#LGBTs
#သိုင်းလောကဗဟုသုတ
#ဟိုးယခင်ကသိုင်းသမားများစုံရပ်
(၁၉၉၀ နှစ်ဝန်းကျင်လောက်က ယခုခေတ်လို တည်းခိုခန်းတွေ၊ SPA တွေ၊ Offer တွေ မရှိသလောက်ရှားပါးတာကြောင့် လိင်တူနှစ်သက် သူအများစုဟာ မိန်းမလိုဝတ်ဆင်သူလောက်သာ လိင်တူကြိုက်နှစ်သက်သူအဖြစ် အသိရှိကြတဲ့အချိန်မှာ အခုဖော်ပြမယ့် ‘ရာဇဝင်ထဲက ပုဂံ’ လိုပဲ ဖြစ်တည်နေခဲ့ကြတာပါ။ လိင်တူကြိုက်တော့ လိင်တူကြိုက်သူစုတဲ့နေရာရှာပြီးသွားရတာပေါ့။ LGBTs ဆိုတဲ့ အသုံးအနှုန်း တောင် ၂၀၁၀ခုနှစ်နောက်ပိုင်းမှ သုံးစွဲလာတာပါ။ စိတ်ကူးထဲကတော့ မင်းသားတစ်ယောက်ကိုပဲ လင်တော်ချင်တာဆိုပေမယ့် ကိုယ့်ရုပ်ရည်က မင်းသားတစ်လက်ကိုရနိုင်တဲ့ ရုပ်ရည်အနေအထားမရှိသူမို့ ရတဲ့လူ ဆွဲယူပြီး သစ္စာရှိရှိပေါင်းသင်းမယ်ဆိုပါတော့။ အဲသည်လူမရှိတုန်း ကိုယ်ကြိုက်နေတဲ့ မင်းသားက အိမ်ရောက်လာရင် အဲ့အချိန် သစ္စာဆိုတာကြီးကို စောင်နဲ့အုပ်ပစ်လိုက်မယ်ထင်ပါရဲ့။ ဥပမာ ပြောပြတာပါ။။ လူတကာနဲ့ဖြစ်တယ်၊ တွေ့ရာလူကိုဆွဲကြိုက်လိုက်တာပဲလို့တော့ တစ်ထစ်ချ မသတ်မှတ်သင့်ပါဘူးနော်။)
ကျောပေးရပ်နေတဲ့ မင်းမင်း အခြေအနေကြည့်ရတာ ဇေဇေ့ကို သိပ်အစာကြေပုံ မရပါဘူး။
စကားသံတိတ်သွားသလို မျက်နှာလည်းပျက်နေလို့ ကျွန်တော်က....
"ဟဲ့ ဇေဇေ နင်ကလဲ အားနာစရာ၊ သူက ဖွာနေတာလေ အပုန်းပြောတော့ စိတ်ဆိုးသွားမှာပေါ့...."
"မတတ်နိုင်ဘူး သူကသာ ကျားကျားပြောတာ ဟိုက လမ်းလျှောက်ရင် စကော့ဈေးတစ်လမ်းလုံး သူလှုပ်တဲ့ ဖင်နှစ်လုံး လွှတ်အောင်မရှောင်နိုင်လောက်ဘူး...."
အဲ့တာတော့ ကျွန်တော်လဲသေချာမကြည့်မိ။
တံတားပေါ်လာတိုင်း ဘောင်ပေါ်ထိုင်နေတာဆိုတော့ သူဖင်လှုပ်တဲ့အကြောင်းမသိတာ မဆန်းဘူးပေါ့လေ။
ဒါနဲ့ပဲ နောက်ရက်တွေမှာ မင်းမင်းက မိုးမြင့်ကျော် ဆိုသူနှင့် ချစ်သူဖြစ်ပြီလို့ အတိအလင်းကြေငြာမောင်းခတ်ပါလေရော။
မင်းမင်းကို သူ့မိဘတွေကိုယ်တိုင်က မိန်းမလျှာမှန်းသိတော့ သိပ်ပြီး ထိန်းထိန်းကွပ်ကွပ် မပြောပါဘူး။ သူ့ညီမနဲ့လည်း ညီအမလိုနေတဲ့ အပြင် သူ့အိမ်ကိုပါ ချစ်သူမိုးမြင့်ကျော်ကို အဝင်အထွက်ခေါ်ခေါ်သွားတတ်ပါတယ်။
တစ်နေ့ကျွန်တော် တံတားပေါ်ရောက်သွားတော့ အော်ကျယ် အော်ကျယ် စကားသံတွေကို တံတား စတက်ကတည်းက ကြားနေရတာ ဘာဖြစ်တယ်တော့ အတိအကျမသိပါဘူး။
တံတားပေါ်ရောက်တော့ ဇေဇေ နဲ့ မိုးမြင့်ကျော်၊ မင်းမင်းတို့ရယ် စကားများတယ်လို့ ထင်ရတဲ့ အနေအထားတွေ့လိုက်ရပါတယ်။ မကြာဘူး ဇေဇေက အော်ဟစ်ပြေး မိုးမြင့်ကျော်က အနောက်ကလိုက်၊ ဇေဇေက လှေကားကဆင်း မိုးမြင့်ကျော်က ဆက်လိုက်၊ နောက်ဆုံး ဗိုလ်ချုပ်လမ်းမကြီးအတိုင်းပြေးနေတဲ့ ဇေဇေ နောက်ပါးကနေ မိုးမြင့်ကျော်က တံတားအောက်ထမင်းကြော်ဆိုင်ရှိ ဝါလုံးကြီးကိုဆွဲယူပြီး ပြေးလိုက်တာများ တံတားပေါ်မှ ကြည့်နေရတဲ့ အပုန်းတစ်သိုက် ရင်တမမ ဟင်ကနဲ ဟာကနဲ ရင်သပ်ရှူမောမဆုံးဖြစ်နေရတာပါပဲ။
အကြောင်းဆုံမေးမှ.....
ဇေဇေမက မိုးမင်းကျော်ကို အပုန်းမ ပါလို့ အတပ်စွပ်စွဲပြောလိုက်တဲ့စကားကို မင်းမင်းမက မခံမရပ်နိုင် လင်တော်မောင်ကို သံတော်ဦးတင် လိုက်တော့ ကျီးယောင်ဆောင်တဲ့ ဒေါင်းခမြာ သူ့ကို ကျီးလို့ အတပ်ပြောတာမို့ အနာပေါ်တုတ်ကျ မခံမရပ်နိုင် ‘ငါဟဲ့ ယောက်ကျား’ပါဆိုပြီး စိန်ပြေးတမ်းလိုက်ရင်းပြေးရင်းဆော့တယ်ဆိုပါတော့....။
နောက်မှသိရတာက အပြေးကောင်း အပုန်းကောင် အလျောက်ကောင်းလို့ လွတ်မြောက်သွားတယ်ဆိုပါတော့လေ။
သိပ်မကြာခင်မှာပဲ မင်းမင်းမ အမေရဲ့ တစ်ရက်နတ်ကန္နားဆိုပဲ လုပ်တယ်။ သမိုင်း၊ ဗဟိုလမ်းက နတ်နန်းမှာနတ်ကန္နားကမှာ ပုဂံတံတားရှိ ရှိသမျှ အပုန်းမှန်သမျှကိုဖိတ်ပါလေရောလား။ ဖေဇော်ဂျီကအစ နတ်ဝါသနာအိုး ကိုကြည်လွင်အဆုံး ကျွန်တော်တို့ တစ်သိုက် မိုးလင်းတာ နဲ့ နတ်ကရာ နတ်နန်းပြေးရပြန်ပါတယ်။
အဓိဌာန်အောင်နတ်ကန္နားအပြင် မင်းမင်းမက နတ်ရေစင်က သောက်ရသေး။
သောက်တဲ့ရေစင်က နတ်ကြီး ဝါကြီး အမေပုပ္ပားလေ။
ပုပ္ပားမယ်တော်အဝတ်အစားက လှတယ်ဆိုပဲ။ သူများနတ်တွေက နတ်ခေါင်းစွဲဖို့ ရေစင်သောက်တာဘဲကြားဘူးတယ် သူကတော့ ဝတ်စုံ လှလို့ကြိုက်လို့ဆိုပါရော။
ကျွန်တော်ကတော့ မကပေမယ့် ကျင်စွီတို့ ၊ ကိုကြည်လွင် ဖေဇော်ဂျီတို့ကတော့ ကလိုက်ကြခုန်လိုက်ကြပေါ့။ အဲ့ဒီမှာ နတ်ကရတာကို စိတ်ဝင်စားနေတဲ့ ကျွန်တော့်အတွက် ဒီတစ်ခါ နတ်ကန္နားပွဲကြုံလို့ကတော့ ဝင်နွှဲအုန်းမယ်လို့ ကြုံးဝါးမိလိုက်ပါသေးရဲ့။
တစ်နေ့ ပုဂံတံတားရောက်တော့...
"ဟဲ့ ..နင့်ကောင်လေး ထက်ထက် လာတာတွေ့တယ်"ဆိုတော့ ဝမ်းသာအားရ ဘယ်မှာလဲမေးရတော့တာပေါ့။
ဟိုရှာ သည်ရှာ ညအချိန်ပုဂံတံတားပတ်ရှာရင်း သတိရတာလဲပါသလို ငှားသွားတဲ့ အဝတ်အစားလေးတွေ သူ့ကိုပြန်လိုက်ပို့ရင်း ယူမယ် စိတ်ကူးတာလည်းပါတယ်။
ပုဂံတံတားပေါ်မှာမတွေ့ရဘဲ နာရီဝက်လောက်ကြာမှ တံတားပေါ်ပြန်တက်လာတာတွေ့ရတယ်။
‘ဘယ်သွားတာလဲ’ပေါ့ ကိုယ်က မေးပြီ။
‘သူငယ်ချင်းတစ်ယောက် နဲ့တွေ့လို့ အောက်ဆင်းလိုက်သွားတာ’ဆိုတော့ ပြူးပြူးပြာပြာမေးရပါတယ်။
‘ဘယ်သူလဲ ဘယ်ကလဲ ဘယ်မှာတွေ့တာလဲ။’
ဘာပြောပြော ခင်မြဦးလို့ ပြောလဲ ခံရမှာပဲ။ ချစ်သူဖြစ်ပြီးမကြာဘူး ရက်ရှည်ခွဲနေရတော့ ကိုယ်ကမှိုစွဲနေပြီလေ။
မေးလို့ မဆုံးခင် လှေခါးထိပ်ကိုတက်လာတဲ့ ထက်ထက်နဲ့အတူ ရွယ်တူလောက်ရှိမယ့် ခပ်သွယ်သွယ် လူတစ်ယောက်ကို အတူတွေ့လိုက်ရပါတယ်။
မပြေးယုံတမယ် ခြေလှမ်းတွေနဲ့ ကျွန်တော်ကသွက်လှသော်လည်း အေးဆေးလွန်းတဲ့ ချစ်ရတဲ့ ထက်ထက်ဟာ ခပ်ဖြေးဖြေးပဲ အနားရောက်လာတယ်။ ကျွန်တော်ကတော့ ကလီကမာ ဆမာကလာပေါ့ တွတ်ထိုးလိုက်ရတာ.....။
သူကတော့ ခပ်အေးအေး ခပ်ပြုံးပြုံးရယ်လျက် သူ့နံဘေးက တစ်ယောက်နဲ့ မိတ်ဆက်ပေးတာ သူ့ညီတစ်ဝမ်းကွဲပါတဲ့။
အပြောအဆိုအရ မင်းနဲ့ငါ အသုံးအနှုန်းကြောင့် ကျွန်တော်ကတော့ ချွင်းချက်မရှိ ထက်ထက်ကိုယုံမိတယ်။
အချိန်အနည်းငယ်အကြာမှာတော့ ပုဂံတံတားပေါ် မကြာခဏ လာတတ်သလို ကျွန်တော်နှင့် ရင်းနှီးကျွမ်းဝင်လှသူ မဟုတ်သော်လဲ စကားပြောဘူး ခင်မင်ရင်းနှီးဖူးသည့် အသားဖြူဖြူအရပ်မြင့်မြင့် ခပ်ချောချော ‘ အောင်အောင်’ ဆိုသူအား ထက်ထက်တို့ တက်လာတဲ့ လှေခါးထိပ်ကဘဲ ကျောပိုးအိတ်လေးလွယ်ပြီး တည့်တည့်မတ်မတ်လာနေတာတွေ့လိုက်ရပါတယ်။
ကိုယ်ကတော့ ချစ်သူလေးနဲ့ ခုမှ ပြန်ဆုံဆည်ရသူအဖြစ် ဂုဏ်ဆာပြချင်တယ်လေ။ မျက်နှာကိုချေမိုး စကြဝဠာတိုက်တခုလုံး ထက်ထက်လောက်သာမြင်နေမိတဲ့ကျွန်တော်က ထက်ထက်လက်မောင်းလေးတွဲခိုလိုက်ပါသေးရဲ့။
အနားရောက်လာတဲ့ အောင်အောင်က မခို့တရို့ အပြုံးနဲ့ ကျွန်တော့်ကိုတလှည့် ထက်ထက်ကိုတလှည့်ကြည့်နေလို့ ကျွန်တော်ကဟန်မူပို ကပိုကယို ရသေးတာ။
"ဒီနေ့ ဝိုင်းမရှိဘူးလား...."
အောင်အောင်က အဲ့အချိန်ကာလ ခေတ်စားကာစ အိမ်တွေကို ‘စာသင် စာကျက်ဝိုင်း’ လိုက်သင်ပြနေတဲ့ ကျူရှင်ဆရာ Guide ဆရာပေါက်စ ဆိုပါတော့....။
"ရှိတယ်။ ညနေကတည်းက ပြီးတာလေ ...။ .ဒီနေ့ စာမေးပွဲကြီးနောက်ဆုံးရက်မို့ တံတားပေါ်တက်လာတာ..."
အဲ့အချိန်မှာပဲ ထက်ထက်နဲ့ ပါလာတဲ့ ခပ်သွယ်သွယ်လူငယ်က အောင်အောင့်ကို မေးခွန်းတစ်ခုမေးလိုက်တာ မကြားတကြားဖြစ် သွားရသလို ‘သူတို့အချင်းချင်း သိနေလို့များလား’ လို့လည်း စိတ်ထဲက အတွေးဝင်မိလိုက်ရဲ့။
ဘာပဲဖြစ်ဖြစ်လေ ကိုယ့်ကိစ္စမဟုတ်သလို ကိုယ့်ချစ်သူနှင့်မသက်ဆိုင်လေတာမို့ ခပ်ပေါ့ပေါ့ပဲနေလိုက်မိတယ်။
"အစ်ကို ပြန်ရအောင် အစ်ကို့ကိုတွေ့ချင်လို့လာခဲ့တာ။ မနေ့ကမှ ခရီးကပြန်ရောက်တာအစ်ကိုရ..."
ခပ်ညုညု အပြောက နားဝင်ချို ပီတိကိုဖြစ်စေတာအမှန်ပါပဲ။
"အင်းပါ ထက်ထက်ရယ် အစ်ကိုပြန်ပို့ပေးမှာပေါ့.."
အမှန်တော့ ချစ်သူ့လက်ကိုစွဲလို့ ပုဂံတံတားကြီးပေါ် လူးလာခေါက်ပြန် လမ်းတွေလျှောက်ချင်သေးတာ။
ချစ်သူက ပြန်မယ်ဆိုတော့လည်း အဖေရဲ့ ဝယ်ရောင်းကားလေး ယူလာတာမို့ ပြန်လိုက်ပို့ရပါရဲ့။ ပြန်စဉ်းစားလိုက်တော့လည်း ဟုတ်ပါတယ်လေ သိတဲ့အတိုင်း သည်ပုဂံတံတားဆိုတာက အပုန်းခြေရာတွေ ထပ်တရာမက ခြေချတဲ့ကမ္ဘာမဟုတ်လား။ ကိုယ့်ချစ်သူ နုနုထွတ်ထွတ်လေးများ အခြားသူဆွဲစားသွားရင် ရင်ကျိုးရချည်ရဲ့။
"ဘာစားအုန်းမလဲ ထက်...."ကားပေါ်ရောက်ရောက်ချင်းမေးလိုက်တာ။ ညီအစ်ကိုနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လေရဲ့။
"မစားတော့ပါဘူး"
သေချာတာက ကျွန်တော်ကားမောင်းထွက်လာတော့ ပုဂံတံတားပေါ်ရှိ ဘော်ဒါဘော်ဂျွတ်မတွေ အတင်းတုတ်ပြီးကျန်ခဲ့မှာ အမှန်ပါ။
ထက်ထက်နေထိုင်ရာ ရေကျော်လမ်းထဲအရောက် "သူက ဘယ်ကိုပြန်မှာလဲဟင်"
ကျွန်တော့်အမေးကို ထက်ထက်ကမျက်ကလဲဆန်ပြာဖြေသည်။ "အိမ်....အိမ်မှာအတူနေတာလေ....."
ဘာလို့ အထိတ်တလန့်ဖြေရတာတုန်း။
စိတ်ထဲကပါ။
သူ့ညီကိုဝမ်းကွဲကတော့ ဘာမှမသက်ဆိုင်သလိုရှိနေသည်ပဲ။
ပုစွန်တောင်ပန်းခြံထောင့် အရောက်..."မင်းခဏ အောက်ဆင်းစောင့်ကွာ ငါ အကိုနဲ့ စကားပြောစရာရှိလို့....."
ချစ်သူ ထက်ထက်က သူ့ညီအစ်ကို ဝမ်းကွဲကို ကားပေါ်မှ ပလစ်တော့ တယ်ဟုတ်ပါလားပေါ့။
သိပ်အလိုက်သိတဲ့ ချစ်သူ။
သူ့ညီအစ်ကိုဝမ်းကွဲ ကားပေါ်က ဆင်းသွားပြီး ပန်းခြံထိပ်နားက ကျောက်တံတိုင်းပေါ်တက်ထိုင်နေတာလှမ်းမြင်မှပဲ ထက်ထက်ရင်ခွင်ထဲ တိုးဝင် အလွမ်းသယ်ရပါတယ်။
ပါးစပ်က အလွမ်းသယ်တာဖြစ်ပေမယ့် လက်က အမာစိန်ဖြစ်နေပြီ။
နောက်ဆုံးပိတ်ဂဏှာမငြိမ်တဲ့ လက်ကို ရွှေနှုတ်တော်နဲ့ အာသာဖြေအပြီး.....
"ထက်ထက် အစ်ကို့အဝတ်အစားလေးတွေ အိမ်ပေါ်လိုက်ယူမယ်နော်။ ရောက်ဖူးတယ်လည်းရှိအောင် အန်တီ နဲ့လည်းတွေ့ရအောင်...." ဆိုတော့ကာ....
"ဟမ်....ဟာ လိုက်လို့ မဖြစ်ဘူးအစ်ကို။ နောက်ပြီး ထက်ထက် တစ်ခုပြောစရာရှိတယ်.....တောင်းပန်မလို့။ အကိုစိတ်မဆိုးပါနဲ့နော်....."
စိတ်လဲမဆိုးခိုင်းဘူး။
တောင်းလဲတောင်းပန်တယ်။
ဘာပြောမှာလဲပြောလေဆိုတော့....
"ရှူတင်အတွက် ငှားသွားတဲ့ အစ်ကို့ အဝတ်အစားတွေ ထက်ထက် သင်္ဘောပေါ်မှာ အထုပ်လိုက်ပျောက်သွားတယ်။ အဲ့ဒါ အစ်ကို့ကို ပြောမထွက်ဘူးဖြစ်နေတာ...."
‘ကုန်ပါပြီတော့’ လို့အော်ဟစ်ရင်ထုလို့ အေးရင်ကျူးချလိုက်ချင်ပါရဲ့။
ကောင်းပေ့ ဆိုတာတွေ ချစ်သူ မျက်နှာမငယ်ဖို့ အဖေမသိအောင် ကိုယ်တိုင်ထုတ်ပိုးပေးချလိုက်တဲ့ကျွန်တော်။ ကျန်ခဲ့တဲ့ အိမ်ကဘီရိုထဲမယ် ခပ်နွမ်းနွမ်းအပေါစားလောက်သာကျန်လို့ ရင်ထုမနာ ဖြစ်ရချည့်။
မျက်နှာငယ်နှင့် တိုးလျှိုးပြောတဲ့လေယူလေသိမ်းကို ကျရာဇာတ်ရုပ် လံကြုပ်လို့ သရုပ်ဆောင်တယ်မထင်ခဲ့ပါဘူး။
"ဟုတ်လား ....အင်းပါ ရပါတယ်ထက်ရယ်...." ပေါ့။
အဲ့ဒီထဲမှာ ဆောင်းတွင်းကာလဝတ် အကြိုက်ဆုံးဂျက်ကက် အနွေးထည်လေးရယ်၊ အဖြူ ရောင်ကို လက်စက လိမ္မော်ရောင်ပါတဲ့ တီရှပ်လေးရယ်ကို အရမ်းနှမြောမိသော်လည်း ဘာတတ်နိုင်ဦးမည်လဲလို့တွေးနေတုန်း.....။
"အစ်ကိုက အဲ့လို နားလည်သဘောထားပြည့်ဝလို့ ထက်ထက်က အရမ်းချစ်နေရတာ...."ဆိုပြီး သူ့နှုတ်ခမ်းမထူမပါးကို ကိုယ့်နှုတ်ခမ်းပေါ် ထိကပ်လိုက်တာနဲ့ ကျင့်ကြံထားသမျှ ဈာန်မာန ပိန်းကြာပေါ် ရေမတင်သည့်အလား လျောကနဲ့ မြေခရတော့တာပါပဲ။
နှုတ်ဆက်တဲ့အနေနဲ့ သူလှုပ်ရမ်းပြတဲ့ လက်ကလေးကိုငေးလို့ တက်သွားတဲ့တိုက်ကြည့်ပြီးအိမ်ပြန်လာခဲ့ရတာပေါ့။
ပြောရရင် အိမ်ပြန်လာတဲ့ လာလမ်းတစ်လျှောက် စိတ်မပျော်သလို စိတ်မကောင်းလည်း ဖြစ်မိပါတယ်။
သုံးရက်လောက် ပုဂံတံတားမရောက်သလို၊ လေးရက်မြောက်နေ့မှာတော့ သူငယ်ချင်း မွှေးနီမ လို့ ချစ်စနိုးခေါ်ရတဲ့ ကိုဦးရဲ့ အဒေါ်အမတွေ ရှိရာ မွှေးနီမတို့ နေအိမ် ပုစွန်တောင်ကို အကြောင်းရင်းကိစ္စတစ်ခုနဲ့ လိုက်သွားခဲ့တယ်လေ။ မထင်မှတ်ဘဲ မွှေးနီမ အမတွေရဲ့ အိမ် နဲ့ ချစ်သူထက်ထက်တို့ နေထိုင်ရာ ရေကျော်ထိပ် ရှစ်ထပ်တိုက်ရဲ့ အပေါ်ဆုံး အထပ်ဟာ ဖင်ချင်းပေါက် နီးပါး မြင်ရပါတယ်။ အပုန်းမျက်စိက နတ်မျက်စိအလားအမြင်စူးစူးမို့ မြင်တွေ့လိုက်တာက ထက်ထက်တို့တိုက်ခန်း အပေါ်ဆုံးထပ်အိမ်နောက်ဖေးကြိုးတန်းက အနွေးထည် ရယ်၊ အဖြူရောင်တီရှပ်လက်စကအင်္ကျီ လက်က လိမ္မော်ရောင်စပ်ကြားရယ်၊ ရင်ဘတ်မှာ အင်္ဂလိပ်အက္ခရာ G တစ်လုံးထဲ ပါသော Giordano အနက်ရယ်ကို လှန်းထားတာမြင်လိုက်တာပါပဲ။
သူငယ်ချင်းအိမ်မှာမို့ အိန္ဒြေဆည်နေရပေမယ့် အလိမ်အညာမုန်းတဲ့စိတ်က သိပ်ကို ကသိကအောင့်နိုင်လှပါတယ်။ သိသာသိစေ မမြင်စေနဲ့ ဆိုတာမျိုး မြင်လိုက်ရတော့ သိပ်စိတ်တိုမိတယ်။
အိမ်ပြန်လာပြီးနောက် ညမိုးချုပ်ကာစအချိန် အဖေကားဝိုင်းကပြန်လာတာနဲ့ရေမိုးချိုးကာ ပုစွန်တောင်ကို ပြန်ပြေးတာပဲ။ ပုစွန်တောင်ဈေး ရှေ့နားမှာ မထင်မှတ်ဘဲ ကျူရှင်ဆရာ အောင်အောင် ကိုတွေ့လိုက်တယ်။
ရွှေတိဂုံဘုရားလမ်းနေတာလို့သိထားတဲ့ကျွန်တော့်အတွက် သူက ဒီဘက်ဘာလာလုပ်တာလဲဆိုတဲ့ သံသယအတွေးတွေး ဖြစ်လိုက် မိသေးတယ်။
‘အော် သူက ကျုရှင်ဆရာ ဒီဘက်ဝိုင်းလာသင်တာနေမှာပေါ့’လို့တွေးပြီး ချစ်ရသူ ထက်ထက်နေတဲ့ ရှစ်ထပ်တိုက်ရှေ့ကားရပ် လှေကားက မောကြီးပန်းကြီးတက်ချသွားလိုက်တာပါပဲ။
ခက်ပြီ။
အခန်းက ဘယ် ညာ နှစ်ခန်း ဘယ်အခန်းမှန်းမသိ အမောစို့တာတော့အမှန်။
အောက်ကနေ ဟိုးအပေါ်ဆုံးထပ်လို့ လက်ညှိးထိုးပြထားရုံမို့ တက်လာသော်လည်း နေ့လယ်က လှန်းထားတဲ့ ကိုယ့်အင်္ကျီတွေအရ နှစ်ခန်းက တစ်ခန်းခန်းတော့အသေအချာပဲလေ။
ရမ်းသမ်းတံခါးခေါက်လိုက်တဲ့ ညာဘက် အခန်းထဲမှ ခြေသံကြားရရင်း တံခါးလာဖွင့်သူက ထက်ထက်အမေ။
ရိုက်ကူးရေးအသွား သာကေတ ဆိပ်ကမ်း လိုက်ပို့ဖူးထားတော့ ထက်ထက်အမေကို သိနေတယ်လေ။
"အန်တီ ထက်ထက်ရှိလား...."
"အော် အေး နွယ်ခွေက သူ့ သူငယ်ချင်းကောင်လေးလာလို့ လက်ဖက်ရည်ဆိုင်ထိုင်ရင်း ကားပေါ်လိုက်တင်ပေးမယ်ဆိုပြီးဆင်းသွားတယ်"
အိမ်ထဲ ဝင်ပါဦးလို့ ရှစ်ထပ်တိုက်တက်လာသူကို ဟန်ဆောင်ပန်ဆောင်တောင်မခေါ်တော့လဲ စပ်စုချင်စိတ်က .....
"ရေလေး တစ်ခွက်တိုက်ပါအန်တီ မောလို့...."
"အော် လာ လာ "
တံခါးလေးဖွင့် အပေါက်ဝက သစ်သားခုံလေးနားအရောက် ထိုင်ဦးလေ ဆိုတဲ့ ပြောစကားနဲ့ ဝတ်ကျေတန်းကျေ ထိုင်စေပြီး အခန်းဝရှိ ရေအိုးမှ ရေတစ်ခွက် ခပ်တိုက်ပါတယ်။
ဘုရားကျောင်းဆောင်မဟုတ်တဲ့ စာပွဲပေါ်မှာ ဉာဏ်တော်ခြောက်လက်မခန့်ရှိ ဆင်းတုအနားမယ် ဇော်စိမ်းဆိုတဲ့ အပင်တွေထိုးထားတဲ့ ပန်းအိုးနဲ့ သောက်တော်ရေတစ်ခွက်။
လေးပေခန့်ရှိမယ့် သစ်သားဘီရိုအမြင့်တစ်လုံးအရှေ့ ခေါင်းအုံး၊စောင်၊ ဂွမ်းကပ်လို အခင်းအလိပ်တစ်စုံ နှင့် ၁၄ လက်မ 110 လို့ ပြောရမဲ့ တီဗွီလေးတစ်လုံးဘေးအနားမှာ ကျွန်တော့်ထံက ငှားသွားသော အင်္ကျီ၊ဘောင်းဘီ အပါအဝင် အဝတ်ပုံကို တွေ့ရတာကြောင့် လက်ညှိးထိုးပြီး....
" ကျွန်တော့် အင်္ကျီတွေကြုံတုန်းယူသွားလိုက်မယ် အန်တီ။ ကျွန်တော့်ကိုမှတ်မိတယ်မဟုတ်လား။ သင်္ဘောဆိပ်ကို လိုက်ပို့တာ ကျွန်တော်လေ...."
အဲ့တော့မှ....
"အော် အေး မြင်ဘူးပါတယ်လို့ ထင်နေတာ။ နေဦး..သားရဲ့ မင်းညီက ရိုက်ကွင်းအတွက် သူ့ သူငယ်ချင်းတွေဆီကအဝတ်အစားတွေ လိုက်ငှားထားတော့ ဘယ်ဟာ ဘယ်သူ့ဟာ အန်တီ မသိဘူး သူလာမှ ယူပါလား"
ပြောတာလဲ ဟုတ်တာပဲ။
"အင်းပါ အန်တီ ရပါတယ် သူလာမှ ယူတော့မယ် ခဏစောင့်မယ်နော်..."
ခဏလောက်တွေးတောဟန် လုပ်ပြုပြီး...
"ကြာမလားမသိဘူး ဒီကောင်လေးကလဲ။ အန်တီက အလုပ်တွေရှိသေးတယ်...."
မစောင့်စေလိုတဲ့ စကားမှန်းသိသိချင်း...
"ဟုတ်ကဲ့.. အန်တီ။ ကျွန်တော်လည်းသွားစရာရှိလို့ နောက်မှလာမယ်။ မနက်ဖြန်ဖုန်းဆက်မယ်လို့ ထက်ထက်ကိုပြောပေးပါအန်တီ။ ဒါမှ မဟုတ်လဲ ကျွန်တော့်ကိုဖုန်းဆက်ပေးပါလို့ပြောပေးပါ...:လို့ မှာလျက် တိုက်အောက်က စောင့်မယ်လို့ ဆုံးဖြတ်ကာ ဆင်းလာလိုက်တယ်။
အောက်ကိုဆင်းအလာ လှမ်းနေတဲ့ ခြေလှမ်းတွေဟာ ဒုတိယအထပ် လှေကားအကွေ့ အမှောင်ထဲရှိ ပူးကပ်နေတဲ့လူနှစ်ယောက်ကြောင် ခြေလှမ်းတုံ့ သွားပါတယ်။
ရေးသားသူ - သုတလုလင်
To be continued….
No comments:
Post a Comment