ည
မြန်မာ့ရုပ်မြင်သံကြားမှ သတင်းစုံ ကြေငြာတာ ပြီးသွားပါပြီ။
ယခုထိ ကိုကြီးအောင် ရေချိန်မကိုက်သေး။
မကိုက်ဆို တညနေလုံး ဘာတစ်စက်မှ မသောက်မမျိုရသေးပဲကိုး။
တစ်ဆိုင်ဝင်လည်း မျက်နှာရှုံ့ပြ၊ နောက်တစ်ဆိုင်ကျပြန်တော့ ခေါင်းရောကိုယ်ပါ ခါပြကြနှင့် သုံးဆိုင်တောင် ရောက်ပြီးပြီ။
ထမင်းဆာတာနဲ့မတူ၊ ရေငတ်ခြင်းထက် ပြင်းထန်၍ အငတ်တကာ အငတ်ထဲတွင် အဆိုးဆုံးသော အရက်ငတ်ဘေးဆိုက်နေသော ကိုကြီးအောင်ပါ။
အလိုက်ကန်းဆိုးမသိစွာ တစိမ့်စိမ့်ရွာနေသော မိုးဒဏ်ကြောင့် တစ်ကိုယ်လုံး ခိုက်ခိုက်တုန်နေခဲ့ရသလို ၀မ်းခေါင်းထဲမှ မွတ်သိပ်မှုဆန္ဒကြောင့် မီးကျီခဲ မျိုချထားရသည့်အတိုင်း မျက်လုံးတွေပြာပြီး ဒူးတွေ မခိုင်ချင်တော့ပါ။
သည်ကြားထဲ မြိုင်ဟေ၀န် ဈေးလမ်းထိပ် ဂင်ဇာဘားပေါ်သို့ ရွဲ့စောင်းယိုင်နဲ့နေသော နှစ်ဆစ်ချိုးလှေကားအိုကြီးမှ ကြိုးစားပမ်းစား တွယ်ဖက်တက်ခဲ့မိပြန်ရသေးသည်။
ဂင်ဇာဘားသည် သူ့နောက်ဆုံး မျှော်လင့်ချက်ပင်ဖြစ်သည်။
သို့သော်လည်း အပေါ်ထပ်အခန်းတွင်း ခြေချမိလိုက်သည်နှင့် အားခဲထားသမျှ လေထဲမျောကုန်ရတော့သည်။
စားပွဲတွေ အားလုံးနည်းပါး လူရှင်းနေသည်ပဲ။
အလယ်စားပွဲတစ်လုံးတွင်သာ လူနှစ်ယောက်လားရှိသည်။
ခါတိုင်း သံပတ်ရုပ်လေးလို တတောက်တောက် ပြေးလွှားနေသော စားပွဲထိုး ကိုဇော်ဝင်းမှာ အ၀င်ဝ စားပွဲတစ်လုံး၌ ငုတ်တုပ်မှိုင်နေ၏။
တံခါးဝမှ လူရိပ်မြင်လိုက်သဖြင့် ခေါင်းထောင်ကြည့်လိုက်တော့ ကိုကြီးအောင်အား မြင်သွားပြီး စိတ်ပျက်လက်ပျက် မျက်နှာလွှဲလိုက်သည်။
စားသောက်ဆိုင် ကောင်တာနောက်မှ ကိုဆွေမင်း ခမျာလည်း ဘယ်လောက်ရောင်းကောင်းသည်မသိ၊ ကောင်တာပေါ် လက်မောင်း ခေါင်းအုံး အိပ်ငိုက်လျက်။
ကိုကြီးအောင် ဖျတ်ကနဲ သတိရလိုက်သည်။
လကုန်ရက်ကြီးပဲ။
ပြတ်တုန်းလပ်တုန်း နှစ်ဆယ့်သုံး။
ဟိုချေး သည်ချေး နှစ်ဆယ့်လေး။
ပေါင်လား ရောင်းလား နှစ်ဆယ့်ငါးဆိုတဲ့ အပုပ်ရက်တွေလေ။
ကိုကြီးအောင် စိတ်ဓာတ်ကျသွားသည့်ကြားမှ ဇွတ်အတင်းကြီး ရှေ့တိုးမိသည်။
အလယ်တိုင်ခြေ စားပွဲလေးမှ လူနှစ်ယောက်ထံ ကပ်သွားမိ၏။ မျက်နှာပေါ်မှာလည်း ခပ်ဝါ၀ါသွားများပေါ်အောင် အပြုံးဆောင်လို့ "ငါ့ညီတို့တောင် မတွေ့တာကြာပြီနော်" နိဒါန်းပျိုးလိုက်သည်။
လူရွယ်နှစ်ယောက်စလုံးက သူနှင့် မျက်မှန်းတန်းမိထားသူတွေမို့ အရဲစွန့်လိုက်ခြင်းပါ။
တစ်ယောက်က တုန့်ပြန်၏။
"အင်း....ကျွန်တော်တို့လည်း ဘိုင်ပြတ်နေကြတယ်ဗျ"
"အမယ်လေးကွာ ငါ့ညီတို့ ဘိုင်ပြတ်တာကမှ ဆိုင်လာထိုင်နိုင်သေးတယ်။ အစ်ကိုများတော့ အာဆွတ်ရုံလေးတောင် မသောက်ရသေးဘူး။ ဟဲ....ဟဲ"
သည်တွင် ဒုတိယတစ်ယောက်က
"မသောက်ရသေးလည်း မသောက်နဲ့ပေါ့ဗျာ။ ကျုပ်တို့တောင် ကပ်သပ်ပြီး ကြံဖန်မူးနေရတာ၊ ကောင်းကောင်းမ၀ချင်သေးဘူး။ ခင်ဗျား ရှိရင်တောင် ပြန်တိုက်သွားဦး ကိုကြီးအောင်ရေ "
"ငအောင်တို့ ထောလို့ကတော့ ဆွေမျိုးတောင် မပြောဘူး။ ကျေးဇူးရှင် အပေါင်းအသင်းတွေ သဘောရှိ၊ ကုန်တာမသိ ဘုဉ္စာဟိပေါ့။ အဲ..လောလောဆယ်တော့ ထုံးစံအတိုင်း ဖွဲမွတ် ဖွတ်မွဲဖြစ်နေတယ်ကွ၊ တစ်ငုံလောက်ဆိုတော်ပါပြီ"
"ရှုပ်မနေစမ်းပါနဲ့ဗျာ၊ သွားစမ်းပါ။ စိတ်ညစ်လို့ အရက်လာသောက်ပါတယ်၊ ဘိုးဘိုးအောင် အညံ့စား ခင်ဗျားနဲ့တွေ့မှ ညစ်သထက်ညစ်ရော၊ မရှိမဲ့ရှိမဲ့ သောက်ထားတာလေးတွေတောင် ဘယ်ပျောက်ကုန်မှန်းမသိတော့ဘူး။ ကဲ....သွားဗျာ"
ဒုတိယလူက အော်ကျယ်ဟစ်ကျယ်ပင် မောင်းထုတ်လိုက်သည်။
ကိုကြီးအောင် ခေါင်းတညိတ်ညိတ်နှင့် အပြုံးမပျက် ကုတ်ချိချိလေး နောက်ဆုတ်ခဲ့ရသည်။
ရင်ထဲမှာတော့ ၀မ်းနည်းပက်လက်၊ ရှက်လည်း ရှက်သွားသည်။ ခက်တာကလည်း မရပါဘူးဆိုမှ ပိုတောင် ဆာလောင်လာသည့်အဖြစ်။
သြော်....သူ့ကို ရွှေဇိုးလို့ နာမည်ဖျက်ကြတာလည်း အပြစ်မဆိုသာ။
အရက်ကောင်တာကို မျှော်မိလိုက်သည်။
မျက်မှန်ကြီးနှင့် ညို ညိုတုတ်တုတ် ဆိုင်ထိုင် မန်နေဂျာကြီးကို တွေ့ရသည်။
ဆိုင်ထိုင်ကြီးက သဘောကောင်းသလို တစ်ခါတလေ ကိုကြီးအောင်အား ခွက်ကပ်ပုလင်းကပ် လက်ကျန်လေးများ စွန့်ကြဲတတ်သည်။ ခုလည်း သူ့ကို စိတ်ဝင်တစားကြည့်နေသည်။
မတတ်နိုင်ပါ။ တင်လဲဖြူပဲရရ ရှိခိုးတောင်းပန်ရင် တစ်ပက်လောက်တော့ သောက်ရတန်ကောင်းရဲ့။
ညစ်ထေးထေး ခေါင်းပေါ်က Jungle Hat စစ်ဦးထုပ်အစစုတ်အပြတ်ကို ချွတ်ရင်း ဆိုင်ထိုင်ကြီးရှိရာသို့ သွားမယ်လို့ အပြင် ...
"ဒီမှာ အစ်ကိုကြီး..."
သူ့နောက်က ခေါ်သံကြားလိုက်၍ လှည့်ကြည့်မိသည်။
သည်တော့မှ အခန်းထောင့် ချောင်စားပွဲလေးဆီက လူငယ်တစ်ယောက်။
ကိုကြီးအောင် ၀င်လာလာချင်း မွှန်ထူနေသဖြင့် လူရှိမှန်း သတိမထားမိခဲ့။
`ဒီကိုလာလေ...အစ်ကိုကြီး "
လူငယ်က တရင်းတနှီး ပြုံးပြရင်း ဖော်ရွေလှိုက်လှဲမှုများဖြင့် ဖိတ်ခေါ်လိုက်ပြန်သည်။
လူငယ်ရှေ့သို့ ကိုကြီးအောင် ၀င်ရပ်မိသည်။
အတန်ကြာ တစ်ယောက်ကို တစ်ယောက် အကဲဖြတ်နေမိကြသည်။
အသက်အစိတ်လောက်၊ အသားဖြူဖြူ ရုပ်ဖြောင့်ဖြောင့်၊ နှုတ်ခမ်းမွှေးသဲ့သဲ့နှင့် ထောင်ထောင်မောင်းမောင်း ဆံရှည်ကိုယ်တော်လေး။
ပြီးတော့ ဂျင်းဘောင်းဘီ၊ ဂျင်းဂျာကင်၊ အဖိုးတန် စပို့ရှပ်၊ တလက်လက်တောက်နေသော နာရီတွေဝတ်လို့။ သူဋ္ဌေးသားလား၊ အရာရှိကြီးသားလားပဲလေ။
ဒါက ကိုကြီးအောင်ရဲ့ တဒင်္ဂသုံးသပ်မှု။
အင်း......လေးဆယ်ကျော် လူလတ်ပိုင်းရောက်၍ ဆံပင် ဘုတ်သိုက်၊ အဆီပြန်မျက်နှာ ၊ သွားကျဲကျဲ၊ နှုတ်ခမ်းမွှေး ထိုးထိုးထောင်ထောင်နှင့် အမြဲတမ်းလို ပြုံးနေသဖြင့် ခင်မင်စရာကောင်းပုံပေါ်သော....
ကုပ်ဖွာဖွာ လည်တိုအင်္ကျီ၊ စုတ်ပြတ်ပြတ် ညစ်ထေးထေး တက်ထရက်အင်္ကျီအောက်က မိုးရေစက်လက်နှင့် အကြမ်းစားလုံချည်တစ်ပတ်နွမ်းလေးကို ကပိုကရိုဝတ်ထားသော သနားစရာ လူကြီးတစ်ဦး သို့မဟုတ် အရက်ကျေးကျွန်ကြီး တစ်ယောက်။
ဒါကတော့ လူငယ်ဘက်က အမြင်။
လူငယ်က ထွေထွေထူးထူး မေးမနေပါ။
ကိုဇော်ဝင်းကို လှမ်းခေါ်လိုက်သည်။
ငါးထောင်တန် တစ်ရွက်ထုတ်သည်။
`ရမ် သုံးပက်၊ ခုနလို ကြက်ကြော်အသေးတစ်ပွဲဗျာ´
မှာလိုက်ပြီး ကိုကြီးအောင်ဘက်လှည့်၍ -
`ဖြစ်မလား အစ်ကိုကြီး´
`ဟာ..ဘယ့်နှယ့် ပြောလိုက်ပါလိမ့်။ ဖြစ်သမှ ဖျစ်ဖျစ်ဖျစ်ဖျစ်ကို မြည်ဦးမယ်။ အိုကေမှ စိုပြည်လေသတည်းပေါ့´
`ဒါဖြင့်.....လာထိုင်ဗျာ´
လူငယ် ညွှန်ပြရာ မျက်နှာချင်းဆိုင် ကုလားထိုင်သို့ ကိုကြီးအောင် ၀င်ထိုင်မိသည်။
`ကျေးဇူးပါပဲ ညီလေးရယ်၊ ဒါနဲ့ ညီလေးကို အရင်က ဒီဆိုင်မှာ တစ်ခါမှ မတွေ့ဖူးဘူး ထင်ပါရဲ့။ ´
´ကျွန်တော်က သိပ်သောက်တတ်တာမှ မဟုတ်ဘဲ၊ တစ်ခါတလေ အပျင်းပြေဆိုသလိုသာ ၀င်လုပ်တာပါ.....´
မှာထားသော အရက်နှင့် ရေခဲ၊ ဆိုဒါများ ရောက်လာသည်။ လူငယ်ကိုယ်တိုင်က ငှဲ့ပေးသည်။
ကိုကြီးအောင်လည်း ဟန်မဆောင်နိုင်ဘဲ အငမ်းမရ ကောက်သောက်လိုက်မိသည်။ ပါးစောင်ကပင် လျှံကျလာသည်အထိ။ ပြီးတော့မှ လူငယ် ငေးကြည့်နေသည့်အဖြစ်ကို သတိပြုမိလိုက်သလို၊ နှုတ်ခမ်းစွန်းမှ အရက်များကို လက်ခုံနှင့် သိမ်းသုတ်ရင်း မလုံမလဲ.. ...
`အစ်ကို့ဘ၀ကတော့ ဆုံးပါပြီကွာ၊ မြင်တဲ့အတိုင်းပဲ အရက်နဲ့အသက်ဆက်နေရတာ၊ ဒီအရက် ဂြိုဟ်မွှေလို့လည်း မယားနဲ့ကွဲ၊ သားနဲ့ကွဲ တစ်ယောက်တည်း ပျက်စီးခန်းဆိုက်ခဲ့ရတာပေါ့။ မကောင်းမှန်း သိပေမယ့်လည်း ဖြတ်လို့မရတော့ဘူး။ အဲ....ခပ်ဆိုးဆိုးမယားကို ယူထားမိသလိုပဲပေါ့ကွာ...ဟဲ ဟဲ ဟဲ´
စေတနာရှင် လူငယ်က ကိုကြီးအောင်ကို ပြုံးကြည့်နေမိသည်။
ကိုကြီးအောင်ကား စကားတပြောပြောနှင့် တစ်ခွက်ပြီးတစ်ခွက် အာသွက်သထက် သွက်လာ၏။
"အရက်ပုံပြင်လေး တစ်ပုဒ်ရှိသကွ၊ တစ်ခါက အရက်သမားတစ်ယောက်ဟာ အရက်ကို စိတ်နာပြီး အရက်ဖြတ်ဖို့ ကြိုးစားခဲ့တယ်။ သူဖြတ်ပုံက အိတ်ထဲကို ပိုက်ဆံအပြည့်ထည့်ပြီး အရက်ဆိုင်သွားထိုင်တာပဲ၊ သူများတွေ သောက်နေတာကိုပဲ ထိုင်ကြည့်တယ်၊ သူ့စိတ်ထဲကလည်း ငါအရက်မသောက်ဘူး၊ ငါအရက်ပြတ်တယ်လို့ ဂါထာမန်းသလို မန်းနေတယ်ဆိုပဲ။ ဒီလိုနဲ့ တစ်ညကုန်တဲ့အထိ မသောက်ဘဲနေလိုက်နိုင်တယ်။ နောက်တစ်နေ့ နောက်တစ်ဆိုင်ကူး လေ့ကျင့်ပြန်ရော။ ဒီလိုနဲ့ သူ့စိတ်ကို တော်တော်လေး ထိန်းနိုင်ပြီး တစ်ပတ်လောက်ကြာတော့ အရက်ပြတ်သလိုဖြစ်သွားပြီ၊ ဒီတင် ၀မ်းသာအားရနဲ့ သူ့စိတ်သူ ချီးမွမ်းသတဲ့၊ မင်း သိပ်တော်တဲ့ကောင်ပဲ၊ အရက်ကိုနိုင်အောင် ထိန်းနိုင်တယ်၊ မင်းကို ငါဘယ်လိုကျေးဇူးဆပ်ရမှန်းတောင် မသိဘူးဆိုလိုက်တော့ သူ့စိတ်က ဘာပြန်ပြောသလဲ သ၊လး၊ ကျုပ်ကို ကျေးဇူးဆပ်ချင်တယ်ဆို ၀ီစကီနဲ့ ကြက်ကြော်နဲ့ ဂုဏ်ပြုပါတဲ့...ဟားဟား "
ပုံပြင်အဆုံးမှာတော့ ရမ်သုံးပက် ချောသွားပြီ။
`အစ်ကို ကြက်ကြော် စားလေဗျာ´
`တော်ပါပြီကွာ၊ အစ်ကို့အတွက် ဒါပဲ အရေးကြီးပါတယ်။ ´
ဖန်ခွက်ကို မြှောက်ပြလိုက်သည်နှင့် လူငယ်က အလိုက်သိစွာပင် နောက်သုံးပက်ထပ်မှာပေးသည်။
`အစ်ကိုကြီးက ပျော်တတ်တယ်နော်´
`ပျော်ပျော်နေ သေခဲဆိုပဲကွ၊ ပြီးတော့ အစ်ကိုကြီးဘ၀က မပျော်လို့မဖြစ်ဘူး၊ ကိုယ်ကိုယ်တိုင်လည်း ပျော်အောင်နေ သူများလည်း ပျော်အောင်လုပ်ပေးရတဲ့ လူကိုး.....လူရွှင်တော် ကိုကြီးအောင်ဆိုရင် တချိန်တုန်းက သဘင်လောက ပြဇာတ်လောကမှာ မသိသူ ခပ်ရှားရှား၊ ရုပ်ရှင်တောင် တစ်ကားနှစ်ကား ၀င်ရိုက်ဖူးသေးရဲ့။´
`ဒါကြောင့် အစ်ကိုကြီးကို မြင်ဖူးပါတယ် အောက်မေ့နေတာကိုး´ ကိုကြီးအောင် သဘောခွေ့သွား၏။
`အစ်ကိုကြီးရဲ့ပုံစံကိုကြည့်ပြီး လူတွေက အထင်သေးချင်ကြတယ်၊ တကယ်တမ်းကျတော့ အစ်ကိုကြီးသိတဲ့ ကြီးကြီးမာစတာတွေမှ တပုံကြီးပေါ့ကွာ၊ လိုချင်တဲ့ အကူအညီအခုသွားတောင်းလို့ရတယ်၊ ဒါပေမယ့် အစ်ကိုကြီးကလည်း ကိုယ့်မာနနဲ့ကိုယ် ဘာအကူအညီမှ မတောင်းဘူး။ ပိုက်ဆံပေးတောင် မယူဘူး၊ အဲ....ခင်ရင်တော့ အရက်တိုက်....ဒါပဲ´
`ကျွန်တော်လည်း အစ်ကိုကြီးကို မြင်မြင်ချင်းခင်ပါတယ်ဗျာ၊ ကျွန်တော့်နာမည်လည်းမှတ်ထား ဘိုဘိုကျော်တဲ့´
`ဒါနဲ့ ငါ့ညီကြည့်ရတာ ရုပ်ဖြောင့်ဖြောင့် ရှိုးတောင့်တောင့်နဲ့ ရုပ်ရှင်မင်းသားဒီဇိုင်းပဲကွ၊ ရုပ်ရှင်ဘက်ကော ၀ါသနာမပါဘူးလား´
`စိတ်တော့ ကူးမိတာပဲ အစ်ကိုကြီးရယ်´
`ဟာ...ဒါဖြင့် ဘာမှ မပူနဲ့၊ အစ်ကိုကြီးတစ်ယောက်လုံး ရှိတယ်၊ အစ်ကိုကြီးက ဘ၀စုံခဲ့သလို ပေါင်းခဲ့တဲ့ လူတွေလည်း စုံလို့ပဲ၊ ရုပ်ရှင်ဗီဒီယိုလောကဆိုရင် ခုထိအဆက်အသွယ် မပြတ်သေးဘူး၊ အဲ....အစ်ကိုကြီးက ဗေဒင်လက္ခဏာလေးလည်း တတ်ထားတာဆိုတော့ သူတို့ကို သွားသွားတွက်ချက်ပေးတာကိုး´
`အစ်ကိုကြီးက ပညာတော်တော်စုံတယ်နော်´
`စုံဆို အဋ္ဌာရဿ ကုန်သလောက်ပဲ၊ မျက်လှည့်ကျွမ်းတယ်၊ သိုင်းတို့ ဘာတို့ရော စမ်းဦးမလား၊ ပြီးတော့ လျှပ်စစ်ပြင်ချင်လည်း ရမယ်၊ လက်သမားလည်း လုပ်လိုက်တာပဲ၊ ခုတော့ အဲဒါတွေ ငြီးငွေ့လို့ အရက်သမားပဲလုပ်စား၊ အဲ အဲ လုပ်သောက်နေတယ် ဆိုပါတော့ကွာ´
ကိုကြီးအောင် အရွှန်းဖောက်လိုက်သည်။
ဘိုဘိုကျော်ကတော့ ကိုကြီးအောင်စကားကို မကြားတော့အောင် အတွေးလွန်သွားဟန် ရှိနေ၏။
စားပွဲထိုး ဇော်ဝင်းရောက်လာရာမှ အရက်ချပေးရင်း ဆိုင်ပိတ်တော့မည့်အကြောင်း သတိပေးသည်။
ဘိုဘိုကျော်က ရမ်တစ်လုံးပေးရန် ဘောင်းဘီနောက်အိတ်ထဲမှ ပိုက်ဆံအိတ်ကို နှိုက်၍ ထောင်တန်အရွက်တချို့ ထုတ်ပေးလိုက်ပြန်သည်။
ပြီးတော့....ကိုကြီးအောင်အား.....
`ဆိုင်က ဘယ်အချိန်ထိဖွင့်သလဲ အစ်ကိုကြီး´
`၁၀နာရီလောက်ထိပဲထင်တယ် ငါ့ညီရဲ့´
`ခု ၉နာရီ ထိုးတော့မယ်၊ ကျွန်တော့်မှာ ချိန်းထားတာလေးတစ်ခုရှိလို့ပါ၊ မကြာပါဘူး၊ နာရီဝက်အလွန်ဆုံးပဲ၊ အစ်ကိုကြီး ဒီကပဲစောင့်ပေါ့။ ကျွန်တော် ဆက်ဆက်ပြန်လာခေါ်မယ်၊ ကျွန်တော့်အိမ်ကျမှ ဆက်သောက်ရင်း စကားပြောကြရအောင်၊ ရော့...ပုလင်းကို အစ်ကိုကြီး ယူထား၊ လောလောဆယ် ဒီသုံးပက်သောက်နှင့်ပေါ့ ဟုတ်လား´
သူကိုယ်တိုင်က လက်ကျန်ကောက်မော့လိုက်ပြီး ဘိုဘိုကျော်ထွက်သွားသည်။
ကိုကြီးအောင်ကား ခေါင်းတဆတ်ဆတ်ငြိမ့်လျက်သား ကျန်ခဲ့၏။
`အင်း.....တစ်သက်နဲ့တစ်ကိုယ် ဒီလောက်ရက်ရောတဲ့ လူမျိုး မတွေ့ဘူးသေးပါလား။ သူတော်ကောင်းလေး သွားလေရာ အန္တရာယ်ကင်းလို့ ဘေးရှင်းပါစေ။ ထိမယ့်ခလုတ်ဆုတ်ပါစေ၊ ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်ပါစေကွာ´
ဆုတောင်းမေတ္တာပို့ရင်း.......
x x x
၉နာရီ ခွဲသွားပါပြီ။
ဘိုဘိုကျော် ပြန်ပေါ်မလာသေး။
လာမှ လာပါတော့မလား၊ ကိုကြီးအောင် သံသယ၀င်မိသည်။
အို.....သူ့ကြည့်ရတာ ရိုးရိုးသားသားနဲ့ ကတိတည်မယ့်ပုံပါ။ မလာဘဲတော့ နေမှာမဟုတ်ပါဘူးလေ။
မလာတော့ကော ဘာအရေးလဲ၊ ရမ်ကြီးတစ်လုံးလုံး အပ်ထားခဲ့တာ ငါ့အတွက် အရှုံးမှ မရှိဘဲ။
ဘာပဲဖြစ်ဖြစ် ၀တ္တရားအတိုင်း ငါစောင့်ရမှာပေါ့။
ဒီလို ကျေးဇူးရှင်အကောင်းစားလေးမျိုး တွေ့ရခဲပါဘိခြင်း။
အဆင်သင့်ရင် တစ်သက်စာ ဒကာလေးတောင် ဖြစ်သွားဦးမယ် မဟုတ်လား။
ဧရာမ စိတ်ကူးယဉ် မျှော်လင့်ချက်ကြီးများဖြင့် ကိုကြီးအောင်တစ်ယောက် ရမ်သုံးပက်ကို ဇိမ်ဆွဲ၍ မျှင်းသောက်ခဲ့ရာမှ တစ်စက်ပင် မကျန်တော့။
၉နာရီ ၄၅မိနစ်။
ကိုဇော်ဝင်းတို့ လူသိုက်လည်း ဆိုင်ပိတ်ဖို့ ပြင်နေကြပါပြီ။
ကိုကြီးအောင်လည်း အရက်ပုလင်းကြီးပိုက်၍ အောက်ဆင်းခဲ့တော့သည်။
နောက်ထပ် ၁၀မိနစ်လောက် ထပ်စောင့်တော့မှ သူ့ရှေ့သို့ (ကက)လေးတစ်စင်း ၀ူးကနဲ ထိုးဆိုက်လာသည်။
`အစ်ကိုကြီး ကိုကြီးအောင်.. ..စောင့်ရတာ စိတ်ညစ်နေပြီလား´
ဒရိုင်ဘာဘေးမှ ခေါင်းပြူနှုတ်ဆက်လိုက်သူက ဘိုဘိုကျော်။
`ကဲလာ တက်၊ ၀င်လေဗျာ...ဘာကြောင်နေတာလဲ´
အံ့အားသင့်နေသော ကိုကြီးအောင်အား သူကိုယ်တိုင် ထွက်တွဲပြီး ကားနောက်ခန်း၌ ဘေးချင်းယှဉ်ထိုင်ခဲ့၏။
`ကားဆရာ မာလာမြိုင်လမ်း´
လှမ်းပြောလိုက်သလို -
`ဟိုမှာ ချိန်းထားတဲ့လူနဲ့ မတွေ့ခဲ့ဘူးဗျ ၊ ဒါပေမယ့် အစ်ကိုကြီး တစောင့်စောင့်ဖြစ်နေမှာစိုးတာနဲ့ ပြန်ပြေးလာတာ။ ကျွန်တော့်အိမ်မှာ ဆက်သောက်နေပေါ့ဗျာ။ ကျွန်တော်ကတော့ ကိစ္စပြတ်အောင် လိုက်လုပ်ရဦးမယ်၊ အလုပ်က အရေးကြီးလို့ပါ´
`မိန်းမရှိတယ်လေ၊ ဒါပေမယ့် သဘောကောင်းပါတယ် သူ့အတွက် စိတ်သာချ။ ကျွန်တော် မီးသေပြီးသား....အိမ်မှာ အစ်ကိုကြီး အေးအေးဆေးဆေးအိပ်လို့တောင်ရတယ်၊ အစ်ကိုကြီးကိုလေ ဘာကြောင့်မှန်း မသိဘူး၊ ကျွန်တော် တကယ်သံယောဇဉ်ရှိနေတာ´
`ဘ၀ရေစက်ပဲပေါ့ကွယ် အစ်ကိုကြီးကတော့ ငါ့ညီအပေါ် တကယ်လေးစားသွားပြီ ချစ်လည်းချစ်တယ်´
ဘာမှ မကြာလိုက်။
မာလာမြိုင်လမ်း အောက်ဘက်တစ်နေရာတွင် ကားရပ်ခိုင်းလိုက်သည်။
လေးထပ်တိုက်ကြီးတစ်လုံးပေါ်သို့ တက်ခဲ့ကြရပါပြီ။
ကိုကြီးအောင်သည် အရက်ရှိန်နှင့် ဒယီးဒယိုင် -
အုတ်လှေကားတွေက နဂါးလိမ် နဂါးပတ်မို့ လှလှကြီး ကွေ့ချိုးနေရ၍ လမ်းတစ်ဝက်လောက်မှာပင် ချာချာလည် ယက်ကန်ယက်ကန် ဖြစ်နေသည်။
ဘိုဘိုကျော်က အမြင်မတော်သလို ပွေ့ဖက်တွဲခေါ်လာရသည်။
နောက်ဆုံးတော့ သုံးထပ် သူ့အခန်းရှေ့ရောက်ခဲ့ရပြီး တံခါးသော့ဖွင့်မိ၏။
မြို့လယ်တိုက်ခန်းတွေ၏ ထုံးစံ၊ ၀င်ဝင်ချင်းက ဧည့်ခန်းဖြစ်၍ အိပ်ခန်းက အရှေ့ဘက်မှာရှိသည်။
ကိုကြီးအောင်အား ဧည့်ခန်းထဲထားခဲ့ပြီး ဘိုဘိုကျော် အိပ်ခန်းထဲ ၀င်သွားသည်။ တီးတိုးစကားသံတွေကြားလိုက်ရသည်။ ချက်ချင်းလိုပင် ပြန်ထွက်လာကာ နောက်ဖေး မီးဖိုချောင်မှ ရေခဲသေတ္တာ ဖွင့်ပိတ်သံများ ထွက်လာသည်။
ဖန်ခွက်လွတ်တစ်လုံး ပန်းကန်တစ်ချပ်နှင့် ပြန်ရောက်လာသည်။
`ကျွန်တော့် အမျိုးသမီးတော့ သိုးနေပြီ၊ နှိုးလို့မရတော့ဘူး။ နိုးလာရင် ကြက်ဥလေးဘာလေးကြော်ခိုင်းမလားလို့၊ ခုတော့၊ ဒီ ငါးမြစ်ချင်းကြော်လေးပဲ အမြည်းလုပ်လိုက်ပေတော့ ကိုကြီးအောင်ရေ ´
`ရပါတယ်ကွာ၊ အစ်ကိုကြီးအတွက် အမြည်းမှ မလိုဘဲ။ သက်သက် ဒုက္ခရှာလို့´
ကိုကြီးအောင်က ပုလင်းအပိတ်ကို လှည့်ဖွင့်ပြီး ပုလင်းလိုက် မော့ချလိုက်သည်။
ဘိုဘိုကျော်က လက်ပတ်နာရီကို ကြည့်လိုက်ရာမှ -
`ကဲ....အစ်ကိုကြီး ခဏနေလိုက်ဦး၊ ဘာမှ အားမနာနဲ့နော်၊ စိတ်လွတ်ကိုယ်လွတ်သာနေ၊ အစ်ကိုကြီးကို ကျွန်တော် ယုံပါတယ်၊ အချိန်လေးရှိတုန်း ပြေးလိုက်ဦးမယ်။ ချိန်းထားတဲ့ လူတွေနဲ့တွေ့ပြီးတာနဲ့ ချက်ချင်း ပြန်လာမှာပါ´
ကတိုက်ကရိုက်ပင် ဆင်းချသွားသည်။
လှေကားဆင်းရင်းတန်းလန်းမှပင် သူ့ခေါင်းပေါ်က ဆံပင်အတု၊ နှုတ်ခမ်းမွှေးအတုတွေ ဖြုတ်သိမ်းလာခဲ့သည်။
မာလာမြိုင်လမ်းပေါ်မှာ လူပြတ်နေသလို၊ မိုးတစိမ့်စိမ့်ကြားမှ ရွှေနှင်းဆီဈေးဘက်သို့ သုတ်သုတ်လေး လျှောက်လာခဲ့မိသည်။
ကံအားလျော်စွာ စူပါရုဖ် တက္ကစီတစ်စီးကို ဖမ်းတွေ့လိုက်သည်။ လက်တားလိုက်ပြီး သူနေထိုင်ရာ ဘူတာရုံလမ်း ဘော်ဒါဆောင်ကို မောင်းခိုင်းလိုက်၏။
ကားပေါ်ရောက်မှ ဘိုဘိုကျော် သက်ပြင်းချနိုင်သည်။
ဟင်း.....ခုမှပဲ စိတ်အေးရတော့တယ်။
ကိုသုတ အဲ...မမမြသုတကိုလည်း မှတ်မှတ်ရရ မျက်စိထဲမြင်ယောင်မိလိုက်သည်။
မမမြသုတနှင့် သူ့ပြဿ နာက မပြေလည်သော မေတ္တာဇာတ်လမ်းတစ်ပုဒ်လို့ပြောလို့ရသလို လူမြင်မသင့်သော အချစ်ဇတ်လမ်းတစ်ခုပါ။
မမမြသုတသည် အရာရှိသူဋ္ဌေးကြီးတစ်ယောက်၏ ယောက်ျားမဟုတ်သော ဒုတိယဇနီးဖြစ်သလို သူကလည်း မမမြသုတ၏ တိတ်တိတ်ပုန်း အတူအိပ် ရည်းစားလေး။
ပတ်ဝန်းကျင်ကို `တစ်ဝမ်းကွဲ ညီ´တော်သူဟု လှည့်စားပြီး အရာရှိကြီး နောက်ကွယ်၌ အချစ်ခန်းဖွင့်ကြသည်။
မကြာမီ ရက်ပိုင်းကတော့ မမမြသုတ ဗွေဖောက်လာ၏။
`ချစ်လေးရယ်.....တိတ်တိတ်ခိုးတွေ့နေရတဲ့ ဘ၀မှာ မပျော်တော့ဘူးကွယ်၊ မမမြသုတကို အိမ်တစ်ဆောင် မီးတစ်ပြောင်နဲ့ ထားနိုင်အောင် ကြိုးစားပါလား´
`သြော်ဗျာ....ကျွန်တော့် ဘ၀မှာ ကိုယ့်ဝမ်းမှ ကိုယ်အနိုင်နိုင်ရယ်ပါဗျာ´
`ဒါဖြင့်လည်း မမမြသုတ အစ်ကိုကြီး စိုးထိုက်ကိုပဲ ဆက်လက်တွဲသွားရမှာပေါ့၊ အသည်းနာနာနဲ့ လမ်းခွဲကြရတော့မယ် ထင်ပါရဲ့ ချစ်လေးရယ်.. ´
`ကျွန်တော့်ကို ဆက်မပတ်သက်ပါနဲ့တော့လို့ ဆိုလိုတာလား မမမြသုတ၊ ကောင်းပြီလေ....မမမြသုတ စိတ်တိုင်းကျဖြစ်စေရပါ့မယ်၊ ငြိမ်းကျော်အတွက်တော့ လမ်းပေါ်ကလူ အမှိုက်ပုံရောက်ရတာ ဘာမှ မဆန်းပါဘူး´
ငြိမ်းကျော်ဆိုတာက သူ့နာမည်အစစ်။
ဘိုဘိုကျော်ဆိုသည်မှာ ကိုကြီးအောင်ကို ပါးစပ်ထဲ တွေ့ကရာပြောခဲ့တဲ့ နာမည်တု။
ငြိမ်းကျော်တစ်ယောက် အသာလျှိုနေလိုက်ရသည်။
တကယ်စင်စစ်......မမမြသုတ သူ့ကို ကန်ထုတ်ချင်မှန်း သူနားလည်လိုက်သည်။
မမမြသုတ၏ အစ်ကိုကြီးစိုးမှာ မိန်းမအစစ် မယားကြီးရှိသလို သားနှစ်ယောက်လည်းရှိသည်။ အစ်ကိုကြီးစိုးရဲ့ မိန်းမကြီးက သူ့ယောက်ျား ကြိတ်ပုန်းခုတ်နေသည့်ကိစ္စ အစအဆုံးသိကာ အရှက်သည်းပြီး ကွာရှင်းတော့မည် ဖြစ်သောကြောင့် မမမြသုတက နံပါတ်တစ်ရာထူး တက်ယူတော့မည်။ မမမြသုတ အတွက် ငြိမ်းကျော်က ကြီးစွာသော အဟန့်အတား `ခလုတ်´ကြီးတစ်ခုပဲ မဟုတ်ပါလား။
ပထမတော့ သူအပေးအယူလုပ်ပါသေးရဲ့။
ဆယ်သိန်းလောက်နှင့် သူ့မေတ္တာကို ဈေးဖြတ်ပေးဖို့ပေါ့။
ဒါပေမယ့် မမမြသုတက ပေးစရာ တစ်ပြားမှမရှိဟုဆိုပြီး ငြင်းသည်၊ တင်းသည်။
ငြိမ်းကျော် သည်းမခံနိုင်တော့ပါ။
မမကေသီကို ဘယ်လို ဆုံးမရမလဲ ကြံခဲ့သည်။
အကြံထုတ်နေဆဲ ကိုကြီးအောင်နှင့် ဆုံဆည်းရခြင်း ဖြစ်သည်။
အရက်ဂျိုးကြီးကို အရက်နှင့် မျှားထားခဲ့ပြီး မမမြသုတကို အချိုသပ် သွားတွေ့ကာ လည်ပင်းညှစ်သတ်လိုက်သည်။
မမမြသုတဆီမှ လက်ဝက်လက်စားတွေ၊ ငွေတွေ သိန်း ခြောက်ဆယ်လောက် ယူပြီး သူ့အဆောင်မှာ ပြန်သိမ်းသည်။ ထို့နောက်မှ ကိုကြီးအောင်ကို ပြန်ခေါ်၍ မမမြသုတအခန်းကို သူ့အခန်းလိုလို ပုံမှားရိုက် အယုံသွင်းပြီး ပစ်ထားခဲ့ခြင်း ဖြစ်သည်။
မမမြသုတ၏ ယောက်ျားကြီးမှာလည်း အပတ်စဉ်လာနေကြ။ မကြာခင်ရောက်လာတော့မည်။
ထိုအခါ.....အမူးလွန်ပြီး လဲနေမည့် ကိုကြီးအောင်။
အိပ်ခန်းထဲမှ မမမြသုတရဲ့ ဖြူဖွေးလတ်ဆတ်သောအလောင်း။
ပြီးတော......ပျောက်ဆုံးသွားသော ရွှေငွေရတနာများ။
အားလုံးကို ဆက်စပ်လိုက်သောအခါ.........
x x x
ကိုကြီးအောင် ခမျာတော့ ထောင်ချောက်မိသော တန်ဆာခံသားကောင်မှန်း မသိရှာ။ ရမ်တစ်လုံးနှင့် ပျော်ပျော်ပါးပါး နှစ်ပါးသွားကောင်းနေဆဲ။
ဘိုဘိုကျော် ပြန်လာနိုးနိုးက အရက်တစ်ပိုင်း ထပ်ကုန်သွားသလို လူကလည်း လူမှန်းမသိလောက်အောင် ဒေါင်ချာဆိုင်းနေပါပြီ။
အလကားရ အလကားသောက်၊ ခုမှ ရေရေလည်လည် တကယ်မူးတာပါလား...ဘုရား....ဘုရား။
မူးပြီဆိုတော့လည်း ရဲစိတ်တွေ ကြွလာသည်။ မူးနေသည့်ကြားက အိမ်ခန်းတခွင် လေ့လာစူးစမ်းမိသည်။
ဇာခန်းစီးပါးပါးလေး ကာထားရာ အိပ်ခန်းဘက် မကြာမကြာ လှမ်းကြည့်မိသည်။
သူ့စိတ်ထဲ မသိုးမသန့်ကြီးဖြစ်နေတာတော့ အမှန်။
နောက်ဆုံး အရဲစွန့်ပြီး အိပ်ခန်းဝ သွားရပ်မိပါပြီ။
ဇာခန်းစီးကို လှပ်ကြည့်မိသည်။
နှစ်ယောက်အိပ် ခုတင်၊ နိုင်လွန်ခြင်ထောင်ထဲမှ ဖဲမွေ့ယာပေါ်တွင် ပိုးလို့ပက်လက် အိပ်မောကျနေသော လူရွယ်တစ်ယောက်။
ဖြူဖျော့ဖျော့ လက်တစ်ဖက်ပင် ခြင်ထောင်အပြင်ထွက်၍ ခုတင်အောက် တွဲလောင်းကြီး ကျနေသေး။
ကိုကြီးအောင် ခေါင်းကို တစ်ချက်ခါရင်း သည့်ထက် ဆက်မကြည့်ရဲသလို မတော်ပါဘူးလေဆိုပြီး ဧည့်ခန်းထဲ ပြန်လာထိုင်သည်။ ဘိုဘိုကျော် ပြောတော့ဖြင့် သူ့မိန်းမဆိုပြီး....အို...။
အရက်ငှဲ့သောက်ရင်းမှ သူ့တိုက်ပုံအိတ်ထဲ ဟိုနှိုက်သည်နှိုက်နှင့် ပိုက်ဆံအိတ်လေးတစ်လုံး ထွက်လာသည်။
လေကလေးတစ်ချက် ချွန်လိုက်ရင်းမှ ပိုက်ဆံအိတ် အကောင်းစားလေးကို ဖွင့်ကြည့်လိုက်တော့ ဒေါ်လာသုံးလေးရွက်၊ ငါးထောင်တန် အချို့နဲ့ နှစ်ရာတန် အကြွေတချို့။
ဘယ်သူ့ ပိုက်ဆံအိပ်လဲ။
အထွေအထူး မေးစရာ မလိုပါ။
စောစောက လှေကားအတက် အမူးလွန်ချင်ယောင်ဆောင်ခဲ့သော သူ့ကို လှမ်းဖက်တွဲတက်ခဲ့စဉ် နှိုက်ယူထားလိုက်တဲ့ ဘိုဘိုကျော်ရဲ့ သားရေစစ် ပိုက်ဆံအိတ်လေးပါ။
စင်စစ်တော့ ဘိုဘိုကျော်ကို နောက်ပြောင်ကျီစယ်မယ်ဆိုပြီး တတ်တဲ့ပညာ မနေသာဆိုသလို လက်လှဲ့လေး တစ်ကွက်ပြခဲ့ခြင်းသာ ဖြစ်ပါသည်။
ဘိုဘိုကျော် ပြန်လာမှ ပိုက်ဆံအိတ်ပြန်ပေးပြီး သူ့အစွမ်းကို ကြွားလုံးထုတ်လိုက်မယ်ပေါ့။
ဒါပေမယ့်
ဘိုဘိုကျော်ကား တော်တော်နှင့်ပြန်မလာ။
ကိုကြီးအောင် စိတ်မရှည်တော့။
ဒီကြားထဲမှ ပိုက်ဆံအိတ်ပါ မှတ်ပုံတင်ကတ်ပြားနှင့် ဒရိုင်ဘာလိုင်စင်ကို ထုတ်ကြည့်မိသည်။
နှုတ်ခမ်းမွှေးမပါ၊ ဒွေးကေနှင့် ဓာတ်ပုံရှင်ရဲ့ နာမည်က ငြိမ်းကျော်.. ...
ဘာပဲဖြစ်ဖြစ် မျက်ခုံး၊ မျက်လုံးနှင့် နှုတ်ခမ်းတွေ၏ ပကတိပုံရိပ်အရ ဘိုဘိုကျော်မှန်း သူတန်းသိပါသည်။
ဒါဖြင့်......ဘာကြောင့်များ ငါ့ကို နာမည်လိမ်ပြောသွားပါလိမ့်။
ကိုကြီးအောင် အတွေးနက်ခဲ့ရပါပြီ။
သို့သော်.....ရှည်ရှည်ဝေးဝေး ဆက်မတွေးနိုင်။
ပြန်ချင်စိတ်က လှုံ့ဆော်ဖိစီးလာသည်။
အချိန်လည်း မရှိတော့ဘူး ပြန်မှပဲ။
ကိုကြီးအောင်.. ..ပိုက်ဆံအိတ်ထဲက နှစ်ရာတန် လေးငါးရွက်ဆွဲနှုတ်ခဲ့သည်။
ပြီးတော့...
ဘိုဘိုကျော် ပြန်လာလျှင် သူ့အပေါ် အထင်မလွဲအောင်ဆိုပြီး မှတ်ပုံတင် ၊ လိုင်စင်နှင့် ငွေတွေပါသော ပိုက်ဆံအိတ်လေးကို တံခါးအတွင်းဘက်မှာ ပစ်ချထားခဲ့သည်။
ဒါမှလည်း သူတော်ကောင်းလေး ပြန်လာတဲ့အခါ ပျောက်နေတဲ့ ပိုက်ဆံအိတ် အိမ်ထဲမှာ ကျကျန်ခဲ့တာပါလားလို့ တွေ့သွားမည်ပေါ့။
ကိုကြီးအောင် လက်ကျန်ပုလင်းလေး ချိုင်းကြားညှပ်လျက် ကြောင်လိန်လှေကားမှ လိမ့်မကျအောင် ဆင်းခဲ့ပြီးနောက် မိုးရေထဲ သိုင်းကွက်နင်းထွက်ခဲ့ပါတော့သည်။
တေ့လွဲလေးပဲ ဆိုပါတော့....
ထိုတိုက်လှေကားသို့ မတ်တူးကားကြီးတစ်စီး ထိုးဆိုက်လာကာ အရာရှိပုံစံနှင့် လူထွားကြီးတစ်ယောက် ဆင်းလာသည်။
ထိုပုဂ္ဂိုလ်အတက်နှင့် ကိုကြီးအောင် အထွက်မှာ ရှေ့ဆင့်နောက်ဆင့် စက္ကန့်ပိုင်းလေးသာ ခြားသွား၏။
သြော်.. ..ပြောင်လက်နေသော မာကြူရီမီးရောင်အောက်မှ နိုင်လွန်လမ်းမများပေါ်မှာတော့......
ကိုကြီးအောင်၏ အရိပ်သဏ္ဌာန်က ရောင်ပြန်ဟပ် ယိမ်းထိုးလျက်...။
ညီညီနိုင် (18 April 2018)