အခုတပတ် သက်တံ့ရောင်
စကားဝိုင်းကဏ္ဍလေးမှာတော့ မြန်မာပြည်တွင်းမှာ နေထိုင်ကြတဲ့ ပွင့်ပွင်လင်းလင်း
လိင်တူချစ်သူအမျိုးသမီးတွေနဲ့ တွေ့ဆုံထားတာလေးကို တင်ပြလိုက်ပါရစေ။
တွေ့ဆုံဖြစ်ကြပုံလေးကတော့
သက်တံ့ရောင်အဖွဲ့ကနေ ဦးစီးပြီးတော့ လွန်ခဲ့တဲ့ စက်တင်ဘာလမှာ အမျိုးသမီး ချင်း
ချစ်သူတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ နှီးနှောဖလှယ်ကြတဲ့ သင်တန်းတစ်ခုကို
ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီမှာ သူတို့လေးတွေကနေပြီးတော့ သူတို့တွေရဲ့
လူမှုပတ်ဝန်းကျင်မှာ နေထိုင်နေကြရတဲ့ အခြေအနေလေးတွေကို သက်တံ့ရောင်မဂ္ဂဇင်းကနေ
ရင်ဖွင့်ချင်တယ်ဆိုပြီး ဖြစ်လာတဲ့အတွက် အခုလို တင်ပြလိုက်ရခြင်းပဲ ဖြစ်ပါတယ်။
လိင်တူချစ်သူ အမျိုးသမီးတွေအပေါ်မှာ
ရှေးရိုးစွဲအမြင်တွေနဲ့ ပြည့်နှက်နေတဲ့ မြန်မာ့လူမှုအသိုင်းအ၀ိုင်းကြားမှာ
ဖြတ်သန်းကြီးပြင်းလာခဲ့ရတဲ့ သူတို့တွေရဲ့ ဘ၀အတွေ့အကြုံလေးတွေကို သက်တံ့ရောင်
စာဖတ်ပရိသတ်ကြီး မျှဝေခံစားပေးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။
အားလုံးပဲ မင်္ဂလာပါနော်။ ပထမဦးဆုံး
သက်တံ့ရောင် စာဖတ်ပရိသတ်ကြီးကို သူငယ်ချင်းတို့ရဲ့ နာမည်နဲ့ နေရပ်
လိပ်စာလေးတွေကို အရင်ဦးဆုံး မိတ်ဆက်ပေးပါလား။
ဇ။
။ ကျနော့်ကို ရင်းနှီးချစ်ခင်တဲ့ သူငယ်ချင်းတွေကတော့ ဇ လို့ပဲ
ခေါ်ကြတာများပါတယ်။ မိန်းကလေး နာမည်တော့ ရှိတယ်။ ဒါပေမယ့် ကိုယ့်နာမည်လို့ကို
ယူဆမထားလို့ မပြောတော့ဘူး။ ကျနော်က ရန်ကုန်မြိ့မှာ နေထိုင်တာပါ။
တီဇတ်။
။ ကျနော့်နာမည်က တီဇက် ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာပဲ နေထိုင်တာဖြစ်ပါတယ်။
သားငယ်။
။ ကျနော်ကိုတော့ သားငယ်လို့ပဲ ခေါ်ကြပါတယ်။ ကျနော်က
သင်္ကန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့ကပါ။
စီဝိုင်။
။ ချစ်တဲ့သူတွေကတော့
စီဝိုင် လို့ပဲခေါ်ကြပါတယ်ဗျ။ ရန်ကုန်ကပါ။
ဖိုးမူ။
။ ကျနော့်နာမည်ကတော့
ချစ်စနိုးလေးနဲ့ ဖိုးမူလို့ ခေါ်ပါတယ်။ ကျနော်က နေပြည်တော်ကနေ လာတာဖြစ်ပါ တယ်။
ဂျိမ်း။ ။
ကျနော်ကတော့ ဂျိမ်း ပါ။ မော်လမြိုင်မြို့မှာ နေထိုင်ပါတယ်။
ထောင်ခမ်း။
ကျနော့်နာမည်ကတော့
ထောင်ခမ်း ပါ။ ရှမ်း လူမျိုး ဖြစ်ပါတယ်။ အခုလောလောဆယ်တော့ ချင်းမိုင် မြို့မှာ
နေပါတယ်။
ဘယ်အရွယ်လောက်ကတည်းက ကိုယ်ဟာ
အမျိုးသမီးအချင်းချင်းကိုပဲ စိတ်ဝင်စားတယ်ဆိုတာကို သိခဲ့ကြတာ လဲ။ အဲဒီလို
သိလိုက်တဲ့အချိန်မှာ စိတ်ထဲမှာ ဖြစ်ပေါ်သွားတဲ့ ခံစားချက်တွေကို ပြောပြပေးပါလား။
ဇ။ ။
ငယ်ငယ်လေးကတည်းကပဲ သိနေခဲ့တာပါ။ လူမှန်းသိတတ်စကတည်းက ဘောင်းဘီးပဲ ၀တ်ချင်တယ်။
စိတ်ကစား တဲ့ အရွယ်ကို ရောက်လာတော့လည်း ကောင်မလေးတွေကိုပဲ စိတ်ဝင်စားတယ်။
အဲဒီလိုပဲ ပျော်ပါတယ်။
တီဇက်။
။ ကျနော်ကတော့ ၁၀ တန်းလောက်မှ လုံးဝကို သေချာသွားခဲ့တယ်။ ကိုယ့်ကိုယ်ကို
ပျော်ပျော်ရွှင်ရွှင်ပဲ နေပါ တယ်။
သားငယ်။
။ လေးတန်း၊ ငါးတန်းလောက်မှာ လုံးဝယောကျာ်းလေးပုံစံပဲ နေတော့တယ်။ ယောကျာ်းလေး
တယောက် လိုမျိုးပဲ ဖြစ်ချင်ပါ တယ်။
စီဝိုင်။
။ ကျနော်လည်း ၈ တန်းလောက်ကတည်းက ယောကျာ်းလေး
တယောက်လိုပဲ ၀တ်စားနေထိုင်တော့တာပါ။ အဲဒီလို ယောကျာ်းလေးလို ၀တ်စားရမှ
စိတ်တိုင်းကျတယ်ဗျ။
ဖိုးမူ။
။ ငယ်ငယ်လေး လူမှန်းသိတတ်စကတည်းက
ယောကျာ်းလေးတယောက်ပဲ ဖြစ်ချင်နေခဲ့တာ။ တကယ်ဖြစ်နေတဲ့ ခန္ဓာကိုယ်က
မိန်းကလေးဆိုပေမယ့် ကျနော်ဖြစ်ချင်တာက ယောက်ျားလေးပါ။
ဂျိမ်း။
။ ကျနော်လည်း ယောကျာ်းလေးလိုမျိုး ငယ်ငယ်ကတည်းက နေထိုင်လာခဲ့တာပါ။
ယောကျာ်းလေးကျောင်းမှာပဲ တက်ခဲ့တယ်။ အဲဒီအချိန်ထိ ကိုယ့်ကိုယ်ကို
ဘာမှန်းသေသေချာချာ မသိခဲ့သေးဘူး။ လေးတန်းလောက်မှာ မိန်းကလေး ကျောင်းကို ပြောင်းတက်ခိုင်းခဲ့တယ်။
အဲဒီကတည်းက မိန်းကလေးတွေကို တန်းတန်းစွဲကြိုက်ခဲ့တယ်။ ယောကျာ်းလေး တွေကို
ဘယ်တုန်းကမှ စိတ်မ၀င်စားခဲ့ဖူးဘူး။ ယောကျာ်းလေးလို နေရတာကိုပဲ
စိတ်ထဲမှာလုံခြုံတယ်။ ကျေနပ်တယ်ဗျ။
ထောင်ခမ်း။
။ မွေးကတည်းက ယောကျာ်းလေးလိုပဲ။ မိန်းကလေး အ၀တ်အစားတွေဆိုရင်
မ၀တ်ချင်ဘူး။ ဖိနပ်တောင် မိန်းကလေး ဖိနပ် မ၀တ်ချင်ဘူး။ ယောကျာ်းလေးတွေစီးတဲ့
ဘွတ်ဖိနပ်ပဲ ၀တ်ချင်တယ်။ အဲဒီလိုဝတ်ပြန်ရင်လည်း အနူလို့ ပြောကြတယ်။ ဒါပေမယ့်
ကျနော် အနူလို့ ပြောခံပြီး ၀တ်တယ်။ ကစားရင်လည်း မိန်းကလေးတွေ ကစား တဲ့ဟာတွေကို
မကစားဘူး။ ယောကျာ်းလေးတွေ ကစားတဲ့ဟာနဲ့ပဲ ကစားတယ်။ မိဘတွေကတော့ ဘာမှမပြောပါဘူး။
အဲဒီအခါတုန်းက ကျောင်းလည်း မနေရဘူး။ အသက် ၁၃ နှစ် အရွယ်လောက်မှာ သူငယ်ချင်းတွေနဲ့
ကောင်မလေးတွေကို စာလိုက်ပေးခိုင်းတယ်။ အဲဒီလိုနေရတာပဲ လွတ်လပ်တယ်။ ပျော်ရွှင်မှုလည်း
ရှိတယ်။ ကိုယ့် ကိုယ်ကိုလည်း ယုံကြည်မှုရှိတယ်လေ။
အခုလိုမျိုး တွန်ဘွိုင်းတယောက်ပါဆိုပြီး
ပွင့်ပွင့်လင်းလင်းနဲ့ ယောက်ျားလေးလို နေထိုင်ဝတ်စားလာခဲ့တဲ့ အချိန်ကနေ စပြီးတော့
ဘယ်လိုခက်အခဲတွေ ကြုံခဲ့ရလဲ။
ဇ။
။ ဒီလိုဖြစ်တာကို တချို့က အိမ်မှာယောကျာ်းလေးရှိလို့
ဖြစ်တာဆိုပြီး ပြောကြတယ်။ အဲဒီတော့ အိမ်မှာကလည်း အစ်ကိုတစ်ယောက်ပဲရှိတာဆိုတော့
အစ်ကို့အင်္ကျီတွေ ယူဝတ်လို့လားပေါ့နော်။ အဲဒီလိုမျိုးတွေ ပြောခံရတယ်။ တကယ်တော့
မွေးကတည်းကကို အဲဒီမိန်းကလေးကိုပဲ ကြိုက်တဲ့စိတ်က ဖြစ်နေတာ။ ငယ်ငယ်ကတည်းက အမေက
အရမ်းကို ပြင်ပေးခဲ့ တယ်။ အိမ်မှာကလည်း မိန်းကလေးတယောက်၊ ယောကျာ်းလေးတယောက်ပဲ
ရှိတာဆိုတော့ မိန်းကလေး အရမ်းဖြစ်စေချင် တာ။ အပြင်တွေ ဘာတွေ
ခေါ်သွားတော့မယ်ဆိုရင်လည်း အမေက မိတ်ကပ်တွေပြင်ပေးတာ။ အဲဒီအခါကျရင်တော့ သေ အောင်
အော်ငိုပစ်တာ။ အပြင်ကိုလည်း မလိုက်တော့ဘူး။
တီဇက်။
။ ကျနော်ကတော့ အေးအေးဆေးဆေးပါပဲ။ ဘယ်သူမှလည်း အထူးတလည်
ကိုယ့်ရဲ့နေထိုင်မှုပုံစံကို လာ ပြောနေတာမျိုးတော့ မကြုံခဲ့ဖူးဘူး။
သားငယ်။
။ အဲဒီလိုမျိုး နေရတာပဲ လွတ်လပ်တယ်၊ အေးချမ်းတယ်။ မိဘတွေကလည်း
ဘာမှမပြောပါဘူး။ အခက် အခဲရယ်လို့တော့ အရမ်းကြီးမရှိပါဘူး။ ကျနော့်နေထိုင်တဲ့
ပတ်ဝန်းကျင်က အကုန်လုံးက သဘောကျကြပါတယ်။
စီဝိုင်။
။ မိဘတွေကတော့
ဘာမှထူးထူးထွေထွေ မပြောပါဘူး။ ကိုယ်နေချင်သလို နေတာပဲ။
ဖိုးမူ။ ။
မိသားစုမှာ အခက်အခဲရယ်လို့ အရမ်းကြီးတော့ မရှိဘူး။ အဖေက ယောကျာ်းလေး
အရမ်းလိုချင်တဲ့အတွက် ကြောင့် ငယ်ငယ်ကတည်းက ကျနော်လိုချင်တာကို
အကုန်လုပ်ပေးခဲ့တယ်။ ကျနော့်အတွက် အများကြီး အားရှိတယ်။ ကျနော့်အဖေတယောက်ပဲ
ကျနော့်ကို အားပေးခဲ့တယ်။
ဂျိမ်း။
။ ကျနော့်ကတော့ တော်တော်လေး
ခက်ခဲခဲ့တယ်။ ကျနော့် အဖေက သမီးမိန်းကလေးဆိုပြီး မိန်းကလေးလိုပဲ ပေးနေချင်တယ်။
ဒါပေမယ့် ကျနော်က ယောကျာ်းလေးပဲ ဖြစ်ချင်တယ်။ ကျနော်သုံးတဲ့ ယောကျာ်းလေး
အသုံးအဆောင် မှန်သမျှ အဖေက ဖျက်ဆီးပစ်ခဲ့တယ်။ ဒါပေမယ့် ဒီစိတ်က မွေးကတည်းကပါလာတာ
ဘယ်လိုမှ ပြုပြင်ပြီး လုပ်ယူလို့ မရဘူး။ အခုတော့ မိဘတွေက လက်ခံသွားပါပြီ။
ထောင်ခမ်း။
။ ကျနော့်ဆွေမျိုးအသိုင်းအ၀ိုင်းကတော့ မပြောဘူး။
ဒါပေမယ့် ပတ်ဝန်းကျင်ရဲ့ ပြောဆိုမှုကိုတော့ တော်တော်လေး ခံခဲ့ရတယ်ဗျ။ မိန်းမမဟုတ်
ယောကျာ်းမဟုတ်၊ ဘာမှန်းလည်း မသိဘူး။ ဘောင်းဘီဝတ်၊ ပုဆိုးဝတ်နဲ့ပေါ့ နော်။
ကျနော့်ကိုတွေ့ရင် လှောင်ကြပြောင်ကြ ရယ်မောကြတယ်။ မိန်းမလား ယောကျာ်းလားဆိုပြီး
ပြောဆိုတာမျိုးတွေပေါ့။ ဒါပေမယ့် ကျနော်ကတော့ ကိုယ့်ကိုယ်ကို ယုံကြည် တယ်။
မြန်မာ့လူမှုအသိုင်းအ၀ိုင်းမှာ
တွန်ဘွိုင်းတွေအပေါ်မှာ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်ဆိုတာမျိုးတွေ ရှိလား။ ရှိရင်
ပြောပြပေးပါဦး။
ဇ။
။ တော်တော်များများက ယောကျာ်းလျာတွေဆိုရင် အထင် သေးတယ်။ ရှုတ်ချကြတယ်။
စီးပွားရေးအပိုင်းမှာဆိုရင်လည်း တော် တော်များများ ထိခိုက်တယ်။ ဂေး တွေကတောင်မှ
ပိုပြီးတော့ စီးပွားရှာ နိုင်သေးတယ်။ မိတ်ကပ်ဆိုလည်း မိတ်ကပ်၊
ဒီဇိုင်နာလို့ဆိုရင်လည်း ဒီဇိုင်နာပေါ့။ ယောကျာ်းလျာတွေကတော့
အလုပ်အကိုင်အခွင့်အလမ်းမှာ အရမ်းကိုနည်းပါးတယ်။ ပြီးတော့
တချို့အလုပ်တွေမှာဆိုရင်လည်း ၀တ်စုံကိစ္စ နေထိုင်မှု ပုံပန်းသဏ္ဍာန်တွေနဲ့ ယောကျာ်းလျာတွေကို
ခွဲခြားဆက်ဆံကြတာ ရှိတယ်။ ဒီကောင်တွေ ဘာမှမလုပ်နိုင်ဘူးဆိုပြီး အထင်သေးတဲ့
အစွဲတွေနဲ့လည်း အခွင့်အလမ်း တော်တော်လေး နည်းပါတယ်ပေါ့။
တီဇက်။ ။
သတ်မှတ်ချက်တွေကတော့ အများကြီး ရှိကြတယ်။ မိန်းကလေးတွေနဲ့
ပေါင်းပြန်ရင်လည်းတမျိုး၊ ယောကျာ်းလေးတွေနဲ့ အပေါင်းအသင်း လုပ်ပြန်တော့လည်း
တမျိုးပြောကြတာဆိုတော့ ခက် ခဲပါတယ်။
သားငယ်။
။ ကျနော်နဲ့တွဲတဲ့ တချို့သူငယ်ချင်းမတွေရဲ့ မိဘတွေက အရင်ကတော့
သိပ်မကြိုက်ကြဘူး။ နောက်ပိုင်း မှာတော့ သူတို့တွေက ကိုယ့်ရဲ့အနေအထားကို
ကြည့်ပြီးတော့ နားလည်လာကြတယ်၊ လက်ခံလာကြတာမျိုးတော့ ရှိတယ်။
စီဝိုင်။ ။
လူတိုင်းကတော့ အထင်လွဲကြတာပါပဲ။ ကောင်မလေးတွေနဲ့ တွဲရင်လည်း ကောင်မလေး မိဘတွေက
မကြိုက်။ အပြောခံရတာတို့တော့ ရှိတာပေါ့ဗျာ။ တခါတလေမှာ အဆင်ပြေသလို တခါတလေမှာ
တော့လည်း အဆင်မပြေမှုတွေက ကြုံရမှာပါပဲ။ လူတွေက အမျိုးမျိုး ရှိကြတယ်လေ။ တယောက်ကို
ဒီလိုပြောလို့ နားလည်ပေမယ့် တခြားတယောက်က နားလည်ချင်မှ နားလည်မှာကိုး။
ဖိုးမူ။
။ ကျနော့်တို့ကို ပတ်ဝန်းကျင်က
ယောကျာ်းလည်း မဟုတ်၊ မိန်းမလည်း မဟုတ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ပဲ
လှောင်ပြောင်ချင်ကြတာ များတယ်။ လမ်းသွားရင်လည်း ဟိုမှာ ယောကျာ်းလျာ လာပြီဆိုပြီး
စနောက်ကြတာပေါ့။ အဲဒါ တွေကို နားလည်ပေးလိုက်တယ်။ ကိုယ့်ကလည်း ဒီလိုနေရတာကိုပဲ
ကြိုက်တယ်ဆိုတော့ ပြောရင်လည်း ပြောပါစေပေါ့။ ကိုယ့်စိတ်တိုင်းကျ နေရဖို့က
အရေးကြီးတယ်လေ။
ဂျိမ်း။
။ မြန်မာပြည်မှာက အထင်လွဲကြတာ များတယ်။
မိန်းကလေးရည်းစားနဲ့တွဲရင် မိန်းကလေးအချင်းချင်း မတွဲရ ဘူး။ မိန်းကလေးဆိုတာ
ယောကျာ်းလေးနဲ့ပဲ တွဲရမယ်။ အဲဒီလိုမျိုး သတ်မှတ်ချက်တွေနဲ့ ကျနော်တို့အပေါ်မှာ
အထင်အမြင် လွဲမှား မှုတွေ တော်တော်များများ ရှိကြတယ်။
ထောင်ခမ်း။
။ ကျနော်က မြန်မာပြည်မှာ အသက်ကြီးတဲ့အထိ
မနေခဲ့ရဘူး။ အသက် (၁၇) နှစ် ၀န်းကျင်လောက်အထိ ပဲ နေခဲ့ရတယ်။ အဲဒီတုန်းက
ယောက်ျားလျာတွေဆိုတာ သိပ်မရှိဘူးလေ။ ရပ်ကွက်ထဲမှာဆိုရင်လည်း သုံးလေးယောက် လောက်ပဲ
တွေ့တာ။ ပေါ်ပေါ်ထင်ထင် သိပ်မရှိကြဘူး။ တယောက်ကတော့ သူ ယောကျာ်းလေးလိုနေလို့
ဓါးနဲ့ခုတ်ခံရတယ်။ ကျနော့်ကိုတော့ ရန်ပြုတဲ့သူတော့ မရှိဘူး။ ထိုင်းကို ရောက်လို့ အလုပ်လုပ်ပြန်တော့လည်း
တော်တော်ခွဲခြားခံရသေးတယ်။ တချို့နေရာတွေက ဒီလိုပုံစံမျိုးကို လက်မခံဘူးလေ။
ဆေးသုတ်တာတို့၊ လက်သမားအလုပ်တွေမှာတော့ လက်ခံတယ်။ ဆိုင်တွေမှာဆိုရင်တော့
လက်မခံဘူးဗျ။
အဲဒီလို တွန်ဘွိုင်းတွေအပေါ်မှာ
လွဲမှားနေတဲ့အမြင်တွေ၊ သတ်မှတ်ချက်တွေနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့ခံစားချက် တွေကို
ဘယ်လိုမျိုး ပြောပြချင်လဲ။
ဇ။
။ တွန်ဘွိုင်းတွေအားလုံး အကုန်လုံးစည်းလုံးရင်တော့
ကောင်းမယ်လို့ ထင်ပါတယ်။ တချို့တွေက တွန်ဘွိုင်းအစစ် မဟုတ်တဲ့သူတွေ ရှိတယ်။
ဟိုဖက်ပြောင်းလိုက် ဒီဖက်ပြောင်းလိုက်နဲ့ပေါ့။ ကျနော့်သူငယ်ချင်းထဲက တချို့ကောင်တွေတောင်
ရှိတယ်။ အဲဒီလိုဆိုတော့ သူများက ပိုပြီးတော့ ပြောစရာဖြစ်တာပေါ့။
တွန်ဘွိုင်းတွေအားလုံးက စည်းစည်း ရုံးရုံးနေပြီးတော့ သူများကဲ့ရဲ့တာကို
မခံရအောင်နေမယ်ဆိုရင် ဒီကိစ္စက ပပျောက်သွားနိုင်ပါတယ်။
တီဇက်။
။ အခုတော့ နည်းနည်းလေး အမြင်ကျယ်လာပြီလို့ ပြောလို့ရပါတယ်။
ဖြေရှင်းချက်ရယ်လို့တော့ မပြောချင် ပါဘူး။ ဒါပေမယ့် သူတို့တွေလည်း တဖြည်းဖြည်းနဲ့
နားလည်လာကြမှာပါ။
သားငယ်။
။ အခု ကျနော်က တွန်ဘွိုင်းတွေနဲ့ပတ်သက်ပြီး အခုသင်တန်းကနေ ရလာတဲ့ အသိပညာတွေကို
နီးစပ်ရာ သူငယ်ချင်းတွေကို ပြောဆိုဆွေးနွေးသွားချင်တယ်ဗျ။ ဘယ်လိုနေရင်
ဘယ်လိုလုပ်ဆောင်ရင် လူတွေနဲ့ ပိုမိုပြီးတော့ သင်တင့်အောင် နေထိုင်မယ်ဆိုတာတွေက
အစပေါ့နော်။
စီဝိုင်။
။ လူတယောက်ကို တနည်းပေါ့လေ။
လူတွေကလည်းအများကြီးဆိုတော့ နည်းလမ်းအမျိုးမျိုးနဲ့တော့ ဖြေရှင်း သွားမယ်ဆိုရင်
ကြာလာရင်တော့ နားလည်လက်ခံမယ်လို့ ယုံကြည်ပါတယ်။
ဖိုးမူ။ ။
တွန်ဘွိုင်းတွေ အားလုံးပဲ ကြိုးစားအားထုတ်မှုလေးတွေ နည်းနည်းအားစိုက်စေချင်တယ်။
လူတွေရဲ့အရှေ့မှာ အကောင်းဆုံး နေပြဖို့ အရေးကြီးတယ်။ လူတွေ အထင်သေးတဲ့ အပြုအမူတွေ
မလုပ် ရဘူး။ ယောကျာ်းလေးလို နေထိုင်တယ်။ ကိုယ်ဝါသနာပါတဲ့အလုပ် ကို လုပ်ရင်းနဲ့ပဲ
လူတွေရဲ့ရှေ့မှာ ယောကျာ်းလျာတွေဟာလည်း အကုန်လုံး ကို လုပ်နိုင်တယ်ဆိုတာကို
ပြသရမယ်။ အဲဒီလို အကောင်းဆုံးနေပြမယ် ဆိုရင်တော့ အားလုံးက တဖြည်းဖြည်းနဲ့တော့
နားလည်လက်ခံလာ မယ်လို့ ထင်ပါတယ်။
ဂျိမ်း။
။ အခုဆိုရင်
တွန်ဘွိုင်းတွေကို ကမ္ဘာ့ကတောင် အသိ အမှတ်ပြု လက်ခံလာတဲ့အတွက် တဖြည်းဖြည်းနဲ့
ပွင့်ပွင့်လင်းလင်း ရှိလာပြီလို့ ပြောလို့ရပါတယ်။ အထွေအထူးကြီး လိုက်ရှင်းပြနေစရာ
မလိုဘူး။ တွန်ဘွိုင်းတွေအားလုံးက အကောင်းဆုံးကြိုးစားမယ်ဆိုရင် လူတွေလည်း
တဖြည်းဖြည်းနဲ့ အသိအမှတ်ပြု လက်ခံလာမှာပါ။
ထောင်ခမ်း။
။ ကိုယ့်ကို စတယ်၊ နောက်တယ်ဆိုရင် ပြောလိုက်။
ကိုယ့်ဝါသနာဗီဇကြောင့် ပြင်လို့ မရဘူး။ နင်တို့ မကြိုက်တာကို အတင်းလုပ်ခိုင်းရင်
နင်တို့ဘယ်လိုနေမတုန်းဆိုပြီးပဲ မေးလိုက်။ အခုဆိုရင် တော်တော်လေး သဘောပေါက် လာပြီ။
သူများဖြစ်နေတဲ့ကိစ္စကို မကောင်းဘူး သွားမထင်နဲ့။ ကိုယ်ဖြစ်တဲ့အခါကျမှ
ကောင်းလားဆိုပြီး မေးခံနေရမယ်။
တချို့နေရာတွေမှာ ပြောကြတယ်။
တွန်ဘွိုင်းတွေကို ယောကျာ်းလေးတယောက်နဲ့ လိင်ဆက်ဆံပေးလိုက်မယ် ဆိုရင်
မိန်းကလေးဖြစ်သွားမယ် ဆိုပြီးတော့။ အဲဒီအမြင်အပေါ်မှာရော ဘယ်လိုထင်လဲ။
ဇ။
။ တွန်ဘွိုင်းတွေထဲမှာလည်း စစ်တဲ့သူရှိတယ်။ မစစ်တဲ့သူ
ရှိတယ်။ သူပေါင်းတဲ့သူငယ်ချင်းတွေက တွန်ဘွိုင်းဖြစ်လို့ သူငယ်ချင်းအပေါင်းအသင်း
မရှိလို့ လိုက်လုပ်ပေးတဲ့သူတွေ ရှိတယ်။ အဲလိုလူတွေက နဂိုကတည်းက မိန်းကလေးစိတ်ဓါတ်
အခံပါလာတယ်။ ဘာလို့လဲဆိုတော့ လိင်မှုကိစ္စဆိုတာ ရှောင်လွှဲလို့ရတာ မဟုတ်ဘူး။ ဒီလို
တွေ့လိုက်ရင် ဘယ်သူမဆို သာယာတတ်ကြတယ်။ အဲဒီလိုဆိုတော့ မိန်းကလေး
စိတ်ခံရှိတဲ့သူဆိုရင် ပါသွားနိုင်တယ်။ တကယ့် တွန်ဘွိုင်းအစစ်တွေကို တော့
လာလုပ်လို့ ရမှာမဟုတ်ဘူး။
တီဇက်။
။ ဘယ်လိုမှကို မဖြစ်နိုင်တဲ့ ကိစ္စပါ။ အတင်းအဓမ္မ လုပ်မယ်ဆိုရင်တောင်
မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ကိုယ် တွေလို ပုံစံနေပြီးတော့ တချို့ယောကျာ်းလေးနဲ့
တွေ့တဲ့အခါ မိန်းကလေးပုံစံ ပြောင်းသွားတာလည်း ရှိတယ်။ အဓိကကတော့
ကိုယ့်ရဲ့စိတ်အပေါ်မှာပဲ မူတည်တယ်ပေါ့နော်။
စီဝိုင်။
။ အဲဒီလို စော်ကားလိုက်ရင်
မိန်းကလေးဖြစ်သွားမယ်လို့ ပြောလို့တော့ မရဘူးပေါ့နော်။ အဓမ္မကျင့်ရင်တော့ ရမယ်။
ဒါပေမယ့် စိတ်ဓါတ်ကိုတော့ ပြောင်းလဲလို့ မရဘူးပေါ့။
ဖိုးမူ။ ။
အဲဒီလို စော်ကားလိုက်ရင် မိန်းကလေးဖြစ်သွားနိုင်တယ် ဆိုတဲ့စကားကြီးက တစ်မျိုးပဲ။
ကျနော်တိုတွေ ယောကျာ်းလျာဖြစ်ပြီ ဆိုကတည်းက ယောကျာ်းစိတ်ဓါတ် အပြည့်ပါပြီးသား
ဖြစ်တဲ့အတွက် စော်ကားခံလိုက်ရတယ် ဆိုရင်တောင်မှ မိန်းမပြန်ဖြစ်သွားမှာ မဟုတ်
ပါဘူး။
ဂျိမ်း။
။ အဲဒီလိုလုပ်လိုက်လို့
မိန်းကလေး ပြန်ဖြစ်သွားမယ် ဆိုရင် ယောကျာ်းလျာစစ်တော့ မဖြစ်နိုင်ဘူး။
နှစ်ဖက်ချွန်ဆိုရင်တော့ ဖြစ်မယ်။ ယောကျာ်းရှေ့ရောက်ရင် မိန်းကလေးဖြစ်မယ်၊
မိန်းကလေး တွေ ရှေ့ကို ရောက်ရင် ယောကျာ်းဖြစ်မယ်။ အဲလို လူမျိုးတွေကတော့
ဖြစ်သွားနိုင် တယ်။
ထောင်ခမ်း။
။ အဲလိုလူတွေက ကိုယ့်အပေါ်မှာပဲ မူတည်တယ် လေ။
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်။ သူငယ်ချင်းတယောက် ရှိတယ်။ သူမှာ အတူနေတဲ့
မိန်းမလည်း ရှိတယ်နော်။ အဲဒါကို ညစောင့်လုပ်တဲ့ ထိုင်းတွေက သူ့ကိုလာပြီးတော့
ယီးတီးယားတား လုပ်ချင်တယ်။ သူက ကြောက်ချီးပန်းပြီးတော့ နောက်ဆုတ်ပြေးဖို့ပဲ၊ ဘာမှ
ပြန်မလုပ်ရဲဘူး။ အဲတော့ ဟိုကောင်တွေက အတင့်ရဲတာပေါ့။ ကျနော်ဆိုရင်တော့ လာခဲ့။
ဆဲလွှတ်ပစ်လိုက်မယ်။ မင်းတို့ လုပ်ရဲရင် လုပ်ကြည့်ပေါ့။ ပျော့ညံ့မနေဘူး။ အဲလိုဆိုရင်
သူတို့ကလည်း မလုပ်ရဲပါဘူး။ ကိုယ့်ကိုယ်ကို ယုံယုံကြည်ကြည်နဲ့
စိတ်ဓါတ်ပျော့ညံ့မနေဘူးဆိုရင် မဖြစ်ပါဘူး။ တကယ့် တွန်ဘွိုင်းစိတ်ရှိရင်
မဖြစ်နိုင်ပါဘူး။
မြန်မာ့လူမှုအဖွဲ့အစည်းထဲမှာ
မိန်းမလျာတွေထက် ယောကျာ်းလျာတွေကို ပိုပြီးတော့ လက်ခံကြတယ်လို့ ပြောကြ တယ်။
အဲဒါနဲ့ပတ်သက်ပြီးတော့ ဘယ်လိုမျိုး ပြောချင်လဲ။
ဇ။
။ မိန်းမလျာတွေမှာလည်း မိန်းကလေးဖြစ်ချင်တာ ရှိသလို၊ ယောကျာ်းလျာတွေမှာလည်း
ယောကျာ်းလေး ဖြစ်ချင် ကြတယ်လေ။ မိန်းကလေးဖြစ်ချင်လို့ မိန်းကလေးတွေလို
သိမ်သိမ်မွေ့မွေ့ နေကြတယ်။ အဲဒါဆိုရင် လက်ခံကြတယ်။ တချို့ မိန်းမလျာတွေကတော့
ယောကျာ်းလေးတွေထက် ကမြင်းနေကြတဲ့ ဟာမျိုးတွေဆိုရင် ဘယ်မှာမှ လက်ခံမှာ မဟုတ်ဘူး။
အဲလိုမျိုးပဲ ယောကျာ်းလျာတွေလည်း ယောကျာ်းတယောက် ဖြစ်ချင်တယ်ဆိုပေမယ့်
သာမန်ယောကျာ်း ဖြစ်ချင်တာလား၊ ယောကျာ်းကောင်း ဖြစ်ချင်တာလားဆိုတာ ရှိသေးတယ်။
သာမန်တချို့ယောကျာ်းတွေလိုပဲ ဟေးလားဝါးလားနဲ့ အလေ လိုက်နေမယ် ဆိုရင်တော့
ဘယ်လူမှုအဖွဲ့အစည်းကမှ လက်ခံမှာ မဟုတ်ဘူးလေ။ ကိုယ့်အပေါ်မှာပဲ မူတည်မှာပေါ့။ ကိုယ်
ကောင်းအောင် နေရင်တော့ လက်ခံကြမှာပါပဲ။
တီဇက်။
။ မိန်းမလျာတွေထက်စာရင် ယောကျာ်းလျာတွေကို မြန်မာပြည်တွင်းက လူမှုအဖွဲ့အစည်းတွေက
ပိုပြီးတော့ လက်ခံလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က တယောက်တည်းပါတော့ ကိုယ့်ကို
အားကိုးတယ်။
သားငယ်။
။ တချို့ လက်စဘီယံလေးတွေမှာက မိန်းကလေးလိုဝတ်တဲ့ သူငယ်ချင်းတွေ
ရှိတယ်လေ။ သူတို့တွေ အပြင်သွားတဲ့အခါကျရင် သူတို့မိဘတွေက ကိုယ်ပါတော့ စိတ်ချတယ်။
ယုံကြည်ရတယ်။ ယောကျာ်းလေးတွေထက်စာရင် ကိုယ်ပါတော့ ပိုပြီးတော့ စိတ်ချကြတယ်။
စီဝိုင်။
။ သူ့နေရာနဲ့ သူပါပဲ။
အသုံးဝင်မယ့်နေရာကျရင် လက်ခံရတာပါပဲ။
ဖိုးမူ။
။ မိန်းမလျာတွေကို ဘာဖြစ်လို့ လက်မခံကြဘူးလဲဆိုတော့ တချို့မြန်မာ့ယဉ်ကျေးမှုမှာက
ယောကျာ်းလေးကို မိန်းကလေးထက် ပိုပြီးတော့ မြင့်မြတ်တယ်၊ အထွဋ်အမြတ် ထားကြတာဆိုတော့
ယောကျာ်းလေးတွေက ဘာပဲပြောပြော ဘုန်းရှိတယ်၊ ကံရှိတယ်ဆိုတာ ယုံကြည်ကြတယ်လေ။
အဲလိုအခါကျတော့ ယောကျာ်းကနေ မိန်းမဖြစ်ချင်တဲ့ မိန်းမလျာတွေ ဆိုတာ
မြင့်မြတ်တဲ့ယောကျာ်းဖြစ်နေပါရဲ့နဲ့ ဘုန်းကံနိမ့်တဲ့ မိန်းမဘ၀ဖြစ်ချင်တဲ့သူတွေဆိုပြီး
လူမှုအသိုင်းအ၀ိုင်းက သတ်မှတ် တယ်လေ။ ယောကျာ်းလျာတွေကျတော့ ဘုန်းရှိတဲ့
ယောကျာ်းဘ၀ကို ဖြစ်ချင်တဲ့သူတွေဆိုပြီးတော့ မျက်နှာသာ ပိုပေးပြီး တော့
လက်ခံတဲ့အပိုင်းတွေ ရှိတယ်။
ဂျိမ်း။ ။
မိန်းမလျာရော၊ ယောကျာ်းလျာတွေရော ဒီလိုမျိုးလူတွေ ကို လူမှုအသိုင်းအ၀ိုင်းက အတူတူပဲ
သတ်မှတ်ကြတာပါ။ ကျနော့်ရဲ့ အမြင်အရတော့ လက်မခံဘူး၊ လက်ခံတယ်ဆိုတာ ကိုယ့်ရဲ့
လုပ်ရည် ကိုင်ရည် အပေါ်မှာပဲ မူတည်တယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး
သူများလေးစားအောင် နေမယ်ဆိုရင်တော့ လူတိုင်းက လက်ခံမှာပါပဲ။ ယောကျာ်းလျာမှ
မိန်းမလျာမှဆိုပြီး ခွဲခြားနေမှာ မဟုတ်ပါဘူး။
ထောင်ခမ်း။ တောရွာဓလေ့နဲ့
ကျနော်တို့ရဲ့ ရှမ်းလူမှုအသိုင်းအ၀ိုင်း အရ ပြောရမယ်ဆိုရင်တော့ မိန်းမလျာထက်
ယောကျာ်းလျာက ပိုပြီး တော့ ထူးမြတ်တာပေါ့။ မိန်းမလျာဆိုတာ သိက္ခာကျတယ်ပေါ့။
ယောကျာ်း လေးတွေ အချင်းချင်းပြောနေကြတာဆိုရင် မိန်းမလျာလုပ်တာ
ယောက်ျားသိက္ခာကျတယ်ဆိုပြီး လက်မခံချင်ကြဘူး။
တွန်ဘွိုင်းတယောက်ဖြစ်ရတဲ့အတွက်
ကိုယ့်ကိုယ်ကို ဂုဏ်ယူမိတဲ့ အချက်လေးတွေကို ပြောပြပေးပါလား။
ဇ။
။ ဂုဏ်ယူတယ်လို့တော့ မဟုတ်သေးဘူး။ ဘာဖြစ်လို့လဲဆို မြန်မာနိုင်ငံမှာက
ဒါမျိုးကြီးကို သိပ်လက်မခံကြသေးဘူး ဆိုတော့ နည်းနည်း အားငယ်တာမျိုး ဖြစ်တယ်။
အခုလိုမျိုး လိင်တူချစ်သူတွေရဲ့ အခွင့် အရေးနဲ့ဆိုင်တဲ့ လုပ်ငန်းတွေ လုပ်နေ တဲ့
ဒီကာလာရိန်းဘိုးအဖွဲ့ကြီး ရှိတယ်ဆိုတာ သိတာမကြာသေးဘူး။ အဲဒီအချိန်မှာ စိတ်ထဲမှာ
နည်းနည်းတော့ အားတက်မိ တာ အမှန်ပဲ။ တကယ်လို့သာ လူမှုအသိုင်းအ၀ိုင်းက အကုန်လုံး
လက်ခံမယ်ဆိုရင်တော့ ဂုဏ်ယူမိမှာအမှန်ပဲ။ ကိုယ့်ကိုယ် ကိုတော့ သဘောကျတယ်၊
မြတ်နိုးတယ်၊ အားရတယ်။ အရမ်း ဂုဏ်ယူတာမျိုးတော့ မဖြစ်သေးဘူး။
တီဇက်။
။ သူငယ်ချင်းတွေနဲ့သွားရင် နင် ရှေ့က သွားလိုက်ကွာ။ နင်က ယောကျာ်းလေးပဲ
ဆိုပြီးတော့ အားကိုးခံရတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို အရမ်းကို ဂုဏ်ယူတယ်။
သားငယ်။
။ မိန်းကလေးအချင်းချင်း ဖြစ်တာတောင်မှ ကိုယ်က အခုလို ယောကျာ်းလျာ ဖြစ်ရတယ်။
အဲလို စိတ်ရှိတယ်။ အဲဒီအတွက်ကြောင့် ဂုဏ်ယူတယ်။ ပြီးတော့ မိဘသူငယ်ချင်းတွေကလည်း
ယောကျာ်းလေးတယောက်လို အားကိုးလို့ ဂုဏ်ယူတယ်။
စီဝိုင်။
။ မြင့်မြတ်တယ်လို့ ထင်တာပေါ့။
ဘယ်အချိန် ဘယ်သွားသွား ကိုယ့်မှာ အန္တရာယ်မရှိဘူး။
ဖိုးမူ။
။ ကျနော်ကတော့ ကိုယ့်ကိုယ်ကို အရမ်းကို ဂုဏ်ယူတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က
ယောကျာ်းလေး တယောက်လို အလုပ်လုပ်တယ်။ သူတို့တွေနဲ့ ရင်ဘောင်တန်း လုပ်နိုင်တယ်။ ကြိုးစားတယ်။
ကိုယ့်ကိုယ်ကိုလည်း ယုံကြည် တယ်။ အဲဒီအတွက် ဂုဏ်ယူတယ်။
ဂျိမ်း။
။ ကိုယ်က ယောကျာ်းလေးတယောက်လို
ခံယူထားတဲ့အတွက် ဘယ်အရာကိုမဆို ဦးစီးဦးဆောင် လုပ်နိုင်တယ်။ အဲဒီစိတ်တစ်ခုတည်းနဲ့ပဲ
ကိုယ့်ကိုယ်ကို ဂုဏ်ယူတယ်။
ထောင်ခမ်း။
။ ဟိုး အရင်တစ်ခါ ဘန်ကောက်မှာ
ဆေးသုတ်တဲ့လုပ်ငန်းကို လုပ်တုန်းကပေါ့။ တိုက်က ၄၉ ထပ်တောင် ရှိတယ်။ အဲဒီမှာ
ယောကျာ်းလေးတွေတောင် မတက်ရဲဘူး။ ကျနော်က တက်တယ်။ အလုပ်လုပ်ရင်းနဲ့ စက်ပျက်သွားတာ
တောင် မကြောက်လန့်ပဲနဲ့ ထိုင်ပြီးတော့ စောင့်နေတာ။ အောက်ကို ပြန်ရောက်တော့
ဟိုကောင်တွေကို ပြောလိုက်တယ်။ မိန်းကလေးတွေကို အထင်သေးတယ်။ ငါတို့လိုလူတွေကိုရော
အထင်သေးရဲလားလို့။ သူတို့ကလည်း ဟုတ်ပါပြီပေါ့။ ပြီးတော့ ဒီမှာလည်း မိန်းကလေးတွေက
ကိုယ့်ကိုဆို အားကိုးကြတယ်၊ ယုံကြည်ကြတယ်လေ။ အဲဒီအတွက်လည်း ၀မ်းသာတယ်။
မြန်မာ့လူမှုအသိုင်းအ၀ိုင်းက
လိင်တူချင်းချစ်တဲ့ အမျိုးသမီးတွေကို အသိအမှတ်ပြု၊ လက်ခံမှု အရမ်းနည်းတယ်။ အဲဒါတွေ
ပပျောက်ပြီး လက်ခံနိုင်လာအောင် ဘယ်လိုမျိုး လုပ်ဆောင်သွားဖို့ လိုအပ်မယ်လို့
ထင်လဲ။
ဇ။ ။
ဒီကာလာရိန်းဘိုးအဖွဲ့ကြီးကို ဒီထက်မက အောင်မြင်လာစေချင်တယ်။ အခုဆို သိပ်ပြီးတော့
မကျယ်ပြန့်သေးဘူး။ သူများနိုင်ငံတွေမှာတော့ တော်တော်များများ လက်ခံလာကြပြီ။
ဒီလိုမျိုး လိင်တူချစ်သူတွေနဲ့ဆိုင်တဲ့ ပညာပေးလုပ်ငန်းတွေကို
ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရင်း တယောက်ကိုတယောက် လက်ဆင့်ကမ်း
ဖြန့်ဝေသွားမယ်ဆိုရင် တဖြည်းဖြည်းနဲ့ လက်ခံလာကြမှာပါ။
တီဇက်။ ။
အမျိုးသမီးချင်း ချစ်တဲ့သူတွေကို လက်ခံလာအောင် ဆိုရင်တော့ တော်တော်လေး
ကြိုးစားရဦးမှာပါ။ မြန်မာပြည်မှာဆိုရင် လက်မခံနိုင်တဲ့ အခြေအနေတွေက
ပိုများနေတယ်လေ။
သားငယ်။ ။
အမျိုးသမီးအချင်းချင်း အတူတူပေါင်းသင်း နေထိုင် တာကို လက်မခံကြဘူး။ မိန်းကလေးနဲ့
ယောကျာ်းလေးပေါင်းသင်းမှ သဘာဝကျတယ်လို့ ထင်နေကြတယ်။ သူတို့တွေ အသိအမှတ်ပြုလာ အောင်
ပါဝင်ပြီးတော့ ကြိုးစားသွားပါ့မယ်။
စီဝိုင်။
။ မြန်မာပြည်မှာကတော့
လက်ခံနိုင်မှု နည်းပါသေးတယ်။ ဒါပေမယ့် ကိုယ့်နည်းကိုယ်ဟန်နဲ့တော့ လက်ခံနိုင်လာအောင်
လုပ်နေ ကြတာပဲ။ ဘယ်အချိန်မှာ ဖြစ်လာမလဲတော့ မပြောတတ်ဘူး။ ကိုယ် ကတော့
ကြိုးစားနေပါတယ်။ သူတို့တွေ လက်ခံနိုင်အောင် ပညာပေး ဆွေးနွေးပွဲတွေနဲ့
တိုင်တိုင်ပင်ပင် ခဏခဏ ဆွေးနွေးကြတာပေါ့။
ဖိုးမူ။ ။
လူတွေက လက်မခံတာ မပြောနဲ့။ မိဘတွေကတောင် လက်မခံတာ။ မြန်မာပြည်အနေနဲ့ဆိုရင်
ပိုဆိုးမယ်။ အရင်ဦးဆုံး မိဘတွေက လက်ခံလာအောင် ကျနော်တို့ အရင်ကြိုးစားရမယ်။
မိဘတွေက အသိအမှတ်ပြု လက်ခံလာပြီ ဆိုရင် ကျနော်တို့ အားရှိနေပြီ။ မိဘပြီးရင်
ပတ်ဝန်းကျင်ကို ရင်ဆိုင်ရမယ်။ ရင်ဆိုင်တယ်ဆိုတာ ဒီအတိုင်းမဟုတ်ဘူး။ ကိုယ်က
ကြိးစားရမယ်။ သူများနှိမ်တယ်ဆိုရင်တောင်မှ ကိုယ်က သည်းခံရမယ်။ ခွင့်လွှတ်ရမယ်။ အဓိက
မေတ္တာနဲ့ပဲသွားရင် ပိုကောင်းမယ်လို့ ကျနော်ထင်တယ်။ လူတွေက မိန်းမအချင်းချင်းပဲကွာ၊
ရေထဲမှာ ပန်းချီဆွဲရင် ဘာဖြစ်မလဲလို့ ပြောတယ်။ အဲဒီလိုပြောတာကို ကိုယ်ကမရ ရအောင်
လုပ်ပြရမယ်။ ပန်းသတင်း လေညှင်းဆောင်သလို လူသတင်းကိုတော့ လူချင်း ဆောင်မှ ရမယ်။
ကျနော်က ဒီလိုမျိုး လိင်တူချစ်သူတွေအတွက် အခွင့်အရေးတွေကို လုပ်ဆောင်ပေးနေတဲ့
အဖွဲ့အစည်းတွေ ရှိလာပြီဆိုတာရယ်၊ အခွင့်အရေးတွေ အကြောင်းကို လူတွေပိုပြီးတော့
သိလာအောင် စည်းရုံးမယ်၊ လက်ခံလာအောင် တဖက်တလမ်းက ပါဝင်ပြီတော့ လုပ်ဆောင်သွားမှာပါ။
ဂျိမ်း။
။ ကျနော်ကတော့ ကျနော်လက်လှမ်းမှီသလောက် ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာ ပြောပြမယ်။
သူတို့တွေ လည်း ဆန့်ကျင်ဖက်လိင်ကို စိတ်ဝင်စားသလို ငါတို့ကလည်း
ငါတို့ကြိုက်နှစ်သက်ရာကို ချစ်ကြိုက်ပိုင်ခွင့် ရှိတယ်ဆိုတာ ကို လက်ဆင့်ကမ်း
ပညာပေးသွားမှာပါ။
ထောင်ခမ်း။
။ကျနော်ကတော့ ချက်ခြင်းသွားပြောတော့မှာ။ မင်းတို့
ငါကို အထင်သေးတယ်။ အခု ငါတို့မှာလည်း မင်းတို့လိုပဲ အခွင့်အရေးရှိတယ်ဆိုတာကို
သိရပြီ။ လူသားချင်းအတူတူပဲလို့ လက်ဆင့်ကမ်း ဖြန့်ဝေသွားမှာပါ။
လိင်တူချစ်သူ မဟုတ်တဲ့သူတွေကို
ဘာစကားများ ရင်ဖွင့်ချင်ပါသလဲ။
ဇ။
။ ဒါတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပါ။ နှလုံးသားနဲ့ ချစ်ကြတယ်။
အဲဒီထဲမှာ အမျိုးသမီးချင်းကို နှလုံးသားနဲ့ ချစ်ပြီးတော့မှ ဦးနှောက်ပါလာပြီး
ကွဲခဲ့ကြရတယ်။ ကွဲတယ်ဆိုတဲ့နေရာမှာလည်း လိင်တူချစ်သူတွေအတွက် ဥပဒေတွေမှာ
ပြဌာန်ပြီးတော့ အကာအကွယ်ပေးမှုတွေ လုပ်ထားမပေးဘူး။ အဲဒီတော့ ပေါ့ပေါ့လေးချစ်ပြီး
ပေါ့ပေါ့လေး ဖြတ်သွားခဲ့ကြ တယ်။ အဲဒါကို သူတို့က ပေါ့ပေါ့လေး ထင်နေတယ်။
ယောကျာ်းလေးနဲ့ မိန်းကလေးပြတ်ကြမှ သူတို့က ဒါကိုတရားဝင်လို့ သတ်မှတ်နေကြတာ။
လိင်တူချစ်သူတွေကို ကာကွယ်ပေးထားတဲ့ တရားဝင်ဥပဒေတွေသာ ရှိလာရင် ဒီပြဿနာတွေဟာ
အလိုလိုရှင်းသွားမှာပါ။ အဲဒီအခါကျရင်တော့ လိင်ကွဲပဲချစ်ချစ်၊ လိင်တူပဲချစ်ချစ်
ဘာမှပြောစရာမရှိတော့ပါဘူး။
တီဇက်။
။ မတူဘူးပေါ့နော်။ နှိုင်းယှဉ်ကြည့်ပြီးရင် ကိုယ်ချင်းစာခိုင်းစေချင်ပါတယ်။
သားငယ်
။ ။ လိင်တူချစ်သူတွေရဲ့
အချစ်တွေကိုလည်း အလေး အနက်ထားပြီးတော့ ကိုယ်ချင်းစာ ပေးစေချင်ပါတယ်။
စီဝိုင်။
။ အချစ်ဆိုတာ မျက်စိမရှိဘူး။ အဲဒီတော့
ဘယ်သူတွေ ဘယ်လိုမျိုးပဲ ချစ်နေချစ်နေ အပြစ်မမြင်ကြဖို့ပဲ ကျနော်ကတော့ ပြော
ချင်တယ်။
ဖိုးမူ။
။ လူသားထဲက လူသားတွေပါပဲ။ ကျနော်တို့တွေလည်း
ချစ်တတ်ပါတယ်။ အချစ်ဆိုတာ ယောက်ျား၊ မိန်းမ မခွဲခြားထားပါဘူး။ အကုန်လုံးကို ချစ်လို့
ရပါတယ်။ လိင်တူပဲချစ်ချစ်၊ လိင်ကွဲပဲချစ်ချစ် အချစ်ကို အချစ်လို့ပဲ
သတ်မှတ်ထားပေးစေချင်ပါတယ်။
ဂျိမ်း။
။ မကူညီချင်နေပါ၊ မနှောက်ယှက်ကြပါနဲ့။
မတားဆီးကြ ပါနဲ့။ အားမပေးချင်နေပါ၊ မရှုတ်ချကြပါနဲ့လို့ပဲ ပြောချင်ပါတယ်။
ထောင်ခမ်း။ ။
လူလူချင်း နားလည်စာနာပေးပေါ့နော်။ ကျနော်တို့ က ယောကျာ်းလေးတွေလို ကလေးရအောင်
မလုပ်ပေး နိုင်ပေမယ့် အချစ်ကတော့ ယောကျာ်းလေးတွေ ချစ်တာထက်
မလျှော့ဘူးပေါ့နော်။ စာနာစိတ်ကလေးနဲ့ ဒီလိင်တူချစ်သူတွေ အပေါ်ကို
နားလည်ပေးကြပါလို့ပဲ ပြောချင်ပါတယ်။
သက်တံ့ရောင်စာစောင်ကနေ
လိင်တူချစ်တဲ့သူတွေကို ပါးချင်တဲ့အမှာစကားလေးတွေကိုလည်း ပြောကြားပေး ပါဦး။
ဇ။
။ အားမလျှော့ကြပါနဲ့။ စိတ်မပျက်ကြပါနဲ့လို့။ ဒီ သက်တံ့ရောင်အဖွဲ့ကြီးက
ဒီထက်လုပ်ရင် ပိုပြီးတော့ အောင်မြင်လာ မှာပါ။ အဲဒီအချိန်ရောက်ရင်
လိင်တူချစ်သူတွေကို ကာကွယ်ပေးတဲ့ ဥပဒေတစ်ခုခု ထွက်ပေါ်လာလိမ့်မယ်လို့ ယုံကြည်တယ်
လေ။ လိင်တူချစ်သူတွေလည်း ကိုယ်သိထားတဲ့ အသိပညာ ဗဟုသုတလေးတွေကို အချင်းချင်း
လက်ဆင့်ကမ်း ဖြန့်ဝေကြရင်းနဲ့ အားလုံးပါဝင်လုပ်ဆောင်ကြဖို့ ပြောချင်ပါတယ်။
တီဇက်။
။လိင်တူချစ်သူတွေနဲ့ ပတ်သက်တဲ့ အသိပညာဗဟုသုတပေးတဲ့ သင်တန်းတွေကို များများ လုပ်ဆောင်ပေး
လာရင်တော့ အားလုံးက စိတ်ပါဝင်စားပြီးတော့ နားလည်လာကြမှာပါ။
သားငယ်။
။လိင်တူချစ်သူတွေနဲ့ ပတ်သက်တဲ့ အခွင့်အရေးသင်တန်းတွေက ရန်ကုန်မှာ
လူသိနည်းသေးတယ်။ နောက်ပိုင်းမှာ ဒီအခွင့်အရေးတွေကို လူတွေပိုမိုသိလာပြီးတော့
အနေအထိုင် အပြုအမူ အကြောင်းတွေကို အကုန်လုံးကို သိခိုင်းစေချင်ပါတယ်။
စီဝိုင်။
။အားမလျှော့ကြပါနဲ့လို့။ တစ်နေ့နေ့
တစ်ချိန်ချိန်မှာတော့ အားလုံးက အသိအမှတ်ပြုလာမှာပါ။
ဖိုးမူ။ ။အားပေးစကား
ပြောချင်ပါတယ်။ အားမလျှော့ကြပဲနဲ့ ကိုယ်က ဒီလမ်းကို လျှောက်ပြီဆိုရင်လည်း
အဆုံးထိကို ရောက်အောင် လျှောက်ကြပါလို့။ အဲဒီလိုလျှောက်နေတဲ့အခါမှာလည်း အခုလို
အဖွဲ့အစည်းတွေကနေ ဘေးကနေပြီးတော့ ဟိုးလမ်းဆုံးထိရောက်အောင် ကူညီပံ့ပိုးပေးမယ်လို့
ထင်ပါတယ်။ အဲဒါကြောင့် အားမလျှော့ကြပဲ အားလုံးပါဝင်ကြပါလို့။
ဂျိမ်း။
။ကျနော်ပြောချင်တာကတော့ ကိုယ်ယုံကြည်ရာကို
စိတ်ထဲမှာ ခိုင်ခိုင်မာမာထားပြီးတော့ လျှောက်စေချင်တယ်။ သူများပြောတာကို
လမ်းလွဲယူပြီး ဘေးမချော်စေချင်ဘူး။ တစ်နေ့ကျရင် ကိုယ်ကအောင် မြင်လာမှာပါ။
ထောင်ခမ်း။
။ကျနော်အကြံပြုချင်တာကတော့ ဗမာတွေချည်းပဲ
မဟုတ်ပဲ တိုင်းရင်းသားပေါင်းစုံကို ဒီလိင်တူချစ်သူ တွေရဲ့ အခွင့်အရေးတွေနဲ့
ပတ်သက်တဲ့ အကြောင်းအရာတွေ၊ သင်တန်းတွေကို ရစေချင်ပါ တယ်။
နောနွဲ့ရီ စီစဉ်တင်ဆက်သည်။
No comments:
Post a Comment