Sunday, July 3, 2022

"309"

"309"




 ( 18+ အရေးအသားတွေ ပါနေလို့ ကလေးများ /စကားလုံး sensitive ဖြစ်သူများ ဖတ်ရန် မသင့်ပါ။)

သူ taxi ပေါ်ကဆင်းလိုက်တယ်။ သောက်လာတဲ့ စီးကရက်ကို လက်က လွှတ်ချတယ်။ ဖိနပ်နဲ့ နင်းချေလိုက်ပြီး ဟိုတယ်ဝင်းထဲကို ဝင်လိုက်တော့ security တစ်ယောက်က သူ့အနားရောက်လာပြီး hotel ရဲ့ reception ဆီကို လိုက်ပို့တယ်။ 


" အစ်ကို day ယူမှာလား။ section လား "


reception မှာ ထိုင်ပြီး အနည်းငယ် ငိုက်နေပုံရတဲ့ကောင်မလေးက မေးလာတယ်။ အေးလေ သူတို့ ဟိုတယ်က သိပ်ပြီး နာမည်မကြီးတဲ့၊ လူသွားလူလာနည်းတဲ့ ဟိုတယ်ပဲ။ သူလည်း အဲဒါကြောင့် ရွေးချယ်ဖြစ်တာပါ။ လူသိပ် အဝင်အထွက်များတဲ့ ဟိုတယ်ဆို သူ့အတွက်ရော အစ်မအတွက်ပါ မကောင်းဘူး။ အထူးသဖြင့် အစ်မအတွက်ပေါ့။ 


" section  ပဲ ယူမယ် ညီမ"


ဟုတ်တယ်လေ။ ဒီမှာ အကြာကြီးနေဖို့ သူ့ဆီမှာ ဘာအကြောင်းပြချက်မှ မရှိနေဘူး။ ဝန်ထမ်းကောင်လေးက ဓာတ်လှေကားကနေတဆင့် သူ့ကို အခန်းဆီ လိုက်ပို့တယ်။ ဟိုတယ်ရဲ့ လျှောက်လမ်းတွေကလည်း သန့်ရှင်းရေး သိပ်နိုင်ပုံမရဘူး။ အနံ့အသက်ကောင်းအောင် ဖန်တီးထားပေမယ့် ဟောင်းနွမ်းတဲ့ အငွေ့အသက်တချို့နဲ့ အသက်ရှု သိပ်မဝချင်စရာပါ။ အခန်းနံပါတ်ကို ကြည့်လိုက်တော့ ၃၀၉။ သူ အခန်းနံပါတ်ကို   အစ်မ ဖုန်းနံပါတ်ဆီ sms ပို့လိုက်တယ်။ အစ်မက ပြန်ပို့လာတယ်။ "Ok " တဲ့။


အခန်းထဲဝင်လိုက်တော့ shit လို့ သူညည်းလိုက်မိတယ်။ အခန်းက အပိတ်ကြီး။ ပြတင်းပေါက်လည်း မရှိဘူး။ ဝရန်တာဆိုတာ ဝေးရော။ အေးလေ။ ဒီမှာလည်း အကြာကြီး နေမှာမှ မဟုတ်တာ။ ခဏလေ။ လူ့လောကရဲ့ လူဖြစ်ရခြင်းမှာ လိုအပ်တဲ့ စိတ်တွေအတွက် ထွက်ပေါက်အဖြစ် ခဏလေးအတွက်လေ ။  ဖွင့်ထားတဲ့ လေအေးပေးစက်ကတော့ အလုပ်လုပ်လို့ တော်ပါသေးရဲ့။ 


နှစ်ယောက်အိပ်ကုတင်အဖြူကြီးမှာ ခဏထိုင်လိုက်မိကာမှ အိမ်မြောင်တစ်ကောင်က ခေါင်းအုံးပေါ်မှာ မျက်စိပြူးကြောင်ကြောင်နဲ့။ ကွိုင်ပဲ။ အဲဒီ အိမ်မြောင်ကို ထွက်ပြေးအောင် ခြောက်ထုတ်ရသေးတယ်။ ဟူး။ နောက်ဆို ဒီဟိုတယ် မလာတော့ဘူး။ လာစရာ အကြောင်းပြချက်ရော ရှိပါ့မလား။ နောက်ဆိုရင်ရော သူနဲ့ အစ်မနဲ့က ... ။ ဒီလိုနေရာမှာ တွေ့ဖြစ်မှာလား။ တွေ့ဖြစ်ဦးမှာလား။


ခဏထိုင်နေရင်းနဲ့ အတွေးတွေထဲ စီးမျောနေတုန်း အခန်းထဲက ဖုန်းက မြည်လာတယ်။


" အစ်ကို ဧည့်သည်ခေါ်ထားတာလား " 


" ခေါ်ထားတယ် ညီမ "


" ဒါဆို လွှတ်လိုက်မယ်နော်"


ခဏနေတော့ တံခါးခေါက်သံကြားတာနဲ့ တံခါးထဖွင့်ပေးလိုက်တယ်။ ဖွင့်ကြည့်လိုက်တော့ အစ်မရယ်၊ အစ်မကို လိုက်ပို့ပေးတဲ့ ဝန်ထမ်းလေးရယ်။ အစ်မဟာ အစ်မ လို့ မထင်ရအောင် ဝတ်စားပြင်ဆင်လာတယ်။ သူ့ နေ့စဉ်ဘဝမှာ ရှောင်လေ့ ရှိတဲ့ အနက်ရောင်နဲ့ သူရွေးချယ်လေ့မရှိတဲ့ ဂါဝန်ရှည်ကို ဝတ်လာတယ်။ နေကာမျက်မှန်ရဲ့ အကာအကွယ်ကို ရယူထားတယ်။ နှုတ်ခမ်းကို နီရဲနေအောင် ဆိုးထားတယ်။ ရုတ်တရက် ကြည့်လိုက်ရင် အစ်မရဲ့နေ့စဉ်ဘဝကလူတွေဟာ အစ်မကို ပြန်မှတ်မိကြမယ် မထင်ဘူး။ သူ့အတွက်တော့ အစ်မရဲ့ ပုံစံ ဘယ်လို ပြောင်းလဲနေတာ အရေးမကြီးပါဘူးလေ။ နေ့စဉ်ဘဝထဲက အစ်မကိုရော သူ လက်လှမ်းမီလို့လား။ အဲဒီအတွေးမှာ သူ ခဏ ငြိမ်သက်မိ။


အစ်မက သူ့ကို "အစ်မ နည်းနည်း နောက်ကျသွားတယ်" လို့ တောင်းပန်တယ်။ သူက "အေးဆေးပါ" လို့ ပြောရင်း အစ်မရဲ့ နှုတ်ခမ်းတွေကို စတင်ပြီး ရှိုက်နမ်းလိုက်တယ်။ အစ်မရဲ့ ဂါဝန်ရှည်ကို ပြေလျော့စေဖို့ သူကြိုးစားသလို အစ်မကလည်း သူ့ရဲ့ တီရှပ်ကို ဆွဲချွတ်ဖို့ ကြိုးစားတယ်။ ပြီးတော့ သူက အစ်မကို နမ်းတယ်။ အစ်မကလည်း သူ့ကို ပြန်လည်နမ်းရှိုက်တယ်။ အဲဒီနောက် သူ့ရဲ့လက်တွေဟာ အစ်မရဲ့ ဘရာကြိုးကို အမြန်ဆွဲဖြုတ်လိုက်မိတယ်။ သူ့ရဲ့လက်တွေ အစ်မ ရင်သား​တွေ ရှိရာဆီ ရောက်နေချိန်မှာ အစ်မကလည်း သူ့ရဲ့ ဂျင်းဘောင်းဘီဇစ်ကို ဆွဲဖြုတ်လိုက်တယ်။ သူတို့ နှစ်ယောက်စလုံး အဝတ်အစားတွေ လွတ်သွားသလို စိတ်ရဲ့ တံခါးတွေလည်း လွတ်သွားတယ်။ 


သိပ်မကြာခင်မှာ သူ့ရဲ့လိင်တံဟာ မာကြောထောင်မတ်လာပြီး အစ်မရဲ့ စိတ်ဆန္ဒတွေဟာလည်း သူနဲ့ အတူရှိမယ်လို့ သူ ယုံကြည်လာတယ်။ အောင့်ကို ပေးလုပ်ပါ လို့ သူ လေသံသဲ့သဲ့လေးနဲ့ အစ်မကို ခွင့်တောင်းလိုက်တယ်။ သူ့ခွင့်တောင်းစကားက အနည်းငယ် ကြောင်တောင်တောင်နိုင်မယ် ထင်ပါတယ်။ အစ်မက ခေါင်းညိတ်တယ်။


သူတို့ ခရီးတွေ သွားလိုက်ကြတယ်။ တိမ်တွေပေါ်ကို တက်တယ်။ အနက်ရှိုင်းဆုံးချောက်ကမ်းပါးတွေဆီကို ဆင်းတယ်။ ကမ္ဘာပေါ်မှာ သူတို့နှစ်ယောက်ပဲသိတဲ့ ဂီတတေးသွားကို တီးခတ်ထားသလို သူနဲ့ အစ်မနဲ့ စီးမျောနေတယ်။ သူ အစ်မရဲ့ နှုတ်ခမ်းတွေကို နမ်းတယ်။ အစ်မက သူ့ဆံပင်တွေကို ဆွဲထားတယ်။ သူ အပေါ်စီးကနေ အစ်မကို မြင်မက်တယ်။ အစ်မက သူ့ရဲ့ အရှေ့ကနေ ကြိုရောက်နှင့်သလို ခံစားရတယ်။ သူ့ရဲ့ ဗလာဖြစ်နေတဲ့ ခန္ဓာကိုယ်အပေါ်ကနေလည်း အစ်မက တက်ထိုင်တယ်။ အဲဒီလိုနဲ့ မိနစ်အနည်းငယ်ကနေ အတော်လေးကြာတဲ့အခါ သူတို့ ပြီးဆုံးသွားတယ်။ သူတို့ နှစ်ယောက်လုံး ချွေးအနည်းငယ်စို့ပြီး မောပန်းသွားတယ်။ အိပ်ရာပေါ် ပက်လက်လှဲနေပြီး ခဏ ငြိမ်သက်နေတယ်။ ဒါပေမယ့် သူတို့ ကျေနပ်နေကြတယ်။ ခဏအကြာမှာတော့ အစ်မက အိပ်ရာပေါ်က ထပြီး ရေချိုးခန်းထဲကို ဝင်သွားတယ်။


သူ condomကို ချွတ်ပြီး ထိပ်ကို ပိတ်ချည်တယ်။ ပြီးတော့ အမှိုက်ပုံးထဲကို ထည့်လိုက်တယ်။ ပြီးတဲ့နောက် ရေချိုးခန်းထဲ ဝင်သွားတဲ့ အစ်မဆီကို လိုက်ဝင်သွားပြီး ရေအတူတူချိုးကြတယ်။ အစ်မ သူ့ကျောကို ဆပ်ပြာတိုက်ပေးသလို သူလည်း အစ်မကို ဆပ်ပြာတိုက်ပေးတယ်။ ရေပန်းအောက်မှာ ခဏလောက် ပွေ့ဖက်ထားကြတယ်။


အစ်မက ရေချိုးပြီးတော့ ကုတင်ပေါ်မှာထိုင်ပြီး သူ့ဆံပင်တွေကို dryer နဲ့ စိတ်ရှည်လက်ရှည်မှုတ်နေတယ်။ ပြီးတော့မှ သူ့အိတ်ထဲမှာ ပါလာတဲ့ အလှပြင်ပစ္စည်းတွေနဲ့ သူ့ကိုယ်သူ သူမဟုတ်သလိုပုံစံဖြစ်အောင် ပြင်ဆင်နေတယ်။  သူ အစ်မကို ပင်ပန်းတကြီးပဲ ကြည့်လိုက်တယ်။


" အဲဒီလို ကိုယ်မဟုတ်သလို ပြင်ဆင်နေရတာ မပင်ပန်းဘူးလား "


အစ်မက ဟက်ခနဲ ရယ်တယ်။


" ဒီထဲကို ဝင်လာတည်းက အစ်မဟာ အစ်မ မဟုတ်သလို အခြေအနေကို ကြိုးစားခဲ့ရတာပဲ။ အစ်မသာ ပုံမှန်စိတ်နဲ့ နေ့စဉ်ဘဝထဲကလိုဆိုရင် မင်းဆီကို လာခဲ့ဖြစ်မှာ မဟုတ်ဘူး။ "


သူ စိတ်ထဲ နာကျင်သလိုခံစားသွားရတယ်။ အစ်မအတွက် သူဟာ ရှက်ရွံ့ရစေတဲ့အရာ တစ်ခုလား။ သူ ထပ်ပြီး အလိုမကျစွာ မေးလိုက်တယ်။ 


" ဒါနဲ့များ အစ်မက ဘာလို့ ကျွန်တော့ကို မရွေးချယ်တာလဲ"


"  စိတ်ထဲ မရှိတာတွေကို ဂုဏ်သိက္ခာအတွက်နဲ့ မေးမနေပါနဲ့လား အောင်ရယ်


ဒါနဲ့ ငါက မင်းကို ရွေးချယ်တော့ရော မင်းက ငါ့ကို အတည်တကျ လက်ထပ်ယူနိုင်မှာလား "


သူ့မျက်နှာကို ရေနွေးပူနဲ့ ပက်ခံရသလို ဖျဉ်းခနဲ ပူစပ်သွားတယ်။


" မင်းက ငါနဲ့ လာအိပ်တယ်။ ငါကလည်း မင်းနဲ့အိပ်တယ်။ မင်းက ပြီးရင် နောက်ရက်တွေမှာ နောက်ထပ် ငါမဟုတ်တဲ့ တခြားမိန်းကလေးတွေနဲ့လည်း အိပ်ဦးမှာပဲလေ"


" ဒါပေမယ့်  ကျွန်တော် အစ်မကို .... "


" ငါက ငါ့ချစ်သူကိုပဲ ချစ်တယ်" 


အစ်မက သူ့စကားမဆုံးခင် ဖြတ်ပြီး ပိတ်ပြောလိုက်တယ်။ သူ့စိတ်တွေ နာကျင်အေးခဲသွားရတယ်။ ခုနကမှ သူနဲ့ တိမ်တွေပေါ်ရောက်ခဲ့တဲ့၊ ပင်လယ်တွေထဲ စီးဆင်းခဲ့တဲ့ အစ်မကလေ။ သူနဲ့ ခုလေးတင် အိပ်ထားတဲ့ မိန်းမတစ်ယောက်က သူမဟုတ်တဲ့ နောက်တစ်ယောက်ကိုပဲ ချစ်တယ်  လို့ ပြောနေတယ်။


" ငါ့ချစ်သူလည်း ပွေတာ ရှုပ်တာပဲ။ ဒါပေမယ့် ငါက သူ့ကို ချစ်တယ်။ သူလည်း ငါ့ကို ချစ်တာပဲ။ 


လူ့လောကကြီးက ရယ်ရတယ်။ ယောက်ျားလေးတွေ ပွေရင် ရှုပ်ရင် သဘာဝလို့  ရယ်ပြီး ခွင့်လွှတ်ပေးချင်တယ်။ မိန်းကလေးတွေ ပွေ ရှုပ်ရင်တော့ ဝိုင်းပြီး လက်ညိုးထိုးဖို့ အသင့်ပဲ။ 


ငါကတော့ လောကကြီးက အတုအယောင်နဲ့ လာရင် ငါလည်း အတုအယောင်ပဲ ပြန်ပေးမယ်။ ရင်ဖုံးလေးနဲ့ ရိုးသားအေးဆေးတယ် ဘာသာတရားကိုင်းရှိုင်းတယ် အလှုအတန်း​တွေ လုပ်တယ် ဆိုတဲ့ မိန်းမတစ်ယောက်ကို ဘယ်သူက ထင်ထားမလဲ။ ဒါပေမဲ့ ငါလည်း လူပဲ။ ငါ့မှာ စိတ်ထွက်ပေါက် လိုတယ်။ မင်းက လိင်စိတ် ရှိနေတယ်။ အဆင်ပြေလို့ တွေ့ကြတယ်။ တကယ်တော့ လောကမှာ လူတွေဟာ အချင်းချင်း အပေးအယူ လုပ်နေကြတာ​ပါပဲ"


အစ်မဟာ အေးစက်စက်လေသံနဲ့ သူပြောချင်တာတွေကို တောက်လျှောက် ပြောလိုက်တယ်။  ပြောလိုက်ရလို့လည်း ပေါ့ပါးသွားသလိုပါပဲ။


" ကဲ အစ်မ ပြန်နှင့်မယ် ကောင်လေး "


အစ်မက ပြောရင်းနဲ့ သူ့ကို အခန်းထဲ ထားခဲ့ပြီး ထွက်သွားတယ်။ သူနဲ့ ဟိုတယ်ထဲကို အတူမဝင်တာ၊ စောပြီးပြန်ထွက်တာတွေကအစ အစ်မဟာ စနစ်တကျ ပိရိသေသပ်လွန်းတယ်။ အစ်မရဲ့ လောကကြီးကို တုံ့ပြန်ပုံတွေက နည်းစနစ်ကျနလွန်းပါတယ်။


 သူ တစ်ယောက်တည်းကျန်ခဲ့တယ်။ သူ တကယ်ကို တစ်ယောက်တည်း ကျန်ခဲ့ပါတယ်။


သူတစ်ယောက်တည်းကျန်ခဲ့တဲ့အခါ အခန်းဟာ ပိုပြီး တိတ်ဆိတ်လာတယ်။ လေအေးပေးစက်ကလည်း ပိုပြီးအေးလာသလိုပဲ။ အချိန်စေ့ဖို့ တစ်နာရီကျော်ကျော်လောက်ကျန်သေးတယ်။ သူ ခဏ ပြန်အိပ်လိုက်ရမလား တွေးတယ်။ ဟင့်အင်း။ သူ မအိပ်ချင်ဘူး။ သူ ဒီအခန်းထဲမှာ တစ်ယောက်တည်းလေ။ စိတ်တွေက မပျော်မရွှင်နဲ့ မှိုင်းညို့လာတယ်။ သူ reception ကို ဖုန်းဆက်ပြီး "check out လုပ်မယ်" လို့ ပြောလိုက်တော့တယ်။ 


ဟိုတယ်ရဲ့ ဓာတ်လှေကားကနေ အောက်ကို ဖြည်းဖြည်းချင်း ဆင်းလာတယ်။ အလာတုန်းကလို သူ့ခြေလှမ်းတွေ မသွက်လက်တော့တာ အမှန်ပါပဲ။ စက်ရုပ်တစ်ရုပ်ရဲ့ အသက်မပါတဲ့ ခြေလှမ်းတွေလိုလေ။ ကောင်တာက စာရေးမလေးကတော့ ငိုက်မျဉ်းနေတုန်းပဲ။ သူထွက်လာတာကို ဘယ်သူမှလည်း အရေးမစိုက်ပေမယ့် သူ ခေါင်းက ဦးထုပ်ကို ပိုပြီး ငိုက်အောင်ဆောင်းလိုက်တယ်။


ဟိုတယ်ကနေထွက်ပြီး လမ်းကျဉ်းလေးအတိုင်း လျှောက်လာပြီးရင် မိန်းလမ်းမကြီးပေါ်ကို  ရောက်မယ်။ မိန်းလမ်းမကြီးပေါ်မှာ ကားတွေ လူတွေနဲ့ နေ့စဉ်ဘဝတွေဟာ ဟန်မပျက် သွားလာနေကြတယ်။  သူ အဲဒီ လူစည်ကားရာ လူအုပ်ကြီးထဲ တိုးဝင် ပျောက်ကွယ်လိုက်တယ်။ အစ်မရော အခုချိန်ဆို သူ့ချစ်သူဆီ မူလအသွင်အပြင်လေးကို ပြောင်းလဲဝတ်စားပြီး သွားတွေ့နေပြီလား။ သူလည်း ဒီကိစ္စကို နောက် ၂ ရက်လောက်နေရင် မေ့ချင်မေ့သွားမှာပါ။ အစ်မလည်း သူ့ကို ဘယ်သတိရပါ့မလဲ။ သူ့စိတ်ထဲ ဝမ်းနည်းသလို မှိုင်းပြာရီဝေခြင်းတွေဟာလည်း မြို့ပြရဲ့ လေထုအပူငွေ့တွေအောက်မှာ ဘာမှမဟုတ်သလို ကျပျောက်သွားလောက်ပါတယ်။


                                       #ခွန်းညိုသွေး

No comments: