New Year Eve 2009 အခါသမယလေးပါ။ စောစောပိုင်းအချိန်တွေတုန်းကတော့ ဒီညအပြင်လုံးဝ မထွက်တော့ဘူး အိမ်ထဲမှာပဲ တစ်ယောက်တည်းငြိမ်ငြိမ်ဆိတ်ဆိတ် ညနေခင်းလေးကိုကုန်ဆုံး စေတော့မယ်လို့ ဆုံးဖြတ်ထားတာ။ တီဗီဖွင့်ကြည့် ရုပ်သံအစီအစဉ်တွေပြောင်းကြည့်ရင်း မြို့တော် တစ်ခွင် ဒီရာသီအတွက် ပြင်ဆင်ထားတာတွေ ၊ ကလပ်တွေရဲ့ ပျော်ရွှင်ဖွယ်အစီအစဉ်ကြော်ငြာ တွေ တွေ့လာတော့ စိတ်ထဲမရိုးမရွဖြစ်လာရတယ်။ အပြင်ထွက်ဖို့...... သူငယ်ချင်းတွေနဲ့ အပီကဲ ဖို့ အမွှေးအမျှင်တွေရိတ်၊ ရေမိုးချိုး အတောက်ပဆုံးဖက်ရှင်ကိုဝတ်ပြီးတော့မှ ဧည့်ခန်းထဲမှာ ဟိုဒီ လမ်းလျှောက်ရင်း စိတ်ဒွိဟဖြစ်နေမိတယ်။ ခဏနေကတော့ အိမ်မှာပဲနေမယ်လို့ ဆုံးဖြတ်ထားတာ မလား။ ဟင်း.....နောက်နှစ်နာရီလောက်ကြာရင် ဘာတွေဖြစ်လာမလည်းဆိုတာ ဘယ်သူက သိနိုင်မှာတဲ့လဲ။ ကလပ်က ကပွဲကြမ်းပြင်ထက်မှာ ကိုယ့်ကိုယ်ကိုများ ပြန်ရှာတွေ့နေမလားမသိ။
ဒါပေမဲ့ အခုတော့ ဒိုင်ယာရီပေါ်မှာ စာတွေရေးရင်း ရီဝေေ၀ အရသာကိုပေးစွမ်းနိုင်တဲ့ ၀ိုင်ဖြူဖြူ တစ်ခွက်ကို တစိမ့်စိမ့်သောက်ရင်းပေါ့ ဧည့်ခန်းထဲက ဆိုဖာထက်မှာ။ ကျွန်တော်အမြဲတမ်း ခံစား မိရတာကတော့ ၀ိုင်ဖြူကို သောက်တာ မိန်းမဆန်တဲ့သူတွေအတွက်လို့ ဒါမှမဟုတ် နေ့လည်စာ စား ချိန်မှာ ဒါကိုသောက်တာ အကောင်းဆုံးပေါ့ ကိုယ့်ဖြစ်တည်နေမှုကို မေ့ပစ်ဖို့ကြိုးစားချိန်မှာ။ Oh...Well တစ်ခွက်ပြီးတစ်ခွက်သောက်ပစ်လိုက်ရင် ဒါတွေအားလုံး ဘာမှ မဟုတ်တော့ဘူး။
စိတ်ထဲမှာ တစ်ဖက်က မည်းမှောင်နေတဲ့ ...ပြောပြရရင် အမှောင်ချထားတဲ့ အခန်းထဲမှာ ညမီးအိမ် ကိုသာထွန်းရင်း အံ့အားသင့်စရာ အတွေ့အကြုံတွေ ကုန်လွန်ခဲ့သောနှစ်တွေအကြောင်းချရေး ရတာ စိတ်ထွက်ပေါက်ရမိသလိုလို။ အခြားတစ်ဖက်ကလည်း ကိုယ့်အကြောင်းတွေကို ရေးဖြစ်နေ တာ ခံစားရတာတွေကိုဖွင့်အံနေတဲ့ အဖြစ်ကနေ မိမိကိုယ်ကို ဆွဲထုတ်ပစ်လိုက်ချင်တယ် တစ်ခြား နည်းလမ်းနဲ့ပေါ့။ ကိုယ့်ဖြစ်တည်မှု ၊ ဖြစ်ခဲ့မှုတွေနဲ့ ကိုယ့်အသက်ရှင်ဖို့ရော ၀ါသနာကြောင့်ပါရွေး ချယ်ခဲ့တဲ့ ကျွန်တော့် ကိုယ်ပိုင်ဘ၀ မကြာခဏထိပ်တိုက်တွေ့ရပြန်တယ်။ အထူးသဖြင့် ကျွန်တော့်ကို အားပေးတဲ့ ပရိတ်သတ်တွေက အနုပညာထက် ကိုယ်ပိုင်ဘ၀ကို အလေးမူ သတိထားခဲ့ရင်ဆိုတဲ့ စိုးရိမ်စိတ်လည်း ၀င်မိပါတယ်။
"အိုး...ဘုရားသခင်၊ ဆက်မရေးနိုင်တော့ဘူး မတော်တဆများ မာမီဖတ်မိသွားရင်"။ ဟင်း....ဟင်း ကိုယ့်ဘာသာကိုယ် ပြန်သတိပေးရတာလည်းမကြာခဏ ကိုယ့်ခံစားရသမျှကို ချရေးပြီး မာမီဆီ မပို့ဖို့ကိုရော ၊ အရွယ်ရောက်လူတစ်ယောက် ဖြစ်နေပြီဆိုတာကိုရောပေါ့။ မာမီ့ အုပ်ချုပ်မှု စဉ်းမျဉ်း အ၀န်းအ၀ိုင်းက ထွက်ပစ်နိုင်တဲ့အရွယ်ရောက်ပြီဆိုတော့ ရေးသမျှစာ၊ ပြောသမျှစကားတွေကို ဂရုထားစရာ သိပ်မလိုတော့တာဘဲ။
ဒိုင်ယာရီထဲမှာ ကျွန်တော်ချရေးခဲ့တဲ့ ခံစားချက်တွေ၊ ကြိုက်မိခဲ့တဲ့ရုပ်ရှင်တွေ၊ ကိုယ်တိုင်ရွေးချယ် ပါဝင်တင်ဆက်ခဲ့တဲ့ ပြဇာတ်တွေ၊ ရုပ်ရှင်တွေကို ပြန်တွေးမိတဲ့အခါ စိတ်ခံစားမှုကို ဦးစားပေး လွန်းခဲ့တာကို သတိထားမိတယ်။ ကိုယ်နဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်မင်းသားတွေ အပေါ် စိတ်ထဲတမျိုးတမည်ဖြစ်ခဲ့တာ ရင်တဖိုဖို ခံစားမိခဲ့တာတွေကို ခုချိန်ပြန်ဆန်းစစ်မိတော့ "homo" ဘ၀၊ ကျွန်တော် ဒီဘ၀ကိုနှစ်ခြိုက်နေမိပါပေါ့လား။ ကျွန်တော်တို့ နိုင်ငံ၊ ယဉ်ကျေးမှု အသိုင်းအ၀ိုင်းမှာ့ "homo" ဖြစ်နေရခြင်းဟာ ဘယ်လောက်ထိထိတ်လန့်စရာကောင်းလိုက် မလည်း။ ပြောမယ့်သာပြော ရတာ တစ်ကမ္ဘာလုံးမှာ ကျွန်တော်တို့လိုလူမျိုးတွေအတွက် ဆက်ဆံရေးက ဒီလိုပါပဲလေ။
ဟုတ်တော့လည်း ဟုတ်ပါတယ်လေ ကိုယ်ချစ်တဲ့ နှစ်သက်နေတဲ့ မင်းသားဟာ သာမန်ယောက်ျား တစ်ယောက် မဟုတ်ခဲ့ရင် ရင်ထဲမှာ ဘယ်နှစ်သက်နိုင်ပါတော့မလဲ။ "ဟေး....ဒီညလေ အရမ်း ပျော်တာပဲသိလား ကိုယ်ကြိုက်တဲ့ မင်းသားလေး အကယ်ဒမီရလို့။" ပြောပြီးမှ ဖုန်းဆက်ပြီးပြော ပြီးမှ ကိုယ့်အသံကိုကိုယ်သတိထားမိသွားတယ်။ အခုပြောပြမိခဲ့တဲ့သူတွေဟာ straight friends တွေပါလားလို့။ သူတို့က ကျွန်တော်ဟာ body ကလည်း smart မျက်နှာကလည်း cute ။ မင်းဟာ ကောင်မလေးတွေကြားမှာစတားပဲတဲ့ ပြောပြခဲ့ကြတာ မကြာသေးခင်ကပဲ။ ဖုန်းဆက်ပြီးမှ ကျွန်တော့်ဝမ်းသာမှုတွေဟာ ၀မ်းနည်းအားငယ်မှုဖြစ်သွားပြီး အပြုအမူတွေဟာ အရမ်းကို မိန်းမဆန်သွားပြီလားဆိုပြီးတော့ ။ နောက်နေ့လည်းရောက်ရော အဲဒီသူငယ်ချင်းတွေကပဲ "ဖုန်းထဲမှာ မင်းအသံမှ ဟုတ်ရဲ့လား...၊ မင်းကို သံသယ၀င်စရာကောင်းနေပြီ မင်း gay ဖြစ်နေပြီမဟုတ်လား"လို့ မေးလာတော့ ကျွန်တော်.....ကျွန်တော် ဘာဖြေရမှန်း....မသိ။
ထားလိုက်ပါ....ဘာပဲဖြစ်ဖြစ် ကိုယ့်လမ်းကိုယ်လျှောက် ကိုယ့်စိတ်လွတ်လပ်ဖို့ပျော်ရွှင်ဖို့ အရေးကြီးဆုံး။ ၀န်ထုပ်ဝန်ပိုး အဖြစ်ယူဆမနေတော့ပါဘူး။ နောက်တစ်ရက်လောက်နေတော့ Miata ကားလေးကို ကျွန်တော်ဝယ်လိုက်တယ်။ ပြီးတော့ Andrea Boccelli ရဲ့ album အသစ် "Cieli di Toscana" ကိုရောပေါ့။ ကားအမျိုးအစားက လှတပတချစ်စရာလေး။ ဟား...ဟား.. ဂေးတွေအများဆုံး ၀ယ်စီးလေ့ရှိတဲ့ ကားမျိုးဆိုပဲ။ ဖြောင့်တန်းလှပတဲ့ လမ်းမကြီး ကိုယ့်ကားကိုစီး ပျော်ရွှင်စွာပဲမောင်းနှင်ထွက်ခဲ့တော့တယ်။ Boccelli ကလည်း Italian Opera composer Mascagni ရဲ့ music ကို လှိုက်လှိုက်လှဲလှဲ သီကျူးနေလေရဲ့။ ပျော်ရွှင်မိသလို ခံစားရတယ် အရှိန်မြင့်မြင့်ကားလေးရယ်၊ သီချင်းသံတွေရယ် လွင့်မျောနေသလိုပါပဲ။ ဒါကြောင့်လည်း စိတ်ညစ် တဲ့ အခါတိုင်း ကားမောင်းထွက်ကျင့်ရှိခဲ့တာ။
ကျွန်တော် ဒီကမ္ဘာကြီးမှာ straight man စစ်စစ်တစ်ယောက်လောက်နဲ့ တွေ့ချင်ပါသေးရဲ့။ နွေဦး ရာသီမှာ Boccelli ရဲ့ သီချင်းကိုနားထောင်ရင်း ၊ Miata ကားလေးကိုမောင်း တစ်ကိုယ်လုံး Abercrombie & Fitchကိုဝတ်ဆင် DKNY မျက်မှန်ကို တပ်ထားလေ့ရှိသူမျိုးပေါ့။
စိတ်လှုပ်ရှားစရာကောင်းတဲံ အတွေ့အကြုံတွေ ပျော်ရွှုင်မှုတွေကို ရရှိဖူးပြီးနောက်ပိုင်း တစ်ခြား လူတွေရဲ့ အမြင်မှာ ဘာလို့သတ်မှတ်လည်း ဂရုမစိုက်တော့သလို မာမီဆူမှာကိုလည်း ကြောက် မနေတော့ပါဘူးလေ။ ရိုစီတစ်ယောက် လက်ထပ်တယ် နောက်ကလေးရှိတယ်ဆိုတဲ့ ဥပမာလို အသက် ၂၃နှစ်ကျော်အရွယ်မှာ ကိုယ့်ဖာသာကိုယ်ရှာတွေ့ခဲ့တယ်၊ ရွေးချယ်ဖြစ်ခဲ့တယ်ပေါ့။ ရှူး.....တိုးတိုးစိတ်တွေ အကျဉ်းချခဲ့ရတာကြာပြီလေ။ အဲဒီတော့ ကိုယ့်စိတ်နှလုံးပျော်ရွှင်ဖို့ စည်းမျဉ်းတွေကို ကျော်ဖြတ်ခွင့်ပြုပါ သူငယ်ချင်းရယ်ပေါ့။
It's great......really great.
ဟိုးငယ်ငယ်တုန်းက မှတ်မိသေးတယ် အ၀တ်ရုပ်လေးတွေ အတိုအစအ၀တ်လေးတွေကို လက်နဲ့ချုပ်ပြီးကိုယ်တိုင်ပြုလုပ်ခဲ့ရတာ။ အခုလည်း အလုပ်အားရင် ချုပ်လုပ်ဖြစ်နေတုန်းပဲ။ ဖွားဖွားကြီးနဲ့ အတူနေဖြစ်တုန်းက (မာမီ သင်တန်းတစ်ခုကိုသွားတက်နေတဲ့ ကာလမှာ။) သင်ပေးခဲ့တာပေါ့ အချုပ်အလုပ် အချက်အပြုတ်တွေကို။ ဖွားကပြောပြတယ် ဒယ်ဒီတို့၊ အန်ကယ်တို့ ငယ်ငယ်တုန်းက လည်း သင်ပေးခဲ့ဖူးတယ်တဲ့။ ဒယ်ဒီတို့ ငယ်ငယ်တုန်းက တီဗွီတို့ အင်တာနက်တို့မရှိသေးကြတော့ စိတ်လေနေမှာဆိုးလို့ အိမ်ကိုလွမ်းတဲ့ စိတ်တွေလည်း ပျောက်အောင် သင်ပေးခဲ့တာ။ ချုပ်လိုက် ဖြဲလိုက် ဖွပစ်လိုက်နဲ့ အ၀တ်စတွေကြား ချည်လုံး တွေကြား အိပ်ပျော်သွားတတ်တာ အမောပေါ့တဲ့လေ။ ဒယ်ဒီ ငယ်တုန်းကလုပ်ခဲ့တဲ့ အမွှေးပွ ရုပ်လေးတွေ၊ သစ်သားပန်းပုရုပ်လေးတွေကို ခုထိ အိမ်မှာတွေ့ရတုန်းပါ။ သူကတော့ အဲဒီ ငယ်ဘ၀ကို မေ့ပစ်သွားပြီထင်ပါရဲ့လေ။ ကလေးစောင်လေးတွေ ၊ ပုဝါလေးတွေ၊ မာဖလာ လေးတွေ၊ သိုးမွှေးစောင် စသဖြင့် လုပ်တတ်သမျှ ချုပ်လုပ်ဖြစ်ခဲ့တာတွေကို ကျွန်တော်မှတ်မိ နေဆဲပါ။
ဖွားဆီမှာနေထိုင်ဖြစ်ခဲ့တဲ့ အဲဒီကာလတုန်းကမှတ်မိနေတဲ့ အဖြစ်အပျက်လေးတစ်ခုရှိသေးတယ်။ ယောက်ျားလေးတွေ သဘာဝအတိုင်း "softball" ကစားဖို့ ကြိုးစားမိခဲ့တာပေါ့။ ဖွားဖွား၊ ဖိုးဖိုးတို့ မုန့်ဖုတ်နေတဲ့အချိန် တစ်ခြား ညီအစ်ကိုတွေ၊ ၀မ်းကွဲညီအစ်မတွေ ၊ ဦးလေးတွေ စုဝေး ထိုင်နေကြ တဲ့ အချိန်မှာ။ အဖြစ်အပျက်ကဘာလဲဆိုတော့ ဘော်လုံးကို ကျွန်တော့်ဆီပစ်တဲ့အခါ ဖမ်းဖို့မကြိုး စားဘဲ မျက်စိကိုသာတွင် တွင်မှိတ်နေဖြစ်ခဲ့တော့ ခေါင်းကို မကြာခဏထိမှန်ခံရတာပေါ့။ ဒီတော့ အချုပ်အလုပ်ကို ပိုကြိုက်မိခဲ့တော့တာ။ ကဲ...ခင်ဗျားရော ငယ်ငယ်တုန်းက ကျွန်တော့်လို အဖြစ် အပျက်တစ်ခုခုတော့ကြုံဖူးကြမယ်ထင်ပါတယ်။
"Hmmmm, Tommy is certainly a different little boy, now isn't he?"
ငြိမ့်ငြိမ့်ငြောင်းငြောင်းပေါ်ထွက်လာတဲ့ ဂီတသံနှင့် ကျွန်တော်တို့ မိသားစု Rome ကိုပြောင်းရွှေ့ တုန်းကအကြောင်းတွေကိုလည်း စဉ်းစားမိ ပြန်တယ်။ မာမီတို့ဌာနက နှစ်စဉ်ရာသီပွဲတွေမှာ ကပွဲ တွေ၊ ပြဇာတ်တွေ ထည့်လေ့ကျင်းပလေ့ရှိပါတယ်။ အဲဒီအချိန်မှာဆိုရင် ကျွန်တော်တို့ အိမ် ဧည့်ခန်းထဲမှာ အရောင်တောက်ပတဲ့ ဇာတ်ဝင်ခန်းဝတ်စုံတွေ ၀တ်ဆင်ထားတဲ့ သရုပ်ဆောင် တွေနဲ့ ပြည့်နေတတ်တာ။ သူတို့ အ၀တ်အစားတွေကို ကြည့်ြ့ပီး အားမလိုအားမရဖြစ်လာတယ်။ ဘယ်လိုများချုပ်ထားကြပါလိမ့်။ ကလေးသဘာဝအတိုင်းပါပဲ နောက်ဆုံး မာမီ အံဆွဲထဲက ပိုးထည်စတွေ၊ အ၀တ်စတွေသုံးပြီး ညီမ၀မ်းကွဲရဲ့ naked little body လေးကို မော်ဒယ်လ်အချိုး အစား အဖြစ်ထားကာ belly dancer တစ်ယောက်ရဲ့ ၀တ်စုံမျိုးချုပ်ပစ်ခဲ့တော့တာပေါ့။
ချုပ်ပြီးတော့ အဲဒီဝတ်စုံကိုဝတ်ပြီး မာမီ့ကိုသွားပြခဲ့မိတယ်။ မာမီက အားမပေးချင်လို့လား ဒီလိုအချုပ်အလုပ်တွေ ၀ါသနာပါတဲ့ စိတ်တွေကို ချိုးနှိမ်ချင်လို့လားတော့မသိ ဓာတ်ပုံရိုက်မယ် ဟန်တပြင်ပြင်ဖြစ်နေတဲ့ ကျွန်တော့်ကို ကင်မရာကိုင်ခွင့်မပေးခဲ့တဲ့အပြင် ပြဇာတ်ကတဲ့ဘက်ကို သွားကြည့်ခွင့်ပိတ်ပင်ခဲ့ပါတယ်။ ဒီအပြစ်ပေးတာလေးဟာ မာမီအတွက်ကောင်းတယ်လို့ ထင်ချင် ထင်ခဲ့မိလိမ့်မယ်။ ကျွန်တော့်အတွက်တော့ စိတ်ထဲမှာ အငုံ့စိတ်ဖြစ်သွားခဲ့တာအမှန်။ ကျွန်တော် ဘာအပြစ်လုပ်မိလည်းပေါ့။
ပြီးတော့လေ အဲဒီဒေသမှာ ဘဲလေးပြဇာတ်ရုံတွေရှိတာကို သေချာမှတ်မိသေးတယ်။Oh my god မာမီလေ Sleeping Beauty ဆိုတဲ့ ဘဲလေးပြဇာတ်ကိုကြည့်ဖို့ ကျွန်တော့်ကို ခေါ်သွားခဲ့ဖူးသေး တယ်။ ဒါဟာ ကျွန်တော့်ဘ၀မှာ အဓိကအပြောင်းအလဲတစ်ခုဖြစ်စေခဲ့တဲ့ ပြဇာတ်ကြည့်အတွေ့ အကြုံပါပဲ။ ကိုယ်ခန္ဓာနဲ့အတိနီးပါးကပ်နေတဲ့ ၀တ်စုံဝတ်ထားတဲ့ ယောက်ျားအကသမားတွေကို အနီးကပ်မြင်ခဲ့ရတာ။ ဒီအချိန်မှာ ယောက်ျားတစ်ယောက်ရဲ့ Sexuality ကိုစူးစမ်းဖို့ အကောင်းဆုံး ထင်ရဲ့လေ။ ဘောင်းဘီပါးလှပ်လှပ်မှာ သိသာမြင်သာတဲ့ အထုပ်အထည်နဲ့ ကိုယ်မဟုတ်တဲ့ တစ်ခြားလူတွေကို မြင်ရတဲ့အခါဘယ်လိုတုံ့ပြန်သလည်း ဒီ conspicuous bulge တွေကို မျက်စိမလွှဲနိုင် ဖြစ်နေသလား။ အဲဒီလိုမှ မဟုတ်တဲ့ခဲ့ရင်တော့ ခင်ဗျား gay မဟုတ်တာသေချာ တယ်။ အဲဒါပဲ ကျွန်တော်ပြောချင်မိတာ။
တေးဂီတ၊ အချုပ်အလုပ်၊ အက ဒါတွေဟာ မိန်းကလေးတစ်ယောက်အတွက်သာလို့ သတ်မှတ် ထားကြသလား ကျွန်တော့်အတွက်တော့ ဆယ်ကျော်သက်ကောလိပ်နှစ်ဦးပိုင်းတွေ အထိ အသုံးဝင်နေဆဲပါ။ ကျောင်းမှာ ဘဲလေးအကသင်ပေးတဲ့ ကလပ်အချိန်မှာ ကိုယ့်ဖာသာ ဒီဇိုင်း ဆွဲချုပ်ထားတဲ့ ၀တ်စုံနဲ့ အံကျပန်ကျပေါ့ အတန်းသားတွေထဲမှာ။ ကိုယ့်ရဲ့ ကောက်ကြောင်း ကိုအတိုင်းသား ပြနိုင်သလို စိတ်ကိုနှိုးဆွနိုင်ခဲ့တာပေါ့ပရိတ်သတ်ကို။ Dancer's belt ရယ် အသားကပ်နီးပါး ၀တ်စုံတွေနဲ့ ကပြဖြစ်ခဲ့တာ မကြာခဏဆို တော့ နောက်ပိုင်း လူများစွာရဲ့ရှေ့မှာ၊ ကင်မရာတွေ ၀ိုင်းထိုးထားတဲ့ကြားက လှပစွာ လှုပ်ရှားနိုင်ခဲ့တာ ဖြစ်မှာ။ ဒါပေမဲ့ အလွယ်တကူနား လည်ဖြစ်ခဲ့တာက ကျွန်တော်ဟာ Nureyev မဟုတ်ခဲ့တာပါပဲ။ ကျွန်တော့် ကဟန်တွေဟာ ရှေးရိုး မဆန်ဘဲ modern dance ဘက်ကို ယိမ်းယိုင်နေ သလိုပဲတဲ့ ဝေဖန်ကြသလို လူငယ်အချင်းချင်း ကတော့ ဖန်တီးနိုင်တယ်၊ လမ်းသစ်ထွင်နိုင်သူရယ်လို့ အားပေးကြတာပေါ့။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment