Wednesday, November 7, 2018

“ မျဉ်းဖြောင့်များရဲ့ ကမ္ဘာ”



“ကိုဘတင့် ဧည့်သည်လာတယ်”

ရှေ့ဆီမှ အော်လိုက်တဲ့ အသံကြောင့် အတိတ်ရဲ့ အရိပ်တွေကို ပြန်ဖော်ရင်းအလုပ်ရှုပ်သွားမိတယ်။ ဘယ်သူများပါလဲ။ ကျုပ်ဆီကို တကူးတကလာရလောက်တဲ့ ဧည့်သည်ဆိုတာ မရှိ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲက ကျုပ်က တစ်ကောင်ကြွက်ဘ၀နဲ့ ဖြတ်သန်းလာရတဲ့ လူပျိုကြီး။ ခုကျမှ ဘယ်သူကများ ကျုပ်ဆီကို တကူးတက လာနေပြန်တာပါလိမ့်။

စဉ်းစားရင်းနဲ့ ခေါင်းပေါင်းကိုပြန်ပြင်ပေါင်းပြီး သေသေသပ်သပ်ဖြစ်အောင် ပြုပြင်လိုက်မိတယ်။ လူမှန်ရင် ကျန်မားရေး မကောင်းရင်တောင် ကိုယ့်ဆီလာတဲ့ သူအတွက် စိတ်အနှောက်အရှက်မဖြစ်ရလေအောင် အတတ် နိုင်ဆုံးကြိုးစားပေးရတာပေါ့။ ဒါဟာလူ့ကျင့်ဝတ်လို့ ကြီးကြီးကျယ်ကျယ်ပြောရင်လည်းရပြန်ပါတယ်။

အသားအရည်ခပ်ပါးပါးနဲ့ ကျုပ်ပုံကိုကြည့်ပြီး သားကျွေးမူ မယားကျွေးမူမရှိခဲ့လို လောကဓံ မျက်နှာသာပေး ပြီး အရွယ်တင်နေတယ်နော်လို့ ကျုပ်နဲ့ သက်တူရွယ်သူတွေကပြောကြရင်ဖြင့် ကျုပ်ဖြင့်ရီလိုက်ချင်မိတယ်။ လောကကြီက လောကဓံကို ပညာပေးခဲ့တဲ့ ကြာပေါ့။ ကိုယ်တိုင်လောင်ကျွမ်းမိမှ မီးဆိုတာ ပူမှန်းသိတတ် သလိုပေါ့ဗျာ။ ဒီအကြောင်းအရာတွေကို အတိတ်နဲ့ အသိတရားကြားမှာ မေ့မေ့ပျောက်ပျောက်ထားခဲ့ပြီးမှ ပြန်ပြီး တူးဆွမနေချင်တော့။

အတိတ်လို့တွေးလိုက်လေတိုင်း အသည်းထဲက နင့်ကနဲနေအောင် ဆူးနေတဲ့ မနောဆူးက ပြန်ပြန်ပြီး စိုက်ဝင်နေသလိုခံစားနေမိတယ်။ ပြီးဆုံးခဲ့တဲ့ ဖြစ်အပျက်တွေနဲ့ စကားသံတွေဟာ ကျုပ်နားထဲမှာ မထွက်နိုင်ဘူး။ အင်အားပါပေမယ့် ရည်ရွယ်ချက်မရှိပဲ ဖြစ်ပျက်သွားတဲ့ စိတ်တွေဟာ ကျုပ်စိတ်ကိုခုချိန်ထိနာကျင်နေမိတုန်းဆိုတာကို သူကတော့ သိနိုင်လိမ့်မယ်မထင်ပေ။

ခုတော့ အရာအားလုံးဟာ လောကဓံနဲ့ အချိန်တို့ရဲ့ တိုက်စားမူတွေကြောင့်နေမ၀င်ခင်အဆုံးသတ်သွားခဲ့ကြပြီ။
ခုတော့ ကျုပ်ဟာလည်း ဘုန်းတော်ကြီးကျောင်းတစ်ခုရဲ့ နောက်ဖေးအစွန်လေးမှာ ဘာဝနာကို အသိတရားနဲ့ ပွားရင်း မရဏမင်းလာရောက်ခေါ်ယူမယ့် အချိန်ကိုစောင့်စားရင် ကုတင်ပေါ်မှာ ပက်လက်နေရတဲ့ အချိန်က ခပ်များများပင်။ ငယ်ရွယ်စဉ်က ငါဟဲ့ဆိုပြီး ထားခဲ့တဲ့ မာနတွေ၊ နုပျိုခြင်းတွေ၊ ပိုင်ဆိုင်လိုခြင်းတွေ အားလုံးဟာ နေပူပူမှာပေါ်နေတဲ့ အပူငွေ့လေးတွေလို လေပြည်တစ်ချက်အဝေ့မှာ လွင့်ပါသွားခဲ့ကြရပြီ။

ခုတော့ နေ၀င်ခါနီးမှ ဧည့်သည်ဆိုတဲ့ သူကရောက်လာပြီမို့ ကံကြမ္မာက ကျုပ်အတွက်အလှည့်အပြောင်းများ တစ်ခုခုပေးပြီးလားဆိုပြီး မျော်လင့်ချက် အလင်းတချို့ ကျုပ်ကမ္ဘာကို ၀င်ကာရောက်လာတယ်လို့ဆိုရင်သေခါနီး ဒီအဖိုးကြီး နေ၀င်ခါနီးမှ နုယွနေတယ်လို့ ပြောချင်လည်းပြောကြပါစေ။ အမှန်တော့လည်း စိတ်ကသာ ငယ်ရွယ်သူတစ်ယောက်လို စိတ်အားထက်သန်နေတာပါလေ။ ကိုယ်ခန္ဓာကတော ဆန္ဒတွေနောက် သိပ်မလိုက် နိုင်တော့တဲ့ အခြေနေ။ ပန်းနာများထတဲ့ရက်ဆို ဖားဖိုတစ်ခုလို ဟောဟဲဆိုက်အောင် ရှူရတဲ့ အလကားရတဲ့ လေလေးတစ်ချက်ကိုပင် လောဘကြီးစွာ များများလိုချင်မိသေးတယ်။
လောကကြီးက တစ်ခါတလေမှာ သေရမှာထက် ရှင်ရမှာက ပိုခက်နေတတ်တယ်လေ။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

“ ဦးတင့်လားဟင်”

ဦးတင့်လား ဆိုတဲ့ စကားနောက်မှာ ဟင်ဆိုတဲ့ လေသံဖျော့လေးနဲ့ မေးလာတဲ့ ကောင်လေးတစ်ယောက်ကို ကျုပ်အံ့သြမိအောင်ပင်ကြည့်နေမိတယ်။ ကျုပ်အရွယ်က သာမှန်ဆို အဖိုး.. ဒါမှမဟုတ်လဲ အဘ ခေါ်ရမယ့် အရွယ်ကို ဦးတင့်လားဆိုတော့ ထူးဆန်းမိတာတော့ အမှန်ပင်။

စကားပျော့လေးပြောရင်း ကောင်လေးက ကျွန်တော့်ရဲ့ အရိုးဂေါက်ဂက်လက်ကို သူ့ပါးလေးနဲ့ဖိပွတ်ပြီး ဦးကတော့သားကိုသိမှာမဟုတ်ပါဘူးလို့ ဆိုလာပြန်တယ်။ ကောင်လေးရဲ့စကားတွေက ထူးဆန်းပြီးထူးဆန်းနေတာမို့ ကျုပ်ကုတင်ပေါ်မှာ အိပ်နေရာကနေ အသာထထိုင်ဖို့လုပ်တော့

“ ဒီတိုင်းပဲနေပါ။ ဘဘရယ်” လို့ပြောရင်း ငိုနေပြန်တယ်။ အမှန်ဆို ကျုပ်ကောင်လေးပြောတာတွေ တစ်ခုမှ ခုထိနားမလည်နိုင်သေးဘူး။ ကျုပ်နာမည်ကိုသိနေတာကလွဲပြီး ကျန်တဲ့အရာတွေကို ကျုပ်ခြေရာမခံနိုင်သေး။ နောက်ဆုံးကျုပ်မနေနိုင်တော့ပဲ
“သားကဘယ်သူလဲ။ ဘဘကိုသိလို့လား”

“ ဦးနာမည်ကို ဖေဖေလေး အမြဲပြောနေလို့ ကျွန်တော်သိနေတာပါ”
လို့ပြန်ပြော ပြီး ကျုပ်မျက်နှာကိုကြည့်ကာ ရီပြနေတယ်။ ကောင်လေးရဲ့ မျက်လုံးမှာ ကျုပ်ကိုတွေ့ရလို့ ပျော်ရွင်နေခြင်းနဲ့အတူ ၀မ်းနည်းရိပ်တို့ရောယှက်နေတာကို သိပ်မကြည်လင်လှတဲ့ ကျုပ်မျက်လုံးက ကောင်းကောင်းခွဲခြားနိုင်နေသေးတယ်။

ဒါဟာတစ်စုံတယောက်နဲ့ ပတ်သတ်တဲ့ ဆက်နွယ်မူများလား။ ဇရာရဲ့ မညှာတာခြင်းတွေအောက်မှာ မှတ်ဉာဏ်တွေဟာလည်း ငယ်ရွယ်စဉ်ကလိုမကောင်းတော့တာမို့ ဒီမျက်နှာမျိုးကို ကျုပ်နဲ့ ရင်းနီးကျွမ်းဝင်မူရှိခဲ့လေသလား အပြန်ပြန်အလှန်လှန် စဉ်းစားနေမိချိန်မှာ ကောင်လေးဆီက

“ ဖေဖေလေး …ဦးပြောစကားကို နားထောင်ခဲ့ပါတယ်”
စကားကိုကြားလိုက်ရတဲ့ အချိန်မှာ ကျုပ်ခေါင်းထဲ မိုက်ကနဲနေအောင် ခံစားလိုက်ရပြီး အတက်အကျ မငြိမ်တဲ့ နှလုံးအိမ်က တဒုတ်ဒုတ်ခုန်တယ်။ ဒါဆို ဒါဆို သားက
“…………………………”

မယုံကြည်နိုင်မူတွေနဲ့ ရိုးရှင်းလှတဲ့ စကားလုံးလေးတောင် ကျုပ်ပါးစပ်က မထွက်နိုင်ဘူး။ ခဏတာ အချိန်အတွင်း ပြောင်းလဲသွားတဲ့ ခံစားချက်ကိုများပြောပြရမယ်ဆိုရင် ဒီလိုရင်ခုန်ရခြင်းမျိုးကို စာဖွဲ့လိုရနိုင်မယ် မထင်ဘူး။ ခုချိန်မှာများ သေမင်းက ဘိုးတင့်ရေ မင်းတော့ ငါနဲ့လိုက်ခဲ့ဆိုရင်တောင် ကျုပ်လေ..ကျုပ် ငြင်းဆန် မှုလေး တစ်ချက်အောင် မပြုဘဲနဲ့ လိုက်သွားနိုင်တဲ့ စိတ်အခြေနေကို ပိုင်ဆိုင်ပြီလို့ပြောလိုက်ချင်တယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@


“ ငါ့ကိုသာ သတ်လိုက်ပါတော့ မောင့်တင်ရယ်။ ငါမြင်ရကြားရတာ စိတ်မချမ်းသာလွန်းလို့ပါ။ ဟိုကောင်လေးက လည်း ကိုယ့်ဦးလေး မကြိုက်ပါဘူးဆိုမှ ဒါတွေကို ထပ်ထပ်လုပ်တယ်။ ကိုစိုးနောင်ရယ် ရှင့်ယောက်ဖနဲ့ ရှင့်သား ကိုလာကြည့်ပါဦး”

ညသန်းခေါင်မှာ မြိုသိပ်မှုများစွာနဲ့ အော်လိုက်တဲ့ ကျုပ်အစ်မ ခင်သန်းအသံက ရွာနေတဲ့ မိုးသက်လေပြင်းတွေနဲ့ အပြိုင်ထွက်လာနေတယ်။ ကျုပ်ရဲ့ဘေးမှာလည်း ခွေခေါက်လဲကျနေတဲ့ အစ်မရဲ့သား ကျုပ်ရဲ့တူက ခပ်ရင့်ရင့်ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ မျက်နှာပေးနဲ့ လဲနေတုန်းပင်။ ကျုပ်တူလေးဟာ အစ်မနဲ့ ခြားနာစွာပဲ ခေါင်းမာတယ်။ ဒါကြောင့်လည်း ခုလိုကိုယ်ထိလက်ရောက်ဖြစ်ကြရတဲ့ အထိဖြစ်လာတာပင်။

ကျုပ်အစ်မက ကျုပ်ကိုချစ်တဲ့စိတ်နဲ့ သူ့သားကို ချစ်တဲ့စိတ်နှစ်ခုပေါင်းပြီး ဘယ်သူ့ကိုမှလည်း အပြစ်မတင်နိုင်ပဲ မျက်ရည်ကိုသာ အဖော်ပြုနေလေတယ်။ ကျုပ်လည်း စိတ်လိုက်မာန်ပါသာ ဗိုက်ကိုကန်လိုက်မိတာ။ ကိုယ်တူ ကိုသားလိုချစ်ခဲ့ရသူ အတွက်ဘယ်စိတ်ကောင်းပါ့မလဲ။ ဒါပေမယ့် ဒင်းလေးက ခေါင်းကြောကတော့ အတော့်ကို မာတော့ ထိန်းရသိမ်းရခက်လိုက်တာ။

ခုလည်းကျုပ်အစ်မ အခန်းထဲဝင်သွားမှ တစ်ဖက်ကျွတ်နေတဲ့ မျက်တောင်တုကို နှစ်ဖက်လုံးပြုတ်တောင် ဆွဲဖြုတ်ပြီး သူ့အခန်းထဲကိုဝင်သွားတယ်။ ကျုပ်မှာသာ နာသွားလား ငါ့တူလို့ မေးရမလိုလို နောက်ထပ်ပဲ ထပ်ကန်ရမလိုလိုဖြစ်ပြီး ကျန်နေခဲ့တယ်။ ဟိုအရင်ငယ်တုန်းကတော့ ချိန်းလိုက်ခြောက်လိုက်နဲ့ ရနေသေးတယ်။ ခုအသက်လေးနည်းနည်းရလာတော့ ဗီဇပိုးလေးက ပိုပိုထလာလို့ ထိန်းရသိမ်းရ ပြောရဆိုရ သိပ်ခက်လိုက်တာ။ ဒီပုံအတိုင်းဆို သူဘယ်လိုများ အိမ်ထောင်ဖက် ကောင်းကောင်းရပါ့မလဲဗျာ။

အစ်မကတော့ နေပါစေတော့ဟယ်။ ဘ၀က ဒီလိုပေးမှတော့ ငါက ဘာကိုများ အလိုမကျ ဖြစ်နေရဦးမလဲ ဆိုပြီး ထိန်းမရ သိမ်းမရသမျှ ကံကိုသာပုံကာ ချလေတယ်။ ကျုပ်ကတော့ မရပါဘူး။ ဒီကောင့်ကို ကျားကျားယားယားဖြစ်အောင်ကို ထိန်းကြောင်းဦးမယ်။

ဘ၀ဟာ လိုတာမရ ရတာမလိုတဲ့ အဖြစ်မျိုးနဲ့ပဲ အဆုံးသတ်လေ့ရှိကြောင်းကို ကျုပ်ကိုယ်တိုင် သိချိန်မှာ အရာရာဟာ နောက်ကျသွားခဲ့လေပြီ။ ကျုပ်ပါးစပ်က ထွက်တဲ့ စကားတစ်ခွန်းကို အနာကြီးနာပြီး

“ ကျနော်လည်း ကိုယ့်ဘ၀ကို ကျောင်းနိုင်ပါတယ်”

လို့ပြောကာ မိတ်ကပ်အဖွေးသားနဲ့ မာရေကြောရေ ပြောကာထွက်သွားတဲ့ ကျုပ်တူလေးဟာ ကျုပ်တို့ မျက်စိ အောက်ကိုထပ်ပေါ်မလာတော့ပေ။ အစ်မဟာလည်း ဒီကိစ္စတွေဖြစ်ပြီးနောက်ပိုင်း အစားအသောက် နည်းလာပြီး သိပ်များမကြာတဲ့ နှစ်အတွင်း ကျုပ်ကိုရော သူ့သားကိုပါ လောကကြီးထဲမှာ စိတ်ချသွားခဲ့တယ်။ အစ်မရဲ့ နောက်ဆုံး ထွက်သက်အထိ မောင်နဲ့သားကြားမှာ သွေးကွဲစေမယ့်

“ နင်သိပ်ကိုလွန်တယ် မောင်တင့်ရယ်”

လို့ တစ်ခွန်းမှမဆိုခဲ့သလို သူ့သားလေးကိုလည်း သတိရလိုက်တာဟယ်လို့ တစ်စွန်းတစ်စမှ ဟ…ကာ မသွားခဲ့ပေ။ ပတ်ဝန်းကျင်က ကဲ့ရဲ့မူပေါင်းစုံကို သားတစ်ကောင် မောင်တစ်ယောက်နဲ့ လောကကြီးကို ခါးစောင်းမှာ တင်ထား နိုင်ခဲ့ပေမယ့် အစ်မဟာ လောကကြီးကို အနိုင်နဲ့ ပိုင်းကာ လက်ပြနုတ်ဆက်သွားလေတယ်။ ကျုပ်မှာသာ ပတ်ဝန်းကျင်ကပြောဆိုခံရမှာတွေ စိတ်ပူပြီး ဒီလိုအခြေအနေထိဖြစ်ရကုန်တာ။ သူကတော့ ပါးနီ နုတ်ခမ်းနီးရဲနေအောင် ဆိုးရင်း လောကဓံကို အံတုနေ မှာကျုပ်သိနေတယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

“…………………………”

“ ဖေဖေလေး အပြင်မှာပါတယ်ဗျ။ ဦးမတွေ့ချင်ဘူးထင်လို့ ဘုန်းကြီးကျောင်းဝင်းက သရက်ပင်ကြီးအောက် မှာနေနေရစ်တာ။ သားသွားခေါ်ပေးရမလား။ ”

ကောင်လေးပြောတဲ့ စကားလုံးတွေအောက်မှာ ကျုပ်ခေါင်းကို ငြိမ့်လိုက်မိသလား၊ ဒါမှမဟုတ် ငြင်းလိုက် မိသလားသေချာမသိတော့ပေမယ့် ကျုပ်မျက်စိရှေ့ကိုတော့ ဟိုအတိတ်တစ်ချိန်က

“ ကျွန်တော်လည်း ကိုယ့်ဘ၀ကို ကျောင်းနိုင်ပါတယ်”
လို့ ခပ်တင်းတင်းပြောကာ ထွက်သွားတဲ့ ကျုပ်တူက ကျုပ်ရှေ့ကိုရောက်လာတယ်။ ကျုပ်တူဟာ ဟိုအရင်လိုပဲ ဘယ်အရာမှ ပြောင်းလဲမသွားသေးဘူး။ အရာရာအတွက် စိတ်ခံစားမူတွေဟာ အတိတ်တုန်းကလို နုပျိုနေဆဲ။ ခုချိန်မှာ သူ့ရင်ထဲက အကြိတ်အခဲလေး တွေလည်းပြေပျောက်နေပြီထင်ပါရဲ့။

ကျုပ်တူက ကျုပ်ကိုတင်းတင်းဖက်ပြီး
“လွမ်းလိုက်တာ ဦးတင့်ရယ်။ အမေဆုံးသွားတာကြာပေမယ့် ဦးတင့် ဒေါသကိုကြောက်ပြီးကျွန်တော် အိမ်ကိုမလာခဲ့တာပါ။ အမေ့ ကိစ္စအပြီးမှ မြေပုံကို ကန်တော့ပြီးပြန်ခဲ့ရတဲ့ သားတစ်ယောက်အဖြစ်ကို ဦးတင့်ဘယ်သိနိုင်ပါ့မလဲနော်”

“ မင်းလာတော့ကော ငါကရိုက်ထုတ်နေမှာ မို့လို့လားကွာ”
လို့ ငယ်စိတ်နဲ့ဆို ပြောမိအုံးမယ်ဆိုပေမယ့် ခုချိန်မှာတော့ အရာရာကို တရားသဘောနဲ့သာ တွေးတော နေ နိုင်ပြီ။ ငါးရာနှစ်ဆယ့်ရှစ်နဲ့ လောဘနည်းနည်းချစ်ရတဲ့ အချစ်ကိုပြန်ခံစားရလို့ထင်တယ် ဟိုအရင်ဆို ကြပ် ကြပ်နေတဲ့ ရင်ဘတ်ကြီးကတောင် ဒီနေ့မှာတော့ ချောင်နေလေတယ်။

ဒါနဲ့ ကျုပ်စိတ်ထဲ သိပ်မရှင်းတဲ့ အရာလေးကို တိုးတိုးလေးမေးမိတယ်
“ မင်း အိမ်ထောင်ကျပြီး သားတစ်ယောက်ရသွားတာ ငါအံ့သြမိတယ်”

ဆိုတော့ ကျုပ်တူက ရှက်ပြုံးလေးနဲ့ ခပ်တိုးတိုးလေးပြန်ဖြေတယ်

ဒီကလေးက
-
--
-
-
-
-
-
-
--

“ ကျွန်တော့်ချစ်သူရဲ့သား” တဲ့။

ဇော်ညီညီ(နေပြည်တော်)

14.9.2017 (THU)

Colors Rainbow magazine
January 2018

No comments: