Saturday, March 1, 2025

မြစ်လက်တက်ပေမဲ့_ရေစီးက_ကြမ်းတယ်




ယခုသွားရောက်နေသော ခရီးစဉ်သည် ကျွန်တော့်အတွက် မွေးရပ်မြေသို့ နောက်ဆုံးသွားရောက်သော ခရီးစဉ် ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။


အနာဂတ်တွင် မွေးရပ်မြေ၌ ကျွန်တော်ခင်တွယ်သူများ ရှိတော့မည်မဟုတ်သလို၊ ကျွန်တော်ငယ်စဉ်က နေထိုင်ခဲ့သည့်အိမ် သည်လည်း ရှိတော့မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ယခု မွေးရပ်မြေသို့ပြန်နေခြင်းမှာ ငယ်စဉ်က ကျွန်တော်တို့မိသားစု နေခဲ့သောအိမ်ကို အပြီးအပိုင်ရောင်းချရန် သွားရောက်နေခြင်းဖြစ်သောကြောင့်ဖြစ်ပါ၏။


ငယ်စဉ်ဘဝသည် ကြည်နူးချမ်းမြေ့ဖွယ်မဟုတ်သော်လည်း ဇာတိရပ်ရွာဖြစ်သည်မို့ ကျွန်တော် သံယောဇဉ်တွယ်ရပါသည်။


ကားကိုမောင်းလာရင်းမှ ကျွန်တော့်အတွေးထဲတွင် ငယ်ဘဝအရိပ်များ ထင်ဟပ်လာတော့သည်။


+++++


ကျွန်တော်တို့အိမ်ကလေးက ကျွန်တော့်ဇာတိမြို့ကလေး၏ အချက်အချာကျသောနေရာတွင် ရှိပါသည်။ သို့သော် အိမ်က လေးကတော့ အိုဟောင်းလှပါပြီ။ ကျွန်တော့်အမေရဲ့အဘိုးအဘွားများ လက်ထက်ကတည်းက ပိုင်ဆိုင်ခဲ့သောအိမ်ဖြစ်ပြီး အမေတို့ မောင်နှမက အမွေရခဲ့သည်။စီးပွားရေး မပြေလည်၍ အမေတို့ လက်ထက်တွင် ပြုပြင်မွမ်းမံနိုင်ခြင်းမရှိလို့ အိမ်ကလေးမှာ ကျွန်တော် ငယ်စဉ်ကတည်းကပင် ဟောင်းအိုနေပါပြီ။


အမေသည် ဤအိမ်ကလေးတွင် ကြာရှည်နေထိုင်ခွင့်မကြုံခဲ့ရပါ။ ကျွန်တော့်အသက် ၈နှစ်၊ ကျွန်တော့် အငယ်ဆုံးညီမလေး အသက် ၃နှစ်အရွယ်တွင် အမေ ကွယ်လွန်သွားခဲ့ပါသည်။ ကျွန်တော်တို့ မောင်နှမသုံးယောက်သည် အဖေ၊ အမေ့ရဲ့မောင် ကျွန်တော့် ဦးလေးတို့နှင့် ထိုအိမ်လေးတွင် နေထိုင်ကြီးပြင်းခဲ့ရပါသည်။


ကျွန်တော်တို့ မောင်နှမသုံးယောက်တွင် ကျွန်တော်က အကြီးဆုံးဖြစ်ပြီး ကျွန်တော့်အောက်မှာ အေးအေးနှင့်ထွေးထွေး ဆိုသည့် ညီမလေးနှစ်ယောက်ရှိပါသည်။


ကျွန်တော့်အဖေမှာ လက်သမားဆရာဖြစ်သည်။ သို့သော် အမေကွယ်လွန်ပြီးနောက်ပိုင်း စိတ်လေလွင့်ကာ အဖေသည် အလုပ်ကိုကောင်းကောင်းမလုပ်၊ အရက်သာ ဖိသောက်နေခဲ့ရာ အရက်သမားစစ်စစ်ကြီးဖြစ်နေပါပြီ။


ကျွန်တော့်ဦးလေးသာ မရှိခဲ့လျှင် ကျွန်တော်တို့မောင်နှမသုံးယောက်ဘဝမှာ တွေးဝံ့စရာမရှိပါ။ ဦးလေးကျေးဇူးကြောင့်သာ ကျွန်တော်တို့ ပညာသင်နိုင်၊ ထမင်းနပ်မှန်အောင် စားနိုင်ခဲ့ခြင်းဖြစ်ပါသည်။


ကျွန်တော်တို့က “လေးသိန်း”..ဟုခေါ်သော အမေ့ရဲ့မောင် ကျွန်တော့်ဦးလေး ကိုတင်သိန်း ရှာကျွေး၍သာ ကျွန်တော်တို့ နပ်မှန်ခဲ့ရသည်။ မိဘကိုစော်ကားလိုခြင်းမဟုတ်သော်လည်း ကျွန်တော့်ဖခင်သည် လေးသိန်းလောက် ကျွန်တော်တို့အပေါ်မှာ တာဝန် မကျေခဲ့ပါ။


လေးသိန်းသည်လည်း ပညာတတ်တယောက်မဟုတ်ပါ၍ ဝင်ငွေများများ မရှာနိုင်ရှာပါ။ တူ တူမများကို ချစ်စိတ်ဖြင့်သာ လေးသိန်းခမျာလည်း အပင်ပန်းခံ ကြိုးစားရုန်းကန်ရရှာခြင်းဖြစ်ပါသည်။


လေးသိန်းသည် အရပ်ထဲက အိမ်တွေမှာ အဝတ်လျှော်ခြင်း၊ ထင်းခွဲရေခပ်ပေးခြင်း၊ သန့်ရှင်းရေးလုပ်ပေးခြင်း၊ အစား အသောက် ကူညီချက်ပြုတ် ပေးခြင်းစသည့်အလုပ်များကို ပင်ပန်းစွာလုပ်ကိုင်ကာ ပိုက်ဆံကို အောက်ကျနောက်ကျ ရှာခဲ့ရပါသည်။ မြို့မှာ အလှူမင်္ဂလာပွဲများရှိလျှင်လည်း လေးသိန်းက သွားရောက်လုပ်ကိုင်ပေးတတ်ကာ ပိုက်ဆံရအောင်ရှာတတ်သည်။ သူများ ပေးချင်ကမ်းချင်အောင်လည်း ရိုရိုကျိုးကျိုးလုပ်ကိုင်ပေးရှာပါသည်။


လေးသိန်းသည် ထိုကဲ့သို အိမ်ဗာဟီရအလုပ်ကလေးများကိုသာ လုပ်ကိုင်ရင်း ဝင်ငွေရအောင် ရှာတတ်ပါသည်။ အဖေတို့လို လက်သမား၊ ဆေးသုတ်သမား၊ ပန်းရံသမားအလုပ်မျိုး မလုပ်နိုင်ရှာပါ။ လေးသိန်းကို ဘယ်သူကမှလည်း ထိုအလုပ်မျိုးမခိုင်းပါ။


အဘယ်ကြောင့်ဆိုသော် လေးသိန်းသည် မိန်းမစိတ်ပေါက်နေသော မိန်းမလျာတယောက် ဖြစ်နေသောကြောင့်ပင်။


 +++++


ကိုတင်သိန်းခေါ် လေးသိန်းကို တစ်ရပ်လုံးက “အသိန်း”..လို့ပဲ ခေါ်ကြသည်။ အသိန်းဟု ဆိုလိုက်လျှင် လေးသိန်းကိုဆိုလို မှန်း တစ်မြို့လုံးကပင် သိကြပါသည်။


လေးသိန်းကို အလုပ်ခေါ်ခိုင်းဖို့ လိုလိုလားလားရှိကြသည့်အချက်ထဲတွင် လေးသိန်း “ယောင်” တတ်တာကြောင့်လည်း ပါ သည်။ သူ့ခါးကိုတို့လျှင် ယောင်တတ်သည့် လေးသိန်းအကျင့်က လူတွေကို ဟာသဖြစ်စေသည်။ ရယ်မောရစေသည်။ စိတ်ပျော်ရွှင် စေပါသည်။


လေးသိန်းသည် ခါးကိုအတို့ခံရလျှင် ယောင်ပြီး ပါးစပ်က ပေါက်တတ်ကရ အယုတ္တအနတ္တများ ထွက်လာတတ်ပါသည်။ ခါးကိုတို့ပြီး ရှေ့က ကပြလျှင် သူလည်း လိုက်ကတတ်ပြီး သူ့ကို စနောက်သူက အကရပ်လိုက်သော်လည်း သူကတော့ သီချင်းတပုဒ် ဆုံးသည်ထိ က,နေတတ်၏။


“ဟဲ့..ဟဲ့.. အနုတ်စုတ် ဂုတ်စုတ် ပလုတ်တုတ်”


တစ်ယောက်ယောက်က ခါးတို့လိုက်၍ လေးသိန်း ရုတ်တရက်ယောင်လိုက်တိုင်း အနားမှာရှိတဲ့ လူများ ရယ်မောကြရသည်။


တစ်ခါတရံတော့လည်း… သူ့ခါးကို ရုတ်တရက်တို့လိုက်လျှင်…


“ယောက်ျားဘသား၊ အမှောင်ထဲမှာ ကျော်ဟိန်းနဲ့ငါနဲ့ညား”


အဆီအငေါ်မတည့်သော စကားများ လေးသိန်းနှုတ်က ထွက်ပေါ်လာတတ်ပြန်သည်။


တခါက… ရှင်ပြုအလှူပွဲတစ်ခုတွင် လေးသိန်း ငရုပ်သီးထောင်းနေတုန်း ကိုတင်မောင်ဆိုသူ လူပျိုကြီးက ခါးကို တို့လိုက်ရာ…


“ငရုပ်သီးတွေမျက်နှာစင်၊ တင်မောင် ငါ့ရဲ့လင်”


လေးသိန်းနှုတ်က ရုတ်တရက်ယောင်လိုက်သောစကားကြောင့် ဘေးကလူတွေ တအုံးအုံး ရယ်မောကြတော့သည်။


“ပေါ်ကုန်ပြီ၊ ပေါ်ကုန်ပြီ၊ တင်မောင် ဘယ်တုန်းက နင့်လင်ဖြစ်လိုက်တာလဲ အသိန်း”


“လူပျိုကြီးတင်မောင်နဲ့အသိန်းနဲ့ ခြေပုန်းခုတ်နေကြတာဟေ့၊ ပေါ်ပြီ၊ ပေါ်ပြီ၊ ဟားဟား ဟားဟား…”


“မဟုတ်ပါဘူးတော်၊ သူ ခါးတို့လို့ ကျုပ်ဘာသာ ယောင်အော်လိုက်တာပါ။ ကျုပ်နဲ့တင်မောင် ဘာမှ မဖြစ်ပါဘူး”


“စောက်ခြောက်မ၊ နင့်ကြောင့် ငါ့ကို လူတွေတမျိုးထင်ကုန်ကြပြီ”


ကိုတင်မောင်က ရှက်သွားကာ လေးသိန်းကို အပြစ်ပြောလိုက်သည်။


“ဟဲ့-မသာ၊ နင် ဘာလို့ ငါ့ခါး လာတို့သေးလဲ၊ ငါယောင်တတ်မှန်း သိရက်သားနဲ့”


“ကဲပါကွာ၊ ခုမှ ငြင်းမနေကြပါနဲ့၊ တင်မောင်နဲ့အသိန်းကို အသိအမှတ်ပြုလိုက်ကြဟေ့၊ သူတို့စုံတွဲကို လူကြီးစုံရာနဲ့ ပေးစား ကြရအောင်”


“ဟာဗျာ… ခင်ဗျားတို့ကလဲ”


အလှူကို ကူလုပ်ဖို့လာတဲ့ လူပျိုကြီးကိုတင်မောင် ရှက်ရှက်နဲ့ထွက်ပြေးပါတော့သည်။


အခြားသူများအတွက် ရယ်မောစရာဖြစ်သော်လည်း ကျွန်တော်သည် ကျွန်တော့်ဦးလေးအတွက် ရှက်နေခဲ့ရပါသည်။ မိန်းမလျာဖြစ်နေလို့ ရှက်ရတဲ့ကြားထဲ ယောင်တတ်သောဦးလေးနှုတ်မှ ပေါက်ကရစကားများကြောင့် ပိုပြီးရှက်ခဲ့ရပါသည်။


+++++


ကျွန်တော့်အတွက် ရှက်စရာဟု ခံစားရသော်လည်း ယောင်တတ်ခြင်းသည် လေးသိန်းအတွက် အခွင့်အလမ်းတစ်ခု ဖြစ်နေခဲ့ ပါသည်။


“ခိုင်းစရာရှိရင် အသိန်းကိုခေါ်ခိုင်းဟဲ့၊ သူက အလုပ်လည်း စေ့စေ့စပ်စပ်လုပ်တယ်၊ ရယ်လည်း ရယ်ရတယ်”


“ဟုတ်ပါ့၊ ပျင်းရင် သူ့ခါးလေးတို့လိုက်ရုံပဲ၊ သူ ယောင်ရင် သိပ်ရယ်ရတာ”


“ခါးတို့ပြီး သီချင်းလေးတပိုဒ်သာ လက်ခုပ်တီးဆိုပေးလိုက်၊ က,လို့မဆုံးတော့ဘူး၊ အဲဒါကြောင့် ကျုပ်တို့တော့ အိမ်မှာ လုပ်စရာရှိရင် အသိန်းကို ခေါ်လိုက်တာပဲ”


“အသိန်းကို အလုပ်ခိုင်းရတာ အလုပ်အတွက်လည်း စိတ်ချရတယ်၊ ရယ်လည်းရယ်ရတယ်ဟေ့”


ယောင်တတ်သည့်အချက်တချက်နှင့်ပင် လေးသိန်းမှာ အလုပ်များ မအားအောင်လုပ်ရပါသည်။


မြို့မှာ အလှူမင်္ဂလာပွဲများရှိလျှင် အလှူရှင်များက လေးသိန်းကို မရမက လာခေါ်ကြသည်။ လေးသိန်းသည် သူတို့အတွက် အလုပ်ကို သေသေသပ်သပ်လုပ်ပေးနိုင်သူဖြစ်သလို ဟာသဖြင့် ဖျော်ဖြေပေးသော လူရွှင်တော်တဦးလည်းဖြစ်နေပါသည်။ အလှူပွဲ များတွင် လေးသိန်းကို တယောက်ပြီးတယောက် ခါးတို့ကာ ရယ်မောကြသည်။ ကခိုင်းကြသည်။


အများအတွက် ရယ်စရာဖြစ်သော်လည်း ကျွန်တော်ကတော့ ဦးလေးဖြစ်သူကိုကြည့်ကာ သနားမိပါသည်။ ကခုန်ပြီး မောပန်း နေသည့် လေးသိန်းကိုကြည့်ကာ စိတ်မကောင်းဖြစ်မိပါသည်။


လေးသိန်း အဲဒီလို အလုပ်တွေ မပြတ်လုပ်ရလို့လည်း ကျွန်တော်တို့ မောင်နှမသုံးယောက် ထမင်းနပ်မှန်စားနိုင်ပြီး ကျောင်း နေနိုင်ခြင်းဖြစ်ပါသည်။


တခါက ကျွန်တော်ကျောင်းသွားရာလမ်းရှိ အိမ်တစ်အိမ်တွင် လေးသိန်း အဝတ်တွေလျှော်နေသည်။ ထိုအိမ်မှ ကလေး သုံးယောက်က လေးသိန်းခါးကိုတို့ကာ ရယ်မောနေကြသည်။ ခါးအတို့ခံရသော လေးသိန်းသည် ပါးစပ်က အယုတ္တ အနတ္တတွေလည်း ပြော၊ ကလေးတွေ လက်ခုပ်တီးသီချင်းဆိုပေးတဲ့အလိုက်အတိုင်းလည်း ကပြရင်း အမောဆို့နေပါသည်။


“နေပါဦးဟယ်၊ နေကြပါဦး ကလေးတွေရဲ့၊ ငါ အဝတ်လျှော်ပြီးရင် နင်တို့ကို တ၀ကြီး ကပြပါမယ်၊ အဝတ်ဖြောင့်ဖြောင့် လျှော်ပါရစေ၊ မောလွန်းလို့ပါဟဲ့”


မောဟိုက်သံကြီးဖြင့် တောင်းပန်နေသော လေးသိန်းကိုကြည့်ကာ ကျွန်တော်မျက်ရည်စို့လာပြီး ထိုအိမ်အနီးမှ ပြေးထွက်ခဲ့မိ ပါတော့သည်။


+++++


လေးသိန်းအတွက် အနှောက်အယှက်တစ်ခုမှာ ကျွန်တော့်အဖေ ကိုမြဆောင်ဖြစ်ပါသည်။


အိမ်အတွက် စားဝတ်နေရေးကို လေးသိန်းတာဝန်ယူထားလို့ အိမ်ကိုငွေပေးရန်မလို။ သူရတဲ့လုပ်ခကို သူ့ဘာသာ အရက် သောက်ပစ်သည်။ ဒီကြားထဲ အလုပ်သိပ်မကောင်းချိန်များတွင် ဝင်ငွေမရှိတော့ အရက်ဖိုး လိုသည်။ လေးသိန်းဝှက်ထားသော ပိုက်ဆံ များကို အရက်သောက်ဖို့ လေးသိန်းမသိအောင် ယူသည်။


“ဟယ်.. ငါ့ခေါင်းအုံးစွပ်ထဲမှာ ထည့်ထားတဲ့ပိုက်ဆံတွေ ဘယ်ရောက်ကုန်တုန်း၊ သေချင်းဆိုး မြဆောင်၊ နင်ပဲ မဟုတ်လား၊ နင်အရက်သောက်ဖို့ ယူတာ မဟုတ်လား”


“အခြောက်မ… ကိုယ့်ဟာကိုယ် ဘယ်ထားမှန်းမသိဘဲနဲ့ ငါ့လာ စွပ်စွဲမနေနဲ့”


“ဟဲ့- ဒီအိမ်မှာ ငါ့ပိုက်ဆံကိုခိုးမယ့်လူ နင်တယောက်ပဲရှိတယ်၊ နင်မခိုးလို့ ဘယ်သူခိုးမှာလဲ အရက်သမားရဲ့၊ တကတည်း တော်… သူ့ရန်ကြောက်လို့ လုံခြုံမလားထင်ပြီး ခေါင်းအုံးထဲထည့်ထားမိပါတယ်၊ ဘယ်အချိန်က ချောင်းကြည့်ပြီး မှတ်ထားတယ် မသိဘူး၊ ပေး- ပြန်ပေး”


“မသိဘူး၊ ကုန်ပြီ၊ ငါ အရက်သောက်ပစ်လိုက်ပြီ”


“သေချင်းဆိုး၊ ကာလနာ၊ အလတ်မလေးက ကျောင်းဝတ်စုံဟောင်းပြီဆိုလို့ ဝတ်စုံအသစ်လေးဝယ်ပေးဖို့ ငါစုထားတာ၊ အကြီးကောင်ကလည်း သူ့အတန်းထဲမှာ ရေအိုးဖိုးနဲ့တံမျက်စည်းဖိုး သွင်းရအုံးမှာတဲ့၊ ခုတော့ ကုန်ပါပြီဟယ်”


“နားငြီးတယ် ဂန်ဒူးမရာ၊ ပြန်ရှာပေါ့”


“မသာ၊ ပြောတော့လွယ်တယ်၊ နင့်သားသမီးတွေအတွက် ငါစုထားတာဟဲ့။ နင်က မွေးအောင်လုပ်ရုံ လုပ်ပြီး ဘာတာဝန် ယူသလဲ၊ ငါကတော့ ငါ့အစ်မက မွေးခဲ့တဲ့ကလေးတွေမို့ သံယောဇဉ်ကြီးလိုက်ရတာ၊ ငါ့ပက်ဆပ်နဲ့သောက်တဲ့စောက်ရေ အပင်းဖြစ်ပါ စေတော်”


“ဟာ- ဒီအခြောက်”


အဖေက ပြေးလာပြီး လေးသိန်းပါးကို လက်ပြန်ရိုက်ချလိုက်ရာ လေးသိန်း မြေကြီးပေါ် ပစ်လဲကျသွားသည်။


“အဖေ- အဖေ- မလုပ်ပါနဲ့အဖေရယ်”


ညီမလေးနှစ်ယောက်က ငိုယိုတားမြစ်သည်။ လေးသိန်းလည်း အဖေ့ကို ပြန်မလုပ်ရဲရှာ။


တကယ်တော့ ဒါမျိုးအဖြစ်ဟာ ကျွန်တော်တို့အိမ်အတွက် ရိုးနေပါပြီ။


နောက်ပိုင်းတွင် လေးသိန်းက သူ့ပိုက်ဆံအားလုံးကို သူ့ပုဆိုးခါးကြားထဲတွင်သာ ကျစ်ကျစ်ပါအောင် လိမ်ထားတော့သည်။ ဒါတောင် လေးသိန်းအိပ်နေတုန်း အဖေက ပုဆိုးကိုဖြည်ကာ ရအောင်ယူတတ်သေး၏။


+++++


တကယ်တော့… လေးသိန်းဝါသနာပါသော ဖြစ်ချင်သောဘဝမှာ နတ်ကတော်ဖြစ်ပါသည်။ မိန်းမလျာ ဖြစ်နေသော လေးသိန်းသည် နတ်ကတော် အလွန်ဖြစ်ချင်သည်။ မြို့က နတ်ကတော်မိန်းမလျာကြီးတွေကို အမေ၊ မာမီခေါ်ကာ ချည်းကပ်သည်။ နတ်ပွဲရှိတိုင်း နတ်ပွဲမှာ အချိန်ဖြုန်းကာ ကူညီညာလုပ်ကိုင်ပေးသည်။ နတ်ကတော်မိန်းမလျာကြီးများ ချစ်အောင်နေသည်။ သူ့ကို နတ်ကတော်တယောက်ဖြစ်အောင် မြေတောင် မြှောက်ပေးဖို့ တောင်းဆိုရှာသည်။


“အသိန်း၊ ညီး ငယ်ပါသေးတယ်အေ့၊ ကြိုးစားရင် တစ်နေ့ ဖြစ်လာမှာပေါ့အေ။ ညီး ပညာနုသေးတယ်။ နတ်ကတော်ဆိုတာ ကြည့်တော့သာ လွယ်တယ်ထင်ရတာ။ နတ်လုပ်ငန်းစဉ်တွေက အများသား၊ ညီး အများကြီးလေ့လာဖို့လိုသေးတယ် ငါ့သမီး၊ ငါတို့ မိန်းမလျာတွေကို နတ်ချစ်ပါတယ်အေ၊ တစ်နေ့တော့ ဖြစ်စေရမှာပေါ့”


ကနားစီးနတ်ကတော်ကြီးက လေးသိန်းကို နှစ်သိမ့်ခဲ့သည်။


“အသိန်းလည်း နတ်ကတော် မဖြစ်ဖြစ်အောင် ကြိုးစားမှာပါ မာမီ”


+++++


“တင်သိန်းတစ်ယောက် မိန်းမလျာဖြစ်နေတာပဲ ဝမ်းသာရဦးမယ်ဟေ့၊ တင်သိန်းသာ ယောက်ျားစိတ်ဆိုရင် အချိန်တန် အိမ်ထောင်ပြု သားကျွေးမှု မယားကျွေးမှုနဲ့ ဒီကလေးတွေဘ၀ မတွေးဝံ့စရာပဲ”


“ဟုတ်ပါ့၊ ကိုမြဆောင်က နေ့နေ့ညည အရက်သောက်နေတာနဲ့ ကလေးတွေ ဒုက္ခရောက်မှာ”


“အသိန်းက သူ့အစ်မမွေးထားခဲ့တဲ့ တူ၊ တူမတွေ ချစ်ရှာပါတယ်။ ကလေးတွေတာဝန် သူပဲယူထားတာ။ အစ်မကြီးပြောတာ ဟုတ်တယ်၊ မှန်တယ်။ အသိန်း မိန်းမလျာဖြစ်နေတာ ကလေးတွေ ကံကောင်းဖို့ပဲ”


အိမ်းနီးချင်းများ၏ မှတ်ချက်စကားများဖြစ်ပါသည်။


+++++


 တစ်နေ့ ဆရာများအစည်းအဝေးရှိ၍ ကျောင်းမှ စောဆင်းပေးလိုက်သည်။ ကျွန်တော် ၆တန်းနှစ်က ဖြစ်ပါသည်။ ကျွန်တော် အိမ်ပြန်လာရာ အိမ်ထဲမှ အဖေနှင့်လေးသိန်းတို့ အော်ကြီးဟစ်ကျယ် စကားအချီအချ ပြောနေသံကို ကြားလိုက်ရပါသည်။


“မလုပ်ပါနဲ့ဟယ်၊ မလုပ်ပါနဲ့၊ ငါတောင်းပန်ပါတယ် မြဆောင်ရယ်”


“လုပ်ပါဟာ၊ ငါ မနေနိုင်လွန်းလို့ပါ”


“ဟင့်အင်း.. ဟင့်အင်း.. မရဘူး၊ မရဘူး”


“အခြောက်မ၊ ငါကောင်းကောင်းပြောနေတာနော်”


အဖေနဲ့လေးသိန်း ဘာဖြစ်နေကြပါလိမ့်ဟု သိချင်စိတ်ဖြင့် အိမ်အနီးကို ခပ်တိုးတိုးချဉ်းကပ်ကာ ထရံပေါက်မှ ချောင်းကြည့် လိုက်ပါသည်။


မြင်လိုက်ရသောမြင်ကွင်းကြောင့် ကျွန်တော် မှင်တက်မိသွားသည်။ အဖေနဲ့လေးသိန်းတို့အဖြစ်ကို ကြည့်ရင်း ကျွန်တော် ဝမ်းနည်းလာသည်။


ခဏနေတော့ အဖေသည် အောင်နိုင်သူစစ်သူကြီးပမာ အိမ်ထဲက ထွက်သွားသည်။


လေးသိန်းက အပြင်ထွက်သွားသော အဖေ့ကို လှမ်းအော်ပြောလိုက်သည်။


“ဒါပဲနော်၊ ဒီအကြောင်းတွေ ဘယ်သူမှ မသိစေနဲ့နော်၊ ဟဲ့- မြဆောင် ငါပြောတာ ကြားရဲ့လား၊ ဘယ်သူ့ မှ ပြန်မပြောနဲ့နော်”


ကျွန်တော်သည် အိမ်ထဲကို တော်တော်နှင့်မဝင်မိဘဲ တံခါးကြားတွင် ငိုနေမိပါသည်။


+++++


အတွေးများက ထိုနေရာအရောက်တွင် ကျွန်တော် ကားဆက်မောင်းလို့ မရတော့ပါ။ လမ်းဘေးသစ်ပင်တစ်ပင်အောက်တွင် ကားကိုထိုးရပ်လိုက်ရပါသည်။


ကျွန်တော့်တစ်သက်တာလုံး ကျောင်းစောဆင်းခဲ့သောနေ့က မြင်ခဲ့ရသည့် အဖေနဲ့လေးသိန်းတို့အဖြစ်ကို ပြန်တွေးမိတိုင်း ရင်နာနေမိသည်။ ကြေကွဲနေမိသည်။ ထိုအဖြစ် ထိုမြင်ကွင်းသည် ကျွန်တော့်ရင်ထဲတွင် ဆူးတစ်ချောင်းလို စူးဝင်နေခဲ့သည်။ တွေးမိတိုင်း လေးသိန်းကို သနားနေခဲ့ရပါသည်။


ကျွန်တော်သည် စိတ်တည်ငြိမ်သွားသည်အထိ သစ်ပင်အောက်မှာ နားနေပြီးမှ ကားကိုဆက်မောင်း ထွက်ခဲ့ပါသည်။


+++++


သားသမီးများအပေါ် တာဝန်မကျေသော၊ လေးသိန်းကို ဒုက္ခပေးမြဲဖြစ်သော အဖေသည် ကျွန်တော် ၉တန်းနှစ်တွင် ကွယ်လွန်သွားခဲ့ပါသည်။


ကျွန်တော်က ကျောင်းဆက်မနေတော့ဘဲ အလုပ်လုပ်မည်ဟု ပြောသောအခါ…


“ဘာ- ဘာလို့ကျောင်းထွက်ရမှာလဲ ငါ့တူရဲ့”


“လေးသိန်းကို သနားလို့ပါ။ လေးသိန်းတယောက်ထဲ ရှာကျွေးနေရတာ မကြည့်ရက်လို့ပါ လေးသိန်းရယ်”


“ဖြစ်ရလေသားရယ်၊ နင့်အဖေရှိတုန်းကရော သူ့လုပ်စာ ဘယ်နှပြား အိမ်ကိုပေးဖူးလို့လဲ သားရယ်၊ လေးသိန်းကပဲ တလျှောက်လုံးရှာကျွေးလာတာလေ”


“ဟုတ်ပါတယ်၊ အဲဒါကြောင့် လေးသိန်းကို ဆက်ဒုက္ခမပေးချင်တော့လို့ပါ”


“တော်စမ်း၊ ငါ့အစ်မက မွေးခဲ့တဲ့ နင်တို့မောင်နှမသုံးယောက်အတွက် ငါ့တစ်ဘဝလုံးကို မြှုပ်နှံထားတာ၊ လေးသိန်းကို သနားရင် လေးသိန်းကိုချစ်ရင် ကျောင်းထွက်မယ့်စကား မပြောပါနဲ့ငါ့သား၊ လေးသိန်းက သားတို့ မောင်နှမသုံးယောက်ကို ဘွဲ့ရတဲ့ အထိ ကျောင်းထားပေးနိုင်ပါတယ်”


“လေးသိန်းရယ်…”


“မဖြစ်နိုင်ဘူးထင်လို့လား မောင်ထင်အောင်၊ အခု လေးသိန်း နတ်ပွဲတွေမှာ ဝင်ကခွင့်ရနေပါပြီ၊ နတ်ကတော်ဖြစ်ရင် ပိုက်ဆံ တွေ အများကြီးရတော့မှာပါကွဲ့၊ မမိုက်ပါနဲ့သားရယ်၊ ကျောင်းမထွက်ရဘူးနော်၊ ဆယ်တန်းအောင်အောင် ကြိုးစားပါကွယ်၊ လေးသိန်း တစ်ယောက်လုံး ရှိပါသေးတယ်”


+++++


လေးသိန်းတောင်းပန်လွန်းလို့ ကျွန်တော် ကျောင်းမထွက်ဖြစ်ခဲ့ပါ။ ဆယ်တန်းကိုလည်း နှစ်ချင်းပေါက် အောင်မြင်ခဲ့ပါသည်။


သို့သော် ကျွန်တော် လေးသိန်းကို ဆက်ဒုက္ခမပေးချင်တော့။ လေးသိန်းမှာ ညီမလေးနှစ်ယောက်အတွက် တာဝန်ရှိသေး သည်။ ကျွန်တော်သည် ဘဝအတွက် အကောင်းဆုံးနည်းလမ်းကိုတွေးတောကာ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းကို လျှောက် ထားခဲ့ပါသည်။ ကျွန်တော့်ကြိုးစားမှုကြောင့် စစ်တက္ကသိုလ် တက်ခွင့်ရခဲ့သည်။


ထိုအချိန်မှစ၍ ဇာတိမြို့နှင့် ကျွန်တော့်အိမ်ကလေးကို စွန့်ခွာထွက်ခဲ့သည်မှာ ယခုအချိန်အထိပါပင်။


+++++


ကျွန်တော် စစ်တက္ကသိုလ်တက်နေသည့်အချိန်တွင် လေးသိန်း နတ်ကတော်ကြီးလုံးလုံးဖြစ်နေခဲ့ပြီ။ လေးသိန်းကြိုးစားမှု ကြောင့် နတ်လောကမှာ ဝင်ဆန့်နေပြီ။ သူရောက်ချင်တဲ့ပန်းတိုင်ကို ရောက်အောင် အရသွားနိုင်ခဲ့သည့်လေးသိန်းအတွက် ကျွန်တော် ဂုဏ်ယူပါသည်။


လေးနှစ်တက်ရောက်အပြီး ဗိုလ်သင်တန်းဆင်းပွဲကို ကျွန်တော်က လေးသိန်းအား လာရောက်စေချင်သည်။ သို့သော် လေးသိန်း သင်တန်းဆင်းပွဲကို ရောက်မလာခဲ့ပါ။


မြို့က ဆွေနီးမျိုးစပ်တော်သော လင်မယားကိုသာ ကျွန်တော့်အုပ်ထိန်းသူအဖြစ် လွှတ်ပေးလိုက်သည်။ သူတို့နဲ့ စာတစ်စောင် ရေးပေးလိုက်သည်။


“သားရေ- သား စစ်ဗိုလ်ကြီးဖြစ်သွားတာ လေးသိန်းပျော်လိုက်တာကွယ်။ သင်တန်းဆင်းပွဲကိုတော့ လေးသိန်း မလာတော့ ဘူးသား၊ လေးသိန်းက မိန်းမလျာကြီးလေ။ သင်တန်းဆင်းပွဲမှာ လေးသိန်းအတွက် သား မျက်နှာငယ်ရမှာစိုးလို့ပါ။ ကိုအေးမြင့်နဲ့ မတင်ပိုင် လင်မယားကိုလွှတ်လိုက်တယ်။ တို့အမျိုးထဲမှာလည်း လူလူသူသူဆိုလို့ သူတို့လင်မယားပဲရှိတာလေ၊ သား စစ်ဗိုလ်ဝတ်စုံနဲ့ ဓာတ်ပုံလှလှလေးသာ ရိုက်ပေးလိုက်ပါ။ အေးအေးလည်း ဆယ်တန်းအောင်ပြီ၊ ထွေးထွေးက ရှစ်တန်း။ သူလည်း စာတော်တော့ အောင်မှာပဲ။ တူတွေတူမတွေထွန်းပေါက်တာမြင်ရတာနဲ့ လေးသိန်းဝမ်းသာလှပါပြီ။ အိမ်လည်းအသစ်ပြင်ဆောက်တော့မယ် သားရေ”


ဗိုလ်သင်တန်းဆင်းပွဲကို ရောက်မလာခဲ့သော လေးသိန်းသည် ကျွန်တော့်မင်္ဂလာဆောင်ကိုလည်း မလာခဲ့ပါ။ နတ်ပွဲတွေ လက်ခံထားတာ များနေလို့ မအားလို့ မလာနိုင်ဘူးဆိုကာ လက်ဖွဲ့ငွေပဲ ပို့ပေးခဲ့သည်။ ကျွန်တော်သိပါသည်။ စစ်ဗိုလ်ဖြစ်နေသော တူတော်မောင် မျက်နှာငယ်မှာစိုးလို့ သူ့ရဲ့မိန်းမလျာအသွင်သဏ္ဍာန်ကြီးနဲ့ မင်္ဂလာပွဲကို မတက်ရောက်ခဲ့ခြင်းဖြစ်ပါသည်။


မြို့မှထွက်ခွာလာပြီး နှစ်ပေါင်း၂ဝအတွင်း ကျွန်တော်လည်း မြို့ကို သုံးခေါက်ပဲ ပြန်ရောက်ခဲ့ပါ၏။


လေးသိန်း၏ကြိုးပမ်းမှုကြောင့် ကျွန်တော်တို့အိမ်လေးမှာ နှစ်ထပ်နံကပ်တိုက်ခံအိမ်လေးဖြစ်နေခဲ့ပြီ။ အိမ်အောက်ထပ်၏ လေးပုံသုံးပုံမှာ လေးသိန်း၏နတ်ခန်းဖြစ်နေပါသည်။


လေးသိန်းသည်လည်း ကနားစီးအဖြစ်ဖြင့် ဝါရင့်နတ်ကတော်ကြီးဖြစ်နေကာ တပည့်တပန်းများ ကိုးကွယ်ဆည်းကပ်သူများ ဖြင့် ခံ့ထည်နေပါပြီ။ မာမီဟု လေးစားစွာအခေါ်ခံရသောဘဝကို ရောက်နေလေပြီ။


အရှိန်အဝါကြောင့် လေးသိန်းကို ခါးတို့ပြီ စနောက်မည့်သူများလည်း မရှိတော့ပါ။


မိန်းမလျာတစ်ယောက်ဖြစ်သော်လည်း ကိုယ်ရည်ရွယ်ရာပန်းတိုင်ကို ရောက်အောင်သွားပြီး ကြီးပွားအောင်လုပ်နိုင်သည့် လေးသိန်းကို ကျွန်တော် လေးစားမိပါသည်။


ညီမလေးနှစ်ယောက်လည်း ဘွဲ့ရ ပညာစုံကာ အိမ်ထောင်အသီးသီး ကျသွားကြပါပြီ။


+++++


မနှစ်က အသက် ၆၄နှစ်အရွယ်မှာ လေးသိန်းကွယ်လွန်သွားခဲ့ပါသည်။


ညီမအကြီး အေးအေးက သူ့ယောက်ျားဇာတိ အထက်အညာမှာ အပြီးတိုင် အခြေချတော့မည်။ ညီမအငယ် ထွေးထွေးက လင်မယားနှစ်ယောက်လုံး ဝန်ထမ်းမို့ မြို့သစ်မှာ မြေကွက်ရသည်။ ရသည့်မြေကွက်ပေါ်မှာ အိမ်ဆောက်ချင်သည်။


လက်ရှိအိမ်လေးကိုရောင်းချပြီး အမွေခွဲချင်ပါတယ်လို့ ကျွန်တော့်ကို ဖုန်းဆက်ပြောကြသည်။


“ညီမလေးတို့သဘောပဲလေ။ ကိုကို့အတွက်တော့ မလိုပါဘူး၊ ကိုကိုမယူပါဘူး၊ ညီမလေးတို့နှစ်ယောက်ပဲ ခွဲယူပါ။ အိမ်ကို ရောင်းဖို့စီစဉ်လိုက်။ လက်မှတ်ထိုးပေးဖို့အတွက် ကိုကိုခွင့်ယူပြီးလာခဲ့မယ်”


အိမ်ရောင်းချရန် ပြောဆိုစီစဉ်ပြီးဖြစ်ပါ၍ သဘောတူစာချုပ်တွင် လက်မှတ်ထိုးပေးရန် ကျွန်တော် ဇာတိမြို့ကို ပြန်လာခဲ့ခြင်း ဖြစ်ပါသည်။


+++++


ရောက်သည့်ညနေမှာပင် အိမ်အရောင်းအဝယ်ကိစ္စ ပြီးစီးသွားပါသည်။


ပစ္စည်းများကို ကြိုတင်သိမ်းဆည်းထားပြီးဖြစ်ပါသည်။ ကျွန်တော်တို့ သည်အိမ်မှ ထာဝရဖယ်ခွာပေးရတော့မည်။


ညီမငယ်ထွေးထွေးက ဓာတ်ပုံတစ်ပုံကို ကျွန်တော့်လက်ထဲထည့်ရင်း ပြောသည်။


“အိမ်ရှင်းတော့ ချောင်ထဲကထွက်လာတာကိုကို၊ လေးသိန်းငယ်ငယ်က အလှူမှာ ကနေတဲ့ပုံ၊ ကိုကို အမှတ်တရသိမ်းချင်ရင် ယူသွားလေ”


ကျွန်တော် ဓာတ်ပုံကိုယူကြည့်လိုက်သည်။ တယောက်ယောက်က ခါးတို့လိုက်ပုံရပါသည်။ လေးသိန်းသည် လူတွေကြား ထဲတွင် ကွေးနေအောင် ကနေသည်။ ဘေးကလူများက လေးသိန်းကို ရယ်မောလျှက် ကြည့်နေကြသည်။


ကျွန်တော့်ရင်ထဲက ဆူးသည် လှုပ်လာပြန်၏။ ၆တန်းနှစ်က မြင်ခဲ့ရသော အဖေနဲ့လေးသိန်းတို့ အပေးအယူလုပ်နေသည့် မြင်ကွင်းကို မြင်ယောင်လာသည်။


“ကိုကို၊ အသက်ကြီးလာတော့ လေးသိန်း ယောင်တတ်တာ ပျောက်သွားတယ် သိလား။ လေးသိန်း မကျန်းမာတော့ လေးသိန်းစိတ်ကြည်လင်အောင်ဆိုပြီး ညီမလေးက ခါးတို့ပြီး စ,ဖူးသေးတယ်။ လေးသိန်း လုံး၀ မယောင်တော့ဘူး။ နေစမ်းပါ သမီးရယ်တဲ့၊ ပြန်ပြောတယ်”


ကျွန်တော် ပြောမှဖြစ်ပါတော့မည်။ ပြောလိုက်ပါတော့မည်။


“ညီမလေးတို့ကို ကိုကိုပြောစရာရှိတယ်။ လာ- ထိုင်ဦး”


ညီမနှစ်ယောက်က အံ့ဩဟန်ဖြင့် ကျွန်တော့်အနားလာထိုင်သည်။


“မင်းတို့လည်း လာနားထောင်ရင် ထောင်ကြလေ”


ကျွန်တော်ကပြောလိုက်တော့ ယောက်ဖနှစ်ယောက်လည်း အနားရောက်လာပါသည်။


“လေးသိန်းအကြောင်းကို ပြောပြမလို့ပါ။ ကိုကို၆တန်းနှစ်ကပေါ့၊ အဲဒီတုန်းက ကျောင်းစောဆင်းလိုက်တော့ ကိုကို အိမ်ကို စောစောပြန်လာတယ်၊ အဲဒီမှာ အဖေနဲ့လေးသိန်းတို့အဖြစ်ကို မြင်လိုက်ရတာပဲ”


ကျွန်တော်အိမ်ပြန်လာရာ အိမ်ထဲမှ အဖေနှင့်လေးသိန်းတို့ အော်ကြီးဟစ်ကျယ် စကားအချီအချပြောနေသံကို ကြားလိုက်ရ ပါသည်။


“မလုပ်ပါနဲ့ဟယ်၊ မလုပ်ပါနဲ့၊ ငါတောင်းပန်ပါတယ် မြဆောင်ရယ်”


“လုပ်ပါဟာ၊ ငါ မနေနိုင်လွန်းလို့ပါ”


“ဟင့်အင်း.. ဟင့်အင်း.. မရဘူး၊ မရဘူး”


အဖေနဲ့လေးသိန်း ဘာဖြစ်နေကြပါလိမ့်ဟု သိချင်စိတ်ဖြင့် အိမ်အနီးကို ခပ်တိုးတိုးချဉ်းကပ်ကာ ထရံပေါက်မှ ချောင်းကြည့် လိုက်ပါသည်။


အဖေက လေးသိန်းဆီက အရက်ဖိုးတောင်းနေခြင်းဖြစ်သည်။ လေးသိန်းက ခါးကြားထဲတွင် လိပ်ထည့်ထားသောပိုက်ဆံကို အဖေယူမှာစိုး၍ ခါးလေးကို လိမ်ကျစ်ပြီး ရှောင်နေသည်။


“အခြောက်မ၊ ငါကောင်းကောင်းပြောနေတာနော်”


အဖေက စိတ်မရှည်သလိုအော်လိုက်ကာ လေးသိန်းခါးကို တို့လိုက်သည်။


လေးသိန်းက “မပေးဘူး၊ မပေးဘူး”ဟုအော်ရင်း နောက်ဆုတ်သွားသည်။


အဖေက အံ့အားသင့်သွား၏။


“ဟင်- အခြောက်မ၊ ငါ ခါးတို့တာ နင်မယောင်ပါလား”


အဖေက လေးသိန်းယောင်လျှင် လေးသိန်းဆီက ပိုက်ဆံကိုလုမည်ဆိုတဲ့အကြံနဲ့ လေးသိန်းခါးကို တို့လိုက်ခြင်းဖြစ်ပါသည်။


“နင်ဘာလို့ မယောင်ရတာလဲ တင်သိန်း”


“မယောင်ပါဘူး၊ ဘာလို့ယောင်ရမှာလဲ”


“နင့်ခါးတို့ရင် နင်ယောင်တယ်လေ”


“အေး- အဲဒါ တကယ်ယောင်တာမဟုတ်ဘူး၊ တမင် ယောင်ချင်ယောင်ဆောင်နေတာ”


“ယောင်ချင်ယောင်ဆောင်တယ်”


“ဟုတ်တယ်။ ငါယောင်ရင် လူတွေပျော်မှန်းသိလို့ တမင် ယောင်တတ်သယောင် ဟန်ဆောင်နေတာဟဲ့။ ငါယောင်မှ ငါ့ကို အလုပ်ပေးကြမှာ၊ အလုပ်လုပ်ခိုင်းကြမှာလေ။ အဲဒါကြောင့် မယောင်တတ်ပဲ ယောင်တတ်ယောင်ဆောင်တယ်၊ ဘာဖြစ်သေးလဲ။ ငါ့တူတူမတွေကို ထမင်း၀အောင်ကျွေးနိုင်ဖို့ ငါအလုပ်မပြတ်အောင် ယောင်တတ်ချင်ယောင်ဆောင်နေတာ၊ သိပြီလား”


“ဟင်- အခြောက်မ၊ နင် တော်တော် ဉာဏ်များပါလား”


“ဟုတ်တယ်။  ဉ ာဏ်များရတယ်။ တကယ်တော့ ငါက ယောင်လို့တောင် မယောင်တတ်ဘူး”


“ဟား ဟား ဟား ဟား…”


အဖေက ရုတ်တရက်အော်ရယ်လိုက်သည်။


“နင့်လျှို့ဝှက်ချက်ကို ငါသိပြီ။ ဂန်ဒူးမ။ နင်လိမ်စားနေတာတွေကို ငါ ဖော်ထုတ်ပစ်လိုက်မယ်။ ဟား ဟား ဟား…”


သည်တစ်ခါ မျက်နှာထားပြောင်းသွားသူက လေးသိန်း။


“မလုပ်ပါနဲ့ဟယ်၊ အဲ့လိုတော့ မလုပ်ပါနဲ့၊ ဒီဟာလေးနဲ့ ငါ့တူတူမတွေကို လုပ်ကျွေးနေရတာပါ၊ မပြောပါနဲ့ဟယ်”


လေးသိန်းက တောင်းပန်ရတဲ့ဘ၀ ရောက်သွားရပါလေပြီ။


“အေး- မပြောစေချင်ရင် ငါ့ကိုအရက်ဖိုးပေး၊ ဒါပဲ”


“ရော့ဟဲ့- ရော့ဟဲ့။ မျိုဟဲ့ စို့ဟဲ့”


မကျေမနပ်နှင့်ပင် အဖေတောင်းသော အရက်ဖိုးကို လေးသိန်း ပေးလိုက်ရပါပြီ။


ခဏနေတော့ အဖေသည် အောင်နိုင်သူစစ်သူကြီးပမာ အိမ်ထဲက ထွက်သွားသည်။


လေးသိန်းက အပြင်ထွက်သွားသော အဖေ့ကို လှမ်းအော်ပြောလိုက်သည်။


“ဒါပဲနော်၊ ဒီအကြောင်းတွေ ဘယ်သူမှ မသိစေနဲ့နော်၊ ဟဲ့- မြဆောင် ငါပြောတာ ကြားရဲ့လား၊ ဘယ်သူ့မှ ပြန်မပြောနဲ့နော်”


+++++


“အဲဒါပဲ ညီမလေးတို့ရယ်…”


“ဟင်- ဒါဖြင့်… လေးသိန်းက အေးအေးတို့ကို ရှာကျွေးချင်လို့ တစ်သက်လုံး ယောင်တတ်ချင်ယောင် ဆောင်ခဲ့တာပေါ့နော်”


ကျွန်တော့်နောက်ကြောင်းပြန်စကားကိုနားထောင်ပြီး ညီမလေးနှစ်ယောက်လုံး မျက်ရည်ဝိုင်းလာကြသည်။ ယောက်ဖတွေ လည်း မျက်နှာမကောင်းကြ။


“ယောင်လို့တောင် မယောင်တတ်ဘူးတဲ့လား လေးသိန်းရယ်”


“ဖြစ်မှဖြစ်ရလေ လေးသိန်းရယ်”


ညီမနှစ်ယောက်လုံး ရှိုက်ကြီးတငင် ငိုနေကြပါပြီ။


“ငိုကြ၊ ငိုကြ… အားရပါးရ ငိုလိုက်ကြ ညီမလေးတို့။ ကိုကိုကတော့ အဲဒီနေ့ကတည်းက ၀,အောင် ငိုခဲ့ပြီးပါပြီကွာ”


+++++++++


ရေးသားသူ _ ဆောင်းလုလင်

No comments: