အရာအားလုံးလို့ပြောရမလား အရာရာဟာ တိတ်ဆိတ်ငြိမ်သက်သွားပါတယ်။ ကျွန်တော့်သွေးကြောမျှင်တွေထဲ ရေခဲရေလောင်းထည့် လိုက်သလို တကယ် အေးခဲသွားပါပြီ။ ကျွန်တော့်မျက်ဝန်းတွေဟာ ပြူးကြောင်ကြောင်နှင့် ပတ်ဝန်းကျင်ကို ကြည့်မိနေဆဲ။ ကျွန်တော် မြင် နိုင်တာက မြတ်သူ မိဘတွေရဲ့ စိုးရိမ်စွာ စိုက်ကြည့်နေသော မျက်ဝန်းတွေကိုသာ။ သူတို့နှုတ်ဖျားက လှုပ်ခတ်နေပေမဲ့ ကျွန်တော် ဘာသံ မှ မကြားရပါဘူး။ မြင်နေရတဲ့ ကမ္ဘာပေါ်က အရာဝတ္ထုတွေအားလုံးေ၀၀ါးစပြုလာပြီး ကျွန်တော့်ရဲ့ ရှေ့မှာ မြူမှောင်တွေပိတ်ဖုံးကာ အနက်ရောင် ဟင်းလင်းပြင်ကြီးသာဖြစ်တည်ပြီးနောက် ဘာဆက်ဖြစ်သလဲမသိတော့ပါ။ 'မြတ်သူ' မိဘတွေခမျာ သူတို့သားရဲ့ အချစ်ဆုံး သူငယ်ချင်း ရုတ်တရက် ဘာဖြစ်သွားတယ် သိကြပါ့မလားနော်။
x x x
'ဘိုဘို'
.......
'ဘိုဘို သားဘာဖြစ်တာလဲ ထပါကွ'
ကျွန်တော့်မျက်ခွံတွေကို ကြိုးစားပြီး ဖွင့်လိုက်ပါတယ်။ ကမ္ဘာလောကကြီးတစ်ခုလုံးေ၀၀ါးနေသော အရာတစ်ခုဖြစ်နေပါရဲ့။ ကျွန်တော့် ဘေးပတ်ဝန်းကျင်မှာ လေထုက ၀ဲလှည့်နေသလိုပါပဲ။ 'ဘာ...ဘာဖြစ်သွားတာလဲဗျာ' နှုတ်ဖျားက တိုးတိုးသက်သာမေးမိပါတယ်။
'ဘိုဘို...စိတ်အေးအေးထား သား၊ မင်း အဆင်ပြေတယ် သက်သာတယ်ဆိုရင် မြေကြီးပေါ်က ထလိုက်ပါဦး သားရယ်' မြတ်သူ အဖေ ကပြောတယ်။
ကျွန်တော် အာရုံတွေရှုပ်နေတယ်။ ကျွန်တော့်စိတ်တွေထဲ တော်တော်များများကို အတွေးများစွာ လည်ပတ်ပြေးလွှားနေခဲ့တာ။ ခေါင်းထဲ နဲနဲမူးဝေေ၀နှင့် ဘေးပတ်ဝန်းကျင်က ပစ္စည်းတွေအဆောက်အဦးတွေက ဝေးကွာပြီး ထူးဆန်းနေသလိုပဲ။ နောက်ဆုံးတော့ အာရုံပြန်စု မိကာ ထရပ်နိုင်ခဲ့ပါတယ်။ အားလုံး Okတယ်လို့ခံစားရလား? အိုကေပါတယ်လေ အလုံးစုံမဟုတ်ပေမဲ့။ ကျွန်တော့်ဦးခေါင်းထဲမယ် ဘာ တွေ ဖြစ်ခဲ့တယ်၊ ဒီလို အဖြစ်အပျက်တွေ ဖြစ်ပေါ်လာစေခဲ့တယ်ဆိုတာ သိဖို့ကြိုးစားနေဆဲပေါ့။
'ကျွန်တော် ကြိုးစားပြီး စဉ်းစားကြည့်မယ် ဦး...မြတ်သူဘယ်ကိုသွားနိုင်သလဲဆိုတာကိုပေါ့' ကျွန်တော့် နံဘေးမှာ မျှော်လင့်တဲ့မျက်လုံး တွေနှင့် မတ်တပ်ရပ်နေကြတဲ့ မြတ်သူမိဘတွေကိုပြောလိုက်ပါတယ်။ ကျွန်တော် သူတို့ပြောတာတွေ နားထောင်ရင်း အချိန်ခဏတော့နေ ပေးဖြစ်ရင်း မြတ်သူရဲ့ အိမ်နဲ့ဝေးရာကို ခြေလှမ်းနှေးနှေးဖြင့် ပြန်လျှောက်လာခဲ့တာပေါ့နော်။
ကျွန်တော့်ခြေထောက်တွေသယ်ဆောင်ရာကို ဦးတည်ရာမဲ့လျှောက်လှမ်းမိပါတယ်။ မကြုံဖူးတဲ့ အတွေ့အကြုံကို ခံစားခဲ့ရတာတွေ ကျွန်တော့်ဦးခေါင်းထဲ လည်နေတယ်လေ။ ရင်ထဲ ဖြစ်တည်လာတဲ့ ခံစားမှုအစစ်အမှန်ကို ထုတ်ဖော်ပြောဖြစ်ခဲ့တဲ့ ကျွန်တော့်အပြစ်လား၊ မြတ်သူကို တွယ်ငြိခဲ့တဲ့ စိတ်အလျဉ်ကြောင့်လား... အိုး.... မှတ်ဥာဏ်ထဲမှာ ထပ်ကာတလဲလဲ ထပ်ကာထပ်ကာ အတွေးနက်မိသေးတာ။ မေ့နေခဲ့တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေရယ်၊ ကျွန်တော့်ဘ၀၊ ကျွန်တော့်ခံစားချက်တွေကို နားလည်ပြီး သူငယ်ချင်းကောင်း ပီသခဲ့တဲ့ မြတ်သူနဲ့ ခင်မင်ခဲ့၊ ပျော်ရွှင်ခဲ့ အတူတူအချိန်ဖြုန်းခဲ့တာတွေရယ် ကျွန်တော် သတိရမိပါတယ်။ အတွေးများစွာ၊ ခံစားမှုများစွာ၊ စိတ်လှုပ်ရှားမှုများစွာ၊ မေးခွန်းများစွာဟာ ကျွန်တော့်ဦးနှောက်ထဲ ပျံဝဲနေကြတာ အမှန်အကန်။ 'ဘာကြောင့် ငါ့မှာဖြစ်လာရလဲ?'၊ 'ဘာ ကြောင့်များ ငါဒါကို ပျက်စီးသွားစေပါလိမ့်?' 'ဘာကြောင့်မြတ်သူထွက်ပြေးသွားရပါလိမ့်?' 'မြတ်သူဘယ်မှာလဲ?' မြတ်သူ အဆင်ပြေပါ့ မလား?' 'ဘုရားသခင်, မြတ်သူ အဆင်ပြေပါစေ' 'ကျွန်တော်မသိတော့ဘူး မြတ်သူသာ မရှိရင် ဘာလုပ်ရမယ်ဆိုတာ' ကျွန်တော့်အတွေး တွေဟာ အဆုံးမဲ့။ ကျွန်တော့်အတွေးထဲ ကျွန်တော်နစ်ဝင်နေတော့ ကျွန်တော်ဘယ်ကိုသွားခဲ့လဲ သို့မဟုတ် ကျွန်တော်ဘာလုပ်ခဲ့လဲ အာရုံမစိုက်နိုင်ခဲ့ပါ။ လူတွေ ကျွန်တော့်ကို ကြည့်နေခဲ့ပေမဲ့ ကျွန်တော် အသိမဲ့စွာ သူတို့ကိုကျော်ဖြတ်ပြီး လမ်းမတလျှောက်သွားနေခဲ့တာ မြန်ဆန်စွာပေါ့ဗျာ။
ကျွန်တော် လှမ်းနေတဲ့ ခြေလှမ်းတွေကို ရပ်လိုက်တယ်။ ရုတ်တရက် ဘေးပတ်ဝန်းကျင်ကို ခပ်သွက်သွက်လှည့်ပတ်ကြည့်လိုက်တာ အခု ဘယ်နေရာကိုရောက်နေသလဲပေါ့။
လယ်စောင့်တဲဟောင်းကြီးတစ်ခု၊ 'ဟုတ်တယ် သူဒီနေရာကိုလာမှာသေချာတယ်'
ကျွန်တော်နှင့် မြတ်သူ ပျင်းတဲ့အခါတိုင်း၊ ကျောင်းချိန်ပြီးတဲ့ အချိန်တချို့နှင့် နွေရာသီကျောင်းပိတ်ရက်တွေမှာ လာပြီးနေလေ့ရှိတဲ့ မြို့ပြင် ကနေရာကြီးတစ်ခုပေါ့။ ကလေးဘ၀တွေကိုဖြတ်သန်း ဆယ်ကျော်သက်နှစ်ဦးပိုင်းတွေတုန်းကပျော်ရွှင်ဖွယ်အချိန်တချို့ကို ဝေမျှခဲ့တဲ့ နေရာပါ။ သေနတ်ပစ်တမ်း၊ တစ်ယောက်ပုန်းတာကို နောက်တစ်ယောက်ကလိုက်ရှာတာ၊ ဒါမှမဟုတ် အသက်အရွယ်ရလာတော့ အတူ သွားပြီး စကားထိုင်ပြော အပန်းဖြေတဲ့နေရာ။ နှစ်ဦးလုံးရဲ့စိတ်ထဲမှာ ရှုပ်ထွေးလှတဲ့မြို့ကြီးနှင့်လူတွေအကြားက လွတ်မြောက်ရာ အဖြစ် ရိုတ်ခတ်ပါတယ်။ အရမ်းတိတ်ဆိတ်တယ်၊ ငြိမ်းချမ်းတယ်၊ ပြီးတော့ တည်ငြိမ်အေးဆေးတယ်လေ။ တစ်ယောက်တည်းနေဖို့ လိုအပ် တယ်လို့ ခံစားရတဲ့အခါတိုင်း ဒါမှမဟုတ် ကျွန်တော်တို့တွေ တစ်ယောက်နှင့် တစ်ယောက်အချိန်ပေးစကားပြောဖို့ လိုအပ်တဲ့အခါတိုင်း လျှို့ဝှက်တဲ့၊ ပုန်းကွယ်နိုင်တဲ့ တိတ်ဆိတ်ပြီး တစ်စုံတစ်ခုသော စွမ်းအားနှင့် ပြေပျောက်စေနိုင်တယ်လို့ ယူဆပြီးလာတတ်ကြတဲ့နေရာ ဆိုရမယ်။
သေချာတယ်ဆိုတဲ့ အတွေးဝင်တာနဲ့ ကျွန်တော့်ဘက်ဘက်ခြေထောက်ရဲ့ ဆန့်ကျင်ဘက်ရှိရာကို ရုတ်တရက်ခြေစလှမ်းလိုက်တယ်။ မြတ်သူ လယ်တောကြီးထဲက လယ်စောင့်တဲကြီးဘက်မှာ ရှိမရှိဆိုတာ ကျွန်တော်မသိနိုင်တာကြောင့် အဲဒီဘက်ကိုသွားကြည့်ဖို့ ခပ်ဖွဖွ ပြေးကာ ဦးတည်လိုက်တာပေါ့နော်။ မြို့စွန်နေရာတစ်ချို့ ခြေရာထပ်အောင်ပြေးကြည့်ပြီးနောက် သူဘယ်နေရာမှာရှိလဲသေချာရှာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မြတ်သူ လုံခြုံစိတ်ချစွာနှင့် ရှိနေရဲ့လားသိဖို့ ကျွန်တော့်မှာ အခက်တွေ့နေရတာ။ ကျွန်တော် ဟိုဟိုဒီဒီအတွေး တွေက အရေပြားကို ဖောက်ထွက်မလားထင်ရလောက်အောင် ခုန်ပေါက်နေပြီ။ မြို့ပြင်ကိုထွက်မယ့် လမ်းဆုံကြီးနားပြန်ရောက်တော့ ခဏလေးအပြေးရပ်လိုက်သေးတယ်။ ဟိုမှာဘက်ကို လှမ်းမျှော်ကြည့်တော့လဲ မြို့စွန်နဲ့တော်တော်လှမ်းမယ့်တောလမ်းကို မြင်ရရော။ လယ်တောကြီးက အခုရောက်နေတဲ့နေရာနဲ့ သိပ်မဝေးပါဘူး။ ကျွန်တော် ဦးတည်သွားနေတဲ့နေရာနားရောက်လို့ထင် မြတ်သူရဲ့ခေါ်သံ ကို ကြားလိုက်ရသလိုပဲ။ ကျွန်တော့်ဝိညာဉ် ဆက်လွင့်ကာ မောပန်းပြီး အသက်ရှူခက်နေပေမဲ့ ကျွန်တော့်ခြေလှမ်းတွေ မရပ်တန့်ခဲ့ပါ။ လမ်းရဲ့အဆုံး မလှမ်းမကမ်းမှာတော့ ရင်းနှီးဖူးတဲ့မြင်ကွင်းကိုမြင်လိုက်ရပြီမဟုတ်လား။
ကျယ်ပြန့်လှတဲ့ လယ်ကွင်းကြီးတွေရဲ့အလယ် စပါးကျီနှင့်တကွ တွဲဆောက်ထားတဲ့ ကျွန်တော့်ငယ်ဘ၀ အချိန်အတော်များများမှာ အချိန် ဖြုံးတတ်ခဲ့တဲ့ လယ်စောင့်တဲအိမ်ကြီးကိုမြင်နေရတာပါ။ ရောက်ဖို့နီးပြီဆိုတော့ ခပ်သွက်သွက်လေး အပြေးလှမ်းနေတဲ့ ခြေလှမ်းကို အနည်းငယ် အရှိန်လျော့ဖို့ကြိုးစားရင်း အသက်နည်းနည်းခိုးရှူလိုက်ပါတယ်။ မကြာခင်မှာပဲ ကျွန်တော့်ခြေလှမ်းတွေကို ချီတုံချတုံမဖြစ် စေဘဲ ဆက်လက်ချီတက်ရသပေါ့။
'မြတ်သူ!!!!" ကျွန်တော်အသံကုန်အော်ခေါ်လိုက်တယ်။ 'မြတ်သူ? သူငယ်ချင်း.. မင်းရှိနေလား?'
ဘာတုန့်ပြန်မှုမှမရှိ ဆိတ်ဆိတ်ငြိမ်သက်လျက်။ ကျွန်တော် အားမရှိတဲ့ခြေလှမ်းတွေနဲ့ လယ်စောင့်တဲအိမ်ဆီလျှောက်လှမ်းဖြစ်ရပါတယ်။ လေးလံသော အညိုရောင်သစ်သားတံခါးရွက်ကြီးကို လက်နဲ့အသာတွန်းကာ ဖွင့်လိုက်တာ တကျွီကျွီနှင့်မြည်တာများ အသည်းတောင် ထိပ်တယ်။ တံခါးမကြီးကိုဖွင့် အတွင်းကိုဝင်လိုက်တော့ လေးလံတဲ့တံခါးရွက်ကြီးဟာ ကျွန်တော့်နောက်ဖျားမှာ သူ့အလိုလိုပိတ်သွား တယ်လေ။ ဖုန်တွေ၊ ပင့်ကူမျှင်တွေနှင့် ဟောင်းလောင်းကြီးဖြစ်နေတဲ့ အဆောက်အအုံကြီး။ ကျွန်တော့်ဘ၀ရဲ့ အတိတ်ပုံရိပ်အချို့ရှိနေ မလား ဝေ့၀ဲကြည့်မိရပေမဲ့ ဘာမျှမရှိ။ တော်ပါပြီ အခြားနေရာကို သွားကြည့်တော့မယ်ဆိုပြီး သစ်သားတံခါးရွက်ကြီးကို တွန်းဖွင့်လိုက် တယ်။ ကျွန်တော့်ဆံပင်တွေထောင် ကြက်သီးတွေထအောင် ထိတ်လန့်သွားရပါပြီ။ သစ်သားတံခါးရွက်ကြီးမှာ အတွင်းဘက်က ဘာ လက်ကိုင်မှမပါ။ ကျွန်တော့်အသည်းနှလုံးတွေ အပြေးပြိုင်ပွဲဝင်နေကြပါပြီ။ ကျွန်တော် ဒီနေရာကထွက်ဖို့ ဘယ်လို....ဘယ်လိုလုပ်ရမလဲ။ ကျွန်တော်အားရှိသမျှ အသားကုန် တံခါးကိုတွန်းကြည့်တယ်။ တကယ် လုံးလုံးမရွေ့လျား။ ကျွန်တော် အချုပ်မိပြီပေါ့။
'ကူညီကြပါဦး' ကျွန်တော်အော်တယ်။
'ကူညီကြပါဦးဗျာ....တဲအိမ်ထဲပိတ်မိနေလို့ပါ'
တစ်ယောက်မှ မရှိကြဘူးလား ဘာသံမျှမကြားရ။ ဒီမှာ ကျွန်တော် ဘာမှမလုပ်နိုင်တော့။ ကျွန်တော်ညစ်သွားပြီ။ တနေရာရာမှာထိုင်၊ တစ် ယောက်ယောက်ကလာပြီး ကယ်ပါစေလို့ ဆုတောင်းနေရမယ့်ဟန် ပေါက်နေရော။ ပြဿနာပဲ....ဘာပြဿနာလဲဆိုတော့ ကျွန်တော် ဟာ ဧကအတော်ကျယ်တဲ့ လယ်တောရဲ့ အလယ်ကျကျ တဲအိမ်အိုကြီးရဲ့ အတွင်းဘက်ကိုရောက်ရှိနေတာကိုး။ ဒီနေရာကထွက်သွားဖို့ ဆိုရင် ကျွန်တော်ကိုယ်တိုင်ကလွဲလို့ သိသူတစ်ယောက်ပဲရှိတယ်။ မြတ်သူလေ။ ကျွန်တော်.....လွတ်လွတ်လပ်လပ်ပြန်ဖြစ်ဖို့ဆိုတာ ကျွန်တော့်ကို မတွေ့ချင်တော့လို့ရှောင်သွားသူ့အပေါ်မူတည်နေတယ်ဆိုတာကတော့ ကံတရားရဲ့ကျီစယ်မှုများလား။
အချိန်ကြာလာတာနှင့်အမျှ အလင်းရောင်က လယ်တောတစ်ခွင်က တဖြည်းဖြည်းဆုတ်ခွာသွားတာ မှောင်ရိပ်သန်းစပြုလာတယ်။ အရာ အားလုံး တိတ်ဆိတ်ပြီး ဘာသံမှ မကြားရ။ ကျွန်တော်အမြဲလိုလို တောင့်တမိတဲ့ ငြိမ်သက်အေးချမ်းမှုလေ။ ရှုပ်ထွေးမှုတွေများတဲ့ မြို့ပြနဲ့ ကွာခြားတဲ့ ငြိမ်းချမ်းမှုဆိုတာ အခုတော့ ကျွန်တော်ကြောက်တယ်၊ ရာသီဥတုကလည်း အေးလာပြီ၊ ပြီးတော့ ကျွန်တော်တစ်ယောက် တည်းရယ်။ တစ်စုံတစ်ယောက် ကျွန်တော့်ကိုရှာတွေ့ဖို့၊ ကျွန်တော်နှင့်အတူရှိနေမယ့် တစ်စုံတစ်ယောက်၊ ကျွန်တော့်ကို ဖက်တွယ်မှု နှစ်သိမ့်နွေးထွေးစေမယ့် တစ်စုံတစ်ယောက်သောသူ။အဲဒီတစ်စုံတစ်ယောက်ဟာ မြတ်သူ ဖြစ်လိုက်ပါတော့ကွာ။
အပူချိန်ကျဆင်းလာမှုကြောင့် ကျွန်တော့်ခန္ဓာကိုယ်ဟာ တုန်ခါမှုဖြစ်လာရပါပြီ။ ကျွန်တော်မတ်တပ်ထရပ်ပြီး ဒီအခန်းကြီးထဲ တစ်ခုခုရှာဖို့ ဆုံးဖြတ်လိုက်တယ် နွေးနွေးထွေးထွေးနေဖို့ ဘာများရမလဲပေါ့နော်။ ကျွန်တော့်ခြေထောက်တွေကို တစ်လှမ်းခြင်း လှမ်းကာ မျက်ဝန်း တွေကလည်း ဟိုသည်ကြည့်ပေါ့။ ဘာမှမရှိဘူး စက်ပစ္စည်းအဟောင်းတွေပဲရှိတယ်။ ပြီးတော့ အဲဒါတွေရဲ့နောက်မှာ ကောက်ရိုးထုံးအချို့။ ကောက်ရိုးတွေက နည်းနည်းတော့ ယားယံစေမယ်ဆိုတာ သက်သောင့်သက်သာ မဖြစ်ဖူးဆိုတာ ကျွန်တော်သိပေမယ့် ဘာတတ်နိုင်မလဲ ကောက်ရိုးထုံးအချို့ကိုဖြေကာ ကျွန်တော့်ကိုယ်ခန္ဓာပေါ်ဖုံးလွှမ်း၊ အသင့်ပြေနေတဲ့ကောက်ရုံးပုံလေးပေါ် လှအိပ်လိုက်ပါတယ်။ ၁၀မိနစ် လောက်အကြာမှာတော့ နွေးလာပါတယ်။ လေ့ကျင့်ခန်းလုပ်လို့ သွေးနွေးလာတဲ့အတိုင်းဆိုတော့ အေးစက်စက်ညကို အံတုဖို့ ကောက်ရိုးမျှင်တွေက ကူညီနိုင်တယ်ဆိုတာသေချာသွားတာပေါ့လေ။ အရာအားလုံး အဆင်ပြေတော့ ကျွန်တော်ဘာမှမလုပ်ဖြစ်ဘဲ စောင့်ဆိုင်းမှုကိုသာ......။ ။
Alex Aung (22 Feb 2012)
To be continued....
No comments:
Post a Comment