အရာအားလုံးဟာ သဘာဝကို လွန်ဆန်ဖို့ မလွယ်ကူဘူးဆိုတာ ကျွန်တော်အစကတည်းက ယုံကြည် ပြီးသားပါ။ လွန်ဆန်ဖို့လည်း ဘယ်တုန်းကမှ မကြိုးစားခဲ့။ ဒါပေမယ့် ခုလိုအဖြစ်မျိုးကိုတော့ မမျှော်လင့် ခဲ့တာအမှန်။
စတိတ်ကျောင်းတစ်လျှောက် သူအချစ်ဆုံးက ကျွန်တော်ဖြစ်ခဲ့ဖူးသလို တက္ကသိုလ်ရောက်တော့လည်း သူ့ အချစ်တော်က ကျွန်တော်ပင်။
ခုမှ ဘာကြောင့်များ....။ ကျွန်တော်ပေးတဲ့အချစ်တွေက သူ့အတွက် မလုံလောက်တော့လို့လား။ ကျွန်တော် မသိဘဲ သူဘယ်တုန်းက တခြားကောင်မလေးတွေနဲ့ ရှုပ်ဖို့ကြိုးစားနေခဲ့တာလဲ။
ဟိုတစ်နေ့က မမျှော်လင့်ဘဲ တည့်တည့်တိုးမိတော့မှ သူသတ်မှတ်ထားတဲ့ ကျွန်တော့်အဆင့်ကို ကျွန်တော် ကိုယ်တိုင်သိလိုက် ရတော့သည်။
'ဒါ....ကိုယ့်ချစ်သူလေ' ကျွန်တော့်မျက်လုံးကို ရင်ဆိုင်ကြည့်ရင်း မိတ်ဆက်ပေးခဲ့တဲ့ သူ့ရဲ့အကြည့်တွေ ထဲမှာ အားနာတာတွေရော၊ ဂုဏ်ယူနေတဲ့အကြည့်မျိုးတွေ ရောယှက်ပါဝင်နေသလို ကျွန်တော်ခံစားရသည်။
အဲဒီ့ကောင်မလေးက သူ့ရဲ့ချစ်သူဆိုရင် ငါကဘာလဲ။ အဆက်မပြတ်ဝင်လာတဲ့ အတွေးတွေက ကျွန်တော်နဲ့ သူတို့အကြား ဆက်ဆံရေးကို ပုံမှန်ထက် မာထန်အောင် တွန်းပို့ပေးနေသလိုပင်။
' ဒီကောင်က ကိုယ့်ရဲ့အချစ်ဆုံးသူငယ်ချင်းလေ.....'တဲ့။
ရက်စက်လိုက်တဲ့ သတ်မှတ်ချက်ပဲ။ သူငယ်ချင်းတဲ့လား။တက္ကသိုလ်တစ်လျှောက်လုံး သူငယ်ချင်းအသစ် တွေနဲ့ မိတ်ဆက်ပေးတဲ့အခါ တွေမှာတောင် ကျွန်တော်က သူ့ရဲ့ချစ်ချစ်၊ ဒါမှမဟုတ် အချစ်ဆုံးလို့သာ ပြောလေ့ရှိခဲ့တဲ့ သူက ခုတော့အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့ပြီ။
ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက်ကြားက အသုံးအနှုန်း၊အခေါ်အဝေါ်တွေကိုတော့ သူ ဆက်သုံးစွဲနေဆဲပင်။ 'ကို'...။ အဲ့ဒါ သူ့အတွက် ကျွန်တော်ပေးခဲ့တဲ့ နာမည်ပေါ့။ သူက ကျွန်တော့်ထက်နည်းနည်းကြီးတာကြောင့် ချစ်စနိုးနဲ့ ဒီနာမည်လေးကိုရွေးချယ်ပေး ခဲ့သည်။ ခုတော့ ကျွန်တော်တစ်ယောက်တည်းသာ ခေါ်ဆိုခဲ့တဲ့ ဒီနာမည်လေးက သူ့ရဲ့ချစ်သူခေါ်ဆိုဖို့ နာမည်ဖြစ်သွားတာ စိတ်မကောင်းစရာ။
ခက်တော့ခက်သား။ ကျွန်တော့်ရဲ့ထူးခြားတဲ့ စိတ်ခံစားမှုတွေက သူ့အပေါ်ကိုသာ ခုချိန်ထိ တိမ်းညွှတ်မိနေသည်။ သတိရနေမိသည်။
သူနဲ့ ကျွန်တော် စတင်ပတ်သက်ခဲ့တဲ့ ကျောင်းတုန်းက အချိန်တွေကို ပြန်တွေးမိတိုင်း သူ့ကို လက်ခံကြို ဆိုခဲ့တဲ့ ကျွန်တော့်ဘာသာ ကျွန်တော် ခုအပြစ်တင်နေမိပြီ။
' ဟေ့ကောင်....မင်းကို ဟိုကောင်လေးက စာပေးခိုင်းလို့.....'။ နားမလည် ပါးမလည်နဲ့ သူငယ်ချင်း ကောင်လေး ယူလာပေးတဲ့ စာကိုဖွင့်ဖတ်ကြည့်တော့ သူ့ရဲ့အချစ်တော်လုပ်ဖို့ပြောတဲ့စာ။ စာထဲမှာကျွန်တော့်ကို သူဘယ် လောက်ကြွေကြောင်း၊ ကျွန်တော့်ရဲ့ အချစ်ဆုံးတစ်ယောက်ဖြစ်ချင်ကြောင်း စတာတွေကိုကျလောက်အောင် ရေးထားခဲ့သည်။
သူနဲ့ သိကျွမ်းပြီးတဲ့နောက်ပိုင်း အချိန်တွေမှာတော့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်တိုးလာခဲ့သည်မို့ ပျော်ရွှင် ခဲ့တာကလွဲရင် နှစ်ဦးသား သံယောဇဉ်က ဘာမှအပြောင်းအလဲမရှိခဲ့။
ဆယ်တန်းအောင်ပြီး နှစ်ဦးသားတက္ကသိုလ် ပထမနှစ်ရောက်ချိန်မှာတော့ ကျွန်တော့်ဘ၀ထဲက အပြီးအပိုင် နှုတ်ဆက်ထွက်ခွာသွားတဲ့ ဖခင်ကြောင့် သူဟာ ကျွန်တော့်ဘ၀မှာ မသိမသာအရေးပါလာခဲ့သလို တစ်ယောက် နဲ့တစ်ယောက်လည်း သံယောဇဉ်ပိုတွယ်လာခဲ့ ကြသည်။ ကျွန်တော် အားငယ်ချိန်တွေ တိုင်း အားပေးတတ်တဲ့ သူက ကျွန်တော် ဒုက္ခပေါင်းများစွာနဲ့ ရင်ဆိုင်ကြုံတွေ့ ချိန်တိုင်းလည်း တတ်နိုင်တဲ့ဘက်က ကူညီ ဖြေရှင်း ပေးတတ်ပြန်သည်။
စားအတူ၊သွားအတူ အချိန်တိုင်းနီးပါး အတူရှိခဲ့ကြတဲ့ အဲ့ဒီအချိန်လေးတွေက ကျွန်တော့်အတွက်တော့ တကယ့် ကိုကြည်နူးစရာပင်။ အသက်တွေကြီးရင့်လာတဲ့အထိ ကျွန်တော်တို့နှစ်ယောက် အခက်အခဲမှန်သမျှအတူ လက်တွဲ ရင်ဆိုင်သွားကြဖို့ ဆုံးဖြတ်ခဲ့ကြသလို ရည်းစားမထားကြေး၊ မိန်းမမယူကြေး ဆိုပြီးတော့တောင်ကတိ ထားခဲ့ဖူးကြသည်။
အဲဒီ့စကားကြောင့် ကျွန်တော်တို့နှစ်ယောက်ထဲက တစ်ယောက်က မိန်းမစိတ်ဝင်နေသူလို့ မထင်လိုက်ပါနဲ့။ ကျွန်တော်တို့နှစ်ယောက် စလုံး သဘာဝကိုဆန့်ကျင်ဖို့ လုံးလုံးစိတ်မကူးခဲ့။
ဒါပေမယ့်....။
ကျွန်တော့်စိတ်ထဲ သူ့ကို တစ်ဘ၀လုံးအချစ်ဆုံးအဖြစ် သတ်မှတ်ထားချင်ခဲ့သည်။ကျွန်တော့်အပေါ် တစ်သက် လုံးနားလည်ပေး စေချင်ခဲ့သည်။ ကျွန်တော့်ဘေးအနားမှာလည်း အမြဲရှိစေချင်ခဲ့သည်။ အဲ့ဒီလို သဘာဝကို
လွန်ဆန်တဲ့ အတွေးတွေကတော့ ခုထက်ထိပင် ကျွန်တော့ ဦးနှောက်ထဲမှာ နေရာယူထားဆဲ။
'နင်ဘယ်အချိန်ကတည်းက....' မေးခွန်းက ကျွန်တော့်နှုတ်ဖျားမှာ တစ်တစ်ဆို့ဆို့ကြီး။ 'အဲဒီကောင်မလေး
