Tuesday, May 16, 2023

No Regret (Part I)

နောင်တမရခဲ့ပါ (အပိုင်း တစ်)






ပြာလွင်နေသောကောင်းကင်ပြာပြာ ကြည်လင်နေသောရေ ပြာပြာရှိရာတောင်ကျစမ်းချောင်းထဲမှာ ကျွန်တော် လွတ်လွတ် လပ်လပ်ကူး ခပ်နေချိန် ဘဝဟာစမ်းရေကြည်လိုချိုမြိန်ပါရဲ့။ ချောင်းရိုးတစ်လျှောက်အားရပါးရကူးခပ်အပြီး သဘာဝပတ်ဝန်း ကျင်ကိုပုံတူကူးဆွဲနေသူ အဖြူရောင်ကျောက်ဆောင်တွေပေါ် ထိုင်နေတဲ့ ကျွန်တော့်သူငယ်ချင်းရှိရာကို လှမ်းလာခဲ့ပါတယ်။ သီဟဆိုတဲ့ ကျွန်တော့် သူငယ်ချင်း လေး နဲ့ ကျွန်တော် လိမ္မော် ခင်းကအပြန် အိမ်မပြန်သေးဘဲ အေးအေးသက်သာ ကြည်နူး ချိန်ယူနေကြတာနေ့စဉ်ပေါ့ ဒီချောင်းရိုးလေးမှာ။ ခဲပန်းချီကို ကျွမ်းကျွမ်းကျင်ကျင်ခြစ်နေတဲ့ သူ့ဘေးမှာထိုင်လိုက်တဲ့အချိန် စာရွက်တွေကိုသိမ်းလိုက်ရင်း ကျွန်တော့်ပခုံးပေါ်သူ မှီလိုက်ချိန် မှာ ခံစားရတာက ရင်ထဲအဆုံးမရှိချမ်းမြေ့ခြင်းတွေ။ သူ့မျက်ဝန်း မှာ နှစ်လိုအားကိုးခြင်းတွေ နွေးထွေးတဲ့အချစ်အင်အားတွေ ကို မြင်နေရ သလိုပဲ။ ဘာပဲဖြစ်ဖြစ်သူဟာ ကျွန်တော့်အချစ်ဆုံး သံယောဇဉ်အရှိဆုံး ဘယ်သူမှအစားထိုးလို့မရမဲ့သူ...သူပါပဲ။


"ဟား....ဟား ခါးကိုအဲဒီလောက်မဖက်နဲ့ကွာ ငါယားတတ်တာသိရဲ့နဲ့"


"ဘာဖြစ်တာလည်းကွ ဖက်မှာပဲ၊ကိုယ့်သူငယ်ချင်းခါးကိုယ်ဖက်တာ...ကဲ"


"စက်ဘီးနင်းရတာမကောင်းဘူးကွ...စက်ဘီးလဲရင်မင်းရောငါ ရောနာမှာနော်။"


အိမ်အပြန်လမ်းတလျှောက် ခပ်ဖြည်းဖြည်းနင်းလာတဲ့ ကျွန်တော့်စက်ဘီးနောက်မှာသီဟကိုတင်နင်း၊ သူက နောက်ထိုင်ခုံမှာ ခွထိုင်ပြီး ခါးကိုတင်းတင်းဖတ် နောက် ကျောကိုခေါင်းမှီထားတာကိုး။


အင်း....နွေဦးလေပြေနဲ့အတူ လေလွင့်ရွက်ဝါကြွေတွေ ဝေ့၀ဲ နေတဲ့ လမ်းပေါ်မှာ နှစ်ဦးသားကြည်နူးနေရချိန်ဟာ သိပ်မကျန် တော့ပါလား။ ကောလိပ်တက်ဖို့ငွေကြေးပြည့်စုံအောင် မြို့တက် ပြီးငွေရှာရမယ်.. ..ကျွန်တော့် ရှေ့ရေးအတွက်။


ကျောပြင်ပေါ်မှာ စိုစွတ်မှုကိုခံစားရတော့ စက်ဘီးနင်းတာကိုရပ် နောက်ပြန်လှည့်အကြည့်မှာ သူ့မျက်ဝန်းတွေက မိုးတွေရွာ နေ ပါလား.... " မငိုပါနဲ့လားကွာ. ..ငါလည်းမင်းနဲ့ဒီလိုအမြဲနေချင် တာပါပဲ။"သိပ်ချစ်စရာကောင်းတဲ့သူငယ်ချင်းလေး စကားနား ထောင်တယ် မျက်ရည် တွေကိုသုတ်ပြီး အပြုံးတွေနဲ့ပြန်လည် စိုပြေစေ တော့တာ ချက်ချင်းလိုပဲ။ သူ့အိမ်ကိုရောက် တော့ စကားမဆိုဖြစ်ကြဘူး တိတ်တဆိတ် ဝင်သွား တယ်အိမ်ခန်းထဲကိုလေ။ ကျွန်တော်လည်း ဘာမှမပြောဖြစ်ပေမဲ့ မျက်ဝန်းမှာ ပုလဲတွေခိုသီလာတာ မျက်တောင်များကို ခပ်သွက် သွက်အလုပ်ပေးရင်း စက်ဘီးကိုဖိနင်းရင်း....ဟား..။


အမေရယ် အဖေရယ် ညီလေးရယ် ညစာကိုတိတ်တိတ်ဆိတ် ဆိတ်စားသောက်ဖြစ်ရင်း နက်ဖြန်အတွက်ပြင်ဆင်ထားတာ တွေကိုသာ အာရုံစိုက်သယောင် လုပ်ဆောင်နေမိကြတယ်။


အဖေကသားတစ်ယောက်တိုးတက်ဖို့ မျှော်လင့်ချက်တွေများ နေပုံပဲ။ဒီမှာဆို ရွာကစိုက်ပျိုး ရေးလုပ်ငန်းတွေမှာသာ လုပ်ကိုင် နေထိုင် သွားရမှာ။ မြို့ကြီး...မြို့ကြီးဆိုတာ တောနေလူတွေ အတွက် အိပ်မက်မဟုတ်လားလေ။ အမေကတော့သားနဲ့ခွဲရမှာ မို့ မျက်ရည်စမ်းစမ်းနဲ့ ကျွန်တော်ကြိုက်တဲ့ဟင်းတွေကို ပန်းကန်ထဲ ထည့်ပေးနေလေရဲ့။ ကျွန်တော့် ညီလေးကတော့ အစ်ကို့ကို အားကျတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့် တယ်ပေါ့ အဲဒီညချမ်း လေးမှာ။ ကျွန်တော်ကရော မိဘတွေ မောင်ဖွားတွေနဲ့ခွဲရမှာကို ဝမ်းနည်းနေသလား သီဟနဲ့ခွဲရမှာမို့ လစ်ဟာနေသလား နက်ဖြန်နေ့ရက်တွေအတွက် ရင်ခုန်နေသလား ရောထွေးနေတဲ့ စိတ်နဲ့ ရင်ထဲမှာဟာတာတာ။


အင်း....အဝတ်အစားတွေထည့်ပြီးပြီ ငွေအနည်းငယ်လည်း ထည့်ပြီးပြီ အမေ့ရဲ့မှာတမ်းကိုလည်းစာအုပ်လေးထဲချရေးပြီးပြီ။ ဒီငွေရောင်သော့တွဲ....သော့တွဲငယ်လေး..အထက်တန်း ကျောင်းရဲ့နောက်ဆုံးနေ့ရက်လေးတစ်ရက်မှာ ပေးခဲ့တဲ့သူ့ လက်ဆောင်လေးရယ်ပါ။


နှောင်တည်းထားတဲ့ ကြိုးတွေကို နောက်ဆုံးအနေနဲ့ အတူ ပျော်ရွှင်ခဲ့တဲ့ နေ့ရက်အမှတ်တရဓာတ်ပုံတချို့ကို အတန်ကြာ စိုက်ကြည့် မိရင်းအားလုံး အားလုံးကို အဆုံးသတ်လိုက်တယ်။ နေရာဒေသသစ်ကို လှမ်းရတော့မယ့်ခံစားချက်က ရင်ထဲပြင်း ပြင်းပြပြ။


မသွားချင်ဘူး....မသွား တော့ဘူး...ဟင့်အင်....သွားမှဖြစ်မယ်. ..သွားတာကောင်းပါတယ်လေ...။


"သားကျန်းမာရေးကို ဂရုစိုက်နော်၊ငါ့သားကလိမ္မာပြီးသားပါ အထူးမှာစရာမလိုဘူး၊စာရေးနော်။" အဖေကမှာတယ်။


"ငါ့သားထမင်းကိုဝအောင်စားနော်၊ မြို့မှာအဆင်မပြေရင် အမေ့ အိမ်ကိုပြန်လာခဲ့။"တဲ့ အမေရယ်မျက်ရည်ဝဲရင်းဆိုပြန်တယ်။


"ကိုကြီး ကျွန်တော့်အတွက် ဖတ်စာအုပ်လေးတွေဝယ်ထည့်ပေး လိုက်နော်။"လို့ ညီလေးကမှာတမ်းချွေတယ်လေ။


ကျွန်တော့်သူငယ်ချင်းလေးကရော စကားတစ်ခွန်းမှ မဆိုတော့ဘူး ကျွန်တော်သွားလာလှုပ်ရှားနေတာကို မျက်တောင် မခတ် တမ်း လိုက်ကြည့် စိုက်ကြည့်တယ်၊ အထုပ်အပိုးတွေကိုကိုင် တွယ်ပြီးလိုက်ပို့ဖို့ပြင်တယ်။ မိဘတွေရှေ့မှာ ဒီထက် ပိုလို့မရ တော့တာမို့ မျက်ဝန်းတွေကသာ စကားဆိုရင်းပေါ့ နှုတ်ဆက်... .နှုတ်ဆက်ဖို့ကြိုးစား..။


ဒီအဝါရောင်လမ်းလေး..လမ်းသွယ်လေးထဲ ဘယ်အချိန်ပြန် လာနိုင်မယ်ဆိုတာမသိသေးဘူး။


သွားစမ်း ဒီသစ်ရွက်ကြွေ တွေ....ငါ့ခန္ဓာ ကိုယ်ပေါ် မကျကြစမ်း နဲ့။ဒီမျက်ရည်တွေကရော ဘာကိစ္စကျနေရတာလည်း...ငါ...ငါ သေရွာကိုသွား နေတာမှမဟုတ်တာ။


လေနုအေးတွေ တိုက်ခတ်မယ့် အာရုဏ်သစ် မြို့ကြီးဆီကိုသွား ရမှာပဲ။ လက်တွေဝှေ့ယမ်းနေတာ သူတို့မျက်ဝန်းတွေမှာ ခွဲခွာရ ခြင်းကိုခံစားနေကြရတာတွေက ကျွန်တော် အဝါရောင်လမ်း လေးကနေ......အနီရောင်လမ်းမပေါ် ခြေလှမ်းတွေတင်ဖို့ တွန့် ဆုတ်စေတာတော့အမှန်ပါပဲ။


နှုတ်ဆက်ခဲ့ပါတယ်....နှုတ်ဆက်ခဲ့ပါပြီ ထင်းရှုးနံ့သင်းတဲ့ လမ်းကလေးရယ်။


ခပ်မြင့်မြင့်ရှိနေတဲ့ တောင်ကုန်းကတစ်ဆင့်အဆင်းမှာတော့ မြို့ကြီးကိုသယ်ဆောင်သွားမယ့် ဘူတာကြီးရှိပါတယ်။ လူတွေ များအုပ်စုလိုက်သွားနေကြတာ များမှများ။ ဒီတော့ကျွန်တော် လည်း ခပ်သွက် သွက်သွားမယ် ခြေလှမ်းတွေကို သွက်လိုက် စမ်း.....နှောင့်နှေးမနေနဲ့တော့ကွာပေါ့။


"တူ..တူ" ခုတ်မောင်းလာတဲ့ ရထားကြီး ဘူတာကိုဆိုက် ရောက်လာတော့ ကျွန်တော် လက်မှတ်ကိုအသင့်ပြင်ရင်း ရထားပေါ်ကို တစ်လှမ်းခြင်း..တစ်လှမ်းခြင်း..။


ကျွန်တော့်ခြေထောက်တွေက ရထားအပေါ်မရောက်ချင်တော့ဘူးထင်ရဲ့ လေးကန်လိုက်တာ။


x x x


ကျော်ကျော်...မြို့ရောက်နေတဲ့သူငယ်ချင်းတစ်ဦး။ ရွာကထွက် ခွာသွားတာကြာပြီဖြစ်တဲ့ ဘော်ဒါအသိတစ်ယောက်ပေါ့။ သူ့ ဆက်သွယ် ပေးမှုကြောင့် နို့ဘူးတွေကို ပက်ကင်ထည့်ပေးတဲ့ စက်ရုံမှာအလုပ်ရခဲ့ပါတယ်။ ရောက်ခါစမှာတော့ သိပ်အဆင် မပြေသေးပေမဲ့ ကြိုးစား လုပ်ကိုင်ခဲ့ပါတယ်... အလုပ်ဟူသမျှ ကျွန်တော့်အတွက်ဂုဏ်ရှိစွမဟုတ်လား။


တရွေ့ရွေ့လည်ပတ်နေတဲ့ ပတ်လမ်းပေါ်မှာ တရွေ့ရွေ့လည် ပတ်နေတဲ့နို့ဘူးလေးတွေက အစီအရီ။


"သူငယ်ချင်း...ဘယ်လိုလည်းအလုပ်လုပ်ရတာအဆင်ပြေလား၊ပင်ပန်းနေလား။"


"ဒီလိုပဲပေါ့ကွ.....ငါမပင်ပန်းပါဘူး....ကျေးဇူး။"


ညနေ၅နာရီဝန်းကျင်မှာ လည်ပတ်နေတဲ့စက်ရုံကြီးတစ်ခုလုံး တိတ်ဆိတ်လို့။ ကိုယ်စီကိုယ်စီ ပြန်ဖို့ပြင်ဆင်ကြရင်း ကျွန်တော့် စိတ်ထဲ ဘာလည်းတော့မသိဘူး။ ပျော်ရွှင်တာလား.....အားရ တာလား အလိုလိုမြောက်နေသလိုပဲ... .အလုပ်လုပ်ရလို့လား... ဒါမှမဟုတ်။


"ဘိုင့်ဘိုင်....ပြန်ပြီဗျ၊ ခင်ဗျားတို့ရောပြန်တော့မှာလား"


"အေးကွ....ဂရုစိုက်သွားနော်"


"ဟုတ်" ခင်ဖို့တော့အကောင်းသား အလုပ်လုပ်တဲ့နေရာမှာ အကူအညီပေးတတ်တယ်။ အသစ်တွေကိုနားလည်မှုပေး တတ်သားပဲ။


လမ်းမတစ်လျှောက် လျှောက်လာရင်း အင်တာနက်ကဖေးကို ခဏဝင်ဖြစ်ပါတယ်။ အချိန်ပိုင်းအလုပ်တွေရှာဖွေဖို့ပေါ့ဗျာ။ အွန်လိုင်းကတစ်ဆင့် အလုပ်ရှာဖွေရတာက ကျွန်တော့်အတွက် အဆင်ပိုပြေတာကြောင့်လေ။


"တီ...တီ" ရုတ်တရက် လက်ထဲကိုင်ထားတဲ့ ဟမ်းဖုန်းကအသံ မြည်လာတယ်...သူငယ်ချင်းလေး သီဟဆီကပေါ့။ လွမ်း ကြောင်း..... မြို့ပေါ်မှာ လူရှုပ်တွေ များသတဲ့၊ သူကိုသတိရ ပါဆိုတဲ့အကြောင်းတွေလေ။


သူပြောသလို မြို့က မာယာများမယ် မထင် ပါဘူး... ပျော်စရာ ပါ။


အိမ်နား....သူငယ်ချင်းကျော်ကျော်ရဲ့ အိမ်ခန်းနားရောက်တော့ စတိုးဆိုင်ထဲဝင် ခေါက်ဆွဲထုပ်တွေ၊ မုန့်တွေ.....နို့ဘူး.. ..အင်း. .. ကိုယ့်စက်ရုံ ကထုတ်တဲ့နို့ဘူးကိုယ်ပြန်ဝယ်သောက်ရ ပြန် တယ်။ပြီးတော့လည်း ပိုက်ဆံအိတ်လေးကို ဂရုတစိုက်.. ..ပြန် ထည့်ရ တယ်...မြို့မှာငွေကအရေးကြီး သမို့။


အိမ်အပြန်လှေကားတွေပေါ်ခက်သွက်သွက်တက်ရင်း မြင်ရတာ ကတော့ တိုက်ခန်းတွေက ပဆစ်အိမ်လို ကျဉ်းမြောင်း နေသ လို... အသက် ရှူကျပ်သလို ထင်ရတဲ့ ခံစားရတဲ့ မြင်ကွင်းတွေ မြင်ရပြန်တယ်။ ဒါဟာမြို့ပြဆိုတဲ့....မြို့ပြပါပဲ။ ဒါဟာအရေးကြီး သလား အခုအချိန် မှာ မစဉ်းစားနိုင်သေးပါ။ ကောလိပ်တက်ဖို့ ပိုက်ဆံစုမိဖို့သာအဓိကရည်ရွယ်ချက်ဆိုတော့။


ညနေခင်းအခန်းထဲမှာကျော်ကျော် တစ်ယောက် အပြတ်ရှိုင်းနေ လေရဲ့။ သူ့မျက်နှာမှာ အပြစ်အနာအဆာရှာနေသည့်အလား မှန်ကိုစိုက်ကြည်နေတော့တာ။ သန့်ပြန့်နေသည့်သူ့အသွင်က နေ့လည်ကပုံစံနှင့်လုံးဝမတူတော့။


"အဝတ်တွေလဲနေတာ ဘယ်သွားမလို့လည်းဗျ"


"ငါလား....ငါညပိုင်းအလုပ်လုပ်မယ့် ဘားကိုသွားမလို့လေ၊ အဲဒီမှာလုပ်ရတာကောင်းတယ်ကွ၊ မင်းလည်း ကောလိပ်အ တွက်ငွေစုနေတာ မလား...ငါနဲ့လိုက်ခဲ့မလား။"


"ဟုတ်လား...တကယ်လား..မင်းအဲဒီမှာအလုပ်လုပ်ရတာအဆင်ပြေတယ်ဆိုရင် ငါလည်းစိတ်ဝင်စားပါတယ်။


'ငါ့ကောင်ရ အဲဒီလောက်ဆိုတော်လောက်ပါပြီကွာ မင်း ကသန့်ပြန့်ပြီးသားပဲဟာ"


"ဒီလောက်သန့်မှ အလုပ်ကအိုကေမှာကွ....စကားမစပ် မင်းကို ပြောပြရဦးမယ်၊ နိုက်ကလပ်တစ်ခုမှာ အလုပ်လုပ်တုန်းက မမ တစ်ချို့နဲ့ လိုက်လိုက်သွားတော့ ငါ့လက်ကိုကိုင်ကြည့်ပြီး ကြမ်း တယ်နော်တဲ့။ ကျွန်တော်က ဂေါ့ဖ်ကစားလို့ပါလို့လိမ်ပြော ရတာ ပေါ့ကွာ၊ ငါ့ကိုယ်ငါသိပါတယ် ငါကလူချောပဲ ဟုတ်တယ်မလား .. ဟား...ဟား"။


ဒီကောင်တော်တော်တော့ မလွယ်ဘူး။ငွေတော့အဆင်ပြေပုံပါ ပဲ....ညပိုင်းကလပ်မှာအလုပ်သွားလုပ်တာ အဲဒီလောက် သန့် ပြန့်ဖို့ လိုသလားတွေးမိပါတယ်။ ဘာပဲဖြစ်ဖြစ်လေ နေ့ပိုင်းအ လုပ်အပြင် ညပိုင်းအလုပ်ပါအဆင်ပြေရင်တော့ ကောလိပ် တက်တဲ့ အခါစိုပြေမယ်ထင်ပါရဲ့။


x x x


အိပ်မက်ဆိုတာ အလိုဆန္ဒရဲ့ခြေရာ


မျှော်လင့်ခြင်းဟာလေ မမြင်နိုင်တဲ့လမ်းကလေး


ကိုယ့်စိတ်ကူးနဲ့ တိတ်တဆိတ်လျှောက်နေပါ့မယ်.....။


ရေပန်းကတစ်ဆင့်ကျလာတဲ့ရေမှုန်ရေမွှားတွေ....ခန္ဓာကိုယ်ကိုထိခတ်တာအဆက်မပြတ်။စိတ်ထဲမှာတော့ ရေချိုးနေတာ ကို မေ့မေ့ လျော့လျော့ကိုဖြစ်လို့။ အတန်ကြာရေချိုးပြီးမှ ရေချိုးခန်း ထဲကထွက်လာမိတယ်။ "တီ....တီ"ကုတင်ဘောင်ပေါ်တင်ထားတဲ့ ဟမ်းဖုန်းလေးက အသံမြည်လာတော့ ဘယ်သူ့ဆီကများလည်း...။


"ဟုတ်ကဲ့ပါ...ကျွန်တော်အခုချက်ချင်းလာခဲ့ပါမယ်ခင်ဗျာ့... ကျေးဇူးပါ။"


အချိန်မဆိုင်းအဝတ်တွေခပ်သွက်သွက်လဲရင်း သီးသန့်လူကုံထံ သူဌေးရပ်ကွက်တစ်ခုက အရက်ဘားကိုအမြန်သွားရတာပေါ့။ ကိုယ်ရတဲ့အချိန်ပိုင်းအလုပ်လေးကို တာဝန်ကျေပွန်မှကောင်း တာလေ။


တံခါးကိုအသာတွန်းဖွင့်လိုက်စဉ်မှာတော့ မီးရောင်မှိန်မှိန်ထွန်း ထားတဲ့ ဘားအတွင်းမှာ မွှေးရနံ့တစ်ချို့သင်းပျံ့နေပါရဲ့။ ကိုယ်စီ ကိုယ်စီ စားပွဲဝိုင်းတွေမှာအေးအေးသက်သာ အပန်းဖြေနေကြ တဲ့ လူတွေကအများသား။ ဟော.....ပြောထားတဲ့ခုံနံပါတ်မှာ ခေါင်းငိုက်စိုက်ချ သောက်နေတဲ့ ခပ်သန့်သန့်လူရွယ်တစ်ဦး။ သူ့ကိုကြည့်ရတာ ဘာကိုများ စိတ်ဆင်းရဲနေပါလိမ့် သူများတွေ လိုမဟုတ် တစ်ယောက်တည်း။


]] private taxi အတွက် ရောက်ပါပြီခင်ဗျာ့ /}}


]]...........................................}}


သူ့ဆီကစကားသံသိပ်မကြားရဘူး။ စကားမဆိုနိုင်လောက် အောင်များကြီးကျယ်နေသူလားမသိ။ နောက်တော့မှ ပက်ကင် နံပါတ် ၃၃၆မှာ ထိုးထားတဲ့ကားကိုသွားမောင်းယူလာပြီး စောင့် ဖို့ပြောကာ ကားသော့ကို ပေးတော့တယ်။ ...ကျွန်တော့်ကို မော့ကြည့်တဲ့ သူ့မျက်ဝန်း တွေကတစ်မျိုးပဲ။


ညှင်းသွဲ့သွဲ့တိုးဝင်လာတဲ့နွေဦးလေပြေတွေနှင့်အတူ ရွက်ကြွေ တွေကို သူငေးကြည့်နေသလား ဘာတွေကိုတွေးနေပါသလဲ။ ချစ်သူသက်ထား ကိုသတိရနေတာလား။ ငါနဲ့တော့မဆိုင်ပါဘူး လေ.။ နောက်ကြည့်မှန်ကတစ်ဆင့်အကဲခတ် ကြည့်တော့ သူ ကျွန်တော့်ကိုစိုက်ကြည့် နေသလိုပဲ။


"စီဒီဖွင့်လိုက်ပါ....မင်းဘေးနားမှာ သီချင်းစီဒီတွေရှိတယ်။"


"ဆောရီး...ဒီအခွေလေးထည့် လိုက်မယ်နော်.." လို့ပြောရင်း သီချင်းစီဒီလေးကိုထိုးထည့်လိုက်တယ်ဖွင့်စက်ထဲကို။


ငြိမ့်ငြိမ့်ညောင်းညောင်းထွက်လာတဲ့ ဂီတသံနဲ့အတူသူကျေနပ် နှစ်သိမ့်မှုတစ်ခုရသွားတယ်ထင်ပါ့. ..အပြုံးတစ်ခုတွဲလွဲခိုလာ တယ် သူ့နှုတ်ခမ်းဖျားမှာ။ ကားကိုဂရုတစိုက်မောင်းနှင်ရင်း မြို့စွန်ကနေမောင်းထွက်လာကြတယ် သူ့အိမ်ခန်းရှိရာ မြို့တွင်းကိုပေါ့။ ကားက လည်းကောင်းလိုက်တာ ငြိမ့်နေတာ ပဲ.....ကိုယ်ပိုင်ဘယ်တော့များမှရမလည်း....ဒီလိုကားလေးကို မောင်း ကိုယ်ပိုင်အိမ်ခန်းနဲ့ ခန့်ခန့်ထည်ထည် ကောလိပ် တက်ရရင် သူငယ်ချင်းတွေကြားထဲစတားပဲ။ အတွေးလေးရယ်မှ တလည်လည်ပေါ့လေ။


အိမ်ခန်းကို ရောက်ပြီးခဏ အပြင်မှာခဏစောင့်ရသေးတယ်။ မိနစ်အနည်းငယ်အကြာမှာတော့ "ကျွီ...."ဆိုတဲ့တံခါးပိတ်သံ နဲ့အတူ သူ့အိပ်ခန်းထဲကထွက်လာတယ် ပိုက်ဆံအိတ်ကိုကိုင် ရင်း။ ပိုက်ဆံကလုံလုံ လောက်လောက် မထည့်လာမိလို့တဲ့။ ဒီလူကြည့်ရတာ ပိုက်ဆံ နေထိုင်မှု အလုပ်အကိုင်ပြည့်စုံနေရဲ့ သားနဲ့ ဘာတွေ ဖြစ်နေသလည်း ခံစားချက်မျက်ဝန်း တွေနဲ့။ အလုပ်အကိုင်အကြောင်း ဘယ်မှာနေတာတွေမေးနေသေး တယ် အဲဒါသူနဲ့ဆိုင်လို့လား သူများအကြောင်းကိုစပ်စုတာ စိတ်အတိုဆုံးပဲ။ "ဟေ့...မင်းနာမည်ဘယ်လိုခေါ်လည်း...အချိန်ရရင်အတူ သောက်ရအောင်လား။"


ကျွန်တော်မကြားချင်ယောင်ဆောင်ပြီးထွက်လာခဲ့တယ်။ အခန်းလှေကားနားအရောက် သူ့အခန်းဖက်ကို ကြည့်လိုက် တော့ ဝရန်တာကနေကျွန်တော့်ကိုကြည့်နေဆဲ၊ သူ့ကိုကြည့်မှန်း သိတော့ လက်လှမ်းပြတယ်.. .သွားကွာ....ဘာ မှန်းမသိ။


x x x


မနက်ခင်းလေပြည်တွေနဲ့အတူ မအေးစက်နိုင်ဘဲ ကျွန်တော်တို့ တစ်တွေ ဘောလုံးကစားဖြစ်ကြတယ် အလုပ်နားချိန်မှာလေ။ ကျော်ကျော်ရယ် လုပ်ဖော်ကိုင်ဖက်တစ်ချိုု့ရယ် လွတ်လွတ် လပ်လပ်ပေါ့ဗျာ။


အလုပ်ထဲစိတ်နှစ်ထားသမျှ အခုမှစိတ်ထဲ နည်းနည်းပေါ့သွား တော့တယ်။ပြီးတော့ အလုပ်ဆက်လုပ်ကြပေါ့။ ညနေအရောက် အလုပ် ဆင်းချိန်ရောက်တဲ့အခါ ကျော်ကျော်က သူအလုပ်လုပ် တဲ့ဘားအကြောင်း မင်းအတွက်အလုပ်တစ်နေရာစာပြောခဲ့ ကြောင်း ပြောတယ်။ ကျွန်တော်ကလည်း အလုပ်အကိုင် အကြောင်း ကောလိပ်အတွက် ငွေစုဖြစ်ကြောင်းစသဖြင့်စကား တွေဆိုရင်း နှစ်ဦးသား အလုပ်ဆင်း ဖို့ပြင်ဆင်ပြီး ထွက်လာကြ တယ် စက်ရုံထဲကနေ။


အဲဒီအချိန် စက်ရုံတံခါးနားမှာ ကားခပ်သန့်သန့်တစ်စီးထိုး စိုက်လာတယ်...ပြီးတော့ ကားထဲမှလူရွယ်တစ်ဦးဆင်းအလာ စက်ရုံမှူးတွေ ဘာတွေက ပျာပျာသလဲကြိုကြပြုကြနဲ့။ ဘယ်သူ မှန်းတော့မသိဘူး.....။ နောက်ပြန်လှည့်ကြည့်လိုက်မိတော့ သူကျွန်တော့်ကိုစူးစိုက် ကြည့်နေရင်း စကားပြောဖို့ကြိုးစား တာလားမသိ ကျွန်တော်ရှိရာလှည့်ကြည့်လှည့်ကြည့်လုပ်ရင်း ကျွန်တော်ရှိရာလှမ်းလာတယ်။ သူ့ကိုဂရုမစိုက်ဘဲ ဆက် လျှောက်အလာ ကျော်ကျော်က "ဆွေမင်း....အဲဒီလူက CEO ရဲ့သားလေ။ မင်းဒီထက်ကောင်းတဲ့ရာထူးရချင်ရင် အတည် ဝန်ထမ်းဖြစ်ချင်ရင် သူကထောက်ခံပေးနိုင်တယ်ကွ။ သူနဲ့သွား စကားပြောပြီး မင်းရဲ့အကြောင်းပြောပြကြည့်ပါလား အကူအညီ ရ လိုရငြားပေါ့ကွာ။"


စိတ်ထဲထောင်းကနဲ ဒေါသထွက်သွားမိတယ်။ ကျော်ကျော်က ကိုယ်ချင်းစာစိတ်နဲ့ပြောတာမှန်ပေမဲ့ ကျွန်တော်အဲဒီလောက် နိမ့်ပါးနေသူ မှမဟုတ်တာ၊ကိုယ့်ဝင်ငွေနဲ့ ကိုယ်ရပ်တည်ဖို့ ကြိုးစားနေသူပဲဗျ။အလုပ်တစ်ခုမှာ လူတစ်ယောက်ထောက်ခံ ပေးမှ တည်မြဲမှာလား၊အဲဒီလူ ကြည်ဖြူမှ ရာထူးတိုးမတဲ့လား ..သွားစမ်းပါ။


လှေခါးလေးကနေတစ်ဆင့် ခပ်မိုက်မိုက်ရုံးခန်းတစ်ခန်းထဲကို ဝင်လာဖြစ်တယ်နောက်တနေ့မှာ။ စားပွဲခုံတစ်ခုမှာ ထိုင်ရင်း အလုပ်လုပ် နေတဲ့ သူဟာ ကျွန်တော်ဝင်လာတာကိုမြင်တော့ သူ့မျက်ဝန်းတွေမှာ အပျော်ရိပ်တွေထင်းလာတယ်။ "မင်းနဲ့ပြန် တွေ့ရတာဝမ်းသာ တယ်ကွာ၊ မင်းဒီစက်ရုံမှာအလုပ်လုပ်နေတာလား။ ငါဘာကူညီပေးနိုင်မလည်းမင်းအတွက်။ ဟောဒီမှာ ငါ့ရဲ့ လိပ်စာကဒ်။" ကျွန်တော် လာရင်းကိစ္စကို မပြောဖြစ်သေးဘူးသူ့ စကားတွေကိုနားထောင်ရင်း စိတ်ထဲဘာကိုမှန်းမသိ မကျေနပ် ဖြစ်နေတာ။ သူ့လိပ်စာကဒ်ကို လှမ်းပေးတော့... ဘာမှဆက် မပြောတော့ဘဲ သူ့အခန်းထဲကထွက်လာခဲ့တယ်။


သွားစမ်းကွာ...လက်အိပ်တွေ ဝန်ထမ်းဝတ်စုံတွေချွတ်ပြီး စက်ရုံ ထဲကထွက်လာခဲ့လိုက်တော့တယ်။ ငါ့ကိုဘာထင်နေ သလည်း မသိပေါ့ ကျွန်တော့်စိတ်ထဲမှာ ခံစားခဲ့ရတာက။ ဟား.......... သက်ခပ်ပြင်းပြင်းရှူရင်းတောင်ကုန်းလေးပေါ်ရှိအိပ်ခန်းကျဉ်းလေးကိုပြန်လာခဲ့တယ်။ ရေခဲသေတ္တာထဲကရှိတာလေးတွေ ထုတ်ပြုပြီးချက်ပြုတ်၊ပြီးတော့ထမင်းစားရင်း...ကျော်ကျော်ပြောတဲ့ဘားခန်းကို လှမ်းဖုန်းဆက်လိုက် တယ်။ လာခဲ့ပါတဲ့လေ.....။ ရေမိုးချိုးသန့်ပြန့်အောင်ပြင်ပြီး စစ်မြေပြင်တစ်ခုကိုထွက်ခွာလာ ရသလို လှမ်းဖြစ်ခဲ့ပါတယ်။


တောင်ကြားလမ်းတွေရှိတဲ့ ရပ်ကွက်တစ်ခုရဲ့ ခပ်မှောင်မှောင် လမ်းသွယ်လေးကတစ်ဆင့်ဝင်လာခဲ့တာ ဟောတွေ့ပါပြီ နီယွန် မီးတွေ လင်းနေတဲ့ ကားတွေစီရီနေတဲ့ ကလပ်ဘားတစ်ခု။ ရင်ခုန်ဖွယ် ဂီတသံတွေထုံမွှမ်းထားတဲ့ ကပွဲကြမ်းပြင် စား သောက်နေသူတွေ အစီအရီ ကာရာအိုကေအခန်းများက အဆို ဝါသနာရှင်တို့အတွက် ကလပ်ရဲ့ နောက်ပိုင်းအခန်းတွေမှာတော့...။


ဝန်ထမ်းအုပ်ချုပ်တဲ့မန်နေဂျာဆီရောက်တော့ ကျွန်တော့် တစ်ကိုယ်လုံးသူစိုက်ကြည့်ရင်း ကြောင်ပြုံးပြုံးပါရဲ့။ ...ဘာ ကြောင့်လည်း။


To be continued.....


Alex Aung


စာကြွင်း။ ။ ဒီဝတ္ထုလေးဟာ ကျွန်တော်လွန်ခဲ့သောနှစ်တွေတုန်းက ရေးပြီးတင်ခဲ့တဲ့ အခန်းဆက်ဝတ္ထုလေးပါပဲ။ အဓိက ဇာတ်လမ်းကတော့ ကိုရီးယားကားလေးတစ်ကား( No Regret) ကိုကြည့်ရင်း ခံစားချက်တစ်ခုဖြစ်တည်လာတာကြောင့် ကျောရိုးယူရေးဖြစ်ခဲ့ခြင်းပါ။ သူငယ်ချင်းတွေအားလုံးလည်းဖတ်ဖူးခဲ့ကြမယ်ထင်ပါတယ်။ အခုပြန်တင်ဖြစ်ရခြင်းက ကျွန်တော် စာရေးဖို့အချိန်မရတာများနေတဲ့အတွက်ကြောင့် သူငယ်ချင်းတို့လည်းမပျင်းရအောင် ပြန်လည်ဖတ်စေချင်တဲ့သဘောနဲ့ ပြည်လည်ဖော်ပြလိုက်ပါတယ်လို့နော်။

No comments: