အမြ
(အသက်
၃၀ကျော် ၄၀အတွင်း)
“အမြ”ကို
ရန်ကုန်ထောင်ကြီး အတွင်းတွင် ကျွန်တော်မမီလိုက်ပါ။ ကျွန်တော် ရန်ကုန်ထောင်သို့ အကျဉ်းသမားတယောက်အဖြစ်ဖြင့်
ရောက်သွားသော ၁၉၅၄ခု နှစ်ဦးတွင် အမြသည် အင်းစိန်ထောင်သို့ ရောက်နေပေပြီ။ ရန်ကုန်ထောင်ကြီးတွင်
ရှေးဟောင်းနှောင်းဖြစ် များကို အလွန်မှတ်မိသော လူငယ်အချို့ကိုတွေ့ရသည်။ သူတို့အထဲတွင်
မောင်လေးမောင်မှာ တယောက်ဖြစ်ပါသည်။ တနေ့သော ညနေ ဘော့လုံးကွင်းကြီးအတွင်း ကျွန်တော်တို့
လမ်းလေဆာက်နေကြစဉ် မောင်လေးမောင် ရောက်လာပါသည်။ ဗြိတိသျှစစ်အုပ်ချုပ် ရေး ခေတ်ကတည်းက
ရန်ကုန်ထောင်သို့ရောက်ပြီး ထောင်ဒဏ် အနှစ် ၂၀ အပြစ်ပေး ခံနေရသော လူငယ်ဖြစ်သဖြင့် ထောင်တွင်း
အကြောင်းအရာများ သူ့ကို မေးကြည့်ရာ ကျွန်တော်သိလိုသော အချက်အလက်အချို့ကို သိရှိရပါသည်။
ထို့နောက် ၂ ညနေတိုင်တိုင် သူ့အားဆက်၍ပြောခိုင်းရသည်မှာ သူ၏မိတ်ဆွေ “အမြ”၏အကြောင်းပင်
ဖြစ်ပါသည်။
အမြနှင့်
မောင်ခင်အောင်တို့အကြောင်းကို ဘယ်အတွက်ကြောင့် ကျွန်တော်တို့နှစ်ညနေတိုင်တိုင်ဆက်၍ပြောခိုင်းသည်
ဆိုသည့်အဖြေ ကိုမူ စာဖတ်သူ မိတ်ဆွေများသည် အောက်ပါထူးဆန်းသော အကြောင်းအရာများကို ဖတ်ပြီးနောက်
ရရှိလာလိမ့်မည်ဟု ယူဆပါသည်။
စာရေးသူ။
x x x
အမြသည်
လုံးကြီးပေါက်လှ အသားဖြူဖြူနှင့် ကြည့်၍ပြေပြစ်လှသည်။ အမြဲ ပြုံးနေသည်။ စကားအပြောအဆို
အလွန် ညက်ညောသည်။ သူ့အသက်မှာ ၂၀ကျော် ၃၀အောက်ဟု ထင်ရသည်။ အမှန်အားဖြင့်သော် ၃၀ကျော်
၄၀တွင်းရှိနေချေပြီ။ အသားအရေ အလွန်ကောင်း သည်။ ဆံပင် ဆံတို မူဟန်တစ်မျိုးဖြစ်သည်။
အမြကို
မြင်သူများထဲမှ “ယောက်ျားပါ”ဟု ပြောဝံ့သူရှိမည်မဟုတ်ပေ။ သူဝတ်ပုံစားပုံများအရ သူသည်
မိန်းမအစစ်အချို့ထက် မိန်းမနှင့် တူပေသည်။ ဇာတိအားဖြင့် ရန်ကုန် ကြည့်မြင်တိုင်က ဖြစ်သည်။
သူ့အိမ်သည် လမ်းမကြီး တခုပေါ်တွင်ရှိသည်။ အလွန်လှသော မိန်းမရှာအမြ၏ အမှုအကြောင်းသည် သတင်းစာတိုင်းတွင်
ခေါင်းစဉ်စာလုံးကြီးများနှင့် ပါခဲ့ကြသည်။
၁၉၅၃ခုနှစ်၊
ဧပြီလလောက်တွင် ရန်ကုန်ထောင်ကြီးအတွင်းသို့ အမြရောက်လာသည်ဆို၍ မောင်လေးမောင်အပါအ၀င်
အကျဉ်းသား အချို့ သွားကြည့်ကြရာ၊ သူ့အနီးတွင် လူတွေအုံနေကြသည်။ အမေးများကို အမြသည်
ခပ်တိုတိုပင် ဖြေလေ့ရှိသည်။
ရက်အနည်းငယ်မျှကြာသောအခါ
ဓါးပြမှုနှင့် ထောင် ၇နှစ်ကျနေသော ပျဉ်းမနားအပိုင် နတ်သူရဲရွာက မောင်ထွန်းစီမှာ အမြနှင့်
အခင်မင်ဆုံး မိတ်ဆွေဖြစ်လာသည်။ မောင်လေးမောင်နှင့် အမြလည်း မောင်ထွန်းစီကိုအကြောင်းပြုပြီးနောက်တော့
ခင်လာကြသည်။ ထောင်တွင်းတွင် မိန်းမရှာကို ပိုးပန်းတတ်သော လူသားမျိုးများလည်း အမြနားသို့
အကပ်များကြသည်။ မောင်ထွန်းစီ၏ အလုပ်မှာ ဆံပင်ညှပ်အလုပ်ဖြစ်၏။ အမြ၏ အခြားမိတ်ဆွေမှာ
ရန်ကုန်တထောင်လုံးက သိသည့် အောင်သန်းဖြစ်သည်။ အောင်သန်းသည် နောက်တီး နောက်တောက်နှင့်
အမြ၏ ရင်ခွင်ထဲသို့ ၀င်တိုးချင်တိုးသည်။ အရောဝင်ခွင့်အရဆုံးမှာ အောင်သန်းဖြစ်သည်။
တနေ့သောအခါ
မောင်းထွန်းစီ၊ မောင်လေးမောင်နှင့် အောင်သန်းတို့က မေးသောကြောင့် မျက်ရည်တွေ တရွှဲရွှဲနှင့်
အမြက ပြောပြသည် မှာ …..
“အမြတော့ သေချင်တော့တာဘဲ၊
မြန်မြန် မသေမှာဘဲ စိုးနေတယ်။ ဒီအမှုအတွက် မသေရရင်တော့ ခက်တာဘဲ” ဤသို့ပြောရင်း အမြသည်
သူ့အင်္ကျီကိုချွတ်ပြရာ ဒဏ်ရာ ဒဏ်ချက် တော်တော်များများကို တွေ့ရသည်။ မောင်ခင်အောင် ရိုက်နှက်ထားသည့်
ဒဏ်တွေ ဖြစ်ကြောင်းလည်း ပြောပြသည်။
x x x
အမြ ၁၈နှစ် အရွယ်လောက်တွင်
အမြတို့ အိမ်ရှေ့လမ်းမေပေါ်၌ ကလေးကလေး တယောက်သည် နံနက်တိုင်း သွားလာနေသည်ကို တွေ့ရသည်။
ကလေးမှာ သနားကမားဖြစ်သော်လည်း အ၀တ်အစား ကောင်းကောင်း မကပ်၊ ဆင်းရဲကြောင်း မြင်ရုံနှင့်သိနိုင်သည်။
မိုးရာသီရောက်၍ မိုးရွာသည့်အခါ တနေ့တွင် ဤကလေးသည် အမြတို့ အိမ်ရှေ့ဘဏ္ဍာပင်အောက်တွင်
မိုးဝင်ခိုနေရာမှ အမြက အိမ်ထဲ ခေါ်ပြီး ယုယုယယ မေးမြန်းသည်။ မုံ့များကျွေးသည်။ချစ်စရာကောင်းသော
၆နှစ်ရွယ်ကလေးသည် “နာမည်ဘယ်နှယ့် ခေါ်သလဲ ဘယ်မှာ နေသလဲ” စသည့် မေးခွန်းများကို ကောင်းစွာဖြေသည်။
မိဘမဲ့ကလေးတစ်ယောက်ဖြစ်ပြီး၊ ဦးလေးတယောက်နှင့်အတူ နေရကြောင်း အမြသိရသည်။ ထို့ကြောင့်
အမြက လမ်းကြုံတိုင်း ၀င်ခဲ့ရန် မှာထားပြီး ၀င်ခဲ့တိုင်း ပိုက်ဆံ တပဲ တပဲ မုံ့ဘိုး ပေးလေ့ရှိလေ
သည်။
မောင်ခင်အောင်ခေါ်
ဤကလေးသည် အမြတို့ အိမ်ရှေ့က လမ်းမပေါ်တွင် ဤသို့ သွားလာနေခြင်းမှာ အကြောင်းမဲ့မဟုတ်၊
ဦးလေးဖြစ်သူ မုံ့ပျားသလက် သွားရောင်းနေသော နေရာသို့ အိမ်က ချက်ပေးသော ထမင်းကို သွား၍ပို့နေရခြင်း
ဖြစ်လေသည်။ ယခု အမြနှင့် အသိဖြစ်မှ မောင်ခင်အောင်သည် နေ့စဉ် မုံ့ဘိုး တပဲ တပဲရနေချေပြီ။
မိုးကုန်၍ ဆောင်းဝင်လာသောအခါ
ဤကလေးသည် သူ့ဦးလေးအိမ်တွင် နည်းနည်းမှ မနေချင်တော့။ ထမင်းပို့ခြင်း၊ ထမင်းသွားယူခြင်း
အလုပ်လောက်သာ လုပ်နေပြီး၊ အခြားအချိန်များတွင် “အမြ” ထံသို့သာ လာ၍နေတော့သည်။ မောင်ခင်အောင်၏
ဦးလေးဆိုင်မှာ နောင် သောအခါ ပိတ်လိုက်ရသည်။ ထို့ကြောင့် မောင်ခင်အောင် ဤလမ်းသို့မလာပြန်ပေ။
တနေ့တော့ ပေါက်လာရာ အမြကိုယ်တိုင် သူတို့ အိမ်သို့ လိုက်သွားပြီး ဤကလေးကို ပေးရန်၊
ကျောင်းထားပါမည်၊ အ၀တ်အစားဆင်ပါမည်ဟု တာဝန်ယူပြီးတောင်းသည်။
မောင်ခင်အောင်၏ ဦးလေးအိမ်တွင်
သားအကြီးတယောက်က အိမ်ထောင်ကွဲ၊ သ္မီးအပျိုကလေး တယောက်နှင့် လူပျိုဖြန်းတယောက် ရှိကြသည်။
မောင်ခင်အောင်ကလေးမှာ အပိုလိုဖြစ်နေသည်။ ဤကလေးမှာ တအိမ်လုံး၏ ရိုက်ဖတ်၊ တအိမ်လုံး၏
အမာန်ခံဖတ်နှင့် ဘယ်သူ့မှာ ဘာအပြစ်ရှိရှိ သူ့ခေါင်းပေါ်သို့သာ ရောက်နေသည်ကို အမြ ရိပ်မိ
သိရှိသည်။ ထို့ကြောင့် ပို၍ သနားနေသည်။ မောင်ခင်အောင်၏ ဦးလေးသည် အမြက မောင်ခင်အောင်ကို
ကတိကောင်းများ ပေး၍တောင်းသောအခါ ဤပိုနေသောကလေးကို မွေးစားဘို့ လူကြီးစုံရာနှင့် ပေးလိုက်တော့သည်။
မမွေးနိုင်သည့်တနေ့ ပြန်ပို့ရန်လည်း အမြက ကတိပြုသည်။
အမြတို့သည် ပိုက်ဆံကြွယ်ဝ
သူများမဟုတ်၊ အဘေသည် ယခင်က မြူနီစီပယ် ကျောက်ကြိတ်စက်မောင်းသည်။ ထို့နောက် လခနည်းလွန်း၍
မစားလောက်သောကြောင့် အလုပ်ကထွက်ပြီး ကုန်စိမ်းပွဲစားလုပ်သည်။ အမြက ကျောင်းထား ကျွေးမွေးဆင်ပေးရမည့်
ကလေးတယောက် ခေါ်လာပြန်ရာ အိမ်စားရိတ်က တက်လာပြန်သည်။ ဤအကြောင်းကို အမြသိ၍ သားရေလုပ်ငန်းဖြစ်သော
သားရေသေတ္တာ၊ သားရေဘိနပ် အမျိုးမျိုးလုပ်သည့် အလုပ်ရုံတရုံတွင် သွား၍ အလုပ်လုပ်သည်။
လုပ်စတွင် လုပ်ခမှာ တလ ၁၂ိသာရသည်။ အလွန်ပင်နည်းသည်။ ရန်ကုန်တွင် ကလေးတယောက်ကို ကျောင်းထားရသော
စားရိတ်ကလည်းမသေး။ မောင်ခင်အောင် ကလေးကလည်း အခြားသောကလေးတွေ ၀တ်စားထားသည်များကို တွေ့ခဲ့လျှင်
အမြကို ပူဆာတော့သည်။ ထို့ကြောင့် “သား”အတွက် အမြသည် တော်တော်ပင် စိတ်ညစ်ရ၊ တာဝန် ထမ်းရသည်။
လခကလည်း ၁၂ိတည်းဖြစ်၍ လိုငွေကို မကာမိ၊ သို့နှင့် မတတ်သာ၍ ဟိုက်ကုတ်ရုံးစောင့် တလ ၄၂ိရသည့်
ဂေါ်ရခါး ဒလ၀မ်ဘဟာဒူးဆိုသူနှင့် အိမ်ထောင်ပြုလိုက်ရတော့သည်။ ဂေါ်ရခါး ဒလ၀မ်ကလည်း အမြကို
မိန်းမရှာမှန်းသိသည်။ သို့သော် ကြေကြေနပ်နပ်ပင် ပေါင်းသင်းနေသည်။ သို့ရာတွင် ဘဟာဒူးနှင့်
အမြတို့သည် တအိမ်တည်း အတူမနေကြ။ အိမ်ချင်းမှာ မလှမ်းမကမ်းဖြစ်၍ ဇနီးမောင်နှံဆက်ဆံရေးမှာ
ပြေပြစ်တန်သမျှ ပြေပြစ်သည်။ ဘဟာဒူး၏ အလုပ်မှာ ညဒလ၀မ်အလုပ်ဖြစ်၍ ညနေမှသွားရသည်။ တနေ့လုံးအိမ်မှာနေနိုင်သည်။
ထိုအချိန်တွင် မောင်ခင်အောင် ကလေးက ကျောင်းသွားနေသည်။ မောင်ခင်အောင်ကလေး မရိပ်မိအောင်လည်း
အမြက ဘဟာဒူးကိုပြောပြထား မှာထားသည်။ မောင်ခင်အောင်သည် သူ့အမေ လင်ရနေသည်ကို ဘာမှ မရိပ်မိ၊
ဘဟာဒူးနှင့် အမြတို့ကို မိတ်ဆွေဟုပင် အောက်မေ့နေသည်။ ဘဟာဒူးလည်း မိန်းမရပြီဖြစ်၍ မသက်သာတော့။
ယခင်ကဲ့သို့ လခကလေးနှင့် အေးအေးမနေနိုင်တော့။ နေ့လယ်ပိုင်းတွင် ကြေးအိုးမလိုင် (ဂလိုင်)သုတ်၊
အရောင်တင်ခြင်းစသော အလုပ်မျိုးများကို ဘေးငွေဝင်ပေါက်အဖြစ်ဖြင့် ရအောင်လုပ်ရပေတော့သည်။
အမြကမူ သားရေအလုပ်ကိုပင် လုပ်နေသည်။ သူ့လခမှာလည်း အတော်အသင့် အလုပ်ကျွမ်းကျင်လာသောကြောင့်
အသင့်အတင့်တိုး၍ ရလာပြီ။
အမြ၏အလုပ်တိုက်မှာလည်း
လမ်းမ သာခြားသောနေရာတွင် ဖြစ်၍ အလုပ်သွားသည်ဆိုသော်လည်း ဝေးဝေးသွားရန် မလိုပေ။ ထိုမှတဆင့်
လုပ်သက်တော်တော်ရလာသောအခါ အမြသည် သူ့အတွက်ကျ အလုပ်များကို သူ့အိမ်သို့ယူ၍ လုပ်လေသည်။
အမြနှင့် ဘဟာဒူးသည်
နေ့ခင်းတွင် မောင်ခင်အောင်ကျောင်းသွားနေခိုက် ညားနေကြသော လင်မယားများဖြစ်သည့်အတိုင်း၊
တနေ့၌ ခါတိုင်းကဲ့သို့ပင် နေ့လယ်ပိုင်းတွင် အိမ်ထဲမှာ အတူအိပ်နေကြပေသည်။ ထိုနေ့တွင်
မောင်ခင်အောင်သည် နေမကောင်းသောကြောင့် နေ့လယ်ကြီးကျောင်းမှ အိမ်ပြန်လာရာ၊ အိမ်ရောက်၍
သူ့မမကို လိုက်ရှာသည်တွင် ဘဟာဒူးနှင့်အတူ အိပ်နေသည်ကို တွေ့သောကြောင့် အလွန် ဒေါပွပြီး
ဆူပွက်လေတော့သည်။ ဘဟာဒူးလည်း ကိုယ်လွတ် ထွက်ပေးရလေသည်။
“မမမြကလဲဗျာ၊ ဒီကုလားကြီးမှ
ကြိုက်ရသလားဗျာ”ဟုဆိုကာ၊ မောင်ခင်အောင်က ငိုယိုကြိမ်းမောင်းသည်။ “အစကတော့ မိတ်ဆွေဆိုပြီး၊
ခင်ဗျား အခုတော့ ဒီလိုလုပ်နေရသလား။ ခင်ဗျား မကောင်းဘူးဗျာ။ ခင်ဗျားနဲ့လဲ အတူမနေတော့ဘူးဗျာ”
ဆိုပြီး အိမ်ပေါ်က ဆင်းသွားမည်လုပ်ရာ၊ အမြက ဆွဲထားရသည်။ မောင်ခင်အောင်သည် ထမင်းကျွေး၍လည်းမစား၊
ချော့၍လည်းမရနှင့် ဖြစ်နေ၏။ တနေကုန်ဆူနေတော့၏။ အိမ်နားနီးချင်းများလည်း ဤကိစ္စကို အားလုံသိကုန်တော့သည်။
မောင်ခင်အောင်က အမြကို မိန်းမရှာဟု မသိ၊ တကယ့်မိန်းမ အစစ်ဟုပင် ထင်နေသည်။ ညဦး ၁၀နာရီတိုင်
မောင်ခင်အောင်သည် မအိပ်၊ ဆူလိုက် ရပ်လိုက် လုပ်နေသည်။ အမြက ပွေ့ပိုက်ပြီး ချော့၏။
“နောက်မလုပ်ပါဘူး”ဟုချော့ပြောသော်လည်း မောင်ခင်အောင်သည် ခေါင်းမာမြဲ မာနေသည်။ နောက်ဆုံးတွင်
အမြက မိမိဝင်ငွေနည်းပုံ၊ မောင်ခင်အောင်ကို ကျောင်းထားရခြင်း၊ စားစရိတ်စသည်တို့အတွက်
မလောက်သောကြောင့် ကုလားဘဟာဒူး ကိုမလိမ့်တပတ်လုပ်ပြီး ညာပေါင်းနေရခြင်းဖြစ်ကြောင်း စသည်ဖြင့်
ချော့ပြီး ဖွင့်ပြောပြသောအခါမှ မောင်ခင်အောင်သည် စဉ်းစား ငေးငိုင် လာပြီး၊ ကလေးငယ်ကလေးပမာ
အိပ်ပျော်သွားတော့သည်။ အမြလည်း မောင်ခင်အောင် အိပ်ပျော်သဖြင့် စိတ်ဒုံးဒုံးချကာ မောမောနှင့်
အိပ်လိုက်တော့သည်။ သန်းကောင်ကျော်အချိန်တွင် အမြ တရေးနိုး၍ မောင်ခင်အောင်ကို စမ်းလိုက်သောအခါ၊
မတွေ့တော့သဖြင့်များစွာ လန့်ထိတ်သွားသည်။ အိမ်သာ ထသွားသည် ထင်၍လိုက်ပြန်လည်း မတွေ့၊
အိမ်ပြင်ဘက် လျှောက်ကြည့်လည်းမတွေ့၊ ဝေးဝေးလံလံ လိုက်ရှာရန်ကလည်း အချိန်မတော်၊ ထို့ကြောင့်
အမြသည် တညလုံး အိပ် မပျော်နိုင်တော့ဘဲ သောကနှင့်အတူ မိုးလင်းရတော့သည်။ နံနက် လင်းလျှင်လင်းချင်း
မောင်ခင်အောင်၏ ဦးလေးအိမ်သို့ အပြေးသွားကာ မောင်ခင်အောင် လာ မလာ မေးရာ ညအချိန်မတော်ကြီး
ရောက်လာကြောင်း၊ အကျိုးအကြောင်းလည်း မေး၍မရ၊ ခေါင်းကြီး အောက်စိုက်ကာ တရှုံ့ရှုံ့နှင့်
ငိုနေကြောင်း၊ ထပ်မေးသောအခါ “ပြောချင်ဘူးဗျာ” ဟုပြောကြောင်း စသည်ဖြင့် ဦးလေးနှင့်
အဒေါ်တို့က ဆီး၍ပြောကြသည်။ အမြသည် မောင်ခင်အောင်အား ချော့မော့ ခေါ်ရာတွင်မှ ချောချောမောမောပင်
ပြန်လိုက်ခဲ့လေသည်။
ထိုနေ့မှ စ၍ မောင်ခင်အောင်သည်
အိမ်မှမခွာတော့၊ ကျောင်းဆက်သွားပါဦးဟုပြော၍လည်း မရေတော့၊ သူ့အစ်မကြီး အမြအနားက မခွာတော့၊
အမြအလုပ်အတွက် ဘိနပ်ချုပ်ရန် သားရေများ သွားယူသည့်နေရာကိုလည်း မောင်ခင်အောင် လိုက်၏။
ရေဘုံဘိုင်မှာ ရေသွားချိုးလျှင်လည်းလိုက်၏။ ရေသွားခပ်လျှင်လည်း လိုက်၏။ နောက်ဖေးသွားလျှင်လည်း
လိုက်၏။ ရေဘုံဘိုင်မှာ ရေသွားချိုးလျှင် လည်းလိုက်၏။ မောင်ခင်အောင်သည် သူ့အစ်မကို စိတ်မချ၊
နည်းနည်းကလေးမှ မျက်စိအောက်က အပျောက်မခံ၊ ဘဟာဒူးနှင့် အမြတို့လည်း တယောက်နှင့် တယောက်နီးလျက်နှင့်
ဝေးနေကြပြီ။ မောင်ခင်အောင်၏ ရန်ကြောင့် မတွေ့ရဲကြ၊ မတွေ့နိုင်ကြ၊ ခါတိုင်းကဲ့သို့ နေ့ပိုင်းတွင်
တွေ့ရန်အတွက်လည်း မဖြစ်နိုင်။ ညပိုင်းဆိုသည်မှာ သာ၍ဝေး၏။ မောင်ခင်အောင်သည် သူ့အစ်မ
အမြကို ညတိုင်လျှင်လည်း ခဏခဏစမ်းနေ၏။ ဘဟာဒူးအိမ်နား သီသည်ကိုတွေ့လျှင် မောင်ခင်အောင်သည်
ကလော်၍သာ ဆဲတော့၏။ တွေ့ရာနှင့် လှမ်း၍ပစ်၏။ ထို့ကြောင့် ဘဟာဒူး မကပ်နိုင်။ ဘဟာဒူးက
ကြားလူများအား ငွေအသင့်အတင့်ပေးကာ မောင်ခင်အောင် ဘယ်ပုံကြေနပ်ပြီး အမြနှင့်သူ နီးနီးနေနိုင်မည်ဆိုသည့်အရေးကို
အမြထံသို့လွှတ်၍ တိုင်ပင် ဆွေးနွေးစေ့စပ်ခိုင်း၏။ မောင်ခင်အောင် သည်အိမ်လာ၍ အမြနှင့်တိုးတိုး
စကားပြောသူကို သံသယဖြစ်၏။ ဤကိစ္စအတွက် နားရှင် မျက်စိရှင်နေသူ ဖြစ်သည့်အတိုင်း ပါးနပ်လှ၏။
ထို့ကြောင့် လာသော စေ့စပ်ရေးသမားများကို “ဘာလဲ ကုလားနဲ့ အစ်မကိစ္စ လာပြောနေတာလား၊ ခင်ဗျားတို့ပါ
အိမ်မလာခဲ့ကြနဲ့” ဟုအော်ငေါက်ပြောဆိုလေ့ရှိ၏။ ဤသို့ပြောလိုက်သည်မှာလည်း မှန်သည်ချည်းဖြစ်သည်။
ဘဟာဒူးသည် ချဉ်းကပ်၍
မရဘဲဖြစ်နေသဖြင့် စိတ်အကြီးအကျယ် ညစ်လာသည်။ တနေ့တခြား စိတ်ချောက်ချားလာသည်။ ထို့ကြောင့်
မိမိကိုယ်ကို ပျော်အောင်နေမည်ဆိုပြီး အမြ နေရာတွင် အရက်ကို အစားထိုးတော့သည်။ အလုပ်ကပြန်လျှင်လည်း
အရက်မူးပြီးမှပင် ပြန် လေသည်။ တနေ့သောည၌ အလုပ်ခွင်တွင် ဘဟာဒူးသည် ရေချိန်လွန်သွားဟန်တူသည်။
အလုပ်ဆင်းရင်း ည ၈ နာရီခန့်တွင် လက်ဆွဲ မှန်အိမ်ကို ၂ပတ်၃ပတ်လှည့်ရမ်းကာ ပြူတင်းပေါက်ကို
ပေါက်လိုက်ရာ မီးဟုန်းဟုန်းထတောက်ပြီး ကျွန်းသား ပြူတင်းပေါက် ၂ခုမှာပြာကျသွားတော့၏။
အခြားရုံးစောင့်များနှင့် အနီးအနားရှိ လူများက ၀ိုင်း၍ငြိမ်းကြရသည်။ ဘဟာဒူးလည်း ပုလိပ်လက်မှတဆင့်
အချုပ်ခန်းထဲသို့ရောက်သွားလေပြီ။ ပုဒ်မ ၄၃၆ မီးရှို့မှုနှင့် ရုံးတင်ခံရသည်။ ပုန်ကန်မှုဆန်ဆန်ပင် ဆွဲချင်သလိုလို ဖြစ်နေသေးသည်။
သို့ရာတွင် ယခင်က သူခိုးများဘမ်းပေးခဲ့ခြင်း၊ တာဝန်ဝတ္တရားများ ကျေပြွန်ခြင်း စသော နာမည်ကောင်း
လက်မှတ်များကို တင်ပြသဖြင့် တကြိမ်တခါ အရက်မူးပြီး ဖြစ်မိခြင်း ထင်ရှားသောကြောင့်ဟုဆိုကာ
ဒဏ်ငွေ တပ်လိုက်သည်။ ဘဟာဒူးလည်း အလုပ်ပြုတ်လေပြီ။ အမှုပြီး၍ ၂ရက်ခန့်အကြာတွင် ဘဟာဒူးကို
ဘယ်သူက ရေးပေးသည်မသိ -
“လူ့လောက အရှုပ်အထွေးထဲမှာ
အရုပ်ကလေးလို လှည့်စားနိုင်တဲ့ အမြ၊ ဒီဘ၀ဤမျှသော ဘုရားသခင်ပေးသည့် ဒုက္ခကို ခံပြီးပါပြီ၊
နောက်နောင်ဆက်မခံရအောင် ဗမာပြည်မှ အိန္ဒိယပြည်သို့ပြန်ပါတော့မည်” စသည်ဖြင့် စာအရှည်ကြီးတစောင်
အမြထံသို့ရောက်လာသည်။
ဤစာလာပေးချိန်မှာ
မောင်ခင်အောင်သည် အိပ်ပျော်နေချိန်ဖြစ်သဖြင့် တော်ပေသေးသည်။
ဤစာနှင့် သူ့ထံတွင်ရှိသော
အိမ်ထောင် ပရိဘောဂ၊ အ၀တ်အစားနှင့် ငွေအချို့ကို ဘဟာဒူးက ပေးပို့လိုက်လေသည်။ အမြသည်
ဤစာနှင့် ဤပစ္စည်းများကို ရရှိသောအခါများစွာ စိတ်ထိခိုက်သွားသည်။ ဘဟာဒူးဆီသို့ထလိုက်သွားချင်၏။
သို့ရာတွင် မောင်ခင်အောင် သိလျှင် မီးတောက်မည်၊ ဒုက္ခဖြစ်မည်၊ ထို့ကြောင့် မျက်ရည်များ
သုတ်ကာ အိနြေ္ဒဆည်နေရသည်။ ဤကိစ္စများဖြစ်ပြီးနောက် ဘဟာဒူးကို ယနေ့တိုင် မမြင်ရတော့ပေ။
မောင်ခင်အောင်ကလေးသည်
ဤလများ အတွင်း၌ပင် တနေ့တခြား ကြီးထွားလာကာ လှ၍လှ၍ လာသည်ကို အမြသည် အရိပ်တကြည့်ကြည့်နှင့်
သာနေသည်။ အမြသည်အလုပ်လုပ်ရသောကြောင့် မည်မျှပင် မောမော မောင်ခင်အောင်၏ မျက်နှာကလေးကို
မြင်ရလျှင် တခါတည်း အမောပြေသွားတော့သည်။ မိခင်ကြီးတယောက်က တဦးတည်းသော သားကလေးကို ချစ်နေဘိသကဲ့သို့၊
နွားမကြီးသည် နွားသားငယ်ကို မျက်စိအောက်က အပျောက်မခံဘိသကဲ့သို့ပင် ဖြစ်သည်။ မောင်ခင်အောင်မှာလည်း
လက်ဝတ်လက်စား၊ အ၀တ်အစားများဘက်က လိုလေသေးမရှိ၊ သူဌေးသားများပင် သူ့ထက် သာကောင်းမှ သာပေမည်။
တစတစနှင့် သူ့ကိုယ်လုံးကိုယ်ပေါက်မှာလည်း သူ့အစ်မကြီး အမြနှင့် မတိမ်းမယိမ်းရှိလာပေပြီ။
သူ့ဦးလေးများနှင့်သာ နေလျှင် ဤကဲ့သို့သော ဘ၀အဆင့်အတန်းမျိုး ရောက်မည် မဟုတ်ကြောင်း
မောင်ခင်အောင်သည် တီတီတာတာနှင့် မကြာမကြာ သူ့အစ်မ အမြကို ပြောပြလေ့ ရှိပြန်ရာ၊ အမြသည်
မောင်ခင်အောင်ကို ပို၍ချစ်ရပြန်သည်။ မောင်ခင်အောင် နှာစေး ချောင်းဆိုးကလေးမျှဖြစ်သည်ကိုပင်
အမြသည် အသည်းအသန် မမာ မကျန်းဖြစ်နေရှာသည့် လူမမာပမာ ယုယုယယ ပွေ့ပွေ့ပိုက်ပိုက် ပြုစုရှာသည်။
အမြသည် သားရေအလုပ်တွင်
ကျွမ်းကျင်သည်ထက် ကျွမ်းကျင်၍ လာသည်။ သားရေလုပ်ငန်းနှင့် ပတ်သက်၍ လေယာဉ်ပျံဘိနပ်၊ ပန်းရှူးဘိနပ်၊
သားရေသေတ္တာ၊ သားရေ လက်ဆွဲအိတ်မှစပြီး၊ မည်သည့်အလုပ်မျိုးကိုမဆို လုပ်နိုင်သည်။ သားရေကို
အမြသည် စက္ကူပမာ နိုင်နေသည်။ ကောင်းစွာကိုင်နိုင်သည်။ ထို့ကြောင့် လစဉ်ဝင်ငွေမှာလည်း
တလလျှင် ၅၀ိကျော် ၆၀ိနီးပါးမျှ ရှိနေပေပြီ။ ဘဟာဒူးထံမှ ရလိုက်သော ငွေကြေးပစ္စည်းများနှင့်
မိမိစုဆောင်းသော ပစ္စည်းများကိုပေါင်းပြီး တိုးပွားအောင် လုပ်ထားသဖြင့်လည်း ငွေရင်းမှာ
တိုးပွားလျက်ရှိပေသည်။
မောင်ခင်အောင် လူပျိုပေါက်ကလေးဖြစ်လာသောကြောင့်
အခြားအပျိုပေါက်ကလေးများက စကားစမြည်ပြောကြ ဆိုကြသည်ကိုပင် အမြ စိတ်ထဲ၌ သဘောမကျ၊ မကြိုက်ချင်။
အချို့ခပ်ကြီးကြီး အရွယ်များက “မမမြ မောင်ခင်အောင်ကြီးလာရင် ကျမနဲ့ပေးစားနော်” ဟုကျီစားပြောကြလျှင်လည်း
အမြသည် သဘောမကျ၊ မချိပြုံးသာပြုံးရသည်။ မောင်ခင်အောင်ကို ခါတိုင်းထက်ပို၍ ဂရုစိုက်မှ
ဖြစ်တော့မည်ဟုလည်းမြင်ကာ ပို၍ ဂရုစိုက်တော့သည်။
တနေ့သောအခါ အလုပ်အကိုင်များ
လုပ်နေရင်းက အမြ၏ညာဘက် ချိုင်းအောက်တွင် ကိန္နရာနာကြီး တလုံးပေါက်လာသည်။ ထို့ကြောင့်
အလုပ်မှ ခွင့်၁၀ရက်ယူရာ၊ မောင်ခင်အောင်က ခွင့်မယူပါနှင့်၊ အလုပ်တွေကို သူလုပ်မည်ဟုဆိုသည်။
“မင်းလုပ်တတ်လို့လား” ဟုမေးရာ “လုပ်တတ်တယ်” ဟုဆိုသည်။ သို့ရာတွင် အမြသည် ခွင့်၅ရက်ကိုမူ
နားရက်ယူလိုက်သည်။ ဤသို့ အမြ နေမကောင်းဖြစ်သောအခါ မောင်ခင်အောင်သည် ရေနွေးကြပ်ထုပ်
ထိုးပေးခြင်းမှစ၍ သူနေမကောင်းသည့်အခါ အမြက ပြုစုသည်နှင့်မခြား ကိုယ်ဖိ ရင်ဖိ ပြုစုရှာသည်။
အမြ အိပ်ပျော်သောအခါမှ လေယာဉ်ပျံဘိနပ်ကလေးများကို သွားလုပ်နေသည်။ ဘယ်အခါက လုပ်တတ်နေသည်မသိ။
ယခင်က အမြ အလုပ်လုပ်နေသည့် အနီးတွင် လာထိုင်ကြည့်ပြီး ဟိုဒင်း ၀င်လှီး ဒီဒင်းဝင်ဖြတ်လုပ်ဘူးသည်လောက်သာ
ရှိခဲ့ဘူးသည်။ ယခုမူ အမြလက်ရာနှင့်မခြား သူ့လက်ရာများမှာ ကောင်းလှပေသည်။ ထို့ကြောင့်
အမြ၏ စိတ်ထဲတွင် “အားကိုးရမည့် သားကောင်း တယောက်ပေဘဲ”ဟုအားတက်မိသည်။ မောင်ခင်အောင်၏
မေတ္တာဓာတ်ကြောင့်ပင် လောမပြောတတ်။ ချိုင်းကြားမှ အနာသည်လည်း ၅ရက်အတွင်းမှာပင် အနာကြီးဖြစ်မလာဘဲ
ပြန်ပြီး ချပ်သွားတော့သည်။ (ဤအကြောင်းများကို ပြန်ပြောရင်း အမြသည် ငိုရှာသည်။)
တိုးတိုးဖော်တိုင်ပင်ဘက်ဆိုလျှင်လည်း
အမြအဘို့ မောင်ခင်အောင် တယောက်သာ အားကိုးစရာရှိသည်။ ယခင်ကမူ နေမှု စားမှု ၀တ်မှု အတွက်လောက်သာ
ဂရုစိုက်ရသည်။ ယခုမူ မောင်ခင်အောင်၏ အိမ်ထောင်ရေး အတွက်လည်း စိတ်ဝင်စားလာရသည်။ “မောင်ခင်အောင်
မင်းဘယ်တော့ မိန်းမယူမလဲ၊ ကြိုက်တဲ့လူတွေ့နေပလား” ဟု အမြကမေးလိုက်သောအခါ မောင်ခင်အောင်က
“မမ လူ့ပြည်မှာရှိနေသမျှ ကျွန်တော်မိန်းမ မယူဘူးဗျ”ဟု ချစ်စဖွယ်ပြန်၍ပြောသည်။ အမြ အသဲထဲတွင်စွဲသွားအောင်ပင်
ပြောတတ်ရှာသည်။ (အမြသည် ဤအကြောင်းများကို ပြောပြရင်း မျက်ရည် မဆည်နိုင်ပါ။) ဤစကားမျိုးကို
ကြားရသောအခါ အမြအဘို့ လူ့လောကမှာ နတ်ပြည်တမျှ သာယာစိုပြေသည်ထင်၏။ သူ၏သားကလေးကို “ဒါမျိုးပြောဦးဟ”ဟု
ဆိုပြီး ဖက်ကာ ဖက်ကာ နမ်းတော့သည်။
ချိုင်းအနာပျောက်သွားသဖြင့်
ဝမ်းသာနေရာမှ ၁၅ရက်ခန့်ကြာသောအခါ ထိုနေရာမှပင်အကျိတ် ၂ခုပြူးလျက် ပေါ်လာပြန်ချေသည်။
အမြအဘို့ ဤအနာ၂လုံးသည် အကုသိုလ် ၂လုံး ၀င်လာခြင်းပင် ဖြစ်ချေသည်။ အမြ နေမကောင်း၍လာရောက်
မေးမြန်းကြသည့် အထဲတွင် မောင်ခင်အောင်နှင့် ရွယ်တူတန်းတူတွေက တော်တော်များများပါပေရာ၊
အမြ၏ စိတ်ထဲ၌ ရောဂါအနာကတမျိုး၊ စိတ်မချ၍ မချမ်းသာဖြစ်ရသည်ကတမျိုးနှင့် ဝေဒနာ ၂မျိုးခံစားနေရပေသည်။အချို့က
ကိန္နရာနာဟုပြောကြသည်။ အချို့က မွေးကျွတ်နာပါဟုဆိုကြ သည်။ တဖြည်းဖြည်းနှင့် အိပ်ရာထဲပက်လက်ဖြစ်ကာ
လက်မောင်းနှစ်ခု နောက်ပစ်ပြီးနေရသည့် အခြေအနေမျိုးရောက်လာချေသည်။ မောင်ခင်အောင်မှာ
လူမမာ အဘို့ချက်ပြုတ်ကျွေးမွေး ပြုစုရသည်ကတမျိုး၊ ဧည့်သည်များကို အထိုက်အလျောက် ၀တ်ပြုရသည်ကတမျိုး
နှင့် ပင်ပန်းလျက်ရှိသည်။ ဧည့်သည်များက အမြကို ဆေးရုံတက်လျှင်ကောင်းမည်ဟု အကြံပေးကြသည်။
အမြက မောင်ခင်အောင်ကို စိတ်မချသည့်အတွက် မတက်ချင်။ အနာကလည်း တနေ့တခြားဆိုးလာရာ၊ မောင်ခင်အောင်ကပင်
“မမ ဆေးရုံမှာ ကုမှဘဲ မြန်မြန်သက်သာလိမ့်မယ်ထင်တယ်” ဟုပြောလေတော့သည်။ မောင်ခင်အောင်မှာလည်း
လူမမာအိပ်သလောက်သာ အိပ်ရသည်။ လူမမာနိုးလျှင် နိုးရ၍ အော်နေလျှင်လည်း အနားမှာ ရှိရသည်။
ထို့ကြောင့် လူမမာ သာမက လူကောင်းပါလဲရဦးမလိုဖြစ်နေပေတော့ သည်။ ဤအခြေအနေကို မြင်သဖြင့်
အမြသည် မောင်ခင်အောင်ကို စိတ်မချပုံအမျိုးမျိုးကြားထဲမှ မှာကြားစရာများကို အထပ်ထပ်
မှာပြီးလျှင် ဆေးရုံသို့ ပို့ခိုင်းရရှာသည်။
အလွန်သာယာ စည်ကားသည့်
ရန်ကုန်မြို့ကြီးမှာ အမြအဘို့ နတ်ပြည်နှင့်မတူ၊ မောင်ခင်အောင်နှင့် တနေ့လု့း တညလုံးခွဲနေကြရပြီး
ညနေ ၄နာရီမှ ၆နာရီအထိသာ တွေ့ဆုံကြရသဖြင့် ငရဲပြည် အသူရကာယ်နှင့် တူသည်ဟုပင် ထင်မိသည်။
ညနေ ၄နာရီထိုး၍ ဆေးရုံ တံခါးကြီးဖွင့်လျှင် မောင်ခင်အောင်သည် ရှေ့ဆုံးက တက်၍လာပေပြီ။
ရောက်လျှင် အမြအနားတွင်ထိုင်ပြီး ဝေဒနာအခြေအနေမေးကာ ယုယသည်။ အိမ်သို့လာပြီး “အမြ ဘယ်လို
နေသေးသလဲ” စသည်ဖြင့် မေးကြသူများ၊ အခြား ဧည့်သည် မည်သူ မည်ဝါလာ၍ မည်သည့်စကားများ ပြောသွားသည်များကို
မောင်ခင်အောင်သည် သူ၏အစ်မ အမြအား စုံစေ့အောင်ပင် ပြောပြလေ့ရှိသည်။ သူ၏ သားကလေးရိုးသားပုံ၊
လိမ္မာပုံကိုကြည့်ကာ အမြသည်များစွာ ပီတိဖြစ်ရတော့သည်။
သင်္ကြန်မကျမီ ၇ ရက်ခန့်တွင်
အမြသည် မောင်ခင်အောင်အား “ငါ ဆေးရုံတက်နေရတုန်း မင်းအိမ်မှာများ ကောင်းကောင်းနေရဲ့လား
မောင်ခင်အောင်” ဟု အကဲခတ်မေးခွန်းကိုမေးရင်း မျက်နှာကို အကဲခတ်ကြည့်ရာ မောင်ခင်အောင်သည်
မည်သို့မျှမဖြစ်၊ အေးဆေးစွာ နှင့်ပင် “မမမြကလဲဗျာ၊ ကျွန်တော့်အတွက် စိတ်ပူနေတာချည်းဘဲကိုး၊
မမမြ ဆေးရုံတက်ပြီး ၂ရက် ၃ရက်နေတော့ ကျွန်တော် အိမ်ကိုသော့ခတ်ပြီး ဦးလေးတို့အိမ်မှာ
သွားနေတယ်ဗျ။ အိမ်ကို တနေ့တခေါက် ၂ခေါက်လောက်တော့ သွားကြည့်တာဘဲ၊ မယုံရင် မမမြဆေးရုံကဆင်းလာတော့
ဦးလေးတို့ကို မေးကြည့်ပါလား” ဟု ခပ်တည်တည်ပင် ပြန်ပြောလိုက်လေသည်။ ထို့နောက် မောင်ခင်အောင်က
ဆက်၍ “ဦးလေးတို့အိမ်မှာ နေရတာလဲ စိတ်ညစ်လှပါပြီဗျာ”ဟု ကြူကြူပါအောင်ငိုတော့သဖြင့်
အမြက “ဘာဖြစ်လို့လဲ၊ ဘာဖြစ်လို့လဲ မောင်ခင်အောင်၊ ဘယ်သူက ဆိုးလို့လဲ” စသည်ဖြင့် အမောတကော
မေးသောအခါမှ “ဟိုဟာကလေး ချော့တောင်း၊ ဒီဟာကလေးချော့တောင်းနဲ့ အခု တော်တော်ကုန်နေပြီဗျ၊
ဒါကြောင့် သူတို့အိမ်မှာတောင် ထမင်းမစားတော့ဘဲ ဆိုင်မှာစားနေတာ တော်တော်ကြာနေပြီ” ဟု
ငိုယိုကာ ဆက်လက်ပြောလေသည်။ အမြသည် မောင်ခင်အောင်ကိုပြုံးပြုံးကြီးကြည့်ကာ ချော့မော့၍
“ကိစ္စမရှိပါဘူးကွာ ပစ္စည်းဆိုတာ ရှာရင် ရတာပေါ့၊ ကဲ ဦးလေးတို့ဆီဘဲ ပြန်ချေ။ကောင်းကောင်းနေပါ”
ပြောဆိုချော့မော့၍ လွှတ်လိုက်ရသည်။
သင်္ကြန်အကြိုနေ့ နံနက်စောစောစီးစီး
အမြပင် အိပ်ရာမှ မထမီ မောင်ခင်အောင် ဆေးရုံသိုက ရောက်လာသောကြောင့် အမြအံ့အားသင့် နေသည်။
ခါတိုင်းဆိုလျှင် ညနေ ၄နာရီမှလာသည်။ ယနေ့စောလွန်းလှသည်၊ ဆန်းလွန်းလှသည်။ သူ၏ လက်ထဲမှာလည်း
ပိတောက်ပွင့် တွေဝေ၍မြိုင်နေသည်။ “နင် ဘယ်လိုလုပ် လာသလဲ”ဟု မေးသောအခါ “ဆရာမ မညွန့်ညွန့်နဲ့အတူလိုက်လာတယ်”ဟုပြောရာ
အမြသည် ဆရာမ မညွန့်ညွန့်ဆူသူကို မသိ၍ ခပ်ငေးငေးကလေးဖြစ်သွားသည်။ မောင်ခင်အောင်က “ဆရာမ
မညွန့်ညွန့်ဟာ သိပ်သဘောကောင်းတာဘဲဗျ၊ ကျွန်တော့်ကို သူ့မောင်ကလေးနဲ့တူလို့ဆိုပြီး သိပ်ဂရုစိုက်တာဘဲဗျ”
စသဖြင့် ရွှင်ရွှင်လန်းလန်း သဘောကျစွာ ပြောနေသည်။ မောင်ခင်အောင် ဤသို့ရွှင်လန်းသည်ကို
အမြမမြင်တွေ့ရသည်မှာကြာပြီ။ မညွန့်ညွန့်သဘောကောင်း ကြောင်း မောင်ခင်အောင်သည် အပ်ကြောင်းထပ်သကဲ့
မကြာခဏပြောနေရာ၊ အမြအဘို့ ဂရုစိုက်စရာဖြစ်၍လာသည်။ မောင်ခင်အောင်၏ ပြောပြချက်အရ မညွန့်ညွန့်ဆိုသူမှာ
သူနာပြုအတတ်သင် ဆေးစပ်ဆရာမကလေးဖြစ်ကြောင်းသိရ၏။ ဤသို့သိရ သောအခါ အမြမှာ ပို၍စိတ်ဝင်စားရပြန်သည်။
“သူ့မောင်ကလေးနှင့်တူလို့” ဆိုသော မောင်ခင်အောင်ပြောသော စကားတွင် မောင်ခင်အောင်သည်
ရိုးရိုးသားသားပြောပြခြင်း ဖြစ်မည်မှန်သော်လည်း၊ ဆရာမကလေး မညွန့်ညွန့်ကမူ ရိုးမည်မဟုတ်ဟု
အမြ တွေးတောမိသည်။ ထို့ကြောင့် မိမိအနာ မြန်မြန်ပျောက်၍ ဆေးရုံမှ မြန်မြန်ဆင်းရမှပင်
မောင်ခင်အောင်သည် ဆေးရုံသို့လာရင်း နေ့စဉ် တွေ့နေသော ဤဆရာမကလေး လက်မှ လွတ်နိုင်မည်ဟု
တွေးတောကာ ဆေးရုံမှ ဆင်းရရေးကိုသာ စိတ်စောလျက်ရှိတော့သည်။
ထိုနေ့ကစ၍ မောင်ခင်အောင်သည်
ဆေးရုံသို့ နံနက်စောစော စောစောရောက်လာပြီး မိုးချုပ်မှပင်ပြန်တော့သည်။ “ဒီလို မမမြဆီ
တနေကုန်လာနေနိုင်ပြီး ညအိပ်မှသာ တကွဲစီ ခွဲအိပ်ရတာ ဆရာမ မညွန့်ညွန့်ကျေးဇူးဘဲ မမမြရဲ့”
ဟု မောင်ခင်အောင်က ၀မ်းသာအားရပြောနေပြန်သည်။ “မမမြ ၀မ်းမသာဘူးလား” ဟုမေးနေပြန်သေးရာ
အမြသည် သူ့အမေးကိုမဖြေနိုင်သေး၊ “သူတို့ချင်း သိနေကြတာ ဘယ်လောက်များကြာပြီလဲမသိဘူး”
ဟုတွေးတော စိတ်ပူနေမိပေသည်။ အမြအဘို့ သူ့သားကလေးငယ်စဉ်ကမှ ကြီးလာစေချင်သည်။ “ငါ့သားကလေး
လူလားမြောက်ပါစေတော့” ဟုအောက်မေ့တောင့်တမိသည်။ ယခုကြီးလာဤ သောကများနှင့် ကြုံတွေ့ရသောအခါ
ပြန်၍ငယ်စေချင်သည်။ ၆နှစ်သား ၇နှစ်သားအရွယ် ပြန်ဖြစ်လျှင် အကောင်းဆုံးဘဲဟု တောင့်တမိသည်။
တနေ့ညနေဆေးရုံပိတ်ခါနီးအချိန်တွင်
ဆရာမကလေး မညွန့်ညွန့်သည် အမြအနားရှိ မောင်ခင်အောင်ဆီသို့ လာနေရာ မောင်ခင်အောင်က “ဆရာမ
မညွန့်ညွန့်ဆိုတာ ဟိုကလာနေတာဘဲ”ဟု အမြကိုပြသည်။ မညွန့်ညွန့်အနီးသို့ ရောက်လာသောအခါ
သူ့အစ်မနှင့်မိတ်ဆက်ပေးသည်။ မညွန့်ညွန့်က လူမမာလည်းမေးသည်။ “မင်းဘယ်အချိန်ပြန်မှာလဲ”
ဟု မောင်ခင်အောင်ကိုလည်း မေးသည်။ ဆရာမ မညွန့်ညွန့်ဆိုသူမှာ သေသေချာချာကြည့်လိုက်သော်
မောင်ခင်အောင်ထက် အသက် ၂နှစ် ၃နှစ်လောက်သာကြီး ပေဦးမည်။ အမြ မည်သို့စိတ်ချနိုင်မည်နည်း။
နံနက်မိုးလင်းလျှင်
ရောက်လာ၊ ဆရာဝန်များလှည့်လည်ကြည့်ရှု့သည့်အချိန်တွင် သွားပုန်းနေ၊ ထို့နောက် အမြနားပြန်လာ၊
နေ့ခင်း အမြ အိပ်ပျော်ချိန်တွင် ဆရာမကလေးနှင့် သွားနေ၊ တခါတရံလည်း “ပျင်းတယ်ဗျာ၊ ဆရာမဆီ
ခဏသွားဦးမယ်” ဆိုပြီးထသွား၊ ဤကဲ့သို့ မောင်ခင်အောင်ဆေးရုံတွင် ၀င်ထွက်သွားလာနေသည်မှာ
တလကျော်ခန့်ကြာခဲ့ပေပြီ။ အမြအဘို့ ကိန္နရာနာထက် မောင်ခင်အောင်၏ ကိစ္စကိုပို၍ စိတ်ပူစရာ
ဖြစ်လာခဲ့သည်။ ထို့ကြောင့် အနာသက်သာလာသောအခါ ဆင်းခွင့်တောင်း၍ အမြန်ဆုံးဆင်းခဲ့တော့သည်။
ဆေးရုံမှ ဆင်းလျှင်ဆင်းချင်း အမြနှင့် မောင်ခင်အောင်တို့သည် အိမ်ကိုတန်းမပြန်သေးဘဲ
ဦးလေးများအိမ်သို့ သွားကြရာ၊ ဦးလေးနှင့် အဒေါ်တို့က မောင်ခင်အောင် အိမ်သို့မလာသည်မှာ
တလနီးပါးရှိနေပြီဖြစ်ကြောင်း၊ ဘယ်သွား၍ ဘယ်လာနေမှန်းမသိကြောင်းနှင့် ဆီး၍တိုင်ကြသည်။
ထိုစကားများကိုကြားရသောအခါ အမြသည် ဦးလေးများကို နှုတ်ဆက်ပြီး မောင်ခင်အောင်ကိုလက်ဆွဲကာ
အိမ်သို့ အမြန်ပြန်လေသည်။
အိမ်သို့ မောင်ခင်အောင်
ပြန်မရောက်သည်မှာ အတော်အတန်ကြာနေပြီဖြစ်ကြောင်း၊ ကြေးချေးတက်နေသော ကြေးသော့ခလောက် ကလေးက
သက်သေခံနေလေသည်။ တံခါးတွင် ခတ်ထားသော ကြေးသော့ခလောက်ကလေးကို အတော်ပင် ဖွင့်ယူရသည်။
“မောင်ခင်အောင် မင်း အိမ်ပြန်မရောက်တာ ဘယ်နှစ်ရက်ရှိနေပြီလဲ၊ ဘယ်မှာ သွားအိပ်နေသလဲ”ဟု
မေးသည်ကို မောင်ခင်အောင်သည် ဘာမှမဖြေသေး၊ အိမ်ထဲသို့ရောက်လျှင် ရောက်ချင်း တံခါးကွယ်တွင်
အမြကို တအားဖက်၍ နမ်းပါတော့သည်။
ထို့နောက်မှ “ဆရာမ
မညွန့်ညွန့်တို့အိမ်မှာ သွားအိပ်နေတယ်”ဟုဖြေရင်း တခါထပ်၍ မွှေးနေပြန်သည်။
တအိမ်လုံးမှာ ဖုံတွေ
အလိမ်းလိမ်းဖြစ်နေသည်။ အမြ၀ယ်ထားသော ကြက်သွန်ဥများမှာလည်း အမြိတ်ထွက်နေကြပြီ။ မန်ကျည်းသီးတွေလည်း
မှိုတက်နေပြီ။ သောက်ရေအိုးထဲတွင်လည်း ပိုးတွေကျ၍ တအိမ်လုံး ဖြစ်ချင်တိုင်း ဖြစ်နေတော့သည်။
စင်စစ်အားဖြင့် မောင်ခင်အောင်မှာ
လူရည်သန့် လူချောကလေးဖြစ်သောကြောင့် တွေ့မြင်သူမှန်သမျှ၏ ချစ်ခင်ခြင်းကို ခံရပေရာ၊
ဤပြဿနာပေါ်ပေါက်လာသည်မှာ ဆန်းတော့ မဆန်းလှပေ။
အမြအဘို့ ဤနေရာတွင်
သ၀န်တိုသည်ဟု ပြောလျှင်လည်းခံရပေမည်။ သို့ရာတွင် မောင်ခင်အောင်ကို နှမြောသည်ကလွဲ၍ အခြား
ထွေထူးသောစိတ်မရှိ။ ထို့ကြောင့် မောင်ခင်အောင်အား ခပ်စပ်စပ်ကလေး တချက် ရိုက်လိုက်သည်။
အခြားနေရာကိုမဟုတ်၊ ပါးကိုပင် ဖြစ်သည်။ ပါးနပ်သော အမြသည် မောင်ခင်အောင်ကား လူပျိုအစစ်မဟုတ်တော့
ဟူ၍ အမူအရာ အရပ်ရပ်ကို ထောက်ထားပြီး ကောင်းစွာ အကဲခတ်မိသည်။ အရိုက်ခံရသော မောင်ခင်အောင်သည်
ငိုလည်းမငို၊ အမြကိုငေး၍ကြည့်နေသည်။ ဆေးလိပ်မသောက်သော သူ၏ ပန်းနုရောင်နှုတ်ခမ်းသည် တဆတ်ဆတ်
တုန်နေသည်။ ဘာပြောတော့မလိုလို၊ ညာပြောတော့မလိုလိုနှင့် ဘာမှလည်း မပြောနိုင်ဘဲ ဖြစ်နေသည်။
အိမ်သို့ပြန်ရောက်သော
ထိုနေ့ညတွင် လေတွေ မိုးတွေကျလာသည်။ ကွဲကွာနေသော မောင်ခင်အောင်နှင့် အမြတို့သည် အတူပြန်နေရ
သည့် ဤနေ့ညအဘို့ ကောင်းစွာအိပ်ရန် ပြင်ဆင်ကြရသည်။ ခါတိုင်းလိုပင် အိပ်ရာထဲသို့ဝင်ကြသည်။
လေတွ မိုးတွေ ကျလာသော အခါ မောင်ခင်အောင်သည် အမြ အနားသို့ တိုး၍ကပ်လာသည်။ ပို၍ ကပ်လာသည်။
အမြကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ ထို့နောက် ဟိုဆွဲဒီဆွဲ ဆွဲသည်။ ဖက်၍နမ်းသည်။
နှုတ်ခမ်းကို စုတ်သည်။ ဟိုနှယ်ဒီနှယ်လုပ်သည်။ ယခင့်ယခင်ကနှင့်မတူ။ မောင်ခင်အောင်သည်
တမူပြောင်း၍ ဖောက်ပြန်နေချေပြီ။ ချစ်သော အမြသည် သည်းခံ၍ နေသည်။ မောင်ခင်အောင် ဤသို့ဖြစ်နေ
လုပ်နေသည်ကို သားဆိုးကလေးလိုလို သားလိမ္မာကလေးလိုလို တွေးတောမိသည်။ အတော်ကလေး ကြာသောအခါ
မောင်ခင်အောင်သည် မောပြီး အိပ်ပျော်သွားသည်။
အမြကား အိပ်မပျော်
ခေါင်းရှုပ် စိတ်ညစ်စရာကောင်းသော ဆရာမလေး မညွန့်ညွန့်အကြောင်းကိုလည်း မတွေးတောတော့။
သို့ရာတွင် အမြအိပ်၍မရ၊ မိုးလင်းသည်အထိ တရေးမှ မပျော်။ တညလုံး တွေးတောသည့်အထဲမှ ငွေများများရဘို့၊
ငွေတော်တော်များများရလျှင် ရန်ကုန်မှာမနေတော့ဘဲ မောင်ခင်အောင်ကိုလက်ဆွဲပြီး တမြို့တရွာသို့ပြောင်းရွှေ့နေထိုင်ရန်
စဉ်းစားမိပေသည်။
အမြသည် နေကောင်းလျှင်ကောင်းချင်း
သားရေ အလုပ်ကိုပင် ပြန်လုပ်သည်။ သို့ရာတွင် ဤသားရေ အလုပ်ဖြင့်ငွေများများမရနိုင်၊ မြန်မြန်မရနိုင်။
ထို့ကြောင့် ဖဲရိုက်၊ ဖဲဒိုင်ခံ၊ ကိုးမီးဝိုင်း လက်ခံ၊ ရဲအမှုထမ်းများလာလျှင် ငွေပေးလိုက်
စသည်ဖြင့် ငွေမြန်မြန်ရနိုင်သည့် လမ်းစဉ်အတိုင်းလုပ်ရာ မိုးကုန်၍ ဆောင်းပေါက်သောအခါ
ငွေ ၆၀၀၀ိခန့် စုမိလာခဲ့လေသည်။ ဤရက် လများအတွင်း မောင်ခင်အောင်ကား သွားလာလည်ပတ်နေသည်ကသာ
များသည်။ မောင်ခင်အောင်ကို ဘယ်လည်ဘယ်သွားသလဲဟူ၍လည်း မမေး၊ ဖြစ်ပြီးကိစ္စ ဖြစ်ပစေတော့၊
ငွေများများရ၍ ရပ်ဝေးမြို့ကိုထွက်သွားနိုင်ဘို့က အရေးကြီးသည်။ ထို့ကြောင့် ငွေကိုသာ
အရရှာတော့သည်။
စစ်ရိပ် စစ်ငွေ့တွေက
သန်းလာလေပြီ။ ရန်ကုန်ကို ဂျပန်ကဗုံးချတော့မည် ဟူသော ကောဠဟလ သတင်းတွေလည်း ဖြစ်လှပြီ။
တနေ့သော် လေယာဉ်ပျံသံတွေကြားပြီး ဂျပန်များက ရန်ကုန်တမြို့လုံး အကြီးအကျယ် ဗုံးကြဲတော့သည်။
မြို့သူ မြို့သားများလည်း ပြေးလွှား ပြောင်းရွှေ့ကြသည်။ နိုင်သမျှ ပစ္စည်း ပစ္စယများကိုယူကာ
အမြနှင့် မောင်ခင်အောင်တို့လည်း ကွမ်းခြံဘူတာကြီးသို့ ပြေးတော့ သည်။ မန္တလေးသို့ထွက်သော
လူစီးစာပို့ရထားကြီးသည် သူတို့ သားအမိနှင့် ဒုက္ခသည်များကို မနိုင့်တနိုင်နှင့် အထက်ပိုင်းသို့
သယ်ယူ ခဲ့လေသည်။ မန္တလေးသို့ရောက်သောအခါ သားအမိသည် စစ်ကိုင်းဘက်သို့ ကူးသွားပြီး ရွှေဘုံသာကျောင်းအနီးတွင်
နေရာထိုင်ခင်းရရှိ သဖြင့် နေထိုင် စတဲချကြလေသည်။ များမကြာမီပင် ရန်ကုန်မြို့ကြီးကို
ဂျပန်သိမ်းသည်ဟု ကြားကြရသည်။ မန္တလေး၊ စစ်ကိုင်းနှင့် စစ်ကိုင်းချောင်တွင် စစ်ပြေးဧည့်သည်များနှင့်
ပြည့်ကျပ်နေတော့သည်။
ရန်ကုန်မှ ထွက်လာရကတည်းက
အမြ စိတ်မှာကြည်လင်ဝမ်းသာနေသည်။ မောင်ခင်အောင်မှာမူ မျက်နှာမကောင်း၊ ရထားပေါ်မှာလည်း
တမှိုင်မှိုင်၊ စစ်ကိုင်းရောက်တော့လည်း တငိုင်ငိုင်၊ မစားနိုင်မသောက်နိုင်နှင့် လွမ်းနာကျနေပေသည်။
သ္မီးရည်းစားထက်ပိုသွားခဲ့ပြီဖြစ် သော မညွန့်ညွန့်ကိုသာ စွဲလမ်းတမ်းတနေတော့သည်။ အမြသည်
မောင်ခင်အောင်၏အဖြစ်ကို ကြည့်ပြီး စိတ်မကောင်းမိ။ “မညွန့်ညွန့်မှာ ကိုယ်ဝန်ရှိနေပြီဗျ”
ဟု မောင်ခင်အောင်က ပြောပြသည်တွင် အမြသည် တမျိုးပို၍ စိတ် မချမ်းသာဖြစ်ရသည်။
ဤကြားထဲမှ မောင်ခင်အောင်သည်
အတွေ့များကိုအလေ့ပါစလူငယ်ပီပီ သူ့မမအမြအား “မညွန့်ညွန့်ကို ကျွန်တော် မေ့ပစ်ပါပြီဗျာ။
ခုနေဆို ပိုက်အတွက် အရှက်ကာကွယ်ဘို့ ယောက်ျားယူနေပြီလားမှ မပြောတတ်တာ။ တယောက်နဲ့ တယောက်လဲ
ဒီစစ်ကြီးကြောင့် တွေ့ကြတော့မှာမဟုတ်ပါဘူး။ သူ့ကိုစိတ်ထဲက ဖျောက်ပစ်လိုက်ပါပြီ။ မေ့ပစ်လိက်ပါပြီ။
သူ့ကို ကျွန်တော် တခါထဲအပြီးယူမလို့ဘဲဗျ။ မမမြကို သနားလို့”ဟုပြောလေသည်။ ထိမှတ်ဆင့်
မောင်ခင်အောင်က “မထူးပါဘူး မမမြရယ် ဒီရပ်ဒီရွာမှာ ဘယ်သူမှလဲ ကျွန်တော်တို့ကို ကဲ့ရဲ့မှာ
မဟုတ်ပါဘူး။ မမမြနဲ့ ကျွန်တော်နဲ့ဘဲ မညွန့်ညွန့်နဲ့ နေသလိုနေလိုက်ကြပါစို့” ဟုပူဆာပြန်သည်။
“မညွန့်ညွန့်ကို ကျွန်တော်တခါထဲ
အပြီးယူမလို့၊ မမမြကို သနားလို့” ဆိုသော စကားကလေးသည် သစ္စာစကားပင် ဖြစ်သည်ဟု အမြ တွေးမိသည်။
ဤစကားကြောင့် မောင်ခင်အောင်ကို ပို၍ချစ်မိသည်။ သနားမိသည်၊ ကြင်နာရသည်။ မိမိ မိန်းမအစစ်မဟုတ်သည်ကို
မောင်ခင်အောင်သည် ယနေ့အထိမသိသေး။ မိမိ၏ အနေအထိုင် ကျစ်လစ်မှု၊ မိန်းမရုပ်နှင့် မိန်းမအပြင်အဆင်များကြောင့်
အမြကို မိန်းမ
မဟုတ်ဟုထင်သူ မရှိနိုင်ပေ။
ငယ်စဉ်ကတည်းက အတူနေလာသော မောင်ခင်အောင်ကလေးသည်လည်း မိန်းမအစစ်ဟုပင် ထင်နေသည်။ ဤကိစ္စအတွက်မူ
မိမိကလည်း ဖွင့်ဟပြောဆိုရန် ၀န်လေးလှပါဘိသည်။ ဆေးရုံတက်စဉ်ကလည်း အမြဆိုသော နာမည်နှင့်
တကယ်ပင် မိန်းမနှင့် မခြားလှသောကြောင့် မိန်းမခန်းမှာပင် ဆေးရုံတက်ခဲ့ရသည်။ ထို့ကြောင့်
စစ်ကိုင်းက အမျိုးသ္မီးတဦးဦး နှင့် မောင်ခင်အေင်ကိုပေးစားလိုက်လျှင် ကောင်းမည်လားဟု
တွေးမိသည်။ သို့ရာတွင် မောင်ခင်အောင်ကို နှမြောသည်ကတကြောင်း၊ အကယ်၍ ပေးစားချေက နောင်စစ်ပြီးသည့်တိုင်အောင်
ဤဒေသမှာပင် မောင်ခင်အောင် ချည်တိုင်ရသွားပြီး နေခဲ့ပေလိမ့်မည်။ မောင်ခင်အောင်နှင့်
တကွဲတပြားစီ ဖြစ်သွားဘို့က များတော့မည်ဟုတွေးကာ ဤအကြံအစည်ကိုလည်း အကောင်အထည်မဖော်ဘဲထား
လိုက်သည်။ သို့ထက်ကား တသက်လုံး ကိုယ်ကျွေးမွေးသုတ်သင် ပြုစုလာသူကလေးကို တပါးသူအား ပေးပစ်လိုက်ရမှာ
နှမြောသည့်စိတ်က မတွေးရဲအောင်ပင်ဖြစ်နေသည်။
အမြကို အထီးမှန်း
အမမှန်းမသိသော မောင်ခင်အောင်ကလေးသည် မညွန့်ညွန့်နှင့် ခွဲခွာလာရစဖြစ်သည့်အတိုင်း မုန်ယိုနေသော
ဆင်ပေါက်ကလေးလိုဖြစ်နေသည်။ ထို့ကြောင့် တကျည်ကျည် အမြကိုသာ ပူဆာနေသည်။ ပွတ်သီးပွတ်သပ်
လုပ်နေသည်။ ကလိနေသည်။ အမြသည် မောင်ခင်အောင်ကို သနားသည်၊ ထို့ကြောင့် တောင့်ထားသည်၊
လှည့်စား ချော့မော့ထားသည်၊ ဤသို့ဖြင့် ၂လခန့်ဆွဲထားခဲ့သည်။ သို့ရာတွင် နွားသိုးကြိုးပြတ်ကလေး
မောင်ခင်အောင်မှာ စည်းလွတ်ဝါးလွတ် ပို၍ကဲလာသည်။ အငတ်ငတ် အငန်းငန်းဖြစ်နေသည်။ ထို့ကြောင့်
တညသော် အမြက မောင်ခင်အောင်ကို မေးခွန်းတွေ မေးရတော့သည်။
“မင်း ငါ့ကို တသက်လုံး
ချစ်နိုင်ပါ့မလား”
“မခွဲဘဲ နေနိုင်ပါ့မလား”
“စစ်ပြီးလို့ ရန်ကုန်ပြန်ရောက်ရင်
မညွန့်ညွန့်နဲ့တွေ့ပြီး ပစ်သွားမှာလား”
“ငါက မင့်ထက် အများကြိး
အသက်ကြီးတယ်။ မင်းချစ်နိုင်ပါ့မလား”
“ငါ့အကြောင်း မင်းသိတော့
မင်းမုန်းမှာလား ချစ်နိုင်ပါဦးမလား” စသည်ဖြင့် အရေးကြီးသော မေးခွန်းများကို မေးရှာသည်။
မောင်ခင်အောင်ကား ဤမေးခွန်းများကို အထူးတလည် စဉ်းစားနေစရာမလို၊ စာမေးပွဲကြီးတွင် ကျက်စာနှင့်
ဝင်တိုးဘိသကဲ့သို့ ကောက်ကာ ငင်ကာ တချက်စီ တချက်စီဖြေသည်။ ချစ်နိုင်ကြောင်း၊ ပေါင်းနိုင်ကြောင်း၊
မုန်းမည် မဟုတ်ကြောင်း အလီလီ အတန်တန် အဖန်ဖန် အထပ်ထပ် ကတိပြုရှာသည်။
အမြ၏စိတ်ထဲတွင် တသိန်းတန်
ခေါင်းကပ်၍ချုပ်သော စာချုပ်ကြီးကို ချုပ်ပြီးသည်ထက် ခိုင်မြဲသော အချစ်စာချုပ်ချုပ်ပြီးကြပြီဟု
ယူဆသည်။ အလွန်အားရမိသည်။ သို့ရာတွင် လုံးလုံးစိတ်ချပြီဟူ၍ကား မရှိလှ။ အဘယ်ကြောင့်ဆိုသော်
မိမိမှာ “မိန်းမလုံး” ဖြစ်နေ သောကြောင့်ပင်တည်း။
မောင်ခင်အောင်၏ ပူဆာချက်အတန်တန်ကြောင့်
မောင်ခင်အောင်ကိုပုံလိုက်ပြီဖြစ်သော အမြတွင် မောင်ခင်အောင် မုန်းမသွားဘို့ များစွာပင်
အရေးကြီးလှသည်။ အမြသည် ငယ်စဉ်ကတည်းက မိန်းကလေးများနှင့်မခြား ကျစ်ကျစ်လစ်လစ် သိပ်သိပ်သည်းသည်း
နေလာခဲ့ပေရာ၊ လက်သည်းဝှက်နေကျ ကြောင်သည် လက်သည်းကို အလိုလို အမြဲတန်း ၀ှက်ထားပြီး ဖြစ်နေဘိသကဲ့သို့
မိမိမှာ ယောက်ျားတဦးဖြစ်သည်ကို လူမသိအောင် ဖုံးဖိရာ၌ အလိုလို ပြီးလျှက်ရှိသည်။ ထို့ကြောင့်
အရူးအမူးကလေးဖြစ်သော မောင်ခင်အောင် နှင့် သ္မီးရည်းစားကြီး သဖွယ်၊ လင်မယား မကျတကျနေထိုင်ကြရာ၌
မောင်ခင်အောင် ကလေးကို ဟိုလှည့်စား သည်လှည့်စားနှင့် အလိမ္မာ ဖက်ကာ လှည့်စားပြီး သူ၏နွားသိုးစိတ်ကလေးကို
ဖြေဖျောက်စေခဲ့သည်။ နှစ်သိမ့်စေခဲ့သည်။
အမြနှင့် မောင်ခင်အောင်တို့သည်
စစ်ကိုင်း “ရွှေဘုံသာ” ဒေသတွင် ရောက်လာစကစ၍ ပန်းပင်များ စိုက်ပျိုးရောင်းချကာ နေထိုင်ခဲ့ကြရာ
ငွေလည်း အတော်အသင့်ပါလာသေးသဖြင့် နေထိုင်စားသောက်မှုတွင် ကြောင့်ကြစရာ မရှိလှပေ။ ပန်းခြံလုပ်ငန်းတွင်
အမြသည် ပင်ပင် ပန်းပန်း မလုပ်နိုင်၊ လုပ်လည်းမလုပ်တတ်၊ သူကမူ ထမင်းချက်၊ အ၀တ်လျှော်၊
မိန်းမအလုပ်များသာ ကြိုးစားလုပ်၍ ယောက်ျားကြီးမားမား ဘ၀ ရောက်လာပြီဖြစ်သော မောင်ခင်အောင်ကသာ
ပန်းခြံအလုပ်ကို ဖိဖိစီးစီး လုပ်ရှာပေသည်။
ဤသို့နေ၍ ၂နှစ်ကျော်
၃နှစ်အတွင်း ရောက်လာသောအခါ စစ်ကိုင်းအနီးအနားတ၀ိုက်တွင် အင်္ဂလိပ် အမေရိကန်တို့က ဗုံးတွေလာချလေပြီ။
ကောင်းမှုတော်ဘုရားကြီးတ၀ိုက်လည်း စက်သေနတ် စက်အမြှောက်တွေနှင့်ပစ်၊ ဗုံးမိုးသွန်နှင့်လုပ်
လာပြီ။ စစ်မျက်နှာပြင်နှင့် စစ်ကိုင်း နီးလာပြီဟုလည်း ပြောကြသည်။ ထို့ကြောင့် စစ်ကိုကြောက်လှသော
အမြနှင့် မောင်ခင်အောင်တို့သည် ရွှေတို ရွှေစ၊ လက်ဝက်လက်စား၊ အ၀တ်အထည်၊ ငွေကြေးရှိသမျှကို
တယောက် တနိုင် သယ်နိုင်သမျှ သယ်ယူကာ စစ်နှင့်ဝေးသည့် ရန်ကုန်မြို့သို့ပြန်မည်ဆိုသော
ရည်ရွယ်ချက်နှင့် ဗုံး စက်သေနတ်တို့မှ ကင်းဝေးသည့် လမ်းစဉ်အရ တောကပ်ကပ် လမ်းခရီးဖြင့်
ခြေလျင် ပြန်ခဲ့ကြလေတော့သည်။ သူတို့ကရှေ့မှသွား၍ စစ်တိုက်ပွဲများက နောက်မှလိုက်လာကြသည်။
လေယာဉ်ပျံသံ ဗုံးချသံ၊ စက်သေနတ်ပစ်သံနှင့် အမြောက်သံများမှာ ဝေးလှသည် မရှိကြ။ မန္တလေး
ရန်ကုန် ကားလမ်းမကြီးပေါ်မှ မသွားရဲကြသူများဖြစ်သည့် အတွက် တောရိပ် တောင်ရိပ်လမ်းများကို
ခိုကပ်၍ သွားကြရလေရာ၊ တောင်ငူမရောက်မီပင် ပါလာသောပစ္စည်းများကို ဓါးပြတိုက်ခံကြရ သဖြင့်
ခရီးဆက်လက်သွားနိုင်ရေးနှင့် စားရေးအတွက် များစွာ အခက်ကြုံကြရတော့သည်။ သို့ရာတွင် အခြားခရီးသည်များ၏
အကူအညီဖြင့် ရန်ကုန်သို့ ရောက်လာကြရာ ရန်ကုန်ကို ဗြိတိသျှတပ်များက သိမ်းပြီးနေပေပြီ။
၎င်းတို့ထံတွင် ကျန်ရှိသေးသမျှသော အသပြာကို စစ်လိုက်ကြသောအခါ အင်္ဂလိပ်ငွေ ၇ိသာလျှင်ရှိကြတော့သည်။
ရန်ကုန် တမြို့လုံးမှာ မြို့ပျက်ကြီးလို ဖြစ်နေသည်။ ယူနီဖောင်းဝတ်ထားသော စစ်သားအမျိုးမျိုးနှင့်
ပြည့်နှက်နေသည်။
ကြည့်မြင်တိုင်ရှိ
မိမိတို့ အိမ်ဟောင်းတွင် နေစရာ ပြန်ရကြသော်လည်း ဘာလုပ်ရမည် မသိအောင် ရှိနေရာ “ငေးမနေနှင့်
တွေးမနေနှင့်” ဆိုသော ခေတ်ဖြစ်ကြောင်း သိကြသဖြင့် မောင်ခင်အောင်နှင့် အမြတို့သည် မြေနီကုန်းဘက်မှ
ကြက်နှင့် ကြက်ဥများဝယ်ပြီး စစ်တပ်တွင် သွားရောင်းရာ ငါးသေတ္တာ၊ အမဲဘူး၊ အထည် အ၀တ်အစား၊
လေထီးပိတ်စသည်များ ရရှိလေသည်။ ၄လလုံးလုံး ဤအလုပ်ကို ကြိုးစား လုပ်လိုက်ကြရာ၊ စားစားသောက်သောက်နှင့်
ငွေ ၆၀၀ိခန့်တက်လာတော့သည်။
အမြနှင့် မောင်ခင်အောင်မှာ
စီးပွားရှာရာတွင် ရှေ့သွားနောက်လိုက် ညီကြသည်။ မကြာလှသော ရက်လများတွင် သားရေလုပ်ငန်း
ပိုင်ရှင်များကလည်း လုပ်ငန်းများကို ပြန်စကြပြီ။ ထို့ကြောင့် အမြနှင့် မောင်ခင်အောင်တို့သည်
ဆိုင်ရှင်များထံမှ ငွေပိုအနည်းအကျဉ်း
ယူပြီးလျှင် အိမ်သစ်
အိုးသစ် ထူထောင်ကြသည်။ ဤသို့ ထူထောင်နိုင်ကြသဖြင့် နှစ်ယောက်သား အလွန်ဝမ်းသာနေကြသည်။
စစ်ပြီး ရန်ကုန်သည်
စစ်မဖြစ်မီ ရန်ကုန်နှင့် လားလားမှ မတူတော့။ ယူနီဖောင်းဝတ် ကုလားစစ်သား၊ နီဂရိုး စစ်သားနှင့်
လူဖြူစစ်သားတွေ များလှသည့်အပြင် ယခင်ခေတ်ဟောင်းက အလွန်ရှားပါးသော သတ္တ၀ါတမျိုးဖြစ်သည့်
မိန်းမရှာများကိုလည်း အစုလိုက် အပြုံလိုက် ဆိုသကဲ့သို့ ညနေပိုင်း နေ၀င်ရီသရော နွားရိုင်းသွင်းချိန်များတွင်
တွေ့ရသည်။ “မိန်းမရှာ၊ မိန်းမရှာ” ဟု မောင်ခင်အောင်သည် ပါးစပ်က တိုးတိုးဆိုမိသည်။
လူထု ဦးလှ
Credit to လူထု ဦးလှ - ထောင်နှင့်လူသား
To be continued ….
No comments:
Post a Comment