နဲ့ ဘယ်အချိန်ကတည်းက..'။ ကျွန်တော် ဘယ်လိုဆက်မေးရမှန်းမသိတော့။ ကျွန်တော်တို့ မျက်နှာချင်းဆိုင် ဆုံပြီး နောက်တစ်ရက် သူ့ဆီ အရဲစွန့် ဖုန်းဆက်ကြည့်မိသည်။
ကျွန်တော် ဖုန်းခွက်ကို လွတ်မကျအောင် ခပ်တင်းတင်းဆုပ်ရင်း နောက်ဆုံးမေးခွန်းတစ်ခုထုတ်လိုက်သည်။
'မင်း ဘယ်အချိန်ကတည်းက ငါ့ကို သစ္စာဖောက်နေခဲ့တာလဲ'
ကျွန်တော့်မေးခွန်းဆုံးတော့ သူ့ဆီက ရယ်သံသဲ့သဲ့ ကြားလိုက်ရသည်။ အဲဒီလိုခနဲ့သလိုလို၊ အနိုင်ပိုင်းသလိုလို ရယ်သံမျိုးကို ကျွန်တော်မုန်းသည်။ ရယ်သံတစ်ဝက်နဲ့ သူဆက်ပြောသွားတာက 'ငါတို့က သဘာဝကို လွန်ဆန် လို့မှ မရတာ၊ ငါ့ဘ၀ရှေ့ရေးအတွက် ငါ့နောင်ရေးအတွက် သူမကိုချစ်ခဲ့တာ။ မင်းကိုချစ်တာနဲ့မတူဘူးလေ။ မင်းကိုလည်း ငါချစ်ပါတယ်။ သူငယ်ချင်းတစ်ယောက်အနေနဲ့။ ပါတနာတစ်ယောက် အနေနဲ့ပေါ့...။ သူ့ကိုတော့..... ငါတဖြည်းဖြည်း နားလည်လာတယ်၊ အစားထိုးလို့မရဘူးဆိုတာ...'
သူကိုယ်တိုင်က ဒီလိုစကားမျိုးတွေပြောလာခဲ့ပြီ။ ကျွန်တော်အံ့သြရသည်။ ကျွန်တော် ခံစားချက်တွေကိုနား အလည်ဆုံး သူကိုယ်တိုင်ကပင် ဒီလို......။
တရစပ်ပြောနေတဲ့ သူ့ရဲ့စကားသံတွေက ကျွန်တော့်နားထဲ မကြားတစ်ချက်၊ ကြားတစ်ချက်ပင်။
အစွဲအလန်းကြီးလွန်းတဲ့၊ သံယောဇဉ်ကြီးလွန်းတဲ့ ကျွန်တော်က သူပြောသလို သဘာဝကို လွန်ဆန်ဖို့
ကြိုးစားခဲ့မိသလား.....နားကိုပိတ်၊ ခေါင်းကို ခါရမ်းမိလိုက် ပေမယ့် အာရုံထဲမှာတော့ သူ့ရဲ့ ပုံရိပ် အထိအတွေ့တွေကိုသာ မြင်ယောင်လာမိပြန်ပါသည်။
'ငါတကယ်လို့ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်သွားလည်းဘာဖြစ်လည်း။ အိမ်ထောင်ဖောက်ပြန် တာမှမဟုတ်တာ ငါတို့ဆက်ချစ်သွားလို့လည်း ရတာပ.ဲ .'...အား...ဘာတွေလည်း။
သူ့ကို လွမ်းတဲ့စိတ်တွေက ကျွန်တော့်ရဲ့ရင်ခွင်ထဲကို အုံလိုက်ကျင်းလိုက် ထိုးနှက်နေကြသည်သာ။
ကျွန်တော်ကျိန်ပြောရဲ့ပါသည်။ ကျွန်တော်ဘယ်တုန်းကမှ သဘာဝကိုဆန့်ကျင်လိုစိတ် ဆန့်ကျင်ဖို့မကြိုးစားခဲ့ပါ။ အကယ်၍သူ့ကို ချစ်တယ်ဆိုတဲ့ ခံစားချက်က သဘာဝကို ဆန့်ကျင်တဲ့အရာပါလို့ ဆိုပါရင်တော့ ကျွန်တော်ဟာ သဘာဝကို ဆန့်ကျင်ဖို့ အခါပေါင်းများစွာကြိုးစားအားထုတ်နေသူ တစ်ဦးအဖြစ် ကိုယ့်ဘာသာကိုယ် သတ်မှတ်ရပေတော့မည်။
ဇာနည်
No comments:
Post a Comment