Thursday, May 25, 2023

နောင်တမရခဲ့ပါ (ဇာတ်သိမ်း)




နောက်ဖုံးတံခါးကို ဖွင့်လိုက်တော့ဘာများတွေ့ရမယ်လို့ထင်ပါသလည်း။ အခိုင်အခံ့ဆုံးကြိုးတွေနဲ့ချည်နှောင်ထားတဲ့ အသံမပြုနိုင်အောင် တိပ်ကြီးကြီးနဲ့ကာဗာလုပ်ပေးထားတဲ့ စတီဗင်ရယ်လေ။


'ဝက်လိုအော်နေတာကို ရပ်စမ်းဗျာ....နားညည်းတယ်!'


ဟာ....ဘာဖြစ်တာလည်း ရင်ဘတ်ထဲက စစ်ကနဲဖြစ်သွားရသေးတယ်။


ဘာမှမဖြစ်ပါဘူး မဖြစ်ဘူး....မဖြစ်ဘူး....။


ဓာတ်မီးနဲ့ စတိဗ်ရဲ့မျက်နှာကို အသေအချာထိုးကြည့်ပြီး ကျေနပ်နေတဲ့သူရကတော့ အလုပ်တစ်ခုကို အောင်မြင်အောင် လုပ်ဆောင်ပေး နိုင်လို့ပျော်ရွှင်နေတဲ့ မန်နေဂျာတစ်ယောက်လို သူဌေးအလိုကျ ဖြစ်စေတော့မယ်ထင်ပါရဲ့။


"Wow, တန်အောင်ကြည့်ရမယ့်ပွဲတစ်ခုပဲ ဒီဟာ....တကယ့်ကို တန်တယ်."


ကားပေါ်ကနေ ဆွဲချလိုက်တာ ဘုန်းကနဲအသံမည်သံနဲ့အတူ သူ..သူပြုတ်ကျလာတယ်။ အသည်းမဲ့သူလိုပါပဲ ခနိုးခနဲ့လေသံနဲ့ သူရက သူ့ကို စကားတွေနဲ့ကန်ကျောက်လိုက်သေးတယ်။ သူရဘာတွေကိုနာကြည်းနေတာလည်းမသိ တကယ်ဆို ကာယာကံရှင် ကျွန်တော့် ထက်သူက ပိုပြီးဘာကြောင့်ထူးကဲနေရတာလဲ။


'Sir, သာသာယာယာရှိရဲ့လားဗျ?'


'နောက်ဆုံးအကြိမ်တောင်တက်လေ့ကျင့်ခန်းလေးပါ, Sir.'


စတိဗ် ထိတ်လန့်သွားတယ်ထင်ပါရဲ့ သူရကို မော့ကြည့်ပြီး မလုပ်ပါနဲ့လို့များပြောချင်နေသလား ပါးစပ်ကတလှုပ်လှုပ်နှင့်။ မျက်ဝန်းတွေ ကရော မျက်ရည်စများဝေ့နေရော့သလား။


ဓာတ်မီးကိုစွဲကိုင် ဂေါ်ပြားကိုပုခုံးမှာထမ်းရင်း ကျွန်တော်ရှေ့က ခပ်ဖြေးဖြေးလျှောက်လာသလို သူရက ကြိုးတွေနဲ့တုပ်နှောင်ထား တဲ့ စတိဗ်ကို ခေါ်ဆောင်လာနေတဲ့ ဒီအချိန်များမှာတော့ သူရဟာ စကားတွေပြောပြောပြီး ရိုက်နှက်နေတဲ့ အာဏာပါးကွက်သားနဲ့တူနေ ပြန်ပါတယ်။


ဆက်လျှောက်လာတဲ့လမ်းမှာ လေအေးတစ်ချက် အဝေ့ ရင်ဘတ်ကဇစ်ကိုဆွဲစိရင်း ရှေ့နားလှမ်းမျှော်ကြည့်တော့ ဆီးနှင်းတွေက မြက်ခင်းတွေပေါ် သစ်ပင်တွေပေါ် ဖွေးနေအောင်ကျနေတာ စိုစွတ်လို့။ ခြေလှမ်းကိုခပ်သွက်သွက်လေး လှမ်းရင်းသွားတော့ သူရကလည်း လေလေးတချွန်ချွန်နဲ့။


တောင်ကုန်းလေးအတက်ကိုအရောက် စတိဗ်ကိုခြေလှမ်းတွေသွက်စေပြန်ရင်း သူရ နောက်ကနေပြီးအမျိုးမျိုးသောစကား တွေနဲ့ထိုးနှက် တိုက်ခိုက်နေတဲ့အဖြစ်က သူ့ခြေလှမ်းတွေကို တုန့်နှေးသွားစေတယ်ထင်ပါရဲ့။ ကျွန်တော်နောက်ကိုပြန်လှမ်းကြည့်လိုက်စဉ်မှာတော့ ချွေးတွေ ရွှဲနေပြီး ကျွန်တော့်မျက်ဝန်းကိုပြန်စိုက်ကြည့်နေတဲ့ စတိဗ်မျက်လုံး.... မျက်လုံး ကို ကျွန်တော် ဘာကြောင့်....စိုက်မ ကြည့်ရဲပါ လိမ့်။


တောင်ကုန်းလေးတွေကိုကျော်လွှား စမ်းချောင်းလေးတွေကိုဖြတ်နဲ့ အေးစက်တဲ့ရာသီကြားမှာ စတိဗ်ချွေးပြန်နေ...တယ်။ စတိဗ်လို လူမျိုးအတွက်ကတော့ ယိုင်တိယိုင်တိုင်ခြေလှမ်းမျိုးတွေကိုဖြစ်စေတဲ့ ခရီးစဉ်ပါပဲ။ မကြာခင်ရင်ဆိုင်ရတော့မည့်အဖြစ်အတွက်လည်း သူကြောက်များကြောက်နေသလား။


'ရွံစရာကောင်းတဲ့ -ီး၊ ကန်ဖို့ကောင်းတဲ့ ဖင်!"


ရှေ့ကနေဦးဆောင်နေရာကနေ နောက်ကိုလှည့်ကြည့်မိလိုက်ပြန်တော့ မြေပြင်ပေါ်ကို လဲကျနေတဲ့စတိဗ်။ ဒါကို သူရကဒေါကန်ပြီး မြည်တွန်တောက်တီးလုပ်နေတာ။ မြင်ရပြန်တော့လည်း ကျွန်တော့်ရင်ထဲ တော်တော်ခံပြင်းသား။


အို....သွားစမ်းပါ ငါနဲ့ဘာဆိုင်လည်း။


'ထစမ်းပါဗျာ။ ခင်ဗျားဟန်ဆောင်နေတာ တော်သင့်ပြီ။ အခုထစမ်း။'


သူ..သူ ဒဏ်ရာရနေသူတစ်ယောက်က လဲကျနေရာမှ ကုန်းထသလိုမျိုးမြေပြင်ပေါ်ကနေ ကြိုးစားထတယ်။ လှမ်းသွားတယ် ခြေလှမ်းတွေ တစ်လှမ်းခြင်း ခပ်ယိုင်ယိုင်..။


ဟိုး....တိုက်အမြင့် ပြတင်းပေါက်ကနေ ကျွန်တော့်အရုပ်လေးပြုတ်ကျသွားတယ်။ ရင်ထဲမှာ ဟာကနဲပဲ။ ဒါပေမဲ့ အသုံးမလိုတော့တဲ့ အရုပ်ပဲ ဒီတစ်ကြိမ်မလွှင့်ပစ်လည်း နောက်ဆိုပိုင်ဆိုင်ခွင့်မှ မရတော့တာ။ ဒီတော့ ပြုတ်ကျပါစေတော့။ လေပြင်းအနှော့မှာ လေဟာနယ် ထဲထိုးကျနေတဲ့ အရုပ်ကလေးကိုကြည့်ရင်း .....ရင်ထဲမောနေရုံပဲပေါ့။


အပြိုင်းအရိုင်းပေါက်နေတဲ့ မြက်ရိုင်းတောတွေရဲ့ အလယ်အရောက်မှာတော့ သူရက မြေကျင်းနက်နက်ကို အားသွန်ခွန်စိုက် တူးတယ်။ ကျွန်တော်က ဘေးကနေ မီးထိုးပြပြီးကူညီရတာ။


ဟူး........အငြိုးအာဃာတက အပြုခံရသူအတွက်တော့မသိဘူး ပြုသူတွေတောင် တော်တော်ပင်ပန်းသား။


အရေးထဲ ရာသီဥတုအေးနေတာ ဆီးကသွားချင်နေသေးတယ်။ ဒါကြောင့် ကျင်းဘေးကိုတစ်ချက်လှမ်းသွားပြီး သေးပေါက်မိနေစဉ် သူရအသံကြောင့်ရော မသိစိတ်ကလှုံ့ဆော်မှုကြောင့်ရောပဲလားမသိ အလိုလိုစောင်းငဲ့ကြည့်မိလိုက်တော့ စတိဗ်က မြေပေါ်တွားသွား ရင်းအဝေးကို ဖယ်ရှောင်ဖို့ကြိုးစားနေတာကို သူရကမြင်သွားတာဖြစ်မှာ။


'ဘော်ဒါကြီး ဒါစစ်ရေးလေ့ကျင့်နေတာမဟုတ်ဘူးဗျနော်။'


'ဟေး ဆွေမင်း သူ့ကိုကြည့်လိုက်စမ်း။ သူတွားသွားနေတာကိုကြည့်လိုက်စမ်း.....ဟား ဟား။'


'အချစ်ကလေး....လာပါ......ဒီကိုလာပါ။ ကောင်းကင်ဘုံက အချစ်ကလေးကိုစောင့်နေပါတယ်။'


'မြန်မြန်လာဗျာ.....။'


အို.......ကျွန်တော်သူရလုပ်သမျှကိုမတားမြစ်ဖြစ်ဘူး။ ဘာကြောင့်လည်း ကျွန်တော့်ခံစားချက်ကဘာလည်း။ မုန်းတီးမှုလား ဟန်ဆောင်သရုပ်ဆောင်မှုတွေလား။


ကြိုးတုပ်ထားတဲ့ စတိဗ်ကို ခြေထောက်ကနေ သူရဆွဲခေါ်လာတယ် မြေကျင်းရှိရာကို။တရွတ်..တရွတ်နဲ့....မြေကျင်းရှိရာကို ပါလာတာ။


မြေကျင်းနှုတ်ခမ်းလေးပေါ်မှာ စတိဗ်ပက်လက်လေးလှဲလျောင်းနေရချိန်မှာ သူရကတော့ သူ့ရဲ့ အစီအစဉ်တွေအတိုင်း ဆက်လက် ဖော်ဆောင်နေတာများ ကလည်း တစ်ဆင့်ပြီးတစ်ဆင့်။


မြေသားတွေက ကျင်းနှုတ်ခမ်းပေါ် အတော်အသင့်ရောက်ရှိလာချိန်မှာတော့ သူရအပေါ်ကို တက်လာတယ်။ ပြီးတော့ ကျွန်တော့်ကို တောင်ဘာမှမပြောတော့ဘူး ရုပ်ရှင်ထဲကလူကြမ်းတစ်ယောက်လို ဆက်လက်သရုပ်ဆောင်နေတော့တာ။


'မသေခင် စီးကရက်တစ်လိပ်လောက် သောက်ချင်သေးလား..။'


'Ooops! မေ့နေလိုက်တာ စီးကရက်က ခင်ဗျားကျန်းမာရေးကိုထိခိုက်စေတယ်လေ။'


သူရရဲ့ခြေတစ်ဖက်မြောက်တက်သွားပြီး ဘုန်းကနဲကျင်းထဲကျသွားတဲ့ စတိဗ်ကိုမကြည့်ရဲတော့သလိုပဲ။ သူဟာ ဘာမှ ပြန်လည်မတုန့်ပြန် နိုင် တဲ့အတွက်လား ဒါမှမဟုတ် အရာရာကို လက်လျော့ပြီး နေနေတဲ့ လူတစ်ယောက်လို့ခံယူသွားတာကြောင့်လား အဲဒီလိုလူရဲ့ ပုံစံမျိုး ဖြစ်နေရတာ ဘာကြောင့်များလည်း။ တကယ်ဆိုသူရုန်းကန်ထွက်ပြေးရင်ရနေသားပဲ။ ကျွန်တော်...ကျွန်တော့်ကိုချစ်များ ချစ်နေသေး တာလား။


လွှားကနဲဖြစ်ဖြစ်သွားတဲ့ သူရရဲ့ ဂေါ်ပြား လှုပ်ရှားမှုအတိုင်း စတိဗ်အပေါ်ကိုမြေသားတွေ ဖွာကနဲဖွာကနဲ ကျနေတာ သူ့ခြေချောင်း လေးတွေကိုတောင် ဖုန်းလွှမ်းစပြုလာပြီ။ စတိဗ်မျက်ဝန်းတွေက မျက်ရည်တွေစီးဆင်းလာသလို ကျွန်တော့်မျက်နှာဆီကိုစိုက်ကြည့် နေတာက မခွာတော့ဘူး...။


'ဟမ်.....ပိုက်ဆံက သစ်ပင်တွေကို မရှင်သန်စေနိုင်ဘူး ခင်ဗျားသိလား'


'ဒါပေမဲ့ လူသေပေါ်မှာတော့ ကောင်းကောင်းရှင်နိုင်တယ်ဗျ'


'ခင်ဗျား မနာမကျင်ဘဲနဲ့ ကောင်းကင်ဘုံကိုရောက်ရစေမယ်။ နောက်များမှ ကျေးဇူးမတင်နဲ့နော်...။'


ပြူတင်းပေါက်ကနေ မြေပြင်ပေါ်လဲကျနေတဲ့ အရုပ်လေးကို လှမ်းမြင်နေရတယ်။ မိုးစက်လေးတွေကလည်း တဖွဲဖွဲကျလာပြီ။ ရွှံ့ရေတွေလည်း လမ်းပေါ်မှာအိုင်စပြုလာပြီ။ ကျွန်တော့်ရင်ထဲ ဘယ်လိုမှ တင်းမထားနိုင်တော့ဘူး။ ကိုယ်မပိုင်ဆိုင်ရပေမဲ့ အသုံးမပြုချင်တော့ပေမဲ့ စင်ပေါ်မှာထားပြီး သူ့ကိုအလှကြည့်နေနိုင်သေးတာပဲ။ ပြီးတော့ သူနဲ့ပတ်သက်ခဲ့ရတဲ့ ပိုင်ဆိုင်ခဲ့ရတဲ့ ပျော်ရွှင်မှုအတိတ်ကို တမ်းတနိုင်နေသေးတာပဲ။


'အဲဒါကိုရပ်လိုက်တော့ ၊ အားလုံးပြီးသွားပြီ....အားလုံးပြီး သွားပြီ။ ငါပြောနေတယ်လေကွာ ပြီးပြီ'


ကိုယ့်ညီအကိုမောင်နှမကို တစ်ယောက်ယောက်က လည်းပင်းညှစ်နေတာကို လှမ်းမြင်လိုက်ရသလိုမျိုး၊ ကိုယ်ပိုင်ဆိုင်သမျှအားလုံးကို တစ်ယောက်ယောက်ကလွှင့်ပစ်နေတာကို မြင်ရတဲ့ သူတစ်ယောက်ရဲ့ခံစားမှုမျိုး ကျွန်တော့်ရင်ထဲခံစား...ခံစားလာရတာကြောင့် သူရဆီကို အပြေးလှမ်းသွားပြီးတားမြစ်မိပါတော့တယ်။ သူရလက်ထဲက ဂေါ်ပြားကိုဆွဲယူပြီး ဟိုးအဝေးကို လွှင့်ပစ်လိုက်တယ်။


'Fuck you ဘာမှားလို့လဲကွ?'


'ရပ်ယုံလေးပဲအခုရပ်လိုက်တော့၊ ငါ အဲဒီလို မလုပ်နိုင်ဘူး၊ ပိုက်ဆံတွေ ယူသွား....မင်းအကုန်ယူသွားတော့'


နှစ်ဦးသားမြေပြင်ပေါ်ကိုလုံးထွေးပြီး အပြင်းအထန်လုံးထွေးသတ်ပုတ်ကြတာ မြက်ပင်တွေတောင် လဲပြိုကုန်ပါရော။


'မင်းသောက်ရူးပဲဟေ့ကောင်....'


'မင်းငါ့ကို အဲဒီလိုမပြောနဲ....'


'ခွပ်...ခွပ်'


ဘယ်တုန်းကမှ ဒီလိုဒေါသမျိုးမထွက်ခဲ့ဖူးတဲ့ကျွန်တော် သူရကိုမြောက်တက်သွားအောင် ကန်ပစ်လိုက်တဲ့အထိ ထိုးနှက်မိသည် အထိ ဖြစ်ခဲ့ပါသည်။ သူတစ်ပါးကိုနာကျင်စေဖို့ဆိုတာ ဘယ်တုန်းကမှ စိတ်ထဲမှာမဖြစ်ခဲ့ဖူးတဲ့ကျွန်တော် ကိုယ့်ချစ်သူ..ချစ်သူဖြစ်ခဲ့သူကို အမှန် တကယ်ရန်ရှာနိုင်တော့မယ်ဆိုသောအခါမှာတော့ ဘယ်လိုမှကို မထိန်းနိုင်တော့ပါ။


'မင်းသွားတော့...ငါတို့ကိုထားပြီး သွားတော့။ ကားထဲမှာရှိတဲ့ပိုက်ဆံတွေအားလုံးကိုယူသွား၊ ငါမလိုချင်တော့ဘူး၊ ငါပိုက်ဆံအတွက် လှုပ်ရှားခဲ့တာမဟုတ်ဘူး၊'


'သူကလည်း ရဲကိုတိုင်မှာမဟုတ်ဘူး၊ သွားတော့..သွားတော့'


သူရမျက်ဝန်းတွေက အတန်ငယ်ငြိမ်သက်သွားပြီး ထိုးကြိတ်တာတွေလည်းမလုပ်တော့ပဲ ကျွန်တော့်မျက်နှာကိုသာ စူးစိုက်ကြည့်တယ်။ ဒါဆိုတော့ ကျွန်တော်လည်း မြေကျင်းထဲမှာ ထိတ်လန့်ခြောက်ခြားစွာ လှဲလျောင်းနေရတဲ့ စတိဗ်...ကိုကြီးရှိရာကို အပြေးလေးဆင်းပြီး ကူကယ်ရာမမဲ့အောင်ပြုလုပ်ပေးရတော့မပေါ့။


မြေသားထဲနစ်မြုပ်စပြုနေတဲ့ ခြေထောက်တွေကို အသာဖယ်....ရင်ဘတ်ပေါ်က သစ်ရွက်ကလေးတွေကိုအသာအယာဖယ်ပြီး ချစ်သူ့မျက်နှာငွေလဝန်းကို ကျွန်တော်ဝမ်းသာအားရ ကြည့်မိရသလို ဝမ်းနည်းမျက်ရည်တွေလည်း တွေတွေကျမိရတာပေါ့ဗျာ။


'ကိုကြီးကို မုန်းလို့မဟုတ်ရပါဘူးဗျာ....ကိုကြီး ကိုကြီးကထားသွားမှာကိုမခံစားနိုင်လို့ပါ'


'ကိုကြီး.....စိတ်မဆိုးပါဘူးနော် ကျွန်တော့်ကိုလေ ကျွန်တော့်ကိုစိတ်မဆိုးပါဘူးနော်'


ကိုကြီးကလည်း ကျွန်တော့်မျက်နှာကို ဝမ်းသာမျက်ရည်တွေနဲ့အတူ မျှော်လင့်မျက်လုံးတွေဖြင့် ကြည့်မဝဖြစ်နေရင်း ဘာကို ထိတ်လန့် တကြားဖြစ်သွားသလည်း မသိ ရုတ်တရက်ပြူးကျယ်လာရင်း တစ်စုံတစ်ခုကို ပြောချင်နေတဲ့ ရုန်းကန်လှုပ်ရှားမှုတွေ ဖြစ်တည်လာတယ်။ ဒီတော့မှ သူ့ပါးစပ်က တိပ်ကိုခွာဖို့ ခွာပေးဖို့ သတိတရကျွန်တော်လက်လှမ်းလိုက်စဉ်မှာ ' ခွပ်...'


'Aw, ငါ -ိုးမသား...မင်းက ဘယ်ဘက်ကခံစားနေရတာလည်း!'


လေရူးသုန်သုန်မှာ ကျွန်တော့်ခေါင်းတွေချာချာလည်မှုနဲ့အတူ ခိုလှုံဖူးရာ ရင်ခွင်ကျယ်ထဲ တအိအိလဲကျသွားရတာကို နောက်ဆုံး သတိရလိုက်ရပါတော့တယ်။ အမှောင်လောကဟာ မိတ်ဆွေရင်းပဲဆိုပါတော့လေ...။


'အား...'


x x x


ချာချာလည်လို့ မူးမိုက်သွားခဲ့ရာက အမှောင်တိုက်ထဲကို ကျွန်တော်ထိုးစိုက်ကျရောက်သွားခဲ့ရတာ အချိန်အတော်ကြာခဲ့ရတာပေါ့။ ကျွန်တော်ဘာကြောင့်များ ရုတ်တရက်မူးဝေပြီး လဲကျသွားခဲ့ရတာလည်း ဘာဖြစ်သွားခဲ့ရတာလည်း စဉ်းစားမရခဲ့ဘူး။


အေးမြတဲ့ အရိုင်းလေတွေရဲ့ ထိခတ်မှုကို အရေပြားကတစ်ဆင့်သိလိုက်ရချိန်မှာတော့ ကျွန်တော့်တစ်ကိုယ်လုံးဟာ ကြိုးတွေနှင့် တုပ်နှောင်ထားတာခံနေရကြောင်း ပြီးတော့ နှုတ်ခမ်းအစုံကလည်း အသံပြုမရအောင် တိပ်ပြားကြီးကြီးနှင့် ပိတ်ခံထားရကြောင်း ကျွန်တော်အလွန်ထိတ်လန့်တုန်လှုပ်စွာသိလိုက်ရပါပြီ။


လမ်းတွေရဲ့ ဖြောင့်ဖြူးမှု ကြမ်းတမ်းမှုတွေရဲ့ အာရုံကို အတိအကျသိနေရတဲ့ ကားနောက်ခန်းက ကျွန်တော့်မှာ ဘာကို လုပ်ဆောင် ရမည်မှန်းမသိ၊ ဘာကြောင့်များ ကျွန်တော့်ကို ဖမ်းဆီးခေါ်ဆောင်လာပါလိမ့်။ ဒက်ဒီတို့မှာ ပြီးတော့ ကျွန်တော့်ကို ရန်ညှိုးထားမဲ့သူမရှိဘူး အခုအချိန်ထိမရှိခဲ့ဘူးပါ။ ငွေကြောင့်လား ငွေကြောင့်ဆိုရင်တော့ ကျွန်တော့်ကားထဲမှာလည်း အတော်အသင့်ပါနေသား မဟုတ်လား။


ကားပြူတင်းကတစ်ဆင့် မြင်လိုက်ရတဲ့ နီယွန်မီးရောင်ကြောင့် မြို့စွန်လမ်းမပေါ်ကတစ်နေရာဆိုတာကို သတိပြုမိလိုက်တယ်။ ရှေ့ခန်းက ဒရိုင်ဘာနေရာကလူကတော့ အေးအေးဆေးဆေး ကားရေဒီယိုက သီချင်းကိုလိုက်ညည်းနေရင်း ဘယ်သူ့ကိုစောင့်နေသည်မသိ။


ခဏလေးအကြာမှာတော့ ကားတံခါးဖွင့်ပြီး ဆောင့်ပိတ်သံနှင့်အတူ တစ်စုံတစ်ယောက် ကားထဲဝင်ထိုင်လိုက်တာကို သတိပြုမိ လိုက်တယ်။


ဟင်......ဒီရေမွှေးနံ့ကို ရဖူးတယ်...ရဖူးခဲ့ပါတယ် ဆွေမင်း......ဆွေမင်းသုံးတဲ့ရေမွှေးနံ့။ သူများလား.... ။


ငြိမ့်ကနဲ ခပ်ဖြည်းဖြည်းမောင်းထွက်လာတဲ့ကားဟာ အရှိန်အတော်အသင့်ရလာတော့ အမြန်မောင်းတော့တာပဲ။ အဝေးပြေး လမ်းမ....ဟုတ်တယ် အဝေးပြေးလမ်းမပေါ်ရောက်လာပြီထင်ပါရဲ့။ ကားမောင်းနေသူနဲ့ ဘေးကထိုင်လိုက်လာသူတို့ စကား ကိုတပြောပြောနဲ့ တစ်ခါတစ်လေ ကြားလိုက်ရတာရှိသလို မကြားလိုက်ရတာလည်းရှိပါရဲ့။


ထို့နောက် မြက်တောတွေထဲ တိုးဝင်လာခဲ့သလို နိမ့်လိုက်မြင့်လိုက်မောင်းရင်း မြေပြင်ညီတစ်ခုကိုအရောက် ငြိမ့်ကနဲကားထိုးရပ် သွားတယ်။


"ဖျောက်...ဖျောက်"


လာပြီ....လာနေပြီ ကားနောက်ခန်းကို။


'ဝုန်း'


ကားနောက်ခန်းတံခါးကို ခပ်ပြင်းပြင်းဖွင့်လိုက်တဲ့ အရှိန်ကြောင့်ရုတ်တရက်လန့်သွားရသလို မျက်နှာဆီကို စူးရှစွာထိုးလာတဲ့ အလင်းဓာတ်မီးကြောင့် မျက်လုံးများ ပြာဝေသွားရတာ။ နည်းနည်းကြာတော့ ခပ်ဖြည်းဖြည်းဖွင့်ကြည့်လိုက်တာ ဆွေမင်း....ဆွေမင်းရယ် သူ့ဘော်ဒါလေးရယ်ပါလား။


ကိုယ့်ကို ရက်စက်နိုင်ပြီလား....ညီရာ။


ကားပေါ်ကနေဆွဲချလိုက်တာများရက်ရက်စက်စက်.. နာကျင်သွားပေမဲ့ အားယူပြီးထလိုက်ရပါတယ်။ ဒီကောင်လေးက မင်းအတွက် ဘာလည်း မင်းနဲ့ဘယ်လိုပတ်သက်လည်း သူက ကိုယ်နဲ့ဘာဆိုင်လို့ ပါဝင်လုပ်ဆောင်နေရတာလည်း။


"ဘယ်လိုလည်း သူဌေးမင်းရဲ့ အခုကောရယ်နိုင်သေးရဲ့လား။ မဒီလေးကတော့ဆွေးနေတော့မှာနော်"


အိုး.....မင်းစကားတွေက စွပ်စွဲချက်တွေများလှချည်လား။ တစ်ဖက်သတ်စွပ်စွဲချက်တွေဖြစ်နေတယ်ဆိုတာကောမင်းသိရဲ့လား။ ကိုယ့်အနေနဲ့ကျတော့ ဘာမှပြန်လည်ချေပခွင့်မရှိရပါလား။ ညီ မင်းကရော ကိုယ့်ကို ဒီလိုလုပ်မှ ကျေနပ်တော့မှာလား။


သူ့မျက်နှာကိုတစ်ချက်ကြည့်လိုက်တော့ ဘာမှခံစားချက်မရှိ အေးစက် ခံစားချက်မဲ့။


တောင်ကုန်းတွေပေါ်လည်းတက်ရတယ် ဒီခရီးဟာ ဘာခရီးပါလိမ့်။ ပင်ပန်းလိုက်တာ....ဘာလိုအပ်တာလည်း ကိုယ်ကဘာလုပ်ပေး နိုင်မှာမို့လိုက်ခဲ့ရမှာလည်း။ နောက်ကနေတွန်းထိုးလိုက်တာများ ရာဇဝတ်သားကိုခေါ်လာတာကျနေတာပါပဲ။


'ရွှပ်.....ရွှပ်'


ဆိုတဲ့မည်သံတွေနဲ့အတူ မြေကျင်းကိုတူးနေပြီ ဘုရား...ဘုရား ငါ့ကို ငါ့ကို မင်းတို့ဘာလုပ်မှာလည်း။ ဘဝဟာဒီလိုအဆုံးသတ်ရတော့ မှာလား။ ကိုယ့်အတွက် မင်းတို့ ဒီလိုစီရင်တော့မှာလား....။


ကျွန်တော် သူတို့မြေကျင်းကို ဂရုစိုက်တူးနေတုန်း လွတ်ရာလွတ်ကြောင်း ရုန်းကန်လှုပ်ရှားမိရတာပေါ့။ ဘာပဲဖြစ်ဖြစ်..လွတ်ရမယ်။


လွတ်တော့မယ်.....လွတ်တော့မယ်။


'ဟား ဟား.....ဘော်ဒါကြီး ဒါစစ်ရေးလေ့ကျင့်ခန်းဆင်းနေတာမဟုတ်ဘူးနော်။'


ခြေထောက်က ကြိုးကို တရွတ်တိုက်ဆွဲပြီး ကျင်းဆီကိုဆွဲခေါ်သွား...သွားခြင်းနဲ့အတူ ဘုန်းကနဲပစ်ချခြင်းကို ခံရပြန်ပါတယ် မြေကျင်းထဲ။


ညီရယ် မင်းအကြည့်တွေကအေးစက်လှချီလား။ ကိုယ့်အပေါ် နည်းနည်းလေးမှ မချစ်တော့ဘူး။


ကျွန်တော့်ရင်ထဲမှာ တကယ့်ကိုနာကျင်မှုတွေ ဝမ်းနည်းဆုံးရှုံးမှုတွေနဲ့ မျက်ရည်တွေ တွေတွေကျမိပါတော့တယ်။


မြေသားတွေ တဖွားဖွားခန္ဓာကိုယ်ပေါ်ကျလာတဲ့အခါမှာတော့ ဆွေမင်းနည်းနည်းလှုပ်ရှားစပြုလာတယ်။ သူ့ဘော်ဒါကတော့ ဝမ်းသာအားရများဖြစ်နေသလားမသိ ခပ်သွက်သွက်ကျင်းကို ဖို့နေတာများ။


ခဏလေးနေတော့ ဆွေမင်းနဲ့ သူ့ဘော်ဒါ စကားများပြီး လုံးထွေးသတ်ပုတ်ကျပါရော။ ကိုယ်သိပါပြီ ကိုယ်သိနေပါတယ် ညီရယ် မင်းကိုယ့်ကို မရက်စက်နိုင်ဘူးဆိုတာ။ ကျင်းပေါ်ကနေ ဆွေမင်းခုန်ဆင်းလာတယ်။ ပြီးတော့ .....ကျွန်တော့်မျက်ဝန်းတွေကို စိုက်ကြည့်ရင်းတောင်ပန်းစကားတွေဆိုတယ်။


ကိုယ်မင်းခံစားချက်ကို နားလည်ပါတယ်။ နားလည်ပေးပါတယ်....ညီ။ ကိုယ်ဝမ်းသာလိုက်တာ....မင်းကိုယ့်ကို နာကျည်းမုန်းတီးမှု မဖြစ်သေးဘူးပေါ့။ ကိုယ်လည်းထို့အတူ..အတူ။


'ညီ...မင်းအနောက်မှာ အနောက်မှာ...သတိထား'


သူ့ဘော်ဒါက ဂေါ်ပြားကိုမြောက်တင်ရင်း ဆွေမင်းကိုရိုက်ထည့်လာတာ ဖြာကနဲဆင်းလာတဲ့သွေးတွေနဲ့အတူ သူစိုက်ကျလာတယ် ကျွန်တော့်ရင်ခွင်ရှိရာ။


'Yeah, မင်းသူ့ကိုအရမ်းချစ်တယ် ဟုတ်လား? အရမ်းချစ်တယ် ဆိုတော့လည်း သူနဲ့အတူ မြှုပ်ပေးရတာပေါ့ကွာ'


ကျွန်တော်တို့နှစ်ဦးသားကို မြေသားတွေနဲ့ ဖို့ဘို့ကြိုးစားရင်း သူစိတ်ပြေသွားသလား စိတ်ပျက်သွားတာလားမသိ ဂေါ်ပြားကိုလွှင့်ပစ်ကာ ဓာတ်မီးကိုကျင်းထဲကန်ချ ပြီးတော့ အဝေးကိုထွက်ခွားသွားတော့တယ်။


'Fuck! ဘာကြောင့် ငါတို့ဘဝတွေက စိတ်ညစ်စရာကောင်း နေရတာလဲ?'


ကျွန်တော်တို့ကိုထားခဲ့တော့တာပါလား။ မထားခဲ့ပါနဲ့ ကူညီပါဦးကွာ...။


ဟိုး...ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်တော့လည်း လေရူးတသုန်သုန်နဲ့ နှင်းတွေကျနေတဲ့ အေးစက်စက်ညမှာ ကိုယ့်ချစ်သူကိုဘာမှ မလုပ်ပေးနိုင်ပါလားဆိုတဲ့ ခံစားချက်ကိုသာရရှိခဲ့ရပေါ့။ ခြေလက်တွေကလည်း ကြိုးချည်ထားတာ။ ပါးစပ်ကလည်း တိပ်နဲ့ပိတ်ထား.. အား။


'ဆွေမင်း....ချစ်ညီ'


အောက်ခြေကိုမမြင်ရလောက်အောင် နက်ရှိုင်းလှတဲ့ ရေကန်ကြီးထဲကို ထိုးကျသွားတယ်။ ရှေ့ကရေပြင်မှာလည်း ကိုယ့်ချစ်သူက မေ့ မြောခြင်းနဲ့အတူ တဖြည်းဖြည်းနစ်မြှုပ်လို့။ ကျွန်တော်ဘာလုပ်ရမှာလည်း ဘယ်လိုကယ်ဆယ်ရမလည်း ထမင်းလုံးတစ္ဆေခြောက်ခံ ရသူလို့ အလွန်တရာထိတ်လန့်ခြောက်ခြားနေရတဲ့အခြေအနေကိုရင်ဆိုင်နေရပြီ။


ဟင့်...အင် ညီ မင်းကိုကိုယ်မဆုံးရှုံးပါရစေနဲ့....။


.....'ချစ်ညီ'.....။


x x x


အမှောင်......နက်မှောင်နေတဲ့ လောကကမ္ဘာကြီး။ ကျွန်တော် ဘယ်ကိုသွားရမလည်း။ ဟိုးအဝေးကိုကြည့်လိုက်တော့လည်းအမှောင် အပေါ်မော့ကြည့်လိုက်တော့လည်းအမှောင်၊ ခြေထောက်အောက်ကို ငုံ့ကြည့်လိုက်တော့လည်း အမှောင်........။


အား....။


တစစ်စစ် ကိုက်ခဲနေတဲ့ခေါင်းကို ထောင်မကြည့်မိနိုင်လိုက်အောင် မူးဝေနေသေးတာ အတန်ကြာ။ အေးစက်နေတဲ့ အရာပေါ်လဲ ကျနေတာတော့လည်းမဟုတ်ပြန်ဘူး။ နှလုံးခုန်သံ တဒုတ်ဒုတ်နဲ့အတူ နွေးထွေးတဲ့ရင်ခွင်တစ်ခုထဲမှာ....။


ရာသီဥတုရဲ့ အေးစက်မှုက ဦးခေါင်းကိုနည်းနည်းပိုပြီးနာကျင်စေသလိုပါပဲ။ အပေါ်ကအုပ်မိုးထားသော သစ်ပင်များထက်က သစ်ရွက်တွေ ကလည်း တဖွဲဖွဲကျနေတာများ နှင်းမိုးစက်တွေအတိုင်း။ ဘာပဲဖြစ်ဖြစ် ကျွန်တော် မသေးသေးပါဘူး။


အေးစက်စက် သစ်တောကြီးက ဘာကြောင့်များတိတ်ဆိတ်နေရပါလိမ့်။ တောကောင်တွေရဲ့ အသံလည်းမကြားရ ဟိန်းဟောက်သံ တောင် မမြည်။ ဒါပေမဲ့ ရဖူးနေကြ ကိုယ်သင်းနံ့သင်းသင်းလေးကြောင့် အမူးပြေ လာရတာမှာ ကျွန်တော် အသာခေါင်းထောင်ကြည့် လိုက်မိရပါတယ်။


မျက်ရည်တွေနဲ့စိုရွှဲပြီး ထိတ်လန့်နေတဲ့ မျက်ဝန်းများနဲ့စိုက်ကြည့်နေတဲ့ ကိုကြီး....ကျွန်တော့်လှုပ်ရှားမှု ခေါင်းထောင်ထလာတဲ့အပြု အမူတွေကြောင့် သူ့မျက်လုံးများဟာ ပျော်ရွှင်မှုတွေ လင်းလက်လာပါတော့တယ်။


အားအင်တွေမရှိတော့သလို ခန္ဓာကိုယ်ဟာ နုံးကျသွားတာများမယုံနိုင်ပါဘူး။ ရှိသမျှအားတွေနဲ့ အသာထက ချည်နှောင်ထားတဲ့ကြိုးတွေ ပါးစပ်မှာ ပိတ်ထားတဲ့ တိပ်တွေစတဲ့ အချုပ်အနှောင် မှန်သမျှကို ဖယ်ရှားပေးလိုက်ရတာဟာ ခရီးရှည်တစ်ခုကို သွားရသလို မောလိုက် တာ ဗျာ..။


'ညီ....မင်း...မင်းဘာမှမဖြစ်ဘူးနော်'


ဟုတ်ကဲ့ပါ။ ကျွန်တော်ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ မထပါရစေနဲ့ ခဏလေးငြိမ်နေပေးပါလားဗျာ။


ဒီရင်ခွင်...ရင်ခွင်ကျယ်ကြီးထဲ ခဏတာပဲဖြစ်ဖြစ် ခိုလှုံပါရစေ....ခိုလှုံခွင့်ပေးပါဦး။


ကြည်လင် တည်ငြိမ်နေတဲ့ ကန်ရေပြင်မှာ လေပြင်းတွေကြောင့် လှိုင်းကြက်ခွပ်တွေထခဲ့တယ်။ မုန်တိုင်းကြောင့်ကန်ရေပြင်ဟာ လှိုင်းထန်ခဲ့တယ်။ ကန်ရဲ့တစ်ဖက်ကမ်းကိုမရောက်သေးတဲ့ လှေငယ်ပေါ်မှာ အသည်းအသန် ထိတ်လန့်နေရတဲ့ လူသားတွေက နှစ်ယောက်ထဲ။ အခုတော့ လေပြင်းမုန်တိုင်းဆဲသွားချိန်မှာတော့ လှေပေါ်မှာ မလှုပ်မယှက် ငြိမ်သက်နေကြမိရော။ အချိန်အတော်ကြာ စကားတောင်မပြော ဖြစ်ကြပါဘူးလေ။


'ညီ..ထ ကိုယ့်ကျောပေါ်တက်' ကျွန်တော့်အဖြစ်ကိုကြည့်ပြီး ချစ်စိတ်ဝင်သွားတယ်ထင်ပါ့။ သူ့ကျောပြင်ပေါ်ကိုအသာအယာတင်ပြီး ရပ်ထားခဲ့တဲ့ကားရှိရာကို ခပ်ဖြေးဖြေးရွေ့ခဲ့ကြပါတယ်။


ကိုကြီးရယ် ဒီအချိန်လေးက အရမ်းချမ်းမြေ့တာပဲ ကျွန်တော့်အတွက်။ ချစ်ရသူရဲ့ ကျောပြင်ပေါ်မှာ မှေးစက်ပြီးလိုက်ပါရတာ ဘယ် လောက်စိတ်ချမ်းမြေ့စေတယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ သိမယ်မထင်ပါဘူး။


ရပ်ထားတဲ့ကားကို ကားလမ်းမရှိရာဘက်ကိုအသင့်လှည့်ပြီးသားတွေ့ရတဲ့အခါ သူရ...ချစ်သူငယ်ချင်းကို ကျေးဇူးတင်ရပါတယ်။ ဘာပဲဖြစ်ဖြစ် တို့တွေက သူငယ်ချင်းဖြစ်ကြတာပဲ မဟုတ်လား။ တံခါးကိုအသာဖွင့်.... အသာချပြီးထိုင်စေကာ ကျွန်တော့်ကို မျက်ဝန်း တွေနှင့် တွေတွေစိုက်ကြည့်နေတာ စူးစူးနင့်နင့်။ ဒီလိုအကြည့်တွေမှာ နစ်မြောခဲ့ရတာ ရင်ခုန်တိမ်းမူးခဲ့ရတာ။


အရှေ့ဆီက ရောင်ခြည်တွေထွန်းလင်းစ မနက်စောစောကြောင့်ထင်ပါရဲ့ အမှောင်တွေကွယ်ပျောက်စပြုလာတယ်။ ခပ်သွက်သွက် မောင်းလာတဲ့ ကိုကြီးလက်တွေက ကျွမ်းကျင်စွာ စတီယာရင် ကိုလှည့်ပတ်လို့။ ဒါပေမဲ့ မျက်လုံးတွေက နောက်ကြည့်မှန်ကနေ အဆက်မပြတ်ကြည့်နေ အကဲခတ်နေတာမကြာခဏ။


မရည်ရွယ်ခဲ့ပါဘူး။ အရိုင်းစိတ်လေးတွေဝင်ခဲ့မိတယ်လို့ပဲ သဘောထားပေးပါနော်။


ချစ်လို့ ...ချစ်ဖို့မဖြစ်နိုင် တော့မှာစိုးရိမ်လို့ ကျွန်တော်........။


'Sorry....I'm so sorry'


'Nice to meet you, Steven'


စကားတွေကိုပြန်မပြောပဲ မျက်ရည်တွေဝေ့နေတဲ့ အကြည့်မျက်ဝန်းတွေကတစ်ဆင့် ကိုကြီးရင်ဘတ်ကိုလှမ်းမြင်နေရပါတယ်။ ကျွန်တော်နားလည်ပါပြီဗျာ ကိုကြီးက ကျွန်တော့်လိုထုတ်ဖော်ပြီး မချစ်ပြတတ်သူဆိုတာ။


ကားကလေးက ခပ်သွက်သွက်နှင့် ခရီးမိုင် အတော်များများကိုဖြတ်သန်းလာခဲ့ပါပြီ။ စိတ်တွေအေးဆေးသွားပြီဆိုတော့မှ ခရီးမိုင်အတော်များများကို ညကလာခဲ့တယ်ဆိုတာ သတိပြုမိရပါတော့တယ်။


နေရောင်ခြည်ကတော့ နှင်းမှုန်တွေကြားကနေ ထွက်ပြူစပြုလာပါပြီ။ ခပ်သဲ့သဲ့လေးလင်းလို့....။


'ဒုန်း.......' ဆိုတဲ့အသံနှင့်အတူ မိတ်ဆွေကြီးဖြစ်တဲ့ အမှောင်ကမ္ဘာကြီး တစ်လှည့်ရောက်လာပြန်ပေါ့။


နောက်ကိုပဲလှည့်ကြည့်နေတဲ့ သူ့ကြောင့်လို့ အပြစ်မတင်ရက်ပါ။ ......တစ်စက္ကန့်.........၅မိနစ် .......မိနစ် ၂၀..........။


x x x


နွေးထွေးစိုစွတ်တဲ့ နှုတ်ခမ်းဆီက အတွေ့၊ ရင်ဘတ်ဆီကို ခပ်ဖွဖွတို့ထိလာတဲ့ လက်အစုံတို့ကြောင့် ကျွန်တော် မျက်မှောက်ကမ္ဘာကို ပြန်လည်ရောက်ရှိ......နိုးထလာခဲ့ပါပြီ။ အို.....နဖူးမှာ သွေးစအနည်းငယ်နဲ့ ကိုကြီး။ စိုးရိမ်မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေတာ....အခုတော့ အပူလုံးကျသွားရောပေါ့နော်။


မျက်ရည်ကျတာ ယောက်ျားတွေရဲ့အလုပ်မဟုတ်ဘူးလို့ ကိုကြီးကပြောခဲ့ဘူးတယ်နော်။ ဘယ်တုန်းကမှ မျက်ရည်ကျ အောင်မခံစားခဲ့မိဖူး ဘူးကျွန်တော်။ ဒါကြောင့် မျက်ရည်မကျမိအောင်ကြိုးစားရင်း အလိုလို မျက်နှာကြောတင်းလာခဲ့တယ်။ ဒါပေမဲ့...အချစ်ဆိုတာ ရင်ထဲဝင် ရောက်လာခဲ့တဲ့အခါ ချိုချဉ်စပ်ခါးအရသာများစွာဖြင့် လူသားဆန်ခဲ့ရပါတယ်။


ဟင့်အင်.......ဝမ်းသာမျက်ရည်ပါဗျာ။ ကိုကြီးလည်း မျက်ရည်မကျနဲ့တော့ ကျွန်တော်လည်း.....မ...ငို.....တော့.....ဘူး။


ကောင်းကင်ဘုံက ဘုရင်းသခင်သာကြည့်နေရင် ပြုံးရွှင်နေတဲ့ ချစ်သူနှစ်ဦး......လူသူကင်းမဲ့ရာ ဒေသကနေ လူတွေအလွန်ရှုပ်ထွေး အပူအပင်တွေများလှတဲ့ လူစုလူဝေးရှိရာ အရပ်ကို ဇွတ်တိုးဝင်ဖို့ ကားတစ်စင်းနှင့် မောင်းထွက်သွားတာကို စိတ်ပျက်လက်ပျက် နဲ့များကြည့်နေမလားပဲ။


မဟူရာရောင်တောက်ပနေတဲ့ လမ်းမတစ်လျှောက်......နေအလာ နှင်းပျောက်ချိန်။ သစ်ပင်တွေထက်မှာလည်း သစ်ရွက်တွေ ဟာစွေးစွေးနီလို့။


ကားပြူတင်းကတစ်ဆင့် တိုးဝင်လာတဲ့ လေအေးအေးလေးကြောင့် ကိုကြီးပုခုံးဆီ ကျွန်တော် တိုးလို့ကပ်မှီရင်း... ..ငြိမ်သက် လိုက်ပါသွားရပေါ့။


ကိုကြီး..'I Love You'...။


x x x




ဝရံတာ အကျယ်ကြီးမှာ တစ်ယောက်တည်းရပ်နေကာ ကောင်းကင်ပြင်ကျယ်ကြီးကို မော့ကြည့်မိသည်။ ကျယ်ပြောလိုက်တာ..။


အောက်ကိုငုံ့ကြည့်လိုက်တော့လည်း လူတွေ ကားတွေက အလျှိုလျှိုသွားလာလှုပ်ရှားနေကြသည်။


ခပ်လှမ်းလှမ်းက ပင်လယ်အနားသတ်ကိုကြည့်လိုက်တော့လည်း လှိုင်းလုံးပြာပြာတွေက တက်လိုက်ကျလိုက်..။


နေရောင်ကလည်း သိပ်မပူပြင်းတော့ အရာအားလုံးဟာ သာယာနေကြသလိုပဲ။


ပုခုံးထက်ကနွေးထွေးတဲ့လက်တစ်ဖက်ကြောင့် အနားကို ကိုကြီးရောက်လာမှန်းသိလိုက်ရသည်။ ကိုယ်သင်းနံ့မွှေးရီရီက တိမ်းမူးဖွယ်ပင်။


'ဘာလည်းကိုကြီး..ဘာကိုသဘောကျနေတာလည်း'


'ညီ့ဒိုင်ယာရီကို ဖတ်ပြီးသဘောကျနေတာ...ဟုတ်လား။


အင်းဟုတ်တယ်...အဲဒီကဗျာလေးက ကျွန်တော့်ခံစားမှုနဲ့ တိုက်ဆိုင်လို့ ကူးရေးထားတာဗျ။'


ဝင်္ကပါ မုဆိုး


တောနဲ့ တောင်နဲ့


ကျေးငှက်သာရကာနဲ့


တိတ်ဆိတ်မှုနဲ့


ကြည်နူးစရာ


အာရုံမှာဝိုးတဝါး။


နေလာလည်း နှင်း မပျောက်ဘူး


ခံစားချက်တွေလည်း မငြိမ်းသက်နိုင်သေးဘူး


မကျွတ်လွတ်သူ လူစစ်စစ်မို့


တရားရှာလည်း တရား မတွေ့သေးဘူး။


သံသရာ တစ်ကွေ့မှာ


ဒုက္ခကို ဝါးမျိုပြီး


ဒုက္ခကို စွန့်ပစ်ချင်သူ လူငယ်လေး တစ်ဦးပါ


မေတ္တာကို ဝါးမျိုပြီး


မေတ္တာကို ပေးဆပ်ချင်သူ လူငယ်လေး တစ်ဦးပါ


နှုတ်ဆိတ်


ရပ်တန့်


ပစ်မှတ်ရဲ့လားရာ


မြားကို ချစ်ခြင်းတရားဆီ အထပ်ထပ် ပစ်လွှတ်လိုက်ပါတယ်။


(လူဇော်သစ်)


ကျွန်တော်တော်တော်လေးကို ကြည်နူးချမ်းမြေ့ရပါပြီ။ ဘဝဟာ အားလုံးအိုကေစိုပြေသွားပြီမဟုတ်လား။ လူဆိုတာ ချစ်ရမှနေပျော်မှာတဲ့။ ဟုတ်တယ် ကျွန်တော်ချစ်ရတယ် အချစ်ခံရတယ်။ ကျောင်းကိုလည်း အဆင့်မြင့်မြင့်တက်နိုင်ပြီ။ ကိုကြီးလည်း အလုပ်မှာရော ဘဝမှာရော ဘာအနှောင့်အယှက်မှမရှိတော့ဘူး။ ပတ်ဝန်းကျင်ကတော့ အသစ်၊ လူမှုပတ်ဝန်းကျင်ကလည်း အသစ် ဒါပေမဲ့ ကျွန်တော်တို့ကို တသား ထဲ ဆက်ဆံတတ်ကြတယ်။ ကျွန်တော်တို့ချစ်ခြင်းကိုလည်း ဖြစ်ရိုးဖြစ်စဉ်တစ်ခုလိုသာ သဘောထားကြတယ်။ ကဲ...ဘယ်လောက် သာယာလိုက်သလည်း။


'ဟုတ်..ကိုကြီး သွားကြတာပေါ့။ မာမီတို့ဆီ စာသွားထည့်ရင်း လက်ဆောင်လေးတွေပါ ဝယ်ထည့်ပေးရတာပေါ့ဗျ။'


'ဒါလေးတွေကြောင့် ချစ်နေရတာ'


'အဲလိုမဟုတ်ဘူးဆိုရင် ချစ်တော့ဘူးပေါ့လေ....ဟုတ်လား။ ဟား ဟား'


စိမ့်ကနဲအေးလာတဲ့ ပြတင်းပေါက်ကလေကြောင့် တံခါးတွေကိုပိတ် ယင်းလိပ်တွေကိုအသာချရင်း မီးပွင့်တွေကို ပိတ်လိုက်ဖြစ်ပါတယ်။ ကိုကြီးက စာသွားထည့်ချင်လို့တဲ့လေ။


ညနေချမ်းလေးဟာ အအေးပိုလာတာကြောင့် နှစ်ဦးသားလှေကားတွေကတစ်ဆင့်သာ ခပ်သွက်သွက်ဆင်းဖြစ်ခဲ့ကြတယ်။ ကျွန်တော် တို့ခြေသံတွေဟာ တဒေါက်ဒေါက်ပေါ့။ Lobby ထဲအရောက် နှင်းဆီရနံ့လေး ထုံသင်းသွားတာကြောင့် ဝေ့၀ဲကြည့်လိုက်တော့ ကောင်လေး တစ်ယောက်က ချစ်စရာကောင်မလေးကို ချစ်ရည်ဝေ့နေတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်ရင်း ပန်းစည်းတစ်ခုကို ဆက်သနေ တာကို မြင်ဖြစ် အောင်မြင်လိုက်ရသေးတော့တာ။


'ဘယ်လိုလည်း ဟန်နီ...မင်းကော ပန်းစည်းလေးမလိုချင်ဘူးလား။'


'ဟင့်အင်......အဲဒါလိုချင်ဘူး.....ဟိုဟာလိုချင်တယ်.....ဟိ'


'ဘာလိုချင်တာ.....လာထား.....'


'ဟား......ဟား'


ရယ်သံများဟာ ကြည်နူးမှုအပြည့်။



Alex Aung


Ref: 'No Regret' Movie (Korean)

No comments: