"အခြောက်ကြီး အခြောက်ကြီး.....ဝေးဟေးဟေး"
ကလေးတစ်သိုက်ရဲ့ အော်သံနဲ့ အတူ ဆိုင်ရှေ့ မှာ ရုတ်ရုတ်သဲသဲ ပြေးလွှားသံတွေကြားလိုက်ရတော့ သုသု နဲ့ ကီလေး တို့ နှစ်ကောင် ခေါင်းထောင်လာကြသည်။ သူတို့ လေးတွေ ကလေးပီပီ စပ်စုချင်တဲ့ စိတ်ကလေးနဲ့ ဆိုင်ရှေ့ ကို သွားဖို့ မျက်လုံးအ၀ိုင်းသားလေးတွေနဲ့ ကျွန်မကို ခွင့်တောင်းကြည့်ကြည့်နေကြတော့ ကျွန်မကိုယ်တိုင်ကပဲ သူတို့ လက်ကလေးတွေဆွဲခေါ်လို့ ဆိုင်ရှေ့ ကို ထွက်လာခဲ့လိုက်ပါတယ်။ ဒီလိုမှ မဟုတ်ရင် စာထဲကို ဘယ်လိုမှ စိတ်ဝင်စားတော့မှ မဟုတ်မှန်း သိတဲ့အတွက် သူတို့ လေးတွေကို အလိုလိုက်ရင်း ကျွန်မလည်း အဲဒီ မြင်ကွင်းတစ်ခုကို စိတ်ဝင်စားနေခဲ့မိပြီလေ။
နေရောင်အောက်မှာ သူ့ ရဲ့ အနီရောင်ဖဲ ဂါဝန်ကြီးက လွှားကနဲ ၀ဲပျံရင်း သူ့ ရဲ့ သီချင်းသံနဲ့ အတူ အနုပညာ တစ်ခုကို ဖော်ကြူးနေလေရဲ့ ။
" မလွမ်းရဲသေးဘူး မောင်ရယ်........ခဏတော့ မထားခဲ့ပါနဲ့ ....အချစ်ရိပ်လေးမှာ အိပ်နေချင်သေးတယ်......." အယ်ဆိုင်းဇီ ရဲ့  အသံချိုချိုလေးကို လိုက်တုပြီး မုဒ်အပြည့်နဲ့  သီဆိုနေတဲ့ သူ့ အသံသြသြလေးကလည်း ကျွန်မစိတ်ထဲတော့ တစ်မျိုး နားထောင်ကောင်းနေတယ်လို့ ပဲ ထင်မိတယ်။ ကျွန်မတို့ ဆိုင်ရှေ့ နားမှာ လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင်ရှိတာကြောင့် အဲဒီလက်ဖက်ရည်ဆိုင်မှာ လာသောက်နေကြတဲ့ ဆယ်ကျော်သက်အရွယ် ကောင်ကလေးတစ်သိုက်ရဲ့ တောင်းဆိုမှု နဲ့ သူဖျော်ဖြေနေတာကိုး။ သီချင်း ၃ ပုဒ်ကို တစ်ထောင်ကျပ် ကို ငါးရာထားဆိုပြီး ဈေးဆစ်နေသေးတာကို စိတ်ထဲ မကောင်းပေမယ့် ဒီအတိုင်းပဲ ဆက်ကြည့်နေလိုက်တယ်။ သူတို့ အတွက် နန်းကြီးသုတ်တစ်ပွဲကို တစ်ထောင်လောက်ပေးစားနေနိုင်တဲ့ အခြေအနေမှာ သူတပါးရဲ့ ဝမ်းစာရှာဖွေစားသောက်ခြင်းအပေါ် ဒီလို စနောက်ပြီး တန်ဖိုးစစ်နေတာကို ကျွန်မ ပုံကြီးချဲ့ ပြီး အများကြီး ဆက်မတွေးချင်နေခဲ့ဘူး။ သူတို့ လေးတွေဟာ လူငယ်လူရွယ်လေးတွေဖြစ်ပြီး သူတို့ ရဲ အသိဥာဏ်ထဲကို ကိုယ်ချင်းစာတရား၊ စဉ်းစားတွေးခေါ်နိုင်ခြင်းဆိုတာတွေဟာ ကျွန်မရှိစေချင်နေတဲ့ အတိုင်းအတာအတိုင်း ဘယ်ရှိနေနိုင်မလဲလေ။
သုသုနဲ့ ကီကီလေး တို့ ကတော့ စိတ်ဝင်တစားကြည့်ရင်း ပျော်နေကြပုံပဲ။ တခစ်ခစ်နဲ့ သီချင်းတောင် လိုက်ညည်းနေလိုက်သေးတယ်။ အဲဒီမှာ ကျွန်မ သတိထားမိတာက ဘာတေးဂီတ ပံ့ပိုးမှုမှာ မပါပဲ သူ့ ရဲ့ သီချင်းသီဆိုမှုဟာ အသံသြသြရှတတနဲ့ အရမ်းကို စွဲဆောင်မှုရှိနေတာကိုပါ။ သူဟာ ဂီတမှာ ပါရမီရှိသူတစ်ယောက်လို့ ကျွန်မစိတ်ထဲကနေ တိတ်တိတ်လေး အမှတ်ပေးနေမိတယ်။ တဆက်တည်း ကျွန်မ စိတ်အတွေးထဲ ၀င်ရောက်လာတဲ့ မေးခွန်းက သူဘာလို့ ဒီလို အသက်မွေးဝမ်းကြောင်းအလုပ်ကို ရွေးချယ်ခဲ့တာလဲ။ သူ့ မှာ မိသားစု စီးပွားရေး အခက်အခဲရှိမယ်ဆိုရင်တောင် ဘာလို့ များ လူအများကြား ဂုဏ်သိက္ခာကို ရောင်းဝယ်ဖောက်ကားရတဲ့ အဲဒီအလုပ်ကြီးကို ရွေးချယ်ခဲ့တာပါလဲပေါ့လေ။ သူဟာ ယောက်ကျားတစ်ယောက်ဖြစ်ရက်နဲ့ ခုလို မိတ်ကပ်ထူထူလိမ်း၊ အရောင်တောက်တောက်ကြီးတွေ ၀တ်ပြီး ပိုက်ဆံ ဘယ်လောက်မှ မရနိုင်တဲ့ အလုပ်အတွက် ဘယ်လို စိတ်မျိုးနဲ့ များ ရှင်သန်ရပ်တည်တာပါလိမ့်လို့ ကျွန်မ သူ့ ကို စကားပြောချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာခဲ့တယ်။
ကျွန်မစိတ်ထဲ အတွေးတွေ တန်းစီဝင်ရောက်နေခဲ့တဲ့အချိန်အတွင်းမှာပဲ မမျှော်လင့်တဲ့ မြင်ကွင်းတစ်ခုကို ကျွန်မမြင်လိုက်ရတယ်။ အဲဒါကတော့ လက်ဖက်ရည်ဝိုင်းထဲက ကောင်လေးတစ်ယောက်ဟာ သီချင်းဆိုနေတဲ့ သူ့ ရဲ့ တင်ပါးကို ခြေထောက်နဲ့ လှမ်းကန်လိုက်ပြီး "အခြောက်မ ဒီနားကို လာစမ်း၊ အာဘွားလာပေးစမ်း " ဆိုပြီး စရိုက်ကျစွာ ပြောဆိုနေတာပါ။ သူက မျက်စိတစ်ဖက် မှိတ်ပြပြီး Flying kiss လေးနဲ့ ယဉ်ကျေးစွာ ငြင်းဆိုလိုက်တာကို ဟိုကလေးတွေက တ၀ါးဝါးရယ်ပြီး သူ့ ကို စနောက်နေတာကို ဘေးနားက ကလေးတစ်သိုက်ကလည်း ခုန်ပေါက်ပြီး အားပေးနေကြတယ်။ မြင်ကွင်းကတော့ ရယ်စရာကောင်းတယ်လို့ အပေါ်ယံ မြင်လို့ ရတာပေါ့။ ဒါပေမယ့် အဲဒီ ၀န်းကျင်တစ်ခုလုံးမှာ သူ့ နေရာကို ၀င်ရောက်ခံစားကြည့်နေတဲ့ ကျွန်မ အတွက်တော့ အတော်လေး စိတ်မကောင်းဖြစ်နေရတဲ့ အပြင် သူတို့ တွေရဲ့ ဘ၀တွေကို စာနာနားလည်ခြင်းဆိုတဲ့ အခြေခံစိတ်လေးနဲ့ အတွေးတွေ လွင့်မျောနေမိပြန်တယ်။
ကျွန်မတို့ မြန်မာလူမျိုးဆိုတာ ယဉ်ကျေးမှုကို ရှေးတန်းတင်တဲ့ စိတ်နှလုံးစားနူးညံ့တဲ့ လူမျိုးရယ်လို့ အသိအမှတ်ပြုခြင်းခံထားကြရသူတွေပါ။ အဲဒီ လူ့ အသိုက်အအုံထဲမှာ သူတို့ တွေက တတိယလိင်အဖြစ်နဲ့ တည်ရှိနေကြခြင်း အပေါ် ကျွန်မတို့ တွေ ဘယ်လို သဘောထားခဲ့ကြသလဲ။ လမ်းမှာ မိန်းမငယ်ချောချောလေး နှစ်ဦး နဲ့ မိန်းမလျာ ဟုခေါ်ဆိုကြသော ထို တစ်စုံတစ်ယောက်များ ယှဉ်ပြီးလျှောက်လာကြမယ်ဆိုရင် ကျွန်မတို့ လူ့ အသိုက်အအုံကြီးရဲ့ အာရုံဟာ မိန်းမငယ်ချောချောလေးများကို ကျော်လွန်ပြီး သူ့ အပေါ် လုံးလုံးလျားလျား ကျရောက်တတ်လေ့ရှိကြပါတယ်။ ဘာလို့ လဲ။ ယောက်ကျား၊ မိန်းမ ဆိုတာ သဘာဝတရားကြီးအတိုင်း တည်ရှိနေတဲ့ လိင်အမျိုးအစား များဖြစ်ပြီး သူတို့ တွေကိုတော့ သဘာဝကို ဆန့် ကျင်ဖြစ်တည်နေသော ဖောက်လွဲဖောက်ပြန် လူသားများလို့ ကျွန်မတို့ ကနဦးကတည်းက သတ်မှတ်လိုက်ကြခြင်းကြောင့်များလား။ ဒါမှ မဟုတ် သူတို့ တွေရဲ့ ပြုမူနေထိုင်ပုံဟာ အများတကာနဲ့ ဆန့် ကျင်ပြီး စိတ်ဝင်စားစရာ ဖြစ်နေလို့ များလား။ ဒီမှာ စိတ်ဝင်စားတယ်ဆိုတဲ့နောက်မှာ တဆက်တည်း ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေက "ရွံစရာကြီးတွေဟယ်"
" ရှက်ဖို့ ကောင်းလိုက်တာ.......လူဖြစ်ပြီး လူလိုမနေကြဘူး"
" နှမြောစရာ ကောင်းလိုက်တာနော် မြင့်မြတ်တဲ့ ယောက်ကျားဘ၀ကို ရထားတာတောင် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားတတ်ကြတဲ့သူတွေ"
" အတော်ရွတဲ့ အမျိုးတွေ * အခြောက်တွေ"
" ဟေ့ရောင်တွေ သွားမစနဲ့ နော် စွဲစိခံရလိမ့်မယ် "
ဒီလို မှတ်ချက်မျိုးတွေကို သင်တို့ ကိုယ်တိုင်လည်း ပြောဖူးရင်ပြောဖူးလိမ့်မယ်။ ဒါမှမဟုတ် ကြားတော့ ကြားဖူးကြမှာပါ။
ဒီလိုပဲ ကျွန်မတို့ ဟာ သူတို့ တွေကို မြင်ရင် လိုက်မကြည့်ပဲ မနေနိုင်တဲ့သူ ရှားပါတယ်။ အာရုံတော့ စိုက်မိကြတာချည်းပဲ။ ဒါ ကျွန်မတို့ သတိမထားမိတဲ့ ကျွန်မတို့ ရဲ့ လူနေမှု စရိုက် အလေ့အထ တစ်ခုရယ်လို့ ဖြစ်လာတဲ့အခါမှာတော့ ဒါဟာ ကောင်းသောအကျင့်တစ်ခု ဖြစ်တယ်လို့ တော့ မဖြစ်နိုင်ဘူးဆိုရင် အားလုံးလက်ခံကြမယ်လို့ ကျွန်မမျှော်လင့်မိတာပဲ။ ကျွန်မ မှာ မောင်ငယ်လေး တစ်ယောက် ရှိပါတယ် သူက Charming Draft လေးပါ။ သူ့ ဟာ အခု အသက်အရွယ်ရသည်အထိ လူ့ ပတ်ဝန်းကျင်မှာ ပုံမှန်ရဲရဲဝံ့ဝံ့ သာမာန်လူလို သွားလာနေထိုင်ဖို့  ခက်ခဲနေတုန်းပါ။ ခက်ခဲတယ်ဆိုတာ သူတို့ လို လူမျိုးလေးတွေကို ကျွန်မတို့ လူ့ အသိုက်အအုံက အာရုံစိုက်ပြီး အထူးအဆန်းလို ဆက်ဆံကြတာကြောင့်ပါ။ သူနဲ့ အတူ ရွှေတိဂုံ ဘုရားကို သွားကြတုန်းကဆို သူ့ ရဲ့ ရဲဝံ့စွာ ဘ၀ကို ဖြတ်သန်းနေရတဲ့ စိတ်ဓါတ်ခိုင်မာမှု တစ်ခုကို ကျွန်မကောင်းကောင်း သတိထားမိခဲ့ပါတယ်။ ကျွန်မတို့ မြန်မာလူမျိုးများ ဘာ့ကြောင့် ဒီလို လူတွေကို အမြဲတမ်း အထူးအဆန်းကြီး သဖွယ် အာရုံစိုက်ကြရတာလဲ။ သူတို့ အတွက် ထည့်စဉ်းစားပေးနိုင်တဲ့ ကိုယ်ချင်းစာ တရားခေါင်းပါးလွန်းနေတာလား။ တချို့ များဆို နောက်ကလေ လက်ညိုးကြီးထိုး အချင်းချင်း အ့သြိပေးလို့ အော်ဟစ်ပြီးကို လိုက်ကြည့်ကြတယ်။ ကလေးတွေဆို နောက်ကနေကို ပြေးလိုက်လာတယ်။ အဲဒီကလေးလေးတွေကို စိတ်ဓါတ်ရေးရာ ပြုပြင်ပေးရမယ့် လူကြီးတွေကိုယ်တိုင်ကိုက ပွဲကြည့်သလို ကြည့်နေကြပြီဆိုမှတော့ ကျွန်မတို့ ရဲ့ ယဉ်ကျေးမှုကို ပြောင်းလဲဖို့ ဆိုတာ မဖြစ်နိုင်တော့ပါဘူး။
ဒါဟာ ဆိုးရွားတဲ့ ပြသနာတစ်ရပ် မဟုတ်ပေမယ့် သူတို့ တွေအတွက်ကတော့ စိတ်ဝေဒနာ တစ်ရပ်ဖြစ်စေနိုင်ပါတယ်။ ကျွန်မ မောင်လေးက ပြောတယ်။ သူ စင်ကာပူ မလေးရှား နိုင်ငံတွေ သွားလည်တုန်းကဆို အရမ်းကို စိတ်လက်ပေါ့ပါးပျော်ရွှ့င်ရတယ်တဲ့။ သူ့ ကို လူပုလေးရယ်လို့ ဘယ်သူတစ်ဥိးတစ်ယောက်ကမှာ အာရုံစိုက်ခြင်းမရှိဘူး။ သူ့ ဘေးနားကနေ ဖြတ်သွားလို့ တောင် သူ့ ကို လှည့်မကြည့်ပဲ ကိုယ့်ကိစ္စကိုယ် လုပ်နေကြတာတဲ့လေ။ သူ့ ကိုယ်သူ သာမာန်လူတစ်ယောက်လို ခံစားခဲ့ရတာ အဲဒီအချိန်လေးပဲရှိလို့ သူအရမ်းကို ပျော်ရွှင်လွတ်လပ်ခဲ့ရတာပါတဲ့။ ကဲ။
ကျွန်မတို့ လူ့ အသိုက်အအုံကရော ဒါကို ယဉ်ကျေးမှု တစ်ရပ်ဆိုပြီး မပြုပြင်နိုင်ဘူးတဲ့လား။ သူတို့ တွေဟာ လည်း လူ့ အဖွဲ့ အစည်းထဲက လူပါပဲလေ။ သူတို့ ရဲ့ ရပ်တည်ရှင်သန်ခြင်းအတွက် ကိုယ်ချင်းစာစိတ်လေးကို ရင်ထဲ ပျိုးချကြည့်ကြစေချင်မိတယ်။ တကယ်တော့ ဒီလို စိတ်ကလေးကို မွေးမြူလိုက်တယ်ဆိုတာ အဲဒီသူ ကိုယ်တိုင်အပေါ်မှာ ဦးစွာ အကျိုးသက်ရောက်တာပါလေ။ လူသားချင်း စာနာထောက်ထားခြင်းဆိုတာ စာတန်းထိုးပြမှ ဖြစ်တာမဟုတ်ပါဘူး။ ဒီလို အသေးအမွှားလို့ ယူဆထားတဲ့ အပြုအမူလေးတစ်ခုကနေလည်း ဖော်ဆောင်လို့ ရပါတယ်။ ကိုယ့်အနေနဲ့ သူတို့ ကို သာမာန်လူသားများပါလို့ အသိအမှတ်ပြုခြင်းအားဖြင့် သူတို့ အပေါ် ဒီလို အပြုအမူတွေကို ရှောင်ကြဉ်လိုက်ဖို့ သတိထားလိုက်မယ်ဆိုရင် သူတို့ တွေကို ကူညီရာရောက်မယ်။ သူ တို့ ဘ၀ ရပ်တည်ခြင်းအတွက် ခွန်အားတစ်ရပ်ဖြစ်စေမယ်လို့ ကျွန်မအနေနဲ့ ယုံကြည်မိတယ်။
အဲဒီလိုပါပဲ အခြောက်ကြီး လို့ နာမည်ပေးထားကြတဲ့ လူတန်းစား တစ်ရပ်ကိုလည်း ကျွန်မတို့ အနေနဲ့ လူ့ အသိုက်အအုံမှာ အားမပေးနိုင်သည့်တိုင်အောင် လက်ခံသင့်ပါတယ်။ ကျွန်မတို့ လူ့ အဖွဲ့ အစည်းထဲမှာ သူတို့ တွေဟာ ရာခိုင်နှုန်းတစ်ခု အဖြစ်တည်ရှိနေကြခဲ့ပါပြီ။ လူ့ အသိုက်အအုံကြီးတစ်ခုလုံး ယဉ်ကျေးပြီး တိုးတက်ကောင်းမွန်ဖို့ ဆိုတာ အဲဒီထဲမှာ ပါတဲ့ လူသားတွေအားလုံးနဲ့ ဆိုင်ပါတယ်။ သူများကို နှိမ်ချခြင်းဖြင့် ကိုယ်ကိုယ်တိုင် ဘယ်တော့မှ မြင့်တက်လာနိုင်မှာ မဟုတ်ပါဘူး။ အထူးသဖြင့် အနာဂတ်ကို ဖန်တီးကြမယ့် လူငယ်လူရွယ်လေးတွေရဲ့ အခြေခံစိတ်ဓါတ်ကလေးကိုသာ ထိန်းညှိပြုပြင်ပေးနိုင်မယ်ဆိုရင် တချိန်မှာ ယဉ်ကျေးသော လူမျိုးဆိုတဲ့ ခေါင်းစဉ်ထဲ ဒီအလေ့အထလေးလည်း အကျုံးဝင်လာနိုင်မယ်လို့ မျှော်လင့်မိတယ်။ တဖက်က ပြန်ပြောမယ်ဆိုရင်လည်း အဲဒီ တတိယလိင်ဆိုတဲ့ လူတန်းစားတစ်ရပ်ဟာ သူတို့ ကိုယ်တိုင်ရဲ့ ပြုမူနေထိုင်ပုံတွေကလည်း အများလက်မခံနိုင်တာတွေရှိတဲ့အတွက် သူတို့ တွေကိုလည်း ကိုယ်ကလေးစားမှု အသိအမှတ်ပြုမှုကို ခံယူချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင်ရဲ့ ပြုမှုနေထိုင်ပုံတွေကို ပြန်လန်သုံးသပ်ဆင်ခြင်စေချင်ပါတယ်။
သူတို့ တွေရဲ့ အပြောအရ သူတို့ ဟာ ယောက်ကျားဟိုမုန်းနဲ့ မိန်းမစိတ်ဖြစ်နေတဲ့ အတွက် သူတို့ ရဲ့ စိတ်တွေဟာ သူများတကာထက်ပိုပြီး တက်ကြွတတ်တာကို "ဆပ်ဆလူးထတယ်၊ ရွတယ်၊ ကဲတယ် " ဆိုတာတွေ ဖြစ်လာရတာပါပဲ။ အဲဒီအတွက် သူတို့ ဘက်ကနေလည်း ဆင်ခြင်ဖို့ လိုပါတယ်။ အပြောမခံရဖို့ ဆိုတာ အပြောမခံရအောင်နေဖို့ က အဓိကကျပါတယ်။ တကယ်လို့ ကိုယ်က ကောင်းကောင်းမွန်မွန် တည်ငြိမ်စွာနေပြီး လူ့ အသိုင်းအ၀ိုင်းမှာ အကျိုးရှိစွာ ရပ်တည်နေကြမယ်ဆိုရင် ဝေဖန်ရှုံချသံတွေဟာ လုံးဝမှေးမှိန်သွားမှာပါ။
ကျွန်မ ရဲ့ အတွေးတွေ ဆက်သွားလိုက်တာ သူ့ ရဲ့ တေးသီချင်းသံလေးအတော်ဝေးဝေးရောက်သွားတာကိုတောင် သတိမထားမိလိုက်ပါဘူး။ ကျွန်မစိတ်ထဲက အတွေးတွေအတွက် ကီကီလေးနဲ့ သုသုတို့ ကို သူတို့ တွေဟာ စနောက်စရာ ရှုံ့ ချစရာ လူမျိုး မဟုတ်ဘူး ဆိုတာ ပြောပြနိုင်မယ်လေ။ အနည်းဆုံး ကိုယ်တတ်နိုင်တဲ့ ကိစ္စ သေးသေးလေးကနေ စတင်လိုက်ခြင်းကသာ တကယ်စတင်ခြင်းဖြစ်တယ်လို့ ပြောစကားလေးကို မှတ်ထားခဲ့ဖူးတယ်။ ကျွန်မရဲ့ တူလေးနဲ့ တူမလေးတွေ ဖြစ်တဲ့ ကီကီနဲ့ သုသုတို့ အတွက် ကျွန်မရဲ့ ဒီနေ့ ည အိပ်ယာဝင်ပုံပြင်ဟာ နူးညံ့သော လုပ်သားပျားများ ဖြစ်ကောင်းဖြစ်လာတော့မှာပါ။
လူသားတိုင်း ကိုယ်ချင်းစာတရားကို လက်ကိုင်ထားပြီး ကိုယ့်စိတ်ထား ခံယူချက်ကို ပြုပြင်ခြင်းအားဖြင့် လူ့ အသိုက်အအုံကြီး ပိုမို သာယာ ယဉ်ကျေးလာစေဖို့ မျှော်လင့်မိတာ ကျွန်မရဲ့ စေတနာပါ။ နောက် ကျွန်မတို့ တိုင်းပြည်ကြီးမှာ တိုင်းတပါးသားတွေ ပိုမိုများပြားလာတဲ့အခါ ဒီအပြုအမူဟာ မြန်မာလူမျိုးများအတွက် ထောက်ပြစရာတစ်ခု မဖြစ်ဖို့  ကျွန်မတို့ တွေလည်း ဆင်ခြင်သုံးသပ်ကြည့်သင့်ပါတယ်။ ထို တတိယလိင် လူတန်းစားများကိုလည်း လူ့ လောက ကောင်းကျိုး ပိုမိုသယ်ပိုးနိုင်တဲ့သူများ ဖြစ်လာပါစေလို့ ဆုတောင်းနေမိရင်း အဲဒီညနေခင်းရဲ့ အတွေးတွေဟာ ကျွန်မစိတ်ဝိဥာဉ်ထဲ တည်နေခဲ့ပြန်ပြီလေ။
အမွန်မွန်း
Note: အင်တာနက်စာမျက်နှာမှကူးယူဖော်ပြသည်။
No comments:
Post a Comment