(2017 Color Rainbow LGBT ဝထ္ထုရှည်ပြိုင်ပွဲ ပထမဆုရ )
တရွေ့ရွေ့ထွက်သွားတဲ့ မောင့်ကျောပြင်ကို ကြည့်ပြီး ကျမ စိတ်တွေ ရှုပ်ထွေးလာသည်။ မောင်ကတေ့ ဘာမှ မပြောပေမဲ့ ဝတ်ကျေတန်းကျေပဲ နှုတ်ဆက်ပြီး ပြန်သွားတာကို ကြည့်ကတည်းက သူလည်းစိတ်ထဲတော့ သိပ်မကျေနပ်တာ ကျမ သိသည်။
ကျမကို ကျမလည်း မကျေနပ်။ တကယ်ဆို မောင်နဲ့ ကျမက ငယ်ငယ်လေးကတည်းက ကစားဖော်ကစားဖက်၊ ကျမတို့ နှစ်ယောက်လုံး နယ်က၊ အလယ်တန်းရောက်မှ ရန်ကုန်ရောက်လာကြသူတွေ။ မိဘချင်းကလည်း ငယ်ပေါင်း၊ ရန်ကုန်ရောက်တော့လည်း တနယ်ထဲသားဆိုပြီး ပိုခင်တွယ်မိသည်၊ ခု ဆယ်တန်းပြီးတော့လည်း သူကရုတ်တရက်ကြီး ကျမကို ချစ်ကြောင်းဖွင့်ပြောလာသည်။ သူပြောသည်ကပင် နောက်ကျနေသေးသည်။ တကယ်တော့ ကျမတို့၏ နှစ်ဘက် မိသားစုအပါအဝင် သူငယ်ချင်း မိတ်ဆွေများကပါ ကျမတို့ကို သမီးရည်းစားအဖြစ် ထင်နေကြပြီးသား ဖြစ်သည်။ မဟုတ်သေးကြောင်းကိုလည်း ကျမအနေဖြင့် အထူးတလည် မရှင်းပြမိ။ ထိုကိစ္စနှင့် ပတ်သတ်၍ ဘယ်သူမှ ရေးကြီးခွင်ကျယ် မလုပ်ကြသောကြောင့် စိတ်အနှောင့်အယှက် ဖြစ်စရာမလိုခြင်းကြောင့်လည်း ပါသည်။ ရည်းစားရှိသည်ဟု ထင်ခံရခြင်းကြောင့် တခြား ကောင်လေးတွေ၏ နှောင့်ယှက်ခြင်း မခံရသည်မှာလည်း ကောင်းတယ်ဟု ထင်မိသည်။
ဆယ်တန်းစာမေးပွဲတွေ အောင်စာရင်းထွက်လာတော့ တကယ်ပဲ မောင်ဖွင့်ပြောလာသည်။ ဆယ်တန်းမပြီးမချင်း ပညာရေးမှ လွဲ၍ တခြား စိတ်မဝင်စားဟူသော ကျောင်းသူလေးများ ကြွေးကြော်နေကျ လက်သုံးစကားနည်းတူ ကျမ ကြွေးကြော်ခဲ့သောကြောင့် ဆယ်တန်းအောင်စာရင်းတွေ ထွက်တဲ့ထိ စောင့်ခဲ့ခြင်းဖြစ်သည်ဟု မောင်က ပြောသည်။ တကယ်တော့ ကျမကိုယ်တိုင်ပင် အဲ့ဒိ့စကားပြောခဲ့မိသလား ကျမမမှတ်မိ။
ချစ်တယ်၊ ချစ်လား ပြောတော့ ကျမ နှစ်ခါမစဉ်းစားပဲ ခေါင်းငြိမ့်ခဲ့သည်။ ကျမ မောင့်ကို ချစ်လား၊ မချစ်လား ကျမ မသိပါ။ ကျမ သိတာက မောင့်နှင့် အတူရှိနေလျှင် စိတ်ချမ်းသာသည်။ ငယ်သူငယ်ချင်းလည်း ဖြစ်သည်မို့ လျှို့ဝှက်ချက်မရှိ ဘာမဆို အကုန်ဖွင့်ဟ တိုင်ပင်သည်။ သူ့ကို အားကိုးသည် ယုံကြည်သည်။ ချစ်သည် မချစ်သည်ကို ကျမ အရေးတယူ မစဉ်းစားမိ။ မောင်က ကျမကို ဖွင့်မပြောလျှင်တောင် အချိန်တန်လျှင် မိဘများက စီစဉ်မည်ဟု ကျမတွေးမိသည်။ ရှေးရိုးဆန်၍ လင်ယောကျာ်းကို ရိုသေသော ကျမအမေ နှင့် ထက်မြက်သလောက် သူတပါးကို သြဇာလွှမ်းမိုးချင်သော ကျမ အဖေတို့က ကျမ ချစ်ခြင်း၊ မချစ်ခြင်းကို ထည့်တွက်မည် မဟုတ်ပဲ လုပ်ရိုးလုပ်စဉ်အတိုင်း သင့်တော်ရာနှင့်သာ နေရာချမည်ဖြစ်ကြောင်းလည်း ကျမသိသည်။ ထို သင့်တော်ရာမှာ မောင် ဖြစ်နေသေးသရွေ့လည်း ပြဿ နာ မရှိဟု ကျမထင်သည်။
တကယ်တမ်းကျတော့ ပြဿ နာ ရှိလာပြန်သည်။ ထိုပြဿ နာမှာ တခြားတော့ မဟုတ်။ ကျမ ကိုယ်တိုင်ပင်ဖြစ်သည်။ တသက်လုံး နင်နဲ့ငါ ပြောခဲ့ရာမှ ရည်းစားဖြစ်တော့ မောင်ရယ် ယွန်းရယ် ဆိုပြီး ပြောင်းခေါ်တဲ့ထိလည်း ပြဿ နာမရှိ။
တကယ်တမ်း သမီးရည်းစားရယ် ချိန်းတွေ့ကြတော့ ထူးခြားတဲ့ ခံစားမှုကို ကျမ စခံစားရသည်။ မောင်က ကျမကို ပထမဆုံး လက်ကိုင်ဖို့ ကြိုးစားတော့ ကျမငြင်းမိသည်။ အစကတော့ မောင်က ကျမရှက်နေသည်ထင်ပြီး ရယ်ကျဲကျဲ နဲ့ အကြွေးမှတ်ထားမည်ဟု သာပြောသည်။ သို့သော် ရှက်၍ မဟုတ်ကြောင်း ကျမသိသည်။ ထိုနေ့မှစ၍ မောင်နှင့် တွေ့ရတိုင်း ကျမစိတ်ထဲ တင်းကျပ်လာသည်။ တစ်ခုခုကို ဟန်ဆောင်နေရသလို ထိန်းချုပ်ထားရသလို ဖြစ်လာသည်။
ရေအနက်ကြီးထဲတွင် အသက်အောင့်ပြီးရေငုပ်နေရသလို၊ အနှစ်ခံနေရသလို အသက်ရှုမဝ ဖြစ်လာသည်။ ရင်ထဲတွင် တင်းကျပ်လာပြီး ပြေးပြေး ရေပေါ် ရောက်အောင်ပြေး အကုန်လုံးကို လွှတ်ချခဲ့ဟု ကြားယောင်နေသလို ဖြစ်လာသည်။ မောင်အနားတွင်မရှိတော့သည်နှင့် တစ်ပြိုင်နက် ဟင်း ခနဲ သက်ပြင်းရှည်ကြီး ချပြီး အသက်ကို အလုအယက် ရှုရသည်မှာ လုပ်ရိုးလုပ်စဉ် တစ်ခုလိုဖြစ်လာသည်။
မောင့်ကို ကျမ သံယောဇဉ် ရှိပါသည်။ ချစ်သည်ဟုလည်း ထင်ခဲ့မိသည်။ ခုလည်း မချစ် မဟုတ် ချစ်သည်။ သို့သော် မောင့်ကို ချစ်ခြင်းသည် အဓိပ္ပာယ်ကွဲသည်ဟု ထင်မိသည်။ ဒီနေ့ ဖြစ်တဲ့ ကိစ္စအတွက်တော့ ကျမ အရမ်းစိတ်မကောင်းဖြစ်မိသည်။
ဖြစ်ပုံက မောင်က ကျမဆီကို အလည်လာသည်။ အိမ်တွင် ဘယ်သူမှ မရှိ၊ ဒါကလည်း အဆန်းတော့ မဟုတ်၊ အရင်ကလည်း နှစ်ယောက်တည်း အကြိမ်များစွာ အတူရှိဖူးသည်။ မောင့်ရဲ့ ကိုယ်ကျင့်တရားကို ဘယ်တုန်းကမှ မေးခွန်း မထုတ်ခဲ့။
ဒီနေ့လည်း မောင်ရောက်လာတော့ ဧည့်ခန်း ဆိုဖာပေါ်တွင် အတူတူထိုင်ကြသည်။ မောင်က နည်းနည်းပိုပြီး ပူးကပ်လာတော့ စိတ်မသက်မသာ ဖြစ်လာသည့်တိုင် ဖွင့်မပြောခဲ့၊ နောက် မောင်က ကျမလက်ကို ကိုင်ကာ နမ်းရှုံ့သည်ထိလည်း ကျမ ငြိမ်ခံနေခဲ့သည်။ စိတ်ထဲတွင်တော့ မအီမသာ ဖြစ်လာသည်။ ရွံရှာ မိသလို၊ မုန်းတီးမိသလို။ မောင့်ကိုလား၊ ကျမကိုယ် ကျမလား ကျမလည်း မသိတော့။ မောင်က တဖန် သူဘယ်လက်ကို ကျမ ပုခုံးပေါ် သိုင်းကာ ကျမကို ဆွဲယူပြီး နမ်းရှုံ့ရန် ကြိုးစားသည်။ တကယ်တော့ ရည်းစားသက်တမ်း ၃လအတွင်း ဒီတစ်ခါသာ အနီးစပ်ဆုံးဖြစ်ခဲ့သည်။ အရင်ကဆို လက်ကိုင်ရုံမျှဖြင့်ပင် စိတ်ရှုပ်လာပြီး ရုန်းကန်ခဲ့သည်။ အဲ့ဒိ့အတွက်လည်း ကျမမှာ အားတုံ့အားနာ ဖြစ်ရသည်။ လူကြားထဲမို့ ရှက်ခြင်းလား ကျမကိုယ်တိုင်ပင် မသဲကွဲခဲ့။
ခုတော့ အိမ်မှာ ဘယ်သူမှ မရှိ၊ မောင်က ကျမကိုနမ်းရှိုက်ရန် ကြိုးစားနေသည်။
" ဟင့်အင်း ဟင့်အင်း " ကျမကိုယ် ကျမ မသိလိုက်ခင်မှာပင် အလန့်တပြား ငြင်းဆန်ပြီး မောင့်ကို တွန်းဖယ်လိုက်ကာ ဆိုဖာပေါ်မှ ခုန်ထမိလိုက်သည်။
" ယွန်း... ယွန်း ... ဘာဖြစ်လို့လဲဟင် " မောင့်အသံက ဇဝေဇဝါ နှင့် ရှက်သွားပုံလည်း ပေါ်သည်။
" ဆောရီးပါ မောင်ရယ်၊ ယွန်း တစ်ယောက်ထဲ နေပါရစေ၊ ပြန်ပါတော့နော် "
" သြော်... အင်းပါ ယွန်းရယ်.. ဘာအဆင်မပြေတာရှိလဲ၊ တစ်ခုခုဆို မောင့်ကို ပြောနော် "
" ဟုတ်ကဲ့ပါ မောင်.. ဒီတိုင်းပဲ.. ဒီလိုပါပဲ "
ဒီလိုနဲ့ အစမှာ ကျမပြောခဲ့သလို မောင်ပြန်သွားခဲ့သည်။ ကျမကတော့ စိတ်တွေ ရှုပ်ထွေးပြီးကျန်ခဲ့သည်။
ထိုကိစ္စတွေ ဖြစ်ပြီး တစ်ပတ်ကြာတော့ ကျမတို့ သင်တန်းကလူတွေ စုပြီး ပုဂံသွားဖို့ ဖြစ်လာသည်။ မောင်ကတော့ ထိုအတောအတွင်း သိပ်ပြီး ရွှင်ရွှင်မြူးမြူးမရှိလှ။ ကျမကလည်း ခပ်ခွာခွာနေနေမိသည်။
ပုဂံသွားမဲ့ ခရီးစဉ်ကိုလည်း မောင် မလိုက်ခဲ့။ အဲ့ဒိအတွက်တော့ စိတ်မကောင်းဖြစ်မိသလို တဖက်ကလည်း စိတ်သက်သာရာ ရမိသည်။
မိုးတွင်းကြီး ပုဂံသွားရတာ တမျိုးတော့ ကောင်းသလိုပင်၊ စိမ်းစိုနေသော အညာဒေသကို မြင်ရသည်မှာ တမျိုးဆန်းသည်။ ကျမက မေရီဆိုသော မိန်းကလေးနှင့် တခန်းထဲ အတူတည်းရသည်။ အားလုံးက ၃ယောက်ခန်းရသည်။ ၂ယောက်တည်း အစွန်းထွက်နေသဖြင့် ကျမနှင့် မေရီ နှင့်သာ တစ်ခန်းလုံးမှာ နှစ်ယောက်တည်း နေရသည်။ ကျမတို့ သင်တန်းက လူများသဖြင့် တည်းခိုခန်းတစ်ခုလုံး သင်တန်းမှ လူများဖြင့် ပြည့်သွားသည်။ ကျမတို့ နှစ်ယောက်ခန်းအတွက် Twin bed ပါသော အခန်းမရ၊ Double bed သာရသည်။ ဆရာမကလည်း မိန်းမကလေးချင်းပဲ နေလိုက်ပါ သမီးတို့ရယ် ဟုဆိုလာသည်။ ကျမအနေဖြင့်လည်း သိပ်ပြဿ နာ မဟုတ်ဟု ထင်မိသည်။ မေရီကလည်း လိုလိုလားလားပင် လက်ခံသည်။
မေရီ က နည်းနည်းတော့ ထူးခြားသည်။ သူက ဆယ်တန်းနှစ်နှစ်ကျ၊ အသက်က ၁၈ ကျော်နေပြီဖြစ်သည်။ စာမေးပွဲကျသည်ဆိုပေမဲ့ အတော်ညဏ်ထက်သူဖြစ်သည်။ ကြားရသည်မှာတော့ မိသားစု ပြသနာများဖြင့် အမြဲစိတ်ညစ်နေရပြီး အရွဲ့တိုက်သောကြောင့် ကျရသည်ဟု ကြားသည်။ ကျမတို့ နယ်မှာက ကျောင်းတက်နောက်ကျသဖြင့် ဆယ်တန်းနှစ်နှစ်ကျပြီးမှ အောင်လာသော မေရီနှင့် ကျမက အသက်တစ်နှစ်သာကွာသည်။ အသက် ၁၈ ကျော် မေရီက ကျမထက် ပိုညှက်သည်။ ကျမကတော့ ငယ်စဉ်က နယ်မှာ လွတ်လွတ်လပ်လပ် ပြေးလွှားဆော့ကစားခွင့် ရခဲ့သူမို့ သန်မာသည်။ အကြမ်းခံသည်ဟု ပြောရမည်။ မေရ်ီက မျက်နှာလေးကတော့ နုနုနယ်နယ်။ ဒါပေမဲ့ သူ့ပုံက ထက်မြက်ပုံပေါ်ပြီး အမြဲတက်ကြွနေသည်။ သူ့ထက်ကြီးသော ဂျင်းဂျာကင် အဟောင်းကြီးကို မကြာမကြာ ဝတ်တတ်သည်။ ဆုံးသွားသော သူ့အဖေဟာဟုလည်း ကြားမိသည်။ မျက်လုံးတောက်တောက်၊ အသားဖြူဖြူ၊ နုနု နှင့် ဂျာကင်ကြီးကြားမှာ တစ်ကိုယ်လုံး မြုပ်ဝင်နေသော ခပ်စွာစွာ ကောင်မလေး မေရီကို ကျမ သတိထားမိသော်လည်း တရင်းတနှီးတော့ မရှိလှ။ တကယ်တော့ မေရီ် နှင့်သာ မဟုတ်။ တခြားသူများနှင့်လည်း သိပ်တရင်းတနှီး မရှိလှ။ ကျမအတွက် သူငယ်ချင်းလိုရော ရည်းစားလိုရေ ပေါင်းလို့ရသည့် မောင်က အနားမှာ တစ်ချိန်လုံး ရှိနေ၍ ဖြစ်သည်။
" ယွန်း ဟုတ်တယ်မလား၊ အစ်မက မေရီ ပါ၊ မြင်နေကျပေမဲ့ တခါမှ သေချာမိတ်မဆက်ဖူးဘူး " အခန်းထဲ ရောက်ရောက်ချင်း မေရီက နှုတ်ဆက်သည်။ သူကသာ သူ့ကိုယ်သူ အမလို့ နာမ်စားသုံးနေသော်လည်း ကျမ မျက်စိထဲတော့ ကောင်မလေးသေးသေးလေးသာ ဖြစ်သည်။
"ဟုတ်. ကျမ က ယွန်း ပါရှင့်၊ သေချာ မနှုတ်ဆက်ဖြစ်သေးဘူးနော် "
" ဟုတ်တယ် ယွန်းက ဘေးမှာ ကောင်လေးတစ်ယောက်နဲ့ အမြဲ အလုပ်ရှုပ်နေတာလေ၊ ရည်းစားမဟုတ်လား၊ သူရော ပါမလာဘူးလား "
"သြော ဟုတ်တယ်။ မောင်က နေသိပ်မကောင်းလို့ လိုက်မလာတာ၊ သူနဲ့က ကလေးဘဝတည်းက တူတူလေ "
မေရီက ကျမကို ပြုံး၍သာ ကြည့်နေသည်။ သူမရဲ့ ပြုံးနေပုံက အဓိပ္ပာယ်ဖော်ရခက်သည်။ ရုတ်တရက် ရင်ထဲမှ ထူးထူးခြားခြား လှုပ်ရှားလာသည်။ ဘာကြောင့်ရယ်မသိ။
အခန်းထဲမှာ ပစ္စည်းများ နေရာချပြီးတော့ အလည်အပတ် ခရီးစဉ်က စချေပြီ။
တနေ့လုံး ကျမ မေရီနှင့် တူတူရှိနေသည်။ ရင်ခုန်စရာ၊ ပျော်စရာဟု ကျမ ခံစားမိသည်။ ညနေစောင်း၍ အခန်းပြန်ရောက်တော့ ညစာမစားခင် ရေမိုးချိုး ဖြီးလိမ်းရသည်။
မေရီက တူတူချိုးမလားဟု ပြောတော့ ခပ်အေးအေးပင် ငြင်းလိုက်သည်။ အရှက်အကြောက်ကြီး၍ ရှေးရိုးဆန်လာသော အမေ၏ အုပ်ထိန်းမှု အောက်မှ ကျမသည် မဟုတ်မခံ၊ ပြောရဲဆိုရဲ ရှိသော်လည်း တချို့နရာများတွင် အမေ၏ နည်းတူ ရှက်ရွံ့မြဲ၊ ရှေးဆန်မြဲပင်။
မေရီက ကျမကို အရင်ချိုးခိုင်းသည်။ ကျမ ရေချိုးသည်က အတော်မြန်သည်။ ရေချိုးပြီးတာနဲ့ မေရီဝင်သည်။ သူရေချိုးခန်းထဲ ဝင်သွားပြီဆိုတော့ ကျမလည်း လွတ်လွတ်လပ်လပ်ပင် အဝတ်လဲသည်။ ပေါ့ပေါ့ပါးပါး အားကစားဘောင်းဘီရှည် ဝတ်ပြီး ဘယာကို ဝတ်သည်။ အပေါ်မှ ဝတ်ရန် တီရှပ် တစ်ထည်ကို ယူလိုက်ချိန်မှာပင် ဖျတ်ခနဲ ရေချိုးခန်းတံခါး ပွင့်လာသည်။
မေရီက သဘက်ကိုရင်လျှားရင်း တံခါးဝမှ နေ၍ ကျမကို စိုက်ကြည့်နေသည်။ ကျမစိတ်ထဲ ဒုတိယအကြိမ် ရင်တွေခုန်ပြီး စိတ်လှုပ်ရှားလာပြန်သည်။ ရေငတ်သလိုလို၊ အသက်ရှုပ် ကြပ်သလိုလိုဖြစ်သည်။
မေရီက ကျမဘေးမှ ဖြတ်ကာ ကုတင်ပေါ်သို့ သဘက်ပတ်လျက်ပင် လှဲချလိုက်သည်။ ဆံပင်ဖျားများမှာ ရေစိုလျက်ရှိသည်။
"ယွန်းက ကိုယ်လုံးလှတယ်နော်၊ ကစားထားတာလား၊ ခုလို အားကစားဘောင်းဘီပွနဲ့ ဘယာနဲ့ ဆိုတော့ ကြည့်ရတာ လက်ဝှေ့သမားကြီးကျနေတာပဲ "
မေရီကအိပ်ယာပေါ်မှာ ပက်လက်လှန်ကာ ကျမကို ငေးကြည့်ရင်းပြောသည်။
အပြင်မှာ ရုတ်တရက် မိုးတွေ ရွာချလာသည်။
မိုးများက တဝုန်းဝုန်းနှင့်၊ အိပ်ယာ ခေါင်းရင်း ပြတင်းပေါက်မှ မိုးစက်များ ဝင်လာသည်။
" ဟယ် မိုးပက်နေပြီ၊ မေရီ ရေ ပြတင်းပေါက် ပိတ်လိုက်ပါဦး "
" အင့်ဟင်း... မေရီ ကိုယ်တွေကိုက်ပြီး မလှုပ်ချင်ဘူး။ ယွန်းပဲ ပိတ်လိုက်ပါကွာ...နော် "
ကျမလည်း အိပ်ရာပေါ် အပျင်းတစ်နေသော မေရီကို တချက်ကြည့်ကာ အိပ်ယာပေါ်သို့ ကုန်းတက်ပြီး မေရီ့ကို ခွမိုးလျက်ပင်၊ လက်ကို ဆန့်ထုတ်၍ မှန်တံခါးကို ဆွဲပိတ်သည်။
" ဒီညတော့ မိုးအေးအေးနဲ့ ကွေးပြီလေ၊ အဲကွန်းတောင်မလိုတော့ဘူး "
လက်ကို ရုတ်၍ ရှေ့သို့ ဒူးထောက်ကာ ကုန်းထားသော ခါးကို နောက်သို့ ရွှေ့ရင်းပြောသည်။
" နော့ မေရီ "
မေရီက ဘာမှ ပြန်မပြော၊ ကျမ ငုံ့ကြည့်လိုက်တော့ မေရီက ကျမအောက်မှ နေ၍ ကျမကို ရီဝေဝေ မော့ကြည့်နေသည်။ ကျမက သူ့ကို အပေါ်မှ မိုး၍ လေးဘက် ခွလျက်သား၊ မေရီက ခေါင်းကို ဘေးသို့ စောင်းပြီး ကျမ လက်မောင်းများကို ပွတ်သပ်သည်။
" ယွန်းရဲ့ လက်မောင်းတွေက သန်တယ်နော်၊ ကစားလား ယွန်း "
" ထွေထွေထူးထူးတော့ မကစားပါဘူး။ ဒီတိုင်း အိမ်အလုပ်တွေ ဝိုင်းလုပ်ပေးရလို့နေမှာ၊ အဖေက စည်းကမ်းကြီးတယ်၊ မိန်းမပီသမှ ကြိုက်တာ၊ မေရီ့ အဖေကရော "
ကျမ မရည်ရွယ်ပဲ မေးပြီးမှ ရုတ်တရက် အမှားကြီးလုပ်လိုက်မိပြီဟု သိလိုက်ရသည်။ မေရီ့ အဖေက ဆုံးသွားပြီပဲ။ သူ့အဖေသေဆုံးကမှူက သူတို့ မိသားစုတွင်း အရှုပ်အထွေးပေါင်းများစွာ ဖြစ်စေခဲ့သည်ဘေ။ ကျမ အလန့်တကြား ငုံ့ကြည့်လိုက်မိတော့ မေရီမှာကျမ လက်မောင်းတွေကို တို့ထိထားလျက်ကပင် ကြက်သေသေနေဟန်ဖြင့် ကျမကို မော့ကြည့်နေပြန်သည် ။ မျက်လုံး အိမ်ထဲတွင် မျက်ရည်များ ဝေ့တက်လာသည်ဟု ထင်မိသည်။
" အို .. မေရီရယ်.. မေရီ ဆောရီးပါ၊ ကျမ မရည်ရွယ်ပါဘူး "
မေရီက ကျမကို ငေးကြည့်နေဆဲ ဖြစ်သည်။ မေရီ့ပါးလေးကို ကျမ အသာအယာ ကိုင်လိုက်သည်။ လက်မဖြင့် စီးကျလာသော မျက်ရည်စက်ကို ပင့်သုတ်လိုက်သည်။
မေရီရယ် မေရီ့ နှဖူးလေးကိုကျမ ဖွဖွလေး နမ်းလိုက်သည်။ နောက် ပါးကို မွှေးသည်။
ဘာရည်ရွယ်ချက်မှ မရှိ၊ သည်အတိုင်း မေရီ့ကို ခံစားရ သက်သာစေရန်သာဖြစ်သည်။
ပါးလေးကို မွှေးပြီး မေရီ့ကို ငုံ့ကြည့်မိသည်။ မေရီ့မျက်လုံးလေးများမှေးစင်းနေသည်။ ကျမ စိတ်ထဲတတိယ အကြိမ်မြောက် ရင်တွေ ခုန်လာပြန်သည်။
မေရီက ကျမကို လက်မောင်းကို ထိထားသော သူ့လက်ကို မြောက်ကာ ကျမလည်ပင်းကို သိုင်း၍ နောက်တစ်ဖက်ဖြင့် ကျောနောက်မှ သိုင်းယူကာ ကျမကို သူ့မျက်နှာဆီ ဆွဲချသည်။
" ဟင့်အင်း အဲ့ဒိ့လို မဟုတ်ဘူးလေ၊ မဟုတ်ဘူး "
ကျမ စိတ်ကမှ အသံကုန်အော်ဟစ်နေသော်လည်း အသံများက လည်ချောင်းထဲတွင်သာ တစ်နေသည်။
မှန်ပြတင်းပေါက်ကို မိုးစက်တွေ တဝုန်းဝုန်း ရိုက်သံတွေကြားတွင် မေရီ့ ညည်းသံထွက်လာသည်။
ကျမ နှုတ်ခမ်းများက တသက်တာတွင် အနူးညံ့ဆုံးရ အချိုမြိန်ဆုံး အရာတစ်ခုကို ခံစားနေသည်။ ပါးပြင်မှ လည်ကုပ်၊ ထိုမှတဆင့် မေရီ့ လက်ချောင်းများက ကျမကျောပေါ်တွင် လျှောက်သွားနေပြီး ကျမ ဘယာချိတ်ကို လှမ်းကိုင်လိုက်သည်။
" ကလစ်၊ ကလစ် " တံခါး လက်ကိုင်လှည့်သံကြောင့် ကျမ ထူပူသွားမိပြီး မေရီ့ကို တွန်းဖိချကာ အမြန်ထရပ်ပြီး နီးရာအဝတ်တစ်ခုကို ဆွဲယူသည်။
" ဟေ့ တို့ ဝင်လာမယ်နော် "တံခါးက ဟလာပြီး အဖွဲ့ခေါင်းဆောင် သီရိ အသံက ထွက်လာသည်။ မရှေးမနှောင်းမှာပင် သီရိ လူကိုယ်တိုင် အခန်းထဲ ရောက်လာသည်။
" ဟိတ် ဘာတွေ လုပ်နေကြတာလဲ၊ မပြီးကြသေးဘူးလား၊ ညစာစားဖို့ လူစုံနေပြီ " သီရိက စပ်ဖြဲဖြဲဖြင့် ပြောသည်။ သူ့မျက်နှာမှာ မချိုမချဉ် ဖြစ်နေသည်ဟု ကျမ စိတ်ထဲ ထင်မိသည်။ ကျမ မျက်နှာမှာ ထူပူနေပြီး ခေါင်းကြီး ကြီးလာကာ ပေါက်ကွဲထွက်တော့မည်ဟုခံစားနေလျက်ကပင် မသိသာဖူးဟု မျှော်လင့်လျက်
" အင်း ကျမက ပြီးပြီ၊ မမေရီလေ ၊သူ ခေါင်းဆံပင်တွေ မခြောက်သေးလို့ ကူညီပေးနေတာ "
"အင်း..ဟုတ်တယ်။ အမ ဆံပင်တွေခြောက်အောင်လုပ်ပြီး မြန်မြန် ဆင်းခဲ့မယ်နော် " မေရီကပါ သဘက် ရင်လျားဖြင့် ကုတင်ပေါ် ထိုင်နေရင်း ဝင်ပြောသည်။ မေရီ ဘယ်တုန်းကပင် ထထိုင်လိုက်မှန်း ကျမ မသိလိုက်။
သီရိ ထွက်သွားသည်နှင့် ကျမ အရုပ်ကြိုးပျက် ထိုင်ချလိုက်မိသည်။ သီရိ သီရီ ၊ အဖွဲ့ခေါင်းဆောင် သီရိ၊ သီရိ အဖွဲ့ခေါင်းဆောင် ဖြစ်နေရခြင်းမှ စပ်စုတတ်ခြင်း၊ စကားများခြင်း၊ သတင်းစုံခြင်း၊ ဖင်ပေါ့၍ ခိုင်းကောင်းခြင်းတို့ကြောင့် ဖြစ်သည်။
ခု သူကျမတို့ကို မြင်သွားသလား၊ မမြင်ဖူးလား ကျ မ မသိ၊ တံခါးလက်ကိုင်ကို လှည့်သံ ကြားကြားခြင်း ထထိုင် လိုက်သည်မှာ သေချာသော်လည်း သူအပြင်က ချောင်းကြည့် နေမလားဟု တွေးမိသည်။
ချောင်ကြည့်ရင်ရော၊ ကျမ တို့ မတော်တဆ နမ်းမိခြင်းသာ ဖြစ်သည်ဟု ပြောမည်။ ဟုတ်သည်။ တကယ်လည်း မတော်တဆဖြစ်ပြီး စက္ကန့်ပိုင်းလောက်သာ ကြာခဲ့သည်။ မေရီ့ကို ကျမ စူးစူးရဲရဲ ကြည့်မိသည်ဟု ကျမထင်သည်။ မေရီက ဂါဝန် ပွပွကို ကောက်စွပ်ပြီး တံခါးဝကို လျှောက်သွားသည်။
" မေရီ.. လျှောက်မပြောနဲ့နော် " ကျမက အံကြိတ်သံဖြင့် သတိပေးတော့ မေရီက အင်းပါ ဟု စိတ်မပါလက်မပါ ပြောပြီး ထွက်သွားသည်။
ညစာစားပွဲတွင်အားလုံး လူစုံနေပြီမို့ အားလုံး၏ မျက်လုံးများက နောက်ဆုံးမှ ဝင်လာသော ကျမနှင့် မေရီ နှစ်ယောက်ဆီသာ ရောက်နေသည်။
ကျမပဲ စိတ်ထင်၍လား မသိ၊ အားလုံးက စပ်ဖြဲဖြဖြစ်နေသည်။ အထူးသဖြင့် ယောက်ျားလေးများက အလွန်ရယ်စရာကောင်းသော တစ်ခုခုကို ချုပ်တည်းထားရဟန်ဖြင့် ပြီတီတီ ဖြစ်နေပြီး မိန်းကလေးများ အချင်းချင်း တီးတိုးတီးတိုးလုပ်နေသည်။
" ဟာ ဒီအတွဲ နောက်ကျလှချည်လား၊ ဘာတွေ လုပ်နေကြတာလဲ " ဘယ်သူ့ဆီကမှန်း ကျမ သတိမထားမိသော ယောကျာ်းလေး အသံတစ်သံထွက်လာပြီး ဝါးခနဲ ရယ်သံ အပြုံလိုက်ကြီး ထွက်လာသည်။
ကျမ တစ်ကိုယ်လုံး ပူသထက် ပူလာပြီး အငွေ့ပျံတော့မည်ဟု ထင်မိသည်။ စိတ်တွေ ရှုပ်ထွေးလာပြီး ဘာကို ဒေါသထွက်မှန်း မသိထွက်လာသည်။
ကျမကိုယ်ကျမလား၊ မေရီ့ကိုလား၊ ရွာချလာသည့် မိုးလား၊ သီရိလား၊ ရယ်နေကြသည့် လူတွေလား။
ညစာစားပွဲက တစ်သက်တာတွင်စိတ်အဆင်းရဲ ရဆုံးညစာစားပွဲ ဖြစ်လာသည်။
ပြောသမျှ စကားလုံးတိုင်း၊ လုပ်သမျှ အပြုအမူတိုင်းသည် ကျမနှင့် မေရီတို့ ကိစ္စကို သီရိက မြင်သွားပြီး အားလုံးကို ပြောပြလိုက်၍ ကျမတို့ စောင်းမြောင်း လှောင်ပြောင်နေသည်ဟုသာ ထင်နေမိသည်။
အင်မတန်စည်းကမ်းကြီး၍ မဟာပုရိသ ဝါဒရှင်ဖြစ်သော အဖေ့ကိုလည်း မျက်လုံးထဲ မြင်လာမိ၍ ကျမ စိတ်ထဲ ကြောက်လန့်လာသည်။ ငယ်စဉ် နယ်မှာ နေတုန်းက မီးသွေးဆိုင်ဖွင့်ထားသော ယောကျာ်းလျှာတစ်ယောက် တရက် အိမ်အပြန်လမ်းတွင် သူနဲ့ အတူပေါင်းသင်းလျက်ရှိသော ယောကျာ်းလေးသူငယ်ချင်းအုပ်စုထဲမှ သုံးယောက်က သူ့အား မုဒိမ်းကျင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသည်ကို ပြန်အမှတ်ရသည်။ သူ အသတ်ခံရတော့ သနားသော လူများထက် အပြစ်တင်သူများက ပိုများခဲ့သည်။
ထိုလူများထဲတွင် ကျမ အဖေက ထိပ်ဆုံးက ဖြစ်သည်။
မိန်းကလေးတန်မဲ့ ယောက်ျားတရုံးရုံးနဲ့ နေတယ်။
သဘာဝကို လွန်ဆန်တယ်။ မိန်းမက မိန်းမပဲ ခုတော့ ခံရပြီမလား၊ စသဖြင့် အမျိုးစုံနေကာ အဓိကကတော့ မိန်းမဖြစ်ပြီး သဘာဝကို လွန်ဆန်၍ သည်လို အဖြစ်ဆိုးနဲ့ ကြုံရသည်ဟု ကျမအား ဆုံးမခဲ့သည်။ ကျမကိုယ်တိုင်လည်း ထိုအတိုင်းပင် လက်ခံထားခဲ့သည်။ ရှေးရိုးစွဲ အတ္တကြီးသော အဖေသည် အမေ့ကိုလည်း သူ့စိတ်တိုင်းကျ ပုံသွင်းပြီး ကျမအားလည်း သူ့သဘောအတိုင်း နေစေခဲ့သည်။
ခုတော့ ကျမကပါ မိန်းမချင်းနမ်းခဲ့သတဲ့။ အဖေများသိရင် ဘယ်လောက်တောင် ဒေါသထွက်မလဲဟု ကျမတွေးရင်း ကျောထဲ စိမ့်လာသည်။
မေရီ့ကို ကြည့်လိုက်တော့မေရီက ခေါင်းကြီး ငုံ့လျက် အစားသာ တွင်တွင်စားနေသည်။ ထိုည အခန်းထဲ ပြန်ရောက်တော့ နှစ်ယောက်သား ကျောခိုင်းကာ ကိုယ်စီ အိပ်ရာဝင်ခဲ့သည်။
မီးများပိတ်၍ မှောင်မဲနေသော အခန်းထဲတွင် မိုးသံတဖြောက်ဖြောက်သာ ကြားနေရသည်။
အမှောင်ထဲကို ငေးရင်း ဒီနေ့ဖြစ်ခဲ့တာတွေကို စဉ်းစားမိသည်။ ထိုအချိန်က ကျမစိတ်တွေ ဘယ်လိုဖြစ်နေခဲ့သလဲဟု ပြန်တွေးသည်။ ကြောက်စရာကောင်းလောက်အောင်ပင် ကျမ ကိုယ်တိုင်က စိတ်အားထက်သန်နေခဲ့သည်။ မောင်နှင့် အတူ ရှိနေစဉ်က ခံစားမှုမျိုးမဟုတ်၊ မောင် ကျမ လက်ကိုကိုင်တဲ့အချိန်တိုင်း၊ ပွေ့ဖက်သည့်အခါတိုင်း၊ နောက်ဆုံး နမ်းရန်ကြံခဲ့သည့်အခါမျိုး ထိုအခါမျိုးတိုင်း စိတ်ရှုပ်ရသည်။ မသိစိတ်က မနှစ်မြို့၊ ခုတော့ ကျမကိုယ်တိုင်က လိုလိုလားလား ဖြစ်နေခဲ့သည်။
အမှောင်နှင့် ကျင့်သားရလာသည်နှင့် အမျှ အခန်းထဲရှိ အရာများကို တဖြည်းဖြည်း သဲကွဲလာသည်။
ကျောခိုင်းထားသော မေရီ့ကို လှမ်းကြည့်လိုက်တော့ မေရီက ကုတင်အစွန်းထိ ရောက်နေကာ ကျောခိုင်း၍ ကွေးကွေးလေး အိပ်ပျော်နေသည်။ သူ့ခန္ဓာလေးမှာ နိမ့်လိုက် မြင့်လိုက်ဖြင့် ခပ်မှန်မှန် အသက်ရှုနေပြီး အိပ်ပျော်နေပုံရသည်။
သေးသေးကွေးကွေး မေရီလေးနှင့် ညနေက နမ်းခဲ့သော အကြောင်းတွေးမိခဲ့သောအခါ ကျမ ရင်တွေ ပူလာပြီး ရေငတ်သလိုလိုဖြစ်လာသည်။ ကျမ၏ ဘဝတွင် ပထမဆုံး အနမ်းသည် အခြားမိန်းမတစ်ယောက် အတွက် ဖြစ်နေသည်။ မောင်နှင့်ပင် တခါမှ မခံစားရဖူးသော ခံစားမှုကို အတွေးဖြင့်ပင့် တလိမ့်လိမ့်နေအောင် ခံစားနေသည်။ ခန္ဓာကိုယ်တွင်း တစ်နေရာမှ ဆူဆူညံညံအော်ဟစ် လျက်ရှိပြီး မေရီ့ကို ပွေ့ဖက်ပစ်ရန်၊ နမ်းရှုံ့ပစ်ရန် အော်ဟစ် အမိန့်ပေးလျက်ရှိသည်။
"ဟင့်အင်း လုံးဝ အဲ့လို မဖြစ်စေရဘူး " တစ်ယောက်တည်း စိတ်ထဲမှ ကျိတ်သန္ဒိဠာန်ချပြီး အိပ်ယာထဲကနေ ထွက်ကာ ရေချိုးခန်းထဲ ဝင်သည်။ လက်ဆေးကန်က ရေတွေ တဆုံးထိဖွင့်ချပြီး မျက်နှာကို ခပ်ဆတ်ဆတ်လေး ရေနဲ့ ပင့်ရိုက်မိသည်။
မှန်ထဲက ရေတွေစိုနေတဲ့ ကျမကို ကြည့်မိသည်။ မျက်ခုံး ခပ်ထူထူ၊ ဆံပင် ရှည်ရှည် ထူထူကြီးက တခါမှပင် ဆေးမဆိုးဖူး။ အသားလတ်လတ်၊ အညာသူ မျက်နှာပေါက်နှင့်ကျမ၊ မှန်ထဲမှ မြင်နေရသော ကျမက အလွန် မိန်းမဆန်ပြီး ကြည့်ကောင်းသည်ဟု ကျမ ထင်သည်။ ဒီလိုလူက ညနေခင်းကပင် မိန်းမချင်းနမ်းခဲ့သည်မှာ မဖြစ်နိုင်။ ကျမသည် မိန်းမချင်းနှစ်သက်သူ တစ်ယောက်မဟုတ်။
ကျမစိတ်တွေက ကျမကိုယ်ကျ မသိလိုက်ခင်မှာပင် မေရီနှင့် နမ်းခဲ့သည့် အဖြစ်အပျက်ကို တွေးမိနေပြန်သည်။ တဆက်တည်းမှာပင် မေရီနှင့် တနေ့လုံး အတူတူ ရှိကာ ပျော်ရွှင်ခဲ့ရပုံများကို သတိရလာပြန်သည်။ ပျော်ရွှင်ခဲ့၊ ကြည်နူးခဲ့သည်။ နောက်ဆုံး နမ်းမိစဉ် စက္ကန့်ပိုင်လေးမှာတင် ကျမရင်တွေ ပေါက်ကွဲထွက်မတတ် စိတ်လှုပ်ရှား ပျော်ရွှင်နေခဲ့သည်။
မဟုတ်တာ ဒါကျမ ပထမဆုံးအနမ်းခံလိုက်ရလို့ စိတ်ဂယောက်ဂယက် ဖြစ်တာ။ စိတ်လှုပ်ရှားမိတာ၊ မိန်းကလေးတိုင်း ပထမအနမ်းမှာ ဒီလိုပဲ ဖြစ်ကြမှာပဲ..ကျမတွေးမိပြန်သည်။
ဒါဖြင့် ကျမက ဘာလို့ မိန်းမချင်းနမ်းခဲ့တာလည်း ?
ဟင့်အင်း ကျမ အပြစ်မဟုတ်၊ မေရီက ဆွဲဆောင်၍သာ ဖြစ်သည်။
မေရီ က ကျမကို တစ်ခုခုဖြင့် ဆွဲဆောင်တာ ဖြစ်နိုင်သည်။ သွေးရိုးသားရိုးသာဆိုလျှင် အဖေအလွန် ရှုံ့ချသော၊ ကျမကိုယ်တိုင်လည်း မနှစ်သက်သော၊ ပတ်ဝန်းကျင်ကပါ အားမပေးသော မိန်းမချင်း ကြိုက်သူတစ်ယောက် မဖြစ်လာနိုင်ပါ။
ကျမ စိတ်တွေ ရှုပ်ထွေးသထက် ရှုပ်ထွေးလာပြီး ဘာကို အလိုမကျမှန်းမသိ၊ အလိုမကျဖြစ်လာသည်။
အပေါ်သွားနှင့် အောက်သွား အချင်းချင်း ထိပြီးသွားဖုံးထဲ ကျွံဝင်မတတ် အံကို ကြိတ်ပြီး လက်ဖနောင့်ထဲသို့ လက်သည်းများ စိုက်ဝင်သည် အထိ လက်သီးကို ဆုပ်ထားမိသည်။
ကျမ သည် သာမန်မိန်းကလေးတစ်ယောက်၊ အချိန်တန်လျှင် မောင်နှင့်လက်ထပ်မည်။ ကျမကိုကျမ အားပေးပြီး သန့်စင်ခန်း အပြင်သို့ ပြန်ထွက်လာသည်။
အခန်းထဲတွင် မီးပြန်လင်းနေပြီး မေရီက ကျမကို ထူးဆန်းသော အကြည့် တစ်မျိုးဖြင့်ကြည့်နေသည်။
တစ်ခုခုကို တောင့်တနေသယောင်၊ ဖိတ်ခေါ်နေသယောင်ဖြင့် ကျမကို စိုက်ကြည့်နေသည်။
ဟင် ဒီမိန်းမ လုပ်ပြန်ပြီ။ ကျမရဲ့ လတ်လတ်ဆတ်ဆတ် ဒေါသတွေ သူ့အပေါ် ချက်ချင်းရောက်ကုန်သည်။ ပထမတစ်ခါနှင့်ပင် လုံလောက်နေပြီကို ထပ်ပြီး မြူဆွယ်နေပြီ။
" နင် ဘာဖြစ်နေတာလဲ၊ ဘာဖြစ်ချင်တာလဲ ပြော" ကျမက အံကြိတ်သံ ခပ်မာမာဖြင့် ပြောရင်း လက်မှလည်း အိပ်ယာပေး ထိုင်နေသော မေရီ့ကိုတွန်းလိုက်မိသည်။ အသံမကျယ်စေရန်တော့ သတိထားရသည်။ ဘေးခန်းမှ သူငယ်ချင်းများ နိုးလာ၍ မဖြစ်ပေ။
မေရီမှာ ထိုင်နေလျက်မှ နောက်သို့ ယိုင်သွားပြီး ကျမကို အံ့အားသင့်သော မျက်လုံးများဖြင့် ပြန်ကြည့်သည်။
" ယွန်း.. ယွန်း ဘာဖြစ်တာလဲ.. မေရီကလေ... "
" တော်တော်.. နင်ပိတ်ထား၊ ငါ ပြောမယ် သေချာနားထောင်၊ ညနေက ကိစ္စက မတော်တဆ ဖြစ်သွားတာ၊ ငါက မိန်းမချင်း မကြိုက်တတ်ဘူး။ အဲ့တာမျိုးကိုလည်း ရွံ့တယ်၊ သဘာဝကို လွန်ဆန်တာ ၊ ငါ့ကို မြူဆွယ်တဲ့ နင်ကလည်း အောက်တန်းကျတယ် ၊ နင့်လုပ်ရပ်တွေ ဒီမှာပဲ ရပ်လိုက်တော့၊ မဟုတ်ရင် အားလုံးကို ငါပြောပြီး နင့်ကို ငါ အရှက်ခွဲ ပြမယ် "
ကျမကိုယ်ကျမ မထိန်းချုပ်နိုင်လောက်အောင်ပင် ကျမ ရိုင်းစိုင်းနေသည်။ ကျမ သစ္စာဆိုဝံ့ပါသည်။ ကျမ မေရီ့ကို မမုန်းပါ၊ ထို့အတူ မနာကြင်စေချင်ပါ။ ကျမ တကယ်မုန်းသည်မှာ မိန်းမချင်း နမ်းမိခဲ့သော ကိစ္စနှင့် ထိုကိစ္စကို သူများတွေ သိကုန်မည်ကိုပင် ဖြစ်သည်။ ကျမ အရမ်းလွန်နေပြီဆိုတာလည်း ကျမသိသည်။ နင်တွေငါတွေနဲ့ ကျမအရိုင်းဖြစ်လာနေသည်။
" ကောင်းပြီလေ " မေရီ့ မျက်နှာထားမှာ ရုတ်တရက် ပြောင်းသွားတော့ ကျမ အံ့သြသွားသည်။ တကယ်တော့ ဆုံးသွားသော အဖေ၏ ဂျာကင်အကြီးကြီးကို ဝတ်တတ်သော ဖြူဖြူသေးသေး မေရီမှာ ပေပေတေတေ နေတတ် ပြီး ဘာကိုမှ ဂရုမစိုက်တတ်တာ ကျမမေ့နေသည်။ ကျမ စိတ်ထဲညနေက အိပ်ယာပေါ် ပက်လက်လေး လှန်ပြီး မျက်ရည်ဝဲနေသော မေရီကသာ လွှမ်းမိုးထား၍ ဖြစ်သည်။
" ရတယ် ယွန်း၊ ရတယ်၊ မတော်တဆပဲ ပြီးပြီ၊ ဒါပေမဲ့ မေရီက စပြီး ဆွဲဆောင်တယ်၊ အောက်တန်းကျတယ်လို့တော့ မစွပ်စွဲပါနဲ့၊ ချိတ် ချိတ် ချင်းမှချိတ်တာ။ ပြီးတော့ မိန်းမချင်းကြိုက်တာ ရွံတယ်ဆိုတာရော သေချာရဲ့လား၊ သေချာ ပြန်မေးကြည့်ပါဦး၊ မေရီနဲ့ တနေကုန် အတူတူရှိခဲ့တာတွေ မပျော်ဘူးလား၊ မေရီ ထင်ခဲ့တာ ယွန်းကလည်း မေရီ့ကို စိတ်ဝင်စားတယ်လို့ ထင်နေခဲ့တာ "
မေရီက အစပိုင်းတွင် လေသံမာသွားပြီးမှ တဖြည်းဖြည်း ပြန်ပျော့ပြောင်းလာသည်။
"ဟင့်အင်း.. ဆောရီးပါ မေရီ၊ ကျမက မေရီ ထင်သလို မဟုတ်ပါဘူး " အသံကို အတတ်နိုင်ဆုံးကြိုးစားထိန်းရင်း ကုတင်ပေါ်သို့တက်ကာ နံရံထိတိုးကပ်ပြီး မေရီ့ကို ကျောခိုင်းကာ လှဲချလိုက်သည်။
"ဂွတ်နိုက်ပါ မေရီ"
မနက်မိုးလင်း၊ စားသောက်၊ ဖီးလမ်းပြင်ဆင် ထုပ်ပိုးပြီး ကားပေါ်တက်သည်ထိလည်း စကားမပြော၊ တနေ့လုံးလည်း မေရီနှင့် ခပ်ခွာခွာ သာနေခဲ့သည်။ ညနေစောင်း၍ ရန်ကုန်ပြန်ရင် တညလုံးကားစီးရမည့် အချိန်တွင် ကျမက အတင်းပင် သီရိနဲ့ မေရီကို နေရာလဲခိုင်လိုက်သည်။ မေရီက ဘာတစ်ခွန်းမှ မပြောပဲ အသာတကြည် လဲပေးလိုက်သည်။
သီရိက အံ့သြနေပြီး ဘာဖြစ်ကြတာလဲဟု မေးသည်။
ကျမက ဒီလိုပါပဲဟု ပြောရင်း ခပ်မဆိတ်သာ နေလိုက်သည်။
ကားကပုဂံမှထွက်လာတော့ ညနေ ၆နာရီကျော်ပြီ ဖြစ်သည်။ ကားထွက်သည်နှင့် ကျမ အတွေးတွေ တောင်စဉ်ရေမရာ ဖြစ်နေသည်။ ကျမ လူသိမခံနိုင်။ ကျမကိုယ်ကျမ ကာကွယ်ရမည်။
ကျမလည်း မိုက်မဲစွာဖြင့်ပင် သီရိ့အား မေရီသည် မိန်းမချင်းကြိုက်တတ်သူ တစ်ဦးဖြစ်ကြောင်း၊ ကျမအားမြူဆွယ်ခဲ့ကြောင်း၊ မနေ့က သီရိသာ မလာရင် ကျမ ဘဝတော့ တစ်ခုခုဖြစ်ပြီ ဖြစ်ကြောင်း လီဆယ်၍ ပြောချလိုက်တော့သည်။ ထို့အတွက် အပြစ်မကင်းဟုလည်း ခံစားရသည်။
" ကျမကို ခွင့်လွှတ်ပါ မေရီရယ်၊ ကျမ မေရီ့ကို မုန်းလို့ မဟုတ်ပါဘူး။ ကျမကိုယ် ကျမ ကာကွယ်ချင်ရုံပါ။ တကယ်လို့ မနေကအဖြစ်ကို တစ်ယောက်ယောက်များ မြင်ခဲ့ပြီးသား ဖြစ်နေရင် ကျမအလိုမပါပဲ မေရီဆွဲဆောင်တယ်လို့ ထင်အောင်ပါ၊ ကျမကို နားလည်ပေးပါ မေရီ " ကျမစိတ်ထဲမှနေ၍ ကိုယ့်ကိုကိုယ် နှစ်သိမ့်ခြင်းလား၊ မေရီ့ကို တောင်းပန်ခြင်းလား မသဲကွဲသော အတွေးတွေ တလမ်းလုံး တွေးလာခဲ့သည်။
မနက်အစောပိုင်း ရန်ကုန်ပြန်ရာက်လာပြီး အိမ်ပြန်ရာက်တော့ ကျမ တစ်ချိုးတည်း အိပ်လိုက်မိသည်။ အိပ်နေရာက နိုးတော့ နေလည်း အတော်မြင့်ပြီ။ အမေက အခန်းတံခါးကို ခပ်ဖွဖွ ခေါက်ရင်း မောင်ရောက်နေကြောင်း ပြောသည်။ ကျမ မောင့်ကို ချစ်သူအနေဖြင့် စိတ်ထဲ သိပ်မလိုလားလှသော်လည်း သူငယ်ချင်းအနေဖြင့် အားကိုးဆဲ ယုံကြည်ဆဲ ဖြစ်သည်။ သို့တိုင်အောင် ပုဂံတွင် ဖြစ်ခဲ့သမျှများကိုမပြောခဲ့မိခဲ့။ ၁၅မိနစ်လောက်ပင် စကားပြောပြီး အလိုက်တသိပင် မောင်ပြန်သွာခဲ့သည် ။ အခန်းထဲ ပြန်ဝင် ရေမိုးချိုးပြီး နက်ဖြန် သင်တန်းအတွက်ပြင်ဆင်ရသည်။ မေရီရော ဘာလုပ်နေမည်လဲဟုတွေးမိသည်။
တွေးရင်း မေရီ့ကို လွမ်းလာသလို၊ ကြည်နူးလာသလို ဖြစ်လာ၍ ခေါင်းကို ယမ်းပြီး အတွေးတွေကို မောင်းထုတ်လိုက်ရသည်။
နောက်နေ့ မနက်ကျ စိတ်ပင်ပန်း လူပင်ပန်းဖြင့် အိပ်ယာထနောက်ကျပြီး သင်တန်းတစ်ချိန်ကုန်မှ ရောက်သွားသည်။ သင်တန်းခန်းမထဲ ရောက်သည်နှင့် မှားယွင်းနေသည်ဟု ခံစားရသည်။ အားလုံးရဲ့ မျက်လုံးကကိုယ့်ဆီမှာ။ တချို့က သနားသယောင်၊ တချို့က စပ်ဖြဲဖြဲ မထီတရီ။ ရုတ်တရက် မျက်စိရှေ့တည့်တည့်မှ အရိပ်တစ်ခု အရှိန်ပြင်းပြင်းဖြင့် ကျမဆီ ဦးတည်လာသည်။
မေရီ ဖြစ်သည်။ မေရီက သူဝတ်နေကျ သူ့အဖေဂျာက် အကြီးကြီးကိုဝတ်ထားပြီးမျက်လုံးများက စူးရဲနေကာ ကျမဆီကို မာန်ဖြင့် ဆောင့်အောင့်ပြီး လျှောက်လာနေသည်။
" မမေရီ ဟေ့ အမ မေရီ ...အမနော်.. " မောင်က ဗလုံးပထွေးအော်ဟစ်ရင်း မေရီ့ကို လိုက်ဆွဲသည်။
မေရီကကျမရှေ့တည့်တည့်ရပ်ရင်း မျက်နှာနှင့် နီးနိုင်သမျှ နီးအောင်မော့ကပ်ရင်း ကျမကို စူးစူးရဲရဲကြည့်သည်။ မေရီ့ မျက်လုံးမှာ စူးလှသလို မျက်ရည်အချို့ ဝဲနေသည်။
" ယွန်း နင်ကို ငါ သိပ်ရွံတယ်" မေရီက ကျမကို တည့်တည့်ကြီး စိုက်ကြည့်ရင်း တလုံးချင်း ပီပီသသ ပြောကာ ပြေးထွက်သွားသည်။ သူငိုသွားသေးလား ကျမ မသဲကွဲပါ။ မောင်က သာ ကျမ ပခုံးကို တွင်တွင်လှုပ်ခါပြီး ယွန်းရလား ဘာမှ မဖြစ်ဘူးဟု တတွတ်တွတ် ရွတ်နေသည်။
ထို့နေ့အတွက် မည်သို့မည်ပုံပင် အိမ်ပြန်ရောက်လာမှန်း မသိ၊ ကြားရသည့် သတင်းများကဆိုးလှသည်။ သီရိက သင်တန်း မဖွင့်ကတည်းကပင် သင်တန်းသားစေ့ တစ်ယောက်ချင်းစီ ကျမပြောပြသည့် မေရီ့ အကြောင်း ဖောက်သည်ချပြီး ဖြစ်သည်။ သူ မပြောခဲ့သူဆို၍ မောင်တစ်ယောက်သာ ရှိသည်။ မောင့်ကိုတော့ ကျမချစ်သူမို့ ကျမ ပြောပြီးသားဖြစ်မည် အထင်နဲ့ မပြောခဲ့ခြင်းဖြစ်သည်။
မေရီ သင်တန်းကိုစဝင်လာသည်နှင့် မိန်းကလေးများက အိုင်းစ် ကြောက်တယ် ကြောက်တယ်ဟု အသံသေး အသံကြောင်ဖြင့် အော်ပြီး ပတ်ပြေးကြသည်။ မေရီက မိန်းကလေးဘက် အခြမ်းမှာ ဝင်ထိုင်တော့ ယောကျာ်းလေးအုပ်မှ တစ်ယောက်က ဟေ့ကောင်သားကြီးမေရီ ဒီဘက်လာထိုင်လေကွာ ၊ တူတူ ဆော်ကြောင်ကြမယ်လေ ဟု အော်ပြီး တစ်တန်းလုံး ဝိုင်းရယ်ကြသည်။
ပထမပိုင်း စာသင်ချိန် တစ်လျှောက်လုံး တစ်တန်းလုံး၏ အာရုံက စာတွင်မရှိ၊ မေရီ့ကိုသာ ကြည့်ရင်းတီးတိုး သဖန်းပိုးဖြစ်နေသည်။
မေရီလည်း ထိုအထိ ဘာဖြစ်နေမှန်း မသိသေး။ မေရီ့ နည်းတူဘာမှ မသိသော မောင်ကတချိန်ပြီးချိန်တွင် ဘာဖြစ်ကြတာလဲ ဆိုပြီး မေးကာမှ မောင့်သငယ်ချင်း ခပ်နောက်နောက်တစ်ယောက်မှ
" သားကြီးရေ မင်းဆော်နဲ့မေရီ စလောင်းဖုံးချင်းတီးလို့ဟ " ဟု ထအော်ခဲ့သည်ဟု ဆိုသည်။
မေရီလည်း ထိုအခါမှ သဘောပေါက်ဟန်ဖြင့် ဝုန်းခနဲ ထရပ်သည်။ အသားတွေ တဆတ်ဆတ်တုန်ပြီး မျက်ရည်တွေ ဝဲနေခဲ့သည်ဟု ဆိုသည်။ ထိုအချိန်တွင်မှ ကျမရောက်လာခဲ့ခြင်းဖြစ်သည်။
မောင်က ကျမကို ခုနေမေးရန် မသင့်ဟု သဘောထားသည်လားတော့ မသိ၊ ကျမ မလာခင်ဖြစ်ပျက်ခဲ့သည့် သူမြင်ခဲ့သော မေရီနှင့်ပတ်သတ်သည်များကို အေးအေးဆေးဆေး ရှင်းပြပြီး ကျမကို စိတ်ထဲမထားရန် နှစ်သိမ့်သည်။ ကျမတို့ ဘာတွေဖြစ်ခဲ့သနည်းဟု မောင်မမေး၊ ခု မမေးသေးတာလား၊ တမင် မမေးပဲထားတာလား ကျမလည်း မတွေးတတ်တော့။ မောင်ပြောသမျှ အလိုက်သင့်သာ သြော် အင်း လုပ်နေရပြီး စိတ်ထဲ ပူလောင်နေသည်။ မေရီ့အတွက်လည်း စိုးရိမ်နေမိသည်။
မေရီက ပထွေးဖြစ်သူနှင့် နေရပြီး အမျိုးစုံစိတ်ဒုက္ခပေးခံရသည်ဟု မောင်ကပြောသည်။ မေရီ့အမေက မေရီ့ကို မကာကွယ်ပေးသည့်အပြင် တခါတရံ လင်ယောကျာ်းဘက်က နေ၍ပါ မေရီ့ကို ဆူပူကြိမ်းမောင်းသေးသည်ဟုလည်း ကြားရသည်။
ကျမလည်း ခုမှ မေရီပြောသလို ရွံစရာ မိန်းမတစ်ယောက်ဖြစ်နေပြီဟု ခံစားရသည်။ မိန်းမချင်း ချစ်ကြိုက်ခြင်းနှင့် သူတစ်ပါးအား ပျက်ဆီးရာပျက်ဆီးကြောင်း ဒုက္ခပေးခြင်းတွင် ဘယ်တစ်ခုက အောက်တန်းကျ၊ ရွံစရာ ကောင်းသနည်းဟု ကျမ တွေးမိသည်။
"ယွန်းရယ် ကိုယ့်အမြင်ကတော့ ယောကျာ်းနဲ့ မိန်းမပဲ ဖြစ်ဖြစ်၊ အချင်းချင်းပဲ ဖြစ်ဖြစ်၊ လူလူချင်းပဲလေ၊ ချစ်တယ်ဆိုတာ ကောင်းတဲ့ ကိစ္စပဲ၊ တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်နေတာထက်စာရင် ချစ်ကြတာက ပိုကောင်းတာပေါ့ " မောင်က လေသံအေးအေးဖြင့် ရုတ်တရက်ပြောလာတော့ ကျမ လန့်သွားမိသည်။ မောင် ဘာကိုဆိုလိုချင်တာပါလိမ့်။
" တကယ်လို့များ ယွန်းသာ lesbian တစ်ယောက် ဖြစ်နေမယ်ဆိုရင်တောင် မောင်ကတော့ ချစ်နေမှာပါပဲ၊ ချစ်သူ ရည်းစားတစ်ယောက်လို ချစ်ဖို့ မဖြစ်နိုင်တော့ရင်တောင် သူငယ်ချင်းတစ်ယောက်လို၊ မောင်နှမလို ချစ်ဦးမှာ၊ စောင့်ရှောက်ဦးမှာပါ၊ မောင်တို့က ကလေးဘဝကတည်းက ပေါင်းသင်းလာတာ။ မောင်တို့ အချစ်က အေးချမ်းပါတယ်။ ယွန်း အနေအထားကိုလည်း တကယ်တော့ မောင်ရိပ်မိနေခဲ့ပါတယ်။ "
" နေပါဦး မောင် ဘာတွေပြောနေတာလဲ " ကျမ အသံတွေ တုန်ယင်နေသည်။ ကြောက်တာလား၊ စိတ်လှုပ်ရှားတာလား၊ ဘာလား ကျမလည်း မသိတော့။
" သြော် ယွန်းရယ်၊ ယွန်းနဲ့ မောင်နဲ့က ကလေးတည်းက ပေါင်းလာတာလို့ ပြောပြီးပါရောလား၊ ဒီမယ်ယွန်း ကာယကံရှင် ကိုယ်တိုင်တောင်မသိပဲ ဘေးလူကြည့်မှ မြင်ရဲ့ တချို့ကိစ္စတွေရှိတယ်။ မောင့်အပေါ်မှာ ယွန်းချစ်သူရည်းစားလို သဘောထားလို့ မရမှန်း မောင် ရိပ်မိနေတာ ကြာပါပြီ။ ဒါပေမဲ့လည်းလေ.. ဒါပေမဲ့လည်းပေါ့ ပြောင်းများ ပြောင်းလဲမလားဆိုတဲ့အတွေးနဲ့ စောင့်နေခဲ့တာ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ မောင့်အတွက်တော့ ယွန်းကယွန်းပါပဲ "
မောင့် အသံက တိမ်ဝင်သွားပြီး မျက်နှာလွဲသွားသည်။
" သမီးရေ ယွန်း ဒီမှာစာတဲ့ " အမေကခေါင်းလေးပြူလာပြီး စာလေးတစ်စောင်ကမ်းပေးသည်။
" ဒီခေတ်ကြီးမှာ ဘယ်သူက စာပို့တာပါလိမ့် " မောင်က စာကို ထယူရင်းကျမလက်ထဲ ထည့်ပေးသည်။
" မသိဘူးကွယ်၊ ကလေးတစ်ယောက်လာပေးတာ"
အမေကထွက်သွားရင်းမှ ဖြေသွားသည်။
စာက သာမန် စာအိတ်လေး။ ခပ်ထူထူပြည့်ပြည့်ဖြစ်နေသည်မို့ ပိုက်ဆံတော့ မဟုတ်။ မေရီ့ဆီကများလား၊ ကျမ တွေးမိသည်။
" မောင် အပြင်ထွက်ပေးရမလား၊ လွတ်လွတ်လပ်လပ် ဖတ်ရအောင် "
ကျမ ခေါင်းညိတ်မိသည်ထင့် မောင်က အသာအယာ ထသွားကာ အပြင်သို့ ထွက်သွားပြီးတံခါးကို သေချာပိတ်သွားသည်။
စာအိတ်ဘေးအသားကို ဖြဲလိုက်တော့ ကျမထင်ထားသည့်အတိုင်းပင် အထဲကခေါက်ထားသော စာရွက်တစ်ရွက် ကိုတွေ့ရသည်။
" သို့.. ချစ်သောယွန်း "
လက်ရေးများက ခပ်သော့သော ရေးထားသော မိန်းကလေးလက်ရေး၊ မေရီပင်ဖြစ်မည်။ သူကျမကို ရစရာမရှိအောင် အပြစ်တင်မည်ဟု ကျမတွေးမိသည်။
တုန်ယင်နေသော လက်ကို ငြိမ်အောင်ထိန်းရင်း ဝဲတက်နေသော မျက်ရည်များကြားမှ စာကို ဖတ်သည်။
" ယွန်း ဒီစာကို ဖတ်ရတဲ့ အချိန် မေရီ ဒီမြို့မှာ မရှိတော့ပါဘူး။ မေရီ့ အသက်လည်း၁၈နှစ်ကျော်ပါပြီ။ အမေနဲ့ သူ့ယောကျာ်းအပေါ် မှီခိုရတာ တော်လောက်ပြီလို့ထင်တယ်။ ခု အဖေ့ဆွေမျိုးတွေ ရှိရာ မြို့လေးတစ်မြို့ကို သွားမယ်။ အဖေ့ဘက်က ဆွေမျိုးတွေကို တွေ့ဖူးချင်ရုံပါ။ မေရီ ဘယ်မှာနေမလဲဆိုတာတော့ မစဉ်းစားရသေးဘူး။ မေရီထွက်သွားတာ ယွန်းကြောင့် မဟုတ်တာမို့ စိတ်ထဲ မထားဖို့ ပြောချင်တယ်။ ဒါ့ကြောင့်မို့လည်း ခုလို စာပေးခိုင်းလိုက်တာပါ။ မေရီ နေ့လည်ကတည်းကထွက်သွားပါပြီ။ ခု ယွန်းဒီစာဖတ်နေချိန်ဆို အဝေးပြေးလမ်းမကြီးရဲ့ တစ်နေရာပေါ်မှာ မေရီရောက်နေပါပြီ။
အမှန်ပြောရရင် မနက်က မေရီအရမ်းလည်းရှက်၊ အရမ်းလည်း ဝမ်းနည်းပြီး စိတ်တိုမိတယ်။ မနက်က မေရီ သင်တန်းလာတာ ယွန်းကို နှုတ်ဆက်ချင်လို့ပါ။ ပုဂံက အိမ်ပြန်ရောက်တဲ့နေ့ရဲ့ ညမှာပဲ မေရီတို့ အိမ်မှာပြသနာ တက်ကြတယ်။ မေရီ့ရဲ့ အပူတွေ ယွန်းကို မပေးချင်ပါဘူး။ အဲ့တော့ အတိုချုံးပြောရရင် မေရီအိမ်ပေါ်က ဆင်းတယ်ပေါ့။ အထုပ်ပိုး ဘာညာ အကုန်အဆင်သင့်ပြင်ပြီးသား၊ ယွန်းကို သက်သက် လာတွေ့တာ။
မေရီ ယွန်းကို သဘောကျတယ်။ အဲ့လိုပဲယွန်း မေရီ့ကို သဘောကျတယ်ဆိုတာ သိရတော့ ဝမ်းသာတယ်။ ဒါပေမဲ့ ယွန်းက ကို်ယ့်ကိုကိုယ် ထိန်းချူပ်ထားတယ်။ မနက်ကဖြစ်ခဲ့တဲ့ ကိစ္စဟာ သိပ်အရုပ်ဆိုးလွန်းတယ်။ မေရီ စိတ်နာမိမလိုတောင် ဖြစ်မိတယ်။ ဒါပေမဲ့ သေချာတွေးကြည့်ရင် ယွန်းကိုမေရီ နားလည်ပေးနိုင်ပါတယ်။ ယွန်းမိသားစု၊ ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်အရ ယွန်းလက်မခံနိုင်တာကို မေရီ နားလည်တယ်။
ဒါပေမဲ့ ယွန်းကို ပြောချင်တာလေးတွေ ရှိတယ်။ ယွန်းရဲ့ဖြစ်တည်မှု၊ စိတ်ဆန္ဒကို ဖုံးကွယ်ပြီး နေမယ် ဆိုရင် ယွန်းကိုဘယ်သူမှ ဘာမှမပြောဘူး။ ဒါပေမဲ့ယွန်းစိတ်ဆင်းရဲရမယ်။ တချိန်လုံး ဟန်ဆောင်ဖုံးကွယ်နေရပြီး စိတ်ပင်ပန်းရမယ်။
ယွန်းကိုယွန်း လက်ခံထားရင်တော့ ပတ်ဝန်းကျင်ကလည်း လက်ခံအောင်ကြိုးစားရလိမ့်မယ်။ ယွန်းကို ဝေဖန်ကြလိမ့်မယ်။ တိုက်ခိုက်ကြလိမ့်မယ်။ ဒါပေမဲ့ ယွန်းပျော်ရလိမ့်မယ်။ တကယ်တော့လည်း လူ့အသိုင်းအဝိုင်းမှာ နေရင် တစ်ခုမဟုတ် တစ်ခု ဝေဖန်တိုက်ခိုက်ကြမှာပါပဲ ယွန်းရယ်။
ပြီးတော့ ယွန်းကို ဘယ်သူက ခွဲခြားနေတယ် ရှုံ့ချနေတယ်လို့ ထင်လဲ?
အတန်းထဲက လူတွေလည်း မဟုတ်ဘူး။ ယွန်းမိဘတွေ၊ ပတ်ဝန်းကျင်က လူတွေလည်း မဟုတ်ဘူး။ တကယ်တမ်းယွန်းကို ရှုံ့ချနေတာ၊ ခွဲခြားနေတာ ယွန်းကိုယ်တိုင်ပဲ။ ယွန်းဖေဖေက ယွန်းကို လက်မခံရင် လက်ခံတဲ့သူဆီ သွားလို့ရတယ်။ ခု ပတ်ဝန်းကျင်က ယွန်းကို ကဲ့ရဲ့ရင် ယွန်းကို ကြိုဆိုမဲ့ ပတ်ဝန်းကျင်ရှိကိုရှိတယ်။ ယွန်း အဲ့ဒိ့မှာ နေလို့ရတယ်။
ဒါပေမဲ့ ယွန်း၊ ယွန်းကိုယွန်း လက်မခံရင်၊ အထင်သေးနေရင် ယွန်းဘယ်မှာမှ နေလို့မရဘူး။
ယွန်းကို တကယ်တမ်း ဖိနှိပ်နေတာ ယွန်းကိုယ်တိုင်ပါ၊ ဒါတွေ အားလုံး ယွန်း ရင်ထဲကလာတာ။
ွယွန်းဘဝကို ယွန်းပိုင်တယ်။ ယွန်းသာ ထက်မြက်ပြီး အောင်မြင်တဲ့သူဖြစ်နေရင် လူတွေက ယွန်းကို မချစ်ရင်တောင် အောင့်ကာနမ်းကြလိမ့်မယ်။
ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်မယ်၊ ဘယ်သူ ဘယ်လိုထင်ထင်ဆိုပြီး မေရီ့လို ထင်ရာ စိုင်းတာလည်းမကောင်းဘူး။ မေရီကတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိရှိနဲ့ ဘဝအတွက် လုပ်စရာရှိတာတွေကို ကြိုးစားပြီး လုပ်စေချင်တာပါပဲ။ ယွန်းဘဝကို ယွန်းပိုင်ပါတယ်ကွယ်။
ချစ်ခြင်းများစွာဖြင့်
မေရီ
စာကို အခေါက်အခေါက် အခါခါဖတ်သည် ဖတ်ရင်း ကျမ သဘောပေါက်လာသည်။ နားလည်လာသည်။
စာရွက်ပေါ်သို့ ကျမ မျက်ရည်များ ကျမလာ၊ ကျမစိတ်လည်း ဒီတစ်ခါတော့ ရှပ်ထွေးမနေ။ မောင့်ကို အခန်းထဲခေါ်ပြီး မေရီ့စာကို ပြသည်။ ပုဂံမှာဖြစ်ခဲ့သမျှ အားလုံးကိုလည်း ကျမ ဝန်ခံလိုက်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ် ခုချိန်မှာ မောင်က တစ်ဦးတည်းသော ယုံကြည်နိုင်ရာ၊ ရင်ဖွင့်နိုင်ရာလေ။
" ကျမ သိပ်များ နောက်ကျသွားလား "
" မဟုတ်တာပဲ ယွန်းရယ်၊ မှတ်ထား ယုံကြည်ရာကို လုပ်ဖို့အတွက် နောက်ကျတယ်ဆိုတာ မရှိပါဘူး "
၁၀ နှစ်အကြာ
၁၀နှစ်ဆိုသော အချိန်မှာပြန်တွေးကြည့်လျှင် ခဏလေးဟု ထင်ရသည်။ သို့သော်လည်း ကျမအတွက်တော့ ပြောင်းလဲမှု များစွာ ဖြစ်ခဲ့သည်။
မေရီထွက်သွားပြီး ၃နှစ်အကြာ၊ ကျမ အသက်၂၀ ပြည့်မွေးနေ့တွင် ကျမ အိမ်ပေါ်က ဆင်းခဲ့ရသည်။ အကြောင်းမှာ ကျမ၏ ဖြစ်တည်မှူကို မိဘတွေကို ဖွင်ချလိုက်၍ ဖြစ်သည်။ အမေကတော့ ငါ့သမီးလေးစိတ်ချမ်းသာနေသရွေ့ အမေပျော်ပါတယ် ပြောသော်လည်း အဖေကတော့ ပြတ်သားသည်။ ရစရာမရှိအောင် ဆူပူဆဲဆိုသည်။ ရိုက်နှက်ပြီးအိမ်ပေါ်က နှင်ချသည်။ ကျမ ကြိုတွက်ထားပြီးသားမို့ တုံ့ဆိုင်းမနေပဲ အသင်ပြင်ပြီးသား အထုပ်အပိုးများဆွဲကာဆင်းခဲ့သည်။ ထိုအချိန်တွင် ကျမမှာ အတော်အသင့် လစာကောင်းသော အလုပ်ရှိသည့်တိုင် တကယ်တမ်းတစ်ယောက်ထဲ ရပ်တည်မည်ဆိုတော့ ခက်ခဲလှသည်။
နောက် ၂နှစ်ခန့်ထပ်ကြာတော့ ကျမ အတန်အသင့် ချောင်လည်လာသည်။ စားဝတ်နေရေးအတွက်သာ မက၊ ကျမ ဝါသနာပါရာ စာရေးခြင်း၊ မှတ်တမ်းရုပ်ရင် ရိုက်ကူးခြင်းတို့ကိုပါ လုပ်လာနိုင်သည်။ ထိုအတောအတွင်း အမေက အဖေမသိအောင် တိတ်တိတ်လေး ထောက်ပံ့ဖို့ ကြိုးစားခဲ့ပေမဲ့ ကျမ လက်မခံခဲ့။
နောက်၂နှစ်ထပ်ကြာတော့ ကျမ လုံးဝကြီး ပြောင်းလဲလာသည်။ နဂိုက မဟုတ်မခံစိတ်ရှိသော်လည်းအနေအေးသည့် ကျမပြောင်းလဲလာသည်။ မေရီပေးသော သင်ခန်းစာများဖြင့် ကျမကို ကျမပြောင်းလဲသည်။ အရင်ဆုံး ကျမရဲ့ အငုံ့စိတ်ကိုအရင်တိုက်ယူသည်။ မေရီထွက်သွားပြီး ငါးနှစ်၊ ကျမ အသက် ၂၂ တွင် ကျမ LGBTအသိုင်းအဝန်းထဲတွင် စကျင်လည်လာသည်။ ရင်းနှီးသူမိတ်ဆွေ တချို့ကို ကျမ lesbian ဖြစ်ကြောင်း ဖွင့်ပြောနိုင်သည်ထိ ကျမကိုကျမ ယုံကြည်မှုရှိလာသည်။
ထိုအခါမှ မေရီပြောခဲ့သည့် ခွဲခြားမှုသည် ကိုယ့်ရင်ထဲမှ လာသည်ဟူသော စကားကို သတိရမိသည်။ ကျမတို့သည် ပတ်ဝန်းကျင်၏ ဘောင်ခတ်မှုတွင် ပိတ်မိနေပြီး ကိုယ်တိုင်ကိုက ခွဲခြားမှုကို လက်ခံထားကြသည်။
ခုလိုကျမ ဝန်ခံလိုက်တော့ ပိုလွတ်လပ်လာသည်။ ယုံကြည်မှု ပိုရှိလာသည်။ ကျမကို လက်မခံနိုင်သည့် ပတ်ဝန်းကျင်ရှိလျှင် လက်ခံနိုင်သည့်ပတ်ဝန်းကျင်သို့ သွားမည်။ ဘယ်နေရာကမှ လက်မခံလျှင် ကျမကိုယ်တိုင် ပတ်ဝန်းကျင် တစ်ခုဖန်တီးမည်။ ကျမကိုကျမ လက်ခံနေသရွေ့ ကျမ မကျရှံးဟု ယုံကြည်သည်။
လိင်ခွဲခြားမှု၊ လူ့အခွင့်အရေးနှင့် အမျိုးသမီး အခွင့်ရေး လှုပ်ရှားမှုများတွင် ကျမ အမြဲတက်ကြွပါဝင်သည်။ သတင်းစာ အချို့နှင့် မီဒီယာများတွင် အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူအဖြစ် ကြိုကြားကြိကြား ပါဝင်လာသည်။ ကျမရေးသော ဆောင်းပါးများ လူသိလာသည်။
ထို့နောက် အဖေမှ ကျမကို ထမင်းစားပြန်ဖိတ်ခဲ့သည်။
" ယွန်းသာအောင်မြင်နေရင် လူတွေက မချစ်ရင်တောင် အောင့်ပြီးနမ်းကြလိမ့်မယ်" ဟု မေရီပြောခဲ့ဖူးသည်။ ခုရော အဖေ အောင့်ပြီး နမ်းနေသလား ကျမ မသိ။ သေချာသည်ကတော့ အဖေက ကျမအတွက် ဂုဏ်ယူလေ့ရှိပြီး အပေါင်းအသင်းစုံတိုင်းကျမ အကြောင်း ကြွားဝါလေ့ရှိသည်ဟု အမေက ပြန်ပြောပြသည်။
မေရီထွက်သွားပြီး ၁၀ နှစ်အကြာ၊ ခု ကျမ အသက် ၂၇တွင်တော့ ကျမပြောသလို အရာအားလုံး ပြောင်းလဲ နေပေပြီ။ ခု ကျမ စင်ပေါ်ရောက်နေလေပြီ။ အမျိုးသမီးများနှင့် LGBT အဖွဲ့အစည်းမှ လူများသည် ကျမ၏ ပြောစကားများကို နားထောင်နေကြသည်။
" ကျမတို့ အားလုံးမှာ ဟာ မဟုတ်ဘူး၊ သိပ်နောက်ကျသွားပြီ လို့ တွေးမိတဲ့ အချိန်တွေ ရှိကြမှာပါပဲ။ ဒါပေမဲ့ တကယ်ရော နောက်ကျရဲ့လား၊ ကျမကတော့
ယုံကြည်ရာကို လုပ်ဖို့ နောက်ကျတယ်ဆိုတာ မရှိဘူးလို့ ပြောရင်း နိဂုံးချူပ်ချင်ပါတယ် "
လက်ခုပ်သံများကို အပြုံးဖြင့်တုံ့ပြန်ရင်း စင်ပေါ်မှ ဆင်းခဲ့သည်။ နောက်ဆုံး ကျမပြောခဲ့သော စကားမှာ တချိန်က ကျမရဲ့ မောင်၊ ခု အချစ်ဆုံး အားအကိုးရဆုံး၊ အယုံကြည်ရဆုံး သူငယ်ချင်းက ကျမကို ပြောခဲ့သော စကားဖြစ်သည်။
မေရီ၏ စာက ကျမကို ဒီဘဝ ရောက်အောင် ပို့ဆောင်ပေးသော လောင်စာအပြည့်ဖြင့် ကားတစ်စီးဆိုလျှင် ထိုစကားကို စက်နှိုးပေးသည့်သော့မှာ ခုကျမသူငယ်ချင်း၊ တချိန်က မောင်၏ စကားပင် ဖြစ်သည်။ သူကတော့ ခုချိန်ထိ အိမ်ထောင်မပြု၊ ရည်းစားလည်း မထားသေးပဲ လူပျိုကြီးဘဝ ဖြင့်ပင်ရှိသေးတယ်။ သူရည်းစားမရှိသည့် အကြောင်းကို ကျမနောက်လျှင်တော့ ငါ နင့်ကိုစောင့်နေတယ် ထင်နေတာလား ဟု ပြန်ပက်တတ်သည်။
ကျမကလည်းခုချိန်ထိ တကိုယ်တည်းပင်၊ ကြားကာလမှာ ကျမကို စိတ်ဝင်စားသူ အမျိုးသား၊ အမျိုးသမီး အချို့ရှိသော်လည်း ကျမစိတ်မဝင်စားခဲ့။
ကျမဘဝ အခြေကျသည်မှ စ၍ မေရီ့ကို နေ့စဉ် ရှာဖွေလျက်ရှိသည်။ ပွဲမှန်သမျှတွင်လည်းမေရီ့အကြောင်း အရိပ်အမြွက် ထည့်ပြောကာ မေရီကြားပါလာ လာလိုလာငြား ကြိုးစားမိသည်။ မေရီ့ကို ချစ်နေ၍လားဆိုတော့ မဟုတ်။ မသိဟု ပြောလျှင် ပိုမှန်မည်။ မိမိနှင့် မေရီ အတူတူရှိခဲ့သည်မှာ ၁ရက်တာသာ၊ သို့သော် ထိုတစ်ရက်တာအတွင်းမှာ ပျော်ခဲ့သော အပျော်လောက် ဘယ်သောအခါမှ မပျော်မိခဲ့၊ အပျိုပေါက်အရွယ် ၁၇ နှစ်တွင် တရက်သာ တူတူအချိန်ဖြုန်းဖူးသော မိန်းကလေးကို တကယ်ချစ်ပြီး ၁၀နှစ်ကြာ၊ခုချိန်ထိ စောင့်နေခြင်းက ရုပ်ရှင်ဆန်လွန်သည်ဟု ထင်မိသည်။ မပြီးပြတ်သေးသော စိတ်ဆန္ဒများကို အပြီးသတ်ရန် မေရီ့ကို လိုအပ်နေသည်။ မေရီ့ကို တောင်းပန်ချင်သည်။ မေရီပေးခဲ့သော စိတ်ဓတ်ခွန်အားများအတွကက် ကျေးဇူးတင်လိုသည်၊ မအေးချမ်းခဲ့သော မေရီ့ဘဝလေးကို စောင့်ရှောက်ချင်သည်။ ခု မေရီ့ဘဝမှာ ကျမ ထက်သာလွန် အေးချမ်းနေတာလည်းဖြစ်နိုင်သည်။ မည်သို့ဆိုစေ မေရီကို မသေခင် တစ်ခေါက်တော့ တွေ့ကို တွေ့ရမည်ဟု ဆုံးဖြတ်ထားသည်။
တောင်ခနဲ မက်ဆေ့ခ်ျ ဝင်သံလေးနှင့်အတူ စာဝင်လာသည်။
" မေရီရှိတဲ့ နေရာကို သိပြီ။ နင်လိုက်သွားဖို့ အားလုံးစီစဉ်ပြီးပြီ၊ လေဆိပ်မှာ ငါစောင့်နေမယ် "
ကျမ ရင်တွေ ပျော်ရွှင်မှုဖြင့် တလှပ်လှပ် ခုန်လာသည်။
" ကျေးဇူးပါ သူငယ်ချင်း " ဟု စာပြန်ပို့လိုက်ပြီး Sms လေးကို သတိလက်လွတ် နမ်းလိုက်မိသည်
ကျေးဇူးပါကွာ၊ နင် ဟာ တကယ်ပဲ ချစ်တတ်သူပါ၊ သူငယ်ချင်းလို၊ ချစ်သူလို မောင်နှမလို။ ကျမစိတ်ထဲကနေပြီး လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိသည်။
တဆက်တည်းမှာပင် သူလွှတ်လိုက်တဲ့ ကားပေါ်တက်ပြီး လေဆိပ်သွားရာ လမ်းတစ်လျှောက်လုံး မေရီ ဘယ်ပုံစံ ဖြစ်နေမည်။ ဘာတွေ လုပ်နေမည်ဆိုတာ စိတ်ကူးယဉ်နေမိသည် ။
ရုတ်တရက် ကျမတွေးမိသည်။ သည်အတိုင်း တွေ့ရခြင်းထက် မေရီ့ကို အံ့သြသွားအောင် တစ်ခုခု လုပ်ရန်ဖြစ်သည်။
ကားနောက်ခန်းထဲတွင် ထိုင်နေရင်းမှ ပေါင်ပေါ်ကိုစာအုပ်တစ်အုပ်တင်၊ အဖြူဆုံး အတောက်ပဆုံး စာမျက်နှာကို ရွေးကာ ကျမ တစ်သက်တာ ရေးခဲ့သမျှ ထဲတွင် အလှဆုံးလက်ရေးဖြစ်အောင် ကြိုးစားရင်း တစ်လုံးချင်း ချရေးသည်။
တောင်ပေါ် နယ်မြို့လေး တစ်မြို့ရှိ စာသင်ကျောင်းထဲသို့ ဆရာမ ဝင်လာသောအခါ အတန်းထဲရှိ ကလေးများက တညီတညာတည်း နှုတ်ဆက်ကြသည်။ ဆရာမက ဖြူ ဖြူ ပုပုသေးသေးလေးဖြစ်သည်။ အတန်းထဲမှ ကလေးတစ်ယောက်က ဆရာမ နာမည်ခေါ်စာရင်း မလုပ်ခင်မှာပင် ဆရာမဆီ ပြေးသွားပြီး ကျောင်းရှိရာ လမ်းထိပ်မှ ဦးလေးကြီးနှင့် အန်တီကြီး စုံတွဲမှ ဆရာမကို ပေးခိုင်းလိုက်သော စာအိတ်လေးကို လှမ်းပေးသည်။
ဆရာမက ဘယ်သူများပါလိမ့်ဟု ရေရွတ်ရင်း စာအိတ်ကို ဖောက်၍ အထဲမှ မိန်းမလက်ရေး ခပ်ဝိုင်းဝိုင်းလေးဖြင့် ရေးထားသော စာလေးမှ ထိပ်ပိုင်းကို တစ်လုံးချင်း အသံထွက်ဖတ်သည်။
" သို့ ချစ်သော မေရီ "
---------------------။-----------------------
#Teno
(Teno စာသားလေးကို Click လိုက်ပါ။ မူရင်း စာရေးသူ Teno ရဲ့စာမျက်နှာကို ရောက်သွားပါလိမ့်မယ်။
No comments:
Post a Comment