ကျွန်တော် အခန်းအသစ်ပြောင်းသည်မှာ မကြာသေးပါ။ ယခင်ငှားနေသည့်အခန်းက တစ်အိမ်တည်းနေသူများနှင့် သိပ်အဆင်မပြေသဖြင့် ကျွန်တော် ယခုတိုက်ခန်းအသစ်ကိုပြောင်းခဲ့ခြင်းဖြစ်သည်။ ယခုမှပြောင်းကာစမို့ ကျွန်တော် နေသားမကျသေး။ အခန်းထဲတွင် ပစ္စည်းများပင် ကောင်းကောင်းနေရာမချရသေးပေ။ အပြင်မှာ နေသာနေသည်။ အချိန်ကြည့်တော့ နေ့လည် ၁နာရီကျော်ပြီ။ ကျွန်တော် နေ့လည်စာမစားရသေးသည်ကို အမှတ်ရလိုက်သည်။ ထို့ကြောင့် ခပ်လောလော အပြင်ကိုထွက်လိုက်ပြီး အခန်းတံခါးကိုအပြင်မှ သော့ပိတ်ချကာ ကတိုက်ကရိုက်ထွက်လာခဲ့လိုက်သည်။
အဲ့တော့မှ ဂွကျတော့သည်။ ကျွန်တော် ပိုက်ဆံအိတ်ပါမလာ။ သော့ကလည်း ခတ်ပြီးလျက်သား အထဲမှာ သော့ကျန်ခဲ့ပြီ။ ဗိုက်ကလည်း အတော်ဆာလာသည်။ ဘာမှမလုပ်တတ်။ ခြေမကိုင်မိလက်မကိုင်မိ။ တိုက်ရှေ့မှာ ဟိုလျှောက်လိုက် ဒီလျှောက်လိုက်နှင့်။
ထိုနေ့က တနင်္လာနေ့ဖြစ်သဖြင့် အလုပ်သွားသူ ကျောင်းသွားသူများဖြင့် ကျွန်တော်တို့ တိုက်သည် တိတ်ဆိတ်လျက်ရှိပါသည်။ အတူနေအိမ်သားများပြန်လာချိန်အထိစောင့်ဆိုင်းရန်မှလွဲ၍ တခြားရွေးစရာလမ်းမရှိပါ။ ထိုစဉ် ဖော်ရွေဟန်ရှိပြီး အနေခပ်အေးအေးကုပ်ကုပ်ပုံစံရှိသူ တရုတ်ကလေးတစ်ဦး ဆန်ပြုတ်ထုပ်ကလေးဆွဲလာရင်း လျှောက်လာသည်။
X x x
ကျွန်တော် ရင်ခုန်မသွားပါ။ ဆန်ပြုတ်လည်းမကြိုက်ပါ။ တရုတ်ကိုလည်း မကြိုက်ပါ။ သို့သော် သူ့အပြုံးတွင် ကျွန်တော် ပြန်နှုတ်ဆက်လိုက်ပါသည်။ သူပြုံးတာလည်း သိပ်မလှပါ။ သွားတက်တွေပါသည်။ သွားတွေကလည်း များပါ့။ အရပ်ကလည်း နဲနဲပုပြီး လူကလည်းခပ်ပိန်ပိန်ရယ်။
စကားအလွန်များသော ကျွန်တော်သည် ထိုခဏလေးအတွင်း သူ့အကြောင်းအတော်လေးစပ်စုမိပြီးဖြစ်ကာ ကိုယ့်အကြောင်းလည်းအတော်လေး မိတ်ဆက်ပြီးနှင့်ပါပြီ။ သူသည် ရိုးသားပြီး တစ်ဖက်သားအားကူညီတတ်သူ ဖြစ်ပါသည်။ နေမကောင်းသဖြင့် ရုံးမသွားဘဲခွင့်ယူထားကာ အိမ်တွင်အနားယူရင်း ဆန်ပြုတ်ဆင်းဝယ်သည်တဲ့။ ကျွန်တော် မြန်မာပြည်ကလာပါသည်။ ကျောင်းတက်ရင်း ကျောင်းဝန်းပြင်ပအခန်းငှားနေသူ၊ မိသားစုနှင့်ခွဲကာ တစ်နယ်တစ်ကျေးတစ်ရပ်တစ်ပါး၌ ပညာသင်ဖို့လာခဲ့သူ၊ လောလောဆယ် အခန်းသော့က ပိတ်လျက်သားအခန်းထဲကျန်ခဲ့ကာ ပိုက်ဆံမပါဘဲ ထမင်းစားဖို့ထွက်လာသူ။ အခန်းဖော်သူငယ်ချင်းများ ညနေပြန်အလာကို နေ့လည်ကတည်းက စင်္ကြန်လျှောက်ရင်း စောင့်စားနေရမည့်သူ။
ဖော်ရွေသောထိုလူသည် ကျွန်တော်ခဏတာ နားခိုလိုပါက သူ့အိမ်တွင်နားခိုနိုင်ပါကြောင်း၊ ဆန်ပြုတ်ပါ ခွဲဝေကျွေးမည့်အပြင် တီဗီကြည့်ရင်း အချိန်ဖြုန်းနိုင်ပါကြောင်းလောကွတ်ဖြင့် ကျွန်တော်တို့ နှစ်ယောက် အစပျိုးခဲ့ကြပါသည်။ သူ့အိမ်တွင် ဆန်ပြုတ်စားရင်း သူဖွင့်ပြသော သူ့အကြိုက်ဆုံး သီချင်းကို ကျွန်တော် ခံစား၍မရပါ။ တရုတ်လိုဆိုနေခြင်းဖြစ်သည်။ ထိုသီချင်းကို သူကြားကာစက ကားရပ်ပြီးတောင် တမေ့တမောနားထောင်ခဲ့ရသည့် သူ့အဖြစ်ကိုပြောသောအခါ ဒီလူသည် ရူးများနေသလားဟု ကျွန်တော် သူကျွေးသောဆန်ပြုတ်ကိုအပူလျော့အောင်မှုတ်သောက်ရင်း မော့ကြည့်လိုက်မိပါသေးသည်။
ထိုလူသည် ကျွန်တော့်ဖူးစာရှင်ဖြစ်မှန်း တကယ်ပဲ မသိခဲ့ပါ။
X x x
တိုးတိတ်ညင်သာစွာ စကားပြောတတ်သောထိုလူနှင့်စကားပြောရသည်မှာ အနည်းငယ်ပျင်းစရာကောင်းသည်။ ကျွန်တော်က မြန်မာပြည်မှလာသည်။ စကားကို အတန်ကျယ်ကျယ်လောင်လောင်ပြောတတ်ပြီး လက်ဟန်ခြေဟန်နှင့် ချက်နဲ့လက်နဲ့ အာဝဇ္ဇန်းရွှင်ရွှင် ပြောတတ်သူဖြစ်သည်။
ကျွန်တော်ပြောပြခဲ့သော မြန်မာပြည်အကြောင်း တောတောင်ရေမြေသဘာဝနှင့် ရွှေရောင်လွှမ်းသော ချစ်စရာမြန်မာပြည်သည် သူ့အတွက် ဇာတ်လမ်းပမာနားဆင်စရာတစ်ခု ဖြစ်ခဲ့မည်ထင်ပါသည်။ အိမ်ပြန်ရန်နှုတ်ဆက်သောအခါ မင်းနဲ့အတူ မင်းရှိတဲ့မြန်မာပြည်ကို လိုက်လည်ဖို့ မျှော်လင့်ပါတယ်... ဆိုသော သူ့စကားအား သိပ်ကောင်းတဲ့ အကြံအစည်ပါပဲခင်ဗျာလို့ အပြုံးနဲ့နှုတ်ဆက်ပြောရင်း ပြန်လာခဲ့သည်။
နေဝင်... မိုးချုပ်... ကိုယ့်စာကိုယ်လုပ်။ သူ့အလုပ်သူလုပ်။
ဇာတ်လမ်းက ဒီမှာပဲ ရပ်လိုက်ရင်တော့ ဆက်ရေးစရာမရှိတော့ဘူးပေါ့။
X x x
ကြင်နာသနားတတ်ဟန်ရှိသော ထိုလူသည်ကလေးငယ်လေးများကို ချစ်တတ်သည်။ ကျွန်တော်ဆေးကုမည့် တိရစ္ဆာန်လေးများကို သနားတတ်သည်။ မနက်ခင်းကျောင်းအသွား ဓာတ်လှေကားတွင်ဆုံလျှင် သိပ်မဝေးသောကျွန်တော့်ကျောင်းသို့ လိုက်ပို့ပေးတတ်သည်။ သူမွေးဖွားကြီးပြင်းသည့် ကမ်းခြေမြို့ကလေးသို့ အလည်အပတ်ခရီးခေါ်သည်။
ညနေစာအတူစားရန်မကြာမကြာဆုံစည်းဖြစ်သည်။ ကျွန်တော်ပြောသော ပုံပြင်များ၊ ဇာတ်လမ်းများ၊ နေ့စဉ်အတွေ့အကြုံများအား စိတ်လိုလက်ရနားထောင်တတ်သည်။ မော်မော်ကြွားကြွားမရှိတတ်၊ မြန်မာစကားအတိုအစလေးများကို သူသင်ချင်သည်ဟုဆိုသည်။
မင်္ဂလာပါကို အမြီးအမောက်တည့်အောင် ချက်ချင်းပြောနိုင်ပြီး ကျွန်တော့်အား ညေလေး ဟု မပီတပီခေါ်သည်။ အားမနာပါနဲ့ ဆိုသည်ကိုတော့ ယခုထိတိုင်သင်ယူတတ်မြောက်နိုင်ခြင်းမရှိသေး။ လျှာနှင့်နှုတ်ခမ်းအင်မတန်အလုပ်ရှုပ်သည်ဟု သူဆင်ခြေပေးတတ်သည်။ ဟုတ် ဆိုသည့် ကျွန်တော်ပြောသည့်စကားကိုတော့ သူတွင်တွင်ပြောသည်။ ငယ်သူကိုမပြောရပါဟု သင်ထားလည်းမရပါ။
ထိုလူသည် ခင်မင်စရာကောင်းပြီး အနေအထိုင်ရိုးသားသူ၊ အေးဆေးတည်ငြိမ်သူ၊ မိမိကို အလိုလိုက်တတ်သူဟု ကျွန်တော် ကျေနပ်မိပါသည်။
ကျွန်တော့် ဇာတ်လမ်းကို ဒီနေရာတင်ပင် အဆုံးသတ်ရန် အကြောင်းမရှိသေးကြောင်း ယူဆသဖြင့် သူ့ဇာတိ ကမ်းခြေမြို့ကလေးသို့ ကျောင်းပိတ်ရက်တွင် လိုက်လည်လိုက်ပါသည်။ ကျွန်တော် ပင်လယ်ကမ်းစပ် သဲသောင်ပြင်နှင့် ကျောက်ဆောင်များကို ကြိုက်ပါသည်။
X x x
ရိုးသားပွင့်လင်းပြီး ဖော်ရွေပျူငှာသော သူ့မိသားစုသည် နောင်တစ်နေ့တွင် ကျွန်တော်နှင့်ပတ်သက်ရမည့်မိသားစု ဖြစ်လာမည်ဟု ထင်မထားခဲ့ပါ။ သူ့တူ၊တူမလေးများနှင့် အကျွမ်းတဝင်ဆော့ကစားတတ်သော ကျွန်တော့်အား သူပြုံးရင်း စိုက်ကြည့်နေသည်ကိုတော့ဖြင့် ကျွန်တော် ရင်ခုန်မိပါသည်။ အေးချမ်းပျော်ရွှင်သော မိသားစုကလေးတွင် ကျွန်တော် စိတ်ချမ်းသာလှသည်။ လူကြီးများက ကျွန်တော့်အား မေးခွန်းမျိုးစုံမေးသည် နိုင်ငံရေး စီးပွားရေး လူမှုရေး... ဘာကြောင့် ဒီနိုင်ငံကိုရွေးခြယ်ခဲ့သလဲ အစရှိသဖြင့်...။ ကလေးလေးများက အားဟန်ကိုကိုး ဟုခေါ်ကာ မြန်မာစကားသင်ခိုင်းရင်း တခစ်ခစ်ရယ်တတ်ကြသည်။ သူတို့အမည်များအား စာလုံးပေါင်းခိုင်းကြသည်။
ထိုညက သဲသောင်ခုံပေါ်အတူလျှောက်ရင်း လက်ချင်းထိခတ်မိတော့ ဘာရယ်မဟုတ် ရယ်မိကြသည်။ သောင်ပြင်တွင် ခြေဆင်းထိုင်ရင်း ကြယ်ကလေးများကို မကုန်နိုင်မခမ်းနိုင် ရေတွက်ရင်း မင်းတို့နိုင်ငံက ကောင်းကင်က ငါတို့နိုင်ငံကကောင်းကင်လောက် ကြယ်တွေမများဘူးဟု ကျွန်တော် ခပ်တုံးတုံးပြောမိတော့ သူတအားရယ်သည်။
သူ ရယ်သောအခါ သွားတက်လေးများပေါ်လာပြီး ချစ်စရာကောင်းသည်ဟု ကျွန်တော်ထင်လိုက်မိသည့်အချိန်သည် ကျွန်တော်ရင်အခုန်ဆုံးအချိန်ဖြစ်ပါသည်။
ကောင်းကင်ယံတွင် ကြယ်ကလေးများက တလက်လက်တောက်ပနေကြပြီး လှိုင်းပုတ်ခတ်သံက စည်းချက်ကျလှသည်။ ထိုညကတိုက်ခတ်သော လတ်ဆတ်သည့်ပင်လယ်လေညှင်းသည် အနူးညံ့ဆုံးဖြစ်ပါလိမ့်မည်။
X x x
တို့တွေ သူငယ်ချင်းလိုပဲနေကြမလား။ နောက်ထပ် တစ်ဆင့်ထပ်တက်ခွင့်ရှိမလားဆိုသည့် ထိုဘာလိုလိုစကားကို ထိုခရီးမှအပြန် နှစ်ပတ်အကြာတွင် သူကပြောလာပါသည်။
ကျွန်တော် မအံ့သြမိပါ။ ခပ်သော့သော့ပြုံးရင်း ပခုံးနှစ်ဖက်ကို ပင့်တင်လိုက်ပြရုံမှတစ်ပါး ကျွန်တော် ဘာမှပြန်မပြောခဲ့ပါ။
အချစ်ကိုမယုံကြည်ကြောင်း၊ ငယ်ပါသေးကြောင်း၊ စောပါသေးကြောင်း၊ မတူကွဲပြားသောအနေအထားများအကြောင်း ဘာဆိုဘာမျှမပြောခဲ့ပါ။
ဆိတ်ဆိတ်နေခြင်းဟာ ထောင်တန်ပြီး ဝန်ခံခြင်းဖြစ်ကြောင်း သူ သိမှသိပါလေစ...
X x x
အထက်ပါအခြင်းအရာများသည် လွန်ခဲ့သော သုံးနှစ်ခန့်မှဖြစ်ပြီး
ယခုအခါ...
ဘာတွေလုပ်နေသလဲ... တစ်နေကုန်လည်းFacebookပေါ်မှာ... အခုလည်း ရယ်လိုက်ပြုံးလိုက်၊ စာရိုက်လိုက်၊ ငါ့ကိုကြည့်လိုက်နဲ့ ရူးနေသလားဟု ခပ်ငေါ့ငေါ့မေးသော ထိုလူသည်
ကျွန်တော်မြတ်နိုးရသော ကျွန်တော့်အိမ်သား၊
ကျွန်တော်ချစ်သော အမျိုးကောင်းသား....
တီးကော့ခ်
No comments:
Post a Comment