Sunday, November 18, 2012

ညဆိုးကလဲ့စား


By lovealone 

တစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်လျှက်ရှိသည်။ သူမကတော့ အေးအေးဆေးဆေးပဲ သောက်လက်စ စီးကရက်ကို ဖွာနေသည်။ သူ သူမရှေ့တွင် ဇောချွေးတွေပြန်နေသည်။ သူမ၏ မျက်လုံးတွေက စိမ်းမြနေသည်။ စိမ်းသည်မှ ရက်စက်စိမ်းကားလွန်းသည့် အရောင်တွေလျှက်ပြေးလျှက်။ စင်စစ် သူမသည် သူပေါင်ပေါ်တွင် စိမ်ပြေနပြေထိုင်နေခြင်းသာ။ သူမ၏ လက်တစ်ဖက်က သူ့ပခုံးကို သိုင်းဖက်ထားပြီး ကျန်လက်တစ်ဖက်ကတော့ အငွှေ့တလူလူထွက်နေသည့် စီးကရက်ကိုကိုင်ထားသည်။ သူ သူမကကို မဝံ့မရဲကြည့်မိသည်။ သူ သူမကို သူ့အနားမှ လွင့်စင်သွားအောင် လုပ်ပစ်လိုက်ချင်သည်။ သူမကို သည်ကမ္ဘာလောက၏ အပြင်ဖက်သို့ ရောက်သွားအောင် တွန်းထုတ်ပစ်လိုက်ချင်သည်။ သူမ၏ မျက်နှာကိုမြင်ရသည်မှာ သူ့အတွက် ကျက်သရေကင်းမဲ့လှသလို သူ့စိတ်ကို အစဉ်အမြဲ တုန်လှုပ်ခြောက်ခြားနေစေသည်။ သူမ...........သူမဟာ တကယ်တော့ သေသွားပြီးသား သူတစ်ယောက်ပါ။ 


သေသွားပြီးသော လူတစ်ယောက်။ ရှင်းရှင်းပြောရလျှင် သေသွားပြီးသော မိန်းမတစ်ယောက်။ သည်ထက်ပိုရှင်းရှင်းပြောရလျှင် သေသွားပြီးသော transgender တစ်ယောက် သူ့ပေါင်ပေါ်တွင် ဇိမ်ကျကျထိုင်လျှက် သူ့ကိုပွတ်သပ်ကာ ယခုကဲ့သို့ပြုမူနေခြင်းမျိုးကို သူမသတီပါ။ သူမ၏ ဆံနွယ်တွေသည် မိန်းမတစ်ယောက်၏ ဆံနွယ်စစ်စစ်တွေကဲ့သို့ပါပင် ပျော့ခွေလျှက် တွန့်လိမ်ကောက်ကွေးနေသည်။ သူမ၏ ပခုံးရိုးများသည်လည်း အနည်းငယ်စွန့်ကားနေသည်မှ လွဲ၍ မိန်းမသားတစ်ဦးကဲ့သို့ပင် ဖြူမွတ်ချောမွေ့နေသည်။ သူမ၏ လက်မောင်းသားများကတော့ အနည်းငယ်တုတ်ခိုင်ကာ ရင်အုံမှ ဖြိုးမောက်လျှက်ရှိသည်။ သူမသည် လှပနေဆဲ။ သူမ၏ အသားအရည်သည်လည်း နုပျိုဝင်းလက်နေဆဲပင်။ 

အိုမဖြစ်နိုင်တာ...............သူမကို သူကိုယ်တိုင်း ကော်ဖီထဲတွင် အဆိပ်ခတ်ပြီးသတ်ခဲ့ပြီးသား မဟုတ်လား။ သူမကိုခတ်သည့် အဆိပ်သည် သေဆုံးပြီး(၇)ရက်အတွင်းတွင် အဆိပ်ကြောင့် သေဆုံးကြောင်းလုံးဝ လက္ခဏာမပြသည့် အပြင်းစားအဆိပ်မျိုး။ သူမ၏ အလောင်းကို သူကိုယ်တိုင် အသုဘပွဲကျင်းပကာ သဂျိုလ်ခဲ့ပြီးသား။ သူမသေဆုံးသွားပြီဖြစ်ကြောင်း လူအများကလည်း လက်ခံယုံကြည်ပြီးသား။ တကယ်ဆိုလျှင် သူမသေဆုံးသွားပြီဖြစ်ပါလျှက် အဘယ်ကြောင့် ယခု သူပေါင်ပေါ်တွင်ရောက်ရှိနေရပါသနည်း။ သူဇောချွေးတွေပြန်လာသည်။ 

“မောင် .............မောင့်ကို ကျွန်မသိပ်ချစ်တယ်သိလားမောင်” 

သူမက ပါးစပ်ထဲရှိဆေးလိပ်မီးခိုးငွှေ့တွေကို သူ့မျက်နှာတည့်တည့်သို့ ထွေးမှုတ်လိုက်ရင်း စကားဆိုသည်။ နှုတ်ခမ်းနီရဲရဲကြီးဆိုးထားသော သူမ၏ နှုတ်ခမ်းတွေသည် သူ့ကိုကြည့်ရင်း ကွေးညွတ်အောင် ပြုံးနေသည်။ ထိုနှုတ်ခမ်းထောင့်၏ တစ်နေရာတွင် သူ့ကိုလှောင်ပြောင်သရော်သော ခပ်နဲ့နဲ့ အဓိပ္ပါယ်တစ်ချို့ကို ပုံဖော်နေကြောင်း သူရိပ်စားမိသည်။ 

“ဧပရယ်............မင်း.............မင်းဟာသေသွားပြီးသား မဟုတ်လား ဧပရယ်” 
သူစိုးရွံ့စွာမေးလိုက်မိသည်။ 

“ဒါပေါ့မောင်ရဲ့ ကျွန်မဟာသေသွားပြီးသား သူတစ်ယောက်ပါမောင်။ ကျွန်မကို မောင်ကိုယ်တိုင်ပဲ ကော်ဖီထဲမှာ အဆိပ်ခတ်ပြီးသတ်ခဲ့တာလေ။ ကျွန်မဟာ မောင်ကစေတနာရှိရှိနဲ့ တိုက်တယ်ထင်တဲ့ ကော်ဖီတွေကိုသောက်ပြီး မချိမဆံ့နဲ့ အူတွေအသည်းတွေ ပြက်လုမတက်ဝေဒနာတွေကို ခံစားပြီး မရှုမလှအသေဆိုးနဲ့သေသွားခဲ့ရတာပါမောင်”

သူမ၏ စကားလုံးတွေတွင် နာကျင်မှုတွေဆွတ်ပြလျှက် အနည်းငယ်တုန်ရီနေသည်ကို သူသတိပြုမိသည်။ သူမ၏ မျက်လုံးများတွင်လဲ ရစ်ဝဲခိုတွဲနေသော မျက်ရည်ဥတွေသည် မျက်ထောင့်အစပ်မှ လိမ့်ဆင်းလာသည်။ သို့သော် သူမ၏ မျက်စံသားများကတော့ ကြောက်မက်ဖွယ် ကောင်းလောက်အောင် စူးရှတောက်ပနေသည်။ သူတဖြည်းဖြည်း ကျောချမ်းလာသည်။

“ဒါဆိုရင် မင်းက လူမဟုတ်ဘူးပေါ့။ မင်းငါ့ဆီဘာလာလုပ်တာနဲ့ မင်းငါ့ကိုဘာဒုက္ခပေးမလို့လဲ ။ မင်းနဲ့ငါနဲ့က ဘဝချင်းခြားသွားပြီလေ။ မင်းငါ့ကိုမတွယ်တာသင့်တော့ဘူး 

သွား..................မင်းသွား..............................မင်းထွက်သွားပါ...................” 

“ဟင်း.....ဟင်း.......ဟင်း........မောင်ကျွန်မရဲ့မျက်လုံးတွေကို တည့်တည့်ကြည့်ပြီးပြော စမ်းပါ မောင်ရယ်။ မောင်အခုမှ မျက်နှာမလွှဲထားပါနဲ့ ကျွန်မရဲ့မျက်လုံးတွေကို ကြည့်ပြီးပြောပါမောင်။ “ 

သူမ၏ အသံတွေက ခြောက်ကပ်ကပ်နိုင်ဆဲ............ 

“မောင်သိလား။ သေဆုံးခြင်းရဲ့အခြားတစ်ဖက်မှာ ရှင်သန်ခြင်းရှိတယ်တဲ့မောင်ရဲ့။ သေဆုံးပြီးသွားတာနဲ့ အဲ့ဒီလူတစ်ယောက်က အပြီးအပိုင် လောကကြီးကနေပျောက်ကွယ်သွား မှာမဟုတ်ဘူးမောင်။ 
သူဟာ သေဆုံးပြီးသွားရင် ပြန်လည်ရှင်သန်လာနိုင်သေးတယ်ဆိုတာ မောင်သိထားပါ။ မောင်ကျွန်မကို သေဆုံးခြင်းဆီရောက်အောင် မောင်ပို့ခဲ့တယ်။ ဒါပေမယ့် ကျွန်မကတော့ မောင့်ဆီကို ရှင်သန်ခြင်းတွေနဲ့အတူပြန်လာခဲ့တယ်မောင်။ “ 

“မင်းပြောတာ ဘာအဓိပ္ပါယ်တွေလဲ။ ငါတစ်ခုမှနားမလည်ဘူး မင်းလိုမိန်းမစစ်စစ်မဟုတ်တဲ့ သူတစ်ယောက်ကို ငါတစ်သက်လုံး စိတ်ဆင်းရဲပြီး ပေါင်းမနေနိုင်ဘူး။ ဒါကြောင့် ငါ့ဘဝလွတ် မြောက်ဖို့ ငါလုပ်ခဲ့တာပဲ။ မင်းကိုငါ ချစ်လည်းမချစ်ဘူး မင်းငါ့ဆီကိုလာစရာလဲမလိုဘူး ဧပရယ်”

“ကျွတ်စ်..........ကျွတ်စ်...........ကျွန်မဘဝဟာ သိပ်သနားစရာကောင်းတာပဲနော်မောင်။ ကိုယ့်ကိုမချစ်တဲ့ ယောကျာ်းတစ်ယောက်ကို စည်းစိမ်ဥစ္စာငွေကြေးဓနတွေနဲ့ ဖုံးဖိပြီး ပေါင်းသင်းနေခဲ့မိတယ်။ ပြီးတော့ အဲ့ဒီယောကျာ်းရဲ့ ဖောက်ပြန်မှုတွေ ညှင်းပန်းနိုပ်စက်မှုတွေ ရက်စက်ကြမ်းကြုတ်မှုတွေကို ခံစားခဲ့ရတယ်။ ကျွန်မဖက်က အချစ်ဆိုတဲ့အရာတစ်ခုတည်းနဲ့ အရာရာကို သည်းခံခဲ့ရတယ် နောက်ဆုံးတော့ ကျွန်မအသက်တောင်ပေးလိုက်ရတဲ့ အထိပဲ။ မောင် ကျွန်မအပေါ်လုပ်ရက်လိုက်တာမောင်ရယ်.............”


သူသူမကို သူ့ကိုယ်ပေါ်ကနေ တွန်းထုတ်ပစ်လိုက်ချင်ပါသည်။ သို့သော် သူ့ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှား၍မရပါ။ သူ့လက်နှစ်ဖက်လုံး ကုလားထိုင်၏ လက်ရမ်းပေါ်တွင် နိုင်လွန်ကြိုးကြီးတွေနှင့် တုတ်နှောင်ခြင်းကို ခံထားရပြီးပြီလေ။ သူခြေထောက်တွေသည်လဲ ခြောက်လက်မသာ ရှည်သော သံဒေါက်(လက်ထိပ်ကဲ့သို့ ခြေထောက်တွင်ခတ်သော သံကွင်းကြိုး) ကြီးဖြင့် ခတ်ထားခြင်းခံရသည်။ သူမသည် သူ့ပါးပြင်ပေါ်ရှိ မွှေးညှင်းနုလေးတွေကို တယုတယပွတ်သပ်လျှက်ရှိသည်။ ထို့နောက် သူ့နဖူးပြင်ပေါ်သို့ ခပ်ဖွဖွလာနမ်းသည်။ သူ့ရင်ခုန်သံတွေသည် တဝုန်းဝုန်းတဟုန်းဟုန်း ကျယ်လောင်လျှက်ရှိနေသည်မှာ အခန်းတွင်းတိတ်ဆိတ်မှုကြောင့် အတိုင်းသားကြားနေရသည်။ 


“အခု မင်းငါ့ဆီပြန်လာတာ ဘာလုပ်မလို့လဲ။ ငါ့ကိုကျေးဇူးပြုပြီး ဒုက္ခမပေးပါနဲ့ မင်းပဲငါ့ကိုချစ်တယ်ဆို ဟင်.................” 

“ဟင်း..........ဟင်း.............ဟင်း............ဟင်း................” 

သူမ၏ စုန်းကဝေမလိုရယ်သံကြီးက အခန်းတစ်ခုလုံးကို စိုးမိုးဖုံးလွှမ်းသွားသည်။ သူမသည် အစီးခံသို့ရောက်ကာ ကုန်ခါနီးနေပြီဖြစ်သော ဆေးလိပ်တိုဖြင့် သူ့ပါးကို ထိုးပစ်လိုက်သည်။ 

“အား.............................”

“ဟင်း..........ဟင်း.............ဟင်း............ဟင်း................”

“နာလားမောင်..............” 

သူ့ပါးပြင်တစ်ခုလုံး မီးစကြီးဖြင့်အထိုးခံလိုက်ရပြီး နာလားဟုအမေးခံလိုက်ရသောအခါ သူ့စိတ်တွေ ပေါက်ကွဲလာသည်။ 

“မနာပဲနေမလား နာတာပေါ့” 

“သြော် မောင်ကနာတတ်တယ်လား။ ကျွန်မလဲနာတတ်တာပေါ့မောင်ရယ်။ မောင်ကြောင့် သေသွားခဲ့တဲ့ ကျွန်မဟာ မောင့်ကိုလက်စားချေဖို့ ရောက်လာတာပေါ့မောင်ရယ်။ ကျွန်မက လွယ်လွယ်နဲ့သေသွားခဲ့ပေမယ့် မောင့်ကိုတော့ ကျွန်မက လွယ်လွယ်နဲ့သေအောင် မသတ်ပါဘူး။ သေဆုံးခြင်းဆိုတဲ့ ပန်းတိုင်ဆီမရောက်မခြင်း မောင်အများကြီးခရီးဆက်ရမယ်မောင်။ မောင့်ကို ကျွန်မ တဖြည်းဖြည်းခြင်း ညှင်းပြီးသတ်မှာ။ လက်စားချေရတာ သိပ်ချိုမြိန်တာပဲမောင်ရယ်။ ကိုယ်လက်စားချေလိုက်ရလို့ လူတစ်ဖက်သား ကျဆုံးသွားတာကို ကြည့်ရတာလေ ဘာနဲ့မှ မလဲနိုင်တဲ့အရသာတစ်မျိုးပဲ။ ကျွန်မအဲ့ဒါကို သိပ်ခုံမင်တယ်သိလား” 

“ဟင်............အရူးမ.........မင်း......အခြောက်မ..............မဟုတ်ဘူး မင်းဟာ လူမဟုတ်ဘူး။ မင်းဟာ သူရဲမ...............သွားထွက်သွား..........ငါ့နားကိုမလာနဲ့..........သွား............”
“ဟား............ဟား..............ဟား............ဟား” 

သူမ၏ကြောက်မက်ဖွယ်ရာကောင်းသော ရယ်သံကြီးသည် ဟိန်းကနဲပတ်ဝန်းကျင်ကို ပြန့်နှံ့သွားသည် ။ ထိုအခိုက် အခန်းပြတင်းပေါက်ဆီမှ ပြင်ပမှလေတစ်ချို့ တဖြူးဖြူးဝင်ရောက်လာ သည်။ အခန်းထဲတွင် ထွန်းထားသော ခပ်မှိန်မှိန်ဖယောင်းတိုင်မီးမှာ ငြိမ်းတော့မလို ငွေ့ငွေ့လေးသာ ကျန်တော့သည်။ 

သူမသည် သူ့ပေါင်ပေါ်မှ ထပြီးသူမ၏ ဆံပင်တွေကို သိမ်းကာ ခွေလိုက်ပြီး ဆံထိုးဖြင့်ခေါင်းပေါ်တွင် သပ်တင်လိုက်၏။ ထို့နောက် အနားရှိစားပွဲခုံပေါ်သို့ထသွားပြီး ဓာတ်ပြားစက်ထဲသို့ ရှေးဟောင်း သီချင်းဓာတ်ပြားကြီးကိုဖွင့်လိုက်သည်။ ညဉ်နက်သန်းခေါင်တိတ်ဆိတ်နေသော ညမျိုးတွင် ဓာတ်စက်သံ စူးစူးကြီးကြောင့် အဝေးမှ ညငှက်တစ်ချို့ လန့်ကာထပျံကုန်ကြသည်။ သူ့နဖူးတွင်တော့ ချွေးသီးချွေးပေါက်တွေ ထွက်ပေါ်နေပြီး နဖူးမှတစ်ဆင့် မျက်နှာပေါ်သို့ လိမ့်ဆင်းလာသည်။ သူမသည် သူ့အနားသို့ပြန်ရောက်လာပြီး ခြောက်ကပ်ကာ ရေဆာနေသည့် သူ့နှုတ်ခမ်းသားမွမွကို အသာနမ်းသည်။ 

သူမ၏ အေးစက်နေသော လျှာကြီးက သူ့နှုတ်ခမ်းသားတွေကို ပွတ်တိုက်သွားရင်း သူ့ခံတွင်းထဲသို့ ဝင်ရောက်လာ၏။ သူမ၏ လက်တစ်ဖက်ကတော့ သူ့မေးစေ့ကို တင်းကြပ်စွာညှစ်ထားသည်။ အေးစက်စက်သူမ၏ လျှာကြီးကြောင့် သူ့တကိုယ်လုံး တောင့်တင်းသွားပြီး အတင်းကြိုးစားပြီး ရုန်းကန်ကြည့်သည်။ သူမက သူရုန်းနေသောအခါ နမ်းနေခြင်းကို ရပ်တန့်လိုက်ပြီး ........
“ဘာပဲဖြစ်ဖြစ် မောင်သိထားရမှာက ကျွန်မမောင့်ကို သိပ်ချစ်တယ်ဆိုတာပဲ”

ထိုသို့ပြောပြီး တစ်ချက်မျှ တွန့်ကနဲပြုံးကာစားပွဲပေါ်ရှိ ပလက်ယာကြီးကို သွားယူလာသည်။ ထို့နောက် သူ့အနားသို့ ဒူးထောက်ထိုင်ချလိုက်ကာ သူ့လက်ချောင်းတွေကို ညှင်သာစွာ လာရောက်ပွတ်သပ်သည်။ သူကြက်သီးတွေဖြန်းကနဲ ထသွားသည်။ 


“မောင့်လက်ချောင်းလေးတွေက သိပ်ပြီးလှတာပဲနော်မောင်။ ပြီးတော့ မောင့်လက်သည်းခွံလေးကလည်း ဖြူဖန့်ဖန့်လေး သိပ်ကြည့်လို့ကောင်းတာပဲ........ ဟောဒီမောင့်လက်ချောင်းကလေးတွေကို ကျွန်မသိပ်မြတ်နိုးရတာပေါ့မောင်ရယ်”
ထို့နောက်သူမက သူလက်ညိုးလေးကို ဆွဲထုတ်လိုက်ကာ ပလက်ဖြင့် လက်ညိုးလက်သည်းထိပ် ကိုညှပ်ပြီး အသားကုန်ဆွဲပစ်လိုက်သည်။ 

“အား.........................................................” 

သူနာကျင်လွန်း၍ပြောမပြနိုင်လောက်အောင်ပင် အသည်းခိုက်သွားသည်။ သူနှလုံးသွေးတွေ ပွက်ပွက်ဆူကုန်ကာ သွေးလည်ပတ်စီးဆင်းမှုတွေ ပူနွေးနေသည်။ သူ့ပါးပြင်မှ မျက်ရည်စတစ်ချို့ ပင်လိမ့်ဆင်းလာသည်။ သူမကတော့ ကျွတ်ထွက်သွားသည့် သူ့လက်သည်းခွံလေးကို ကြည့်ကာ စုပ်တကျွတ်ကျွတ်သပ်နေသည်။ သူ့လက်ညိုးထိပ်မှာ ထုံကျင်အေးကိုက်နေသော ခံစားမှုကြီးက သူကို သေဆုံးခြင်းဆီသို့ရောက်သွားအောင် တွန်းပို့လျှက်ရှိသည်။  ကြမ်းပြင်ပေါ်တွင် သူ့လက်မှ စီးကျလာသော သွေးတွေအိုင်လျှက်ရှိသည်။ 

“မောင် ကျွန်မက မိန်းမစစ်စစ်တစ်ယောက်မဟုတ်မှန်း မောင်သိလျှက်သားနဲ့ ကျွန်မကိုမောင်ချစ်တယ် ဆိုပြီးပေါင်းသင်းနေထိုင်ခဲ့တယ်နော်။ တကယ်တော့ မောင်က ကျွန်မကို ချစ်တာမှမဟုတ်ပဲမောင်ရယ်။ မောင်က ကျွန်မပိုင်ဆိုင်တဲ့ စည်းစိမ်တွေကိုမက်မောလို့ ကျွန်မကို လက်ထပ်ခဲ့တာလေ။ 

ဒါပေမယ့် မောင့်ရဲ့ပျားရည်အချိုသပ် နှစ်သိမ့်စကားတွေက မောင်ဖောက်ပြန်တဲ့ အချိန်မရောက်ခင်အချိန်ထိတော့ ကျွန်မကိုကျေနပ်စေခဲ့သေးပါတယ်။ မောင် တစ်ခြားမိန်းမတွေနဲ့ ဖောက်ပြန်တာကို မြင်လိုက်ရတဲ့အချိန်မှာတော့ ကျွန်မဟာ ကမ္ဘာပေါ်မှ ကံအဆိုးဆုံးလူတစ်ယောက်ဆိုတာကို ကိုယ့်ကိုယ်ကိုသိလိုက်ရတယ်မောင်။ ကျွန်မက နောက်ကျောကို ဓားနဲ့အထိုးခံလိုက်ရတာလေ။ ကျွန်မလောကက် ရင်နာစရာကောင်းတာမျိုး ရှိပါ့ဦးမလားရှင်......................” 

သူမသည် သူမစကားဆုံးသည်နှင့် ပါးပြင်မှ မျက်ရည်စတွေကို လက်မောင်းဖြင့် ခပ်ကြမ်းကြမ်းသုတ်ပစ် သည်ကိုတွေ့ရသည်။ ထို့နောက် ပလက်ယာကြီးကိုချက သူ့အနားမှ ထွက်သွားပြန်သည်။ ထို့နောက် အခန်းအပြင်ဖက်သို့ပြန်ထွက်သွားပြီး သင်တုန်းဓားတစ်ချောင်းယူ လာကာပြန်ဝင်လာသည်။ သည်သင်တုန်းဓားသည် သူမှုတ်ဆိတ်ရိတ်နေကျဓားဖြစ်သည်။ 

“မောင် မောင်ခြေထောက်မှာရှိတဲ့ သွေးကြောစိမ်းစိမ်းလေးတွေကလေ သိပ်ပြီးကြည့်လို့ ကောင်းတာပဲသိလားမောင်။ မောင့်ခြေသလုံးဖြူဖြူလေးကြားမှာ အဲ့လိုသွေးကြောစိမ်းလေးတွေ ထနေတာ ကိုကြည့်ပြီး ကျွန်မသိပ်ရင်ခုန်ရတာပဲသိလား” 

သူမသည် သူခြေထောက်ကိုကြည့်ပြီးပြောနေခြင်းသာဖြစ်သည်။ သူ သူမကိုထိတ်လန့်စွာကြည့်မိသည်။ သူမ၏ မျက်လုံးတွေသည် သူ၏ထိတ်လန့်နေသော အကြည့်တွေကို မြင်ရသောအခါ ကျေနပ်သွားဟန်ရှိသည်။ ထို့နောက် သူ့ခြေထောက်တွင် ယှက်သန်းနေသော သွေးကြောစိမ်းစိမ်းလေးတွေပေါ်သို့ သင်တုန်းဓားကိုတင်ကာ ဆတ်ကနဲ ဆတ်ကနဲ့ တစ်ခုခြင်းစီ ဖြတ်ပစ်လိုက်၏။ 

“အား.....................မလုပ်ပါနဲ့ ဧပရယ်ရယ်............မောင်တောင်းပန်ပါတယ်နော် ။ မောင့်ကိုမသနားတော့ဘူးလားဟင် မောင့်ကိုမလုပ်ပါနဲ့နော် မောင်မှားပါတယ် မောင့်အမှားကို မောင်ဝန်ခံပါတယ် ဧပရယ်ရယ်။ “
သူ သူမကိုကြည့်ရင်း ငိုကြွေးမိသည်။ သူနာကျင်လွန်း၍ အားအင်တွေချည့်နဲ့လာသည်။ 
သူခြေထောက် အောက်ပိုင်းတစ်ခုလုံး သွေးချင်းနီနေပြီဖြစ်သည်။ ထို့အပြင် သူ့ကိုရေခဲရိုက်ထားသလို ခြေထောက်နှစ်ချောင်းလုံး လုံးဝလှုပ်၍မရတော့ပါ။ 

“သိပ်သနားဖို့ကောင်းတာပဲ မောင်ရယ်...............” 

သူမက ထိုမျှတစ်ချက်သာပြောပြီး ဆားဘူးကြီးကို သွားယူထာကာ ကွဲရှနေသာ သူ့ခြေထောက်ဒဏ်ရာ များကိုဆားတွေဖြင့် ဖိတ်သိပ်လေတော့သည်။ စပ်ဖျင်းနေသော နာကျင်မှုအပြင် ဆားများဖြင့်ပါ အသိပ်ခံလိုက်ရသည့်အခါ သူအံသွားတွေ ပြုတ်ထွက်သွားမတက် နာကျင်သွားသည်။ သူနာကျင်နေသော ဝေဒနာသည် ဆိုးရွားသထက်ဆိုးရွာလာသည်။ အသားကုန် တင်းထားသော သူ့သွေးကြောတွေပင် ထောင်ကာ ပြက်ထွက်လုမတက်ဖြစ်လာသည်။ သူ့မျက်ရည်တွေ နာကျင်မှုတွေနှင့်အတူ ခါးသီးစွာကျဆင်းလျှက်ရှိသည်။ အညိုးကြီးလိုက်တာ ဧပရယ် ရယ်.................
သူမက သူဖြစ်နေပုံကိုကြည့်ပြီး ကျေနပ်စွာ ပြုံးရယ်နေသည်။ သူမ၏ အပြုံးတွေသည် အကြင်နာကင်းမဲ့ကာ ရက်စက်လွန်းပြီး အေးစက်စက်နိုင်လှသည်။ ထို့နောက်သူမသည် ထိုင်နေရာမှ ထကာ ဖန်ပုလင်းတစ်ခုနှင့် ကော်ဘူးတစ်ဘူး သွားယူလာသည်။ ထိုဖန်ပုလင်းထဲတွင် ပုတ်သင်ညိုတစ်ကောင်ရှိသည်။ ကော်ဘူး၏ တံဆိပ်တွင်ရေးထားသော Acid ဆိုသောစာကိုသူလှန်းကြည့်လိုက်တော့ ပို၍တုန်လှုပ်သွားသည်။ 

သူမသည် မနှောင်းမဆိုင်းမှာပင် သူ့မေးစေ့ကိုကိုင်ကာ ပါးစပ်ကို အတင်းဟစေပြီး acid ဘူးထဲမှ acid တွေကိုသူ့ပါးစပ်ထဲမှ တစ်ဆင့်လည်မျိုထဲသို့ရောက်အောင် လောင်းချပစ်လိုက်သည်။ သူ့ဝမ်းတွင်ရှိ အူများအသည်းများ အသားများ အရိုးများ သည် အက်ဆစ်နှင့်တွေ့သော အခါ လောင်ကျွမ်းသွားပြီး ပျော့ပျစ်ပျစ်အရည်တွေလိုဖြစ်ကုန်ကာ သွေးတွေနှင့်ရောပြီး သူ့ပါးစပ်မှ လျှံတက်လာသည်။ သူ့ဝမ်းဗိုက်ကြီးတစ်ခုလုံး ဖောက်စားထာခြင်းခံရသလို လစ်ဟာလျှက်ရှိသည်။ ထို့နောက်သူမသည် ဖန်ပုလင်းထဲတွင် ထဲ့ထားသော ပုတ်သင်ညိုကို အမြီးမှကိုင်ကာ လေထဲတွင် တွဲလောင်းဆွဲလိုက်သည် ။ ပုတ်သင်ညိုသည် မျက်လုံးပြူးကြီးများဖြင့် သူ့ကိုကြည့်ကာ လေထဲတွင် ယက်ကန်ယက်ကန်ဖြစ်လျှက်ရှိသည်။ သူမသည် တဖြည်းဖြည်းထိုပုတ်သင်ညိုကို သူ့ပါးစပ်ထဲသို့ အကောင်လိုက်ထည့်ပစ်လိုက်၏။ သူအံလုမတက်ဖြစ်နေချိန်တွင် ထိုပုတ်သင်ညိုသည် သူလည်ချောင်းထဲတွင် လှုပ်ရှားရုန်းကန်နေရင်း ဝမ်းဗိုက်ထဲသို့ရောက်သွားသည်။ ဝမ်းဗိုက်ထဲသို့ရောက်သော အခါပုတ်သင်ညိုသည် သူ့ဗိုက်ထဲတွင် ဟိုပြေးသည်ပြေးလုပ်နေသည်ကို အပြင်ဖက်မှ အရာထင်ကာဖောင်းကားလာသော အသားကြောင့် သူမြင်နေရသည်။ သူအောင်ချင်ပေမယ့် သူ့ပါးစပ်က အသံလုံးဝမထွက်တော့ချေ။ အော်လိုက်တိုင်း အော်လိုက်တာ ခပ်သဲ့သဲ့အသံလေးသာ ထွက်လာပြီး သူ့လည်းချောင်းတစ်ခုလုံး မီးနှင့်မြိုက်ထားသလို နာကျင်သွားသည်။ 

သူမသည် သူ့ကိုကြည့်ရင်း တဟားဟား သဘောကျရယ်မောလျှက်ရှိသည်။ ထို့နောက် သူ့နားကိုလာကာ သူ့ဆံစတွေကိုပွတ်သပ်းပေးပြန်သည်။ သူစကားပြောချင်ပေမယ့် သူ့နှုတ်က ဘာမှမပြောနိုင်တော့ပါ။ သူ့စိတ်တွေပူဖောင်းကြီးလို တင်းကားလျှက် ပျွတ်သိပ်ကြပ်ညှပ်လျှက် ရှိသည်။ 

“မောင်ဘယ်လိုနေလဲဟင်။ ပုတ်သင်ညိုလေးက မောင့်ဗိုက်ထဲမှာ ပြေးနေတယ်ကြည့်စမ်း။ အသည်းယားစရာလေးနော်မောင် ဟင်းဟင်း။ မောင်သေချင်နေပြီမဟုတ်လား။ မောင်သေရ တော့မှာပါ စိတ်ချပါမောင်............” 

အတားအဆီးမဲ့ကျဆင်းနေသော သူမျက်ရည်များသည် ခမ်းခြောက်သွားပြီး မျက်လုံးအိမ်မှ သွေးများသာ စိမ့်ယိုလာသည်။ အရှင်လတ်လတ်ငရဲကျနေသော သူ့ဘဝသည်  မည်သို့မည်ပုံ အဆုံးသတ်တော့မည်မသိပါ။ ဟုတ်သည် သူမကြာခင်သေရတော့မည်။ 

သူမသည် သည်တစ်ခါတော့ ဝပ်ရှော့များတွင်အသုံးပြုလေ့ရှိသည့် ခြောက်ပေါင်တူကြီးကို ယူလာသည်။ ထို့နောက် သူ့အနားတွင် ထိုင်သွေးရဲရဲဖြစ်နေသော သူ့ခြေထောက်ပေါ်သို့ တစ်ချက်ချင်း အားရပါးရ လက်လွှဲပြီးထုပစ်သည်။ သူ့ခြေထောက်တွေ အကုန်လုံး ကြေမွကုန်သည်။ အထဲမှ အရိုးများသား ငေါကနဲငေါကနဲ့ထွက်ပေါ်လာပြီး သေးတွေရေပန်းခရားမှ ရေတွေထွက်လာသလိုမျိုး ပန်းထွက်လာကုန်သည်။ သူ့ခြေထောက်မှ သွေးတွေက သူ့မ၏မျက်နှာပေါ်သို့ စင်ကုန်သည်။ သူ့ခြောက်တစ်ခုလုံးကြေမွသွားသောအခါ သူမသည်။ မတ်တပ်ထရပ်လိုက်သည်။ ထို့နောက် သူနဖူးကို တစ်ချက်လာနမ်းပြန်သည်။ 

“မောင့်ကို ကျွန်မသိပ်ချစ်တာပဲမောင်ရယ်.........” 

တိုးတိုးညှင်ညှင်ပြောလိုက်သော သူ့မ၏အသံက သူအတွက် ယမမင်း၏ ခေါ်သံတွေလို ဝေးဝါးနေခဲ့သည်။ သူ့မျက်လုံးထဲတွင် အရာအားလုံးသည် မှုန်ဝါးကုန်သည်။ ထို့နောက် သူမသည် ထိုတူကြီးဖြင့် သူ့နောက်စေ့တည့်တည့်သို့ ရိုက်ထည့်လိုက်သည်။ သူ့အမြင်တွေ လေထဲတွင် ဝဲတက်သွားသည်။ နှစ်ပတ်သုံးပတ်ကျွမ်းပစ်လိုက်သလို သူ့မျက်စိထဲတွင် အရာအားလုံးဇောက်ထိုး မိုးမျှော်ဖြစ်ကုန်သည်။ ထို့နောက် သူကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာကျလာသည်။ သူမျက်လုံးတွေကို ပြန်ဖွင့်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် မြင်လိုက်ရသည်က သူ၏ ခေါင်းမပါသော ခန္ဓာကိုယ် အပြက်ကြီးပင်။ သူထိတ်လန့်တုန်လှုပ်ခြောက်ခြားစွာ အော်ပစ်လိုက်သည်။ 

“အား.......................................................” 

သူရုတ်တရက် ဝုန်းကနဲ ထထိုင်ပစ်လိုက်သည်။ သူရင်တွေ တုန်ကာမောပန်းနေဆဲပင်။ သူကုတင်ပေါ်တွင် ခြောက်ခြားစွာ အိပ်ပျော်နေခဲ့သည်ပါလား။ တစ်ခန်းလုံး တိတ်ဆိတ်လျှက် တိုင်ကပ်နာရီမှာ စက္ကန့်တန်ရွေ့လျားသံသာ အခန်းထဲတွင် စိုးမိုးလျှက်ရှိသည်။ အပြင်ဖက်သို့ ပြတင်းပေါက်မှ ကြည့်လိုက်သောအခါ ရောင်နီပျိုးနေချေပြီ။ မကြာခင်မိုးလင်းတော့မည်။ သူသက်ပြင်းတစ်ချက်ချမိလိုက်သည်။ ထို့နောက် လိပ်ပြာမလုံစွာ ဧပရယ်၏ ဓာတ်ပုံကို လှမ်းကြည့် လိုက်မိသည်။ 

“ဟူး................တော်ပါသေးရဲ့” 

သူဒုတိယအကြိမ်သက်ပြင်းချကာ ကုတင်ပေါ်သို့ ပြန်လှဲချလိုက်သည်။ ထို့နောက် အမောဖြေရင်း အခန်းမီးကို ဖွင့်လားလိုက်၏။ ယခုတော့အရာရာသည် ဆိတ်ငြိမ်လျှက် ပကတိအေးချမ်းနေသည်။ စောစောက လှိုင်းဂယက်ထခဲ့သော ကြောင့်ပြန့်ကျဲသွားသော သူအာရုံတွေကို ပြန်လည်စုစည်း ယူနေမိသည်။ သြော်..........သည်နေ့ဆိုလျှင် ဧပရယ်တစ်ယောက်သူ့ကြောင့် သေဆုံးသွားခဲ့တာ တစ်နှစ်ပြည်ပြီလေ..........

သူအခန်းမီးကိုပြန်ပိတ်လိုက်ပြီး မျက်လုံးများကို အသာပြန်မှိတ်ထားလိုက်သည်။


အခန်းလေးသည် ပုံမှန်ပြန်လည်တိတ်ဆိတ်သွားသည်။ ကုတင်ပေါ်မှသူသည်လည်း ပြန်လည်ငြိမ်သက်သွားသည်။ ထိုအခိုက် စားပွဲပေါ်ရှိ ထောင်ထားသော ဧပရယ့်ဓာတ်ပုံမှ လရောင်ကြောင့် မြင်နေရသော မျက်ရည်စလေးကိုတော့ မည်သူမျှ သတိမထားမိလိုက်ကြပါချေ........................


                                                                                                     Lovealone

Thursday, November 15, 2012

သူနှင့်အတူ


ကျွန်တော် အခန်းအသစ်ပြောင်းသည်မှာ မကြာသေးပါ။ ယခင်ငှားနေသည့်အခန်းက တစ်အိမ်တည်းနေသူများနှင့် သိပ်အဆင်မပြေသဖြင့် ကျွန်တော် ယခုတိုက်ခန်းအသစ်ကိုပြောင်းခဲ့ခြင်းဖြစ်သည်။ ယခုမှပြောင်းကာစမို့ ကျွန်တော် နေသားမကျသေး။ အခန်းထဲတွင် ပစ္စည်းများပင် ကောင်းကောင်းနေရာမချရသေးပေ။ အပြင်မှာ နေသာနေသည်။ အချိန်ကြည့်တော့ နေ့လည် ၁နာရီကျော်ပြီ။ ကျွန်တော် နေ့လည်စာမစားရသေးသည်ကို အမှတ်ရလိုက်သည်။ ထို့ကြောင့် ခပ်လောလော အပြင်ကိုထွက်လိုက်ပြီး အခန်းတံခါးကိုအပြင်မှ သော့ပိတ်ချကာ ကတိုက်ကရိုက်ထွက်လာခဲ့လိုက်သည်။ 
အဲ့တော့မှ ဂွကျတော့သည်။ ကျွန်တော် ပိုက်ဆံအိတ်ပါမလာ။ သော့ကလည်း ခတ်ပြီးလျက်သား အထဲမှာ သော့ကျန်ခဲ့ပြီ။ ဗိုက်ကလည်း အတော်ဆာလာသည်။ ဘာမှမလုပ်တတ်။ ခြေမကိုင်မိလက်မကိုင်မိ။ တိုက်ရှေ့မှာ ဟိုလျှောက်လိုက် ဒီလျှောက်လိုက်နှင့်။

ထိုနေ့က တနင်္လာနေ့ဖြစ်သဖြင့် အလုပ်သွားသူ ကျောင်းသွားသူများဖြင့် ကျွန်တော်တို့ တိုက်သည် တိတ်ဆိတ်လျက်ရှိပါသည်။ အတူနေအိမ်သားများပြန်လာချိန်အထိစောင့်ဆိုင်းရန်မှလွဲ၍ တခြားရွေးစရာလမ်းမရှိပါ။ ထိုစဉ် ဖော်ရွေဟန်ရှိပြီး အနေခပ်အေးအေးကုပ်ကုပ်ပုံစံရှိသူ တရုတ်ကလေးတစ်ဦး ဆန်ပြုတ်ထုပ်ကလေးဆွဲလာရင်း လျှောက်လာသည်။
X          x           x

ကျွန်တော် ရင်ခုန်မသွားပါ။ ဆန်ပြုတ်လည်းမကြိုက်ပါ။ တရုတ်ကိုလည်း မကြိုက်ပါ။ သို့သော် သူ့အပြုံးတွင် ကျွန်တော် ပြန်နှုတ်ဆက်လိုက်ပါသည်။ သူပြုံးတာလည်း သိပ်မလှပါ။ သွားတက်တွေပါသည်။ သွားတွေကလည်း များပါ့။ အရပ်ကလည်း နဲနဲပုပြီး လူကလည်းခပ်ပိန်ပိန်ရယ်။ 

စကားအလွန်များသော ကျွန်တော်သည် ထိုခဏလေးအတွင်း သူ့အကြောင်းအတော်လေးစပ်စုမိပြီးဖြစ်ကာ ကိုယ့်အကြောင်းလည်းအတော်လေး မိတ်ဆက်ပြီးနှင့်ပါပြီ။ သူသည် ရိုးသားပြီး တစ်ဖက်သားအားကူညီတတ်သူ ဖြစ်ပါသည်။ နေမကောင်းသဖြင့် ရုံးမသွားဘဲခွင့်ယူထားကာ အိမ်တွင်အနားယူရင်း ဆန်ပြုတ်ဆင်းဝယ်သည်တဲ့။ ကျွန်တော် မြန်မာပြည်ကလာပါသည်။ ကျောင်းတက်ရင်း ကျောင်းဝန်းပြင်ပအခန်းငှားနေသူ၊ မိသားစုနှင့်ခွဲကာ တစ်နယ်တစ်ကျေးတစ်ရပ်တစ်ပါး၌ ပညာသင်ဖို့လာခဲ့သူ၊ လောလောဆယ် အခန်းသော့က ပိတ်လျက်သားအခန်းထဲကျန်ခဲ့ကာ ပိုက်ဆံမပါဘဲ ထမင်းစားဖို့ထွက်လာသူ။ အခန်းဖော်သူငယ်ချင်းများ ညနေပြန်အလာကို နေ့လည်ကတည်းက စင်္ကြန်လျှောက်ရင်း စောင့်စားနေရမည့်သူ။ 

ဖော်ရွေသောထိုလူသည် ကျွန်တော်ခဏတာ နားခိုလိုပါက သူ့အိမ်တွင်နားခိုနိုင်ပါကြောင်း၊ ဆန်ပြုတ်ပါ ခွဲဝေကျွေးမည့်အပြင် တီဗီကြည့်ရင်း အချိန်ဖြုန်းနိုင်ပါကြောင်းလောကွတ်ဖြင့် ကျွန်တော်တို့ နှစ်ယောက် အစပျိုးခဲ့ကြပါသည်။ သူ့အိမ်တွင် ဆန်ပြုတ်စားရင်း သူဖွင့်ပြသော သူ့အကြိုက်ဆုံး သီချင်းကို ကျွန်တော် ခံစား၍မရပါ။ တရုတ်လိုဆိုနေခြင်းဖြစ်သည်။ ထိုသီချင်းကို သူကြားကာစက ကားရပ်ပြီးတောင် တမေ့တမောနားထောင်ခဲ့ရသည့် သူ့အဖြစ်ကိုပြောသောအခါ ဒီလူသည် ရူးများနေသလားဟု ကျွန်တော် သူကျွေးသောဆန်ပြုတ်ကိုအပူလျော့အောင်မှုတ်သောက်ရင်း မော့ကြည့်လိုက်မိပါသေးသည်။  
ထိုလူသည် ကျွန်တော့်ဖူးစာရှင်ဖြစ်မှန်း တကယ်ပဲ မသိခဲ့ပါ။ 

X          x           x

တိုးတိတ်ညင်သာစွာ စကားပြောတတ်သောထိုလူနှင့်စကားပြောရသည်မှာ အနည်းငယ်ပျင်းစရာကောင်းသည်။ ကျွန်တော်က မြန်မာပြည်မှလာသည်။ စကားကို အတန်ကျယ်ကျယ်လောင်လောင်ပြောတတ်ပြီး လက်ဟန်ခြေဟန်နှင့် ချက်နဲ့လက်နဲ့ အာဝဇ္ဇန်းရွှင်ရွှင် ပြောတတ်သူဖြစ်သည်။ 

ကျွန်တော်ပြောပြခဲ့သော မြန်မာပြည်အကြောင်း တောတောင်ရေမြေသဘာဝနှင့် ရွှေရောင်လွှမ်းသော ချစ်စရာမြန်မာပြည်သည် သူ့အတွက် ဇာတ်လမ်းပမာနားဆင်စရာတစ်ခု ဖြစ်ခဲ့မည်ထင်ပါသည်။ အိမ်ပြန်ရန်နှုတ်ဆက်သောအခါ  မင်းနဲ့အတူ မင်းရှိတဲ့မြန်မာပြည်ကို လိုက်လည်ဖို့ မျှော်လင့်ပါတယ်... ဆိုသော သူ့စကားအား သိပ်ကောင်းတဲ့ အကြံအစည်ပါပဲခင်ဗျာလို့ အပြုံးနဲ့နှုတ်ဆက်ပြောရင်း ပြန်လာခဲ့သည်။ 
 
နေဝင်... မိုးချုပ်... ကိုယ့်စာကိုယ်လုပ်။ သူ့အလုပ်သူလုပ်။
ဇာတ်လမ်းက ဒီမှာပဲ ရပ်လိုက်ရင်တော့ ဆက်ရေးစရာမရှိတော့ဘူးပေါ့။ 
X          x          

ကြင်နာသနားတတ်ဟန်ရှိသော ထိုလူသည်ကလေးငယ်လေးများကို ချစ်တတ်သည်။ ကျွန်တော်ဆေးကုမည့် တိရစ္ဆာန်လေးများကို သနားတတ်သည်။ မနက်ခင်းကျောင်းအသွား ဓာတ်လှေကားတွင်ဆုံလျှင် သိပ်မဝေးသောကျွန်တော့်ကျောင်းသို့ လိုက်ပို့ပေးတတ်သည်။ သူမွေးဖွားကြီးပြင်းသည့် ကမ်းခြေမြို့ကလေးသို့ အလည်အပတ်ခရီးခေါ်သည်။ 

ညနေစာအတူစားရန်မကြာမကြာဆုံစည်းဖြစ်သည်။ ကျွန်တော်ပြောသော ပုံပြင်များ၊ ဇာတ်လမ်းများ၊ နေ့စဉ်အတွေ့အကြုံများအား စိတ်လိုလက်ရနားထောင်တတ်သည်။ မော်မော်ကြွားကြွားမရှိတတ်၊ မြန်မာစကားအတိုအစလေးများကို သူသင်ချင်သည်ဟုဆိုသည်။ 

မင်္ဂလာပါကို အမြီးအမောက်တည့်အောင် ချက်ချင်းပြောနိုင်ပြီး ကျွန်တော့်အား ညေလေး ဟု မပီတပီခေါ်သည်။ အားမနာပါနဲ့ ဆိုသည်ကိုတော့ ယခုထိတိုင်သင်ယူတတ်မြောက်နိုင်ခြင်းမရှိသေး။ လျှာနှင့်နှုတ်ခမ်းအင်မတန်အလုပ်ရှုပ်သည်ဟု သူဆင်ခြေပေးတတ်သည်။ ဟုတ် ဆိုသည့် ကျွန်တော်ပြောသည့်စကားကိုတော့  သူတွင်တွင်ပြောသည်။ ငယ်သူကိုမပြောရပါဟု သင်ထားလည်းမရပါ။  

ထိုလူသည် ခင်မင်စရာကောင်းပြီး အနေအထိုင်ရိုးသားသူ၊ အေးဆေးတည်ငြိမ်သူ၊ မိမိကို အလိုလိုက်တတ်သူဟု ကျွန်တော် ကျေနပ်မိပါသည်။  

ကျွန်တော့် ဇာတ်လမ်းကို ဒီနေရာတင်ပင် အဆုံးသတ်ရန် အကြောင်းမရှိသေးကြောင်း ယူဆသဖြင့် သူ့ဇာတိ ကမ်းခြေမြို့ကလေးသို့ ကျောင်းပိတ်ရက်တွင် လိုက်လည်လိုက်ပါသည်။ ကျွန်တော် ပင်လယ်ကမ်းစပ် သဲသောင်ပြင်နှင့် ကျောက်ဆောင်များကို ကြိုက်ပါသည်။

X          x           x


ရိုးသားပွင့်လင်းပြီး ဖော်ရွေပျူငှာသော သူ့မိသားစုသည် နောင်တစ်နေ့တွင် ကျွန်တော်နှင့်ပတ်သက်ရမည့်မိသားစု ဖြစ်လာမည်ဟု ထင်မထားခဲ့ပါ။ သူ့တူ၊တူမလေးများနှင့် အကျွမ်းတဝင်ဆော့ကစားတတ်သော ကျွန်တော့်အား သူပြုံးရင်း စိုက်ကြည့်နေသည်ကိုတော့ဖြင့် ကျွန်တော် ရင်ခုန်မိပါသည်။ အေးချမ်းပျော်ရွှင်သော မိသားစုကလေးတွင် ကျွန်တော် စိတ်ချမ်းသာလှသည်။ လူကြီးများက ကျွန်တော့်အား မေးခွန်းမျိုးစုံမေးသည် နိုင်ငံရေး စီးပွားရေး လူမှုရေး... ဘာကြောင့် ဒီနိုင်ငံကိုရွေးခြယ်ခဲ့သလဲ အစရှိသဖြင့်...။ ကလေးလေးများက အားဟန်ကိုကိုး ဟုခေါ်ကာ မြန်မာစကားသင်ခိုင်းရင်း တခစ်ခစ်ရယ်တတ်ကြသည်။ သူတို့အမည်များအား စာလုံးပေါင်းခိုင်းကြသည်။ 

ထိုညက သဲသောင်ခုံပေါ်အတူလျှောက်ရင်း လက်ချင်းထိခတ်မိတော့ ဘာရယ်မဟုတ် ရယ်မိကြသည်။ သောင်ပြင်တွင် ခြေဆင်းထိုင်ရင်း ကြယ်ကလေးများကို မကုန်နိုင်မခမ်းနိုင် ရေတွက်ရင်း မင်းတို့နိုင်ငံက ကောင်းကင်က ငါတို့နိုင်ငံကကောင်းကင်လောက် ကြယ်တွေမများဘူးဟု ကျွန်တော် ခပ်တုံးတုံးပြောမိတော့ သူတအားရယ်သည်။ 

သူ ရယ်သောအခါ သွားတက်လေးများပေါ်လာပြီး ချစ်စရာကောင်းသည်ဟု ကျွန်တော်ထင်လိုက်မိသည့်အချိန်သည် ကျွန်တော်ရင်အခုန်ဆုံးအချိန်ဖြစ်ပါသည်။ 
ကောင်းကင်ယံတွင် ကြယ်ကလေးများက တလက်လက်တောက်ပနေကြပြီး လှိုင်းပုတ်ခတ်သံက စည်းချက်ကျလှသည်။ ထိုညကတိုက်ခတ်သော လတ်ဆတ်သည့်ပင်လယ်လေညှင်းသည် အနူးညံ့ဆုံးဖြစ်ပါလိမ့်မည်။

X          x           x

တို့တွေ သူငယ်ချင်းလိုပဲနေကြမလား။ နောက်ထပ် တစ်ဆင့်ထပ်တက်ခွင့်ရှိမလားဆိုသည့် ထိုဘာလိုလိုစကားကို ထိုခရီးမှအပြန် နှစ်ပတ်အကြာတွင် သူကပြောလာပါသည်။  

ကျွန်တော် မအံ့သြမိပါ။ ခပ်သော့သော့ပြုံးရင်း ပခုံးနှစ်ဖက်ကို ပင့်တင်လိုက်ပြရုံမှတစ်ပါး ကျွန်တော် ဘာမှပြန်မပြောခဲ့ပါ။ 
အချစ်ကိုမယုံကြည်ကြောင်း၊ ငယ်ပါသေးကြောင်း၊ စောပါသေးကြောင်း၊ မတူကွဲပြားသောအနေအထားများအကြောင်း ဘာဆိုဘာမျှမပြောခဲ့ပါ။  

ဆိတ်ဆိတ်နေခြင်းဟာ ထောင်တန်ပြီး ဝန်ခံခြင်းဖြစ်ကြောင်း သူ သိမှသိပါလေစ...

X          x           x

အထက်ပါအခြင်းအရာများသည် လွန်ခဲ့သော သုံးနှစ်ခန့်မှဖြစ်ပြီး 
ယခုအခါ...
ဘာတွေလုပ်နေသလဲ... တစ်နေကုန်လည်းFacebookပေါ်မှာ... အခုလည်း ရယ်လိုက်ပြုံးလိုက်၊ စာရိုက်လိုက်၊ ငါ့ကိုကြည့်လိုက်နဲ့ ရူးနေသလားဟု ခပ်ငေါ့ငေါ့မေးသော ထိုလူသည်

ကျွန်တော်မြတ်နိုးရသော ကျွန်တော့်အိမ်သား၊
ကျွန်တော်ချစ်သော အမျိုးကောင်းသား.... 

တီးကော့ခ်

Wednesday, November 14, 2012

ငှက်ကလေး



အခုတလော အမြဲအမှတ်ရမိနေတာကတော့ ကျွန်တော်ငယ်ငယ်က ပတ်သက်ခဲ့ဖူးတဲ့ ငှက်ကလေးတွေအကြောင်းပါပဲ။

အတောင်ပံလေးတွေတဖျပ်ဖျပ်နဲ့ လေမှာပျံဝဲနေတဲ့ ငှက်ကလေးတွေကို ကျွန်တော်သဘောကျတယ်။ အရောင်စုံ အသွေးစုံနဲ့ သိပ်လှတဲ့ ငှက်ကလေးတွေကို ကျွန်တော်ချစ်တယ်။ ကျွန်တော်နှစ်သက်တဲ့ငှက်ကလေးတွေက ကျွန်တော့်ဘဝသက်တမ်းတစ်လျှောက်မှာ အစိတ်အပိုင်းလေးတွေအနေနဲ့ ပါဝင်ခဲ့တယ်။ ကျွန်တော့်ဘဝကို ပြောင်းလဲစေဖို့ တွန်းအားတစ်ရပ်ဖြစ်စေခဲ့တယ်ပေါ့...။

X          x           x

ငှက်ကလေးတွေနဲ့ပက်သတ်ပြီး အစောဆုံးမှတ်မိနေတာကတော့ အပျံသင်စ စာကလေးလေးတွေအကြောင်းပါပဲ။ ကျွန်တော့မှာ မကောင်းတဲ့ဗီဇတွေထဲက မကောင်းဆုံး ဗီဇရှိတယ်။ အဲ့ဒါက ငှက်ပေါက်စလေးတွေကို စောင့် ဖမ်းတာပဲ။ အိမ်ရှေ့သရက်ပင်ကြီးပေါ်မှာ ငှက်ကလေးတွေ အသိုက်လုပ်ပြီဆို ကျွန်တော် ချောင်း နေတယ်။ ဥကပေါက်လာရင် ကျွန်တော် သွားကိုင်ကြည့်ချင်လို့။ ငှက်ကလေးတွေ ပေါက်လာရင် ကျွန်တော်ပျော်တယ်... အပျံသင်ရင် ကျွန်တော် ဖမ်း မလို့။ ဘာရယ် ညာရယ်လဲ မဟုတ်ဘူး။ အဲ့လိုပဲ ကလေးစိတ်နဲ့ ကျွန်တော် ငှက်ကလေးတွေကို လိုချင်မိတယ်။

မှတ်မှတ်ရရ ကျွန်တော်လုပ်လိုက်လို့ ကျောင်းခန်းဘေး စံပယ်ရုံထဲက နှံပြည်စုတ်ငှက်သိုက်ကလေး ပျက်ပြီး ဥကလေးတွေ ကျကွဲသွားတယ်။ အဲ့တုန်းက လေးတန်းထင်ပါရဲ့။ ဝမ်းနည်းလိုက်တာ...။ ဒီလိုနဲ့ နောက်တစ်ခါ... ငါးတန်းခြောက်တန်းလောက်မှာ... အိမ်ရှေ့သရက်ပင်ပေါ်ကနေ ဟိုဘက် ပိန္နဲပင်ပေါ်အပျံသင်နေတဲ့ ငှက်ကလေး ကျွန်တော် လုပ်လိုက်လို့ အောက်တည့်တည့်က ရေကန်ထဲကျသွားတယ်။ ချက်ချင်းတော့ ဆယ်လိုက်နိုင်ပါတယ်။ စေတနာပိုပြီး ငှက်ကလေးချမ်းနေမှာစိုးလို့ ကျွန်တော် မီးဖိုပေါ်တင်လိုက်မိတာ... တစ်ခါတည်း ကင် ပြီးသားဖြစ်သွားတယ်။ စိတ်မကောင်းဘူး။

ကျွန်တော်က ငှက်ကလေးတွေကို သိပ်လိုချင်မှန်းသိတော့ ကျွန်တော့်ကိုအရမ်းချစ်တဲ့အဖိုးက လုံးဝမကြိုက်ပေမယ့် လိုက်လျောရှာပါတယ်။ စနေတနင်္ဂနွေတိုင်း ကျောင်းပိတ်ရက်တွေတိုင်း သူ့အိမ်မှာသွားနေတဲ့အခါတိုင်းမှာ ဘုရားစောင်းတန်းက စာဘုန်းကြီးလေးတွေ တစ်နေ့တစ်ကောင် ဝယ်ဝယ်ပေးတယ်။ ဒါပေမယ့်... နောက်နေ့ မနက်ရောက်တိုင်း ငှက်ကလေးတွေကို နင့်အသက်တစ်ခါလွှတ် ငါ့အသက်မိတိုင်းလွတ်လို့ ပြောပြီးပြန်လွှတ်ပေးရတယ်။ ပြီးရင်အဖိုးက နောက်တစ်ကောင်အသစ်ထပ်ဝယ်ပေးတယ်။ ကျွန်တော် ပျော်တယ် သိလား။

ရုပ်ရှင်တွေထဲမှာ ငှက်အရှင်ထောင်တဲ့နည်းလမ်းပါလို့ ကျွန်တော် စမ်းကြည့်တယ်။ သူတို့က သံပိုက်ကွန်ပါးပါးလေးကိုအသုံးပြုပြီး သစ်ကိုင်းခြောက်လေးနဲ့ထောက်ထား၊ သစ်ကိုင်းခြောက်ကိုတော့ ကြိုးနဲ့ချည်ပြီး ဒီဘက်တစ်ဖက်က ကိုယ်ကပုန်းပြီး အသင့်နေ။ သံကွန်ခြာရဲ့အောက်မှာ စပါးစေ့လေးတွေချပေးထားတယ်။ ငှက်ကလေးတွေ အစာလာကောက်ရင် အဲ့သံကွန်ချာကိုထောက်ထားတဲ့ သစ်ကိုင်းခြောက်လေးကို ကြိုးနဲ့ဆွဲလိုက်ရင် ငှက်ကလေးတွေ ပြေးမလွတ်တော့ဘူး....။ ဟာ ဟာ ဟ... သဘောကျတာပ။ အဲ့အတိုင်းလိုက်လုပ်တာပေါ့။ ဒါပေမယ့် သံကွန်ချာမရှိတော့ ထမင်းစားပွဲက အုပ်ဆောင်းအစိမ်းကြီးကို အမေမသိအောင်ယူ။ ဒုတ်ချောင်းနဲ့ထောက်ထား။ ကြိုးက သိပ်မရှည်တော့ ကိုယ်က ပုန်းနေနိုင်မယ့်နေရာအထိဆွဲလို့မရဘူး။ ပုန်းမနေရလည်း ကိုယ်က အရေးမကြီးဘူး။ ကိုယ်က ၁မိနစ်ကို ၂ခါလောက် ထ ထ ကြည့်ချင်တာဆိုတော့ ကိစ္စမရှိဘူး။ အဲ့တော့... မိ လိုက်တဲ့ ငှက်။ တစ်ကောင်မှကို ဖြတ်ကိုမပျံတာ။ ဒီလိုနဲ့ ဒီနည်းလည်း လက်လျှော့လိုက်ရတယ်။

နွေသုံးလပိတ်ရက်တွေ မေမေ့သူငယ်ချင်း အန်တီနန်းတို့အိမ်မှာသွားနေကြတော့ ကြက်တူရွေးရောဂါထလာတယ်။ အန်တီနန်းပြောပြောပြတဲ့ သူတို့မြို့က ကြက်တူရွေးဖမ်းနည်းအကြောင်း စိတ်ကူးတွေယဉ်လိုက်ရတာ အမော။ နောက်ဆုံး တအားပူဆာတာနဲ့ အန်တီနန်းတို့အိမ်က ကြက်တူရွေးလေးတွေ ဝယ်ပေးလာတယ်။ အရမ်းပျော်တာပဲ။ ပထမဆုံး ပိုင်ဆိုင်ဖူးတဲ့ ကြက်တူရွေးလေးတွေ။ အဲ့အိမ်ကကလေးတွေရော ကျွန်တော်တို့ ညီအကို၂ယောက်ရောဆိုတော့ တစ်ယောက်တစ်ကောင်ကျနဲ့ ကြက်တူရွေး ၄ ၅ ၆ကောင်ပဲ။ ကြက်တူရွေးလေးတွေကို အတောင်ညှပ်ပေးရင် မပျံတော့ဘူးဆိုလို့ အတောင်လဲ ထုတ်ညှပ်ရော... ပျံပြေးသွားလို့ ငို လိုက်ရတာ။

ကြီးကောင်ဝင်လာတော့ ပါပါက ယုဇနပလာဇာက ကျေးကျုတ်လေးတွေနဲ့ မိတ်ဆက်ပေးလာတယ်။ သူလည်းလိုချင်နေပါလျက်နဲ့ သားတော်မောင်ကို လာပြန်မေးသေးတယ်။ အရမ်းလှပြီးသိပ်ချစ်စရာကောင်းတဲ့ ငှက်သေးသေးလေးတွေ သိလားတဲ့။ ငါ့သား မင်း မွေးမလားတဲ့။ ဒီကလည်း မြင်တောင်မမြင်ဖူးသေးဘူး ငှက်ဆိုတာနဲ့တင် စပ်စလူးတွေ ထ နေပြီ။ ခုဝယ်ပေးပါ ဖြစ်တော့တာ။ ပါပါက ငှက်အပြာလေးရယ် အဝါလေးရယ် အစိမ်းလေးရယ် စိမ်ပြာဝါအရောင်ကျားလေးရယ် ၄ကောင်ဝယ်လာပေးတယ်။ ကျွန်တော်က အဝါရောင်လေးကိုအချစ်ဆုံး...။ ကျန်တဲ့ ၃ကောင်က ကိုက်လို့။ ဒါပေမယ့် သူတို့ကိုလည်း ချစ်တာပါပဲ။

ကျွန်တော်က သူတို့ကိုသိပ်ချစ်တာ ငှက်ကလေးတွေပျံချင်ရှာမှာပဲနော်လို့ တစ်ခါမှတောင်မတွေးဖူးဘူး။ ဘာလို့များ ငါနဲ့ခွဲပြီးအဝေးပျံချင်နေကြလဲမသိဘူးပဲ တွေးမိတာ။ ငှက်ကလေးတွေကလည်း စကားများတယ်။ ပကျိ ပကျိနဲ့ကိုနေတာပဲ။ ကျောင်းကပြန်လာရင် သူတို့အတွက် သောက်ရေထည့်ပေးရ သူတို့စားတဲ့ ဆပ်နှံလေးတွေ ထည့်ပေးရနဲ့ ပျော်နေတာ။ ကျွန်တော် ဂရုစိုက်ပါတယ်။ ဒါပေမယ့် ငယ်လည်းငယ်သေးတော့ သေချာလည်းနားမလည်တော့ နည်းလမ်းမကျဘူးပေါ့။ ဒီလိုနဲ့ တစ်နေ့တော့ ကျွန်တော့်ရဲ့ သဲသဲလှုပ် အဝါလေး ဖျားပါလေရော...

တကယ်ပါ။ လောကမှာ တိရစ္ဆာန်နေမကောင်းရင်ဆေးကုတဲ့ဆရာဝန်ရှိတယ်ဆိုတာ မသိခဲ့ဘူး။ ငှက်ကလေးနေမကောင်းတော့မှ ပထမဆုံးအကြိမ်ကြားဖူးတာ။ စာတိုက်လမ်းဆုံနားမှာ တိရစ္ဆာန်ဆေးခန်းရှိတယ်တဲ့။ ဒါနဲ့ စက်ဘီးလေးနဲ့သွားကြည့်တယ်။ သေချာသွားတော့ မေမေ့ကိုအတင်းပူဆာပြီး သားအမိ၂ယောက်ဆိုက်ကားနဲ့ ငှက်ကလေးကို ငှက်အိမ်လေးထဲထည့်ပြီး သွားပြကြတယ်။ မှတ်မိသေးတယ်။ မေမေ ရှိုးထုတ်ထားတယ်။း) ကျွန်တော်ထင်တာက ငှက်ကလေးကိုခေါ်သွားမယ် ဆရာဝန်ကိုပြမယ် ဆရာဝန်က တစ်ခုခုလုပ်ပေးမယ် ပြီးရင် ပြန်လာရုံပဲ။ ဒါပေမယ့် လက်တွေ့ကြတော့ ကွာခြားတယ်။ ညနေ ၅နာရီဆေးခန်းဖွင့်တယ်ဆိုလို့ ၅နာရီမထိုးခင်ကတည်းကရောက်သွားတာ ဒေါက်တာမမက ၆နာရီထိုးမှ ပေါ်တော်မူတယ်။ ကိုယ်က တိုကင်ယူရမှန်းလဲမသိတော့ စောင့်နေရတာပေါ့။ ည ၈နာရီထိုးကာနီးအထိ ကိုယ့်အလှည့်မရောက်သေးဘူး။ ခြင်တွေကလည်းကိုက် ဗိုက်တွေကလည်းဆာ အမေကလည်း တဆူဆူ တပူပူပေါ့။ ရှည်တယ် အကျိုးကိုမပေးဘူး ဘာညာပေါ့။ ထုံးစံအတိုင်း ပွားတာပေါ့။ ကိုယ်လဲ အပြစ်မရှိပါဘဲ အသားလွတ်အဆူခံရတဲ့ အခြေအနေပေါ့။ ဒီလိုနဲ့ မေမေပြန်သွားတယ်။ နင့်ဟာနင် ပြန်လာခဲ့တဲ့ဆိုပြီး ငွေ၂၀၀နဲ့ထားခဲ့တယ်။

ဆရာဝန်မရဲ့ နူးညံ့တဲ့အပြောအဆိုလေးတွေ နေမကောင်းနေတဲ့ ခွေးလေးတွေကြောင်လေးတွေ၊ သူတို့ကိုချစ်ကြတဲ့ ပိုင်ရှင်တွေ အများကြီးမှ အများကြီးပဲ...။ ကျွန်တော် တစ်ယောက်တည်း ထိုင်ကြည့်နေတယ်။ အားလုံးဟာ အထူးအဆန်းချည်းပဲ။ အပူချိန်တိုင်းတော့လဲ ဖင်ပေါက်ကတိုင်းတယ်။ ဆေးထိုးတော့လဲ ငြိမ်ငြိမ်အထိုးမခံကြလို့ ချုပ်ထားရတယ်။ နာလားလည်း မပြောတတ်ကြဘူး။ ခေါင်းမူးတယ် ဟိုဟာစားချင်တယ် ဒီဟာစားချင်တယ်လဲ မပြောတတ်ကြရှာဘူး။ ကျွန်တော့် ငှက်ကလေးလိုပေါ့... လှောင်အိမ်ထဲမှာပဲ ကုပ် နေရရှာတယ်။
သနားပါတယ်နော်...ကျွန်တော်က သနားတတ်တယ်။

သိလား...။ ကျွန်တော် သနားသွားတယ်။

ဆရာဝန်မက ငှက်ကလေးအတွက် သောက်ဆေးပေးလိုက်တယ်။ အရည်ဖျော်ပြီး ဆေးထိုးအပ်နဲ့ အစက်ချပေးရမှာ။ တစ်နာရီတစ်ကြိမ်တဲ့။ ပေါက်ပေါက်ရှာရှာ။ ညတောင်မအိပ်ရဘူး ဆေးထထတိုက်ရတာ။ ဒါပေမယ့် ကျွန်တော်ပျော်တယ်။ ကျွန်တော့်လက်ထဲမှာ ဆေးထိုးအပ်ကလေးရှိတယ်။ ကျွန်တော်ချစ်တဲ့ ငှက်ကလေးကို ကျွန်တော်ကိုယ်တိုင် ဆေးတိုက်းပြီးပြုစုရတယ်။

သိလား...။ ကျွန်တော့်လက်ထဲမှာ ဆေးထိုးအပ်ကလေးရှိတယ်။

ကျွန်တော် တိတ်တိတ်ကလေး သံဓိဌာန်ချမိတယ်။
ငါချစ်တဲ့... သနားစရာကောင်းတဲ့ တိရိစ္ဆာန်လေးတွေကို ငါကြီးလာရင် ငါကိုယ်တိုင် ဆေးကုပေးမယ်...

X          x           x

အခု ဒီစာကိုရေးနေတဲ့အချိန်မှာတော့ အဖော်မင်တတ်တဲ့ကျွန်တော်က တစ်ယောက်တည်းသမားဘဝကို အတော်လေးနေသားကျလို့နေပါပြီ။

ချစ်တဲ့မိသားစုဆိုတာလည်း အတူမနေရတာ ၈နှစ်လောက်တော့ရှိပြီထင်ပါရဲ့။

ငှက်လှောင်အိမ်လေးလိုပဲ သိပ်မကျယ်တဲ့ ကျဉ်းကျုတ်ကျုတ်အခန်းလေးထဲမှာ ကျွန်တော် အညောင်းဆန့်တတ်ခဲ့ပြီပဲ။

ဒါပေမယ့် ကျွန်တော့်လက်ထဲမှာတော့ ဆေးထိုးအပ်တစ်ချောင်းကိုမြဲမြံစွာဆုပ်ကိုင်ထားဆဲ... 

(လွန်ခဲ့သော နှစ်က တစ်ယောက်တည်းနေခဲ့စဉ်က ရေးခဲ့ဖူးသည့် စာတိုလေးဖြစ်ပါသည်။)