Wednesday, May 10, 2023

A Second Chance







စကြဝဠာလောကဓာတ်ကြီးဟာ ရပ်နားမှုမရှိ လည်ပတ်နေတဲ့ အရာတစ်ခုက မောင်းနှင်ခံနေခဲ့ရသလား။ ကျွန်တော်တို့ မွေးဖွားလာတယ်၊ အသက်ရှင်သန် နေထိုင်ကြတယ်၊ သေဆုံးကြတယ်။ သည်လိုနဲ့ဘဝစက်ဝန်းတွေလည်ပတ်သလားပဲ။ ဘဝတစ်ခု ဘယ်လိုစတင်တယ် ဘယ်လိုအဆုံး သတ်တယ်ဆိုတာ စက္ကန့်မခြားဖြစ်ပျက်နေတာပါ။ အစက်အပြောက်အမှတ် A ကနေ B အထိ ကျွန်တော်တို့ ဘယ်ဟာကို  ရွေးချယ်ယုံကြည်ကြမယ်ဆိုတဲ့ အကြောင်းပြချက်၊ ကျွန်တော်တို့ရဲ့ ရိုးရှင်းလွယ်ကူတဲ့ အရင်းခံအကြောင်းရင်းများ၊ ပြီးတော့ ရောယှက် အရှုပ်ထွေးဆုံး လှုပ်ရှားမှုများနဲ့ပေါ့။ အလုံးစုံကြွယ်ဝချမ်းသာကုံလုံဖို့ တနေကုန်လိုက်နေရင်း ဒါမှမဟုတ် ပြည့်စုံကုံလုံဖို့ ပျင်းပျင်းရိရိ စောင့် ကြည့်နေရင်း ဆိုပါစို့။ နေ့ရက်တွေဟာ ဂဏန်းအရေအတွက်သက်သက်မျှသာပါပဲ။ တစ်ရက်တာကုန်ဆုံးတာနဲ့ နောက်တစ်ရက်ဟာ ဖျပ်ကနဲဆိုပြီးရောက်လာတာများ ကျွန်တော်တို့တွေ ဘယ်အရာမဆို ကောင်းပါတယ်လို့ တန်ဖိုးဖြတ်ဝေဖန်နေစဉ်အခိုက်အတန့်မှာပေါ့။ ဝမ်းနည်းနောင်တ အစုံစုံဟာ အတော်ဆိုးရွားပါတယ်။




ဒါပေမဲ့ ကျွန်တော်ကတော့ အမှတ် A အဖြစ်သူတကာတွေ စတင်တဲ့နေရာထက် အမှတ် B ကသာ အစပြုခဲ့ပါတယ်။ မှန်ကန်နေဖို့သာလို ကြောင်း ကျွန်တော်သိတယ်။ ဘယ်တော့မှ အဆုံးမသတ်သေးမယ့် ဘဝစက်ဝန်းတစ်ခုကို မွေးဖွားခြင်းတစ်ခုနဲ့ ပြန်လည်အစပြုကြောင်းကို ကျွန်တော်တို့အားလုံး တစ်ခါက အတွေ့အကြုံရှိခဲ့ကြတယ်လေ။ သည်စကြဝဠာအလုံးစုံကို ကစဉ့်ကလျား ရှုပ်ထွေးခြင်းများအားလုံးက ဖန်တီးထိမ်းချုပ်တယ်၊ ဘဝတစ်ခုရဲ့ မျိုးစေ့ဟာ သေဆုံးခြင်းကနေ တဖန်အညှောင့်ပေါက်တယ်ဆိုတာလည်း ကျွန်တော်သိတယ်။ အချိန်ကာလဟာ  စက်ဝန်းတစ်ခုဖြစ်တယ်။ မည်သည့်အရာမျှမရှိခြင်းသည်ပင် အစဉ်အတိုင်းဖြစ်နေခြင်းပါပဲ။




ကိုယ်ပိုင် စဉ်းစားဆင်ခြင်မှုအတွေးအမြင်များရဲ့ လွှမ်းမိုးခြင်းကို ကျွန်တော်တို့ ခံစားဖူးသလား။ ကျွန်တော်တို့ ဦးခေါင်းထဲကနေ ထုတ်လို့ မရတဲ့ စိတ်ကူးစိတ်သန်းတစ်ခုရဲ့ ထိန်းချုပ်ထားခြင်းမျိုးပေါ့။ အမျိုးအမည်မသိ ခွန်အားတစ်ခုက ကျွန်တော်တို့ကို မောင်းနှင် ထိန်းကျောင်း တာကို ခံရဖူးသလား။ တစ်ရက်သောနေ့မှာ ကျွန်တော် ခံစားတွေ့ကြုံခဲ့ရပါတယ်။ အဲသည့်တစ်ရက်ကပဲ ကျွန်တော့်ကို အရာရာ ပြောင်းလဲသွားစေခဲ့တယ်ဗျ။ 




လွတ်လပ်ပေါ့ပါးသော အနှောင်အတွယ်ကင်းသော တစ်ကိုယ်ရည်နေထိုင်မှုက ကျွန်တော်ဆိုသူကို သင်္ကေတပြုထားပါတယ်။ အရင်က အတော်အတန်အားဖြင့် အရာရာဟာ ‘အစဉ်အတိုင်းဖြစ်နေသော’လို့ ကျွန်တော် ယုံကြည်ခဲ့သူပါ။




ကျွန်တော်က ဘယ်လိုလူပါဆိုတဲ့အကြောင်းအရာအားလုံးက သည်နေ့အတွက်တော့ ကွဲပြားခြားနားတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်လာ ပါတယ်။ ကျွန်တော်ပြောနေကြထက် ပိုအရေးပါတဲ့ အဖြစ်အပျက်တစ်ခုပေါ့။ ဒါပေမဲ့ သည်အဖြစ်အပျက်ကို ကိုယ်မဟုတ်တဲ့ အခြားသူ တစ်ဦးတစ်ယောက်လေးကိုသော်မှ မပြောပြရဲပါဘူး။ ကျွန်တော် ရဲရင့်သတ္တိရှိဖို့လိုနေသေးတယ်။ အရူးအနှမ်းတစ်ယောက်လို့ အခေါ်မခံ ချင်ဘူး။ ပြီးတော့ လူလိမ်လို့လဲအစွပ်စွဲမခံချင်ဘူးရယ်။ လူတွေရဲ့ ခွန်းတုံ့ပြန်ပြောဆိုလာမယ့် တုန့်ပြန်စကားတွေအတွက် ကျွန်တော် အမြဲတစေ အဆင်သင့်မဖြစ်ခဲ့တာသေချာတယ်။ သို့သော်လည်း သည်အဖြစ်အပျက်အားလုံးက အမှန်ဖြစ်ပြီး သည်လျှို့ဝှက် ချက်ကို ဖုံးဖိဖို့နဲ့ ထာဝရ ပျောက်ဆုံးစေဖို့ ပြုလုပ်နိုင်သောမည်သည့်အရာမျှမရှိ။




ယခင်က ကျွန်တော် မြိုင်သေလာမြို့ ဒါမှမဟုတ် သည်လမ်းမပေါ်ကို တစ်ခါမှမရောက်ဖူးပါဘူး။ လွန်ခဲ့တဲ့ ရက်သတ္တပါတ် မတိုင်မီကကို သည်မြို့အကြောင်းမကြားဖူးခဲ့ပါ။ လက်ထဲမှာရှိနေတဲ့ တစ်တန်လောက်လေးမယ့် ဖတ်စရာမှတ်စရာတွေဖတ်ဖို့အချိန်အများကြီးပေးနေခဲ့ ရတယ်။ သတင်းစာတွေ၊ စာအုပ်စာတမ်းတွေ၊ မဂ္ဂဇင်းတွေ၊ ရှုပ်ပွနေတဲ့ e-mails တွေနဲ့ online ပေါ်ကစာတွေ ဟိုဖတ်သည်ဖတ်နဲ့ စိတ်ထဲ မှတ်မှတ်ထင်ထင်စိတ်ဝင်စားစရာ သိပ်ရှာမတွေ့ဘူး။ အမြဲတစေ တစ်ခုခုကို ရှာဖွေနေခဲ့တာ။ သည်အကြောင်းအရာ သည်နေရာကို မတွေ့ခင်အထိ ဒါကိုရှာဖွေနေတာဖြစ်ကြောင်း မသိခဲ့ဘူးလို့ဆိုရမယ်။


 


မြေပုံပေါင်းချုပ်စာအုပ် (atlases) နဲ့ မြေပုံများကို စိုက်ကြည့်နေရင်း အချိန်တော်တော်ဖြုန်းခဲ့တယ်လို့  ပြောခံရမှာကို ကျွန်တော်မရှက် ပါဘူး။ ကျွန်တော်ကလေးတစ်ယောက်အရွယ်ကတည်းကကို ဘာကိုရှာလို့ရှာနေမှန်းမသိ မြေပုံတွေထဲ တစ်စုံတစ်ခုကို အချိန်များစွာ ရှာနေခဲ့ပါတယ်။ မြို့တစ်မြို့ရဲ့ အနောက်ဘက်ခပ်ဝေးဝေးက လမ်းတစ်လမ်းကိုတွေ့လိုက်ချိန်မှာ ကျွန်တော့်စိတ်ဝင်စားမှုကို အကုန်ဆွဲယူ သွားရောဗျ။ နာမည်လေးတစ်ခု ကျွန်တော့်မျက်လုံးတွေကိုဖမ်းစားသွားကတည်းက ဘယ်လိုအကြောင်းအရာတွေ ဖြစ်ပျက်ခဲ့မယ်ဆိုတဲ့ စိတ်ကူးအိပ်မက်တွေ တစ်လှေကြီးပေါ်ခဲ့သလို မြိုင်သေလာရဲ့ ၅.၂ မိုင်အကွာအဝေးထိကို ဆန့်ကားသွားရော။




‘မင်းသွေးနှော’ လမ်းတဲ့လေ။ မြိုင်သေလာလို့ခေါ်တဲ့ မြို့တစ်မြို့ရဲ့အနီးအနားက လူနေဦးရေသိပ်မရှိတဲ့နေရာပေါ့။




သည်လိုလမ်းနာမည်မျိုးကို လူတွေအမည်ပေးတတ်ကြတယ်ဆိုတာ လက်တွေ့အပြင်မှာ မြင်ဖူးချိန်အထိ ကျွန်တော်မယုံခဲ့ဘူး။ တစ်ခါက မိသားစုတစ်စု စိုက်ပျိုးနေထိုင်သွားခဲ့ပြီးနောက်မှာမှ လမ်းက သည်အမည်တွင်ခဲ့တယ်လို့ဆိုပါတယ်။ ကောင်းပါလေရဲ့… လက်တစ်ဆုပ်စာ လောက်ရှိတဲ့ ဒေသခံလူတွေက ခြောက်လှန့်မှုတွေရှိတဲ့နေရာလို့ လက်ခံယုံကြည်ကြတာပါ။ ‘ထူးဆန်းထွေလာ အဖြစ်အပျက်များ’ ဆိုတဲ့ အကြောင်းအရာ စာအုပ်စာတမ်းတွေကို ဖတ်နေကြ ကျွန်တော့်အတွက် သိချင်စိတ်ကို ပိုပိုပြီးတိုးလာစေပါတယ်။ ကြားရမြင်ရ သတင်း အချက်အလက်အတော်များများဟာ သိသိသာသာ မမှန်တာများတယ်ဗျ။ ပျင်းရိခြင်း၊ အထီးကျန်ဆန်ခြင်း၊ လူပြော သူပြော ဒါမှမဟုတ် အာရုံစိုက်ခံချင်သောလူတွေက သူတို့ယခင်က မမြင်ဖူးမကြုံဖူးတာတွေကို အခိုင်အမာဖန်တီးပြောဆိုခြင်းတွေကနေ အဖြစ်အပျက် ပုံပြင် တွေ ပေါ်လာကြတာလေ။ ဒါပေမယ့် သည်နေရာမှာတော့ အလှည့်အပြောင်း မရှိ Version မကွာတဲ့ ပုံဝတ္ထုတစ်ခုကို ကြားရပါတယ်။ ကျွန်တော်သိနေပြီးသား အကြောင်းအရာ ပုံဝတ္ထုတစ်ပုဒ်ပါပဲ။ ဘယ်နေရာမှာ ကြားခဲ့ရမှန်းမသိ ကျွန်တော်မမှတ်မိတော့သော မြို့ပြ ဒဏ္ဍာရီတစ်ပုဒ်လိုပဲ ရင်းနှီးနေတဲ့ ဝတ္ထုပုံပြင်။




အသက် ၁၇နှစ်အရွယ် အထက်တန်းကျောင်းတက်ရစဉ်အချိန်မှာတော့ ကားပြိုင်ပွဲတွေအကြောင်းဖတ်တဲ့အဆင့်တက်လာပါပြီ။ ထူးဆန်း ဖြစ်ရပ် စာဝတ္ထုတွေမှာတော့ အဓိကအစိတ်အပိုင်းတစ်ရပ်ပျောက်ဆုံးနေသယောင်ထင်ရဆဲမို့ ဘယ်အစိတ်အပိုင်းတွေ ပျောက်ဆုံးနေ သလဲဆိုတာ ကျွန်တော်စိတ်ကူးပုံဖော်ကြည့်နိုင်အောင် လုပ်ထားတဲ့ပုံ။ ကျွန်တော့်အလုပ်မှာ၊ အိမ်မှာ၊ သူငယ်ချင်းတွေနဲ့ အပြင်ထွက် လည်ရမှာ၊ ခရီးထွက်လို့ အပြင်မှာ ရက်သတ္တပတ်အနည်းငယ်ကြာလို့ အိမ်ပြန်ရောက်ချိန်ထိ ကျွန်တော့်စိတ်ထဲ အဖြေရှာရတာ ထုံးစံ ဖြစ်လာတယ်။ ကျွန်တော် ပိုပိုပြီးသိဖို့လိုလာသလို အဲသလိုသိချင်စိတ်ဆိုတာကလည်း ခပ်ရိုးရိုးသိလိုစိတ်တစ်ခုကဲ့သို့ ကြာရှည်ပစ် ထားလို့မရတော့ပါဘူး။ ဒါကြောင့် ရာသီဥတု အေးစိမ့်စပြုလာတဲ့ တစ်ခုသော အောက်တိုဘာလ နေ့လယ်ခင်းမှာ စီးတော်ယာဉ် Hilux 4WD ကားကို ဆီအပြည့်ဖြည့်လျက် နာရီပိုင်းလောက် ကျွန်တော်ခရီးထွက်ခဲ့လိုက်တယ်။ ယခင်က တစ်ခါမှမရောက်ဖူးတဲ့ မြို့နဲ့ လမ်းမပေါ် ကျွန်တော်ရောက်သွားရော။




            ကတ္တရာလမ်းမဟာ အစားထိုးပြုပြင်တာ ပြန်ခင်းတာတွေမလုပ်ဘဲ ပစ်ထားတာ နှစ်အတော်ကြာပြီထင်တယ်။ မြိုင်သေလာမြို့ ရှိရာ မြန်မာပြည်မြောက်ဖျားပိုင်းဟာ နေအတော်သာတယ်လို့ လူသိများရုံမကဘူး လွင်တီးခေါင် ကန္တာရတစ်ခုရဲ့ အလယ်ပိုင်းစီကို အလွယ်တကူသွားနိုင်တဲ့ လမ်းတစ်လမ်းအစပြုရာလည်းဖြစ်ပါတယ်။ ကျွန်တော့်လိုကားမျိုးနဲ့ တစ်နာရီ ၁၆မိုင်နှုန်းမောင်းနေရတဲ့ မြေပြင် အနေအထားဟာ အပေါက်တွေ ချိုင့်တွေအပြင် ချောမွေ့မှုမရှိ။ များသောအားဖြင့် ရိတ်သိမ်းပြီးတဲ့ ပြောင်းခင်းတွေ၊ စပါးခင်းတွေဝန်းရံ နေတဲ့ ကားလမ်းမပေါ် ကျွန်တော်တစ်ယောက်တည်း ကားမောင်းနေတာပါ။ အခြားကားတစ်စီးစီး ဒါမှမဟုတ် အခြားလူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်မှမရှိပါဘူး။ မိုင်အနည်းငယ်လောက်မောင်းလာတဲ့ လမ်းတလျောက် အိမ်နှစ်အိမ်၊ စပါးကျီအနည်းငယ်၊ အဖီချတဲအနည်းငယ် လောက်သာ ရိုးတို့ရိပ်တိပ်မြင်ခဲ့ရတယ်။ 




ကလေးဘဝကတည်းက ကားထဲမှာ ဘာမှမလုပ်နိုင်ထိုင်နေရတာမျိုးကို မုန်းပါတယ်။ ဗိုက်ထဲမှာ စားထားသမျှအစားအစာတွေ ကြေညက် ပြီး ဆာလောင်လာတဲ့အဖြစ်ကို လစ်လျှုရှုကာ ကားအကြာကြီးစီးရတာလေ။ ကျွန်တော့် စိတ်မရှည်သည်းမခံနိုင်မှု စိတ်အခြေအနေက ငယ်စဉ်ကားအကြာကြီးစီးနှင်းခဲ့ရတာကို ပြန်သတိရစေတယ်ဗျ။ တစ်ခါမှမရောက်ဖူးတဲ့နေရာကို သွားဖို့မမျှော်လင့်ထားဘူးဆိုရင် သို့မဟုတ် ကားနဲ့သွားရတဲ့ခရီးရှည်တစ်ခုကို အကြာကြီးသွားနေရပြီဆိုရင် ကျွန်တော့်စိတ်ရှည်သည်းခံမှု ရှိ မရှိ မသေချာသလို အခြား အခြေအနေတွေထက် ဗိုက်ထဲ ပိုနာ ပိုလေအောင့်သလို ခံစားရပါတယ်။




ကားရပ်ပြီးနားစရာ နေရာတစ်ခုခုမရှိဘူးလို့ စိတ်ထဲတွေးနေတုန်း နောက်တစ်မိုင်လောက်အရောက် လမ်းအခုံး အကွေ့တစ်ခုကို ကျွန်တော် မြင်ခဲ့ရတယ်။ မြေပုံတွေထဲ မြင်ခဲ့ရသမျှတော့ သည်လိုအကွေ့အကောက်မျိုးဆိုတာ လမ်းဆုံးတစ်မျိုးဖြစ်နေတတ်တာလို့ ကျွန်တော်သိထားတယ်လေ။ ကျွန်တော်ရှာဖွေနေတဲ့လမ်း မဟုတ်တာတော့သိတယ်။ သစ်ပင်တစ်ပင်ရဲ့ နံဘေးမှာ ကားဘေးကပ် ရပ်လိုက်ပါတယ်။ အလိုလိုသိတဲ့စိတ်လို့ ခေါ်မလား ဒါမှမဟုတ် အရိုးစွဲနေဆဲ ပြောင်းလဲတတ်တဲ့စိတ်ကြောင့်လားပဲ ကျွန်တော်ဘယ်ကို သွားနေတယ်ဆိုတဲ့ အသိစိတ်အလွန် မောင်းလာတဲ့ကားကို လမ်းဘေးဆွဲချရပ်ပစ်ခဲ့တယ်။ နည်းမှန်လမ်းမှန် အနေအထားမှန် ကားကို ရပ်ထားတယ်လို့ မဆိုသာပါဘူး။ အန္တရာယ်ကို စိုးရိမ်ကြောက်လန့်တဲ့ ခံစားမှုတစ်ခု ကျွန်တော့်ကို ဖုံးလွှမ်းလာတယ်။ အဲ့ခံစားမှုက အတော် ပြင်းတယ်။ သည်နေရာမှာ ကျွန်တော်ဘာလာလုပ်မိပါလိမ့်လို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မိတယ်ဗျ။




သည့်အတွက် အကြောင်းပြချက်ကောင်းတစ်ခုရှိသော်လည်းပဲ အဲဒါကိုတွေးဆခြင်းက မေးခွန်းအသစ်တွေ ပိုပိုများလာစေပါတယ်။ ယခင်ကတော့ သည်လိုမရေမရာမေးခွန်းတွေအပေါ် အယုံအကြည်နည်းသလို များသောအားဖြင့် ထူးဆန်းတဲ့ ခံစားချက်တွေကို အရေးမစိုက်ဖြစ်ဘူးဗျ။ အခုတော့ သေချာမရှင်းပြနိုင်တဲ့ အကြောင်းပြချက်ကြောင့် ကားလမ်းနံဘေး သစ်ပင်တစ်ပင်အနား ကားကို ရုတ်ခြည်းဆိုသလို ဆွဲချရပ်ပစ်မိတယ်ပြောရမယ်။




ကျွန်တော့်ဖုန်း signal ကလည်း ရခြင်းနဲ့ မရခြင်းအကြား အတက်အကျဖြစ်နေပါတယ်။ ကားရပ်လျက်အနေအထားမှာပဲ အပြောင်းအလဲ မရှိ အတန်ကြာ ကျွန်တော်ထိုင်နေခဲ့တယ်။ ကားစက်မသပ်ရသေးတာကြောင့် ကျွန်တော့်ကားခမျာ အမည်တပ်ဖို့ခက်တဲ့ အသံတွေထွက် လျက်မို့ ကားသော့ကိုလှည့်ကာ ပိတ်လိုက်တော့ ပတ်ဝန်းကျင်မယ် ဘာသံမှမကြားရအောင် တိတ်ဆိတ်သွားပါတယ်။ လေတွေ တဝှီးဝှီး မြည်အောင်တိုက်ခတ်လာတာ မြက်ပင်များ ဒါမှမဟုတ် သစ်ခြောက်ပင်က အရွက်များကို လေချွန်သံတွေထွက်စေသယောင် ဆူညံတဲ့ အသံတွေမြည်ဟည်းလာရရော။ 




ကားအပြင်ဘက် လေတွေခမျာ ဆောင်းဦးရာသီချဉ်းကပ်လာချိန်မို့ ကျောစိမ့်အောင်အေးပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက် အနှောင့်အယှက် သိပ်မဖြစ်ပါဘူး။ နေမင်းကြီးကလည်း မိနစ်ပိုင်းအတွင်းကို ပျောက်ကွယ်သွားတာ ညနေခင်းအချိန်လေးက ငါးမိနစ်လောက်ပဲ ဖြတ်သန်းလိုက်ရတယ်။ ပတ်ပတ်လည် လယ်ကွင်းတွေစီက ပြောင်းရိုးခြောက်နံ့တွေရခြင်းကြောင့် ငယ်စဉ်အရွယ် အိမ်နောက်ဖေးခြံထဲက ရွှေဖရုံသီးခူးဆွတ်ချိန်ကရတဲ့ ရနံ့ကို သတိရသလိုလိုပါ။




 ကျွန်တော်ကားရပ်ထားတဲ့နေရာရဲ့ မျက်နှာချင်းဆိုင် လမ်းတစ်ဖက်က အမှတ်အသားတစ်ခုကို ကြည့်လိုက်မိတယ်။ ဘာရယ်မဟုတ် ကျောပေးလျက်သားအနေအထားကနေ နောက်ပြန်ငဲ့စောင်းကြည့်လိုက်တာပါ။ ကျွန်တော်သိပြီ… ကြားနေရတဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားခဲ့တဲ့ နေရာပဲ။ သူတို့အားလုံး သေဆုံးခဲ့တဲ့နေရာ။ ကောင်ငယ်လေးက အဲ့သစ်ပင်အောက်မှာ သေဆုံးခဲ့တာလေ။   


        


ကျွန်တော် စီးကရက်တစ်လိပ်ခဲပြီး မိနစ်အနည်းငယ်လောက် မတ်တပ်ရပ်နေမိတယ်။ ဘာလုပ်ဖို့ လာကြည့်မိမှန်းမသိဘူး သစ်ပင်အောက် မှာ ခဏရပ်လျက် ပတ်ဝန်းကျင်ကို ဟိုသည်စူးစမ်းဖြစ်တယ်။ ကျွန်တော့်မှာ တကယ်တော့ ကြိုတင်စီစဉ်ထားတာ မရှိ၊ ဘာလုပ်မယ် ဆိုတာမျိုး မစဉ်းစားထားတော့ ဟိုလှည့်သည်လှည့်နဲ့ စီးကရက်တစ်လိပ်သာကုန်သွားတယ်။ သိတာတစ်ခုကတော့ ကျွန်တော်အိမ်မပြန် ချင်သလို သည်နေရာကလည်းထွက်မသွားချင်ဘူး။ ကျွန်တော်ထွက်မသွားနိုင်တာပါ။




ကျွန်တော် သမာဓိရပြီး ငြိမ်သက်နေတဲ့အနေအထားမှာ အသံတစ်သံ နီးကပ်လာတာကြောင့် ပျက်သုဉ်းသွားတယ်။ ကျွန်တော်မောင်း လာတဲ့ ကားလမ်းအတိုင်း အခြားကားတစ်စီးမောင်းချလာသံကို တစ်မိုင်လောက်ကတည်းက ကြားရသလိုပဲ။ အဲသည်ကားလေးကို လှမ်းမြင်ရကတည်းက ကျွန်တော်ထထွက်သွားချင်မိတယ်။ အားလုံးပြောခဲ့သလိုပဲ ကျွန်တော်က ဧည့်စိမ်းသက်သက်တစ်ယောက် သာဖြစ်ပြီး ဒေသခံတွေ သူတို့ကြုံဖူးတဲ့ ဆိုးရွားအဖြစ်အပျက်တွေ ခြောက်လှန့်စကားများပြည့်နေတဲ့ သည်လမ်းအကြောင်းသတင်းစုံကို သေချာကြားပြီးပြီလေ။ ဒါပေမဲ့ ကျွန်တော် ထွက်မသွားနိုင်ခဲ့ဘူး။




ကားက ကျွန်တော့်နောက်ပါး မလှမ်းမကမ်းမှာ လမ်းဘေးဆွဲချရပ်လိုက်တယ်။ ကားမောင်းသူကို ကျွန်တော်သေချာမကြည့်ပေမယ့် သူတစ်ယောက်တည်းမောင်းလာတယ်ဆိုတာကို အလွယ်တကူသိနိုင်ပါတယ်။ ပြီးတော့ သူက ရဲတစ်ယောက်လည်းမဟုတ်ဘူး။ ကျွန်တော်က ကျူးကျော်သူမဟုတ်ခဲ့သလို ဖိတ်ခေါ်ခံရသူလည်းမဟုတ်ဘူး။ ကျွန်တော် ပုံဖမ်းကြည့်ရသလောက် သူဟာ လယ်သမား တစ်ယောက်ယောက်ရဲ့သားဖြစ်ပြီး ကျွန်တော့်ကို အဝေးထွက်သွားအောင် ခြောက်လှန့်ထုတ်မလို့ထင်ပါတယ်။ လိုရမယ်ရ ဂျာကင် အင်္ကျီအိပ်ကပ်ထဲထည့်ထားတဲ့ ကားသော့တွဲကို ညာဘက်လက်နဲ့ကျစ်အောင်ဆုပ်ကိုင်ထားပြီး လက်နက်တစ်ခုအသွင်ပြင်ထားမိရော။




‘ခင်ဗျား သည်နေရာကို ဘာလာလုပ်တာလဲဗျ’




သူ့အသွင်အပြင်က ကျွန်တော့်ထက် ကျန်းမာသန်စွမ်းပုံပေါ်ပါတယ်။ တောင့်တင်းသန်မာတဲ့ လက်မောင်းကြီးတွေက သူဝတ်ထားတဲ့ ဂျာကင်အင်္ကျီထဲကနေ ဖုဖောင်းထွက်နေတာပဲ။ ကျွန်တော်တို့နှစ်ယောက်စလုံး အသက်အရွယ်တူတွေ။ နှစ်ယောက်သားဟာ အသက် နှစ်ဆယ်ဝန်းကျင်လောက်ပါ။ သူ့အကြည့်မျက်ဝန်းတွေဟာ နုညံ့တယ်၊ နှစ်သိမ့်မှုပေး ချမ်းမြေ့စေတဲ့သဘောတွေပြည့်နေတယ်။




‘I’m sorry, ကျွန်တော် တစ်ခုခု ဒုက္ခရောက် နစ်နာအောင်လုပ်ဖို့ မရည်ရွယ် မလုပ်မိပါဘူးနော်’




"Harm?"




‘ ကျွန်တော် သည်နေရာအကြောင်းကို online မှာဖတ်ပြီးသိခဲ့တာဗျ။ လူတွေ သူစိမ်းတွေ သည်ဝန်းကျင်လာတာကို ခင်ဗျားတို့တွေ မကြိုက်တာတော့ ကျွန်တော်သေချာပြောနိုင်ပါတယ်’




သူ ကျွန်တော့်ကို ကြည့်နေတဲ့ အကြည့်ကြောင့် သက်သောင့်သက်သာမဖြစ်သလိုခံစားရတယ်။ သူက ဘာစကားလုံးမှမပြောဘဲ သည်အတိုင်းစိုက်ကြည့်နေတော့ ကျွန်တော့်မျက်နှာတစ်ပြင်လုံး ပူနွေးရဲတွတ်လာပါရော။




‘ကျွန်တော် ဥပဒေတစ်ခုခုကိုများ မချိုးဖောက်မိပါဘူးနော်…’




‘ကျုပ်လည်း သည်ပတ်ဝန်းကျင်က မဟုတ်ဘူးဗျ’




ကျွန်တော့် တကိုယ်လုံးရဲ့အလေးချိန်ကို ခြေတစ်ဖက်တည်းအားပြုရပ်ခိုင်းသလိုမျိုး ခဏတော့ တောင့်တင်းသွားတယ်။ ‘ကျွန်တော်လည်း သည်နားက မဟုတ်ပါဘူး’




ကားလမ်းအတိုင်း နောက်ထပ်ကားတစ်စီးများ မောင်းချလာမလား မျှော်လင့်ရင်း အရှေ့အရပ်နဲ့ အနောက်အရပ်ကို ကျွန်တော် မသိမသာ ငေးကြည့်လိုက်ချိန် ပတ်ဝန်းကျင်မှာ ဘာသံမှမကြားရအောင် တိတ်ဆိတ်သွားပါတယ်။ ကျွန်တော်တို့နှစ်ယောက်တည်းရယ်။ သူသာ ကျွန်တော့်ကို သတ်ပြီး ထွက်သွားချင်ရင် တကယ့်ကိုလွယ်လွယ်လေး။




သူ့ဦးခေါင်းကလည်း ကျွန်တော်ရွေ့လျားတဲ့အတိုင်း လမ်းရဲ့ အထက် အောက် စုန် ဆန်လိုက်ကြည့်တယ်။ ‘ခင်ဗျား သည်နေရာကို ဘာကြောင့်လာတာလဲဗျ’




"I don't know."  ကျွန်တော်ဘယ်လိုအဖြေပေးရမှန်းကိုမသိတာ။ 




နောက်တစ်ကြိမ် သူ တိတ်ဆိတ်သွားပါတယ်။ ကျွန်တော့်ရဲ့ သက်သောင့်သက်သာမရှိမှုက ရေချိန်တစ်ခုကို ရောက်လာတာမို့ အတော်ဆိုးရွားတဲ့ idea တစ်ခုပါပဲ။ ကျွန်တော် သူ့မျက်ဝန်းတွေကို စိုက်ကြည့်ချင်တယ်။ ဒါပေမဲ့ သည်အတွေးက ကျွန်တော့်ကို ခြောက်လှန့်နေသလိုဗျ။




‘ကျွန်တော် သည်မှာ သိပ်ကြာကြာမနေပါဘူး’


‘No, အဲဒါက အဆင်ပြေပါတယ်’




သူသည်လည်း အလားတူ နည်းနည်းထိတ်လန့်နေမှန်း ကျွန်တော် အာရုံခံစားမိတယ်။ သူတစ်ခုခုကို ပြုလုပ်ခဲ့ပုံရပါတယ်။




‘တော်တော်ဆိုးတဲ့ Idea တစ်ခုဖြစ်ခဲ့တာပဲ’ ကိုယ့်ဘာသာကိုယ် စိတ်ထဲသိမ်းထားတဲ့ စကားလုံးကို အသံခပ်ကျယ်ကျယ်နဲ့ ပါးစပ်က ထုတ်ပြောမိတယ်။




‘No….ခင်ဗျားနေချင်သလောက်နေလို့ပြောချင်တာ….ကျုပ်…ကျုပ်အဲသလို မဆိုလိုပါဘူးဗျာ..’




သူ စကားလုံးရှာမရတာကြောင့်ထင်ရဲ့ ပြောလက်စ စကားကိုရပ်ပစ်တယ်လေ။




သူ့ရဲ့စူးစိုက်ကြည့်နေမှုကို ကျွန်တော်မသက်မသာဖြစ်နေကြောင်း သူရိပ်မိသွားပုံရတယ်။ ကျွန်တော့်ကို စိုက်မကြည့်တော့ဘဲ အဝေးကို ငေးလေရဲ့။ ကျွန်တော်ကြည့်နေတဲ့ နေရာအကွက်အကွင်းကိုပဲ ထပ်တူသူကြည့်တာပါ။ သည်လိုလုပ်လို့လည်း ကျွန်တော့်စိတ်တင်းကြပ် နေမှုကို လျော့ပါးသက်သာမသွားစေပါဘူး။ သူ ကားအမြန်မောင်းတဲ့အရှိန်နှုန်းကို လိုက်မှီပြီး ရုတ်တရက်ရပ်တန့်လိုက်သလိုမျိုး ကျွန်တော်ပြုလုပ်နိုင်ပါ့မလား။




 ‘စကားမစပ် ငါ့နာမည် သူရိန်’




ကျွန်တော်လည်း ဘာစကားပြန်ပြောရမယ်မသိတာကြောင့် ‘အင်း…ငါ့နာမည်က ဥက္ကာ’ လို့ပြန်ဖြေလိုက်တယ်။         


   


‘ဒါဆို…သည်လမ်းရဲ့ ဒဏ္ဏာရီကိုသိလား ဥက္ကာ’




‘Online ပေါ်မှာဖတ်ဖူးသလောက်ပဲသိတာ’




‘အစကတော့ ငါလည်း မင်းသိသလောက်ပဲသိတယ် ပြောရမယ်’




ကျွန်တော် စကားခွန်းတုန့်ပြန်မပြောမိဘူး။ 




အဲ့တော့ ကျွန်တော့်ကို သူပြန်လည်ပြန်လှည့်ကြည့်တာမို့ စိတ်ထဲ မသက်မသာခံစားရပါတယ်။ 




‘သည်နေရာအကြောင်းကို ငါ အဦးဆုံးဖတ်တာ တစ်နှစ်လောက်ကြာပြီထင်တယ်။ လက်တွေ့မရောက်ဖူးခင်အထိတော့ သည်အဖြစ်အပျက်အကုန်လုံးကို ငါမသိခဲ့ဘူးကွ’




‘သည်ကို လာခဲ့တာ တစ်နှစ်လောက်ရှိပြီပေါ့’ စိတ်ရှုပ်ထွေးစရာ ထူးဆန်းတဲ့ နေရာအပေါ် ကြာရှည်စွာ သူအာရုံစိုက်ထားတဲ့ အကြောင်း ကျွန်တော်စူးစမ်းလိုတာမို့ အမေးစကားတစ်ခွန်းစလိုက်တယ်။ 




‘မဟုတ်ပါဘူး….တစ်နှစ်လုံးလာနေတာ၊ ရောက်နေတာမဟုတ်ဘူးရယ်။ တစ်ကြိမ်ပဲ ရောက်ခဲ့တာ’ 




နောက်ဆုံး ရှင်းပြချက်က အတော်ထူးဆန်းတယ်။ တစ်နှစ်လုံးနေမှ တစ်ခေါက်ရောက်ဖူးခဲ့တဲ့ သည်နေရာ သည်ဌာနကို နှစ်တစ်နှစ်ကြာ အပြီး တိုက်တိုက်ဆိုင်ဆိုင်ပြန်လာသော သည်လူအား ထူးဆန်းသူလို့ ဆုံးဖြတ်ရမလား ကျွန်တော်မသိဘူး။ အချိန်တူ နေ့ရက်တူ ကျွန်တော်ရောက်နေချိန်ကို သူရောက်လာတာပါ။




‘ဒါဆို ဖြစ်ရပ်အကြောင်းအရာတစ်ခုလုံးကို မင်းသိတယ်ပေါ့’ 


သူရိန် ခေါင်းငြိမ့်ပြပါတယ်။




‘အဲတော့ ဘာကြောင့် သည်နေ့မှ ဒီနေရာကို မင်းရောက်လာတာလဲ’




ကျွန်တော့်မသိစိတ်အချို့က ခပ်မြန်မြန်လေး ကားမောင်းပြန်ထွက်ခွာဖို့ ပြောနေသော်ငြား မပြောပြတတ်တဲ့ စိတ်အခြေအနေအချို့က မြေပြင်ကနေ ခြေကြွလှမ်းဖို့ကိုတောင် ခွင့်မပြုချင် ဆွဲကိုင်ထားပါတယ်။ သူ့အတွက် အစိမ်းသက်သက်ဖြစ်မနေအောင် ဘာကြောင့် ကျွန်တော် ဧည့်ထောက်ခံမိနေမှန်း မသိဘူး။ ဘယ်လိုပြောပြော အဝေးကို ပြေးမထွက်နိုင်ဘူးဖြစ်နေရော။ 




‘အရေးကြီးတဲ့ နေ့တစ်နေ့လိုမျိုးမို့ပေါ့ကွာ’ 




သူ့ကိုမေးခွန်းတွေ ဆက်ထုတ်ရမလား ကျွန်တော်မသေချာ။ ကိုယ်မသိတဲ့ သူစိမ်းတစ်ယောက်ယောက်နဲ့ လူသူကင်းတဲ့ လမ်းဘေးတစ် နေရာမှာ ဘယ်လူတွေက သည်လိုစကားစမြည်ပြောနေပါ့မလဲ။ အကြည့်ချင်းလည်းမဆုံ စကားလည်းတစ်ခွန်းမှမဟကြဘဲ မိနစ်အနည်း ငယ်လောက် ကြာသွားတယ်။ ဦးစွာပထမ ကျွန်တော်ဟာ သူ့ပုဂ္ဂလိကအကြောင်းအရာတွေပေါ် စိုးရိမ်ကြောင့်ကြစိတ် ဝင်လာတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ စူးစမ်းချင်စိတ်က မေးခွန်းတွေ ပိုပိုထုတ်ဖို့ အားပေးအားမြှောက်လုပ် တွန်းပို့တယ်။




‘မင်းဘယ်ကလာတာလဲကွ’ ကျွန်တော် တွေးနိုင်တဲ့ မေးခွန်းနဲ့ပဲပြန်အစပျိုးလိုက်တယ်။ 




‘ငါ ဒဂုံမြို့ကြီးရဲ့ ဆင်ခြေဖုံးအရပ်ထဲမှာနေတာ’


‘ငါလည်း အတူတူပဲကွ။ ဒါပေမဲ့ သည်နေရာကို ဟိုးအရင်တုန်းက ငါရောက်ဖူးနေသလို ရင်းနီးနေတယ်’




ကျွန်တော် ပြုစားခံရသလိုမျိုး သူရိန်အကြောင်းကို စိတ်ဝင်စားခဲ့တယ်ဗျ။ နှစ်ယောက်သား စကားစမြည်ပြောလက်စကို ဆက်ချင်သေး ပေမယ့် ကျွန်တော်ဘယ်ကစရမှန်းမသိ။ ကားလမ်းနံဘေးမှာ ဘေးချင်းယှဉ်ရပ်နေတဲ့ သူ့ကို မျက်လုံးထောင့်စွန်းကပ်ပြီး ကျွန်တော်ကြည့် နေမိတယ်။ သူ့စိတ်ဝင်စားမှုတွေကို အဓိကထားမေးချင်သော်လည်း မေးစရာအများအပြားကို လစ်လျူရှုရမလား ကျော်သွားရမလား မသိတော့ပါ။ ဘာကြောင့်မှန်းပြောရခက်စွာ သူ့စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို သိချင်သလို ကျွန်တော့်ကိုလည်း စိတ်ဝင်စားနေ စေချင်တယ်။ ကျွန်တော့်ကို သူအနည်းငယ်ထိတ်လန့်နေသော်လည်း ကျွန်တော့် အလေးထားဂရုစိုက်ခြင်းအား လိုလားပုံရပါတယ်လေ။




မိနစ်အနည်းငယ်အကြာက သူပြောခဲ့တာကို ကျွန်တော်သတိရတယ်။ ဒါကြောင့် ‘ဒါဆို ငါ့ကို မင်းပြောပြမှာလား’ လို့မေးလိုက်တယ်။




‘မင်းကို ဘာပြောပြရမှာလဲ’




‘ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေအားလုံးကိုပေါ့။ မင်းသိတယ်လို့ပြောထားတာ မဟုတ်လား’




သူရိန် တုတ်ချောင်းတစ်ချောင်းကို ဆွဲယူလိုက်ပြီး လယ်ကွင်းထဲကို ပစ်ထည့်လိုက်တယ်။ ‘မင်းကော ဘာတွေသိထားသေးလဲ’




‘Drag Racers တွေအကြောင်း။ ၁၉၇၀ နှစ်များစီက အထက်တန်းကျောင်းသားနှစ်ယောက် သည်နေရာမှာသေခဲ့တာ။ အခု သူတို့ဝိညာဉ်တွေက အနီးအနား လမ်းတဝိုက်ကို ခြောက်လှန့်ကြတယ်ပြောတယ်’




သူရိန် မပြုံးတစ်ဝက် ပြုံးတစ်ဝက်ပြုံးပါရော။ ‘နည်းနည်း နီးစပ်ပါတယ်’




‘ငါပြောတာ နည်းနည်းလိုသွားလို့လား’




‘ ၇၀ ဝန်းကျင်က ဖြစ်ပျက်ခဲ့တာမဟုတ်ဘူးကွ။ တကယ်တော့ ၈၁ခုနှစ်အတွင်းမှာ ဖြစ်ပျက်ခဲ့တာ။’




ကျွန်တော်က ၁၉၉၁ခုနှစ်မှာ မွေးဖွားခဲ့တာ။ သို့သော်လည်း ၁၉၈၁ခုနှစ်ဆိုတဲ့ ခုနှစ်က ကျွန်တော့်အတွက် အဓိပ္ပာယ်အများကြီးရှိပါတယ်။ ငါတော့ ဆယ်နှစ်လောက်နောက်ကျပြီး မွေးလာတာ၊ တကယ်တန်းဆို ၈၀ခုနှစ်များမှာ မွေးဖွားသင့်ခဲ့တာလို့ ကျွန်တော် ဟာသနှောလေ့ရှိ တယ်လေ။ ဒါပေမယ့် အဲသလို ရယ်မောဖွယ် အကြောင်းအရာက ကျွန်တော်မွေးဖွားပြီး ဘဝတလျောက် လိုက်ပါနေလိမ့်မယ်လို့ မထင်ဘူး။




            ပြောရင်းဆိုရင်း တဖြေးဖြေး နေလုံးကြီးပျောက်ကွယ်လာတာ သက်တံ့ရောင်စဉ်တန်းထဲက ပထမအရောင် သုံးခုကိုတောင် သတိရစေသလိုမျိုးဖြစ်လာတယ်။ သည်လိုနေရာစိမ်းမှာ ကိုယ်မသိတဲ့ သူစိမ်းနဲ့ ညအမှောင်ထဲ ကျွန်တော်အတူမရှိချင်ဘူး။ သို့သော် သူ့ကို ထားမသွားနိုင်တာကို ကျွန်တော်သိတယ်။ အမျိုးအမည်မသိတဲ့ စိတ်ခံစားချက်တစ်မျိုးက သူ့အကြောင်းပိုမိုသိချင်စိတ်ဖြစ်အောင် နှိုးဆော်နေသလို ကျွန်တော့်စိတ်အလျဉ်ကို ဘယ်လိုမောင်းနှောင်နေမှန်း မပြောတတ်။ ကျွန်တော် သရဲတစ္ဆေတွေကို မကြောက်လန့် သော်လည်း သရဲပုံပြင်တွေ ဝတ္ထုတွေကို ကြိုက်နှစ်သက်ပါတယ်။




ကျွန်တော်တို့နှစ်ဦးသားကြားက တိတ်ဆိတ်မှုဟာ ပြန်လည်အသံထွက် ကျယ်လောင်လာခဲ့ပါတယ်။ ရာသီဥတု အခြေအနေပြောင်းလာ မှုကြောင့် ပုစဉ်းရင်ကွဲအကောင်တွေကို အော်မြည်ဖို့ တိုက်တွန်းသယောင်ဖြစ်တာမို့ ကျွန်တော့်နားထဲမယ် အသံတွေ တစီစီကြားနေရ တယ်။




‘အခုကားရပ်ထားတဲ့နေရာတဝိုက်မှာ သူတို့မရှိတော့ဘူးဆိုတာ မင်းသိလား’ 




သူ့စကားလုံးတွေက ကျွန်တော့်အတွေးမျှင်ကို ဖြတ်တောက်လိုက်ကာ ပတ်ဝန်းကျင်က စီစီညံညံ ပုရစ်ရင်ကွဲသံတွေကို သတိပြုမိစေတယ်။ 




‘ဘယ်သူတွေ သည်နေရာမှာမရှိတာလဲ’




‘ငါ့ထက်ပိုပြီး မင်းသိတယ်ဆိုတာသိပါတယ် ဥက္ကာရာ’




ကျွန်တော် သူ့ကို အနည်းငယ်ထိတ်လန့်သလို ထပ်ဖြစ်ပါတယ်။ လျှို့ဝှက်ကြံစည်တဲ့ လှုပ်ရှားမှုက ဆေးအရောင်ဆိုးသလိုဖြစ်လာတယ်။




‘ငါသွားသင့်ပြီ’




ခြေလှမ်းအနည်းငယ်သာဝေးတဲ့ ကျွန်တော့်ကားရှိရာကိုလှည့်လိုက်တယ်။ ကျွန်တော့်ဘဝမှာ အချိန်အကြာဆုံးသော ခြေလှမ်းတွေပါပဲ။




ကျွန်တော် ကားတံခါးကို အလျင်အမြန်ဆွဲဖွင့်ချိန်အထိ သူရိန်က ရပ်မြဲနေရာမှာ မတ်တပ်ရပ်မြဲဗျ။


‘ငါသာ မပြောပြရင် သည်အကြောင်းအလုံးစုံကို ဂဃနဏ မင်းမသိနိုင်ဘူးဆိုတာ လောင်းရဲတယ်’




သူ့စကားလုံးတွေက ရိုးရိုးဆိုသော်ငြား ကျွန်တော့်လှုပ်ရှားမှုအလုံးစုံကို တုန့်နှေးသွားစေပါတယ်။ သူပြောပြီးပြီးချင်း ကျွန်တော့်ရင်ခုန်သံ က စည်းချက်မမှန်တော့တာမို့ ထူးဆန်းတယ်။




ကားသော့ကိုပြန်ဆွဲနှုတ်ကာ လက်ထဲဆုပ်ကိုင်ပြီး ကားအပြင် ကျွန်တော်ပြန်ထွက်လိုက်တယ်။ သူ့မျက်နှာကို ကျွန်တော် တည့်တည့် မကြည့်ဝံ့ဘူး။ ဒါပေမယ့် သူ့မျက်ဝန်းတွေနဲ့ အကြည့်ချင်းဆုံလိုက်တဲ့ခဏ အဖြစ်အပျက်ကိစ္စအတော်များများ ရုပ်ရှင်ပြကွက်များလို အသိ စိတ်ထဲ ဖျက်ကနဲပေါ်လာရော။




‘ငါသတိရပြီ’


‘အင်းလေ….မင်းသတိရမယ်ဆိုတာ ငါသိပါတယ်’




အချိန်မတန်မီ တရင်းတနီးဆက်ဆံလာတဲ့ သူ့ရဲ့ပေါင်းသင်းဆက်ဆံရေးပုံစံက ကျွန်တော့်ကို ကြာကြာမထိတ်လန့်စေဘူးဗျ။ ချက်ခြင်းဆို သလို သူ့အကြောင်းအလုံးစုံက ကျွန်တော့်ကို သွေးဆောင်ဖျားယောင်းသလို ဖြစ်လာတာကိုတော့ ထိတ်လန့်မိသလိုပဲ။




သူ့ဆီကိုကြည့်နေတဲ့ အကြည့်ကို ကျွန်တော်မလွှဲမိဘူး။ ‘ဘာကြောင့် ငါက အဲဒီအကြောင်းတွေကို မှတ်မိသတိရနေသင့်သလဲ’




‘ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးမယ်လို့ မင်းစိတ်ကူးကြည့်ဖူးလား’ ကျွန်တော့်မေးခွန်းကို သူရိန် လစ်လျူရှုပြီး စကားဆက်တယ်။ ‘ငါတို့ အခုအသက်အရွယ်ထက် ပိုငယ်တဲ့အချိန်မှာ သေဆုံးခဲ့မယ်ဆိုရင်ကော’




ကျွန်တော် တစ်စုံတစ်ခုကို သတိရသွားခဲ့ပါတယ်။




‘အင်း….ငါတွေးလို့ရ ခံစားလို့ရပါတယ်’




‘ဘယ်လိုမျိုးလဲ’




‘ငါမပြောတတ်ဘူး’




ကျွန်တော် လှတပတ မိန်းကလေးနှစ်ယောက်ကို သတိရသွားခဲ့တာပါ။ 


‘ဖူးပွင့်နဲ့ သင်းသင်း’




သူရိန် နာနာကျင်ကျင်ပြုံးလိုက်ရင်း အဝေးတစ်နေရာကို အကြည့်လွှဲပါတယ်။




‘ယောက်ျားလေးတွေက သူတို့ချစ်သူမိန်းကလေးတွေအတွက်ဆိုရင် ထူးထူးဆန်းဆန်းတွေလုပ်ဖို့ စွန့်စားဖို့ ဘာဖြစ်ဖြစ်လုပ်ကြတာပဲလေ’


သူရိန် ရယ်သွမ်းသွေးပါတယ်။ ‘ငါသိတယ်’




ရွှင်လန်းအားရခြင်း၊ ဝမ်းနည်းခြင်းနဲ့ ပြီးပြည့်စုံခြင်းတွေရောပြွမ်းနေတဲ့ ခံစားချက်တစ်မျိုး ကျွန်တော့် ခန္ဓာကိုယ်ကို ကြက်သီးဖြန်းကနဲ ထသွားသလို ဖြတ်သန်းသွားပါတယ်။




သူရိန် နောက်တုတ်တစ်ချောင်းကို ကောက်ကိုင်ခဲ့ပါတယ်။ ‘သူတို့ ရုတ်ခြည်းသေဆုံးသွားခဲ့တယ်လို့ သတင်းစာဟောင်းတစ်စောင်မှာ ငါဖတ်ဖူးခဲ့တယ်။ အသေးစိတ်အကြောင်းအရာတွေက ထိတ်လန့်စက်ဆုပ်စရာကောင်းတယ်။ သူတို့ ဦးခေါင်းတွေ ပြတ်တောက်ကုန်တာ၊ အပြင်းစားလောင်ကျွမ်းခံရတာမျိုး။ တစ်ခါတလေ ဝိညာဉ်တွေဟာ သူတို့သေဆုံးပြီးပြီဆိုတာမသိသေးဘဲ ခြောက်လှန့်လေ့ရှိကြောင်း တစ်ခါဖတ်ဖူးတယ်။ သူတို့ဘာတွေဖြစ်ပျက်ခဲ့တာကိုလည်း မရိပ်စားမိကြသေးတဲ့သဘောပေါ့။’




‘ငါ ဝိညာဉ်တွေ သရဲတွေရှိတာကို မယုံဘူး’ 


‘အေး….မင်း မယုံဘူး’




ကျွန်တော် အဝေးကို ငေးလိုက်မိတယ်။ ကျွန်တော့် ဦးခေါင်းထဲ အတွေးထဲ တစ်နေရာရာမှာ ပုန်းအောင်းနေတဲ့အရာတွေ ခုန်ပေါက်ကစား တာ မြင်နိုင်ပါပြီ။ ကားအမြန်မောင်းပြိုင်ပွဲတစ်ခုရဲ့ ကားမတော်တဆဖြစ်ရပ်များ။




နုညံ့တဲ့ သူ့မျက်ဝန်းတွေကို ကျွန်တော်ပြန်စိုက်ကြည့်ရင်း ‘သမင်တစ်ကောင် လမ်းပေါ်ရှိနေခဲ့တာ’


‘ဟုတ်တယ် သမင်ရှိနေတယ်’




နောက်တစ်ကြိမ် အသံတိတ် ငြိမ်သက်သွားပါတယ်။ သည်လမ်းမကြီးပေါ်မှာ သူရိန်နဲ့အတူ သီးခြားဖြစ်နေတယ်။ တစ်နေ့တာရဲ့ နောက်ဆုံး အလင်းလက်ကျန်အဖြစ် အနောက်ဘက်ကောင်းကင်ယံမှာ အနီရောင် အစင်းအကြောင်းလေးသာကျန်ပါတယ်။ ကျွန်တော့် နှလုံးခုန်သံဟာ ရုတ်တရက် တဒိတ်ဒိတ်မြည်အောင်ထခုန်လာတာမို့ ရင်ဘတ်ကို အသာကိုင်ကြည့်ပြီး လူသတ်ခံရမယ့်အတိုင်း ခံစားရ သလားထင်မိရော။ ကျွန်တော် ကားကိုမှီရင်း ကားလမ်းမပေါ်ကို ထိုင်ချလိုက်ပါတယ်။ သူရိန်ရဲ့ မျက်ဝန်းတွေကို ကျွန်တော်မကြည့်ဝံ့သလို အဝေးတစ်နေရာကိုလည်း အကြည့်မလွှဲနိုင်ပါ။




သူ့ဘာသာသူ ကျွန်တော့်ရှေ့လာရပ်တယ်ဗျ။ ကျွန်တော် မထိတ်လန့်ခဲ့ဘူးထင်တာပဲ။




‘ဘယ်လောက်ကြာအောင် အချိန်ယူခဲ့ရတယ်လို့ မင်းထင်လဲ’ သူရိန်က ကျွန်တော့်ကိုမေးတယ်။




‘ဘာအတွက် အချိန်ယူရမှာလဲကွ’ 




‘သူတို့ အမှန်တကယ်ဘာဖြစ်ခဲ့ကြတယ်ဆိုတာ သဘောပေါက်ဖို့’




စိတ်ကူးမြင်ယောင်ထားမှုများကနေ အဖြစ်အပျက်အကြောင်းအရာအသွင် တိုက်ရိုက်ဖွဲ့သီဖို့ ကျွန်တော်ကြိုးစားခဲ့ပါတယ်။ ကျွန်တော့် ဦးခေါင်းထဲ တဝဲလည်လည်ဖြစ်နေတဲ့ ဝိုးတဝါးမှတ်ဉာဏ်တွေကို ကျော်လွန်လိုက်တဲ့ စိတ်ကူးစိတ်သန်းတွေပါ။




‘သူတို့ သိပ်မကြာဘူး သိသွားခဲ့တယ်။ အလန့်တကြားအော်ဟစ်သံတွေနဲ့အတူ နာကျင်မှုတွေကော ခံစားခဲ့ရတာပဲ။ သူတို့ ချက်ချင်းဆို သလိုသိသွားခဲ့တာ’




 မျက်ရည်တစ်ပေါက် ကျွန်တော့်မျက်ဝန်းကနေ ပါးပြင်ပေါ်လိမ့်ဆင်းလာရာ သူရိန်က သူ့လက်မနဲ့ သုတ်ဖယ်ပစ်လိုက်ရော။ တဒင်္ဂ သူ့တို့ထိမှုလေးဟာ ကျွန်တော့်တကိုယ်လုံး သိမ့်သိမ့်တုန်သွားစေပြီး ပျော်ရွှင်မိတယ်ဗျ။




‘မင်း အဲလိုထင်တယ်ပေါ့’




‘ငါသိတယ်လေ’




‘ဒါဆို မင်းမှတ်မိတယ်ပေါ့’




‘အင်း ငါမှတ်မိတယ်’




ကျွန်တော့်လိုပဲ သူရိန်သည်လည်းခံစားမိတယ်ထင်ရဲ့ ကိုယ်လုံးကြီး တဆတ်ဆတ်တုန်ရီလာကာ ‘မင်း ဘာတွေမှတ်မိသလဲ’ တဲ့။




‘အချိန်အကြာကြီး မေ့ထားပစ်ခဲ့တာတွေကို ငါသတိရ မှတ်မိလာတာ’




‘ဆက်ပြောပါဦး’




‘ငါမုတ်ဆိတ်မွှေးထားတာကို မင်းမှတ်ချက်ချတာ သတိရတယ်။ နောက်တော့ အရာရာအားလုံးပဲ’




သူရိန် အဝေးကို ငေးကြည့်ပါတယ်။ ‘ငါလည်းအတူတူပဲ။ ဒါပေမယ့် အဓိကအစိတ်အပိုင်းတွေကိုမေ့နေခဲ့တာ။ ငါသေဆုံးခဲ့တယ်ဆိုတာကို လက်မခံချင်ခဲ့ဘူးကွ’




ကျွန်တော်မျက်ရည်များနဲ့အတူ ခေါင်းငြိမ့်ပြခဲ့ပါတယ်။




‘ဘာကြောင့် ငါ့ကို မထားခဲ့တာလဲ’




‘အဲဒါ ငါ့အမှားဖြစ်ခဲ့တာပါ။ သမင်က ငါ့ကားရှေ့မှာရောက်နေတာ မင်းရဲ့ကားရှေ့မှာမဟုတ်ဘူး။ ငါ ကားကို ဘေးဘက်ယိမ်းအောင်  စတီယာရင်ကို ဆွဲလှည့်ပစ်တာ။ မင်းကို သေအောင် ငါလုပ်ခဲ့တာ’




‘ဒါပေမဲ့ ငါအခု အသက်ရှင်နေတယ်လေ’




ကျွန်တော့်စိတ်ထိခိုက်လှုပ်ရှားမှုတွေကို မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ‘ဒါပေမယ့်လည်း ငါ မင်းကိုသေအောင်လုပ်ခဲ့တာ’




သူ့လက်အစုံဟာ ကျွန်တော့်မျက်နှာပြင်ပေါ်ရောက်လာတယ်။ သူ့အထိအတွေ့များဟာ စိမ်းမနေဘဲ အကျွမ်းတဝင်ရှိလှပါတယ်။




‘အဲ့အချိန်မှာ မင်းက ကလေးတစ်ယောက်ဖြစ်နေဆဲ အရွယ်မရောက် လူကြီးမဖြစ်သေးဘူးလေ။ အဲဒါ မင်းအမှားမဟုတ်ပါဘူး။ ငါတို့တွေ ရူးရူးနှမ်းနှမ်း ကိစ္စတွေလုပ်ခဲ့ကြတာ။ အခုတော့ ကောင်းတဲ့အရာတွေ မှန်ကန်တာတွေလုပ်ဖို့ ဒုတိယအကြိမ် အခွင့်အရေးရနေပြီပဲ။ ဟုတ်တယ်မဟုတ်လား’




သဘာဝကျကျ စိမ်းသက်မနေဘဲ ကျွန်တော့်အနားကို သူတိုးကပ်လာကာ တင်းကြပ်နေတဲ့အထိ ကျွန်တော့်ကိုဆွဲဖက်ထားပါတယ်။ တဖြည်းဖြည်း ကျွန်တော့်အနားတိုးလာတဲ့သူ့ ကိုယ်သင်းရနံ့ဟာ မွှေးမြနေသလို ထွေးဖက်လိုက်တဲ့ သူ့ရင်ခွင်ကြီးဟာလည်း နွေးထွေး နေတယ်။ တစ်ဘဝလုံး ဗလာသက်သက်ဖြစ်နေတဲ့ ကျွန်တော့်အတွက် မပြည့်စုံ မစုံလင်သော လစ်ဟာမှုဟာ စက္ကန့်ပိုင်းအတွင်း အဝေး ကိုထွက်ပြေးသွားရော။ တစ်စုံတစ်ယောက်ရဲ့အချစ်ကို ခံစားရယူဖို့ စောင့်ဆိုင်းနေခဲ့တဲ့ ကျွန်တော်ပါလား။ ကျွန်တော်တို့ စိတ်ဝိညာဉ်တွေ ဟာ ဘယ်သောအခါမှ သီးခြားမဖြစ်တော့သလိုမျိုးဆိုပေမယ့် သူ့အထိအတွေ့တွေကိုတော့ မခံစားဖူးခဲ့ဘူးထင်တယ်။




ကျွန်တော်တို့နှစ်ယောက်သား ပါးပြင်ဟာ ပူးကပ်နေကြသလို သူ့ရင်ခုန်သံဟာ ကျွန်တော့်ရင်ခုန်သံလိုပဲ အရှိန်ပြင်းနေပါတယ်။ ထွေးဖက်ထားတဲ့ သူ့လက်မောင်းများကြားမှာ ကျွန်တော့်ရင်ဘတ်အစုံကို ဖြတ်သန်းလျက် ခံစားချက်တွေကို ခံစားသိရှိလျက်ပေါ့။




‘ငါ မင်းကိုသတ်ခဲ့တာ’



‘မင်း ငါ့ကို ကယ်တင်ခဲ့တာပါ’



Alex Aung (18 October 2021)

No comments: