Wednesday, October 2, 2024

လိင်တူချင်း လက်ထပ်ခွင့်ဥပဒေ ပြဿနာ၏ အဖြေ

 လိင်တူချင်း လက်ထပ်ခွင့်ဥပဒေ ပြဿနာ၏ အဖြေ




Venus News Weekly (၂၀၂၃ ခုနှစ်၊ မေလ ၃၀ရက်နေ့ထုတ်) အချပ်ပို စာမျက်နှာ H ပါ သတင်းအရ သ ိရတာကတော့ ပြင်သစ်နိုင်ငံမှ လိင်တူချင်းလက်ထပ်ခွင့်ကို ခွင့်ပြုသောဥပဒေအား သမ္မတက အတည်ဖြစ်ရန် လက်မှတ်ရေးထိုးကြောင်း သိရပါတယ်။ ဒီကိစ္စကို မကျေနပ်လို့ လူဦးရေ သိန်းဂဏန်းကျော်ကျော်က အကြီးအကျယ် ဆန္ဒပြကြောင်းနှင့် မိမိကိုယ်ကိုယ် သတ်သေဆန္ဒပြသူပင်ရှိကြောင်း သိရပါတယ်။ ဒီတော့  တော်တော့်ကို ပြင်းပြင်းထန်ထန် သဘောမတူမှုတွေ ဖြစ်ကြပါတယ်။


တချို့ကလည်း ဒီကိစ္စကို သဘောတူပါတယ်။ ဒီတော့ သဘောထားကွဲပြားမှု နက်ရှိုင်းလွန်းလှပါတယ်။ ဘယ်ဘက်က မှားပြီး ဘယ်ဘက်က မှန်သလဲဆိုတာလို့ ဆောင်းပါးရှင်စာရေးဆရာတစ်ယောက်က ရေးရင်လည်း ဒီကိစ္စဟာ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ သဘောထားအာဘော်တွေ အများကြီးပေါ်ပေါက်နိုင်ပါတယ်။ သို့ပါသောကြောင့် စာရှုသူအပေါင်းတို့သည် မိမိတို့ဘာသာ အဖြေထုတ်နိုင်ရန် သတင်းအချက်အလက်အချို့ကို တင်ပြလိုပါတယ်။


တစ်ခါက အသက် ၁၇ နှင့် ၁၅နှစ်အရွယ် အသီးသီးရှိကြသော ကျွန်တော်၏ သမီးနှစ်ယောက်သည် သူတို့၏ အဒေါ်ဖြစ်သူ ထိုင်းနိုင်ငံသို့ ဘုရားဖူးသွားရာတွင် အဖော်အဖြစ် ဘန်ကောက်မြို့သို့ လိုက်သွားကြပါသည်။ ပြန်လာတော့ သမီးကြီးက ကျွန်တော့်အတွက်ဟုဆိုကာ ဘန်ကောက်မှဝယ်လာသော တီရှပ်သုံးထည် လက်ဆောင်ပေးသည်။ ငယ်ငယ်ကတည်းက ဖအေနား အလွန်ကပ်ပြီး ဖအေကိုလည်း နောက်တတ်သည့် သမီးငယ်ကတော့ ‘ဖေကြီးအတွက် သမီးလည်းလက်ဆောင်ဝယ်လာတယ်’ ပြောရာ ကျွန်တော်က ဟုတ်လားသမီးဟု အလိုက်သင့်ပြန်ပြောတော့ သူက ‘သမီးဝယ်လာတဲ့လက်ဆောင်က ဖေဖေအကြိုက်ကလေးတွေ’ ဟုပြောပြီး ဓာတ်ပုံတစ်ပုံကို ထုတ်ပေး ပါတော့သည်။ ကျွန်တော်က ဓာတ်ပုံကိုကြည့်လိုက်တော့ ‘အောင်မလေးဟဲ့’ ဟုပင် ပါးစပ်မှယောင်၍ ထွက်သွားပါသည်။


ဓာတ်ပုံထဲမှာက ရေကူးဝတ်စုံနှင့် ခန္ဓာကိုယ်အလှကို အထူးပြထားသည့် အလွန်ချောသော မိန်းကလေးငါးယောက်လောက် စင်ပေါ်တက်၍ သီချင်းဆိုနေသည့်ပုံ ဖြစ်ပါသည်။ ၎င်းမိန်းကလေးများသည် မျက်နှာရော၊ ကိုယ်လုံးကိုယ်ပေါက်ရော၊ ကိုယ်ဟန်အနေအထားရော ပြောစရာမရှိအောင်လှသည့် ခြောက်ပစ်ကင်းသဲလဲစင် အလှဟုဆိုနိုင်ပါသည်။ ကျွန်တော်က ပါးစပ်မှ ‘အောင်မလေးဟဲ့’ ဟုယောင်၍ အသံထွက်သွားခြင်းမှာ သူတို့၏အလှကို ရင်ဖိုသွား၍ဟု စာဖတ်သူတို့ အထင်မလွဲစေလိုပါ။ ကျွန်တော်၏ အသက်အရွယ်သည် ရင်ခုန်ရမည့်အရွယ်မဟုတ်။ ၁၅နှစ်သမီးက ဖအေကို ဒီလိုမျိုးလက်ဆောင်ပေးတော့ လန့်သွားတာပါ။ နောက်စရာရှားလို့ ကိုယ့်ဖအေကို ဒီလိုနောက်ရသလားဆိုပြီး သမီးငယ်ကို ဆုံးမလိုက်ရသေးသည်။ သမီးငယ်က ဆက်၍ပြောသည်မှာ ‘ဖေကြီး၊ သူတို့က ယောက်ျားဘဝကနေ ခွဲစိတ်ပြီး မိန်းမဘဝကို ပြောင်းထားတာ’ ဟု ပြောပြပါသည်။


ပြီးတော့….

‘သူတို့က ပွင့်ပွင့်လင်းလင်းပဲ။ သူတို့ခွဲစိတ်ခဲ့ပြီး လိင်ပြောင်းထားတာလို့လည်း ပြောင်ပြောင်တင်းတင်းပြောတယ်။ ဓာတ်ပုံလည်း အရိုက်ခံတယ်။ သူတို့ရဲ့ဘဝမှန်ကို ဘယ်သူဘာပြောပြော သူတို့က ပြဿနာမရှိဘူး’ ဟု သမီးငယ်က ကလေးတစ်ဦးအနေနှင့် သူသိသလောက် တိုတိုတုတ်တုတ်ပြောလိုက်သော်လည်း သူ့စကားအရ ထိုင်းနိုင်ငံ၏ ကျန်းမာရေးအခြေအနေအဆင့်အတန်းတစ်ခုကို ကျွန်တော် ချက်ချင်းအကဲခတ်လိုက်ပါသည်။


ဘယ်လိုအကဲခတ်လိုက်မိတာလဲ ရှင်းပြပါမည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကျန်းမာရေး (Health)ကို အဓိပ္ပာယ်သတ်မှတ်သည်မှာ -

‘ကျန်းမာခြင်းဟူသည်မှာ ရောဂါကင်းရှင်းနေရုံသာမဟုတ်၊ ကိုယ်၏ကျန်းမာခြင်း(ကာယသုခ)၊ စိတ်၏ချမ်းသာခြင်း (စိတ္တသုခ)တို့အပြင် လူမှုရေးသုခနှင့် ပြည့်စုံနေခြင်းဖြစ်သည်။ ဒီတော့ ယောက်ျားဘဝနှင့် မိန်းမစိတ်ပေါက်နေသူတစ်ယောက်ကို မြင်ယောင်ကြည့်ပါ။


သူ့မှာ ရောဂါကင်းရှင်းနေမယ်ဆိုပါစို့။ ဒါဆိုရင် ကာယသုခတော့ရှိပါမယ်။ ဒါပေမဲ့ ဖြစ်ချင်တဲ့ မိန်းမဘဝကို တကယ်မဖြစ်ရှာဘူး။ ဒီတော့ မချမ်းသာဘူး စိတ္တသုခနဲ့မပြည့်စုံဘူး။ ဒါတင်ဘယ်ကမလဲ  ပတ်ဝန်းကျင်ကလည်း သိပ်ပြီးအဖက်မလုပ်ဘူး၊ မိန်းမလျာ (ဘန်းစကားနဲ့ ဆိုရင် အခြောက်)ဆိုပြီးပစ်ပယ်ထားမယ်။ ဒီတော့ လူမှုရေးသုခနဲ့မပြည့်စုံတော့ဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ရဲ့ သတ်မှတ်ချက်နဲ့ ချိန်ထိုးကြည့်ရင် ကာယသုခနဲ့ပြည့်စုံတယ်။ စိတ္တသုခနဲ့ လူမှုရေးသုခမပြည့်စုံဘူး။ ဒီတော့ မိန်းမလျာတွေကို မကျန်းမာကြရှာဘူး ပြော နိုင်ပါတယ်။ လူတွေနားလည်တဲ့  ကျန်းမာခြင်းဆိုတာကလည်း ရောဂါမရှိဆိုတဲ့ ပေတံနဲ့ပဲ တိုင်းတာကိုး။ လူရာမဝင် လူဝင်ဆံ့မဆံ့ဆိုတဲ့ အချက်လည်းပါသေးတယ်ဆိုတာ လူတွေ သိပ်မသိကြပါဘူး။


ဒါပေမဲ့ ထိုင်းနိုင်ငံမှာ ကျွန်တော့်သမီးငယ်တွေ့ခဲ့တဲ့ စင်ပေါ်တက်ပြီး သီချင်းဆိုတဲ့ ရေကူးဝတ်စုံဝတ်၍ ‘ကျား’ဘဝမှ ‘မ’ဘဝသို့ ပြောင်းထားကြသူများကတော့ သိပ်လှပြီး မြင်သူငေးနေရတယ်။ ရောဂါမရှိဘူး။ ဒီတော့ ကာယသုခနဲ့ပြည့်စုံနေပြီး ခွဲစိတ်လိင်ပြောင်းထားလို့ ဖြစ်ချင်သလို ဖြစ်လာရပြီဆိုတော့ စိတ်ချမ်းသာပြီပေါ့။ စိတ္တသုခနဲ့ပြည့်စုံပြီး သူတို့က  သူတို့အကြောင်းကို ပွင့်ပွင့်လင်းလင်း ပတ်ဝန်းကျင်မှာ ချပြရဲတယ်။ ပတ်ဝန်းကျင်နဲ့လည်း ပြဿနာမရှိဘူးဆိုတော့ လူမှုရေးသုခနဲ့လည်း ပြည့်စုံပြီပေါ့။ ဒီတော့ သူတို့ကျန်းမာကြသည်။ ဒီလို ကျန်းမာရေးအနေအထားတစ်ခုကိုရောက်ဖို့ ပတ်ဝန်းကျင်၏ နားလည်ပေးမှု Understanding နဲ့လည်းဆိုင်တယ်။


ထိုင်းနိုင်ငံက လိင်တူချစ်သူတွေရဲ့ ကျန်းမာရေးက မြင့်မားနေပါပြီ။ ဘာကြောင့်လဲဆိုရင် ဘန်ကောက်မြို့မှ ပြန်လာတဲ့ ၁၅နှစ်အရွယ် ကျွန်တော့်သမီးအဆိုအရ ဘန်ကောက်မှာ ယောက်ျားဘဝမှ မိန်းမဘဝသို့ ခွဲစိတ်လိင်ပြောင်းထားသူတွေက ပတ်ဝန်းကျင်နဲ့ ပြဿနာမရှိဘူး။ ပတ်ဝန်းကျင်မှာ မသိမ်ငယ်ရ၍ဖြစ်၏။


မကြာသေးမီက ဂျာနယ်တစ်စောင်တွင် နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ ‘ကျား’ဘဝမှ ‘မ’ဘဝသို့ ခွဲစိတ်လိင်ပြောင်းသာ အရေအတွက် အလွန်များပြားနေသည်ဟု ရေးခဲ့ရာ စာဖတ်သူတချို့က ပြဿနာတွေတော့ များကုန်ပါပြီဟု စုတ်သပ်နေကြသည်ကို တွေ့ခဲ့ဖူူးပါသည်။ တကယ်တော့ ‘ကျား’ဘဝကနေ ခွဲစိတ်လိင်ပြောင်းလိုက်သော အရေအတွက်များလာခြင်းသည် ပြဿနာများလာခြင်းမဟုတ်၊ ပြဿနာဖြေရှင်းခြင်းများသာဖြစ်၏။


Problem များခြင်းမဟုတ်၊ Problem Solution များလာခြင်းသာဖြစ်ပါသည်။ ခွဲစိတ်လိင်မပြောင်းဘဲ ဒီအတိုင်းထားတော့ကော ၎င်းပုဂ္ဂိုလ် တို့သည် ယောက်ျားစိတ်ပြန်မပေါက်သည့်အပြင်  ယောက်ျားအင်္ဂါနှင့် မိန်းမစိတ်ဖြစ်နေပြီး ပြဿနာများတော့၏။ ပြဿနာကတော့ လိင်တူဆက်ဆံခြင်း (Homo Sex)နှင့် လူမှုရေးပြဿနာအမျိုးမျိုးဖြစ်၏။ ၎င်းတို့ကို M.S.M (Men Sex with Men) ဟုခေါ်၏။ M.S.M တို့၌ HIV အန္တရာယ်လည်း မြင့်မားနေတတ်ပါသည်။


ကျွန်တော်သည် HIV ကာကွယ်တားဆီးရေးစီမံကိန်း၌ တာဝန်ထမ်းဆောင်ဖူးသဖြင့် M.S.M ပေါင်းများစွာနှင့် ခင်မင်ရင်းနှီး အသိအကျွမ်း ဖြစ်ခဲ့ဖူးပါသည်။ များသောအားဖြင့်၎င်း M.S.Mတို့သည် အပယ်ခံများဖြစ်ကြပါသည်။ အနည်းဆုံးတော့ သူတို့ကို ‘ဟား’စရာဟု ယူဆကြပါသည်။ တချို့ကတော့ ကမ္ဘာပေါ်တွင့် HIV ကူးစက်နှုန်းမြင့်မားအောင် လုပ်သူတွေထဲမှာ သူတို့လည်းပါတယ်ဟု အပြစ်တင် တတ်ကြပါသည်။ မြန်မာနိုင်ငံမှ M.S.Mများတွင် တချို့မှာ ချမ်းသာပြီး ကံထူးကြပါသည်။ ဘာကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံသို့ ကျွန်တော် သိရသလောက် ဘုရားဖူးလိုလိုသွားပြီး ခွဲစိတ်လိင်ပြောင်းခဲ့ကြပါသည်။ ဒီတော့ ကိုယ်ဖြစ်ချင်တဲ့ဘဝကို ကိုယ်ရောက်ရပြီး အတိုင်းအတာ တစ်ခုအထိတော့ စိတ်ချမ်းသာရပါတယ်။ ဒါပေမဲ့ လုံးလုံးလျားလျားတော့ မပျော်ရဲပါ။ ဘာကြောင့်လဲဆိုတော့ ငါတော့ မိန်းမလုံးလုံးဖြစ်ပြီ ဟေ့လို့ မကြေညာရဲပါ။ မိမိရဲ့ပြောင်းလဲသွားတဲ့ဘဝကို ပတ်ဝန်းကျင်သို့ ပေါ်ပေါ်တင်တင် အသိမပေးရဲတာ ကျွန်တော်တို့ အသိမိတ်ဆွေထဲတွင် ရှိပါသည်။




တချို့က ပြောကြပြန်ပါသည်။ ‘ကျား’ ဘဝမှ ‘မ’ ဘဝသို့ ခွဲစိတ်လိင်ပြောင်းခြင်းသည် ဥပဒေအရ ပြစ်မှုမြောက်သည်ဟု ဆိုကြပြန်၍ အပယ်ခံ M.S.M တို့ခမျာသွေးလန့်ကြရှာပါသည်။ တပ်လိုက်တဲ့ဥပဒေပုဒ်မကအကြီးကြီးမှ တကယ့်ကို အကြီးကြီးပါ။ မြန်မာနိုင်ငံ ရာဇသတ်ကြီး ခေါ် ပြစ်မှုဥပဒေ ၃၂၆တွင် လူတစ်ဦး၏ ကိုယ်အင်္ဂါတစ်ခုခုကို ပျက်စီးစေလျှင် ကျွန်းဒဏ်အထိ ပြဋ္ဌာန်းထားပါသည်။  ဒီတော့ ယောက်ျားလိင်အင်္ဂါကြီးကို ခွဲစိတ်ဖြတ်တောက်လိုက်တော့ ကိုယ်အင်္ဂါတစ်ခုကို ဖျက်ဆီးလိုက်တာပဲဆိုပြီး ဥပဒေပုဒ်မကြီး တပ်လိုက်တာ သွေးပျက်ကုန်ကြရှာပါသည်။


ကိုယ်အင်္ဂါကို ပျက်စီးစေခြင်းလား၊ ဆေးကုသခြင်းလား

လူတစ်ဦးနှင့် တစ်ဦး ရန်ဖြစ်ချိန် ဒေါသအလျောက် ဓားနှင့်ခုတ်လိုက်သဖြင့် တစ်ဖက်လူလက်ပြတ်သွားသော်ကိုယ်အင်္ဂါပျက်စီး၍ ဒုက္ခိတ ဖြစ်သွားသဖြင့်  ပြစ်မှုဥပဒေပုဒ်မ ၃၂၆နှင့် အကျုံးဝင်ပါသည်။ သို့သော်ဆီးချိုလူနာတစ်ယောက် ဆီးချိုအလွန်ပြင်းထန်ပြီး ခြေထောက်အနာဖြစ်၍  ခြေထောက်ပုပ်သဖြင့် အသက်အန္တရာယ်ရှိသောကြောင့် ဆရာဝန်မှ ၎င်းခြေထောက်ကို  ဖြတ်ရသော် ဒီကိစ္စက ကိုယ်အင်္ဂါကို ပျက်စီးစေခြင်းဟု အဓိပ္ပာယ်မမှတ်ဘဲ ဆေးကုသခြင်းဟု အဓိပ္ပာယ်သတ်မှတ်၍ ပုဒ်မ ၃၂၆နှင့် အကျုံးမဝင်ပြန်ပါ။


သည်တော့ M.S.M တစ်ယောက်ရဲ့ လိင်အင်္ဂါကို ဖြတ်တောက် လိင်ပြောင်းရာ၌ ဤကိစ္စသည် ဆေးကုသခြင်းဟု ယူဆနိုင်ပါသည်။ တကယ်တော့ ခွဲစိတ်လိင်ပြောင်းထားခြင်းကို တားမြစ်သော အထူးဥပဒေမရှိသလို ခွင့်ပြုထားသော ပြဋ္ဌာန်းချက်လည်းမရှိပါ။ ဤအမှု ကိစ္စမျိုးကို တိုင်ကြားတရားစွဲဖူးခြင်းမရှိ၍ စီရင်ထုံးလည်း  မရှိသေးပါ။ ပြစ်မှုမြောက် မမြောက်လည်းပြောရန်ခက်ပါ၏။


တချို့သော ဥပဒေရေးရာ အငြင်းပွားမှုများတွင် ကိုးကားစရာ ဥပဒေရှာမတွေ့ဘဲ စီရင်ထုံးများကို ကိုးကားရပါသည်။ စီရင်ထုံးဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ အမြင့်ဆုံးတရားရုံးဖြစ်သော တရားရုံးချုပ်၏ စုံညီစုရုံးက ဆုံးဖြတ်ပေးဖူးသော အမှုတစ်ခု၏ ဆုံးဖြတ်ပုံ (ဝါ) ဖြတ်ထုံး (ဝါ) စီရင်ထုံးဖြစ်ပြီး အောက်တရားရုံးများက လိုက်နာပါသည်။ ဥပမာ - မြန်မာလင်မယားတို့၌ လင်က မယားကို ကြိမ်ဖန်များစွာ ပါးရိုက်သော် လည်း မယားကို ကွာရှင်းခွင့်ပြုရမည်ဟု အတိအလင်း တိတိကျကျပြဋ္ဌာန်းချက်မရှိ၍ ပါးရိုက်ခံရသောမယားက တရားရုံးတွင် လင်မယား ကွာရှင်းခွင့်တောင်းသော် တရားရုံးအမျိုးမျိုး၌ မတူညီသော စီရင်ချက်အမျိုးမျိုးဖြစ်ပေါ်နိုင်ပါသည်။ သို့သော် ၁၉၆၈ ၌ တရားရုံးချုပ်၏ ၁၉၆၈ တရားမ ပထမအယူခံမှု အမှတ် ၁တွင် ဦးမျိုးမြင့်နှင့် ဒေါက်တာခင်မေကြည် စီရင်ထုံး၌ လင်မယားကွာရှင်းခွင့်ပေးခဲ့ပြီး စီရင်ထုံး အဖြစ် ထုတ်ပြန်ခဲ့သည်။ ထိုစီရင်ထုံးကို ကိုးကား၍ နောက်အခါ လင်မယား ပါးရိုက်မှုဖြစ်သော် အောက်ရုံးအားလုံးက စီရင်ထုံးကို လိုက်နာ၍ ကွာရှင်းခွင့်ပေးရသည်။ ဒါက စီရင်ထုံး ဥပမာတစ်ခုပါ။


သို့သော် M.S.M တို့လိင်ပြောင်းခြင်း၌ ယနေ့တိုင် အမှုမဖြစ်သေးသဖြင့် စီရင်ထုံးလည်း မရှိသေးပါ။ M.S.M တစ်ယောက် ခွဲစိတ်ဖြတ် တောက်၍ လိင်ပြောင်းသော် ဥပဒေအရ တကယ်ပင် မိန်းမဖြစ်သွားပြီလား။ ဥပမာ - လိင်ပြောင်းလိုက်သော M.S.M ဘဝကလာသူသည် ယောက်ျားတစ်ယောက်ကို တရားဝင်လက်ထပ်ခွင့်မရှိဟူသော ဥပဒေပြဿနာမျိုးရှိပါသည်။ ကျွန်တော်တို့နိုင်ငံတွင် ဤကိစ္စမျိုး၌လည်း စီရင်ထုံးမရှိသေးပါ။


အပယ်ခံလူတန်းစားဆိုသည်မှာ 

အပယ်ခံရသူတို့မှာ ဥပမာအချို့ကတော့ လိင်တူဆက်ဆံသူများ၊ ပြည့်တန်ဆာများ၊ အနာကြီးဝေဒနာသည် AIDS ဝေဒနာသည် စသည်ဖြင့် ဖြစ်ကြပါသည်။


တစ်ခါက WHO က  HIV ပိုးရှိသူများကို စာနာကြည်ဖြူလက်တွဲကူရန် ဆောင်ပုဒ်ထုတ်ပြန်ခဲ့ဖူးပါသည်။ စာနာကြည်ဖြူကြခြင်းသည် Acceptance ပင်ဖြစ်ပါသည်။


တချို့က M.S.M များနှင့် ပြည့်တန်ဆာများသည် AIDS ပြန့်ပွားရေး တရားခံစားရင်း၌ ပါဝင်သည်ဆိုပြီး ၎င်းတို့ကို အပြစ်တင်ရှုံ့ချကြ ပါသည်။  ဤသို့ အပြစ်တင်ခြင်းသည် HIV ကာကွယ်ရေး၏ မှန်ကန်သောနည်းလမ်း (Right Method) မဟုတ်ပါ။ သူတို့အား စည်းခြားထားသော လူမှုရေးအတားအဆီး (Social Barrierr) အားနည်းပါးစေလျက် ကာကွယ်ရေးနည်းလမ်းများ (ဥပမာ - ကွန်ဒုံး စသည်ဖြင့်)ကို အလေ့အကျင့်ဖြစ်စေခြင်းဖြင့်သာ HIV ကို တားဆီးရပါမည်။


လိင်တူလက်ထပ်ခွင့်ဥပဒေဟာ မှန်လား၊ မှားလား

လက်ထပ်တယ်ဆိုတာ မစဉ်းစားမီ လိင်တူချင်းချစ်ခွင့် ရှိ မရှိ အရင်စဉ်းစားရပါမယ်။ မိမိရဲ့စိတ်ထဲမှာ မိန်းမစစ်စစ်စိတ်ပေါက်နေတဲ့သူ တစ်ယောက်ဟာ ယောက်ျားစစ်စစ်တစ်ယောက်ကို ချစ်ခွင့်မရှိဘူးဆိုရင် ဘယ်သူ့ကိုသွားပြီး ချစ်ရမှာလဲဆိုတဲ့ မေးခွန်းရဲ့အဖြေကို စာရှုသူများ စဉ်းစားပြီး ဖြေကြည့်စေချင်ပါတယ်။ အဖြေအမျိုးမျိုးထွက်နိုင်ပါတယ်။ စာရှုသူများအကြား၌ လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ရှိပါတယ်။ အဲဒီလိုသဘောထားကွဲလွဲခွင့်ရှိတာကလည်း ဒီမိုကရေစီရဲ့ စရိုက်လက္ခဏာတစ်ခုဖြစ်တယ်လို့ ဆိုပါရစေလား။




ဒေါက်တာ ထွန်းဝင်း

*** ဒေါက်တာ ထွန်းဝင်း၏ ‘လိင်နှင့် ကျား မဆိုင်ရာ နိုင်ငံရေး (Sex and Gender Politics)’ စာအုပ်မှ ကူးယူဖော်ပြပါသည်။

No comments: