သူမ နဘေးမှ အသည်းအသန် ပြေးလိုက်ကာ လိုက်ချော့ရတော့သည်။

သူမက အပြန်အဆောင်ကို ကားငှားမပြန်ဘဲ လမ်းလျှောက်ပြန်ရင်း စကားပြောချင်သည်ဟုဆိုသဖြင့် ကျွန်မတို့နှစ်ယောက် လမ်းအတူလျှောက်ကာ စကားပြောမိကြသည်။ ထိုအခါမှပင် ကျွန်မကိုလည်း သူမ ချစ်နေကြောင်း သိခဲ့ရလေသည်။ ကျွန်မလေ ပျော်လိုက်သည့်ဖြစ်ခြင်း၊ ကျွန်မဘဝမှာ တန်ဖိုးအရှိဆုံးမွေးနေ့လက်ဆောင်ရလိုက်သလိုပင်၊ သူမက ဟိုနေ့က မိုးရေထဲမှာ ထီး တစ်ချောင်းတည်း အတူဆောင်းလာတာ မြင်လိုက်ရသဖြင့် ရင်ထဲ ပူလောင်လှကြောင်းပြောရာ ကျွန်မ ထိုညကပင် ထိုသူ့ကို အပြတ်ငြင်းလိုက်ပြီး ဖြစ်ကြောင်းနှင့် ငြင်းလိုက်ရသည့် အကြောင်းရင်းမှာလည်း ကျွန်မရင်ထဲမှာ ရှိနေသူမှာ သူမဖြစ်နေလို့ပင် ဖြစ်ကြောင်း ပြောလိုက်ရာ သူမ လမ်းလျှောက်နေရာမှ ရုတ်တရက် ရပ်လိုက်ပြီး ကျွန်မလက်မောင်းကို ဆွဲလိုက်လေသည်။ ကျွန်မ လရောင်၏ ဖမ်းစားမှုအောက်တွင် မှတ်မိလိုက်သည်က သူမ၏ နဖူးလေးမှသည် နှုတ်ခမ်းအစုံဆီသို့ ကျွန်မ၏ အနမ်းမိုး တို့ စွေရွာမိသည်ကိုပင်ဖြစ်သည်။

ကျွန်မတို့၏ ချစ်သူကာလသည် ပျော်ရွှင်စရာလည်း ကောင်းသလို ရင်ခုန်စိတ်လှုပ်ရှားစရာလည်း ကောင်းလှသည်။ အဆောင်မှ အခြားလူများ မသိအောင် မရိပ်မိအောင် အနေအထိုင် သိုသိပ်ပိရိရသည်မှာလည်း စိတ်လှုပ်ရှားစရာ တစ်မျိုးကောင်းလှသည်။ ကျွန်မတို့၏ ပျော်ရွှင်စရာကောင်းသော ချစ်သူဘဝထဲ စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စကြုံလာရသည်ကား နယ်မှ ကျွန်မ မိဘများထံမှ စာတစ်စောင် ရောက်လာချိန်တွင်ဖြစ်သည်။ တော်ရုံ အသိမပေးတတ်သော မိဘများက အတော်ပင် အခက်အခဲ ကြုံတွေ့နေရသဖြင့်သာ စာရေးအကြောင်းကြားခြင်းဖြစ်သည်။ ရေကြီးသဖြင့် စပါးသီးနှံများ ပျက်စီးရသလို တိုက်တိုက်ဆိုင်ဆိုင် အငယ်ကောင်၏ သွေးလွန်တုပ်ကွေးရောဂါပြင်းနှင့် မိခင်၏ ရင်ကြပ်ပန်းနာရောဂါဆိုးရွားချိန်တို့ တပြိုင်နက်တည်း ဖြစ်နေကြ သဖြင့် ငွေလိုအပ်ကြောင်း ပြောလာချိန်တွင် ကျွန်မလက်ထဲ ငွေ ၁၀၀ ပင် မပြည့်တတ်၊ စာ၏ အဆုံးသတ်တွင် အိမ်ထောင်ပြုဖို့ စဉ်းစားရန်နှင့် ငွေကြေးပြည့်စုံသော ရွာမှ စပါးပွဲစားကိုသာအောင် သို့မဟုတ်လျှင်လည်း မြို့မှာ ချစ်သူရည်းစားရှိပါက အားကိုး အားထားပြုနိုင်ရန် အိမ်ထောင်စဉ်းစားဖို့ပါ တိုက်တွန်းထားသည်။ ဆိုလိုသည်ကတော့ အိမ်၏ ငွေကြေးအခက်အခဲကို အမကြီး အမိရာ ကျွန်မကပင် ဖြေရှင်းပေးရန်နှင့် အိမ်ထောင်ဘက်အကူအညီလိုအပ်ပါက ယူရန်အထိ အရိပ်ပြထားလေပြီ။

ထိုစာရလာပြီးချိန်မှစ၍ သူမ ကျွန်မအပေါ် အနည်းငယ် ရှောင်ဖယ်လာပြီး နောက်နေ့ညနေတွင်ပင် သူမ ကျွန်မကို ထုတ်ဖော် ပြောလာသည်က မိသားစုအရေးအတွက် ကိုလွင်မောင်ဆိုသူကို စဉ်းစားသင့်ကြောင်း သူမ နားလည်နိုင်ကြောင်းပင်ဖြစ်သည်။ ကျွန်မ သည်းထန်စွာ ငိုကြွေးမိတော့သည်။ ကျွန်မ လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော သတင်းစာဖြတ်ပိုင်းလေး ကို သူမလက်ထဲ ထိုးထည့်ပေးလိုက်ပြီး သူမဖတ်ကြည့်ပြီးချိန်တွင် ကျွန်မကိုဖက်ကာ သူမပါ အူလှိုက်သည်းဖို ငိုလေတော့သည်။

ထိုသတင်းစာဖြတ်ပိုင်းလေးတွင် ကျွန်မ သူမကို ဘယ်လောက်အထိ ချစ်မိကြောင်း ဖော်ပြနိုင်သည်မဟုတ်ပါလား.. ကျွန်မကိုယ် ကျွန်မထက်ပင် သူမကို နက်ရှိုင်းစွာချစ်မိသွားသည်လေ။ ဤသို့ချစ်ရပါသော…..

ရေးသားသူ - ငြိမ်းချမ်းကျော်

To be continue.. ..........

No comments: