Friday, February 13, 2015

သက်တံ့မျှော်သူ




သက်တံ့တွေနဲ့ တန်ဆာဆင်ထားတဲ့
ကောင်းကင်ကြီးရေ
ငါ့ရဲ့ လွမ်းဆွတ်မှု
ကြေကွဲမှုတွေကို
မင်း ဘယ်အရောင်နဲ့
ကိုယ်စားပြုနေလဲ….

(၁)
          မနက်ခင်းစောစောမှာ ကြုံတောင့်ကြုံခဲ သက်တံ့တစ်ခုကို ကောင်းကင်ကြီးပေါ်မှာ ကျွန်တော် မြင်နေရတယ်။
          သက်တံ့တစ်ခုမှာ ပါဝင်နေတဲ့ အရောင်တွေကတော့ အများကြီးပါပဲ။ လှပစွာ ကိုင်းညွတ်နေတဲ့ သက်တံ့တစ်စင်းကို ငေးနေရင်း ကျွန်တော့်ရင်ထဲမှာ တဆစ်ဆစ်နဲ့ နာကျင်လာပါတယ်။ အခုလို အချိန်မှာ ကျွန်တော် သက်တံ့တစ်စင်းကို တစ်ဦးတည်း ကြည့်နေရတာ အရမ်းအထီးကျန်ဆန်သလို အရမ်းလည်း ကြေကွဲမိပါတယ်။
          အတိတ်ဆိုတဲ့ အချိန်ကာလတစ်ခုက ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်လေးတစ်ခုကို သက်တံ့တစ်စင်းနဲ့ ပတ်သက်ပြီး ကျွန်တော့်အာရုံတွေက ပြန်တမ်းတမိပါရဲ့… မနှစ်မြို့စရာကောင်းပြီး အခုချိန်အထိ လက်မခံနိုင်သေးတဲ့ ဖြစ်ပြီးခဲ့တဲ့ ဖြစ်ရပ်လေးတစ်ခုကို ကျွန်တော် ဘာကြောင့်များ သတိရချင်နေမိပါလိမ့်။ ဖြစ်နိုင်တာကတော့ အဲဒီအဖြစ်အပျက်တစ်ခုမှာ ကျွန်တော့်ရဲ့ အချစ်တွေ ပါဝင်နေခဲ့လိုပါပဲ။
          ကဲ… သက်တံ့ကြီးရေ ငါ့ရဲ့ အချစ်တွေကို မင်းက ကိုယ်စားပြုခဲ့တယ်ဆိုရင် ငါ့ကို မျှော်ကြည့်နေတဲ့ ငါ့ချစ်သူတစ်ယောက်အတွက် ငါ့ရဲ့ကိုယ်စား အချစ်တွေကို ပို့ဆောင်ပေးလိုက်ပါ။
          သူ ကျေနပ်လောက်တဲ့အထိပေါ့….

(၂)
          “အရောင်တွေ… အရောင်တွေ”
          ကျွန်တော့်ရှေ့မှာ တတွတ်တွတ် ရွတ်နေတဲ့ ကောင်လေးတစ်ယောက်ကို ကျွန်တော် စိတ်မကောင်းစွာ ကြည့်လိုက်ပြီး ဘေးက အမျိုးသမီးတစ်ယောက်ကို…
          “လူနာက လောလောဆယ်မှာ ဘာမှ ကျွန်တော် မေးလို့ရမယ့်ပုံ မပေါ်ဘူး။ ဒီတော့ ကျွန်တော် လိုအပ်တဲ့ အချက်အလက်တစ်ချို့ကို ဒီက ဒေါ်ဒေါ်ကပဲ ဖြေပေးပါနော်” လို့ ကျွန်တော် အကူအညီ တောင်းလိုက်ပါတယ်။
          “ကောင်းပါပြီ ဆရာ”
          “သူ အခုလိုမျိုး ဘယ်တုန်းက စဖြစ်တာလဲ”
          “ကြာပါပြီ ဆရာရယ်… လွန်ခဲ့တဲ့ သုံးနှစ်လောက်ကပါ”
          “သုံးနှစ်တောင် ကြာခဲ့တာကို ဒီကြားထဲ ဘယ်လိုကုသမှုမှ မခံယူပဲ ထားခဲ့တာလား”
          မျက်ရည်ဝဲနေတဲ့ အဒေါ်ကြီးက ခေါင်းညိတ်ပြပါတယ်။ ကောင်လေးနဲ့ အဲဒီအမျိုးသမီးကို ကြည့်ပြီး ကျွန်တော် နားလည်မိပါတယ်။ ကျွန်တော်တို့ စိတ်ကျန်းမာရေး ဆေးရုံကို ရောက်လာကြတဲ့ လူနာ တော်တော်များများက ပြင်းထန်တဲ့ စိတ်ခံစားမှုပြဿနာတွေ၊ လူမှုရေး ပြဿနာတွေ စသဖြင့် အမျိုးမျိုးနဲ့ ကြုံလာခဲ့ကြသူတွေ ဖြစ်ကြပါတယ်။
          “အခုလို ဖြစ်တာက မွေးရာပါတော့ မဟုတ်ဘူးဆိုတော့ ဘယ်လိုဖြစ်ပြီး အခုလို စဖြစ်တာလဲ”လို့လည်း မေးရော အဒေါ်ကြီးဆီက ရှိုက်သံတွေ ထွက်လာပါတယ်။
          “သားက အဒေါ်ရဲ့ တူပါ။ သားရဲ့ အဖေနဲ့ အမေက သား ငယ်ငယ်လေးကတည်းက အိမ်ထောင်ရေး အဆင်မပြေကြလို့ အိမ်ထောင်ကွဲခဲ့ကြတယ်။ သားက အဲဒီအရွယ်ကတည်းက အမြဲတမ်း ငေးငေးငိုင်ငိုင်နဲ့ ကလေးဘဝကို သူ ဖြတ်သန်းခဲ့ရတယ်။ သူ လိုချင်တာက ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဒါမှမဟုတ် သူ့အဖေနဲ့ သူ့အမေကလည်း ဘယ်လိုမှ ညှိမရခဲ့ပါဘူး။ အဲဒီအချိန်ကစလို့ သူ အမြဲလိုလို တစ်ယောက်တည်း နေတယ်… ပန်းချီတွေ ဆွဲတယ်”
          ကောင်လေးပြောနေတဲ့ အရောင်တွေဆိုတာကို အခု အဒေါ်ကြီးပြောမှ ကျွန်တော် နားလည်သွားတယ်။ သူက ပန်းချီတွေ ရေးတာကိုး…။
          “သားရဲ့ အဆိုးဆုံး အကျင့်စရိုက်က ဘယ်သူ့ကိုမှ သူ ခံစားတာတွေကို ဖွင့်မပြောတတ်ဘူး။ ပန်းချီတွေပဲ ဆွဲနေခဲ့တယ်။ သူ့ရဲ့ အခြေအနေကြောင့် မိဘတွေ ပြန်ညှိနှိုင်းကြဖို့ တိုင်ပင်ကြတဲ့အခါ နိုင်ငံခြားရောက်နေတဲ့ သူ့အဖေက ပြန်လာမယ်၊ ဒေါ်ဒေါ်ရဲ့ ညီမကလည်း လက်ခံတယ်ဆိုတော့ အားလုံး အဆင်ပြေသွားခဲ့ပြီလို့ ထင်ခဲ့တာ…”
          ရှိုက်သံတွေနဲ့ ရပ်တန့်သွားတဲ့ အဒေါ်ကြီးကို…
“ဆက်ပြောပါဦး” လို့ ကျွန်တော်က ပြောတော့
          “သားရဲ့အဖေ နိုင်ငံခြားက ပြန်လာခါနီးလေးမှာပဲ ဒေါ်ဒေါ်ရဲ့ ညီမ ရုတ်တရက် ဦးနှောက်သွေးကြော ပြတ်ပြီး ဆုံးတယ်။ သားရဲ့အဖေကလည်း နိုင်ငံခြားက ပြန်လာပြီး လားရှိုးကိုအလာမှာ လမ်းမှာ… လမ်းမှာ ကားမှောက်တယ်…”
          “ဟာ”
ကျွန်တော် စိတ်ထဲ မကောင်းဖြစ်သွားပြီး
          “ကျွန်တော် သိပါပြီ သူ့မိဘတွေ အကုန်ဆုံးသွားတယ်ပေါ့” လို့ ပြောပြီး
“ကျွန်တော် သူနဲ့ စကားပြောကြည့်မယ်နော်” လို့ ပြောလိုက်ပါတယ်။
          “ကဲ… ညီလေး မင်း နာမည်က”
          “………………………………….”
          အဖြေထွက်မလာတော့ အဒေါ်ကြီးကပဲ ဝင်ဖြေပါတယ်။
          “မင်းသန့်ကျော်ပါ ဆရာ”
          တခြား History Taking မှာ လိုအပ်တဲ့ အချက်တော်တော်များများကို ကောင်လေးရဲ့ အဒေါ်ဆီကပဲ ကျွန်တော် ရယူခဲ့ရပြီး Mental Status Examination (MSE) ကိုတော့ ကျွန်တော်ကြိုးစားပြီး စမ်းသပ်ခဲ့ပါတယ်။ ကျွန်တော် သူ့ကို Questions လေးတွေနဲ့ သူ့ရဲ့ Sensory & Perception, Insight, Judgment ပိုင်းတွေကို စစ်ဆေးခဲ့ပါတယ်။ ပြီးတော့….
          “ဒီလို မူမမှန်တဲ့ ပုံစံတွေကို ဘယ်အချိန်က စသတိထားမိလဲ” လို့ အဒေါ်ကြီးကို မေးပါတယ်။
          “သူ့အဖေရဲ့ အလောင်းကို ချောက်ထဲက ရလာတဲ့အခါ သူ သွားကြည့်တယ်။ သွေးတွေစွန်းနေတဲ့ အလောင်းကို ကြည့်ပြီးနောက်ပိုင်းမှာ သားက အနီရောင်တွေကို ကြောက်လာတယ်။ ပန်းချီစုတ်တံတွေမှာလည်း အနီရောင်တွေသုတ်ပြီး ပုံသဏ္ဍာန်ဖော်မရတဲ့ ပုံတွေ ရေးတယ်။ တစ်ခါတစ်လေ တစ်ယောက်တည်း စကားတွေ ပြောနေတတ်တယ်”
          “ပတ်ဝန်းကျင်က လူတွေကို ရန်လုပ်တာရော ရှိလား”
          “အဲဒီလိုတော့ မရှိဘူး ဆရာ… ခုတလောမှာ ပိုဆိုးလာတယ် ထင်ရတဲ့ သားရဲ့ အခြေအနေကို စောင့်ကြည့်နေတုန်း သားက သူ့ကိုယ်သူ သတ်သေဖို့ ကြိုးစားတယ် ဆရာရယ်” ဆိုပြီး အဒေါ်ကြီးက ငိုပြန်ပါတယ်။
          “အင်း ဟုတ်ပါပြီ… ဒီလိုဆို ဒါ သူ့အဖေဆုံးပြီးနောက်ပိုင်း ဒီလိုတွေ ဖြစ်လာတယ်ပေါ့နော်” လို့ ပြောလိုက်တော့
          အရောင်တွေကို ထပ်တလဲလဲ ရွတ်နေတဲ့ ကောင်လေးက
          “အဖေ မသေဘူးဗျ၊ အဖေရှိတယ်၊ အနီရောင်တွေထဲမှာ အဖေ ရှိတယ် ဟီး… ဟီး” လို့ ပြောပြီး ရယ်နေပါတယ်။
          ကျွန်တော် စိတ်မသက်သာစွာပဲ ကြည့်ရင်း ကျွန်တော့်အခန်းအပြင်မှာ ရပ်နေတဲ့ ဆေးရုံက ဝန်ထမ်း နှစ်ယောက်ကို ကြည့်လိုက်တော့ အလိုက်သိစွာပဲ ကောင်လေးကို ကုသမှု ခံယူရမယ့် လူနာဆောင်ဆီကို ခေါ်ဆောင်သွားပါတော့တယ်။
          ကျွန်တော့်အခန်းထဲကနေ ထွက်သွားကြပြီဖြစ်တဲ့ သူတွေကိုကြည့်ပြီး လူနာမှတ်တမ်းမှာ ကျွန်တော် ချရေးလိုက်တာက…
          “Schizophrenia” စိတ်ကစဥ့်ကလျား ရောဂါ….

(၃)
          “သံလွင် ဟို Schz နဲ့ ရောက်လာတဲ့ ကောင်လေးက သနားစရာပဲနော်”
          လူနာဆောင်တွေကနေ Ward Round ပြီး ပြန်အလာ သက်ပိုင် ကျွန်တော့်ကို စပြောပါတယ်။ ကျွန်တော်က အပေါ်ဂျူတီကုတ်ကို ချွတ်ပစ်လိုက်ပြီး….
          “အင်း ဟုတ်တယ် သက်ပိုင်ရယ်… ဒီကောင်လေးရဲ့ History က ရင်နာစရာ ကောင်းတယ်ကွ”        
          “သူ့ပုံစံက Depression Case နဲ့တောင် တူတယ်နော် သံလွင်”
          ကျွန်တော် သက်ပိုင်စကားကို ငြင်းလိုက်ပါတယ်။
          “မဟုတ်ဘူးလေ သက်ပိုင်ရဲ့… သူ့မှာက Colour နဲ့ ပတ်သက်ပြီး Visual Hallucination ရှိတယ်ကွ။ နောက်ပြီး ဒီရောက်မလာခင်လေးမှာ Suicidal Attempt ရှိခဲ့တယ်လေ။ ငါ သူ့ကို Assessment လုပ်တော့ repetitive Words တွေရယ်၊ Loosening of thoughts ရယ်၊ Negative Symptoms တွေရယ် တွေ့တယ်လေ။ အထင်ရှားဆုံးက သူ orientation လုံးဝမရတာရယ်၊ Insight မရှိတာရယ်ပဲ ငါ ရလာသမျှ အချက်အလက်တွေကို ငါက Schz လို့ ကောက်ချက်ချလိုက်တယ်…”
          “တော်လှချည်လား သံလွင်ရဲ့… ဟုတ်တာပဲနော် ငါက ဒီကောင်လေးမှာ Violent behavior တွေ မတွေ့ပဲ ငြိမ်နေတော့ Depression လို့ ထင်တာကွ”
          “ဩော်… သက်ပိုင်ရယ် လက်ရှိ သူ့ကို ငါတို့ antipsychotic medication တွေ ပေးထားတာပဲ။ သူ ငြိမ်မှာပေါ့။ သူ့မှာ ဆုံးရှုံးမှုတွေ သိပ်များခဲ့တော့ Depression ဆန်နေတာပေါ့ကွာ”
          “အင်းနော် ငယ်ငယ်ရွယ်ရွယ်နဲ့ သနားစရာပဲ။ ဒီ Schz တွေက ဒီလိုအရွယ်တွေမှာ ဖြစ်တတ်တာပဲနော်”
          “ဒါတင် ဘယ်ကမလဲ သက်ပိုင်… ဒီ Case က Gender မရွေးဘူး။ ဖြစ်ရင်လည်း အတူတူပဲလေ။ တကယ်တော့ Mental Health Problems တွေက သိပ်ရှုပ်ထွေးပါတယ်။ ကုသမှု အပိုင်းရောပေါ့”
          “ငါတို့တွေ Round တုန်းက သူ ပြောနေတာ ဘာတဲ့ အရောင်တွေဆိုတာကိုလေ သူ ထပ်တလဲလဲ ပြောနေတယ်နော်”
          “ဟုတ်တယ် သူက ပန်းချီတွေ ရေးတယ်လေ”
          “ဟာ ဟုတ်လား တော်လိုက်တာနော်”
          “သူရဲ့ ထွက်ပေါက် Feeling Outburst တစ်ခုပေါ့။ သူ့အဒေါ် ငါ့ကို ပြောဖူးတယ်”
          “ဩော်… သူ ပန်းချီကိုတော့ တော်တော် ဝါသနာကြီးပုံပဲနော်”
          “ဟုတ်တယ် သက်ပိုင်ရေ… အဲဒီလိုပဲ တစ်ခုခုအပေါ် ဝါသနာကြီးပြီး ထူးချွန်ထက်မြက်တဲ့သူတွေဟာ Mental Healthy မဖြစ်ကြဘူး။ ဥပမာ Abraham Lincoln, Vincent Van Gohn, Leo Tolstoy, Ernest Hemingway, Sir Issac Newton, Winston Churchill တို့လို ကမ္ဘာကျော်ပုဂ္ဂိုလ်တွေဟာ Mental Illness သမားတွေလို့ ဆိုတယ်လေ”
          “အင်း ဟုတ်တယ်နော် ငါတို့ Lecture ထဲမှာတောင် ပါတယ်။မင်း သူ့ကို ဘယ်လို သဘောရလဲ”
          သက်ပိုင် စကားကို…
          “ဘာကိုလဲဟ ငါတော့ သူ့ကို သနားတာပဲ သိတယ်။ ပြီးတော့….” လို့ ဆက်မပြောဘဲထားတော့
          “ပြီးတော့ ဘာဖြစ်လဲကွ” လို့ မေးတော့
          “ဩော်… စိတ်မကောင်းဘူးလို့ ပြောတာပါကွာ”
          သက်ပိုင်ကို ဖြေလိုက်တဲ့ အဖြေနဲ့ ကျွန်တော့်ရင်ထဲက အဖြေနဲ့က ကွာဟနေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် အဲဒီကောင်လေးကို…………

(၄)
          ကျွန်တော် အားတဲ့အချိန်တိုင်း ကောင်လေးအနား ရောက်နေမိပါတယ်။ ဘာကြောင့်မှန်းတော့ မသိဘူး။ သူ့အနားရှိနေရရင် ကျွန်တော် ကြည်နူးကျေနပ်နေတတ်တယ်။ လက်ချောင်းသွယ်သွယ်လေးတွေနဲ့ ရေးတတ်တဲ့ ပန်းချီလေးတွေကို ကြည့်ရင်း အရိပ်တကြည့်ကြည့် နေနေရတာကို ကျွန်တော် မက်မောမိပါတယ်။ သံယောဇဉ်ဆိုတာ အချိန်ကြာလေ တွယ်ငြိလေဆိုသလိုပါပဲ။ ကျွန်တော်နဲ့ အဲဒီပန်းချီဆွဲတဲ့ ကောင်လေးနဲ့ ရင်းနှီးလာပါတယ်။ ဘယ်လောက်ထိလဲဆိုရင် ဒီကောင်လေးက ကျွန်တော် ဆေးတိုက်မှ သောက်တယ်။ ကျွန်တော် ရှိနေရင် ပျော်တယ်။ တစ်ခါတစ်လေ စိတ်တွေ မူမမှန်ဖြစ်လာရင် ကျွန်တော့်ပြောစကားပဲ နားထောင်တယ်။ Ward ထဲက တာဝန်ကျ သူငယ်ချင်းတွေကတောင် ကျွန်တော့်ကို စနေတယ်။ ကျွန်တော်က ကောင်လေးအတွက် Private Doctor ပါတဲ့။ ဒါပေမဲ့ ကျွန်တော် သိပ်ကို ကြေနပ်ပါတယ်။ သူ ကျွန်တော့်ကို အခုလို မှီခိုလေ ကျွန်တော် ပျော်လေပဲ။ ကျွန်တော်က သူ့အတွက် အရာရာအားလုံး ယုံကြည်အားကိုးနိုင်တဲ့ လူတစ်ယောက် ဖြစ်ချင်နေတာလေ။
          တစ်နေ့ အရောင်တွေနဲ့ ပတ်သက်ပြီး ကျွန်တော် ကောင်လေးနဲ့ စကားပြောကြည့်တယ်။ သူ စိတ်တွေ ကြည်နေတဲ့ အချိန်လေးမှာပေါ့။
          “ညီလေး ဘာအရောင်တွေ ရေးနေလဲ”
          “အပြာရောင် အစ်ကို၊ အပြာရောင်က အအေးရောင်ဆိုပေမယ့် လွမ်းတဲ့အရောင်လေ”
          “ဩော်… ဒါဆို ပျော်တယ်ဆိုရင်ရောကွာ”
          “အဖြူရောင်”
          “စိတ်ညစ်ရင်ကျတော့ ဘယ်လို အရောင်လဲ ညီ”
          “အမဲရောင်”
          “ဒါဆို အဝါရောင်က ဘာအတွက်လဲ ညီ”
          “သူက အပူရောင်ဆိုပေမယ့် နားလည်ခွင့်လွှတ်ခြင်းလို့ အဓိပ္ပါယ်ရတယ်လေ အစ်ကို”
          ကျွန်တော် မဝံ့မရဲနဲ့ တစ်ခု မေးလိုက်တယ်။
          “အချစ်ဆိုရင် ဘာအရောင်လဲ ညီလေး”
          ကောင်လေး ကျွန်တော်ကို ဖျက်ခနဲ့ ကြည့်ပြီး စာရွက်လွတ်ပေါ် အရောင်တစ်ခု သုံးလိုက်တယ်။ အဲဒါက အနီရောင်ပါ။
          စိတ်ခံစားမှုကို သူ ခံစားတတ်တဲ့ အရောင်လေးတွေနဲ့ ကျွန်တော် တွဲမှတ်ထားလိုက်ပါတယ်။ အင်း ဒီအတိုင်းဆိုရင်တော့ ကျွန်တော့်ရင်ဘတ်ထဲမှာ အနီရောင်တွေ များနေပြီ ထင်ပါရဲ့…။

(၅)
          နေသာပေမယ့် မိုးတွေရွာလိုက်တဲ့ နေ့တစ်နေ့မှာ ကျွန်တော် Changes တွေ ရေးနေတုန်း သက်ပိုင် ကျွန်တော့်ဆီ ရောက်လာပြီး…
          “သံလွင်… ဟေ့ကောင် သံလွင် မင်းရဲ့ညီလေး ဟိုကောင်လေးလေ Wandering Tendency (ဦးတည်ရာမဲ့ လျှောက်သွားနေခြင်း) ဖြစ်နေတယ်နော်”
          “ဟမ်… ဘယ်လိုဖြစ်ရတာလဲကွာ မိုးတွေရွာနေတာကို ဒုက္ခပါပဲကွာ” လို့ ပြောပြီး ကျွန်တော်ရေးနေဆဲ Patient’s Chart Book တွေကို ထားခဲ့ပြီး အခန်းထဲက ထွက်လာခဲ့ပါတယ်။
          ကျွန်တော် တာဝန်ကျနေတဲ့ မန္တလေး စိတ်ကျန်းမာရေးဆေးရုံကြီးမှာက လူနာများကို တင်းကြပ်လွန်းခြင်း မရှိဘဲ ထားပါတယ်။ သိပ်မပြင်းထန်တဲ့ လူနာတွေဆိုရင် ကျွန်တော်တို့က ဆေးရုံဝင်းထဲမှာ လွှတ်ထားပါတယ်။ အရမ်းဆိုးဝါးသောင်းကျန်းနေမှသာ ထိန်းချုပ်ခန်းတွေထဲ ထည့်ပါတယ်။ ကျွန်တော် စိတ်ပူစွာနဲ့ လိုက်ရှာတော့ ဖွဲနေတဲ့ မိုးစက်တွေအောက်မှာ လျှောက်သွားနေတဲ့ ကောင်လေးကို တွေ့ပါတယ်။ ကျွန်တော် သူ့ကို ချော့မော့ခေါ်လာခဲ့ပြီး…
          “မိုးစက်တွေကျနေတာ ညီလေးရယ်… ဘာလို့ လျှောက်သွားနေတာလဲ” လို့ အပြစ်တင်တော့
          “နေပူပူအောက်မှာ မိုးစက်တွေ ကျနေတာ အရောင်တွေ အရမ်းလှတယ် အစ်ကို” တဲ့။ ဩော်… ဒီပန်းချီဆရာလေးနဲ့တော့ ဒုက္ခပါပဲ။ ကျွန်တော် သူ့ကို ခြောက်သွေ့တဲ့ အဝတ်တွေ လှဲခိုင်းပြီးနောက်…
          “လာ ညီလေး ပိုပိုလှတဲ့ အရောင်တွေကို အစ်ကို ပြမယ်” လို့ ပြောပြီး စိတ်ကျန်းမာရေး ဆေးရုံနဲ့ မူးယစ်ဆေးစွဲသူများကို ဆေးဖြတ်ပေးတဲ့ ဆေးရုံနှစ်ခုကို ဆက်ထားတဲ့ လျှောက်လမ်းလေးကို ခေါ်လာခဲ့ပါတယ်။ ကျွန်တော် ကောင်လေးရဲ့ ပုခုံးကို အသာလေး ဖက်လိုက်ပြီး
“ဟိုးမှာ ကြည့်စမ်း ညီလေး… သိပ်လှတဲ့ အရောင်တွေ စုထားတာ တွေ့လား” လို့ ညွန်ပြတော့ သူ တအံ့တဩ ကြည့်နေရင်း
“အိုး အစ်ကို အဲဒါ သက်တံ့ပဲ သိပ်လှတယ်နော်” လို့ ပြန်ပြောပါတယ်။
“ဒီလိုမျိုး အချိန်ဆို သက်တံ့ပေါ်တတ်တယ်လေ။ လှတယ်နော်”
သက်တံ့ကြီးကို ငေးနေတဲ့ ကောင်လေးကို ကျွန်တော်က ပြန်ငေးနေမိပါတယ်။ ခြောက်သွေ့စပြုနေတဲ့ ဆံပင်လေးတွေအောက်မှာ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ငေးနေမိရင်း ကျွန်တော့်ရင်ထဲမှာ အမြန်ရထားတစ်စီး အရှိန်ပြင်းပြင်း ခုတ်နေလေရဲ့။
ခရမ်းရောင်များနေတဲ့ ကောင်းကင်ကြီးရဲ့ အောက်မှာ နေရောင်ကြောင့် အနားသတ်တွေ တောက်နေတဲ့ တိမ်စိုင်ကြီးတွေရော အဲဒီတိမ်စိုင်တွေကြားမှာ ကျွန်တော်တို့ နှစ်ယောက်ကို ချောင်းကြည့်နေတဲ့ နေမင်းကြီးရော ပျော့ပျောင်းစွာ ကွေးညွတ်နေတဲ့ ရောင်စုံသက်တံ့ကြီးရော၊ မိုးစဲသွားလို့ အပြင်လောကကို ပျံထွက်လာကြတဲ့ ကျေးငှက်လေးတွေရော ဒါတွေအားလုံးက ပန်းချီဆရာလေးရဲ့ ရင်ထဲကို နှိုးဆွလိုက်တယ် ထင်ပါရဲ့။
“အစ်ကို ညီလေး ပန်းချီဆွဲချင်တယ်” ဆိုတဲ့ စကားလေး ထွက်လာပါတယ်။
“အိုး… ဆွဲသင့်တာပေါ့ ညီလေးရဲ့”
ကျွန်တော် ကျေနပ်စွာ ခွင့်ပြုလိုက်တဲ့နောက် ကျွန်တော်တို့ ပန်းချီတစ်ချပ်ကို ရေးဖြစ်ကြပါတယ်။ အတတ်နိုင်ဆုံး သဘာဝအတိုင်း မြင်တွေ့နေရတဲ့ အရောင်တွေကို ညီလေးက ပန်းချီလေးထဲမှာ သေသေသပ်သပ် ထည့်ရေးနိုင်ပါတယ်။ ညီလေးရဲ့ အရည်အချင်းကို ကျွန်တော် တအံ့တဩ အသိအမှတ်ပြုမိပါတယ်။ ပန်းချီကားလေး ပြီးသွားပြီလို့ ထင်ရတဲ့အချိန်မှာပဲ…
“အစ်ကို ညီလေးဆီမှာ ဆက်ရေးဖို့ ဆေးမရှိတော့ဘူး” တဲ့။
“ဟင် ပြီးသွားပြီ မဟုတ်လား ညီလေးရဲ့” ဆိုတော့ ခေါင်းခါပြီး
“ပန်းချီကတော့ ပြီးသွားပြီ အစ်ကို ဒါပေမဲ့ ဒီသက်တံ့ကြီးကို ငေးနေတဲ့ လူနှစ်ယောက်ကိုလည်း ထည့်ရေးချင်တယ်လေ” လို့ ပန်းချီကားလေးထဲက သက်တံ့ကို လက်ညှိုးလေးနဲ့ ထောက်ပြီး ပြောပါတယ်။
“ဩော် ညီလေးရယ်… အဖြူအမည်နဲ့ပဲ ဆွဲပေါ့ကွာ။ အစ်ကိုဆို အခု ဂျူတီကုတ်နဲ့ဆို အရောင်တောင် မလိုဘူး ဆွဲလို့ ရပါတယ်” လို့ပြောတော့…
“ဒါပေမယ့် အစ်ကို့ မျက်လုံးတွေကို ညီလေး အရောင်ထည့်ချင်တယ်လေ” လို့ ပြန်ပြောပါတယ်။ ကျွန်တော့် ရင်ထဲမှာ ခံစားမှုတစ်ခု အရှိန်ပြင်းပြင်း ဖြတ်စီးသွားပြီး
“ဟာ… ဘယ်လို အရောင်ကို ထည့်ချင်တာလဲ ညီလေးရဲ့” လို့မေးတော့ ကျွန်တော့်မျက်နှာကို မော့ကြည့်ပြီး မျက်နှာလွှဲသွားတယ်။ ပြီးမှ ဖြည်းညင်းစွာနဲ့ စကားတွေ ထွက်လာတယ်။
“ပထမဆုံး အစ်ကို့မျက်လုံးကို အပြာရောင် ထည့်ချင်တယ်။ ပြီးတော့… ဆန့်ကျင်ဘက် အရောင်တစ်ခုကို ထည့်ချင်တယ် အစ်ကို”
“ပြောလေ ညီ အစ်ကို့မျက်လုံးတွေရဲ့ အရောင်က ဘယ်လိုဖြစ်နေမလဲ”
“အ…. နီ…. ရောင်”တဲ့။
“ဟာ”
ကျွန်တော့်ရဲ့ ခံစားမှုအရောင်တွေကို ပန်းချီဆရာလေး တွေ့မြင်သွားခဲ့တယ် ထင်ပါရဲ့။ ကျွန်တော် ကောင်လေးကို လှမ်းဖက်လိုက်ပြီး ပါးလေးကို ခပ်ဖွဖွလေး အမြတ်တနိုး နမ်းလိုက်ပါတယ်။ ကျွန်တော် နမ်းလိုက်တဲ့ ပါးလေးကို ပန်းချီဆရာလေးက ခပ်ဖွဖွ ပြန်ပွတ်သပ်ရင်း….
“အစ်ကိုနဲ့အတူ သက်တံ့တွေကို ကြည့်နေချင်တယ်” ဆိုတဲ့ စကားလေး ထွက်လာပါတယ်။
“ကြည့်ရမှာပေါ့ ညီရယ်… ကြည့်ရမှာပေါ့”
ကျွန်တော် ကြည်ကြည်နူးနူး ကတိပေးလိုက်ပြီး အဲဒီနေ့က ကျွန်တော်တို့ကို မိုးထားတဲ့ သက်တံ့ကြီးကို အချိန်အကြာကြီး ကြည့်နေခဲ့ကြပါတယ်။

(၆)
          ကျွန်တော် သက်ပိုင်ကို CCM (Clinical Combined Meeting) ကိစ္စပြောတော့ သက်ပိုင်က
          “မင်း သွားလို့ ဖြစ်ပါ့မလားကွာ။ ဟိုကောင်လေးက အခုမှ အခြေအနေက Progressive ဖြစ်လာတာ မင်း သိတဲ့အတိုင်းပဲ။ အခုရက်ပိုင်း သူ Physical Symptoms တွေပါ လိုက်လာတယ်နော်”
          “အေးပါကွာ ငါလည်း စိတ်ညစ်နေတာ။ ညီလေးက မိုးတွေထဲ လျှောက်သွားထားတော့ ဖျားနေတယ်။ ချောင်းတွေလည်း ဆိုးနေတယ်လေ။ ငါ ရန်ကုန်သွားရင် သူ့ကို ဘယ်သူ ဆေးတိုက်မလဲ။ ငါ မသွားလို့လည်း မရဘူးကွ”
          “ဒါဆိုလည်း မင်း သူ့ကို သေသေချာချာ သူ လက်ခံအောင် ပြောပြသွားကွာ။ ခက်တာက သူက Mental Patient ဖြစ်နေတယ်”
          သက်ပိုင်စကားကို ကျွန်တော် လက်ခံပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း Mental Patient တစ်ယောက်အနေနဲ့ ကျွန်တော် ပြောတာတွေကို သူ လက်ခံပါ့မလားဆိုတာပဲ စိုးရိမ်နေတာပါ။
          “ကောင်လေးက မင်းကို တော်တော် သံယောဇဉ် ရှိတယ်နော်”
          “အင်း”
          “မင်းကရော…”
          အဲဒီမေးခွန်းကို ကျွန်တော် အမှန်အတိုင်းပဲ ဖြေလိုက်ပါတယ်။
          “ငါ သူ့ကို ချစ်မိနေပြီကွာ”
          ကျွန်တော် မျှော်လင့်ထားသလို သက်ပိုင်ဆီက အံ့ဩမှုကို မတွေ့ရပါ။ ဒါကြောင့်…
          “မင်း ဘာလို့ မအံ့ဩတာလဲဟင်”
          “ဩော်… အံ့ဩစရာလား သံလွင်ရ… ငါ နားလည်ပါတယ်”
          “ဒါဆို မင်းက Homo Love ကို လက်ခံတယ်ပေါ့”
          သက်ပိုင်က ပြုံးလိုက်ရင်း
          “အေးပေါ့ကွ… ဒီလောက်တိုးတက်ပြီး အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ ခေတ်ထဲမှာ ယောက်ျားနဲ့ မိန်းမပဲ ချစ်ရမယ်ဆိုတဲ့ ပုံသေနည်း မရှိတော့ဘူးကွ။ ငါတောင် စဉ်းစားနေတာ အဲကောင်လေးကို ချစ်ကြည့်မလားလို့…”
          ကျွန်တော် ထိတ်ခနဲ ဖြစ်သွားပြီး
          “အာ မလုပ်ပါနဲ့ကွာ။ အဲဒါလေးတော့ ချမ်းသာပေး”
          “စတာပါကွာ သံလွင်ရ၊ အင်း မင်းတော့ စိတ်ပညာရှင်ကြီး Sigmud Freud ရဲ့ Psychoanalytic Theory မှာ ပြောတဲ့ Sex Development Stage မှာ မင်း လွဲခဲ့တယ် ထင်တယ်”
          ကျွန်တော် ခေါင်းရှုပ်သွားလို့…
          “ရှင်းရှင်း ပြောကွာ” လို့ပြောတော့
          “ယောက်ျားလေးတွေက အသက်ငယ်စဉ်မှာ Oedipus Complex ကို ကြုံပြီး မိန်းကလေးတွေက Electra Complex နဲ့ ကြုံတယ်ဆိုတာလေ။ အဲဒီအယူအဆတွေလွဲလို့ မင်း ဟိုမိုဖြစ်သွားသလားလို့ တွေးကြည့်တာပါ ဟီး…” တဲ့။
          “အောင်မာ ဟေ့ကောင် အတူတူပဲနော်၊ မင်းလည်း ဒါပဲ” လို့ ပြောတော့ သက်ပိုင် ရယ်နေပါတယ်။
          “ကဲ သူငယ်ချင်း ငါ အဲဒီကောင်လေးကို သွားနှုတ်ဆက်ပြီး အကျိုးအကြောင်းလေး သွားပြောပြကြည့်မယ်၊ သူ လက်ခံအောင်လေ”
          “အေးပါကွာ အဆင်ပြေပါစေ သူငယ်ချင်း”
          ကျွန်တော် ကောင်လေးဆီကို ရောက်သွားတော့ ချောင်းတဟွပ်ဟွပ် ဆိုးနေရာကနေ ကျွန်တော့်ကို လှည့်ကြည့်ပါတယ်။ ကျွန်တော် သူ့လက်လေးကို ဆုပ်ကိုင်လိုက်တော့ အဖျားသွေးကြောင့် ပူနွေးနေတာကို တွေ့ရပါတယ်။
          “ညီလေး သက်သာရဲ့လား” လို့ မေးတော့ ခေါင်းပဲ တစ်ချက်ညိတ်ပြပါတယ်။
          ကျွန်တော် စိတ်မကောင်းစွာကြည့်ရင်း CCM အကြောင်း ပြောသင့်၊ မပြောသင့် စဉ်းစားနေမိပါတယ်။ နောက်ဆုံးတော့ အသိမပေးဘဲ သွားတာထက် အသိပေးသွားတာက ပိုကောင်းပါတယ်လို့တွေးပြီး ကျွန်တော် ပြောဖို့ အားယူလိုက်ပါတယ်။
          “ညီလေး အစ်ကို ရန်ကုန် ခဏသွားရမယ်။ (၅) ရက်လောက် ကြာမယ် အလုပ်ကိစ္စနဲ့လေ”
          ကောင်လေးရဲ့ မျက်လုံးတွေက ထိတ်လန့်မှုကို ဖော်ပြလာပါတယ်။
          “အစ်ကို ပြန်လာမှာပါ။ အမြန်ဆုံး ပြန်လာခဲ့မယ်နော်။ အစ်ကို ပြန်လာရင် မပြီးသေးတဲ့ ညီလေးရဲ့ သက်တံ့ပန်းချီကို ဆက်ဆွဲကြမယ်နော်”
          “ဆေးကုန်နေပါပြီ အစ်ကိုရာ” တဲ့။
          “အစ်ကို ဝယ်လာခဲ့မှာပေါ့ကွာ။ အစ်ကို မရှိတဲ့အချိန်မှာ ကျန်းမာရေး ဂရုစိုက်ရမယ်နော်။ ဆေး မှန်မှန်သောက်ရမယ် ဟုတ်ပြီလား”
          “ဘယ်သူက ညီလေးကို တိုက်မှာလဲ အစ်ကို… အဒေါ်တို့ကလည်း ညီလေးကြောင့် ပတ်ဝန်းကျင်မှာ အရှက်ရတယ်ဆိုပြီး ညီလေးကို ပစ်ပယ်ထားတယ်”
          “ဩော်… ညီရယ် သူတို့ နားမလည်လို့ပါ။ စိတ်မကျန်းမာတာ ရှက်စရာမှ မဟုတ်ဘဲ။ အစ်ကို မရှိတဲ့အခါ ဆေးရုံက ဆရာမချောချောလေးတွေက ဆေးလာတိုက်မှာပေါ့နော်။ မှန်မှန်သောက်ရမယ်နော်။ ညီလေး ကျန်းမာလာမှ နောက်တစ်ခါ သက်တံ့ကြီးပေါ်ရင် အစ်ကိုတို့အတူတူ ကြည့်ရမှာ” လို့ နှစ်သိမ့်တော့
          “အင်း အမြဲကြည့်မယ်နော်၊ ပြီးရင် အစ်ကို ညီလေးကို နမ်းဦးမှာလား” တဲ့။
          “ဟာ”
ရုတ်တရက် ကျွန်တော် ရှက်သွားမိရင်း
          “နမ်းမှာပေါ့။ အစ်ကိုက ညီလေးကို ချစ်တာကို” လို့ ပြောလိုက်ပါတယ်။
          အဲဒီအခါ ပူနွေးနေတဲ့ သူ့လက်လေးနဲ့ ကျွန်တော့် လက်နှစ်ဖက်ကို ဆုပ်ကိုင်လာပြီး မျက်လုံးလေးတွေ စဉ်းပြီး အိပ်သွားပါတယ်။ အိပ်ပျော်သွားတာ သေချာသွားမှ ကျွန်တော် လက်ကလေးကို အသာချပြီး ညီလေးကို ခပ်ဖွဖွ နမ်းလိုက်ပါတယ်။ ပြီးတော့ ကျွန်တော် အဲဒီနေရာကနေ ထွက်လာခဲ့ပါတယ်။

(၇)
          စိတ်ကျန်းမာရေးဆေးရုံကြီး မန္တလေးဆိုတဲ့ စာလုံးလေးတွေကို ကြည့်ပြီး ကျွန်တော် ကြည်နူးသွားမိတယ်။ ကျွန်တော် တာဝန်ကျတဲ့ ဆေးရုံကို ကျွန်တော် ပြန်ရောက်လာပြီလေ။ (၅) ရက်ဆိုတဲ့ အချိန်အတွင်းမှာ ကျွန်တော့် (ချစ်သူ) ကောင်လေးကို သတိရလွမ်းဆွတ်မှုတွေက ကျွန်တော့်ရင်ထဲမှာ လျှံထွက်နေတာပဲ။ ဒီနေ့မှပဲ တိုက်တိုက်ဆိုင်ဆိုင် ကောင်းကင်ကြီးမှာ သက်တံ့ကြီးက ရှိနေလေရဲ့။ ကျွန်တော် ညီလေးအတွက် ဝယ်လာခဲ့တဲ့ ဆေးဘူးလေးတွေကိုကြည့်ပြီး ညီလေးတော့ ကျွန်တော် သူ့အတွက် ဝယ်လာတာတွေကို မြင်ရင် သူ ကြည်နူးနေတော့မှာပဲလို့ တွေးမိပြီး တက်ကြွတဲ့ ခြေလှမ်းတွေနဲ့ ဆေးရုံဝင်းထဲကို ဝင်လာခဲ့ပါတယ်။ ဒီနေ့ သက်တံ့ပန်းချီရေးဖြစ်ရင် ကျွန်တော် ငတ်မွတ်နေတဲ့ ပါးလေးကို….
          ဆေးရုံထဲကို တရွေ့ရွေ့ဝင်လာနေတုန်း အရင်က လျှောက်လမ်းလေး (မူးယစ်ဆေးစွဲ ဆေးရုံနဲ့ ကျွန်တော်တို့ ဆေးရုံနှစ်ခု ဆက်ထားတဲ့ နေရာ) မှာ ကျွန်တော် ညီလေးကို တွေ့လိုက်တယ်။ ကြည့်စမ်း… ညီလေးတစ်ယောက် ကျွန်တော့်ကို မျှော်နေခဲ့တယ်ပေါ့။ ကျွန်တော် ဝင်လာတာကို သူ ငေးကြည့်နေတယ်။ ဝမ်းသာအားရ ကျွန်တော် အပြေးလေးသွားတော့ လတ်တလော မြင်နေရတဲ့ ညီလေးရဲ့ ပုံရိပ်လေးက ဖျတ်ခနဲ ပျောက်ကွယ်သွားပါတော့တယ်။ အိုး… ငါ တော်တော် အစွဲအလမ်းကြီးပါလား။ ငါ စိတ်ကူးတွေယဉ်ပြီး မြင်နေမိတာပဲ။
          ကျွန်တော် Duty Room ကို အရင်မသွားဘဲ ကောင်လေးရှိတဲ့ လူနာဆောင်ထဲကို ဝင်လာခဲ့ပါတယ်။ ကျွန်တော် မှားဝင်ခဲ့တဲ့ နေရာမဟုတ်ပေမယ့် တစ်ခုခုတော့ မှားနေပါတယ်။ ကောင်လေးရဲ့ ခုတင်က အလွတ်ဖြစ်နေပြီး ကောင်လေးကို မတွေ့ရတာပါပဲ။ ကျွန်တော် စိုးရိမ်ကြီးစွာနဲ့ ထိန်းချုပ်ခန်းတွေထဲများ ရောက်နေသလားဆိုပြီး သွားကြည့်တော့ အဲဒီမှာလည်း ရှိမနေပါဘူး။ ကျွန်တော် အဲဒီဘက်က ထွက်အလာ..
          “ဟာ သံလွင် မင်း ဘယ်တုန်းက ပြန်ရောက်တာလဲ”
          “သက်ပိုင် ငါ့ကိုပြောစမ်း။ ကောင်လေး ဘယ်မှာလဲ။ သူ ဘယ်မှာလဲ DC ရသွားတာ မဟုတ်ဘူးမို့လား။ သူ ဘယ်ရောက်နေတာလဲ ငါ့ကို ပြောကွာ”
          DC ဆိုသည်မှာ ဆေးရုံမှ ဆင်းခွင့်ကို ဆိုလိုခြင်း ဖြစ်သည်။
          “သူ ရှိပါတယ်။ သူ မင်းကို စောင့်နေပါတယ်ကွာ”
          ကျွန်တော့်ရင်ထဲ ဖြေသာရာ ရသွားပြီး…
          “ငါ မရှိတဲ့နောက်ပိုင်း သူ ဘာတွေ ဖြစ်သေးလဲ ဟင်” လို့ မေးတော့…
          “လာပါကွာ… သံလွင် အေးအေးဆေးဆေး စကားပြောရအောင်”  ဆိုပြီး Duty Room ထဲ ခေါ်သွားပါတော့တယ်။
          သက်ပိုင်ရဲ့ အမူအရာကြောင့် ကျွန်တော့်စိတ်ထဲ လေးနေမိတာတော့ အမှန်ပါပဲ။ ကျွန်တော့်ကိုများ လိမ်နေတာလား။
          “မင်း မရှိတဲ့နောက်မှာ ကောင်လေး Hemoptysis (ချောင်းဆိုး သွေးပါ) ဖြစ်လာတယ်။ ငါတို့တွေ Chest X-ray အရ သူ Pneumnonia ဖြစ်တယ်လို့ သိရတယ်။ ခက်တာက ငါတို့ Treatment ကို သူ လက်မခံဘူး။ ငါတို့ကို ရန်လိုတယ်။ အဖျားတက်နေစဉ်တစ်လျောက် မင်းနာမည်ပဲ သူ ပြောနေတယ်”
          “ပြီးတော့ရော သက်ပိုင် သူ အခု ဘယ်မှာလဲ ငါ့ကို ပြောကွာ”
          တုန်ရီနေတဲ့ ကျွန်တော့်စကားသံတွေကို…
          “ငါပြောတာကို သေချာနားထောင်ပါဦးကွာ။ ဒီကြားထဲ မိုးတွေရွာတဲ့ညမှာ သူ ပျောက်သွားတယ်။ အဲဒီနေ့မတိုင်ခင် ရက်တွေမှာလည်း သူ Wandering Tendency (ဦးတည်ရာမဲ့ လျှောက်သွားခြင်း ရှိတယ်)။ ငါတို့ကလည်း သူ အဆင်ပြေသလို နေပါစေဆိုပြီး လွှတ်ထားတယ်။ သူ ပျောက်သွားတဲ့အချိန်မှာ ဆေးရုံအနေနဲ့ Escorn ပြဖို့ လုပ်တယ်။ မင်း မရှိတဲ့နောက်ပိုင်း ဆေးလည်း မှန်မှန်မသောက်ဘူးကွာ”
          “သက်ပိုင် သူ အခု ဘယ်မှာလဲလို့ ငါ မေးတာကို ဖြေကွာ”
          အခုချိန်မှာ ကျွန်တော် ကောင်လေးကို မြင်ယောင်မိရင်း စိတ်ထိခိုက်လာပါတယ်။
          “သံလွင် မင်း စိတ်အေးအေးထားပါကွာ။ ငါ ပြောပြပါရစေဦး။ သူ့ကို မနက်ခင်းတစ်ခုမှာ ဆေးရုံဝင်းထဲမှာ ပြန်တွေ့တယ်။ အဲဒီအချိန်က ငါတို့တွေ သူ့ကို Emergency Treatment အနေနဲ့ ကြိုးစားကြတယ်။ ဒါပေမဲ့… ဒါပေမဲ့”
          “ဟာ”
          ကျွန်တော် နားလည်လိုက်ပါတယ်။
          “သံလွင်… မင်း ခံစားနေရတာကို ငါ နားလည်ပါတယ်ကွာ။ ငါလည်း စိတ်မကောင်းပါဘူး… ဩော် ဒါနဲ့ ဒါလေးက ကောင်လေးရဲ့ အင်္ကျီအိတ်ထဲက ရတာ” ဆိုပြီး ပန်းချီကားလေးတစ်ခုကို ထုတ်ပေးပြီး သက်ပိုင် ကျွန်တော့်အနားက ထွက်သွားပါတယ်။
          ကျွန်တော် အဲဒီပန်းချီလေးကို ကြည့်လိုက်တော့ သက်တံ့ကို အတူကြည့်တဲ့နေ့က ဆွဲထားတဲ့ ပုံလေးပါပဲ။ ဒါပေမဲ့ အရင်လို မဟုတ်တော့ဘဲ ပြန်ပြီးဖြည့်စွက်ထားတဲ့ ပုံလေးနှစ်ပုံကို တွေ့ရပါတယ်။ အရင်က ဆေးရောင်စုံနဲ့ ရေးခဲ့တဲ့ သက်တံ့ပန်းချီကားလေးရဲ့အောက်မှာ ခဲနဲ့ပဲ ရေးခြစ်ထားတဲ့ လူနှစ်ယောက်ရဲ့ပုံပါ။ ထောင့်စွန်းတစ်ဖက်မှာ ဂျူတီကုတ်နဲ့ ရပ်နေတဲ့ ကျွန်တော့်ပုံတူလေးနဲ့ တခြားတစ်ဖက်မှာ ညီလေးရဲ့ပုံ ဖြစ်ပါတယ်။ လူနှစ်ယောက်ရဲ့ ပုံက ဟိုးအဝေးက သက်တံ့ကြီးကို ငေးနေကြတာပါ။ ကျွန်တော့်ရင်ထဲမှာ ဆို့နင့်သွားတယ်။
          ကံဆိုးလှချည်လား ညီလေးရယ်….
          မေတ္တာငတ်မွတ်ပြီး စွန့်ပယ်ခံ မိသားစုအသိုင်းအဝိုင်းကနေ ကြီးပြင်းလာရပြီးတော့ အခုလိုဘဲ အဆုံးသတ်သွားရသလားကွာ။ ကျွန်တော့်ရင်ထဲမှာ နင်ကျင်ဆို့နင့်သွားရင်း အရင်က ညီလေးရဲ့ ပုံရိပ်လေးတွေကို ပြန်မြင်ယောင်လာမိပါတယ်။
          ကျွန်တော် သိပ်ချစ်ရတဲ့ ချစ်သူတစ်ယောက် ဆုံးရှုံးသွားရတယ်ဆိုတဲ့….. ခံစားချက်က…. ကျွန်တော့်ကို ပြင်းပြင်းထန်ထန် နှိပ်စက်နေရင်း ဝမ်းနည်းမှုတွေနဲ့ ကျွန်တော့်ရင်တစ်ခုလုံး ခံနိုင်ရည်မရှိလောက်အောင် အားအင်တွေ ပျောက်ဆုံးကုန်ပါတယ်။
          ညီလေးရယ်… ပြီးသွားပြီဆိုတဲ့ ပန်းချီကားလေးမှာ ဖြည့်စွက်ဖို့ ဆေးရောင်တွေကိုတောင် မင်း မစောင့်နိုင်ခဲ့ပါလားကွာ။ ဖြည့်စွက်သွားတဲ့ လူနှစ်ယောက်ကို ဘာဖြစ်လို့ တစ်ဖက်စီ ခြားထားခဲ့တာလဲ သိချင်တယ် ညီလေးရယ်။
          ကျွန်တော့်မျက်လုံးတွေထဲ အရောင်တွေကို ထည့်ချင်ခဲ့တဲ့ ညီလေးတစ်ယောက်တော့ အရောင်မဲ့တဲ့ မျက်ဝန်းတစ်စုံကိုပဲ ရေးသွားခဲ့တာ အမည်းရောင်ဆိုတော့ ဝမ်းနည်းမှုတွေလားကွာ….
          ကျွန်တော် ဝမ်းနည်းစွာပဲ အဲဒီပန်းချီကားလေးကို ကြည့်နေမိပါတယ်….
          ရင်ထဲမှာ ခံစားရလွန်းလို့ မျက်ရည်တွေ ကျလာတာကို ပန်းချီကားလေးကို ထိပြီး ဆေးပျက်မှာစိုးလို့ ကျွန်တော် ပန်းချီလေးကို သိမ်းလိုက်ပါတယ်။

(၈)
          ဟိုး အရင်က သက်တံ့ကို မျှော်ကြည့်ဖူးတဲ့ လူနှစ်ယောက်နေရာမှာ ကျွန်တော် ရပ်နေပါတယ်။
          သက်တံ့ကြီးကတော့ အရင်အတိုင်း လှနေဆဲဆိုပေမဲ့ သူ့ကို မျှော်ကြည့်ဖို့ အရင်က လူတစ်ယောက်ကတော့ ပျောက်ကွယ်သွားပါပြီ။
          ကျွန်တော် မျက်ရည်ကျမိရင်း ကျွန်တော် ချစ်မြတ်နိုးတဲ့ ပါးလေးတစ်ဖက်ကို တမ်းတမိပါတယ်။
          အခုချိန် ကျွန်တော့်အနားမှာ ညီလေးသာ ရှိနေခဲ့ဦးမယ်ဆိုရင် အရောင်တွေအကြောင်း ဘယ်လို ပြောဦးမလဲ။ ကျွန်တော် သိချင်မိပါတယ်။
          ကျွန်တော် မမြင်နိုင်ခဲ့တဲ့ အချိန်…. ကျွန်တော် မရှိခဲ့တဲ့ အချိန်တွေမှာ ကောင်လေးတစ်ယောက်တော့ သက်တံ့တွေ ရှိမလားဆိုပြီး ကောင်းကင်ကို မျှော်ကြည့်နေပါလိမ့်မယ်။
          ကောင်းကင်ထဲမှာ နှစ်သိမ့်မှုတစ်ခုများ ရမလား ဒါမှမဟုတ် ကျွန်တော်နဲ့ ပတ်သက်တဲ့ တစ်စုံတစ်ရာများ တွေ့မလားဆိုပြီး သူ မျှော်နေခဲ့ပါလိမ့်မယ်။
          သူ မြင်တွေ့သမျှ အရောင်တွေနဲ့ သူ့ခံစားမှုတွေကို ဆက်စပ်ကြည့်နေပါလိမ့်မယ်….
          ကျွန်တော်ကတော့ ဝမ်းနည်းမှုနဲ့အတူ မျက်ရည်တွေနဲ့ သက်တံ့ကြီးအောက်မှာ တစ်ယောက်တည်း မျှော်ကြည့်ရင်း ရပ်နေဆဲပါပဲ….

ပြီး
                                                                                                                                    Written by ဝိုင်
 
မှတ်ချက်။        ။ ဤဝတ္ထုသည် ဆရာဝန်တစ်ယောက်၏ ဖြစ်ရပ်ကို ရေးဖွဲ့ထားသောကြောင့် အချို့သော ဆေးပညာဝေါဟာရများမှာ ဖတ်ရှုရာတွင် အဆင်မပြေ ဖြစ်စေနိုင်ပါသည်။ ဖတ်ရှုရာတွင် ရှုပ်ထွေးခြင်းနှင့် အဆင်မပြေခြင်း မှန်သမျှ အရာအားလုံးမှာ စာရေးသူတစ်ယောက်တည်း၏ ညံ့ဖျင်းမှုများသာ ဖြစ်ပါသည်။

No comments: